← Chapters

အခန်း ၂၂၁၈

Vol. 138 Ch. 2218

အခန်း ၂၂၁၈

Vol. 138 Ch. 2218

အခန်း (၂၂၁၈) နှင်းမုန်တိုင်းကြီး ၏ ဘေးအန္တရာယ်များ

ကြီးမားကျယ်ပြန့်လှသော နန်းတော်ကြီး တစ်ခုလုံးမှာ ဤအခိုက်အတန့်၌ ရေခဲတိုက်ကြီး တစ်ခုအလား အလွန်အမင်း အေးစက်နေတော့သည်။ လီဟန်မှာ ငယ်စဉ်ကတည်းက နန်းတော် အတွင်း၌ ကြီးပြင်းလာခဲ့သူ ဖြစ်ရာ၊ ဤကဲ့သို့သော မြင်ကွင်းမျိုးကို သူ၏ တစ်သက်တာလုံးတွင် ပထမဆုံး အကြိမ်အဖြစ် မြင်တွေ့ဖူးခြင်းပင် ဖြစ်သည်။

နန်းတော် နေရာများမှာ အမြဲတမ်း နေရာရွေးချယ်မှု ပြုလုပ်ရာတွင် အလွန်ပင် ဂရုတစိုက် ရှိလေ့ ရှိသည်။ နန်းတော် တည်ဆောက်ထားသော နေရာမှာ နဂါး ချီများ အားလုံး စုစည်းရာနေရာ သေချာပေါက် ဖြစ်ရမည် ဖြစ်သည်။ ထို့ပြင် နန်းတော် အတွင်း၌ ဧကရာဇ် သုံးပါး မဟာစစ်အစီအရင်၏ ကာကွယ်စောင့်ရှောက်မှုများလည်း ရှိနေသေးရာ၊ အအေးဒဏ်များကို ကာကွယ်ရန်အတွက် အလွန်ပင် ကြီးမားလှသော အကျိုးသက်ရောက်မှုများ ရှိနေပေသည်။

နန်းတော် ကြီးအတွင်းမှာပင် ဤမျှလောက် အေးစက်နေသည်ဆိုလျှင် ပြင်ပရှိ ပြည်သူများ ကြားတွင်ဆိုလျှင်တော့...

ဤအကြောင်းကို တွေးတောမိလိုက်သည့်အခါတွင် လီဟန်၏ မျက်ဝန်းထဲ၌ နက်ရှိုင်းလှသော စိုးရိမ်ပူပန်မှုများ မသိစိတ်ဖြင့် ပေါ်ထွက်လာတော့သည်။

တိုင်းပြည်၏ ကြီးမားသော အရေးအရာများတွင် ပြည်သူများက အဓိက ဖြစ်သည်။ တိုင်းပြည်က ဒုတိယ ဖြစ်ပြီး၊ ဧကရာဇ်က တတိယ နေရာတွင် ရှိသည်။ ဤသမိုင်းတွင် တစ်ခါမျှ မရှိခဲ့ဖူးသော အလွန်အမင်း အေးစက်လှသည့် နှင်းမုန်တိုင်းကြီ ၏ ရှေ့မှောက်တွင်မူ၊ သူသည် အာဏာကုန် ကိုင်တွယ်ထားသော မဟာထန်၏ ဧကရာဇ် တစ်ပါး ဖြစ်နေသည် ဆိုလျှင်တောင်မှ သူ လုပ်ဆောင်နိုင်စွမ်း ရှိသည့် အရာများမှာ အလွန်ပင် ကန့်သတ်ချက် ရှိလွန်းလှပေသည်။

"အရှင်မင်းကြီး"

ထိုအချိန်မှာပင် ဂရုတစိုက် ရှိလှသော အသံတစ်ခုမှာ အနောက်ဘက်မှနေ၍ ထွက်ပေါ်လာတော့သည်။

"ရာသီဥတုက အရမ်း အေးနေတယ်၊ အရှင်မင်းကြီး ကောင်းကောင်း အနားယူလိုက်ပါ၊ ကျန်တဲ့ ကိစ္စတွေ အားလုံးကို ကျွန်တော်မျိုးကြီးကိုသာ လွှဲထားလိုက်ပါ"

စကားသံ မဆုံးမီမှာပင် ပိန်ပါးလှသော ပုံရိပ်တစ်ခုမှာ လျင်မြန်စွာ ရှေ့သို့ တိုးထွက်လာခဲ့ပြီး ပြတင်းပေါက်များကို ဆွဲပိတ်လိုက်တော့သည်။

ခဏတာ အချိန်တိုလေး အတွင်းမှာပင် ဖျစ်ခနဲ မြည်သံနှင့်အတူ အခန်းတွင်း၌ မီးရောင် တစ်ချက် လင်းလက်လာခဲ့ပြီး၊ လီကျင်းကျုံးက နန်းဆောင် အတွင်းရှိ ရှေးဟောင်း ကြေးမီးဖိုကြီးတစ်ခုအတွင်းမှ မီးသွေးများကို လျင်မြန်စွာ မီးမွှေးလိုက်ရာ၊ ပြင်းထန်စွာ လောင်ကျွမ်းနေသော မီးတောက်များက အခန်းတွင်းရှိ အအေးဒဏ်များကို ချက်ချင်းပင် အများအပြား ဖယ်ရှားပေးလိုက်တော့သည်။

