အခန်း ၂၂၂၂
Vol. 138 Ch. 2222
အခန်း (၂၂၂၂) စစ်ရေး ပြင်ဆင်မှုများ ပြုလုပ်ခြင်း
လီထိုက်ယီ၏ နည်းလမ်းများ အရသာဆိုပါက၊ အကယ်၍ သူသာ ဝမ်ချောင်အတွက် အမှန်တကယ်ပင် အရာတစ်ခုခု ကို ချန်ရစ်ထားခဲ့မည် ဆိုပါက
ထိုက်ရှီ၏ ဦးနှောက်ထဲ၌ ဤအတွေးလေး ဖြတ်ပြေးသွားခဲ့ပြီးနောက်၊ ရင်ထဲ၌ မသိစိတ်ဖြင့် ပြင်းထန်လှသော စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာတော့သည်။
"ပေါက်ကရတွေ ဒီလောက် အဆင့်နိမ့်တဲ့ လှည့်ကွက်လေးနဲ့များ ငါကိုယ်တော်ရဲ့ရှေ့မှာ လာကြွားရဲသေးတယ်"
ထိုက်ရှီ က အေးစက်စွာ ဆိုလိုက်တော့သည်။
"ဟွန်း မင်းက မဟုတ်ဘူးလို့ ထင်ရင်လည်း မဟုတ်ဘူးပေါ့"
ဝမ်ချောင်က အေးစက်စက် ပြုံးလိုက်ပြီး ဆက်လက်၍ ငြင်းခုံမနေတော့ပါချေ။
ထိုက်ရှီ၏နှုတ်မှ မယုံကြည်ကြောင်း ပြောဆိုနေသော်လည်း သူ၏မျက်နှာအမူအရာနှင့် ဟန်ပန်များက အရာရာတိုင်းကို အစောကြီးကတည်းက ဖော်ပြနေခဲ့ပြီ ဖြစ်သည်။
တချို့အရာများမှာ ပြောဆိုနေသည်နှင့် တွေးတောနေသည်တို့ လုံးဝတူညီလေ့ မရှိပါချေ။
ထိုက်ရှီတို့ လူစုမှာ သူတော်စင်ဧကရာဇ်နှင့် တစ်သက်လုံး တိုက်ခိုက်လာခဲ့ကြသူများဖြစ်ရာ သူ့ကို အရိုးထဲအထိ မုန်းတီးနေသော်လည်း အရိုးထဲအထိ ကြောက်ရွံ့နေကြဆဲပင် ဖြစ်သည်။
"စကားနဲ့ လာလှည့်စားနေတယ်…သေရမှာကို မကြောက်တဲ့ကောင် ဒီနတ်ဘုရားက မင်းကို နောက်ထပ် ရက်အနည်းငယ်လောက် အခွင့်အရေး ပေးလိုက်မယ်၊ ဘာဖြစ်လဲ.. မြို့ကျသွားတဲ့ အချိန်ကျရင် မင်းရဲ့အခုလို မာနထောင်လွှားမှုတွေအတွက် တန်ဖိုး ပေးဆပ်ရလိမ့်မယ်။ ဒီ သံမဏိခံတပ် ထဲက ဘယ်သူမှ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး"
ထိုက်ရှီက အေးစက်စွာ ဆိုလိုက်တော့သည်။
နောက်ဆုံးတွင် ဝမ်ချောင်ကို နက်နက်ရှိုင်းရှိုင်း တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက်၊ ထိုက်ရှီ၏ ပုံရိပ်မှာ တဖြည်းဖြည်းချင်း မှေးမှိန်သွားခဲ့ပြီး အလင်းတန်းတစ်ချက် လက်သွားကာ ဝုန်းခနဲ မြည်သံနှင့်အတူ အဝေးဆီသို့ လျင်မြန်စွာ ပျံသန်း ထွက်ခွာသွားတော့သည်။ နောက်ဆုံးတွင် သူ၏အရှိန်အဝါပင်လျှင် လူတိုင်း၏ အာရုံခံနိုင်စွမ်း အတွင်းမှ လုံးဝပျောက်ကွယ်သွားတော့သည်။
ဝမ်ချောင်က ထိုက်ရှီ ထွက်ခွာသွားသော အရပ်ဆီသို့ လှမ်းကြည့်နေခဲ့ပြီး အနည်းငယ်မျှ မလှုပ်မယှက် ရပ်နေတော့သည်။ သူ၏ မျက်ဝန်းထဲ၌သာ အလင်းတန်း များ အဆက်မပြတ် လှုပ်ရှားနေခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်း အတွေးများ အဆက်မပြတ် ဖြတ်ပြေးသွားတော့သည်။
"သွားကြစို့"
