← Chapters

ပါရမီရှင် လန်လင်းအယ်

Vol. 9 Ch. 124

ပါရမီရှင် လန်လင်းအယ်

Vol. 9 Ch. 124

“ အာ... ငါမင်းကို မတွေ့တာ တစ်ညပဲ ရှိပါသေးတယ်..မင်းဘာလို့ ဒီလောက်ထိ ဖြူဖပ်ဖြူရော် ဖြစ်နေရတာလဲ။ မင်း မကောင်းတာတစ်ခုခုလုပ်ပြီး ငါတို့ လင်းအယ်လေးကို အနိုင်ကျင့်ခဲ့တာလား ”

အရုဏ်တက်ချိန်တွင် ဂိုဏ်းတွင်းပြိုင်ပွဲ၏ ဒုတိယအဆင့် ပြိုင်ပွဲများကို စတင်တော့မည်ဖြစ်သည်။

ကျိုးကျိုးသည် ဆူးချွန်တင်းပုတ်ကြီးကို ထမ်းကာ ပြန်လာသည်။ သူမသည် လီချန်ရှို့၏ အနည်းငယ်ချောင်ကျနေသော မျက်နှာကို တွေ့သောအခါ ရွဲ့တဲ့တဲ့မေးလိုက်ခြင်းပင်။

“ ကျွန်တော် နည်းနည်းစိတ်ဖိစီးနေလို့ပါ။ ဒုတိယအဆင့်ပြိုင်ပွဲတွေ မကြာခင် စတော့မှာ မလား ”

လီချန်ရှို့သည် ပြုံး၍ ပြန်ဖြေလိုက်သော်လည်း စိတ်ထဲတွင် သက်ပြင်းချလိုက်၏။

‘ ငါ့အတွက်လည်း မလွယ်ပါဘူး... ငါ၊ ဆရာနဲ့၊ ညီမလေးတို့ နတ်ဘုရားဘွဲ့စစ်ပွဲကြီးကို ရှောင်ရှားနိုင်ဖို့ ကောင်းကင်ဘုံခုံရုံးမှာ တာဝန်ထမ်းနေမှ ရမယ်။ ငါ မနေ့က အခွင့်အရေးကို အသုံးချပြီး စက္ကူကိုယ်ပွားကို သုံးပြီး ကျောက်စိမ်းဧကရာဇ်နဲ့ မိတ်ဆွေဖွဲ့ခဲ့ရတယ်။ ပြီးတော့ ငါ ပေးလိုက်တဲ့အကြံက ရန်ကျောင်းတော်နဲ့ တာအိုဂိုဏ်းတွေကို ထိခိုက်စေမလားဆိုပြီး တွက်ချက်နိမိတ်ဖတ်ကြည့်ရသေးတယ်။ ငါ ကျောင်းတော်သုံးကျောင်းရဲ့ တန်ခိုးရှင်တွေကို မကျေမနပ်ဖြစ်အောင်တော့ မလုပ်မိလောက်ပါဘူး‌နော်... ’

လွန်ခဲ့သော တစ်နာရီက လီချန်ရှို့သည် မိမိကိုယ်ကို ဖျောင်းဖျခဲ့၏။

‘ မပူပါနဲ့... ဘာဆက်ဖြစ်မလဲ ကြည့်ကြသေးတာပေါ့ ’

ထို့ကြောင့် သူသည် အတန်ငယ် ပင်ပန်းနွမ်းနယ်နေခြင်းပင်။

တုနတ်ဝိဇ္ဇာဂိုဏ်းမှ ကောင်းကင်နတ်မင်းများနှင့် အာကာသနတ်မင်းများသည် ကောင်းကင်ဘုံခုံရုံးနှင့် လျှို့ဝှက်အဆက်အသွယ်ပြုခဲ့သည်ကို သိကြမည် မဟုတ်ပေ။

လီချန်ရှို့သည် သူကိုယ်တိုင် လက်ဦးမှုယူ၍ ကြံစည်ခဲ့လျှင် သူ့ထံတွင် ကမ္မနှောင်ကြိုးများ ရစ်နွယ်လာမည်ကို သိရှိပြီးဖြစ်သည်။ သို့သော် ကိုယ်တိုင် လက်ဦးမှုယူ၍ မပြုလုပ်လျှင်လည်း မည်သည့်အခါမှ ဖြစ်မလာနိုင်သည့် ကိစ္စများလည်း ရှိနေပေသေးသည်။ ဥပမာအားဖြင့် မိမိ၏ဇနီးသည် အခြားသူတစ်ဦး၏ ကိုယ်ဝန်ကိုလွယ်ထားရကြောင်းကို သိသိရက်နှင့် နွားကျခံရခြင်းမျိုးပင်။ ထိုမှသာ ပျော်ရွှင်ဖွယ် အဆုံးသတ်ပေမည်။

ဒေါင်..ဒေါင်..ဒေါင်..ဒေါင်

ခေါင်းလောင်းသံ ထွက်ပေါ်လာ၏။ ကျောက်စိမ်းစင်မြင့်ကြီးသည် ပင်မခန်းမဆောင်အတွင်းမှ ထပ်၍ ထွက်လာလေသည်။ ယနေ့တွင် ဧည့်သည်များ ပိုများ၏။

လီချန်ရှို့သည် လေလှိုင်းအသံဖမ်းအတတ်ကို ဆက်သုံးနေလိုက်ပြီး တပည့်များ အဆင့်(၃၆၀)အတွင်းဝင်သော တပည့်များ ဆက်၍ယှဉ်ပြိုင်ရမည့် ဂိုဏ်းတွင်းပြိုင်ပွဲ ဒုတိယအဆင့်စတင်မည်ကို စောင့်ဆိုင်းနေလိုက်သည်။

