← Chapters

အခန်း ၂၂၂၉

Vol. 138 Ch. 2229

အခန်း ၂၂၂၉

Vol. 138 Ch. 2229

အခန်း (၂၂၂၉) ရှေးဟောင်း ရေခဲမြစ်

သနားစရာကောင်းလောက်အောင် အော်ဟစ်သံများနှင့်အတူ မဟာထန် ၏ ကျောက်ခဲပစ်စက် တပ်ဖွဲ့၏ တိုက်ခိုက်မှု အောက်တွင်၊ နိုင်ငံအသီးသီးဘက်မှ စစ်သည် အမြောက်အမြားမှာ ကောင်းကင်ယံမှ ပစ်ချလိုက်သော ကျောက်တုံးကြီးများ၏ ရိုက်ခတ်မှုကြောင့် မြေပြင်ပေါ်သို့ လဲကျသွားကြတော့သည်။

သို့သော် ပထမဆုံး တိုက်ခိုက်မှု လှိုင်းလုံးတွင်ကဲ့သို့ပင် တိုက်ခိုက်ခံလိုက်ရသော နိုင်ငံအသီးသီးမှ စစ်သည်များမှာ ကြီးမားကျယ်ပြန့်လှသော ပင်လယ်ပြင်ကြီးတွင် လေပြင်းများ တိုက်ခတ်သွားမှုကြောင့် ဖြစ်ပေါ်လာသော လှိုင်းဂယက်လေး များအလား ခဏတာ အချိန်တိုလေး အတွင်းသာ ဖြစ်ပေါ်သွားခဲ့ပြီးနောက် ချက်ချင်း ပြန်လည်တည်ငြိမ်သွားခဲ့ရာ၊ မည်သည့်အရာမျှ ဖြစ်ပေါ်မလာခဲ့သည့်အလား ဖြစ်နေတော့သည်။

ပင်လယ်ပြင်ကြီးအလား ကြီးမားကျယ်ပြန့်ပြီး အဆုံးအစမရှိ များပြားလှသော နိုင်ငံအသီးသီး၏ စစ်တပ်ကြီးမှာ အလွန်အမင်း အေးဆေးတည်ငြိမ်သော နည်းလမ်းဖြင့် မဟာထန်ရှိရာ အရပ်ဆီသို့ အလွန်ခိုင်မာပြတ်သားစွာ ရှေ့သို့ ချီတက်လာနေကြပြီး၊ မည်သည့်အရာကမျှ သူတို့၏ခြေလှမ်းများကို တားဆီးနိုင်စွမ်း မရှိသည့်အလား ဖြစ်နေတော့သည်။

သံမဏိခံတပ်၏ မြင့်မားလှသော မြို့ရိုးပေါ်တွင် မဟာထန်၏ တပ်ဖွဲ့များမှာလည်း အလွန်အမင်း အေးဆေးတည်ငြိမ်ပြီး အကျိုးသင့်အကြောင်းသင့် ရှိသော နည်းလမ်းဖြင့် အလှည့်ကျ တိုက်ခိုက်နေကြသည်။

ထိပ်တန်း မြားသမားများနှင့် ကျောက်ခဲပစ်စက်များမှာ အလှည့်ကျ တိုက်ခိုက်နေကြပြီး၊ တိုက်ခိုက်မှုများက နိုင်ငံအသီးသီး၏ စစ်တပ်ကြီးရှေ့သို့ ချီတက်လာနေမှုအပေါ်တွင် သက်ရောက်မှု မရှိဘူးဆိုလျှင်တောင်မှ၊ ယခင်သတ်မှတ်ထားသော တိုက်ခိုက်မှု ကြိမ်နှုန်းအတိုင်း ဆက်လက်ထိန်းသိမ်းထားဆဲပင် ဖြစ်သည်။

"မြို့ရိုး ကာကွယ်ရေး တပ်ဖွဲ့တွေကို အမိန့်ပေးလိုက်စမ်း၊ ဒုတိယအဆင့် လှုပ်ရှားမှုကို စတင်ကြ"

ဝမ်ချောင်က နိုင်ငံအသီးသီး၏ စစ်တပ်ကြီး ရှေ့သို့ ချီတက်လာနေသော အကွာအဝေးကို မျက်စိဖြင့် အဆက်မပြတ် တွက်ချက်နေခဲ့ရာ၊ ပေ သုံးထောင်ခန့် အကွာအဝေးသို့ ရောက်ရှိလာသည့် အချိန်တွင် ဝမ်ချောင်က ရုတ်တရက် အမိန့်ပေးလိုက်တော့သည်။

ဘုန်း ဘုန်း ဘုန်း…

မြို့ရိုး ကာကွယ်ရေး စစ်သည်အမြောက်အမြားမှာ လျင်မြန်စွာ ရှေ့သို့ တိုးလာခဲ့ကြပြီး၊ သံစူးများ အမြောက်အမြားကို မြို့ရိုးပေါ်မှနေ၍ လျင်မြန်စွာ ပစ်ချလိုက်ကြရာ၊ သံစူးများ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့် တစ်ချိန်တည်းမှာပင် မြို့ရိုး၏ အောက်ဘက်တွင် အသစ်စက်စက် ခံစစ်မျဉ်းတစ်ခုကို ချက်ချင်း ဖန်တီးလိုက်တော့သည်။