ဝမ်ချောင်က လှည့်လိုက်ပြီး လျင်မြန်စွာပင် လူတိုင်းကို ဦးဆောင်ကာ မြို့ရိုး ပေါ်မှနေ၍ ထွက်ခွာသွားတော့သည်။
မျက်တောင်တစ်ခတ်အတွင်း နောက်ထပ်တစ်ရက် ကုန်ဆုံးသွားခဲ့ပြန်သည်။ ကုန်းမြေတစ်ခုလုံးမှာ အလွန်အမင်း အေးစက်လှသော ရာသီဥတုကို တက်ကြွစွာ ရင်ဆိုင်ဖြေရှင်းနေကြဆဲ ဖြစ်သော်လည်း၊ ယိုကျိုးဒေသတွင် ထိုက်ရှီ တည်ဆောက်ထားသော ထိုဧရာမ မဟာစစ်အစီအရင်ကြီး၏ နယ်ပယ်အတွင်း၌မူ၊ ဤအခိုက်အတန့်တွင် စစ်ရေးပြင်ဆင်မှုများ အဆက်မပြတ် ပြုလုပ်နေကြပြီး တိုက်ပွဲအတွက် တက်ကြွစွာ ပြင်ဆင်နေကြပြီ ဖြစ်သည်။
"ဝုန်း ဝုန်း ဝုန်း"
လေပြင်းများနှင့် မိုးကြိုးများ အဆက်မပြတ် တိုက်ခတ်နေခဲ့ပြီး၊ နိုင်ငံအသီးသီး၏ တပ်စခန်းများနှင့် သိပ်မဝေးလှသော နေရာရှိ မဟာစစ်အစီအရင်၏ နယ်ပယ် အပြင်ဘက်တွင် မြင်းခွာသံများ အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။ ခန္ဓာကိုယ် ကြီးမား တောင့်တင်းသော ရွဲလော့ဟယ်တစ်ဦးမှာ ထူထပ်လှသော နှင်းများ ဖုံးလွှမ်းနေသည်ကို လုံးဝဂရုမစိုက်ဘဲ လှုပ်ရှားနေခဲ့ရာ၊ အနည်းငယ်မျှ နှေးကွေးလေးလံနေခြင်း လုံးဝမရှိခဲ့သည့်အပြင် ဆန့်ကျင်ဘက်အနေဖြင့် ရေထဲရောက်သွားသော ငါးတစ်ကောင်အလား လွတ်လပ်ပေါ့ပါးနေပုံ ရပေသည်။ ဤရေခဲများနှင့် နှင်းများ ဖုံးလွှမ်းနေသော ကမ္ဘာကြီးမှာ သူတို့အတွက် အထူးတည်ဆောက်ထားသည့်အလား ဖြစ်နေတော့သည်။
အသေအချာ လေ့လာကြည့်မည် ဆိုပါက အလွန်အမင်း ဖြူစင်လှသော ရေခဲ စွမ်းအင်အမြောက်အမြားမှာ ဤရွဲလော့ဟယ်၏ကိုယ်တွင်းသို့ အဆက်မပြတ် ဝင်ရောက်နေကြောင်းကိုပင် ခံစားသိရှိနိုင်ပေသည်။ ဤကဲ့သို့သော အလွန်အမင်း အေးစက်လှသည့် ပတ်ဝန်းကျင် အခြေအနေမျိုးတွင် ရွဲလော့ဟယ်များ၏ ခွန်အားမှာ အချိန်တိုင်း အဆက်မပြတ် တိုးတက်လာနေပုံ ရပေသည်။
နှင်းမုန်တိုင်းများ ပြင်းထန်စွာ တိုက်ခတ်နေခဲ့ပြီး ထိုမြင့်မား ခန့်ညားလှသော ရွဲလော့ဟယ်မှာ မြင်းပေါ်တွင် မတ်မတ်ရပ်နေလျက် ကြယ်တာရာများအလား တောက်ပနေသော မျက်ဝန်းများဖြင့် ဘေးပတ်ဝန်းကျင်ကို ဖြည်းညင်းစွာ လှမ်းကြည့်နေခဲ့ရာ ဖော်ပြ၍ မရနိုင်လောက်အောင် ထူးဆန်းသော ခံစားချက်တစ်ခုကို ပေးစွမ်းနေတော့သည်။
"ဟားဟားဟား... ထိုက်ရှီ ပေးထားတဲ့ နည်းလမ်းက တကယ်ပဲ အလုပ်ဖြစ်တာပဲ။ ဒီလို ထူးခြားတဲ့ အသုံးအဆောင် ပစ္စည်းတွေ ရှိနေမှတော့ မဟာထန်ကို အနိုင်ယူဖို့ဆိုတာ ဘာခက်မှာလဲ"
ထိုအချိန်မှာပင် ကြမ်းတမ်းပြီး လေးနက်လှသော အသံကြီးတစ်ခုမှာ အလွန်အမင်း ဝမ်းသာ ဂုဏ်ယူနေသည့် လေသံဖြင့် ထိုရွဲလော့ဟယ်၏အနောက်ဘက်မှနေ၍ ရုတ်တရက် ထွက်ပေါ်လာတော့သည်။
