အခန်း ၂၂၂၆
Vol. 138 Ch. 2226
အခန်း (၂၂၂၆) နှင်းမုန်တိုင်းကြားမှ နောက်တစ်ကြိမ် တိုက်ပွဲ
သို့မဟုတ်လျှင်လည်း သူတို့ ပြောသကဲ့သို့ပင် အင်ပါယာများနှင့် မင်းဆက်များ အားလုံးမှာ သူတို့ မျက်လုံးထဲတွင် ပုရွက်ဆိတ်များသာ ဖြစ်ပေလိမ့်မည်။
ထိုက်ရှီနှင့် ရှန့်ကုန်းအကြီးအကဲတို့၏ ကိုယ်ပေါ်တွင် အမှန်တကယ်ပင် စိတ်မအေးစရာကောင်းသော လျှို့ဝှက်ချက်များစွာ ရှိနေတော့သည်။
ရှန့်ကုန်းအကြီးအကဲ၏အသံမှာ ဆက်လက် ထွက်ပေါ်လာနေဆဲပင် ဖြစ်သည်။
"အဲဒီကောင်လေး ကတော့ တကယ်ပဲ အရည်အချင်း အနည်းငယ် ရှိတာပဲ၊ ထိုက်ရှီသခင်ကြီး ဒီလောက်တောင် ခေါင်းကိုက်သွားတာ ငါ ပထမဆုံး မြင်ဖူးတာပဲ၊ ဒါပေမဲ့ သူက ထိုက်ရှီ သခင်ကြီ ရဲ့ဒေါသကိုလည်း အောင်မြင်စွာ ဆွပေးလိုက်သလို ဖြစ်သွားတယ်၊ စစ်ပွဲက မကြာခင် စတော့မယ် မဟုတ်လား၊ စိတ်ချပါ၊ အရာရာတိုင်း ကို အဆင်သင့် ပြင်ထားပြီးသားပါ၊ မကြာခင်မှာပဲ သံမဏိခံတပ်တစ်ခုလုံး လုံးဝ ပြိုကွဲသွားလိမ့်မယ်၊ ဒီစစ်ပွဲက မင်း ထင်ထားသလောက် ခက်ခဲမှာ မဟုတ်သလို ရှုပ်ထွေးမှာလည်း မဟုတ်ပါဘူး"
ရှန့်ကုန်းအကြီးအကဲ က အသာအယာ ပြုံးလျက် ဆိုလိုက်သည်။
အန်းလုရှန်းက တစ်ခုခု ထပ်မံ မေးမြန်းရန် ပြင်လိုက်သော်လည်း၊ ထိုအချိန်မှာပင် လျင်မြန်လှသော ခြေသံများမှာ နားထဲသို့ ရုတ်တရက် တိုးဝင်လာတော့သည်။
"သတင်းပို့ပါတယ် သခင်ကြီး... ထိုက်ရှီသခင်ကြီးဆီက အမိန့် ရောက်လာပါတယ်၊ မနက်ဖြန် မြို့ကို တိုက်ခိုက်တော့မယ် တဲ့၊ သခင်ကြီး ကို သူ့ဆီ အမြန်ဆုံး လာတွေ့ဖို့ ပြောလိုက်ပါတယ်"
ယိုကျိုးစစ်သည် တစ်ဦးမှာ လက်နှစ်ဖက်ဖြင့် လှံရှည်ကို ကိုင်ဆောင်ကာ အလျင်စလို ဝင်ရောက်လာပြီး ဒူးတစ်ဖက် ထောက်လျက် ဆိုလိုက်တော့သည်။
ထိုသတင်းပို့ စစ်သည်၏စကားကို ကြားလိုက်ရသည့်အခါ တဲအတွင်းရှိ လူတိုင်း၏ တစ်ကိုယ်လုံးမှာ လှုပ်ရှားသွားခဲ့ပြီး အားလုံးတစ်ပြိုင်နက်တည်း လှမ်းကြည့်လိုက်ကြတော့သည်။
"နောက်ဆုံးတော့ စစ်ပွဲ စတော့မှာပေါ့"
"မြန်လိုက်တာ"
အခြားအရာများကို တွေးတောရန် အချိန်မရှိတော့ဘဲ လူအုပ်ကြီးမှာ လျင်မြန်စွာ ထွက်ခွာသွားကြတော့သည်။
စစ်ဗုံသံများမှာ ကျဘ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံအထိ ပဲ့တင်ထပ်သွားတော့သည်။ ဆယ်ရက်ကျော်ခန့် စစ်ခေတ္တ ရပ်နားထားပြီးနောက်၊ ယိုကျိုး ကုန်းမြေပေါ်တွင် စစ်တိမ်တိုက်များ နောက်တစ်ကြိမ် ထပ်မံဖုံးလွှမ်းလာခဲ့ပြီး အရှေ့မြောက်ဘက် ဒေသတစ်ခုလုံးရှိ လေထုမှာ ယခင်ကထက် ပိုမို၍ တင်းမာလာပြန်သည်။
အချိန်များမှာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီး နောက်ထပ် တစ်ရက်မှာ လျင်မြန်စွာ ရောက်ရှိလာတော့သည်။
