← Chapters

အခန်း ၁၆၀

Vol. 16 Ch. 160

အခန်း ၁၆၀

Vol. 16 Ch. 160

အပိုင်း ၁၆၀

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ကွေ့ရှင်းဖူက ထျန်းရွှေမြို့ကို ပြန်လည်သိမ်းပိုက်ရာ၌ ကူညီရန် တပ်ဖွဲ့များကို တိုက်ရိုက်စေလွှတ်ပေးမည်ဟု ကမ်းလှမ်း၏။ သို့သော် ဤသည်က မည်ကဲ့သို့သော ကမ်းလှမ်းမှုမျိုးနည်း။

ဆိုလွန်က ထိုစကားလုံးများနောက်ကွယ်ရှိ ဖုံးကွယ်ထားသည့် ထောင်ချောက်နှင့် ကွေ့ရှင်းဖူ၏ အကြံအစည်များ မည်မျှအန္တရာယ်ကြီးမားကြောင်းကို နက်နက်ရှိုင်းရှိုင်းပင် နားလည်ထားသည်။

ပထမအချက်အနေဖြင့် လင်ဟိုင်မြို့မှ ထျန်းရွှေမြို့သို့ တောင်ဘက်သို့ သွားရန်အတွက် စစ်တပ်သည် နုကျန်းမြစ်ကို ဖြတ်ကူးရမည်ဖြစ်၏။

သို့သော်လည်း ထိုနေရာရှိ ကြိုးတံတားမှာ မကြာသေးမီကပင် ဖျက်ဆီးခံထားရသည်။ တပ်ဖွဲ့များအနေဖြင့် ရွက်နီမြို့မှတစ်ဆင့် ကွေ့ရှောင်သွားနိုင်သော်လည်း ရွက်နီမြို့စားနှင့် ကွေ့ရှင်းဖူတို့မှာ သေမလောက် မုန်းတီးကြသည့် ရန်သူများ ဖြစ်ကြ၏။

ရွက်နီမြို့စားက ကွေ့ရှင်းဖူ၏ စစ်တပ်ကို သူ၏ ပိုင်နက်အတွင်းမှ ဖြတ်သန်းခွင့် ပြုပါမည်လော။ မဖြစ်နိုင်ချေ။

ထို့အတွက်ကြောင့် ထျန်းရွှေမြို့သို့ တပ်ဖွဲ့များ စေလွှတ်ရန် ကြိုးတံတားကို အရင်ဆုံး ပြုပြင်ရမည် ဖြစ်သည်။ မူလက ဤတံတားကို တည်ဆောက်ရန် မရေမတွက်နိုင်သည့် အလုပ်သမားများဖြင့် တစ်နှစ်နီးပါး အချိန်ယူခဲ့ရ၏။ အမြန်ဆုံးနှုန်းဖြင့် ပြုပြင်မည်ဆိုလျှင်ပင် အနည်းဆုံး ခြောက်လခန့် အချိန်ယူရပေလိမ့်မည်။

သို့သော် ဆိုလွန်ထံ၌ ခြောက်လ အချိန်မရှိချေ။ တံတား ပြင်ဆင်ပြီးစီးမည့် အချိန်၌ တော်ဝင်မိသားစုက ပုန်ကန်မှုကို နှိမ်နင်းရန် သူတို့၏ ကိုယ်ပိုင် တပ်ဖွဲ့များကို စေလွှတ်ပြီးဖြစ်ကာ ဆိုမိသားစုထံမှ ဒေသ၏ ထိန်းချုပ်ခွင့်ကို ရယူသွားပေလိမ့်မည်။

ထို့အပြင် ရွက်နီမြို့စားက သူတို့ကို ဖြတ်သန်းခွင့် ပြုလျှင်ပင် ကွေ့ရှင်းဖူက လူတစ်သောင်းပါဝင်သည့် စစ်တပ်ကို ကိုယ်တိုင်ဦးဆောင်ပြီး ထျန်းရွှေမြို့ထဲသို့ ဝင်ရောက်လာပါက မည်သို့ ဖြစ်သွားမည်နည်း။

သူက သူပုန်များဖြစ်ကြသည့် နူဒန် ၊ ဆိုဟန်ရီတို့နှင့် ဇာတ်တိုက်ထားနိုင်၏။ ဆယ်ရက်ခန့် ဟန်ပြတိုက်ခိုက်ပြီးနောက် ကွေ့ရှင်းဖူက ရှုံးနိမ့်ဟန်ဆောင်ကာ ဆုတ်ခွာသွားနိုင်သည်။

