← Chapters

ကျုပ်ရဲ့ နှလုံးသားကို နားလည်တဲ့သူက တောင်သမုဒ္ဒရာက ပင်လယ်စောင့်နတ်မင်းပဲ

Vol. 9 Ch. 123

ကျုပ်ရဲ့ နှလုံးသားကို နားလည်တဲ့သူက တောင်သမုဒ္ဒရာက ပင်လယ်စောင့်နတ်မင်းပဲ

Vol. 9 Ch. 123

လီချန်ရှို့သည် တွေဝေမနေတော့ဘဲ တတိယရွေးချယ်စရာကို ရွေးချယ်လိုက်၏။

‘ ငါသူ့ကိုသွားတွေ့ပြီး ငါဘယ်သူဆိုတာ ပေါ်မသွားစေဘဲ ပင်လယ်စောင့်နတ်မင်းအပေါ် သူ အကောင်းမြင်သွားအောင် လုပ်ရမယ်... ’

ထိုအခိုက်တွင် လီချန်ရှို့သည် သူကိုယ်တိုင် လက်ဦးမှုယူ၍ သွားတွေ့လိုက်လျှင် ဖြစ်ပေါ်လာနိုင်သည့် အဆိုးဆုံးအခြေအနေကို သုံးသပ်ကြည့်လိုက်၏။

သူသည် ဝတ်ရုံအဖြူနှင့် လူငယ်၏အကြောင်းကို အကျွမ်းတဝင်မရှိပေ။ သူသည် ထိုလူငယ်၏ အကျင့်စရိုက်များကိုလည်း မသိပေ။

ထို့ပြင် သူသည် ရန်ကျောင်းတော်မှ တပည့်တစ်ဦးဖြစ်ကြောင်းကိုလည်း လီချန်ရှို့ထည့်တွက်ရပေမည်။ အကယ်၍ သူသည် မျက်နှာသွားလုပ်နေသလို ဖြစ်နေလျှင် ရန်ကျောင်းတော်မှ ပညာရှင်များသည် ကြိုက်မည်မဟုတ်ပေ။

ထိုသို့အတွေးများနေစဉ်မှာပင် လီချန်ရှို့၏ စက္ကူကိုယ်ပွားသည် ကြင်နာသော မျက်နှာထားရှိသည့် ဆံပင်ဖြူဖြူ အဘိုးကြီးတစ်ဦး အသွင်ကို ဖြည်းဖြည်းချင်း ပြောင်းလဲလိုက်၏။

စက္ကူကိုယ်ပွားသည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများကို စုံစမ်းရန် စေလွှတ်မှုကို ခံခဲ့ရစဉ်ကလည်း ထိုအသွင်ကိုပင် ယူခဲ့၏။ အဘိုးအိုသည် မြင်းမြီးနှင်တံကို ကိုင်ထားပြီး တောအုပ်တစ်ခုအတွင်းမှ ထွက်လာ၏။ သူသည် သူရှိနေသည့်နေရာကို အတိအကျ လှစ်ဟဖော်ပြခြင်းမပြုလိုက်သော်လည်း ပတ်ဝန်းကျင်ရှိ စွမ်းအင်များ လှုပ်ခတ်သွား‌အောင်မူ ပြုလိုက်၏။

ပင်လယ်စောင့်နတ်မင်းဘုံကျောင်းအရှေ့တွင် ရှိနေသော ဝတ်ရုံအဖြူနှင့်လူငယ်တို့ အဖွဲ့သည် မြို့ထဲသို့ လှည့်ပတ်ကြည့်ရန် ဟန်ပြင်နေစဉ် သူတို့ထဲမှ လူတစ်ဝက်သည် လီချန်ရှို့၏ စက္ကူကိုယ်ပွားကို ချက်ချင်းပင် တွေ့ရှိသွား၏။

မီးခိုးရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အဘိုးအိုသည် ရှေ့သို့လျှောက်သွားပြီး ဝတ်ရုံအဖြူနှင့်လူငယ်ကို အနောက်မှနေ၍ တီးတိုးပြောလိုက်လေသည်။ လူငယ်သည် ပြုံးသွားပြီး သူ့လူများကိုဦးဆောင်၍ မြို့သို့ဦးတည်သွားလိုက်၏။ ထို့နောက် သူသည် ရုတ်တရက် ထွက်ပေါ်လာသော စက္ကူကိုယ်ပွား အဘိုးအိုကို သတိမထားမိဟန် ဟန်ဆောင်လိုက်၏။

လီချန်ရှို့သည် ရုတ်ခြည်းပင် တစ်စုံတစ်ခုကို သဘောပေါက်သွား၏။ စက္ကူကိုယ်ပွားသည် မြင်းမြီးနှင်တံကို ကိုင်၍ တိမ်စီးကာ ထိုလူငယ်ထံသို့သွားလိုက်လေသည်။ လီချန်ရှို့သည် ထိုလူငယ်အား မည်သို့ စကားစရမည်ကို တွေး‌တောနေ၏။

သူသည် “ နေပါဦး ” ဟုပြောလိုက်ရမည်လော။ သို့တည်းမဟုတ် မြေကြီးပေါ်မှ ကျောက်ခဲတစ်လုံးကို ကောက်၍ “ မိတ်ဆွေ... ဒီကျောက်ခဲကို ပြုတ်ကျခဲ့တာလား ”ဟု ပြောရမည်လော။

ထိုသို့ဆိုလျှင် အစောင့်အရှောက်ရှစ်ဦးသည် စက္ကူကိုယ်ပွားကို တစ်စစီလုပ်ပစ်ပေလိမ့်မည်။ လီချန်ရှို့တစ်ယောက် ထိုကိစ္စကို အသည်းအသန်စဉ်းစားနေ၏။ သူ၏ စက္ကူကိုယ်ပွားသည် ထိုလူစုနှင့် တစ်စထက်တစ်စ ပို၍ နီးကပ်လာပြီဖြစ်သည်။ လီချန်ရှို့သည် အသေးစိတ်အချက်လေးတစ်ခုကို သတိပြုမိသွား၏။

