← Chapters

အခန်း ၂၂၂၄

Vol. 138 Ch. 2224

အခန်း ၂၂၂၄

Vol. 138 Ch. 2224

အခန်း (၂၂၂၄) စစ်တပ်ကြီး ကို ဆုချီးမြှင့်ခြင်း

"ဟိန်းးး"

ထိုအချိန်မှာပင် ရုတ်တရက် ဧရာမ သားရဲကြီး တစ်ကောင်၏ ဟောက်သံကြီးမှာ ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေခဲ့ပြီး မြို့ကြီးတစ်ခုလုံးကိုပင် ဝီခနဲ တုန်ခါသွားစေတော့သည်။

လူတိုင်း၏အကြည့်များအောက်တွင် တိမ်တိုက်များအထိ မြင့်မားလှသော သံမဏိမြို့ရိုးကြီး၏ အနောက်ဘက်မှနေ၍၊ အမွေးအမျှင်များ ပြည့်နှက်နေပြီး ရက်စက်ကြမ်းတမ်းလှသော မျက်နှာရှိသည့် ခေါင်းကြီးတစ်ခုမှာ အနောက်ဘက်မှနေ၍ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုဧရာမ မျက်လုံးကြီးများမှာ လူတစ်ယောက် ထက်ပင် ပိုမိုကြီးမားနေပုံ ရပေသည်။

ဧရာမ မျောက်ဝံသားရဲကြီး။

သုံးဦးစလုံး ၏ ရင်ထဲ၌ တင်းကျပ်သွားခဲ့ပြီး လျင်မြန်စွာပင် မှတ်မိသွားကြတော့သည်။

ယခင်က ဖြစ်ပွားခဲ့သော ထိုတိုက်ပွဲကြီးတွင် ဧရာမ မျောက်ဝံသားရဲကြီး ပြသခဲ့သော စွမ်းရည်များမှာ အိပ်မက်ဆိုးကြီး တစ်ခုအလား နိုင်ငံအသီးသီးမှ စစ်သည်များ၏ ဦးနှောက်ထဲ၌ နက်နက်ရှိုင်းရှိုင်း စွဲထင်နေခဲ့ပြီ ဖြစ်သည်။ ထိုအစွမ်းထက်လှသော ရွဲလော့ဟယ် အနည်းဆုံး ၇၀၊၈၀ခန့်မှာ ဧရာမ မျောက်ဝံသားရဲကြီး၏ ခြေဖဝါးအောက်တွင် သေဆုံးသွားခဲ့ရသည်။ အများစုမှာ ဧရာမ မျောက်ဝံသားရဲကြီး၏ ခြေတစ်ချက် နင်းလိုက်ရုံဖြင့် ပြားချပ်သွားခဲ့ရခြင်းပင် ဖြစ်တော့သည်။

ထိုရွဲလော့ဟယ်များ၏ အစွမ်းထက်လှသော မသေနိုင်သည့် ကိုယ်ခန္ဓာများမှာ အစွမ်းပြရန် အခွင့်အရေးပင်လျှင် မရရှိခဲ့ကြပါချေ။ သို့သော် ဤအခိုက်အတန့်၌ ဧရာမ မျောက်ဝံသားရဲကြီးမှာ မြို့ပြင်ရှိ နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့မှ စုံစမ်း ထောက်လှမ်းရေး စစ်သည် သုံးဦးကို လုံးဝသတိပြုမိပုံ မပေါ်ပါချေ။ သူ၏အာရုံစိုက်မှုများ အားလုံးမှာလည်း မြို့ရိုးပေါ်တွင် ပြင်းထန်စွာ လောင်ကျွမ်းနေသော မီးပုံကြီး များ အပေါ်သို့သာ လုံးဝစုစည်းနေပုံ ရပေသည်။

"ယူသွားလိုက်စမ်း"

ထိုအချိန်မှာပင် ရွှင်လန်းတက်ကြွလှသော ရယ်မောသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ မြို့ရိုးပေါ်တွင် ရင်းနှီးကျွမ်းဝင်နေသော ပုံရိပ်တစ်ခုမှာ အလွန်အမင်း မွှေးပျံ့ပြီး ကျက်နေပြီဖြစ်သော ဝက်ကင်တစ်ကောင်ကို ဆုပ်ကိုင်ကာ လက်ကို ဝှေ့ယမ်းလျက် ဧရာမ မျောက်ဝံသားရဲကြီး ရှိရာ အရပ်ဆီသို့ ပစ်ချပေးလိုက်တော့သည်။

ဧရာမ မျောက်ဝံသားရဲကြီးမှာ ဧရာမ သွေးပါးစပ်ကြီးကို ဟလိုက်ပြီး ဝက်ကင်ကို တစ်ချက်တည်းဖြင့် မျိုချလိုက်တော့သည်။

"သူပဲ"

သုံးဦးစလုံး၏ရင်ထဲ၌ အလွန်အမင်း အံ့ဩ ထိတ်လန့်သွားကြသည်။ မြို့ရိုးပေါ်ရှိ ဗိုလ်ချုပ်တစ်ဦး၏ပုံစံရှိသော ထိုသူမှာ ဝမ်ချောင်မှလွဲ၍ အခြား မည်သူ ဖြစ်နိုင်မည်နည်း။