ထိုသို့ဖြစ်လာပါက လောကရှိ မည်သူကမှ ကွေ့ရှင်းဖူကို အပြစ်တင်နိုင်မည် မဟုတ်ချေ။ လူအများက သူသည် ဆိုမိသားစု၏ ကျေးဇူးကို ပြန်ဆပ်ရန် ကြိုးစားရင်း အကြီးအကျယ် ဆုံးရှုံးမှုများ ခံစားရသည်ဟုသာ ပြောကြပေလိမ့်မည်။ ထိုသို့ဆိုလျှင် ဆိုလွန်က မည်သည့် အခြေအနေသို့ ရောက်သွားမည်နည်း။

အကယ်၍သာ ဆိုလွန်က အလွန်အမင်း ထက်မြက်သူ တစ်ယောက် မဟုတ်လျှင် သို့မဟုတ် ဤအမှောင်ထုဖုံးလွှမ်းနေသည့် အကြံအစည်ကို သူ မမြင်နိုင်လျှင် ကွေ့ရှင်းဖူ၏ ထောင်ချောက်ထဲသို့ တန်းတန်းမတ်မတ် ကျဆင်းသွားမည်ဖြစ်ပြီး ဘယ်သောအခါမှ ပြန်လည် ရပ်တည်နိုင်တော့မည် မဟုတ်ချေ။

ဤသည်မှာ စိတ်ပိုင်းဆိုင်ရာ စစ်ပွဲတစ်ရပ်ပင်။ ဆုံးဖြတ်ချက် တစ်ချက်မှားယွင်းမှုက လုံးဝ ပျက်စီးခြင်းကို ဦးတည်သွားစေမည် ဖြစ်၏။

ထိုအချိန်၌ ဆိုလွန်က ချက်ချင်း နေရာမှထကာ ကွေ့ရှင်းဖူကို ရိုသေစွာဖြင့် အရိုအသေပေးလိုက်သည်။ “ဦးလေးရဲ့ နက်ရှိုင်းတဲ့ ကျေးဇူးတရားအတွက် ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။”

ကွေ့ရှင်းဖူ၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။ သူ၏ ရင်ထဲ၌ တိတ်တဆိတ် တွေးလိုက်သည်။

‘အကြံအောင်ပြီ။ သူက တကယ်ကို ဘာမှမသိတဲ့ ကလေးတစ်ယောက်ပါပဲ။ စိတ်ပူစရာ ဘာမှမရှိတော့ဘူး။’

သို့သော် ဆိုလွန်က ရှင်းလင်းပြတ်သားပြီး ဂုဏ်ယူဝင့်ကြွားစွာ ဆက်ပြောလာ၏။

“ထျန်းရွှေမြို့ကို ပြန်လည်သိမ်းပိုက်ဖို့က ကျွန်တော့် တာဝန်ပါ။ ဦးလေးလူတွေကို ဘယ်လိုလုပ် ငှားရဲမှာလဲ။ ကျွန်တော့်အတွက်နဲ့ ဦးလေးစစ်သည်တွေ သေရမှာကို မကြည့်ရက်ပါဘူး။ အဲ့လိုလုပ်ရင် ဆိုမိသားစု ဘိုးဘွားတွေကို သွားတွေ့ဖို့ မျက်နှာရှိမှာ မဟုတ်တော့ဘူး။”

ထို့နောက် ဆိုလွန်က သူ၏ အကြည့်များကို လှပလှသည့် ကွေ့ချင်းရှောင်းထံသို့ လှည့်လိုက်သည်။ သူ၏ မျက်လုံးများက နွေးထွေးနေကာ ပြတ်သားနေဟန် ရှိ၏။

“ဒီနေ့ ကျွန်တော် ဒီကိုလာရတဲ့ တစ်ခုတည်းသော အကြောင်းအရင်းက ကွေ့ချင်းရှောင်းနဲ့ စေ့စပ်ထားတာကို အကောင်အထည်ဖော်ဖို့နဲ့ သူ့ကို တရားဝင် လက်ထပ်ဖို့ပါ။”

