← Chapters

အခန်း ၁၂၁

Vol. 13 Ch. 121

အခန်း ၁၂၁

Vol. 13 Ch. 121

အခန်း (၁၂၁) ကွမ်ကျိုးသို့

လူနှင့်လူ ချင်းဆက်ဆံရာတွင် အမှန်တကယ်ပင် ရေစက်အပေါ်၌သာ တည်မှီနေပေသည်။

အချို့သူများသည် အချင်းချင်း သိကျွမ်းလာခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သော်လည်း သူငယ်ချင်းကောင်းဟူ၍ မခေါ်ဆိုနိုင်ကြချေ။ သို့သော်လည်း အချို့သူများကျပြန်တော့လည်း သိကျွမ်းရသည့် အချိန်ကာလမှာ ထိုမျှလောက် မရှည်ကြာလှသော်လည်း တကယ့်ကို အဆင်ပြေလှသည့် သူငယ်ချင်းကောင်းဟူ၍ ခေါ်ဆိုနိုင်ကြ၏။ ချန်ချင်းယွီနှင့် ချိုက်မင်မင်တို့မှာ ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်သည်။

သူတို့နှစ်ဦး၏ စိတ်နေသဘောထားမှာ အမှန်တကယ်ပင် မိုးနှင့်မြေလို ကွာခြားလှပေသည်။

ချန်ချင်းယွီသည် အပြင်ပန်းကြည့်လျှင် နုနယ်နွဲ့နှောင်းပြီး နွဲ့ဆိုးဆိုးနှင့် ကိုယ်ပိုင်ဆုံးဖြတ်ချက် မရှိသကဲ့သို့ ထင်ရသော်လည်း၊ သူမ၏ အတွင်းဓာတ်ခံထဲ၌မူ အလွန်ပင် ပြတ်သားမာထန်သော စိတ်ဓာတ် ရှိပေ၏။ ထို့ပြင် သူမ၏ မာထန်မှုနောက်ကွယ်တွင် အားကိုးအားထားပြုစရာ အစွမ်းအစလည်း ရှိနေသေးရာ၊ အမှန်တကယ်ပင် လက်ရဲဇာတ်ရဲ ရှိလှသော်လည်း သူတစ်ပါး ထိုအချက်ကို မသိရှိကြရုံမျှသာ ဖြစ်သည်။

ချိုက်မင်မင်သည်ကားကိုယ်လုံးကိုယ်ထည် ထွားကျိုင်းပြီး မြောက်ပိုင်းသူများ၏ ထုံးစံအတိုင်း အရပ်အမောင်း မြင့်မားကာ သန်မာထွားကြိုင်းလှ၏။ စရိုက်မှာလည်း တက်ကြွဖျတ်လတ်လှသော်လည်း အတွင်းစိတ်ထဲ၌မူ မိန်းမဝတ္တရားကို ထိန်းကျောင်းတတ်သော ရိုးရာအမျိုးသမီးကောင်းတစ်ဦး၏ စိတ်နေသဘောထားမျိုး ရှိပေသည်။

သူမနှင့် ချန်ချင်းယွီတို့ နှစ်ဦးစလုံးမှာ “အပြင်ပန်းနှင့် အတွင်းသန္တာန် မကိုက်ညီကြသူများ” ဖြစ်ကြပြီး၊ စိတ်နေသဘောထားချင်းလည်း အလွန်ပင် ကွာခြားလှသော်လည်း၊ နှစ်ဦးစလုံး၏ အတွေးအခေါ် အယူအဆချင်း တူညီကြသဖြင့် ဆက်ဆံရသည်မှာ အလွန်ပင် အဆင်ပြေလှ၏။ ယခုတစ်ကြိမ်တွင် ချန်ချင်းယွီ တောင်ပိုင်းသို့ သွားရောက်ရန် စိတ်ကူးထားရာ၊ သူမသည်လည်း ချက်ချင်းပင် မိမိ၏ လင်ဖြစ်သူအား ပြောပြခဲ့ပြီး စိုးရိမ်တကြီးဖြင့်

“ရှောင်ချန်က တစ်ယောက်တည်း ကြည့်လိုက်ရင် နုနုနယ်နယ်လေးနဲ့ကို... ရှင် ပြောကြည့်ဦး၊ အကယ်လို့ သူမ တစ်ယောက်တည်း သွားလို့ လမ်းမှာ တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ ကျွန်မ စိတ်ထဲမှာ တကယ့်ကို စိုးရိမ်ပြီး ဂဏာမငြိမ် ဖြစ်နေရတယ်”

မိမိ၏ လင်ဖြစ်သူ ဘာမျှ ပြန်မပြောရသေးခင်မှာပင် သူမ ဆက်တိုက်ဆိုသလို ရေရွတ်နေမိသည်။

“အမှန်တော့ သူမတို့အိမ်က လူနေမှုဘဝက တည်ငြိမ်နေတာပဲဥစ္စာ.. ကျွန်မတို့ ဝင်းကြီးထဲမှာ အချမ်းသာဆုံး မဟုတ်ရင်တောင် အတော်လေးကို အဆင်ပြေနေတာပဲဟာ၊ ဘာဖြစ်လို့ ဒီလောက်တောင် ပင်ပန်းခံချင်နေရတာလဲ မသိဘူး…လမ်းဘေးဈေးသည်လုပ်တာက ဘယ်လောက် လွယ်ကူမှာမို့လို့လဲ၊ ကြည့်ဦး... ရှောင်ထောင်းတို့တောင် သူတစ်ပါးရဲ့ မျက်နှာသာမပေးတဲ့ အကြည့်တွေကို ဘယ်လောက်တောင် ခံခဲ့ရလဲ”

ချိုက်မင်မင်သည် စိုးရိမ်ပူပန်စွာဖြင့် သက်ပြင်းချရင်း

“ဒါ့အပြင် တောင်ပိုင်းဆိုတာကလည်း သွားရလာရတာ ဘယ်လောက် လွယ်ကူမှာမို့လို့လဲ…လမ်းမှာ လူဆိုးတွေနဲ့ တွေ့ရင် ဘယ်လိုလုပ်မလဲ၊ ခရီးလမ်းကလည်း နည်းတာ မဟုတ်ဘူးလေ”

မာကျန်း : “ငါကြည့်ရသလောက်တော့ ရှောင်ချန်က တွက်ချက်တတ်တဲ့သူပဲ၊ စီစဉ်ထားပြီးပြီဆိုမှတော့ ဘာမှ ပြဿနာရှိမှာ မဟုတ်ပါဘူး”

သူသည် မိမိ၏ ဇနီးဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီး

“မင်းကလည်း ရှောင်ချန်ကို နုနုနယ်နယ်လေးလို့ပဲ အမြဲ မတွေးနေနဲ့ဦး၊ ငါကတော့ သူမက လွယ်လွယ်နဲ့ ရန်စလို့ရတဲ့သူ မဟုတ်ဘူးလို့ ထင်တယ်”

အခြားသူများနှင့် နှိုင်းယှဉ်လျှင် မာကျန်းသည် ချန်ချင်းယွီမှာ ခြေစခေါင်းဆုံး အပြင်ပန်းကြည့်ရသကဲ့သို့ ရိုးရှင်းသူတစ်ဦး မဟုတ်ကြောင်း ခိုင်မာစွာ ယူဆထားသူ ဖြစ်သည်။ သို့သော်လည်း ချန်ချင်းယွီမှာ မုဆိုးမတစ်ဦး ဖြစ်နေပြီး၊ သူသည် ယောကျာ်းရင့်မကြီး ဖြစ်နေသဖြင့် သူတစ်ပါးအကြောင်းကို အမြဲတမ်း လျှောက်ပြောနေပါက သူမအပေါ် အလွန်အမင်း အာရုံစိုက်နေသကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်သဖြင့်၊ ဤကဲ့သို့သော အခြေအနေမျိုးကို ရှောင်ရှားရန် သူ ကောင်းစွာ နားလည်ထားပေသည်။

ထို့ကြောင့်ပင် ချိုက်မင်မင်နှင့် ချန်ချင်းယွီတို့ ဆက်ဆံရေး ကောင်းမွန်လှသော်လည်း၊ သူသည် အနားသို့ သိပ်မကပ်သကဲ့သို့ ချန်ချင်းယွီ၏ အတင်းအဖျင်း စကားများကိုလည်း ပြောခဲလှ၏။

ယခုအခါတွင်မူ မိမိ၏ ဇနီးဖြစ်သူ အလွန်အမင်း စိုးရိမ်ပူပန်နေသည်ကို မြင်ရသဖြင့်သာ စကားစပြုလိုက်ခြင်း ဖြစ်သည်။

“မင်းလည်း စိုးရိမ်မနေပါနဲ့၊ လမ်းစအသစ်တစ်ခု ရှာဖွေတာလည်း မကောင်းတာ မရှိပါဘူး… ငါ နှစ်မကုန်ခင်တုန်းက ချန်းမန်ကို နှစ်သစ်ကူး ပစ္စည်းသွားဝယ်တော့ လမ်းဘေးမှာ ပစ္စည်းရောင်းနေတဲ့သူတွေ အများကြီး တွေ့ခဲ့ရတယ်၊ ကြည့်ရတာ ငွေရှာရတာလည်း မကောင်းတာ မရှိပါဘူး”

“ဒါက ဘယ်လိုလုပ်ပြီး တူပါ့မလဲ… ရှောင်ချန်က မိန်းကလေးတစ်ယောက်ပဲဥစ္စာ၊ ဟို ယောကျာ်းကြီးတွေနဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်လို့ ရမှာလဲ”

မာကျန်း သဘောကျစွာ ပြုံးလိုက်ပြီး

“ဒါဆို မင်းက ဘယ်လို စိတ်ကူးထားလို့လဲ”

ချိုက်မင်မင်သည် တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် တွေဝေနေပြီးနောက်

“ရှင်ပြောကြည့်ဦး... ကျွန်မ ရှောင်ချန်နဲ့ အတူတူ သွားရင် ဖြစ်မလား”

မာကျန်းသည် ချက်ချင်းပင် မျက်လုံးအစုံ ပြူးကျယ်သွားရကာ မိမိ၏ ဇနီးဖြစ်သူကို မယုံကြည်နိုင်သည့်အလား စိုက်ကြည့်မိတော့သည်။

ချိုက်မင်မင် : “ကျွန်မ တကယ် စိတ်မချလို့ပါ… သူက ကျွန်မရဲ့ သူငယ်ချင်းပဲဟာ… ကျွန်မ သူနဲ့ အတူတူ သွားရင် အချင်းချင်းလည်း စောင့်ရှောက်လို့ ရတာပေါ့”

“မင်းကတော့ တကယ့်ကို တော်ပါပေတယ်”

မာကျန်း မချီးကျူးဘဲ မနေနိုင်တော့ပေ။ အမှန်ပင် ဩချရလောက်ပါဘိ…

သို့သော်လည်း မာကျန်းသည် ဤဝင်းကြီးထဲတွင် ရှားပါးလှသော ယောကျာ်းကောင်းတစ်ဦး ဖြစ်သည့်အတိုင်း ခေတ္တမျှ တွေဝေသွားပြီးနောက်

