အခန်း ၂၂၂၈
Vol. 138 Ch. 2228
အခန်း (၂၂၂၈) ရှောင်ယန် ၏ လှုပ်ရှားမှု
"သခင်ကြီး... သူနဲ့ သွားပြီး ဒေါသထွက် မနေပါနဲ့၊ မြို့ကို ဖောက်ထွင်း သိမ်းပိုက်ပြီးတဲ့ အချိန်ကျရင် သခင်ကြီးရဲ့ ဒေါသတွေ၊ အမုန်းတွေ အားလုံးကို တစ်ခါတည်း ပေါက်ကွဲပစ်လို့ ရပါပြီ"
ထိုအချိန်မှာပင် ကောင်းရှန်းက ရှေ့သို့ ခြေလှမ်း အနည်းငယ်ခန့် လှမ်းထွက်လာခဲ့ပြီး တိုးတိုးလေး သတိပေးလိုက်တော့သည်။
စကားပြောဆို ငြင်းခုံခြင်း အပိုင်းတွင် ဝမ်ချောင်မှာ "စစ်နတ်ဘုရား"အဆင့်သို့ ရောက်ရှိနေပြီ ဟုပင် ဆိုနိုင်ပေရာ ဤအချက်တွင်မူ အန်းလုရှန်းမှာ သူ့ကို လုံးဝ ယှဉ်ပြိုင်နိုင်စွမ်း မရှိပါချေ။
ကောင်းရှန်း၏စကားကို ကြားလိုက်ရသည့်အခါ အန်းလုရှန်းမှာ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး နောက်ဆုံးတွင် ပြန်လည်တည်ငြိမ်သွားတော့သည်။
သူသည် အမှန်တကယ်တွင် အလွယ်တကူ ဒေါသထွက်လေ့ရှိသူတစ်ဦး လုံးဝမဟုတ်ပါချေ၊ အကယ်၍ ဤသို့သာ မဟုတ်ခဲ့ပါက ထိုစဉ်က ကျန်းရှို့ကွေး၏လက်အောက်တွင် နှစ်ပေါင်းများစွာကြာအောင် အသက်ရှင်လျက် တောင့်ခံထားနိုင်ခဲ့မည် မဟုတ်ပါချေ။
ကုန်းမြေလောကကြီးတစ်ခုလုံးကို လှမ်းကြည့်လိုက်မည်ဆိုပါက စကားလုံး အနည်းငယ်ဖြင့်ပင် သူ့ကို ဒေါသထွက်လွန်း၍ ခေါင်းမှ မီးခိုးများ ထွက်သွားစေနိုင်လောက်အောင် ပြုလုပ်နိုင်စွမ်းရှိသူမှာ မျက်နှာချင်းဆိုင်ရှိ ထိုလူယုတ်မာ တစ်ဦးတည်းသာ ရှိပေလိမ့်မည်။
ထို့ပြင် ကောင်းရှန်း ပြောသည်မှာ မှန်ကန်လှပေသည်။ လက်ရှိအချိန်မှာ ဒေါသထွက်နေရမည့်အချိန် လုံးဝမဟုတ်သေးပါချေ။
"ဝမ်ချောင်... သေရမယ့်အချိန် ရောက်နေတာတောင် ပါးစပ်က လေကြီးလေကျယ်ပြောနိုင်သေးတယ်။ ဒီလိုဆိုမှတော့ ငါတို့ စစ်မြေပြင် ရောက်မှပဲ အစစ်အမှန် ကို ဆုံးဖြတ်ကြတာပေါ့။ မင်းရဲ့ စစ်သည် သိန်းချီ ဒီညကို ကျော်ဖြတ်နိုင်ပါစေလို့ပဲ မျှော်လင့်ရတာပေါ့"
အန်းလုရှန်းက အေးစက်စက် ပြုံးလိုက်ပြီး ဝမ်ချောင် ကို နက်နက်ရှိုင်းရှိုင်း တစ်ချက် လှမ်းကြည့်လိုက်ကာ လျင်မြန်စွာ လှည့်ထွက်သွားပြီး အနောက်သို့ လျှောက်သွားလိုက်တော့သည်။
မြို့ရိုး ပေါ်တွင် ဝမ်ချောင်က သူ့ကို အေးဆေးတည်ငြိမ်စွာ တစ်ချက်မျှ လှမ်းကြည့်လိုက်ပြီး လျင်မြန်စွာ အကြည့်များကို ရုပ်သိမ်းလိုက်ကာ၊ နိုင်ငံအသီးသီး၏ အထက် ကောင်းကင်ယံရှိ နေရာတစ်ခုသို့ လှမ်းကြည့်လိုက်တော့သည်။
"ထိုက်ရှီ... ထွက်လာခဲ့စမ်း၊ ရုပ်သေးရုပ်တစ်ရုပ်ကို အရှေ့ထုတ်ပြီး ငါ့ကို လာတိုက်ခိုင်းနေတာ ဘာအဓိပ္ပာယ် ရှိလို့လဲ။ ဒါမှမဟုတ် မင်းက နောက်ကွယ်ကနေပဲ အမြဲတမ်း ပုန်းနေတော့မလို့လား?"
