အခန်း ၁၅၈
Vol. 16 Ch. 158
အပိုင်း ၁၅၈
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
“ဟက်... ဆိုလွန်... နင်က မနာလိုဖြစ်နေတာပဲ။ အမွေဆက်ခံသူကျိယိုးရဲ့ တီးခတ်မှုက နင့်ထက် အဆတစ်ရာမက သာနေလို့ နင် မခံမရပ်နိုင် ဖြစ်နေတာမလား။”
“ရှစ်မှတ်တဲ့လား။ ဆယ့်တစ်မှတ်လောက်တောင် ရသင့်တာ။ အပြည့်ပေးရမယ့် ရမှတ်ထက်တောင် ပိုသင့်သေးတယ်။”
“အလေအလွင့်ကောင်ဆိုတာ အလေအလွင့်ကောင်ပါပဲ။ နင်က အရည်အချင်းရှိတဲ့သူတွေကို မနာလိုဖြစ်ဖို့လောက်ပဲ သိတာ။ ငါတို့ မျက်လုံးတွေက အမှန်တရားကို မြင်နိုင်လောက်အောင် စူးရှပါတယ်နော်။”
“ဆိုလွန်... နင့်လို အသုံးမကျတဲ့ကောင်က အနုပညာကို နားလည်လို့လား။ နင်က မိသားစုကို ဖျက်ဆီးပြီး ရိုးသားတဲ့ မိန်းကလေးတွေကို ဒုက္ခပေးဖို့လောက်ပဲ သိတာ။ နင့်မိသားစုရဲ့ ပိုင်နက်နယ်မြေတွေ အသိမ်းခံလိုက်ရတာက နင်နဲ့ တန်လို့ပဲ။ အခုဆို နင်က အရိုက်ခံထားရတဲ့ လမ်းဘေးခွေးတစ်ကောင်လိုပဲ။”
ထိုမိန်းကလေးများမှာ သိသာလှစွာပင် ကျိယိုး၏ အရူးအမူး ပရိသတ်များဖြစ်ကြရာ အငြင်းအခုံမှတစ်ဆင့် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများအထိ အရှိန်မြင့်လာ၏။
ရုတ်တရက် ကျိယိုးက သူ၏ လက်နှစ်ဖက်လုံးကို မြှောက်လိုက်ပြီး ဆိုလွန်အပေါ် လှောင်ပြောင် သရော်နေကြသည့် လူအုပ်ကြီးအား တားမြစ်လိုက်သည်။
သူက ဒေါသထွက်မနေဘဲ တောက်ပစွာ ပြုံးလိုက်သည်။ “ကောင်းပြီ။ ကောင်းပြီ။ ကောင်းပြီလေ။ မြို့စားကြီး ဆိုလွန်ရဲ့ အနုပညာအဆင့်အတန်းက တကယ်ပဲ ဘယ်လောက်တောင် မြင့်မားပြီး မြင့်မြတ်နေမလဲဆိုတာကို ငါကိုယ်တော် ကိုယ်တိုင် နားထောင်ကြည့်ရတာပေါ့။ အားလုံးပဲ တိတ်တိတ်နေပေးကြပါ။ မြို့စားကြီး ဆိုလွန်က ငါတို့အတွက် တေးသွားတစ်ပုဒ် တီးခတ်ပေးလာမယ့်အချိန်ကို စောင့်ကြည့်ကြရအောင်။ ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားမလဲဆိုတာ ကြည့်ကြတာပေါ့။”