မနီးမဝေး နေရာတွင် ကြီးမားသော ဝမ်းဗိုက်ပူကြီးနှင့် အန်းလုရှန်းမှာ သာမန် တာ့ခ် စစ်မြင်း တစ်ကောင်ကို စီးနင်းထားပြီး၊ ဘေးပတ်ဝန်းကျင်ရှိ ပုံသဏ္ဌာန်မဲ့သော နွေးထွေးသည့် စည်းမျဉ်း ခွန်အားများကို ခံစားနေရင်း အလွန်အမင်း ဝမ်းသာပျော်ရွှင်နေတော့သည်။
"သခင်ကြီး... ဒီနည်းလမ်းက တကယ်ပဲ အလုပ်ဖြစ်ပါတယ်၊ ကျွန်တော်တောင်မှ ရွဲလော့ဟယ်တွေနဲ့ အတူတူ နှင်းမုန်တိုင်းတွေကြားထဲမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်တယ်ဆိုမှတော့ တခြားလူတွေလည်း အတူတူပဲ သေချာပေါက် သွားလာနိုင်မှာပါ"
အန်းလုရှန်း၏အနောက်ဘက်တွင် ကောင်းရှန်းမှာ အင်္ကျီပါးပါးလေး တစ်ထည်တည်းကိုသာ ဆင်မြန်းထားလျက် စစ်မြင်းကို စီးနင်းကာ အနောက်မှ ကပ်လိုက်လာခဲ့ပြီး သူ၏မျက်နှာပေါ်တွင်လည်း အပြုံးများ အပြည့်အဝ ဖုံးလွှမ်းနေတော့သည်။
စစ်တပ် အတွင်းရှိ မြင်းတပ်များ နှင့် မတူညီသည်မှာ ကောင်းရှန်း အနေဖြင့် သိုင်းပညာကို လေ့ကျင့်ထားခဲ့ခြင်း မရှိသလို ထိုမျှလောက် မြင့်မားသော သိုင်းစွမ်းအား မျိုးလည်း မရှိပါချေ။ သို့သော် ဤတစ်ကြိမ်တွင် အန်းလုရှန်းနှင့်အတူတကွ လိုက်ပါလာခဲ့ရာ၌ နှင်းမုန်တိုင်းများ ပြင်းထန်စွာ တိုက်ခတ်နေခဲ့သည် ဆိုသော်ငြားလည်း ကောင်းရှန်း၏ ကိုယ်ပေါ်တွင် အအေးဒဏ်ကို ကြီးကြီးမားမား ခံစားရခြင်း လုံးဝမရှိခဲ့ပါချေ။
အကယ်၍ သူကိုယ်တိုင်ပင်လျှင် ဤကဲ့သို့ အလွန်အမင်း အေးစက်လှသော ရာသီဥတုကို တောင့်ခံထားနိုင်စွမ်း ရှိသည်ဆိုပါက၊ စစ်တပ်ကြီးတစ်ခုလုံးအနေဖြင့် သေချာပေါက် မည်သည့် ပြဿနာမျှ ရှိမည် မဟုတ်ပါချေ။
ရွဲလော့ဟယ်များနှင့် အတူတကွ ပူးပေါင်းလေ့ကျင့်လာခဲ့သည်မှာ ရက်အနည်းငယ်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဤတစ်ကြိမ်တွင် ဘုရင်နှင့်အမတ်နှစ်ဦးစလုံး မြို့ပြင်ထွက်ကာ စမ်းသပ်မှု ပြုလုပ်ခဲ့ခြင်းမှာ ဤနည်းလမ်း အမှန်တကယ်ပင် အလုပ်ဖြစ်ခြင်း ရှိမရှိ ဆိုသည်ကို နောက်ဆုံး အတည်ပြုရန် အတွက်ပင် ဖြစ်သည်။
နောက်ဆုံး ရလဒ်များအရ ကြည့်မည်ဆိုပါက ရွဲလော့ဟယ် များ၏ ကိုယ်တွင်းရှိ စွမ်းအင်များကို ဗဟိုပြုကာ အလင်းစက်ကွင်းပုံစံဖြင့် ဘေးပတ်ဝန်းကျင်သို့ ဖြန့်ကြက်လိုက်ပြီး အခြားစစ်သည်များ၏ ခြေအောက်သို့ ပေါင်းထည့်ပေးလိုက်ခြင်းဖြင့်၊ သွယ်ဝိုက်သော နည်းလမ်းဖြင့် ရွဲလော့ဟယ်များ၏ အအေးဒဏ်ကို တားဆီးနိုင်သော စွမ်းရည်များကို ရယူနိုင်ပေသည်။ ဤနည်းလမ်းမှာ အပြည့်အဝ အလုပ်ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပြီ ဖြစ်သည်။
