အခန်း ၂၂၂၇
Vol. 138 Ch. 2227
အခန်း (၂၂၂၇) နောက်ဆုံး စစ်ကြေညာခြင်း
ဤအထူးပြုလုပ်ထားသော မီးခိုးရောင် အလင်းစက်ကွင်းများကြောင့် စစ်တပ်ကြီး တစ်ခုလုံး အနေဖြင့် အအေးဒဏ်ကို ခုခံနိုင်စွမ်း အများအပြား မြင့်တက်သွားစေခဲ့သည်။
ဤမျှသာမက စစ်တပ်ကြီး ထွက်ခွာလာသည့် တစ်ချိန်တည်းမှာပင် စက်ဝိုင်းပုံ သို့မဟုတ် လေးထောင့်ပုံရှိသော ကြေးနီ စက်လုံးများနှင့် ကြေးမီးဖိုများမှာလည်း စစ်တပ်ကြီး နှင့်အတူ လိုက်ပါလာခဲ့ကြသည်။
ထိုက်ရှီယူဆောင်လာခဲ့သော ဤ အထူးမှော်လက်နက်များ၏ မျက်နှာပြင်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော မန္တန် အက္ခရာများဖြင့် ပြည့်နှက်နေခဲ့ပြီး၊ မှော်လက်နက်များ၏ အနက်ပိုင်း မှနေ၍ မီးနီရောင် အလင်းတန်းများမှာ မီးတောင် ချော်ရည်များအလား အဆက်မပြတ် ပန်းထွက်နေခဲ့ကာ၊ ပေ သုံးဆယ်ကျော်ခန့်အမြင့်သို့ တက်လှမ်းသွားခဲ့ရာ အလွန်ပင် ခမ်းနား ကြီးကျယ်လှပေသည်။
ဤမှော်လက်နက်များ၏ ဘေးပတ်ဝန်းကျင်တွင် ပုံသဏ္ဌာန်မဲ့သော စွမ်းအင်များ အဆက်မပြတ် တုန်ခါနေခဲ့ပြီး၊ ပေ ဆယ်ဂဏန်းခန့် ပတ်လည် အတွင်း၌ နှင်းမုန်တိုင်းများပင်လျှင် အနီးသို့ ချဉ်းကပ်နိုင်စွမ်း မရှိကြပါချေ။ မှော်လက်နက်များ အားလုံးမှာ တိကျသော စည်းမျဉ်း တစ်ခုအရ စစ်တပ်ကြီး အတွင်း၌ နေရာယူထားကြပြီး၊ အတူတကွ ပူးပေါင်းကာ ရွေ့လျား ဧရာမ စစ်အစီအရင်တစ်ခုကို ဖွဲ့စည်းထားကာ နိုင်ငံအသီးသီး၏စစ်တပ်များကို လွှမ်းခြုံထားခဲ့သောကြောင့် ဧရာမ နှင်းမုန်တိုင်းကြီးမှ နိုင်ငံအသီးသီး၏ စစ်တပ်များအပေါ် သက်ရောက်မှုကို အနည်းဆုံး အဆင့်အထိ လျှော့ချပေးထားနိုင်ခဲ့သည်။
"သတ် သတ် သတ်"
"ခဏနေ တိုက်ပွဲ စတာနဲ့ အားလုံး အရှေ့ကို တစ်ဟုန်ထိုး ဝင်တိုက်ကြစမ်း၊ သံမဏိခံတပ်ထဲမှာ ရိက္ခာတွေ အများကြီး ရှိတယ်၊ ဝက်ကင်တွေ၊ သိုးကင်တွေ၊ အမဲသားတွေ၊ ကြက်သားတွေ... မင်းတို့ စားချင်သလောက် စားလို့ ရတယ်"
"ထန် လူမျိုးတွေကို သတ်ပြီးတာနဲ့ ဒီအစားအစာတွေ အားလုံးက ငါတို့ ပိုင်တာတွေ ချည်းပဲ"
စစ်တပ်ကြီး အတွင်း၌ အရှေ့ တာ့ခ်ဗိုလ်ချုပ်တစ်ဦးမှာ မြင်းပေါ်တွင် ထိုင်နေလျက် နှင်တံကို ရိုက်ကာ စစ်တပ်ကြီး ကို အရှေ့သို့ ချီတက်ရန် အမိန့်ပေးနေရင်း၊ တောင်ဘက်ရှိ သံမဏိခံတပ်ရှိရာ အရပ်ဆီသို့ လှမ်းကြည့်ကာ ရက်စက်ကြမ်းတမ်းသောလေသံဖြင့် ဆိုလိုက်တော့သည်။
"အပြင်ဘက်က ကြွပ်ရွပြီး အတွင်းပိုင်းက နူးညံ့နေတဲ့ ဝက်ကင်၊ အဝါရောင် အဆီတွေက မြေပြင်ပေါ်ကို ကျပြီး တဖျစ်ဖျစ် မြည်နေတဲ့ အသံ၊ စားလိုက်ရင် အရမ်းကို အရသာ ရှိတဲ့အပြင် ဇီရာနဲ့ ဆားနုလေးတွေပါ ဖြူးထားသေးတယ်။ ဒီလို အစားအစာမျိုးကို မင်းတို့ စားဖူးကြလား?"
