အခန်း ၁၅၇
Vol. 16 Ch. 157
အပိုင်း ၁၅၇
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
အမွေဆက်ခံသူ ကျိယိုး၏ ဂီတသံ စီးဆင်းလာသောအခါ ပရိသတ် တစ်ရပ်လုံးမှာ အသက်ရှူရပ်မတတ် ဖြစ်သွားကြပြီး လုံးဝ စွဲမက်သွားကြတော့၏။
အထက်တန်းလွှာများနှင့် အဆင့်မြင့်စစ်သည် သခင်များအားလုံး လုံးဝ တိတ်ဆိတ်သွားကြသည်။ သူတို့၏ အသက်ရှူသံကပင် အံ့သြဖွယ်ကောင်းသော တေးသွားကို နှောင့်ယှက်မိမည်ကို စိုးရိမ်နေမိကြ၏။
ဆိုလွန်သည်လည်း မျက်လုံးများကို မှိတ်ထားပြီး ကျိယိုး၏ သီချင်းကို သေချာ နားထောင်နိုင်ရန် သူ၏ စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။
ပထမဆုံး အသံစဉ် အနည်းငယ်ကို ကြားလိုက်ရရုံဖြင့် ကျိယိုးက စောင်းတီးခတ်ရာ၌ အလွန် ပြောင်မြောက်သော ကျွမ်းကျင်မှု ရှိနေကြောင်း ဆိုလွန် သိလိုက်၏။
တီးခတ်မှု နည်းစနစ် သက်သက်ကိုသာ ကြည့်မည်ဆိုလျှင် သူက ကမ္ဘာမြေပေါ်ရှိ စန္ဒရားမင်းသားများထက်ပင် မနိမ့်ကျနေပေ။
သဘာဝကျစွာပင် ဤသည်က မျှော်လင့်ထားသင့်သော အရာပင်။ မည်သို့ပင်ဆိုစေကာမူ ကျိယိုးက မြင့်မြတ်နတ်နဂါးကျောင်းတော်၌ နှစ်အတော်ကြာ ပညာသင်ခဲ့ပြီး သိုင်းပညာနှင့် အနုပညာ နှစ်မျိုးစလုံးကို အဓိက သင်ယူခဲ့သူ မဟုတ်ပါလော။
ဤလောက၌ ဆိုလွန်က လူလေးယောက် စောင်းတီးသည်ကိုသာ ကြားဖူးခဲ့၏။ ဆိုနင်ပင်း ၊ ရီယွင် ၊ မုန်ထိုလော့ နှင့် ကျိယိုးတို့ပင်။
ယခင်က မုန်ထိုလော့၏ ကျွမ်းကျင်မှုမှာ အမြင့်မားဆုံး ဖြစ်ခဲ့သည်။ သို့သော် သေမင်းတမန်ဟွာအဖြစ် ပြောင်းလဲသွားပြီးနောက် သူမ၏ စိတ်များ ရှုပ်ထွေးသွားကာ ပျော်ရွှင်မှုကို ဆုံးရှုံးခဲ့ရ၏။ ရလဒ်အနေဖြင့် သူမ၏ စောင်း ကျွမ်းကျင်မှုမှာ သိသိသာသာ ကျဆင်းသွားခဲ့သည်။
ထို့ကြောင့် လက်ရှိအချိန်၌ ဆိုလွန် မြင်ဖူးသမျှထဲတွင် ကျိယိုးက စောင်းတီးခတ်မှု အကျွမ်းကျင်ဆုံးသူ တစ်ယောက်နီးပါး ဖြစ်နေသည်။
ပို၍ တိကျစွာ ပြောရလျှင် သူ၏ နည်းစနစ်က အမြင့်မားဆုံး ဖြစ်၏။ သူ၏ တီးခတ်မှုဟန်က အံ့မခန်း ခမ်းနားတောက်ပပြီး အလွန်တရာ ခက်ခဲလှသည်။
ရိုးသားစွာ ပြောရလျှင် သူ ရေးဖွဲ့ထားသော လရောင်တေးသွားကို အနုပညာတန်ဖိုး သက်သက်ဖြင့်သာ အကဲဖြတ်မည်ဆိုပါက ရမှတ်များများ ရလိမ့်မည် မဟုတ်ချေ။