"အရှင်... ရန်သူတွေ ရောက်လာပြီ မြို့ပြင်မှာ နိုင်ငံအသီးသီး ရဲ့ စုံစမ်း ထောက်လှမ်းရေး စစ်သည်တွေကို တွေ့ရှိခဲ့ပါတယ်"

ထိုအချိန်မှာပင် မြို့ရိုးပေါ်မှနေ၍ စူးရှလှသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာတော့သည်။

မြို့ရိုး ပေါ်တွင် ဝမ်ချောင်မှာ အဓိက နေရာတွင် ထိုင်နေလျက် မျက်စိရှေ့ရှိ ပြင်းထန်စွာ လောင်ကျွမ်းနေသော မီးပုံကြီးကို ကြည့်နေခဲ့သည်။ အသံကို ကြားလိုက်ရသည့်အခါ ခေါင်းလှည့်ကာ တစ်ချက် လှမ်းကြည့်လိုက်ရာ မြို့ပြင်ရှိ ထိုနိုင်ငံအသီးသီးမှ စုံစမ်း ထောက်လှမ်းရေး စစ်သည်သုံးဦးကို တစ်ချက်တည်းဖြင့် ရှင်းလင်းစွာ မြင်တွေ့လိုက်ရတော့သည်။

"ဒုက္ခပဲ... မြန်မြန် ထွက်ပြေး"

မြို့ပြင်ရှိ သုံးဦးမှာ ဝမ်ချောင်၏အကြည့်များ ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရသည့်အခါ ရင်ထဲ၌ အလွန်အမင်း တင်းကျပ်သွားခဲ့ပြီး အသက်ဝိညာဉ်များ လွင့်စင်သွားမတတ် ထိတ်လန့်သွားကြကာ လျင်မြန်စွာ မြင်းခေါင်းကို လှည့်၍ ရောက်ရှိလာခဲ့သော လမ်းကြောင်းအတိုင်း အားကုန် ပြေးကြတော့သည်။

မဟာထန်၏ မျိုးနွယ်ခြားဘုရင်၏ ခွန်အားမှာ အလွန် မြင့်မားလှပေရာ ထိုက်ရှီပင်လျှင် သူ့ကို လုံးဝမကိုင်တွယ်နိုင်ခဲ့ပါချေ။ အကယ်၍ အခြားသူများနှင့် တွေ့ဆုံပါက တော်သေးသည်။ သို့သော် ဝမ်ချောင်နှင့် တွေ့ဆုံခဲ့မည် ဆိုလျှင်၊ သူသာ တိုက်ခိုက်လိုစိတ် ရှိပါက သူတို့အနေဖြင့် လုံးဝထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ပါချေ။

"သူတို့ကို သွားခွင့် ပြုလိုက်ပါ၊ ဒီနေ့က စစ်တပ်ကို ဆုချီးမြှင့်တဲ့နေ့ပဲ၊ ဒီလို ဝမ်းသာ ပျော်ရွှင်ရမယ့် နေ့မျိုးမှာ သွေးထွက်သံယို ဖြစ်ဖို့ သိပ်မသင့်တော်ပါဘူး၊ စစ်မြေပြင်က ကိစ္စတွေကို စစ်မြေပြင် ရောက်မှပဲ ဖြေရှင်းကြတာပေါ့"

ဝမ်ချောင်က အေးဆေးတည်ငြိမ်စွာဖြင့် ဆိုလိုက်ပြီး သူတို့ကို တစ်ချက်မျှသာ လှမ်းကြည့်လိုက်ကာ ချက်ချင်း အကြည့်များကို ရုပ်သိမ်းလိုက်တော့သည်။

သိုင်းအဆင့်အနေဖြင့် ဝမ်ချောင်ကဲ့သို့သော အဆင့်မျိုးသို့ ရောက်ရှိနေပြီဆိုပါက ဤကဲ့သို့သော စစ်သည် သေးသေးမွှားမွှားလေးများအပေါ်တွင် စိတ်ဝင်စားမှု လုံးဝ ရှိမည်မဟုတ်ကြောင်းမှာ သဘာဝကျလှပေသည်။

ဝမ်ချောင်၏စကားကို ကြားလိုက်ရသည့်အခါ လူတိုင်း၏ ရင်ထဲ၌ ရှည်လျားလှသော သက်ပြင်းကြီး တစ်ခုကို ချလိုက်နိုင်ကြတော့သည်။

ဝမ်ချောင်မှာမဟာထန်၏ မဟာဗိုလ်ချုပ် ဖြစ်သည်။ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုး၏ အမိန့်မှာ တောင်ကြီးများအလား ခိုင်မာလှပေသည်။ သူက သူတို့၏ အသက်ကို ချမ်းသာပေးရန် ပြောဆိုလိုက်ပြီဖြစ်ရာ အခြားလူများအနေဖြင့် သူတို့ကို သေချာပေါက် တိုက်ခိုက်တော့မည် မဟုတ်ပါချေ။

"ဘာလဲ... မင်းတို့ စားချင်နေလို့လား"

