← Chapters

အခန်း ၁၅၁၁

Vol. 103 Ch. 1511

အခန်း ၁၅၁၁

Vol. 103 Ch. 1511

အခန်း ၁၅၁၁ လက်လီလုပ်ငန်း၏ ပြဿနာများ (၉/၁၀)

"အစ်ကိုဖုန်း... ကျွန်တော်တို့ စူပါမားကတ်ရဲ့ အရှိန်အဟုန်နဲ့ ချဲ့ထွင်တဲ့ ကာလက ကုန်ဆုံးသွားပါပြီ။ အခုက တတိယအဆင့်နဲ့ သူ့အောက်က မြို့တွေမှာပဲ အဓိက ချဲ့ထွင်နေတာဆိုတော့ အသုံးစရိတ်က အများကြီး ကျဆင်းသွားပြီလေ။ ဒါကြောင့် မကြာခင်မှာပဲ ကျွန်တော်တို့ဆီမှာ ငွေသား လက်ကျန် အများအပြား ထွက်ပေါ်လာတော့မှာပါ" ဖူကွမ်းဝေက ဝမ်းသာအားရ မျက်နှာထားဖြင့် ပြောလိုက်သည်။

ဤမျှ အချိန်အတော်ကြာအောင် ရင်းနှီးမြှုပ်နှံခဲ့ပြီးနောက် နောက်ဆုံးတွင်တော့ အမြတ်ဝေစုကို မြင်တွေ့ရတော့မည် ဖြစ်သည်။

ယခင်ကလည်း အမြတ်ဝေစု ရှိခဲ့သော်လည်း အလွန်နည်းပါးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် Taihua စူပါမားကတ်၏ ချဲ့ထွင်မှု ခြေလှမ်းက မြန်ဆန်လွန်းပြီး အရှိန်အဟုန် ပြင်းထန်လွန်းသောကြောင့် ဖြစ်သည်။ ထို့အပြင် စူပါမားကတ်များအတွက် နေရာကို ငှားရမ်းခြင်း မဟုတ်ဘဲ တိုက်ရိုက်ဝယ်ယူခြင်း သို့မဟုတ် ကိုယ်တိုင် ဆောက်လုပ်ခြင်းဖြစ်ရာ ကုန်ကျစရိတ်မှာ များစွာ ပိုမိုကြီးမားသောကြောင့်လည်း ဖြစ်သည်။

ရေရှည် ရှုထောင့်မှ ကြည့်မည်ဆိုပါက ဝယ်ယူခြင်း သို့မဟုတ် ကိုယ်တိုင် ဆောက်လုပ်ခြင်းမှာ အလွန်တွက်ခြေကိုက်သော်လည်း စူပါမားကတ်၏ ရန်ပုံငွေ လည်ပတ်မှုအပေါ် ကြီးမားလှသော ဖိအားများ သက်ရောက်စေခဲ့သည်။

ကံကောင်းသည်မှာ ၎င်းတို့သည် ဘဏ်မှ လုံလောက်သော ငွေကြေးများကို ချေးယူနိုင်ခဲ့ခြင်းဖြစ်ပြီး Taihua စူပါမားကတ် အုပ်စု မရှိခဲ့လျှင်ပင် ၎င်းတို့၏ နာမည်ဖြင့် ငွေကြေးအမြောက်အမြားကို ချေးယူနိုင်ပေသည်။

ထို့ကြောင့် နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့ရာ Taihuaစူပါမားကတ်သည် အမြဲတမ်း အကြွေးပမာဏ မြင့်မားသော ပုံစံဖြင့်သာ လည်ပတ်နေခဲ့သော်လည်း မည်သည့်ဘဏ်ကမျှ ၎င်းတို့ ချေးငွေ ပြန်မဆပ်နိုင်မည်ကို စိုးရိမ်ပူပန်ခြင်း မရှိကြချေ။

Taihuaစူပါမားကတ်ကဲ့သို့သော ကြီးမားလှသည့် လုပ်ငန်းကြီး ရှိနေသည်ကို မဆိုထားနှင့် ထိုရှယ်ယာရှင်များကိုသာ ကြည့်လိုက်ပါ မည်သူကများ သူဌေးကြီး မဟုတ်ဘဲ နေပါသနည်း။ မည်သူက အကြွေးလိမ်မည်နည်း။ ၎င်းတို့ထဲမှ မည်သူမဆို တစ်ဦးတည်းဖြင့်ပင် ချေးငွေ အားလုံးကို အကြေဆပ်နိုင်စွမ်း ရှိကြပေသည်။

နှစ်ပေါင်းများစွာ လျင်မြန်စွာ ချဲ့ထွင်ခဲ့ပြီးနောက် Taihuaစူပါမားကတ် အုပ်စုသည် နောက်ဆုံးတွင် ပထမအဆင့်နှင့် ဒုတိယအဆင့် မြို့များအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး တတိယအဆင့် မြို့များကိုလည်း အများစု သိမ်းပိုက်နိုင်ခဲ့သော်လည်း စတုတ္ထအဆင့်အောက် မြို့များကိုမူ ဒေသခံ စူပါမားကတ် အုပ်စုများစွာက သိမ်းပိုက်ထားကြလေသည်။

ယခုအခါ သူတို့တွင် နည်းလမ်းနှစ်ခု ရှိရာ တစ်ခုမှာ သူတို့၏ အနီးအနားတွင် ဖွင့်လှစ်ပြီး အင်အားကြီးမားသော အမှတ်တံဆိပ်နှင့် ပိုမိုသက်သာသော ဈေးနှုန်းဖြင့် တစ်ဖက်လူကို ပြိုလဲသွားအောင် တိုက်ထုတ်ခြင်း ဖြစ်သည်။ ဤနည်းလမ်းမှာ ရန်သူ့ကို တစ်ထောင် ထိခိုက်စေပြီး ကိုယ့်ကိုယ်ကိုယ် ရှစ်ရာ ထိခိုက်စေသည့် နည်းလမ်းဖြစ်ကာ မိမိ၏အမြတ်အစွန်းကိုလည်း ကျဆင်းစေမည် ဖြစ်သည်။ ထို့အပြင် တစ်ဖက်လူကို တိုက်ထုတ်ပြီးနောက် ကိုယ်က ဈေးနှုန်း ပြန်တင်မည်ဆိုပါကလည်း စားသုံးသူ အစိတ်အပိုင်း တစ်ခုကို ဆုံးရှုံးသွားစေမည် ဖြစ်သည်။

ဒုတိယ ရိုးရှင်းသော နည်းလမ်းမှာ ထိုစူပါမားကတ် အုပ်စုငယ်လေးများကို ပေါင်းစည်းဝယ်ယူပြီး သူတို့၏ မူလနေရာတွင် တိုးချဲ့ဆောက်လုပ်ခြင်း ဖြစ်သည်။ ထိုစူပါမားကတ်ငယ်များ ရွေးချယ်ထားသော နေရာများမှာလည်း အားလုံးက အချက်အချာကျသော နေရာများ ဖြစ်ကြသည်။

ထိုစူပါမားကတ်ငယ်များ၏ အမှတ်တံဆိပ်များကို ထိန်းသိမ်းထားပြီး အမှတ်တံဆိပ် အများအပြားဖြင့် ပူးတွဲ လုပ်ကိုင်၍ပင် ရနိုင်သေးသည်။

ထို့အပြင် လက်ဝါးကြီးအုပ်မှုဖြင့် တရားစွဲဆိုမခံရစေရန်လည်း ဂရုစိုက်ရမည် ဖြစ်သည်။ လက်တွေ့တွင် လက်ဝါးကြီးအုပ်ထားခြင်းမှာ ပြဿနာ မရှိသော်လည်း လက်ဝါးကြီးအုပ်ထားသော အနေအထားကို အသုံးပြု၍ ယှဉ်ပြိုင်ဘက်များကို ဖယ်ရှားပစ်မည်ဆိုပါက ဒဏ်ကြေးငွေမှာ နည်းပါးမည် မဟုတ်ပေ။

ထို့ကြောင့် Taihuaစူပါမားကတ်က တတိယ နည်းလမ်းကို အသုံးပြုရန် စီစဉ်ထားရာ ယင်းမှာ ထိုတတိယနှင့် စတုတ္ထအဆင့် မြို့များတွင် အနည်းဆုံး ဧရာမ ကုန်တိုက်ကြီး မဟုတ်လျှင်ပင် စူပါမားကတ်ကြီး တစ်ခု ဖွင့်လှစ်ရန် ဖြစ်သည်။

အမှတ်တံဆိပ် အားသာချက်ကို အားကိုး၍ ဖောက်သည်များကို တဖြည်းဖြည်း ဆွဲဆောင်မည်ဖြစ်ပြီး အလွန်အကျွံ ဈေးရောင်းချခြင်း များကို ပြုလုပ်မည် မဟုတ်ပေ။

Taihua စူပါမားကတ်၏ အသင်းဝင်ကတ်နှင့် စျေးဝယ်ကတ်များကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသုံးပြုနိုင်ခြင်း တစ်ချက်တည်းကပင် အခြားသော စူပါမားကတ်များကို လိုက်မမီနိုင်အောင် လုပ်ဆောင်နိုင်ပေသည်။

လူအများအပြားက မြို့ကြီးများတွင် ရုန်းကန်လှုပ်ရှားနေကြသော်လည်း မိဘများကမူ မြို့ငယ်လေးများတွင် နေထိုင်ကြဆဲ ဖြစ်သည်။ ကုမ္ပဏီက စျေးဝယ်ကတ်တစ်ခု ထုတ်ပေးလိုက်ပါက မိဘများ အသုံးပြုနိုင်ရန် ယူဆောင်သွားပေး၍ ရသည် မဟုတ်ပါလော။

ထို့အပြင် အမှတ်တံဆိပ် ပိုမိုကြီးမားလေ လူထုယုံကြည်မှု ပိုမို မြင့်မားလေဖြစ်ပြီး အခြားသူများက သင့်ကုန်ပစ္စည်းကို ပိုမိုကောင်းမွန်သည် ပိုမိုလတ်ဆတ်သည်ဟု ထင်မြင်ကြမည် ဖြစ်သည်။ လက်တွေ့မှာလည်း တကယ်ပင် ဤသို့ဖြစ်ပြီး Taihua စူပါမားကတ်၏ လတ်ဆတ်သော ကုန်စည်များမှာ အမြဲတမ်း လုပ်ငန်းလောက၏ စံနှုန်းတစ်ခု ဖြစ်နေခဲ့သည်။

ကိုယ်ပိုင် စိုက်ခင်းများ ပိုင်ဆိုင်ထားပြီး ကိုယ်တိုင်သယ်ယူပို့ဆောင်ကာ နေ့စဉ်အကြိမ်များစွာ ပစ္စည်းပေးပို့ခြင်းက ဖောက်သည်များအား ပိုမိုလတ်ဆတ်သော ထုတ်ကုန်များကို ထောက်ပံ့ပေးနိုင်ရုံသာမက ပျက်စီးဆုံးရှုံးမှု ရာခိုင်နှုန်းကိုလည်း လျှော့ချပေးနိုင်ပေသည်။

Taihua စူပါမားကတ်သည် ပိုပိုပြီးဖွံ့ဖြိုးတိုးတက်လာခဲ့သော်လည်း ပြဿနာများလည်း ရောက်ရှိလာခဲ့ရာ ယင်းမှာ ချိုမြိန်သော သောကပင် ဖြစ်သည်။

"အစ်ကိုဖုန်း ကျွန်တော်တို့ဆီမှာ လက်ကျန် ငွေသားတွေ ဒီလောက် အများကြီး ရှိနေတာ အားလုံး အမြတ်ဝေစု ခွဲယူကြမလား။ ဒါမှမဟုတ် ဖက်စပ်ပြီး တစ်ခုခု ထပ်လုပ်ကြမလား"

အမြတ်ဝေစု ခွဲယူမည်ဆိုပါကလည်း အလွန်ကောင်းမွန်လှပေသည်။ ဤမျှ အချိန်အတော်ကြာအောင် ရင်းနှီးမြှုပ်နှံခဲ့ပြီးနောက် နောက်ဆုံးတွင် တကယ့် ကြီးမားလှသော အမြတ်အစွန်းများကို မြင်တွေ့ရတော့မည် ဖြစ်သည်။ ငွေကြေးများကို ယူဆောင်၍ အခြားသောအရာများတွင် ရင်းနှီးမြှုပ်နှံနိုင်ပေသည်။

အင်း…. ဖူကွမ်းဝေမှာ ဇိမ်ခံ ရွက်လှေတစ်စီးကို မျက်စိကျနေခဲ့သည်မှာ ကြာပြီဖြစ်ရာ ဤတစ်ကြိမ်တွင် ဝယ်ယူရန် ငွေရှိသွားပြီ ဖြစ်သည်။

"အမြတ်ဝေစု ခွဲယူလည်း ရတယ်။ ဖက်စပ်ပြီး တစ်ခုခု ထပ်လုပ်လည်း ရတယ်။ မင်း တခြားလူတွေရဲ့ သဘောထားကို မေးကြည့်ပြီးပြီလား" ဖုန်းယွီက ဖူကွမ်းကျန့်ကို ခေါင်းလှည့်ကြည့်လိုက်ရာ ဤကိစ္စကို သူတို့ ညီအစ်ကို နှစ်ယောက် တိုင်ပင်ထားပြီးပုံ ရပေသည်။

ဖူကွမ်းကျန့်က ခေါင်းညိတ်ပြကာ ပြောလေသည်။ "ကျွန်တော် လီညီအစ်ကိုနဲ့ တိုင်ပင်ပြီးပြီ သူတို့ကလည်း ခင်ဗျားရဲ့ သဘောထားကို အရင်ဆုံး မေးကြည့်ချင်နေတာ"

"အကယ်၍ ကျွန်တော်က သဘောထား မရှိဘူးလို့ ပြောရင် မင်းတို့က ဘယ်လို စီစဉ်ထားလဲ" ဖုန်းယွီက ပြန်လည် မေးမြန်းလိုက်သည်။

"ကျွန်တော်တို့ရဲ့ ငွေသား ပိုင်ဆိုင်မှု ရာခိုင်နှုန်းက ဒီနှစ်မှာပဲ သုံးဆယ်ရာခိုင်နှုန်းကို ကျော်လွန်သွားနိုင်တယ်။ ဒါက အရမ်း မြင့်မားလွန်းတယ်။ ကျွန်တော့် အကြံအစည်ကတော့ အမြတ်ဝေစု ခွဲယူပြီး နောက်ပိုင်းမှာလည်း သုံးလတစ်ကြိမ် အမြတ်ဝေစု ခွဲယူမယ်။ ပြီးရင် အားလုံး ငွေတွေကို ယူပြီး တခြားဟာတွေမှာ သွားရောက် ရင်းနှီးမြှုပ်နှံကြမယ်။ ဥပမာ စတော့ရှယ်ယာတွေမှာ ရင်းနှီးမြှုပ်နှံတာက မဆိုးဘူးလေ" ဖူကွမ်းကျန့်က ပြောလေသည်။

ယခုအခါ သူ၏ယောက္ခမ ဖြစ်သူက ကူညီပေးနေသလို ဘဏ္ဍာရေး လုပ်ငန်းများ ပြန်လည်နာလန်ထလာချိန်နှင့် တိုက်ဆိုင်နေပြီး စတော့ရှယ်ယာ ဈေးကွက်ကလည်း အတက်ဈေးကွက်သို့ ဝင်ရောက်လာပြီဖြစ်ရာ သူက သဘာဝကျကျ အခွင့်ကောင်းယူ၍ အနည်းငယ် ပိုမို ရှာဖွေချင်နေခြင်း ဖြစ်သည်။

သို့သော် လီညီအစ်ကိုက ဤသို့ မတွေးကြချေ။ ၎င်းတို့သည် မူလကတည်းက ဘဏ္ဍာရေး ရင်းနှီးမြှုပ်နှံမှု အပိုင်းတွင် အတော်လေး နည်းပါးပြီး ၎င်းတို့ မိသားစုက လက်တွေ့ စက်မှုလုပ်ငန်းများကိုသာ သဘောကျ နှစ်သက်ကြသည်။ ယခုအခါ ၎င်းတို့က ရန်ပုံငွေ မလိုအပ်ကြရာ ဤအမြတ်ဝေစု ခွဲယူလိုက်သော ငွေများကို ထုတ်ယူပြီးပါက မည်သို့ ရင်းနှီးမြှုပ်နှံရမည် ဘာကို ရင်းနှီးမြှုပ်နှံရမည် ဆိုသည်မှာ ၎င်းတို့အတွက် အတော်လေး ခေါင်းစားစရာ ဖြစ်နေသည်။

အကယ်၍ ၎င်းတို့ မိသားစု အကျွမ်းကျင်ဆုံးဖြစ်သော အိမ်ခြံမြေလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမည်ဆိုပါကလည်း ရန်ပုံငွေက အနည်းငယ် နည်းပါးနေသလို မကြာသေးမီက ပြည်မကြီးတွင် အိမ်ခြံမြေ ဈေးကွက်ကို ထိန်းချုပ်မှုများ ပြုလုပ်နေသဖြင့် လူအများအပြားက အိမ်ခြံမြေ လုပ်ငန်း အေးစက်သွားပြီဟု ပြောဆိုနေကြသည်။

ထို့ကြောင့် လီညီအစ်ကိုက ဖုန်းယွီ မည်သည့်အရာကို ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ထားသနည်း ဆိုသည်ကို ကြည့်ကာ ၎င်းတို့ ပါဝင်၍ ရမရ စဉ်းစားချင်နေကြသည်။ ၎င်းတို့တွင်လည်း ကြွယ်ဝသော လူမှုရေး အဆက်အသွယ် အရင်းအမြစ်များ ရှိနေသလို လုပ်ပိုင်ခွင့်ကိုလည်း ဖုန်းယွီ သတ်မှတ်ပေးသူထံ လွှဲအပ်ပေးရန် ဆန္ဒရှိကြသည် မည်သို့ပင်ဖြစ်စေ ဤနှစ်များအတွင်း ဖုန်းယွီသည် ၎င်းတို့ကို တစ်ကြိမ်တစ်ခါမျှ ဒုက္ခမပေးခဲ့ဖူးချေ။

"အမြတ်ဝေစု ခွဲယူကြတာပေါ့… အားလုံး ယူပြီး စတော့ရှယ်ယာ ဈေးကွက် ဒါမှမဟုတ် တခြား တစ်ခုခုမှာ ရင်းနှီးမြှုပ်နှံတာက အရမ်းကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ တောင်းဆိုချက် တစ်ခု ရှိတယ်။ တစ်နှစ် အချိန်အတွင်း ကျွန်တော်တို့ရဲ့ Taihua စူပါမားကတ်ကို လျင်မြန်တဲ့ ချဲ့ထွင်မှု အရှိန်အဟုန် ဆက်လက် ထိန်းသိမ်းထားစေချင်တယ်"

ဖူကွမ်းကျန့် မျက်မှောင်ကြုတ်သွားကာ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ။ ဒီလိုလုပ်တာက လုံးဝမတွက်ခြေကိုက်ဘူး။ ကျွန်တော်တို့ရဲ့ အသုံးစရိတ်ကို အများကြီး တိုးလာစေလိမ့်မယ်"

"ကျွန်တော်တို့ Taihua စူပါမားကတ်ရဲ့ အခုလက်ရှိ ဘဏ္ဍာရေးနဲ့ ဆင်တူတဲ့ ပုံစံမျိုးက မကြာခင် ကန့်သတ်ခံရတော့မယ်။ လက်လီရောင်းချသူတွေရဲ့ ကုန်ဖိုးငွေ ပေးချေရမယ့် ကာလကို ရက်ခြောက်ဆယ်ထက် မကျော်လွန်စေဖို့ ဆွေးနွေးနေကြတယ်ဆိုတဲ့ သတင်းကို ကျွန်တော် အထက်ကနေ ကြားခဲ့ရတယ်။ ဘာလို့လဲဆိုတော့ ဒီနှစ်နှစ်အတွင်း အကြွေးတောင်းတဲ့ တရားတပေါင် ကိစ္စတွေ အရမ်းများလွန်းနေလို့တဲ့" ဖုန်းယွီမှာလည်း အနည်းငယ် မတတ်သာဖြစ်မိကာ ကံကောင်းသည်မှာ Taihua စူပါမားကတ်၏ လျင်မြန်စွာ ချဲ့ထွင်ရေး ကာလမှာ အတော်လေး ပြီးဆုံးနေပြီဖြစ်ရာ အနှောင့်အယှက် မဖြစ်ခဲ့ပေ။

ဖူကွမ်းဝေမှာ သူ၏အလုပ်မှာ ပိုမိုလုပ်ရခက်ခဲလာပြီကို တွေ့ရှိသွားခဲ့သည်။ ယခင်က သုံးလတစ်ကြိမ် စာရင်းရှင်းခဲ့ကြပြီး အချို့ဆိုလျှင် ခြောက်လတစ်ကြိမ်ပင် စာရင်းရှင်းခဲ့ကြသဖြင့် ၎င်းတို့၏ စာရင်းပေါ်တွင် လုံလောက်သော လက်ကျန် ငွေသားများ ရှိနေစေခဲ့သည်။

၎င်းတို့၏ ဆိုင်သစ်အများအပြား ဖွင့်လှစ်ခြင်းမှာ ဤငွေကြေးများကို အသုံးပြု၍ လည်ပတ်ရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ဤကန့်သတ်ချက်မှာ ရက်ခြောက်ဆယ် ဖြစ်သွားပါက ၎င်းတို့၏ လက်ကျန် ငွေသားမှာ အများကြီး နည်းပါးသွားမည်ဖြစ်ကာ ကံကောင်းသည်မှာ ၎င်းတို့အနေဖြင့် ထိုမျှအရူးအမူး ချဲ့ထွင်နေရန် မလိုအပ်တော့ဘဲ တတိယနှင့်စတုတ္ထအဆင့် မြို့များတွင် စူပါမားကတ်တစ်ခု ရင်းနှီးမြှုပ်နှံရခြင်းမှာ များစွာ ဈေးသက်သာသောကြောင့် ဖြစ်သည်။

"အော် ဒါနဲ့ နောက်ထပ် ကန့်သတ်ချက် တချို့လည်း ရှိသေးတယ်ထင်တယ် အဲဒါက ကုန်ပစ္စည်း ထောက်ပံ့ပေးသူတွေဆီကနေ ဝင်ကြေး မတောင်းခံရဘူး ပြီးတော့ ပွဲတော်ရက်တွေ ဆိုင်နှစ်ပတ်လည်နေ့တွေ ဆိုင်သစ်ဖွင့်ပွဲတွေ စတဲ့ ဘယ်လို အကြောင်းပြချက်နဲ့မှ အခကြေးငွေ မတောင်းခံရဘူးတဲ့" ဖုန်းယွီက ခေတ္တမျှ စဉ်းစားပြီး ပြောလေသည်။

ဤတစ်ကြိမ်တွင်မူ ဖူကွမ်းဝေမှာ ခါးသီးသော မျက်နှာထား ဖြစ်သွားတော့မည်ဖြစ်ကာ သူ ရာထူးတက်လာသည်မှာ သိပ်မကြာသေးမီ အဘယ်ကြောင့် အခြေအနေ အားလုံး ပြောင်းလဲသွားရသနည်း။

အကယ်၍ သူ ရာထူးတက်လာပြီးနောက် စူပါမားကတ်၏ချဲ့ထွင်မှု အမြန်နှုန်း နှေးကွေးသွားပြီး အမြတ်ငွေ တိုးတက်မှုနှင့် ရောင်းရငွေ တိုးတက်မှုတို့ အကြီးအကျယ် ကျဆင်းသွားပါက သူ၏ ဤဥက္ကဋ္ဌ နေရာကို ဆက်လက် လုပ်ကိုင်ရန် မျက်နှာ ရှိတော့မည် မဟုတ်ပေ။

အထက်လူကြီးများက ဤကဲ့သို့သော ကန့်သတ်ချက်မျိုး ပြုလုပ်လိမ့်မည်ဟု ဖုန်းယွီ ယခင်က ထင်မှတ်မထားခဲ့ချေ။ ကံကောင်းသည်မှာ လောင်ကျန်းက သူ့ကို ကြိုတင် သတိပေးခဲ့သဖြင့် ဂရုစိုက်ရန်နှင့် နည်းမည်တပ် အပြစ်တင် မခံရစေရန် ပြုလုပ်နိုင်ခဲ့သည်။

လက်တွေ့တွင် ဤစည်းမျဉ်းမှာ အခြေခံအားဖြင့် Taihua စူပါမားကတ် အုပ်စု ကဲ့သို့သော လက်လီလုပ်ငန်းကြီးများကို ဦးတည်ထားခြင်းဖြစ်ပြီး ထိုကုန်ပစ္စည်း ထောက်ပံ့ပေးသူများ၏ ကိုယ်စားလှယ်များက အစည်းအဝေးတွင် တင်သွင်းခဲ့သော အဆိုပြုချက် ဖြစ်ကြောင်း ထင်ရှားနေကာ အထက်ကလည်း ဖြစ်နိုင်ချေရှိသည်ဟု ယူဆခဲ့ခြင်း ဖြစ်သည်။

ဤအထဲတွင် Taihua စူပါမားကတ် ပြီးလျှင် အထိခိုက်ဆုံး ဖြစ်သွားမည်မှာ Gome နှင့် Suning တို့သာ ဖြစ်ပေလိမ့်မည်။

"အစောကြီးကတည်းက ပြောင်းလဲမှုတွေ လုပ်ထားပါ။ ဒါက ကျွန်တော်တို့ လက်ကျန် ငွေသား အများအပြား ထားရှိနိုင်တဲ့ နောက်ဆုံး အချိန်ပါပဲ။ ခြောက်လအတွင်း စာရင်းရှင်းရမယ့် ကာလကို နှစ်လအတွင်း ရောက်အောင် မဖြစ်မနေ ထိန်းချုပ်ထားရပါမယ်။ တကယ်လို့ အဆင်မပြေဘူးဆိုရင် အမြတ်ဝေစု ခွဲတာကို ခဏ ဆိုင်းထားလိုက်ပါ"

******

All Chapters