အခန်း ၁၃၇၀
Vol. 137 Ch. 1370
အခန်း (၁၃၇၀) ဧကရာဇ်လား ငါ ဘယ်တုန်းက ဧကရာဇ်ကို သိဖူးလို့လဲ
ရွှေမသေမျိုးများက လမ်းဖယ်ပေးလိုက်ပြီး၊ အရှေ့ဆုံးနေရာကို အလွတ်ထားကာ၊ အနက်ရောင်တာအိုဝတ်ရုံ နှင့် ပုံရိပ်ဆီသို့ အားလုံး ကြည့်လိုက်ကြ၏။
မဟာ ကပ်ဘေးကြီးမတိုင်မီက၊ ဂူ၇၂ ခုမှ ရွှေမသေမျိုးများအကြားတွင် အဆင့်အတန်းအရ ကြီးမားသော ကွာခြားချက်မရှိခဲ့ပေ။ ဒုတိယအဆင့်သို့ မည်သူစောစီးစွာရောက်ရှိခဲ့သနည်းဆိုသည့်အပေါ်တွင်သာ မူတည်ပြီးပိုမိုနက်ရှိုင်းသော အရည်အချင်းများရှိခြင်းသာကွားခြား၏။
ဂိုဏ်းချုပ်ထံမှ မျက်နှာသာပေးမှုနှင့် အာရုံစိုက်မှုကို ပိုမိုရရှိသူက ပိုမိုလေးစားခံရခြင်းသာရှိသည်။
သို့သော်၊ ဂိုဏ်းချုပ်က ရွှေမသေမျိုးဆယ့်နှစ်ပါး ကို ရွေးချယ်ရန်စိတ်ကူးရခဲ့ချိန်မှစ၍၊ အဆင့်အတန်းကွဲပြားမှုများက သိသာထင်ရှားစွာ သတ်မှတ်လာခဲ့၏။
ထို့အတူ ဤအရှေ့ပိုင်းတိုက်ကြီးသို့ ခရီးစဉ်အတွင်း၊ စိတ်ကူးမယဉ်နိုင်လောက်အောင် မြန်ဆန်သောနှုန်းဖြင့် ဆက်တိုက်ခုန်ပျံကျော်လွှားမှုနှစ်ခုကိုအောင်မြင်ခဲ့သော ကျင့်ကြံသူတစ်ဦး ရှိခဲ့သည်။
သူ၏ပထမဆုံး ယှဉ်ပြိုင်မှုနှင့်အတူ၊ သူက ရွှေမသေမျိုးဆယ့်နှစ်ပါးအကြား သူ၏နေရာကို သေချာစေခဲ့သည်။
၎င်းမှာကန့်သတ်ချက်ဟု လူတိုင်းထင်မှတ်ထားခဲ့ချိန်တွင်၊ ဒုတိယ အကြိမ်ပြန်လည်စတင်ခဲ့၏။ ဤလူငယ် ပုံရိပ်၏အံ့မခန်း ပါရမီနှင့် မျက်စိကျိန်းမတတ်စွမ်းဆောင်ရည်က အစစ်အမှန်အရှင်ရွှမ်ဝေ့ကဲ့သို့သော အကြီးအကဲများ အကြား ရွှေမသေမျိုး ဆယ့်နှစ်ပါး၏ ခေါင်းဆောင်နေရာ အတွက် ယှဉ်ပြိုင်ရန် အရည်အချင်းကိုရရှိစေခဲ့သည်။
မသေမျိုးများ အားလုံး၏ခေါင်းဆောင်၊ ဂိုဏ်းချုပ်များပြီးလျှင် ဒုတိယလိုက်သောသူဖြစ်သည်။
အစစ်အမှန်အရှင် ရွှမ်ဝေ့က တိတ်ဆိတ်စွာရပ်နေပြီး၊ သူ၏ရပ်တည်ချက်ကို ပြသရန်ဘေးသို့ ဖယ်ပေးလိုက်၏။
၎င်းမှာ သူ၏ကိုယ်ပိုင် ခွန်အားက ရှန်းယီထက် နိမ့်ကျသည်ဟု သူ ထင်သောကြောင့် မဟုတ်ဘဲ၊ ဤနေရာက မသေမျိုးသုံးပါးဂိုဏ်းတစ်ခုလုံးက သူ့ကို အကြွေးတင်နေသောကြောင့်ဖြစ်သည်။
ဂျူနီယာက ကြောက်ရွံ့မှုကင်းစွာထွက်ပေါ်လာသည့် အခိုက်အတန့်တွင်၊ သူက မသေမျိုးများအတွက် တရားမျှတသောဒေါသကို ထုတ်ဖော်ပေးခဲ့ရုံသာမက၊ မသေမျိုးသုံးပါးဂိုဏ်းအတွက် ကြီးမားလှသောအားသာချက်ကိုလည်း ခိုင်မာစေခဲ့၏။ သို့သော် သူတို့လူအိုကြီးများက သူ့ကို မသေမျိုးဧကရာဇ်ဘွဲ့ ရရှိရန်ပင် မကူညီနိုင်ခဲ့ကြသေးပေ။