ဝမ်ချောင်၏ စကားတစ်ခွန်းတည်းဖြင့်ပင် ရှေ့သို့ အနည်းငယ် လျှောက်သွားနေပြီဖြစ်သော အန်းလုရှန်းကို ဒေါသထွက်လွန်း၍ ခြေလှမ်းများ ယိမ်းယိုင်သွားစေခဲ့သည်။ သို့သော် သူသည် အစွမ်းကုန် အံကြိတ်သည်းခံထားခဲ့ပြီး ခေါင်းလှည့် မကြည့်တော့ဘဲ အေးစက်စွာ တစ်ချက်ဟောက်လိုက်ကာ နှင်းမုန်တိုင်းများအကြား၌ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
အန်းလုရှန်း ပျောက်ကွယ်သွားသည့် တစ်ချိန်တည်းမှာပင် နိုင်ငံအသီးသီး ၏ စစ်တပ်ကြီး အထက်ကောင်းကင်ယံတွင် ရွှေရောင် နတ်ဘုရား သံချပ်ကာကို ဆင်မြန်းထားသော ရင်းနှီးကျွမ်းဝင်သည့်ပုံရိပ်တစ်ခုမှာ ဟာလာဟင်းလင်းပြင်ကြီး အတွင်းမှနေ၍ ဖြည်းညင်းစွာ ပေါ်ထွက်လာတော့သည်။
"သေခါနီး မှာစရာ စကားတွေရှိသေးလား"
ထိုက်ရှီမှာ လေထဲတွင် ရပ်နေခဲ့ပြီး အေးစက်ပြီး စူးရှလှသော မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်သလို သူ၏အေးစက်လှသော အသံကြီးမှာ စစ်တပ်တစ်ခုလုံး၏ အထက် ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားတော့သည်။
"ထိုက်ရှီ... မင်းတို့ နတ်ဘုရား အဖွဲ့အစည်းတွေရဲ့ စိတ်ထားတွေက အရမ်းကို ယုတ်မာလွန်းတယ်။ ကမ္ဘာကြီးတစ်ခုလုံးကို အေးခဲသွားစေတဲ့ ဒီ ဧရာမ နှင်းမုန်တိုင်းကြီးကို လက်တစ်ဖက်တည်းနဲ့ ဖန်တီးခဲ့တာ တင် မကသေးဘူး၊ နိုင်ငံအသီးသီး အကြားမှာ ပြည်တွင်းစစ်တွေ ဖြစ်လာအောင် တမင်တကာ လှုံ့ဆော်ပေးခဲ့သေးတယ်၊ အန်းလုရှန်း ဆိုတာကလည်း မင်းတို့ ကျောထောက်နောက်ခံ ပေးထားတဲ့ ကိုယ်စားလှယ် တစ်ယောက် သက်သက်ပါပဲ၊ ပြီးတော့ မင်းတို့ရဲ့ နောက်ဆုံး ရည်ရွယ်ချက်က အဲဒီတခြားကမ္ဘာ ကျူးကျော်သူတွေကို ဒီကို ခေါ်ဆောင်လာဖို့ပဲ၊ ဒီရွဲလော့ဟယ်တွေက သူတို့ရဲ့ရှေ့ပြေးတပ်ဖွဲ့တွေပဲ။ ဒီကိစ္စတွေအားလုံးကို မင်း သူတို့ကို မပြောပြဖို့ ဆုံးဖြတ်ထားတာလား။ ဒါမှမဟုတ် အဆုံးထိ သူတို့ကို အသုံးချသွားဖို့ ရည်ရွယ်ထားတာလား"
ဝမ်ချောင်၏စကားကို ကြားလိုက်ရသည့်အခါ ထိုက်ရှီ၏ ဓားအလား စူးရှလှသော မျက်ဝန်းများ မှာ ရုတ်တရက် လှုပ်ရှားသွားတော့သည်။
စစ်မြေပြင်တွင်မူ နိုင်ငံအသီးသီးမှ ဧကရာဇ်များ၏ရင်ထဲ၌ ရုတ်တရက် တင်းကျပ်သွားကြတော့သည်။
စစ်တပ်နှစ်ခု မျက်နှာချင်းဆိုင် ရင်ဆိုင်နေကြသည့်အချိန်တွင် ရက်စက်ကြမ်းတမ်းသော စကားများပြောဆိုပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းချက်များကို အသုံးချကာ စိတ်ဓာတ်ကျဆင်းအောင် ပြုလုပ်ခြင်းမှာ အမြဲတမ်း ဖြစ်ပေါ်လေ့ ရှိသော ကိစ္စတစ်ခုပင် ဖြစ်သည်။ သို့သော် ဝမ်ချောင်နှင့် ထိုက်ရှီတို့ တွေ့ဆုံသည့် အချိန်တွင် ဤကဲ့သို့သော လုံးဝခြားနားသည့် အကြောင်းအရာများကို ပြောဆိုလိမ့်မည်ဟု မည်သူကမျှ တွေးတောထားခဲ့ခြင်း မရှိပါချေ။
နတ်ဘုရား အဖွဲ့အစည်း။