ထိုအခိုက်တွင် လီချန်ရှို့နှင့် လင်းအယ်တို့လက်ထဲရှိ ကျောက်စိမ်းပြားပေါ်မှ နံပါတ်စဉ်များသည် မပြောင်းလဲသေးပေ။ သို့သော် အကွက်(၁၂)ကွက်တွင် အနိုင်ရသဖြင့် လင်းနေသော အလင်းများသည် ပျောက်ကွယ်သွားပြီဖြစ်ပြီး မူလအတိုင်း အကွက်လွတ်များ ပြန်ဖြစ်သွားပြီဖြစ်သည်။

လီချန်ရှို့သည် သူဆက်ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲများအတွက် စိုးရိမ်မှုမရှိပေ။

သို့သော် ယှဉ်ပြိုင်မည့် တပည့်အယောက်(၃၆၀)အတွင်းမှ တပည့်(၂၅၂)ယောက် အထုတ်ခံရမည်ဖြစ်သဖြင့် လင်းအယ်သည် အတန်ငယ် စိတ်ဖိစီးနေ၏။

သူမ၏ ပါရမီသည် ကောင်းမွန်သည့်အပြင် သူမ၏ အစ်ကိုကြီးထံမှလည်း အကူအညီများရရှိထားသေး၏။ ထို့ပြင် သူမကိုယ်သူမ ကာကွယ်ရန်အတွက် နတ်ရတနာအချို့လည်း ရှိ၏။ သို့သော် သူမ၏ ကျင့်ကြံခြင်းအဆင့်သည် နိမ့်နေပေသေးသည်။

လီချန်ရှို့သည် သူမကို နိုင်သည်၊ ရှုံးသည်ကို စိတ်မပူရန် ပြောထားသော်လည်း သူသည် သူမအတွက် ပန်းတိုင်အသေးလေးတစ်ခု သတ်မှတ်ပေးထား၏။ လင်းအယ်သည် ထိုရည်မှန်းချက်ပန်းတိုင်ကို ရအောင်ယူရန် အလိုရှိနေ၏။

ပြိုင်ပွဲမစတင်မီ လင်းအယ်သည် ချီတုံချတုံ ဖြစ်နေ၏။ ဆရာဒေါ်လေးတစ်ယောက် ဆူးချွန်တင်းပုတ်ကြီးကို ထမ်း၍ ဂိုဏ်းအတွင်း လှည့်လည်စစ်ဆေးရန် သွားနေစဉ် လင်းအယ်သည် သူမ၏ အစ်ကိုကြီးကို တီးတိုးပြောလိုက်၏။

“ အစ်ကိုကြီး... ညီမလေး ဉာဏ်အလင်းပွင့်ပြီး အဆင့်တက်လိုက်လို့ ရလား... ”

သူမဆိုလိုသည်မှာ ဉာဏ်အလင်းပွင့်မှုကို အကြောင်းပြ၍ သူမ၏ ကျင့်ကြံခြင်းအဆင့် အစစ်အမှန်ကို ထုတ်ပြ၍ ရမည်လော ဟူ၍ ဖြစ်သည်။

ဉာဏ်အလင်းပွင့်မှုဆိုသည်မှာ မတော်တဆရရှိသွားတတ်သော အရာဖြစ်သည်။

ဉာဏ်အလင်းပွင့်မှုသည် မည်သည့်ကိစ္စ လုပ်ကိုင်နေချိန်၌မဆို ရုတ်တရက်ပွင့်သွားတတ်သည်ဖြစ်ရာ မည်သည်ကြောင့် ဉာဏ်အလင်းပွင့်နိုင်သည်ဟု တိတိကျကျ သတ်မှတ်ထားခြင်းမရှိပေ။

လင်းအယ်သည် ဂိုဏ်းကိုစတင်ဝင်ရောက်လာသည့်အချိန်မှစ၍ ယနေ့အထိ ဉာဏ်အလင်းပွင့်မှု သုံးကြိမ်သာ ကြုံဖူးသေး၏။ ထိုဉာဏ်အလင်းပွင့်မှုများသည်လည်း လီချန်ရှို့၏ လမ်းညွှန်ပြသမှုကြောင့်သာ ဖြစ်လေသည်။

လီချန်ရှို့ ခေတ္တမျှ တွေးတောနေပြီးနောက် ပြန်ဖြေလိုက်၏။

“ ဒါပေမဲ့ ညီလေး အသေးစိတ်အချက်လေးတွေကို သတိပြုရမယ်နော်။ ညီမလေး အဲဒီလိုလုပ်ချင်တယ်ဆိုရင် သေသေချာချာ‌တော့ လုပ်ပေါ့ ”

လင်းအယ်သည် အလေးအနက် ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ ဉာဏ်အလင်းပွင့်မှုအတွက် အသေးစိတ်အချက်များကို စတင်တွေးတောလိုက်သည်။

ထို့နောက် သူမသည် မျက်လုံးများမှိတ်၍ အာရုံစိုက်လိုက်သည်။ သူမသည် ဉာဏ်အလင်းပွင့် တာအိုလောကအတွင်းသို့ ရောက်သွားဟန်ဆောင်လိုက်ပြီး ချီငြိမ်မန္တရား ဒုတိယအဆင့်ကို သုံး၍ မတည်မငြိမ်ဖြစ်နေသော ကိုယ်ရောင်ကိုယ်ဝါကို ဖန်တီးလိုက်သည်။

ကောင်းကင်ပေါ်တွင် လက်ထောက်ဂိုဏ်းချုပ်သည် မိန့်ခွန်းပြောနေ၏။

သူသည် ပြိုင်ပွဲမှ အထုတ်ခံရပြီးဖြစ်သော တပည့်များကို အားပေးစကားပြောနေပြီး ဆက်၍ ယှဉ်ပြိုင်ရမည့် တပည့်များကို အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်ရန်ပြောနေ၏။ သူတို့ကို အရှုံးအနိုင်ကို အာရုံမစိုက်ဘဲ အကောင်းဆုံး ကြိုးစား၍ ဂုဏ်သိက္ခာတက်အောင် ယှဉ်ပြိုင်ရန် ပြောနေပေသည်။ ဂိုဏ်းမှချီးမြှင့်မည့် ဆုလာဘ်များကို ပြင်ဆင်ပြီးပြီဖြစ်သည်။