သို့သော် တီးခတ်ရန် အလွန်တရာ ခက်ခဲလွန်းသောကြောင့် အလွန်မြင့်မားသော ရမှတ်ကို ရရှိသွားခြင်း ဖြစ်သည်။ ဤသီချင်းက သူ၏ မျက်စိကျိန်းလောက်သော နည်းစနစ်များကို ပြသရန် သက်သက် ဖန်တီးထားသည်နှင့် တူနေ၏။
ညင်သာပြီး နှေးကွေးသော အစပိုင်းက တီးခတ်ရန် အလွန် ခက်ခဲလှသည်။ အဆက်မပြတ်ဘဲ နှေးကွေးစွာ တီးခတ်နိုင်ရန် အသံစဉ် တစ်ခုချင်းစီတိုင်း၌ လွှမ်းခြုံနေသော ကဗျာဆန်သည့် ခံစားချက် ပါဝင်နေရန် လိုအပ်၏။
သို့သော် နောက်ပိုင်း၌ ဂီတက ပြင်းထန် အားပါလာသည်။ တေးသွားထဲ၌ လကြတ်ခြင်း ဖြစ်စဉ်တစ်ခု ဖြစ်ပွားနေသည်ကို ဆိုလွန် ရှင်းလင်းစွာ ခံစားလိုက်ရ၏။ ကောင်းကင်ခွေးက လကို ဝါးမျိုသည့် ဖြစ်စဉ်ပင်။
ကျိယိုး၏ လက်များက မှုန်ဝါးသွားသည်အထိ မြန်ဆန်စွာ လှုပ်ရှားနေ၏။ သူ၏ မျက်စိကျိန်းလောက်သော နည်းစနစ်က အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး လက်များက ကခုန်နေသော အရိပ်များကဲ့သို့ လှုပ်ရှားနေသည်။
ပရိသတ်များမှာ အသံကြောင့် စွဲမက်သွားရုံသာမက မြင်ကွင်းကြောင့်ပါ မိန်းမောသွားကြရ၏။
အထက်တန်းလွှာ သခင်မလေး များစွာက သွယ်လျပြီး ခွန်အားပါသော ထိုလက်များကို ပူပြင်းလှသည့် ရမ္မက်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။
ဤအမျိုးသမီးများအတွက် သူတို့ကို အဆွဲဆောင်နိုင်ဆုံး အရာက သိုင်းပညာ မဟုတ်ဘဲ ရုပ်ရည်သွင်ပြင် ၊ အဆင့်အတန်းနှင့် ကျက်သရေရှိမှုတို့ပင်။
သံသယဖြစ်စရာ မလိုဘဲ ဤအရည်အချင်းများကို ပြသရန် အကောင်းဆုံး နည်းလမ်းမှာ အနုပညာနှင့် ဂီတမှ တစ်ဆင့် ဖြစ်သည်။
ထို့ကြောင့် အမျိုးသမီးများ၏ မျက်နှာသာပေးမှုကို ရရှိရန် လူငယ် အထက်တန်းလွှာများက ဂီတကို အလုအယက် သင်ယူကြခြင်း ဖြစ်သည်။
မျက်လုံးများကို မှိတ်ထားလျှင်ပင် ကျိယိုး၏ လက်များ မည်မျှ မြန်ဆန်စွာ လှုပ်ရှားနေမည်ကို ဆိုလွန် မြင်ယောင်ကြည့်နိုင်၏။ ကောင်းကင်ခွေး လကိုဝါးမျိုခြင်းတေးသွား အပိုင်းက အစွန်းရောက်သည်အထိ ခက်ခဲလှသည်။
ထိုအပိုင်းက ကမ္ဘာမြေရှိ မာရင်းစန္ဒရားဆရာရုပ်ရှင်ထဲမှ နောက်ဆုံး စန္ဒရားပြိုင်ပွဲကိုပင် လုံးဝ ကျော်လွန်နေ၏။
