← Chapters

အခန်း ၁၅၁၆

Vol. 103 Ch. 1516

အခန်း ၁၅၁၆

Vol. 103 Ch. 1516

အခန်း ၁၅၁၆ စည်းကမ်းမသိသောလူ

ဝုတ် ဝုတ် ဝုတ်….

ခြံဝင်းထဲသို့ မဝင်ရသေးမီမှာပင် ခွေးဟောင်သံများကို ကြားလိုက်ရပြီးအသံကို နားထောင်ကြည့်ရုံဖြင့် ဧရာမ ခွေးကြီးများ ဖြစ်ကြောင်း သေချာပေသည်။

ခြံတံခါးမှာ အနီရင့်ရောင် သုတ်ထားသော သံတံခါးကြီး တစ်ခုဖြစ်ပြီး တံခါးပေါ်တွင် စောင့်ကြည့် ကင်မရာ တစ်လုံးလည်း ရှိနေသည်။

သံတံခါးကြီး ပွင့်သွားသောအခါ ဖူကွမ်းကျန့်က ယာဉ်မောင်းကို ကားမောင်းဝင်စေလိုက်ပြီး ဖုန်းယွီ နှင့်အတူ ကားပေါ်မှ ဆင်းလိုက်သည်။

"မစ္စတာဖူ ဒီလူက ဘယ်သူလဲ" ရောက်လာသောသူက မျက်မှောင်ကြုတ်လိုက်ကာ သူစိမ်းများ ရောက်လာခြင်းကို သိပ်ပြီး မနှစ်သက်သည့်ဟန် ရှိပေသည်။

"ကျွန်တော့် သူငယ်ချင်းပါ။ သူလည်း ရှေးဟောင်းပစ္စည်းတွေကို စိတ်ဝင်စားလို့ အတူတူ လိုက်ကြည့်တာ။ သူသာ သဘောကျသွားရင်တော့ သူဌေးကျူးကြီး ငွေဝင်ပြီသာ မှတ်တော့" ဖူကွမ်းကျန့်က ရယ်မောကာ ပြောလေသည်။

သူဌေးကျူးက ဘာမျှ ထပ်မပြောတော့ဘဲ သူတို့ နှစ်ဦးကို အထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ သူ၏ အမြင်တွင် ဤသူ နှစ်ဦးစလုံးမှာ သူ့ထံ ငွေလာပေးမည့် သူများသာ ဖြစ်ပေသည်။

ဖုန်းယွီက ဤခြံဝင်း၏ နံရံများမှာ အလွန်မြင့်မားကြောင်း သတိပြုမိလိုက်ပြီး အပေါ်တွင် သံဆူးကြိုးများပင် ရှိနေသေးရာ လျှပ်စစ်ဓာတ်အားပင် လွှတ်ထားကောင်း လွှတ်ထားနိုင်ပေသည်။ ဤမျှလောက်အထိ အစောင့်အကြပ် ထူထပ်နေသည်ကို ကြည့်လျှင် ဤအထဲတွင် တန်ဖိုးရှိ ပစ္စည်းများ အများအပြား ရှိနေနိုင်သလော။

အထဲသို့ ရောက်သွားသောအခါမှသာ ဖုန်းယွီ အနည်းငယ် အံ့အားသင့်သွားခဲ့ရရာ အတွင်းပိုင်းမှာလည်း ရှေးဟောင်းပုံစံ အဆောက်အအုံများ ဖြစ်နေသောကြောင့်ပင်။ ဤသည်က ရှေးဟောင်း ရုပ်ရှင်နှင့် ရုပ်သံ ဇာတ်လမ်းတွဲများထဲမှ အရေးပါသော ပုဂ္ဂိုလ်ကြီးများ၏ အိမ်တော်များနှင့် အတော်လေး ဆင်တူနေပြီး အနည်းဆုံးတော့ အိမ်ဝင်းသုံးထပ် ပါရှိသော အိမ်တော်ကြီး တစ်ခု ဖြစ်ပေသည်။

ဤနေရာမှာ မြို့တော်၏ ဆင်ခြေဖုံး ဒေသဖြစ်သော်လည်း မြေဈေးမှာ မသက်သာလှရာ ဤသူဌေးကျူးဆိုသူမှာ အတော်လေး ငွေကြေးချမ်းသာပုံ ရပေသည်။