စမ်းသပ်မှု အခြေအနေများအရ ကြည့်မည်ဆိုပါက ရွဲလော့ဟယ်တစ်ဦး အနေဖြင့် စစ်သည် နှစ်ဆယ်မှ ငါးဆယ်ခန့်အထိ အလင်းစက်ဝန်းများ ဖြန့်ကြက်ပေးနိုင်စွမ်း ရှိသည်။ ထို့အပြင် အထူးအသုံးအဆောင် ပစ္စည်းအချို့ကိုပါ ပေါင်းထည့်လိုက်မည်ဆိုပါက၊ အနည်းဆုံး နိုင်ငံအသီးသီး၏ စစ်သည် ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ မြို့ပြင်ထွက်ကာ နှင်းမုန်တိုင်းများအတွင်း၌ စစ်ပွဲ ဆင်နွှဲနိုင်ပေလိမ့်မည်။
အရေးအကြီးဆုံး အချက်မှာ ဤအချိန်ကာလအတွင်း ထိုက်ရှီနှင့် ရှန့်ကုန်းအကြီးအကဲတို့ဘက်မှ နောက်ဆုံးတွင် ရွဲလော့ဟယ်များ၏ သတ္တိရှိရှိ တိုက်ခိုက်နိုင်စွမ်း ရှိသော်လည်း ရန်သူနှင့် မိတ်ဆွေကို ခွဲခြားမသိနိုင်သော ကြီးမားလှသည့် အားနည်းချက်ကြီးကို ဖြေရှင်းပေးနိုင်ခဲ့ပြီ ဖြစ်သည်။
ဤပြဿနာ၏ အဓိကအကြောင်းရင်းမှာ ထိုက်ရှီက အန်းလုရှန်းကို ပေးအပ်ထားသော ရွဲလော့ဟယ်များကို ထိန်းချုပ်ခွင့် အာဏာမှာ လုံးဝမလုံလောက်သောကြောင့်ပင် ဖြစ်သည်။
နှစ်ဦးစလုံး ဤတစ်ကြိမ် စမ်းသပ်မှုအတွက် အလွန်အမင်း ကျေနပ်အားရနေကြသည့် အချိန်လေး အတွင်းမှာပင်၊ ရုတ်တရက် အလွန်လျင်မြန်သော မြင်းခွာသံများမှာ အနောက်ဘက်မှနေ၍ ထွက်ပေါ်လာတော့သည်။ မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် တစ်ကိုယ်လုံး နှင်းခဲများ ဖုံးလွှမ်းနေသော ဟွမ်ဝူ အဆင့်ရှိ ဟူဗိုလ်ချုပ်တစ်ဦးမှာ သူတို့နှစ်ဦးရှိရာ အရပ်ဆီသို့ လျင်မြန်စွာ ပြေးဝင်လာတော့သည်။
"သခင်ကြီး... ထိုက်ရှီ သခင်ကြီးက အမိန့်ပေးလိုက်ပါတယ်။ သခင်ကြီးကို မြို့ထဲကို အမြန်ဆုံး ပြန်လာပြီး သံမဏိခံတပ်ကို ဘယ်လို တိုက်ခိုက်သိမ်းပိုက်ရမလဲ ဆိုတာကို ဆွေးနွေးဖို့ ခေါ်ခိုင်းလိုက်ပါတယ်"
"သွားကြစို့"
ဘုရင်နှင့် အမတ်နှစ်ဦးစလုံးမှာ အချင်းချင်း ကြည့်လိုက်ကြပြီး လျင်မြန်စွာ အကြည့်ချင်း ဖလှယ်လိုက်ကြကာ၊ ချက်ချင်းပင် မြင်းခေါင်းကို လှည့်ကာ ယိုကျိုးနယ်နိမိတ်ဆီသို့ လျင်မြန်စွာ ထွက်ခွာသွားကြတော့သည်။
ယိုကျိုး၏ ခန်းမကြီးအတွင်း၌ လူများ အလွန်အမင်း စည်ကားနေခဲ့သည်။ အရှေ့ တာ့ခ် ဝူဆူမစ်ရှ် ခါဂန်း ၊ ဂိုဂူလျော ဧကရာဇ် ယွန်းဂျယ်စိုးမွန်း၊ ခီတန်ဘုရင်၊ ရှီဘုရင်မ အစရှိသူများ အားလုံး အတူတကွ စုဝေးနေကြပြီး၊ အလယ်ဗဟို နေရာတွင်မူ အန်းလုရှန်းနှင့် ထိုက်ရှီတို့မှာ ပခုံးချင်းယှဉ်လျက် အတူတကွ ထိုင်နေကြသည်။
