← Chapters

အခန်း ၂၂၁၇

Vol. 138 Ch. 2217

အခန်း ၂၂၁၇

Vol. 138 Ch. 2217

အခန်း (၂၂၁၇) လောကကြီး တစ်ခုလုံး အေးခဲသွားခြင်း

ထိုစစ်သည်မှာ မျက်လုံးများကို မှိတ်လိုက်ပြီး နာကျင်သော မျက်နှာအမူအရာဖြင့် နှင်းမုန်တိုင်းကြီး၏ရိုက်ခတ်မှုကို လက်ခံရန် ပြင်ဆင်လိုက်သည့် အချိန်လေး အတွင်းမှာပင်၊ နောက်တစ်ခဏတွင် ဝုန်းခနဲ မြည်ဟည်းသံကြီး တစ်ခုမှာ ကောင်းကင်ယံ အနက်ပိုင်းမှနေ၍ ထွက်ပေါ်လာခဲ့ရာ၊ ဧရာမ လက်ဝါးကြီး တစ်ဖက်က ပုံသဏ္ဌာန်မဲ့သော အကာအကွယ် အမိုးအကာ တစ်ခုကို ပြင်းထန်စွာ ရိုက်ချလိုက်သည့်အလား ဖြစ်နေတော့သည်။

ထိုစစ်သည်၏ အံ့ဩမှင်တက်နေသော အကြည့်များအောက်တွင်၊ အလွန်အမင်း လေးလံလှပြီး ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းလျက် တစ်ဟုန်ထိုး ပြေးဝင်လာသော ထို နှင်းမုန်တိုင်းကြီးမှာ ယိုကျိုးဒေသကို ဖြတ်သန်းသွားသည့် အခါတွင်၊ ရုတ်တရက် အတားအဆီး တစ်ခုခုနှင့် ဝင်တိုက်မိသွားသည့်အလား ကောင်းကင်ယံရှိ ပေ တစ်ထောင်ကျော်ခန့် အမြင့်မှနေ၍ ဖြတ်ကျော်သွားခဲ့ပြီး၊ တောင်ဘက်သို့ ဆက်လက်၍ ပျံ့နှံ့သွားတော့သည်။

နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့၏ တပ်စခန်း နေရာတွင်မူ အနည်းငယ် အေးစက်သော လေအေးလေး တစ်ချက်တိုက်ခတ်သွားပြီး အပူချိန် အနည်းငယ် ကျဆင်းသွားသည် မှလွဲ၍ အခြား မည်သည့် ပြောင်းလဲမှုမျှ လုံးဝ မရှိတော့ပါချေ။

"ဒါ... ဒါက..."

ကင်းစောင့် စစ်သည် နှစ်ဦး၊ တစ်ဦးမှာ ကင်းမျှော်စင်ပေါ်တွင် ရှိနေပြီး အခြားတစ်ဦးမှာ မြေပြင်ပေါ်တွင် ရှိနေကာ၊ နှစ်ဦးစလုံးမှာ ကောင်းကင်ယံကို ကြောင်တောင်တောင် စိုက်ကြည့်နေကြပြီး စကားတစ်ခွန်းမျှပင် မဆိုနိုင်တော့ပါချေ။

နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့၏ ဧရာမတပ်စခန်းကြီး တစ်ခုလုံးတွင် မရေမတွက်နိုင်သော လူရိပ်များမှာလည်း တဲများ အတွင်းမှနေ၍ ထွက်ပေါ်လာခဲ့ကြပြီး၊ သံချပ်ကာများကို ဆင်မြန်းထားလျက် သူတို့၏ခေါင်းထက်တွင် ဒီရေလှိုင်းလုံးကြီးများအလား တလိမ့်လိမ့် ထွက်ပေါ်နေပြီး ကောင်းကင်ယံမှနေ၍ ဖြတ်ကျော်သွားသော နှင်းမုန်တိုင်းကြီး ကို အလားတူ လှမ်းကြည့်နေကြတော့သည်။

"မယုံနိုင်စရာပဲ"

ခီတန်ဘုရင်မှာ နှင်းခဲများအလား ဖြူဖွေးနေသော မြေခွေး သားမွေး ဝတ်ရုံကို ဆင်မြန်းထားလျက်၊ မှုန်မှိုင်းနေသော ကောင်းကင်ယံကို ခေါင်းမော့ ကြည့်နေရင်း သူ တစ်ကိုယ်လုံး အလွန်အမင်း တုန်လှုပ်နေတော့သည်။