"ရွှီးးး"
နှင်းမုန်တိုင်းများ အကြားတွင် နှင်းသိမ်းငှက်တစ်ကောင်မှာ စူးရှစွာ အော်ဟစ်လိုက်ပြီး အတောင်ပံများကို ဖြန့်ကာ ယိုကျိုး နယ်နိမိတ်မှနေ၍ တောင်ဘက်ရှိ သံမဏိခံတပ် ဆီသို့ လျင်မြန်စွာ ပျံသန်းလာခဲ့သည်။
"နောက်ဆုံးတော့ စတင်ပြီပေါ့"
သံမဏိခံတပ်၏ မြောက်ဘက် မြို့ရိုး ပေါ်တွင် ဝမ်ချောင်မှာ လက်နှစ်ဖက်ကို အနောက်တွင် ပိုက်ထားလျက် မတ်မတ်ရပ်နေခဲ့ပြီး သူ၏နက်မှောင်လှသော ဆံပင်ရှည်ကြီးများမှာ လေထဲတွင် တလွင့်လွင့် လွင့်ပျံနေတော့သည်။
"ငါ့အမိန့်ကို ပေးလိုက်စမ်း၊ စစ်တပ် တစ်ခုလုံးကို အသင့် အနေအထား ပြင်ထားကြ၊ ရန်သူကို ရင်ဆိုင်ဖို့ ပြင်ကြစမ်း"
ပြင်းထန်လှသော လေပြင်းများမှာ ဟောက်သံများနှင့်အတူ ဖြတ်သန်းသွားခဲ့ပြီး ကောင်းကင်ယံ အပြည့် နှင်းမုန်တိုင်း များမှာ သံမဏိခံတပ် ၏ အထက် ကောင်းကင်ယံ မှနေ၍ အလွန် ဝေးကွာလှသော အရပ်ဆီသို့ အဆက်မပြတ် ဆင်းသက်လာနေသည်၊ ထိုအခိုက်အတန့်၌ ဝမ်ချောင် မှာ မြို့ရိုး ပေါ်တွင် အနည်းငယ်မျှ မလှုပ်မယှက် ရပ်နေခဲ့ပြီး ရင်ထဲ၌ ဧရာမ လှိုင်းလုံးကြီးများ အဆက်မပြတ် ထွက်ပေါ်နေတော့သည်။
ဤနောက်ဆုံး တိုက်ပွဲကြီးမှာ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီ ဖြစ်၏
ပြန်လည် မွေးဖွားလာခဲ့သည့်အချိန်မှ စတင်၍ ဝမ်ချောင် မှာ အမျိုးမျိုးသော စစ်ပွဲများတွင် မနားတမ်း ပါဝင် ဆင်နွှဲခဲ့ရသည်။ သို့သော် ဤတစ်ကြိမ်မှာမူ ယခင် အချိန်များ အားလုံးနှင့် လုံးဝ ကွဲပြားခြားနားနေတော့သည်။
"အန်းလုရှန်း... ငါတို့ အကြားက ကိစ္စတွေကို အခု အပြတ် ရှင်းရတော့မယ်"
ဝမ်ချောင်က ရင်ထဲ၌ တိတ်တဆိတ် ရေရွတ်လိုက်သည်။ ထိုအခိုက်အတန့်၌ သူ၏အကြည့်များမှာ ဟာလာဟင်းလင်းပြင်ကြီးကို ဖောက်ထွက်လျက် အဆုံးအစမရှိသော နှင်းမုန်တိုင်းများ ၏ အနက်ပိုင်းတွင် ရှိနေသော နိုင်ငံအသီးသီး ၏ တပ်စခန်း ရှိရာ အရပ်ဆီသို့ လှမ်းကြည့်နေသည့်အလား ဖြစ်နေတော့သည်။
၎င်းမှာ ကံကြမ္မာတစ်ခုကဲ့သို့ပင်။ သူနှင့် အန်းလုရှန်း ၏ ကံကြမ္မာမှာ အစောကြီးကတည်းက ရောယှက်နေခဲ့ပြီ ဖြစ်သည်။
တစ်ဦးက မဟာထန်ကို ဖျက်ဆီးလိုသူ။
အခြား တစ်ဦးကမူ မဟာထန်ကို ကာကွယ် စောင့်ရှောက်လိုသူ။
သူတို့ နှစ်ဦးအကြားတွင် တစ်ဦးတည်းသာလျှင် အသက်ရှင်ကျန်ရစ်ရန် သတ်မှတ်ထားခြင်း ခံရသကဲ့သို့ပင် ဖြစ်သည်။
စစ်ပွဲကို အချိန်အတော်ကြာအောင် ရပ်နားထားခဲ့ပြီးနောက်၊ ဝမ်ချောင်အနေဖြင့် အန်းလုရှန်း နှင့် နိုင်ငံအသီးသီးမှ ယခုတစ်ကြိမ် စတင်တိုက်ခိုက်လာမှုမှာ ယခင်ကနှင့် လုံးဝ ကွဲပြားခြားနားလိမ့်မည်ဟု ယုံကြည်ထားပေသည်။