"ဖုန်းယွီ ဒီလောကမှာ စည်းကမ်းတွေ အများကြီး ရှိတယ်။ မဝယ်ဘူးဆိုရင် ဈေးမမေးနဲ့.. မင်း ဘာဝယ်ချင်လဲဆိုတာ ငါ့ကို အရင်ပြော" အထဲသို့ ဝင်လာရင်း ဖူကွမ်းကျန့်က ဖုန်းယွီကို ဤလောက၏စည်းကမ်းချက်များကို ပြောပြနေခဲ့သည်။

ဖုန်းယွီက လက်ယမ်းပြလိုက်ကာ "ငါက လိုက်ကြည့်ရုံ သက်သက်ပါ စည်းကမ်းတွေကို နောက်မှ ပြောကြတာပေါ့"

အထဲသို့ ရောက်သောအခါ အခြား ဧည့်သည် အချို့လည်း ရှိနေသည်ကို တွေ့ရှိလိုက်ရသော်လည်း ဖူကွမ်းကျန့်၏ မျက်လုံးများကို ကြည့်ရသည်မှာ ထိုသူများနှင့် သိပ်ပြီး ရင်းနှီးပုံ မပေါ်ချေ။

ဟင်… ဒါက ကျန်းတာ့ချန်ရဲ့ ပန်းချီကားလား။ ဒါလည်း ရှေးဟောင်းပစ္စည်းလို့ သတ်မှတ်လို့ ရတာလား။ နှစ်ပေါင်း ဘယ်လောက်မှ မကြာသေးဘူး မဟုတ်လား။

ဖုန်းယွီက လက်လှမ်း၍ ယူကြည့်ရန် ပြင်လိုက်စဉ် တစ်ဖက်မှ အလုပ်သမား တစ်ဦးက ချက်ချင်း တားဆီးလိုက်ပြီး အော်ပြောလိုက်သည်။ "ဟေ့… ဟေ့ ဘာလုပ်တာလဲ စည်းကမ်း မသိဘူးလား"

မကိုင်ရဘူး ဟုတ်လား… မကိုင်ရရင်လည်း မကိုင်ရုံပေါ့… ဘာဖြစ်လို့ အော်နေရတာလဲ။

ဤစည်းကမ်းဆိုသည်များမှာ ဤလောကထဲမှ လူများက ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်ရန် သတ်မှတ်ထားသော အပြုအမူဆိုင်ရာ စံနှုန်းများသာ ဖြစ်ပေသည်။

တစ်ဖက်လူက သူ ကိုင်တွယ်မိ၍ ပျက်စီးသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်နိုင်မည်ဟု တွေးမိသဖြင့် ဖုန်းယွီက ဘာမှ ထပ်မပြောတော့ဘဲ ခေါင်းလှည့်ကာ အခြားအရာများကို ကြည့်ရှုလိုက်သည်။

ဤရှေးဟောင်းပစ္စည်းများထဲတွင် မည်သည့်အရာက တန်ဖိုးရှိသနည်း ဆိုသည်ကို ဖုန်းယွီ လုံးဝ မသိရှိချေ။ သူ တွေးနေမိသည်မှာ နာမည်ကြီး ပုဂ္ဂိုလ်များ၏ လက်ရာများဆိုလျှင် မဆိုးလောက်ဘူး မဟုတ်ပါလော။

ထို့အပြင် ဖူကွမ်းကျန့်ပြောသကဲ့သို့ပင် အိမ်တွင် ချိတ်ဆွဲထားပါက အဓိပ္ပာယ် ရှိလှသည်ဟု ထင်ရစေသည်။

သာမန်စကားဖြင့် ပြောရမည်ဆိုပါက လူလုံးပြရန် အတော်လေး သင့်တော်ပေသည်။

ဖုန်းယွီက အပေါ်ယံမျှသာ ကြည့်ရှုသွားခဲ့ရာ ထိုပန်းအိုးများ ကျောက်စိမ်းများ စသည်တို့ကို ဖုန်းယွီက တစ်ချက်မျှသာ ကြည့်ပြီး ကျော်သွားခဲ့သည်။ အပေါ်တွင် နာမည်လည်း မပါဘဲ မည်သူ၏ လက်ရာဖြစ်ကြောင်းကို မည်သူက သိနိုင်မည်နည်း။

