အခန်း ၂၂၂၀
Vol. 138 Ch. 2220
အခန်း (၂၂၂၀) နှင်းမုန်တိုင်းကို ဖြတ်ကျော်ရမည့် လေ့ကျင့်မှုပုံစံ
အနောက် တာ့ခ်ရှိ သက်ကြီးရွယ်အို၊ အမျိုးသမီးနှင့် ကလေးသူငယ်များမှာ ယခုအခါ နောက်ဘက်သို့ ပြောင်းရွှေ့သွားကြပြီး မဟာထန်၏ ကုန်းတွင်းပိုင်း မြို့တော်များ အတွင်းသို့ ရောက်ရှိသွားကြပြီ ဖြစ်သည်။ ချင်းယန် သခင်လေးနှင့် လီကျွင်းရှန်းတို့မှာ အနောက် တာ့ခ် အင်ပါယာ၏ စစ်အင်အား ဆုံးရှုံးမှု များပြားလွန်းသည်ကို မြင်တွေ့လိုက်ရပြီးနောက်၊ အနောက် တာ့ခ် အင်ပါယာ အနေဖြင့် တာ့လုံထင်လင်းဘက်သို့ ကူးပြောင်း သွားမည်ကို စိုးရိမ်နေကြသည်။
သို့သော် ဟူးဘားရှ်နှင့် အနောက် တာ့ခ် အင်ပါယာ တစ်ခုလုံး အတွက်မူ၊ နှင်းမုန်တိုင်းကြီး စတင် ဆင်းသက်လာသည့်အချိန်မှ စတင်၍၊ သူနှင့် ထိုဖမ်းဆီးခံခဲ့ရသော ဖခင်ဖြစ်သူ (ယခင် ခါဂန်း) အပါအဝင် အပေါ်အောက် အားလုံးမှာ အနောက် တာ့ခ် အင်ပါယာ အနေဖြင့် ဤကပ်ဘေးကြီးကို ကျော်ဖြတ်နိုင်ရန်အတွက် အဖိုးအခမပေးဘဲ လုံးဝမဖြစ်နိုင်ကြောင်းကို အစောကြီးကတည်းက နားလည်သဘောပေါက်ထားကြပြီ ဖြစ်သည်။
လက်ရှိတွင် အနောက် တာ့ခ်အနေဖြင့် စစ်သည် အမြောက်အမြား ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သော်လည်း၊ အနည်းဆုံးတော့ သက်ကြီးရွယ်အို၊ အမျိုးသမီး နှင့် ကလေးသူငယ်များ အားလုံး၏ အသက်ရှင်သန်နိုင်ရေး ပြဿနာကို ဖြေရှင်းပေးနိုင်ခဲ့ပြီဖြစ်ရာ၊ အနောက် တာ့ခ် အတွက်မူ နောက်ကွယ်တွင် ပူပန်စရာ လုံးဝမရှိတော့ပါချေ။ အသက်ရှင်ခြင်း သေဆုံးခြင်း ဆိုသည်မှာမူ တွေးတောရမည့် ကိစ္စရပ်များ ထဲတွင် ပါဝင်တော့မည် မဟုတ်ပါချေ။
"တောင်းပန်ပါတယ်၊ အခုအခြေအနေက ငါတို့အနေနဲ့လည်း မတတ်သာလို့ပါ၊ နောက်ဆုံးတော့ ငါတို့ နောက်ကွယ်မှာ မဟာထန် တစ်ခုလုံး ရှိနေတာမို့လို့ သတိထားဖို့ လိုအပ်ပါတယ်"
"ဒီတိုက်ပွဲ ပြီးတဲ့အခါမှာ ငါတို့ မှားယွင်းသွားတယ် ဆိုတာကို သက်သေပြနိုင်ရင်၊ ငါတို့ ကိုယ်တိုင် ဒူးထောက် တောင်းပန်ပါ့မယ်။ အရှင်မင်းကြီးနဲ့ အနောက် တာ့ခ် အင်ပါယာတစ်ခုလုံးကို လျော်ကြေး ပေးပါ့မယ်။ အနာဂတ်မှာလည်း မဟာထန်အနေနဲ့ အနောက် တာ့ခ် အင်ပါယာနဲ့ ဒီစစ်ပွဲမှာ အသက်စွန့်ခဲ့တဲ့ စစ်သည် အားလုံးကို လုံးဝမနစ်နာစေရပါဘူး"
