အခန်း ၁၅၁၉
Vol. 103 Ch. 1519
အခန်း ၁၅၁၉ အလကားပေးတဲ့ ဖုန်းကို ယူမလား မယူဘူးလား
ဘာ… ဖုန်းဘေလ် ဖြည့်ရင် ဖုန်း လက်ဆောင်ပေးမယ် ဟုတ်လား။
အရင်တုန်းက Yidong ကုမ္ပဏီက Aihua မိုဘိုင်းဖုန်းနဲ့ ပူးပေါင်းပြီး ဖုန်းဝယ်ရင် ဖုန်းဘေလ် လက်ဆောင်ပေးတဲ့ အစီအစဉ် လုပ်ခဲ့ဖူးရာ ရလဒ်က မဆိုးလှပါဘူး။
ဒါပေမဲ့ ဖုန်းဘေလ် ဖြည့်ရင် ဖုန်း လက်ဆောင်ပေးမယ် ဆိုတာက ပြောင်းပြန် ပြောနေတာ မဟုတ်ဘူးလား။
"ဖုန်းယွီ မင်း ပြောင်းပြန် ပြောနေတာ မဟုတ်ဘူးလား" သခင်လေးလုက တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။
ဘေးနားမှ ဖူကွမ်းကျန့်ပင်လျှင် မျက်နှာပေါ်တွင် နားမလည်နိုင်သော အမူအရာများ ပေါ်လွင်နေကာ ဤအစီအစဉ်မျိုးကို ဟောင်ကောင်နှင့် နိုင်ငံခြားတွင်လည်း သူ မမြင်တွေ့ဖူးခဲ့ချေ။
"ပြောင်းပြန် ပြောတာ မဟုတ်ပါဘူး ကျွန်တော် ပြောတာက ဖုန်းဘေလ် ဖြည့်ရင် ဖုန်း လက်ဆောင်ပေးမယ် ဆိုတာပါပဲ" ဖုန်းယွီက လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုကို ဆင်မြန်းကာ ပြောလေသည်။
"ဒါဆိုရင် ဖုန်းဘေလ် ဘယ်လောက် ဖြည့်မှ ဖုန်းတစ်လုံး လက်ဆောင်ပေးနိုင်မှာလဲ။ ဖုန်းယွီ Yidong ကုမ္ပဏီရဲ့ ဖုန်းဘေလ်ကနေ ရတဲ့ အမြတ်အစွန်းက မနိမ့်ဘူးဆိုပေမယ့် အဲဒီလောက်အထိတော့ မမြင့်မားသေးဘူးနော်"
ယခုအခါ မိုဘိုင်းဖုန်းတစ်လုံးလျှင် ယွမ်ထောင်ဂဏန်းခန့် ပေးရပြီး သေချာပေါက် ဈေးသက်သာသည်များလည်း ရှိသော်လည်း Yidong ကုမ္ပဏီ အနေဖြင့် ထိုအမှတ်တံဆိပ် အသေးလေးများကို လက်ဆောင်ပေး၍ ဖြစ်ပါမည်လော။ သေချာပေါက် Aihua အမှတ်တံဆိပ် ဖုန်းယွီ အမှတ်တံဆိပ် သို့မဟုတ် နိုင်ငံခြားမှ အမှတ်တံဆိပ်ကြီးများကိုသာ ပေးရမည် ဖြစ်သည်။
ဖုန်းယွီက သူ့အတွက် နည်းလမ်း စဉ်းစားပေးရာတွင် သေချာပေါက် သူ၏ကိုယ်ပိုင် ကုမ္ပဏီ လက်အောက်ရှိ အမှတ်တံဆိပ်များကိုလည်း ထည့်သွင်းစဉ်းစားပေးမည်မှာ သဘာဝကျလှပေသည်။