ထိုလူဆယ်ဦးထဲမှ အစောင့်အရှောက်ရှစ်ဦးနှင့် အဘိုးအိုသည် သူတို့၏ နတ်တန်ခိုးများကို သုံး၍ သူတို့ဖိနပ်များ၏ အောက်ခြေကို လွှမ်းခြုံထားလေသည်။ သူတို့သည် လမ်းလျှောက်နေသည်ဟု ထင်ရသော်လည်း ညစ်ညမ်းသော မြေကြီးနှင့် လုံးဝမထိစေဘဲ မြေပြင်နှင့်ကပ်၍ ပျံသန်းနေခြင်းသာ ဖြစ်သည်။

ဝတ်ရုံအဖြူနှင့် လူငယ်၏ ဖိနပ်အဖြူနှစ်ဖက်သည်သာ ရွှံ့များပေနေလေသည်။

ပဏာမအဆင့်၏ (၁၂)ပွဲမြောက် ပြိုင်ပွဲများ စတင်နေပေပြီ။ လီချန်ရှို့သည် ထိုပြိုင်ပွဲများတွင်လည်း ဝင်ရောက်ယှဉ်ပြိုင် အနိုင်ယူနေ၏။ သူ၏ ရလာဒ်သည် (၁၀)ပွဲနိုင်၊ (၂)ပွဲရှုံးဖြစ်သည်။ သူသည် ဖြည်းဖြည်းမှန်မှန်ဖြင့်ပင် အဆင့်(၃၆၀)အတွင်းသို့ ဝင်ခဲ့ပေပြီ။

လင်းအယ်သည်လည်း (၈)ပွဲနိုင်၊ (၃)ပွဲရှုံးဖြစ်၏။ ထို့ကြောင့် လင်းအယ် အနေဖြင့် နောက်ပွဲတွင် ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ နောက်အဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်ပေသည်။

လီချန်ရှို့သည် အလုပ်နှစ်ခုကို တစ်ပြိုင်တည်းလုပ်နေခြင်းပင်။ သို့သော် သူ၏ အာရုံအများစုကို စက္ကူကိုယ်ပွားထံသို့သာ ပို့ထား၏။

ထိုကိစ္စသည် သူ့အတွက် အမှန်ပင် လွန်စွာအရေးပါလေသည်။

လီချန်ရှို့သည် နတ်ဘုရားဘွဲ့စစ်ပွဲကြီးကို ရှောင်ရှားနိုင်ရန် ပြင်ဆင်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူ၏ ယခင်တုန်းက အစီအစဉ်မှာ သူ၊ သူ့ညီမလေးနှင့် သူ့ဆရာတို့ကို ကောင်းကင်ဘုံခုံရုံးတွင် ရာထူးအသေးလေးတစ်ခုစီရအောင် ပြုလုပ်ရန်ဖြစ်သည်။

သို့သော် ထိုအစီအစဉ်သည် အပြည့်အဝလုံခြုံမှုရှိသည်ဟု မဆိုနိုင်ပေ။

အကယ်၍ သူသည် နတ်ဘုရားဘွဲ့စစ်ပွဲကြီးမစခင် တရားဝင်နတ်မင်းဘွဲ့ကို ရရှိထားပြီဖြစ်ပါက ထိုစစ်ပွဲကြီးတွင် လုံးဝ လုံခြုံမည်ဖြစ်ပေသည်။

လီချန်ရှို့သည် သူ၏ ကောင်းကင်ဘုံအခြေအနေများကို လေ့လာခဲ့မှုများအရ နတ်ဘုရားဘွဲ့စစ်ပွဲကြီးကို အပိုင်းနှစ်ပိုင်းခွဲနိုင်သည်ဟု ကောက်ချက်ချခဲ့၏။

အဓိကအပိုင်းတွင် ကျောင်းတော်သုံးကျောင်းမှ နတ်ဝိဇ္ဇာများ ပါဝင်လေ၏။ ထိုနတ်ဝိဇ္ဇာများသည် ‌ တောင်ကျွန်းသို့သွား၍ ကောင်းကင်ဘုံခုံရုံးများအတွက် ဖြောင့်မတ်သော နတ်မင်းများကို ရွေးချယ်ရန်အလို့ငှာ ဧကရာဇ်ဝူ၏ ကျိုးမင်းဆက်ကို ဖြုတ်ချရန် ကြိုးစားနေမှုကို အခွင့်ကောင်းယူမည်ဖြစ်သည်။

ဒုတိယအပိုင်းသည် အလယ်ကျွန်းတွင် များပြားနေသော တာအိုဂိုဏ်းများကို ဖျက်ဆီးပစ်ခြင်းဖြစ်သည်။ ထို့ကြောင့် နတ်ဝိဇ္ဇာဂိုဏ်းအများစုသည် ၎င်းတို့ဂိုဏ်းရှိ ပညာရှင်များကို ကောင်းကင်ဘုံခုံရုံးသို့သွား၍ ကောင်းကင်ဘုံစစ်သူကြီးဘွဲ့များကို ယူခိုင်းခဲ့ရသည့် အခြေအနေသို့ ရောက်သွားပေမည်။

လီချန်ရှို့၏ ကျင့်ကြံခြင်းအဆင့်သည် မမြင့်မားသော်လည်း သူသည် နတ်ဝိဇ္ဇာမဖြစ်လာခင်ကတည်းကပင် ပြင်ဆင်မှုများ လုပ်ထားခဲ့လေသည်။

ထိုစစ်ပွဲကြီးအတွင်း ချန်ကျောင်းတော်မှ အာကာသနတ်မင်း(၁၂)ပါးသည် သူတို့ထဲမှ သုံးဦးကို ဆုံးရှုံးခဲ့ရသဖြင့် သူတို့၏ တာအိုသည် အားနည်းခဲ့ရ၏။ ကျဲကျောင်းတော်မှ တပည့်အများအပြားလည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်း အများအပြားရှိခဲ့လေသည်။