ထိုလူများမှာ သွားချင်သလိုလို နေချင်သလိုလို ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည့်အခါ ဝမ်ချောင်မှာ ပထမဆုံးအနေဖြင့် မှင်တက်သွားခဲ့ပြီး၊ လျင်မြန်စွာပင် အရာတစ်ခုခုကို နားလည်သဘောပေါက်သွားခဲ့ကာ အထင်သေးစွာ ပြုံးလိုက်တော့သည်။ မျက်စိရှေ့ရှိ ပြင်းထန်စွာ လောင်ကျွမ်းနေသော မီးပုံကြီးကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက်၊ ကင်ထားသော သံစင်ပေါ်မှနေ၍ အလွန်အမင်း မွှေးပျံ့နေသော သိုးခြေထောက်တစ်ချောင်းကို အလွယ်တကူ ဆွဲဖဲ့လိုက်ပြီး အောက်ဘက်သို့ ပစ်ချပေးလိုက်တော့သည်။

"နိုင်ငံ နှစ်ခု စစ်ဖြစ်တဲ့ အချိန်မှာ သံတမန်တွေကို မသတ်ရဘူး ဆိုတဲ့ စကား ရှိတယ်။ ဒီ သိုးခြေထောက်ကို မင်းတို့ ယူသွားပြီး စားလိုက်ကြ"

ဝမ်ချောင်က ဒီအတိုင်းသာ ပြောဆိုလိုက်ခြင်းဖြစ်ပြီး ထိုသိုးခြေထောက်ကို ပစ်ချပေးပြီးနောက် အကြည့်များကို ချက်ချင်း ရုပ်သိမ်းလိုက်တော့သည်၊ မြို့ရိုးပေါ်တွင် တိတ်ဆိတ်စွာ မီးကင်နေခဲ့ပြီး၊ မြို့ရိုးပေါ်ရှိ ဗိုလ်ချုပ်များနှင့် စစ်သည်များ အားလုံး အရက်သောက်ပြီး အသားများ စားသောက်နေကြသည့်ပုံစံကို ကြည့်ရင်း နှုတ်ခမ်းထောင့်များတွင် မသိမသာ အပြုံးလေး တစ်ခု ပေါ်ထွက်နေတော့သည်။

မြို့ပြင်တွင်မူ နိုင်ငံအသီးသီးမှ စုံစမ်းထောက်လှမ်းရေး စစ်သည်သုံးဦး၏ မျက်နှာအမူအရာများမှာ ရှုပ်ထွေးနေခဲ့ပြီး ရင်ထဲ၌လည်း အလွန်အမင်း လွန်ဆွဲနေကြတော့သည်။ တစ်ဖက်တွင်မူ နှစ်ဖက်စလုံးမှာ သေရာပါ ရန်သူများ ဖြစ်ကြပြီး တိုက်ပွဲဖြစ်ပွားနေသော အခြေအနေမျိုးတွင် ရှိနေကြသည်။ အခြားတစ်ဖက်တွင်မူ နိုင်ငံအသီးသီး အတွက် အချိန်အတော်ကြာကတည်းက၊ ပထမဆုံး နှင်းမုန်တိုင်းကြီး စတင် ဆင်းသက်လာသည့်အချိန်မှ စတင်၍ သူတို့အနေဖြင့် အရသာရှိသော အစားအစာများကို တစ်ခါမျှ မမြည်းစမ်းခဲ့ရတော့ပါချေ။

မြို့ရိုးပေါ်ရှိ ထန်လူမျိုးများ စားသောက်နေကြသည့် အရောင်၊ အနံ့နှင့် အရသာ အပြည့်အစုံ ပါဝင်သော သိုးကောင်လုံးကင်၊ ဝက်ကင်တို့နှင့် နှိုင်းယှဉ်ပါက၊ နိုင်ငံအသီးသီး၏ စစ်တပ်ကြီးမှာ ဤအချိန်ကာလအတွင်း စားသောက်ရသော အစားအစာများမှာ ကျောက်တုံးများအလား အလွန်အမင်း စားရခက်ခဲလွန်းလှပေသည်။

အကယ်၍ ဤသို့သာမဟုတ်ခဲ့ပါက သူတို့သုံးဦးမှာ ရန်သူဖြစ်နိုင်သလို မိတ်ဆွေလည်း ဖြစ်နိုင်သည့်အခြေအနေမျိုးကို ရှင်းလင်းစွာ သိရှိနေလျက်နှင့် ဤမျှလောက် လွယ်လွယ်ကူကူ စားချင်စိတ်များ လှုံ့ဆော်ခံရမည် မဟုတ်ပါချေ။

သုံးဦးစလုံးမှာ ခေတ္တမျှ တွေဝေသွားခဲ့ပြီး လျင်မြန်စွာပင် ရှေ့သို့ တိုးသွားကြတော့သည်။

သိုးခြေထောက် တစ်ချောင်းတည်းသာ ဖြစ်သည်။ သူတို့ သုံးဦး နှုတ်ပိတ် နေသရွေ့ မည်သူကမျှ လုံးဝ သိရှိမည် မဟုတ်ပါချေ။

သို့သော် နောက်တစ်ခဏတွင် သုံးဦးစလုံး ရှေ့သို့ တိုးသွားပြီး တစ်ချက် ကြည့်လိုက်သည့် အခါတွင် မျက်နှာအမူအရာများ ချက်ချင်း တောင့်တင်းသွားကြတော့သည်။

