အခန်း ၁၅၁၈
Vol. 103 Ch. 1518
အခန်း ၁၅၁၈ သခင်လေးလုအား လမ်းညွှန်ပြသခြင်း
ဖုန်းယွီတို့ မြို့ထဲသို့ ပြန်လာချိန်တွင် လုမင်ယွီလည်း တစ်လမ်းလုံး နောက်မှ လိုက်ပါလာခဲ့သည်။
လမ်းတွင် ရှိနေစဉ်မှာပင် ဖုန်းယွီထံသို့ သခင်လေးလု၏ ဖုန်းဝင်လာခဲ့ပြီး "ဖုန်းယွီ မင်းတို့တွေ ဆုံခဲ့ကြတယ်လို့ မင်ယွီပြောတာ ကြားလိုက်ရတယ်"
"အင်း.. သခင်လေးလု ခင်ဗျားတို့ မိသားစုက ခင်ဗျားကို ကိုယ်စားလှယ်အဖြစ် ရွေးချယ်ထားပြီးပြီဆိုမှတော့ မမျှော်လင့်ထားတဲ့ ကိစ္စတွေမှာ ပါဝင်ပတ်သက်မသွားစေနဲ့နော်" ဖုန်းယွီက သွယ်ဝိုက်သော အဓိပ္ပာယ်ဖြင့် ပြောလိုက်သည်။
"မင်ယွီ ကိစ္စအတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ကျွန်တော် အစ်ကိုကြီးကို သေချာထိန်းကွပ်ခိုင်းလိုက်ပါ့မယ်။ ဒီညနေ မင်း အားရင် ငါတို့ ညီအစ်ကိုတွေ အတူတူ ထမင်းစားကြမလား"
"ကျွန်တော်နဲ့ ဖူကွမ်းကျန့်က မူလကတည်းက အတူတူ ထမင်းစားကြမလို့လေ။ ခင်ဗျား စိတ်မရှိဘူးဆိုရင် ညနေကျရင် လာခဲ့လေ"
"ကောင်းပြီလေ ဒါဆို ရုံးဆင်းတာနဲ့ ငါ လာခဲ့မယ်"
ဖူကွမ်းကျန့်သည် ဟောင်ကောင် သူဌေးကြီးများ၏ လူငယ်မျိုးဆက်သစ် ခေါင်းဆောင် တစ်ဦးဖြစ်ရာ သခင်လေးလုအနေဖြင့် အနာဂတ်တွင် ရာထူးတက်ရန်အတွက် ဤကဲ့သို့သော လူမျိုး၏ထောက်ခံမှုလည်း လိုအပ်ပေသည်။
သူငယ်ချင်း တစ်ယောက် ပိုများလာလေ လမ်းတစ်ကြောင်း ပိုများလာလေပင် ဖြစ်သည်။
ညနေပိုင်းတွင် ချွမ်ကျူထယ်စားသောက်ဆိုင်၏ သီးသန့်ခန်းထဲ၌ ဖုန်းယွီ၊ သခင်လေးလုနှင့် ဖူကွမ်းကျန့်တို့ သုံးဦးတည်းသာ ရှိနေကြသည်။
"သူငယ်ချင်းတွေနဲ့ အတူတူ ထမင်းစားရတာကမှ အဓိပ္ပာယ် အရှိဆုံးပဲ။ ထုံးစံဓလေ့တွေကို အရမ်းကြီး ဂရုစိုက်နေစရာ မလိုဘူး။ အတင်း အသောက်ခိုင်းတာမျိုး မရှိဘူး။ ပြောချင်တာကို လွတ်လွတ်လပ်လပ် ပြောလို့ရတယ်" သခင်လေးလုက သက်ပြင်းချကာ ပြောလေသည်။
သူသည် အတော်လေး သောက်နိုင်သူ ဖြစ်သော်လည်း မူးယစ်နေအောင် သောက်ရသည်ကိုမူ မနှစ်သက်ချေ။
ဖုန်းယွီက ခွက်ကို မကာ ဘီယာ တစ်ငုံ သောက်လိုက်ပြီး "ဘယ်သူကများ ခင်ဗျားကို အစိုးရ အလုပ်ထဲမှာ ဝင်လုပ်ခိုင်းလို့လဲ။ သဘာဝကျကျပဲ ကိစ္စတိုင်းကို သတိထားရမှာပေါ့။ ကျွန်တော်နဲ့ ကွမ်းကျန့်ကတော့ မတူဘူးလေ ကျွန်တော်တို့က သာမန် စီးပွားရေး သမားတွေပဲ"