ချင်းယန် သခင်လေးက လေးနက်သော အသံဖြင့် ဆိုလိုက်သည်။
ဟူးဘားရှ်က ဤစကားကို ကြားလိုက်ရသည့်အခါ အသာယာ ပြုံးလိုက်ပြီး လုံးဝ ဂရုမစိုက်နေတော့ပါချေ။
အမှန်တကယ်တွင်မူ ဤအရာ မတိုင်မီကပင် သူ ဖြစ်စေ၊ ချင်းယန် သခင်လေး သို့မဟုတ် လီကျွင်းရှန်းဖြစ်စေ၊ သုံးဦးစလုံးမှာ ဤအခြေအနေကို အစောကြီးကတည်းက သတိပြုမိသွားကြပြီး ဖြစ်သည်။ ဟူးဘားရှ်က မိမိကိုယ်ကို ပြန်လည်မေးခွန်းထုတ် ကြည့်လိုက်ရာ သူသာလျှင် အလားတူ အနေအထားမျိုးတွင် ရှိနေမည် ဆိုပါက အလားတူ စိုးရိမ်စိတ်များ ရှိနေမည်သာ ဖြစ်ကြောင်း သိရှိနေသည်။
အရာရာတိုင်းကို ရင်ထဲတွင် ဖိနှိပ်ထားပြီး မပြောဆိုဘဲ နေပါက ပို၍သာ ဆိုးရွားလာလိမ့်မည်။ ယခုကဲ့သို့ ပွင့်လင်းစွာ ပြောဆိုခြင်းကသာ နောင်တွင် ဖြစ်ပေါ်လာမည့် ဘေးဒဏ်များကို လျော့ပါးသွားစေနိုင်မည် ဖြစ်ရာ အကျိုးမရှိဟု ဆို၍ မရနိုင်ပါချေ။
"ပြောရရင်တော့ ငါတို့ လုပ်နိုင်တာက ဘေးကနေပြီး တားဆီးပေးဖို့ သက်သက်ပါပဲ၊ အရာရာတိုင်းက အရှင်ရဲ့ ယိုကျိုးက စစ်ပွဲ ရလဒ် ပေါ်မှာပဲ မူတည်နေတာပါ"
ဟူးဘားရှ်က ဆိုလိုက်သည်။
စကားတစ်ခွန်းတည်း ဖြင့် လူတိုင်းမှာ တိတ်ဆိတ်သွားကြတော့သည်။ သံမဏိမြို့တော်၏ တိုက်ပွဲမှာ အလွန် ပြင်းထန်လှသည် ဆိုသော်ငြားလည်း၊ ယိုကျိုး နှင့် နှိုင်းယှဉ်ပါက အဆင့် တစ်ခုထက်မက ကွာခြားနေဆဲပင် ဖြစ်သည်။
ဝမ်ချောင်မှာ ဤစစ်ပွဲ၏ အဓိက သော့ချက်ပင် ဖြစ်တော့သည်။
ထို့အပြင် သံမဏိမြို့တော်၏ မြေအောက်ရှိ စစ်အစီအရင် မှာလည်း ဝန်ပိုများစွာဖြင့် လည်ပတ်နေခဲ့ရာ၊ နောက်ဆုံးတွင် ဆယ်ရက်ကျော်ခန့်သာ ကြာမြင့်တော့မည် ဖြစ်သည်။ အကယ်၍ ထိုအချိန်အတွင်း ဝမ်ချောင်က ယိုကျို တွင် အောင်ပွဲ မရရှိသေးပါက သံမဏိမြို့တော်မှာလည်း ပြိုကွဲသွားရမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။
ဤတိုက်ပွဲအတွက် လူတိုင်းမှာ အဆိုးရွားဆုံး အခြေအနေ ကို ကြိုတင် ပြင်ဆင်ထားကြပြီး ဖြစ်သည်။ သို့သော် မည်သူမျှ နှုတ်ဖြင့် ထုတ်ဖော် မပြောဆိုကြပါချေ။
"အရှင်…. အခု အရာရာတိုင်းက ခင်ဗျား အပေါ်မှာပဲ မူတည်နေပြီ"
ဤအခိုက်အတန့်၌ သူတို့ သုံးဦး၏ ရင်ထဲတွင် တူညီသော အတွေးများ ဖြတ်ပြေးသွားခဲ့သည်။
......