အကယ်၍ ဆိုလွန် ကိုယ်တိုင်သာ တီးခတ်ရမည်ဆိုလျှင်လည်း အမီလိုက်နိုင်မည်လားကို သူ မသေချာချေ။ အမွေဆက်ခံသူ ကျိယိုးကဲ့သို့ ပြီးပြည့်စုံအောင် တီးခတ်ရန် သူ့အတွက် အလွန် ခက်ခဲပေလိမ့်မည်။
ကျိယိုး၏ နည်းစနစ်က အမှန်တကယ်ပင် ပြိုင်ဘက်ကင်းပြီး ချီးကျူးမှုများနှင့် ထိုက်တန်လှပေသည်။
ထို့နောက် တေးသွားက အမှောင်ကျပြီး ဝမ်းနည်းဖွယ် ကောင်းသော အပိုင်းသို့ ဝင်ရောက်လာ၏။ လင်းလက်နေသော လရောင်က ပျောက်ကွယ်သွားပြီး ကမ္ဘာလောကကို အမှောင်ထုထဲသို့ ကျဆင်းသွားစေသည်။ လမင်းကြီးက ကောင်းကင်ခွေး၏ ဝါးမျိုခြင်းကို ခံလိုက်ရလေပြီ။
သို့သော် ထိုအချိန်၌ပင်... ရုတ်တရက် စူးရှသော အသံတစ်သံ ထွက်ပေါ်လာ၏။ တောက်ပသော အလင်းတန်း တစ်ခုက တလက်လက် တောက်ပသွားသည်။
လောက၏ အမှောင်ထုကို ထိုးဖောက်ကာ အမှောင်ထဲ၌ ပြိုင်ဘက်ကင်း လှပသည့် ပုံရိပ်တစ်ခု ပေါ်လာသည်။
သိသာလှစွာပင် ထိုအလှတရားက ဤနေရာ၌ ရှိနေသူများထဲတွင် အလှဆုံးဖြစ်သော ကွေ့ချင်းရှောင်းကို ကိုယ်စားပြုနေ၏။ သူမ၏ အလှတရားက အမှောင်ထုကို တဖြည်းဖြည်း ဝါးမျိုသွားပြီး ညကောင်းကင်ယံကို ဆုတ်ဖြဲကာ အမှောင်ကောင်းကင်ခွေးထံမှ လမင်းကို ကယ်တင်လိုက်သည်။
နောက်ဆုံး၌ တောက်ပသော လရောင်က အမှောင်ထုကို အနိုင်ယူလိုက်ပြီး ညကောင်းကင်ယံ၌ မြင့်မားစွာ ချိတ်ဆွဲနေတော့၏။ လရောင်က လှပသော အမျိုးသမီး၏ မျက်နှာပေါ်သို့ လင်းလက်နေသည်။
လရောင်က အလှတရားကို လင်းလက်စေသလား သို့မဟုတ် အလှတရားကပင် လရောင်ကို ပိုမို တောက်ပစေသလား ဆိုသည်ကို ခွဲခြားသိနိုင်ရန် မဖြစ်နိုင်တော့ချေ။
နောက်ဆုံး၌ တေးသွား အဆုံးသတ်သွား၏။
တစ်ခဏတာ တိတ်ဆိတ်သွားပြီးနောက် မိုးခြိမ်းသံကဲ့သို့သော လက်ခုပ်သံများ ထွက်ပေါ်လာကြသည်။
ဆိုလွန်ပင်လျှင် အားပါးတရ လက်ခုပ်တီးလိုက်၏။ ပထမဆုံး မတ်တပ်ရပ်သူများမှာ ကွေ့ချင်းရှောင်းနှင့် ကွေ့ရှင်းဖူတို့ ဖြစ်သည်။ ထို့နောက် အခြားသူများ အားလုံးကလည်း မတ်တပ်ရပ်ကာ လက်ခုပ်တီးလိုက်ကြသည်။
ကျိယိုးက မတ်တပ်ရပ်၍ ပရိသတ်ကို အရိုအသေပေးကာ ကျေးဇူးတင်စကား ဆိုလိုက်၏။
ကွေ့ရှင်းဖူက ပြုံးလျက် ချီးမြှောက်သည်။ “ဒီလို ဂီတမျိုးက ကောင်းကင်ဘုံမှာပဲ ရှိသင့်တာ။ ကမ္ဘာမြေပေါ်မှာ ကြားရဖို့ဆိုတာ ဘယ်လောက်တောင် ရှားပါးလိုက်သလဲ။”
