အခန်း ၁၃၆၆
Vol. 137 Ch. 1366
အခန်း (၁၃၆၆) လင်းရွှီမသေမျိုး အသတ်ခံရခြင်း
"ထိပ်ပြောင်မြည်းကောင်၊ မင်း ရူးနေတာလား"
လင်းရွှီကျစ်၏ မျက်နှာက ဒေါသကြောင့် နီမြန်းနေသည်။ သူ၏ကျင့်ကြံခြင်း လမ်းကြောင်းက ရှန်းယီ နှင့် အနည်းငယ် ကွာခြားသော်လည်း၊ တာအိုသင်္ကေတများက အနည်းငယ်ဆင်တူနေပြီး ဖုံးကွယ်လှုပ်ရှားခြင်းတွင်အဓိကကျပေ၏။
သူ၏မြင်းမြီးယပ်က အဆက်မပြတ်ဝှေ့ယမ်းနေပြီး၊ အချိန်တိုအတွင်းတော့ သူ၏နေရာကို ထိန်းထားနိုင်ခဲ့သည်။
သို့သော် မဟာလွတ်လပ်ခြင်းဗောဓိသတ္တကို ကြည့်လိုက်ရာ၊ ၎င်း၏တိုက်ခိုက်မှုများက အစောပိုင်းက ချီယွင်ကျစ်ကဲ့သို့ပင် အသက်ကိုလောင်းကြေးထပ်ထားခြင်း ဖြစ်သည်။
လင်းရွှီကျစ်၏ ရင်ထဲတွင် အတိုင်းမသိ နာကျင်နေခဲ့၏။
ဤအချိန်တိုလေးအတွင်း၊ သူသုံးစွဲခဲ့သော ကပ်ဘေးစွမ်းအားက တာအို ခန္ဓာကိုယ်တစ်ခုကို ပြန်လည် ပုံဖော်ရန်လုံလောက်နေပြီဖြစ်သည်။
သို့သော် သူအာရုံလွင့်သွားသည့် အခိုက်အတန့်တွင်၊ မဟာလွတ်လပ်ခြင်းဗောဓိသတ္တက ထိုအခွင့်အရေးကိုအသုံးချကာ အကာအကွယ်များကို တိုက်ရိုက်ချိုးဖျက်သွားခဲ့၏။
ထို့နောက်ကြီးမားသော လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်ရာ၊ ရွှေရောင်မြစ်တစ်ခုက ၎င်းကို အောက်သို့ဆွဲချသွား၏။
ဂျွတ်..
လင်းရွှီကျစ်က အနေရခက်စွာ ရှောင်တိမ်းရန် ကြိုးစားခဲ့သော်လည်း၊ ခေါင်းမော့ရုံသာရှိသေးချိန်တွင် သူ၏လက်မောင်းတစ်ဝက်ကို ဗောဓိသတ္တက ဆုတ်ဖြဲသွားပြီး၊ထို့နောက် လက်သီးတစ်ချက်ဖြင့် သူ၏မျက်လုံးသူငယ်အိမ်ကို ထိုးခွဲပစ်လိုက်သည်။
ဤအဖြစ်ဆိုးမြင်ကွင်းက မသေမျိုးသုံးပါးဂိုဏ်းမှ တပည့်များစွာကို သနားဂရုဏာဖြင့် မျက်နှာလွှဲသွားစေခဲ့၏။
သို့သော် ဗောဓိဂိုဏ်းမှ တပည့်များက အေးစက်သောအပြုံးများဖြင့်သာ ကြည့်နေကြသည်။
ကျောက်စိမ်းဟင်းလင်းပြင်စကြာဝဠာကဲ့သို့သော တပည့်တစ်ဦးကို မွေးထုတ်ပေးနိုင်ခဲ့သော်လည်း မိမိကိုယ်တိုင်က ဤမျှသနားစရာကောင်းနေခြင်းမှာ ရယ်စရာတစ်ခုဖြစ်နေသည်။
"တော်တော့"
လင်းရွှီကျစ်က စူးရှစွာကြိမ်းမောင်းလိုက်၏။ သူက သနားစရာကောင်းပုံရသော်လည်း၊ အမှန်တကယ်တွင်မျက်နှာချင်းဆိုင်ရှိ မဟာလွတ်လပ်ခြင်း ဗောဓိသတ္တက သူ၏ဓမ္မခန္ဓာကို မြင်းမြီးယပ်မှ ငွေရောင်အမျှင်သောင်းချီဖြင့် ထိုးဖောက်ခံထားရပြီး၊သူ့နည်းတူ ကပ်ဘေးစွမ်းအားများစွာကုန်ခန်းနေခဲ့သည်။
၎င်းမှာ ရှင်းလင်းစွာပင် နှစ်ဦးစလုံး နစ်နာသည့် အခြေအနေတစ်ခုဖြစ်သည်။
ပုံမှန်အကြောင်းပြချက်အရဆိုလျှင် ဤအခြေအနေအထိ ရောက်လာမည် မဟုတ်ပေ။ ၎င်းမှာ ရှန်းယီ၏ အပြစ်ကြောင့်ဖြစ်သည်။
သူက ရှင်းပြရန် ပါးစပ်ဟလိုက်သော်လည်း၊ သူ၏အရှေ့ရှိ ဘုန်းကြီးမှာ အေးစက်သော အမူအရာရှိနေပြီး သူပြောချင်သောအရာကို လုံးဝ စိတ်မဝင်စားကြောင်း တွေ့လိုက်ရ၏။
သူ ထွက်ပြေးရန် ပြင်လိုက်ချိန်မှာပင်၊ ထို ကြီးမားသောလက်များဖြင့် နောက်တစ်ကြိမ် ဖမ်းဆုပ်ခံလိုက်ရ၏။
ပြီးသွားပြီ...
လင်းရွှီကျစ်၏ မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင် တစ်ခုပေါ်လာခဲ့သည်။ ကောင်းကင်တာအိုသို့ ပြန်လည်ပို့ဆောင်ခံရမည့် မသေမျိုးသုံးပါးဂိုဏ်း၏ ပထမဆုံး ရွှေမသေမျိုးက သူ အမှန်တကယ်ဖြစ်သွားတော့မည်လော။
ဤကဲ့သို့ အဆုံးသတ်သွားခြင်းက အလဟဿ ဖြုန်းတီးလိုက်ရသော ကပ်ဘေးစွမ်းအားကို ထည့်မစဉ်းစားလျှင်ပင်၊ ဂိုဏ်းချုပ်၏ ရင်ထဲတွင် သူ၏ ရပ်တည်ချက်အားလုံးကို ဆုံးရှုံးသွားစေမည် ဖြစ်သည်။
"မင်းက ကိုယ့်ဆရာရဲ့အသက်ကို ဂရုမစိုက်ဘဲ အဲဒီ လူအိုကြီးကိုကယ်တင်ခဲ့တယ်၊ မင်းလို ကျေးဇူးကန်းတဲ့ ကောင်မျိုးကို ပြုစုပျိုးထောင်ရတာ ဘာအသုံးကျလို့လဲ"
သူက သူ၏နောက်ဆုံး ခွန်အားကို အသုံးပြု၍ လှည့်ကာ ဒေါသတကြီးအော်ဟစ်လိုက်သော်လည်း၊ စောစောကလှံကြီး တစ်လက်ဖြင့် ချီယွင်ကျစ်ကို ကယ်တင်ခဲ့သော ရှန်းယီက ယခုအခါ အစစ်အမှန်အရှင် ရွှမ်ဝေ့ နှင့် အခြားသူများ၏ အနောက်တွင် အတင်းအကျပ်တားဆီးခံထားရသည်ကို တွေ့လိုက်ရ၏။
ဤစကားများကို ကြားသောအခါ၊ ယခင်က သနားဂရုဏာအနည်းငယ်ခံစားခဲ့ရသော မသေမျိုး တပည့်များစွာပင်လျှင် မျက်မှောင်ကြုတ်ကာ နောက်သို့ လှည့်သွားကြ၏။
အချိန်အတော်ကြာကတည်းက၊ သူတို့က လင်းရွှီ မသေမျိုး အပေါ်နာကြည်းချက်များ သိမ်းဆည်းထားခဲ့ကြပြီးဖြစ်သည်။ ရှန်းယီလုံးဝ ဖိနှိပ်ခံနေရချိန်တွင်၊ ဝင်ရောက်စွက်ဖက်ခဲ့သူများမှာ စီနီယာများဖြစ်သော အစစ်အမှန်အရှင်ရွှမ်ဝေ့ နှင့် ချီယွင်ကျစ်တို့သာဖြစ်သည်။
မုန်တိုင်းဒဏ်မှ သူ့ကိုကာကွယ်ပေးသင့်သော ဆရာဖြစ်သူမှာမူ ခေါင်းငုံ့ထားပြီး လုံးဝမမြင်ဟန်ဆောင်နေခဲ့၏။
ယခုအခါ၊ ဂိုဏ်းနှစ်ခုကြားလေထုမှာ အလွန် အရေးကြီးနေပြီဖြစ်သော်လည်း၊ သူက ကပ်ဘေးစွမ်းအားများကို နှမြောနေဆဲဖြစ်ကာ၊ မသေမျိုး ဂုဏ်သိက္ခာကိုဆုံးရှုံးရုံသာမက မသေမျိုးသုံးပါးဂိုဏ်းအတွက် တိုက်ပွဲပေါင်း ယဆယ်ပွဲကျော် ဆက်တိုက် တိုက်ခိုက်ပေးခဲ့သော သူ၏တပည့်ကိုပင် အပြစ်တင်နေသေးသည်လော။
"စိတ်လိုက်မာန်ပါ မလုပ်နဲ့"
မူလက ရှန်းယီ၏ အရှေ့တွင် ရပ်နေသော အစစ်အမှန်အရှင် ရွှမ်ဝေ့က ၎င်းကို ကြားသောအခါ၊ လူငယ်လေးကို တားဆီးရန် လက်ကို လှမ်းဆွဲလိုက်ရုံသာ ပြုလုပ်ခဲ့သည်။
သူ၏မျက်လုံးများ အေးစက်သွားပြီး၊ လင်းရွှီကျစ် အပေါ်တင်းကျပ်စွာ အာရုံစိုက်လိုက်၏။
အခြားရွှေမသေမျိုးများ ကျဆုံးသွားလျှင်ပင်၊ သူတို့က ကောင်းကင်တာအိုထံသို့သာ ပြန်သွားရမည်ဖြစ်ကြောင်း ယခုအခါဂိုဏ်းဝင်အားလုံး သိကြသည်။ သို့သော် မသေမျိုးကတိသစ္စာပြုလုပ်ထားသော ရှန်းယီမှာမူ အကယ်၍အိပ်စက်ခြင်းသို့ ရောက်ရှိသွားပြီး မသေမျိုးဧကရာဇ်အဖြစ်သို့ တက်လှမ်းရန် အခွင့်အရေးဆုံးရှုံးသွားပါက၊ သူက အမှန်တကယ် ပျက်စီးသွားပါလိမ့်မည်။
ရှန်းယီ နှင့် မရင်းနှီးသော ထိုဂိုဏ်းတူ ညီအစ်ကိုများပင်လျှင် သူ့ကို မလှုပ်ရှားရန်တားဆီးဖို့ အသင့်ဖြစ်နေကြသော်လည်း၊ ဤလင်းရွှီလူအိုကြီးက ကောင်းကင်တာအိုထံ ပြန်လည်ပို့ဆောင်မခံရစေရန် သူ့ကို ရန်စနေသေး၏။
"မင်းတို့..."
လင်းရွှီကျစ်က လူတိုင်း၏ဂရုမစိုက်သော အကြည့်ကို ကြည့်လိုက်ရာ၊ ရုတ်တရက် သူ၏ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားသလို ခံစားလိုက်ရသည်။ ဤ မသေမျိုးများ အားလုံးက သူ၏အိပ်စက်ခြင်းကို မျှော်လင့်နေကြပြီး သူ့ကို ဂိုဏ်းဝင်တစ်ဦးအဖြစ် မသတ်မှတ်ကြပေ။
ဤအကြောင်းကို တွေးမိသောအခါ၊ လူအိုကြီးက ဆက်လက် တုံ့ဆိုင်းမနေတော့ဘဲ၊ ဧကရာဇ်နှစ်ပါးကို ကြည့်ရန်ခေါင်းကို စိတ်လှုပ်ရှားစွာမော့လိုက်ပြီး အော်ဟစ်လိုက်၏။ "ကျုပ် အရှုံးပေးပါတယ်.."
သို့သော် လင်းရွှီကျစ်ကို ချမ်းစိမ့်သွားစေသောအရာမှာ အရှေ့ဘက်အစွန်း ဧကရာဇ်က သူ့ကို ခံစားချက်ကင်းမဲ့စွာတစ်ချက်သာကြည့်လိုက်ပြီး၊ မည်သည့် တုံ့ပြန်မှုမျှမပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းအစား သူက အင်္ကျီလက်စကို ဝှေ့ယမ်းကာ၊ အစစ်အမှန်အရှင်ရွှမ်ဝေ့အား ရှန်းယီကို ထိန်းချုပ်ရန်ကူညီပေးဖို့ မိုးပြာရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်၏။
ယခုအခါ ဂိုဏ်းတူများစွာ၏ယုံကြည်မှုကို ရရှိထားသော ထိပ်တန်းတပည့်က၊ အနာဂတ်တွင် အရှေ့ဘက်အစွန်း ဧကရာဇ် စံအိမ်တော်သို့ ဝင်ရောက်ရန် သတ်မှတ်ခံထားရသည်။ ထိုကဲ့သို့သော အခြေအနေများအောက်တွင်၊ သူ၏မူလ ဆရာက အတော်လေးအဟန့်အတားဖြစ်နေပုံရကာ၊ အချိန်အတန်ကြာအိပ်စက်နေခြင်းက ပိုကောင်းပေလိမ့်မည်။
မျက်တောင်တစ်ခတ်အတွင်း၊ မဟာလွတ်လပ်ခြင်း ဗောဓိသတ္တက လင်းရွှီကျစ်၏ ခန္ဓာကိုယ် ပတ်လည်ရှိ အကာအကွယ်များကို ချေမှုန်းပစ်လိုက်ပြီ ဖြစ်သည်။ ၎င်းက ရုတ်တရက်ခွန်အားတိုးမြင့်ကာ လူအိုကြီးကို သူ၏သာမန် တာအို ဝတ်ရုံနှင့်အတူ နှစ်ပိုင်းပိုင်းပစ်လိုက်၏။
ခန်းမဆောင်အတွင်း ပဲ့တင်ထပ်သွားသော နာကျင်စွာ အော်ဟစ်သံနှင့်အတူ၊ သွေးရည်ကြည်များဖြင့် ရွှဲနှစ်နေသောဘုန်းကြီးက သူ၏လက်ထဲရှိ အလောင်းကို ပေါ့ပေါ့ပါးပါးလွှင့်ပစ်လိုက်ပြီး၊ ထို့နောက် လင်းရွှီကျစ်၏ မျက်လုံးပြူးနေသော မျက်နှာကို သူ၏ခြေဗလာဖြင့် နင်းချေကာ၊ ဦးခေါင်းခွံကို တစ်စစီချေမွပစ်လိုက်သည်။
ထိုသို့လုပ်ဆောင်နေစဉ်၊ သူက ခေါင်းကိုမော့လိုက်ပြီး၊ အရှေ့တွင်ရပ်နေသော ပုံရိပ်အများအပြားကို ဖြတ်၍ ထိုင်နေသောလူငယ်လေးဆီသို့ စူးစိုက်ကြည့်လိုက်၏။
ခဏအကြာတွင်၊ ဘုန်းကြီး၏နှုတ်ခမ်းများက အေးစက်သောအပြုံးတစ်ခုအဖြစ် ကွေးတက်သွားပါသည်။
ကျောက်စိမ်းဟင်းလင်းပြင်စကြာဝဠာ၏ မာနထောင်လွှားမှုဖြင့်၊ ဤလူများက သူ့ကိုမည်မျှကြာအောင် ဟန့်တားထားနိုင်မည်နည်း။
"..."
ရှန်းယီ၏ ပခုံးများကို အစစ်အမှန်အရှင်ရွှမ်ဝေ့ နှင့် ချီယွင်ကျစ်တို့က ကိုင်ထားသလို၊ သူ၏ခန္ဓာကိုယ်ကို အရှေ့ဘက်အစွန်း ဧကရာဇ်၏ မိုးပြာရောင် အလင်းတန်းဖြင့်လည်း ဖိနှိပ်ထားခဲ့သည်။
သူက အရှေ့သို့ဗလာအကြည့်ဖြင့်စိုက်ကြည့်နေပြီး၊ အဆစ်များထင်ရှားနေသော သူ၏လက်ချောင်းများက အသက်မဲ့ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။
အချိန်အတော်ကြာတိတ်ဆိတ်သွားပြီးနောက်၊ ရှန်းယီက သူ၏မျက်လုံးများကို နောက်တစ်ကြိမ် မှိတ်ထားလိုက်၏။
ဤသိမ်မွေ့သော လုပ်ရပ်က မသေမျိုးသုံးပါးဂိုဏ်း အဖွဲ့ဝင်အားလုံးကို သက်ပြင်းချကာ စိတ်အေးသွားစေခဲ့သည်။ ရှန်းယီက ဤဘုန်းကြီးအုပ်စု၏ရန်စမှုကိုခံရမည်ကို သူတို့ အမှန်တကယ် စိုးရိမ်ခဲ့ကြ၏။
ယခုအခါ၊ကျောက်စိမ်းဟင်းလင်းပြင်စကြာဝဠာအစစ်အမှန်အရှင်က မသေမျိုးသုံးပါးဂိုဏ်း အတွင်း ဂုဏ်ယူစရာဖြစ်နေပြီး၊ သူ၏အဆင့်အတန်းက အစစ်အမှန်အရှင်ရွှမ်ဝေ့ ကိုပင် ကျော်လွန်ကာ၊ ရွှေမသေမျိုးဆယ့်နှစ်ပါး အကြား ခေါင်းဆောင်တစ်ဦး၏အငွေ့အသက် အနည်းငယ် ရှိနေပြီ ဖြစ်သည်။
ပြောစမှတ်ပြုကြသကဲ့သို့ပင်။ ပိုမြင့်မားလေ အကျနာလေဖြစ်ရာ မသေမျိုးများအတွက်ပင် ထိုနည်းတူဖြစ်သည်။ အကယ်၍ သူကျဆုံးသွားပါက၊ မသေမျိုးများ၏စိတ်ဓာတ်က သေချာပေါက်ကျဆင်းသွားပါလိမ့်မည်။