နှင်းမုန်တိုင်းများ ပြင်းထန်စွာ တိုက်ခတ်နေခဲ့ပြီး၊ ယခုအချိန်တွင် အရှေ့မြောက်ဘက် ရှေ့တန်းရှိ သံမဏိမြို့တော်တွင် ဝမ်ချောင်၏အခြေအနေမှာလည်း အလွန်ပင် တင်းမာနေဆဲပင် ဖြစ်သည်။
သံမဏိမြို့တော် ၏ မြောက်ဘက် မြင့်မားလှသော မြို့ရိုး ပေါ်တွင် ဝမ်ချောင်မှာ သံချပ်ကာများ ဆင်မြန်းထားလျက်၊ ကျန်းချိုးကျန့်ချုံး၊ ကျန်းရှို့ကွေးနှင့် ဝမ်ကျုံးစစ်တို့နှင့်အတူ တစ်တန်းတည်း ရပ်နေခဲ့ပြီး၊ နှင်းမုန်တိုင်းများအကြား၌ ပခုံးချင်းယှဉ်လျက် ရပ်တည်နေကြသည်။ ဝမ်ချောင်မှာ အလယ်ဗဟို တွင် ရပ်နေခဲ့ပြီး ကျန်းချိုးကျန့်ချုံးနှင့် ဝမ်ကျုံးစစ်တို့မှာ ဘေးနှစ်ဖက်တွင် အသီးသီး နေရာယူထားကြသည်။
မြို့ရိုး ပေါ်မှနေ၍ အဝေးဆီကို လှမ်းကြည့်လိုက်ပါက ကောင်းကင်ယံ အပြည့် နှင်းမုန်တိုင်း များမှာ ဧရာမ ရေလှိုင်းကြီးများအလား ဆူညံစွာ ထွက်ပေါ်နေခဲ့ပြီး၊ ခြေလှမ်း အနည်းငယ်ခန့် အကွာအဝေးတွင်ပင် ရှင်းလင်းစွာ မြင်တွေ့နိုင်ခြင်း မရှိတော့ပါချေ၊ အရပ်မျက်နှာအားလုံးမှာ ဖြူဖွေးနေခဲ့ပြီး ဤကဲ့သို့သော ရာသီဥတု မျိုးတွင် လမ်းပျောက်သွားရန် အလွန်ပင် လွယ်ကူလှပေသည်။
သို့သော် လူအချို့မှာ ထိုနေရာတွင် လုံးဝ မလှုပ်မယှက် ရပ်နေခဲ့ကြပြီး အရာတစ်ခုခု ကို စောင့်ဆိုင်းနေသည့်အလား ဖြစ်နေသည်။
"နောက်ထပ် ဘယ်လောက် ကြာဦးမလဲ"
ကျန်းချိုးကျန့်ချုံးက မြောက်ဘက် ယိုကျိုး ရှိရာ အရပ်ဆီသို့ လှမ်းကြည့်ရင်း ရုတ်တရက် မေးမြန်းလိုက်သည်။
"တော်တော်လေး နီးနေပြီ၊ မကြာခင် ဖြစ်လာတော့မယ်"
အနီးအနားရှိ အာပုစစ်က ပြန်လည်ဖြေကြားလိုက်သည်။
လူအုပ်ကြီးမှာ စကားပြောဆိုရာတွင် အစအဆုံး မပါရှိဘဲ ပြောဆိုနေကြသော်လည်း၊ မည်သူမျှ ထပ်မံမမေးမြန်းကြပါချေ၊ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ ဘာကို ဆိုလိုသည်ကို အားလုံး နားလည်နေကြသောကြောင့်ပင် ဖြစ်သည်။
"ရောက်လာပြီ"
ရုတ်တရက် လူတိုင်း၏နားထဲတွင် ဝမ်ချောင်၏အသံကို ကြားလိုက်ရပြီး၊ မျက်တောင်တစ်ခတ်အတွင်း လူတိုင်း၏ရင်ထဲ၌ တုန်လှုပ်သွားခဲ့ကာ အားလုံး တစ်ပြိုင်နက်တည်း မြောက်ဘက် အရပ်သို့ လှမ်းကြည့်လိုက်ကြသည်။
