← Chapters

အခန်း ၁၅၆

Vol. 16 Ch. 156

အခန်း ၁၅၆

Vol. 16 Ch. 156

အပိုင်း ၁၅၆

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ကွေ့ချင်းရှောင်းက သေတ္တာကို လှမ်းယူကာ ဖွင့်ကြည့်ရင်း ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် ဆရာ... ကျေးဇူးတင်ပါတယ် အစ်ကိုကြီး။”

သေတ္တာထဲ၌ ဓားတစ်လက် ရှိနေ၏။ ချက်ချင်းပင် သူမ၏ လှပသော မျက်လုံးတို့က တောက်ပသွားသည်။

ဓားရိုးမှသည် ဓားသွားအထိ ဓားတစ်လက်လုံးက တဆက်တည်း ဖြစ်နေပြီး တောက်ပစွာ လင်းနေ၏။ ကြည်လင်သော သလင်းကျောက်ဖြင့် ထွင်းထုထားသည့်အလား တလက်လက် တောက်ပကာ ကြည်လင်နေသည်။

ကွေ့ချင်းရှောင်း၏ မျက်လုံးတို့က အရောင်လက်သွားပြီး တုန်ယင်နေသည့် အသံဖြင့် မေးလိုက်သည်။ “ဆောင်းဦးရေစင်ဓားလား... နောက်ဆုံးတော့ ဆရာက ဒီဓားကို သမီးကိုပေးဖို့ ဆုံးဖြတ်လိုက်ပြီပေါ့။”

ဆောင်းဦးရေစင်ဓားသည် ဓားသခင် ပိုင်ရှောင်း အသက်သုံးဆယ် မတိုင်မီက အသုံးပြုခဲ့သော ကိုယ်ပိုင် လက်နက်ပင်။

ထိုအဖိုးတန် ဓားတစ်လက်လုံးကို ဆန်းကြယ်သတ္တုဖြင့် အပြည့်အဝ သွန်းလုပ်ထားခြင်း ဖြစ်၏။ ဓားသွားက ရေလို စီးဆင်းနေပြီး စူးရှသော အလင်းတန်း မရှိသော်လည်း အမာကျောဆုံး ကာကွယ်မှုများကို အလွယ်တကူ ဖြတ်တောက်နိုင်စွမ်း ရှိသည်။

ဓား၏ အမှန်တကယ် တန်ဖိုးကို ဖယ်ထားလိုက်ပြီး ဓားသွန်းလုပ်ရန် လိုအပ်သော ဆန်းကြယ်သတ္တုရိုင်း သက်သက်ကိုသာ တွက်ချက်မည် ဆိုလျှင်ပင် ရွှေပြား ထောင်ဂဏန်းမက တန်ကြေးရှိ၏။

ပြောင်မြောက်သော လက်ရာနှင့် ဓားသခင် ပိုင်ရှောင်း ကိုယ်တိုင် အသုံးပြုခဲ့ဖူးသည်ဟူသော အချက်တို့ကို ပေါင်းစပ်လိုက်သောအခါ ဤဓားသည် အမှန်တကယ်ပင် တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ပါး ဖြစ်လာတော့သည်။

ကွေ့ချင်းရှောင်း ဤဓားကို လိုချင်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူမက ပိုင်ရှောင်းထံမှ ဓားရရန် အကြိမ်ကြိမ် ချွဲနွဲ့တောင်းဆိုခဲ့ဖူးသော်လည်း အမြဲတမ်း တူညီသော အဖြေကိုသာ ရရှိခဲ့၏။ အချိန်မကျသေးဘူး ဟူ၍သာ။

ယနေ့ မွေးနေ့ဧည့်ခံပွဲ၌ ဆရာဖြစ်သူက ဤအဖိုးတန်ဓားကို တကယ် ပေးလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ချေ။