သခင်လေးလုက ရယ်မောကာ ခေါင်းခါပြလိုက်ပြီး” မင်းတို့ နှစ်ယောက်ကို သာမန် စီးပွားရေး သမားတွေလို့ ဘယ်သူကများ သတ်မှတ်ရဲလို့လဲ။ မင်းတို့ နှစ်ယောက်သာ သာမန်ဆိုရင် တခြားလူတွေက စီးပွားရေး သမားလို့တောင် ခေါ်လို့ ရတော့မှာ မဟုတ်ဘူး”
သို့သော် ဖုန်းယွီ ပြောသည်မှာလည်း မှန်ပေသည်။ သူသည် အစိုးရ အလုပ်တွင် လုပ်ကိုင်နေရသဖြင့် အမှန်တကယ် ဂရုစိုက်ရမည့် နေရာများစွာ ရှိနေသည်။ ထိုစဉ်က သူသည်လည်း မြို့တော်၏သခင်လေးလေးပါးထဲမှ တစ်ဦး ဖြစ်ခဲ့ပြီး မည်မျှလောက်အထိ လွတ်လပ်ပေါ့ပါးခဲ့သနည်း။ ယခုအခါတွင်မူ သူသည် တိုးတက်လိုစိတ် ရှိသော နိုင်ငံ့ဝန်ထမ်း တစ်ဦးမျှသာ ဖြစ်နေလေပြီ။
ဖူကွမ်းကျန့်ကလည်း ထောက်ခံပြောဆိုလိုက်သည်။ "ဟုတ်ပါတယ် အစ်ကိုလုက တရုတ်ရဲ့ အကြီးမားဆုံး ဆက်သွယ်ရေး ကုမ္ပဏီကြီးတစ်ခုရဲ့ အကြီးအကဲ တစ်ယောက်ဆိုတော့ ပုံမှန်အလုပ်တွေက သေချာပေါက် ကျွန်တော်တို့ထက် အများကြီး ပိုများမှာပါ"
"ဟုတ်ပါ့ Yidong ကုမ္ပဏီက ခင်ဗျားရဲ့ ဦးဆောင်မှုအောက်မှာ ဈေးကွက်တန်ဖိုးတွေ အဆက်မပြတ် တက်လာနေတာ အခု ပိုင်ဆိုင်မှုက RMBဘီလီယံ နှစ်ရာ့ငါးဆယ် ကျော်နေပြီ မဟုတ်လား။ မနှစ်က အသားတင် အမြတ်ငွေကတင် RMB ဘီလီယံ လေးဆယ့်ငါး နီးပါး ရှိတယ်လို့ ကျွန်တော် ကြားတယ်" ဖုန်းယွီက ရယ်မောကာ ပြောလေသည်။
Yidong ကုမ္ပဏီ၏ အမြတ်ငွေ ရှာဖွေနိုင်စွမ်းမှာ အလွန်တရာ ကောင်းမွန်လှပြီး သခင်လေးလု သည်လည်း ဤနှစ်များအတွင်း အတော်လေး ကြိုးစားပမ်းစား လုပ်ကိုင်ခဲ့သည်။ ထို့အပြင် တရုတ်က အခြားသော နိုင်ငံခြား ဆက်သွယ်ရေး ကုမ္ပဏီများကို အခွင့်အရေး မပေးခဲ့သဖြင့် သခင်လေးလုအနေဖြင့် ဤနှစ်များအတွင်း အတော်လေး အောင်မြင် ကျော်ကြားနေခဲ့သည်။
"အေးလေ… ဒါတွေ အားလုံးက ငါတစ်ယောက်တည်းရဲ့ကျေးဇူးကြောင့်တော့ မဟုတ်ပါဘူး။ ဝန်ထမ်းတွေ အားလုံး အတူတူ ကြိုးစားအားထုတ်ခဲ့ကြတဲ့ ရလဒ်တွေပါ" သခင်လေးလု၏ လေသံမှာ နှိမ့်ချနေသော်လည်း မျက်နှာပေါ်ရှိ အမူအရာတွင်မူ ဂုဏ်ယူဝင့်ကြွားမှုများ အပြည့်အဝ ပေါ်လွင်နေခဲ့သည်။