အန်းလုရှန်းမှာ နာမည်ခံအနေဖြင့်သာ အမြင့်ဆုံး မဟာဗိုလ်ချုပ် ဖြစ်သည် ဆိုသော်ငြားလည်း၊ အမှန်တကယ် တာဝန်ယူ ညွှန်ကြားသူ မှာ ထိုက်ရှီပင်ဖြစ်ကြောင်း လူတိုင်း ကောင်းကောင်း သိရှိထားကြသည်။ အဘယ်ကြောင့်ဆိုသော် ဤတစ်ကြိမ် အစည်းအဝေးမှာ သူကိုယ်တိုင် တက်ကြွစွာ ခေါ်ယူထားခြင်း ဖြစ်သောကြောင့်ပင်။
သို့သော် ဤအခိုက်အတန့်၌ မည်သူကမျှ ဤအရာများကို ဂရုမစိုက်နေကြပါချေ၊ လူတိုင်း၏ အကြည့်များ အားလုံးမှာ ခန်းမကြီး ၏ အလယ်ဗဟို နေရာရှိ သတ္တုဖြင့် ပြုလုပ်ထားသော မြို့တော် သဲပုံစံငယ်ပေါ်သို့သာ စုစည်းနေကြတော့သည်။
သံမဏိခံတပ်။
အချိုးအစား အတိအကျအတိုင်း သေးငယ်အောင် ပြုလုပ်ထားသော ဤမြို့တော် သဲပုံစံငယ်မှာ အခြားအရာတစ်ခုခု လုံးဝမဟုတ်ဘဲ၊ တောင်ဘက် မနီးမဝေး နေရာရှိ မဟာထန်၏ တပ်စခန်းပင်ဖြစ်ပြီး၊ ဝမ်ချောင်က နိုင်ငံအသီးသီးကို ကိုင်တွယ်ရန်အတွက် တည်ဆောက်ထားသော သံမဏိခံတပ် ကြီးပင် ဖြစ်တော့သည်။
အချို့သော ရှုထောင့်များမှ ကြည့်မည်ဆိုပါက ဤအရာမှာ မြေမျက်နှာသွင်ပြင် သဲပုံစံငယ်တစ်ခုပင် ဖြစ်တော့သည်။
ဤသံမဏိခံတပ်၏ သဲပုံစံငယ်မှာ အလွန်ပင် အသေးစိတ် ကျလွန်းလှပေသည်၊ အတွင်းပိုင်းရှိ စစ်တန်းလျားများ၊ ကင်းမျှော်စင်များနှင့် မြို့ရိုးများ အားလုံးမှာ အသက်ဝင်နေသည့်အလားဖြစ်နေပြီး၊ သံမဏိခံတပ်၏ အတွင်းပိုင်းမြင်ကွင်းနှင့် အတိအကျပင် တူညီနေတော့သည်။
ဤသည်မှာ နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့မှ ဤအချိန်ကာလအတွင်း အထူးနည်းလမ်းများကို အသုံးပြုကာ စုံစမ်းထောက်လှမ်းထားခြင်း လုံးဝမဟုတ်ပါချေ၊ အမှန်တကယ်တွင်မူ သံမဏိခံတပ် အတွင်းပိုင်းရှိ အခြေအနေများ အားလုံးကို အစောကြီးကတည်းက ရှင်းလင်းစွာ စုံစမ်းထောက်လှမ်းထားခဲ့ပြီး ဖြစ်သည်။
နတ်ဘုရား အဖွဲ့အစည်းမှ စေလွှတ်လိုက်သော ထိုအမည်းရောင်ဝတ်စုံဝတ် များမှာ ရုပ်ဖျက် အသွင်ပြောင်းကာ မဟာထန်၏ စစ်တပ်များအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ကြပြီး အချိန်အတော်ကြာအောင် မည်သူကမျှ သတိမပြုမိခဲ့ကြပါချေ၊ ထိုအချိန်ကာလအတွင်း သူတို့သည် သံမဏိခံတပ် အတွင်းပိုင်းရှိ ပုံစံများနှင့် အဆောက်အအုံများ အားလုံးကို အပြည့်အဝ လေ့လာမှတ်သားထားခဲ့ပြီးဖြစ်ကာ၊ ပြန်လည်ရောက်ရှိလာပြီးနောက် အမည်းရောင်ဝတ်စုံဝတ် အဖွဲ့အစည်း၏အတွင်းပိုင်းရှိ ရှန့်ကုန်းအကြီးအကဲ၏လက်အောက်မှ လက်မှုပညာရှင်များနှင့် ပူးပေါင်းကာ ပုံစံကြမ်းများကို ရေးဆွဲခဲ့ကြပြီး၊ ဤကဲ့သို့ အသေးစိတ်ကျလှသော သဲပုံစံငယ်ကို ဖန်တီးနိုင်ခဲ့ခြင်း ပင် ဖြစ်တော့သည်။
စုံစမ်းထောက်လှမ်းရေး လုပ်ငန်းစဉ်တစ်ခုလုံးမှာ အလွန်ပင် လွယ်ကူပေါ့ပါးလှပြီး အားစိုက်ထုတ်ရန်ပင် လုံးဝမလိုအပ်ခဲ့ပါချေ။