"မလောပါနဲ့.. ကျွန်တော် အသေးစိတ် ပြောပြတာကို နားထောင်ပါဦး။ အခုလူတော်တော်များများရဲ့ ဖုန်းဘေလ်တွေကို ကုမ္ပဏီကနေ ပြန်တောင်းလို့ ရတယ် မဟုတ်လား။ အဲဒီအထဲမှာမှ လူတော်တော်များများက သတ်မှတ်ထားတဲ့ ပမာဏလောက်ပဲ ပြန်တောင်းလို့ ရတာလေ။ သူတို့ရဲ့ လစဉ် ဖုန်းဘေလ်တွေက အဲဒီပမာဏထက် မကြာခဏ ကျော်လွန်နေတတ်တော့ သူတို့က အသုံးစရိတ်ကို လျှော့ချဖို့အတွက် ပက်ကေ့ချ်တချို့ကို ဝယ်ယူဖို့ ရွေးချယ်ကြတယ် မဟုတ်လား"
"ကောင်းမွန်တဲ့ မိုဘိုင်းဖုန်း တစ်လုံးကို ယွမ်ထောင်ဂဏန်းလောက် ပေးရတယ်။ လုပ်ငန်းဆောင်တာ အရမ်းများပြားတဲ့ လူတော်တော်များများကတော့ ပုံမှန်အားဖြင့် ဖုန်းတစ်လုံးတည်း မဟုတ်သလို ဖုန်းနံပါတ် တစ်ခုတည်းလည်း မဟုတ်ကြဘူးလေ။ အရင်တုန်းက Liantong မှာ GSM နဲ့ CDMA ဆိုတဲ့ ကွန်ရက် စနစ်နှစ်မျိုး ရှိနေလို့ ကျွန်တော်တို့က သူတို့အတွက် ကွန်ရက် နှစ်မျိုးသုံး ဆင်းကတ် နှစ်ကတ်ထည့် ဖုန်းကိုတောင် အထူးဒီဇိုင်းဆွဲပေးခဲ့ပြီး ဈေးနှုန်းကလည်း မသက်သာပါဘူး"
"ဒါပေမဲ့ ဖုန်းတစ်လုံးမှာ နံပါတ်နှစ်ခု သုံးရတာက ကြည့်ရတာ အဆင်ပြေပုံ ပေါက်ပေမယ့် တကယ်တမ်း ဖုန်းပြောဆိုမှု အရမ်းများတဲ့ သူတွေအတွက်ကတော့ သိပ်ပြီး အသုံးမဝင်လှပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ဖုန်းတစ်လုံးတည်း ဖြစ်နေသေးတော့ ဘက်ထရီအားက လုံးဝမလုံလောက်လို့ပါပဲ။ ဒါကြောင့် ဒီအစီအစဉ်က အဲဒီလို ဖောက်သည်မျိုးကို အတိုင်းအတာ တစ်ခုအထိ ကြီးကြီးမားမား ဆွဲဆောင်နိုင်ပါလိမ့်မယ်"
"နောက်တစ်ချက်က လူတော်တော်များများက ဖုန်းဝယ်ချင်ကြပေမယ့် နှမြောနေကြတယ်လေ။ ပိုက်ဆံ သုံးနိုင်တဲ့ အချိန်ရောက်တော့လည်း ဈေးကြီးတယ်လို့ ထင်နေကြပြန်ရော။ ဒီအထူးခံစားခွင့် အစီအစဉ် ထွက်ပေါ်လာပြီးရင် အဲဒီလို ဝေခွဲမရဖြစ်နေတဲ့ စားသုံးသူတွေကို ဆွဲဆောင်နိုင်မှာဖြစ်ပြီး သူတို့ကို အမြတ်ထွက်သွားတယ်လို့ ခံစားရစေမှာပါ။ ဘာပဲဖြစ်ဖြစ် ဖုန်းဘေလ်ကတော့ သုံးရမှာပဲကို အလကား ဖုန်းတစ်လုံး ထပ်ရသေးတယ်ဆိုတော့ ဘာဖြစ်လို့ မယူဘဲ နေမှာလဲ"
"ကျွန်တော်တို့ လက်ဆောင်ပေးတဲ့ဖုန်းက အရမ်းညံ့ဖျင်းမယ်လို့ လူတော်တော်များများက သေချာပေါက် ထင်မြင်ကြမှာပါ။ ဒါပေမဲ့ အကယ်၍ လက်ဆောင်ပေးတာက ကျွန်တော်တို့ရဲ့ Aihua အမှတ်တံဆိပ်နဲ့ ဖုန်းယွီ အမှတ်တံဆိပ် ဖုန်းတွေ ဆိုရင်ကော။ ဒီလို စိုးရိမ်ပူပန်မှုတွေ အားလုံး ပျောက်ကွယ်သွားလိမ့်မယ် မဟုတ်ဘူးလား"