ကျိယိုး၏ အပြောကြောင့် မကျေမနပ်ဖြစ်နေကြသော်လည်း တိတ်ဆိတ်သွားကြကာ သူတို့၏ နေရာအသီးသီးသို့ ပြန်ထိုင်လိုက်ကြ၏။ သူတို့သည် အပြစ်ရှာလိုသည့် အကြည့်များ ၊ မျက်နှာအမူအရာများဖြင့် ဆိုလွန်၏ တီးခတ်မှုကို စောင့်ဆိုင်းနေကြသည်။
သို့သော်လည်း လူများစွာမှာ တီးတိုးပြောဆိုနေကြဆဲဖြစ်ကာ မေးခွန်းထုတ်လိုသည့် ၊ ရွံရှာစက်ဆုပ်သော အကြည့်များဖြင့် ဆိုလွန်အား လက်ညှိုးထိုးနေကြဆဲပင်။
ဆိုလွန်အနေဖြင့် အသင့်အတင့် ကောင်းမွန်အောင် တီးခတ်နိုင်လျှင်ပင် ထိုတီးခတ်မှုအား အသုံးမကျကြောင်း သတ်မှတ်ရန် သူတို့ အားလုံးက ဆုံးဖြတ်ထားပြီး ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ ဆိုလွန်မှာ လက်ရှိအချိန်၌ လမ်းဘေးခွေး တစ်ကောင်သာသာ ရှိတော့သည် မဟုတ်ပါလော။ အမွေဆက်ခံသူ ကျိယိုး၏ အချစ်ပြိုင်ဘက် ဖြစ်လာရန်အထိ မထိုက်တန်ပေ။
**--**--**--**--**--**--**--**
ဆိုလွန် မျက်လုံးများကို မှိတ်လိုက်၏။ မူလက သူ့ထံ၌ ရွေးချယ်စရာ နှစ်ခု ရှိနေသည်။
ပထမ ရွေးချယ်စရာမှာ အလွန်တရာ ပြင်းထန်ပြီး နည်းစနစ်ကျလှသည့် တူရကီ စစ်ချီတေးဖြစ်ပြီး ထိုတေးသွားအား ဒီရေလှိုင်း စစ်ချီတေးဟု အမည်ပြောင်းရန် သူ စဉ်းစားထား၏။
ဒုတိယ ရွေးချယ်စရာမှာ ကာမင် ဖန်တစီပင်။
သို့သော် အမွေဆက်ခံသူ ကျိယိုးက တေးသွား၏ အဓိက အကြောင်းအရာကို သတ်မှတ်ထားပြီး ဖြစ်သည်။ ထိုတေးသွားက ကျိယိုး၏ လရောင်တေးသွားနှင့် ဟပ်မိနေရမည် ဖြစ်၏။
ထိုအကြောင်းကြောင့် ဆိုလွန်အနေဖြင့် ထိုရွေးချယ်မှု နှစ်ခုလုံးကို အသုံးပြု၍ မရနိုင်တော့ချေ။
ကျိယိုး၏ လရောင်တေးသွားနှင့် တိုက်ရိုက် ယှဉ်ပြိုင်ရန်မှာ အမှန်တကယ်တော့ ရိုးရှင်းလှ၏။ မဟာဆရာသခင် ဘီသိုဗင်၌ လရောင် ဆိုနာတာရှိသည်။
ထိုတေးသွားမှာ နှေးကွေးခြင်းမှ ပြင်းထန်ခြင်းသို့ ကူးပြောင်းသွား၏။ အနုပညာအဆင့်အတန်း မြင့်မားလှသည်သာမက နည်းစနစ်ကို ကြွားဝါရန်အတွက်လည်း အသုံးပြုနိုင်သည်။
အကယ်၍သာ သူသည် လက်ရှိအချိန်၌ မြင့်မြတ်နတ်နဂါးကျောင်းတော်မှ အနုပညာသခင်များကို ရင်ဆိုင်နေရမည်ဆိုပါက ထိုသူတို့၏ အနုပညာစိတ်နှလုံးအား အနိုင်ယူရန် ဤတေးသွားက အသင့်တော်ဆုံး ရွေးချယ်မှု ဖြစ်လာမည်မှာ သံသယဖြစ်ဖွယ် မရှိချေ။