ဒါက ထိုက်ရှီနဲ့ အဲဒီအမည်းရောင်ဝတ်စုံဝတ် တွေရဲ့ နောက်ခံ သမိုင်းကြောင်းပေါ့။
ဒါ့အပြင်... သူတို့ ပြသခဲ့တဲ့ စွမ်းရည်တွေ အရ ကြည့်မယ်ဆိုရင် ဧရာမ နှင်းမုန်တိုင်းကြီးကို ကာကွယ်နိုင်တဲ့ ကြီးမားကျယ်ပြန့်တဲ့ နည်းလမ်းတွေ ရှိနေတယ်ဆိုတော့၊ ကမ္ဘာကြီး တစ်ခုလုံးကို အေးခဲသွားစေတဲ့ ဒီဧရာမကပ်ဘေးကြီးက သူတို့ရဲ့လက်ရာတွေ တကယ်ပဲ ဖြစ်နေနိုင်တာပေါ့။
ဤမျှသာမက စစ်မြေပြင်တွင် ထိုရွဲလော့ဟယ်များမှာ ခေါင်း ကွဲအက်သွားသည့် ဒဏ်ရာမျိုးမှလွဲ၍ အခြားမည်သည့် တိုက်ခိုက်မှုကမျှ သူတို့ကို သေဆုံးသွားအောင် ပြုလုပ်နိုင်စွမ်း လုံးဝမရှိခဲ့ပါချေ။ ဤကဲ့သို့ သဘာဝတရားနှင့် ဆန့်ကျင်ဘက် ဖြစ်နေသော အခြေအနေများမှာ အမှန်တကယ်ပင် ပုံမှန် မဟုတ်လွန်းပါချေ။
လူတိုင်းမှာလည်း အရူးများ လုံးဝမဟုတ်ကြပါချေ၊ သူတို့အနေဖြင့် ရွဲလော့ဟယ် များ၊ ယိုကျိုးစစ်သည်များနှင့် အချိန်အတော်ကြာအောင် အတူတကွ နေထိုင်လာခဲ့ကြရာ မည်သည့် အရာကိုမျှ သတိမပြုမိဘဲ နေမည် လုံးဝ မဟုတ်ပါချေ။
ဝမ်ချောင်အနေဖြင့် ရည်ရွယ်ချက်တစ်ခုခုဖြင့် တမင်တကာ ဤကဲ့သို့သော နည်းလမ်း ကို အသုံးပြုကာ မိမိတို့ အကြားတွင် ဖရိုဖရဲ ဖြစ်မှု များ နှင့် ပြည်တွင်းစစ်များကို ဖြစ်ပေါ်စေရန် ကြိုးပမ်းနေခြင်း ဖြစ်နိုင်သည်ဆိုသော်ငြားလည်း၊ မဟာထန်၏ စစ်နတ်ဘုရား ပြောဆိုနေသည်များ အားလုံးမှာ လုံးဝအတုအယောင်များချည်းသာ ဖြစ်သည်ဟု ဆိုလိုခြင်း လုံးဝ မဟုတ်ပါချေ။
သို့သော် တစ်ခုတည်းသော ပြဿနာ မှာ... ဝမ်ချောင်ပြောဆိုနေသော ထိုတခြားကမ္ဘာ ကျူးကျော်သူများ ဆိုသည်မှာ အမှန်တကယ်တွင် ဘာတွေများ ဖြစ်မည်နည်း။
မျက်တောင်တစ်ခတ်အတွင်း လူတိုင်း၏မျက်နှာအမူအရာများမှာ အလွန်အမင်း သိမ်မွေ့လာကြတော့သည်။
စစ်တပ်ကြီး အတွင်း၌ အန်းလုရှန်းနှင့် ကောင်းရှန်းတို့မှာ ဤအပြောင်းအလဲကို သိသိသာသာ ခံစားသိရှိလိုက်ကြပြီး မျက်ခုံးများကို တင်းကျပ်စွာ ကြုတ်လိုက်ကြတော့သည်။
"မင်း ဒီနတ်ဘုရားကို လာရှာတာက ဒီစကားတွေ ပြောဖို့ သက်သက်ပဲလား။ အကယ်၍ ဒါက မင်းရဲ့သေခါနီး မှာစရာ စကားတွေသာ ဆိုရင်တော့ ဒီနတ်ဘုရားမှာ နားထောင်ဖို့ စိတ်အခြေအနေ လုံးဝမရှိဘူး၊ ဒါ့အပြင် ဒီတစ်ကြိမ် တိုက်ပွဲမှာ မင်း အသုံးပြုနိုင်မယ့် မဟာစစ်အစီအရင်တွေ လုံးဝ ရှိတော့မှာ မဟုတ်ဘူး၊ ဒီည မှာ မင်းပဲ ဖြစ်ဖြစ် မင်း ယိုကျိုးကို ခေါ်လာတဲ့ မဟာထန်က စစ်သည်တွေပဲ ဖြစ်ဖြစ် တစ်ယောက်မှ ဒီနေရာ ကနေ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး"
ထိုအချိန်မှာပင် ထိုက်ရှီ၏ အေးစက်လှသော သံကြီးမှာ လူတိုင်း၏ နားထဲသို့ ရောက်ရှိလာခဲ့သည်။ သူသည် နောက်ဆုံးတွင် ဝမ်ချောင်ကို နက်နက်ရှိုင်းရှိုင်း တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် သရဲတစ္ဆေ တစ်ကောင်အလား လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