သေချာပေါက်၊ဤအလျှော့ပေးမှုက နောက်ဆုံးတွင်အဓိပ္ပာယ်မဲ့ကြောင်း လူတိုင်း သိရှိထားကြ၏။
အဘယ်ကြောင့်ဆိုသော် အသိအမှတ်ပြုခံထားရသော မသေမျိုးများအားလုံး၏ဤခေါင်းဆောင်က... သေဆုံးတော့မည် ဖြစ်သောကြောင့်ပင်။
ဘုန်းကြီးများက အနက်ရောင်တာအိုဝတ်ရုံပိုင်ရှင်ကို မည်သည့်တန်ဖိုးပေးရပေးရ တည်ရှိမှုမှ ဖယ်ရှားပစ်ရန် ရည်ရွယ်ချက်များဖြင့်ပြည့်နှက်နေသောတူညီသည့် အကြည့်များကို ဖလှယ်နေကြ၏။
အခြားသူများ၏မျက်နှာပေါ်ရှိ ရှုပ်ထွေးသော အမူအရာများနှင့် နှိုင်းယှဉ်ပါက၊ ရှန်းယီက အမြဲတစေတည်ငြိမ်ပြီး အေးချမ်းနေဆဲဖြစ်သည်။ သူက တည်ငြိမ်သောအမူအရာဖြင့် မြင့်မားလှသော ပလ္လင်ရှေ့ဆီသို့ ထွက်လာခဲ့သည်။
"ဟက်။"
၎င်းကို မြင်သောအခါ အရှေ့ဘက်အစွန်း ဧကရာဇ်က ရုတ်တရက်ရယ်မောလိုက်၏။ သူက ဤကဲ့သို့ ဉာဏ်ကောင်းသော လူများကိုသဘောကျပါသည်။
သူမကြောက်ရွံ့သောကြောင့် တည်ငြိမ်နေခြင်း ဖြစ်သည်။ မကြောက်ရွံ့ခြင်းမှာ ဤလူငယ်လေးက အရှေ့တွင်အချိုးအကွေ့ တစ်ခုရှိနေသေးကြောင်း သိထားသောကြောင့်ဖြစ်သည်။
ထို့အတူ ထိုအချိုးအကွေ့မှာ သူကိုယ်တိုင်ပင်။
"အဟမ်း။"
ထို့ကြောင့် အရှေ့ဘက်အစွန်း ဧကရာဇ်က သူ၏ဝတ်ရုံကို ညင်သာစွာချိန်ညှိလိုက်ပြီး၊ တည်ကြည်သောအမူအရာဖြင့် ပိုမိုမတ်မတ်ထိုင်ကာ၊ လူငယ်လေး၏တက်ကြွစွာ သစ္စာခံမှုကို စောင့်ဆိုင်းနေလိုက်၏။
ဤလောကတွင် မည်သည့်အရာမျှ တကယ်တမ်း ကံကြမ္မာက သတ်မှတ်ထားခြင်း မရှိပေ။ ၎င်းမှာ လုံလောက်သော တန်ဖိုးတစ်ခုပေးဆပ်ရန်ကိစ္စသာ ဖြစ်သည်။
ရှန်းယီကို မသေမျိုးဧကရာဇ် ဖြစ်စေရန် ကြီးမားသော တန်ဖိုးတစ်ခုပေးဆပ်ရနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဘုန်းကြီးများ၏နာကြည်းချက်များကို ငြိမ်သက်သွားစေရန်မှာ လွယ်ကူသော ကိစ္စမဟုတ်သောကြောင့်ပင်။
သို့သော် အရှေ့ဘက်အစွန်း ဧကရာဇ်က ယုံကြည်မှု ရှိပါသည်။
သူတတ်နိုင်သောကြောင့်ပင်။
ဧကရာဇ် စံအိမ်တော်တစ်ခုတည်းဖြင့် မလုံလောက်လျှင်ပင် ရှန်းယီအတွက် အခြားဂိုဏ်းချုပ် များနှင့် ဧကရာဇ်များကို စည်းရုံးရန် သူ့တွင်ဆန္ဒရှိသည်။
"..."