သူသည် လက်ဦးမှုယူ၍ ထိုနတ်ဘုရားဘွဲ့စစ်ပွဲကြီးမှ လွတ်အောင်လုပ်ရပေမည်။

လီချန်ရှို့သည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများသည် ထိုကဲ့သို့သော အခွင့်အရေးကို ဆောင်ကြဉ်းလာမည်ဟု မမျှော်လင့်ခဲ့ပေ။ ထို့ပြင် လူငယ်နှင့် အဘိုးအိုတို့၏ စကားများမှနေ၍ ကောက်ချက်ချရလျှင် သူတို့သည် နေရာအနှံ့မှ တရားမဝင်နတ်မင်းများကို လိုက်လံလေ့လာနေသည့်ပုံပေါ်၏။ သူတို့သည် သူတို့၏ အင်အားကို တိုးချဲ့ရန် တရားမဝင်နတ်မင်း တစ်ပါး၊ နှစ်ပါးခန့်ကို သူတို့လက်အောက်သို့ ဝင်လာစေလိုသည့် သဘောရှိ၏။

ထိုအတွေးသည် မမှားပေ။ ထိုကောက်ချက်ချမှုသည် လက်ရှိ ကောင်းကင်ဘုံခုံရုံးများ၏ အခြေအနေနှင့် ကိုက်ညီလေသည်။

သို့သော် သူသည် အရာအားလုံးကို ထည့်သွင်းစဉ်းစားရပေမည်။ ရန်ကျောင်းတော်၊ တာအိုဂိုဏ်းများ၊ ကောင်းကင်ဘုံခုံရုံးနှင့် နဂါးမျိုးနွယ်အထိ အားလုံးထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။ ယနေ့တွင် သူသည် ထိုအရာများနှင့် ရင်းနှီးမှုရစေရန် ပထမဦးဆုံးအကြိမ် ကြိုးစားရပေတော့မည်။ ထိုအရာများနှင့် ဆက်ဆံရေးကောင်းများ တည်ဆောက်နိုင်လျှင် အကောင်းဆုံးဖြစ်ပေသည်။ သူသည် ထိုအရာများကို အကောက်ကြံမည် မဟုတ်ပေ။

သို့သော် လီချန်ရှို့သည် သတိလက်လွတ်တော့ ဖြစ်မသွားပေ။

‘ အခွင့်အရေးကကောင်းပေမယ့် ငါ အတင်းအကြပ်တော့ လုပ်လို့မရဘူး။ ရန်ကျောင်းတော်ရဲ့ ဂုဏ်သိက္ခာမကျဆင်းရအောင် ငါ ဘယ်သူ့ကိုမှ ဦးညွှတ်အညံ့ခံလို့မရဘူး... ’

“ မိတ်ဆွေ... ”

တိမ်စီးလာသည့် ကြင်နာတတ်ဟန်ရှိသော တာအိုရသေ့အိုကြီးသည် မြို့ဝင်တံခါးအရှေ့တွင် ဆင်းသက်လိုက်၏။ သူ၏လက်ထဲတွင် ပင်လယ်စောင့်နတ်မင်း၏ ဩဝါဒများကို ရေးသားထားသည့် စာအုပ်တစ်အုပ်ကိုကိုင်ထားပြီး ဝတ်ရုံဖြူနှင့် လူငယ်လေးကို ခေါ်လိုက်၏။

“ မိတ်ဆွေ ဒီစာအုပ်များ ပြုတ်ကျခဲ့သေးလား... ”

လီချန်ရှို့သည် အတန်ကြာတွေးတောပြီးနောက် ထိုနည်းလမ်းကိုပင်သုံး၍ စကားစရန် ဆုံးဖြတ်ခဲ့ခြင်းပင်။

“ စာအုပ် ဟုတ်လား... ”

ဝတ်ရုံဖြူနှင့် လူငယ်သည် နောက်လှည့်၍ လှမ်းကြည့်လိုက်၏။ လီချန်ရှို့သည် ထိုလူငယ်၏ ရုပ်သွင်ကို မြင်လိုက်ရလေသည်။

သူသည် ခံ့ညားသည်ဟုဆိုနိုင်သော်လည်း သာမန်မျှသာဖြစ်ပြီး ဖော်ပြ၍မရနိုင်သော ကိုယ်ရောင်ကိုယ်ဝါရှိလေသည်။

သူ၏မျက်လုံးများသည် သူ့အား လောကဓံကိုရင်ဆိုင်ခဲ့ဖူးပြီး သေမျိုးလောက၏ အရောင်တင်ပေးမှုကို ခံခဲ့ရသည့် လူတစ်ယောက်အဖြစ် ထင်မှတ်စေ၏။ သူသည် လောကကြီးအတွင်းရှိ ရှုပ်ထွေးမှုများကို ဖောက်၍မြင်နိုင်သည့် သူတစ်ယောက်ဟု ထင်ရလေသည်။

အစောင့်အရှောက်များသည် ရုတ်ခြည်း ‌ရှေ့သို့တိုးလာ၏။ သို့သော် စက္ကူကိုယ်ပွား တာအိုရသေ့အိုကြီးသည် (၁၀)ကျန့်အကွာတွင် ရပ်တန့်လိုက်သည်။ သူသည် မြင်းမြီးနှင်တံကို ကိုင်၍ ဦးညွှတ်လိုက်၏။

မီးခိုရောင်ဝတ်ရုံနှင့် အဘိုးအိုသည်လည်း ပြန်၍ ဦးညွှတ်ကာ နှုတ်ဆက်လိုက်၏။

ဝတ်ရုံဖြူနှင့် လူငယ်သည် ပြုံး၍ ပြောလိုက်၏။

“ ကျုပ် ဒီစာအုပ်ကို တစ်ခါမှ မမြင်ဖူးပါဘူး။ ဘယ်လိုလုပ် ကျုပ်ဆီက ပြုတ်ကျတာ ဖြစ်နိုင်မှာလဲ ”

လီချန်ရှို့ ဆွံ့အသွား၏။

‘ သူက နားမလည်တဲ့ပုံ ဟန်ဆောင်နေတာလား... ’