သူငယ်ချင်းများရှေ့တွင် သူ တမင်တကာ ဖုံးကွယ်ထားရန် မလိုအပ်ချေ။
"သခင်လေးလု ခင်ဗျားလည်း နှိမ့်ချမနေပါနဲ့တော့… ခင်ဗျားရဲ့စွမ်းဆောင်ရည်တွေကို အထက်က သေချာပေါက် သတိထားမိနေမှာပါ။ ဘယ်လိုလဲ ခင်ဗျားကုမ္ပဏီမှာ လေ့ကျင့်ရတာလည်း အတော်လေး လုံလောက်နေလောက်ပြီ။ နောက်တစ်ဆင့် ခင်ဗျားကို ဘယ်ပို့မယ်လို့ မပြောဘူးလား" ဖုန်းယွီက မေးလိုက်သည်။
Yidong ကုမ္ပဏီတွင် နေရခြင်းက တကယ်တမ်းတွင် အလွန်ကောင်းမွန်သော်လည်း ကုမ္ပဏီတွင် အလုပ်လုပ်ရသောအချိန် အလွန်ကြာမြင့်လွန်းပါက ဒေသန္တရ အုပ်ချုပ်ရေး အတွေ့အကြုံများ အနည်းငယ် လိုအပ်လာမည်ဖြစ်ပြီး သခင်လေးလု ရာထူးတက်ရန်အတွက် ထိခိုက်စေနိုင်ပေသည်။
ဤမိသားစုကြီးများမှ သားသမီးများ အားလုံးမှာ နယ်မှ မြို့တော်သို့ မြို့တော်မှ နယ်သို့ ဤသို့ အပြန်အလှန် ပြောင်းရွှေ့ လုပ်ကိုင်ရသည်ချည်းသာ မဟုတ်ပါလော။
သခင်လေးလု Yidongတွင် အလုပ်လုပ်ခဲ့သော ဤနှစ်များအတွင်း အောင်မြင်မှုများ အလွန်ကြီးမားခဲ့ပြီး ဟောင်ကောင်မှ အရွယ်အစား မသေးငယ်လှသော မိုဘိုင်းဆက်သွယ်ရေး ကုမ္ပဏီတစ်ခုကိုပင် ဦးဆောင်၍ ဝယ်ယူနိုင်ခဲ့ရာ Yidong ကုမ္ပဏီကို ပြင်ပသို့ ထွက်ခွာနိုင်စေခဲ့ပြီဟု ဆိုရပေမည်။
သို့သော် ယခုအခါ နိုင်ငံတော်က Liantongကုမ္ပဏီကို ပိုမိုအင်တိုက်အားတိုက် ထောက်ပံ့ကူညီလာခဲ့ရာ Yidong ကုမ္ပဏီ တစ်ခုတည်းကသာ အင်အားကြီးမားလွန်းပြီး ဈေးကွက်ကို လက်ဝါးကြီးအုပ်သွားကာ ပြဿနာများ အောင်မြင်မှု အောက်တွင် ဖုံးကွယ်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ဤသို့ဆိုလျှင် ဤကာလအတွင်း Yidong ကုမ္ပဏီ၏ ဖွံ့ဖြိုးတိုးတက်မှု အမြန်နှုန်းမှာ ယခင်ကလောက် မြန်ဆန်တော့မည် မဟုတ်ရာ သခင်လေးလု အနေဖြင့် ဒေသန္တရသို့ ပြောင်းရွှေ့သွားရန် အချိန်ကိုက်ပင် ဖြစ်ပြီး နောက်တစ်ကြိမ် ရာထူး အပြောင်းအလဲ ကာလနှင့် အမီတိုက်ဆိုင်သွားပါက ရာထူးတစ်ဆင့် တက်နိုင်ချေ ရှိပေသည်။
သခင်လေးလု နယ်သို့ ဆင်းသွားချိန်တွင် ဖုန်းယွီက တစ်ဖက်တစ်လမ်းမှ ကူညီပေးလိုက်ပါက သူတို့၏ ဆက်ဆံရေးမှာလည်း ပိုမိုနီးကပ်လာနိုင်ပေသည်။