အစောကြီးကတည်းက ကြိုတင်သိရှိထားခဲ့ပြီး ဖြစ်သည်ဆိုသော်ငြားလည်း၊ ထိုက်ရှီ၏ စကားအရ နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့မှာ နှင်းမုန်တိုင်းကြီး၏ သက်ရောက်မှုကို ခံရမည်မဟုတ်ကြောင်းကို သိရှိထားခဲ့သည် ဆိုသော်ငြားလည်း၊ သိရှိထားခြင်းက တစ်ကဏ္ဍဖြစ်ပြီး သဘာဝတရားကြီး၏ ကြီးမားကျယ်ပြန့်လှသော ခွန်အားများကိုပင် ပြောင်းလဲပစ်နိုင်စွမ်းရှိသည့် ဤကဲ့သို့သော ထူးဆန်းသည့်ဖြစ်စဉ်ကို ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရသည့်အခါတွင်မူ၊ လူတိုင်း၏ ရင်ထဲ၌ စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင် ကြီးမားလှသော ရိုက်ခတ်မှု တစ်ခုကို ခံစားလိုက်ရဆဲပင် ဖြစ်သည်။

ယွန်းဂျယ်စိုးမွန်း၊ ဝူဆူမစ်ရှ် ခါဂန်း၊ ရှီဘုရင်မနှင့် အခြားသူများမှာလည်း အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့၏ရင်ထဲရှိ တုန်လှုပ်မှုများမှာ ခီတန်ဘုရင်ထက် အနည်းငယ်မျှ လျော့နည်းခြင်း မရှိပါချေ။

အံ့ဩတုန်လှုပ်နေသည့် အချိန်လေးအတွင်းမှာပင် လူတိုင်းမှာ မသိစိတ်ဖြင့် အန်းလုရှန်းနှင့် ကောင်းရှန်းတို့ရှိရာ အရပ်ဆီသို့ တိတ်တဆိတ် လှမ်းကြည့်လိုက်မိကြတော့သည်။

ထိုက်ရှီဟု ခေါ်ဆိုသော ထိုလျှို့ဝှက်ဆန်းကြယ်သူ၏ ကိုယ်ပေါ်တွင် လျှို့ဝှက်ချက်များ အလွန်များပြားလွန်းလှသည်။ သူသည် ဧရာမ နှင်းမုန်တိုင်းကြီး မည်သည့်အချိန်တွင် ဆင်းသက်လာမည် ဆိုသည်ကို သိရှိရုံသာမက၊ ဤနှင်းမုန်တိုင်းကြီး၏ သက်ရောက်မှုများမှ မည်ကဲ့သို့ ရှောင်လွှဲရမည်ကိုပါ သိရှိနေခဲ့သည်။ ဤအရာများ အားလုံးမှာ နေရာတိုင်းတွင် လျှို့ဝှက်ဆန်းကြယ်မှု များ ပြည့်နှက်နေတော့သည်။

အန်းလုရှန်းနှင့် သူ၏ဆက်ဆံရေးမှာ အလွန်အမင်း နီးကပ်လွန်းလှရာ သဘာဝကျစွာပင် သူတို့လည်း ဤအရာများနှင့် ပတ်သက်မှု ရှိနေမည်သာ ဖြစ်ပေသည်။

ဤဧရာမ နှင်းမုန်တိုင်းကြီး၏နောက်ကွယ်တွင် အခြားသော လျှို့ဝှက်ချက်ကြီးတစ်ခု သေချာပေါက် ရှိနေရမည်။

ဝူဆူမစ်ရှ် ခါဂန်း၏ရင်ထဲ၌ လှုပ်ရှားသွားခဲ့သည် ဆိုသော်ငြားလည်း စကားတစ်ခွန်းမျှ ထပ်မံမဆိုခဲ့ပါချေ။

ဤအခိုက်အတန့်၌ အတည်ငြိမ်ဆုံးသော သူမှာ အန်းလုရှန်းပင် ဖြစ်တော့သည်။ လူတိုင်း၏ အကြည့်များကို သူ အစောကြီးကတည်းက သတိပြုမိခဲ့ပြီး ဖြစ်သည်ဆိုသော်ငြားလည်း အန်းလုရှန်းအနေဖြင့် အနည်းငယ်မျှ ဂရုမစိုက်ခဲ့ပါချေ။

အမှန်တရားက ဘာလဲဆိုတာ အရေးမကြီးတော့ပါဘူး၊ အရေးကြီးတာက ထိုက်ရှီက သူ့ရဲ့ ကတိစကားကို အမှန်တကယ်ပဲ တည်အောင် လုပ်ပေးနိုင်ခဲ့တာပဲ။ ယိုကျိုးဒေသတစ်ခုလုံးက နှင်းမုန်တိုင်းကြီးရဲ့သက်ရောက်မှုကို လုံးဝမခံရတော့ဘူး။

"ဝမ်ချောင်... အခု မင်း အလှည့် ရောက်ပြီ"

အန်းလုရှန်း၏မျက်နှာပေါ်တွင် မည်သည့် ပြောင်းလဲမှုမျှ မရှိခဲ့ပါသော်လည်း နှုတ်ခမ်းထောင့်များတွင်မူ အပြုံးတစ်ခု ပေါ်ထွက်နေတော့သည်။