စစ်တပ်ကြီးက မြို့ကို တိုက်ခိုက်သည့်အခါတွင် သေချာပေါက် မြို့ရိုး၏ အောက်ခြေ မှနေ၍ စတင်ရမည် ဖြစ်ရာ၊ သံစူးများကို မြို့ရိုး၏ အောက်ခြေတွင် စုပုံထားခြင်းက နိုင်ငံအသီးသီး၏ စစ်တပ်များကို အလွန်အမင်း ကြီးမားလှသော အတားအဆီးများ ဖြစ်ပေါ်စေနိုင်ပြီး မိမိတို့၏တိုက်ခိုက်မှုများကိုလည်း ပိုမို၍ကာကွယ်ပေးနိုင်မည် ဖြစ်သည်။

ခဏတာ အချိန်တိုလေးအတွင်းမှာပင် သံစူးများဖြင့် ပြုလုပ်ထားသော ခံစစ်မျဉ်းမှာ အပြည့်အဝ နေရာချထား ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။

"မျိုးနွယ်ခြားဘုရင်... နေရာချထားမှုတွေ အားလုံး ပြီးစီးသွားပါပြီ"

လေအေးများ ပြင်းထန်စွာ တိုက်ခတ်နေခဲ့ပြီး ထိုအချိန်မှာပင် အသံတစ်ခုမှာ နားထဲသို့ ရုတ်တရက် တိုးဝင်လာတော့သည်၊ ကျန်းချိုးကျန့်ချုံး၊ ဝမ်ကျုံးစစ်၊ ကျန်းရှို့ကွေးနှင့် အခြားသူများမှာ ဘယ်အချိန်ကတည်းက မြို့ရိုးပေါ်သို့ တက်လာခဲ့ကြသည်ကို မသိရှိရပါချေ။

"အင်း… ပင်ပန်းသွားကြပြီ"

ဝမ်ချောင်က ခေါင်းလှည့် မကြည့်တော့ဘဲ ခေါင်းညိတ်ပြလိုက်သည်။

"အရာရာတိုင်းကို အဆင်သင့် ပြင်ဆင်ပြီးသွားပြီ၊ အောင်မြင်ခြင်း ရှုံးနိမ့်ခြင်းက ဒီည အပေါ်မှာပဲ မူတည်နေပြီ"

အင်ပါယာ၏ အမြင့်ဆုံး အဆင့်အတန်း ရှိသော စစ်သေနာပတိချုပ်ကြီးများ အားလုံးမှာ မြို့ပြင်သို့ အတူတကွ လှမ်းကြည့်နေကြရာ၊ နိုင်ငံအသီးသီး၏ စစ်တပ်ကြီး အလွန် ခိုင်မာ ပြတ်သားစွာ ရှေ့သို့ ချီတက်လာနေမှုကို ကြည့်ရင်း လူတိုင်း၏ရင်ထဲ၌ အလွန်ထူးခြားလှသော ခံစားချက် အချို့ကို ခံစားလိုက်ရတော့သည်။

အကွာအဝေးမှာ ပိုမိုနီးကပ်လာခဲ့သည်။

ပေ နှစ်ထောင်

ပေ တစ်ထောင်

"သတ်"

သတ်ဖြတ် အော်ဟစ်သံကြီးများမှာ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး မရေမတွက်နိုင်သော နိုင်ငံအသီးသီး၏ စစ်တပ်ကြီးမှာ မျက်တောင်တစ်ခတ်အတွင်း အရှိန်မြှင့်တင်ကာ သံမဏိခံတပ်ရှိရာ အရပ်ဆီသို့ ပြေးဝင်လာကြတော့သည်။

လေပြင်းများ၏ အားဖြည့်ပေးမှုအောက်တွင် ထိုဟိန်းဟောက်သံကြီးများမှာ ယခင်ကထက် ပိုမို၍ကျယ်လောင်နေတော့သည်။

ဘုန်း ဘုန်း ဘုန်း…

ပေရှစ်ရာခန့် အကွာအဝေးသို့ ရောက်ရှိလာသည့်အချိန်တွင်၊ အမြဲတမ်း ရှေ့သို့ ချီတက်လာနေသော နိုင်ငံအသီးသီး၏ စစ်တပ်ကြီးမှာ နောက်ဆုံးတွင် လှုပ်ရှားမှုများ စတင်လာတော့သည်။ စစ်တပ်ကြီး၏အတွင်း၌ စစ်သည်အမြောက်အမြားမှာ လေးထောင့်ပုံသဏ္ဌာန် ရှိသော စက်ယန္တရားတစ်မျိုးကို ကိုင်ဆောင်ကာ သံမဏိခံတပ်၏ မြင့်မားလှသော မြို့ရိုးကြီးကို ရုတ်တရက် ချိန်ရွယ်လိုက်ကြသည်။ စက်ယန္တရားများ လှုပ်ရှားသွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်ပေခန့် ရှည်လျားသော မြားတိုများ တစ်ချောင်းပြီးတစ်ချောင်း ထွက်ပေါ်လာခဲ့ကာ မြို့ရိုးဆီသို့ လျင်မြန်စွာ ပစ်ခတ်လာတော့သည်။