လီချန်ရှို့သည် ယခင်ဘဝတွင် အခြေခံပညာကို ကိုးနှစ်သင်ယူခဲ့ဖူး၏။ ယခုဘဝတွင်လည်း ရန်ကျောင်းတော်မှ သုတ္တန်အများအပြားကို ဖတ်ရှုသင်ယူခဲ့၏။ ထို့ကြောင့် သူ့ကို ပညာရှင်တစ်ပိုင်းဟုပင် ခေါ်နိုင်လေသည်။

ထို့နောက် စက္ကူကိုယ်ပွား တာအိုရသေ့အိုကြီးသည် ပြုံး၍ ပြန်ပြောလိုက်၏။

“ မိတ်ဆွေအနေနဲ့ ဒီစာအုပ်ကို မကြည့်,ကြည့်ဘူးဆိုရင် မိတ်ဆွေဆီက ပြုတ်ကျတာဟုတ်၊ မဟုတ်ဘယ်လိုလုပ်သိနိုင်မှာလဲ ”

ဝတ်ရုံဖြူနှင့် လူငယ်သည် ပြုံး၍ သေချာကြည့်လိုက်၏။ ထိုစာအုပ်အပြင်တွင် ရေးထားသောစာလုံးများသည် နက်ရှိုင်း၍ ကံတရားနှင့် ဆက်စပ်နေသည့်ပုံပေါ်၏။

“ ကောင်းပြီလေ... ”

ဝတ်ရုံဖြူနှင့် လူငယ်သည် ရှေ့သို့ လက်ဆန့်ထုတ်လိုက်၏။

တာအိုရသေ့အိုကြီးသည် စာအုပ်ကို သူ၏ နတ်တန်ခိုးများနှင့် ရစ်ပတ်၍ လူငယ်ထံသို့ ပို့လွှတ်လိုက်၏။ ထိုကြောင့် အစောင့်အရှောက်များသည် ‌ရှေ့သို့တိုးလာရန် မလိုတော့ပေ။

မြို့ဝင်ဂိတ်တံခါးရှေ့တွင် ခရီးသွားများဖြင့် ပြည့်နေ၏။ သူတို့အားလုံးသည် သေမျိုးများဖြစ်ကြသည်။

ဝတ်ရုံဖြူနှင့် လူငယ်နှင့် သူ၏နောက်ပါများသည် ပတ်ဝန်းကျင်မှ သေမျိုးများ သူတို့ကို သတိမပြုမိစေရန် မှော်အတတ်တစ်ခုကို သုံးထားခြင်းဖြစ်ရပေမည်။ သေမျိုးများသည် သူတို့ရပ်နေသည့် နေရာကို မကြာခဏကြည့်သွားကြသော်လည်း ထိုနေရာတွင် မည်သူ့ကိုမှ မတွေ့သည့်ဟန်ဖြင့် လျင်မြန်စွာ အကြည့်လွှဲသွားကြသည်ချည်းသာ ဖြစ်သည်။

မှန်ရာကို ဆိုရလျှင် လီချန်ရှို့သည် ထိုကဲ့သို့သော မှော်အတတ်မျိုးကို တတ်မြောက်လို၏။

ဝတ်ရုံဖြူနှင့် လူငယ်သည် မျက်နှာဖုံးပေါ်တွင် “ ပင်လယ်စောင့်နတ်မင်း၏ ဩဝါဒများ... မူချော ” ဟုရေးသားထားသည့် စာအုပ်ကို ကိုင်လိုက်ပြီး ဂရုတစိုက်ဖတ်လိုက်သည်။ သူသည် ဖြည်းညင်းစွာ ခေါင်းညိတ်ပြီး ပြုံး၍ ပြောလိုက်၏။

“ ဒီစာအုပ်က ကျုပ်နဲ့ တကယ်ကို ရေစက်ပါလာတာပဲ။ မိတ်ဆွေတာအိုရသေ့ကြီး ခင်ဗျား ကျုပ်ကို ဒီစာအုပ်လာပေးတာ ကျုပ်ဘယ်သူဆိုတာ သိလို့လား ”

လီချန်ရှို့သည် ကိုယ့်ဘာသာ ရေရွတ်လိုက်၏။ ထိုလူငယ်သည် နားမလည်ဟန်ဆောင်၍ ဝေ့ဝိုက်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သူသည် ထိုလူငယ် အလိုရှိသည့်အတိုင်း ဆက်၍ ဆောင်ရွက်ရန် ဆုံးဖြတ်လိုက်လေသည်။ ထို့ကြောင့် တာအိုရသေ့အိုကြီးက ပြောလိုက်၏။

“ ကျွန်တော့်ရဲ့ မျက်လုံးတွေက သိတာမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ နှလုံးသားက သိတာပါ။ ဒီက မိတ်ဆွေက ဘုံကိုးစင့် နတ်နန်းတော်မှာ နေတဲ့သူထင်တယ်။ ဒါပေမဲ့ မိတ်ဆွေက ဒီနေရာကို ရောက်လာတယ်ဆိုတော့ ကျွန်တော့်ရဲ့ ဘုံကျောင်းတွေကြောင့် ရောက်လာတာ ဖြစ်မယ် ”

ဝတ်ရုံဖြူနှင့် လူငယ်သည် မျက်ခုံးပင့်၍ စိတ်မပါဟန်ဖြင့် ပြောလိုက်သည်။

“ အခု ခင်ဗျား ထွက်လာပြီဆိုတော့ လက်အောက်ခံဖို့ ဆုံးဖြတ်လိုက်လို့လား။ ဘာလို့ ခင်ဗျားက ကိုယ်တိုင်မလာဘဲ စက္ကူကိုယ်ပွားကို လွှတ်လိုက်ရတာလဲ ”

‘ စက္ကူကိုယ်ပွား ဟုတ်လား... ’

ကောင်းကင်နတ်မင်းအဆင့်ရှိသော အစောင့်အရှောက်များ၏ မျက်နှာထားများသည် အတန်ငယ် ပြောင်းလဲသွားလေသည်။ လီချန်ရှို့သည် စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး တွေးတောလိုက်၏။