ကွေ့ချင်းရှောင်းက အဖိုးတန်ဓားကို မစောင့်နိုင်တော့ဘဲ ဝှေ့ယမ်းလိုက်၏။ ဓား၏ လှုပ်ရှားမှုက ပျံသန်းနေသော နဂါးတစ်ကောင်နှင့် စီးဆင်းနေသော ရေကဲ့သို့ ကျက်သရေရှိလှသည်။

ဓား၏ အလင်းရောင် ၊ ဆန်းကြယ်မှုနှင့် စိတ်ဝိညာဉ်တို့က သာမန်လက်နက်များနှင့် လုံးဝ ယှဉ်နိုင်စွမ်း မရှိချေ။ သူမ ပျော်လွန်းသဖြင့် ဓားကို လက်မှပင် မချနိုင်တော့ပေ။

ချင်းချန်ဇီက ဆရာဖြစ်သူ ကိုယ်စား လက်ဆောင် ပေးအပ်လိုက်ခြင်းက ပရိသတ် တစ်ခုလုံးကို အံ့အားသင့်သွားစေသည်။

ယခုအခါ လက်ဆောင် မပေးရသေးသူ နှစ်ဦးသာ ကျန်ရှိတော့၏။

ချက်ချင်းပင် လူတိုင်း၏ အကြည့်တို့က နောက်ဆုံး အရေးကြီး ဧည့်သည် နှစ်ဦးထံသို့ ရောက်ရှိလာကြသည်။ တစ်ဦးမှာ အလွန် မြင့်မြတ်လှသော အမွေဆက်ခံသူ ကျိယိုး ဖြစ်ပြီး အခြားတစ်ဦးမှာ ကွေ့ချင်းရှောင်း၏ နာမည်ခံ စေ့စပ်ထားသူ ဆိုလွန်ပင်။

အားလုံးက သူ့ကို ကြည့်နေကြသည်ကို မြင်သောအခါ အမွေဆက်ခံသူ ကျိယိုးက မတ်တပ်ရပ်၍ ပြောလိုက်သည်။ “သခင်မလေး ကွေ့ချင်းရှောင်း... ဒီနေ့က မင်းရဲ့ မွေးနေ့မှန်း သိပေမဲ့ မင်းအတွက် ရုပ်ဝတ္ထု လက်ဆောင် တစ်ခုမှ ပြင်ဆင်မလာခဲ့ပါဘူး။”

ထိုစကားကို ကြားသောအခါ လူအုပ်ကြီးက အမွေဆက်ခံသူ၏ ရောက်ရှိလာခြင်းကပင် အကောင်းဆုံး လက်ဆောင် ဖြစ်နေပါပြီဟု ပြောဆိုကာ အလျင်အမြန် မြှောက်ပင့်ရန် ပြင်လိုက်ကြ၏။

သို့သော် ကျိယိုးက ဆက်ပြောသည်။ “ဒါပေမဲ့... မင်းအတွက် သီးသန့် တေးသွားတစ်ခုကို ဖန်တီးထားပါတယ်။ ဒီတေးသွားက ငါကိုယ်တော်ရဲ့ စိတ်ထဲမှာ ပုံဖော်နေခဲ့တာ သုံးနှစ်ကျော်လောက် ရှိနေပြီ။ လွန်ခဲ့တဲ့ ခဏလေးတင် မင်းကို မြင်လိုက်ရမှပဲ အပြီးသတ် ပြီးပြည့်စုံသွားခဲ့တာပါ။”

ထိုစကားများကြောင့် အရပ်မျက်နှာ အနှံ့အပြားမှ တီးတိုးရေရွတ်သံများ ထွက်ပေါ်လာ၏။ ဤသည်က အဖိုးတန်ဆုံး လက်ဆောင်ပင် ဖြစ်သည်ဟု လူတိုင်းက တီးတိုး ပြောဆိုနေကြသည်။ သုံးနှစ်တိုင်တိုင် ပြင်ဆင်ထားခဲ့သော လက်ဆောင် မဟုတ်ပါလော။