လျင်မြန်စွာပင် အလွန်ဆွေးမြေ့ဖွယ် ကောင်းလှသော ဗုံသံကြီး တစ်ခုမှာ နှင်းမုန်တိုင်းများကို ထိုးဖောက်လျက် နိုင်ငံအသီးသီး ၏ စစ်တပ်ကြီး ၏ အနောက်ဘက် မှနေ၍ ထွက်ပေါ်လာခဲ့ပြီး၊ နိုင်ငံအသီးသီးမှာ နောက်ဆုံးတွင် တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြပြီ ဖြစ်၏။
မြို့ရိုး ပေါ်တွင် ဝမ်ချောင်၏ ဆံပင်ရှည်ကြီးများမှာ လေထဲတွင် တလွင့်လွင့် လွင့်ပျံနေခဲ့ပြီး အနည်းငယ်မျှ မလှုပ်မယှက် ထိုနေရာတွင် မတ်မတ်ရပ်နေဆဲပင် ဖြစ်သည်။
"ရှောင်ယန်... နိုင်ငံအသီးသီးဘက်က အပြည့်အဝ ပြင်ဆင်ပြီးမှ ရောက်လာတာ၊ ဒီစစ်ပွဲက အရမ်း အရေးကြီးတယ်၊ နောက်ပိုင်း ကိစ္စတွေ အားလုံး မင်းကိုပဲ အားကိုးရတော့မယ်"
ဝမ်ချောင်က ရုတ်တရက်ဆိုလိုက်ရာ သူ၏အသံမှာ အလွန်တိုးညင်းလွန်းလှပြီး မိမိ ကိုယ်တိုင်သာ ကြားနိုင်ပေသည်။
ဘေးပတ်ဝန်းကျင် တစ်ခုလုံးမှာ လုံးဝ တိတ်ဆိတ် ငြိမ်သက်နေခဲ့ပြီး ခဏအကြာတွင် ရင်းနှီးကျွမ်းဝင်နေသော အသံတစ်ခုမှာ ဝမ်ချောင်၏ ဦးနှောက်ထဲ၌ ရုတ်တရက် ထွက်ပေါ်လာတော့သည်။
"သခင်... စိတ်ချပါ၊ ငါ ထိုက်ရှီရဲ့ ကိုယ်ပေါ်မှာ ငါ့ရဲ့ စိတ်စွမ်းအားတွေကို အစောကြီးကတည်းက ကပ်ထားလိုက်ပြီးပြီ၊ ထိုက်ရှီ ရဲ့ အာရုံစိုက်မှု တွေ အားလုံးက သခင့် အပေါ်မှာပဲ ရှိနေတော့ သူ လောလောဆယ် သတိမထားမိသေးဘူး၊ ဒါ့အပြင် ထိုက်ရှီ က ဒီ ကိုယ်ခန္ဓာ ကို အခုမှ အသစ်ရထားတာ ဆိုတော့ သိပ်ပြီး အသားမကျသေးဘူး ထင်တယ်၊ သူ့ ကိုယ်ပေါ်မှာ အားနည်းချက်တွေ အများကြီး ရှိနေတာကို ငါ ခံစားသိရှိနိုင်တယ်၊ အကယ်၍ ဒီလိုသာ မဟုတ်ခဲ့ရင် သူ့ကိုယ်ပေါ်မှာ ငါ့ရဲ့စိတ်စွမ်းအင် တွေကို သွားကပ်ဖို့ ဆိုတာ ဒီလောက် လွယ်ကူမှာ မဟုတ်ဘူး"
"ဒါပေမဲ့ နောက်ဆုံး အတည်ပြုဖို့ အတွက်တော့ ငါ အချိန်နည်းနည်း လိုသေးတယ်"
အိပ်မက်ဆိုး သားရဲ၏အသံမှာ ဝမ်ချောင်၏ ဦးနှောက်ထဲ၌ ရုတ်တရက် ထွက်ပေါ်လာတော့သည်။ ဤ လူနှင့်သားရဲကြားရှိ စကားပြောဆိုမှုကိုသာ ထိုက်ရှီ ကြားလိုက်ရမည် ဆိုပါက အလွန်အမင်း တုန်လှုပ်သွားမည်မှာ သေချာလှပေသည်။
ဧရာမ နှင်းမုန်တိုင်းကြီး မဆင်းသက်လာမီ ဖြစ်ပွားခဲ့သော ထိုတိုက်ပွဲတွင် သူနှင့် ဝမ်ချောင်မှာ အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည်။ သို့သော် အိပ်မက်ဆိုး သားရဲမှာ တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာခြင်း လုံးဝမရှိခဲ့ပါချေ၊ သို့သော် ထိုက်ရှီပင်လျှင် တွေးတောထားနိုင်မည် မဟုတ်သောအရာမှာ၊ ထိုအချိန်ကတည်းက အိပ်မက်ဆိုး သားရဲမှာ သူ၏ ကိုယ်ပေါ်တွင် အစီအစဉ် အချို့ကိုပြုလုပ်ထားခဲ့ပြီး ဖြစ်သည်။