‘ ဒီပုဂ္ဂိုလ်က တာအိုဘိုးဘေး၊ တာအိုရင်သွေး၊ တန်ခိုးရှင်တွေရဲ့ ညီငယ်ဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ တကယ်ကို ထိုက်တန်တာပဲ။ သူကငါရဲ့ စက္ကူကိုယ်ပွားကို တစ်ချက်ကြည့်လိုက်တာနဲ့ စက္ကူကိုယ်ပွားမှန်း တန်းသိသွားတယ်... ’

‘ အင်း... မီးခိုးရောင်ဝတ်ရုံနဲ့ အဘိုးအိုပြောပြထားတာကြောင့်လည်း ဖြစ်တော့ ဖြစ်နိုင်ပါတယ် ’

စက္ကူကိုယ်ပွား တာအိုရသေ့အိုကြီးက ပြောလိုက်၏။

“ ကျွန်တော်လည်း မတတ်သာလို့ပါ။ အရှင်ဧကရာဇ်အနေနဲ့ သဘောထားကြီးပေးဖို့ တောင်းဆိုချင်ပါတယ် ”

ထိုစကားသည် ဝတ်ရုံဖြူနှင့် လူငယ်၏ အဆင့်အတန်းအမှန်ကို အတည်ပြုရန် ပြောလိုက်ခြင်းပင်။

“ အဲ... ”

ဝတ်ရုံဖြူနှင့် လူငယ်၏ အကြည့်များသည် တောက်ပလာ၏။ သူသည် ဘေးဘီဝဲယာကို ကြည့်ပြီးနောက် ပြောလိုက်၏။

“ ဒီနေရာက စကားပြောလို့မကောင်းဘူး။ ကျုပ်တို့ သာယာတဲ့နေရာတစ်ခုကို သွားရင် မကောင်းဘူးလား ”

မီးခိုးရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အဘိုးအိုသည် သူ၏ အင်္ကျီလက်အတွင်းမှနေ၍ ပန်းချီကားလိပ်တစ်ခုကို ထုတ်လိုက်ပြီး ဖြည်းဖြည်းချင်း ဖြန့်လိုက်၏။ ထိုပန်းချီကားသည် တောင်များ၊ မြစ်များကို ဆွဲထားသော ပန်းချီကားတစ်ချပ်ပင်။

ဝတ်ရုံဖြူနှင့် လူငယ်သည် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ရာ ထိုပန်းချီကားအရှေ့တွင် ပျောက်ကွယ်သွားလေတော့သည်။

လီချန်ရှို့သည် ခေတ္တမျှတွေးတောလိုက်ပြီး စက္ကူကိုယ်ပွား၏ ၎င်းကိုယ်၎င်း ဖောက်ခွဲပစ်နိုင်သည့် အစွမ်း၊ ၎င်းပေါ်ရှိ စတေးမှု တံဆိပ်တော်များနှင့် နိမိတ်ဖတ်ခြင်းမှ ကာကွယ်ပေးနိုင်သော ပစ္စည်များကို စစ်ဆေးလိုက်၏။ ထို့နောက် စက္ကူကိုယ်ပွား တာအိုရသေ့အိုကြီးသည် မြင်းမြီးနှင်တံကို ကိုင်၍ ‌ရှေ့သို့ ပျံသန်းသွားလိုက်၏။

စက္ကူကိုယ်ပွားသည် ပန်းချီကားအနီးသို့ရောက်သွားသောအခါ ဆွဲအားတစ်ခုကို ခံစားလိုက်ရ၏။

သူ၏ မျက်လုံးအရှေ့တွင် အလင်းများ၊ အရိပ်များ ပေါ်လာ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ပန်ချီကားအတွင်း၌ ရေးဆွဲထားသော နေရာသို့ ရောက်ရှိသွားပြီဖြစ်သည်။

တောင်တစ်လုံးပေါ်ရှိ စံအိမ်တစ်ခုအတွင်း၌ ဝတ်ရုံဖြူ ဝတ်ဆင်ထားသော လူငယ်နှင့် အပြင်လောကတွင် ပန်ချီကားကို ကိုင်ထားနေသင့်သည့် မီးခိုးရောင်ဝတ်ရုံနှင့် အဘိုအိုတို့သည် စံအိမ်အတွင်း၌ ထိုင်နေကြသည်။

လီချန်ရှို့သည် ထိုလူငယ်ကို မည်သို့ စိတ်ဝင်စားလာအောင်ပြော၍ ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကို မည်သို့တည်ဆောက်ရမည်ကို စိတ်ထဲတွင် တွေးတောလိုက်သည်။ ထို့ပြင် သူသည် ထိုကိစ္စကို လုပ်ရာတွင် ကမ္မနှောင်ကြိုးများ ငြိတွယ်လာမည်ကိုလည်း မလိုလားပေ။

သူသည် ထိုသူနှစ်ဦးအနီးသို့ ရောက်သွားချိန်တွင် အကြံအစည်တစ်ခု ရသွားပေပြီ။

‘ ငါ နားမလည်တဲ့ပုံစံ ဟန်ဆောင်ပြီး အဲဒါက ဘယ်လို အကျိုးသက်ရောက်မှုရှိလဲဆိုတာ အရင်ဆုံးကြည့်ရမယ်... ’

နာရီအနည်းငယ်ကြာပြီးနောက် တိတ်ဆိတ်သော ညအမှောင်၌ ပန်းချီကားအတွင်းမှနေ၍ အလင်းတန်းသုံးခု ထွက်ပေါ်လာ၏။ ကြင်နာတတ်ဟန်ရှိသော စက္ကူကိုယ်ပွား တာအိုရသေ့အိုကြီးက ဦးညွှတ်၍ ပြောလိုက်၏။

“ မိတ်ဆွေကို ကျွန်တော် ဆက်ပြီး အနှောင့်အယှက် မပေးတော့ပါဘူး ”

“ ကိစ္စမရှိပါဘူး... ”

ဝတ်ရုံဖြူနှင့် လူငယ်သည် လက်ဝှေ့ယမ်းပြလိုက်၏။ သူ၏ မျက်လုံးထဲတွင် တွန့်ဆုတ်သော အရိပ်အယောင်အနည်းငယ် ပေါ်လာပြီး ပြောလိုက်၏။