သူ အဓိက ကြည့်ရှုသည်မှာ စာလုံးနှင့် ပန်းချီကားများသာ ဖြစ်ပြီး အပေါ်တွင် တံဆိပ်တုံးများ ပါရှိပေသည်။

လူအများအပြားသည် ဤရှေးဟောင်းပစ္စည်းများကို ဝယ်ယူခြင်းမှာ ရင်းနှီးမြှုပ်နှံရန်အတွက်ဖြစ်ပြီး အချို့မှာ တရားဝင် အခွန်ရှောင်ရန်အတွက် ဖြစ်သော်လည်း ဖုန်းယွီမှာမူ လုံးဝမလိုအပ်ချေ။ ဤအရာကို ရင်းနှီးမြှုပ်နှံ၍ ဈေးတက်လာမည်ကို စောင့်ဆိုင်းနေရခြင်းက ဘဏ္ဍာရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းလောက် မမြန်ဆန်သလို အခွန်ရှောင်ရန် ဆိုလျှင်မူ ဖုန်းယွီ က ပို၍ပင် အရေးမစိုက်ချေ။

သူ၏ ကုမ္ပဏီမှ အမြတ်အစွန်းများက ထိုမျှလောက် များပြားနေရာ ထိုအခွန်ငွေလေး တစ်စွန်းတစ်စကို နှမြောနေစရာ လိုပါမည်လော။

ဟင်.. အဲဒီမှာ မှင်သွေးကျောက် တစ်ခု ရှိနေပါလား။ ဒါကို ဝယ်ပြီး အဖေ့ကို ပေးလိုက်ရင် ကွက်တိပဲ… အဖေက အခုတလော စုတ်တံနဲ့ စာရေးရတာကို သဘောကျနေတယ် မဟုတ်လား။ လက်ရေးက သိပ်မလှဘူး ဆိုပေမယ့်လည်း ဝါသနာ တစ်ခုပဲလေ။

အော်… ဟုတ်သားပဲ တစ်စုံလုံး ပြည့်စုံအောင် လုပ်ပေးရမယ်။ စာရွက်ဖိတဲ့တုံး၊ စုတ်တံဆေးတဲ့ခွက်၊ စုတ်တံတင်တဲ့စင် စတာတွေကို နာမည်ကြီးတဲ့ လူတွေရဲ့ လက်ရာတွေ ဝယ်သွားပေးရမယ်။ အဖေကလည်း ဒီနာမည်ကြီး လူတွေရဲ့ ပစ္စည်းတွေကို သဘောကျပြီး ယဉ်ကျေးမှု အမွေအနှစ်တွေ ပါတယ်လို့ ပြောလေ့ရှိတယ်။

ဖုန်းယွီ မှာမူ မည်သည့် ယဉ်ကျေးမှု အမွေအနှစ်မှန်းကို မမြင်တတ်ချေ။ သူက သာမန်လူ တစ်ယောက်သာ ဖြစ်သည်။ သို့သော် နာမည်ကြီး ပုဂ္ဂိုလ်များ၏ ပစ္စည်းများကို အသုံးပြုခြင်းက လူတို့၏ စိတ်ထဲတွင် ပြောပြ၍ မရသော ဂုဏ်ယူဝင့်ကြွားမှု တစ်မျိုးကို ဖြစ်ပေါ်စေနိုင်ကြောင်းကိုတော့ သူ သိရှိထားပေသည်။

ကောင်းမွန်သော ပစ္စည်းများကို အသုံးပြုလိုက်ခြင်းက စိတ်ပိုင်းဆိုင်ရာ အဆင့်အတန်း တစ်ခုသို့ မြင့်တက်သွားစေနိုင်သည်ဟု ထင်ရစေသည်။

ဖုန်းယွီ သည် ဖူကွမ်းကျန့်ကို ရှာတွေ့သွားပြီး သူ၏ ပခုံးကို ပုတ်လိုက်ကာ မေးလိုက်သည်။ "ဘာပစ္စည်းကောင်းတွေ တွေ့ပြီလဲ"