အချို့လူများကမူ အလွန်အမင်း အပိုလုပ်ကာ သူတို့၏ လက်ကိုင်ပုဝါများကို ဝိုင်ထဲနှစ်၍ နားများကိုပင် သန့်စင်လိုက်ကြ၏။ ဤသည်က အကြွင်းမဲ့ ရိုသေလေးစားမှုနှင့် သေချာ နားထောင်ရန် အဆင်သင့် ဖြစ်နေကြောင်းကို ပြသလိုက်ခြင်းပင်။

ကွေ့ရှင်းဖူက လေးနက်စွာ ပြောသည်။ “ဒီကို ရောက်နေကြတဲ့ သူတိုင်းက တကယ်ကို ကံကောင်းတာပဲ။ အမွေဆက်ခံသူ ကျိယိုးက ဘယ်သူ့ဆီမှာ ပညာသင်ခဲ့လဲဆိုတာ မင်းတို့ သိကြလား။”

လူအုပ်ကြီးက မသိကြောင်း ခေါင်းယမ်းပြကြ၏။

ကွေ့ရှင်းဖူက ဂုဏ်ယူဝင့်ကြွားစွာ ကြေညာလိုက်သည်။ “မီးလျံမြို့တော် ၊ မြင့်မြတ်နတ်နဂါးကျောင်းတော်က မဟာဆရာသခင် ဘိုင်ရွန်ဆီမှာ ပညာသင်ခဲ့တာပဲ။”

ထိုစကားကို ကြားသောအခါ အားလုံးက အံ့အားသင့်သွားကြ၏။ ဘိုင်ရွန်က ဤကမ္ဘာ၌ ဂီတနယ်ပယ်၏ အထွတ်အထိပ် နတ်ဘုရားတစ်ပါး ဖြစ်ပြီး လူတိုင်းက ဦးမော့ကြည့်ရသော ဂန္ထဝင်မြောက် ပုဂ္ဂိုလ်တစ်ဦးပင်။

လောကရှိ လူအများစုက မဟာဆရာသခင် ဘိုင်ရွန်၏ ဂီတကို တစ်ခါမှ မကြားဖူးကြသော်လည်း သူ၏ နာမည်ကိုမူ ကြားဖူးကြ၏။

အကယ်၍ အရှေ့ပိုင်းဘုရင် ကျန်းရှန်ကို လောက၏ နံပါတ်တစ် သိုင်းပညာရှင်အဖြစ် အသိအမှတ်ပြုထားမည်ဆိုလျှင် မဟာဆရာသခင် ဘိုင်ရွန်က လောက၏ နံပါတ်တစ် အနုပညာ မဟာဆရာသခင်အဖြစ် အားလုံးက အသိအမှတ်ပြုထားကြသူ ဖြစ်သည်။

ချက်ချင်းပင် လူအုပ်ကြီးထံမှ အဆုံးမရှိသော ချီးကျူးသံများ ထွက်ပေါ်လာကြ၏။ အထက်တန်းလွှာ သခင်မလေးများ အားလုံးက အမွေဆက်ခံသူ ကျိယိုးကို ပူပြင်းလှသည့် မျက်လုံးများဖြင့် ကြည့်နေကြသည်။

ကွေ့ရှင်းဖူက ထပ်လောင်းပြောသည်။ “ဒါ့အပြင် နှစ်စဉ်ကျင်းပတဲ့ တော်ဝင်မိသားစု ညစာစားပွဲတွေမှာ ဘုရင်မင်းမြတ်အတွက် ဂီတတီးခတ်ပေးတာက မင်းသမီး ကျိနင် မဟုတ်ဘဲ လူကြီးမင်းတို့ရှေ့မှာ ရပ်နေတဲ့ အမွေဆက်ခံသူ ကျိယိုးပဲ ဖြစ်တယ်။”