ဟိုထူဧကရီက သူမ၏ပြေပြစ်သော မျက်လုံးများထဲတွင် ရှုပ်ထွေးမှုအနည်းငယ်ဖြင့် ခန်းမဆောင်ဆီသို့ လှမ်းကြည့်လိုက်၏။
မည်သို့သောသဘာဝရှိစေကာမူ ထိုနေရာတွင် ထိုင်မည့်သူမှာ သိပ်ပြီးကွာခြားမည် မဟုတ်ကြောင်း သူမ တစ်ကြိမ်က ပြောခဲ့ဖူး၏။ သူတို့က ဂိုဏ်းနှစ်ခုစလုံး၏သံကြိုးများဖြင့် ချည်နှောင်ခံထားရသော ရုပ်သေးရုပ်များသာ ဖြစ်ကောင်းဖြစ်နိုင်လိမ့်မည်။
ရှန်းယီကွာခြားနိုင်သည်ဟု ခံစားရသဖြင့်၊ သူမက သူ့ကို တစ်ကြိမ်သတိပေးခဲ့ဖူး၏။ ယခု ကြည့်ရသည်မှာ သူကအမှန်တကယ်ပင်ကွာခြားပါသည်။
ထိုနေရာတွင် မထိုင်ရသေးမီမှာပင် သူက သံကြိုးများဖြင့် ချည်နှောင်ခံထားရပြီးဖြစ်သည်။
အရှေ့ဘက်အစွန်း ဧကရာဇ်ထံ သူ၏အသက်ကို မိမိဆန္ဒအလျောက် လွှဲပြောင်းပေးလိုက်ခြင်းဖြင့်၊ ယခုမှစ၍ ပြန်လည်လွှတ်မြောက်ရန် အခွင့်အရေး အားလုံးကို ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။
သူတို့၏သဘောတူညီချက်သက်သက်ကပင် ဂိုဏ်း ပဋိပက္ခကို ပြန်လည်ကုစား၍မရနိုင်သော အဆင့်အထိ ဆိုးရွားသွားစေခဲ့၏။ အကယ်၍ ရှန်းယီက အရှေ့ဘက်အစွန်း ဧကရာဇ် စံအိမ်တော်သို့ အမှန်တကယ် ဝင်ရောက်သွားပြီး၊ သူ၏လက်ထဲရှိ အာဏာရှင်ဓားတစ်လက် ဖြစ်လာပါက၊ လောကကြီးကို မည်မျှဖျက်ဆီးမည်နည်းဆိုသည်ကို မည်သူ သိနိုင်မည်နည်း။
ဟိုထူဧကရီက တိတ်တဆိတ်သက်ပြင်းချလိုက်ပြီး၊ မိုးကုတ်စက်ဝိုင်းဆီသို့ ပြန်လည် ငေးကြည့်နေလိုက်၏။
---
သူမ၏စိတ်ပျက်မှုနှင့် နှိုင်းယှဉ်ပါက၊ အခြား မသေမျိုးတပည့်များက အရှေ့ဘက်အစွန်း ဧကရာဇ်၏ညင်သာသော ချောင်းဟန့်သံကြောင့် လှုပ်ရှားသွားကြသည်။ သာမန်စကားများအရ နတ်ဘုရားငှက်တစ်ကောင်က နားခိုရန်သင့်လျော်သော သစ်ပင်ကို ရွေးချယ်တတ်သည်ဟု ဆိုကြ၏။
အစစ်အမှန်အရှင်ရွှမ်ဝေ့ နှင့် အခြားသူများက အရှေ့ဘက်အစွန်း ဧကရာဇ်က သစ်ပင်ကောင်း တစ်ပင်မဟုတ်ဟု ထင်မြင်ကြသော်လည်း၊ သူ၏ လွှမ်းမိုးနိုင်မှုမှာ ထင်ရှားနေသည်။
အကယ်၍ အမှန်တကယ် ရိုးသားမည်ဆိုပါက၊ သူက ယခုကဲ့သို့ဟန်ဆောင်နေမည့်အစား ဆွေးနွေးပွဲတွင် ရှေ့ထွက်လာသင့်သည်။ သို့သော် ဤအခြေအနေမျိုးတွင်၊ အကူအညီမဲ့နေခြင်းထက် အားကိုးစရာတစ်စုံတစ်ယောက်ရှိနေခြင်းက ပိုကောင်းပါသည်။