ထိုမြားတိုများမှာ မယုံနိုင်စရာ ကောင်းလောက်အောင် ထက်မြက်လှပေသည်။ ခဏတာ အချိန်တိုလေး အတွင်းမှာပင် ဤအလွန်အမင်း အစွမ်းထက်လှသော မြားတိုများမှာ အောက်မှ အထက်သို့ တိကျသောစည်းမျဉ်းတစ်ခုအရ မြို့ရိုးကြီးတစ်ခုလုံး အနှံ့အပြားတွင် စိုက်ဝင်သွားကြတော့သည်။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ မြို့ရိုးပေါ်တွင် မရေမတွက်နိုင်သော မြို့ရိုးကာကွယ်ရေး စစ်သည်များအားလုံး၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားကြတော့သည်။

"ဒါက ဘာမြားတံတွေလဲ၊ ဘာလို့ ဒီလောက်တောင် ထက်မြက်နေရတာလဲ?"

တိုက်ပွဲမစတင်မီက မြို့ထဲရှိ စပ်စုတတ်သော စစ်သည်အချို့မှာ ပြိုင်ဘက်ကင်း ဓားရှည်များဖြင့် အားကုန်ခုတ်ပိုင်းကြည့်ခဲ့ဖူးသည်။ သို့သော် သံမဏိခံတပ်၏ မြို့ရိုးပေါ်တွင် ခြစ်ရာတစ်ခု ထင်ကျန်ရစ်စေရန် လုံးဝခက်ခဲလှပေရာ ၎င်း၏မာကျောမှု အတိုင်းအတာကို တွေးတောကြည့်ရုံဖြင့်ပင် သိရှိနိုင်ပေသည်။

ထို့ကြောင့် လူတိုင်းအနေဖြင့် သံမဏိခံတပ်၏အပေါ်တွင် အလွန်အမင်း ကြီးမားလှသော ယုံကြည်ချက်များ ရှိနေခဲ့ကြခြင်း ဖြစ်သည်။

သို့သော် အပြင်ပန်းတွင် အနည်းငယ်မျှ ထူးခြားမှု မရှိသော ထိုမြားတိုလေးများက ဤမျှလောက် ကြောက်မက်ဖွယ် ကောင်းလိမ့်မည် ဟု မည်သူကမျှ တွေးတောထားခဲ့ခြင်း မရှိပါချေ။ သံထက်ပင် ပိုမိုမာကျောလှသော သံမဏိခံတပ်၏သံမဏိမြို့ရိုးပေါ်တွင် အလွယ်တကူ စိုက်ဝင်သွားကြတော့သည်။

"သွားကြစမ်း"

လူတိုင်း တုံ့ပြန်ရန် အချိန်ပင် မရလိုက်မီမှာပင် နိုင်ငံအသီးသီး၏စစ်တပ်ကြီးအတွင်းမှ အလွန်လျင်မြန် ဖျတ်လတ်သော စစ်သည်အမြောက်အမြားမှာ လေထဲသို့ ခုန်ပျံထွက်ပေါ်လာခဲ့ကြပြီး၊ မြို့ရိုးပေါ်သို့ လျင်မြန်စွာ ခုန်ပျံတက်လှမ်းလာကြတော့သည်။

သူတို့၏အရှိန်မှာ အလွန် မြန်ဆန်လွန်းလှသည်။ ခဏတာ အချိန်တိုလေး အတွင်းမှာပင် မြို့ရိုး၏အောက်ဘက်သို့ ရောက်ရှိလာခဲ့ကြပြီး မျောက်ဝံများ လမင်းကို လှမ်းဆွဲသည့်အလား လေထဲသို့ ခုန်ပျံကာ မြို့ရိုးပေါ်သို့ တက်လှမ်းသွားကြသည်။ တစ်ချိန်တည်းမှာပင် မြားတိုများနှင့် အံဝင်ခွင်ကျဖြစ်သော သံမဏိပြားတစ်ချပ်ကို ကလစ်ခနဲ မြည်သံနှင့်အတူ မြားတိုများအပေါ်တွင် လျင်မြန်စွာ တပ်ဆင်လိုက်ကြတော့သည်။

"သူတို့ကို တားဆီးကြစမ်း"

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ မြို့ရိုးပေါ်တွင် တုံ့ပြန်မှု မည်မျှပင် နှေးကွေးသော သူ ဖြစ်စေကာမူ ချက်ချင်း နားလည်သဘောပေါက်သွားကြတော့သည်။ ဤတိုတောင်းလှသော မြားတိုလေးများမှာ "မတော်တဆ ပစ်ခတ်မိခြင်း"လုံးဝမဟုတ်ဘဲ နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့မှ ဤကဲ့သို့သော နည်းလမ်းကို အသုံးပြုကာ သံမဏိခံတပ်၏ ချောမွတ်လှသော မြို့ရိုးပေါ်တွင် ညီညာပြန့်ပြူးသော လမ်းကြောင်းတစ်ခုကို ဖန်တီးနေခြင်းပင် ဖြစ်တော့သည်။