"မင်းတို့ မစားဖူးဘူး၊ ဒါပေမဲ့ ငါ စားဖူးတယ်၊ အဲဒီကျောက်တုံးတွေလို မာကျောနေတဲ့ ရိက္ခာကြမ်းတွေကို ထပ်မစားချင်တော့ဘူးဆိုရင် ငါ့နောက်ကနေ အသက်စွန့်ပြီး လိုက်ခဲ့ကြစမ်း၊ ထန်လူမျိုးတွေ အားလုံးကို အမြစ်ပြတ်အောင် သတ်ပစ်လိုက်၊ အရာရာတိုင်းက မင်းတို့ ပိုင်ဆိုင်တဲ့ အရာတွေ ဖြစ်လာလိမ့်မယ်"
ထိုအရှေ့ တာ့ခ် ဗိုလ်ချုပ်၏ စကားတစ်ခွန်းတည်းဖြင့်ပင် လူတိုင်း၏ရင်ထဲ၌ ဆာလောင်မွတ်သိပ်မှုများ ချက်ချင်း ဖြစ်ပေါ်လာစေခဲ့ပြီး စားချင်စိတ်များကို အလွန်အမင်း လှုံ့ဆော်ပေးလိုက်တော့သည်။
ထန် လူမျိုးများက လွန်ခဲ့သော ရက်အနည်းငယ်ခန့်ကတည်းက စတင်၍ ကြီးကျယ် ခမ်းနားစွာ အောင်ပွဲခံပြီး အရက်သောက် စားသောက်နေကြသည် ဆိုသော သတင်းမှာ ယခုအခါ မသိသူ မရှိလောက်အောင် ပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ အချိန်အတော်ကြာအောင် အစိမ်းစား အသွေးသောက်ဘဝမျိုးဖြင့် နေထိုင်လာခဲ့ရသော နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့အတွက်မူ တောင်ဘက်ရှိ ထို သံမဏိခံတပ် အတွင်းမှ အစားအစာများမှာ လုံးဝ ယှဉ်ပြိုင်၍ မရနိုင်လောက်အောင် ဆွဲဆောင်မှုကြီးတစ်ခုပင် ဖြစ်နေတော့သည်။
ရွှေ၊ငွေ၊ ရတနာများ မည်မျှပင် များပြားနေပါစေ ဤအရာများနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပါချေ။
"ဗိုလ်ချုပ်... ခင်ဗျား ဘယ်လို လုပ်ခိုင်းမလဲသာ ပြောပါ၊ ဘယ်သူ့ကို သတ်ရမလဲသာ ပြောပါ၊ ငါတို့ အားလုံး ခင်ဗျား စကားကို နားထောင်ပါ့မယ်၊ စစ်ပွဲ ပြီးသွားတဲ့ အခါကျရင် အရှင်မင်းကြီးဘက်ကနေပြီး ကတိပေးထားတဲ့အတိုင်း ထန်လူမျိုးတွေလိုမျိုး ငါတို့ကို ဆုချီးမြှင့် ပေးနိုင်ရင် လုံလောက်ပါပြီ"
စစ်တပ်ကြီး အတွင်း၌ အရှေ့ တာ့ခ် စစ်သည်တစ်ဦးမှာ လည်ချောင်းအတွင်းမှ ဂလု မြည်သံများ ထွက်ပေါ်လာခဲ့ပြီး တိုးတိုးလေး ပြောလိုက်တော့သည်။
"မင်းတို့ ကောင်တွေရဲ့ မျှော်လင့်ချက်တွေက သေးငယ်လိုက်တာ၊ ထန်လူမျိုးတွေရဲ့ အဓိက စစ်တပ်ကြီးက ဒီမှာအကုန်ရှိနေတာ၊ သူတို့ကိုသာ အမြစ်ပြတ်အောင် သတ်ပစ်နိုင်မယ်ဆိုရင် အနောက်ဘက်က မဟာထန် တစ်ခုလုံးက ငါတို့ ပိုင်တဲ့ နေရာတွေ ဖြစ်လာမှာပဲ၊ ဝက်ကင်တွေ၊ သိုးကောင်လုံးကင်တွေ၊ ရွှေ၊ငွေတွေနဲ့ မိန်းမလှတွေ အပါအဝင် မင်းတို့ လိုချင်သလောက် ရနိုင်တယ်၊ အားလုံးက မင်းတို့ ပိုင်တဲ့ အရာတွေ ဖြစ်လာလိမ့်မယ်"
ထိုအရှေ့ တာ့ခ် ဗိုလ်ချုပ်က လက်ထဲတွင် ခေါက်ထားသော နှင်တံကို ကိုင်ဆောင်ကာ တဟဲဟဲ ရယ်မောလိုက်တော့သည်။
"ဗိုလ်ချုပ်... ကျေးဇူးတင်ပါတယ်"