ခန်းမထဲရှိ လေထုက ပို၍ပင် နွေးထွေးလာ၏။ စားသောက်နေခြင်းကိုပင် ရပ်တန့်လိုက်ကြသည်။ အချို့က သူတို့၏ စိတ်ကို တည်ငြိမ်စေရန် လောင်ကျွမ်းနေသော အမွှေးတိုင်များကိုပင် အပိုလုပ်ကာ ငြိမ်းသတ်လိုက်ကြပြီး အမွေဆက်ခံသူ၏ နတ်ကဲ့သို့သော ဂီတကို နားထောင်ရန် ပြင်ဆင်လိုက်ကြသည်။

သို့သော် ဆိုလွန်ကမူ အမုန်းပွားစရာ အချစ်ပြိုင်ဘက် တစ်ယောက်၏ အငွေ့အသက်ကို ပြင်းပြင်းထန်ထန် ရနေ၏။

ကျိယိုး စကားများ၏ နောက်ကွယ်ရှိ အဓိပ္ပာယ်က အလွန် ရှင်းလင်းလှသည်။ လွန်ခဲ့သော သုံးနှစ်က သူ ကွေ့ချင်းရှောင်းကို မြင်ခဲ့ပြီး သူမ၏ အလှတရား၌ မိန်းမောသွားခဲ့သည်။ သူမကို တမ်းတလွန်းလှသဖြင့် သူမအတွက် သီးသန့် တေးသွားတစ်ခု ရေးဖွဲ့ရန် သုံးနှစ်အချိန်ယူခဲ့ခြင်း ဖြစ်သည်။

သူ၏ နက်ရှိုင်းသော မေတ္တာက အလွန် သိသာလွန်းလှရာ မျက်မမြင် တစ်ယောက်ပင် သိနိုင်စွမ်းရှိ၏။ ထို့အပြင် လူအများရှေ့၌ ဤသို့ ပေါ်တင် ဖွင့်ဟဝန်ခံခြင်းက သူမ၏ တကယ့် စေ့စပ်ထားသူ ရှိနေခြင်းကို လုံးဝ လျစ်လျူရှုထားလိုက်ခြင်းပင်။

ထိုအချိန်၌ ကွေ့ချင်းရှောင်းက သူမ မြတ်နိုးရသည့် အဖိုးတန်ဓားကို ခေတ္တ ဘေးချထားလိုက်၏။ သူမက ထိုင်ခုံ၌ ထိုင်နေပြီး လှပသော မျက်လုံးများက တောက်ပနေကာ စူးစမ်းလိုစိတ်နှင့် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။

ဤကဲ့သို့ ခမ်းနားသော ဧည့်ခံပွဲမျိုးတွင် သဘာဝကျစွာပင် တီးခတ်ရန် သီးသန့် ဂီတအဖွဲ့တစ်ခု ရှိပြီး အနည်းဆုံး လူဆယ်ဂဏန်းခန့် ရှိ၏။

ကျိယိုးက ကြီးမားသော စောင်းတူရိယာဆီသို့ လျှောက်သွားကာ ထိုနေရာ၌ ထိုင်နေသော ဂီတပညာရှင်အား ယဉ်ကျေးစွာ ပြောလိုက်သည်။ “ခွင့်ပြုပါ။”

အမွေဆက်ခံသူ မည်မျှ ယဉ်ကျေးသိမ်မွေ့ကြောင်း မြင်သောအခါ ဂီတပညာရှင်မှာ အလွန် မြှောက်ပင့်ခံလိုက်ရသလို ခံစားလိုက်ရ၏။ သူက အလျင်အမြန် ဒူးထောက် အရိုအသေပေးကာ နေရာဖယ်ပေးလိုက်သည်။

ကျိယိုးက ချက်ချင်း မထိုင်သေးချေ။ ထိုအစား ဆိုလွန်ထံသို့ အကြည့်ရွှေ့ကာ ခေါ်လိုက်၏။ “မြို့စားကြီး ဆိုလွန်။”