သို့သော် လက်ရှိ ပရိသတ်များမှာ မြင့်မားသည့် အနုပညာစံနှုန်းများ မရှိကြချေ။ အကောင်းဆုံး အခြေအနေ၌ပင်လျှင် သူတို့က ယဉ်ကျေးသူများအဖြစ် ဟန်ဆောင်နေကြသည့် အထက်တန်းလွှာများ ၊ နယ်စားပယ်စားများနှင့် အဆင့်မြင့် သခင်များ သက်သက်သာ ဖြစ်ကြ၏။
ထို့အတွက်ကြောင့် လရောင် ဆိုနာတာမှာ ဤနေရာနှင့် မသင့်တော်ချေ။
ပထမဆုံး အသံစဉ် နှစ်ခုမျှဖြင့် စိတ်နှင့် စိတ်ဝိညာဉ်ကို ထိုးဖောက်သွားနိုင်မည့် တေးသွားမျိုးကို သူ ရွေးချယ်ရပေမည်။ ဤသည်မှာ မည်သည့်သီချင်းနည်း... ၊ အဘယ်ကြောင့် ဤမျှ နားထောင်ကောင်းနေရသနည်း... ၊ အဘယ်ကြောင့် ဤမျှအထိ တုန်လှုပ်ဖွယ် ကောင်းနေရသနည်း... ကို သူတို့အား ခံစားသွားရစေရမည် ဖြစ်၏။
ဆိုလွန် လိုချင်သည့် ရလဒ်မှာ ချက်ချင်း သတ်ဖြတ်ခြင်းပင်။ တစ်စက္ကန့်တည်းဖြင့် ကျိယိုးအား လုံးဝအကြွင်းမဲ့ ချေမှုန်းပစ်ရန် ဖြစ်သည်။
သံစဉ် တစ်ခု သို့မဟုတ် နှစ်ခုလောက်နှင့်တင် ကျိယိုး၏ ကြွားဝါလွန်းပြီး နည်းစနစ်ကိုသာ အဓိကထားသည့် တေးသွားအား သူ လုံးဝ ဖျက်ဆီးပစ်ရမည် ဖြစ်၏။
ထို့ကြောင့် ဆိုလွန် ရွေးချယ်လိုက်သည့် တေးသွားမှာ နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိသည့် တရုတ်ရိုးရာ ဂန္ထဝင်တေးတစ်ပုဒ်ဖြစ်သော အနုပညာရတနာ နွေဦးမြစ်ပြင်ထက်မှ လရောင်ပင်။
ထိုတေးသွားက မည်မျှအထိ တုန်လှုပ်ဖွယ် ကောင်းသနည်း။
၂၀၀၈ ခုနှစ် အိုလံပစ် ဖွင့်ပွဲအခမ်းအနား၌ ဖျော်ဖြေသူက ထိုသီချင်းအား စတင်သီဆိုလိုက်သည့် အချိန်၌ပင် နေရာ၌ရှိနေသူ အားလုံးအား ချက်ချင်း အနိုင်ယူသွားနိုင်ခဲ့၏။
ထိုသည်က အစစ်အမှန် သဘာဝတရား၏ အသံပင်။ မည်သူပင် ဖြစ်နေပါစေ ထိုသီချင်းကို ယခင်က တစ်ခါမှ မကြားဖူးလျှင်ပင် နားထောင်လိုက်ရသည့် ပထမဆုံး တုံ့ပြန်မှုမှာ ရင်ထဲ၌ တုန်ရီသွားပြီး တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းများ ထသွားခြင်းပင်။
ဤသည်က မည်သည့် တေးသွားနည်း။ အဘယ်ကြောင့် ဤမျှအထိ တုန်လှုပ်ဖွယ် ကောင်းနေရသနည်း။ အဘယ်ကြောင့် ဤမျှအထိ နားထောင်ကောင်းနေရသနည်း။
