← Chapters

အခန်း ၁၅၉

Vol. 16 Ch. 159

အခန်း ၁၅၉

Vol. 16 Ch. 159

အပိုင်း ၁၅၉

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ထို့အပြင် မဟာဆရာသခင် ဘိုင်ရွန် မြို့တော်သို့ စေလွှတ်ခံရစဉ်က အမွေဆက်ခံသူ ကျိယိုးတစ်ယောက် သူ့အား သွားရောက် ဂါရဝပြုရန် ခရီးအဝေးကြီး နှင်ခဲ့သေး၏။ သို့သော်လည်း ဆရာ ဘိုင်ရွန်က သူ့အား အေးစက်စွာသာ ဆက်ဆံခဲ့ပြီး ဆယ့်ငါးမိနစ်ပင် မကြာလိုက်ဘဲ ပြန်လွှတ်လိုက်သည်။

လွန်ခဲ့သည့် တစ်နှစ် ၊ နှစ်နှစ်အတွင်း၌လည်း အမွေဆက်ခံသူ ကျိယိုးသည် မဟာဆရာသခင် ဘိုင်ရွန်ထံသို့ စာများစွာ ရေးသားခဲ့သေး၏။ ထိုစာများထဲမှ အများစုမှာ ဂီတနှင့် အနုပညာအကြောင်းများ ဖြစ်ကာ သူ၏ သီချင်းအသစ်များအပေါ် လမ်းညွှန်မှုပေးရန် တောင်းဆိုထားခြင်းများပင်။

သို့သော်လည်း ထိုစာများမှာ ပင်လယ်ထဲသို့ ကျောက်ခဲ ပစ်ချလိုက်သကဲ့သို့ပင် မည်သည့် တုံ့ပြန်မှုကိုမှ ပြန်မရခဲ့ပေ။

မဟာဆရာသခင် ဘိုင်ရွန် အမုန်းဆုံးအရာမှာ ကြွားဝါလွန်းပြီး အောက်တန်းကျသည့် တီးခတ်မှု နည်းစနစ်များပင်။ ဤကဲ့သို့သော နည်းလမ်းဖြင့် ပရိသတ်၏ အာရုံစိုက်မှုကို ရယူရန် ကြိုးစားခြင်းက အောင်မြင်မှုကို လျင်မြန်စွာ ရလိုသည့် လောဘကို ပြသနေသည်ဟု သူ ယုံကြည်၏။

ထိုကဲ့သို့သော လူတစ်ယောက်က ထက်မြက်သည့် ဂီတပညာရှင် တစ်ယောက် ဖြစ်လာနိုင်သော်လည်း အစစ်အမှန် အနုပညာသခင် တစ်ဦးတော့ ဘယ်တော့အခါမှ ဖြစ်လာနိုင်မည် မဟုတ်ချေ။

အခြားတစ်ဖက်၌ ဆိုလွန် တီးခတ်လိုက်သည့် ဂီတမျိုးက လူတို့၏ စိတ်ဝိညာဉ် နက်ရှိုင်းသော နေရာအထိ ချက်ချင်း ထိုးဖောက် ဝင်ရောက်သွားနိုင်ကာ သူတို့၏ စိတ်ဝိညာဉ်များကိုပါ တေးသွားနှင့်အတူ ပဲ့တင်ထပ်သွားစေနိုင်၏။

ဤသည်က မဟာဆရာသခင် ဘိုင်ရွန် အလေးအမြတ် အထားဆုံးနှင့် အားအပေးဆုံး ဂီတမျိုးပင်။ ဂီတဆိုသည်မှာ နားကိုသာ ပျော်ရွှင်စေရုံသာမက စိတ်ထဲ၌ပါ ပဲ့တင်ထပ်နေရမည်ဟု သူ ယုံကြည်သည်။

**--**--**--**--**--**--**--**

အချိန်များက အဆုံးအစမရှိ ရှည်လျားနေသကဲ့သို့ ထင်ရသော်လည်း မျက်စိတစ်မှိတ်အတွင်း၌ပင် ကုန်ဆုံးသွားသည်။

