အခန်း ၁၃၆၂
Vol. 137 Ch. 1362
အခန်း (၁၃၆၂) သူ ဖုံးကွယ်ထားတုန်းဘဲ
ခမ်းနားသော တောင်ထွတ်ကြီး လေးခု၏အောက်ဘက်တွင်။
လီရှန်းက မသေမျိုးသုံးပါးဂိုဏ်းမှ တပည့်တစ်စုနှင့်အတူ သူ၏အသက်ရှူသံကို အလိုအလျောက် အောက်ထားလိုက်မိသည်။
သူတို့က မသေမျိုးအလင်းတန်းများဝန်းရံထားကာ ကောင်းကင်ယံတွင် လွင့်မျှောနေသော ရှန်းယီ၏ ပုံရိပ်ကို စိုက်ကြည့်နေကြ၏။ အဆုံးမရှိသော နက်မှောင်သည့် တိမ်တိုက်များက လှိုင်းထန်စွာမလှုပ်ရှားတော့ဘဲ တည်ငြိမ်သောစကြာဝဠာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး၊ သူက ဤနယ်မြေ၏ သခင်အလား လှံရှည်တစ်လက်ကို ကိုင်ဆောင်ထားသည်။
သူက ရွှေမသေမျိုးကျင့်ကြံခြင်းဖြင့် ဂျူနီယာ တပည့်များကို အနိုင်ကျင့်နေခြင်းမဟုတ်တော့ဘဲ၊ တူညီသောအဆင့်ရှိ ယှဉ်ပြိုင်မှုတစ်ခုတွင်ပါဝင်ကာ မဟာလွတ်လပ်ခြင်း ဗောဓိသတ္တများကြားရှိ ထိပ်တန်းတည်ရှိမှုတစ်ခုကိုပင် ရင်ဆိုင်နေရကြောင်း ရှင်းလင်းနေသည်။
သို့သော် ဤမသေမျိုးသုံးပါးဂိုဏ်း၏ ထိပ်တန်း တပည့်၏ အငွေ့အသက်က လျော့ပါးသွားမည့် လက္ခဏာမပြဘဲ၊ ယခင် ယှဉ်ပြိုင်မှုနှင့် နှိုင်းယှဉ်ပါက ပို၍ပင် အထင်ကြီးဖွယ်ကောင်းနေ၏။
သူ့ကိုအတင်းအကျပ် ဖိအားပေးရန်ကြိုးပမ်းရာတွင်၊ ဗောဓိဂိုဏ်းက ထက်ရှသောဓားတစ်လက်အား ဓားအိမ်ကို ဖယ်ရှားလိုက်သကဲ့သို့ ဖြစ်သွားပုံရသည်။
စီနီယာအစ်ကို ထိုနေရာတွင် ရပ်လိုက်သည်နှင့် တစ်ပြိုင်နက်၊ ကောင်းကင်ယံတွင် များပြားလှသောထက်ရှမှုများစွာကို ဖန်တီးလိုက်ရာ၊ မည်သူမဆိုကြည့်ရှုမိလိုက်ယုံဖြင့် မျက်လုံးများပင် နာကျင်လာသလိုရပေသည်။
"ဟင်။"
အရှေ့ဘက်အစွန်း ဧကရာဇ်က မျက်ခုံးပင့်လိုက်ပြီး၊ ရှန်းယီက သူ့ကို အမှန်တကယ် အံ့အားသင့်သွားစေနိုင်သဖြင့် လုံးဝ အံ့ဩသွားခဲ့သည်။
ကြာပန်း ပုတီးစေ့ ဘုန်းကြီးက စောစောက အလွန်အမင်း အဆင်ခြင်မဲ့စွာပြုမူခဲ့ပြီး၊ ပြင်ဆင်မှု မရှိဘဲလက်ဗလာဖြင့် လှုပ်ရှားခဲ့သဖြင့် ရှန်းယီ၏ ဝိညာဉ်ရတနာများရှေ့တွင် ကြီးမားသော ဆုံးရှုံးမှုကိုသာ ခံစားခဲ့ရသည်။
သို့သော် မမေ့ထားသင့်သည်မှာ ရှန်းယီကလည်း ကျင့်ကြံသူများ၏ပုံမှန် ယှဉ်ပြိုင်မှုနည်းလမ်းကို မရွေးချယ်ခဲ့ဘဲ၊ ကြာပန်း ပုတီးစေ့ ဘုန်းကြီးကို ခွန်အားကို ခွန်အားဖြင့် ရင်ဆိုင်ရန်အခွင့်အရေး တစ်ခု ပေးခဲ့သည်။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဘုန်းကြီးကို တိုက်ခိုက်မှုတစ်ချက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရစေခြင်းကပင် ဤလူငယ်လေး၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ပြသနေပြီ ဖြစ်သည်။
အစောပိုင်းက အရှေ့ဘက်အစွန်း ဧကရာဇ်က သူ့အတွက် ဝင်ရောက်ဖြေရှင်းပေးခဲ့စဉ်က၊ အသုံးချခံလိုက်ရသဖြင့် အနည်းငယ် မကျေမနပ်ဖြစ်ခဲ့သော်လည်း၊ ယခုအခါ အမှန်တကယ်များစွာ အကျိုးအမြတ် ရရှိလိုက်သည်ဟုထင်ပါသည်။
"..."
ဧကရီတစ်ပါးဖြစ်သော ဟိုထူသခင်မ၏ မျက်နှာတွင် အံ့အားသင့်မှုသာမကစိုးရိမ်ပူပန်မှု အချို့ကိုလည်း ရှိနေသည်။
ရှန်းယီက ထိုနေ့က သူမပေးခဲ့သော အကြံဉာဏ်ကို ဂရုမစိုက်ခဲ့ကြောင်း ရှင်းလင်းနေ၏။
သေချာပေါက်၊ ဟိုထူဧကရီက ဤကဲ့သို့သော ကိစ္စအတွက် ဒေါသထွက်မည် မဟုတ်ပေ။ လူငယ်လေးက နောက်ဆုံးအချိန်အထိ သူ၏ခွန်အားကို ဖုံးကွယ်ထားခဲ့ကြောင်း သိထားရာ၊ သူ၏စကားများနှင့် လုပ်ရပ်များတွင် သူ၏ကိုယ်ပိုင် အကြောင်းပြချက်များ သေချာပေါက် ရှိနေပြီး၊ သူမ၏စကားများ တစ်ခုတည်းဖြင့် လွှမ်းမိုး၍ မရနိုင်ပေ။
သူမက ထိုမျှထိလည်း အတ္တကြီးသူမဟုတ်ပေ။
ဟိုထူဧကရီကို အမှန်တကယ် စိုးရိမ်ပူပန်စေခဲ့သောအရာမှာ သူတို့၏ပတ်ဝန်းကျင်ရှိ တင်းမာမှုမြင့်တက်လာခြင်းပင်။
မဟာလွတ်လပ်ခြင်း ကြာပန်း ပုတီးစေ့ ဗောဓိသတ္တ က မိုးကုတ်စက်ဝိုင်းဆီသို့ လွင့်စင်သွားသည့် အခိုက်အတန့်မှစ၍၊ ဗောဓိဂိုဏ်းတွင် နောက်ဆုတ်ရန် လမ်းမရှိတော့ပေ။ သူတို့က ရှန်းယီ ကို အတင်းအကျပ် ထွက်လာစေရန်ကြံစည်ခဲ့ပြီး၊ အကယ်၍ သူ့ကိုမဖိနှိပ်နိုင်ပါက ဍုမေဏုတောင်၏ နက်ရှိုင်းသောနေရာမှ ဗုဒ္ဓပင်လျှင် ဒေါသထွက်သွားနိုင်သည်။
ဤမဟာကပ်ဘေးကြီးက လွယ်ကူစွာ အဆုံးသတ်ရန် ရှုပ်ထွေးလွန်းနေပုံ ရပါသည်။
"..."
မဟာလွတ်လပ်ခြင်း ကြာပန်း ပုတီးစေ့ ဗောဓိသတ္တ က အဝါရောင်တိမ်တိုက်များပေါ်မှ တုန်ယင်စွာ မတ်တပ်ရပ်လာစဉ်၊ အရပ်မျက်နှာအားလုံးမှ ပူလောင်သော အကြည့်များကို ခံလိုက်ရသဖြင့်၊ သူက ငရဲပြည်သို့ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။
သူ၏မျက်လုံးသူငယ်အိမ်များ အနည်းငယ်ပြူးကျယ်လာပြီး ထုံကျင်နေသော လက်ဖဝါးများကို ကြည့်လိုက်သည်။
ဤသည်မှာ ကောင်းကင်တာအိုမှ ပုံသွင်းထားသော ဓမ္မခန္ဓာကိုယ်ဖြစ်ပြီး၊ တစ်သက်တာလုံး ပင်ပန်းဆင်းရဲစွာကျင့်ကြံထားခြင်းကို ပေါင်းစပ်ထားသော်လည်း၊ယခုတော့ အားနည်းပုံရသော ကျင့်ကြံသူတစ်ဦးက မညှာမတာဘေးသို့ ရိုက်ထုတ်လိုက်သည်။
သူ၏အသက်ရှူသံ ပိုမိုပြင်းထန်လာသည်မှာ သူ၏ တပည့် မြောင်ယင်၏ ကြီးမားသော နာကြည်းချက်ကြောင့်သာမက၊ သူ သဘောပေါက်သွားသောကြောင့်လည်းဖြစ်သည်။
အကယ်၍ ရှုံးနိမ့်ပါက၊ အဖြစ်ဆိုး တစ်ခုက သူ့ကို စောင့်ကြိုနေပါလိမ့်မည်။
ကြာပန်း ပုတီးစေ့ ဗောဓိသတ္တကို လွှမ်းခြုံထားသော မရေမတွက်နိုင်သည့်အကြည့်များထဲတွင်၊ ရွှင်ပျော်အစစ်အမှန် ဗုဒ္ဓ၏ အကြည့်က အေးစက်မှုအရိပ်အယောင်ကို ဖော်ပြနေပါသည်။
ယခင်သင်ခန်းစာက အစစ်အမှန်အရှင်ထိုက်ရွှီက ဗောဓိဂိုဏ်း၏ လူငယ် မျိုးဆက်အပေါ် လွှမ်းမိုးနိုင်စွမ်းရှိကြောင်း ပြသခဲ့သည်။
ပြိုင်ဘက်၏စစ်မှန်သော မျက်နှာကို ဖော်ထုတ်ပြီးနောက်၊ ဤ မူလဖရိုဖရဲတာ့လော်ကျောက်စိမ်းဟင်းလင်းပြင်စကြာဝဠာ ရွှေမသေမျိုးကို မဟာလွတ်လပ်ခြင်း ဗောဓိသတ္တများစွာအား နောက်တစ်ကြိမ်ဖိနှိပ်ခွင့်ပြုခြင်းကိုပြန်လည်စတင်လိုက်ခြင်းလော။
"ငါကိုယ်တိုင်.."
မဟာလွတ်လပ်ခြင်း ကြာပန်း ပုတီးစေ့ ဗောဓိသတ္တက ရုတ်တရက်ခေါင်းမော့လိုက်ပြီး၊ သူ၏မျက်နှာသွင်ပြင် လိမ်ကောက်သွားကာ ရှည်လျားသော အော်ဟစ်သံတစ်ခုကို ထုတ်လွှတ်လိုက်၏။
ခရမ်းရွှေရောင်သပိတ်က မိုးကုတ်စက်ဝိုင်းမှ လျင်မြန်စွာဆင်းသက်လာပြီး၊ တောင်ဝှေးတုတ်များ၊ သင်္ကန်းများ၊ ဗုဒ္ဓပုတီးစေ့များ နှင့် ဓမ္မ စက်ဝိုင်းတို့နှင့်အတူ သူ၏လက်ထဲသို့ ကျရောက်လာကာ၊ ကြီးမားလှသည့် ကပ်ဘေးစွမ်းအားများ လျှံကျနေသော ဗုဒ္ဓရတနာများစွာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာပါသည်။
မျက်လုံးဆယ့်နှစ်လုံးက မျက်တောင်တစ်ခတ်အတွင်း ရွှေရောင်အရည်များဖြင့် ပြည့်နှက်သွားပြီး၊ မည်သည့်အချိန်တွင်မဆို ပေါက်ကွဲထွက်ရန် အသင့်ဖြစ်နေသော တောက်လောင်နေသည့် နေမင်းတစ်စင်း ကိန်းအောင်းနေသည့်အလားပင်။
တုံ့ပြန်မှုမှာ နားကွဲမတတ်ဟိန်းဟောက်သံ တစ်ခု ဖြစ်သည်။
ချွင်...
လှံရှည်ကြီးက ကောင်းကင်ယံကိုဖြတ်၍ နောက်တစ်ကြိမ်ပျံသန်းသွားပြီး၊ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် မီးပင်လယ်ကြီးကိုလောင်ကျွမ်းစေကာ၊ ခြောက်ကြိမ် သွေးသန့်စင်ခြင်း ဝိညာဉ် ရတနာ အတွင်းရှိ ကပ်ဘေးစွမ်းအားများက အစွမ်းကုန် ပေါက်ကွဲထွက်လာခဲ့သည်။
၎င်းသည် မဟာလွတ်လပ်ခြင်း ကြာပန်း ပုတီးစေ့ ဗောဓိသတ္တ၏ ရင်ဘတ်ကို ပြင်းထန်စွာရိုက်ခတ်သွားသော်လည်း ယခင်ကဲ့သို့ လွင့်စင်သွားစေရန် မစွမ်းဆောင်နိုင်ဘဲ၊ ယင်းအစား နောက်ထပ် နက်ရှိုင်းသော ပဲ့တင်ထပ်သံတစ်ခုသာ လိုက်ပါလာသည်။
ကြာပန်း ပုတီးစေ့ ဗောဓိသတ္တက ခရမ်းရွှေရောင်သပိတ်ကို ဆုပ်ကိုင်ကာ၊ အရှေ့တွင် ကာကွယ်ထားလိုက်ရာ၊ သပိတ်ငယ်လေးက အဆုံးမရှိသော ချောက်နက်ကြီးတစ်ခုအလား လှိုင်းထန်နေသော မီးပင်လယ်ကြီးကို လုံးဝမျိုချပစ်လိုက်သည်။
ကြမ်းကြုတ်သော အပြုံးတစ်ခု သူ၏မျက်နှာပေါ်တွင် ပေါ်လာပြီး၊ သူ၏မျက်လုံးများမှ ရွှေရောင် အရည်များ လျှံကျလာခဲ့သည်။
ထိုအခိုက်အတန့်တွင်၊ အနက်ရောင်ဝတ်စုံနှင့် ပုံရိပ်က ကောင်းကင်ယံကိုဖြတ်၍ တိုးဝင်လာခဲ့ပြီး၊ လှံရိုးပေါ်သို့ ဖိနပ်ဖြင့် အတင်းအကျပ်နင်းကာ၊ ဆုတ်ခွာမည့်အစား သားရဲတစ်ကောင်အလားရဲရင့်စွာရှေ့သို့ တိုးလာသည်။
ခမ်းနားပြီးကြမ်းတမ်းသောဝတ်စုံကို ဝတ်ဆင်ထားလျက်၊ ရှန်းယီက သူ၏ညာဘက်လက်ကို ဆန့်ထုတ်လိုက်ရာ၊သွယ်လျသော လက်ချောင်းများက မဟာလွတ်လပ်ခြင်းကြာပန်းပုတီးစေ့ ဗောဓိသတ္တ၏ ထွက်နေသော နဖူးကို ရုတ်တရက်ဖမ်းဆုပ်လိုက်သည်။
ဖတ်
ပုံရိပ် နှစ်ခုစလုံးက အထူးတလည်ကြွက်သားများဖောင်းကြွမနေသော်လည်း၊ ထိတွေ့လိုက်သည့် အခိုက်အတန့်တွင် စိတ်ကူးမယဉ်နိုင်လောက်အောင်တုန်လှုပ်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာသည်။
ရှန်းယီ၏ ပါးလွှာသော နှုတ်ခမ်းများကို တင်းကျပ်စွာစေ့ထားပြီး၊ ဘုန်းကြီးကိုပြင်းထန်စွာ လှန်ပစ်လိုက်၏။
တစ်ချိန်တည်းမှာပင်၊ ကြာပန်း ပုတီးစေ့ ဗောဓိသတ္တ၏ မျက်လုံးများထဲရှိ ရွှေရောင်အရည်များက နောက်ဆုံးတွင် ကောင်းကင်သို့ထိုးတက်သွားသော အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး၊ ထက်ရှသော မသေမျိုး ဓားဆယ်လက်ကျော်ကဲ့သို့ ဖျက်ဆီးလိုသောအငွေ့အသက်ဖြင့် ကောင်းကင် ကန့်လန့်ကာကို လွယ်ကူစွာဆုတ်ဖြဲသွားသည်။
ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်အောက်တွင်၊ ရှန်းယီက မရှောင်တိမ်းဘဲ၊ သူ၏လက်ချောင်းများကို ပိုမို တင်းကျပ်လိုက်ပြီး ဘုန်းကြီး၏နဖူးထဲသို့ နစ်ဝင်သွားခဲ့၏။
ရွှေရောင်အရည်များ အလယ်တွင်၊ သူ၏လက်ချောင်းထိပ်များက ချက်ချင်းအရည်ပျော်လာသော်လည်း ကျောက်စိမ်းဖြူအသွင်အဖြစ်သို့ လျင်မြန်စွာပြောင်းလဲသွားကာ၊ စူးရှသောအသံတစ်ခု ကွင်းပြင်ထဲတွင် ပဲ့တင်ထပ်သွားသည်အထိ အကြိမ်ကြိမ်ဖြစ်ပေါ်နေခဲ့သည်။
"ဝုန်း...”
မဟာလွတ်လပ်ခြင်း ကြာပန်း ပုတီးစေ့ ဗောဓိသတ္တ က တစ်လှမ်းချင်းနောက်ဆုတ်သွားပြီး၊ သူ၏မျက်လုံးများမှသွေးရည်ကြည်များ လျှံကျနေသည်။
သူက ကြမ်းကြုတ်မှုများကြားမှ အသိစိတ်ဝင်လာသော သားရဲတစ်ကောင်အလား၊ ခရမ်းရွှေရောင်သပိတ်ကို ဆုပ်ကိုင်ကာ သူ၏အရှေ့ရှိ လူငယ်လေးဆီသို့ လွှဲယမ်းလိုက်သော်လည်း၊ သူ့ထက်အရင် ရှန်းယီက သူ၏လက်ဖဝါးကိုပြန်ရုပ်သိမ်းလိုက်ပြီး၊ ဘုန်းကြီး၏ပခုံးကို ပြင်းထန်သောကန်ချက် တစ်ချက်ပေးလိုက်ကာ သူ့ကို လွင့်စင်သွားစေသည်။