ဤအရာများသာ ရှိနေမည်ဆိုပါက နိုင်ငံအသီးသီး မဟာမိတ်တပ်ဖွဲ့အနေဖြင့် မြို့ရိုးပေါ်သို့ တက်လှမ်းရန်အတွက် များစွာပိုမိုလွယ်ကူသွားပေလိမ့်မည်။

မြို့ရိုးပေါ်တွင် မဟာထန်၏ ထိပ်တန်းမြားသမားများမှာ ချက်ချင်းပင် အဖွဲ့ခွဲလိုက်ကြပြီး လားရာအရပ်ကို ပြောင်းလဲကာ၊ မြို့ရိုးအောက်ရှိ အလွန်လျင်မြန် ဖျတ်လတ်လှသော နိုင်ငံအသီးသီးမှ အစွမ်းထက် သိုင်းပညာရှင်များနှင့် အဝေးဆီမှ မြားတိုများကို ပစ်ခတ်နေသော တပ်ဖွဲ့များကို တိုက်ရိုက်ချိန်ရွယ်လိုက်ကြတော့သည်။

လျင်မြန်ဖျတ်လတ်လှသော နိုင်ငံအသီးသီးမှ အစွမ်းထက် သိုင်းပညာရှင်အချို့မှာ ရှောင်တိမ်းရန် အချိန်မရလိုက်ဘဲ လျင်မြန်စွာ မြားများ ဖြင့် ပစ်ခတ်ခံလိုက်ရပြီး အောက်သို့ ပြုတ်ကျသွားကြသည်။ သို့သော် အနောက်ဘက်တွင်မူ အဆုံးအစမရှိ များပြားလှသော အစွမ်းထက် သိုင်းပညာရှင်များမှာ ရှောင်တိမ်း ပုန်းကွယ်လျက် မြို့ရိုး ဆီသို့ အဆက်မပြတ် ခုန်ပျံတက်လှမ်းလာကြပြီး မြို့ရိုးပေါ်တွင် သံမဏိပြားများကို အဆက်မပြတ် တပ်ဆင်နေကြဆဲပင် ဖြစ်သည်။

အဝေးဆီတွင်မူ မြားတိုများကို ပစ်ခတ်နေသော နိုင်ငံအသီးသီး၏တပ်ဖွဲ့ များမှာ ခန္ဓာကိုယ်ကို ကွေးထားလျက်၊ သူတို့၏ ရှေ့တည့်တည့်ရှိ လေးထောင့်ပုံသဏ္ဌာန် ရှိသော သတ္တုစက်ယန္တရားများကို အတတ်နိုင်ဆုံး အသုံးပြုကာ မြားမိုးများကို ရှောင်ရှားနေကြတော့သည်။

မြည်သံများ ဆက်တိုက် ထွက်ပေါ်လာခဲ့ပြီး မြားမိုး အများစုမှာ တားဆီးခြင်း ခံလိုက်ရတော့သည်။

"ဝုန်း ဝုန်း ဝုန်း"

လှိုင်းတံပိုးတစ်ခု မငြိမ်သက်မီ နောက်ထပ် လှိုင်းတံပိုးတစ်ခု ထပ်မံ ထွက်ပေါ်လာပြန်သည်။ ထိုအချိန်မှာပင် မြေကြီးများ တုန်ခါသွားခဲ့ပြီး နောက်ထပ် မြည်ဟည်းသံကြီးများမှာ နှင်းမုန်တိုင်းများ အကြားမှနေ၍ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ လူတိုင်း၏အကြည့်များအောက်တွင် နိုင်ငံအသီးသီး၏ စစ်တပ်ကြီးမှာ ရေလှိုင်းများအလား ကွဲထွက်သွားခဲ့ပြီး ဧရာမ အရိပ်မည်းကြီးတစ်ခုမှာ သမိုင်းမတင်မီခေတ်က ဧရာမ သားရဲကြီးတစ်ကောင်အလား ဖြည်းညင်းစွာ ထွက်ပေါ်လာတော့သည်။

စစ်မျှော်စင် စစ်ရထားများ။

ဤစစ်ပွဲအတွက် အထူးတည်ဆောက်ထားသော မြို့သိမ်းတိုက်ပွဲ၏ အစွမ်းထက် လက်နက်ကြီးများမှာ စစ်မြေပြင်တွင် နောက်တစ်ကြိမ် ထပ်မံပေါ်ထွက်လာပြန်ပြီ ဖြစ်သည်။

ယခင်က နေရာတိုင်းတွင် အတားအဆီး များနှင့် ကြုံတွေ့ခဲ့ရသော အခြေအနေများ နှင့် လုံးဝမတူညီသည်မှာ ဤတစ်ကြိမ်တွင်မူ စစ်မျှော်စင် စစ်ရထားများ၏ရှေ့သို့ ချီတက်လာမှုမှာ များစွာပိုမို လယ်ကူနေတော့သည်။ ညအချိန်၏ အမှောင်ထုနှင့် နှင်းမုန်တိုင်းများမှာ အလွှာနှစ်ထပ် အကာအကွယ် တစ်ခုဖြစ်လာခဲ့ရာ၊ စစ်မျှော်စင် စစ်ရထားများအပေါ် သက်ရောက်လာသော တိုက်ခိုက်မှုများကို အများအပြား လျော့ကျသွားစေတော့သည်။