ဆိုလွန်၏ မျက်လုံးများ၌ မျက်ရည်များ ပြည့်လာကာ ဆက်ပြောသည်။

“ဒါက ကျွန်တော့်အဖေရဲ့ နောက်ဆုံး ဆန္ဒပါ။ ဆိုမိသားစုမှာ အမွေဆက်ခံမယ့်သူ မရှိတော့မှာကို အဖေ အမြဲစိတ်ပူခဲ့တာ။ ဒါကြောင့်မို့ ရာထူးဆက်ခံပြီးတာနဲ့ တစ်ပြိုင်နက် ခရီးနှင်လာခဲ့ပြီး လင်ဟိုင်မြို့ကို ရောက်ဖို့ သေဘေးကနေ သီသီလေး လွတ်လာရတာ အခု စေ့စပ်ထားတာကို အကောင်အထည်ဖော်ဖို့ပါပဲ။”

ထို့နောက် ဆိုလွန်က ကွေ့ရှင်းဖူရှေ့ ဒူးတစ်ဖက် ထောက်လိုက်၏။

“ဦးလေး... ဒီက ဧည့်သည်တော်တွေအားလုံး ရှေ့မှာ ကွေ့ချင်းရှောင်းကို လက်ထပ်ခွင့်ပြုဖို့ ကျွန်တော် အလေးအနက် တောင်းဆိုပါတယ်။ သူ့ကို တစ်သက်လုံး ချစ်မြတ်နိုးပြီး ကာကွယ်စောင့်ရှောက်သွားမှာ သေချာပါတယ်။”

ထိုစကားကို ကြားသည့်အခါ ကွေ့ရှင်းဖူ၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်ရီသွားရသည်။ သူ သွေးပင် အန်ထွက်တော့မတတ် ဖြစ်သွားရ၏။

‘အဆိပ်ပြင်းပြီး ကောက်ကျစ်လွန်းတဲ့ ခွေးသူခိုးလေး။’

ဤသူခိုးလေးက စစ်သည်များကို မတောင်းဆိုသလို ငွေကြေးကိုလည်း မတောင်းဆိုချေ။ ထိုအစား ကွေ့ချင်းရှောင်းအား လက်ထပ်ရန် တိုက်ရိုက် တောင်းဆိုခြင်းဖြင့် အသည်းနှလုံးကို တည့်တည့်မတ်မတ် ထိုးနှက်လိုက်သည်။

ဆိုလွန်ကဲ့သို့ ငယ်ရွယ်သူတစ်ယောက်က အဘယ်ကြောင့် ဤမျှ နက်ရှိုင်းသည့် အကြံအစည်များ ရှိနေရသနည်း။

ကွေ့ရှင်းဖူက တပ်ဖွဲ့များ စေလွှတ်ရန် သဘောတူပါက ထိုအရာမှာ ကတိအလွတ်တစ်ခုသာ ဖြစ်မည်ကို ဆိုလွန်က ရှင်းရှင်းလင်းလင်း သိနေ၏။ သမီးဖြစ်သူအား လက်ထပ်ခြင်းကသာ အစစ်အမှန် ခိုင်မာသည့် ရလဒ်တစ်ခု ဖြစ်ပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် သူတို့ လက်ထပ်ပြီးသွားသည်နှင့် အလွယ်တကူ ကွဲကွာသွားနိုင်မည် မဟုတ်သည့်အတွက်ပင်။ ကွေ့ရှင်းဖူက အစကတည်းက အဘယ်ကြောင့် ဤမျှ ဒုက္ခခံရသနည်း။ ထိုသည်မှာ ဆိုလွန်နှင့် ကွေ့ချင်းရှောင်းတို့၏ လက်ထပ်ပွဲကို ရပ်တန့်ရန် အတွက်ပင်။

ကွေ့ရှင်းဖူ​က ကျိလီ၏ အဖွဲ့၌ ပါဝင်သူ ဖြစ်၏။ သူ တကယ်လိုချင်သည့် သမက်မှာ မကြာမီအချိန်အတွင်း မင်းသား ကျိလီ၏ အကြံပေး ဖြစ်လာကာ နောက်ဆုံး၌ စစ်တပ်ယကို ဦးဆောင်မည့်သူဖြစ်သည့် လင်းအောင်းပင်။