ဆိုလွန်က မတ်တပ်ရပ်ကာ ပြန်ဖြေသည်။ “အမွေဆက်ခံသူက ကျွန်တော့်ကို ဘာများ အကြံဉာဏ်ပေးချင်လို့ပါလဲ။”

ကျိယိုးက ပြောလိုက်သည်။ “ငါ အရှေ့တောင်ပိုင်းပြည်နယ်မှာ ရှိနေတုန်းက တော်ဝင်အကယ်ဒမီရဲ့ ကျောင်းဆင်းစာမေးပွဲမှာ မင်းက ပရိသတ် တစ်ခုလုံးကို အံ့အားသင့်စေမယ့် တေးသွားတစ်ခု တီးခတ်ခဲ့ပြီး ရမှတ်အများကြီး ရခဲ့တယ်လို့ ကြားခဲ့တယ်။”

ကျိယိုးက ပရိသတ် တစ်ခုလုံးကို အံ့အားသင့်စေခဲ့တယ် ဟူသော စကားလုံးများကို ခပ်ပေါ့ပေါ့ပင် အသုံးပြုခဲ့သော်လည်း သူ၏ မျက်လုံးများထဲ၌မူ အထင်အမြင်သေးမှုများဖြင့် အပြည့် ရှိနေ၏။ သူ၏ အမြင်၌မု တော်ဝင်အကယ်ဒမီ၏ အနုပညာ စာမေးပွဲဆိုသည်မှာ ကလေးကစားစရာ တစ်ခုထက် မပိုချေ။

ဤသည်က ကမ္ဘာ့အဆင့်မီ စန္ဒရားမင်းသား တစ်ဦးက သာမန် တက္ကသိုလ်တစ်ခုရှိ အနုပညာကျောင်း၏ အခြေခံ ကျောင်းဆင်းစာမေးပွဲ အကြောင်းကို ကြားလိုက်ရသကဲ့သို့ပင်။

ထိုကဲ့သို့ နေရာမျိုး၌ ပရိသတ်ကို အံ့အားသင့်စေပြီး အမှတ်များများ ရခြင်းက စစ်မှန်သော အဆင့်မြင့် အနုပညာရှင်များ၏ အမြင်တွင် လုံးဝ အဓိပ္ပာယ် မရှိချေ။

ကျိယိုးကဲ့သို့ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦးက မီးလျံမြို့တော် နန်းတော် ၊ မြင့်မြတ်နတ်နဂါးကျောင်းတော်၏ ပင်မအနုပညာဆောင် သို့မဟုတ် နုလန်ဘုရင့်နိုင်ငံ၏ နန်းတော်စသည့် မြင့်မြတ်သော နေရာများ၌သာ ဖျော်ဖြေလေ့ရှိသည်။

တော်ဝင်အကယ်ဒမီ၏ ကျောင်းဆင်းစာမေးပွဲ ဂီတခန်းမ၌ ပရိသတ်ကို အံ့အားသင့်စေသည် ဆိုခြင်းက... တကယ်ကို ရယ်စရာပင်။ ထို့ကြောင့် ကျိယိုး၏ လေသံမှာ သရော်လှောင်ပြောင်မှုများ အပြည့်အဝ ပါဝင်နေ၏။

ဆိုလွန်က ထိုတိမ်မြုပ်နေသော သရော်စကားများကို မကြားဟန်ဆောင်ကာ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ “ဟုတ်ကဲ့... အဲဒီလို ဖြစ်ခဲ့တာ မှန်ပါတယ်။”