လက်ထောက်ဂိုဏ်းချုပ် မိန့်ခွန်းပြောပြီးသွားသည့်​နောက်တွင် တုနတ်ဝိဇ္ဇာဂိုဏ်း၏ မဟာသခင်ကောအကြီးအကဲသည် ရှေ့သို့ထွက်လာပြီး ဒုတိယအဆင့်ပြိုင်ပွဲများ စတင်ပြီဖြစ်ကြောင်း ကြေညာလိုက်လေသည်။ ရုတ်ခြည်းပင် တပည့်နှစ်ဦး၏ လက်ထဲမှ ကျောက်စိမ်းပြားများသည် အလင်းရောင်ထွက်ပေါ်လာကြ၏။

လီချန်ရှို့ ခေတ္တမျှ တွေးတောလိုက်၏။

‘ မဲနှိုက်တယ်လို့ ပြောပေမယ့် တကယ်တော့ အကြီးအကဲတစ်ဦးက လျှို့ဝှက်ပြီး ပြိုင်ဘက်တွေကို တွဲပေးနေတာထင်တယ် ’

သူသည် လျှို့ဝှက်လေ့လာပြီးနောက် မကြာခင် တစ်စုံတစ်ခု မူမမှန်ကြောင်း သိသွားလေ၏။

တပည့်များ၏ လက်အတွင်းမှ ကျောက်စိမ်းပြားများ အလင်းရောင် ထွက်လာတိုင်း မဟာအကြီးအကဲနှစ်ဦး၏ လက်ချောင်းများသည် အတန်ငယ် လှုပ်ရှားသွားလေသည်။

လီချန်ရှို့၏ နှုတ်ခမ်းစွန်းနှစ်ခု အတန်ငယ် တွန့်သွား၏။ ထိုကျောက်စိမ်းပြားများသည် ဆက်စပ်နေသော ဓမ္မရတနာအစုအဖွဲ့ကြီးတစ်ခုဟု သူထင်ခဲ့သည်။ သူထင်ခဲ့သလိုပင် အဆင့်မြင့်ဓမ္မရတနာများဟု ထင်ရသော ပစ္စည်းများ၏ နောက်ကွယ်တွင် အလွန်ရိုးရှင်းသော နိယာမများ ရှိနေနိုင်လေသည်။

လီချန်ရှို့သည် ယနေ့တွင် စောစော ယှဉ်ပြိုင်ရ၏။ သူ၏ ပွဲနှင့် သူ့ညီမလေးတို့၏ပွဲ အကြားတွင် (၁၆)ပွဲသာ ခြား၏။

လီချန်ရှို့၏ တိုက်ပွဲသည် လွန်စွာချောမွေ့၏။ နှစ်ဖက်စလုံးသည် အတွေ့အကြုံကောင်းများရှိ၏။ ထိုပြိုင်ဘက် ဂိုဏ်းတူအစ်မ တွေးနေခဲ့သော ချုံတောင်လေး၏ ဆူးချွန်တင်းပုတ်ကြီးသည် ပေါ်ထွက်မလာခဲ့ပေ။

လီချန်ရှို့သည် အဆောင်မန္တန်အစီအရင်ကို သုံး၍သာ အနိုင်ယူခဲ့သည်။ တိုက်ပွဲအတွင်းမှာလည်း သူသည် ပြိုင်ဘက်၏ တိုက်ခိုက်မှုများကို ရှောင်ရှားရန်သာ မြေကိုယ်ယောင်ဖျောက်အတတ်ကို အသုံးပြုခဲ့ပြီး ရှောင်ပြီးသည်နှင့် မြေကြီးအတွင်းမှ ပြန်ထွက်လာခဲ့သည်ချည်းသာ ဖြစ်သည်။

လီချန်ရှို့သည် မြေကိုယ်ယောင်ဖျောက်အတတ်ကိုသုံး၍ သူမ၏ ဂါဝန်အောက်ကို မြေကြီးအတွင်းမှ ကြည့်ခြင်းကဲ့သို့သော သိက္ခာမဲ့သည့် ကိစ္စမျိုးကို လုပ်မည် မဟုတ်ပေ။

လီချန်ရှို့သည် အနိုင်ယူပြီးနောက် သူ၏နေရာဆီသို့ တိမ်စီး၍ သွားနေချိန်တွင် လင်းအယ်တစ်ယောက် မျက်လုံးမှိတ်၍ အာရုံစိုက်နေသည်ကို တွေ့လိုက်ရ၏။

‘ ညီမလေးရဲ့ သရုပ်ဆောင်စွမ်းရည်က ဒီတလောအတွင်း တော်တော်တိုးတက်လာတာပဲ ’

လီချန်ရှို့ ကျေနပ်သွား၏။ သူမသည် ထိုသို့ဟန်ဆောင်မည်ကို သူ့အား ကြို၍ပြောမထားခဲ့လျှင် သူပင် သူမ၏ သရုပ်ဆောင်စွမ်းရည်ကြောင့် အမှန်ပင် ဉာဏ်အလင်းပွင့်နေသည်ဟု ထင်မိသွားမည်ဖြစ်သည်။

လီချန်ရှို့သည် ထိုကိစ္စကို ဆက်၍ အာရုံစိုက်မနေတော့ပေ။ သူ တရားထိုင်ဖျာလေးပေါ်တွင် ထိုင်လိုက်ပြီး သူ့နောက်ကျောရှိ နေရာလွတ်သို့ တိတ်တဆိတ် ဖျာကိုတွန့်ဆုတ်၍ တိုးလိုက်၏။

‘ ညီမလေးက တကယ်ကို အရွယ်ရောက်လာပြီပဲ... ’