နှင်းမုန်တိုင်းကြီး ဆင်းသက်လာခဲ့ပြီဖြစ်ရာ ယခုအခါ အခြေအနေများမှာ နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့၏ဘက်သို့ လုံးဝရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ နောက်ပိုင်းတွင် ဝမ်ချောင်တို့ဘက်မှ မည်ကဲ့သို့ ရင်ဆိုင်ဖြေရှင်းမည်လဲ ဆိုသည်ကိုသာ စောင့်ကြည့်ရတော့မည် ဖြစ်သည်။

"ထိုက်ရှီ... ခင်ဗျား ပြောခဲ့တဲ့ အဲဒီကိစ္စ က ဘယ်လောက်ကြာရင် ပြီးမလဲ"

အန်းလုရှန်းက ခေါင်းလှည့်ကာ သူ၏အနောက်ဘက်တွင် သရဲတစ္ဆေတစ်ကောင်အလား လေထဲ၌ တွဲလောင်းဖြစ်နေသော ထိုက်ရှီကို လှမ်းကြည့်ရင်း မေးမြန်းလိုက်သည်။ သူ၏အသံထဲတွင် ယခင်က တစ်ခါမျှ မရှိခဲ့ဖူးသော လေးစားမှုများ ပါဝင်နေတော့သည်။

ထိုက်ရှီ၏ မျက်နှာအမူအရာမှာ အေးစက်နေခဲ့ပြီး သူ၏ဘေးနားရှိ ရှန့်ကုန်းအကြီးအကဲကို လှမ်းကြည့်လိုက်တော့သည်။

"သခင်ကြီး စိတ်ပူစရာ မလိုပါဘူး၊ ရွဲလော့ဟယ်တွေကို ပြုပြင် ပြောင်းလဲဖို့ အချိန်အနည်းငယ်တော့ လိုအပ်ပါသေးတယ်။ အစကတော့ ပြုပြင်ပြောင်းလဲမှုတွေ အားလုံး ပြီးစီးသွားတဲ့ အခါကျမှ သခင်ကြီးဆီကို ပေးအပ်ဖို့ ရည်ရွယ်ထားတာပါ၊ နှမြောစရာ ကောင်းတာက အချိန်အရမ်းလုနေရတဲ့အတွက် ဒီရွဲလော့ဟယ် အဖွဲ့သစ်ကို ပြီးတာနဲ့ ယိုကျိုးဆီကို ချက်ချင်း စေလွှတ်လိုက်ရလို့ပါ"

ရှန့်ကုန်းအကြီးအကဲက အေးစက်စက် ရယ်မောလိုက်ပြီး ရုတ်တရက် ဆိုလိုက်တော့သည်။

"ဒါ့အပြင်... ဧရာမနှင်းမုန်တိုင်းကြီးက အခုမှ စတင်ရုံပဲ ရှိပါသေးတယ်၊ ဆယ်ရက်ကျော်လောက်ကျရင် ကောင်းကင်နဲ့ မြေကြီးတစ်ခုလုံး အေးခဲသွားပြီး နှင်းမုန်တိုင်း တွ လွှမ်းခြုံသွားတဲ့အခါကျမှ သခင်ကြီးတို့ စတင်တိုက်ခိုက်ဖို့ အကောင်းဆုံး အချိန် ဖြစ်လာပါလိမ့်မယ်"

"ဒါဆိုရင်တော့ ရှန့်ကုန်းကိုပဲ အားကိုးရတော့မှာပေါ့"

အန်းလုရှန်းက အသာအယာ ပြုံးလိုက်ပြီး ဆိုလိုက်တော့သည်။

ဤမျှလောက် အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့ပြီးပြီဖြစ်ရာ နောက်ထပ် ဆယ်ရက်ကျော်လောက် စောင့်ဆိုင်းရမည်ကိုလည်း အနည်းငယ်မျှ ဂရုမစိုက်ပါချေ၊ နောက်ဆုံးတွင် ဝမ်ချောင်ကို အနိုင်ယူနိုင်ပြီး မဟာထန်ကို အနိုင်ယူကာ အလယ်ပိုင်းဒေသ၏ စစ်မှန်သော အရှင်သခင်၊ လောကကြီးတစ်ခုလုံး၏ အရှင်သခင် ဖြစ်လာနိုင်သရွေ့ အချိန်တစ်ခုလောက် ထပ်မံစောင့်ဆိုင်းရမည်ဆိုလျှင်တောင်မှ တန်ဖိုးရှိလှပေသည်။

အန်းလုရှန်း၏ ရင်ထဲ၌ ဤအတွေးများ ဖြတ်ပြေးသွားခဲ့ပြီးနောက် လျင်မြန်စွာ ပြန်လည်တည်ငြိမ်သွားခဲ့ပြီး တောင်ဘက်ရှိ သံမဏိခံတပ်ကို လှမ်းကြည့်လိုက်တော့သည်။