“ ကျေးဇူးပြုပြီးတော့ ကျုပ်ခုနက ပြောခဲ့တာကို ပြန်စဉ်းစားပေးပါဦး... ”

“ မိတ်ဆွေလည်း ကျွန်တော့်ရဲ့ အခက်အခဲကို သိတာပဲ... ”

ဝတ်ရုံဖြူနှင့် လူငယ်သည် သက်ပြင်းချလိုက်၏။ သူ၏မျက်လုံးထဲတွင် ခံစားချက်များနှင့် ပြည့်နှက်နေလေသည်။ သူသည် သူ့အရှေ့ရှိ တာအိုရသေ့အိုကြီးကို အတန်ငယ် ဦးညွှတ်လိုက်၏။

တာအိုရသေ့အိုကြီးသည်လည်း တည်တည်ငြိမ်ငြိမ်ပင် တုံ့ပြန်ကာ ခေါင်းကို ပိုနှိမ့်၍ ဦးညွှတ်လိုက်လေသည်။ ထို့နောက် သူသည် တိမ်စီးကာ သိပ်၍ မဝေးသော ဘုံကျောင်းဆီသို့ ပျံသန်းထွက်ခွာသွားလိုက်လေတော့သည်။

တာအိုရသေ့အိုကြီးထွက်ခွာသွားပြီးနောက် ဝတ်ရုံဖြူနှင့် လူငယ်တို့ လူအုပ်ကို ဖုံးကွယ်ပေးထားသော တာအိုသင်္ကတများသည် ပို၍ ထူထဲလာ၏။

ဝတ်ရုံဖြူနှင့် လူငယ်သည် ထွက်ခွာသွားသော တာအိုရသေ့အိုကြီးကို အတန်ကြာ ကြည့်နေပြီးနောက် သက်ပြင်းချလိုက်၏။

“ ကျုပ်ကို နားလည်တဲ့သူက တရားမဝင်နတ်မင်းတစ်ပါး ဖြစ်လိမ့်မယ်လို့ ကျုပ်တစ်ခါမှ မတွေးမိဖူးဘူး။ စစ်သူကြီးတုံမုရော ဘယ်လိုထင်လဲ ”

“ သူက တော်တော်‌လေး ဉာဏ်ကောင်းပြီးတော့ လောကကြီးအကြောင်းကိုလည်း နက်နက်ရှိုင်းရှိုင်း နားလည်ပါတယ်။ သူက အရာအားလုံးကို ဆင်ခြင်သုံးသပ်နိုင်ပါတယ် ”

စစ်သူကြီးတုံမုဟုခေါ်သော မီးခိုးရောင်ဝတ်ရုံနှင့် အဘိုးအိုသည် လေသံဖျော့ဖျော့ဖြင့်ပြောလိုက်၏။

“ သူ အရှင်ဧကရာဇ်ကို ပြောသွားတဲ့ စကားဆယ့်နှစ်လုံးက မှန်တယ်လို့ ကျွန်တော်မြင်မိပါတယ် ”

“ ဟုတ်တယ်။ အဲ့ထဲက အများစုက ကျုပ်အမြင်နဲ့ တူတယ်။ ဒါပေမဲ့ သူပေးတဲ့ အကြံထဲက တချို့ကိုတော့ ကျုပ် တစ်ခါမှမတွေးခဲ့မိဘူး ”

ဝတ်ရုံဖြူနှင့် လူငယ်သည် လေးလေးနက်နက် ပြောလိုက်၏။ ထိုတာအိုရသေ့အိုကြီးနှင့် နာရီအတော်ကြာ စကားပြောခဲ့ပြီးနောက် သူ့အတွက် အကျိုးကျေးဇူးတော်တော်များများ ရခဲ့သည်ဟု သူခံစားခဲ့ရ၏။

သို့သော် သူနားမလည်နိုင်လောက်အောင် နက်နဲသော အကြောင်းအရာများလည်း ရှိနေပေသေးသည်။ ထိုစက္ကူကိုယ်ပွား တာအိုရသေ့အိုကြီး ပြောသွားသောအရာ အများစုသည် သူ၏အမြင်နှင့် တူသည်ဟု ပြောခဲ့ခြင်းမှာ သူ မျက်နှာမပျက်လို၍သာဖြစ်သည်။

မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ထိုပင်လယ်စောင့်နတ်မင်းသည် အတော်လေး တန်ခိုးစွမ်းအားကြီးသည်ဟု သူခံစားခဲ့ရ၏။ သူသည်ပင် ထိုပင်လယ်စောင့်နတ်မင်း၏ အဆင့်မြင့်စက္ကူကိုယ်ပွားအတတ်ကို မတတ်ပေ။

‘ အင်း ... အာဒိကပ္ပလောကထဲမှာ ကိုယ့်ရဲ့ အစွမ်းအစကို ဖုံးကွယ်ပြီး ဇာတ်မြုပ်နေတဲ့သူတွေ အများကြီးရှိတာပဲ.. ’

ဝတ်ရုံဖြူနှင့် လူငယ်သည် စိတ်ပါလက်ပါ ပြောလိုက်၏။

“ တကယ်လို့ အဲ့လို ထက်မြက်ပြီး ဖြောင့်မတ်တဲ့ ပုဂ္ဂိုလ်မျိုးသာ ကျုပ်နဲ့လက်တွဲခဲ့ရင် ကောင်းကင်ဘုံခုံရုံးတွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို နှစ်တစ်သောင်းအတွင်းမှာ ဖြေရှင်းနိုင်မှာပဲ ”

“ ဒါပေမဲ့ အရှင်ဧကရာဇ်... ”

စစ်သူကြီးတုံမုသည် တစ်စုံတစ်ခု ပြောလိုဟန်ရှိသော်လည်း ချီတုံချတုံဖြစ်နေ၏။

“ ကျွန်တော်တို့ ဒီကိစ္စကို ဂရုတစိုက်ကိုင်တွယ်မှ ရပါမယ်။ ဒီပုဂ္ဂိုလ်က ဘယ်သူလဲဆိုတာ ကျွန်တော်တို့ မသိနိုင်ဘူးဖြစ်နေတယ်။ သူက တောင်သမုဒ္ဒရာက ပင်လယ်စောင့်နတ်မင်းဆိုတာကိုပဲ ကျွန်တော်တို့ သိရသေးတယ်။ ပြီးတော့ သူက နဂါးမျိုးနွယ်၊ စုန်းကဝေမျိုးနွယ်တွေနဲ့လည်း ပတ်သက်မှုရှိနေတယ်။ တခြား‌အကြောင်းတွေကိုတော့ ကျွန်တော်လည်း မသိဘူး ”