ဝမ်ချောင်က မြို့ရိုး ပေါ်မှနေ၍ ပစ်ချပေးလိုက်သည့်အချိန်တွင် ထိုသိုးခြေထောက်မှာ အငွေ့များ တထောင်းထောင်း ထွက်နေပြီး ကြွပ်ရွကာ မွှေးပျံ့နေဆဲပင် ဖြစ်သည်။ သို့သော် မြို့ရိုးပေါ်မှ ပြုတ်ကျလာပြီး ခဏတာ အချိန်တိုလေး အတွင်းမှာပင် မူလက အငွေ့များ ထွက်ပေါ်နေသော သိုးကင်ခြေထောက်မှာ ချက်ချင်းပင် လုံးဝအေးခဲသွားခဲ့ပြီး၊ မျက်နှာပြင်ပေါ်တွင် ထူထပ်လှသော နှင်းခဲလွှာများ ဖုံးလွှမ်းသွားကာ ကျောက်တုံး တစ်တုံးအလား မာကျောသွားတော့သည်။

သုံးဦးစလုံး၏ မျက်နှာများမှာ ချက်ချင်းပင် နီလိုက် ဖြူလိုက် ဖြစ်သွားကြတော့သည်။

မြို့ရိုးပေါ်တွင်မူ ဝမ်ချောင်၏မျက်နှာအမူအရာမှာ ပုံမှန် အတိုင်းပင် ရှိနေခဲ့သည်။

လက်ရှိအချိန်တွင် ရာသီဥတုမှာ အလွန်အမင်း အေးစက်နေခဲ့ပြီဖြစ်ရာ၊ ဝမ်ချောင်အနေဖြင့် မြို့ရိုးပေါ်တွင် ဝက်ကင်၊ သိုးကောင်လုံးကင်တို့ကို ပြုလုပ်နိုင်ခြင်းမှာ၊ အစပိုင်းတွင် မြို့တော်ကို တည်ဆောက်ခဲ့စဉ်ကတည်းက ဝမ်ချောင်အနေဖြင့် မြို့တော်၏ နေရာ အများအပြားတွင် သေးငယ်သော စစ်အစီအရင်အချို့ကို အထူးတပ်ဆင်ထားခဲ့သောကြောင့်ပင် ဖြစ်သည်။ သံမဏိခံတပ်၏ မြေအောက်မှနေ၍ စွမ်းအင်များကို စုပ်ယူကာ အအေးဒဏ်များကို ကာကွယ်ပေးထားခြင်းဖြစ်ပြီး၊ ဤသေးငယ်သော စစ်အစီအရင်များ၏ နယ်ပယ်အတွင်း၌ နှင်းမုန်တိုင်းကြီးများ၏ အအေးဒဏ်ကို ကာကွယ်ပေးနိုင်သည့် အကျိုးသက်ရောက်မှုမှာ အလွန်အမင်း မြင့်မားလှပေသည်။ ထို့ပြင် လေပြင်းများကိုလည်း အပြင်ဘက်တွင် တားဆီးပေးနိုင်ပြီး အပူချိန်ကို ပုံမှန် အပူချိန်နီးပါးအထိ ထိန်းသိမ်းထားနိုင်စွမ်း ရှိသည်။ ၎င်း၏ လွှမ်းခြုံမှု နယ်ပယ်မှာ မကြီးမားလှသဖြင့် မဟာစစ်အစီအရင်ကြီးအတွက် ကြီးမားလှသော သက်ရောက်မှု လုံးဝ မရှိပါချေ။

ဤအရာက မြို့တွင်းရှိ မဟာထန်၏ ဗိုလ်ချုပ်များနှင့် စစ်သည်များကို အငွေ့များ တထောင်းထောင်း ထွက်နေသော အစားအစာများကို သုံးဆောင်နိုင်စေရန် အခွင့်အရေး ရရှိစေခဲ့ခြင်း ပင် ဖြစ်တော့သည်။

သို့သော် မြို့ပြင်ရှိ နိုင်ငံအသီးသီးမှ စစ်သည်များ အတွက်မူ သူတို့ကို သိုးခြေထောက် တစ်ချောင်းပေးလိုက်ခြင်းမှာပင် အလွန်ကောင်းမွန်နေပြီဖြစ်ရာ၊ ဝမ်ချောင်အနေဖြင့် သူတို့အတွက် ထိုမျှလောက် အထိ စဉ်းစားပေးနေမည် လုံးဝမဟုတ်ပါချေ။

မြို့ပြင်တွင် သုံးဦးစလုံးမှာ ခေတ္တမျှ တွေဝေသွားခဲ့ပြီး နောက်ဆုံးတွင် ထိုအလွန်အမင်း မာကျောနေအောင် အေးခဲနေသည့် သိုးခြေထောက်ကို ကောက်ယူလိုက်ကြတော့သည်။

မရှိတာထက် စာရင်တော့ ရှိတာက ပိုကောင်းပါသေးတယ်။ လက်ရှိ နိုင်ငံအသီးသီး အတွက်မူ ဤကဲ့သို့သော အရသာရှိလှသည့် သိုးခြေထောက် မျိုးကို စားရခြင်းမှာ အလွန်အမင်း ကြီးမားလှသော ဇိမ်ခံမှုတစ်ခုပင် ဖြစ်နေပြီ ဖြစ်တော့သည်။