ဝမ်ချောင်၏ ရင်ထဲ၌ ခံစားချက် တစ်ခု ရှိနေသည်။ ဤတစ်ကြိမ်တွင် အချိန်ကြာမြင့်သော စစ်ပွဲမျိုး ဖြစ်လာတော့မည် မဟုတ်ပါချေ၊ သူတို့ နှစ်ဦး အကြား၊ မဟာထန်နှင့် နိုင်ငံအသီးသီး အကြားတွင် ဤတိုက်ပွဲ အပြီး၌ လုံးဝ ပြတ်သားသော အဆုံးသတ်တစ်ခု ရှိလာတော့မည် ဖြစ်သည်။
"မင်း ငါ့ကို စိတ်ပျက်အောင် မလုပ်ဘူး လို့ မျှော်လင့်ရတာပဲ"
ဝမ်ချောင်က ခေါင်းကို အနည်းငယ် မော့ကာ အကြည့်များကို ဖြည်းညင်းစွာ မြှင့်လိုက်ပြီး အဆုံးအစမရှိသော ကောင်းကင်ယံ အထက်ပိုင်းဆီသို့ လှမ်းကြည့်လိုက်တော့သည်။
နတ်ဘုရား အဖွဲ့အစည်း... ထိုက်ရှီ... အန်းလုရှန်း... ရွဲလော့ဟယ်... တခြားကမ္ဘာ ကျူးကျော်သူများ... မျက်တောင်တစ်ခတ် အတွင်းမှာပင် အတွေးပေါင်း များစွာမှာ ဝမ်ချောင်၏ ဦးနှောက်ထဲ၌ ဖြတ်ပြေးသွားတော့သည်။
ယခင်ဘဝကမူ ဝမ်ချောင်နှင့် နောက်ပိုင်း လူများ အားလုံးမှာ ထိုတခြားကမ္ဘာ ကျူးကျော်သူများမှာ အန်းလုရှန်းက ခေါ်ယူထားခြင်း ဖြစ်ကြောင်းကိုသာ သိရှိခဲ့ကြသည်။ သို့သော် မည်သို့ ခေါ်ယူခဲ့သည်၊ သူ အဘယ်ကြောင့် ခေါ်ယူနိုင်ခဲ့သည်နှင့် ထို တခြားကမ္ဘာ ကျူးကျော်သူများမှာ အမှန်တကယ်တွင် ဘာတွေလဲ ဆိုသည်ကိုမူ ကမ္ဘာ ပျက်သုဉ်းမည့် အချိန်ရောက်သည့်အထိ မည်သူကမျှ မသိရှိနိုင်ခဲ့ကြပါချေ။
သို့သော် ဘဝသစ် ပြန်လည် ရရှိလာသည့် ဤအချိန်တွင် ဝမ်ချောင်၏ရင်ထဲ၌ ရုတ်တရက် ခံစားချက်တစ်ခု ပေါ်ထွက်လာတော့သည်။
ထိုစဉ်က မိမိမှာ နောက်ဆုံးအချိန်၌ အမိန့်ကို လက်ခံရရှိခဲ့ပြီး၊ ကမ္ဘာ ပျက်သုဉ်းမည့် အချိန်၏ ဗိုလ်ချုပ် ဖြစ်လာခဲ့ကာ၊ မဟာထန်၏ နောက်ဆုံးသော စစ်တပ်များကို ဦးဆောင်လျက် အရပ်မျက်နှာ အသီးသီးသို့ လှည့်လည် တိုက်ခိုက်ခဲ့ရသည်။ သို့သော် ထိုစဉ်က မိမိမှာ စစ်ပွဲများ အတွင်း၌သာ နစ်မွန်းနေခဲ့ရာ အရာများစွာကို ရှင်းလင်းစွာ သိရှိနိုင်ခြင်း မရှိခဲ့ပါချေ။
သို့မဟုတ်လျှင်လည်း ထိုအချိန်က မိမိ အနေဖြင့် ဤအရာများကို လေ့လာ သိရှိနိုင်ရန် အချိန်မရှိခဲ့ခြင်း ပင် ဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် မိမိ အနေဖြင့် စိုးရိမ် ပူပန်ရမည့် ကိစ္စရပ်များမှာ အလွန် များပြားလွန်းလှသောကြောင့် ပင် ဖြစ်သည်။
၎င်းမှာ ပေါက်ပြဲနေသော အပေါက်များစွာရှိနေပြီး လှိုင်းလုံးကြီးများ အကြားတွင် ခုတ်မောင်းနေသော သင်္ဘောအိုကြီး တစ်စင်းအလား ဖြစ်နေခဲ့ပြီး၊ မိမိအနေဖြင့် ပိတ်ဆို့ရမည့် အပေါက်များမှာ အလွန်များပြားလှပေရာ၊ မည်သည့် အပေါက်ကိုပဲ ပိတ်ပါစေ အကျိုးသက်ရောက်မှု လုံးဝ မရှိခဲ့ပါချေ။
သို့သော် ဤဘဝတွင်မူ အရာရာတိုင်းမှာ ကွဲပြားခြားနားသွားခဲ့ပြီ ဖြစ်သည်။