“ ကျွန်တော် ခုနတုန်းက နိမိတ်ဖတ်ကြည့်တော့ ကံတရားကို ဖိနှိပ်ပေးနိုင်တဲ့ တာအိုအမြုတေရတနာ ထိုက်ချိပန်းချီကားကို တွေ့ခဲ့ရတယ်။ ကြည့်ရတာ သူက ရန်ကျောင်းတော်က ဖြစ်မယ်ထင်တယ် ”

ဝတ်ရုံဖြူနှင့် လူငယ် ပြုံးလိုက်၏။

“ ဒီပုဂ္ဂိုလ်ရဲ့ နောက်ကြောင်းက မရိုးရှင်းဘူး။ သူ့မှာလည်း အခုလိုဖုံးကွယ်ထားရတဲ့ အကြောင်းအရင်းတော့ ရှိမှာပေါ့လေ။ သူဒီနေ့ ဒီလို စက္ကူကိုယ်ပွားနဲ့ ကျုပ်ကို လာတွေ့တာက ကျုပ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ချင်လို့ပဲ။ နဂါးမျိုးနွယ်၊ စုန်းကဝေမျိုးနွယ်၊ ရန်ကျောင်းတော်... ဒီပင်လယ်စောင့်နတ်မင်းက တော်တော်တော့ စိတ်ဝင်စားစရာကောင်းတာပဲ ”

“ ပြန်ကြစို့... ဒီတစ်ခေါက် ခရီးမှာ အကျိုးအမြတ်တွေရခဲ့ပြီ။ ပြီးရင် ဒီတောင်ကျွန်းက တရာမဝင်နတ်မင်းတွေကို လိုက်စုဆောင်းတဲ့ အကြောင်းကို မှတ်တမ်းတင်ထားဖို့ မမေ့နဲ့နော်။ ပြီးတော့မှ ဒီကိစ္စနဲ့ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတွေကို ဆက်စပ်ရမယ်။ တခြား တရားမဝင်နတ်မင်းတွေက အမွေးတိုင်ပူဇော်တာက ရတဲ့ ကုသိုလ်တွေကိုပဲ လိုချင်နေတာ။ ပင်လယ်စောင့်နတ်မင်းတစ်ပါးပဲ မဆိုးဘူးလို့ ပြောလို့ရတာ... ”

စစ်သူကြီးတုံမုသည် ဦးညွှတ်၍ ပြောလိုက်၏။

“ ကျွန်တော် အရှင်ဧကရာဇ်ရဲ့ အမိန့်ကို နာခံပါတယ်။ အရှင်ဧကရာဇ်က အမိန့်တော်ကို သုံးပြီး သူ့ကို လူလုံးထွက်ပြလာအောင် လုပ်မလို့လား ”

“ မဟုတ်ဘူး... ကျုပ် အဲဒီလောက်အမြင်ကျဉ်းတဲ့ လုပ်ရပ်မျိုးကို လုပ်မှာ မဟုတ်ဘူး ”

ဝတ်ရုံဖြူနှင့် လူငယ်သည် ပြုံး၍ ပြောလိုက်၏။

“ သူပြောသွားတာတွေက အမှန်တွေပဲ။ ကျုပ်ကို သိတဲ့သူတွေကလည်း ကျုပ်နဲ့ သဟဇာတဖြစ်ချင်မှ ဖြစ်မှာ။ ကျုပ်ကို မသိတဲ့သူတွေကလည်း ကျုပ်နဲ့ သဟဇာတဖြစ်ချင် ဖြစ်နေနိုင်တာပဲ။ သူသာ အနာဂတ်မှာ ကျုပ်ကို ကောင်းမွန်တဲ့အကြံဉာဏ်တစ်ခု ပေးနိုင်ပြီး ကျုပ်ရဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်မယ်ဆိုရင် ကောင်းကင်ဘုံခုံရုံးမှာ နတ်မင်းအဖြစ် တရားဝင်ခန့်အပ်နိုင်တယ်။ တောင်သမုဒ္ဒရာက ပင်လယ်စောင့်နတ်မင်းရာထူးလေးလောက်ကိုတော့ စကားထဲထည့်ပြောနေစရာတောင် မလိုပါဘူး။ စစ်သူကြီးတုံမု ဒီကိစ္စကို ကျုပ် သေချာတွေးတောလိုက်ဦးမယ်။ ပြီးရင် မင်း ပင်လယ်စောင့်နတ်မင်းဘုံကျောင်းကို ထပ်သွားပြီး သူနဲ့ တွေ့ရမယ်။ ကောင်းကင်ဘုံခုံရုံးကသာ တာဝန်ထမ်းဆောင်မယ့် နတ်ဝိဇ္ဇာတွေကို လိုအပ်နေတာ။ သူတို့က ကောင်းကင်တာအိုက ချီးမြှင့်မယ့် ကုသိုလ်တွေကို လိုအပ်နေတာ မဟုတ်ဘူး ”

“ အရှင်ဧကရာဇ်ရဲ့ အမိန့်တော်ကို နာခံပါတယ် ”

*****

တုနတ်ဝိဇ္ဇာဂိုဏ်းရှိ ကောင်းကင်ခွင်းတောင်ခြေရှိ တောင်ကြားထဲတွင် လီချန်ရှို့သည် ဖြည်းဖြည်းချင်း အသက်ရှူထုတ်လိုက်၏။ သူ၏ မူလဝိညာဉ်သည် ပေါက်ကွဲသွားတော့မလိုပင် သူ ခံစားနေရ၏။

‘ ဒီနေ့ ငါ့ရဲ့ ဝှက်ဖဲတွေကို အများကြီး ထုတ်ပြမိသွားလား... ’