ကျိယိုး၏ ကိုယ်ပိုင်ဖန်တီးမှု ဖြစ်သည့် လရောင်တေးသွားနှင့် ပတ်သက်၍မူ ဆိုလွန်က အကဲဖြတ်ပြီး ဖြစ်၏။ ထိုတေးသွားမှာ အလွန်အမင်း ကြွားဝါလွန်းပြီး နည်းစနစ်ကျလွန်းလှသောကြောင့် တီးခတ်နေစဉ် အချိန်၌ အလွန် နားထောင်ကောင်းနေသည်။
သို့သော် တီးခတ်မှု ပြီးဆုံးသွားပြီးနောက်၌ အငွေ့အသက်မှာ လျင်မြန်စွာ ပျောက်ကွယ်သွား၏။ နက်ရှိုင်းမှု ကင်းမဲ့နေသည်။ လူတစ်ယောက်အနေဖြင့် လွန်ခဲ့သည့် မိနစ်ပိုင်းကမှ ထိုတေးသွားအား ချီးကျူးခဲ့မိသည့်အတွက်ပင် နောင်တရသွားနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ ကျိယိုးသည် သူ၏ နည်းစနစ်ကို ကြွားဝါရန် နှစ်သက်သူ တစ်ယောက်မျှသာ ဖြစ်၏။ အစစ်အမှန် အနုပညာ သခင်တစ်ယောက်တော့ မဟုတ်ချေ။
သို့သော် ဆိုလွန် တီးခတ်မည့် နွေဦးမြစ်ပြင်ထက်မှ လရောင်တေးသွားမှာ စန္ဒရားအတွက် အထူး စီစဉ်ထားခြင်း ဖြစ်သည်။ ထိုတေးသွား၏ ပေါ့ပါးလွင့်မျောနေပြီး တုန်လှုပ်ဖွယ် ကောင်းသည့် သဘာဝက အကြွင်းမဲ့ အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။
ဟာ့ပ်ဆီကော့ဒ် စန္ဒရား၏ ထူးခြားသည့် ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များကြောင့် ဤသီချင်းအား တီးခတ်ရာ၌ ခေတ်သစ် စန္ဒရားများထက်ပင် ပို၍ သင့်တော်နေ၏။
ထို့ကြောင့် သူ စတင် တီးခတ်လိုက်သည့် အချိန်၌ပင် တေးသွားက နားဆင်အပေါင်း၏ စိတ်နှလုံးအား ချက်ချင်း ပြုစားသွားမည်ဖြစ်ပြီး စိတ်ဝိညာဉ်အား ဖမ်းဆုပ်သွားပေလိမ့်မည်။
ဆိုလွန်က ဆူညံနေသည့် လူအုပ်ကြီးအား ကြည့်လိုက်ပြီး ကွေ့ချင်းရှောင်းကို ပျင်းရိပျင်းတွဲဖြင့် ပြောလိုက်သည်။
“ကျွန်တော် တီးခတ်မယ့် တေးသွားရဲ့ နာမည်က ပန်းလရောင်လို့ ခေါ်ပါတယ်။”
ကျိယိုးအား ထောက်ခံအားပေးနေကြသည့် အထက်တန်းလွှာ သခင်မလေးများက ချက်ချင်း သရော်လိုက်ကြ၏။ “ဟက်... သခင်ကျိယိုးက လရောင်တေးသွားကို တီးခတ်တယ်။ နင်က ပန်းလရောင်ကို တီးခတ်မယ် ဟုတ်လား။ အရှက်မရှိဘဲ သူ့ကို ကူးချနေတာပဲ။”