ပြိုင်ပွဲများကို ဆက်၍ ကျင်းပနေ၏။ ဒုတိယအဆင့်တွင် တပည့်(၃၆၀)သည် ကိုးပွဲယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် အဆင့်ခွဲရန် ပို၍ လွယ်ကူသွား၏။

ခေတ္တကြာသောအခါ လင်းအယ်၏ ဝတ်စုံပေါ်ရှိ ကျောက်စိမ်းပြားလေးသည် အတန်ငယ်လှုပ်သွားပြီး အလင်းရောင် တောက်လာတော့၏။

လင်းအယ်သည် ထိုအခြင်းအရာကို လုံးဝ သတိမပြုမိပေ။ တာအိုသင်္ကေတများသည် သူမ၏ ခန္ဓာကိုယ်ကို လှည့်ပတ်နေ၏။ သူမသည် သူမ၏လက်နှစ်ဖက်ကို သစ်ခွပန်းပုံစံ မုဒြာဟန်ပြုလုပ်၍ ဒူးနှစ်ဖက်ပေါ်သို့ တင်ထား၏။ သူမ၏ လှပသော မျက်နှာလေးသည် ပို၍ ဝင်းမွတ်တောက်ပလာလေသည်။

လီချန်ရှို့သည် ထိုအခြင်းအရာကို မြင်သောအခါ စိတ်ထဲတွင် ကြိတ်၍ ရယ်လိုက်သည်။

‘ ညီမလေး သရုပ်ဆောင်တာက နည်းနည်းပိုနေပြီ... ’

ထို့နောက် လီချန်ရှို့ မျက်မှောင်ကြုတ်သွားပြီး တစ်စုံတစ်ခု လွဲနေပြီဖြစ်ကြောင်း သိလိုက်၏။ သူသည် ရုတ်ခြည်းပင် လင်းအယ်၏ ပတ်ပတ်လည်တွင် အလွှာလေးတစ်ခုကို ဖန်ဆင်းလိုက်၏။

သို့သော် သူမည်သို့မှ ဆက်မလုပ်နိုင်ခင်မှာပင် ကျောက်စိမ်းပြားလေးလှုပ်ခါလာသော အသံကို ရုတ်တရက်ကြားလိုက်ရလေသည်။

“ ဟမ်... ”

လင်းအယ်၏ မျက်လုံးများသည် ဖြည်းဖြည်းချင်းပွင့်လာ၏။ သူမ၏ မျက်ဝန်းများသည် တိမ်ကင်းစင်နေသော ကြယ်စုံကောင်းကင်ကြီးကဲ့သို့ သို့တည်းမဟုတ် လပြည့်ဝန်းကြီးကဲ့သို့ ကြည်လင်ကာ ဟင်းလင်းပြင်ကြီးတစ်ခုကဲ့သို့ ရှိနေ၏။

သို့သော် ထိုဟင်းလင်းပြင်ကြီးထဲတွင် ရှုပ်ထွေးမှု အချို့လည်း ရှိနေလေသည်။

လီချန်ရှို့တစ်ယောက် စိတ်အေးသွားဟန် သက်ပြင်းချလိုက်၏။

လင်းအယ်သည် အမှန်ပင် ဉာဏ်အလင်းပွင့်သွားခြင်းပင်။ သူမသည် အရေးကြီးနေသော အချိန်တွင် အနှောင့်အယှက်ပေးခြင်းခံလိုက်ရ၏။ သူမ ရူးနှမ်းမသွားသဖြင့် တော်ပေသေးသည်။

သို့သော် ထိုနေရာကဲ့သို့ ဆူညံနေသော နေရာတွင် ဉာဏ်အလင်းပွင့်ခြင်းသည် လုံခြုံမှုမရှိပေ။

သူသည် တာဝန်ရှိသူတစ်ဦး အော်ပြောလိုက်သံကို ကြားလိုက်ရ၏။

“ ရှင်း-၁၂၁... ရှင်း-၁၂၁... မင်း ပြိုင်ပွဲကွင်းထဲ ဝင်လာရမယ့် အချိန်ရောက်ပြီ ”

“ ဟုတ်ကဲ့ပါ ”

လင်းအယ် လျင်မြန်စွာ ပြန်ဖြေလိုက်ပြီး ကျောက်စိမ်းပြားလေးကို ကိုင်ကာ မတ်တတ်ထရပ်လိုက်သည်။

သို့သော် သူမ မတ်တတ်ထရပ်လိုက်စဉ် သူမ၏ ခန္ဓာကိုယ်ပတ်လည်ရှိ ကိုယ်ရောင်ကိုယ်ဝါများသည် ဒီရေလှိုင်းများသဖွယ် ထိုးထွက်သွား၏။ သူမသည် အဆင့်တက်သွားပြီဖြစ်သဖြင့် ဆန်းကြယ်သော တာအိုသင်္ကတများသည်လည်း သူမကို လှည့်ပတ်နေ၏။

အမျိုးမျိုးသော နတ်အာရုံများနှင့် စိတ်အာရုံများသည် ကျောက်စိမ်းစင်မြင့်ထက်မှ ရုတ်ခြည်း ဆင်းသက်လာကြ၏။

လင်းအယ်သည် မျက်နှာလေး ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး ပြဿနာကို သဘောပေါက်သွား၏။

သူမ၏ ဉာဏ်အလင်းပွင့်သွားမှုကြောင့် ချီငြိမ်မန္တရားသည် ခေတ္တမျှ အကျိုးသက်ရောက်မှု မရှိဖြစ်သွားခြင်းပင်။ ထို့ကြောင့် သူမ၏ ကျင့်ကြံခြင်းအဆင့်အစစ်အမှန်ဖြစ်သော ဗလာနတ္ထိအဆင့်သည် ပေါ်သွားပေပြီ။

‘ ငါ... ငါ ဘာလုပ်ရမလဲ ’