"ခဏလေး" သခင်လေးလုက ဖုန်းယွီ၏စကားကို ဖြတ်ပြောလိုက်ကာ ပြောလေသည်။ "တကယ်ကြီး မင်းတို့ရဲ့ Aihua အမှတ်တံဆိပ်နဲ့ ဖုန်းယွီ အမှတ်တံဆိပ် ဖုန်းတွေကို လက်ဆောင်ပေးမှာလား။ အကယ်၍ ယွမ်ရာဂဏန်းလောက်ပဲ တန်တဲ့ ဈေးပေါတဲ့ ဖုန်းမျိုးဆိုရင်တော့ ရသေးတယ်။ ဈေးကြီးတဲ့ ဟာတွေဆိုရင်တော့ ငါတို့မှာ တကယ်ကို အဲဒီလောက် အမြတ်အစွန်း မရှိဘူးနော်"
‘ငါက မင်းကို အကျိုးအမြတ်တွေ တိုးလာအောင် နည်းလမ်း စဉ်းစားခိုင်းတာလေ.. ဒါမှသာ နိုင်ငံရေး စွမ်းဆောင်ရည် ဖြစ်မှာပေါ့။ ရောင်းရငွေကို တိုးလာအောင် လုပ်ခိုင်းပြီး အမြတ်အစွန်းတွေ ကျဆင်းသွားအောင် လုပ်ခိုင်းတာမှ မဟုတ်တာ’ ဟု သခင်လေးလုက စိတ်ထဲမှ ပြောလိုက်သည်။
ဒီလိုသာဆိုရင် နိုင်ငံရေး စွမ်းဆောင်ရည် မဟုတ်တော့ဘဲ ဝါတာလူး စစ်ပွဲလို အကြီးအကျယ် ရှုံးနိမ့်သွားတာ ဖြစ်သွားတော့မှာပေါ့။
"ဖုန်းဘေလ် ဖြည့်တဲ့ ပမာဏ များလေလေ… လက်ဆောင်ပေးတဲ့ ဖုန်းက ဈေးပိုကြီးလေလေပဲ။ ယွမ်တစ်ထောင် ဖြည့်ရင်တော့ သဘာဝကျကျ အပေါဆုံး မော်ဒယ်ကိုပဲ လက်ဆောင်ရမှာပေါ့။ အကယ်၍ ယွမ်တစ်သောင်း ဖြည့်မယ် ဆိုရင်တော့ နောက်ဆုံးပေါ် မော်ဒယ် ဖုန်းကို ရနိုင်မှာလေ"
"တစ်သောင်း ဟုတ်လား။ ဒီလောက် အများကြီး ဖြည့်မယ့်သူ ဘယ်နှစ်ယောက်များ ရှိမှာလဲ" သခင်လေးလု က ခေါင်းခါပြလိုက်ကာ ဖုန်းယွီ မှာ အခြေအနေကို နားမလည်သေးကြောင်း တွေးလိုက်မိသည်။ လူအများအပြားမှာ ဖုန်းဘေလ်ကို တစ်လလျှင် ယွမ်နှစ်ဆယ် သုံးဆယ်ခန့်သာ ဖြည့်ကြခြင်းဖြစ်ရာ တစ်ခါတည်း ယွမ်တစ်သောင်း ဖြည့်မည်ဆိုပါက မည်ကဲ့သို့သော ဝင်ငွေရှိသည့် လူတန်းစားမျိုး ဖြစ်ရမည်နည်း။
"ကျွန်တော်က ဥပမာ ပေးရုံ သက်သက်ပါ။ ဒါပေမဲ့ ယွမ်သုံးထောင် ငါးထောင်လောက် ဆိုရင်တော့ ဖြည့်မယ့်သူ မနည်းမနော ရှိမှာ သေချာပါတယ်။ ပြီးတော့ ခင်ဗျားတို့ လက်ဆောင်ပေးမယ့် ဖုန်းက ဖြည့်တဲ့ ဖုန်းဘေလ်ရဲ့ သုံးပုံတစ်ပုံလောက် တန်ဖိုး ရှိရမယ်။ ယွမ်တစ်သောင်းနဲ့ အထက် ဖြည့်တဲ့ လူမျိုးကို လက်ဆောင်ပေးရမှာကတော့ ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ် မော်ဒယ် စမတ်ဖုန်း ဖြစ်ရမှာပေါ့"