ထို့အတွက်ကြောင့် ကွေ့ရှင်းဖူက ဆိုလွန်နှင့် ပတ်သက်မှု အားလုံးကို မည်သည့် နည်းလမ်းဖြင့်မဆို ဖြတ်တောက်ရမည် ဖြစ်၏။ သို့သော် ယခုအချိန်၌ ဆိုလွန်က ကွေ့ချင်းရှောင်းကို လက်ထပ်ရန် လူသိရှင်ကြား တောင်းဆိုနေလေပြီ။ ဤသည်ကို သူက မည်သို့ လက်ခံနိုင်မည်နည်း။

သို့သော်လည်း မရေမတွက်နိုင်သည့် ဧည့်သည်များ စောင့်ကြည့်နေချိန်၌ ကွေ့ရှင်းဖူက သူ့ကို ငြင်းပယ်နိုင်မည်လော။

အကယ်၍သာ ဆိုလွန်အား သူ ငြင်းပယ်လိုက်ပါက သူသည် ကျေးဇူးကန်းသူ ၊ နှလုံးသားမဲ့သူနှင့် ရက်စက်သူ တစ်ယောက်အဖြစ် ပေါ်လွင်သွားပေလိမ့်မည်။ အတိတ်က မြို့စားကြီး ဆိုလုံသည် သူ့အပေါ်၌ နက်ရှိုင်းလှသည့် ကျေးဇူးတရားများကို ပြသခဲ့ဖူး၏။

ယခုအချိန်၌ ဆိုလွန်က သူ၏ တပ်ဖွဲ့များကိုပင် မလိုချင်တော့ချေ။ သူ လိုချင်သည်မှာ ယခင်ကတည်းက စေ့စပ်ထားမှုကို အကောင်အထည်ဖော်ရန်သာ ဖြစ်သည်။

အကယ်၍ ကွေ့ရှင်းဖူက ဤသည်ကိုပါ ထပ်ငြင်းလိုက်မည်ဆိုလျှင် လူတိုင်းက သူ့ကို အရှက်မရှိသည့် လူယုတ်မာ တစ်ယောက်အဖြစ် မြင်သွားကြပေလိမ့်မည်။

ဆိုလွန်က ကွေ့ရှင်းဖူ၏ အားနည်းချက်ကို ထိုးနှက်လိုက်ခြင်းပင်။ ကွေ့ရှင်းဖူအနေဖြင့် သဘောတူ၍မရသလို ၊ ငြင်းပယ်၍လည်းမရ ၊ အချိန်ဆွဲထားရန်ပင် မဖြစ်နိုင်တော့ချေ။

ဆိုလွန်က ရိုးသားမှုများ အပြည့်ပါဝင်နေသည့် မျက်လုံးများဖြင့် သူ့ကို ကြည့်နေ၏။ ဧည့်သည်များ အားလုံးကလည်း ကွေ့ရှင်းဖူကို အနီးကပ် စောင့်ကြည့်နေကြကာ သူ၏ အဖြေကို စောင့်ဆိုင်းနေကြသည်။

ထို့နောက် ဆိုလွန်က သူ၏ ရင်ဘတ်ထဲမှ အသည်းပုံစံ အမ်ဘာဆွဲသီးလေးတစ်ခုကို ဆွဲထုတ်လိုက်၏။ ထိုအရာကို သူက ကွေ့ချင်းရှောင်းထံ လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။

ဆိုလွန်က ပြုံးလိုက်၏။ “အစ်မ ချင်းရှောင်း... ဒါက အစ်မအတွက် ကျွန်တော် ကိုယ်တိုင် လုပ်ထားတဲ့ လက်ဆောင်လေးပါ။ စိတ်ရင်းအပြည့်နဲ့ ထုဆစ်ထားတာပါ။”

ဆိုလွန်က အမ်ဘာဆွဲသီးလေးကို အလင်းရောင်ရှိရာသို့ မြှောက်ကိုင်လိုက်သည်။ အမ်ဘာ၏ အထဲ၌ အလွန်အမင်း သိမ်မွေ့လှသည့် လူတစ်ယောက်၏ ပုံစံကို ထုဆစ်ထား၏။