ယခုလေးတင် ဝမ်ချောင်က သူ့ကို အပြင်သို့ ထွက်လာအောင် ဆွဲဆောင်ခဲ့ပြီး မျက်နှာချင်းဆိုင် ရင်ဆိုင်ခဲ့ခြင်း အပါအဝင်၊ ဝမ်ချောင်၏နှုတ်မှ တခြားကမ္ဘာ ကျူးကျော်သူများ အကြောင်းကို ပြောဆိုကာ နိုင်ငံအသီးသီး၏ စစ်တပ်များကို စိတ်ဓာတ် ကျဆင်းအောင် ပြုလုပ်ခဲ့ခြင်းမှာ အမှန်တကယ် ရည်ရွယ်ချက် လုံးဝမဟုတ်ပါချေ၊ အရာတစ်ခုခု ကို နောက်တစ်ကြိမ် ထပ်မံအတည်ပြုရန် အတွက်သာ ဖြစ်ပုံရပေသည်။
"အင်း… မင်းအတွက် ငါ အခွင့်အရေး တွေ ဖန်တီးပေးမယ်"
ဝမ်ချောင်က ခေါင်းညိတ်ပြလိုက်တော့သည်။
"ဝမ်ရယ်... နိုင်ငံအသီးသီးဘက်က တိုက်ခိုက်တော့မယ်၊ ရှောက်ပေါင် သခင်ကြီးနဲ့ ဗိုလ်ချုပ်တွေက နောက်ပိုင်း ဘယ်လိုဆက်လုပ်ရမလဲ ဆိုတာ လာမေးခိုင်းလိုက်ပါတယ်"
ထိုအချိန်မှာပင် သတင်းပို့ စစ်သည်တစ်ဦး၏အသံမှာ အနောက်ဘက်မှနေ၍ ထွက်ပေါ်လာတော့သည်။
"အမိန့် ပေးလိုက်စမ်း၊ တိုက်ပွဲ အတွက် ပြင်ဆင်ကြ"
ဝမ်ချောင်က လက်ကို ဖွဖွလေး ဝှေ့ယမ်းလိုက်ပြီး အေးဆေးတည်ငြိမ်စွာဖြင့် ဆိုလိုက်တော့သည်။
"ဟုတ်ကဲ့ပါ"
သတင်းပို့ စစ်သည်မှာ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
"ဒုန်း ဒုန်း ဒုန်း"
ခဏတာ အချိန်တိုလေး အတွင်းမှာပင် ပြင်းထန်လှသော စစ်ဗုံသံများမှာ မိုးကြိုးသံများအလား နှင်းမုန်တိုင်းများ အကြားမှနေ၍ ချက်ချင်း လွင့်ပျံလာတော့သည်။
ဝမ်ချောင်မှာ မြို့ရိုးပေါ်တွင် မတ်မတ်ရပ်နေလျက် အဝေးဆီကို လှမ်းကြည့်လိုက်ရာ ကောင်းကင်ယံ အပြည့် နှင်းမုန်တိုင်းများ အကြားတွင် "ဧရာမ သတ္တဝါကြီးများ" အမြောက်အမြား မှာ ကြီးမားလှသော မြည်ဟည်းသံကြီးများ နှင့်အတူ သံမဏိခံတပ် ရှိရာ အရပ်ဆီသို့ ပြေးဝင်လာကြသည်ကို မြင်တွေ့လိုက်ရတော့သည်။
မည်သည့် အံ့ဩစရာမျှ မရှိပါချေ၊ မဟာထန် နှင့် နိုင်ငံအသီးသီး အကြားရှိ ဒုတိယမြောက် တိုက်ပွဲကြီး တွင်လည်း ယခင်ကကဲ့သို့ပင် ထိုဒိုင်းလွှား စစ်ရထားများကသာ ရှေ့ဆုံးမှနေ၍ ဝင်ရောက်လာကြခြင်း ဖြစ်သည်။ သို့သော် ယခင် တိုက်ပွဲများနှင့် နှိုင်းယှဉ်ပါက ဤဒိုင်းလွှား စစ်ရထားများမှာ သိသိသာသာ ပိုမိုကောင်းမွန်အောင် ပြုပြင်ပြောင်းလဲထားကြောင်း သိသာလှပေသည်။
ဒိုင်းလွှား စစ်ရထားများ ၏ ရှေ့မျက်နှာစာ တွင် ထူထပ်လှသော သံမဏိ ပြားကြီး မြင်တွေ့နိုင်ပြီး၊ သံမဏိ ပြားကြီး၏ မျက်နှာပြင်ပေါ်တွင် အလင်းတန်းများ လှုပ်ရှားနေကာ မန္တန်များနှင့်စစ်အစီအရင်များကို အများအပြား ပေါင်းထည့်ထားကြောင်း အလွန်ပင် ထင်ရှားနေတော့သည်။
ဒိုင်းလွှား စစ်ရထားများ ၏ အနောက်ဘက်တွင်မူ ထူးခြားလှသော ပုံရိပ် အချို့မှာ ဝမ်ချောင်၏ အာရုံစိုက်မှုကို ချက်ချင်းပင် ဆွဲဆောင်သွားတော့သည်။