အားလုံးက ထို အနက်ရောင်တာအိုတ်ရုံပုံရိပ်ဆီသို့ ကြည့်လိုက်ကြ၏။
ထို့နောက် ခန်းမဆောင်ကြီးက ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
အရှေ့ဆုံးနေရာတွင် ရှန်းယီက လက်နှစ်ဖက်ကို ချထားလျက်ရပ်နေပြီး၊ မည်သည့်အရာမျှ မဖြစ်ပျက်ခဲ့သည့်အလား၊ နောက်ထပ် လှုပ်ရှားမှု မရှိဘဲ တည်ငြိမ်စွာ ရပ်နေခဲ့သည်။
များမကြာမီ လေထုက အနည်းငယ် အနေရခက်လာပါသည်။
အရှေ့ဘက်အစွန်း ဧကရာဇ်က ဂနာမငြိမ် ဖြစ်လာပုံရပြီး၊စိတ်မရှည်စွာဖြင့် မျက်မှောင်ကြုတ်လိုက်၏။
"ဘာစောင့်နေတာလဲ။"
"ဟင်။" ရှန်းယီက အနည်းငယ် ဇဝေဇဝါဖြစ်စွာဖြင့် ခေါင်းမော့လာပြီး၊ ခေတ္တမျှတွေးတောကာ နားမလည်စွာဖြင့် လက်ယှက်လိုက်၏။
"ဂျူနီယာက နားမလည်လို့ပါ၊ ကျေးဇူးပြုပြီး ဧကရာဇ် အလင်းပြပေးပါ။"
"..."
၎င်းကိုကြားသောအခါ အရှေ့ဘက်အစွန်း ဧကရာဇ်၏ မျက်နှာက ချက်ချင်းအေးစက်သွားပါသည်။ သူက လူငယ်လေး၏အပြစ်ကင်းဟန်ဆောင်နေသော အမူအရာကိုစိုက်ကြည့်လိုက်ရာ၊ မျက်ခွံများအနည်းငယ်တုန်လှုပ်လာပြီး နောက်ဆုံးတွင် တစ်ခုခုမှားယွင်းနေကြောင်း အာရုံခံမိလိုက်၏။
နားမလည်ဘူးလော။ အစောပိုင်စက ဤကောင်လေး ရွှင်ပျော်ဗုဒ္ဓ၏ကြာပန်းဖြင့် ဖိနှိပ်ခံရလုနီးပါး ဖြစ်ခဲ့ချိန်က၊ သူ့ကိုပြုံးပြနေစဉ် အဘယ်ကြောင့် နားမလည်ဘူးဆိုသည့်အကြောင်းမပြောခဲ့သနည်း။
တစ်ဖက်လူက သေလုမျောပါးလူတစ်ယောက် ဖြစ်နေပြီ ဖြစ်ပြီး၊ ဂိုဏ်းနှစ်ခုစလုံးကလည်း ဤကဲ့သို့အခြေအနေ ရောက်နေပြီဖြစ်သည်။ အရှေ့ဘက်အစွန်း ဧကရာဇ်က ဖုံးကွယ်ထားရန် မလိုအပ်တော့ဟုမြင်သဖြင့်၊ ဂိုဏ်းဝင်များစွာ၏အရှေ့တွင် အေးစက်စွာ ပြောလိုက်၏။
"မင်းရဲ့ကတိကို ဖောက်ဖျက်ဖို့ စီစဉ်နေတာလား။"
ဤအရာတွင် မသေမျိုးများက ဇဝေဇဝါဖြစ်သွားစေပြီး တပည့်များကထိတ်လန့်မှုဖြင့် ကြည့်လာကြ၏။
ဟိုထူဧကရီကလည်း အံ့အားသင့်သွားပြီး ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။ ထိုလူငယ်လေးက အတွေးနက်နေပြီး အရှေ့ဘက်အစွန်း ဧကရာဇ်၏မျက်လုံးများကို ရင်ဆိုင်လိုက်ကာ၊ခြိမ်းခြောက်မှုများကို မကြောက်ရွံ့ဘဲစူးစမ်းလိုစိတ်ဖြင့်ပြောလိုက်သည်ကိုသာ တွေ့လိုက်ရပါသည်။
"ရှန်းယီက ဧကရာဇ်ကို ဘာကတိပေးခဲ့လို့လဲ။"