ဖူကွမ်းကျန့်မှာ လက်တုန်သွားခဲ့ပြီး လက်ထဲရှိ ပန်းအိုးပင် လွတ်ကျတော့မလို ဖြစ်သွားခဲ့သည်။

"လန့်သွားတာပဲ.. ဒီမှာ ရှိတာတွေ အားလုံးက ကွဲလွယ်တဲ့ ပစ္စည်းတွေချည်းပဲ သူများ ပခုံးကို အဲဒီလို လျှောက်မပုတ်ပါနဲ့" ဖူကွမ်းကျန့်က အပြစ်တင်လိုက်သည်။

"ရပါပြီ ကွဲသွားရင်လည်း ကွဲပါစေ..ငါက ပြန်မလျော်နိုင်လို့လား" ဖုန်းယွီက ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်သည်။

ဘေးမှ သူဌေးကျူးက မျက်စောင်းတစ်ချက် ထိုးလိုက်ကာ ဒီတောသားက ဘယ်က ရောက်လာတာလဲ။ ဒီအထဲမှာ ရှိတာတွေ အကုန်လုံးက ရှေးဟောင်းပစ္စည်းတွေချည်းပဲ… ပြီးတော့ တော်တော်များများက ဈေးနှုန်း အရမ်း မြင့်မားတယ်လေ။

အခုရှေ့က လူကြီးမင်း လက်ထဲမှာ ကိုင်ထားတဲ့ ပန်းအိုးဆိုရင်ပဲ သုံးသန်း နှစ်သိန်း ဈေးတပ်ထားတာလေ။ သုံးသန်း နှစ်သိန်းတန် ပစ္စည်း ကွဲသွားတာကို မနှမြောတဲ့သူ ဘယ်သူ ရှိလို့လဲ။ တကယ်ကို လေလုံးထွားလွန်းတယ်။

ဖူကွမ်းကျန့်ကမူ ဖုန်းယွီ လေလုံးထွားနေခြင်း မဟုတ်ကြောင်းကို သိရှိထားပေသည်။ ဤအထဲရှိ ပစ္စည်းများတွင် အတု ကိုးခုနှင့် အစစ် တစ်ခု ရောနှောနေသည်ကို အသာထား ဖုန်းယွီက ဤနေရာရှိ ပစ္စည်းများ အားလုံးကို အစစ်အမှန် ဈေးနှုန်းများဖြင့် ဝယ်ယူလိုက်လျှင်ပင် သူ ဝယ်နိုင်စွမ်း ရှိပေသည်။

"အရင် ချထားလိုက်… ဒါကို ကြည့်ရုံနဲ့ အတုမှန်း သိသာနေတာပဲ။ ငါနဲ့အတူ ဟိုဘက်က ပစ္စည်းတွေကို သွားကြည့်ရအောင်"

သူဌေးကျူး၏ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားခဲ့ကာ ဒီလူက စည်းကမ်း နားလည်ရဲ့လား။ ငါတို့ ဒီထဲက ပစ္စည်းတွေက မူလကတည်းက အတု ကိုးခုနဲ့ အစစ် တစ်ခု ရောထားတာလေ… အားလုံးသာ အစစ်တွေချည်း ဖြစ်နေရင် ငါတို့ နေရာက ပြတိုက် ဖြစ်နေတော့မှာပေါ့။

ရှေးဟောင်းပစ္စည်း ရှာဖွေခြင်းဆိုသည်မှာ မူလကတည်းက အကဲဖြတ်နိုင်စွမ်းကို စမ်းသပ်ခြင်းဖြစ်ပြီး လူအများအပြားက အတုများထဲမှ အစစ်များကို ရှာဖွေရခြင်းကို သဘောကျကြကာ အောင်မြင်မှု ခံစားချက်နှင့် ကျေနပ်မှု တစ်မျိုးကို ရရှိစေသောကြောင့် ဖြစ်သည်။

ဤလောက၏ စည်းကမ်းများအရ အတုမှန်း သိသွားလျှင်ပင် သေချာ မသိဘူး ဟုသာ ပြောလေ့ရှိကြပြီး ဤကဲ့သို့ အသံကျယ်ကျယ်ဖြင့် ထုတ်ပြောလေ့ မရှိကြချေ။