ထို အရှေ့ တာ့ခ် ဗိုလ်ချုပ်၏စကားကို ကြားလိုက်ရသည့်အခါ ဘေးပတ်ဝန်းကျင်ရှိ အရှေ့ တာ့ခ်စစ်သည်များအားလုံး၏ စိတ်ဓာတ်များ ချက်ချင်းအလွန်အမင်း တက်ကြွလာကြတော့သည်။
အလားတူ မြင်ကွင်းမျိုးမှာ ခီတန် ၊ ရှီ၊ ဂိုဂူလျောနှင့် ယိုကျိုး စစ်သည်များ အကြားတွင်လည်း ဖြစ်ပွားနေတော့သည်။
အနောက်ဘက် ပိုမိုဝေးကွာသော နေရာတွင် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ အန်းလုရှန်းနှင့် ကောင်းရှန်းတို့မှာ အလွန်အမင်း ဝမ်းသာဂုဏ်ယူနေကြတော့သည်။
လွန်ခဲ့သော ရက်အနည်းငယ် က မဟာထန်ဘက်မှ ရက်အဆက်မပြတ် ပြုလုပ်နေခဲ့သော ထိုအောင်ပွဲခံ စားပွဲသောက်ပွဲကြီးမှာ သူတို့၏မှတ်ဉာဏ်ထဲတွင် ယခုအချိန်အထိ အလွန်အမင်း နက်နက်ရှိုင်းရှိုင်း စွဲထင်နေဆဲပင် ဖြစ်သည်။
ဝမ်ချောင်၏ ဤသို့ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို နိုင်ငံအသီးသီးဘက်မှ လူတိုင်း ကောင်းကောင်း သိရှိထားကြသည်။
သူက နိုင်ငံအသီးသီး ကို ဂုဏ်ယူဝင့်ကြွား ပြသနေခြင်း ဖြစ်ပြီး၊ နိုင်ငံအသီးသီး ၏ ကြီးမားလှသော အရှိန်အဝါမှာ အပြင်ပန်းတွင်သာ အစွမ်းထက်နေခြင်း ဖြစ်ကြောင်းကို လှောင်ပြောင်နေခြင်း ဖြစ်သည်။ ပထမဆုံး တိုက်ပွဲတွင်ပင် စစ်သည်အမြောက်အမြား ဆုံးရှုံးသွားခဲ့ရပြီး သံမဏိခံတပ်၏ မြို့ရိုးပေါ်သို့ပင် မတက်ရောက်နိုင်ခဲ့ကြောင်းကို ပြသနေခြင်း ဖြစ်သည်။ ဤအရာက အခွင့်အရေးကို အသုံးချကာ နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့၏ စိတ်ဓာတ်များကို ရိုက်ချိုးပစ်နေခြင်းဖြစ်ပြီး တစ်ချိန်တည်းမှာပင် မဟာထန်၏ စိတ်ဓာတ်ကို မြှင့်တင်ပေးနေခြင်း ဖြစ်သည်။
မြားတစ်စင်းတည်း ဖြင့် ငှက်နှစ်ကောင်ကို ပစ်ချလိုက်ခြင်းပင် ဖြစ်သည်။
ဤကိစ္စက နိုင်ငံအသီးသီး အကြားတွင် ဖရိုဖရဲ ဖြစ်မှု အချို့ကို အမှန်တကယ်ပင် ဖြစ်ပေါ်စေခဲ့သည်။ သို့သော် အန်းလုရှန်း၊ ကောင်းရှန်းနှင့် အခြားသူများမှာ လျင်မြန်စွာပင် ဤအချက်ကို ပြန်လည်အသုံးချကာ နိုင်ငံအသီးသီးမှ စစ်သည်များ၏ရင်ထဲရှိ အကြီးမားဆုံးသော တိုက်ခိုက်လိုစိတ်များကို လှုံ့ဆော်ပေးလိုက်နိုင်တော့သည်။
တိုက်ပွဲကြီး ပြီးဆုံးသွားသည့်အခါတွင် ထန်လူမျိုးများ၏ အရက်ကောင်းများနှင့် အသားများအားလုံးကို ရက်အဆက်မပြတ် ယူဆောင်ကာ စစ်တပ်ကြီးကို ဆုချီးမြှင့်မည် ဖြစ်သည်။
ဝမ်ချောင်အနေဖြင့် ဤကဲ့သို့သော အဆင့်နိမ့်သည့် နည်းလမ်းများကို အသုံးပြုကာ နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့ကို နှောင့်ယှက်နိုင်လိမ့်မည်ဟု တွေးတောနေခြင်းမှာ အလွန်အမင်း ရူးသွပ်လွန်းလှသော စိတ်ကူးယဉ် အိပ်မက်တစ်ခု သက်သက်သာ ဖြစ်ပေသည်။