"ခုနက အရှင်မင်းကြီး အိပ်မောကျနေတာကို တွေ့တော့ ကျွန်တော်မျိုးကြီး ရဲတင်းပြီး မီးအရမ်း မပြင်းအောင် ထားလိုက်မိတယ်။ အရှင်မင်းကြီး လန့်နိုးသွားမှာကို စိုးရိမ်လို့ပါ"

လီကျင်းကျုံးက လီဟန် ၏ အနောက်ဘက် မနီးမဝေး နေရာတွင် ရပ်နေလျက် ရိုသေလေးစားစွာဖြင့် ဆိုလိုက်တော့သည်။

လီဟန်မှာ သစ်ပင် တစ်ပင်အလား မလှုပ်မယှက် ရပ်နေခဲ့ပြီး၊ လီကျင်းကျုံး ပေါ်ထွက်လာခြင်းနှင့် သူ ပြုလုပ်နေသော ကိစ္စများ အားလုံး အပေါ်တွင် အနည်းငယ်မျှ အံ့ဩနေပုံ မပေါ်ပါချေ။

"ဝန်ကြီးအဖွဲ့ ဘက်ကရော ဘယ်လို စီစဉ်ထားလဲ?"

လီဟန်က မေးမြန်းလိုက်တော့သည်။

ဝမ်ချောင်၏စာကို ရရှိပြီးနောက် နက္ခတ်တာရာ လေ့လာရေး ဌာနမှလည်း ဧရာမ ရေခဲခေတ်ကြီး ဆင်းသက်လာမည့် တိကျသော အချိန်ကာလကို အကြမ်းဖျင်း တွက်ချက် သိရှိသွားခဲ့ပြီ ဖြစ်ရာ၊ ဝန်ကြီးအဖွဲ့တွင် ထိုက်ရှီနှင့် ထိုက်ကျုံးတို့ ဦးဆောင်ကာ အမတ်များ အားလုံးကို စုစည်းပြီး ညတွင်းချင်း အစည်းအဝေးများ ပြုလုပ်လျက် ဧရာမ ရေခဲခေတ်ကြီးကို ရင်ဆိုင်ဖြေရှင်းရန် နည်းလမ်းများကို စီစဉ်ဆွေးနွေးနေခဲ့ကြပြီ ဖြစ်သည်။

"ကြေညာစာတမ်းတွေ ထုတ်ပြန်ပြီးသွားပါပြီ၊ ဒီအချိန်အတွင်းမှာ တံခါးတွေ၊ ပြတင်းပေါက်တွေ အားလုံးကို သေချာပိတ်ထားဖို့ ညွှန်ကြားထားပါတယ်၊ ဒါ့အပြင် တိုင်းသူပြည်သားတွေကို မြေအောက်ခန်းတွေထဲကို ဝင်ရောက်ပြီး အအေးဒဏ်ကို စတင်ကာကွယ်ဖို့ အကြောင်းကြားထားပြီး ဖြစ်ပါတယ်"

"ဒါ့အပြင် ဒီလောက် အချိန်အကြာကြီး ပြင်ဆင်ထားခဲ့ပြီးပြီဆိုတော့ အိမ်တိုင်း အိမ်တိုင်းမှာ လုံလောက်တဲ့ ရိက္ခာတွေ စုဆောင်းထားပြီးသား ဖြစ်မှာပါ၊ ဆင်းရဲလွန်းလို့ ကြိုတင်ပြင်ဆင်မှု အားနည်းနေတဲ့ မိသားစုတချို့ကိုလည်း နန်းတွင်းဘက်ကနေ လူလွှတ်ပြီး စုံစမ်းစစ်ဆေးပြီးတဲ့ အခါကျရင် ဆောင်းတွင်းစားဖို့ ရိက္ခာတွေ ဖြည့်တင်းပေးသွားမှာပါ"

လီကျင်းကျုံးက ခါးကို ကိုင်းညွတ်ကာ ရိုးသားစွာဖြင့် ဆိုလိုက်တော့သည်။

လီဟန်က ခေါင်းညိတ်ပြလိုက်ပြီး သူ၏မျက်နှာအမူအရာမှာ အနည်းငယ် ပေါ့ပါးသွားတော့သည်။ ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် ဆက်လက်၍ ဆိုလိုက်သည်။

"ဒါ့အပြင် ငါ့ရဲ့ အမိန့်ကို ထုတ်ပြန်လိုက်စမ်း၊ နန်းတော်စောင့် တပ်တွေအားလုံးကို အဆောင်တွေထဲ ပြန်ဝင်ပြီး အအေးဒဏ်ကို ရှောင်ရှားဖို့ ညွှန်ကြားလိုက်စမ်း"

"အမိန့်တော် အတိုင်းပါ အရှင်မင်းကြီး"

လီကျင်းကျုံးမှာ ပထမဆုံး အနေဖြင့် မှင်တက်သွားခဲ့ပြီးနောက် လျင်မြန်စွာ အဖြေပေးလိုက်တော့သည်။