ဤအချိန်တွင် သခင်လေးလု၏ မျက်လုံးများ၌ အနည်းငယ် ပင်ပန်းနွမ်းနယ်နေသည့်ဟန် ပေါ်လွင်နေကာ "ငါ အခု နယ်ကို ဆင်းမယ်ဆိုရင် သိပ်မကောင်းလှတဲ့ နေရာတွေကိုပဲ ရနိုင်မှာလေ။ အကယ်၍ ငါသာ နောက်ထပ် အောင်မြင်မှုတချို့ လုပ်ပြနိုင်ဦးမယ်ဆိုရင် နှစ်ကုန်လို့ နယ်ဆင်းတဲ့အခါ နေရာကောင်း တချို့ကို သွားလို့ ရနိုင်မှာပေါ့"
အဆင့်အတန်း တူညီသော ရာထူးများ ဖြစ်လျှင်ပင် လုပ်ပိုင်ခွင့် အာဏာမှာ အလွန်တရာ ကွာခြားနိုင်ပေသည်။
သခင်လေးလု၏ ဤအဆင့်အတန်းမျိုးတွင် မိသားစုက တွန်းတင်ပေးရန် သဘာဝကျကျ နည်းလမ်း ရှိနေသေးသော်လည်း သခင်လေးလုကို ကုမ္ပဏီမှ ထွက်လာစေပြီး အစိုးရအဖွဲ့အစည်းသို့ ပြန်လည်ဝင်ရောက်စေကာ ဤအဆင့်အတန်းကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန် ဆိုသည်မှာ မလွယ်ကူလှချေ။ နေရာရွေးချယ်ရန် ဆိုသည်မှာ ပို၍ပင်ခက်ခဲလှပေသည်။ မည်သို့ပင်ဖြစ်စေ သခင်လေးလု၏ အသက်အရွယ်မှာ အလွန်ငယ်ရွယ်နေသေးသည် မဟုတ်ပါလော။
အကယ်၍ သခင်လေးလုသာ အသက် လေးဆယ့်ငါးနှစ်အထက်တွင် ရှိနေမည်ဆိုပါက ယခုလက်ရှိ အောင်မြင်မှုများဖြင့် နယ်သို့ဆင်းကာ နှစ်နှစ် သုံးနှစ်ခန့် လေ့ကျင့်ပြီးနောက် ရာထူး ထပ်မံတိုးမြှင့်ရန်မှာ အလွန်လွယ်ကူလှပေသည်။ သို့သော် သခင်လေးလုမှာ အသက် လေးဆယ်ပင် မပြည့်သေးရာ အသက် လေးဆယ်ကျော်ရုံဖြင့် ရာထူး ထပ်မံတိုးမြှင့်ခံရမည်ဆိုပါက အလွန်တရာ မျက်စိကျစရာ ဖြစ်သွားမည်ဖြစ်ပြီး အလွန်လည်း ခက်ခဲလှပေသည်။
သေချာပေါက် လုံးဝမဖြစ်နိုင်သည်တော့ မဟုတ်ချေ၊ ယခုအခါတွင် ခေါင်းဆောင်ပိုင်း လူငယ်များဖြင့် အစားထိုးရေးကို အားပေးနေသည် မဟုတ်ပါလော။ အဓိက အချက်မှာ နိုင်ငံရေး စွမ်းဆောင်ရည်များက ပိုမိုခိုင်မာအားကောင်းနေရန် လိုအပ်ပေသည်။
အောင်မြင်မှု ဟုတ်လား… ဖုန်းယွီက မေးစေ့ကို ပွတ်သပ်ကာ သခင်လေးလုကို မည်သို့ ကူညီရမည်နည်းဟု စဉ်းစားနေလိုက်သည်။
သူက စားပွဲပေါ်ရှိ မိုဘိုင်းဖုန်းကို ကြည့်လိုက်ရာမှ မဆိုးလှသော နည်းလမ်းတစ်ခုကို ရုတ်တရက် သတိရသွားခဲ့ပြီး ဤသည်မှာ ယခင်ဘဝက အလွန်တရာ အသုံးများသော နည်းလမ်းတစ်ခုပင် ဖြစ်သည်။