ကျောက်ခဲ တစ်လုံး ပြုတ်ကျလာခဲ့ပြီး လှိုင်းဂယက်များ ထွက်ပေါ်လာမှုနှင့်အတူ၊ ဖုံးကွယ်ထားသော အမှန်တရားအချို့ကိုလည်း ဆွဲထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။
ပထမဆုံး အကြိမ်အဖြစ် ဝမ်ချောင် အနေဖြင့် မိမိသည် ယခင်ဘဝက "အဓိက" လျှို့ဝှက်ချက် အချို့နှင့် ထိတွေ့မိနေပြီဟု ခံစားလိုက်ရသည်။ ထိုကပ်ဘေးကြီးနှင့် ပတ်သက်၍ မိမိ ယခင်ဘဝက သိရှိထားခဲ့သည်များနှင့် လုံးဝကွဲပြားခြားနားသော ရှင်းလင်းချက်များနှင့် အမှန်တရားများ ရှိနေပုံ ရပေသည်။
ဤဘဝတွင် မိမိ ပေါ်ထွက်လာမှုနှင့်အတူ အရာများစွာမှာ တဖြည်းဖြည်းချင်း ရေပေါ်သို့ ပေါ်ထွက်လာနေပြီ ဖြစ်သည်။
အထူးသဖြင့် ထိုရွဲလော့ဟယ်များပင် ဖြစ်သည်။ ၎င်းမှာ ပုံမှန်အခြေအနေတွင် ပေါ်ထွက်လာရမည့် အရာမျိုး လုံးဝ မဟုတ်ပါချေ။
ဝမ်ချောင်၏ ရင်ထဲ၌ ခံစားချက် တစ်ခုပင် ရှိနေသည်။ ၎င်းတို့မှာ မပြီးပြည့်စုံသော အရာများ ဖြစ်ကြသည် ဆိုသော်ငြားလည်း၊ ဤရွဲလော့ဟယ်များ၏ တိုက်ခိုက်ရေး စွမ်းအားမှာ အချို့သော ရှုထောင့်များမှ ကြည့်မည်ဆိုပါက အပြည့်အဝ ပြီးပြည့်စုံသော တခြားကမ္ဘာ ကျူးကျော်သူများထက်ပင် ပိုမို အစွမ်းထက်နိုင်ပေသည်။
အနည်းဆုံးတော့ ဝမ်ချောင် ထိုစဉ်က သိရှိထားခဲ့သော တခြားကမ္ဘာ ကျူးကျော်သူများ၏ ကိုယ်ခန္ဓာ အားနည်းချက်များနှင့် အပေါက်အပြဲများမှာ ဤရွဲလော့ဟယ်များ၏ ကိုယ်ပေါ်တွင်မူ လုံးဝပေါ်ထွက်နေခြင်း မရှိပါချေ။
ထို့ပြင် ဤရွဲလော့ဟယ်များမှာ သေချာပေါက် အချို့သော "တခြားကမ္ဘာ ကျူးကျော်သူများ"ကို အသုံးပြု၍ ပြုလုပ်ထားခြင်း ဖြစ်ပြီး၊ သာမန် "တခြားကမ္ဘာ ကျူးကျော်သူများ" လည်း လုံးဝ မဟုတ်ပါချေ။
ဝမ်ချောင်မှာ ယခင်ဘဝက တစ်သက်လုံး စစ်ပွဲများ ဆင်နွှဲလာခဲ့သူဖြစ်ရာ ဤတခြားကမ္ဘာ ကျူးကျော်သူများနှင့် ပတ်သက်၍ အလွန်အမင်း သိရှိနားလည်ထားသူ ဖြစ်သည်။ တခြားကမ္ဘာ ကျူးကျော်သူများ ဟု ခေါ်ဆိုသော အရာများမှာ အမှန်တကယ်တွင်မူ အဆင့်အမျိုးမျိုး ခွဲခြားထားကြောင်းကိုလည်း သူ ခံစားသိရှိနိုင်ပေသည်။
ထိုရွဲလော့ဟယ်များမှာမူ အလွန်မြင့်မားသော အဆင့်ရှိသည့် "တခြားကမ္ဘာ ကျူးကျော်သူများ" အုပ်စု အတွင်း၌ ပါဝင်နေဆဲပင် ဖြစ်သည်။
နတ်ဘုရား အဖွဲ့အစည်း ဆိုတာ အမှန်တကယ်တော့ ဘာကြီးလဲ။
သူတို့တွေ ဒီ "တခြားကမ္ဘာ ကျူးကျော်သူများ" ကို ဘယ်ကနေ ရလာကြတာလဲ။
ဘာဖြစ်လို့ အစစ်အမှန် "တခြားကမ္ဘာ ကျူးကျော်သူများ"ကို အသုံးမပြုကြတာလဲ။ သူတို့တွေ ဒီရွဲလော့ဟယ်တွေကို ပြုလုပ်ခဲ့တာက တကယ်ပဲ အန်းလုရှန်းကို ကူညီဖို့ သက်သက်ပဲလား၊ အနောက်ကွယ်က အမှန်တရား လျှို့ဝှက်ချက်ကကော ဘာများ ဖြစ်မလဲ။
......