“ငါက မင်းကို တားချင်လို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ မင်းကလည်း မိန်းကလေးတစ်ယောက် ဖြစ်နေတဲ့အပြင် စရိုက်ကလည်း ရိုးအအနဲ့ဆိုတော့ ငါက ဘယ်လိုလုပ် စိတ်ချနိုင်မှာလဲ”

“ကျွန်မတို့က နှစ်ယောက်သွားမှာပဲဟာ... ဘယ်လိုပဲဖြစ်ဖြစ် ပိုပြီး အဆင်ပြေမှာပါ”

ချိုက်မင်မင် : “ရှင်ကျွန်မကို သဘောတူပေးလိုက်ပါနော်… ပထမအချက်က ကျွန်မ ရှောင်ချန်ကို စိတ်မချလို့၊ ဒုတိယအချက်ကတော့ အပြင်ထွက်ပြီး ကမ္ဘာကြီးကို ဗဟုသုတအဖြစ် သွားကြည့်ချင်လို့ပါ”

“ကျွန်မသာ ဒါကို အမှီပြုပြီး ငွေရှာနိုင်ရင် တကယ် ကောင်းမှာပဲ မဟုတ်လား… အိမ်အတွက်လည်း ငွေကြေး ပိုပြီး လောက်ငှသွားတာပေါ့၊ ကျွန်မထင်တယ်... ရှောင်ချန် ပြောတာ တစ်ခုတော့ မှန်တယ်၊ ကလေးတွေ ကြီးလာရင် ငွေသုံးရမယ့်နေရာတွေ ပိုများလာမှာပဲ…အကယ်လို့ လမ်းဘေးဈေးသည်လုပ်တာက တကယ် အဆင်ပြေရင် ကျွန်မလည်း လုပ်နိုင်တာပဲလေ”

အမှန်တွင် ချိုက်မင်မင်ကိုယ်တိုင်လည်း စိတ်ထဲတွင် အလွန်ပင် ဒွိဟဖြစ်နေရ၏။ တစ်ဖက်တွင်လည်း မိမိတို့ ဝင်းကြီးထဲမှ လူများမှာ ဤကဲ့သို့သော အလုပ်မျိုးကို လုပ်ရန် မလိုဟု ခံစားရပြီး၊ လူတိုင်း၏ လူနေမှုဘဝမှာ သိသာစွာ အဆင်ပြေနေကြသဖြင့် မလိုအပ်ဟု ထင်မြင်မိသည်။ သို့သော်လည်း အခြားတစ်ဖက်တွင်မူ ချန်ချင်းယွီ ပြောဆိုချက်များမှာလည်း တစ်ဖက်တစ်လမ်းမှ ကြည့်လျှင် အကျိုးအကြောင်း ရှိနေသည်ဟု ခံစားမိပြန်၏။

ကလေးတွေ ကြီးလာလျှင် မည်သို့ပင်ဆိုစေကာမူ ငွေသုံးရမည့်နေရာ များပြားလှပေမည်။

ငွေရှာတာပဲဟာ... ရှက်စရာ မဟုတ်ပါဘူး…

သူမ နှုတ်ခမ်းကို စေ့လိုက်ပြီး

“ကျွန်မတို့အိမ်က ကလေးတွေက အခု လောလောဆယ် ငယ်သေးတယ် ဆိုပေမဲ့၊ ကြိုတင်ပြီး ငွေများများ စုဆောင်းထားတာကလည်း အမှန်ပဲလေ”

မာကျန်းသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး စဉ်းစားကာ

“တကယ်လို့ မင်း တကယ်ပဲ သွားချင်တယ်ဆိုရင်တော့ ငါလည်း မတားပါဘူး… ဒါပေမဲ့ မင်း အပြင်ထွက်သွားရင် သေချာပေါက် ချန်ချင်းယွီနဲ့ အမြဲတမ်း အတူတူ ရှိနေရမယ်နော်၊ လုံးဝ လူစုကွဲလို့ မဖြစ်ဘူး။ မဟုတ်ရင် ငါက တကယ် စိတ်မချနိုင်ဘူး… မင်းတို့ နှစ်ယောက် အတူတူဆိုရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် အချင်းချင်း စောင့်ရှောက်လို့ ရတာပေါ့”

ချိုက်မင်မင် ဝမ်းသာသွားကာ

“ရှင် ကျွန်မကို မတားဘူးဆိုတာ ကျွန်မ သိကျွန်မပဲ…ဒါပေမဲ့ ဖေဖေနဲ့ မေမေတို့ဘက်ကတော့……”

မာကျန်းကို ဖျောင်းဖျရန်မှာ မခက်ခဲသော်လည်း ယောက္ခမလင်မယား၏ အတားအဆီးကို ကျော်ဖြတ်ရန်မှာမူ ခက်ခဲလှပေသည်။

“ရှင် ကျွန်မကိုယ်စား သူတို့ကို သွားပြီး ပြောပေးပါနော်”

မာကျန်း : “……”

ချိုက်မင်မင် : “ရှင် သူတို့ကို ကူညီပြီး ဖျောင်းဖျပေးပါဦး၊ ကျွန်မကလည်း မိကျွန်မစုအတွက် လုပ်တာပဲဥစ္စာ”

မာကျန်း ထပ်မံ၍ သက်ပြင်းချလိုက်မိပြန်၏။

“မင်းကတော့ကွာ……”

မာကျန်းတို့ လင်မယားနှစ်ဦး၏ ညဉ့်နက်သန်းခေါင် စကားဝိုင်းကိုမူ ချန်ချင်းယွီတစ်ယောက် မသိရှိပေ။သူမသည် အဘွားကြီးကျောက်နှင့်အတူ ခရီးထွက်မည့် ကိစ္စကိုသာ အသေးစိတ် တိုင်ပင်နေလေသည်။

အဓိကအားဖြင့် ကလေးများအတွက် မှာကြားနေခြင်း ဖြစ်၏။

“ရှောင်ကျားနဲ့ ရှောင်ယွမ်တို့က အရပ်အမောင်း မြင့်မားကြတယ် ဆိုပေမဲ့၊ သူတို့က ကိုးနှစ်ပဲ ရှိသေးတဲ့ ကလေးတွေပဲ ရှိသေးတာ… ကျွန်မ အိမ်မှာမရှိတဲ့အချိန်ကျရင် အမေ သေသေချာချာ ဂရုစိုက်ပေးရမယ်နော်၊ နည်းနည်းလေးမှ ပေါ့ဆလို့ မဖြစ်ဘူး”

အဘွားကြီးကျောက် : “ဒါကိုတော့ ငါသိပါတယ်”

ချန်ချင်းယွီ : “နေ့စဉ် စားသောက်တဲ့နေရာမှာလည်း လျှောက်မလုပ်နဲ့ဦး၊ သူတို့က ခန္ဓာကိုယ် ကြီးထွားနေတဲ့ အရွယ်တွေမို့ စားသင့်တာကို စားရမှာပဲ”

အဘွားကြီးကျောက် : “ဒါကိုလည်း ငါသိပါတယ်”

ချန်ချင်းယွီ : “အကယ်လို့ ကောလာဟလတွေ ဘာတွေ ထွက်လာရင်လည်း အမေ ကလေးတွေကို ကာကွယ်ပေးထားဦး၊ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကို စိတ်မဆင်းရဲစေနဲ့၊ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကိုလည်း ဂရုစိုက်ပေးရမယ်”

အဘွားကြီးကျောက် : “သိတယ်... သိတယ်... ငါသိပါပြီအေ၊ နင်ကလည်း တကယ့်ကို ပွစိပွစိ ပြောနိုင်လွန်းတယ်… ဘယ်အိမ်က ကလေးမဆို ဒီလိုပဲ မွေးမြူနေကြတာပဲဟာ”

ချန်ချင်းယွီ : “ကျွန်မ အိမ်ကတော့ မရဘူး… ဖြစ်သလို မွေးမြူရအောင် ကလေးတွေကို ခွေးလေး ကြောင်လေးတွေလို့ ထင်နေလား၊ ကျွန်မရဲ့ ကလေးတွေကိုတော့ စိတ်မဆင်းရဲစေရဘူး”

သူမကိုယ်တိုင် ငယ်စဉ်က မိကျွန်မစု၏ နွေးထွေးမှုကို မခံစားခဲ့ရသဖြင့် မိမိ၏ ကလေးများကိုမူ ခံစားစေချင်၏။

အဘွားကြီးကျောက် : “ရပြီ... ရပြီ... ဒါကို ငါသိပါပြီ၊ ဘယ်သူမဆို နင် မှောင်ခိုဈေးကစားတယ်ဆိုပြီး လာပြောရဲရင်၊ ငါတို့အိမ်က ရှောင်ကျားနဲ့ ရှောင်ယွမ်ကို လာလှောင်ပြောင်ရဲရင်၊ ငါ သူမကို ပါးရိုက်ပစ်မယ်…ဟုတ်ပြီလား”

ချန်ချင်းယွီ ခေါင်းငြိမ့်ပြကာ

“ရတယ်”

အဘွားကြီးကျောက် : “ဒီရန်ပွဲကိစ္စကိုတော့ နင် စိတ်ချလိုက်၊ ငါက လက်စွမ်းပြနိုင်တဲ့သူပဲ…ဇွတ်အတင်း ရန်တွေ့တဲ့နေရာမှာလည်း ငါက ပထမပဲ”

သူမသည် အတော်ပင် ဂုဏ်ယူဝင့်ကြွားနေလေသည်။

ချန်ချင်းယွီက မျက်စောင်းတစ်ချက် ထိုးလိုက်ရာ အဘွားကြီးကျောက် တုံ့ဆိုင်းသွားပြီးနောက် အနည်းငယ် တွေဝေကာ ဇဝေဇဝါဖြစ်နေပြီး၊ အတော်ကြာမှ “ဟိုဥစ္စာ……” ဟု စကားစလိုက်သည်။

ချန်ချင်းယွီ : “အင်း... ဘာလဲ”

အဘွားကြီးကျောက်၏ တွေဝေနေမှုမှာ အလွန်ပင် သိသာလှပြီး သူမ အိုးတိုးအမ်းတမ်းဖြင့် အတော်ကြာမှ

“ဟိုဥစ္စာ... နင် အပြင်ထွက်ရင် ငွေလိုလား”

ချန်ချင်းယွီ မျက်ခုံးပင့်လိုက်မိပြီး

“ဘာလဲ... အမေ စုထားတဲ့ အိုစာမင်းစာ ငွေတွေကို ကျွန်မကို ပေးမလို့လား”

အဘွားကြီးကျောက်၏ လစာမှာ ပုံသေဖြစ်ပြီး ယခင်က စုဆောင်းထားသော အိုစာမင်းစာ ငွေမှာလည်း အနည်းငယ်မျှသာ ရှိသဖြင့် သူမ၏ လက်ထဲတွင် ငွေမည်မျှရှိသည်ကို ချန်ချင်းယွီ သိရှိပြီးကျွန်မဖြစ်၏။