ထိုနေရာတွင် နှင်းမုန်တိုင်း များ ပြင်းထန်စွာ တိုက်ခတ်နေခဲ့ပြီး တစ်ချက် ကြည့်လိုက်ပါက မည်သည့် အရာမျှ ဖြစ်ပေါ်မလာသကဲ့သို့ ထင်ရသော်လည်း၊ လျင်မြန်စွာပင် လူတိုင်းမှာ လေပြင်းများ အတွင်းမှ ထွက်ပေါ်လာသော ဟိန်းသံကြီးကို ကြားလိုက်ရသည်။ ထိုအသံမှာ သာမန် စစ်မြင်းများ၏ အသံနှင့် လုံးဝကွဲပြားခြားနားနေပြီး၊ ပုပ်သိုးဆွေးမြည့်နေသော အနံ့အသက်များကိုပင် သယ်ဆောင်လာသကဲ့သို့ ခံစားလိုက်ရသည်။
နီးကပ်လာပြီ။
ပို၍ နီးကပ်လာပြီ။
နှင်းမုန်တိုင်းများ ဖုံးလွှမ်းနေပြီး မည်သည့်အရာမျှ မမြင်တွေ့ရဘူး ဆိုသော်ငြားလည်း၊ သူတို့အားလုံးမှာ အချိန်ကြာမြင့်စွာ နာမည်ကျော်ကြားခဲ့ပြီး တစ်လောကလုံးသို့ ပျံ့နှံ့နေသော အင်ပါယာ၏ဗိုလ်ချုပ်များ ဖြစ်ကြသည်။ တစ်ဦးစီတိုင်းမှာ သာမန် မဟုတ်သော သိုင်းစွမ်းအားများကို ပိုင်ဆိုင်ထားကြရာ လေပြင်းနှင့် နှင်းမုန်တိုင်းများမှာ သူတို့၏ အာရုံခံနိုင်စွမ်းကို လုံးဝတားဆီးနိုင်မည် မဟုတ်ပါချေ။
မြင်းခွာသံများ ဆူညံသွားမှုနှင့်အတူ ဟာလာဟင်းလင်းပြင်ကြီးကို ဖောက်ထွက်လျက် မြောက်ဘက်ရှိ နှင်းမုန်တိုင်း များ၏ အနက်ပိုင်းတွင်၊ ထိုရွဲလော့ဟယ်များမှာ သံချပ်ကာများ ဆင်မြန်းလျက် တစ်ဦးချင်းစီ ပြည့်နှက်နေပြီး သံမဏိခံတပ်ရှိရာ အရပ်ဆီသို့ ပြေးဝင်လာကြသည်ကို သူတို့အားလုံး မြင်တွေ့လိုက်ရတော့သည်၊ သံချေးတက်နေသော သံချပ်ကာများအောက်တွင် အလွန်ထင်ရှားလှသော ခံစားချက် တစ်စုံတစ်ရာ မရှိသည့် နီရဲနေသော မျက်လုံးများမှာ နှင်းမုန်တိုင်းများအကြား၌ အလွန်ပင် ထင်ရှားနေတော့သည်။
စစ်မြင်းများမှာ လေးလံလှပြီး သံမဏိခံတပ်ဆီသို့ အဆက်မပြတ် ပြေးဝင်လာကြသည်။ ဤ ရွဲလော့ဟယ်များ၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လှပြီး နှင်းမုန်တိုင်းများအကြားတွင် ရေထဲရောက်သွားသော ငါးတစ်ကောင်အလား ဖြစ်နေကာ၊ ဤအလွန်အမင်း အေးစက်လှသော ရာသီဥတု၏သက်ရောက်မှုကို အနည်းငယ်မျှ ခံစားရပုံ မပေါ်ပါချေ။
"မြင်လိုက်ရပြီလား?"