"ပစ်စမ်း"

ဝုန်းခနဲ မြည်ဟည်းသံကြီး တစ်ခုနှင့်အတူ ဧရာမ ကျောက်ဆူးကြီးတစ်ခုမှာ စစ်မျှော်စင် စစ်ရထား၏ ထိပ်မှနေ၍ လျှပ်စစ်မီးပွင့်အလား ပစ်ခတ်လာခဲ့ပြီး မြို့ရိုးဆီသို့ ပြင်းထန်စွာ ရိုက်ကျလာတော့သည်။

သံမဏိ ကြိုးကြီးမှာ တင်းကျပ်သွားခဲ့ပြီး လေထဲတွင် လမ်းကြောင်းနှစ်ခု ချက်ချင်း ပေါ်ထွက်လာတော့သည်။

"သတ်"

စစ်မြင်းများ ခုန်ပျံ ပြေးလွှားလာခဲ့ပြီး မရေမတွက်နိုင်သော စစ်သည်များမှာ တစ်သုတ်ပြီး တစ်သုတ် သံမဏိခံတပ်ဆီသို့ ချက်ချင်း တစ်ဟုန်ထိုး ပြေးဝင်လာကြတော့သည်။

အကဲစမ်း တိုက်ခိုက်ခြင်း လုံးဝမရှိခဲ့ပါချေ။ စစ်ပွဲ စတင်သည့် မျက်တောင်တစ်ခတ် အတွင်းမှာပင် နိုင်ငံအသီးသီးမှ အပြင်းအထန် တိုက်ခိုက်မှုများကို ချက်ချင်း စတင်လာခဲ့ပြီး၊ အဆုံးအစမရှိ များပြားလှသော နိုင်ငံအသီးသီး၏ တပ်ဖွဲ့များမှာ ဧရာမ လှိုင်းလုံးကြီးများအလား တစ်ဟုန်ထိုး ပြေးဝင်လာကြတော့သည်။

ဝမ်ချောင်မှာ မြို့ရိုး ပေါ်တွင် မတ်မတ်ရပ်နေလျက် အနည်းငယ်မျှ လှုပ်ရှားသွားခြင်း မရှိဘဲ၊ နိုင်ငံအသီးသီးမှ စစ်သည်များ အမြောက်အမြား တစ်ဟုန်ထိုး ပြေးဝင်လာကြသည်ကို အေးဆေးတည်ငြိမ်စွာဖြင့် ကြည့်နေတော့သည်။

ယနေ့အချိန်အထိ ဝမ်ချောင်၏လက်အောက်တွင် အစွမ်းထက်သော ဗိုလ်ချုပ်များမှာ တိမ်တိုက်များအလား ပြည့်နှက်နေပြီဖြစ်ရာ၊ ကိစ္စရပ်များစွာတွင် သူ ကိုယ်တိုင် ကိုယ်ကျ လုပ်ဆောင်ရန် လုံးဝ မလိုအပ်တော့ပါချေ။

နိုင်ငံအသီးသီး၏ စစ်တပ်ကြီး တိုက်ခိုက်လာသည့်အချိန်တွင် အမိန့်များ တစ်ခုပြီးတစ်ခု အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီး၊ မရေမတွက်နိုင်သော မဟာထန်၏ ဗိုလ်ချုပ်များမှာ မြို့ရိုးပေါ်တွင် ကာကွယ်နေရာယူထားကြကာ၊ ယခင်က ဝမ်ချောင် ရေးဆွဲထားခဲ့သော စစ်ဆင်ရေး အစီအစဉ်များ ကို သစ္စာရှိရှိ အကောင်အထည် ဖော်ဆောင်နေကြတော့သည်။

မရေမတွက်နိုင်သော တိုက်ခိုက်မှုများမှာ တန်ချိန်များစွာ ရှိသော အရာများအလား မြို့ရိုး အောက်သို့ အဆက်မပြတ် ပစ်ချနေကြတော့သည်။

မြို့ရိုးပေါ်သို့ တစ်ဟုန်ထိုး ပြေးဝင်လာသည့် ဖြစ်စဉ်အတွင်းမှာပင် နိုင်ငံအသီးသီးမှ စစ်သည် အမြောက်အမြားမှာ အဆက်မပြတ် လဲကျ သေဆုံးသွားကြတော့သည်။

ဝမ်ချောင်မှာ စစ်မြေပြင်တစ်ခုလုံးကို လှမ်းကြည့်နေခဲ့ပြီး ရင်ထဲ၌ အနည်းငယ်မျှပင် လှုပ်ရှားသွားခြင်း လုံးဝမရှိခဲ့ပါချေ။ ပထမဆုံးနေ့ စစ်ပွဲတွင် ကွင်းပြင် ပြင်ညီ၌ အဆုံးအဖြတ် တိုက်ပွဲဆင်နွှဲခဲ့စဉ်က နိုင်ငံအသီးသီး အနေဖြင့် မဟာထန်ကို အနိုင်ယူရန် မျှော်လင့်ချက် အနည်းငယ်မျှ ရှိနေသေးသည် ဆိုသော်ငြားလည်း၊ ယခု မြို့သိမ်း တိုက်ပွဲ တွင်မူ...