"သခင်လေးလု အခု Yidong ကုမ္ပဏီရဲ့ အကျိုးအမြတ်တွေက အရမ်းကောင်းနေတယ်။ ဒါပေမဲ့ အသုံးပြုသူ အရေအတွက် တိုးတက်မှုကတော့ အများကြီး နှေးကွေးသွားပြီ မဟုတ်လား"
"မိုဘိုင်းဖုန်း အသုံးပြုသူ အရေအတွက်က နှစ်အနည်းငယ်ကြာ ကြီးမားတဲ့ ပေါက်ကွဲတိုးတက်မှုကို ဖြတ်သန်းပြီးနောက် အခုတဖြည်းဖြည်း နှေးကွေးသွားခဲ့ပြီလေ။ ဒါ့အပြင် နိုင်ငံတော်ကလည်း Liantong ကို ထောက်ပံ့နေပြီး Xiaolingtongတွေကလည်း ရုတ်တရက် အင်အားကြီးမားလာတော့ ငါတို့ရဲ့ အသုံးပြုသူ အရေအတွက် တိုးတက်မှုက ပိုပိုပြီးနှေးကွေးလာရတာပေါ့။ သေချာတာကတော့ အခု ငါတို့ Yidong မှာ ထူးခြားတဲ့ ဝန်ဆောင်မှုတွေ အများကြီး ရှိနေသေးတယ်။ ဥပမာ MMS(ရုပ်ပုံ မက်ဆေ့ချ်)၊ Ringback toneစတာတွေပေါ့… အခုချိန်ထိ ပြည်တွင်းမှာ အသုံးပြုသူ အများဆုံး မိုဘိုင်း ဆက်သွယ်ရေး ကုမ္ပဏီ ဖြစ်နေဆဲပါပဲ"
"ဆိုလိုတာက ဒီအပိုင်းမှာ အချိန်တိုအတွင်း ထပ်လုပ်စရာ ဘာမှမရှိတော့ဘူးလေ… အကျိုးအမြတ်တွေကို ထပ်ပြီး ဘယ်လို တိုးလာအောင် လုပ်ရမလဲ ဆိုတာကို ငါ မသိတော့ဘူး။ ငါတို့က ဖုန်းခေါ်ဆိုမှု ပက်ကေ့ချ် ဝန်ဆောင်မှု အမျိုးမျိုးကိုလည်း ထုတ်ထားပြီးပြီ။ မက်ဆေ့ချ် အခမဲ့ ပေးတာ၊ MMS အခမဲ့ ပေးတာ၊ Ringback tone အခမဲ့ ပေးတာ စတာတွေ အကုန်လုံး လုပ်ပြီးသွားပြီ"
သခင်လေးလု၏ မျက်နှာပေါ်တွင် စိတ်ညစ်နေသော အမူအရာများ ပေါ်လွင်နေကာ နည်းလမ်းများ အကုန်လုံးကို အသုံးပြုပြီးသွားပြီဟု ခံစားနေရပြီး အချိန်တိုအတွင်း နိုင်ငံရေး စွမ်းဆောင်ရည်ကို ပြသနိုင်မည့် နည်းလမ်းကောင်းများကို စဉ်းစား၍ မရနိုင်တော့ချေ။
သေချာပေါက် ထိုMMSနှင့်Ringback tone စသည်တို့မှာလည်း ဖုန်းယွီက သူ့ကို လမ်းညွှန်ပြသပေးခဲ့ခြင်း ဖြစ်သည်။ ဤခေါ်ဆိုသူ စောင့်ဆိုင်းသံ တစ်ခုတည်းကပင် လစဉ် Yidong ကုမ္ပဏီကို မနည်းမနောသော အမြတ်အစွန်းများ ယူဆောင်ပေးနေပြီး ဤအမြတ်အစွန်းများကလည်း ဆက်လက် တိုးတက်နေဆဲပင် ဖြစ်သည်။