သို့သော် ဤသူမှာ ဖောက်သည်ဟောင်း ဖူကွမ်းကျန့်ခေါ်ဆောင်လာသူ ဖြစ်သဖြင့် သူလည်း အနည်းငယ် မတတ်သာဖြစ်နေပြီး ဖူကွမ်းကျန့်ကဲ့သို့သော ဖောက်သည်ကြီးကို မဆုံးရှုံးချင်ပေ။

"လူကြီးမင်း ကျွန်တော်တို့ ဒီနေရာမှာ အသံကျယ်ကျယ် ဆူညံခြင်း မပြုရပါဘူး။ ပြီးတော့ မစ္စတာဖူ ကျွန်တော်တို့ ဒီနေရာမှာ ဘယ်လို စည်းကမ်းတွေ ရှိလဲ ဆိုတာကို ခင်ဗျားလည်း သိပါတယ် ကျွန်တော့်ကို အခက်မတွေ့စေပါနဲ့" သူဌေးကျူးက မကျေမနပ်ဖြင့် ပြောလေသည်။

"အပိုတွေ ပြောမနေနဲ့… ငါ စုတ်တံနဲ့ စာရေးတဲ့ ပစ္စည်း တစ်စုံ လိုချင်တယ်။ စာရွက်ဖိတဲ့တုံး စုတ်တံဆေးတဲ့ခွက် မှင်သွေးကျောက်၊ စုတ်တံ၊ မှင် စတာတွေ အားလုံး အကောင်းဆုံးတွေချည်းပဲ လိုချင်တယ်။ ခင်ဗျား သေချာ ရွေးပြီး ယူခဲ့ အစစ်ဆိုရင် ကျွန်တော် ငွေချေမယ်"

ဖုန်းယွီတွင် အစစ်နှင့် အတုကို ခွဲခြားနေရန် အချိန်မရှိချေ။ အင်း သူ ကိုယ်တိုင်လည်း ခွဲခြားတတ်မည် မဟုတ်ပေ။ မျက်နှာ အမူအရာကို ကြည့်မည် ဟုတ်လော ဤဆိုင်ရှိ အလုပ်သမားများ အားလုံးမှာ အော်စကာအဆင့် သရုပ်ဆောင်များချည်းသာ ဖြစ်ကြသည်။

သူဌေးကျူး မျက်မှောင်ကြုတ်သွားကာ သည်းခံပြီး ရှင်းပြလိုက်သည်။ "လူကြီးမင်း အကယ်၍ ခင်ဗျားက ဒီပစ္စည်းတွေကို ဝယ်ချင်တယ်ဆိုရင် ဒီပစ္စည်းတွေ သီးသန့် ရောင်းတဲ့ နေရာတွေကို သွားဖို့ အကြံပြုချင်ပါတယ်။ ကျွန်တော်တို့ ဒီနေရာမှာ ရောင်းတာက ရှေးဟောင်းပစ္စည်းတွေပါ"

"ခင်ဗျားတို့ဆီမှာ ရှေးဟောင်းပစ္စည်းတွေ ရောင်းတယ်ဆိုတာ သိလို့ ကျွန်တော်က ရှေးဟောင်းပစ္စည်းတွေကိုပဲ ဝယ်တာလေ" ဖုန်းယွီ က ရုတ်တရက် ချမ်းသာလာသော သူဌေးတစ်ဦး၏ ဟန်ပန်မျိုးဖြင့် ပြောလေသည်။

ဖူကွမ်းကျန့်က တိုးညင်းသော အသံဖြင့် "သူဌေးကျူး ကျေးဇူးပြုပြီး အစုံအနည်းငယ်လောက် ယူလာပေးပါ။ ကျွန်တော့် သူငယ်ချင်းရဲ့ အဆင့်အတန်းက ခင်ဗျားတို့ကို နောက်ပြောင်နေမှာ မဟုတ်ပါဘူး" ရှင်းပြလိုက်သည်။