ဝမ်ချောင်က အေးဆေးတည်ငြိမ်စွာဖြင့် ရုတ်တရက် မေးမြန်းလိုက်ရာ သူ၏အသံထဲတွင် အဓိပ္ပာယ် နက်ရှိုင်းလှသည့် အရိပ်အယောင် အချို့ ပါဝင်နေသည်။
"အင်း…. ပထမဆုံး နေ့နဲ့ နှိုင်းယှဉ်ကြည့်ရင်၊ စုံစမ်း ထောက်လှမ်းဖို့ ရောက်လာတဲ့ ရွဲလော့ဟယ် အရေအတွက်က ဆယ်ဆ လောက် တိုးလာတယ်။ အယောက် တစ်ရာကျော်လောက် ရှိနေပြီ၊ ဒါက သူတို့ရဲ့ စစ်ဆင်ရေး အဖွဲ့ငယ်တစ်ခုရဲ့ အရေအတွက် ဖြစ်ရမယ်"
ဝမ်ကျုံးစစ်က ခေါင်းညိတ်ပြလိုက်တော့သည်။
"ရွဲလော့ဟယ်တွေတင် မဟုတ်ဘဲ သူတို့နောက်က လိုက်ပါလာတဲ့ နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့ မှ စစ်သည် အရေအတွက် လည်း တိုးလာတယ်၊ အခုဆိုရင် အယောက် ခုနစ်ဆယ်၊ ရှစ်ဆယ်လောက် ဖြစ်သွားပြီ၊ မျက်နှာချင်းဆိုင် အခြေအနေအရ ကြည့်မယ်ဆိုရင် ဒီစစ်သည် ခုနစ်ဆယ်၊ ရှစ်ဆယ်လောက်မှာ ရွဲလော့ဟယ်တွေလိုပဲ အေးစက်လှတဲ့ ရာသီဥတုရဲ့သက်ရောက်မှုကို လုံးဝမခံရဘူး၊ မမှားဘူးဆိုရင် သူတို့ဟာ ရွဲလော့ဟယ်တွေရဲ့ ခွန်အားကို အသုံးပြုပြီး နိုင်ငံအသီးသီးရဲ့စစ်တပ်တွေကို နှင်းမုန်တိုင်းနဲ့ အလွန်အေးစက်လှတဲ့ ရာသီဥတုတွေ အကြားမှာ လွတ်လပ်စွာ သွားလာနိုင်အောင်၊ အအေးဒဏ်ကို မခံစားရအောင် ပြုလုပ်ပေးတဲ့ နည်းလမ်းတစ်ခုခုကို စမ်းသပ်နေတာ ဖြစ်ရမယ်"
ကျန်းရှို့ကွေးက မြောက်ဘက် ယိုကျိုး ကို လှမ်းကြည့်ရင်း ဆက်လက်၍ ဆိုလိုက်သည်။
စုကျန်းချန် လက်ထက်တွင် ဝမ်ကျုံးစစ် နှင့် ကျန်းရှို့ကွေးမှာ အင်ပါယာ၏ ထိပ်တန်း တောင်ကြီးများအလား ဖြစ်ကြသည်။ သူတို့မှာ အင်ပါယာ ၏ အရေးကြီးသော ဝန်ကြီးများ ဖြစ်ကြသော်လည်း သူတို့ အကြားတွင်မူ အပြိုင်အဆိုင် များ ရှိနေခဲ့ကြသည်။ သူတို့ နှစ်ဦးမှာ အပြိုင်အဆိုင်မျဉ်းများအလား တစ်ဦးနှင့်တစ်ဦး ဆုံတွေ့ရန် ခက်ခဲလှသည်။ ဝမ်ကျုံးစစ်မှာ တစ်ဖက်သတ် ဖြစ်သော်လည်း၊ ကျန်းရှို့ကွေး စိတ်ဓာတ်မှာ မာနထောင်လွှားလှပြီး ဝမ်ကျုံးစစ်ကို အမြဲတမ်း မနာလို ဖြစ်နေခဲ့သည်။ ၎င်းကို ထုတ်ဖော် မပြောဆိုခဲ့သော်လည်း အမှန်တကယ်ပင် ဖြစ်ပျက်ခဲ့သည်။ သို့သော် ယခုအခါတွင်မူ သူတို့ နှစ်ဦးမှာ ဝမ်ချောင်၏ဘေးဘီ ဝဲယာတွင် ပူးပေါင်းလျက် စစ်ပွဲကို အတူတကွ တိုက်ခိုက်နေကြသည်။ ဤအရာမှာ စုကျန်းချန်ပင်လျှင် တွေးတော နိုင်မည် မဟုတ်သောအရာဖြစ်ပြီး ဝမ်ချောင်တစ်ဦးတည်းသာ လုပ်ဆောင်နိုင်သောအရာပင် ဖြစ်တော့သည်။
"နိုင်ငံအသီးသီးဘက်က ဒီနည်းလမ်းကို အသုံးပြုပြီး စစ်တပ်တွေကို လေ့ကျင့်ပေးနေတာ၊ မမှားဘူးဆိုရင် သူတို့ ဒီနည်းလမ်းကို ကျွမ်းကျင်သွားတဲ့အခါကျရင် တိုက်ခိုက်ဖို့ စတင်တော့မှာပဲ"