မိနစ်အနည်းငယ် ကြာပြီးနောက် ဆိုလွန်၏ တီးခတ်မှု ပြီးဆုံးသွား၏။ အချိန်နှင့်အမျှ တည်တံ့နေမည့် ဂန္ထဝင်တေးတစ်ပုဒ်ကဲ့သို့ပင် သီချင်း ပြီးဆုံးသွားသော်ငြား မရေမတွက်နိုင်သော သံစဉ်လေးများက လေထုထဲ၌ ကခုန်နေသည့် နတ်သမီးလေးများကဲ့သို့ပင် ပျောက်ကွယ်သွားရန် ငြင်းဆန်နေကြသည်။

ပရိသတ်များ၏ စိတ်ဝိညာဉ်များကလည်း လေထုထဲ၌ မြင့်မားစွာ လွင့်မျောနေကာ ဂီတ၏ ပျောက်ကွယ်မသွားသေးသည့် မှော်ဆန်မှုထဲ၌ ပိတ်မိနေကြသည်။

သူတို့၏ နှလုံးသားထဲရှိ တေးသွားက နောက်ဆုံး၌ ငြိမ်သက်သွားသည့် အချိန်၌မူ ခန်းမတစ်ခုလုံးက လုံးဝကို တိတ်ဆိတ်နေဆဲပင်။ လူများက ဘာလုပ်ရမှန်းမသိဘဲ ကြောင်ကြည့်နေကြ၏။

မည်သို့ တုံ့ပြန်ရမည်ကို မသိကြသောကြောင့် တစ်ယောက်ကမှ လက်ခုပ်မတီးကြချေ။

အစောက အမွေဆက်ခံသူ ကျိယိုး တီးခတ်မှု ပြီးဆုံးသွားသည့် အချိန်၌ မိုးခြိမ်းသံကဲ့သို့ လက်ခုပ်သံများ ထွက်ပေါ်လာခဲ့၏။ သို့သော် ဆိုလွန်၏ တီးခတ်မှုက လုံးဝကို ကွဲပြားခြားနားသည့် အဆင့်တစ်ခု၌ ရှိနေသည်။ သီချင်း နှစ်ပုဒ်က ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှ၏။

လက်ရှိအချိန်၌ ဆိုလွန်၏ တီးခတ်မှုကို လက်ခုပ်တီး၍ အားပေးခြင်းက စော်ကားလိုက်သကဲ့သို့ပင် ဖြစ်သွားနိုင်ကာ ဤမျှ လှပသည့် ဂီတအတွက် လက်ခုပ်သံက အလွန် တန်ဖိုးနည်းလွန်းနေသည်ဟု ခံစားနေရသည်။

လွန်ခဲ့သည့် အချိန်ခဏလေးကမှ အမွေဆက်ခံသူ ကျိယိုးအား ကိုယ်တိုင်ကိုယ်ကျ အားပေးထောက်ခံခဲ့ကြသော အထက်တန်းလွှာ သခင်မလေးများပင်လျှင် သူမတို့၏ ရပ်တည်ချက်ကို လုံးဝ ပြောင်းလဲလိုက်ကြလေပြီ။

ဆိုလွန်၏ တီးခတ်မှုက မည်သည့်အတွက်ကြောင့် ဤမျှ ကောင်းမွန်နေသနည်း ဆိုသည်ကို အတိအကျ မရှင်းပြနိုင်ကြသော်လည်း ဆိုလွန်၏ အရည်အချင်းက အများကြီး ပိုသာနေကြောင်းကို သူမတို့၏ အလိုလိုသိစိတ်က ပြောပြနေသည်။

ဤသည်က ဆိုလွန်၏ နည်းဗျူဟာပင်။ ပြိုင်ဘက်၏ အားနည်းချက်ကို တိုက်ခိုက်ရန် ကိုယ်၌၏ အားသာချက်ကို အသုံးပြုခြင်းပင်။

‘အကယ်၍ မင်းက ခံစားချက်ကို ယှဉ်ချင်တယ်ဆိုရင် ငါက နည်းစနစ်ကို ယှဉ်မယ်။’

‘အကယ်၍ မင်းက နည်းစနစ်ကို ယှဉ်ချင်တယ်ဆိုရင် ငါက အဆင့်အတန်းနဲ့ စံနှုန်းကို ယှဉ်မယ်။’

နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိသည့် ဂန္ထဝင်တေးတစ်ပုဒ်ကို ရင်ဆိုင်လိုက်ရသောအခါ ကျိယိုး၏ ကြွားဝါလွန်းပြီး ကိုယ်တိုင်ဖန်တီးထားသည့် တေးသွားလေးက အစအနလေးပင် မကျန်အောင် ချက်ချင်း ချေမှုန်းခံလိုက်ရတော့၏။