ဆိုလွန် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူ၏ နဂါးစွမ်းအားနှင့် စိတ်ဝိညာဉ်စွမ်းအားတို့ကို စုစည်းကာ စန္ဒရားခလုတ်များကို ညင်သာစွာ ဖိနှိပ်လိုက်ပြီး သူ၏ တီးခတ်မှုကို စတင်လိုက်၏။
“နွေဦးမြစ်ပြင်၏ ဒီရေလှိုင်းက ပင်လယ်ပြင်နှင့် ဆက်စပ်နေပြီး ၊ ပင်လယ်ပြင်ထက်မှ တောက်ပသည့် လရောင်က ဒီရေနှင့်အတူ မြင့်တက်လာ၏။”
ချက်ချင်းပင် အလွန် ပေါ့ပါးလွင့်မျောနေပြီး ပြိုင်ဘက်ကင်းလောက်အောင် တုန်လှုပ်ဖွယ်ကောင်းသည့် သံစဉ်တစ်ခု ထွက်ပေါ်လာ၏။
သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်မှုကြီးက အခန်းအတွင်း၌ ချက်ချင်း ကျဆင်းလာသည်။ ဆူညံသံများနှင့် တီးတိုးပြောဆိုသံများ အားလုံးမှာ ရုတ်ချည်း ရပ်တန့်သွားကြသည်။
သံစဉ် အနည်းငယ်မျှဖြင့် သူတို့ သတိပင် မထားမိလိုက်ခင်မှာပင် ဖမ်းစားခံလိုက်ရ၏။
ဤသံစဥ်က အလွန်တရာ နားထောင်ကောင်းလွန်းလှသည်။ အလွန်အမင်း တုန်လှုပ်ဖွယ် ကောင်းလွန်းလှ၏။
ထိုတုန်လှုပ်ဖွယ် ကောင်းလှသည့် သံစဉ်များက ဆိုလွန်၏ လက်ချောင်းထိပ်လေးများမှ စီးဆင်းလာသည်နှင့်ပင် မတူနေဘဲ... အမြင့်မားဆုံးသော ကောင်းကင်ဘုံဆီမှ ပျံသန်းဆင်းသက်လာသည်နှင့်သာ တူနေ၏။
သံစဉ် ၁၄ ခုတည်းဖြင့် လျှို့ဝှက်ဆန်းကြယ်ပြီး အလွန်တရာ မြင့်မြတ်လှသည့် ထိုတေးသွားမှာ နားဆင်သူတိုင်း၏ နားထဲသို့ ချက်ချင်း စီးဝင်သွားသည်။
နားထဲသို့ ဝင်ရောက်သွားပြီးနောက် နှလုံးသားထဲ၌ ပဲ့တင်ထပ်သွားပြီး ၊ စိတ်ဝိညာဉ်ကို ရစ်ပတ်ကာ အဆုံးအစမရှိ ပဲ့တင်ရိုက်ခတ်နေတော့၏။
အစစ်အမှန် အနုပညာရတနာတစ်ခုသည် လူမျိုးနှင့် နောက်ခံများကို ဂရုမစိုက်ဘဲ လူတိုင်းကို လုံးဝ အကြွင်းမဲ့ အနိုင်ယူသွားနိုင်သည်။
သံစဉ် ၂၀ ပင် မပြည့်ခင်မှာပင် ဆိုလွန်၏ ပန်းလရောင် တီးခတ်မှုက ကျိယိုး၏ တေးသွားကို လုံးဝ ချေမှုန်းပစ်လိုက်လေပြီ။
မှန်သည်။ အကြွင်းမဲ့ လုံးဝ ချေမှုန်းပစ်လိုက်ခြင်းပင်။ သူ၏ ပြိုင်ဘက်တေးသွားကို အစအနလေးပင် မချန်ထားချေ။