လေပြင်းများနှင့် နှင်းမုန်တိုင်းကြီးများ တိုက်ခတ်နေခဲ့ရာ အစပိုင်းတွင် သူသည် ဧရာမ သံမဏိခံတပ်ကြီးကို ဝေဝါးစွာ မြင်တွေ့နိုင်သေးသည်။ သို့သော် နှင်းမုန်တိုင်းကြီးများ ဖြတ်သန်းသွားသည့်အခါတွင်မူ သံမဏိခံတပ်ကြီးတစ်ခုလုံးမှာ နှင်းမုန်တိုင်းများ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရပြီး၊ လောကသံချပ်ကာ၏ အကူအညီကို ရယူထားသည် ဆိုလျှင်တောင်မှ အန်းလုရှန်းအနေဖြင့် ဝေဝါးနေသော အရိပ်အယောင် အချို့ကိုသာ မြင်တွေ့နိုင်တော့သည်။

"အမိန့် ပေးလိုက်စမ်း၊ မြင်းတပ်တစ်ဖွဲ့ကို သံမဏိခံတပ်ဆီ စေလွှတ်ပြီး သတင်း အခြေအနေတွေကို သွားရောက်စုံစမ်းခိုင်းလိုက်"

အန်းလုရှန်း၏ ရင်ထဲ၌ လှုပ်ရှားသွားခဲ့ပြီး သူ၏အနောက်ဘက်ရှိ ချွေချန်းယုံကို ရုတ်တရက် အမိန့်ပေးလိုက်တော့သည်။

"ဒါက..."

ချွေချန်းယုံ၏ တစ်ကိုယ်လုံး တုန်ခါသွားခဲ့ပြီး မျက်ဝန်းထဲ၌ တွေဝေနေသော အရိပ်အယောင်အချို့ ပေါ်ထွက်လာတော့သည်။

အကယ်၍ ယခုအချိန်တွင် ယိုကျိုး၏နယ်နိမိတ်ထဲမှနေ၍ ထွက်ခွာသွားမည်ဆိုပါက စစ်အစီအရင်၏ အကာအကွယ် မရှိတော့ရာ လူရော တိရစ္ဆာန်ပါ အအေးဒဏ်ဖြင့် သေဆုံးသွားနိုင်သည်။ သတင်းသွားရောက်စုံစမ်းရန် ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်တော့ပါချေ။

"အစွမ်းထက် သိုင်းပညာရှင် တချို့ကိုပဲ လွှတ်လိုက်ပါ၊ အနွေးထည်တွေ အများကြီး ပိုဝတ်သွားခိုင်းလိုက်"

ကောင်းရှန်းက ဘေးမှနေ၍ မျက်နှာအကဲခတ်ကာ ဝင်ရောက် ရှင်းပြပေးလိုက်တော့သည်။

"ဟုတ်ကဲ့ပါ"

ချွေချန်းယုံက ခေါင်းညိတ်ပြလိုက်ပြီး လျင်မြန်စွာ လှည့်ထွက်သွားတော့သည်။

ညအချိန်မှာ အလွန်ပင် တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီး ယိုကျိုးဒေသတစ်ခုလုံးမှာ ဤဧရာမ နှင်းမုန်တိုင်းကြီးအတွင်း၌ တစ်ခုတည်းသော ငြိမ်းချမ်းရာ နေရာလေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ဤကဲ့သို့သော ရာသီဥတုမျိုးတွင်ပင် နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့၏ တပ်စခန်းအတွင်း၌ ဧရာမ မီးပုံကြီးများ လောင်ကျွမ်းနေသေးသည်။

သို့သော် သူတို့နှင့် သိပ်မဝေးလှသော နေရာရှိ သံမဏိခံတပ်အတွင်း၌မူ ဤအခိုက်အတန့်တွင် လုံးဝ ကွဲပြားခြားနားသော မြင်ကွင်း တစ်ခု ဖြစ်ပေါ်နေတော့သည်။

"ဝူးးး"

လေအေးများက ပြင်းထန်စွာ တိုက်ခတ်နေခဲ့ပြီး သရဲတစ္ဆေ သောင်းနှင့်ချီ ငိုကြွေးနေသည့်အလား ဖြစ်နေသည်။ အဝေးဆီကို လှမ်းကြည့်လိုက်ပါက လေပြင်းများနှင့် နှင်းမုန်တိုင်းကြီးများ တိုက်ခတ်နေခဲ့ပြီး ကောင်းကင်နှင့် မြေကြီးတစ်ခုလုံး ပြည့်နှက်နေကာ၊ ခြေတစ်လှမ်းခန့် အကွာအဝေးတွင်ပင် အရှေ့အနောက် တောင်မြောက်ကို ခွဲခြား၍ မရနိုင်လောက်အောင် ဖြစ်နေတော့သည်။

နှင်းမုန်တိုင်းကြီးများ ဖြတ်သန်းသွားသည့်အခါတွင် သံမဏိခံတပ် ၏ မြင့်မားလှသော မြို့ရိုး ပေါ်တွင် တဂျွတ်ဂျွတ် မြည်သံများ ထွက်ပေါ်လာခဲ့ပြီး၊ မြို့ရိုး မျက်နှာပြင် အတိုင်း အလွှာလိုက် အလွှာလိုက် ရေခဲများ လျင်မြန်စွာ ဖြစ်ပေါ်လာတော့သည်။