ကျန်းချိုးကျန့်ချုံးက အရာတစ်ခုခုကို သတိပြုမိသွားခဲ့ပြီး လေးနက်သော အမူအရာဖြင့် ဆိုလိုက်သည်။
လက်ရှိ အခြေအနေမှာ လုံးဝအန္တရာယ်မရှိသော အခြေအနေသို့ မရောက်ရှိသေးပါချေ၊ ရွဲလော့ဟယ်များမှာ အစွမ်းထက်လှသည် ဆိုသော်ငြားလည်း၊ လူနှင့်မြင်း တစ်သားတည်း ဖြစ်နေလျက် မြန်နှုန်းမြင့် တိုက်ခိုက်သည့်အချိန်တွင်သာ အကြီးမားဆုံးသော ခွန်အားကို ပြသနိုင်ခြင်း ဖြစ်သည်။ သို့သော် မြို့ရိုးပေါ်တွင်ဆိုလျှင်မူ စစ်မြင်းမှာ အသုံးဝင်မှု မရှိတော့ပါချေ၊ မည်မျှပင် အစွမ်းထက်သော စစ်မြင်းဖြစ်စေ မြို့ရိုးပေါ်သို့ ပျံတက်သွားနိုင်မည် မဟုတ်ပါချေ။
ရွဲလော့ဟယ် များမှာ မြင်းမပါဘဲ လက်ချည်းသက်သက် မြို့ရိုးကို တက်ရောက်ရမည် ဆိုပါက ခြိမ်းခြောက်မှုမှာ အနည်းဆုံး တစ်ဝက်ခန့် လျော့ကျသွားမည် ဖြစ်သည်။ ဤအချက်မှာ ယခင်အချိန်က နိုင်ငံအသီးသီး အနေဖြင့် စစ်ပွဲကို အခွင့်ကောင်းယူ၍ မတိုက်ခိုက်ရခြင်း၏အကြောင်းရင်းပင် ဖြစ်တော့သည်။
သို့သော် နိုင်ငံအသီးသီးမှ တပ်ဖွဲ့များမှာ ရွဲလော့ဟယ်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်သည့် နည်းလမ်းကို ကျွမ်းကျင်သွားပြီး ရွဲလော့ဟယ်၏ ခွန်အားကို အသုံးပြု၍ အအေးဒဏ်ကို ကာကွယ်နိုင်ပြီးနောက် မြို့ရိုးကို အခွင့်ကောင်းယူ တိုက်ခိုက်လာမည်ဆိုပါက အရာရာတိုင်းမှာ အလွန်ပင် ကွဲပြားခြားနားသွားတော့မည် ဖြစ်သည်။
"ငါ အခု စိုးရိမ်နေတာက ဒါမျိုးတင် မဟုတ်ဘူး၊ ဒီ ရွဲလော့ဟယ်တွေက ဘာတွေလဲဆိုတာ ငါ မသိဘူး၊ သူတို့နဲ့ တိုက်ခိုက်ခဲ့တဲ့ အကြီးစား တိုက်ပွဲတွေကို ခင်ဗျားတို့ မြင်တွေ့ခဲ့ပြီး ဖြစ်မှာပါ၊ မဟာထန် အဆင့်မြင့် စစ်သည် အနည်းဆုံး ဆယ်ဦးခန့်ရဲ့ တိုက်ခိုက်မှုကို ခံရတာတောင် သေဆုံးသွားခြင်း မရှိပါဘူး။ ဒါပေမဲ့ ဝူရှန်း သံချပ်ကာမြင်းတပ်တွေ အပေါ်မှာတော့ သာမန် ပြိုင်ဘက်တွေ အဖြစ်သာ ရှိနေကြတယ်"
အာပုစစ်က လေးနက်သော အသံဖြင့် ဆိုလိုက်သည်။ သူ၏မျက်ခုံးများမှာ ကျုံ့နေခဲ့ပြီး ရင်ထဲ၌ အလွန်ပင် လေးလံနေတော့သည်။
အာပုစစ်က ပြောဆိုနေသည်မှာ ဆယ်ရက်ကျော်ခန့်က ဖြစ်ပွားခဲ့သော ထိုစစ်ပွဲကြီးကို ဆိုလိုခြင်း ဖြစ်သည်။ သူသည် စစ်မြေပြင်တွင် ရွဲလော့ဟယ်၏ကိုယ်တွင်းရှိ ပြတ်တောက်သွားသော မြင်းခြေထောက်များမှာ သံလိုက်ဓာတ်ကို ဆွဲဆောင်သကဲ့သို့ လျင်မြန်စွာ ပြန်လည ချိတ်ဆက်သွားသည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်၊ ရွဲလော့ဟယ် စစ်မြင်းများမှာ မြေပြင်ပေါ်သို့ လဲကျသွားပြီးနောက် လျင်မြန်စွာ ပြန်လည်ထရပ်လိုက်ကြသည်၊ ယခင်က ဒဏ်ရာ ရရှိခဲ့ခြင်း လုံးဝ မရှိခဲ့သည့်အလား ဖြစ်နေတော့သည်။ ထိုမြင်ကွင်းက အာပုစစ်ကို အလွန်ပင် တုန်လှုပ်သွားစေခဲ့သည်။