ယခုအခါ ယွမ်တစ်ထောင် နှစ်ထောင်တန် ဖုန်းများကို အများဆုံး တွေ့ရတတ်ပြီး ယွမ်သုံးလေးထောင်တန်များမှာ အတော်လေး ကောင်းမွန်သည်ဟု ဆိုရမည် ဖြစ်သည်။ သေချာပေါက် ယွမ်ငါးထောင်ကျော် တန်ဖိုးရှိသည့် ဖုန်းများလည်း ရှိသော်လည်း နှမြောတွန့်တိုခြင်း မရှိဘဲ ဝယ်ယူမည့်သူမှာမူ သိပ်မများလှချေ။
သို့သော် ဖုန်းယွီ၏အမြင်တွင် ဖုန်းဝယ်ရန် ယွမ်ငါးထောင် အကုန်အကျခံနိုင်သူသည် နောက်ဆုံးပေါ် စမတ်ဖုန်းတစ်လုံး လက်ဆောင်ရရန်အတွက် ယွမ်တစ်သောင်းကျော် ဖြည့်ရမည်ကိုလည်း နှမြောနေမည် မဟုတ်ကြောင်း ယူဆထားပေသည်။
"ပြီးတော့ ဒီဖုန်းဘေလ် ဖြည့်ရင် ဖုန်း လက်ဆောင်ပေးတယ် ဆိုတာက သဘာဝကျကျပဲ ပက်ကေ့ချ်အသစ် တစ်ခု ရှိဖို့ လိုအပ်တယ်။ အဲဒါက တစ်လကို အနည်းဆုံး အသုံးစရိတ် ဘယ်လောက် ဆိုတာမျိုးပေါ့။ ပြီးရင် အဲဒီငွေတွေကို လစဉ် ဖုန်းဘေလ် ပုံစံနဲ့ ဖုန်းထဲကို ပြန်လည် ထည့်သွင်းပေးမှာ ဖြစ်ပါတယ် သေချာပေါက် ဒီငွေပမာဏက အနည်းဆုံး အသုံးစရိတ်ကိုတော့ မပြည့်မီစေရဘူးလေ.. ဆိုလိုတာက ဖုန်းပိုင်ရှင်ကို နောက်ထပ် ငွေအနည်းငယ် ထပ်ဖြည့်ခိုင်းရမှာပေါ့"
"ဒီငွေပြန်အမ်းပေးမယ့် အချိန်ကာလကို တစ်နှစ်ကနေ နှစ်နှစ်အထိ သတ်မှတ်ထားလို့ ရပြီး အချိန်ကာလ အတိုအရှည် မတူညီမှုအပေါ် မူတည်ကာ မတူညီတဲ့ အသုံးစရိတ် ပက်ကေ့ချ်တွေကို မဖြစ်မနေ ဝယ်ယူခိုင်းရမယ်။ ဒီပက်ကေ့ချ်က သာမန်လူတွေ အတွက်ကတော့ သေချာပေါက် နည်းနည်း မြင့်မားနေမှာပါ။ ဒါပေမဲ့ လစဉ် ဖုန်းဘေလ် အများကြီး သုံးရတဲ့ လူတွေအတွက်ကတော့ လုံးဝ ပြဿနာ မဟုတ်ပါဘူး"
"ဒီအထဲမှာ အပြောင်းအလဲ အများကြီး လုပ်လို့ ရနိုင်ပါသေးတယ်။ ဥပမာ လက်ဆောင်ပေးတဲ့ ဖုန်းဘေလ်ကို ဖုန်းပြောဆိုချိန်နဲ့ အစားထိုးတာမျိုး မက်ဆေ့ချ် လက်ဆောင်ပေးတာနဲ့ အစားထိုးတာမျိုး စသဖြင့်ပေါ့"
"ပြီးတော့ ဒီအထဲမှာ သက်ဆိုင်ရာ ကန့်သတ်ချက် တချို့ကိုလည်း ပြုလုပ်ထားလို့ ရနိုင်ပါသေးတယ်။ ဥပမာ အသုံးပြုသူ အဟောင်းနဲ့ အသုံးပြုသူ အသစ်ဆိုပြီး နှစ်မျိုး ခွဲခြားထားတာမျိုးပေါ့။ အသုံးပြုသူ အဟောင်း ဆိုတာက Yidongရဲ့ နံပါတ်ကို အသုံးပြုတာ သတ်မှတ်ထားတဲ့ နှစ်ကာလထက် ကျော်လွန်နေပြီး ဒီအစီအစဉ်ကို ခံစားခွင့် ရှိတဲ့သူတွေကို ပြောတာပါ။ သူတို့က ဖုန်းမော်ဒယ် ဟောင်းနွမ်းနေလို့ အသစ်လဲဖို့ လိုအပ်နေတဲ့ လူမျိုးတွေပါပဲ"