ရေခဲလွှာများမှာ မြို့ရိုးတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပြီး လျင်မြန်စွာ ထူထဲလာကာ မြို့ရိုးကြီးကို ပိုမို၍ ချောမွတ်သွားစေတော့သည်။

မြို့ထဲတွင်မူ အဆောက်အအုံများ၊ အလံတိုင်များ၊ စစ်အလံများ အားလုံးမှာ သာမန် မျက်စိဖြင့် မြင်တွေ့နိုင်လောက်အောင် မြန်ဆန်လှသော အရှိန်ဖြင့် အေးခဲသွားကြတော့သည်။

ကောင်းကင်ယံမှနေ၍ အပေါ်စီးမှ ငုံ့ကြည့်လိုက်မည်ဆိုပါက ယခင်က လုံခြုံရေး တင်းကျပ်လွန်းပြီး သံတံတိုင်းများ အလားဖြစ်နေခဲ့သော သံမဏိခံတပ်ကြီးမှာ ဤအခိုက်အတန့်၌ လူသူကင်းမဲ့နေသော မြို့ပျက်ကြီး တစ်ခုအလား ဖြစ်နေတော့သည်။

စစ်သည်များ အားလုံးမှာ စစ်တန်းလျားများအတွင်းသို့ ဝင်ရောက်ပုန်းအောင်းနေကြပြီး ပျောက်ကွယ်သွားခဲ့ကြပြီ ဖြစ်၏။

သို့သော် မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် မီးရောင် တစ်ချက်လက်သွားခဲ့ပြီး မြို့၏ အလယ်ဗဟို နေရာတွင် ဧရာမ မီးပုံကြီးတစ်ခု ချက်ချင်း ပေါ်ထွက်လာတော့သည်။ မီးတောက်များမှာ အစပိုင်းတွင် သေးငယ်နေသေးသော်လည်း လျင်မြန်စွာပင် ပေဆယ်ကျော်ခန့် အမြင့်သို့ တက်လှမ်းသွားခဲ့ပြီး၊ ပြင်းထန်စွာ လောင်ကျွမ်းနေသော မီးတောက်များက အအေးဒဏ်များကို အများအပြား ဖယ်ရှားပေးလိုက်တော့သည်။

ဧရာမ နှင်းမုန်တိုင်းကြီး ဆင်းသက်လာသည့်အခါတွင် ဝမ်ချောင်က နောက်ဆုံးတွင် မြို့ထဲ၌ သိုလှောင်ထားသော မီးဆီအချို့ကို အသုံးပြုကာ မီးရှို့လိုက်ပြီး သံမဏိခံတပ် အတွင်းရှိ အအေးဒဏ်များကို အနည်းငယ် ဖယ်ရှားပေးလိုက်ခြင်းပင် ဖြစ်သည်။

ခဏအကြာတွင် ဝုန်းခနဲ မြည်ဟည်းသံကြီးတစ်ခု ထပ်မံထွက်ပေါ်လာခဲ့ပြီး မြို့ကြီးတစ်ခုလုံး တုန်ခါသွားကာ၊ သံမဏိခံတပ်၏ မြေအောက် အနက်ပိုင်းမှနေ၍ ကြီးမားကျယ်ပြန့်လှသော စွမ်းအင်တစ်ခုမှာ မြေအောက်မှ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး၊ ဧရာမ စစ်အစီအရင်ကြီးတစ်ခုမှတစ်ဆင့် မြို့ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

"ဝီ"

မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် မြို့တွင်း မြို့ပြင်တွင် အဆက်မပြတ် ဖြစ်ပေါ်နေသော ရေခဲများမှာ နောက်ဆုံးတွင် တိုးပွားလာခြင်း မရှိတော့ဘဲ ရပ်တန့်သွားတော့သည်။

တစ်ချိန်တည်းမှာပင် မှေးမှိန်နေသော အလင်းတန်း အမိုးအကာတစ်ခုမှာ မြို့ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပြီး မြို့ပြင်ရှိ ကောင်းကင်ယံ အပြည့် တိုက်ခိုက်နေသော နှင်းမုန်တိုင်းကြီးများကို အများအပြား တားဆီးပေးလိုက်တော့သည်။

နောက်ဆုံးတွင် သံမဏိမြို့တော်အတွင်းရှိ အပူချိန်များမှာ အများအပြား တည်ငြိမ်သွားခဲ့ပြီး ယခင်ကကဲ့သို့ တောင့်ခံရန် ခက်ခဲလောက်အောင် မဟုတ်တော့ပါချေ။

သံမဏိခံတပ်၏ အဓိကခန်းမကြီးအတွင်း၌ ဝမ်ချောင်က အပြင်ဘက်မှ အကြည့်များကို ဖြည်းညင်းစွာ ရုပ်သိမ်းလိုက်ရာ မျက်ဝန်းထဲ၌ စိုးရိမ်ပူပန်နေသော အရိပ်အယောင်အချို့ ပေါ်ထွက်လာတော့သည်။

"ကျောက်မီးသွေးတွေနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေအားလုံး အပြည့်အဝ ဖြန့်ဝေပြီးသွားပြီလား?"