"သွားစမ်း"

သုံးဦးစလုံးမှာ မြင်းခေါင်းကို လှည့်လိုက်ကြပြီး ထိုသိုးခြေထောက်ကို ယူဆောင်လျက် လျင်မြန်စွာ အဝေးသို့ ထွက်ခွာသွားကြကာ၊ တလိမ့်လိမ့် ထွက်ပေါ်နေသော နှင်းမုန်တိုင်းများအကြား၌ ပျောက်ကွယ်သွားကြတော့သည်။

မြို့ရိုးပေါ်တွင် သူတို့သုံးဦးစလုံး လုံးဝသတိမပြုမိလိုက်သည့်အချက်မှာ ဝမ်ချောင်က သူတို့ ထွက်ခွာသွားသည်ကို အမြဲတမ်း စောင့်ကြည့်နေခဲ့ပြီး၊ အချိန်အတော်ကြာမှသာလျှင် အကြည့်များကို ရုပ်သိမ်းလိုက်ခြင်းပင် ဖြစ်သည်။

"အရှင်... ကျွန်တော်တို့ ဒီလို လုပ်တာ သူတို့ အပေါ်မှာ တကယ်ပဲ အလုပ်ဖြစ်ပါ့မလား၊ အရမ်းကြီး တမင်တကာ လုပ်ပြနေသလို များ မဖြစ်နေဘူးလား”

အသံတစ်ခုမှာ ဝမ်ချောင်၏ အနောက်ဘက်မှနေ၍ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ကျန်းချွယ်မှာ လူအချို့ ထွက်ခွာသွားသော အရပ်ဆီသို့ လှမ်းကြည့်နေရင်း လက်ထဲတွင် အလွန်ကြီးမားသော အကိုက်တစ်ကိုက် ကိုက်ထားပြီးဖြစ်သည့် သိုးသားကင်ကို ချထားလိုက်တော့သည်။

နိုင်ငံအသီးသီးမှ စုံစမ်းထောက်လှမ်းရေး စစ်သည်သုံးဦးမှာ မဟာထန်၏ စစ်တပ်ကြီးကို ဆုချီးမြှင့်နေသည်နှင့် တိုက်ဆိုင်စွာ တွေ့ဆုံသွားခဲ့ခြင်း လုံးဝမဟုတ်ပါချေ၊ အရာရာတိုင်းမှာ တမင်တကာ စီစဉ်ထားသောရလဒ်များသာ ဖြစ်ပေသည်။

နိုင်ငံအသီးသီး၏ အင်အားမှာ မဟာထန်ထက် အနည်းငယ် အားနည်းနေသည် ဆိုသော်ငြားလည်း ဉာဏ်ပညာ ထက်မြက်သူများ လုံးဝမရှိသည်တော့ မဟုတ်ပါချေ။ ယခု လူတိုင်း ပြုလုပ်နေသော ကိစ္စများအားလုံးမှာ သူတို့ကို လှည့်စားနိုင်ရန် အတွက် လုံးဝခက်ခဲလှပေလိမ့်မည်။

"စစ်ဗျူဟာမှာ လျှို့ဝှက်တဲ့ အကြံအစည်တွေ ရှိသလို၊ ပွင့်လင်းတဲ့ အကြံအစည်တွေလည်း ရှိတယ်၊ ပုံမှန် စစ်တပ်တွေရှိသလို၊ ခြုံခိုတပ်တွေလည်း ရှိတယ်၊ ငါတို့ အခု သုံးနေတာက ပွင့်လင်းတဲ့ အကြံအစည်လမ်းကြောင်းပဲ၊ သူတို့တွေ သိသွားတယ်ဆိုတာက လုံးဝအရေးမကြီးဘူး၊ အရေးကြီးတာက သူတို့ ဘာတွေ မြင်လိုက်ရလဲ၊ သူတို့ ရင်ထဲမှာ ဘာတွေ လိုချင်နေလဲ ဆိုတာပဲ"

ဝမ်ချောင်က အေးဆေးတည်ငြိမ်စွာ ပြုံးလိုက်ပြီး လုံးဝဂရုမစိုက်နေတော့ပါချေ။

"နိုင်ငံအသီးသီးမှာ ထိုက်ရှီရဲ့ အကူအညီတွေရှိနေလို့ လောလောဆယ် နေထိုင်စရာ နေရာနဲ့ အအေးဒဏ် ပြဿနာတွေကို စိတ်ပူစရာ မလိုဘူး ဆိုပေမဲ့၊ အရှေ့ တာ့ခ်ပဲ ဖြစ်ဖြစ်၊ ရှီမျိုးနွယ်စုပဲဖြစ်ဖြစ်၊ ခီတန် မျိုးနွယ်စုပဲဖြစ်ဖြစ် သူတို့ အားလုံးမှာ အစားအစာတွေကို သိုလှောင်ထားတဲ့အကျင့် လုံးဝ မရှိကြဘူး၊ ဂိုဂူလျော နိုင်ငံကလည်း မြေဆီလွှာ အရမ်းညံ့ဖျင်းတယ်၊ ဒီနှင်းမုန်တိုင်းကြီးက အရမ်းကို ရုတ်တရက် ရောက်လာတာ ဆိုတော့ သူတို့ ရိက္ခာတချို့ စုဆောင်းထားနိုင်တယ်ဆိုရင်တောင်မှ အများကြီး ရှိမှာ မဟုတ်ဘူး၊ ယိုကျိုးဘက်မှာဆိုရင် သူတို့ရဲ့ စစ်တပ် ရိက္ခာတွေက နန်းတွင်းကနေ တိုက်ရိုက် ထောက်ပံ့ပေးထားတာဆိုတော့ ပိုပြီးတော့တောင် ပိုလျှံတဲ့ ရိက္ခာ တွေ ရှိနေမှာ မဟုတ်ဘူး၊ အဝတ်အစားတွေ၊ အစားအစာတွေကို ချွေတာပြီး လူတစ်ယောက်ချင်းစီရဲ့ သုံးစရိတ်တွေကို လျှော့ချရတာက မလွဲမသွေ ဖြစ်လာမယ့် ကိစ္စပဲ"