ထိုသူမှာ ကွေ့ချင်းရှောင်းပင် ဖြစ်ကာ လက်ရာမှာ အံ့မခန်း ကောင်းမွန်လှသည်။ အလင်းရောင်က အမ်ဘာကို ဖြတ်သန်းသွားသည့် အချိန်၌ ကွေ့ချင်းရှောင်း၏ လှပပြီး တောက်ပနေသည့် ပုံရိပ်လေးတစ်ခုက ညကောင်းကင်ယံသို့ ထင်ဟပ်သွားသည်။ ထိုပုံရိပ်ကြီးက ကြီးမားထင်ရှားပြီး တောက်ပနေကာ မြင်ရသူတိုင်းကို အလွန်ပင် မျက်စိပသာဒ ဖြစ်စေ၏။

အလွန်လေးနက်စွာ စကားပြောနေသည့်အလား သူ၏ အသံလေးက အနည်းငယ် တုန်ယင်နေသည်။

“အစ်မ ချင်းရှောင်း... ကျွန်တော့်ကို လက်ထပ်ပါ။”

ထိုအခိုက်၌ လူအုက်ကြီး၏ မျက်လုံးများက ကွေ့ချင်းရှောင်း၏ မျက်နှာပေါ်သို့ ကျရောက်သွားကြ၏။ သို့သော် ကွေ့ချင်းရှောင်းမှာ ရုတ်တရက်ဆိုသလို ဇဝေဇဝါ ဖြစ်သွားပြီး လုံးဝကို ကူရာကယ်ရာမဲ့နေသည့် ပုံပေါ်နေသည်။

ရုတ်တရက် ကွေ့ရှင်းဖူက ရင်ထဲမှလာသည့် အသံဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်၏။

“ဟားဟားဟားဟား...”

ထို့နောက် သူက ကျယ်လောင်စွာ ကြေညာလိုက်သည်။

“ငါ့ရဲ့ တူတော်ကောင်းလေး။ မင်းရဲ့ အစ်မ ကွေ့ချင်းရှောင်းက အသက် ၂၀ ပြည့်နေပြီမို့ ဒီကိစ္စအတွက် ငါ အတော်လေး စိုးရိမ်ပူပန်နေခဲ့တာ။ သူ့အရွယ် တခြားမိန်းကလေးတွေမှာ ကလေးတွေတောင် ရနေကြပြီဖြစ်ပေမယ့် သူကတော့ အခုထိ အိမ်ထောင်မပြုရသေးဘူးလေ။”

“သို့သော်လည်း မင်းအဖေ... ငါ့အစ်ကိုကြီး ဆိုလုံက မကြာသေးခင်ကမှ ကွယ်လွန်သွားတော့ ဒီအကြောင်းကို ပြောဖို့ ငါ အလွန် ဝမ်းနည်းနေရတာ။ အဲ့ဒါကြောင့် အိမ်ထောင်ရေးအကြောင်း မပြောခင် တစ်နှစ်တာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ကာလ ကုန်ဆုံးတဲ့အထိ စောင့်တာက ပိုကောင်းမယ်လို့ ငါထင်မိတယ်။”

ထို့နောက် ကွေ့ရှင်းဖူက လေယူလေသိမ်းကို အမြန်ပြောင်းလိုက်၏။

“ဒါပေမဲ့ ဒါက မင်းအဖေရဲ့ နောက်ဆုံး ဆန္ဒဖြစ်နေမှတော့ ဒီအတိုင်းပဲ ဖြစ်စေရမယ်။ မင်းတို့ရဲ့ လက်ထပ်ပွဲကို ဆုံးဖြတ်လိုက်ပြီ။ မနက်ဖြန် ငါ ဗေဒင်ဆရာတစ်ယောက်ကို ရှာပြီး အကောင်းဆုံး နေ့တစ်နေ့ကို ရွေးခိုင်းလိုက်မယ်။ မင်္ဂလာဆောင်က ဒီလထဲမှာပဲ လုပ်ရမယ်။”

လူအုပ်ကြီးမှာ ဆူညံသွားကြပြီး ဆိုနင်ပင်းမှာလည်း အလွန်အမင်း ပျော်ရွှင်သွားသည်။ ဆိုလွန်ပင်လျှင် အနည်းငယ် အံ့အားသင့်သွားရ၏။

‘ငါ ကွေ့ရှင်းဖူကို အထင်လွဲခဲ့တာများလား။ ဒီလူက တကယ်ပဲ နွေးထွေးတဲ့ နှလုံးသားရှိတဲ့သူလား။’

သို့သော် ထိုအချိန်၌မှာပင် ကွေ့ချင်းရှောင်းက ခက်ထန်စွာ မတ်တပ်ရပ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