ဝမ်ချောင်က ခေါင်းလှည့်ကာ သူ၏ အနောက်ဘက်ရှိ ရွှီခဲ့ယီကို မေးမြန်းလိုက်တော့သည်။

"အရှင်... အားလုံး အစီအစဉ် တကျ နေရာချထားပြီးပါပြီ"

ရွှီခဲ့ယီက လေးနက်သော အသံဖြင့် ဆိုလိုက်သည်။ သူ၏အကြည့်များမှာ အပြင်ဘက်သို့ လျင်မြန်စွာ တစ်ချက်ဝေ့ကြည့်လိုက်ရာ နားထဲတွင် ပြည့်နှက်နေသော သရဲတစ္ဆေများအလား လေအေးများ၏ တိုက်ခတ်သံများကို ကြားလိုက်ရသည့်အခါ ရင်ထဲ၌ အလွန်အမင်း တုန်လှုပ်သွားတော့သည်။

ဤ ဧရာမ နှင်းမုန်တိုင်းကြီး မှာ တွေးတောထားခဲ့သည်ထက် များစွာ ပိုမို ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်၊ နှင်းမုန်တိုင်းကြီး ဖြတ်သန်းသွားသည့် မျက်တောင်တစ်ခတ် အတွင်းမှာပင် မြို့ကြီးတစ်ခုလုံးအတွင်းရှိ မြေပြင်ပေါ်တွင် သာမန်မျက်စိဖြင့် မြင်တွေ့နိုင်လောက်အောင် မြန်ဆန်လှသော အရှိန်ဖြင့် ခြောက်လက်မ၊ ခုနစ်လက်မခန့် ထူထဲသော ရေခဲလွှာများ ချက်ချင်း ဖြစ်ပေါ်လာသည်ကို သူ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

ကိုယ်ပေါ်တွင် ထူထပ်လှသော အနွေးထည် များကို ဆင်မြန်းထားပြီး မြေခွေး သားမွေး ဝတ်ရုံကိုပါ ထပ်မံဆင်မြန်းထားသည် ဆိုသော်ငြားလည်း ထိုအအေးဒဏ်က အရိုးထဲအထိ စိမ့်ဝင်လာဆဲပင် ဖြစ်သည်။

"စီနီယာ... မြို့ထဲက စစ်အစီအရင်ရဲ့ စွမ်းအင်တွေ ဘယ်လောက်ကြာကြာ တောင့်ခံထားနိုင်ဦးမလဲ"

ဝမ်ချောင်က လှည့်လိုက်ပြီး ဘေးနားရှိ ကျိလိလောင်ဇူကို ကြည့်ရင်း မေးမြန်းလိုက်တော့သည်။

"အခု ဧရာမ နှင်းမုန်တိုင်းကြီး က ထင်ထားတာထက် အများကြီး ပိုပြီး အေးစက်နေတယ်၊ ငါလည်း စစ်အစီအရင်ရဲ့ သက်ရောက်မှု နယ်ပယ်ကို အတတ်နိုင်ဆုံး လျှော့ချထားပြီး မြောက်ဘက်နဲ့ ဘယ်ညာနှစ်ဖက်က စစ်တပ်စခန်း တွေကိုပဲ အဓိက အာရုံစိုက်ထားတယ်။ ဒါပေမဲ့ ဒီလောက် ကြီးမားတဲ့ နယ်မြေ အကျယ်အဝန်း ကြီးဆိုတော့ စစ်အစီအရင်ရဲ့ စွမ်းအင် ကုန်ဆုံးမှုကိုတော့ အများကြီး မြန်ဆန်စေမှာ သေချာတယ်"

ကျိလိလောင်ဇူက ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် ဆက်လက်၍ ဆိုလိုက်တော့သည်။

"ဒါပေမဲ့ သတင်းကောင်း လုံးဝမရှိတာတော့ မဟုတ်ဘူး၊ ဧရာမ နှင်းမုန်တိုင်းကြီး ဆိုတာလည်း စွမ်းအင် တစ်မျိုးပဲ၊ အထူး ရာသီဥတု စွမ်းအင် တစ်မျိုးပဲ၊ ငါ စစ်အစီအရင်ရဲ့ ခွန်အားကို အသုံးပြုပြီး ဧရာမ နှင်းမုန်တိုင်းကြီ ထဲက စွမ်းအင် တစ်စိတ်တစ်ပိုင်းကို စုပ်ယူပြီး မဟာစစ်အစီအရင်ထဲကို ဖြည့်တင်းပေးထားတယ်၊ ဒီနည်းနဲ့ဆိုရင် စစ်အစီအရင်ရဲ့ စွမ်းအင်ကုန်ဆုံးမှု ပြဿနာကို အနည်းအကျဉ်းလောက်တော့ သက်သာစေနိုင်တယ်"

"ဒီလို တွက်ကြည့်မယ်ဆိုရင် အကြမ်းဖျင်း ဘယ်လောက်လောက် ထပ်ပြီး တောင့်ခံထားနိုင်ဦးမလဲ?"