နန်းတော်စောင့်တပ်များအနေဖြင့် ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိကြရာ အပြင်ဘက်တွင် သေချာပေါက် ကင်းစောင့်နေရမည် ဖြစ်သည်။ သာမန် နှင်းမုန်တိုင်းမျိုးသာဆိုပါက ဘာမှမဖြစ်သော်လည်း ဤဧရာမ နှင်းမုန်တိုင်းကြီးမျိုးကိုမူ နန်းတော်စောင့် တပ်များပင်လျှင် အပြင်ဘက်တွင် အချိန်ကြာမြင့်စွာ တောင့်ခံထားနိုင်ရန် ခက်ခဲပေလိမ့်မည်။

ခုနက မျက်တောင်တစ်ခတ်မျှ ကြည့်လိုက်ရသည့်အချိန်လေး အတွင်းမှာပင်၊ လီဟန်အနေဖြင့် နန်းတော်စောင့်တပ်များ၏ သံချပ်ကာများပေါ်တွင် ထူထပ်လှသော ရေခဲလွှာများ ဖုံးလွှမ်းနေပြီး တစ်ကိုယ်လုံး ရေခဲရုပ်တုအဖြစ်သို့ ပြောင်းလဲလုနီးပါး ဖြစ်နေသည်ကို မြင်တွေ့လိုက်ရပြီ ဖြစ်သည်။

လီကျင်းကျုံးမှာ လျင်မြန်စွာ လှည့်ထွက်သွားခဲ့ပြီး အမိန့် ပေးပို့ရန် ထွက်ခွာသွားတော့သည်။

လီဟန်၏ အိပ်ဆောင်အတွင်း၌ နောက်တစ်ကြိမ် ထပ်မံ၍ တိတ်ဆိတ် ငြိမ်သက်သွားခဲ့ပြီး၊ ရှေးဟောင်း ကြေးမီးဖိုကြီးအတွင်းမှ မီးသွေးများ လောင်ကျွမ်းနေသော တဖျစ်ဖျစ် မြည်သံလေးများကိုသာ ကြားနေရတော့သည်။

"အရာရာတိုင်း အဆင်ပြေပါစေလို့ပဲ မျှော်လင့်ရတာပါပဲ"

လီဟန်က လက်နှစ်ဖက်ကို အနောက်တွင် ပိုက်ထားလျက် မျက်ခုံးများကို တင်းကျပ်စွာ ကျုံ့ထားကာ တစ်ယောက်တည်း တိုးတိုးလေး ရေရွတ်နေမိတော့သည်။

......

"ဝူးးး"

လေအေးများ ပြင်းထန်စွာ တိုက်ခတ်နေခဲ့ပြီး တလိမ့်လိမ့် ထွက်ပေါ်နေသော နှင်းမုန်တိုင်းကြီးမှာ တောင်ဘက်သို့ လျင်မြန်စွာ ဆင်းသက်လာခဲ့ရာ၊ နာရီအနည်းငယ်မျှ အချိန်လေး အတွင်းမှာပင် အလယ်ပိုင်းဒေသ ကုန်းမြေလောကတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ တစ်နှစ်ပတ်လုံး နေရောင်ခြည် အပြည့်အဝ ရရှိလေ့ရှိသော ပူပြင်းသည့် ဒေသများတွင်ပင် ဤအခိုက်အတန့်၌ ကောင်းကင်ယံအပြည့် နှင်းမုန်တိုင်းများ တိုက်ခတ်နေခဲ့ပြီး မိုင်ထောင်နှင့်ချီ အေးခဲနေတော့သည်။

တလိမ့်လိမ့် ထွက်ပေါ်နေသော နှင်းမြူများမှာ ကောင်းကင်နှင့် မြေကြီး တစ်ခုလုံး လွှမ်းခြုံနေခဲ့ရာ လူတိုင်းကို အရှေ့အနောက် တောင်မြောက်ကိုပင် ခွဲခြား၍ မရနိုင်လောက်အောင် ဖြစ်သွားစေတော့သည်။

မြောက်ဘက်တွင် မြောက်ဘက် ဝင်ရိုးစွန်းမှသည် တောင်ဘက်တွင် ကျောင်းကျိ၏ တောင်ဘက်အထိ၊ အရှေ့ဘက်တွင် ပေါ်ဟိုင် ပင်လယ်မှသည် အနောက်ဘက်တွင် အာရပ် အင်ပါယာတစ်ခုလုံးအထိ၊ အဆုံးအစမရှိသော နှင်းမုန်တိုင်းကြီးမှာ မြင့်မားလှသော တောင်တန်းများနှင့် ကြီးမားကျယ်ပြန့်လှသော သမုဒ္ဒရာများအားလုံးကို ဖြတ်ကျော်သွားခဲ့ပြီ ဖြစ်သည်။

ကုန်းမြေတစ်ခုလုံးမှာ နှစ်ထောင်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် သမိုင်းတွင် တစ်ခါမျှ မရှိခဲ့ဖူးသော ဧရာမ ရေခဲခေတ်ကြီး တစ်ခုကို နောက်ဆုံးတွင် ရင်ဆိုင် ကြုံတွေ့လိုက်ရပြီ ဖြစ်သည်။

ဤအခိုက်အတန့်၌ မရေမတွက်နိုင်သော လူများမှာ အိပ်မောကျနေစဉ်အတွင်း အအေးဒဏ်ကြောင့် လန့်နိုးလာခဲ့ကြတော့သည်။

"အဖေ... သား အရမ်း ချမ်းတယ်"