၎င်းမှာ ခြေအောက်တွင် မီးခိုးရောင် အလင်းစက်ကွင်းများကို နင်းထားပြီး တစ်ကိုယ်လုံး လူသားများ၏ ခံစားချက် လုံးဝမရှိဘဲ အလွန်အမင်း အေးစက်လှသော ရွဲလော့ဟယ် တစ်ဦးချင်းစီပင် ဖြစ်ကြသည်။ ဒိုင်းလွှား စစ်ရထား ထောင်နှင့်ချီမှာ တစ်တန်းတည်း နေရာယူထားကြပြီး တစ်ချိန်တည်းမှာပင် ရှေ့သို့ ချီတက်လာကြရာ၊ ဒိုင်းလွှား စစ်ရထား တစ်စီးစီ ၏ အနောက်ဘက်တွင် ရွဲလော့ဟယ် တစ်ဦးစီ ရှိနေကြပေသည်။
"သူတို့က ဒိုင်းလွှား စစ်ရထားတွေကို သုံးပြီး ရွဲလော့ဟယ်တွေကို ကာကွယ်ပေးချင်နေတာပဲ"
ဝမ်ချောင်၏ မျက်ဝန်းထဲ၌ အလင်းတန်းတစ်ချက် လက်သွားခဲ့ပြီး ရင်ထဲ၌ ချက်ချင်းပင် အရာရာတိုင်းကို ရှင်းလင်းစွာ နားလည် သဘောပေါက်သွားတော့သည်။
ယခင် တိုက်ပွဲတွင် ဝမ်ချောင်၏ ဝူရှန်း သံချပ်ကာမြင်းတပ်များမှာ ယခင်က တစ်ခါမျှ မရှိခဲ့ဖူးသော အလွန်ကြီးမားလှသည့် ဆုံးရှုံးမှုများကို ရင်ဆိုင်ခဲ့ရသည်။ သို့သော် ရွဲလော့ဟယ်များမှာလည်း အလားတူပင် ဆုံးရှုံးမှု ကြီးမားခဲ့သည်။ ရွဲလော့ဟယ်တပ်ဖွဲ့တွင် စစ်သည် နှစ်သောင်းကျော်ခန့် ကျန်ရှိနေသေးသည် ဆိုသော်ငြားလည်း၊ ဤအရာမှာ သူတို့အတွက် အလွန်ကြီးမားလှသော ဆုံးရှုံးမှု တစ်ခုပင် ဖြစ်တော့သည်။
ဤ ဒိုင်းလွှား စစ်ရထားများမှာ ဤ ရွဲလော့ဟယ် များကို ကာကွယ်ရန် နှင့် မဟာထန် ၏ စစ်ရထားလေးများက သူတို့၏ ခေါင်းများကို တိုက်ရိုက် ပစ်မှတ်ထားကာ ပစ်ခတ်ခြင်းမှ ရှောင်ရှားရန် အတွက်ပင် ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ စစ်တပ်ကြီးကို မီးခိုးရောင် အလင်းစက်ကွင်းများနှင့် အဆက်မပြတ် ဖုံးလွှမ်းပေးထားပြီး အလွန်အမင်း အေးစက်လှသော နှင်းမုန်တိုင်းကြီးများကို ကာကွယ်နိုင်ရန် အတွက်ပင် ဖြစ်တော့သည်။
ဤမျှသာမက ဝမ်ချောင်၏အကြည့်များမှာ မြေပြင်ကြီး တစ်ခုလုံး ကို ဖြတ်ကျော်သွားခဲ့ပြီး လျင်မြန်စွာပင် ဒိုင်းလွှား စစ်ရထား တစ်စီး၏ အနောက်ဘက်ရှိ ရွဲလော့ဟယ် တစ်ဦး၏အပေါ်သို့ ရောက်ရှိသွားတော့သည်။
မျက်တောင်တစ်ခတ်မျှ အချိန်လေးအတွင်းမှာပင် အနည်းငယ် ဝမ်ချောင်၏မျက်မှောင်များ ကြုတ်သွားတော့သည်။
ယခင် တိုက်ပွဲကြီးနှင့် နှိုင်းယှဉ်ပါက ဤရွဲလော့ဟယ်များ၏ ခွန်အားများမှာ သိသိသာသာ ပိုမိုအစွမ်းထက်လာကြောင်း သိသာလှပေသည်။
"သူတို့က နှင်းမုန်တိုင်းကြီးရဲ့ စွမ်းအင်တွေကို စုပ်ယူနေကြတာပဲ"
ဝမ်ချောင်၏ ရင်ထဲ၌ လှုပ်ရှားသွားခဲ့ပြီး လျင်မြန်စွာပင် အရာတစ်ခုခုကို နားလည်သဘောပေါက်သွားတော့သည်။
နောက်တစ်ခဏတွင် မျက်လုံးများကို မှိတ်လိုက်ပြီး ထပ်မံဖွင့်လိုက်ရာ မျက်စိရှေ့ရှိ အရာရာတိုင်းမှာ ချက်ချင်းပင် လိုက်ပါ ပြောင်းလဲသွားတော့သည်။
အစစ်အမှန် လောက။
ဤအခိုက်အတန့်၌ ဝမ်ချောင်မှာ အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ ဤစွမ်းရည်ကို တိုက်ရိုက် အသုံးပြုလိုက်သည်။ နောက်တစ်ကြိမ် ထပ်မံကြည့်လိုက်ရာ ဝမ်ချောင်အနေဖြင့် ကောင်းကင်နှင့်မြေကြီး အကြားရှိ မရေမတွက်နိုင်သော ပုံသဏ္ဌာန်မဲ့သော ကြိုးမျှင် သောင်းချီမှာ ထိုရွဲလော့ဟယ်များ၏ကိုယ်ပေါ်သို့ အဆက်မပြတ် ချိတ်ဆက်နေသည်ကို အံ့ဩဖွယ်ရာ မြင်တွေ့လိုက်ရတော့သည်။