ဝမ်ချောင်က မေးမြန်းလိုက်တော့သည်။

"ရက်နှစ်ဆယ် ကျော်လောက်ပါ"

ကျိလိလောင်ဇူ မှာ ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ပြီးနောက် ဆိုလိုက်တော့သည်။

ခဏတာ အချိန်တိုလေးအတွင်း ခန်းမကြီးအတွင်း၌ လုံးဝတိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။ သို့သော် မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် ဝမ်ချောင်ပြန်လည် တည်ငြိမ်သွားတော့သည်။

"လုံလောက်ပါပြီ"

ဝမ်ချောင်က အေးဆေးတည်ငြိမ်သော မျက်နှာဖြင့် ဆိုလိုက်သည်။

"ဒီကိစ္စ တွေကို စစ်သည် တွေကို လောလောဆယ် အသိမပေးပါနဲ့ဦး"

"ဝမ်ချောင်... နန်းတွင်း ဘက်ကတော့..."

ထိုအချိန်မှာပင် အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကျန်းချိုးကျန့်ချုံးမှာ ရှေ့သို့ ခြေလှမ်း နှစ်လှမ်း လှမ်းထွက်လာခဲ့ကာ၊ မျက်စိရှေ့ရှိ ဝမ်ချောင်ကို ကြည့်ရင်း မျက်ဝန်းထဲ၌ စိုးရိမ်ပူပန်မှုများ အပြည့်ဖြင့် ဆိုလိုက်တော့သည်။

"အခုအချိန်မှာ ငါတို့ ဘာမှ လုပ်လို့မရတော့ဘူး၊ အရာရာတိုင်းက သူတို့ကိုယ်သူတို့ပဲ အားကိုးရတော့မယ်"

ဝမ်ချောင်က ခေါင်းမော့ကာ ကောင်းကင်ယံရှိရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်ပြီး ရှည်လျားလှသော သက်ပြင်းကြီး တစ်ခုကို မသိစိတ်ဖြင့် ချလိုက်မိတော့သည်။

ညအချိန်မှာ အလွန်ပင် နက်ရှိုင်းနေပြီဖြစ်ပြီး အပူချိန် ကျဆင်းမှု ဖြစ်စဉ် အများစုမှာ ညဘက်တွင် ဖြစ်ပေါ်လေ့ရှိသည်။ ဤအချိန်တွင် ဝမ်ချောင်အနေဖြင့် တစ်ခုခု ပြုလုပ်လိုသည် ဆိုလျှင်တောင်မှ လုံးဝ မတတ်နိုင်တော့ပါချေ။

......

"ဝုန်း ဝုန်း ဝုန်း"

မြေကြီးများ အေးခဲသွားခဲ့ပြီး ဧရာမ နှင်းမုန်တိုင်းကြီးမှာ တောင်ဘက်သို့ ဆင်းသက်လာသည့် အရှိန်မှာ လူအများစု တွေးတောထားသည်ထက် များစွာပိုမိုမြန်ဆန်လွန်းလှသည်။ လူအများစု အိပ်မောကျနေကြသည့် အချိန်တွင် တလိမ့်လိမ့် ထွက်ပေါ်နေသော နှင်းမုန်တိုင်းကြီးမှာ မြောက်မှတောင်သို့ မြင်းပေါင်း သောင်းနှင့်ချီ ပြေးလွှားနေသည့်အလား မျက်တောင်တစ်ခတ်အတွင်း မြောက်ဘက်ရှိ သံမဏိခံတပ်ကို ဖြတ်ကျော်သွားခဲ့ပြီး၊ ကုန်းတွင်းပိုင်း ဒေသများဆီသို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။

ညအချိန်တွင် စီးဆင်းနေသော မြစ်ကြီးတစ်စင်းမှာ လျင်မြန်စွာ အေးခဲသွားခဲ့ပြီး မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် မြစ်ရေပြင်ပေါ်တွင် ပေ အနည်းငယ်ခန့် ထူထဲသော ရေခဲလွှာ များ ဖြစ်ပေါ်လာတော့သည်။

ကျင်းဟန် တူးမြောင်းကြီး။

ဆွေ့ မင်းဆက် အစောပိုင်း ကတည်းက တူးဖော်ထားခဲ့သော ဤတူးမြောင်းကြီးမှာ နှစ်ရာပေါင်းများစွာ လည်ပတ်အသုံးပြုခဲ့ပြီးနောက်၊ မြောက်နှင့်တောင် သယ်ယူပို့ဆောင်ရေးအတွက် အဓိက သွေးကြောကြီးတစ်ခုအဖြစ်သို့ အစောကြီးကတည်းက ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး၊ မြောက်နှင့်တောင် ကုန်စည်များ အမြောက်အမြားကို သယ်ယူပို့ဆောင်ပေးနေခြင်း ဖြစ်သည်။