တင်းကျပ်စွာ လေ့ကျင့်ထားပြီး အစွမ်းထက်လှသော ခွန်အားများကို ပိုင်ဆိုင်ထားသည့် သိုင်းပညာရှင်များအတွက်မူ၊ တစ်ကြိမ် မြင်ဖူးရုံဖြင့် မေ့မသွားခြင်းဆိုသည်မှာ အလွန်ပင် အခြေခံကျလှသော စွမ်းရည်တစ်ခု သက်သက်သာ ဖြစ်ပေသည်။
"တကယ်ပဲ နတ်လက်ရာတွေလို အံ့ဩစရာ ကောင်းလိုက်တာ”
ခန်းမကြီးအတွင်း၌ အကြိမ်ကြိမ် မြင်တွေ့ခဲ့ပြီးဖြစ်သည ဆိုသော်ငြားလည်း၊ ခီတန်ဘုရင်မှာ မနေနိုင်တော့ဘဲ သက်ပြင်းချကာ ချီးကျူးလိုက်တော့သည်။ သူသည် ရှန့်ကုန်းအကြီးအကဲကွပ်ကဲသော ထိုလက်မှုပညာရှင်များ၏စွမ်းရည်ကို ချီးကျူးနေခြင်းလော သို့မဟုတ် ဝမ်ချောင် တည်ဆောက်ထားသော ထိုသံမဏိခံတပ် ကြီးကို ချီးကျူးနေခြင်းလော ဆိုသည်ကိုမူ မသိရှိနိုင်ပါချေ။
"ဒီသဲပုံစံငယ် ရှိနေပြီဆိုမှတော့ ငါတို့ မြို့ထဲကို ဝင်ရောက်တိုက်ခိုက်ပြီးတဲ့အခါကျရင် နောက်ပိုင်းမှာ အများကြီး လွယ်ကူသွားတော့မှာပေါ့။ အနည်းဆုံးတော့ သူတို့ရဲ့ ကာကွယ်ရေး နည်းလမ်း တချို့က ငါတို့ ရှေ့မှာ ဘာမှ အသုံးဝင်တော့မှာ မဟုတ်ဘူး"
"မဟာထန်ရဲ့ မြို့တော်ဘက်မှာ အစောကြီးကတည်းက သတင်းတွေ ထွက်ပေါ်နေခဲ့တာ ငါ ကြားဖူးတယ်၊ ယိုကျိုးစစ်ပွဲရဲ့ နောက်ဆုံး အဆင့်မှာ ငါတို့နဲ့ တိုက်ခိုက်ဖို့ ရှုပ်ထွေးလှတဲ့ မြို့တွင်း လမ်းသွယ်တွေကို အသုံးပြုဖို့ ပြင်ဆင်နေတယ် ဆိုတာကိုလေ"
မြင်းတပ်များမှာ အရာရာတိုင်းကို လုပ်ဆောင်နိုင်စွမ်း ရှိသည်တော့ မဟုတ်ပါချေ၊ စစ်ပွဲ မစတင်မီ သုံးလကျော်ခန့်ကတည်းက နိုင်ငံအသီးသီး၏ မြို့တော်အတွင်းရှိ သူလျှိုများထံမှ သတင်း အချက်အလက်များ ရရှိခဲ့ဖူးသည်။ မျိုးနွယ်ခြားဘုရင်ဘက်မှ နိုင်ငံအသီးသီး၏ စစ်တပ်များကို ကိုင်တွယ်ရန်အတွက် ယခင်က တစ်ခါမျှ မရှိခဲ့ဖူးသော မြို့တွင်း တိုက်ပွဲများ၊ လမ်းသွယ် တိုက်ပွဲများကို ဖန်တီးရန် ပြင်ဆင်နေကြောင်း သတင်းရရှိထားခဲ့သည်။
တစ်ဖက်လူ၏အဆိုအရ ဤကဲ့သို့ ရှုပ်ထွေးလှသော လမ်းသွယ်များ အတွင်း၌ မြင်းတပ်များ၏ တဟုန်ထိုး တိုက်ခိုက်မှုအရှိန်အဝါမှာ အများအပြား လျော့ကျသွားမည်ဖြစ်ပြီး၊ ဆန့်ကျင်ဘက်အနေဖြင့် ခြေလျင်တပ်များအနေဖြင့် ရှုပ်ထွေးလှသော မြေမျက်နှာသွင်ပြင်ကို အသုံးပြုကာ မြင်းတပ်များကို တိုက်ခိုက်နိုင်မည် ဟု ဆိုသည်။
လူတိုင်း အနေဖြင့် ယခင်က ကောလာဟလ သက်သက်ဟုသာ ထင်မှတ်ထားခဲ့ကြသည်။ သို့သော် ဤအခိုက်အတန့်၌ သံမဏိခံတပ်၏ အတွင်းပိုင်း တည်ဆောက်ပုံအရ ကြည့်မည်ဆိုပါက ဝမ်ချောင်တို့ဘက်မှ ဤကဲ့သို့သော ကြိုတင်ပြင်ဆင်မှုများကို အမှန်တကယ်ပင် ပြုလုပ်ထားခဲ့ခြင်း ဖြစ်နိုင်ပေသည်။