လင်းအယ်သည် ဖြူဖွေးကြော့ရှင်းသော လည်တိုင်လေးသည် အတန်ငယ် တောင့်တင်းသွား၏။ သူမသည် မဝံ့မရဲဖြင့် နောက်သို့လှည့်ကာ သူမ၏ အစ်ကိုကြီးကို ကြည့်လိုက်၏။ သူမ၏ အစ်ကိုကြီးသည် သူမကို အထင်ကြီးမှုများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရ၏။

သူ၏မျက်နှာထားသည် သူမ၏ ဘေးပတ်ဝန်းကျင်မှ လူများ၏ မျက်နှာထားနှင့် တစ်ပုံစံတည်းပင်။

‘ ဒါက... ’

‘ ငါတော့သွားပြီ... ’

ထိုအခိုက်တွင် လင်းအယ်သည် အလွန်အမင်း စိတ်လှုပ်ရှားနေသည်ဖြစ်ရာ ငိုတော့မလိုပင် ဖြစ်သွားလေသည်။

‘ ဘာလို့ ဒီလောက်ကံဆိုးတဲ့ ကိစ္စတွေ ငါ့မှာ လာဖြစ်ရတာလဲ ‘

“ ညီမလေး... ဘာလို့ ရုတ်တရက်ကြီး အဆင့်တွေ အများကြီး တက်သွားရတာလဲ ”

လီချန်ရှို့သည် အံ့ဩတကြီး မေးလိုက်၏။ ဘေးမှ ဂိုဏ်းတူအစ်ကိုများ၊ ဂိုဏ်းတူအစ်မများသည်လည်း အံ့အားသင့်နေကြသည်။

“ တစ်ခါတည်းနဲ့ ခြောက်ဆင့်တောင် တက်သွားတာလား ”

“ ဒါကဘယ်လိုတောင် ပါရမီကောင်းတာလဲ။ နောက်ထပ် တာအိုကျင့်ကြံခြင်း ပါရမီရှင်တစ်ယောက် ထပ်ပေါ်လာတော့မှာလား... ”

“ သူ့ရဲ့ ပါရမီကတော့ ပြိုင်ဘက်ကင်းပဲ ”

လင်းအယ်သည် ကိုယ့်နဖူးကိုယ် လက်တစ်ဖက်ဖြင့် ထိန်းကိုင်ထားရ၏။ တာဝန်ရှိသူနှစ်ဦးသည်လည်း သူမကို ဆက်၍ မလောတော့ပေ။ သူတို့သည် သူမကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြ၏။

ထိုအခိုက်တွင် လီချန်ရှို့သည် သူမထံသို့ အသံပို့လွှတ်လိုက်၏။

“ မျက်နှာကြီးက မဲ့မနေနဲ့လေ။ ညီမရဲ့ အခုမျက်နှာထားက အပြင်ပိုင်းက တည်ငြိမ်နေပေမယ့် စိတ်ထဲမှာ ဝမ်းသာနေတဲ့ ပုံစံမျိုးဖြစ်ရမှာလေ။ ဒါပေမဲ့ ညီမလေးဝမ်းသာနေတာ ဘယ်သူ့ကိုမှ မသိစေချင်တဲ့ မျက်နှာထားမျိုးပေါ့။ မပူပါနဲ့... အစ်ကိုက သဘောထားကြီးပါတယ်... ”

“ ဒီပွဲပြီးသွားရင် ညီမလေး စိတ်ငြိမ်သုတ္တန်ကို အကြိမ်(၃၆၀၀)ပဲ ကူးရမှာပါ ”

လင်းအယ်၏ နှုတ်ခမ်းများ အကြိမ်အနည်းငယ် တွန့်သွား၏။ သို့သော် သူမ၏ ရင်ထဲမှ အလုံးကြီးတစ်ခု ကျသွားပေပြီ။

‘ အစ်ကိုကြီးက ငါ့ကို လျစ်လျူမရှုလို့ တော်သေးတာပေါ့... ’

သူမသည် ရုတ်ခြည်း မျက်နှာထားကို ပြင်လိုက်ပြီး လက်ထဲတွင် ကျောက်စိမ်းပြားကို ဆုပ်ကိုင်လိုက်သည်။ ပတ်ဝန်းကျင်ရှိ လူများ၏ အကြည့်အောက်တွင် သူမသည် တိမ်စီးကာ အရှေ့သို့ ထွက်သွား၏။ သူမ၏ ကိုယ်ရောင်ကိုယ်ဝါသည် တည်ငြိမ်မှု မရှိသေးပေ။

ထိုအရာသည် ဟန်ဆောင်ထားခြင်းမဟုတ်ပေ။ သူမ၏ ကိုယ်ရောင်ကိုယ်ဝါသည် အမှန်တကယ် မတည်မငြိမ်ဖြစ်နေခြင်းပင်။

ထို့ကြောင့် ကံအဆိုးဆုံးလူသည် ယခုပွဲမှ လင်းအယ်၏ ပြိုင်ဘက်ပင် ဖြစ်ပေလိမ့်မည်။ သူသည် ဗလာနတ္ထိ တတိယအဆင့်ရှိနေသော အမျိုးသားတပည့်တစ်ဦးပင်။

လင်းအယ်သည် သူမ တမင်လုပ်ခဲ့ခြင်းမဟုတ်ကြောင်း သူမ၏ အစ်ကိုကြီးကို ရှင်းပြလိုနေ၏။

သူမသည် သူမ၏ နတ်ရတနာများရှိ အစွမ်းအကုန်လုံးကို ထုတ်လိုက်ပြီး ပြိုင်ဘက်ကို လွင့်ပျံသွားအောင် လုပ်လိုက်၏။

ထို့နောက် သူမသည် ဦးညွှတ်လိုက်ပြီး ပြိုင်ပွဲကွင်းအတွင်းမှ ကြော့မော့စွာ ထွက်သွားလိုက်လေသည်။