‘ ငါ တစ်ခုခုကိုများ ထုတ်ပြမိခဲ့လား။ ဒါမှမဟုတ် သူနားလည်မှုလွဲသွားနိုင်တဲ့ စကားမျိုးများ ငါပြောမိခဲ့လား... ’

လီချန်ရှို့သည် ဂရုတစိုက်တွေးတောနေပြီး အထပ်ထပ် ပြန်လည် သုံးသပ်နေသည်။

ယနေ့တွင် သူသည် သာမန်ကာလျှံကာ ပြုလုပ်ခဲ့သည် မဟုတ်ပေ။ သူသည် ကောင်ကင်ဘုံခုံရုံးများရှိ အတွင်းပြဿနာများကို ဖြေရှင်းရန် ဗျူဟာအချို့ကို ပြောပြခဲ့ပြီး ပြင်ပဖိအားများကို လျော့ကျအောင် လုပ်နိုင်မည့် နည်းများကိုလည်း အကြံပေးခဲ့၏။

လီချန်ရှို့သည် ကောင်းကင်ဘုံခုံရုံးများ တန်ခိုးထွားလာနိုင်မည့် နည်းလမ်းများကို ကောက်ချက်ဆွဲပြီး ဖြစ်သဖြင့် ထိုနည်းဗျူဟာများကို အကြံပေးရန် သူ့အတွက် မခက်ခဲပေ။ သူသည် တတိယမြောက် အကြံအစည်ကို ပြောပြခဲ့ခြင်းဖြစ်ပြီး သူ့ထံတွင် ထိမ်ချန်ထားသော အခြားအကြံအစည် ကိုးခုလည်း ရှိပေသေးသည်။

ထိုဝတ်ရုံဖြူနှင့် လူငယ်၏ တုံ့ပြန်မှုကို ကြည့်၍ ကောက်ချက်ချရလျှင် ဆက်ဆံရေးကောင်း တည်ဆောက်လိုသည့် သူ၏ ရည်ရွယ်ချက်သည် အောင်မြင်ခဲ့ပုံရ၏။ သူသည် ထိုကိစ္စမှလွဲ၍ အခြားမည်သည့်ကိစ္စကိုမှ မကြံစည်ခဲ့ပေ။

‘ ဒီကိစ္စကနေပြီး အဆိုးဆုံး ဖြစ်သွားနိုင်တာက ဆိုးကျိုးကဘာလဲ... ’

လီချန်ရှို့သည် ထိုအကြောင်းကို အလေးအနက်တွေးတောလိုက်၏။ ဂိုဏ်းအတွင်းမှ ပညာရှင်များသည် သူ ကျောက်စိမ်းဧကရာဇ်နှင့် လျှို့ဝှက်တွေ့ဆုံ၍ အကြံဉာဏ်များပေးခဲ့ခြင်းကို သိသွားနိုင်သည့် ကိစ္စသာ ရှိလေသည်။

သို့သော် ရန်ကျောင်းတော်သည် ကောင်းကင်ဘုံခုံရုံးများကို ထောက်ပံ့ပေးနိုင်သည်အထိ အစွမ်းရှိ၏။ ကောင်းကင်ဘုံခုံရုံးများသည် အရှင်ထိုက်စန့်လောင်ကျွင်း၏ ကာကွယ်မှုအောက်တွင် တည်ရှိနေခြင်းပင်။ သူသည်လည်း ရန်ကျောင်း‌တော်မှ တပည့်တစ်ဦးဖြစ်သဖြင့် ကျောက်စိမ်းဧကရာဇ်အတွက် အကြံဉာဏ်များပေးခဲ့ခြင်းသည် အကျိုးအကြောင်းသင့်လေသည်။

ထို့ပြင် ထိုမှရနိုင်မည့် အကျိုးကျေးဇူးများစွာ ရှိ၏။

“ အစ်ကိုကြီး... ”

လင်းအယ်သည် ရုတ်တရက် လေသံတိုးတိုးဖြင့် မေးလိုက်၏။

“ ဘာဖြစ်လို့လဲ။ အစ်ကိုကြီး တစ်ကိုယ်လုံး ချွေးတွေရွှဲနေတာပဲ ”

လီချန်ရှို့သည် လက်ခုံဖြင့် နဖူးမှ ချွေးများကို သုတ်လိုက်၏။ ထိုအခါမှသာ သူဇောချွေးများပြန်နေကြောင်းကို သိရှိသွားလေတော့သည်။

သူပြုံး၍ ပြောလိုက်၏။

“ အစ်ကို့ ကျင့်ကြံနေတုန်း အခက်အခဲကြုံခဲ့ရလို့ပါ။ ဘာမှ မဖြစ်ပါဘူး။ စိတ်မပူပါနဲ့... ”

လင်းအယ် မျက်တောင်ခတ်လိုက်၏။ သူမ၏ မျက်ဝန်းထဲတွင် စိုးရိမ်မှုများနှင့် ပြည့်နှက်နေ၏။ သို့တစေ သူမသည် စည်းကမ်းသုံးချက်ကို အမှတ်ရသေးသည် ဖြစ်၍ မည်သည့်စကားမှ ထပ်မပြောလိုက်တော့ချေ။ လီချန်ရှို့သည် သူ့နဖူးပေါ်ရှိ ဇောချွေးများကို တည်တည်ငြိမ်ငြိမ်ပင် သုတ်လိုက်၏။ သူ၏ စိတ်ထဲတွင်မူ အနာဂတ်၌ ဆက်၍ ပြုလုပ်ရမည့် ကိစ္စများကို တွေးတောနေလေသည်။

သူသည် အတွေးထဲတွင် နစ်မြောနေ၏။

ကောင်ကင်ဘုံသည် ကြီးကျယ်ခမ်းနားသော်လည်း အရှင်ထိုက်စန့်လောင်ကျွင်းသည် ပို၍ တန်ခိုးအစွမ်းကြီးမား၏။

သူသည် ငယ်ရွယ်သော ကျောက်စိမ်းဧကရာဇ်ကို အရူးလုပ်နိုင်ခဲ့ဟန်တူသည်။

***

All Chapters