"လက်ရှိ နိုင်ငံအသီးသီးအနေနဲ့ စစ်တပ်ကြီးတစ်ခုလုံးကို ဗိုက်ဝအောင် ကျွေးထားနိုင်ရင်ကိုပဲ တော်တော်လေး ကောင်းနေပါပြီ၊ ငါတို့လိုမျိုး စစ်တပ်ကြီးကို အကြီးအကျယ် ဆုချီးမြှင့်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး"

"မဟာထန်ရဲ့ ပစ္စည်းသယံဇာတတွေက အရမ်းကို ပေါများ ကြွယ်ဝတယ်။ သူတို့ကို ဒီအချက်ကို မြင်တွေ့သွားအောင် လုပ်ပေးလိုက်ရင် လုံလောက်ပါပြီ"

ဝမ်ချောင်၏မျက်နှာအမူအရာမှာ အလွန်ပင်အေးဆေးတည်ငြိမ်နေခဲ့ပြီး၊ သူ၏ လှုပ်ရှားမှုတိုင်းတွင် အလွန်အမင်း အစွမ်းထက်လှသော ယုံကြည်ချက်တစ်ခု ပါဝင်နေခဲ့ကာ အရာရာတိုင်းကို အစောကြီးကတည်းက ရှင်းလင်းစွာ မြင်တွေ့ထားပြီး ဖြစ်သည့်အလား ဖြစ်နေတော့သည်။

"ဒါပေမဲ့ ဒီလိုလုပ်လိုက်ရင် စစ်တပ်ထဲက ရိက္ခာတွေ စောစောစီးစီး ကုန်ဆုံးသွားမှာကို စိုးရိမ်ရတယ်၊ နောက်ပိုင်း အခြေအနေတွေအတွက် အကျိုးမရှိ ဖြစ်သွားနိုင်တယ်"

ကျန်းချွယ်မှာ ခေတ္တမျှ တွေဝေသွားခဲ့ပြီးနောက် တွေဝေစွာဖြင့် ဆိုလိုက်တော့သည်။

စစ်တပ်အတွင်း၌ နေ့စဉ် နေ့တိုင်း အစားအစာ မည်မျှ ကုန်ဆုံးမည်။ မည်မျှလောက် အချိန်ကြာအောင် တောင့်ခံထားနိုင်မည် ဆိုသည်ကို အစောကြီးကတည်းက တွက်ချက်စီစဉ်ထားခဲ့ပြီး ဖြစ်သည်။

ယခင်တိုက်ပွဲတွင် စစ်တပ်အတွင်း၌ စစ်သည် အများအပြား ဆုံးရှုံးသွားခဲ့ရသည် ဆိုသော်ငြားလည်း၊ ထိုသို့ဖြစ်နေလင့်ကစား မြို့ထဲတွင် စစ်တပ်ကြီး ခုနစ်သိန်း ရှစ်သိန်းခန့်ရှိနေဆဲ ဖြစ်ရာ၊ ဤမျှလောက် များပြားလှသော လူများနှင့် သက်ဆိုင်နေသည့် ရိက္ခာ ပြဿနာမှာ အသေးအမွှားကိစ္စ လုံးဝမဟုတ်ပါချေ။

ထို့ပြင် ဝမ်ချောင်၏ယခုကဲ့သို့ စစ်တပ်ကြီးကို ဆုချီးမြှင့်သည့် နည်းလမ်းအရ ကြည့်မည်ဆိုပါက၊ အမျိုးမျိုးသော အသားများနှင့် အစားအစာများ ကုန်ဆုံးမှုမှာ ပုံမှန်အချိန်များထက် အနည်းဆုံး ဆယ်ဆခန့် ပိုမို များပြားနေတော့သည်၊ ဤအရာမှာ သေးငယ်သော ပမာဏတစ်ခု လုံးဝမဟုတ်ပါချေ။

လက်ရှိ ဧရာမ နှင်းမုန်တိုင်းကြီး၏ ပတ်ဝန်းကျင် အခြေအနေမျိုးတွင် ကျန်းချွယ်၏ ရင်ထဲ၌ အမြဲတမ်း စိုးရိမ်ပူပန်မှုအချို့ ရှိနေတော့သည်။