အမွေဆက်ခံသူ ကျိယိုးက မေးလိုက်သည်။ “မြို့စားကြီး ဆိုလွန်... ဒီသီချင်းကို ခင်ဗျား ကိုယ်တိုင် ဖန်တီးထားတာလား။”

ဆိုလွန်က မေးခွန်းဖြင့် ပြန်လည် တုံ့ပြန်လိုက်၏။ “ခင်ဗျား ဒါကို အရင်က ကြားဖူးလို့လား။”

ကျိယိုး ခေါင်းခါလိုက်သည်။ သေချာပေါက် သူ မကြားဖူးချေ။

ဆိုလွန်က တိုက်ရိုက် အဖြေမပေးချေ။ သူ တွေးလိုက်၏။ ‘ခင်ဗျား မကြားဖူးဘူး ၊ တခြားဘယ်သူမှလည်း မကြားဖူးဘူးဆိုရင် ငါကိုယ်တိုင် ဖန်တီးထားတာပေါ့။’

နောက်ဆုံး၌ ကွေ့ရှင်းဖူက တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။ “တူတော်လေးက အင်ပါယာမြို့တော်မှာ လူတိုင်းကို ဘယ်လို အံ့သြသွားအောင် လုပ်ခဲ့လဲဆိုတာ ဦးလေး သဘောပေါက်သွားပြီ။”

ထို့နောက် အထက်တန်းလွှာ သခင်မလေး တစ်ယောက်က ဝင်မေး၏။ “သခင်လေး ဆိုလွန်... အဲ့ဒီတုန်းက ဘုရင့်မြို့တော်မှာ တီးခတ်ခဲ့တဲ့ သီချင်းက ဘာသီချင်းလဲဟင်။”

ဆိုလွန်က ဖြေလိုက်သည်။ “ကံကြမ္မာပါ။”

ထိုသခင်မလေးက တောင်းဆိုလိုက်၏။ “အခု တီးပြလို့ ရမလားဟင်။ ကျွန်မတို့ တကယ် နားထောင်ချင်လို့ပါ။”

သေချာပေါက် ဆိုလွန်က သဘောတူမည် မဟုတ်ချေ။ သူက အနည်းငယ် ပင်ပန်းနေသည့် အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။ “တောင်းပန်ပါတယ်။ ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်နဲ့ အားအငအတွေ အကုန်လုံးက ဒီသီချင်းတစ်ပုဒ်တည်းမှာတင် လုံးဝ ကုန်ခမ်းသွားလို့ပါ။”

သခင်မလေးက သက်ပြင်းချလိုက်၏။ “အာ... နှမြောစရာပါလား။ ရှင်က ကျွန်မ မြင်ဖူးသမျှထဲမှာ အထူးချွန်ဆုံး ဂီတပညာရှင်ပါပဲ။”

ကွေ့ရှင်းဖူက ဝိုင်တစ်ခွက် သောက်လိုက်ကာ လူအုပ်ကြီးအား လှမ်းပြောလိုက်သည်။ “ဒီည တေးသွားကို နားထောင်ပြီးတဲ့နောက်တော့ နောက်သုံးလလောက် အသားဟင်းရဲ့ အရသာကို သိတော့မယ် မထင်ဘူး။ ကောင်းပါပြီ... အားလုံးပဲ နေရာပြန်ထိုင်ပေးကြပါ။”

ထို့နောက် ကွေ့ရှင်းဖူက အမွေဆက်ခံသူ ကျိယိုးအား သူ၏ နေရာသို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးလိုက်၏။ ကျိယိုး၏ မျက်နှာက အလွန် ကြည့်ရဆိုးနေသည်။ သူ အလွန်အမင်း အရှက်ကွဲသွားရသောကြောင့် ချက်ချင်း ထွက်သွားချင်နေ၏။ သို့သော်လည်း ချက်ချင်း ထွက်ပြေးသွားခြင်းက ပို၍ပင် အရှက်ကွဲစေမည်ကို သူ သိနေသည်။

ဧည့်သည်များက သောက်စား ပျော်ပါးမှုကို ပြန်လည် စတင်ကြ၏။ သို့သော်လည်း အခြေအနေများက ယခုအခါ၌ အနည်းငယ် ကွာခြားသွားလေပြီ။ မိန်းကလေး အများအပြားမှာ ဆိုလွန်၏ မျက်နှာကို မကြည့်ဘဲ မနေနိုင်အောင် ဖြစ်နေကြသည်။