"အသုံးပြုသူ အသစ်ဆိုတာကတော့ ဆင်းကတ် အသစ်လာလုပ်တဲ့ သူတွေဖြစ်ပြီး ဒီဆင်းကတ်ကို ဖုန်းစက်နဲ့ တွဲဖက်အသုံးပြုဖို့ တောင်းဆိုထားလို့ ရပါတယ်။ သူတို့ထဲက အများစုက ဖုန်းလည်း ဝယ်ချင်ပြီး ဖုန်းနံပါတ်လည်း လိုအပ်နေတဲ့ သူတွေဖြစ်ကြပါတယ်။ ဥပမာ တက္ကသိုလ် ကျောင်းသားတွေ ဒါမှမဟုတ် အလုပ်စဝင်ခါစ လူတွေ စသဖြင့်ပေါ့"
"ဘယ်လို လူတန်းစားမျိုးပဲ ဖြစ်နေပါစေ… ကျွန်တော်တို့က သူတို့နဲ့ ကိုက်ညီတဲ့ ဝန်ဆောင်မှုမျိုး ပေးရပါမယ်။ အဲဒီအသုံးပြုသူ အဟောင်းတွေမှာ မူလကတည်းက ဆင်းကတ် ရှိပြီးသားကို ခင်ဗျားက ဆင်းကတ် အသစ် လုပ်ဖို့ တောင်းဆိုရင် ဘယ်လို လုပ်မလဲ။ ကျွန်တော် ခုနက ပြောခဲ့တဲ့ အဲဒီ ဆင်းကတ် နှစ်ကတ်ထည့် ဖုန်းကို လက်ဆောင်ပေးလိုက်ပေါ့… ဒီလိုဆိုရင် သူတို့ကို ဆင်းကတ် အသစ်လည်း သုံးလို့ရစေသလို နံပါတ်ဟောင်းကိုလည်း စွန့်ပစ်စရာ မလိုတော့ဘူးလေ။ ဒီလို နည်းလမ်းနဲ့ ဆိုရင် မူလက Liantong ကို အသုံးပြုနေတဲ့ ဖောက်သည် အများအပြားကို ဆွဲဆောင်နိုင်မှာပါ"
သခင်လေးလု၏ မျက်လုံးများမှာ ပိုပိုပြီး တောက်ပလာခဲ့ကာ ဒီနည်းလမ်းက သိပ်ကောင်းတာပဲ။ Liantong ရဲ့ ဖောက်သည်ဟောင်းတွေဆီကနေ လူလုလို့တောင် ရသေးတယ်ပဲ။
ဖုန်းယွီ ပြောပြသည်မှာ သိပ်ပြီး အသေးစိတ် မကျလှသော်လည်း သူ့အတွက် ဦးတည်ချက် အသစ်တစ်ခုကို ထောက်ပံ့ပေးနိုင်ခဲ့သည်။ တိတိကျကျ မည်သို့လုပ်ဆောင်ရမည် ဆိုသည်ကိုတော့ ပြန်သွားပြီး လက်အောက်ငယ်သားများနှင့် သေချာစွာ တိုင်ပင်ဆွေးနွေးကာ အတည်ပြုချက် ရယူရမည် ဖြစ်သည်။
ဤသုံးစွဲမှုကို လှုံ့ဆော်မှုက အမြတ်အစွန်းကို သေချာပေါက် အာမခံနိုင်မှသာ ဖြစ်မည်။ အမြတ်အစွန်း မည်မျှပင် နည်းပါးနေပါစေ ရှိနေသရွေ့ နိုင်ငံရေး စွမ်းဆောင်ရည်ပင် ဖြစ်သည်။
ထို့အပြင် လက်ဆောင်ပေးမည့် ဖုန်းများကိုလည်း သေချာစွာ လေ့လာသုံးသပ်ရမည်ဖြစ်ပြီး မည်သည့်အဆင့်အတွက် မည်သည့်ဖုန်းကို လက်ဆောင်ပေးမည် ဆိုသည့် အချက်မှာ အလွန် အရေးကြီးလှပေသည်။