သူ၏ ချီးကျူးစကားက ဤနေရာ၌ ရှိနေသူတိုင်း၏ စိတ်ထဲမှ အတွေးများကို ပြီးပြည့်စုံစွာ ထုတ်ဖော်ပြောဆိုလိုက်ခြင်းပင်။
အထက်တန်းလွှာများက သူတို့၏ စိတ်ထဲ၌ မြှောက်ပင့်စကားများကို ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်၏။ အကယ်၍ ကျိယိုး၏ တီးခတ်မှု ညံ့ဖျင်းခဲ့လျှင်ပင် သူ့ကို ချီးကျူးရန် အဆင်သင့် ဖြစ်နေခဲ့ကြသည်။ သို့သော် သူ၏ တီးခတ်က ကောင်းမွန်လွန်းလှသဖြင့် သူတို့ အားလုံးမှာ ဆွံ့အသွားရသည်။
ကွေ့ရှင်းဖူ၏ စကားက သူတို့၏ ခံစားချက်များကို အပြည့်အဝ ဖမ်းဆုပ်နိုင်ခဲ့၏။ ကျိယိုး၏ တီးခတ်မှုက သူတို့၏ နားလည်နိုင်စွမ်းကို ဖောက်ထွက်သွားပြီး သူတို့ ဖော်ပြနိုင်စွမ်းထက် ကျော်လွန်နေသောကြောင့် ချီးကျူးရန် စကားလုံးကိုပင် ရှာမရနိုင်အောင် ဖြစ်သွားစေခဲ့သည်။
ကွေ့ချင်းရှောင်းက ပုံမှန်အားဖြင့် အနုပညာကို စိတ်မဝင်စားသော်လည်း နားထောင်ပြီးနောက် သူမ၏ လှပသည့် မျက်လုံးတို့က တောက်ပသွား၏။ သူမက ကျိယိုးကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
ကျိယိုးကို ရုပ်ရည်ချောမောရုံ သက်သက်ဟုသာ သူမ ထင်မှတ်ထားခဲ့ပြီး ဤမျှ မြင့်မားသော အနုပညာစွမ်းရည် ရှိလိမ့်မည်ဟု တစ်ခါမှ မမျှော်လင့်ထားခဲ့ချေ။ သူ၏ စွမ်းရည်များက လူအမျညး စိတ်အခြေအနေကို လုံးဝ လွှမ်းမိုးနိုင်လောက်သည့်အထိကို ကောင်းမွန်လျက် ရှိနေသည်။
**--**--**--**--**--**--**--**
ကျိယိုးက ကျေနပ်စွာ အပြုံးဖြင့် မေးသည်။ “မြို့စားကြီး ဆိုလွန်... မင်း ဘယ်လိုထင်လဲ။”
ဆိုလွန်ကလည်း အပြုံးဖြင့် ပြန်ဖြေ၏။ “အမွေဆက်ခံသူရဲ့ တီးခတ်မှု နည်းစနစ်က ပြိုင်ဘက်ကင်းပါတယ်။”
ကျိယိုး မျက်မှောင်ကြုတ်သွား၏။ သူ၏ အဓိက အားသာချက်မှာ မျက်စိကျိန်းလောက်သော နည်းစနစ် ဖြစ်ကြောင်း သူ သိထားသည်။
သို့သော် အဆင့်မြင့် အနုပညာ လောကတွင် တစ်စုံတစ်ယောက်၏ နည်းစနစ် သက်သက်ကိုသာ ချီးကျူးခြင်းက အနည်းငယ် စော်ကားသလို ဖြစ်နေ၏။
ထို့ကြောင့် သူက ထပ်မေးလိုက်သည်။ “ငါကိုယ်တော် မေးနေတာက ငါကိုယ်တော် ရေးဖွဲ့ထားတဲ့ တေးသွားအပေါ် မင်း ဘယ်လိုထင်လဲလို့။”