ဝမ်ချောင်၏ ရင်ထဲ၌ သံသယများစွာ ရှိနေတော့သည်။
ဘာပဲဖြစ်ဖြစ် နတ်ဘုရား အဖွဲ့အစည်း မှာ မိမိ သိရှိထားသော "လောက ပျက်သုဉ်းမည့် ကပ်ဘေးကြီး"နှင့် သေချာပေါက် ပတ်သက်မှု ရှိနေရမည် ဖြစ်သည်။
ဤဘဝတွင်မူ မိမိအနေဖြင့် သေချာပေါက် "အဖြေ"တစ်ခုကို ရှာဖွေသွားမည် ဖြစ်ပြီး၊ အနောက်ကွယ်မှ အရာရာတိုင်းကို ထိန်းချုပ်နေသူများကိုလည်း ၎င်းအတွက် တန်ဖိုး ပေးဆပ်စေရမည်။
"ဝူးးး"
လေအေးများ တစ်ချက် တိုက်ခတ်သွားခဲ့ပြီး ဝမ်ချောင်မှာ နှင်းမုန်တိုင်းများ အကြားတွင် တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။
စစ်တိမ်တိုက်များ နောက်တစ်ကြိမ် ဖုံးလွှမ်းလာတော့မည် ဖြစ်ရာ၊ သံမဏိခံတပ် ဖြစ်စေ နိုင်ငံအသီးသီး၏ တပ်စခန်းဖြစ်စေ အများအပြား တိတ်ဆိတ် ငြိမ်သက်သွားခဲ့ကြသည်၊ ပုံမှန် အချိန်များတွင် စုံစမ်း ထောက်လှမ်းလေ့ရှိသော စစ်သည်များပင်လျှင် အများအပြား နည်းပါးသွားခဲ့ပြီ ဖြစ်သည်။ သို့သော် ထိုတင်းမာလှသော လေထုမှာမူ လျော့နည်းသွားခြင်း မရှိဘဲ ပိုမို၍တိုးပွားလာနေတော့သည်။
"ဘယ်လိုလဲ၊ လှုပ်ရှားမှုတွေ ရှိပြီလား"
မြို့ရိုး ပေါ်တွင် ရွှီခဲ့ယီနှင့် ကျန်းချွယ်တို့မှာ ပခုံးချင်းယှဉ်လျက် ရပ်နေကြပြီး၊ ရုတ်တရက် ခေါင်းလှည့် မေးမြန်းလိုက်ရာ အသံထဲတွင် စိုးရိမ်ပူပန်မှုနှင့် အလျင်လိုနေသည့် အရိပ်အယောင်များ ဝေဝါးစွာ ပါဝင်နေတော့သည်။
ရွှီခဲ့ယီ စကားပြောနေသည့် အချိန်တွင် ချန်ပုရန်နှင့် စွန်ကျီမင်တို့မှာလည်း အသီးသီး လှမ်းကြည့်လိုက်ကြသည်။
ယိုကျိုးဘက်မှ တိုက်ခိုက်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။ လူတိုင်း အဝေးမှနေ၍ လေပြင်းများ အတွင်းမှ လွင့်ပျံလာသော စစ်ဗုံသံများကို ကြားနိုင်ပေသည်။
လူတိုင်း အစကတော့ မိုးလင်းပြီးနောက် နိုင်ငံအသီးသီးဘက်မှ လှုပ်ရှားမှုများ စတင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။ သို့သော် ယခုအခါ မွန်းတည့် အချိန်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း၊ ယိုကျိုးဘက်တွင်မူ စစ်သည်များ လှုပ်ရှားမည့် အရိပ်အယောင် အနည်းငယ်မျှပင် မရှိသေးပါချေ။
ဤအရာမှာ အမှန်တကယ်ပင် ပုံမှန် မဟုတ်လွန်းပါချေ။
"မရှိသေးဘူး၊ ငါ အကြိမ်ပေါင်းများစွာ စစ်ဆေးပြီးပြီ၊ နိုင်ငံအသီးသီးဘက်ကတော့ ဘာလှုပ်ရှားမှုမှ မရှိသေးဘူး၊ ဒါပေမဲ့ သူတို့တွေ တိုက်ပွဲဝင်ဖို့ တကယ်ပဲ ပြင်ဆင်နေကြတာပါ"