ညအချိန်၏ အနက်ပိုင်းတွင် ကလေးငယ်တစ်ဦးမှာ တစ်ကိုယ်လုံး တုန်ယင်နေလျက် စောင်များ အောက်မှနေ၍ ခေါင်းထွက်လာခဲ့ပြီး သူ၏ဖခင်ကို တင်းကျပ်စွာ ဖက်ထားလိုက်တော့သည်။

ဤအခိုက်အတန့်၌ ကလေးငယ်၏ တစ်ကိုယ်လုံး မှာ ရေခဲများအလား အေးစက်နေခဲ့ပြီး ထိုအအေးဒဏ်ကို ဂွမ်းစောင် ထူထူကြီးများဖြင့်ပင် လုံးဝကာကွယ်နိုင်စွမ်း မရှိတော့ပါချေ။

ဧရာမ နှင်းမုန်တိုင်းကြီး၏ရှေ့မှောက်တွင် လူတိုင်းမှာ အဝတ်အစား လုံးဝမဝတ်ဆင်ထားရသည့်အလား အအေးဒဏ်ကို ပြင်းထန်စွာ ခံစားနေကြရတော့သည်။

"ဘာမှ မဖြစ်ပါဘူးကွာ... မကြာခင် ပြီးသွားမှာပါ"

ကုတင်ပေါ်တွင် ဖခင်ဖြစ်သူမှာ အဝတ်အစား များကို ဆင်မြန်းထားလျက် ကလေးငယ် ကို နှစ်သိမ့်ပေးလိုက်ပြီး လျင်မြန်စွာ ကုတင်ပေါ်မှနေ၍ ဆင်းလာခဲ့သည်၊ ဟူးခနဲ အသံနှင့်အတူ အမှောင်ထု အတွင်း၌ စမ်းသပ်ရှာဖွေလိုက်ရာ ခဏအကြာတွင် မီးခြစ်ဆံ ခြစ်လိုက်သံနှင့်အတူ ဆင်းရဲနွမ်းပါးလှသော အိမ်လေး အတွင်း၌ မီးရောင် တစ်ချက် လင်းလက်လာခဲ့ပြီး၊ အိမ်တွင်းရှိ အအေးဒဏ်များကို အနည်းငယ် ဖယ်ရှားပေးလိုက်တော့သည်။

မိသားစု တစ်စုလုံးမှာ အချင်းချင်း ဖက်ထားကြပြီး ဖြည်းညင်းစွာ လောင်ကျွမ်းလာသော မီးသွေးခွက်ဘေးတွင် ဝိုင်းထိုင်လျက် အနွေးဓာတ် ကို ရယူနေကြတော့သည်။

"အဖေ... လူတွေ ပြောကြတာ ကပ်ဘေးကြီး ရောက်လာတော့မယ်တဲ့၊ ကမ္ဘာကြီး ပျက်စီးတော့မယ် တဲ့၊ အဲဒါ တကယ်ပဲလား ဟင်"

မီးရောင် အောက်တွင် ကလေးငယ်က ခေါင်းမော့ကာ သူ၏ဖခင်ကို ကြည့်ရင်း အပြစ်ကင်းစင်စွာဖြင့် မေးမြန်းလိုက်တော့သည်။

"ပေါက်ကရတွေ… ဘယ်သူက မင်းကို အဲဒီလို ပြောတာလဲ"

ကလေးငယ်၏စကားကို ကြားလိုက်ရသည့်အခါ ဖခင်ဖြစ်သူ၏မျက်နှာမှာ တင်းမာသွားခဲ့ပြီး အနည်းငယ် လေးနက်သွားတော့သည်။

ဤသမိုင်းတွင် တစ်ခါမျှ မရှိခဲ့ဖူးသော ဧရာမ နှင်းမုန်တိုင်းကြီး ဆင်းသက်လာမှုနှင့်အတူ၊ ကျူးကျိုးဒေသ အနှံ့အပြားတွင် ကောလာဟလများမှာ အစောကြီးကတည်းက ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။

ယခင် အချိန်များက ကျူးကျိုး ကုန်းမြေကြီးတွင် ဤမျှလောက် တောင့်ခံရန် ခက်ခဲလှသော အလွန်အမင်း အေးစက်သည့် အခြေအနေမျိုး လုံးဝမရှိခဲ့ဖူးပါချေ၊ ရာသီဥတု ပြောင်းလဲမှု များမှာလည်း သည်းခံနိုင်သော အတိုင်းအတာ အတွင်း၌သာ ရှိနေခဲ့သည် ဆိုသော်ငြားလည်း၊ ဧရာမ နှင်းမုန်တိုင်းကြီးနှင့် ပတ်သက်သော သတင်းများမှာ အစောကြီးကတည်းက လျှို့ဝှက်ချက် တစ်ခု မဟုတ်တော့ပါချေ။