ဆိုလွန်က တည်ငြိမ်စွာ ရှင်းပြလိုက်သည်။ “အလွန် ဆန်းသစ်ပြီး ရဲရင့်ပါတယ်။ ပထမဆုံး လင်းလက်နေတဲ့ လရောင်က တောက်ပနေပြီး အေးချမ်း တိတ်ဆိတ်နေတယ်။ ပြီးတော့ ကောင်းကင်ခွေး ဝင်ရောက်တိုက်ခိုက်လာပြီး လရောင်က အမှောင်ထုထဲ ဝါးမျိုခံလိုက်ရတယ်။”
“အဲဒီနောက် နတ်မိမယ်တစ်ပါး ပေါ်လာပြီး သူ့ရဲ့ ရောင်စုံအလင်းတန်းတွေက အမှောင်ထုကို ထိုးဖောက်ပြီး လရောင်ကို ကယ်တင်လိုက်တယ်။ နောက်ဆုံးမှာတော့ လရောင်က နတ်မိမယ်လေးအတွက် သီးသန့် လင်းလက်နေသလိုပဲ။”
ဆိုလွန်၏ ရှင်းပြချက်က သူတို့အားလုံးကို အံ့အားသင့်သွားစေပြီး စိတ်ထဲ၌ မှင်တက်သွားစေ၏။ သီချင်း တစ်ပုဒ်ကို နားထောင်ရုံသက်သက်ဖြင့် နက်နဲသော ဇာတ်လမ်းကို နားလည်ရန် အလွန် ခက်ခဲလှသည်။
သို့သော် ဆိုလွန်ကမူ တစ်ခေါက်တည်း နားထောင်ရုံဖြင့် အမှားအယွင်း တစ်ချက်ပင် မရှိဘဲ ပြီးပြည့်စုံစွာ ရှင်းပြနိုင်နေ၏။ ဤသည်က အနုပညာအပေါ် အလွန် မြင့်မားသော ခံစားသိရှိနိုင်စွမ်းကို ပြသနေခြင်းပင်။
ပို၍ အရေးကြီးသည်မှာ ကျိယိုး၏ အတွင်းစိတ် အတွေးများကို အားလုံးက ထိုးထွင်း သိမြင်သွားသလို ခံစားလိုက်ရခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေမှုက ဒေါသအရိပ်အယောင် အနည်းငယ်အဖြစ် ပြောင်းလဲသွားတော့၏။
နေရာ၌ ရှိနေသူများက သီချင်း နားထောင်ကောင်းသည် ဟုသာ ထင်မှတ်ထားခဲ့ကြပြီး ဤမျှ နက်နဲသော အဓိပ္ပာယ် ရှိနေမည်ဟု မသိခဲ့ကြချေ။ ချက်ချင်းပင် သူတို့က သီချင်းကို ကောင်းကင်တိုင်အောင် မြှောက်ပင့် ချီးကျူးလိုက်ကြသည်။
တေးသွား တစ်ခုလုံးက ကွေ့ချင်းရှောင်း၏ အလှတရားကို ပေါ်လွင်စေရန် သက်သက် ရေးဖွဲ့ထားခြင်း ဖြစ်နေတော့၏။ ကောင်းကင်ခွေး လကိုဝါးမျိုခြင်းနှင့် နတ်မိမယ်လေးက ကယ်တင်ခြင်းဟူသော ပါးနပ်သည့် ဇာတ်လမ်းကို အသုံးပြု၍ တေးသွား တည်ဆောက်ထားခြင်းက အမှန်တကယ်ပင် သေသပ်လှပလွန်းလှသည်။
သို့သော် ဆိုလွန်ကမူ သူ၏ စိတ်ထဲ၌ လှောင်ပြောင်နေ၏။
‘ကျိယိုး... မိန်းကလေး တစ်ယောက်ရဲ့ စိတ်နှလုံးကို အပိုင်ရဖို့ ကြိုးစားတဲ့ နေရာမှာ မင်း တကယ်ကို အရှက်မရှိတာပဲ။ နတ်မိမယ်လေးက လရောင်ကို ကယ်တင်တယ်တဲ့လား။ ထွီးးး။ ရွံ့စရာ’