ဖူကွမ်းကျန့်၏ ဤစကားကြောင့် သူဌေးကျူးက အလုပ်သမားများကို အစုံအနည်းငယ် ယူဆောင်လာစေပြီး စားပွဲပေါ်တွင် တင်ထားလိုက်သည်။ သူက မိတ်ဆက်ပေးရန် ပြင်လိုက်စဉ်မှာပင် ဖုန်းယွီက မေးလိုက်သည်။ "အားလုံး အစစ်တွေပဲ မဟုတ်လား"

သူဌေးကျူးမှာ ရင်ထဲတွင် အောင့်အည်းသွားခဲ့ကာ… မင်း စည်းကမ်း နားလည်ရဲ့လား… ဘယ်သူကများ ဒီလို မေးတာ ရှိလို့လဲ။

သို့သော် ဤတစ်ကြိမ်တွင် သူ တကယ်ပင် အစစ်များကိုသာ ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။ ထိုမစ္စတာဖူ မှာ ဟောင်ကောင်မှ သူဌေးကြီး တစ်ဦးဖြစ်ရာ မစ္စတာဖူနှင့် သူငယ်ချင်း ဖြစ်နိုင်သူမှာလည်း သေချာပေါက် သူဌေးကြီး တစ်ဦးသာ ဖြစ်ပေလိမ့်မည်။

ခုနက ပန်းအိုးကို ဥပမာပေးရလျှင် ဤလူက တစ်ချက်သာ ကြည့်လိုက်ပြီး အတုမှန်း ခန့်မှန်းသိရှိသွားခဲ့ရာ ဤသည်က မည်မျှလောက်အထိ မျက်စိလျှင်လိုက်သနည်း။

ခုနက ဖုန်းယွီ ပြောလိုက်ခြင်းမှာ ရမ်းသန်းပြောလိုက်ခြင်းဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင် မှန်သွားခြင်းသာ ဖြစ်ကြောင်းကို သူ မည်သို့ သိနိုင်မည်နည်း။

"အားလုံး ပစ္စည်းကောင်းတွေချည်းပါပဲ" သူဌေးကျူးသည်လည်း စည်းကမ်းအတိုင်း သွယ်ဝိုက်သော နည်းလမ်းဖြင့်သာ ပြန်လည် ဖြေကြားလိုက်ရသည်။

ဖုန်းယွီက ခေါင်းညိတ်လိုက်ကာ မေးလိုက်သည်။ "ဘယ်လောက်လဲ"

"ဘယ်တစ်ခုကို ပြောတာလဲ"

"ငါ မေးတာက ဒီအကုန်လုံးကို ဘယ်လောက်လဲလို့" ဖုန်းယွီက စိတ်မရှည်စွာဖြင့် မေးလိုက်သည်။

အကုန် အကုန်လုံး ဟုတ်လား… ဒီပစ္စည်းတွေ အားလုံးကို ဒီသူဌေးက ယူမယ်။ ဟုတ်လား…

သူဌေးကျူးက စိတ်ထဲတွင် ကုန်ကျစရိတ်ကို လျင်မြန်စွာ တွက်ချက်လိုက်ပြီးနောက် ခေတ္တမျှ စဉ်းစားကာ ဈေးများများ မတင်ရဲတော့ဘဲ သုံးဆယ်ရာခိုင်နှုန်းသာ အမြတ်တင်၍ ပြောလိုက်သည်။

"ကောင်းပြီ ဈေးသက်သာသားပဲ ကျွန်တော် အကုန် ယူမယ်"

သူဌေးကျူးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကာ ဈေးသက်သာတယ် ဟုတ်လား အကုန်ယူမယ် ဟုတ်လား။ ထို့နောက် သူ ချက်ချင်းဆိုသလို ရင်နာလာခဲ့ကာ ဤစည်းကမ်း မသိသော သူဌေးက ဤမျှလောက်အထိ ရှင်းလင်းပြတ်သားမှန်း ကြိုသိခဲ့လျှင် သူ ဈေးပိုပြောခဲ့သင့်သည်ဟု တွေးမိလေသည်။

"မင်း ဘာလုပ်တာလဲ" ဖူကွမ်းကျန့်က အနားသို့ တိုးကပ်လာသော လူတစ်ဦးကို ရုတ်တရက် အော်ဟစ်လိုက်သည်။

……

******

All Chapters