ကျန်းချွယ်က ဆိုလိုက်သည်၊ သူ၏ မျက်ခုံးများမှာ တင်းကျပ်စွာ ကျုံ့နေခဲ့ပြီး အလားတူပင် နားမလည်နိုင် ဖြစ်နေတော့သည်။
မဟာထန်၏ ယခင် စစ်ပွဲအချို့မှာ အချိန်အတော်ကြာအောင် ကြန့်ကြာခဲ့ဖူးသည်၊ အခြေခံအားဖြင့် မိုးလင်းချိန်မှ မိုးချုပ်ချိန်အထိ တိုက်ခိုက်ခဲ့ကြရပြီး၊ နောက်ဆုံးမှသာ မတတ်သာဘဲ စစ်တပ်ကို ပြန်လည် ရုပ်သိမ်းခဲ့ကြရခြင်း ဖြစ်သည်။ မည်သူကမျှ တမင်တကာ အချိန်ဆွဲနေလိမ့်မည် မဟုတ်ပါချေ။ အဘယ်ကြောင့်ဆိုသော် စစ်မြေပြင်ရှိ နှစ်ဖက်စလုံးမှာ တိုက်ခိုက်လိုစိတ်များ ပြင်းထန်နေကြသောကြောင့်ပင် ဖြစ်သည်။
မည်သူမဆို ပြိုင်ဘက်ကို အမြန်ဆုံး အမြစ်ပြတ် ချေမှုန်းပြီး အောင်ပွဲကို ရယူလိုကြသည်ချည်းသာ ဖြစ်သည်။
သို့သော် နိုင်ငံအသီးသီးဘက်တွင်မူ ခေါင်းလောင်းသံများ ထွက်ပေါ်နေခဲ့ပြီး စစ်ဗုံများကိုလည်း တီးခတ်နေခဲ့ပြီ ဖြစ်ရာ၊ လက္ခဏာများ အားလုံးမှာ သူတို့ တိုက်ခိုက်တော့မည်ဟု ဖော်ပြနေကြသည်။ သို့သော် အချိန်အတော်ကြာသည် အထိ ဘာလှုပ်ရှားမှုမှ မရှိခြင်းမှာ အမှန်တကယ်ပင် သံသယဖြစ်ဖွယ် ကောင်းလွန်းလှပေသည်။
"အရှင်ဘက်ကရော ဘာပြောလဲ?"
ဘေးနားရှိ စွန်ကျီမင်က ရုတ်တရက် ဝင်ရောက် မေးမြန်းလိုက်သည်။
"စောင့်ဖို့ပဲ အခု အခြေအနေက စောင့်တာကလွဲရင် တခြား နည်းလမ်း မရှိဘူး။ ငါတို့က ယိုကျိုး စစ်သည်တွေ မဟုတ်ဘူး၊ ရွဲလော့ဟယ်တွေရဲ့ အကူအညီနဲ့ အအေးဒဏ်ကို ကာကွယ်နိုင်စွမ်း မရှိဘူး။ အခုမဟာစစ်အစီအရင် လွှမ်းခြုံထားတဲ့ နယ်ပယ်က သံမဏိခံတပ် တစ်ခုတည်းပဲ ရှိတာ။ မြို့ပြင်ထွက်ပြီး တိုက်မယ်ဆိုရင် ငါတို့ရဲ့ တိုက်ခိုက်ရေး စွမ်းအား က အများကြီး လျော့ကျသွားလိမ့်မယ်"
ကျန်းချွယ်က လေးနက်သော အသံဖြင့် ဆိုလိုက်သည်။
ကျန်းချွယ်မှာ ဝမ်ချောင်၏ဘေးနားတွင် အမြဲတမ်း လိုက်ပါလာခဲ့သူ ဖြစ်ပြီး ဘယ်သောအခါမျှ ခွဲခွာခြင်း မရှိပါချေ။ လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က ပထမဆုံးသော ရေခဲခေတ်ငယ် ဆင်းသက်လာခဲ့စဉ်က၊ ကျန်းချွယ်သည် တာ့လာစ် စစ်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့ဖူးသူ ဖြစ်သည်။
ထိုတိုက်ပွဲ၏ ရက်စက်ကြမ်းတမ်းမှုနှင့် ပတ်သက်၍ ကျန်းချွယ်မှာ ယခုအချိန်အထိ အမှတ်ရနေဆဲပင် ဖြစ်သည်။