ကြည့်နေသော လူများ၏ အကြည့်များသည် ခံစားချက်များ၊ လေးစားမှုများနှင့် ပြည့်နှက်နေ၏။ သို့သော် လင်းအယ် နောက်လှည့်လိုက်ရာ သူမ၏ တရားထိုင်ဖျာလေးသည် သူမ၏အစ်ကိုကြီးနှင့် (၁၀)ကျန့်ကျော် အကွာတွင် ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရလေသည်။

လီချန်ရှို့သည် သူမ၏ နားအတွင်းသို့ အသံပို့လွှတ်လိုက်၏။

“ စည်ကမ်းတွေကို မှတ်ထား။ နောက်တစ်ခါကျရင် ဂရုတစိုက်လုပ်။ မဟုတ်ရင် ချုံတောင်လေးပေါ်မှာ ညီမလေးအတွက် သုတ္တန်ထွင်းစရာ ကျောက်ပြားတွေ မလောက်တော့တဲ့အထိ ဖြစ်သွားလိမ့်မယ်... ”

“ ဟုတ်ကဲ့ပါ... ”

လင်းအယ်သည် လီချန်ရှို့ကို မကျေမနပ်ဟန်ဖြင့် ကြည့်လိုက်၏။

ထို့နောက် သူမသည် သူမ၏ တရားထိုင်ဖျာလေးပေါ်တွင် ထိုင်လိုက်ပြီး စိတ်အလိုမကျဖြစ်နေ၏။

အစ်ကိုကြီး၏ မျက်နှာသာပေးမှုကို ခံရရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့မှုများသည် ဉာဏ်အလင်းပွင့်မှုတစ်ခုကြောင့် ပျက်ဆီးခဲ့ရပြီဖြစ်သည်။

‘ ငါ ခုနတုန်းက ဘာလို့ ဉာဏ်အလင်းပွင့်သွား ရတာလဲ... ’

ဂိုဏ်းတူအစ်မယန်အာနှင့် သူမ၏ ဂိုဏ်းတူမောင်လေး ကျိကျိတို့၏ ပြဿနာဖြစ်သွားပြီးနောက် လင်းအယ်သည် သူမအစ်ကိုကြီး၏ မျက်နှာသာပေးမှုကို ပြန်ခံရရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရ၏။ သို့သော် ဂိုဏ်းတွင်းပြိုင်ပွဲတွင် အရာအားလုံး ပျက်သုဉ်းခဲ့ရပေပြီ။

‘ ကောင်းကင်ရဲ့ တရားမျှတမှုဆိုတာ ဘယ်မှာလဲ ’

‘ တော်တော် မတရားတာပဲ... ’

ထိုအခိုက်တွင် ကျိုးကျိုးသည် သွေးများတစက်စက် ကျနေသော ဆူးချွန်တင်းပုတ်ကြီးနှင့် ခပ်သုတ်သုတ် ပြန်လာ၏။

သူမ ပြောလိုက်သည်။

“ လင်းအယ်လေး... မင်းက ဘာလို့ တစ်ခါတည်းနဲ့ အဆင့်အများကြီး တက်သွားရတာလဲ ”

ဘေးတွင် ထိုင်နေသော လီချန်ရှို့သည်လည်း တိတ်တဆိတ် အံ့အားသင့်နေ၏။

ဆရာဒေါ်လေးသည် အမြဲ လင်းအယ်နှင့် တစ်နေကုန် အချိန်ဖြုန်းနေခဲ့သော်လည်း လင်းအယ်တစ်ယောက် ကျင့်ကြံခြင်းအဆင့် အစစ်အမှန်ကို ဖုံးကွယ်ထားကြောင်းကို သတိမထားမိခဲ့ပေ။

“ ဆရာဒေါ်လေး... ဆက်မပြောပါနဲ့တော့။ လင်းအယ် အခု တော်တော်လေး စိတ်ဖိစီးနေတယ် ”

“ အဆင့်တက်တာ ကောင်းတဲ့ကိစ္စမဟုတ်ဘူးလား... ”

“ လင်း..လင်းအယ်... ”

လင်းအယ်သည် မည်သို့ ပြန်ပြောရမည်မှန်း မသိဖြစ်သွားသည်။ သူမသည် ‌ဘေးသို့လှည့်၍ သူမ၏ ဆရာ‌ဒေါ်လေး ရင်ခွင်အတွင်းသို့ တိုးဝင်သွားပြီး သူမ၏ ရင်ထဲတွင် ခံစားနေရသော ဝမ်းနည်းမှုများကို အသံတိတ် ငိုကြွေး၍ ထုတ်ဖော်လိုက်၏။

“ လင်းအယ် ကိုယ်တွင်းမိစ္ဆာရသွားမှာ စိုးရိမ်နေလို့ပါ... ”

“ ဘာမှမဖြစ်ပါဘူး... မစိုးရိမ်ပါနဲ့။ ကိုယ်တွင်းမိစ္ဆာရမှာ စိုးရိမ်လေလေ ပိုပြီး ရလာနိုင်လေလေပဲ။ တစ်ခါတည်း အဆင့်အများကြီး တက်သွားတာ မင်းအတွက် စိုးရိမ်စရာဆိုပေမယ့် ဒါက ကောင်းကင်ရဲ့ ကောင်းချီးပေးတာကို ခံရတာပဲ။ ဘာမှမဖြစ်ပါဘူး... ”

ကျိုးကျိုးသည် ဟိုကြည့်သည်ကြည့်လုပ်၍ ခေတ္တရှာဖွေလိုက်၏။ နောက်ဆုံးတွင် သူမသည် ခပ်လှမ်းလှမ်းတွင် ရှိနေသော လီချန်ရှို့ကို တွေ့သွားပြီး သူ့ကို စူးစိုက်၍ ကြည့်လိုက်၏။

လီချန်ရှို့သည် မျက်စိမှိတ်၍ တရားထိုင်နေ၏။ သူသည် မည်သည့်အရာကိုမှ သတိမပြုမိဘဲ ပြဿနာများအကြားမဝင်မိရန် အကောင်းဆုံး ကြိုးစားနေ၏။