သူမ တမင်တကာပင်

“ရတာပေါ့... ပေးလိုက်လေ၊ အပြင်ထွက်ရင် ငွေအလုံအလောက် ရှိတာ ပိုကောင်းတာပေါ့၊ ကျွန်မလည်း ငွေလိုနေတာနဲ့ အတော်ပဲ”

အဘွားကြီးကျောက် : “ဟင်”

သူမသည် နှမြောလွန်းသဖြင့် ရင်ဘတ်ပင် အောင့်သွားရကာ မိမိ၏ ရင်ဘတ်ကို မထိန်းနိုင်ဘဲ ဖိထားရင်း

“နင်... နင်... နင် တကယ် ယူမလို့လား”

ချန်ချင်းယွီ : “ကျွန်မက ဘာလို့မယူရမှာလဲ…အမေက ပေးမယ်လို့ ပြောနေပြီပဲဟာ၊ ကျွန်မက မယူဘူးဆိုရင် ကျွန်မက အရူးပဲပေါ့”

အဘွားကြီးကျောက်သည် မိမိပါးစပ်ကို မိမိပြန်၍ ရိုက်ပစ်ချင်စိတ် ပေါက်သွားရကာ ‘ငါ့ပါးစပ်ကြီးက ဘာလို့ ဒီလောက်တောင် စပ်စလူးထရတာလဲ’ ဟု ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲမိတော့သည်။ ဤသည်မှာ သူမ၏ အိုစာမင်းစာ ငွေများ ဖြစ်ကြပြီး၊ ယခုအခါ နှစ်ဦးကျွန်မ ဆက်ဆံရေး အလွန်ပြေလည်နေကြသည် ဆိုသော်လည်း လုံးဝဥဿုံ ရင်ဖွင့်ထားကြသည် မဟုတ်ပေ။

မည်သည့်အိမ်တွင်မဆို ချွေးမနှင့် ယောက္ခမမှာ ဆွေမျိုးအရင်းခေါက်ခေါက် မိကျွန်မစုတစ်ခုတည်းလို ချစ်ခင်ကြသည်မျိုး သူမ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

အဘွားကြီးကျောက်သည် တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ထစ်ထစ်ငေါ့ငေါ့ ဆိုလေ၏။

“အဲ…… အဲ…… အမှန်တော့လေ၊ အမှန်တော့ ငါ့လက်ထဲမှာ ငွေအနည်းငယ် ချန်ထားတာက ပိုကောင်းမလားလို့ပါ။ အဲ…… ငွေလေးဘာလေး ရှိနေမှ နင် အပြင်ထွက်လို့ အဆင်မပြေတာမျိုး ကြုံရရင်တောင် ငါတို့အိမ်မှာ အကာအကွယ်လေး ရှိနေမှာပေါ့။ နင်... နင် ပြောကြည့်ဦး၊ ဟုတ်တယ်မလား”

ချန်ချင်းယွီ “ဟက်...” ခနဲ နှာခေါင်းရှုံ့လိုက်သည်။

အဘွားကြီးကျောက် : “တကယ်ပါအေ... ငါထင်တာတော့... ငါထင်တာတော့ ဒီကိစ္စက……”

ချန်ချင်းယွီ သဘောကျစွာ ရယ်မောလိုက်ပြီး

“ကဲပါ... ရှင်းပြမနေပါနဲ့တော့၊ ကျွန်မက အမေ့အကြောင်း မသိတာကျလို့… နှမြောရင်လည်း နှမြောတယ်လို့ ပြောပေါ့... သဘောကောင်းချင်ယောင် ဆောင်မနေနဲ့၊ ဘာလဲ... ကျွန်မက တကယ်မယူဘဲ အမေ့ကို ကျေးဇူးတင်မလားလို့ မှန်းနေတာလား၊ ဒါဆိုရင်တော့ ဝေးသေးတယ်နော်”

အဘွားကြီးကျောက် : “……”

ချန်ချင်းယွီ : “ကဲပါ... အမေပေးတာ မလိုပါဘူး၊ ကျွန်မမှာ ငွေရှိပါတယ်..ဒါပေမဲ့ အမေ သေသေချာချာ မှတ်ထားနော်... ကျွန်မရဲ့ငွေက ကျွန်မရဲ့ငွေ၊ အမေ့ရဲ့ငွေက အမေ့ရဲ့ငွေပဲ၊ ကျွန်မမှာ ငွေရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ... အမေ ကျွန်မရဲ့ငွေကို လာပြီး မျက်စိမကျနဲ့ဦး၊ မဟုတ်ရင်တော့ ကျွန်မရဲ့အကြောင်းကို အမေ သိကျွန်မပဲ... အမေက ယောက္ခမ ဖြစ်နေလို့ဆိုပြီး ကျွန်မက လျှော့ပေးမှာ မဟုတ်ဘူးနော်”

အဘွားကြီးကျောက် : “သိတယ်... သိတယ်၊ ဒါကိုတော့ နင် စိတ်ချလိုက်၊ ငါ နားလည်ပါတယ်”

အဘွားကြီးကျောက်သည် အခြေအနေကို အသိဆုံးသူ ဖြစ်၏။ သူမသည် ယခုအခါ မူဝါဒများမှာ ယခင်နှင့် လုံးဝ မတူတော့ကြောင်း ရိပ်မိနားလည်ထားပေသည်။ ချန်ချင်းယွီသည် သူမကို ထိုမျှလောက် အမှီပြုရန် မလိုတော့ပေ။ ဤအချက်ကို အဘွားကြီးကျောက်သည် တစ်နှစ်နီးပါးခန့် အချိန်ယူကာ စဉ်းစားတွေးတောပြီးမှ သဘောပေါက်ခဲ့ခြင်း ဖြစ်၏။

သူမသည် အတော်ကြာအောင် စဉ်းစားပြီးနောက်မှသာ ချန်ချင်းယွီသည် ယခင်က အဘယ်ကြောင့် နုနယ်နွဲ့နှောင်း ပြနေခဲ့သည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ သေသေချာချာ ပြန်စဉ်းစားကြည့်လျှင် ထိုစဉ်က လူ့အဖွဲ့အစည်း၏ ရိုက်ခတ်မှုကြောင့်ပင် ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ယခုအခါ ထိုမုန်တိုင်းကြီး ပြီးဆုံးသွားခဲ့ပြီ ဖြစ်ရာ၊ ချန်ချင်းယွီသည် ထိုမျှလောက် ကြောက်ရွံ့နေရန် မလိုတော့ပေ။

ထို့ကြောင့်ပင် သူမသည် နုနယ်ပြနေရန် မလိုတော့ခြင်း ဖြစ်ပြီး၊ ဤအကြောင်းရင်းကြောင့်ပင် အဘွားကြီးကျောက်သည် အမြီးကုပ်ကာ ပိုမို၍ ငြိမ်ငြိမ်ကုပ်ကုပ် နေထိုင်ခြင်း ဖြစ်သည်။

သူမ တွေဝေစွာဖြင့် ကပ်၍ မေးလိုက်မိ၏။

“ဟဲဟဲ... ချွေးမ၊ နင့်မှာ ဘယ်ကနေ ငွေတွေ ဒီလောက်အများကြီး ရှိနေတာလဲအေ”

ဤမျှလောက် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ရာ၊ ချန်ချင်းယွီ၏ ဤကဲ့သို့ သုံးဖြုန်းမှုပုံစံအရ ငွေမည်မျှပင် များပြားစေကာမူ ကုန်လောက်လှပြီသာ… သို့သော်လည်း သူမသည် တောင်ပိုင်းသို့ သွားရောက်ကာ ကုန်ပစ္စည်းများပင် သွားဝယ်ယူဦးမည်ဆို၍ ၎င်းမှာ ထိုစဉ်က ရရှိခဲ့သော နစ်နာကြေးငွေဟု ပြောလျှင် အပြင်လူများ ယုံကြည်ချင် ယုံကြည်ကြမည်ဖြစ်သော်လည်း အဘွားကြီးကျောက်မှာ လုံးဝ ယုံကြည်မည် မဟုတ်ပေ။

သူမက မိမိတို့အိမ်ရဲ့ လူနေမှုဘဝကို မသိဘဲ နေပါ့မလား…

“ဒီငွေတွေက... နင့်ရဲ့ မိဘအိမ်က နင့်အတွက် ချန်ထားခဲ့တာ မဟုတ်လား”

ချန်ချင်းယွီ စဉ်းစားကြည့်ပြီး သင့်တော်သလောက် အမှန်တရားအချို့ကို ဖွင့်ဟပြောဆိုလိုက်သည်။

“ဒါက ကျွန်မရဲ့ အဘိုးနဲ့ အဘွားက ချန်ထားခဲ့တာပါ၊ ဒါပေမဲ့ အစတုန်းကတော့ ကျွန်မရဲ့အဖေက အရင်တွေ့သွားပြီး တိတ်တိတ်လေး ဝှက်ထားခဲ့တာ”

အဘွားကြီးကျောက် : “ဘာပြောတယ်…”

သူမသည် လှဲနေရာမှ ဖျတ်ခနဲ ထထိုင်လိုက်ပြီး

“နင် ပြောစမ်းဦး... အဲဒါ တကယ်ပဲ ဘယ်လိုဖြစ်တာလဲ”

ချန်ချင်းယွီ : “ဘာမှမဖြစ်ပါဘူး... ဒါက ကျွန်မရဲ့အဘိုးနဲ့ အဘွား ကွယ်လွန်ခင် ကျွန်မအတွက် ချန်ထားခဲ့တာ၊ ဒါပေမဲ့ အဲ့တုန်းက ကျွန်မရဲ့အဖေက ကိစ္စအားလုံးကို ချုပ်ကိုင်ထားတော့ သူက ဝှက်ထားလိုက်တာပေါ့၊ အမေ မှတ်မိသေးလား... ကျန့်ဝမ် ဆုံးပါးသွားတုန်းက အမေ စက်ရုံကို သွားပြီး အလုပ်ရာထူး ဆက်ခံတဲ့နေ့ကိုလေ”

“မှတ်မိတာပေါ့!”

ဘယ်လိုလုပ်ပြီး မမှတ်မိဘဲ နေပါ့မလဲ…

သူမသည် ထိုနေ့မှစ၍ အလုပ်စတင် ဆင်းခဲ့ခြင်း မဟုတ်လော့…

ချန်ချင်းယွီ : “ကျွန်မ ကလေးတွေကို ခေါ်ပြီး ပြန်လာတဲ့လမ်းမှာ ကျွန်မရဲ့အဖေနဲ့ တိုးမိတယ်၊ သူ ကုတ်ကုတ် ကုတ်ကုတ် ဖြစ်နေတာကို မသင်္ကာလို့ နောက်ကနေ တောက်လျှောက် လိုက်ချောင်းခဲ့တာ၊ သူ သွားတဲ့နေရာက ကျွန်မရဲ့အဘိုးနဲ့ အဘွားတို့ရဲ့ အိမ်ဟောင်း ဖြစ်နေလို့၊ သူ အဘိုးတို့ ချန်ထားခဲ့တဲ့ ငွေတွေကို ခိုးဝှက်သိမ်းဆည်းထားမှန်း ကျွန်မ သိလိုက်ရတာ၊နောက်ပိုင်းကျမှ ကျွန်မက အဘိုးနဲ့ အဘွား ချန်ထားခဲ့တဲ့ စာတစ်စောင်ကို ရှာတွေ့လို့ လက်ထဲမှာ ငွေရှိလာတာပါ”

သူမတွင် အစကတည်းက ငွေရှိနေခဲ့ခြင်း မဟုတ်ပေ။

မဟုတ်ပါက သူမနှင့် လင်းကျန့်ဝမ်တို့ ဤမျှလောက် ဆင်းရဲပင်ပန်းစွာ ဖြတ်သန်းခဲ့ကြရမည် မဟုတ်ပေ။

သူမ ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးမွေးဖွားချိန်၌ လင်းကျန့်ဝမ်သည် သူမအား အာဟာရ ဖြည့်စွက်ပေးနိုင်ရန်အတွက် အလုပ်များကို မနားတမ်း ရှာဖွေကာ အချိန်ပို ဆင်းခဲ့ရသဖြင့်၊ လေတိုက်လျှင်ပင် လဲကျမတတ် ပိန်လှီခြောက်ကပ်သွားခဲ့ရ၏။ ၎င်းတို့အားလုံးမှာ သူမအတွက်သာ ဖြစ်သည်။ ဤသည်ကို တွေးမိသည့်အခါ ချန်ချင်းယွီသည် အဘွားကြီးကျောက်အပေါ် ထားရှိသော သဘောထားမှာ အနည်းငယ် ပျော့ပြောင်းညင်သာသွားခဲ့၏။

မည်သို့ပင်ဆိုစေကာမူ အဘွားကြီးကျောက်သည် လင်းကျန့်ဝမ်၏ မိခင်အရင်း ဖြစ်သည်သာ…

လင်းကျန့်ဝမ်သည် သူမအပေါ် တကယ်ကို ကောင်းမွန်ခဲ့သူ ဖြစ်သည်။

ချန်ချင်းယွီ : “ဒီနှစ်တွေထဲမှာ ကျွန်မ ငါးမျှားထွက်တယ်ဆိုတာလည်း ရံဖန်ရံခါ ငါးမရတဲ့အခါကျရင် အပြင်ကနေ နည်းနည်းပါးပါး ဝယ်လာခဲ့တာပဲ၊ မဟုတ်ရင် အမေက ကျွန်မကို နတ်ဝိဇ္ဇာကြီးလို့ ထင်နေလား… အကြိမ်တိုင်း ငါးတွေ ဒီလောက်အများကြီး ရရအောင်”

အဘွားကြီးကျောက် : “အမလေး... ဘုရားရေ”

သူမသည် အံ့အားသင့်သွားရသော်လည်း အံ့ဩပြီးနောက်တွင်မူ ပြန်လည်၍ သဘာဝကျကျ တွေးမိသွားသည်။

‘ဒါကြောင့်မို့လို့ကိုး ချန်ချင်းယွီမှာ ငွေရှိနေတာကိုး’

‘ဒါကြောင့်မို့လို့ကိုး

ချန်ချင်းယွီက အမြဲတမ်း ငါးတွေ အများကြီး မျှားရလာတတ်တာ’

‘မထူးဆန်းတော့ပါဘူး မထူးဆန်းတော့ပါဘူး’

“ဒီလိုကိုး... နင့်အဖေကတော့ တကယ့်ကို လူမဆန်ဘူးအေ၊ သူက ဘယ်လိုလုပ်ပြီး ဒီလိုမျိုး လုပ်ရက်တာလဲ၊ ငါတော့ ဒီလိုအဘိုးကြီးမျိုး တစ်ခါမျှ မမြင်ဖူးဘူး၊ တကယ့်ကို သိက္ခာမရှိဘူး၊ လောဘကြီးလွန်းလို့ ကိုယ့်သမီးရဲ့ ပစ္စည်းကိုတောင် လိုချင်တပ်မက်တယ်၊ အလွန်အမင်း ရောဂါထနေတာပဲ”

အဘွားကြီးကျောက်သည် မိမိကိုယ်တိုင်လည်း သူတော်စင် မဟုတ်မှန်း သိသော်လည်း၊ မိမိ၏ သွေးသားရင်းအပေါ်တွင်မူ စိတ်ရင်းစေတနာ အမှန် ရှိပါသေးသည်။

အကယ်၍ မိမိ၏ သွေးသားရင်းအပေါ်၌ပင် စိတ်ရင်းစေတနာ မရှိပါက ၎င်းလူမှာ မည်မျှ ရက်စက်ကြမ်းကြုတ်သူဖြစ်ကြောင်း ပြောနေရန်ပင် မလိုအပ်ပေ။

“နင့်အဖေလို လူမျိုးကိုတော့ ငါ စကားတောင် မပြောချင်ဘူး၊ တကယ့်ကို လူမဆန်တာ”

ချန်ချင်းယွီ : “ကျွန်မနေသားကျသွားပါပြီ၊ အမေ ကြည့်ဦးလေ... သူ နောက်ပိုင်းကျတော့ သူ့ရဲ့ ဒုတိယသားကိုတောင် စွန့်ပစ်ချင်တဲ့အချိန် ချက်ချင်း စွန့်ပစ်လိုက်တာပဲ မဟုတ်လား”

“ဒါလည်း ဟုတ်တာပဲ... နင့်ရဲ့ ဒုတိယမောင်လေးအကြောင်း ပြောရင်တော့ သူတော့ မျက်လုံးပြူး မျက်ဆံပြူးနဲ့ အံ့ဩလွန်းလို့ သေမှာပဲ”

သူတို့သည် တောတောင် ဒေသထွက်ပစ္စည်းများ အရောင်းအဝယ် ပြုလုပ်ကြသဖြင့် ဒုတိယမောင်လေးကို ဆုံမိဖူးကြလေ၏။

ချန်ချင်းယွီ ပြုံးလိုက်ပြီး

“ဟုတ်တယ်လေ”

“ဟဲဟဲ... နင့်အဘိုးနဲ့ အဘွားက နင့်အတွက် ငွေဘယ်လောက် ချန်ထားခဲ့တာလဲအေ”

အဘွားကြီးကျောက်

လောဘတကြီးဖြင့် ကပ်၍ မေးမြန်းပြန်သည်။

ချန်ချင်းယွီ : “ဒါကိုတော့ အမေ ဝင်မစွက်ဖက်ပါနဲ့တော့”

အဘွားကြီးကျောက် : “မေးကြည့်ရုံလေးတောင် မရဘူးလားအေ”

ချန်ချင်းယွီ : “ဘာပဲဖြစ်ဖြစ် အမေ အများကြီး သိစရာမလိုပါဘူး”

သူမ အဘွားကြီးကျောက်ကို

မျက်စောင်းတစ်ချက် ထပ်မံထိုးလိုက်ပြီး

“အမေ ကိုယ့်ဘာကိုယ်သာ ထိန်းသိမ်းပြီး နေပါ၊ ကျွန်မကို ပြဿနာ လာမရှာနဲ့ဦး၊ မဟုတ်ရင် ကျွန်မက အားနာနေမှာ မဟုတ်ဘူးနော်”

အဘွားကြီးကျောက် : “……”

ဒါက ဘယ်လိုလဲအေ့… ညည်းနှယ် မေးရုံလေးတောင် မရပါလားဟယ်…

သို့သော်လည်း သူမသည် ဖော်လံဖား အမူအရာဖြင့် ပြုံးကာ

“နင် စိတ်ချပါ... ငါ အပြင်မှာ သွားပြီး လျှောက်မပြောပါဘူ၊ ဒီနှစ်တွေထဲမှာ ငါတို့အိမ်က နင့်ကျေးဇူးကြောင့် အဆင်ပြေခဲ့တာပဲ၊ ငါလည်း မိသားစုပဲ... နင့်လက်ထဲက ငွေတွေက ဒီလောက်အကြာကြီး သုံးလို့မကုန်နိုင်တာ... အမှန်တော့ ဒီအကြောင်းကြောင့်ကိုး၊ ချွေးမ... နင် စိတ်ချပါ၊ ငါက ဘာမှ အားကိုးမရဘူး ဆိုပေမဲ့ နင့်ကိုတော့ ဒုက္ခပေး (ဆွဲချ) မှာ မဟုတ်ပါဘူး”

“အမေ စိတ်ထဲက သိနေရင် ပြီးတာပါပဲ”

သူမ မှာကြားလိုက်ကာ

“ကျွန်မက အမေ့အကြောင်းကို သိပြီးသားမို့၊ အမေက ဘယ်တော့မှ အရှုံးခံမယ့်သူ မဟုတ်သလို ဖြုန်းတီးတတ်တဲ့သူလည်း မဟုတ်မှန်း ကျွန်မ စိတ်ချပါတယ်”

“ဒါပေါ့အေ... ငါတို့ အတူတူနေလာတာ ဘယ်လောက်ကြာပြီလဲ။ ငါက ဘယ်လိုလူလဲဆိုတာ နင်လည်း သိတာပဲ”

“နင် ယခုတစ်ကြိမ် တောင်ပိုင်းကို သွားရင် ဘယ်မြို့ကို သွားမှာလဲ။ ဘယ်လောက်ကြာမှာလဲ၊ ဘာပစ္စည်းတွေ ယူလာဖို့ စိတ်ကူးထားလဲ..အဝတ်အထည်တွေလား”

ချန်ချင်းယွီ : “ကျွန်မ အစကတော့ ဖုရှန်ကျန်းကို သွားမလို့ စိတ်ကူးတာ၊ အဲဒါက စမ်းသပ်မြို့တော် ဖြစ်နေလို့လေ… ဒါပေမဲ့ သူတို့က အခုမှ အရှိန်အဟုန်နဲ့ စတင်လုပ်ဆောင်နေကြတုန်းဆိုတော့ ကုန်သွယ်မှု အတိုင်းအတာက ကြီးကြီးမားမား မရှိသေးမှာ စိုးရိမ်လို့၊ ဒါကြောင့် ကျွန်မ ယန်ချန် (ကွမ်ကျိုး) ကို အရင်သွားကြည့်မလို့… ကုန်ပစ္စည်းယူဖို့ကတော့ သေချာပေါက် အဝတ်အထည်တွေပါပဲ၊ ကျွန်မမှာလည်း အတွေ့အကြုံ မရှိသေးတော့ အသေးစားလေးပဲ အရင် စမ်းသပ်လုပ်ကိုင်ကြည့်ရမှာပေါ့”

အဘွားကြီးကျောက် : “ဒါလည်း အဆင်ပြေတာပဲ”

“အဝတ်အထည်ဆိုတာက ပစ္စည်းကောင်းပဲဥစ္စာ၊ အကယ်လို့ ရောင်းမကုန်ရင်တောင် သိမ်းထားပြီး ဖြည်းဖြည်းချင်း ဝတ်လို့ရတာပဲ၊ ဘယ်လိုမှ အလဟဿ မဖြစ်ပါဘူး”

ချန်ချင်းယွီ : “ဟုတ်ကဲ့ပါ”

သူမသည် ဘာမျှ ပြန်လည်ငြင်းခုံခြင်းမရှိဘဲ စကားအဖြစ်သာ ပြောလိုက်ကာ

“ကျွန်မ နောက်ထပ် ရက်အနည်းငယ်လောက် ရာသီဥတု နွေးလာရင် ထွက်သွားမယ်”

“အေး... ကောင်းပြီ!”

ချန်ချင်းယွီ : “အကယ်လို့ ငွေရှာလို့ရရင် ကျွန်မ ချက်ချင်းပဲ အိမ်အသစ် ဝယ်မယ်”

အဘွားကြီးကျောက် သက်ပြင်းချကာ

“အဲဒါက ဘယ်လောက် လွယ်ကူမှာမို့လို့လဲအေ၊ နင် ကြည့်ဦး... ဘယ်အိမ်မဆို နေရာထိုင်ခင်း ကျဉ်းကျပ်လို့ စိတ်ညစ်နေကြတာချည်းပဲ”

ချန်ချင်းယွီ : “ကျွန်မ သိပါတယ်၊ ဒါကြောင့်မို့လို့ ငွေရှာရမှာပေါ့၊ ငွေရှိရင်တော့ အခွင့်အလမ်း ပိုများလာမှာပဲ… ထိုအချိန်ကျရင် ကျွန်မတို့ ပိုပြီး ကျယ်ဝန်းတဲ့အိမ်ကို ပြောင်းကြမယ်၊ တစ်ယောက်ကို အခန်းတစ်ခန်းစီနဲ့ပေါ့”

“ဟီးဟီး... နင်ကတော့ တကယ့်ကို ကြွားလုံးထုတ်နိုင်လွန်းတယ်”

ချန်ချင်းယွီ : “ဒါက ဘာလို့ ကြွားလုံးထုတ်တာ ဖြစ်ရမှာလဲ၊ အမေ စောင့်ကြည့်နေလိုက်... ငွေရှိရင် သေချာပေါက် ဖြစ်နိုင်တယ်”

အဘွားကြီးကျောက် : “အကယ်လို့ အဲဒီလို ဖြစ်လာရင်တော့ တကယ့်ကို ဝမ်းသာစရာပေါ့အေ”

ယောက္ခမနှင့် ချွေးမနှစ်ဦး ဤသို့ စကားပြောနေကြစဉ်၊ ချန်ချင်းယွီသည် မရည်ရွယ်ဘဲ ကုတင်ခြေရင်း ဘက်သို့ လှမ်းကြည့်လိုက်ရာ ရှောင်ယွမ် လှဲအိပ်နေသည်ကို တွေ့ရသည်။ သမီးငယ်လေးမှာ ငြိမ်သက်စွာ အိပ်ပျော်နေသကဲ့သို့ ရှိသော်လည်း၊ ချန်ချင်းယွီသည် သေသေချာချာ စိုက်ကြည့်ပြီးနောက် ပြုံးကာ ခေါင်းခါလိုက်မိ၏။

‘ဒီကလေးမလေး... အိပ်ချင်ယောင်ဆောင်နေတာပဲ။’

သို့သော်လည်း ချန်ချင်းယွီသည် ဘာကိုမျှ စိုးရိမ်ပူပန်ခြင်း မရှိကာ၊ သူမ ပြောဆိုသော စကားများမှာ ကလေးငယ်များ ကြားသွားသော်လည်း ပြဿနာမရှိပေ။

ထို့ပြင် အချို့သော စကားများကို သူတို့ ကြားသိသွားခြင်းမှာ မကောင်းသောအရာ မဟုတ်ပေ၊ ကလေးငယ်များ မိမိဘာသာ ခိုးနားထောင်မိရာမှ သိရှိသွားပါက ပိုမို၍ နားလည်မှုများ ရှိသွားကြလိမ့်မည်။ သူတို့ ပိုမိုသိရှိထားကြပါက စိတ်ထဲတွင်လည်း ပိုမို၍ ယုံကြည်မှုရှိလာမည်သာ… သူမသည် မိမိ၏ ကလေးများကို ကြောက်တတ်ရွံ့တတ်သော စရိုက်မျိုး မဖြစ်စေချင်ပေ။

အပြင်လူကို သွားရောက်ပြောဆိုမည်လား ဆိုသည်ကိုမူ…… ချန်ချင်းယွီသည် အနည်းငယ်မျှပင် စိုးရိမ်ခြင်း မရှိချေ။

မိမိအိမ်မှ ဤကလေးနှစ်ယောက်မှာ ကိုးနှစ်သာ ရှိသေးသော်လည်း အလွန်ပင် ပါးနပ်လှကြသည်။

ကလေးငယ်နှစ်ဦးမှာ ထက်မြက်ပြီး ပါးနပ်လှသဖြင့် သူမနှင့် အလွန်ပင် တူလှပေ၏။

ဟဲဟဲ…

ချန်ချင်းယွီ : “ကဲ... ရပြီ၊ အိပ်ကြရအောင်”

“အချိန်မစောတော့ဘူး”

အဘွားကြီးကျောက် : “အေး... ကောင်းပြီ”

နှစ်သစ်ကူးကာလသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ဤအစီအစဉ်ကို ဆွဲပြီးနောက်တွင်မူ ချန်ချင်းယွီသည် ကြိုတင်ပြင်ဆင်မှု အချို့ကို ပြုလုပ်ခဲ့၏။

ယခုအချိန်တွင် ကွမ်ကျိုးသို့ တိုက်ရိုက်ပြေးဆွဲသည့် ရထားမရှိသေးသဖြင့်၊ ချန်ချင်းယွီနှင့် သူမ၏အဖော်သည် လမ်းတစ်ဝက်တွင် ရထားတစ်ဆင့် ပြောင်းစီးကြရမည် ဖြစ်သည်။

အိပ်စင်လက်မှတ်များအဖို့မူ ငွေရှိလျှင်ပင် ဝယ်ယူ၍မရနိုင်ချေ။ ဤသည်မှာ နောင်ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီးနောက်ပိုင်း အခြေအနေမျိုး မဟုတ်ပေ၊ ထိုခေတ်အခါက အိပ်စင်လက်မှတ် ရရှိရန်အတွက် အဆက်အသွယ်ကောင်းများ ရှိရန် လိုအပ်၏။ ချန်ချင်းယွီ၏ မိသားစုတွင် ထိုကဲ့သို့သော အဆက်အသွယ်မျိုး မရှိသဖြင့် ရိုးရိုးလက်မှတ်ကိုသာ ပုံမှန်အတိုင်း ဝယ်ယူနိုင်ခဲ့ကြသည်။

ယခုတစ်ကြိမ်တွင် ချိုက်မင်မင်နှင့် ချန်ချင်းယွီတို့သည် အတူတူ ခရီးသွားရန် စီစဉ်ထားပြီးသား ဖြစ်သည်။

သူတို့ ပထမဆုံး လုပ်ဆောင်ရသည့် အလုပ်မှာ ရပ်ကွက်ရုံးသို့ သွားရောက်ကာ ခရီးသွား ထောက်ခံစာ တောင်းခံခြင်း ဖြစ်၏။

ထိုထောက်ခံစာ မပါရှိပါက လေလွင့်မှောင်ခိုသမားဟု သတ်မှတ်ခံရမည် ဖြစ်ပြီး၊ သွားလာလှုပ်ရှားရန် အလွန်ပင် ခက်ခဲသွားပေလိမ့်မည်။

ထိုထောက်ခံစာကို တောင်းခံရမည် ဖြစ်သောကြောင့် တောင်ပိုင်းသို့ သွားမည့်သူတို့၏ ခရီးစဉ်ကို လျှို့ဝှက်ထား၍ မရနိုင်တော့ပေ။သို့သော်လည်း ချန်ချင်းယွီသည် ဖုံးကွယ်ထားရန် စိတ်ကူးမရှိခဲ့ပေ။ရပ်ကွက်ရုံးမှ ဝန်ထမ်းများပင်လျှင် အံ့အားသင့်သွားကြပြီး၊ ဤအမျိုးသမီး နှစ်ဦးစလုံးမှာ ဤမျှလောက် သတ္တိကောင်းကြလိမ့်မည်ဟု မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြသည်။

သို့သော်လည်း ချန်ချင်းယွီသည် တည်ငြိမ်ပြီး ယုံကြည်ချက်ရှိလှကာ၊ သူမ၏ လေသံမှာ နူးညံ့သော်လည်း ပြတ်သားလှ၏။

“အခု မူဝါဒတွေ ထွက်လာပြီဆိုတော့၊ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတော်ရဲ့ တိုက်တွန်းနှိုးဆော်ချက်ကို တုံ့ပြန်သင့်တယ်လို့ ထင်လို့ပါ… မူဝါဒကလည်း ရတယ်လို့ ခွင့်ပြုထားတဲ့အတွက်၊ တောင်ပိုင်းကို သွားပြီး ကုန်ပစ္စည်းအချို့ ယူလာပြီး စမ်းသပ်လုပ်ကိုင်ကြည့်ချင်လို့ပါ…ပထမအချက်ကတော့ ကျွန်မအတွက် လုပ်စရာအလုပ်တစ်ခု ရှိသွားပြီး အချိန်ကုန် သက်သာတာပေါ့၊ ဒုတိယအချက်ကတော့ မိသားစုရဲ့ လူနေမှုဘဝကို မြှင့်တင်နိုင်တာပေါ့၊ ကျွန်မတို့အိမ်က ၃၀ စတုရန်းမီတာလောက်ပဲ ကျဉ်းကျဉ်းလေးရှိတာ၊ ကလေးကလည်း ကြီးလာပြီလေ… စက်ရုံကနေ အိမ်နေရာ ချပေးမှာကိုပဲ အမြဲတမ်း ထိုင်စောင့်နေလို့ မဖြစ်ဘူးလေ၊ တကယ်လို့ ကိုယ့်လမ်းကိုယ် ရှာနိုင်ရင် စက်ရုံအတွက်လည်း ဝန်ထုပ်ဝန်ပိုး ပေါ့သွားတာပေါ့ မဟုတ်ဘူးလား”

သူမ ရှက်ပြုံးလေး ပြုံးလိုက်ရင်း

“ကျွန်မကတော့ ကြီးကြီးမားမား အတွေးအခေါ်တွေ ဘာမှ နားမလည်ပါဘူး… ဒါပေမဲ့ အလုပ်အကိုင်မှာ အဆင့်အတန်း ခွဲခြားတာမျိုး မရှိဘူးလို့ ထင်ပါတယ်၊ ကိုယ့်လက်နှစ်ဖက်နဲ့ကိုယ် လုပ်ကိုင်စားသောက်တာက ဘာမှ အပြစ်ရှိတာမှ မဟုတ်တာ”

ချန်ချင်းယွီ၏ စကားလုံးများမှာ နားထောင်ရသည်မှာ အလွန်ပင် စစ်မှန်သာယာလှသဖြင့်၊ ထိုစာရေးအဖို့ ဖျောင်းဖျတားဆီးရန် ခက်ခဲသွားရသည်။

သူသည် သူတို့နှစ်ဦးအတွက် ထောက်ခံစာ ရေးပေးလိုက်ရင်း

“ဒါက တစ်လစာပဲ ရမယ်နော်…တစ်လအတွင်း သေချာပေါက် ပြန်လာရမယ်”

သူသည် ထိုထက်ပို၍ ရက်ရှည်မရေးပေးရဲပေ၊ အကြောင်းမှာ ပြဿနာ တက်လွယ်သောကြောင့် ဖြစ်၏။

ချန်ချင်းယွီ ခေါင်းငြိမ့်ပြကာ

“ကျွန်မတို့ သိပါတယ်၊ အမှန်တော့ ဒီလောက်အကြာကြီး မကြာပါဘူး၊ ဒါပေမဲ့ ကျွန်မတို့က ပထမဆုံးအကြိမ် အပြင်ထွက်တာဆိုတော့ အချိန်လေး ပိုရထားရင် ပိုပြီး စိတ်အေးရတာပေါ့”

စာရေးမှာလည်း ထပ်မံ၍ ခေါင်းငြိမ့်ပြသည်။

သို့သော်လည်း ခေါင်းငြိမ့်ပြီးနောက် သူသည် တည်ကြည်လေးနက်စွာဖြင့်

“ခင်များတို့ ကွမ်ကျိုးကို သွားရင် ကွမ်ကျိုးကိုပဲ သွားပါ၊ အခြားနေရာတွေကို လျှောက်မသွားနဲ့ဦး၊ ပြီးတော့ စိတ်ကူးပေါက်ရာတွေ လျှောက်မလုပ်နဲ့… လမ်းမှားကို ရွေးချယ်ပြီး အမှားမလုပ်မိစေနဲ့ဦး၊ အပြင်လောကက ကောင်းပါတယ်ဆိုဦးတော့၊ ကိုယ့်အိမ်ကိုယ်ရာလောက် မကောင်းဘူးဆိုတာ နားလည်လား”

ချိုက်မင်မင် : “???”

သူမသည် ဇဝေဇဝါဖြစ်သွားကာ

“အဲဒါ ဘာကို ဆိုလိုတာလဲရှင်”

ချန်ချင်းယွီမှာ ဘာမျှမပြောဘဲ နားမလည်ချင်ယောင် ဆောင်နေခဲ့၏။

အမှန်၌ သူမ နားလည်လေသည်။ ထိုခေတ်အခါက ပြည်မကြီးနှင့် ဟောင်ကောင်တို့အကြား ကွာဟချက်မှာ အလွန်ပင် ကြီးမားနေသေးရာ၊ နှစ်စဉ်နှစ်တိုင်း လူအများအပြားသည် ငွေရှာရန်အတွက် ဟောင်ကောင်သို့ ရေကူး၍ ခိုးဝင် စွန့်စားကြ၏။ ချန်ချင်းယွီသည် ဤအချက်ကို ကောင်းစွာ နားလည်သော်လည်း နားမလည်သကဲ့သို့ ဟန်ဆောင်နေခြင်း ဖြစ်သည်။

မဟုတ်ပါက ပေကျင်းမြို့မှ တစ်ခါမျှ မထွက်ခွာဖူးသော အိမ်ရှင်မတစ်ဦးသည် ဤမျှလောက်အထိ ဘယ်လိုလုပ်ပြီး အသေးစိတ် သိနေသနည်းဟု ပြဿနာတက်နိုင်၏။

သူမကိုယ်တိုင်လည်း ထွက်ပြေးရန် စိတ်ကူးနေသည်ဟု သံသယဝင်ခံရနိုင်သည်။

ငြင်းဆိုရန်လည်း ခက်ခဲသွားမည်…

ထို့ကြောင့်ပင် ချန်ချင်းယွီသည်လည်း ဘာမှမသိသော လူအလေးကဲ့သို့ ဟန်ဆောင်နေခဲ့၏။

နုနယ်ချောမောသော မျက်နှာလေးတစ်ခုသည် အမှန်တကယ်ပင် လူကို လှည့်စားရာ၌ အလွန် အသုံးဝင်လှပေသည်။

ချန်ချင်းယွီ၏ တုံ့ပြန်မှုကို မြင်သောအခါ၊ စာရေး၏ လေသံမှာ သိသိသာသာ ပျော့ပြောင်းသွားခဲ့သည်။

“ငါက ခင်များတို့ကို အမှားမလုပ်မိအောင် သတိပေးရုံတင်ပါ၊ ဒါပါပဲ..ရှန်ကျန်းဘက်က လူအများအပြားက ဟောင်ကောင်ဘက်ကို ဦးတည်နေကြလို့၊ အဲဒီဘက်မှာ စစ်ဆေးတာတွေက အရမ်း တင်းကျပ်တယ်…ဒါကြောင့် သူတို့က ပတ်ဝန်းကျင် ဒေသတွေကို အရင်သွားကြပြီး၊ အဲဒီကနေတစ်ဆင့် ရှန်ကျန်းကို ပတ်ပြီး ဟိုဘက်ကမ်းကို ကူးကြတာ၊ နင်တို့မှာ မိသားစုတွေ၊ အလုပ်အကိုင်တွေ ရှိကြတာပဲ၊ အမှားမလုပ်မိကြစေနဲ့၊ နှစ်တိုင်း ပင်လယ်ထဲမှာ သေဆုံးကြရတဲ့သူတွေ မနည်းဘူး… သူတို့မှာ သေချာ သင်္ဂြိုဟ်မယ့်သူတောင် မရှိကြဘူး၊ ခင်များတို့မှာ မိသားစုတွေ ကလေးတွေ ရှိကြတာပဲ၊ ဒါမျိုး မလုပ်ရဘူးနော်”

ချိုက်မင်မင်သည် မျက်လုံးအစုံ ပြူးကျယ်သွားရကာ၊ သူမ၏ လက်များကို အလျင်အမြန် ဝှေ့ယမ်းရင်း

“ဘယ်လိုလုပ်ပြီး အဲဒီလို ဖြစ်နိုင်မှာလဲရှင်… မဖြစ်နိုင်တာ၊ ကျွန်မရဲ့ မိဘတွေလည်း ဒီမှာရှိတယ်၊ လင်သားနဲ့ ကလေးတွေလည်း ဒီမှာရှိတယ်၊ ကျွန်မတို့ဘဝက အဆင်ပြေနေတာပဲဟာ… ဘာဖြစ်လို့ ဟိုဘက်ကို သွားရမှာလဲ၊ သူစိမ်းမြေမှာ သွားပြီး အနိုင်ကျင့်ခံရလို့ သေကုန်မှာပေါ့… ကျွန်မတို့ အဲဒီလို လုံးဝ မလုပ်ပါဘူး”

ချန်ချင်းယွီသည်လည်း

“ဟုတ်ပါတယ်၊ ကျွန်မမှာလည်း ကလေးတွေ ရှိတာပဲလေ”

စာရေး : “ကဲပါ... ငါက သတိပေးရုံ သက်သက်ပါပဲ”

အမှန်တကယ်တွင် သူလည်း ဤအမျိုးသမီးနှစ်ဦးမှာ ဟိုဘက်ကမ်းသို့ ရေကူး၍ ခိုးဝင်ကြမည့်သူများဟု မထင်မိပေ။

အမျိုးသမီးများသည် များသောအားဖြင့် မိသားစုကို ပိုမို၍ တွယ်တာတတ်ကြသည် မဟုတ်လော့။

ဤသည်မှာ ပုံမှန်အတိုင်း သတိပေးခြင်းမျှသာ ဖြစ်၏။

“ဒါကို စိတ်ထဲမှာပဲ မှတ်ထားလိုက်ပါ… အပြင်ရောက်တဲ့အခါ ‘ဟောင်ကောင်မှာ နေရင် ဘဝက ကောင်းမွန်လိမ့်မယ်’ ဆိုပြီး လာဖြားယောင်းတဲ့သူတွေရဲ့ စကားကို မယုံကြနဲ့ဦး၊ ကိုယ်နဲ့ သိပ်မသိတဲ့သူတွေနောက်ကို လိုက်မသွားနဲ့… ခင်များတို့ မသွားချင်ရင်တောင် လိမ်လည်လှည့်ဖြားတဲ့သူတွေ ရှိနိုင်တယ်”

ချန်ချင်းယွီ တည်ငြိမ်စွာဖြင့်

“ကျွန်မတို့ သိပါပြီ”

နှစ်ဦးသားသည် စာရေး၏ ပွစိပွစိ မှာကြားချက်များကို အတော်ကြာအောင် နားထောင်ခဲ့ကြရသည်။ ချန်ချင်းယွီသည် အရာအားလုံးကို နားလည်ထားသဖြင့် ဘာမျှ အံ့ဩခြင်း မရှိပေ။

သို့သော်လည်း ချိုက်မင်မင်မှာမူ ရုံးပြင်ပသို့ ရောက်ရှိလာချိန်တွင် ဆောင်းတွင်းအအေးကြီးထဲ၌ပင် ချွေးစေးများ တစ်ကိုယ်လုံး ပြန်

ထွက်နေခဲ့၏။ သူမက နဖူးမှ ချွေးများကို သုတ်ရင်း ညည်းတွားလေသည်။

“အမလေး... ဘုရားရေ၊ တကယ့်ကို ကြောက်စရာကောင်းလိုက်တာအေ၊လူတွေက ဘာဖြစ်လို့ ကိုယ့်မိသားစုနဲ့ ကိုယ့်အိမ်ကိုယ်ရာကို စွန့်ပစ်ပြီး ဟိုဘက်ကို သွားချင်ကြတာလဲ မသိဘူး”

ချန်ချင်းယွီ ပြုံးလိုက်ပြီး

“ဘဝရပ်တည်မှု (ဝမ်းစာ) အတွက်ပဲလေ”

ခရီးသွားထောက်ခံစာ ရေးပြီးသွားပြီးနောက် ချိုက်မင်မင်မှာ

“ငါ့ရဲ့ ယောက္ခမတွေက ငါ့ကို ယွမ်ငါးရာ ပေးတယ်၊ ပြီးတော့ ငါ့ဆီမှာလည်း နောက်ထပ် ယွမ်ငါးရာ ရှိသေးတယ်… ငါ့ဘဝမှာ ငွေတွေ ဒီလောက်အများကြီးကို အပြင်ကို သယ်သွားဖူးတာ ဒါပထမဆုံးပဲ၊ တကယ့်ကို ရင်တုန်နေတာပဲအေ၊ နင် ထင်လား... ငါတို့ လမ်းမှာ သူခိုးတွေနဲ့ တွေ့နိုင်မလား”

ချန်ချင်းယွီ : “ငွေတွေကို ကိုယ်နဲ့မကွာ ကပ်ထားပေါ့”

“သေချာပေါက်ပေါ့အေ”

သူမ ပြန်လည်ဖြေကြားရင်း

“ငါ ဒါတွေကို အတွင်းခံထဲမှာ သေသေချာချာ အိတ်ချုပ်ပြီး ထည့်ထားတာ”

သူမ ဆက်လက်၍

“ငါ့ရဲ့ ယောက္ခမတွေက ခရီးစဉ်ကို သိပ်ပြီး သဘောမတူကြဘူး၊ ဒါပေမဲ့ ငါ့ယောကျာ်းနဲ့ ငါ့ရဲ့ ယောက်မကတော့ အရမ်း အားပေးကြတယ်… ငါ့ယောကျာ်းက သူ့မိဘတွေဆီကနေ ယွမ်ငါးရာ ရအောင်တောင် တောင်းဆိုပေးခဲ့တာ”

ချန်ချင်းယွီ ပြုံးလိုက်ပြီး

“သူတို့က တကယ့်ကို စိတ်သဘောထားကောင်းတဲ့သူတွေပဲ”

“ဟုတ်ပါတယ်”

ချိုက်မင်မင် : “ဒါနဲ့... နင်ကကော ငွေဘယ်လောက် ယူလာလဲ”

ချန်ချင်းယွီ : “အစ်မထက် အများကြီး ပိုပါတယ်၊ ကြည့်စမ်း… ကျွန်မ မချမ်းသာဘူးလား”

ချိုင်မင်မင် : “……”

သူမသည် ချန်ချင်းယွီကို အထက်အောက် အကဲခတ်ကာ ကြည့်လိုက်ရာ၊ ချန်ချင်းယွီ ချွဲနွဲ့သော အမူအရာဖြင့်

“ဘာလဲ... ကျွန်မပုံစံက သူဌေးမတစ်ယောက်နဲ့မတူဘူးလား”

ချိုက်မင်မင် ခေါင်းငြိမ့်ပြကာ

“နင့်အိမ်က ငွေရှိရင် ရှိသလောက် ချက်ချင်း သုံးပစ်တတ်တာ မဟုတ်ဘူးလားအေ”

ချန်ချင်းယွီ : “ကျွန်မရဲ့ အဘိုးနဲ့ အဘွား ကွယ်လွန်ခင် ကျွန်မအတွက် ငွေအချို့ ချန်ထားခဲ့တာရှိတယ်၊ ပြီးတော့ ကျန့်ဝမ် ဆုံးပါးသွားတုန်းက ရတဲ့ နစ်နာကြေးငွေကလည်း ကျွန်မ လက်ထဲမှာပဲ ရှိတာ… ကျွန်မတို့အိမ်က ငွေရှိရင် ရှိသလောက် ချက်ချင်း သုံးပစ်တတ်တယ် ဆိုပေမဲ့၊ ဒီနှစ်တွေထဲမှာ ကျွန်မ ငါးမျှားတာလည်း အတော်လေး အဆင်ပြေခဲ့တာ အစ်မ သိတာပဲ… ကျွန်မတို့က မှောင်ခိုဈေးကစားတာမျိုး မလုပ်ရဲပေမဲ့၊ သူတစ်ပါးနဲ့ ပစ္စည်းချင်း လဲလှယ်တာမျိုးတော့ ခဏခဏ လုပ်ဖြစ်တယ်… ဒါကို အစ်မလည်း သိသားပဲလေ… ဒါကြောင့် ကျွန်မတို့အိမ်မှာ ပစ္စည်းအသစ်တွေ တိုးလာတာကို မြင်ရပေမဲ့၊ အဲဒါတွေက အဟောင်းနဲ့ အသစ် လဲလှယ်ထားတာတွေ များတယ်၊ ငွေတစ်ပြားမှ သုံးလိုက်ရတာ မဟုတ်ဘူး”

ချန်ချင်းယွီသည် တစ်ဝက်အမှန်၊ တစ်ဝက်အလိမ် ရောနှော၍ ပြောဆိုနေခြင်း ဖြစ်သော်လည်း သူမတွင် မကောင်းသော စိတ်ထားမရှိပေ။

ရံဖန်ရံခါတွင် ဤကဲ့သို့သော လိမ်ညာမှုမျိုးမှာ စေတနာရှေ့ထားသည့် အဖြူရောင် မုသားများ ဖြစ်ကြပြီး၊ အမှန်တကယ် မိမိကိုယ်ကိုယ် အကာအကွယ်ပေးရန်အတွက်သာ ဖြစ်သည်။

အဆုံးသတ်တွင်မူ ဤကဲ့သို့သော တစ်ဝက်အမှန် တစ်ဝက်အလိမ် စကားများသည် မည်သူ့ကိုမျှ ထိခိုက်နစ်နာစေမည် မဟုတ်သဖြင့်၊ ချန်ချင်းယွီသည် အမှန်တရားနှင့် အလိမ်အညာကို ရောနှော၍ ပြောလိုက်ခြင်း ဖြစ်၏။

အမှန်စင်စစ် သူမ၏ ပစ္စည်းများကို မှောင်ခိုဈေးကွက်တွင် ဝယ်ယူခဲ့ခြင်း ဖြစ်သော်လည်း၊ သူမသည် ငါးနှင့် လဲလှယ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုလိုက်သဖြင့် မည်သူမျှ မသိရှိနိုင်တော့ပေ။ ဤကဲ့သို့သော လိမ်ညာမှုမျိုးသည် မည်သူ့ကိုမျှ မထိခိုက်စေသည့်အပြင် မိမိကိုယ်ကိုယ်လည်း အကာအကွယ်ပေးနိုင်သဖြင့် အလွန်ပင် ကောင်းမွန်လှပေသည်။

ချိုက်မင်မင် အံ့အားသင့်သွားကာ

“လင်းကျန့်ဝမ် ဆုံးတုန်းကရတဲ့ နစ်နာကြေးငွေက နင့်လက်ထဲမှာ ရှိနေတာလား”

သူမအဖို့မူ ဤသည်မှာ မယုံကြည်နိုင်စရာ ဖြစ်နေရ၏။

သူမ၏ စိတ်ထဲတွင် အဘွားကြီးကျောက်ဆိုသည်မှာ စကားပြောရလွယ်ကူသော လူစားမျိုး လုံးဝ မဟုတ်ပေ။

ချန်ချင်းယွီ : “ကျန့်ဝမ်ရဲ့ နစ်နာကြေးကို ကျွန်မတို့အိမ်မှာ လေးပုံ ပုံလိုက်တာ၊ တစ်ယောက်ကို တစ်ပုံစီပေါ့… ဒါပေမဲ့ ကျွန်မက ရှောင်ကျားနဲ့ ရှောင်ယွမ်တို့ရဲ့ မိခင် ဖြစ်နေတော့၊ သူတို့ရဲ့ ငွေတွေကလည်း ကျွန်မဆီမှာပဲ ရှိတာ… ယောက္ခမကလည်း သူမရဲ့ လစာထဲကနေ တစ်လကို ၂၅ ယွမ် ဒါမှမဟုတ် ၂၆ ယွမ်လောက် ကျွန်မကို အမြဲပေးတယ်၊ ဒါကြောင့် ကျွန်မလည်း ငွေအချို့ စုမိတာပေါ့… ကျွန်မတို့ စားသောက်တာ ကောင်းတယ် ဆိုပေမဲ့၊ ငါးက ပိုက်ဆံပေးရတာ မဟုတ်ဘဲ အခြားပစ္စည်းတွေနဲ့ပါ လဲလို့ရသေးတယ်လေ… ယောက္ခမကလည်း တစ်ရက်မှ တစ်နပ်ပဲ အိမ်မှာ စားတာဆိုတော့၊ အမှန်တော့ ကျွန်မတို့ ငွေအတော်လေး စုနိုင်ကြတယ်… အပြင်လူအမြင်မှာတော့ ကျွန်မတို့ ငွေတွေအကုန် သုံးပစ်တယ်လို့ ထင်ရပေမဲ့၊ အမှန်တော့ မကုန်ပါဘူး… ကျွန်မကလည်း အပြင်မှာ သိပ်ပြီး လူလုံးမပြရဲဘူးလေ၊ မဟုတ်ရင် အိမ်မှာက အိုမင်းမစွမ်းတဲ့သူတွေ၊ ကလေးသူငယ်တွေနဲ့ အားနွဲ့တဲ့သူတွေချည်းပဲဟာကို၊ အကယ်လို့ တစ်ယောက်ယောက်က ကျွန်မတို့ကို လာပြီး အနိုင်ကျင့်ရင် ဘယ်လိုလုပ်မလဲ”

ချိုက်မင်မင် ဆွံ့အသွားရတော့သည်။

သူမသည် အဘွားကြီးကျောက်ကို ဤဝင်းကြီးထဲတွင် အဆိုးဆုံးလူဟု အမြဲတွေးခဲ့ဖူးသော်လည်း၊ သူမသည် မိမိ၏ မိသားစုအတွက် တစ်လတစ်လ ဤမျှလောက်အထိ ငွေအများကြီး ပေးလိမ့်မည်ဟု လုံးဝ၊ လုံးဝ မျှော်လင့်မထားခဲ့မိချေ။

အာ……

ငါ ဒါကို မရိပ်မိခဲ့ဘူးပဲ…

ထိုစုန်းမအိုကြီးသည် ရုတ်တရက်ဆိုသလို ဖြူစင်လှသော ကြာပန်းဖြူလေးအဖြစ် ပြောင်းလဲသွားရလေပြီ…

“ငါ တကယ်ကို မျှော်လင့်မထားမိဘူးအေ၊ တကယ်ကို မျှော်လင့်မထားမိဘူး……”

ချန်ချင်းယွီ : “ဒါက မျှော်လင့်မထားစရာ ဘာရှိလို့လဲ… ကျန့်ဝမ်လည်း မရှိတော့ဘူးဆိုတော့၊ ကျွန်မတို့ကပဲ ယောက္ခမအတွက် တစ်ဦးတည်းသော ဆွေမျိုးအရင်းအချာတွေ ကျန်တော့တာလေ… ရှောင်ကျားနဲ့ ရှောင်ယွမ်ကလည်း ကျန့်ဝမ်ရဲ့ သားသမီးတွေပဲဟာ၊ သူမက သူတို့ကို မကြည့်ရှုမစောင့်ရှောက်လို့ ဘယ်သူ့ကို သွားကြည့်ရမှာလဲ”

ချိုက်မင်မင်သည် ရှေးရိုးစွဲကာ အိမ်ထောင်နိုင်နင်းသော အမျိုးသမီးကောင်းတစ်ဦး ဖြစ်၏။

ချန်ချင်းယွီ ဤသို့ ပြောလိုက်သောအခါ သူမ နားလည်သွားပြီး ခေါင်းငြိမ့်ကာ

“အေးပါ၊ အခြေအနေက ဒီလိုကိုး.. ရှောင်ကျားနဲ့ ရှောင်ယွမ်က လင်းမိသားစုရဲ့ သွေးသားတွေပဲဟာ၊ သူမ စရိုက်ကြမ်းတမ်းတယ် ဆိုဦးတော့၊ သူတို့အပေါ်မှာတော့ စိတ်ရင်းစေတနာ အနည်းငယ် ရှိမှာပေါ့… ငါက ငါ့ရဲ့ အမြင်ကျဉ်းကျဉ်းလေးနဲ့ပဲ ကြည့်ပြီး အမှန်တရားကို မမြင်နိုင်ခဲ့တာပဲ”