ကြီးကျယ်သော အနုပညာရှင်များ၏ အမြင်တွင် ဤသီချင်း၏ စတိုင်လ်က အဆင့်မြင့် မဟုတ်ချေ။ အနည်းငယ် ကြွားဝါလွန်းပြီး အောက်တန်းကျနေ၏။ သို့သော် မိန်းမလိုက်စားရန် ကိရိယာ တစ်ခုအနေဖြင့်မူ ထိုအရာ၏ စွမ်းအားက အကြွင်းမဲ့ ပြိုင်ဘက်ကင်းကြောင်း သူ ဝန်ခံရပေမည်။
မိန်းကလေး တစ်ယောက်၏ အလှတရားကို ဤမျှအထိ မြှင့်တင်ပေးပြီး ဤမျှ ခမ်းနားကာ ရိုမန့်တစ်ဆန်သော နည်းလမ်းဖြင့် တင်ဆက်ခြင်း ၊ လမင်းကြီးကိုပင် ကယ်တင်နိုင်သည်ဟု ပြောဆိုခြင်းက သူမကို ကမ္ဘာမြေထက်၌ အလှဆုံးသော အမျိုးသမီးအဖြစ် ပေါ်လွင်သွားစေသည်။
အမှန်တကယ်ပင် ဆိုလွန်၏ ရှင်းပြချက်ကို ကြားပြီးနောက် ကွေ့ချင်းရှောင်း၏ လှပသည့် ပါးပြင်ထက်၌ သွေးရောင် အနည်းငယ် ဖြန်းပက်သွား၏။ ဤသည်က သူမ လျှို့ဝှက်စွာ ပျော်ရွှင်နေကြောင်းကို ပြသနေခြင်းပင်။
မိန်းကလေးတိုင်းက သူတို့၏ အလှတရားအတွက် ချီးကျူးခံရခြင်းကို သဘောကျကြသည်။ အဓိက အချက်မှာ ကျော့ရှင်းသော နည်းလမ်းဖြင့် ချီးကျူးတတ်ရန်ပင်။
ကျိယိုးက ဖိတ်ခေါ်လိုက်သည်။ “ဒါဆိုရင် မြို့စားကြီး ဆိုလွန်ကို အမှတ်ပေးဖို့ ဖိတ်ခေါ်ပါတယ်။”
ဆိုလွန်က တစ်ခဏမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်၏။ “အမွေဆက်ခံသူရဲ့ တီးခတ်မှု စွမ်းရည်က ၉.၅ မှတ်နဲ့ ထိုက်တန်ပါတယ်။ ဒါပေမဲ့ သီချင်း သက်သက်အတွက် ဆိုရင်တော့ ၈ မှတ်ပဲ ပေးနိုင်မယ်။ ခင်ဗျားရဲ့ နည်းစနစ်ကို ပြသဖို့ သီးသန့် ဖန်တီးထားသလိုမျိုး ဖြစ်နေပြီး အရမ်း ကြွားဝါလွန်းကာ အောက်တန်းကျနေတယ်။”
ထိုစကားကို ကြားသောအခါ ကျိယိုး၏ မျက်နှာအမူအရာ ပြောင်းလဲသွားတော့သည်။ အဘယ်ကြောင့်ဆိုသော် ဆိုလွန်က လိမ်ပြောနေခြင်း မဟုတ်သလို သူ့ကို အောက်ဆွဲချရန် သက်သက် ရည်ရွယ်နေခြင်းလည်း မဟုတ်ဘဲ သူ၏ အစစ်အမှန် ရည်ရွယ်ချက်များကို တိုက်ရိုက် ဖော်ထုတ်လိုက်သောကြောင့် ဖြစ်၏။
သို့သော် အခြားသူများ အားလုံးက ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ဒေါသထွက်သွားကြ၏။
အထူးသဖြင့် အထက်တန်းလွှာ သခင်မများက ဆိုလွန်ကို တုံ့ဆိုင်းနေခြင်း မရှိဘဲ စတင် မေးခွန်းထုတ်ကာ သရော်လှောင်ပြောင်ကြတော့သည်။
အပိုင်း ၁၅၇ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team