ယခင်အချိန်များကမူ အအေးဆုံး အချိန်တွင်ပင် ကျင်းဟန် တူးမြောင်းကြီးမှာ အဆက်မပြတ် စီးဆင်းနေဆဲဖြစ်ပြီး၊ နှင်းမုန်တိုင်းများ ပြည့်နှက်နေသော ဆောင်းရာသီတွင်ပင် မြစ်ရေပြင်ပေါ်တွင် သင်္ဘောများ သွားလာနေဆဲ ဖြစ်ကာ နေ့ရော ညပါ မနားတမ်း ကုန်စည်များကို သယ်ယူပို့ဆောင်ပေးနေခြင်း ဖြစ်သည်၊ သို့သော် နှင်းမုန်တိုင်းကြီး ဖြတ်သန်းသွားသည့် မျက်တောင်တစ်ခတ် အတွင်းမှာပင် ဤ မြစ်ကြီး မှာ လုံးဝပျောက်ကွယ်သွားခဲ့ပြီး ထူးခြားလှသော "ရေခဲပြင်ကြီး"တစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

မြို့တော် ရှိ နန်းတော် အတွင်း၌။

ရုတ်တရပ် ဖျစ်ခနဲ မြည်သံနှင့်အတူ အေးခဲနေသော ဖန်သား အမိုးကြွေပြားတစ်ချပ်မှာ အမိုးပေါ်မှနေ၍ လျှောကျလာခဲ့ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျကာ အပိုင်းပိုင်းအစစ ကွဲအက်သွားတော့သည်။ တစ်ချိန်တည်းမှာပင် ထိုက်ကျိ နန်းဆောင်အတွင်း၌ အနောက်ဆောင်တွင် အိပ်မောကျနေသော လီဟန်မှာ ဤအသံကို ကြားလိုက်ရသည့်အခါ ရုတ်တရက် လန့်နိုးသွားခဲ့ပြီး နဂါး ကုတင်ပေါ်မှနေ၍ ထထိုင်လိုက်တော့သည်။

လီဟန်မှာ ပထမဆုံး အနေဖြင့် မှင်တက်သွားခဲ့ပြီး မသိစိတ်ဖြင့် ဘယ်ညာ တစ်ချက် ဝေ့ကြည့်လိုက်သည်။ သို့သော် လျင်မြန်စွာပင် အရာတစ်ခုခုကို သတိပြုမိသွားခဲ့ပြီး ကုတင်ပေါ်မှနေ၍ ရုတ်တရက် ဆင်းလာခဲ့ကာ ပြတင်းပေါက် ဆီသို့ လျင်မြန်သော ခြေလှမ်းများဖြင့် လျှောက်သွားလိုက်တော့သည်။

လီဟန်က ပြတင်းပေါက်ကို ဝုန်းခနဲ ဖွင့်လိုက်ရာ နောက်တစ်ခဏတွင် လေအေးများ ပြင်းထန်စွာ တိုက်ခတ်လာခဲ့ပြီး ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းနေသော နှင်းမုန်တိုင်းများမှာ ပြတင်းပေါက် မှတစ်ဆင့် တစ်ဟုန်ထိုး ဝင်ရောက်လာခဲ့ပြီး၊ နန်းဆောင်၏ နေရာတိုင်းသို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။ မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် လီဟန်၏ အိပ်ဆောင် အတွင်း၌ ပါးလွှာသော နှင်းခဲလွှာများ ပြည့်နှက်သွားခဲ့ပြီး၊ နဂါး ကုတင်၊ နဂါး ပလ္လင်၊ စားပွဲများ အားလုံးမှာ ဤကဲ့သို့ပင် ဖြစ်နေတော့သည်။

နန်းတော် အပြင်ဘက်ကို လှမ်းကြည့်လိုက်မည်ဆိုပါက မြင်ကွင်းတစ်ခုလုံးမှာ ဖြူဖွေးနေခဲ့ပြီး၊ ခေါင်မိုး စွန်းများမှ တွဲလောင်းကျနေသော ရေခဲချောင်းများမှာ တစ်ပေ ကျော်ခန့် အထိ ပင် ရှည်လျားနေခဲ့ရာ၊ လီဟန် ပင်လျှင် အအေးဒဏ်ကို အနည်းငယ် ခံစားလိုက်ရတော့သည်။

"ဒါက မျိုးနွယ်ခြားဘုရင်ပြောတဲ့ ဧရာမ ရေခဲခေတ်ကြီး ဆိုတာလား"

လီဟန်က ပြတင်းပေါက် အပြင်ဘက်ကို လှမ်းကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်တော့သည်။

******

All Chapters