လက်ရှိအချိန်၌ ဆိုလွန်၏ နတ်ဆိုးဆန်ဆန် ချောမောလွန်းသည့် အသွင်အပြင်က သူတို့ကို အလွန်အမင်း ရင်ခုန် စိတ်လှုပ်ရှားစေကြောင်း သူတို့ တွေ့ရှိသွားကြ၏။

သူ၏ အသွင်အပြင်က နူးညံ့သိမ်မွေ့ကာ လျှို့ဝှက်ဆန်းကြယ်သည်။ ဆိုလွန်၏ အဖြစ်ဆိုးပြီး ခါးသီးလှသည့် အတိတ်အကြောင်းကို တွေးမိလိုက်သောအခါ သူတို့၏ နှလုံးသားများက သူ့အတွက် နာကျင်သွားကြ၏။

ထို့အပြင် ဤမျှ ဆွဲဆောင်မှုရှိလွန်းသည့် ခင်ပွန်းတစ်ယောက်ကို ပိုင်ဆိုင်ထားရခြင်းက အခြားအမျိုးသမီးများ အားလုံးကို ကျိန်းသေပေါက် မနာလို ဖြစ်သွားစေပေလိမ့်မည်။

**--**--**--**--**--**--**--**

ဝိုင်သုံးခွက်ခန့် သောက်ပြီးနောက် ဆိုလွန်၏ တီးခတ်မှုကြောင့် ဖြစ်ပေါ်လာသည့် လွန်ကဲလှသော စိတ်လှုပ်ရှားမှုများက ဖြည်းညင်းစွာ ပျောက်ကွယ်သွားလေပြီ။

နောက်ဆုံး၌ ကွေ့ရှင်းဖူက အလေးအနက်ထားရမည့် ကိစ္စကို စတင် ပြောဆိုလာ၏။ “တူတော်လေး... ထျန်းရွှေမြို့က လက်ရှိမှာ သူပုန်စစ်တပ်ရဲ့ သိမ်းပိုက်ခြင်းကို ခံထားရတယ်။ မင်းမှာ ဘာအစီအစဉ် ရှိလဲ။”

ဆိုလွန်က အလွန် ယေဘုယျကျသည့် အဖြေကိုသာ ပြန်ပေးလိုက်သည်။ “ကျွန်တော် ကြိုးစားပါ့မယ်။ အင်အားတွေ ပြန်စုစည်းပြီး ဘိုးဘွားပိုင်နယ်မြေတွေကို ပြန်သိမ်းယူရမှာပေါ့။”

ကွေ့ရှင်းဖူက ကျယ်လောင်စွာ ပြောလိုက်၏။ “မင်းအဖေကသာ တရားမျှတမှုအတွက် ဝင်မပြောပေးခဲ့ဘဲ အဲ့ဒီတုန်းက ငါ့ကို မကူညီခဲ့ဘူးဆိုရင်... ငါ အခုချိန်မှာ အိမ်ခြေရာမဲ့ တစ်ယောက် ဖြစ်နေလိမ့်မယ်ဆိုတာ လူတိုင်း သိကြပါတယ်။ ကျေးဇူးတစ်စက်ဆိုရင်တောင် စမ်းရေတစ်ပေါက်လို ပြန်ဆပ်ရမယ်။ ဒီလောက် ကြီးမားနက်ရှိုင်းတဲ့ ကျေးဇူးတရားမျိုးဆိုရင် ပိုပြီးတောင် ပြောစရာ မလိုတော့ဘူးပေါ့။ မင်း ဘာလိုအပ်လဲဆိုတာ ဒီက ဂုဏ်သရေရှိ ဧည့်သည်တော်တွေ ရှေ့မှာတင် ဦးလေးကို ပြောလိုက်။ အကယ်၍ ငါက ဆင်ခြေပေးပြီး ငြင်းခဲ့မယ်ဆိုရင်... ကောင်းကင်က ငါ့ကို မိုးကြိုးပစ်ချပါစေ။”