ကျိယိုးက အကြံပြုလိုက်၏။ “ဒီလိုလုပ်ရင်ကော... ဒီည သခင်မလေး ကွေ့ချင်းရှောင်းရဲ့ မွေးနေ့ပွဲ အခွင့်အရေးကို ယူပြီး မင်းလည်း တေးသွားတစ်ခုလောက် မတီးခတ်ပြချင်ဘူးလား။ သဘာဝကျကျပဲ ကိုယ်ပိုင်ဖန်တီးထားတဲ့ တေးသွား မဟုတ်လည်း ကိစ္စမရှိပါဘူး။ ပျော်စရာဖြစ်အောင် ရှိပြီးသား သီချင်းတစ်ခုကို တီးခတ်ရင်လည်း လုံးဝ အဆင်ပြေပါတယ်။”

ကျိယိုး၏ ရည်ရွယ်ချက်က အလွန် ရှင်းလင်းလှ၏။ ဆိုလွန်၏ ညံ့ဖျင်းသော ဖျော်ဖြေမှုသာ မရှိလျှင် သူ၏ မျက်စိကျိန်းလောက်သော တောက်ပမှုကို မည်သို့လုပ်ပြီး ပေါ်လွင်စေနိုင်မည်နည်း။

တော်ဝင်မိသားစု၏ မျိုးဆက်သစ် တစ်ယောက်အနေဖြင့် သူက အချစ်ပြိုင်ဘက်ကို ဖိနှိပ်ရန် သူ၏ အဆင့်အတန်းကို သက်သက်မဲ့ အသုံးချ၍ မရချေ။ ထို့ကြောင့် ကွေ့ချင်းရှောင်း၏ စေ့စပ်ထားသူ ဖြစ်သော ဆိုလွန်က ယနေ့ည၌ သူ၏အတွက် ပြီးပြည့်စုံသော နင်းခုံ တစ်ခု ဖြစ်နေတော့သည်။

“အမွေဆက်ခံသူက ဒီလောက်တောင် တိုက်တွန်းနေမှတော့ ကျွန်တော် လေးလေးစားစားပဲ လက်ခံပါ့မယ်။” ဆိုလွန်က မျက်နှာသေဖြင့်ပင် ပြောလိုက်သည်။

စိတ်ထဲတွင်မူ သူ အတော်လေး အံ့အားသင့်နေ၏။ ယနေ့ည၌ ဂီတတီးခတ်ရန် သူ တကယ်ကို အစီအစဉ် မရှိခဲ့သလို မည်သူ့မျက်နှာကိုမှ ရိုက်ချရန်လည်း မရည်ရွယ်ထားခဲ့ပေ။ ဤကဲ့သို့ အထိုးခံရဖို့ တစ်စုံတစ်ယောက်က တက်တက်ကြွကြွ ဖိတ်ခေါ်လိမ့်မည်ဟု သူ တစ်ခါမှ မမျှော်လင့်ထားခဲ့ချေ။

ထို့ကြောင့် ဆိုလွန်က ထိုင်ခုံမှ မတ်တပ်ရပ်ကာ အခြားစောင်း တစ်လက်ဆီသို့ လျှောက်သွားလိုက်သည်။

ထိုနေရာ၌ ထိုင်နေသော ဂီတပညာရှင်မှာ အမျိုးသမီး တစ်ဦး ဖြစ်၏။ ဆိုလွန်၏ ချောမောသော မျက်နှာကို မြင်သောအခါ သူမ အနည်းငယ် မိန်းမောသွားသည်။

ဆိုလွန်က သူမကို နောက်ပြောင်ကာ မျက်စိတစ်ဖက် မှိတ်ပြလိုက်၏။ ချက်ချင်းပင် အမျိုးသမီး ဂီတပညာရှင်၏ ပါးပြင်များက နီရဲသွားပြီး မျက်လုံးလှန်ကာ သူ့ကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။

မမျှော်လင့်ဘဲ ကွေ့ချင်းရှောင်းက ထိုအပြုအမူကို မြင်သွား၏။ ချက်ချင်းပင် သူမ၏ ရင်ထဲ၌ ဒေါသမီးများ တောက်လောင်သွားသည်။ ထိုအကောင် ဆိုလွန်သည် ဤကဲ့သို့ အချိန်မျိုး၌ပင် မိန်းမလိုက်စားရန် မမေ့သေးချေ။