"အရှင်... အလှည့်ကျ လုပ်ရင်ရော မကောင်းဘူးလား၊ ဒီနေ့စစ်တပ်ကြီးကို ဆုချီးမြှင့်ပြီးရင်၊ မနက်ဖြန် သန်ဘက်ခါတွေကျရင် ပုံမှန်အတိုင်း ပြန်ထားလိုက်မယ်လေ… ဘာပဲဖြစ်ဖြစ် အကျိုးသက်ရောက်မှုကတော့ ရရှိသွားပြီပဲ"

ကျန်းချွယ်က စမ်းသပ်သည့် လေသံဖြင့် မေးမြန်းလိုက်တော့သည်။

စစ်တပ်အတွင်း၌ အောင်ပွဲရရှိသည့်အခါမျိုးတွင်မှသာ စစ်တပ်ကြီးကို ဆုချီးမြှင့်လေ့ရှိပြီး၊ ကြက်နှင့်နွားများ သတ်လေ့ ရှိသည်။ သို့သော် ဝမ်ချောင်၏ အစီအစဉ်အရဆိုလျှင် စစ်တပ်အတွင်း၌ ယနေ့တွင် ကြီးကျယ် ခမ်းနားစွာ အောင်ပွဲခံရုံသာမက၊ မနက်ဖြန်၊ သန်ဘက်ခါနှင့် နောက်ပိုင်း ဆယ်ရက်ကျော်ခန့်အထိ အလားတူပင် ဆက်လက် ပြုလုပ်သွားရမည် ဖြစ်သည်။

လူခုနစ်သိန်း ရှစ်သိန်းခန့်၏ ကုန်ဆုံးမှုမှာ လုံးဝသေးငယ်သော ပမာဏတစ်ခု မဟုတ်ပါချေ။

ကျန်းချွယ် တစ်ဦးတည်းသာ မဟုတ်ပါချေ၊ ကျန်းချွယ်၏စကားမှာ အခြားလူများ၏ ရင်ထဲရှိ စိုးရိမ်ပူပန်မှုများကိုပါ ကိုယ်စားပြုနေခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယခုအခါ လောကကြီးတစ်ခုလုံး ရေခဲများ ဖုံးလွှမ်းနေပြီဖြစ်ရာ ကုန်းမြေကြီးတစ်ခုလုံးအနေဖြင့် အစားအစာများ ထုတ်လုပ်ရန် လုံးဝမဖြစ်နိုင်တော့သောကြောင့်ပင် ဖြစ်သည်။

"မလိုအပ်ပါဘူး၊ အရာရာတိုင်းကို အရင်တိုင်းပဲ ဆက်လုပ်ကြ၊ စစ်တပ်ကြီးကို ဆုချီးမြှင့်ဖို့အတွက် သုံးတဲ့ အရက်တွေ၊ အသားတွေကို လျှော့ချဖို့ မလိုတဲ့အပြင် တစ်နေ့ထက် တစ်နေ့ ပိုပြီးတော့တောင် ကောင်းမွန်အောင် ပြုလုပ်ပေးရမယ်"

ဝမ်ချောင်က လက်ဝှေ့ယမ်းလိုက်ပြီး အေးဆေးတည်ငြိမ်စွာဖြင့် ဆိုလိုက်တော့သည်။

"ဟင်?"

ကျန်းချွယ်မှာ အံ့ဩတကြီး အော်ဟစ်လိုက်ပြီး မျက်လုံးများ ပြူးကျယ်သွားတော့သည်။ ဘေးပတ်ဝန်းကျင်ရှိ အခြားလူများမှာလည်း အသီးသီး လှမ်းကြည့်လာကြသည်။ အထူးသဖြင့် စစ်လက်နက် ပစ္စည်း ထောက်ပံ့ရေး အရာရှိများနှင့် ရိက္ခာ ပို့ဆောင်ရေး အရာရှိများမှာ မျက်ဝန်းထဲရှိ တုန်လှုပ်မှု များကို ဖုံးကွယ်ထားနိုင်စွမ်း မရှိကြပါချေ။

စစ်တပ်အတွင်းရှိ အောင်ပွဲခံ စားပွဲသောက်ပွဲများအတွက် လိုအပ်သော အစားအစာများ အားလုံးကို သူတို့ အနေဖြင့် စီစဉ်ပေးရခြင်း ဖြစ်သည်။ သို့သော် အောင်ပွဲခံ စားပွဲသောက်ပွဲ အတိုင်းအတာကို ချဲ့ထွင်မည့် ကိစ္စနှင့် ပတ်သက်၍ ဝမ်ချောင်မှာ ကြိုတင်၍ သူတို့ကို တစ်ခွန်းမျှပင် မပြောဆိုထားခဲ့ပါချေ။

"စစ်ဗျူဟာဆိုတာ အမှန်တရားတွေနဲ့ အတုအယောင်တွေ ရောနှောနေတာပဲ၊ မင်းတို့ မှတ်ထားရမှာ တစ်ခုပဲ ရှိတယ်။ ငါတို့ရဲ့ ဒီစစ်ပွဲရဲ့ ရည်ရွယ်ချက်က အအေးဒဏ်ကို အနိုင်ယူဖို့ မဟုတ်ဘူး။ ဒီဧရာမ နှင်းမုန်တိုင်းကြီးထဲမှာ ဘယ်လောက် အချိန်အကြာကြီး တောင့်ခံထားနိုင်မလဲဆိုတာလည်း မဟုတ်ဘူး၊ အန်းလုရှန်းနဲ့ နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့ကို အမြစ်ပြတ် ချေမှုန်းဖို့ပဲ၊ ပြိုင်ဘက်ကို ဘယ်အချိန်မှာ အမြစ်ပြတ် ချေမှုန်းနိုင်မလဲ၊ ငါတို့ ဘယ်အချိန်မှာ အောင်ပွဲခံပြီး ပြန်လာနိုင်မလဲ။ ဒါကမှ အရေးအကြီးဆုံး ကိစ္စပဲ"