"ဒုန်း ဒုန်း ဒုန်း"
စစ်တပ်ကြီး၏အလယ်ဗဟိုတွင် တန်းစီနေသော စစ်ရထားများ အမြောက်အမြား ပေါ်တွင် အထူးရွေးချယ်ထားသော ဗုံတီးသမားရာနှင့်ချီမှာ ဗုံတုတ်များကို ကိုင်ဆောင်ကာ ဧရာမ စစ်ဗုံကြီးများကို အားကုန်တီးခတ်နေကြသည်။ မိုးကြိုးသံအလား ပြင်းထန်လှသော မြည်ဟည်းသံကြီးများမှာ ဟာလာဟင်းလင်းပြင်ကြီးအတွင်း ပဲ့တင်ထပ်နေခဲ့ပြီး၊ တစ်ချိန်တည်းမှာပင် စစ်တပ်ကြီးကို နှင်းမုန်တိုင်းများ အကြားတွင် ရှေ့သို့ ချီတက်ရန် လမ်းပြပေးနေခြင်းလည်း ဖြစ်သည်။
အန်းလုရှန်းက ဇက်ကြိုးကိုဆွဲကာ စစ်မြင်းကို ရပ်တန့်လိုက်သည်။ သူ၏ဘေးနားတွင် ပခုံးချင်းယှဉ်လျက် လိုက်ပါလာသူများမှာ အလားတူပင် တိုက်ခိုက်လိုစိတ်များ မြင့်တက်နေကြသော ဝူဆူမစ်ရှ် ခါဂန်း၊ ယွန်းဂျယ်စိုးမွန်း၊ ခီတန်ဘုရင်နှင့် ရှီဘုရင်မတို့ပင် ဖြစ်သည်။
"အားလုံးပဲ... အောင်မြင်ခြင်း ရှုံးနိမ့်ခြင်းက ဒီတစ်ကြိမ် တိုက်ပွဲပေါ်မှာပဲ မူတည်နေပြီ"
အန်းလုရှန်းက ရှေ့တည့်တည့်ကို လှမ်းကြည့်ရင်း ခိုင်မာပြတ်သားသော မျက်နှာဖြင့် ဆိုလိုက်တော့သည်။
"ဒီစစ်ပွဲမှာ ငါတို့ မဟာထန်ကို အမြစ်ပြတ်အောင် ချေမှုန်းရမယ်"
"ဟားဟား… ထိုက်ရှီ သခင်ကြီး ကိုယ်တိုင် ထွက်လာမှတော့ ငါတို့ ဝမ်ချောင်ကို သေချာပေါက် အနိုင်ယူနိုင်မှာပါ၊ ဗိုလ်ချုပ် စိတ်ချပါ၊ ဒီစစ်ပွဲသာ အောင်မြင်သွားပြီဆိုရင် အဲဒီအချိန်ကျရင် ဗိုလ်ချုပ်ကို ထန်ဧကရာဇ် အသစ်အဖြစ် သေချာပေါက် တင်မြှောက်ပေးမှာပါ"
ခီတန်ဘုရင်က ကျယ်လောင်စွာ ဆိုလိုက်တော့သည်။
"ဟဲဟဲ.. ဝမ်ယန်ညီအစ်ကို... ထန်ဧကရာဇ်လို့ ဆက်ခေါ်လို့ မရတော့ဘူးနော်။ အန်းဗိုလ်ချုပ်က အဲဒီအချိန်ကျရင် အရင်ခေတ်က မင်းဆက်တွေလိုပဲ နာမည်ဟောင်း ကို ဖျောက်ပြီး မင်းဆက်သစ်တစ်ခုကို သေချာပေါက် တည်ထောင်တော့မှာပဲ လေ"
ဝူဆူမစ်ရှ် ခါဂန်း က ဘေးမှနေ၍ အသာအယာ ပြုံးရင်း ပြင်ဆင် ပြောဆိုလိုက်တော့သည်။
"အော်... ငါ ပြောတာ မှားသွားလို့ပါ"
ခီတန်ဘုရင်က နဖူးကို တစ်ချက် ရိုက်လိုက်ပြီး ဆိုလိုက်တော့သည်။
လူတိုင်းမှာ ဤစကားကို ကြားလိုက်ရသည့်အခါ မထိန်းနိုင်တော့ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်ကြတော့သည်။
"အရှင်မင်းကြီးတို့ရဲ့ စကားကောင်းတွေအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ အခုအချိန်မှာ ဒီစကားတွေ ပြောဖို့က စောလွန်းနေပါသေးတယ်၊ လောလောဆယ် အရေးအကြီးဆုံးက အဲဒီ မြို့ကြီး ကို အမြန်ဆုံး ဖောက်ထွင်း သိမ်းပိုက်နိုင်ဖို့ပဲ"