ရွဲလော့ဟယ်များအနေဖြင့် မည်သည့် ပြိုင်ဘက်မျိုးကိုမှ ကြောက်ရွံ့ခြင်း မရှိဘဲ၊ သူတို့ အနေဖြင့် မသေနိုင်သော ကိုယ်ခန္ဓာမျိုးကို ပိုင်ဆိုင်ထားကြသည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စစ်တပ်တစ်ဖွဲ့မှာ နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့၏ လက်ထဲတွင် ရှိနေမည်ဆိုပါက မည်မျှလောက် ကြောက်မက်ဖွယ်ကောင်းမည်ကို တွေးတောရုံဖြင့်ပင် အာပုစစ် ၏ ရင်ထဲ၌ အေးစိမ့်သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။
အကယ်၍ ဝူရှန်း သံချပ်ကာမြင်းတပ်များကဲ့သို့ အကောင်းဆုံး ခံစစ် လက်နက်များဖြစ်သော သံမဏိ သံချပ်ကာများ ရှိနေသည့် စစ်တပ်များပင်လျှင် ရွဲလော့ဟယ်များကို မတားဆီးနိုင်ပါက၊ ထုံလော့ သံချပ်ကာမြင်းတပ်များသာ ဝင်ရောက် တိုက်ခိုက်မည်ဆိုပါက မည်မျှလောက် အချိန်ကြာအောင် တောင့်ခံထားနိုင်မည်နည်း။
ဤအတွေးလေးကို အာပုစစ် တွေးတောမိလိုက်ရုံဖြင့် အလွန်ပင် ကြောက်ရွံ့ တုန်လှုပ်မိတော့သည်။
ဤအခိုက်အတန့်၌ ပြိုင်ဘက်များ ဝိုင်းရံနေဆဲဖြစ်ပြီး အခြေအနေများမှာ အလွန်ပင် တင်းမာနေဆဲ ဖြစ်ရာ စိတ်သက်သာရာ ရရန် အချိန် လုံးဝ မရောက်ရှိသေးပါချေ။
ထိုအချိန်မှာပင် တိတ်ဆိတ်နေသော အခြေအနေများကို ဖြိုခွဲလိုက်သည့်အလား၊ သိမ်းငှက်၏ စူးရှလှသော အော်ဟစ်သံကြီး တစ်ခုမှာ လေပြင်းများကို ထိုးဖောက်လျက် ကောင်းကင်ယံ အနက်ပိုင်းမှနေ၍ ထွက်ပေါ်လာတော့သည်၊ မျက်တောင်တစ်ခတ်အတွင်း လူတိုင်း၏ရင်ထဲ၌ တုန်လှုပ်သွားခဲ့ပြီး တစ်ပြိုင်နက်တည်း ခေါင်းမော့ကာ ကောင်းကင်ယံကို လှမ်းကြည့်လိုက်ကြတော့သည်။
ကောင်းကင်ယံတွင် နှင်းမုန်တိုင်း များ ပြည့်နှက်နေခဲ့ပြီး မှုန်ဝါးနေခဲ့သော်လည်း ဝမ်ချောင်၊ ဝမ်ကျုံးစစ် တို့၏ စိတ်စွမ်းအင်များ အနေဖြင့် ကောင်းကင်ယံ အနက်ပိုင်းတွင် သိမ်းငှက်အချို့ ပျံဝဲလျက် စုံစမ်းထောက်လှမ်းနေသည်ကို လျင်မြန်စွာ သတိပြုမိသွားတော့သည်။
"ကျန်း သခင်ကြီးက ဒီနေရာကို ရောက်နေတာပဲ"
"ငှက်တွေ ပျံဝဲနေတယ်၊ အကုန်လုံး လှုပ်ရှားနေတယ်"
ယခုကဲ့သို့ အလွန်အမင်း အေးစက်လှသော ရာသီဥတုမျိုးတွင် သိမ်းငှက်များ ပျံဝဲနေခြင်းမှာ အလွန်ပင် ထင်ရှားလှပေသည်။
"ဘာတွေ ဖြစ်နေတာလဲ?"