လူတိုင်း၏ရင်ထဲတွင် ဘာတွေးနေသည်ကို သိရှိနေသည့်အလား ဝမ်ချောင်က လေးနက်သောအသံဖြင့် ဆိုလိုက်တော့သည်။

ဝမ်ချောင်၏လေးနက်နေသော မျက်နှာအမူအရာကို မြင်တွေ့လိုက်ရသည့်အခါ လူတိုင်း၏ ရင်ထဲ၌ တုန်လှုပ်သွားကြပြီး လျင်မြန်စွာပင် အားလုံး ခေါင်းငုံ့သွားကြတော့သည်။

"ဟုတ်ကဲ့ပါ အရှင်"

ဝမ်ချောင် သတိပေးလိုက်သည့်အခါမှသာ လူတိုင်းမှာ မိမိတို့ အနေဖြင့် နားလည်မှု လွဲမှားနေသော လမ်းကြောင်းတစ်ခုပေါ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်ကြောင်း သတိပြုမိသွားကြတော့သည်။

မှန်ပေသည်၊ ဤစစ်ပွဲ၏ ရည်ရွယ်ချက်မှာ ရိက္ခာများကို ချွေတာရန် လုံးဝမဟုတ်ပါချေ၊ နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့ကို အမြန်ဆုံး အမြစ်ပြတ် ချေမှုန်းနိုင်ရန်သာ ဖြစ်ပေသည်။

"လာ... သောက်ကြစို့"

ဝမ်ချောင်က သူတို့ကို ဆက်လက်၍ ဂရုစိုက်မနေတော့ဘဲ မြို့တော်မှ အကောင်းဆုံးသော အရက်များ ထည့်ထားသည့် အရက်ခွက်ကို မြှောက်လိုက်ပြီး၊ မြို့ထဲရှိ ပြည့်နှက်နေပြီး အဆုံးအစမရှိ များပြားလှသော ဗိုလ်ချုပ်များနှင့် စစ်သည်များကို ကြည့်ရင်း ဆိုလိုက်တော့သည်။

"ဗိုလ်ချုပ်ကို ဂုဏ်ပြုပါတယ်"

ဗိုလ်ချုပ်များနှင့် စစ်သည်များ အားလုံးမှာလည်း အရက်ခွက်ကို မြှောက်ကာ ကျယ်လောင်စွာ တုံ့ပြန်လိုက်ကြတော့သည်။

မြို့ထဲတွင် အောင်ပွဲခံ ရယ်မောသံများမှာ ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေခဲ့ပြီး ယခင်ကထက် ပိုမို၍ပင် ကျယ်လောင်နေတော့သည်။

......

စုံစမ်း ထောက်လှမ်းရေး ထွက်လာကြသော နိုင်ငံအသီးသီး မှ စစ်သည်များမှာ တစ်ဖွဲ့ပြီးတစ်ဖွဲ့ အဆက်မပြတ် ရောက်ရှိလာခဲ့ကြသည်။ ထန်လူမျိုးများမှာ သံမဏိခံတပ် အတွင်း၌ ကြီးကျယ်ခမ်းနားစွာ အောင်ပွဲခံနေကြသည် ဟူသော သတင်းများမှာ နိုင်ငံအသီးသီး၏ စစ်တပ်များကြားတွင် အစောကြီးကတည်းက ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။ ထို့ပြင် စုံစမ်းထောက်လှမ်းရန် သွားရောက်ခဲ့ကြသော စစ်သည်များက သိုးခြေထောက်ကင်များ၊ ဝက်ကင်များ၊ သားရေအိတ်များဖြင့် ထည့်ထားသော အရက်ကောင်းများနှင့် ထန်လူမျိုးများ အလွန်နှစ်သက်စွာ စားသုံးလေ့ ရှိကြသော သရေစာ မုန့်များကိုပါ သယ်ဆောင်လာခဲ့ကြရာ၊ မျက်နှာချင်းဆိုင်ရှိ လှုပ်ရှားမှုများမှာ ကပ်ရောဂါကြီး တစ်ခုအလား လျင်မြန်စွာ ပျံ့နှံ့သွားစေတော့သည်။

ထန်လူမျိုးများမှာ ထိုနေရာတွင် ရယ်မော ပျော်ရွှင်နေကြပြီး ကျယ်လောင်စွာ အောင်ပွဲခံကာ အရက်ကောင်းများ သောက်သုံးရင်း အရသာရှိသော အစားအစာများကို မြည်းစမ်းနေကြသည်ကို မြင်တွေ့လိုက်ရသည့်အခါ နိုင်ငံအသီးသီးမှ စစ်သည်များ၏ ရင်ထဲ၌ ခံစားချက်မျိုးစုံ ရောနှောနေကြတော့သည်။

******

All Chapters