အန်းလုရှန်းက ပြုံးလိုက်ပြီး သူ၏မျက်နှာအမူအရာမှာ လုံးဝတည်ငြိမ်နေတော့သည်။
"ဟဲဟဲ ထန်လူမျိုးတွေ အခုလက်ရှိ အားကိုးနေရတဲ့ တစ်ခုတည်းသော အရာက မြင့်မားပြီး ခိုင်ခံ့တဲ့ မြို့ရိုးတွေပဲ၊ ထိုက်ရှီ သခင်ကြီးဘက်က မြို့ရိုး ပြဿနာကို သူ တာဝန်ယူ ဖြေရှင်းပေးမယ် လို့ ကတိပေးထားပြီးပြီ ဆိုမှတော့၊ အဲဒီအချိန်ကျရင် မြို့ရိုး ပြိုကျသွားပြီဆိုရင် မဟာစစ်အစီအရင်ရဲ့ အကာအကွယ်လည်း မရှိတော့ဘူး ဆိုတော့၊ ငါတို့ရဲ့စစ်တပ်တွေက မင်းရဲ့ရွဲလော့ဟယ်တွေနဲ့ ပူးပေါင်းပြီး ထွက်တိုက်ကြမယ်ဆိုရင် ဒီထန်လူမျိုးတွေကို အနိုင်မယူနိုင်စရာ အကြောင်း ရှိသေးလို့လား"
ထိုအချိန်မှာပင် ကြမ်းတမ်းပြီး အရိုင်းဆန်သော အသံကြီးတစ်ခုမှာ လူတိုင်း၏ နားဘေးတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ဂိုဂူလျော ဧကရာဇ် ယွန်းဂျယ်စိုးမွန်းက အေးဆေးတည်ငြိမ်စွာ ပြုံးလိုက်ပြီး ရုတ်တရက် ဆိုလိုက်ခြင်းပင် ဖြစ်တော့သည်။
ဘေးပတ်ဝန်းကျင်ရှိ လူတိုင်းမှာ ဤစကားကို ကြားလိုက်ရသည့်အခါ နားလည်မှု ရှိစွာဖြင့် အပြုံးလေးများ အသီးသီး ပေါ်ထွက်လာကြတော့သည်။ သူတို့ ဤမျှလောက် စိတ်အေးလက်အေး ရှိနေပြီး ဤစစ်ပွဲ၏အပေါ်တွင် ဤမျှလောက် ယုံကြည်ချက် ရှိနေရခြင်း၏ အကြီးမားဆုံးသောအကြောင်းရင်းမှာ ထိုက်ရှီ၏ ထိုကတိစကားကြောင့်ပင် ဖြစ်တော့သည်။
လောကကြီးတစ်ခုလုံးကို လှမ်းကြည့်လိုက်မည်ဆိုပါက သံမဏိများကို စစ်ပွဲအတွင်း၌ အသုံးပြုနိုင်သော စွမ်းရည်တွင် မဟာထန်၏ ထိုမျိုးနွယ်ခြားဘုရင်ကို ကျော်လွန်နိုင်သူ လုံးဝမရှိခဲ့ဖူးပါချေ။ တောတွင်း၌ သံမဏိ အစိတ်အပိုင်းများကို အသုံးပြုကာ တည်ဆောက်ခဲ့သော သံမဏိ ခံစစ်မျဉ်းဖြစ်စေ၊ ယခုကဲ့သို့ တစ်ညတည်း ဖြင့် တောတွင်း၌ သံမဏိခံတပ်ကြီးတစ်ခုကို တိုက်ရိုက်တည်ဆောက်ပြီး မူလစစ်မျက်နှာ တိုက်ပွဲကို မြို့သိမ်း တိုက်ပွဲအဖြစ်သို့ ပြောင်းလဲပစ်လိုက်ခြင်းဖြစ်စေ၊ ဝမ်ချောင်၏ နည်းလမ်းများမှာ မည်သူ့ကိုမဆို အလွန်အမင်း အံ့ဩချီးကျူးသွားစေရန် လုံလောက်ပေသည်။ သို့သော် ဤအရာများသာ မရှိတော့ပါက မဟာထန်၏ တိုက်ခိုက်ရေး စွမ်းအားမှာ အဆင့်တစ်ခုခန့်အထိ တိုက်ရိုက် ကျဆင်းသွားမည်မှာ သေချာလှပေသည်။
သံမဏိခံတပ်၏ မြို့ရိုးပြိုကွဲသွားသည် ဆိုသည်မှာ ထန်လူမျိုးများ လုံးဝအမြစ်ပြတ် ချေမှုန်းခံရမည့်အချိန်ပင် ဖြစ်တော့သည်။
"သတင်းပို့ပါတယ်"
လူတိုင်း စကားပြောဆိုနေကြသည့် အချိန်လေး အတွင်းမှာပင် သတင်းပို့ စစ်သည် တစ်ဦးမှာ အမိန့်ပေး အလံကို ကျောတွင် ပိုက်ထားလျက် မြင်းကို အရှိန်အပြည့်ဖြင့် စီးနင်းကာ လျင်မြန်စွာ ရောက်ရှိလာတော့သည်။