“သမီး သူ့ကို လက်မထပ်နိုင်ဘူး။”

သူမ၏ နဂါးစွမ်းအားကိုပင် အသုံးပြုလိုက်ကာ အော်ဟစ်လိုက်သောကြောင့် သူမ၏ အသံက ပွဲခန်းမတစ်ခုလုံး၌ ပဲ့တင်ထပ်သွား၏။ သူမ၏ စကားလုံးများမှာ ဆိုလွန်၏ မျက်နှာကို ရက်ရက်စက်စက် ဖြတ်ရိုက်လိုက်သကဲ့သို့ပင်။ ဆိုနင်ပင်း၏ လှပသည့် မျက်နှာလေးမှာလည်း ချက်ချင်းပင် ဖြူရော်သွားရသည်။

ဆိုနင်ပင်းနှင့် ဆိုလွန်တို့ စကားပင် မပြောနိုင်သေးခင်မှာပင် ကွေ့ရှင်းဖူ၏ မျက်နှာ အရောင်ပြောင်းသွား၏။ သူက တင်းမာစွာ အော်ဟစ်လိုက်သည်။

“ကွေ့ချင်းရှောင်း... မင်း ဘာပြောလိုက်တာလဲ။”

ကွေ့ချင်းရှောင်းက စကားလုံးတိုင်းကို အလေးအနက်ထား၍ ထပ်ပြောလိုက်၏။

“သမီး... ဆိုလွန်... ကို... လုံးဝ... လုံးဝ... လက်... မထပ်... နိုင်ဘူး။”

အဆုံးမဲ့သည့် ဒေါသများဖြင့် ပြည့်နှက်နေသည့်အလား ကွေ့ရှင်းဖူ၏ ရင်ဘတ်က အပြင်းအထန် နိမ့်ချည်မြင့်ချည် ဖြစ်လာသည်။ တုန်ယင်နေသည့် အသံဖြင့် သူက ကြိမ်းမောင်းလိုက်၏။

“ငါ့ကလေးတွေ အားလုံးထဲမှာ မင်းက အငယ်ဆုံးနဲ့ တစ်ဦးတည်းသော သမီးပဲ။ ဒါကြောင့်မို့ ငါ မင်းကို အမြဲတမ်း အလိုလိုက်ထားခဲ့တာ။ မင်း အသက် ၂၀ ပြည့်တဲ့ အချိန်ကျရင် လက်ထပ်ရမယ်ဆိုတာ သိနေလို့ အခွင့်အရေးရှိတုန်းလေး မင်းကို အလိုလိုက်ချင်ခဲ့တာ။ ငါ့ရဲ့ အလိုလိုက်မှုတွေက မင်းကို မောက်မာပြီး ခေါင်းမာစေပြီ။ ဒါပေမဲ့ ဒီလို အရေးကြီးတဲ့ ကိစ္စမှာ မင်း ဒီလောက်တောင် ကလေးဆန်ဆန် ပြုမူလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။”

ကွေ့ရှင်းဖူက အသံကို ခက်ထန်စွာ မြှင့်လိုက်ပြီး အော်ဟစ်လုမတတ်ပင်။

“မင်းရဲ့ စေ့စပ်မှုကို လွန်ခဲ့တဲ့ နှစ်တွေကတည်းက ဦးလေး ဆိုလုံနဲ့ ငါ ဆုံးဖြတ်ထားခဲ့တာ။ ဦးလေး ဆိုလုံ ငါတို့ မိသားစုအပေါ် ပြခဲ့တဲ့ ကျေးဇူးတရားကို မင်း မသိဘူးလား။ မင်းအဖေ ငါ့ကိုကို ကျေးဇူးကန်းတဲ့ လူတစ်ယောက်ဖြစ်အောင် လုပ်နေတာလား။ ငါ့ကို ပျက်စီးစေပြီး အရှက်ကွဲအောင် လုပ်နေတာလား။”

ကွေ့ချင်းရှောင်းက ပြန်လည် အော်ဟစ်လိုက်၏။

“အဖေ အဲ့ဒီ စေ့စပ်မှုကို လုပ်တုန်းက သမီးရဲ့ ခံစားချက် ဒါမှမဟုတ် သမီး ဘာလိုချင်လဲ ဆိုတာကို အဖေ ဘယ်တုန်းကများ စဉ်းစားပေးဖူးလို့လဲ။ သမီး သူ့ကို လက်မထပ်နိုင်ဘူးလို့ ပြောပြီးပြီလေ။ အဖေ သူ့ကို အဲ့ဒီလောက်တောင် လက်ထပ်စေချင်နေရင် အဖေပဲ သူ့ကို လက်ထပ်လိုက်ပါလား။”