ကျိယိုး၏ ကြွားဝါလွန်းပြီး အောက်တန်းကျသည့် တေးသွားမှာ နားကိုသာ ပျော်ရွှင်စေနိုင်၏။ စိတ်ထဲသို့ မဝင်ရောက်နိုင်သလို ၊ စိတ်ဝိညာဉ်ကိုလည်း မထိတွေ့နိုင်ချေ။
ဆိုလွန် တီးခတ်လိုက်သည့် ထောင်စုနှစ်တစ်စုစာ သက်တမ်းရှိသည့် ဂန္ထဝင်တေးသွား ၊ လောကနှင့် မသက်ဆိုင်သည့် သန့်စင်သော အလှတရားများ ပါဝင်သည့် ထိုအနုပညာရတနာကို ရင်ဆိုင်လိုက်ရသည့်အခါ ကျိယိုး၏ တေးသွားမှာ ချက်ချင်း ချေမှုန်းခံလိုက်ရပြီး လုံးဝ ပြိုကျပျက်စီးသွားတော့၏။
**--**--**--**--**--**--**--**
ပရိသတ်များထဲမှ မည်သူတစ်ဦးတစ်ယောက်ကမျှ စကားတစ်ခွန်းပင် မဆိုကြသော်လည်း ၊ သူတို့၏ နှလုံးသား နက်ရှိုင်းသည့် နေရာ၌ အကဲဖြတ်ပြီး ဖြစ်ကြ၏။
ဆိုလွန်က ကျိယိုးကို အနိုင်ယူသွားလေပြီ။
ကျိယိုး၏ တေးသွားအား အရင်ဦးစွာ နားထောင်မိသည့်အတွက်ပင် နောင်တရနေမိကြသည်။ ထိုတေးသွားက သူတို့၏ စိတ်နှလုံးများကို ညစ်ညမ်းစေပြီး ၊ သူတို့ကို မသန့်စင်တော့သကဲ့သို့ ခံစားလိုက်ရ၏။
သို့သော် လက်ရှိအချိန်၌ အနောင်တရဆုံးသူမှာ ကွေ့ရှင်းဖူပင်။
ကျိယိုး၏ ဂီတအား ကောင်းကင်ဘုံ၌သာ ရှိသင့်သည့် တေးသွားဟု ချီးကျူးခဲ့မိသည့် သူ၏ ယခင် မြင့်မားလှသည့် ချီးကျူးစကားအတွက် နောင်တရနေမိ၏။
အကယ်၍ ဆိုလွန်သာ ဤသီချင်းအား တီးခတ်မပြပါက ကျိယိုးအပေါ် သူ၏ လွန်ကဲသည့် ချီးကျူးမှုမှာ ကိစ္စကြီးတစ်ခု ဖြစ်လာမည် မဟုတ်ချေ။
သို့သော် ဆိုလွန်၏ အစစ်အမှန် သဘာဝတရား၏ အသံကို ကြားလိုက်ရပြီးနောက်၌ ကျိယိုးအပေါ် သူ၏ ယခင် ချီးကျူးမှုများမှာ အောက်တန်းကျနေသကဲ့သို့ ဖြစ်သွားပြီး အာဏာရှိသူ တစ်ယောက်ကို မြှောက်ပင့်ပေးနေသည်နှင့်သာ တူသွားသည်။
အလွန်အမင်း အံ့သြဖွယ်ကောင်းလှသည့် သံစဉ်များမှာ လေထုထဲ၌ ဆက်လက် လွင့်မျောနေဆဲပင်။
နေရာ၌ ရှိနေကြသူ အားလုံးမှာ သူတို့၏ အတွင်းစိတ် အတွေးများကို လုံးဝ လွှတ်ချလိုက်ကြ၏။ သူတို့၏ စိတ်ဝိညာဉ်များသည် အံ့သြဖွယ် အသံစဉ်များ၏ ဆွဲဆောင်ခေါ်ဆောင်သွားခြင်းကို ခံလိုက်ရပြီး လေထုထဲ၌ တဖျပ်ဖျပ် လွင့်မျော ယိမ်းနွဲ့နေကြသည်။