ထို့အပြင် ထိုပက်ကေ့ချ် ဝန်ဆောင်မှုများ ဥပမာအားဖြင့် တစ်လလျှင် ပုံသေ ငွေမည်မျှ ပေးသွင်းလိုက်ပါက ဖုန်းပြောဆိုချိန် အချို့ အခမဲ့ ရရှိမည် မက်ဆေ့ချ် အခမဲ့ ရရှိမည် စသည်တို့မှာ ကြည့်ရသည်မှာ အလွန်တွက်ခြေကိုက်ပုံ ရပေသည်။ သို့သော် လူအများအပြားမှာ ယခင်က ဤမျှလောက် များပြားသော ဖုန်းပြောဆိုချိန်ကို လုံးဝအသုံးမပြုခဲ့ကြသလို အချို့ဆိုလျှင် ယခင်က မက်ဆေ့ချ်ပင် မပို့ခဲ့ကြချေ။
ဆိုလိုသည်မှာ ဤပက်ကေ့ချ်အတွင်းရှိ ဝန်ဆောင်မှု အများအပြားမှာ လုံးဝသုံး၍မကုန်နိုင်ခြင်းပင် ဖြစ်သည်။ အသုံးပြုမှု များပြားသူများမှာမူ အလွန် မကြာခဏ အသုံးပြုကြသဖြင့် လမကုန်မီမှာပင် ပက်ကေ့ချ် ကုန်သွားလေ့ရှိကာ ဖုန်းငွေ ထပ်ဖြည့်ရဆဲပင် ဖြစ်သည်။
ဤသည်မှာ အခြားသောပုံစံဖြင့် ချည်နှောင်ထားခြင်းနှင့် အတူတူပင် ဖြစ်ပြီး အခြားသူများကို အသင်းဝင် ခံစားခွင့်များ ရရှိနေသည်ဟူသော ခံစားချက်မျိုးကို ပေးစွမ်းနိုင်သေးသည်။ တကယ်တမ်း ခြုံငုံကြည့်မည်ဆိုပါက လူအချို့မှာ အမှန်တကယ်ပင် ငွေသက်သာသွားခဲ့သော်လည်း ပိုမိုများပြားသော လူများမှာမူ ခံစားခွင့်များဖြင့် လှည့်စားခံလိုက်ရခြင်းသာဖြစ်ပြီး နောက်ဆုံးတွင် အကျိုးအမြတ် ရရှိသွားသူမှာ Yidong ကုမ္ပဏီသာ ဖြစ်ပေသည်။
"သခင်လေးလု အခုလူတော်တော်များများရဲ့ လစဉ် ဖုန်းဘေလ်က အရမ်းကို များနေတယ် ဆိုတာကို ခင်ဗျား သတိထားမိလား"
"အဲဒါ ဘာဖြစ်လို့လဲ။ လူတော်တော်များများက ဖုန်းပြောတာ များတယ်လေ။ မိုဘိုင်းဖုန်း ဆိုတာက မူလကတည်းက သူတို့ ဖုန်းပြောရတာ အဆင်ပြေစေဖို့အတွက် ထုတ်လုပ်ထားတာပဲ ဖုန်းဝယ်ပြီးမှ ဖုန်းမခေါ်ဘဲ နေမှာလား။ ကားဝယ်တာနဲ့ အတူတူပဲလေ သူတို့လည်း လစဉ် ဆီထည့်ရတာပဲ မဟုတ်လား" သခင်လေးလုက ပြန်လည် ချေပလိုက်သည်။
"ကောင်းပြီလေ… ဒီလိုဆိုတော့ လူတော်တော်များများက မိုဘိုင်းဖုန်း ဝယ်ပြီးရင်တောင် ဖုန်းဘေလ် သုံးရမှာကို နှမြောနေကြတယ် ဆိုတာကို ခင်ဗျား ဝန်ခံတယ်ပေါ့ ဟုတ်လား။ ကျွန်တော့်မှာ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခု ရှိတယ်"
"ဘာနည်းလမ်းလဲ" သခင်လေးလုက အနားသို့ တိုးကပ်လာကာ အကြံဉာဏ် တောင်းခံလိုသော မျက်နှာထားဖြင့် မေးမြန်းလိုက်သည်။
"ဖုန်းဘေလ် ဖြည့်ရင် ဖုန်း လက်ဆောင်ပေးမယ်"
******