အရှေ့နှင့် အနောက် တာ့ခ် မဟာမြက်ခင်းပြင် များမှာ မိုင်ထောင်နှင့်ချီ အေးခဲသွားခဲ့ပြီ ဖြစ်သည်။ တိရစ္ဆာန်များအားလုံး အေးခဲသေဆုံးသွားခဲ့ကြပြီး၊ နှင်းမုန်တိုင်း ဖြတ်သန်းသွားပြီးနောက် အလွန်အမင်း ခံနိုင်ရည် ရှိသော မိုးမျှော်သစ်ပင်ကြီးများပင်လျှင် သစ်ပင်ရေခဲအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်၊ ပိုမိုဝေးကွာလှသော မြောက်ပိုင်း ဒေသ များတွင်မူ ပေါ်ဟိုင် ပင်လယ်အော်ရှိ တလိမ့်လိမ့် ထွက်ပေါ်နေသော ပင်လယ်ပြင်ကြီးပင်လျှင် သမိုင်းတွင် တစ်ခါမျှ မရှိခဲ့ဖူးသည့်အလား လုံးဝ အေးခဲသွားခဲ့ပြီ ဖြစ်သည်။

ဤကိစ္စရပ်များ အားလုံးမှာ တံတိုင်းပြင်ပမှနေ၍ ကုန်းတွင်းပိုင်းသို့ အစောကြီးကတည်းက ပျံ့နှံ့ရောက်ရှိလာခဲ့ပြီဖြစ်ရာ၊ ကလေးငယ်များပင်လျှင် သိရှိနေခဲ့ကြပြီ ဖြစ်သည်။ ထို့ပြင် မကြာသေးမီက နန်းတွင်း၏ လုပ်ဆောင်ချက်များမှာ တစ်ခုပြီးတစ်ခု အဆက်မပြတ် ပေါ်ထွက်နေခဲ့ရာ၊ ထိုအရာများမှ သွယ်ဝိုက်သောနည်းဖြင့် ထွက်ပေါ်လာသော တင်းမာသည့် အခြေအနေများက လူတိုင်းကို အရာတစ်ခုခုကို ခံစားသိရှိသွားစေခဲ့ပြီ ဖြစ်သည်။

ထို့အပြင် မြောက်ပိုင်းမှနေ၍ ပြန်လည်ရောက်ရှိလာကြသော ကုန်သည်များထံမှလည်း အထူးသတင်းအချို့ကို သယ်ဆောင်လာခဲ့ကြသည်။

ဧရာမ နှင်းမုန်တိုင်းကြီးမှာ မြောက်ပိုင်းတွင်သာ ရပ်တန့်နေမည် မဟုတ်ပါချေ၊ ၎င်းမှာ မြောက်မှတောင်သို့ လျင်မြန်စွာ ဆင်းသက်လာနေပြီး မြောက်ဘက်အစွန်းဆုံး နေရာမှနေ၍ ရောက်ရှိလာခြင်းဖြစ်ရာ အနှေးနှင့်အမြန်ဆိုသလို နှင်းမုန်တိုင်းကြီးမှာ အလယ်ပိုင်းဒေသ ဆီသို့ ရောက်ရှိလာမည် ဖြစ်သည်

အရာရာတိုင်း ပေါင်းစပ်သွားသည့် အခါတွင် လူတိုင်း၏ ရင်ထဲ၌ ပိုမို၍ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာစေတော့သည်။

"ဖူအာလေး မှတ်ထားနော်၊ နေမင်းကြီး တောင်မှ ဝင်သွားတဲ့ အချိန် ရှိသေးတာပဲ၊ ကြယ်တွေ တောင်မှ ကြွေကျတဲ့ အချိန် ရှိသေးတာပဲ။ ညအမှောင်ကလည်း ဒီနေရာမှာ ထာဝရ တည်ရှိနေမှာ မဟုတ်ပါဘူး၊ တစ်နေ့ကျရင် မြေပြင်ကြီးတစ်ခုလုံး ပြန်လည် နွေးထွေးလာပြီး ဒီနှင်းမုန်တိုင်းကြီးကလည်း ကျော်လွန်သွားမှာပါ"

ဖခင်ဖြစ်သူက ကလေးငယ်၏ ကျောပြင်လေးကို ဖွဖွလေး ပုတ်ပေးရင်း အဓိပ္ပာယ် နက်ရှိုင်းစွာဖြင့် ဆိုလိုက်တော့သည်။

ကလေးငယ်မှာ မေးစေ့ကို လက်ဖြင့် ထောက်ထားလျက် ဖခင် ဖြစ်သူ ကို ကြည့်ရင်း နားလည်သလိုလို နားမလည်သလိုလို ဖြစ်နေတော့သည်။

"အဖေ... မျိုးနွယ်ခြားဘုရင်က ကျွန်တော်တို့ကို ကယ်တင်မှာပေါ့ နော်… သူက ဒီ ဧရာမ နှင်းမုန်တိုင်းကြီး ကို ဖြေရှင်းပေးမှာပေါ့ နော်၊ ဟုတ်တယ် မလား?"