ထိုသည်ကို ကြားသောအခါ လူတိုင်းက ကွေ့ရှင်းဖူ၏ ကြီးမားလှသည့် သစ္စာစောင့်သိမှုနှင့် တရားမျှတမှုတို့ကို အလွန်အမင်း ချီးကျူးလိုက်ကြသည်။ ဆိုလွန်က တပ်ဖွဲ့များနှင့် ငွေကြေးများ တောင်းဆိုလာမည့် အချိန်ကို ကွေ့ရှင်းဖူက စောင့်ဆိုင်းနေ၏။ ထိုမှသာ သူက ချက်ချင်း သဘောတူနိုင်မည် မဟုတ်ပါလော။

သို့သော် ဆိုလွန်က ရိုးရှင်းစွာပင် ပြောလိုက်သည်။ “ဦးလေးရဲ့ နက်ရှိုင်းတဲ့ သစ္စာစောင့်သိမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်။”

သူက မည်သည့် တောင်းဆိုမှုကိုမှ မလုပ်ဘဲ ဤအရေးကြီးသည့် အချိန်၌ နောက်ဆုတ်နေရန် ဆုံးဖြတ်လိုက်၏။

ထိုအစား ကွေ့ရှင်းဖူက ဝိုင်အပြည့်ပါသည့် ခွက်ကို မြှောက်လိုက်သည်။ သူက လူအုပ်ကြီးဘက်သို့ လှည့်ကာ မာန်ဖြင့် ပြောလိုက်၏။ “ဒီည ဒီနေရာမှာ ဂုဏ်သရေရှိ တော်ဝင်မိသားစုဝင်တွေ ၊ ဘုရင့်နိုင်ငံက သခင်တွေနဲ့ အထက်တန်းလွှာတွေ ရှိနေကြတယ်။ ဘုရင်မင်းမြတ်ဆီ တရားဝင် အသနားခံစာ တစ်စောင် တင်ပြတဲ့နေရာမှာ ကျွန်တော်နဲ့အတူ ပါဝင်ပေးကြဖို့ အားလုံးကို အလေးအနက် တောင်းဆိုချင်ပါတယ်။ ကျွန်တော်တို့ နူဒန်နဲ့ တခြား သူပုန်တွေကို ပြစ်တင်ရှုတ်ချပြီး သူတို့ကို ကွပ်မျက်ဖို့ တောင်းဆိုရမယ်။”

နေရာ၌ ရှိနေကြသည့် သခင်များနှင့် အထက်တန်းလွှာများက ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။ “ဒါက ကျွန်တော်တို့ရဲ့ တာဝန်ပါပဲ။”

ယခင်က ကွေ့ရှင်းဖူ၏ မြို့စား ရာထူးကို ရုပ်သိမ်းခံရစဉ်က မြို့စားကြီး ဆိုလုံ လုပ်ခဲ့သည့် ပထမဆုံး အရာမှာ ဘုရင်မင်းမြတ်ထံ အသနားခံစာ တင်ပြရန်အတွက် ဘုရင့်နိုင်ငံ၏ သခင်များကို ဆက်သွယ်ခဲ့ခြင်းပင်။ ရာထူးလုယူသူများအား ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ခြင်းမှ ငြင်းဆန်ရန် တော်ဝင်မိသားစုကို သူက ဖိအားပေးခဲ့သည်။

လက်ရှိအချိန်၌ ကွေ့ရှင်းဖူက မြို့စားကြီး ဆိုလုံ ယခင်က လုပ်ခဲ့သည့် အရာကို အတုခိုးနေခြင်းမျှသာ ဖြစ်၏။ သို့သော်လည်း ယနေ့ အခြေအနေက ယခင်ကနှင့် လုံးဝ ကွာခြားနေသည်။ နှိုင်းယှဉ်စရာ အကြောင်း လုံးဝ မရှိချေ။

ထိုစဉ်က ရန်သူများကို တရားဝင် အသိအမှတ်မပြုရန် တော်ဝင်မိသားစုအား တားဆီးသည့် မြို့စားကြီး ဆိုလုံ၏ အသနားခံစာက အသက်နှင့် သေဆုံးခြင်းဆိုင်ရာ အလွန် အရေးတကြီး ကိစ္စရပ်တစ်ခု ဖြစ်ခဲ့၏။

အကယ်၍ တော်ဝင်မိသားစုကသာ ထိုဘွဲ့ထူးဂုဏ်ထူးများကို ချီးမြှင့်လိုက်ပါက ကစားပွဲက ပြန်လည် အဖတ်ဆယ်၍ မရနိုင်တော့လောက်အောင်ကို ရှုံးနိမ့်သွားပေလိမ့်မည်။