ထန်လူမျိုးများမှာ မြို့သိမ်း တိုက်ပွဲတွင် တစ်လောကလုံးသို့ နာမည်ကျော်ကြားသူများ ဖြစ်ကြသည်။ သာမန် ဗိုလ်ချုပ်တစ်ဦးပင်လျှင် ခိုင်ခံ့သောမြို့ရိုးကို အသုံးပြု၍ မိမိထက် များစွာပိုမိုအစွမ်းထက်သော ပြိုင်ဘက်ကို ကာကွယ်တားဆီးနိုင်စွမ်း ရှိပေသည်။ သူကိုယ်တိုင် ကွပ်ကဲနေသော မြို့ကြီးကိုမူ တစ်လောကလုံးတွင် မည်သူကမျှ ဖောက်ထွင်း သိမ်းပိုက်နိုင်စွမ်း ရှိမည် မဟုတ်ပါချေ။

လက်ရှိ အပြင်ပန်းတွင် ရူးသွပ်စွာ တိုက်ခိုက်နေပုံရသည့် အခြေအနေများမှာ ဝမ်ချောင်အတွက်မူ နိုင်ငံအသီးသီးမှ တစ်သုတ်ပြီးတစ်သုတ် ကိုယ့်သေတွင်း ကိုယ်တူးနေကြခြင်း သက်သက်သာ ဖြစ်ပေသည်။

"အဟွန်း... ကြည့်ရတာ ငါတို့ရဲ့ပြိုင်ဘက်က တော်တော်လေး မာနကြီးနေပုံ ရတယ် နော်"

ထိုအချိန်မှာပင် အဝေးဆီရှိ နိုင်ငံအသီးသီး၏စစ်တပ်ကြီးအတွင်းမှ မိန်းမပျိုတစ်ဦး၏ ရယ်မောသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ရှီဘုရင်မမှာ သံချပ်ကာ အသစ်တစ်စုံ ကို ဆင်မြန်းထားလျက် ရဲရင့်တက်ကြွသောပုံစံဖြင့် ရုတ်တရက် ဆိုလိုက်ခြင်း ပင် ဖြစ်တော့သည်။

သူမ၏အကြည့်များမှာ အဝေးဆီရှိ မြို့ရိုးပေါ်မှ ဝမ်ချောင်ကို အမြဲတမ်း စိုက်ကြည့်နေခဲ့သည်။ ဝမ်ချောင်၏ မျက်နှာအမူအရာ ပြောင်းလဲမှုတိုင်းမှာ သူမ၏မျက်လုံးများမှ လွတ်ကင်းသွားနိုင်စွမ်း လုံးဝ မရှိပါချေ။

"ငါ ထွက်ရမယ့် အချိန် ရောက်ပြီ၊ ဒါမှမဟုတ်ရင် အဲဒီလူ က ငါတို့တွေ သူ့ကို တကယ်ပဲ ဘာမှ မလုပ်နိုင်တော့ဘူးလို့ ထင်သွားလိမ့်မယ်"

ရှီဘုရင်မက ပြောဆိုနေရင်းဖြင့် မြင်းကို စီးကာ ရှေ့သို့ ခြေလှမ်း အနည်းငယ်ခန့် လှမ်းထွက်လာသောကြောင့် သူမ၏လှုပ်ရှားမည့် ရည်ရွယ်ချက်မှာ အလွန်ပင် ထင်ရှားနေပြီ ဖြစ်တော့သည်။

ဘေးပတ်ဝန်းကျင်ရှိ လူတိုင်းမှာ ပြုံးလျက် စကားတစ်ခွန်းမျှ မဆိုကြပါချေ၊ ရှီမျိုးနွယ်စုမှ အမျိုးသမီးများမှာ မိမိတို့ထက် ပိုမိုအစွမ်းထက်သောသူများကို အလွန်အမင်း ကိုးကွယ် လေးစားလေ့ ရှိသည်ဟု ကြားဖူးသည်။ ကြည့်ရသည်မှာ ရှီဘုရင်မအနေဖြင့် မဟာထန်၏ ထိုမျိုးနွယ်ခြားဘုရင်ကို မျက်စိကျသွားပြီ ဖြစ်ပုံ ရပေသည်။

"ဒါဆိုရင်တော့ ရှီဘုရင်မကိုပဲ အားကိုးရတော့မှာပေါ့"

အန်းလုရှန်းက အသာအယာ ပြုံးလိုက်ပြီး လုံးဝမတားဆီးခဲ့ပါချေ။ ရှီဘုရင်မ၏ စွမ်းရည်များမှာ ဤကဲ့သို့သော မြို့သိမ်းတိုက်ပွဲမျိုးတွင် နိုင်ငံအသီးသီးအတွက် အလွန်အမင်း ကြီးမားလှသော အကူအညီများ ဖြစ်လာနိုင်ပေသည်။

"ဗိုလ်ချုပ်က ဒီလိုပြောနေမှတော့ ကျွန်မအနေနဲ့လည်း အစွမ်းကုန် ကြိုးစားရတော့မှာပေါ့"