လုံးဝ အသုံးမကျပေ။ အပြင်ပန်းကသာ ချောမောပြီး အတွင်း၌မူ လုံးဝ ဟာလာဟင်းလင်း ဖြစ်နေသော ချည်ထိုးခေါင်းအုံး တစ်လုံးထက် မပိုချေ။ တော်ဝင်အကယ်ဒမီ၌ နှစ်အနည်းငယ် အတူနေခဲ့ဖူးသောကြောင့် ကွေ့ချင်းရှောင်းက ထိုအချက်ကို အလွန် ရှင်းလင်းစွာ သိထား၏။

ဆိုလွန်က ခမ်းနားပြီး တန်ဖိုးကြီးမားသော စောင်းကြီးရှေ့၌ သေချာစွာ ထိုင်လိုက်ပြီး အမွေဆက်ခံသူ ကျိယိုးကို ပြောလိုက်သည်။ “ကျေးဇူးပြုပြီး အမွေဆက်ခံသူ အရင် စလိုက်ပါ။”

ကျိယိုးက ကြေညာလိုက်၏။ “လွန်ခဲ့တဲ့ သုံးနှစ်က ငါ မီးလျံမြို့တော်ကနေ ပြန်ရောက်ရောက်ချင်း တော်ဝင်နန်းတော် ညစာစားပွဲကို တက်ရောက်ခဲ့တယ်။ အဲဒီညက သခင်မလေး ကွေ့ချင်းရှောင်းကို ပထမဆုံးအကြိမ် မြင်ခဲ့ရပြီး ငါ့နှလုံးသားရဲ့ အနူးညံ့ဆုံး ကြိုးတွေ အတီးခတ်ခံလိုက်ရသလိုပဲ။ အဲဒီညက လရောင်က ရေလို စီးဆင်းနေတာမလို့ ဒီတေးသွားကို လရောင်လို့ အမည်ပေးထားပါတယ်။”

ထို့နောက် ကျိယိုးက မျက်လုံးများကို မှိတ်လိုက်ပြီး ကွေ့ချင်းရှောင်းကို ပထမဆုံး မြင်ခဲ့ရသည့် လွန်ခဲ့သော သုံးနှစ်က ညအမှတ်တရထဲသို့ လုံးဝ နစ်မြောသွားတော့၏။

ထိုသည်ကို မြင်သောအခါ ဧည့်သည်များ အားလုံးကလည်း မျက်လုံးများကို မှိတ်လိုက်ကြပြီး အမွေဆက်ခံသူ တီးခတ်မည့် ဂီတကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်ကြသည်။

ကွေ့ချင်းရှောင်းပင်လျှင် သူမ၏ လှပသော မျက်လုံးများကို ညင်သာစွာ မှိတ်လိုက်၏။ ခေါင်းကို အနည်းငယ် စောင်းကာ နားရွက်များကို ဖော်ထုတ်လိုက်ပြီး သေချာစွာ နားထောင်ရန် အာရုံအားလုံးကို စုစည်းလိုက်သည်။

ချက်ချင်းပင် ဧည့်ခံပွဲ ခန်းမတစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားတော့၏။

လေကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်ပြီးနောက် အမွေဆက်ခံသူ ကျိယိုး၏ ရှည်လျားပြီး အားပါသော လက်ချောင်းများက စောင်းကြိုးများထက်သို့ ညင်သာစွာ ကျဆင်းသွားသည်။

ချက်ချင်းပင် အံ့သြဖွယ်ကောင်းသော တေးသွားတစ်ခုက လေထဲသို့ ပျံ့လွင့်လာပြီး ကြည်လင်သော ရေစီးကြောင်းကဲ့သို့ ချောမွေ့စွာ စီးဆင်းသွားတော့၏။

အပိုင်း ၁၅၆ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters