အခန်း ၁၅၁၃
Vol. 103 Ch. 1513
အခန်း ၁၅၁၃ လီချောင်ရိမ်၏ ဧည့်ခံကျွေးမွေးခြင်း
ဤတစ်ကြိမ် Taihua စူပါမားကတ်၏ ဒါရိုက်တာအဖွဲ့ အစည်းအဝေးသို့ ဖုန်းယွီလည်း တက်ရောက်ခဲ့သည်။
အစည်းအဝေး တစ်ချိန်လုံးတွင် သူ ဘာမှ ဝင်မပြောခဲ့ဘဲ ထိုနေရာတွင် ထိုင်၍ လက်ဖက်ရည် သောက်နေရုံသာ ဖြစ်သည်။ ဖူကွမ်းဝေတို့က ကုမ္ပဏီ၏ အမြတ်ဝေစုများကို သတ်မှတ်လိုက်ကြပြီး ဖုန်းယွီ က Taihua Holdings အုပ်စုသည် နောက်ထပ် မနည်းမနောသော ရန်ပုံငွေ အများအပြားကို ရရှိတော့မည် ဆိုသည်ကိုသာ သိထားပေသည်။
"ဖုန်းယွီ ခဏနေရင် ဘာမှမလုပ်ရဘူးဆိုရင် အတူတူ ဘိုးလင်း သွားကစားကြမလား" လီဇီခိုင်က ဖိတ်ခေါ်လိုက်သည်။
"ကောင်းပြီလေ ကျွန်တော် သိပ်မကျွမ်းကျင်ဘူးနော်… ခဏနေကျရင် ခင်ဗျား ကျွန်တော့်ကို နည်းနည်းတော့ အလျှော့ပေးမှ ရမယ်" ဖုန်းယွီက ရယ်မောကာ ပြောလေသည်။
"ဘိုးလင်း ဟုတ်လား။ ဒါက ကျွန်တော် ကျွမ်းကျင်တဲ့ အရာပဲလေ အတူတူ သွားကြတာပေါ့" ဖူကွမ်းဝေက အနားသို့ တိုးကပ်လာပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
ဖူကွမ်းကျန့်သည် ပါးစပ် ဟသွားခဲ့သော်လည်း တတ်နိုင်စရာမရှိသဖြင့် ခေါင်းခါပြလိုက်ရသည်။ လီဇီခိုင်က ငါတို့ကို မဖိတ်ခေါ်ဘူးဆိုတာ မင်း မရိပ်မိဘူးလား သူက သီးသန့် စကားပြောချင်နေတာလေ။
လီဇီခိုင်မှာလည်း အမှန်တကယ်ပင် ကြောင်အသွားခဲ့သော်လည်း ခေါင်းညိတ်ပြလိုက်ကာ ပြောလိုက်သည်။ "ကောင်းတာပေါ့ လူများလေ ပိုပြီး ပျော်စရာ ကောင်းလေပဲ"
"အစ်ကိုကွမ်းကျန့် သွားမယ်။ အတူတူ သွားကြတာပေါ့… လူများတော့ စည်ကားတာပေါ့" ဖူကွမ်းဝေက အော်ခေါ်လိုက်သည်။
ဖူကွမ်းကျန့်မှာ ကျောခိုင်း၍ မျက်နှာကို ဖုံးအုပ်ထားလိုက်မိကာ ဖူမိသားစုရဲ့ မျက်နှာတွေကိုတော့ ဒီကောင်က အကုန် ဖျက်ဆီးပစ်နေပါပြီ ဟု တွေးလိုက်သည်။
……
"ဝိုး အကုန်လုံး လဲသွားပြီကွ" ဖူကွမ်းဝေက စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်နေလေသည်။
ကံကောင်းသည်မှာ ၎င်းတို့ လေးယောက်လုံး လာရောက် ကစားကြခြင်းဖြစ်ပြီး ဘိုးလင်း ကစားကွင်း တစ်ခုလုံးကို စင်းလုံးငှားထားခြင်း ဖြစ်သည်။ သို့မဟုတ်ပါက အကယ်၍ သူတစ်ပါးကသာ Taihua စူပါမားကတ်၏ ဥက္ကဋ္ဌမှာ ဤမျှလောက် အနေအထိုင် မတတ်သူဖြစ်ကြောင်း သိရှိသွားပါက မည်မျှလောက်အထိ စိတ်ပျက်သွားကြမည်နည်း။
လီဇီခိုင်က ဖုန်းယွီထံ ရေတစ်ဘူး ကမ်းပေးလိုက်ပြီး မေးမြန်းလိုက်သည်။ "ကျွန်တော့် အဖေလည်း မြို့တော်မှာ ရောက်နေတယ်။ ဒီညနေကျရင် ခင်ဗျားကို အတူတူ ထမင်းစားဖို့ ဖိတ်ချင်နေတာ ခင်ဗျား အဆင်ပြေရဲ့လား"
"လီဦးလေးလည်း မြို့တော်ကို ရောက်နေတယ် ဟုတ်လား… ပြဿနာ မရှိပါဘူး။ ကျွန်တော် အားပါတယ်"
လီချောင်ရိမ် ဤအချိန်တွင် အဘယ်ကြောင့် ရောက်လာရသနည်း ဆိုသည်ကို ဖုန်းယွီ ခန့်မှန်းမိသလို ရှိနေခဲ့သည်။ ပြည်မကြီး၏ အိမ်ခြံမြေ မူဝါဒ အပြောင်းအလဲက လီမိသားစု၏ ရင်းနှီးမြှုပ်နှံမှုများကို မနည်းမနော သက်ရောက်မှု ရှိသွားစေခဲ့ပြီး လီချောင်ရိမ်က မူဝါဒ အပြောင်းအလဲ လားရာကို လာရောက် စုံစမ်းခြင်း ဖြစ်လောက်ပေသည်။
အကယ်၍ ယာယီ ပြောင်းလဲမှု တစ်ခုသာ ဆိုပါက လီမိသားစု အနေဖြင့် ဂရုစိုက်နေရန် လုံးဝမလိုအပ်ဘဲ သူတို့၏ အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်သွားရုံသာ ဖြစ်သည်။ အကယ်၍ ဤတစ်ကြိမ်တွင် အတည်ဖြစ်ပြီး တရုတ်အနေဖြင့် အိမ်ခြံမြေ လုပ်ငန်းကို အဓိက စီးပွားရေး မဏ္ဍိုင်အဖြစ် သတ်မှတ်ရန် အခွင့်အရေးကို စွန့်လွှတ်လိုက်ပြီဆိုပါက လီမိသားစု အနေဖြင့်လည်း ပြည်မကြီးရှိ ကုမ္ပဏီ၏ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာကို ပြောင်းလဲရတော့မည် ဖြစ်သည်။
တရုတ်၏ အဓိက စီးပွားရေး မဏ္ဍိုင်မှာ ဤမျှလျင်မြန်စွာ အပြောင်းအလဲများ ပြုလုပ်လိုက်ပြီး၊ ဤမျှကြီးမားသော ကန့်သတ်ချက်များ ပြုလုပ်လိုက်လိမ့်မည်ဟု လီမိသားစုက သေချာပေါက် ထင်မှတ်ထားခဲ့မည် မဟုတ်ပေ။ ယခင်က အိမ်ခြံမြေလုပ်ငန်းသည် ပြည်တွင်း ဝယ်လိုအားကို အကြီးအကျယ် မြှင့်တင်ပေးနိုင်ခဲ့ပြီး တရုတ်၏ စီးပွားရေး တိုးတက်မှုနှုန်းကို အမြန်နှုန်း မြင့်မားစွာဖြင့် ထိန်းသိမ်းထားနိုင်စေခဲ့သည် မဟုတ်ပါလော။
စက်မှုလုပ်ငန်း တစ်ခုကို ကန့်သတ်လိုက်ခြင်းက စီးပွားရေး တိုးတက်မှုအပေါ် အလွန်တရာ ကြီးမားသော သက်ရောက်မှုရှိမည် မဟုတ်ဘူး ဆိုသော်လည်း နောက်ဆုံးတွင်တော့ စီးပွားရေး တိုးတက်မှု အမြန်နှုန်းကို လျော့ကျသွားစေခဲ့သည် မဟုတ်ပါလော။
အိမ်ခြံမြေ လုပ်ငန်းကို အဓိက စီးပွားရေး မဏ္ဍိုင်အဖြစ် သတ်မှတ်ခြင်းက နိုင်ငံအများအပြားတွင် ကောင်းမွန်သော ရလဒ်များကို ပြသနိုင်ခဲ့ရာ တရုတ်က အဘယ်ကြောင့် ရုတ်တရက်ကြီး စွန့်လွှတ်လိုက်ရပါသနည်း။
ဤသည်မှာ ဖုန်းယွီ၏အကြံပြုချက်ဖြစ်ကြောင်းကို သူ မည်သို့မျှ တွေးမိမည် မဟုတ်ပေ။ ဖုန်းယွီသည် ကမ္ဘာပေါ်တွင် အအောင်မြင်ဆုံးသော စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်ရာ သူ၏စီးပွားရေးနှင့် ပတ်သက်သော အကြံပြုချက်များကို အထက်က အလွန်တရာ အလေးထားလိမ့်မည် ဖြစ်သည်။
အထက်က လီမိသားစုကို အလွန်တရာ အလေးထားသည်မှာ သေချာပေါက် မှန်ပေသည်။ သို့သော် ဖူမိသားစုသည် ပြည်မကြီးနှင့် ပိုပိုပြီးနီးကပ်စွာ ဆက်ဆံလာရပြီး ဟောင်ကောင်တွင်လည်း အဆင့်အတန်း ပိုမိုမြင့်မားလာခဲ့ရာ လီချောင်ရိမ်၏ တစ်ချိန်က အနှိုင်းမဲ့ အဆင့်အတန်းမှာ ယခုအခါတွင် ထိုမျှလောက် အနှိုင်းမဲ့ မဖြစ်တော့ချေ။
သေချာပေါက် နာမည်ခံအားဖြင့်မူ လီချောင်ရိမ်သည် ဟောင်ကောင်၏ အာဏာအရှိဆုံးသူများထဲမှ တစ်ဦးဖြစ်နေဆဲဖြစ်ပြီး ဟောင်ကောင်၏ အချမ်းသာဆုံး ပုဂ္ဂိုလ်လည်း ဖြစ်နေဆဲပင်။ သို့သော် မိသားစု အင်အားအရဆိုလျှင် ဖူမိသားစုက များစွာကွာခြားခြင်း မရှိတော့ချေ။
ထို့အပြင် ဖူမိသားစုနှင့် ဖုန်းယွီတို့၏ ဆက်ဆံရေးမှာ ပိုမိုနီးကပ်နေပြီး ဖူမိသားစု၏ ပြည်မကြီးရှိ ရင်းနှီးမြှုပ်နှံမှုမှာလည်း လီမိသားစုထက် မနည်းပါးလှရာ လီချောင်ရိမ် ဤတစ်ကြိမ် ရောက်လာရခြင်းမှာလည်း အထက်က သူ့ကို ဆက်လက်ထောက်ခံခြင်း ရှိမရှိ ဆိုသည်ကို လာရောက် စောင့်ကြည့်ခြင်းပင် ဖြစ်သည်။
၎င်းတို့ လေးဦးသည် တစ်နာရီကျော်ခန့် ကစားခဲ့ကြပြီး အခြားသူများမှာ အလွန်တရာ ပေါ့ပါးနေသည့်ဟန် ရှိသော်လည်း ဖုန်းယွီကမူ သူ၏ လက်မောင်းများ သိပ်ပြီးအဆင်မပြေဖြစ်နေသည်ကို ခံစားနေရသည်။ သူသည် ဤလေးဦးထဲတွင် အသန်မာဆုံး ဖြစ်သော်လည်း ခွန်အား အသုံးချရမည့် နည်းစနစ်ကို နားမလည်ခဲ့ရာ အကြိမ်တိုင်းတွင် အားအကုန်သုံး၍ ပစ်ပေါက်နေခဲ့ပြီး ကိုယ်ကာယ အင်အားသက်သက်ကိုသာ အားကိုး၍ ရိုက်ခတ်နေခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် သူ ရွေးချယ်ထားသည်မှာ အလေးဆုံး ဘောလုံးများသာ ဖြစ်ပြီး ဖူကွမ်းဝေ အသုံးပြုနေသော ဘောလုံးမှာ သူ၏ဘောလုံးထက် ပေါင်ချိန်အများအပြား ပေါ့ပါးနေသည်ကို သူ လုံးဝ သတိမထားမိခဲ့ချေ။
"ဟေ့ မင်းတို့ နှစ်ယောက် ဘယ်သွားမလို့လဲ ညနေကျရင် အတူတူ ထမင်းသွားစားကြမလား" ဖူကွမ်းဝေက ဖော်ရွေစွာဖြင့် ဖိတ်ခေါ်လိုက်သည်။
ဖူကွမ်းကျန့်က သူ့ကို အလျင်အမြန်ပင် ဆွဲထားလိုက်ပြီး "ကွမ်းဝေ ညနေကျရင် ငါနဲ့ အရက်နည်းနည်းလောက် သောက်ပေး… ငါ မင်းကို ပြောစရာ ကိစ္စလေး နည်းနည်း ရှိလို့"
"အစ်ကိုကွမ်းကျန့် ဘာကိစ္စလဲ" ဖူကွမ်းဝေက အံ့သြစွာဖြင့် မေးမြန်းလိုက်သည်။
"ငါက မင်းကို လူမှုရေး ကိစ္စတွေကို ပိုပြီးလေ့လာထားဖို့ ပြောထားတယ်လေ။ သူတို့ နှစ်ယောက်က ဆွေးနွေးစရာ ကိစ္စ ရှိနေတယ် ဆိုတာကို မင်း မရိပ်မိဘူးလား။ ကစားနေတုန်းက လီဇီခိုင်က ငါတို့ ညီအစ်ကိုကို ဖိတ်ခေါ်ခဲ့လို့လား။ လီချောင်ရိမ် မြို့တော်ကို ရောက်နေတယ် ဆိုတာကို မင်း သိလား" ဖူကွမ်းကျန့်က တိုးညင်းသော အသံဖြင့် ဆုံးမလိုက်သည်။
"ဟင် ကျွန်တော် မသိဘူးလေ။ သူ လာတာက ကျွန်တော်တို့နဲ့ ဘာဆိုင်လို့လဲ။ အစ်ကို ဆိုလိုတာက လီချောင်ရိမ်က ညနေကျရင် အစ်ကို့ဖုန်းကို ထမင်းကျွေးမလို့ပေါ့"
ဖူကွမ်းကျန့် သက်ပြင်းတစ်ချက် ချလိုက်ကာ တော်သေးသည်… လုံးဝ တုံးအမနေ၍သာ ဖြစ်သည်။ မိန်းမပိုးသည့် အချိန်မှ ခွန်အား တစ်ဝက်ခန့်ကို လူမှုရေး ကိစ္စများ လေ့လာရာတွင် အသုံးပြုမည်ဆိုပါက ယခုကဲ့သို့ တည်ငြိမ်မှု မရှိသည့် ခံစားချက်မျိုး အခြားသူများကို ပေးစွမ်းနိုင်မည် မဟုတ်ပေ။
……
"လီဦးလေး"
"ဖုန်းယွီ ရောက်လာပြီလား ထိုင်ပါ" လီချောင်ရိမ်၏ မျက်နှာပေါ်တွင် အပြုံးများ ရှိနေပြီး ဤတစ်ကြိမ် မူဝါဒ အပြောင်းအလဲများက သူ့ကို များစွာကြီးမားသော သက်ရောက်မှု မဖြစ်စေခဲ့သည့်ဟန် ရှိပေသည်။
ဖုန်းယွီသည် စားပွဲပေါ်ရှိ ဟင်းလျာများကို ကြည့်လိုက်ရာ လီချောင်ရိမ်ဘက်တွင် ရှိနေသော ဟင်းလျာများမှာ အတော်လေး ပေါ့ပါးပြီး ဖုန်းယွီ တို့ဘက်တွင် ရှိနေသော ဟင်းလျာများမှာမူ များစွာ ပိုမို စုံလင်လှပေသည်။
ထမင်းစားနေချိန်တွင် လီချောင်ရိမ်က စကား သိပ်မပြောသလို ၎င်းတို့ကလည်း အတော်လေး မြန်ဆန်စွာ စားသောက်ခဲ့ကြသည်။
"ကျွန်တော် သူငယ်ချင်း တစ်ယောက်ဆီကနေ တာ့ဟုန်ပေါင်းလက်ဖက်ခြောက် နည်းနည်း ရထားတယ် အတူတူ မြည်းကြည့်ကြမလား" ထမင်းစားပြီးနောက် လီချောင်ရိမ်က ရယ်မောကာ မေးမြန်းလိုက်သည်။
"ကောင်းပါပြီ" လီချောင်ရိမ် သောက်သော တာ့ဟုန်ပေါင်းမှာ အကောင်းဆုံးအဆင့် ဖြစ်မဖြစ်ကို ဖုန်းယွီ တွေးနေမိသည်။ သို့သော် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အရေးမကြီးပေ။ အဘယ်ကြောင့်ဆိုသော် ဖုန်းယွီ ကိုယ်တိုင်က အရသာကို ခွဲခြား၍ မရသောကြောင့် ဖြစ်သည်။
ဟင်… လီချောင်ရိမ်က ကိုယ်တိုင် လက်ဖက်ရည် ဖျော်ပေးနေပါလား။ ဒါက ကွမ်းဖူ လက်ဖက်ရည် မဟုတ်ဘူးလား။
ပြောစမှတ်များအရ လီချောင်ရိမ်သည် ကွမ်းဖူ လက်ဖက်ရည် ဖျော်တတ်သည်ဟု ဆိုကြရာ ယနေ့မှသာ ဖုန်းယွီက ပထမဆုံးအကြိမ် မြည်းစမ်းခွင့် ရရှိခြင်း ဖြစ်သည်။
လီချောင်ရိမ်က လက်ဖက်ရည် တစ်ခွက်ကို ဖုန်းယွီထံ ကမ်းပေးလိုက်သည်။ ဖုန်းယွီ သောက်ကြည့်လိုက်ရာ အမှန်တကယ်ပင် အလွန်အရသာရှိကြောင်း ခံစားလိုက်ရသည်။
"ကောင်းတဲ့ လက်ဖက်ရည်ပဲ" ဖုန်းယွီ က ချီးကျူးလိုက်သည်။
"ဟားဟားဟား မင်းက ကွမ်းဖူလက်ဖက်ရည်က နည်းနည်း ပိုပြီး အရသာ ရှိတယ်လို့ ထင်နေတာလား။ တကယ်တော့ ကွမ်းဖူလက်ဖက်ရည်နဲ့ ရိုးရိုး ဖျော်တဲ့ လက်ဖက်ရည်က ဘာမှ သိပ်မကွာခြားပါဘူးလို့ ကျွန်တော်တောင် ထင်မိပါတယ်။ အဲဒါက လူတွေကို အဓိပ္ပာယ် ရှိလှတယ်လို့ ထင်ရတဲ့ လှုပ်ရှားမှု တချို့ကို အသုံးပြုပြီး လူတွေရဲ့ စိတ်ကို တည်ငြိမ်သွားအောင် လုပ်ပေးတာပါပဲ။ အဲဒီအခါကျမှသာ ဒီလက်ဖက်ရည်ရဲ့ အရသာကို သေသေချာချာ ခံစားနိုင်မှာလေ"
တကယ်တမ်းတွင် ဖုန်းယွီ ကိုယ်တိုင်လည်း ဤသို့ ထင်မြင်မိသော်လည်း ပြောထွက်ရန် အားနာနေခဲ့ခြင်း ဖြစ်သည်။
ဖုန်းယွီက ဤလက်ဖက်ရည်ကို အရသာရှိသည်ဟု ထင်မြင်ရခြင်းမှာ ယင်းကို လီချောင်ရိမ်ကိုယ်တိုင် ဖျော်ပေးထားသောကြောင့်ပင် ဖြစ်သည်။ ကမ္ဘာပေါ်တွင် လီချောင်ရိမ်ကိုယ်တိုင် ဖျော်ပေးသော လက်ဖက်ရည်ကို သောက်ဖူးသူ မည်မျှ ရှိပါသနည်း။
ဖုန်းယွီ တကယ်တမ်း သောက်နေရသည်မှာ ဤခံစားချက်ပင် ဖြစ်သည်။
"ဖုန်းယွီ လွန်ခဲ့တဲ့ အချိန်တုန်းက မင်းက ကမ္ဘာတစ်ဝန်းလုံးက အီလက်ထရောနစ် ထုတ်လုပ်သူတွေနဲ့ နောက်ပြောင်လိုက်တယ်လို့ ကျွန်တော် ကြားလိုက်တယ်" လီချောင်ရိမ်က ဖုန်းယွီ ကို လက်ဖက်ရည် ထပ်မံ ငှဲ့ပေးရင်း ရယ်မောကာ ပြောလေသည်။
"မတတ်နိုင်ဘူးလေ သူတို့က Lenovoကို ဦးတည် တိုက်ခိုက်ချင်နေကြတာကိုး။ ဒီအထဲမှာ ကျွန်တော့်ရဲ့ ရင်းနှီးမြှုပ်နှံမှု ပါဝင်နေတယ် ဆိုတာကို အသာထား ဒါက တရုတ်ရဲ့ လုပ်ငန်းတစ်ခု ဖြစ်နေတယ် ဆိုကတည်းက နိုင်ငံခြားသားတွေကို လာပြီး အနိုင်ကျင့်ခံလို့ မရဘူးလေ" ဖုန်းယွီ၏ "ကျဉ်းမြောင်းသော" တွေးခေါ်မှုက ဤအချိန်တွင် အလွန်တရာ သိသာထင်ရှားစွာ ပေါ်လွင်နေခဲ့သည်။
"မျိုးချစ်စိတ်ဓာတ် အပိုင်းမှာတော့ သူတို့ ညီအစ်ကို နှစ်ယောက်စလုံးက မင်းဆီကနေ သေသေချာချာ သင်ယူသင့်ပါတယ်။ အရေပြား မရှိရင် အမွေးအမျှင်တွေက ဘယ်မှာ တွယ်ကပ်နိုင်မှာလဲ။ နိုင်ငံတော် ကြီးပွားတိုးတက်လာမှသာ ငါတို့လို စီးပွားရေးသမားတွေလည်း ခေါင်းမော့နိုင်မှာပါ"
"ငါတို့ နိုင်ငံရဲ့ အမှတ်တံဆိပ်ကို ကမ္ဘာ့အဆင့်မီ အမှတ်တံဆိပ် တစ်ခု ဖြစ်လာအောင် လုပ်နိုင်ခဲ့တာကတော့ ပိုပြီးတောင် ချီးကျူးစရာ ကောင်းပါသေးတယ်"
"လီဦးလေးက အလွန်အကျွံ ချီးကျူးနေပါပြီ။ ကျွန်တော်ကလည်း ကံကောင်းသွားလို့ပါ" ဖုန်းယွီက နှိမ့်ချစွာ ပြန်လည် ဖြေကြားလိုက်သည်။
"ကံကောင်းရုံလေးနဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာနိုင်တယ် ဆိုရင်တော့ အဲဒီကံကောင်းမှုကလည်း အရမ်းကို ကောင်းလွန်းနေပါပြီ။ Taihua Holdings အုပ်စု လက်အောက်မှာလည်း ဆောက်လုပ်ရေး လုပ်ငန်းတွေ ရှိတယ်လို့ ငါ မှတ်မိတယ်။ မကြာသေးခင်က ငါက ဆိပ်ကမ်း တချို့ ရင်းနှီးမြှုပ်နှံ တည်ဆောက်ဖို့ ရည်ရွယ်ထားတာ။ မင်း အတူတူ ပါဝင်ဖို့ စိတ်ဝင်စားလား"
ဖုန်းယွီမှာ အနည်းငယ် အံ့အားသင့်သွားခဲ့ကာ ဆိပ်ကမ်း ဆိုသည်မှာ လီမိသားစု၏ အဓိက အကျဆုံးသော လုပ်ငန်း တစ်ခုဖြစ်ရာ အဘယ်ကြောင့် ဤအချိန်တွင် မိမိဆန္ဒအလျောက် ဖိတ်ခေါ်နေရသနည်း။
……
******