တချိန်တည်းမှာပင် လီချန်ရှို့သည် ချုံတောင်လေးအတွက် သတင်းဆိုးကို ကြားလိုက်ရလေသည်။

မဟာအကြီးအကဲတစ်ဦးသည် တပည့်တစ်ဦး လက်ခံရန် လုပ်နေ၏။ သူသည် လင်းအယ်ကို သူ၏ တပည့်အဖြစ် လက်ခံလိုနေ၏။

လီချန်ရှို့သည် လင်းအယ်ကို ကြည့်လိုက်ပြီးနောက် သူမကို မဟာအကြီးအကဲ၏ တပည့်အဖြစ်နေခိုင်း၍ ထိုအကြီးအကဲ၏ လက်အောက်တွင် ဆက်၍ ကျင့်ကြံစေခြင်းသည် ဆိုးဝါးသော ရွေးချယ်မှု မဟုတ်ကြောင်း သူတွေးလိုက်သည်။ သို့သော် သူသည် လင်းအယ်ကို ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ခဲ့သူဖြစ်သဖြင့် သူမနှင့် မခွဲခွာလိုပေ။

ထို့ပြင် သူမကို မဟာအကြီးအကဲ သင်ပေးနိုင်သမျှကို သူလည်း သင်ပေးနိုင်ပေသည်။ အကယ်၍ ထိုကိစ္စသည် သူ ကောင်းကင်ပြစ်ဒဏ်မခံရသေးခင် ဖြစ်ပွားခဲ့ပါက သေချာပေါက် သူ၏ ခံစားချက်ကို ချိုးနှိမ်၍ ထိုကိစ္စကို ဝင်တားမည် မဟုတ်ပေ။

သို့သော် ယခုတွင်မူ ...

‘ ညီမလေးက ငါ့အကြောင်းတွေကို တော်တော်လေး သိထားတယ်။ သူ့ကို ငါ့ရဲ့အနားမှာထားတာက အလုံခြုံဆုံးပဲ ’

လီချန်ရှို့ လျင်မြန်စွာ စိတ်ဆုံးဖြတ်လိုက်၏။

လင်းအယ်သာ စိတ်မပါလျှင် ဂိုဏ်းချုပ်ကိုယ်တိုင်ပင် သူမကို တပည့်ခံခိုင်း၍ ရမည်မဟုတ်ပေ။ ထိုကိစ္စသည် လျင်မြန်စွာပင် ဖြစ်ပျက်ခဲ့၏။

ဂိုဏ်းတွင်းပြိုင်ပွဲ (၁၄)ရက်မြောက်နေ့တွင် လေးပွဲမြောက် ပြီးဆုံးသွားခဲ့ပေပြီ။ အမျိုးသမီအတုမဲ့ဝိဇ္ဇာနှစ်ပါးသည် အဘွားအိုတစ်ဦးနှင့် အတူရောက်လာပြီး လင်းအယ်၏ဘေးတွင် ကာရံအလွှာလေးတစ်ခုကို ဖန်ဆင်းလိုက်၏။ သူတို့သည် နွေးနွေးထွေးထွေး စကားပြောနေကြ၏။

လီချန်ရှို့ မျက်မှောင်ကြုတ်သွားသည်။ သူသည် သူ၏ တရားထိုင်ဖျာလေးကို ကိုင်၍ အနီးသို့ ပြန်သွားလိုက်၏။ သူ၏ နဂိုနေရာဖြစ်သော သူ့ညီမလေးနှင့် ကျန့်ဝက်အကွာတွင် ပြန်ထိုင်လိုက်သည်။

‘ ဟင်... ’

လင်းအယ်သည် ခေါင်းလှည့်၍ သူမ၏ အစ်ကိုကြီးကို ကြည့်လိုက်၏။ သူမသည် မျက်တောင်ခတ်၍ နှုတ်ခမ်းစေ့လိုက်ပြီးနောက် အတန်ငယ် ပြုံးလိုက်၏။

မကြာခင် ကောင်းကင်နတ်မင်းအဆင့်ရှိသော အဘွားအိုသည် လင်းအယ်ကို လက်ကိုင်ပဝါတစ်ခု အသွင်ရှိသည့် နတ်ရတနာတစ်ပါးကို ပေးလိုက်၏။

သို့သော် လင်းအယ်သည် ခေါင်းခါ၍ ငြင်းလိုက်လေသည်။ သူမက ထရပ်လိုက်ပြီး အဘွားအိုကို ဦးညွှတ်အရိုအသေပေးလိုက်၏။

လီချန်ရှို့သည် သူမတို့ ပြောနေသော အကြောင်းအရာများကို ကြားနိုင်၏။ သို့သော် သူ သိပ်နားမထောင်လိုက်ပေ။ သူသည် မျက်လုံးမှိတ်၍သာ အနားယူနေလိုက်၏။

တိုက်တိုက်ဆိုင်ဆိုင်ပင် သူယှဉ်ပြိုင်ရမည့် အလှည့်သို့ ရောက်လာ၏။ လီချန်ရှို့၏ မျက်နှာထားသည် ပုံမှန်အတိုင်းပင် ရှိနေ၏။ သူသည် ပြိုင်ပွဲကွင်းအတွင်းသို့ ဝင်သွားပြီး အလွယ်တကူပင် အနိုင်ယူလိုက်လေသည်။

သူ၏နေရာကို ပြန်ရောက်လာသောအခါ အဘွားအိုနှင့် အမျိုးသမီးအတုမဲ့ နတ်ဝိဇ္ဇာနှစ်ပါး မရှိတော့ပေ။ လင်းအယ်တစ်ယောက် ထိုင်၍ သူ့အား ပြုံးကြည့်နေသည်ကိုသာ တွေ့လိုက်ရ၏။

“ အစ်ကိုကြီး... ”

လီချန်ရှို့ မည်သည့်စကားမှ ပြန်မပြောလိုက်ဘဲ သူ၏ တရားထိုင်ဖျာလေးပေါ်တွင် ထိုင်လိုက်သည်။