"သခင်ကြီး... ရှေ့တန်းကနေ သတင်း ရောက်လာပါတယ်၊ သံမဏိခံတပ်ကို ရောက်တော့မယ် တဲ့"
ထိုသတင်းပို့ စစ်သည်၏စကားကို ကြားလိုက်ရသည့်အခါ လူတိုင်း၏တစ်ကိုယ်လုံးမှာ လှုပ်ရှားသွားခဲ့ပြီး ချက်ချင်းသတိပြန်ဝင်လာကြတော့သည်။
"သွားကြစို့ ငါတို့ရဲ့ အဲဒီမဟာထန်က မျိုးနွယ်ခြားဘုရင်နဲ့ သွားတွေ့ရမယ့်အချိန် ရောက်ပြီ"
အန်းလုရှန်း၏မျက်ဝန်းထဲ၌ အေးစိမ့်လှသော အလင်းတန်းတစ်ချက် လက်သွားခဲ့ပြီး လျင်မြန်စွာ ရှေ့သို့တိုးသွားတော့သည်။
သံမဏိခံတပ်၏ မြင့်မားလှသော မြို့ရိုးပေါ်တွင် ဝမ်ချောင်၏ ခန္ဓာကိုယ်မှာ မတ်မတ်ရပ်နေခဲ့ပြီး လှံရှည်တစ်လက်ကို စိုက်ထူထားသည့်အလား ဖြစ်နေတော့သည်။
ထိုခန့်ညားထည်ဝါလှသော ကျောပြင်ကြီးမှာ စစ်တပ်ကြီး၏ ယုံကြည်ကိုးကွယ်ရာအဖြစ်သို့ အစောကြီးကတည်းက ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
လေအေးများ ပြင်းထန်စွာ တိုက်ခတ်နေခဲ့ပြီး ဝမ်ချောင်၏ အကြည့်များမှာ စူးရှနေကာ ရှေ့တည့်တည့်ကို အမြဲတမ်း စိုက်ကြည့်နေခဲ့သည်။ သူ၏စိတ်စွမ်းအင်များမှာ ဒီရေလှိုင်းလုံးကြီးများအလား ပျံ့နှံ့နေခဲ့ပြီး ရှေ့တည့်တည့်ရှိ လှုပ်ရှားမှုများ ကို အချိန်တိုင်း စောင့်ကြည့်နေတော့သည်။
"ရောက်လာပြီ"
ရုတ်တရက် ဝမ်ချောင်၏ မျက်ခုံးများ လှုပ်ရှားသွားခဲ့ပြီး ဆိုလိုက်တော့သည်။
ဝမ်ချောင်၏စကားကို တုံ့ပြန်လိုက်သည့်အလား နှင်းမုန်တိုင်းများအကြားတွင် ပြည့်နှက်နေသော ပုံရိပ်များနှင့်အတူ လေးလံလှသော မြင်းခွာသံများမှာ သံမဏိခံတပ်ရှိရာ အရပ်ဆီသို့ လျင်မြန်စွာ ပြေးဝင်လာကြသည်။ မြို့ရိုးပေါ်မှနေ၍ လှမ်းကြည့်လိုက်ပါက အစပိုင်းတွင် နှင်းမုန်တိုင်းများ အကြား၌ ထွက်ပေါ်လာသော ပုံရိပ်များမှာ လူနှစ်ထောင် သုံးထောင်ခန့်သာ ရှိသေးသော်လည်း၊ မျက်တောင်တစ်ခတ် အတွင်းမှာပင် ကြီးမားကျယ်ပြန့်သော မြင်ကွင်းကြီး ကို မြင်တွေ့လိုက်ရပြီး စစ်သည် မည်မျှလောက် အထိ ရှိနေသည်ကို မသိရှိနိုင်ပါချေ။
မြို့ရိုး ပေါ်တွင် လေထုမှာ ချက်ချင်းပင် အလွန်အမင်း တင်းမာလာတော့သည်။
မြို့သိမ်း တိုက်ပွဲမှာ နောက်ဆုံးတွင် စတင်တော့မည်ဖြစ်သည်။ သို့သော် ဤအခိုက်အတန့်၌ ဝမ်ချောင်မှာ ထိုနိုင်ငံအသီးသီးမှ စစ်သည်များကို အနည်းငယ်မျှ ဂရုမစိုက်နေခဲ့ပါချေ၊ သူ၏အကြည့်များမှာ လင်းယုန်ငှက်အလား စူးရှနေခဲ့ပြီး မြောက်ဘက်ရှိ နေရာတစ်ခုကိုသာ အမြဲတမ်း စိုက်ကြည့်နေတော့သည်။