ရှီဘုရင်မမှာ စကားများများ ပြောမနေတော့ပါချေ၊ ဤစကားကို ပြောဆိုပြီးနောက် အပြုံးများကို ရုပ်သိမ်းလိုက်ပြီး ရုတ်တရက် မြင်းတင်ပါးကို တစ်ချက် ရိုက်လိုက်ရာ မြင့်မားလှသော သံမဏိ မြို့ရိုးကြီးရှိရာ အရပ်ဆီသို့ လျင်မြန်စွာ ပြေးဝင်သွားတော့သည်။

"ရှေးဟောင်း ရေခဲမြစ်”

သံမဏိခံတပ်နှင့် ပေ နှစ်ရာကျော်ခန့် အကွာအဝေးသို့ ရောက်ရှိလာသည့် အချိန်တွင်၊ ရှီဘုရင်မက အသာအယာ ပြုံးလိုက်ပြီး မြင်းကို ရပ်တန့်ကာ မတ်မတ်ရပ်လိုက်ပြီးနောက် အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ သူမ၏ အစွမ်းထက်လှသော ရေခဲ စွမ်းရည်ကို ချက်ချင်း အသုံးပြုလိုက်တော့သည်။

"ဝုန်း"

ထိုအခိုက်အတန့်၌ အရပ်မျက်နှာအားလုံး တုန်ခါသွားခဲ့ပြီး ကောင်းကင်ယံအပြည့် ပြန့်ကျဲနေကာ အဆုံးအစမရှိ ဆင်းသက်လာနေသော နှင်းပွင့်များမှာ လေထဲတွင် ခေတ္တမျှ ရပ်တန့်သွားသည့်အလား ဖြစ်သွားခဲ့သည်။ လျင်မြန်စွာပင် လေအေးများ ပြင်းထန်စွာ တိုက်ခတ်လာခဲ့ပြီး အဆုံးအစမရှိ များပြားလှသော နှင်းမုန်တိုင်းကြီး၏ စွမ်းအင်များမှာ အရပ်မျက်နှာ အားလုံးမှနေ၍ လိပ်တက်လာခဲ့ပြီး ရှီဘုရင်မ၏ ကိုယ်တွင်းသို့ အားလုံး စုစည်းဝင်ရောက်သွားတော့သည်။

ရှီဘုရင်မ၏ တစ်ကိုယ်လုံးရှိ အရှိန်အဝါများမှာ အလွန်အမင်း မြင့်တက်လာခဲ့ပြီး အဆင့်များစွာအထိ တိုက်ရိုက်တက်လှမ်းသွားတော့သည်။

ဧရာမ နှင်းမုန်တိုင်းကြီး ဆင်းသက်လာခဲ့ပြီး ကောင်းကင်နှင့် မြေကြီး တစ်ခုလုံး အေးခဲနေခဲ့သည်။ ဤကဲ့သို့သော ရာသီဥတုမျိုးတွင် အကျိုးအမြတ်ရရှိသူများမှာ ရွဲလော့ဟယ်များပင် လုံးဝမဟုတ်ပါချေ၊ ရှီဘုရင်မကဲ့သို့သော အစွမ်းထက်လှသည့် ရေခဲ စွမ်းရည်ပိုင်ရှင်များလည်း ပါဝင်ပေသည်။

နိုင်ငံအသီးသီး၏ ဧကရာဇ်များ အကြားတွင် မူလက ရှီဘုရင်မတစ်ဦးတည်းသာလျှင် အမျိုးသမီး ဖြစ်ပြီး၊ တစ်ချိန်တည်းမှာပင် သူမ၏ခွန်အားမှာလည်း အနည်းဆုံး ဖြစ်သည်။ သို့သော် ရှီဘုရင်မ ကိုယ်တိုင်ပင်လျှင် တွေးတောထားနိုင်မည် မဟုတ်သောအရာမှာ ဧရာမ နှင်းမုန်တိုင်းကြီး ဆင်းသက်လာမှုကြောင့် သူမသည် မရည်ရွယ်ဘဲ အကျိုးအမြတ်များ ရရှိခဲ့ပြီး အတားအဆီးများကို ဖောက်ထွင်းနိုင်ခဲ့ကာ ခွန်အားများမှာ အဆင့်တစ်ခုအထိ တက်လှမ်းသွားခဲ့ရုံသာမက သူမ၏ကိုယ်ပေါ်ရှိ ရေခဲစွမ်းရည်များမှာလည်း လိုက်ပါပြောင်းလဲသွားခဲ့ပြီး အခြားသော ပိုမိုမြင့်မားသည့် အဆင့်တစ်ခုသို့ တက်လှမ်းသွားခဲ့ခြင်း ပင် ဖြစ်တော့သည်။