သွေးများအားလုံး သူ၏ ခေါင်းထဲသို့ ဆောင့်တက်သွားသည့်အလား ကွေ့ရှင်းဖူမှာ လွန်စွာ ဒေါသထွက်နေသဖြင့် မျက်နှာမှာ ဖြူရော်သွား၏။ သူက လက်ကိုမြှောက်လိုက်ပြီး ခက်ထန်စွာ အော်ဟစ်လိုက်သည်။

“ဘာကွ... မင်းကို သတ်ပစ်မယ်လိုက်ရမလား။ မွေးရကျိုးမနပ်တဲ့ သမီးမိုက်”

ကွေ့ချင်းရှောင်းက သူမ၏ မေးစေ့ကို မော့ကာ စိန်ခေါ်လိုက်၏။

“ဒါဆိုလည်း လာ သတ်လိုက်လေ။ သတ်လိုက်။ ဒီလို အသုံးမကျတဲ့ အမှိုက်ကောင်ကို လက်ထပ်ရမယ့်အစား အဖေ့လက်ထဲမှာ အသတ်ခံလိုက်တာကမှ ပိုကောင်းသေးတယ်။”

ဖြောင်းးး ဖြောင်းးး

ကွေ့ချင်းရှောင်း၏ စကားလုံးများမှာ ဆိုလွန်၏ မျက်နှာကို ရက်ရက်စက်စက် ဆက်တိုက် ဖြတ်ရိုက်လိုက်သကဲ့သို့ပင်။

သူ၏ ဒေါသကို ဆက်၍ မထိန်းထားနိုင်တော့သည့်ဟန် ဆောင်ကာ ကွေ့ရှင်းဖူက ရှေ့သို့ ပြေးထွက်သွားပြီး ကွေ့ချင်းရှောင်း၏ မျက်နှာအား အားကုန် ဖြတ်ရိုက်လိုက်၏။

ရိုက်သံက ခန်းမတစ်ခုလုံး၌ ပဲ့တင်ထပ်သွားသည်။ ကွေ့ချင်းရှောင်း၏ လှပသည့် ပါးပြင်မှာ ချက်ချင်းပင် နီရဲဖောင်းအစ်လာပြီး သူမ၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာ၏။ သို့သော်လည်း သူမက မောက်မာစွာဖြင့် ခေါင်းကို မော့ထားဆဲဖြစ်ကာ ဖခင်ဖြစ်သူက သူမအား နောက်တစ်ကြိမ် ထပ်ရိုက်မည့်အချိန်ကို စောင့်ဆိုင်းနေသည့်ပုံပင်။

သို့သော် နောက်တစ်စက္ကန့်၌ပင် ဧည့်သည်များစွာက ရှေ့သို့ ပြေးထွက်လာကြပြီး ကွေ့ရှင်းဖူ လှုပ်ရှား၍ မရစေရန် ဖမ်းဆွဲထားလိုက်ကြသည်။

ကွေ့ရှင်းဖူက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။

“သမီးမိုက်...”

အခြေအနေ တစ်ခုလုံးက လမ်းပိတ်သွားသည့် အနေအထားသို့ ရောက်ရှိသွားလေပြီ။ လူတိုင်းက သူတို့၏ မျက်လုံးများကို ဆိုလွန်ထံသို့ လှည့်လိုက်ကြ၏။

အမျိုးသမီးများက သူ့ကို သနားကြင်နာမှုများဖြင့် ကြည့်နေကြပြီး အမျိုးသားများကမူ သရော်လှောင်ပြောင်သည့် အကြည့်များဖြင့် ကြည့်နေကြသည်။

အပိုင်း ၁၆၀ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

**--**--**--**--**--**--**--**

ဒါပေမဲ့ အစား သို့သော်လည်းကို တမင်သက်သက် သုံးထားတာနော်။ နန်းဆန်အောင်လို့ ဖင်ရှည်ကြည့်တာ 🤣

နက်ဖြန် Free Book အချိန်မှန် ရမယ်ဗျာ <3

All Chapters