ရုတ်တရက် အရာတစ်ခုခုကို စဉ်းစားမိသွားသည့်အလား ကလေးငယ်က ခေါင်းမော့ကာ ဖခင်ဖြစ်သူကို မျှော်လင့်ချက်များ အပြည့်ဖြင့် ကြည့်ရင်း မေးမြန်းလိုက်တော့သည်။

"ဟုတ်တယ်၊ သူ ကယ်တင်မှာပါ။ သူ သေချာပေါက် ကယ်တင်မှာပါ"

ဖခင်ဖြစ်သူဖြစ်သူမှာ မှင်တက်သွားခဲ့ပြီး မျက်ဝန်းများထဲတွင် အနည်းငယ် တွေဝေသွားခဲ့သော်လည်း လျင်မြန်စွာပင် ခေါင်းညိတ်ပြလိုက်ပြီး ဆိုလိုက်တော့သည်။

လက်ရှိ မဟာထန်တွင် နှင်းမုန်တိုင်းကြီး သက်သက်သာ မဟုတ်ပါချေ၊ အရှေ့မြောက်ဘက် ယိုကျိုးဒေသတွင် မဟာထန် ၏ အဓိက စစ်သည် တစ်သန်းကျော်ခန့် မှာ ထိုနေရာတွင် အားလုံး စုစည်းနေကြပြီး အရှေ့မြောက်ပိုင်း နိုင်ငံအသီးသီးနှင့် ယိုကျိုး ပုန်ကန်သူများ မဟာထန်၏ ရှင်ခြင်း၊ သေခြင်းနှင့် သက်ဆိုင်သော နောက်ဆုံး အဆုံးအဖြတ် တိုက်ပွဲကြီးကို ဆင်နွှဲနေကြရာ၊ စစ်ပွဲ၏ရလဒ်မှာ မည်သို့ဖြစ်လာမည်လဲဆိုသည်ကို မည်သူကမျှ ကြိုတင် မသိရှိနိုင်သေးပါချေ။

လက်ရှိ မဟာထန်မှာ အမှန်တကယ်ပင် အတွင်းရန် အပြင်ရန် ပြည့်နှက်နေသောအခြေအနေ သို့ ရောက်ရှိနေပြီ ဖြစ်၏။

ယခုအချိန်တွင် လူတိုင်းအနေဖြင့် ဘာမ လုပ်ဆောင်၍ မရနိုင်တော့ပါချေ၊ မျှော်လင့်ချက်များ အားလုံးကို ဝမ်ချောင်၏အပေါ်သို့သာ ပုံအပ်ထားရုံ သာ ရှိတော့သည်။ ယခင်ကကဲ့သို့ပင် သူသည် မဟာထန်ကို ဤ အခက်အခဲကြီး အတွင်းမှနေ၍ အောင်မြင်စွာ ခေါ်ဆောင်သွားနိုင်လိမ့်မည်ဟု လူတိုင်း မျှော်လင့်နေကြတော့သည်။

ယခုအခါ ဝမ်ချောင်မှာ မဟာထန်၏ အထက်ပိုင်း နန်းတွင်းမှသည် အောက်ပိုင်း ပြည်သူပြည်သားများအထိ အလယ်ပိုင်းဒေသ ကုန်းမြေတစ်ခုလုံး၏ စိတ်ဓာတ်ပိုင်း ဆိုင်ရာ ယုံကြည်ကိုးကွယ်ရာတစ်ခုအဖြစ်သို့ သွယ်ဝိုက်သော နည်းဖြင့် အစောကြီးကတည်းက ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

"မျိုးနွယ်ခြားဘုရင်... အရာရာတိုင်းကို မင်းကိုပဲ အားကိုးရတော့မယ်"

မီးသွေးခွက်ဘေးတွင် ဖခင်ဖြစ်သူ၏မျက်ဝန်းများမှာ ဝေဝါးနေခဲ့ပြီး ရင်ထဲ၌ မျှော်လင့်ချက်များ အပြည့်ဖြင့် ရေရွတ်နေမိတော့သည်။

......

ရှည်လျားလှသော ညအချိန် မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး မိုးလင်းလာသည့် အခါတွင်မူ လောကကြီး တစ်ခုလုံး အေးခဲနေသည်ကို မြင်တွေ့လိုက်ရသည့် အခါမှသာ၊ နန်းတွင်းအနေဖြင့် အဘယ်ကြောင့် ရိက္ခာများနှင့် အနွေးထည်ပစ္စည်းများကို ဤမျှလောက် အများအပြား ကြိုတင်စုဆောင်းထားရသနည်း၊ အိမ်တိုင်း အိမ်တိုင်း ကို အဘယ်ကြောင့် မြေအောက်ခန်း များကို တူးဖော်ခိုင်းရသနည်း ဆိုသည်ကို ကုန်းမြေလောက ကြီးပေါ်ရှိ မရေမတွက်နိုင်သော ပြည်သူများ နောက်ဆုံးတွင် နားလည်သွားကြတော့သည်။

" သခင်ကြီး ကျန်း... အခြေအနေ တွေ ဘယ်လို ရှိလဲ"

ဤအခိုက်အတန့်၌ မြို့တော် အနောက်ဘက်ရှိ ယာယီတစ်ခု အတွင်း၌ မီးသွေးခွက် ဆယ်ဂဏန်းခန့်ကို မီးမွှေးထားခဲ့ပြီး၊ ရွှီချီချင်မှာ ထူထပ်လှသော မြေခွေး သားမွေး ဝတ်ရုံကို ဆင်မြန်းထားလျက် ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်နေခဲ့သည်။ သူမ၏ရှေ့တည့်တည့်ရှိ စားပွဲပေါ်တွင်မူ စာရွက်စာတမ်းများမှာ တောင်ကြီးများအလား ပုံနေတော့သည်။