သို့သော် ယနေ့၌ နူဒန်နှင့် အခြားသူများအား သူပုန်များအဖြစ် ကြေညာရန် ဘုရင်မင်းမြတ်ထံ အသနားခံစာ တင်ပြခြင်းက လုံးဝကို အပေါ်ယံဆန်လွန်းနေ၏။ မည်သည့် လက်တွေ့ကျသည့် သက်ရောက်မှုမှ မရှိဘဲ စကားလုံး သက်သက်မျှသာ ဖြစ်သည်။

ထို့နောက် ကွေ့ရှင်းဖူက ဆက်ပြော၏။ “ဒုတိယ လုပ်ရမယ့် အရာကတော့... တူတော်လေး သူ့ပိုင်နက်ကို ပြန်သိမ်းယူနိုင်အောင် ကူညီပေးဖို့ ထျန်းရွှေမြို့ဆီ တပ်ဖွဲ့တွေ စေလွှတ်တာပဲ။”

ထိုစကားက မိုးခြိမ်းသံ တစ်ခုကဲ့သို့ပင်။ အခန်းအတွင်းရှိ လူများအား အလွန်အမင်း တုန်လှုပ်သွားစေသည်။ ဆိုလွန်၏ နှလုံးသားပင်လျှင် တစ်ချက် ခုန်သွားရ၏။

အတိတ်က မြို့စားကြီး ဆိုလုံပင် ကွေ့ရှင်းဖူ မြို့စားရာထူးကို ပြန်လည် ရယူနိုင်အောင် ကူညီပေးရန်အတွက် တိုက်ရိုက် တပ်ဖွဲ့များ စေလွှတ်ပေးသည့်အထိ မလုပ်ခဲ့ချေ။

သို့သော် လက်ရှိအချိန်၌ လူတိုင်း၏ ရှေ့မှောက်၌ ကွေ့ရှင်းဖူက ဆိုလွန် ပုန်ကန်မှုကို နှိမ်နင်းရာတွင် ကူညီရန် သူ၏ စစ်တပ်ကို စေလွှတ်မည်ဟု ပွင့်ပွင့်လင်းလင်း ကြေညာနေသည်။

နေရာ၌ ရှိနေသူ အားလုံးက ကွေ့ရှင်းဖူအား လေးစား အားကျမှုများဖြင့် ကြည့်လိုက်ကြ၏။ တရားမျှတမှုနှင့် သစ္စာစောင့်သိမှုဟု ဆိုလာလျှင် ဤလူက ဘုရင့်နိုင်ငံ တစ်ခုလုံး၌ တကယ်ကို ပြိုင်ဘက်ကင်းပင်။

သို့သော်လည်း ဆိုလွန် တစ်ယောက်သာ လျင်မြန်စွာ ပြန်လည် တည်ငြိမ်သွားနိုင်သည်။ ကွေ့ရှင်းဖူ၏ အကြံအစည်များက မည်မျှအထိ နက်ရှိုင်းကြောင်းနှင့် သူ၏ ဖုံးကွယ်ထားသည့် စိတ်ကို ဆိုလွန်၏ ချက်ချင်း သဘောပေါက်သွား၏။

ဤလူက ရက်စက်သည်။ အစောက ဆိုလွန်၏ ဂီတကဲ့သို့ပင် ကွေ့ရှင်းဖူ၏ စကားလုံးများက လူတိုင်း၏ စိတ်ခံစားမှု ဆိုင်ရာ ခံစစ်များကို အလွယ်တကူ ထိုးဖောက်ဝင်ရောက်သွားကာ မျက်စိတစ်မှိတ်အတွင်း၌ပင် သူတို့ကို အနိုင်ယူသွားသည်။

အကယ်၍သာ ဆိုလွန် ကိုယ်တိုင်က အတွေးနက်သူ တစ်ယောက် မဟုတ်ခဲ့လျှင် ယခုအချိန်၌ မျက်ရည်ကျသည်အထိ စိတ်လှုပ်ရှားနေမည်မှာ သေချာကာ သူ၏ အသိစိတ်များ လုံးဝ ပျောက်ဆုံးပြီး မျက်ကန်းတစ္ဆေ တစ်ယောက်ကဲ့သို့ နောက်မှ လိုက်နေမိမည်မှာ အသေအချာပင်။

အပိုင်း ၁၅၉ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters