← Chapters

အခန်း ၁၅၂၂

Vol. 103 Ch. 1522

အခန်း ၁၅၂၂

Vol. 103 Ch. 1522

အခန်း ၁၅၂၂ မျက်မြင်ကိုယ်တွေ့

ဖုန်းယွီသည် မော်ဒယ်ဟောင်း Dongfang Shenlu ကားလေးကို မောင်းနှင်ကာ သခင်လေးလုကို တင်ဆောင်ပြီး မြို့တော်၏ သိပ်မစည်ကားလှသော ရပ်ကွက်တစ်ခုသို့ သွားရောက်ခဲ့သည်။

ကားကို ကွေ့ကောက် မောင်းနှင်သွားပြီးနောက် Yidong အရောင်းဆိုင် တစ်ဆိုင်ကို တွေ့လိုက်ရသည်။

"ဒီဆိုင်ဆို ဘယ်လိုလဲ"

"ရတာပေါ့… ဒီမှာ ဝန်ဆောင်မှု အမူအကျင့်က ဘယ်လောက်တောင် ဆိုးရွားနေလို့လဲ ဆိုတာကို ကျွန်တော် မယုံပါဘူး။ ခဏနေရင် ကျွန်တော် စမ်းသပ်ကြည့်မယ် ခင်ဗျား ကြည့်နေ"

ဖုန်းယွီက သခင်လေးလုကို တစ်ချက်ကြည့်လိုက်ကာ မေးလိုက်သည်။

"ခင်ဗျားကလား။ ကျွန်တော်က ခင်ဗျားကို အဝတ်အစား လဲခဲ့ဖို့ ပြောတာကို ခင်ဗျားက အပေါ်အင်္ကျီပဲ လဲခဲ့တာလေ။ ခင်ဗျားရဲ့ ဝတ်စားဆင်ယင်မှုကို ခင်ဗျား ကိုယ်တိုင်လည်း ပြန်မကြည့်ဘူး။ ခေါင်းဆောင်တစ်ယောက်ဆိုတာ ကြည့်လိုက်တာနဲ့ သိသာနေတာကို သူတို့က ခင်ဗျားကို အခက်တွေ့အောင် လုပ်ရဲပါ့မလား"

"ဒါဆို မင်းပြောတော့ ဘယ်လို လုပ်ရမှာလဲ။ ငါ အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်လာတာလည်း အပြစ် ဖြစ်သွားပြီလား။ မင်းလိုမျိုး ပေါ့ပေါ့ပါးပါး ဝတ်မှ ရမှာလား"

"ရှပ်အင်္ကျီကို ဘောင်းဘီထဲက ဆွဲထုတ်လိုက် သားရေဖိနပ်ကို ခဏနေရင် ဖုန်နည်းနည်း သုတ်လိုက် ပြီးတော့ လက်ပတ်နာရီကို ချွတ်ထား ဆံပင်ကို နည်းနည်း ဖွလိုက်" ဖုန်းယွီက သခင်လေးလု၏ပုံစံကို စတင်ပြုပြင်ပေးလေသည်။

ဤသို့ လုပ်ဆောင်ပြီးနောက် ဖုန်းယွီ က ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်ကာ တီဗီဇာတ်လမ်းတွဲများထဲမှ မြို့ပေါ်သို့ တက်လာသော တောသား တစ်ယောက်၏ ပုံစံနှင့် အလွန်တရာ ဆင်တူသွားကာ ရုပ်ဆိုးလွန်းလှပေသည်။

သခင်လေးလုက မှန်ကြည့်ရန် ပြင်လိုက်သော်လည်း ဖုန်းယွီက ပေးမကြည့်ခဲ့ချေ မာနကြီးသော သခင်လေးလုသာ သူ၏ပုံစံ ဤကဲ့သို့ ဖြစ်နေသည်ကို မြင်တွေ့သွားပါက ကားပေါ်မှပင် ဆင်းမည် မဟုတ်တော့ချေ။

ဆိုင်ထဲသို့ ဝင်သွားသောအခါ အရောင်းဝန်ထမ်း တစ်ဦးက အနားသို့ လျှောက်လာပြီး သိမ်မွေ့သော အသံဖြင့် မေးမြန်းလိုက်သည်။ "လူကြီးမင်းတို့ ဘာဝန်ဆောင်မှုများ လိုအပ်ပါသလဲရှင်"

သခင်လေးလုက ဖုန်းယွီကို ရန်စသည့်ဟန်ဖြင့် ကြည့်လိုက်ကာ တွေ့ပြီလား… ဒီဝန်ဆောင်မှု အမူအကျင့်က သိမ်မွေ့ပြီး ဖော်ရွေတယ်လေ… မင်းက ဘာမကောင်းဘူး ပြောနေတာလဲ။

ဖုန်းယွီက ပြောလိုက်သည်။ "ကျွန်တော် ဆင်းကတ် လာလုပ်တာပါ သူက ကျွန်တော့်ကို လိုက်ပို့ပေးတာ"

"ဆင်းကတ် အသစ် လုပ်မှာလားရှင်"

"ဟုတ်တယ်"

"ကျေးဇူးပြုပြီး မှတ်ပုံတင် ပြပေးပါ"

"ဟင် ကျွန်တော် မှတ်ပုံတင် မယူလာခဲ့ဘူး" ဖုန်းယွီက ကြောင်တောင်တောင် ပုံစံဖြင့် ပြောလိုက်သည်။

"အဲဒါဆို ကျွန်မတို့ ခေါင်းဆောင်ကို မေးကြည့်လိုက်ပါ့မယ် ငွေနည်းနည်း ပိုပေးရလောက်တယ်"

ဖုန်းယွီက သခင်လေးလုကို ကြည့်လိုက်ပြီး ‘တွေ့ပြီလား Yidong ကုမ္ပဏီက ဒီနှစ်ဆန်းကတည်းက ဆင်းကတ်လုပ်ရင် မဖြစ်မနေ မှတ်ပုံတင် လိုအပ်တယ်လို့ သတ်မှတ်ထားတာလေ။ ဒီဆိုင်ကတော့ နည်းလမ်း ရှိတယ်လို့ ပြောနေတယ် ဒါက စည်းကမ်း ဖောက်ဖျက်နေတာပဲလေ… ခင်ဗျားက ဒီအရောင်းဆိုင်ကို ကောင်းတယ်လို့ ထင်နေတုန်းပဲလား။’

အတန်ကြာပြီးနောက် ထိုအမျိုးသမီး အရောင်းဝန်ထမ်းက ပြန်ရောက်လာပြီး ပြောလေသည်။ "အကယ်၍ မှတ်ပုံတင် မရှိဘူးဆိုရင်တော့ ကတ်ဖိုး ယွမ်သုံးဆယ် ပိုပေးရပါမယ်"

သခင်လေးလုက ကတ်ဖိုး ဆိုသည်မှာ ဘာလဲ ဘာဖြစ်လို့ သူ မသိရသနည်း ဤအခကြေးငွေက ဘာကို အခြေခံ၍ ကောက်ခံနေခြင်း ဖြစ်သနည်းဟု မေးမြန်းရန် ပြင်လိုက်သည်။

သို့သော် ဖုန်းယွီ က သူ့ကို လှမ်းဆွဲလိုက်သဖြင့် သူ ဘာမှ ဆက်မပြောတော့ချေ။ သို့သော် အောက်ခြေရှိ ဤအရောင်းဆိုင်များမှာ တကယ်ပင် ပြဿနာ ကြီးမားလှပြီး အထက်၏စည်းမျဉ်းများကို ဗြောင်ကျကျ ဖောက်ဖျက်နေကြကြောင်းကို သူ သိရှိသွားခဲ့သည်။

"ကျွန်တော် ပက်ကေ့ချ်လည်း လုပ်ချင်သေးတယ်" ဖုန်းယွီက ပြောလိုက်သည်။

"ဟုတ်ကဲ့ပါရှင် ကျွန်မတို့ဆီမှာ ပက်ကေ့ချ်ဝန်ဆောင်မှု အမျိုးမျိုး ရှိပါတယ်။ လူကြီးမင်း တစ်ချက်လောက် ကြည့်ကြည့်ပါ။ ဘယ်လိုမျိုး သဘောကျလဲ ဆိုတာ"

"ဘယ်ဟာက အတန်ဆုံးလဲ ဆိုတာကိုပဲ ကျွန်တော့်ကို ပြောပြပါ" ဖုန်းယွီက စိတ်မရှည်သည့်ဟန်ဖြင့် ပြောလိုက်သည်။

"ဒါဆို ဒီဟာတွေပေါ့… ကြည့်ပါ ဒီဟာက လစဉ်ကြေး ၁၉ ယွမ်ဖြစ်ပြီး ဖုန်းပြောဆိုချိန် မိနစ် ၆၀ နဲ့ မက်ဆေ့ချ် အစောင် ၁၀၀ လက်ဆောင်ပေးပါတယ်။ ဖုန်းလက်ခံရင် တစ်မိနစ်ကို တစ်မတ်ခွဲပဲ ကျသင့်ပြီး ဖုန်းခေါ်ရင် သုံးမတ်ပဲ ကျသင့်မှာပါ"

ဖုန်းယွီက စာရွက်ကို ကြည့်လိုက်ပြီးနောက် သခင်လေးလုကို အသံမထွက်ဘဲ တစ်ချက် ကြည့်လိုက်သည်။

တွေ့ပြီလား.. လက်ဆောင်ပေးတာက ဒေသတွင်း ဖုန်းခေါ်ဆိုမှု ဆိုတာကို သူမက ချန်လှပ်ထားတယ်လေ။ မက်ဆေ့ချ် အစောင် ၁၀၀ လက်ဆောင်ပေးတယ် ဆိုတာကလည်း ကွန်ရက်တွင်းပဲ ဆိုလိုတာက Yidong အချင်းချင်းပဲ ပို့လို့ရတာကိုလည်း သူမက ဖုံးကွယ်ထားတယ်။ ဖုန်းခေါ်တာနဲ့ လက်ခံတာကလည်း ဒေသတွင်း အတွက်ပဲ… နယ်ကျော်ရင် ဘယ်လို ဆိုတာကို သူမ လုံးဝ မပြောခဲ့ဘူး။

ပြီးတော့ ဒီလစဉ်ကြေး ၁၉ ယွမ် ဆိုတာကလည်း ခင်ဗျား သုံးသည်ဖြစ်စေ မသုံးသည်ဖြစ်စေ လစဉ် ၁၉ ယွမ် ဖြတ်တောက်ခံရမယ် ဆိုတာကိုလည်း သူမ လုံးဝ မပြောခဲ့ဘူး။

"အကယ်၍ လူကြီးမင်းက ဖုန်းပြောတာ များတယ်ဆိုရင်တော့ ၃၉ ယွမ် ပက်ကေ့ချ်ကို ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။ ဒါက ပိုပြီး တွက်ခြေကိုက်ပါတယ်။ အကယ်၍ လူကြီးမင်းက အရောင်းသမား တစ်ယောက် ဆိုရင်တော့ ဒီ ၇၉ ယွမ် ပက်ကေ့ချ်က အရမ်းကောင်းပါတယ်။ လက်ဆောင်ပေးတဲ့ ဖုန်းပြောဆိုချိန် ပိုများပါတယ်"

ဖုန်းယွီက စာရွက်ကို စားပွဲပေါ်သို့ ချလိုက်ပြီး မေးလိုက်သည်။ "အကယ်၍ ကျွန်တော်က တခြား ပြည်နယ်တွေကို ဖုန်းဆက်ရင်ကော"

"ဒါဆိုရင်တော့ နယ်ကျော် ဖုန်းခေါ်ဆိုမှုအဖြစ် သတ်မှတ်ပြီး တစ်မိနစ်ကို နယ်ကျော်ခ ခြောက်မတ် ထပ်ဆောင်း ကောက်ခံမှာပါ"

"ဒါဆို ခင်ဗျား ခုနက ဘာဖြစ်လို့ မပြောတာလဲ။ ဒီလက်ဆောင်ပေးတဲ့ အချိန်ကို တခြား ပြည်နယ်တွေ ခေါ်လို့ ရလား"

"မရပါဘူး အဲဒါကလည်း နယ်ကျော်ပဲလေ"

"ကျွန်တော် ဆိုလိုတာက နယ်ကျော်ခကို ဖယ်လိုက်ပြီး ဒီလက်ဆောင်ပေးတဲ့ အချိန်ကို တခြား ပြည်နယ်တွေကို ခေါ်တဲ့နေရာမှာ သုံးလို့ရလားလို့"

"အဲဒါလည်း မရပါဘူး"

"ဒါဆို တခြား မြို့တွေကိုရော"

"မရသေးပါဘူး။ တစ်နာရီဆိုတာ စဉ်းစားကြည့်လေ… ဒေသတွင်း ဖုန်းခေါ်ဆိုမှု အတွက်တောင် မလောက်ဘူးလေ" အရောင်းဝန်ထမ်းမှာ သိသိသာသာကို စိတ်မရှည်တော့သည့်ဟန် ပေါက်နေပေသည်။

"ဒါဆို ခင်ဗျား ခုနက ဘာဖြစ်လို့ မပြောတာလဲ။ ဒါ လူလိမ်တာပဲ မဟုတ်လား" ဖုန်းယွီက ရုတ်တရက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"ဟေ့ ရှင် ဘယ်လို ပြောလိုက်တာလဲ… ကျွန်မက ဘယ်လို လိမ်လို့လဲ။ ဒီအပေါ်မှာ ရှင်းရှင်းလင်းလင်း ရေးထားတယ်လေ… ရှင် ကိုယ်တိုင် ဖတ်မကြည့်ဘူးလား။ ကျွန်မက စေတနာနဲ့ ရှင်းပြနေတာကို ရှင်က ဘာလို့ လူကို လာစွပ်စွဲနေရတာလဲ" အရောင်းဝန်ထမ်းကလည်း အသံကျယ်လာပြီး မတ်တပ်ရပ်ကာ ဖုန်းယွီကို အပေါ်စီးမှ ကြည့်ရင်း အရှိန်အဝါဖြင့် ဖိနှိပ်ရန် ကြိုးစားနေပုံ ရပေသည်။

"ခင်ဗျားတို့ ခေါင်းဆောင်ကို ခေါ်ခဲ့… ကျွန်တော် တိုင်တန်းချင်တယ်" ဖုန်းယွီ က ဒေါသထွက်နေသည့် ဟန်ဖြင့် ပြောလိုက်သည်။

"ခေါင်းဆောင် ဟုတ်လား ဒီအရောင်းဆိုင်က ကျွန်မတို့ မိသားစု ကန်ထရိုက် ယူထားတာလေ။ ခေါင်းဆောင်ဆိုတာ ကျွန်မရဲ့ဦးလေးပဲ။ ရှင်က ဘယ်သူ့ကို တိုင်မှာလဲ။ ရှင် မှတ်ပုံတင် မရှိဘူးဆိုရင် ကျွန်မတို့ပဲ လုပ်ပေးနိုင်တာ တခြား နေရာတွေမှာ လုံးဝ လုပ်လို့ မရဘူး မှတ်ထား" အရောင်းဝန်ထမ်းက မောက်မာစွာဖြင့် ပြောလေသည်။

"ကျွန်တော် Yidong ကုမ္ပဏီရဲ့ ခေါင်းဆောင်ဆီ သွားတိုင်မယ်"

"ဟွန့်…သူတို့လည်း ဝင်ပါလို့ မရပါဘူး။ ကျွန်မတို့ ငွေပေးထားတာလေ… ဒါက ကန်ထရိုက်… ကန်ထရိုက် ဆိုတာ နားလည်လား"

ဖုန်းယွီက ဤအချိန်တွင် ရုတ်တရက် ရယ်မောလိုက်ပြီး မေးလိုက်သည်။ "ခင်ဗျားတို့က XX လမ်း အရောင်းဆိုင် မဟုတ်လား သခင်လေးလု မှတ်ထားလိုက်ပြီလား"

သခင်လေးလု ၏ မျက်နှာမှာ ဒယ်အိုးဖင်ကဲ့သို့ မည်းနက်နေပြီဖြစ်ကာ အလွယ်တကူ ရှာတွေ့ခဲ့သော အရောင်းဆိုင် တစ်ဆိုင်မှာပင် ပြဿနာက ဤမျှ ကြီးမားနေခဲ့သည်။ ဤကဲ့သို့သော ဝန်ဆောင်မှု အမူအကျင့် ဗြောင်ကျကျ စည်းကမ်း ဖောက်ဖျက်မှုနှင့် တမင်တကာ ဖုံးကွယ်မှုတို့ ပြုလုပ်နေပါလျက် Yidong ကုမ္ပဏီက ဝင်ပါ၍ မရနိုင်ဘူးဟုပင် ကြုံးဝါးနေသေးသည် ဟုတ်လော။

ဒါဆိုရင် ငါတို့က ဝင်ပါလို့ ရမရ ဆိုတာ မင်းတို့ကို ပြရသေးတာပေါ့။

"ရှင်တို့က ဘယ်သူတွေလဲ။ ဦးလေး မြန်မြန် လာပါဦး။ ဒီမှာ ပြဿနာ လာရှာတဲ့လူတွေ ရှိနေတယ်" ဖုန်းဆက်ရန် ဖုန်းထုတ်ယူလိုက်သော သခင်လေးလုကို အရောင်းဝန်ထမ်းက ဆွဲထားလိုက်ပြီး အတွင်းဘက်သို့ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။

ဝုန်းခနဲ အသံနှင့်အတူ အတွင်းမှ အမျိုးသား သုံးဦး ထွက်လာပြီး သခင်လေးလု နှင့် ဖုန်းယွီ တို့ကို ချက်ချင်း ဝိုင်းထားလိုက်ကြသည်။

"မင်းတို့ နှစ်ယောက် ဘာလာလုပ်တာလဲ။ ဘယ်သူ့ဆီ ဖုန်းဆက်မလို့လဲ။ သူတို့ ကိုယ်ပေါ်မှာ ရှာကြည့်စမ်း သတင်းထောက်တွေ လာစုံစမ်းတာလား အသံဖမ်းစက် ဒါမှမဟုတ် ကင်မရာ ပါမပါ ရှာကြည့်"

"မင်းတို့က လူကိုတောင် ရှာရဲတယ် ဟုတ်လား။ မင်းတို့ကို ဘယ်သူက အခွင့်အရေး ပေးထားတာလဲ" သခင်လေးလုမှာ အလွန်တရာ ဒေါသထွက်သွားခဲ့ကာ ဤလူများမှာ ဥပဒေနှင့် မလွတ်ကင်းသော မည်သည့် ကိစ္စကိုမဆို လုပ်ရဲနေကြသည် မဟုတ်ပါလော။

"ဟွန့် ငါ့နောက်မှာ လူရှိတယ်ဆိုတာ မှတ်ထား မလိမ်မာရင် အရင်ဆုံး အရိုက်ခံရမယ် ပြီးမှ တခြားဟာ ပြောမယ်" လူတစ်ဦးက ကြမ်းကြုတ်စွာ ခြိမ်းခြောက်လေသည်။

ရုတ်တရက် သူ၏ကော်လာကို တစ်ယောက်ယောက်က ဆွဲကိုင်လိုက်သည်ကို ခံစားလိုက်ရပြီး အနောက်ဘက်မှ "မင်းက ဘယ်သူ့ကို ရိုက်မှာလဲ" ဟူသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

သူ ဘာမှ ပြန်မတုံ့ပြန်နိုင်သေးမီမှာပင် ကောင်းကင်နှင့် မြေကြီး လည်ထွက်သွားသကဲ့သို့ ခံစားလိုက်ရပြီး ခေါင်းက မြေကြီးပေါ်သို့ ဖိချခံလိုက်ရကာ လက်မောင်းကလည်း အနောက်သို့ လိမ်ချိုးခံလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ၏ ဆွေမျိုး နှစ်ဦးမှာလည်း အလားတူ အခြေအနေမျိုး ကြုံတွေ့နေရပြီး အားလုံး မြေကြီးပေါ်တွင် ဖိချခံထားရလေသည်။

ဖုန်းယွီ၏ သက်တော်စောင့်များသည် ပြတင်းပေါက် အပြင်ဘက်မှနေ၍ ဖုန်းယွီကို လူတွေ ဝိုင်းထားသည်ကို မြင်လိုက်ရသောအခါ အလျင်အမြန် ပြေးဝင်လာခဲ့ကြခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာ သူဌေးကို ဘာမှ မဖြစ်စေခဲ့၍သာ တော်သေးသည် သို့မဟုတ်ပါက သူတို့ ရရှိထားသော လစာကြီးများနှင့် တန်မည် မဟုတ်ချေ။

ခုနက ကြုံးဝါးနေခဲ့သော အရောင်းဝန်ထမ်းမှာ ယခုအခါတွင် ကြောင်အမ်းအမ်း ဖြစ်နေပြီဖြစ်ကာ သေးငယ်လှသော အရောင်းဆိုင်လေးထဲတွင် ပေါ့ပေါ့ပါးပါး အဝတ်အစားများ ဝတ်ဆင်ထားသော လူတစ်အုပ် ပြည့်နှက်သွားခဲ့သည်။ ကြည့်ရသည်မှာ ဤပုဂ္ဂိုလ် နှစ်ဦး၏ လူများဖြစ်ပုံရရာ ဤပုဂ္ဂိုလ် နှစ်ဦးမှာ ဘာလုပ်သောသူများ ဖြစ်မည်နည်း။

"သခင်လေးလု ဘယ်လို ဖြေရှင်းမလဲဆိုတာ ခင်ဗျားပဲ ကြည့်လုပ်လိုက်တော့။ ဒီလို မြင်ကွင်းမျိုးကို ခင်ဗျား နယ်ဆင်းပြီး လေ့လာရေး လုပ်တုန်းက တစ်ခါမှ မမြင်ဖူးခဲ့ဘူး မဟုတ်လား။ အခြွေအရံတွေ အများကြီးနဲ့ သွားနေတာ တကယ့် အခြေအနေမှန်ကို ဘယ်မြင်ရပါ့မလဲ" ဖုန်းယွီက သရော်လိုက်သည်။

သခင်လေးလုက မြေကြီးပေါ်တွင် ဖိချခံထားရသော ထိုလူများကို ဒေါသတကြီး ကြည့်လိုက်ကာ ပြောလိုက်သည်။ "မင်းတို့ နောက်မှာ လူရှိတယ် မဟုတ်လား။ မင်းတို့ကို အခွင့်အရေး ပေးမယ် ဖုန်းဆက်လိုက် မင်းတို့ နောက်ကလူက ဘယ်သူလဲ ဆိုတာကို ငါ ကြည့်ချင်သေးတယ်"

ယနေ့တော့ သူ အရှက်ကွဲသွားခဲ့ပြီဖြစ်ပြီး မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ပင်။

သူ တရုတ်Yidong ကုမ္ပဏီ၏ အကြီးအကဲ တစ်ယောက် ဖြစ်ပါလျက်နှင့် Yidong ကုမ္ပဏီ၏ အရောင်းဆိုင်ထဲတွင် အရိုက်ခံရမလို ဖြစ်ခဲ့သည်မှာ အကယ်၍ သတင်းထွက်သွားပါက သူသည် မြို့တော် တစ်ခုလုံး၏ ရယ်စရာ ဖြစ်သွားတော့မည် မဟုတ်ပါလော။

……

******

All Chapters