ထိုစကားများ အဆုံးတွင်၊ အရှေ့ဘက်အစွန်း ဧကရာဇ်၏မျက်နှာ သိသိသာသာပြာနှမ်းသွားသည်ကို လူတိုင်းသတိပြုမိလိုက်ကြ၏။ ပထမအဆင့် ဧရာမပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်သော်လည်း၊ နာကြည်းချက်များဖြင့် စိတ်အနှောင့်အယှက်ဖြစ်နေကြောင်း ရှင်းလင်းနေသည်။
အခြားတစ်ဖက်တွင်မူ ရှန်းယီ၏အမူအရာများက နှိမ့်ချနေဆဲဖြစ်ပြီး၊ သူ၏စကားများက ယဉ်ကျေးနေသော်လည်း၊ သူကရင်းနှီးပြီးနောက် စိမ်းသက်ချင်ဟန်ဆောင်နေသည့် သူမနှင့် တူနေခဲ့၏။
မည်သည့်အရာများ မှားသွားခဲ့သနည်း။
အသက်အန္တရာယ်ကို အမှန်တကယ်ရင်ဆိုင်နေရသူမှာ မည်သူနည်း။ မသေမျိုးဧကရာဇ်ရာထူးကို တပ်မက်နေသူက မည်သူနည်း။
အစစ်အမှန်အရှင် ရွှမ်ဝေ့ပင်လျှင် ရှန်းယီ၏လုပ်ရပ်များကို သဲလွန်စမရှာနိုင်ခဲ့ပေ။ ဧကရာဇ်၏အာဏာကို စိန်ခေါ်ခြင်းက ခုခံကာကွယ်၍မရနိုင်သော ကိစ္စဖြစ်သည်။
အခြား ရွှေမသေမျိုးများကို အသာထား၊ အနာဂတ် ဆုံးရှုံးခြင်းက ဆိုးရွားနေပြီဖြစ်ရာ၊ ဧကရာဇ်ကို ရန်စခြင်းက အသက်ပင် သေဆုံးသွားနိုင်၏။
"မင်းရဲ့မှတ်ဉာဏ်က ချို့ယွင်းနေတယ်ဆိုရင်၊ မင်း ဒုက္ခမရောက်ရအောင် သေချာပြန်မှတ်မိဖို့ ဒီ ဧကရာဇ်က နောက်ဆုံးအခွင့်အရေးတစ်ခု ပေးလိုက်မယ်။"
အရှေ့ဘက်အစွန်း ဧကရာဇ်က သူ၏မျက်လုံးများကို မှိတ်လိုက်သည်။ ကောင်းကင်ဘုံ၏အုပ်ထိန်းသူများထဲမှ တစ်ဦးအနေဖြင့် သူက ဂျူနီယာ တစ်ဦးနှင့် အငြင်းပွားနေမည်မဟုတ်ပေ။
မျက်လုံးပြန်ဖွင့်လိုက်သောအခါ၊ ခံစားချက်ကင်းမဲ့မှုများသာ ကျန်ရှိနေပြီး၊ ရှန်းယီကိုကြည့်သော သူ၏အကြည့်က လူသေတစ်ဦးကို ကြည့်နေသည့်အလားပင်။
"ရှန်းယီရဲ့မှတ်ဉာဏ်က ညံ့တာမှန်ပါတယ်၊ ဒါပေမယ့် ဧကရာဇ်ရဲ့မှတ်ဉာဏ်ကလည်း သိပ်မကောင်းလှပါဘူး။"
လက်များကို အေးအေးလူလူချလိုက်ပြီး၊ ရှန်းယီက အမူအရာများကိုဖယ်ရှားလိုက်ကာ ပလ္လင်ပေါ်ရှိ ပုံရိပ်ကိုစူးစိုက်ကြည့်လိုက်၏။
"ဟိုတုန်းက ကောင်းကင်မျှော်စင်တောင်မှာ၊ ဒီရှန်း ရဲ့ကံကြမ္မာက ပါးလွှာပြီးအခက်အခဲတွေကို သဘောကျတယ်လို့ ကျွန်တော်ပြောခဲ့ဖူးတယ်။"
လေးစားမှု ရှိပုံရသော်လည်း သိမ်မွေ့စွာဖီဆန်နေခဲ့သည်။
အရှေ့ဘက်အစွန်း ဧကရာဇ်က နောက်ထပ် အခွင့်အရေးတစ်ခုကို ကြီးမြတ်စွာပေးသနားခဲ့ပြီး၊ လှုပ်ရှားခြင်းမှ ရှောင်ကြဉ်ခဲ့သည်။