ဝမ်ချောင်က ကောင်းကင်ယံကို မော့ကြည့်လျက် ခေါင်းလှည့် မကြည့်ဘဲ မေးမြန်းလိုက်တော့သည်။
"ရွဲလော့ဟယ် တပ်ဖွဲ့မှာ လူ၂၁၀၀၀ လောက် ကျန်ရှိနေသေးတယ်။ နိုင်ငံအသီးသီးရဲ့ တပ်စခန်းတွေမှာလည်း အကာအကွယ်တွေ တင်းကျပ်စွာ ချထားတယ်။ ဒါ့အပြင် တက်ကြွစွာနဲ့ စစ်ပွဲအတွက် ပြင်ဆင်နေတဲ့ အခြေအနေ တွေလည်း ရှိနေတယ်၊ နောက်ထပ် စစ်တပ်ရဲ့ အရှေ့ဘက် နဲ့ အနောက်ဘက် နေရာတွေမှာလည်း စစ်သည် အမြောက်အမြား လေ့ကျင့်နေတဲ့ အခြေအနေ တွေ ကို တွေ့ရှိခဲ့ရတယ်"
သိန်းငှက်အိုကြီး၏ ရင်းနှီးကျွမ်းဝင်နေသောအသံမှာ သူ၏အနောက်ဘက်မှနေ၍ ထွက်ပေါ်လာတော့သည်။
သူ၏ သိုင်းအဆင့်မှာ ဝမ်ချောင်၊ ဝမ်ကျုံးစစ်တို့လောက် မြင့်မားခြင်း မရှိပါချေ၊ ထို့ကြောင့် ကောင်းကင်ယံ အနက်ပိုင်းရှိ သိမ်းငှက်များကို မြင်တွေ့နိုင်ခြင်း မရှိပေ။ သူသည် သိမ်းငှက်များ၏ အော်ဟစ်သံ အတိုအရှည်၊ အမြန်အနှေးပေါ် မူတည်၍ သတင်းအချက်အလက်များကို ခန့်မှန်း ပြောဆိုခြင်းသာ ဖြစ်သည်။
ဤသည်မှာ သိန်းငှက်အိုကြီးက သူ၏ သိမ်းငှက်များအတွက် အထူးတီထွင်ထားသော သတင်းပေးပို့နည်းပင် ဖြစ်သည်။
အကြီးမားဆုံးသော ဧရာမ ရေခဲခေတ်ကြီး ရောက်ရှိလာခဲ့ပြီးနောက်၊ ကောင်းကင်ယံ တွင် ပျံသန်းလေ့ရှိသော ငှက်များမှာလည်း အအေးဒဏ်ကြောင့် မည်မျှလောက်အထိ သေဆုံးသွားခဲ့သည်ကို မည်သူကမျှ မသိရှိနိုင်ပါချေ၊ ဤကဲ့သို့သော အခြေအနေမျိုးတွင် သတင်းအချက်အလက်များ ပေးပို့နိုင်ရန်မှာ အလွန်ပင် ခက်ခဲလှပေသည်။ ဝမ်ချောင်က သံမဏိခံတပ်တွင် တောင့်ခံထားပြီးနောက် သတင်း အချက်အလက် စုံစမ်းရန် အတွက်မူ ဤသိန်းငှက်အိုကြီး လေ့ကျင့်ထားသော သိမ်းငှက်များကိုသာ အားကိုး၍ ဆောင်ရွက်ခဲ့ခြင်း ပင် ဖြစ်တော့သည်။
သိန်းငှက်အိုကြီး လက်ရှိ မွေးမြူထားသော သိမ်းငှက်များမှာ အစောကြီးကတည်းက အလွန်ပင် ပြီးပြည့်စုံသော စနစ်တစ်ခုကို ဖန်တီးထားနိုင်ခဲ့ပြီ ဖြစ်သည်။ ထို့ပြင် အမျိုးမျိုးသော မိသားစု မျိုးနွယ်စု ကြီးများ နှင့် ပူးပေါင်းကာ သိမ်းငှက် အထူးအမျိုးအစားများကို ပိုက်ဆံပေး၍ ဝယ်ယူခဲ့ပြီး သိမ်းငှက် မျိုးစိတ်များကို ပြုစုပျိုးထောင်ခြင်းနှင့် ပိုမိုကောင်းမွန်အောင် ပြုလုပ်ခြင်းများကိုလည်း လုပ်ဆောင်ခဲ့ကြပြီ ဖြစ်သည်။
******