ဝုန်း ဝုန်း ဝုန်း... မိုးကြိုးသံအလား ပြင်းထန်လှသော မြည်ဟည်းသံကြီးများနှင့်အတူ ထိုအဆုံးအစမရှိ များပြားလှသော နိုင်ငံအသီးသီး၏ စစ်တပ်ကြီးမှာ ရုတ်တရက် ရေလှိုင်းကြီးများအလား ကွဲထွက်သွားခဲ့သည်။ လျင်မြန်စွာပင် ဝမ်းဗိုက်ကြီးမားနေသော ရင်းနှီးကျွမ်းဝင်သည့် ပုံရိပ်တစ်ခုမှာ အလွန်အမင်း အစွမ်းထက်လှပြီး လေပြင်းမုန်တိုင်းကြီးများအလား ဖြစ်နေသော ပုံရိပ်များ၏ခြံရံမှုဖြင့် ဝမ်ချောင် ရှိရာ
နှင်းမုန်တိုင်းများ ဖုံးလွှမ်းနေပြီး မျက်နှာကို ရှင်းလင်းစွာ မမြင်တွေ့ရဘူး ဆိုသော်ငြားလည်း ဝမ်ချောင်အနေဖြင့် တစ်ချက်တည်းဖြင့် ချက်ချင်း မှတ်မိသွားတော့သည်။
အန်းလုရှန်း…
ဤလောကတွင် ဝမ်ချောင်မှာ မျက်နှာကို မြင်တွေ့ရန် မလိုအပ်ဘဲ ခန္ဓာကိုယ်ပုံစံကို မြင်တွေ့လိုက်ရုံဖြင့်ပင် ခွဲခြားသိရှိနိုင်စွမ်းရှိသည့် တစ်ဦးတည်းသော သူပင် ဖြစ်ပေလိမ့်မည်။
"ဝမ်ချောင်... မင်း အဆင်သင့် ဖြစ်ပြီလား၊ ဒီနေ့ တိုက်ပွဲက မင်း သေရမယ့် နေ့ပဲ"
အန်းလုရှန်း၏အသံမှာ အလွန်အမင်း ကျယ်လောင်နေခဲ့ပြီး လေပြင်းများကို အားပြုကာ သံမဏိခံတပ်ကြီးတစ်ခုလုံးအတွင်း ပဲ့တင်ထပ်သွားတော့သည်။
တမင်တကာ ဖိနှိပ်ထားရန် ကြိုးစားနေသည် ဆိုသော်ငြားလည်း ဝမ်ချောင်ကို မြင်တွေ့လိုက်ရသည့် မျက်တောင်တစ်ခတ် အတွင်းမှာပင် အန်းလုရှန်း၏ရင်ထဲ၌ ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်နှင့် နာကြည်းမှုများ မသိစိတ်ဖြင့် ပေါက်ကွဲထွက်ပေါ်လာတော့သည်။
သူနှင့်ဝမ်ချောင်မှာ အကြိမ်အနည်းငယ်သာ ဆုံတွေ့ဖူးကြသည် ဆိုသော်ငြားလည်း၊ သူတို့ နှစ်ဦးအကြားတွင် ပင်လယ်ပြင်အလား နက်ရှိုင်းလှသော ရန်ငြိုးများ အစောကြီးကတည်းက ရှိနေခဲ့ပြီဖြစ်သည်။ ယခုအခါ ဝမ်ချောင်မှာ သူ အသတ်ချင်ဆုံးသော သူတစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်၏။
"လူပြက်ကောင်သက်သက်ပါပဲ၊ ငါ ရှိနေသရွေ့ မင်း ဘာမှဖြစ်လာမှာ မဟုတ်ဘူး"
ဝမ်ချောင်၏ မျက်နှာအမူအရာမှာ အေးစက်နေခဲ့ပြီး မြင့်မားလှသော မြို့ရိုးပေါ်တွင် မတ်မတ်ရပ်နေလျက် စစ်မြေပြင်ကို အပေါ်စီးမှ ငုံ့ကြည့်နေကာ အနည်းငယ်မျှ လှုပ်ရှားသွားပုံ မပေါ်ပါချေ။
ဝမ်ချောင်၏စကားကို ကြားလိုက်ရသည့်အခါ အန်းလုရှန်းမှာ အရာတစ်ခုခုနှင့် အထိုးခံလိုက်ရသည့်အလား မျက်နှာတစ်ခုလုံးမှာ ချက်ချင်းပင် အလွန်အမင်း နီရဲသွားတော့သည်။
ဝမ်ချောင်မှာ လေသံကို ပြင်းထန်စွာ အသုံးပြုပြီး ရက်စက်ကြမ်းတမ်းသော စကားများကို ပြောဆိုနေခြင်း လုံးဝမရှိခဲ့ပါချေ။ သို့သော် ထိုကဲ့သို့ အေးဆေးတည်ငြိမ်သော လေသံ အတွင်းမှ ထွက်ပေါ်လာသည့် နက်ရှိုင်းလှသော အထင်သေးမှုမှာ အန်းလုရှန်းကို အခြား မည်သည့်အရာထက်မဆို ပို၍နာကျင်စေတော့သည်။