"လုံးဝ ပေါ့ဆလို့ မရဘူး။ အကယ်၍ တခြား ပြိုင်ဘက်တွေသာဆိုရင် ထားလိုက်တော့၊ ဒါပေမဲ့ သူသာဆိုရင်တော့ မင်းတို့ အမှတ်ရနေသင့်တယ်၊ မဟာထန်ရဲ့ သံမဏိ ခံစစ်မျဉ်းတွေ၊ အဲဒီသံမဏိအစိတ်အပိုင်းတွေကို စစ်မြေပြင်ကို ပထမဆုံး အကြိမ် ယူဆောင်လာခဲ့တဲ့ အချိန်တုန်းက အာရပ် လူမျိုးတွေရဲ့ တုံ့ပြန်မှု တွေက ဘယ်လို ရှိခဲ့တယ် ဆိုတာကိုလေ"
ထိုအချိန်မှာပင် အန်းလုရှန်းက ရုတ်တရက် ဆိုလိုက်ရာ လူတိုင်းကို တွေးတောနိုင်မည် မဟုတ်သောစကားများကို ပြောဆိုလိုက်သဖြင့်၊ ရှီဘုရင်မပင်လျှင် သူ့ကို အံ့ဩတကြီး လှမ်းကြည့်လိုက်မိတော့သည်။
"ဗိုလ်ချုပ်က အဲဒီမျိုးနွယ်ခြားဘုရင်နဲ့ အမြဲတမ်း သဟဇာတ မဖြစ်ခဲ့ဘူး မဟုတ်လား၊ သေရာပါ ရန်ငြိုးတွေ ရှိနေတာ မဟုတ်ဘူးလား။ ဘာဖြစ်လို့ ဒီအချိန်ကျမှ ပြိုင်ဘက်ကို ပြန်ပြီး ချီးကျူးနေရတာလဲ?"
ရှီဘုရင်မက ချယ်ရီသီးအလား လှပသော နှုတ်ခမ်းလေးကို အနည်းငယ် ဖွင့်ဟလိုက်ပြီး ပြုံးသလိုလို မပြုံးသလိုလိုဟန်ဖြင့် ဆိုလိုက်တော့သည်။
"ဒါက ဗိုလ်ချုပ်ရဲ့အလုပ်လုပ်တဲ့ ပုံစံ မျိုးနဲ့ လုံးဝ မကိုက်ညီဘူးနော်"
"သတ်ရမှာကတော့ သေချာပေါက် သတ်ရမှာပဲ၊ အခုအချိန် အထိတောင်မှ သူ့ အသက်ကို ချမ်းသာပေးမယ်လို့ ငါ တစ်ခါမှ မပြောခဲ့ဖူးဘူး"
အန်းလုရှန်းက အေးဆေးတည်ငြိမ်စွာဖြင့် ဆိုလိုက်ပြီး အနည်းငယ်မျှ လှုပ်ရှားသွားခြင်း လုံးဝ မရှိပါချေ။
"ဒါပေမဲ့ သူ့ကို သတ်ရမယ်ဆိုတာက ဗျူဟာပိုင်းဆိုင်ရာအရ သူ့ကို အထင်သေးလို့ ရတယ်လို့ ဆိုလိုတာ မဟုတ်ဘူး၊ မည်သူမဆို မျက်စိရှေ့က ဒီသံမဏိခံတပ်ကို တည်ဆောက်နိုင်စွမ်း ရှိတဲ့သူ ဆိုရင် ဉာဏ်ကြီးရှင်လို့ သတ်မှတ်လို့ ရတယ်။ ဘယ်သူ့ရဲ့လေးစားမှုကိုမဆို ရရှိဖို့ လုံလောက်တယ်၊ ဒါ့အပြင် ဒီလောကမှာ စစ်နတ်ဘုရားတစ်ပါးကို ဘယ်သူကမှ လုံးဝအထင်သေးလို့ မရဘူး"
နောက်ဆုံး စကားကို ပြောဆိုလိုက်သည့် အခါတွင် အန်းလုရှန်း၏ အကြည့်များမှာ ထိုသံမဏိခံတပ်၏ သဲပုံစံငယ်ပေါ်သို့ ဝေ့ကြည့်လိုက်ရာ မျက်ဝန်းထဲ၌ မသိမသာဖြင့် အလင်းတန်းအချို့ လှုပ်ရှားသွားတော့သည်။
ဝမ်ချောင်ပြသလိုက်သော စွမ်းရည်များကို အန်းလုရှန်းပင်လျှင် မချီးကျူးဘဲ မနေနိုင်တော့ပါချေ။
ဝမ်ချောင်ပြုလုပ်ခဲ့သော ကိစ္စများစွာမှာ ဤလောကတွင် နှစ်ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာအတွင်း မည်သူတစ်ဦးတစ်ယောက်ကမျှ စမ်းသပ်ပြုလုပ်ခဲ့ခြင်း မရှိသော အရာများ ဖြစ်ကြောင်းကို ဝန်မခံ၍ မရနိုင်ပါချေ။