ရှေးဟောင်း ရေခဲမြစ်…ဤသည်မှာ ရှီမျိုးနွယ်စု၏ ရှေးဟောင်း ကျမ်းစာများတွင် မှတ်တမ်းတင်ထားသော အမြင့်ဆုံး အထွတ်အထိပ် သိုင်းပညာတစ်ခုဖြစ်ပြီး၊ ခေတ်အဆက်ဆက် ရှီမျိုးနွယ်စု၏ ဘုရင်မများသာလျှင် လေ့ကျင့်နိုင်စွမ်း ရှိကြသည်။ သို့သော် လေ့ကျင့်ရန် အလွန်အမင်း ခက်ခဲလွန်းလှသဖြင့် နှစ်ရာပေါင်းများစွာ ကြာမြင့်ခဲ့သည့်တိုင်အောင် မည်သူကမျှ လေ့ကျင့် အောင်မြင်ခဲ့ခြင်း မရှိခဲ့ပါချေ။ သို့သော် ဤဧရာမ နှင်းမုန်တိုင်းကြီး၏ အကူအညီဖြင့် ရှီဘုရင်မအနေဖြင့် ယခင်ခေါင်းဆောင် အဆက်ဆက် လုံးဝမလုပ်ဆောင်နိုင်ခဲ့သော ကိစ္စရပ်များကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး၊ ဤအမြင့်ဆုံးသော ရေခဲ စွမ်းရည်ကို လောကတွင် နောက်တစ်ကြိမ် ထပ်မံပေါ်ထွက်လာစေခဲ့ခြင်း ပင် ဖြစ်တော့သည်။

"ဝုန်း ဝုန်း ဝုန်း"

ရှီဘုရင်မ၏ စိတ်ဆန္ဒအတိုင်း ဟာလာဟင်းလင်းပြင်ကြီးအတွင်း၌ အလင်းနှင့်အရိပ်များ ရောယှက်သွားခဲ့ပြီး ကောင်းကင်ယံအပြည့် နှင်းမုန်တိုင်းများမှာ လှုပ်ခတ်သွားတော့သည်။ မရေမတွက်နိုင်သော လူများ၏အကြည့်များအောက်တွင် ပေ ထောင်နှင့်ချီ ရှည်လျားပြီး ပေ ရာနှင့်ချီ ကျယ်ဝန်းသော ရေခဲမြစ် ဆယ်ဂဏန်းခန့်မှာ ဟာလာဟင်းလင်းပြင်ကို ကန့်လန့်ဖြတ်လျက် ရုတ်တရက် ပေါ်ထွက်လာတော့သည်။

လူတိုင်း တုံ့ပြန်ရန်အချိန်ပင် မရလိုက်မီမှာပင် ထိုကြီးမားကျယ်ပြန့်လှသော ရေခဲမြစ်ကြီးများမှာ ရုတ်တရက် ဆင်းသက်လာခဲ့ပြီး တစ်ချိန်တည်းမှာပင် ပုံသဏ္ဌာန်မဲ့သော အရာမှနေ၍ အစစ်အမှန် အရာများအဖြစ်သို့ ပြောင်းလဲပေါ်ထွက်လာတော့သည်။

ကမ္ဘာတုန်ဟိန်းမတတ် ပြင်းထန်လှသော မြည်ဟည်းသံကြီး တစ်ခုနှင့်အတူ၊ မျက်တောင်တစ်ခတ်အတွင်း အလွန်အမင်း လေးလံလှသော ရှေးဟောင်း ရေခဲမြစ်တံတား ဆယ်ခုခန့်မှာ စစ်မြေပြင်ပေါ်တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ ရေခဲမြစ်တံတား၏ တစ်ဖက်မှာ မြို့ရိုးပေါ်သို့ ဆက်စပ်နေပြီး အခြားတစ်ဖက်မှာမူ ပေထောင်နှင့်ချီ အကွာအဝေးရှိ စစ်တပ်ကြီး၏ အနက်ပိုင်းသို့ တိုက်ရိုက် ဆက်စပ်နေတော့သည်။

ဤမျှသာမက ရှီဘုရင်မ၏ စိတ်ဆန္ဒ ထိန်းချုပ်မှုအောက်တွင် ဤရှေးဟောင်း ရေခဲမြစ်များပေါ်၌ မရေမတွက်နိုင်သော လှေကားထစ်များအလား ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့ရာ စစ်မြင်းများအနေဖြင့် ရှေ့သို့ ချီတက်ရန်အတွက် များစွာပိုမိုအကျိုးရှိသွားစေတော့သည်။

"ဝုန်း"

တောင်တန်းများအလား ကြီးမားကျယ်ပြန့်လှသော ဤရေခဲမြစ်ကြီးများကို မြင်တွေ့လိုက်ရသည့်အခါ ကြီးမားကျယ်ပြန့်လှသော စစ်မြေပြင်ကြီးတစ်ခုလုံးတွင် ခဏတာ မျက်တောင်တစ်ခတ်မျှ လုံးဝတိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ သို့သော် နောက်တစ်ခဏတွင်တ ကျယ်လောင်ပြင်းထန်လှသော အောင်ပွဲခံ အော်ဟစ်သံကြီး တစ်ခုမှာ နိုင်ငံအသီးသီး၏ စစ်တပ်ကြီးအတွင်းမှ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

ပထမဆုံးနေ့ တိုက်ပွဲနှင့် နှိုင်းယှဉ်ပါက ရှီဘုရင်မ ပြသလိုက်သော စွမ်းရည်များမှာ အဆပေါင်းများစွာ ပိုမိုအစွမ်းထက်နေခဲ့ရာ လူတိုင်းမှာ သူမအသုံးပြုလိုက်သော စွမ်းရည်များကြောင့် အလွန်အမင်း တုန်လှုပ်သွားကြတော့သည်။

******

All Chapters