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က မြို့တော်၏ စားသောက်ဆိုင်အတွင်း၌ ဝမ်ချောင်က သူ့ကို လိုက်လံ သတ်ဖြတ်ခဲ့စဉ်ကလည်း ဤကဲ့သို့သော အကြည့်မျိုးပင် ဖြစ်သည်။ ယခုအခါ သူသည် ယိုကျိုး၏ ခမ်းနား ကြီးကျယ်လှသော ဗိုလ်ချုပ်ဖြစ်နေပြီဖြစ်ပြီး စစ်သည် တစ်သန်းကျော်ကို ပိုင်ဆိုင်ထားကာ ရွဲလော့ဟယ်ကဲ့သို့သော အစွမ်းထက်လှသည့် တိုက်ခိုက်ရေး စွမ်းအားများကိုပါ ပိုင်ဆိုင်ထားပြီ ဖြစ်သည်။ သို့သော် ဝမ်ချောင်အနေဖြင့် သူ၏ရှေ့မှောက်တွင် ဤကဲ့သို့ နက်ရှိုင်းလှသော အထင်သေးမှုမျိုး ရှိနေဆဲပင် ဖြစ်တော့သည်။
"ဝမ်ချောင်... မင်းရဲ့ခေါင်းကို ငုံ့ထားလိုက်စမ်း၊ မင်းကို အပိုင်းပိုင်းအစစ ခုတ်ထစ်ပစ်မယ်၊ ဒီနေ့မျိုး ရောက်လာဖို့ သိပ်မဝေးတော့ဘူး"
အန်းလုရှန်းက မြို့ရိုးပေါ်ရှိ ဝမ်ချောင်ကို လှမ်းကြည့်ရင်း ရက်စက်ကြမ်းတမ်းစွာ ဆိုလိုက်တော့သည်။
သို့သော် ဗိုလ်ချုပ်များ၏ရှေ့မှောက်တွင် အန်းလုရှန်းမှာ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါချေ၊ မျက်နှာပေါ်တွင် အနည်းငယ်မျှပင် အရိပ်အယောင် မပြခဲ့ပါချေ။
"ခမ်းနား ကြီးကျယ်လှတဲ့ စစ်နတ်ဘုရားကြီးက ထွက်ပြေးရတော့မယ် မဟုတ်လား။ ဝမ်ချောင်... မင်း ပြောသလိုမျိုး မင်းက တကယ်ပဲ အဲဒီလောက် အစွမ်းထက်တယ်ဆိုရင်၊ မြို့ပြင်ထွက်ပြီး ငါတို့ နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့နဲ့ သေချာ တိုက်ခိုက်ကြည့်လိုက်ပါလား"
အန်းလုရှန်းက လေးနက်သော အသံဖြင့် ဆိုလိုက်တော့သည်။
"စစ်ဗျူဟာ ဆိုတာ အမှန်တရား တွေနဲ့ အတုအယောင် တွေ ရောနှောနေတာပဲ။ အကယ်၍ နှစ်ဖက်စလုံးက စစ်အစီအရင်တွေ ချထားပြီး မျက်နှာချင်းဆိုင် သတ်ဖြတ်ရုံ သက်သက်သာ ဆိုရင် စစ်ဗျူဟာက ဘာလုပ်ဖို့ လိုတော့မှာလဲ။ ဗိုလ်ချုပ်တွေက ဘာလုပ်ဖို့ လိုတော့မှာလဲ။ အန်းလုရှန်း... မင်း ဗိုလ်ချုပ်နေရာကို ရောက်လာတာတောင်မှ ဒီလောက်တောင် ကလေးဆန်ပြီး အဆင့်အတန်း မရှိသေးဘူးလို့ ငါ မထင်ထားမိဘူး"
ဝမ်ချောင်က အေးဆေးတည်ငြိမ်စွာဖြင့် ဆိုလိုက်တော့သည်။
စကားတစ်ခွန်းတည်း ဖြင့် လေအေးများအလား ပေါ့ပါးနေသော်လည်း မျက်နှာချင်းဆိုင်ကို ဒေါသထွက်လွန်း၍ ခေါင်းမှ မီးခိုးများ ထွက်သွားစေတော့သည်။ ဝမ်ချောင်က အန်းလုရှန်းအနေဖြင့် စစ်ဗျူဟာနှင့် ပတ်သက်၍ ဘာမှနားမလည်ကြောင်း သွယ်ဝိုက်သော နည်းဖြင့် လှောင်ပြောင်နေခြင်း ပင် ဖြစ်တော့သည်။
******