တောင်ဘက်ရှိ ထိုမြို့ကြီးမှာ လူတိုင်း တွေးတောထားသကဲ့သို့ အဓိက ခန်းမကြီးတစ်ခုနှင့် စစ်တန်းလျား အချို့မျှသာရှိသော မြို့ကြီးတစ်မြို့ လုံးဝမဟုတ်ပါချေ၊ နှစ်ထောင်ပေါင်းများစွာအတွင်း စစ်တပ်များ နေရာချထားသည့် နည်းလမ်းများနှင့် လုံးဝကွဲပြားခြားနားနေပြီး၊ ဝမ်ချောင် တည်ဆောက်ထားသော ဤမြို့ကြီးမှာ အလွန်ပင် အသေးစိတ် ကျလွန်းလှပြီး အလွန်အမင်း ရှုပ်ထွေးလှပေသည်။
အတွင်းပိုင်း၌ ကန့်လန့်ဖြတ် အရှေ့အနောက် တောင်မြောက် အရပ်မျက်နှာ အားလုံးတွင် အနည်းဆုံး ခံစစ်မျဉ်း အလွှာပေါင်း နှစ်ရာခန့်ကို တည်ဆောက်ထားခဲ့သည်။ ထို့ပြင် ဤခံစစ်မျဉ်းများအကြားတွင် တစ်ခုနှင့်တစ်ခု သီးခြားကွဲကွာနေခြင်း မဟုတ်ဘဲ အချင်းချင်း ချိတ်ဆက်နေကြပြီး ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကာ ပြီးပြည့်စုံသော တစ်သားတည်း တည်ဆောက်ပုံတစ်ခုကို ဖွဲ့စည်းထားခြင်းပင် ဖြစ်သည်။
ဖွဲ့စည်းတည်ဆောက်ပုံအရ ကြည့်မည်ဆိုပါက ပုံမှန်အခြေအနေတွင် မြို့ရိုးကို အောင်မြင်စွာ ဖောက်ထွင်းနိုင်ခဲ့မည်ဆိုလျှင်တောင်မှ၊ မြို့တွင်းရှိ မဟာထန်၏ စစ်တပ်များကို အပြည့်အဝ အမြစ်ပြတ်ချေမှုန်းနိုင်ရန်အတွက် အလွန်အမင်း ကြီးမားလှသော အားထုတ်မှုများ ပြုလုပ်ရဦးမည်မှာ သေချာလှပေသည်။
ဤကဲ့သို့ အလွန်အမင်း ရှုပ်ထွေးလှသော ခံစစ်မျဉ်းများမှာ မဟာထန်၏ စစ်တပ်များအတွက် အလွန်အမင်း တန်ဖိုးရှိလှသော ဗျူဟာမြောက် ဆုတ်ခွာချိန်တစ်ခုကိုပင် ရရှိစေနိုင်သေးသည်။
ဤအရာများ မတိုင်မီက၊ အကယ်၍ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မမြင်တွေ့ခဲ့ရပါက၊ ဤလောကတွင် ဤကဲ့သို့သော အလွန်အမင်း ရှုပ်ထွေးလှသည့် ဧရာမ စစ်စခန်း မြို့တော်ကြီးမျိုး ရှိနေသည်ဟု တစ်စုံတစ်ယောက်က လာရောက်ပြောဆိုမည်ဆိုလျှင် အန်းလုရှန်းအနေဖြင့် ယုံကြည်နိုင်ရန် အလွန်ပင် ခက်ခဲလှပေလိမ့်မည်။
ခန်းမကြီးအတွင်း၌ လေထုမှာ ချက်ချင်းပင် အလွန်အမင်း သိမ်မွေ့သွားတော့သည်။ အန်းလုရှန်းအနေဖြင့် ဝမ်ချောင်၏အပေါ်တွင် ဤမျှလောက် မြင့်မားသော ချီးကျူးမှုများ ပြုလုပ်လိမ့်မည်ဟု မည်သူကမျှ တွေးတောထားခဲ့ခြင်း မရှိပါချေ၊ ထိုက်ရှီပင်လျှင် သူ့ကို ခေါင်းလှည့်ကာ မသိမသာ တစ်ချက် လှမ်းကြည့်လိုက်မိတော့သည်။
"ဒါပေမဲ့ ဘယ်လောက်ပဲ ပါရမီ ပါတဲ့ ဉာဏ်ကြီးရှင် ဖြစ်နေပါစေ နောက်ဆုံးတော့ လူသား တစ်ယောက် သက်သက်ပါပဲ။ နတ်ဘုရား လုံးဝ မဟုတ်ဘူး။ လူသား ဖြစ်နေသရွေ့ အမှားဆိုတာ ရှိစမြဲပါပဲ၊ ဒီစစ်ပွဲမှာ သူတို့ရဲ့ ကံကြမ္မာက အစောကြီးကတည်းက သတ်မှတ်ထားပြီးသားပါပဲ"
******