နှင်းမုန်တိုင်းကြီး၏ ခွန်အားများ အဆက်မပြတ် စီးဆင်းနေသော ဤပုံသဏ္ဌာန်မဲ့သော ကြိုးမျှင်များမှတစ်ဆင့် ရွဲလော့ဟယ်များ၏ ကိုယ်တွင်းသို့ ဝင်ရောက်လာခဲ့ပြီး သူတို့၏ ခွန်အားများကို အဆက်မပြတ် တိုးတက်စေနေခြင်း ဖြစ်သည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ဝမ်ချောင်၏ ရင်ထဲ၌ ချက်ချင်း လေးလံသွားတော့သည်။ ရွဲလော့ဟယ်များမှာ နှင်းမုန်တိုင်းကြီးအတွင်း၌ ရေထဲရောက်သွားသော ငါးတစ်ကောင်အလား လွတ်လပ်ပေါ့ပါးနေကြသည်။ သူတို့၏ ယခင်ခွန်အားများပင်လျှင် အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းနေခဲ့ပြီဖြစ်ရာ၊ ယခုအခါ အရပ်မျက်နှာ အားလုံးရှိ နှင်းမုန်တိုင်းကြီးများထံမှ စွမ်းအင်များကို အဆက်မပြတ် စုပ်ယူနေနိုင်သေးသည်ဆိုပါက သူတို့၏ခွန်အားမှာ ယခင်ကထက် များစွာပိုမို အစွမ်းထက်လာမည်ဖြစ်ပြီး၊ ဤအရာမှာ မဟာထန် အတွက် သတင်းကောင်း တစ်ခု လုံးဝ မဟုတ်ပါချေ။
သို့သော် မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် ဝမ်ချောင်သည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး ချက်ချင်း ပြန်လည် တည်ငြိမ်သွားတော့သည်။
ဤတစ်ကြိမ်တွင် ဝမ်ချောင် အနေဖြင့် အန်းလုရှန်းနှင့် ကွင်းပြင် ပြင်ညီတွင် ကြီးမားသော တိုက်ပွဲကြီး ဆင်နွှဲရန် ပြင်ဆင်ထားခြင်း လုံးဝမရှိပါချေ။ ရွဲလော့ဟယ်များ၏ ခွန်အားမှာ အများအပြား တိုးတက်လာခဲ့သည် ဆိုသော်ငြားလည်း၊ တိမ်တိုက်များအထိ မြင့်မားလှသော သံမဏိ မြို့ရိုးကြီးကို ရင်ဆိုင်ရသည့်အခါတွင် သူရဲကောင်းလည်း စွမ်းရည်ပြသခွင့် မရှိသလို ဖြစ်သွားမည်သာ ဖြစ်သည်။
မြင်းတပ်များအနေဖြင့် ရွဲလော့ဟယ်များ၏ ခွန်အားမှာ မည်မျှပင် အစွမ်းထက်နေပါစေ မြို့သိမ်း တိုက်ပွဲတွင် သူတို့၏ အားသာချက် များကို အပြည့်အဝ အသုံးချနိုင်စွမ်း ရှိမည် မဟုတ်ပါချေ။
"ဝူး…"
ခေါင်းလောင်းသံများနှင့် စစ်ဗုံသံများမှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့ပြီး ပိုမို၍ကျယ်လောင်လာတော့သည်။ အခြားတစ်ဖက်တွင်မူ အဆုံးအစမရှိသော နှင်းမုန်တိုင်းများ အကြား၌ ပိုမိုများပြားလှသော နိုင်ငံအသီးသီး၏စစ်တပ်ကြီးမှာ ရှေ့သို့ အဆက်မပြတ် ချီတက်လာခဲ့ကြပြီး လူတိုင်း၏မျက်စိရှေ့သို့ ရောက်ရှိလာကြတော့သည်။
"လူတိုင်း တိုက်ပွဲအတွက် ပြင်ဆင်ကြ"
ဝမ်ချောင်၏ မျက်နှာအမူအရာမှာ တင်းမာသွားခဲ့ပြီး ရုတ်တရက် အမိန့်ပေးလိုက်တော့သည်။
"ဝုန်း"
နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့မှာ အကွာအဝေး တစ်ခုအထိ ရောက်ရှိလာသည့် အချိန်တွင် ဝမ်ချောင်၏ အနောက်ဘက်ရှိ ထိပ်တန်း မြားသမားများ အမြောက်အမြားမှာ လေးကြိုးများကို ဆွဲငင်ကာ မြားများကို အသင့် ပြင်ဆင်လိုက်ကြသည်။ မြည်သံများနှင့်အတူ နောက်တစ်ခဏတွင် သံချပ်ကာဖောက် မြားတံများ အမြောက်အမြားမှာ တစ်ဟုန်ထိုး ထွက်ပေါ်လာခဲ့ပြီး မိုးပေါက်များအလား လျင်မြန်စွာ ဆင်းသက်လာကြတော့သည်။
ဘုန်း ဘုန်း ဘုန်း
နှင်းမုန်တိုင်းများ အကြားတွင် မရေမတွက်နိုင်သော နိုင်ငံအသီးသီးမှ စစ်သည်များမှာ အသံနှင့်အတူ တစ်ဦးပြီး တစ်ဦး မြေပြင်ပေါ်သို့ လဲကျသွားကြတော့သည်။
ဒိုင်းလွှား စစ်ရထားများ မှာ ရှေ့တည့်တည့်မှ စစ်ရထားလေးများ၏ တိုက်ခိုက်မှုကို ကာကွယ်နိုင်စွမ်း ရှိသည်ဆိုသော်ငြားလည်း၊ ထိပ်တန်း မြားသမားများ၏ ကောင်းကင်ယံ မှနေ၍ ပစ်ခတ်မှုကိုမူ လုံးဝ မကာကွယ်နိုင်ကြပါချေ။
"လူတိုင်း အရှိန်အပြည့် နဲ့ ရှေ့ကို ချီတက်ကြစမ်း"
ကောင်းကင်ယံအပြည့် နှင်းမုန်တိုင်းများအကြားတွင် တာ့ခ် ဘာသာစကားဖြင့် ကြိမ်းမောင်းအော်ဟစ်သံများမှာ တစ်ဖက်မှနေ၍ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။
မဟာထန်မှ ထိပ်တန်း မြားသမားများ၏ ကောင်းကင်ယံမှနေ၍ ပစ်ခတ်မှုမှာ နိုင်ငံအသီးသီး၏ စစ်တပ်ကြီးကို လုံးဝတားဆီးနိုင်စွမ်း မရှိခဲ့ပါချေ။ ထိပ်တန်း မြားသမားများ ပစ်သတ်လိုက်သော လူအနည်းငယ်မှာ နိုင်ငံအသီးသီး၏ စစ်တပ်ကြီး အတွက်မူ အနည်းငယ်မျှပင် ဂရုစိုက်စရာ မလိုလောက်အောင် နည်းပါးလွန်းလှပေသည်။
ထို့ပြင် မဟာထန်မှာ လေညာ အရပ်တွင် ရှိနေခဲ့ရာ ကောင်းကင်ယံအပြည့် တိုက်ခတ်နေသော နှင်းမုန်တိုင်းကြီးများမှာ စစ်တပ်ကြီးအတွက် ပုံသဏ္ဌာန်မဲ့သော အကာအကွယ်တစ်ခုကို ဖန်တီးပေးထားသကဲ့သို့ ဖြစ်နေခဲ့သောကြောင့် အစစ်အမှန် ဆုံးရှုံးမှု အခြေအနေမှာ တွေးတောထားသလောက် ကြီးမားနေခြင်း မရှိပါချေ။
"ပစ်စမ်း"
သံမဏိခံတပ်အတွင်း၌ ပထမဆုံးသော ထိပ်တန်း မြားသမားများ၏ ပစ်ခတ်မှု ပြီးဆုံးသွားပြီးနောက်၊ အနောက်ဘက် ပိုမိုဝေးကွာသော နေရာမှနေ၍ နောက်ထပ် အော်ဟစ် ကြိမ်းမောင်းသံတစ်ခု ထပ်မံ ထွက်ပေါ်လာပြန်သည်။
"ဝုန်း ဝုန်း ဝုန်း"
လေထုကို ထိုးဖောက်သွားသော မြည်ဟည်းသံကြီးများ မှာ လေထဲမှနေ၍ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီး၊ ခဏတာ အချိန်တိုလေးအတွင်းသာ မြည်ဟည်းသွားခဲ့ပြီးနောက် ပြန်လည်တိတ်ဆိတ်သွားတော့သည်။ သို့သော် လျင်မြန်စွာပင် နားကွဲမတတ် ပြင်းထန်လှသော မြည်ဟည်းသံကြီးများနှင့်အတူ၊ ကျောက်တုံး ကြီးများ မှာ အဆက်မပြတ် လည်ပတ်လျက် မျက်နှာပြင်ပေါ်တွင် ထူထပ်လှသော နှင်းခဲလွှာများ ဖုံးလွှမ်းနေကာ ကောင်းကင်ယံမှနေ၍ ရုတ်တရက် ဆင်းသက်လာခဲ့ပြီး နိုင်ငံအသီးသီး ၏ စစ်တပ်ကြီး အတွင်းသို့ ပြင်းထန်စွာ ရိုက်ကျလာတော့သည်။
******