လင်းအယ် သူ့ကို လိုက်၍ ကြည့်နေ၏။ ထို့နောက် သူမသည် မျက်နှာထားပြောင်းမသွားဘဲ သူ့အနားသို့ ဖြည်းဖြည်းချင်းကပ်လာလေသည်။

သူမသည် ရှေ့သို့ကြည့်၍ လေသံတိုးတိုးဖြင့် ပြောလိုက်၏။

“ အစ်ကိုကြိး... ခုနတုန်းက စိတ်လှုပ်ရှားသွားတာလား ”

လီချန်ရှို့က အသံပို့လွှတ်၍ ပြန်ပြောလိုက်သည်။

“ စည်းကမ်းသုံးချက်ကို မမေ့နဲ့လေ... ”

“ ညီမဘာသ ပြစ်ဒဏ်ထဲကို နောက်ထပ် အကြိမ်လေးရာ ပေါင်းထည့်လိုက်ပါမယ်။ အဲ့လိုဆို သုတ္တန်ကူးရမှာ အကြိမ်လေးထောင်လို့ ယူလိုက်မယ်နော်... အစ်ကိုကြီး ညီမလေးမေးတာကိုပဲ အရင်ဖြေပါဦး။ ခုနတုန်းက စိတ်လှုပ်ရှားသွားတယ်မလား ”

လီချန်ရှို့သည် အင်္ကျီလက်ကို ခါလိုက်ပြီး လက်ပိုက်ကာ အာရုံစိုက်လိုက်၏။

သူပြန်ပြောလိုက်သည်။

“ အကြိမ် လေးထောင့်ငါးဆယ်နော်။ အရင်တစ်ကြိမ်က အကြိမ်ငါးဆယ် အကြွေးကျန်သေးတယ်မလား ”

လင်းအယ် မျက်စောင်းထိုးလိုက်၏။ သူမသည် နှုတ်ခမ်းစေ့၍ ပျော်ပျော်ရွှင်ရွှင် ပြုံးကာ မြူးကြွသော‌တေးသွားတစ်ခုကို ညည်းနေ၏။

မကြာမီ ကျိုးကျိုးရောက်လာပြီး လင်းအယ်အား မဟာအကြီးအကဲကို မည်သို့ငြင်းလိုက်သနည်းဟု မေးလိုက်၏။

“ ဟီးဟီး... လင်းအယ် သူတို့ကို လိမ်လိုက်တာပါ... ”

သူမ တီးတိုးပြောလိုက်သည်။

“ အဟမ်း... ”

ဘေးတွင် ထိုင်နေသော လီချန်ရှို့သည် အသက်ရှူပင်မှားသွားပြီး သူ့ဆရာ၏ နာမည်ကို ပြန်၍ သန့်စင်ပေးရန် လက်မြှောက်၍ ပြောမိမလိုပင်ဖြစ်သွားသည်။

ကျိုးကျိုး အလန့်တကြားမေးလိုက်၏။

“ တကယ်ကြီးလား... ”

“ ဟုတ်တယ်...တကယ်လိမ်လိုက်တာပါဆို... ”

လင်းအယ်သည် ကျိုးကျိုး၏ လက်ကိုကိုင်၍ ခပ်ဖွဖွ ရယ်လိုက်၏။

လင်းအယ် ပြုံး၍ ပြောလိုက်သည်။

“ ချုံတောင်လေးမှာက လူသိပ်မရှိတော့ အဲ့မှာနေရတာ ပိုပြီးသက်တောင့်သက်သာ ရှိတယ်။ ပြီးတော့ လင်းအယ် ဆရာ‌ဒေါ်လေးနဲ့ နေ့တိုင်းဆော့ကစားဖို့ နေရာတွေလည်း ရှိသေးတယ်။ လင်းအယ်တော့ တခြားတောင်တွေကို မသွားချင်ပါဘူး ”

ကျိုးကျိုးက ပြုံး၍ မျက်စောင်းထိုးလိုက်၏။ သူမသည် လင်းအယ်နှင့် လီချန်ရှို့တို့ ကြားထဲတွင်ထိုင်ကာ လင်းအယ်၏ လက်ကို ကိုင်ထား၏။

တကယ့် အဖြစ်မှန်မှာ...

မကြာသေးခင်က လန်လင်းအယ်သည် ကာရံအလွှာထဲတွင် ဦးညွှတ်၍ လေသံတိုးတိုးဖြင့် ပြောလိုက်၏။

“ လင်းအယ် အသက်အရှည်ကြီး မနေချင်ပါဘူး။ စည်းစိမ်ချမ်းသာတွေကိုလည်း မမက်မောပါဘူး။ လင်းအယ် အစ်ကိုကြီးရဲ့ ဘေးနားမှာပဲ နေချင်ပါတယ်။ တကယ်လို့ အဲဒါကို ဂိုဏ်းက ခွင့်မပြုဘူးဆိုရင် လင်းအယ် သေမျိုးလောကကိုပဲ ပြန်သွားပါတော့မယ်။ လင်းအယ် နောင်တရမှာ မဟုတ်ပါဘူးရှင့်... ”

တုနတ်ဝိဇ္ဇာဂိုဏ်းတွင် တာအိုလက်တွဲဖော်ထားသည့် အလေ့အထရှိနေခြင်းကို ကျေးဇူးတင်ရပေမည်။ မဟာအကြီးအကဲအဘွားအိုနှင့် အမျိုးသမီးအတုမဲ့နတ်ဝိဇ္ဇာနှစ်ပါးသည်လည်း ထိုကဲ့သို့ပင် ခံစားလိုက်ရ၏။ သူမတို့သည် လင်းအယ်၏ ခံစားချက်ကို နားလည်သဖြင့် သူမ အခက်အခဲဖြစ်အောင် ဆက်မလုပ်ကြတော့ပေ။

***

All Chapters