သူမ၏ ရှေ့တည့်တည့်တွင် ရှိနေသူမှာ ဘဏ္ဍာရေး ဝန်ကြီး ကျန်းဆုန့်ပင် ဖြစ်သည်။

သူတို့ နှစ်ဦး မှလွဲ၍ အခြားသော အရာရှိ အမြောက်အမြား မှာလည်း ဤနေရာတွင် အတူတကွ စုဝေးနေကြသည်။

"အခြေအနေက သိပ်မကောင်းဘူး၊ ငါတို့ အစောကြီးကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့တယ် ဆိုပေမဲ့၊ မြို့ထဲမှာ အအေးဒဏ်ကြောင့် သေဆုံးသွားတဲ့ ပြည်သူ အရေအတွက်က ထောင်ဂဏန်းလောက် ရှိနေတယ်၊ အဓိကကတော့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ ပါပဲ၊ အိပ်မောကျနေတဲ့ အချိန်မှာပဲ ဒီအတိုင်း အသက် ထွက်သွားကြတာ"

"မြို့တော်လို နေရာမျိုးမှာတောင် နန်းတွင်း ဘက်က အကြိမ်ကြိမ် သတိပေး ကြေညာချက်တွေ ထုတ်ပြန်ပြီး အိမ်တိုင်း အိမ်တိုင်း ကို သွားရောက် စစ်ဆေးပြီး လိုအပ်တဲ့ ပြင်ဆင်မှုတွေ အပြည့်အဝ လုပ်ဖို့ တိုက်တွန်းခဲ့တာတောင်မှ ဒီလောက် များပြားတဲ့ သေဆုံးမှု တွေ ရှိနေသေးတယ်ဆိုရင် တခြား နေရာတွေမှာ ဆိုရင် ပိုပြီးတော့တောင် ဆိုးရွားနိုင်သေးတယ်"

ကျန်းဆုန့်မှာ ရင်ထဲ၌ အလွန်အမင်း လေးလံနေခဲ့ပြီး ပြောဆိုလိုက်တော့သည်။

ဧရာမ နှင်းမုန်တိုင်းကြီး ဆင်းသက်လာခဲ့ပြီး တစ်ညတည်းအတွင်း ကုန်းမြေကြီး တစ်ခုလုံး အေးခဲသွားခဲ့ရာ၊ နန်းတွင်းအနေဖြင့် ပထမဆုံးအနေဖြင့် ဆုံးရှုံးမှုများကို စစ်ဆေးရန်နှင့် နောက်ဆက်တွဲ ပြင်ဆင်မှုလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်ရန် လူများကို ချက်ချင်း စေလွှတ်ခဲ့သည်။

ကြိုတင်ပြင်ဆင်ထားသည့် အခြေအနေမျိုးမှာပင် ပြည်သူ ထောင်နှင့်ချီ သေဆုံးသွားခဲ့ရရာ ကျန်းဆုန့်အနေဖြင့် တွေးတောဝံ့ခြင်းပင် မရှိတော့ပါချေ။ အကယ်၍ ဝမ်ချောင်ဘက်မှ သတိပေးချက်သာ မရှိခဲ့ပါက၊ နန်းတွင်းကို ဤကိစ္စအတွက် အစွမ်းကုန် ပြင်ဆင်ရန် အတင်းအကျပ် တိုက်တွန်းခဲ့ခြင်းသာ မရှိခဲ့ပါက၊ ဤ ဧရာမ နှင်းမုန်တိုင်းကြီး ၏ အောက်တွင် မည်ကဲ့သို့သော နောက်ဆက်တွဲ ရလဒ်များ ဖြစ်ပေါ်လာမည်ကို တွေးတောရုံဖြင့်ပင် ကြောက်ရွံ့ တုန်လှုပ်မိတော့သည်။

ရွှီချီချင်မှာ စကားတစ်ခွန်းမျှ မဆိုခဲ့ပါချေ၊ သူမ၏ ရင်ထဲတွင်လည်း အလားတူပင် လေးလံနေတော့သည်။

ဤတစ်ကြိမ် အအေးဒဏ် ကာကွယ်ရေး လုပ်ငန်းစဉ်များတွင် သူမသည် ဝမ်ချောင်၏ အကြံပြုချက်ဖြင့် အတိုင်ပင်ခံအနေဖြင့် ဤကိစ္စများကို ပူးပေါင်း ဆောင်ရွက်ပေးရန် တာဝန် ယူထားရခြင်း ဖြစ်သည်။

မဟာထန်တွင် ကျူးကျိုးဒေသ ဆယ့်ငါးခု ရှိပေသည်။ ဤသည်မှာ ဧရာမ နှင်းမုန်တိုင်းကြီး ဆင်းသက်လာသည့် ပထမဆုံးနေ့တွင်ပင် ကုန်းမြေကြီး ပေါ်၌ သေဆုံးသူ အရေအတွက် သောင်းနှင့်ချီ ရှိနေပြီ ဖြစ်ကြောင်းကို ဆိုလိုခြင်း ဖြစ်သည်၊ နောက်ပိုင်းတွင် ဧရာမ နှင်းမုန်တိုင်းကြီး မှာ ပိုမို၍ ဆိုးရွားလာသည့် အခါတွင် သေဆုံးမှု အခြေအနေများ မှာ ပိုမို၍ ကြောက်မက်ဖွယ် ကောင်းလာလိမ့်မည် ဟုသာ ထင်ရပေသည်။

"ရိက္ခာ အခြေအနေ တွေကော ဘယ်လို ရှိလဲ?"