ထိုအထဲ၌ ကွေ့ချင်းရှောင်းသည်လည်း ပါဝင်၏။ သူမက လှပသည့် မျက်လုံးများကို ထပ်မံ မှိတ်ထားလိုက်ပြီး ဘက်လိုက်မှုနှင့် ရန်လိုမှု အားလုံးကို စွန့်လွှတ်ကာ ဆိုလွန်၏ တီးခတ်မှုကိုသာ ရိုးရှင်းစွာ ခံစားနေသည်။
သူမ၏ စိတ်တစ်ခုလုံးမှာ အသံစဉ်များ၏ ဆွဲငင်မှုကြောင့် ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ ဆွဲထုတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ လေထဲ၌ လွင့်မျောနေရင်း နေရာတိုင်း၌ လရောင်ကို သူမ ခံစားနေရသည်။
မိုင်တစ်ရာခန့် ဝေးကွာသည့် နုကျန်းမြစ်ဆီသို့ သူမ လွင့်မျောသွားပြီး ဒီရေလှိုင်းများ၏ ပက်ဖျန်းမှုကို ခံစားလိုက်ရကာ နောက်ဆုံး၌ မြစ်၏ ဒီရေများနှင့်အတူ ပင်လယ်ထဲသို့ စီးဝင်သွား၏။
ဤသည်က တကယ်ကို... အလွန်အမင်း အံ့သြဖွယ် ကောင်းလွန်းလှသည်။
နေရာ၌ ရှိနေသူအားလုံးအနက် အမွေဆက်ခံသူ ကျိယိုး တစ်ယောက်၏ မျက်နှာအမူအရာသာ ပြင်းထန်စွာ ပြောင်းလဲသွား၏။
အကဲဖြတ်ဒိုင်လူကြီး မရှိသော်လည်း သံစဉ် ဆယ်ခုပင် မပြည့်သေးခင်မှာတင် သူ ရုပ်ပျက်ဆင်းပျက် ချေမှုန်းခံလိုက်ရပြီဖြစ်ကြောင်း သူ၏ နှလုံးသား နက်ရှိုင်းသည့် နေရာ၌ သိလိုက်ရသည်။ သူ လုံးဝ ရှုံးနိမ့်သွားလေပြီ။
ထို့အပြင် ဆိုလွန်က ကြွားဝါလွန်းပြီး အောက်တန်းကျသည့် နည်းစနစ်ဟူသည့် တံဆိပ်ကို သူ့အပေါ် ကပ်ပေးသွား၏။ အနုပညာရှင် တစ်ယောက်အတွက် ဤသည်က လက်တွေ့၌ သေစေနိုင်သည့် ထိုးနှက်ချက်ပင်။
လက်ရှိအချိန်၌ မဟာဆရာသခင် ဘိုင်ရွန် တစ်ယောက် သူ့အပေါ် မည်သည့်အတွက်ကြောင့် အမြဲတမ်း ခပ်တန်းတန်း ဖြစ်နေရသနည်းဆိုသည်ကိုလည်း ကျိယိုး နောက်ဆုံး၌ သဘောပေါက်သွား၏။
သူက ကျိနင်ထက် ပို၍ ကောင်းမွန်စွာ ဖျော်ဖြေနိုင်သည့်တိုင် ဆရာ ဘိုင်ရွန်ထံမှ အစစ်အမှန် အသိအမှတ်ပြု ချီးကျူးမှုကို ရရှိရန်မှာ အလွန် ရှားပါးလှသည်။
အပိုင်း ၁၅၈ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ဝေ့လည်ကြောင်ပတ် ပေရှည်နေတာတွေကိုတော့ သည်းခံပေးပါဗျာ။ ကျွန်တော် ရသလောက်တော့ လိုက်ဖြုတ်ထားတယ်ဗျ။ နောက်ကြရင် Free Book များများချပေးမှာမလို့ ဆက်ပြီးတော့ အားပေးပါဦးဗျို့။