အာရပ် အင်ပါယာ၏ ထိုမျှလောက် များပြားလှသော စစ်သည်များမှာ၊ အမှန်တကယ်တွင်မူ အများစုမှာ မဟာထန်၏ သတ်ဖြတ်ခြင်းကြောင့် မဟုတ်ဘဲ၊ နှင်းမုန်တိုင်းများအကြားတွင် အသက်ရှင်လျက် အေးခဲသေဆုံးသွားခဲ့ကြခြင်း ဖြစ်သည်။
နှင်းမုန်တိုင်းများ ရပ်တန့်သွားသည့်အချိန်တွင် ကျန်းချွယ် မြို့ပြင်ထွက်ကြည့်ခဲ့စဉ်က၊ လူအများအပြားမှာ လူရော မြင်းပါ တစ်သားတည်း ရေခဲရုပ်တုများအဖြစ် တိုက်ရိုက် အေးခဲသွားကြသည်ကို မြင်တွေ့ခဲ့ရသည်။
အတိတ်က သင်ခန်းစာများကို အနာဂတ်အတွက် လမ်းပြအဖြစ် အသုံးချရမည်။ မဟာထန် အတွက်မူ ဤအချိန်တွင် မြို့ပြင်ထွက် တိုက်ခိုက်ခြင်းမှာ လုံးဝပညာရှိသော လုပ်ရပ် မဟုတ်ပါချေ။
"ဒီအန်းလုရှန်းက တကယ်တော့ ဘာလှည့်ကွက်တွေ သုံးနေတာလဲ?"
ထိုအခိုက်အတန့်၌ လူတိုင်းမှာ မျက်ခုံးများကို တင်းကျပ်စွာ ကျုံ့ထားကြပြီး၊ ဦးနှောက်ထဲ၌ မရည်ရွယ်ဘဲ တူညီသော အတွေးများ ပေါ်ထွက်လာတော့သည်။
အချိန်များမှာ ဖြည်းညင်းစွာ ကုန်ဆုံးသွားခဲ့ပြီး၊ မိုးချုပ်လုနီးပါး အချိန်သို့ ရောက်ရှိလာသည့် အခါမှသာ နောက်ဆုံးတွင် လှုပ်ရှားမှုများ ရှိလာတော့သည်။
"ရွှီးးး"
ရုတ်တရက် ကောင်းကင်ယံ အမြင့်ပိုင်းမှနေ၍ သိမ်းငှက် ၏ စူးရှလှသော အော်ဟစ်သံကြီး တစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ မျက်တောင်တစ်ခတ်အတွင်း ငှက်ကြီးတစ်ကောင်မှာ အဆုံးအစမရှိသော နှင်းမုန်တိုင်းများ အကြားမှနေ၍ လျင်မြန်စွာ ဆင်းသက်လာခဲ့ကာ၊ နောက်ဆုံးတွင် ကျန်းချွယ်၏ပခုံးပေါ်သို့ ပျံသန်း နားခိုလိုက်တော့သည်။
မျက်တောင်တစ်ခတ်အတွင်း ကျန်းချွယ်၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။
"လာကြစမ်း၊ အရှင့်ကို ချက်ချင်း သတင်းသွားပို့လိုက်၊ ရန်သူတွေ ရောက်လာပြီ"
ခဏတာ အချိန်တိုလေး အတွင်းမှာပင် စစ်ဗုံသံများမှာ နှင်းမုန်တိုင်း များ အကြားမှနေ၍ အဝေးဆီမှ ချက်ချင်း လွင့်ပျံလာတော့သည်။
တစ်ချိန်တည်းမှာပင် မြင်းခွာသံများနှင့် ဟိန်းသံကြီးများမှာ မိုးကြိုးသံများအလား တရွေ့ရွေ့ တိုးလာခဲ့ပြီး ပို၍နီးကပ်လာသလို ပို၍လည်း ကျယ်လောင်လာတော့သည်။
အန်းလုရှန်းနှင့် နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့တို့ နောက်ဆုံးတွင် စတင်တိုက်ခိုက်လာခဲ့ပြီ ဖြစ်၏
"ဝူးးး"