ရွှီချီချင်က ခေတ္တမျှ စဉ်းစား တွေးတောလိုက်ပြီးနောက် ဆက်လက်၍ မေးမြန်းလိုက်တော့သည်။

"ရိက္ခာ အခြေအနေကတော့ တော်တော်လေး လုံလောက်မှု ရှိပါသေးတယ်၊ အခုလို အခြေအနေမျိုးမှာ ခြိုးခြံချွေတာပြီး စားမယ် ဆိုရင် အချိန်အတော်ကြာအောင် တောင့်ခံထားနိုင်ပါသေးတယ်"

ကျန်းဆုန့် က လေးနက်သော အသံဖြင့် ဆိုလိုက်တော့သည်။

မဟာထန်၏ သယံဇာတများမှာ အလွန်ပင် ပေါများ ကြွယ်ဝလှပေသည်။ ထို့ပြင် နှစ်ပေါင်းများစွာ ကြာအောင် ငြိမ်းချမ်းနေခဲ့ပြီဖြစ်ရာ နောက်ဆုံးတွင် ရိက္ခာများ အမြောက်အမြားကို စုဆောင်းထားနိုင်ခဲ့ပြီ ဖြစ်သည်။

ဤသည်မှာလည်း မဟာထန်အနေဖြင့် ဤအလွန်အမင်း အေးစက်လှသော နှင်းမုန်တိုင်းကြီး၏ ရှေ့မှောက်တွင် ရရှိထားသော အားသာချက်တစ်ခုပင် ဖြစ်တော့သည်။

"ဒါပေမဲ့ မျက်စိရှေ့က အခြေအနေတွေအရ ကြည့်မယ်ဆိုရင်တော့ အနွေးဓာတ် ရယူနိုင်တဲ့ ပစ္စည်းတွေက အချိန်အကြာကြီး တောင့်ခံထားနိုင်မှာ မဟုတ်ဘူး၊ ကျောက်မီးသွေးတွေ၊ မီးဆီတွေ အားလုံးက ခြောက်လ အတွင်းမှာ တူးဖော်ထားတာတွေပဲ ဆိုတော့ ပြည်သူတွေအားလုံး သုံးစွဲဖို့ လုံလောက်အောင် ထောက်ပံ့ပေးနိုင်ဖို့ဆိုတာ လုံးဝမလွယ်ကူဘူး၊ ဒါ့အပြင် ဒေသအသီးသီးက အစိုးရ ရုံးတွေကလည်း အစောပိုင်း ကတည်းက လူတွေကို တောင်ပေါ် တက်ပြီး သစ်ပင်ခုတ်ဖို့၊ သစ်သား မီးသွေး တွေ ဖုတ်ဖို့ စီစဉ်ထားခဲ့တယ် ဆိုပေမဲ့၊ ဒါက မီးလောင်နေတဲ့ လှည်းတစ်စီးကို ရေတစ်ခွက်နဲ့ ငြိမ်းသတ်သလို ဘာမှ အကျိုး မရှိပါဘူး"

"ကြားရသလောက်တော့ နန်းတော်ထဲမှာတောင်မှ အရှင်မင်းကြီးက လူမနေတဲ့ နန်းဆောင်တွေနဲ့ အဆောက်အအုံ တွေကို ဖျက်သိမ်းပြီး အအေးဒဏ်ကို ကာကွယ်ဖို့ ထင်းအဖြစ် အသုံးပြုနေရတယ် တဲ့"

ကျန်းဆုန့်က ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် ဆက်လက်၍ ဆိုလိုက်တော့သည်။

"အကယ်၍ မလုံလောက်ဘူးဆိုရင် ပြည်သူပြည်သားတွေကို သူတို့ရဲ့ အိမ်တချို့ကို ဖျက်သိမ်းပြီး အဲဒီက သစ်သားတွေကို အနွေးဓာတ် ရယူဖို့ အသုံးပြုခိုင်းလိုက်ပါ၊ ဆုံးရှုံးမှုတွေ အားလုံးကို နောက်ပိုင်းကျရင် နန်းတွင်ကနေ အပြည့်အဝ လျော်ကြေး ပေးသွားမှာပါ၊ နန်းတော်ထဲမှာတောင် အရှင်မင်းကြီးက နန်းတော်စောင့် တပ်တွေကို အဲဒီလို လုပ်ဖို့ အမိန့်ပေးထားပြီးပြီ"

ထိုအချိန်မှာပင် ထည်ဝါလှသော အသံကြီးတစ်ခုမှာ ယာယီ ရုံးခန်းအတွင်း၌ ထွက်ပေါ်လာခဲ့သည်။ စုန့်ဘုရင်မှာ ဝတ်ရုံကို ဆင်မြန်းထားလျက်၊ မူလက ဘေးတွင် အမြဲတမ်း နားထောင်နေခဲ့ရာမှ ဤအချိန်တွင် ရုတ်တရက် ဝင်ရောက် ပြောဆိုလိုက်ခြင်းပင် ဖြစ်တော့သည်။

"ဟုတ်ကဲ့ပါ"

ကျန်းဆုန့်မှာ ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ပြီး လျင်မြန်စွာ ခေါင်းငုံ့ကာ အရိုအသေ ပေးလိုက်တော့သည်။

******

All Chapters