"ဖုန်းယွီ ဖုန်းနဲ့ ပတ်သက်လို့တော့ မင်းတို့ဘက်က အထူးဈေးနှုန်း တချို့ ပေးမယ် မဟုတ်လား"
"သေချာတာပေါ့ ခင်ဗျားတို့ကို ပေးမယ့်ဈေးက လုံးဝအနိမ့်ဆုံး ဈေးနှုန်း ဖြစ်စေရမယ်။ ကျွန်တော်တို့ စာတိုက်လုပ်ငန်းကို ပေးထားတဲ့ ဈေးနှုန်းအတိုင်းပါပဲ။ အကယ်၍ ခင်ဗျားတို့က ကျွန်တော်တို့အတွက် ကြော်ငြာ ဝါဒဖြန့်မှု တချို့ လုပ်ပေးနိုင်မယ်ဆိုရင် ဈေးနှုန်းကို သင့်တော်သလို ထပ်ပြီး လျှော့ချပေးလို့ ရပါသေးတယ်"
နိုင်ငံတစ်ဝန်းရှိ Yidong ၏ အရောင်းကိုယ်စားလှယ်ဆိုင်များ အားလုံးတွင် ကြော်ငြာ စာတန်းများ ပိုစတာများ စသည်တို့ကို ချိတ်ဆွဲထားမည်ဆိုပါက ရလဒ်မှာ သေချာပေါက် မဆိုးလှချေ။
ယခုအခါ နိုင်ငံခြား ဖုန်းအချို့က တရုတ်ဈေးကွက်သို့ နောက်တစ်ကြိမ် အလုံးအရင်းဖြင့် ဝင်ရောက်လာကြပြီး နိုင်ငံသား အများအပြားမှာ နိုင်ငံခြား အမှတ်တံဆိပ်များကို နှစ်သက်နေကြဆဲဖြစ်ရာ ဖုန်းယွီဖုန်းနှင့် Aihua ဖုန်းတို့၏ ဈေးကွက်ကို မသေးငယ်လှသော ရိုက်ခတ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ထိုနိုင်ငံခြား ဖုန်းများမှာလည်း ဒီဇိုင်းပိုင်းတွင် ဆန်းသစ်ပြီး ထူးခြားသော အချက်များစွာ ရှိနေကြပေသည်။
သို့သော် ဤဖုန်းဘေလ် ဖြည့်လျှင် ဖုန်းလက်ဆောင်ပေးမည့် အစီအစဉ် တစ်ခုတည်းကိုသာ အားကိုး၍ ဖုန်းယွီနှင့် Aihuaတို့၏ ရောင်းအားကို အကြီးအကျယ် မြင့်တက်သွားစေနိုင်ပေသည်။
ယခင်က ဖုန်းရောင်းသော ဆိုင်များ၏ဘေးတွင် Yidong အရောင်းဆိုင်များ စသည်တို့ ရှိနေတတ်ကြသော်လည်း ယခုအခါ အရောင်းဆိုင်ထဲတွင် ဖုန်းကို တိုက်ရိုက်ရောင်းချမည်ဖြစ်ရာ ဤသည်က ပို၍ပင် အဆင်ပြေသွားစေသည်။
လူအများအပြားမှာ ဖုန်းလဲရန် စဉ်းစားထားခြင်း မရှိခဲ့ကြသော်လည်း ဤမျှလောက် အထူးခံစားခွင့်များပေးသော အစီအစဉ်ကို မြင်တွေ့လိုက်ရသောအခါ စိတ်လှုပ်ရှားသွားရန် ရှောင်လွှဲ၍ မရနိုင်ချေ။
ဘာပဲဖြစ်ဖြစ် ဖုန်းဘေလ် သွင်းရမှာကို အလကား ဖုန်းတစ်လုံးပါ ထပ်ရသေးတယ်ဆိုတော့ ဘာဖြစ်လို့ မယူဘဲ နေမှာလဲ။
ဤနည်းလမ်းက Yidong ကုမ္ပဏီ၏ အမြတ်အစွန်းကို နောက်ထပ် အဆင့်တစ်ဆင့်ဆီသို့ မြင့်တက်သွားစေမည်မှာ သေချာပေသည်။
******