ကျယ်လောင်လှသော ခေါင်းလောင်းသံကြီးတစ်ခုမှာ မြို့ထဲမှနေ၍ လျင်မြန်စွာ ထွက်ပေါ်လာခဲ့ပြီး၊ သံမဏိခံတပ် ကြီး တစ်ခုလုံးမှာ လျင်မြန်စွာပင် တိုက်ပွဲဝင် အခြေအနေသို့ ရောက်ရှိသွားတော့သည်။ မရေမတွက်နိုင်သော စစ်သည်များမှာ သံချပ်ကာ များကို ဆင်မြန်းလျက် စစ်တန်းလျား အသီးသီးမှနေ၍ တစ်ဦးပြီး တစ်ဦး ထွက်လာကြပြီး မြို့ရိုး ပေါ်သို့ တိုးထွက်လာကြတော့သည်။
အသံမြည်နေသော စက်ယန္တရားများ၏ အသံများမှာလည်း နားထဲတွင် အဆက်မပြတ် ကြားနေရတော့သည်။
လက်ဖက်ရည် တစ်ခွက်သောက်စာ အချိန်မျှပင် မကြာလိုက်ဘဲ မြို့ကြီးတစ်ခုလုံးမှာ ချက်ချင်း တိတ်ဆိတ် ငြိမ်သက်သွားခဲ့ပြီး၊ လုံးဝ ပြီးပြည့်စုံသော စစ်လက်နက် ကိရိယာကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
လူတိုင်း၏ အကြည့်များ အောက်တွင် ဝမ်ချောင်၊ ဝမ်ကျုံးစစ်၊ ကျန်းချိုးကျန့်ချုံး၊ အာပုစစ် အစရှိသော အင်ပါယာ ဗိုလ်ချုပ်များမှာလည်း လျင်မြန်စွာပင် မြို့ရိုးပေါ်သို့ တက်လှမ်းလာကြတော့သည်။
နှင်းမုန်တိုင်းများ အကြားတွင်မူ အခြားတစ်ဖက်၌မူ ဤအခိုက်အတန့်၌ လုံးဝ ကွဲပြားခြားနားသော မြင်ကွင်း တစ်ခု ဖြစ်ပေါ်နေတော့သည်။
"သွားစမ်း"
"ဟိန်းးး"
"အားလုံး ရှေ့ကို တိုးကြစမ်း"
......
နှင်းမုန်တိုင်း များ အကြားတွင် မြင်းခွာသံများ၊ စစ်မြင်းများ၏ ဟိန်းသံများ၊ အမျိုးမျိုးသော အော်ဟစ်ကြိမ်းမောင်းသံများနှင့် နှင်တံဖြင့် ရိုက်သံများမှာ တစ်သားတည်း ရောယှက်နေတော့သည်။ နှင်းမုန်တိုင်း များကို ဖြတ်ကျော်၍ သေချာစွာ ကြည့်မည်ဆိုပါက၊ မရေမတွက်နိုင်သော အရှေ့ တာ့ခ် သံချပ်ကာမြင်းတပ်များ၊ ခီတန် သံချပ်ကာမြင်းတပ်များ၊ ရှီသံချပ်ကာမြင်းတပ်များ၊ ဂိုဂူလျော စစ်သည်များနှင့် ယိုကျိုး စစ်သည်များမှာ ဒီရေလှိုင်းလုံးကြီးများအလား တောင်ဘက်ရှိ သံမဏိခံတပ်ရှိရာ အရပ်ဆီသို့ ပြေးဝင်လာကြသည်ကို မြင်တွေ့ရပေလိမ့်မည်။
အကယ်၍ ကောင်းကင်ယံမှနေ၍ အပေါ်စီးမှ ငုံ့ကြည့်လိုက်မည် ဆိုပါက ဤ စစ်တပ်ကြီး များ အတွင်း၌ ရွဲလော့ဟယ်တစ်ဦးစီတိုင်းမှာ အုပ်စုခွဲ၍ နေရာအနှံ့အပြားတွင် စိပ်လှစွာ ပြည့်နှက်နေသည်ကို တွေ့ရှိရမည် ဖြစ်သည်။ သူတို့၏ ခြေအောက်တွင်မူ မီးခိုးရောင် သန်းနေသော အလင်းစက်ကွင်းများမှာ အဆက်မပြတ် တုန်ခါနေတော့သည်။
ထိုရွဲလော့ဟယ်များကို ဗဟိုပြုကာ အလားတူပင် မှေးမှိန်နေသော မီးခိုးရောင် အလင်းစက်ကွင်းများမှာ ဘေးပတ်ဝန်းကျင်သို့ ဖြန့်ကျက်ပျံ့နှံ့သွားခဲ့ပြီး၊ စစ်တပ်ကြီး တစ်ခုလုံးရှိ စစ်သည်များ၏ ခြေအောက်သို့ ပေါင်းထည့်ပေးထားခြင်း ပင် ဖြစ်တော့သည်။
******