ကောင်းကင်မျှော်စင်တောင်မှ အတိတ်ကတွေ့ဆုံမှုကဲ့သို့ ယခုအရှေ့ပိုင်းတိုက်ကြီးတွင် ထိုမြင်ကွင်း ပြန်လည်ထပ်မံဖြစ်ပွားနေခဲ့၏။
မသေမျိုးများ၏ခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားရသူ၊ကပ်ဘေးအတွင်း မသေမျိုးသုံးပါးဂိုဏ်းအတွက် အနှိုင်းမဲ့သော ဂုဏ်သိက္ခာဖြင့်တောက်ပခဲ့သူအတွက်၊ သူ၏ လေးစားခံရသော ဧကရာဇ်အဆင့်အတန်းဖြင့်ပင်လျှင် ဤလူငယ်လေးကို အပစ်ပေးရန် အမှန်တကယ်စွပ်စွဲချက်များ လိုအပ်နေပါသည်။
တပည့်များ အားလုံးတိတ်ဆိတ်သွားကြပြီး၊ အဖြစ်အပျက်အလှည့်အပြောင်းကို မည်သူမျှနားမလည်ကြသော်လည်း အရှေ့ဘက်အစွန်း ဧကရာဇ်၏အလွန်တရာအမျက်ဒေါသတကြီး ဖြစ်နေသည်ကို အာရုံခံမိကြ၏။
"အရမ်းကောင်းတယ်။"
အရှေ့ဘက်အစွန်း ဧကရာဇ်က အသက်ပြင်းပြင်း ရှူလိုက်ပြီး၊ ဒူးပေါ်ရှိလက်ချောင်းများ အနည်းငယ် တုန်ယင်သွားခဲ့သည်။
မသေမျိုးကတိသစ္စာရှိနေသော်လည်း ဤလူက သူ့ကိုအဘယ်ကြောင့်ဖီဆန်ရသနည်းဆိုသည်ကို သူ နားမလည်နိုင်သော်လည်း၊အကယ်၍ သူက သေချင်နေသည်ဆိုလျှင်၊ သေခိုင်းလိုက်ယုံပင်။
"ဒီဧကရာဇ်အသက်ရှင်နေသရွေ့။ အဲဒီနေရာကို မင်းဘယ်တော့မှ ရမှာ မဟုတ်ဘူး။"
သူ၏အေးစက်သော အသံက ခန်းမဆောင် အတွင်းပဲ့တင်ထပ်သွားပြီး၊ သူ၏ပုံရိပ်ကတောက်ပသွားကာ ပလ္လင်ပေါ်မှပျောက်ကွယ်သွားတော့သည်။
မသေမျိုးများက ကြောက်ရွံ့စွာဖြင့်ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြပြီး၊ ဇဝေဇဝါဖြစ်မှုများ လွှမ်းမိုးနေကြ၏။ ဂိုဏ်းချင်းရန်ငြိုးများမြင့်တက်နေချိန်တွင်၊ ဤဧကရာဇ်က လက်ရှောင်ကာဆုတ်ခွာသွားပြီး၊အရှေ့ပိုင်းတိုက်ကြီးမှ ထွက်ခွာကာ သူ၏တပည့်များကို နန်ဖျင်တွင် စွန့်ပစ်ခဲ့သည်လော။
မကြာမီတွင် သူတို့က အပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြပြီး အသက်ရှူမမှန်ဖြစ်လာခဲ့ကြ၏။
သူတို့၏တစ်ခုတည်းသော အားကိုးရာမှာမသေမျိုးဂိုဏ်းအပေါ် သိသိသာသာရန်လိုမှုများရှိနေသည့် ဟိုထူဧကရီသာ ဖြစ်လာခဲ့တော့သည်။
ဟိုထူဧကရီက စူးစမ်းသောအကြည့်များဖြင့် ဝန်းရံခံနေရသော ရှန်းယီ၏ကျောပြင်ကို တိတ်တဆိတ် စိုက်ကြည့်နေလိုက်၏။
သူမက လူတစ်ဦးကိုသုံးကြိမ်တိုင်တိုင် အကဲဖြတ် မှားယွင်းခဲ့ပြီဖြစ်သည်။