ချန်ချင်းယွီ ပြုံးလိုက်၏။

“ဒါက တကယ်ပဲ အဲ့လိုပါပဲ.. ဒီနှစ်တွေထဲမှာ ဘယ်သူမှ သေသေချာချာ တွက်ချက်မကြည့်မိကြဘူး… အမှန်တော့ နင့်အိမ်က ကြည့်ရတာ အတော်လေး အဆင်ပြေပြေ နေထိုင်ကြတယ် ထင်ရပေမဲ့၊ အသုံးစရိတ်က သိပ်မများလှဘူး”

ချိုက်မင်မင်သည် ချန်ချင်းယွီ အဝတ်အစားအသစ် အများကြီး ဝယ်သည်ကို မမြင်ဖူးပေ၊ သူမတွင် ဝတ်စရာ နှစ်စုံသုံးစုံမျှသာ ရှိ၏။

အခြား မိသားစုဝင်များလည်း ထို့အတူပင်။

သူတို့၏ စားသောက်မှုပုံစံမှာ ဝင်းကြီးထဲမှ အခြားမိသားစုများထက် ပိုမိုကောင်းမွန်သော်လည်း၊ ငါးအတွက် ငွေသုံးစရာမလိုသဖြင့် ငွေစုမိနိုင်သည်မှာ အမှန်ပင် ဖြစ်နိုင်သည်။

“ငါ တကယ်ကို မျှော်လင့်မထားမိဘူး”

ချန်ချင်းယွီသည် အဓိပ္ပာယ်ပါပါဖြင့် ပြုံးလိုက်သည်။

ကြည့်ရသည်မှာ သူမ၏ မိသားစုသည် အဝတ်အစားအသစ် မဝယ်ကြသကဲ့သို့ ရှိသော်လည်း၊ အတွင်းခံအဝတ်အစား အားလုံးမှာ အသစ်စက်စက်များ ဖြစ်ကြ၏။

အပြင်ဘက်ဆုံး အလွှာတစ်ခုသာ အဟောင်းဖြစ်ပြီး၊ ဥပမာအားဖြင့် ဂွမ်းကပ်အင်္ကျီကို သူမသည် နှစ်စဉ်နှစ်တိုင်း ပြန်လည်ပြုပြင်ခြင်း သို့မဟုတ် အသစ်လဲလှယ်ခြင်းများ ပြုလုပ်သည်။ အပြင်ပန်းသဏ္ဌာန်မှာ ပြောင်းလဲခြင်းမရှိသဖြင့် မည်သူမျှ မသိရှိကြပေ။အတွင်းခံအနွေးထည်များ အဖို့မူ၊ ချန်ချင်းယွီသည် အမြဲတမ်း ပုံစံတူကိုသာ ဝယ်ယူလေ့ရှိသဖြင့် လူတိုင်းမှာ ၎င်းကို အင်္ကျီတစ်စုံတည်းဟုသာ အမြဲထင်မှတ်နေကြသော်လည်း၊ အမှန်တရားမှာ ထိုသို့ လုံးဝမဟုတ်ပေ။

ချန်ချင်းယွီသည် အလုပ်ကို တိတ်တိတ်ဆိတ်ဆိတ် လုပ်တတ်သော လူစားမျိုးဖြစ်ပြီး၊ လူပုံအလယ်တွင် ဟိတ်ဟန်ထုတ်ပြတတ်သူ မဟုတ်ချေ။

“နင်သိလား... ငါ တောင်ပိုင်းကို သွားရမှာကို နည်းနည်းတော့ ရင်တုန်နေတယ်”

ချိုက်မင်မင် ဆိုမိ၏။

ချန်ချင်းယွီ : “ဒါက ဘာဖြစ်လို့လဲ။ ရင်မတုန်ပါနဲ့၊ ကျွန်မတို့ လုပ်နိုင်ပါတယ်… ကျွန်မတို့က မိန်းကလေးတွေ ဖြစ်နေတယ် ဆိုဦးတော့၊ တစ်ခုခုကိုတော့ အောင်မြင်အောင် လုပ်ပြနိုင်ပြီး သူတစ်ပါးကို အံ့အားသင့်စေရမယ်”

“ဟုတ်တယ်!”

နှစ်ဦးသား ခရီးသွားထောက်ခံစာ ကိစ္စများ ပြီးစီးသွားပြီးနောက်၊ ချန်ချင်းယွီသည် မုန့်အချို့ ဝယ်ယူရန်အတွက် ရှောင်ထောင်းဆီသို့ သွားခဲ့သည်။

ဤအရာများသည် ခရီးသွားသည့်အခါ မရှိမဖြစ် လိုအပ်လှပေသည်။

ချန်ချင်းယွီသည် လှော်ထားသော သစ်အယ်သီး၊ ဖရုံစေ့လှော်နှင့် ကန်းစွန်းဥခြောက်များကို ဝယ်ယူခဲ့၏။ ဤအရာများသည် အလွန်ခြောက်သွေ့သည်ဟု တွေးမိသဖြင့်၊ သူမသည် ရေနွေးအပြည့်ထည့်ထားသော ရေဘူးတစ်ဘူးကိုပါ ယူဆောင်ခဲ့သည်။ ဤမျှလောက်နှင့် သေချာပေါက် မလုံလောက်နိုင်သော်လည်း၊ ရထားပေါ်တွင်မူ အပိုဆောင်း၍ ထပ်မံဝယ်ယူနိုင်ပေ၏။

ချန်ချင်းယွီ အဆင်သင့် ပြင်ဆင်ထားသကဲ့သို့၊ ချိုက်မင်မင်သည်လည်း ထို့အတူပင်။

သူမသည် အသားညှပ်ပေါင်မုန့်အချို့ကို ပြုလုပ်ခဲ့ပြီး ကြက်ဥအချို့ကိုလည်း ပြုတ်ထားခဲ့၏။

သူတို့နှစ်ဦး အတူတူ အပြင်ထွက်၍ စွန့်စားကြမည့် သတင်းမှာ ပျံ့နှံ့သွားခဲ့ကာ လျှို့ဝှက်ချက်ဟူသည် ဘယ်သောအခါမျှ ထာဝရ မတည်မြဲနိုင်သည်သာ…

ဝင်းကြီးတစ်ခုလုံး အတင်းအဖျင်း စကားများဖြင့် ဆူညံသွားခဲ့ရကာ၊ လူတိုင်းတွင် ကိုယ်ပိုင်အမြင်များ ရှိကြသော်လည်း၊ လူအများစုမှာမူ သံသယစိတ် ရှိနေကြသည်။ သူတို့မှာ သေချာပေါက် လက်မခံနိုင်ကြအေ။ ယောကျာ်းရင့်မကြီးများ လုပ်လျှင်ပင် အဆင်ပြေပါ့မလား မသေချာသည့်အလုပ်ကို မိန်းကလေးများ လုပ်မည်ဆိုသဖြင့် ပို၍ပင် မဖြစ်နိုင်ဟု ထင်ကြ၏။

ယခုခေတ်လူများမှာ လမ်းဘေးဈေးသည်များကို အထင်သေးတတ်ကြသည်။

သို့သော်လည်း မည်သူမဆို လာရောက်ကဲ့ရဲ့ စောင်းမြောင်းပြောဆိုရဲပါက၊ အဘွားကြီးကျောက်သည် ၎င်းတို့၏ အိမ်ရှေ့တွင် သွားရောက်၍ အော်ဟစ်ဆဲဆိုပေလိမ့်မည်။ ထို့ကြောင့် လူတိုင်းကွယ်ရာတွင် အထင်သေးကာ အတင်းပြောနေကြသော်လည်း၊ ရှေ့မှောက်တွင်ဖြစ်စေ၊ ကလေးများ၏ ရှေ့တွင်ဖြစ်စေ ပါးစပ်ပင် မဟရဲကြရှာပေ။

အဘွားကြီးကျောက်၏ ဩဇာညောင်းမှုမှာ အတော်လေးကို ကြီးမားလှပေသည်။

သူမကို သူတို့ အဖတ်မလုပ်ဘဲ မနေရဲကြပေ။

အဘွားကြီးကျောက်၏ စွမ်းဆောင်ရည်များမှာ အလွန်ပင် များပြားလှ၏။

ပြောရလျှင်... ရှောင်ကျားနှင့် ရှောင်ယွမ်တို့ မူကြိုတက်ကြစဉ်အခါက အချို့သော ကလေးများသည် စိတ်ပုပ်စိတ်ယုတ် ရှိကြသဖြင့် ‘သူတို့အဖေ ဆုံးသွားပြီ၊ သူတို့က အလိုမရှိတဲ့ ကလေးတွေ’ ဟု ပြောဆိုကြကာ ‘စုန်းမလေးတွေ၊ နိမိတ်မကောင်းတဲ့ ကလေးတွေ’ ဟု လှောင်ပြောင်ခဲ့ကြသည်။ ဆရာမဖြစ်သူသည် ထိုအခြေအနေကို လျစ်လျူရှုထားရုံမျှမက၊ ၎င်းပွဲကြီးကို သဘောကျစွာဖြင့် ထိုင်ကြည့်နေခဲ့၏။ အဘွားကြီးကျောက် ထိုနေ့၌ အကြောင်းကို သိရှိသွားသောအခါ၊ သူမသည် မူကြိုကျောင်းသို့ သွားရောက်ကာ ပြဿနာ အကြီးအကျယ် ရှာတော့သည်။ သူမသည် ထိုဆရာမကို ပြင်းထန်စွာ ဆဲဆိုကြိမ်းမောင်းခဲ့ရုံမျှမက၊ ဤကိစ္စကို ကျောင်းအုပ်ချုပ်ရေးအဖွဲ့အထိ တိုင်ကြားခဲ့ပြီး အလွယ်တကူ အလျော့မပေးခဲ့ပေ။ ရလဒ်အနေဖြင့် ထိုဆရာမမှာ အပြစ်ပေး အရေးယူခြင်း ခံခဲ့ရ၏။ အဘွားကြီးကျောက်သည် မိမိ၏ ကလေးကို အခြားအတန်းသို့ ပြောင်းရွှေ့စေခြင်းဖြင့် ဆရာမမှ ကလဲ့စားချေမည်ကို ပြတ်ပြတ်သားသား တားဆီးနိုင်ခဲ့သည်။

အကယ်၍ ဤမျှလောက်သာ ဆိုလျှင် လူများမှာ စွဲစွဲမြဲမြဲ မှတ်မိနေကြမည် မဟုတ်ပေ။ အဘွားကြီးကျောက်သည် ၎င်းလှောင်ပြောင်သော ကလေးအချို့၏ မိသားစုများထံသို့ တိုက်ရိုက်သွားရောက်ကာ ထိပ်တိုက်ရင်ဆိုင်ခဲ့၏။ ယဉ်ကျေးပျူငှာစွာဖြင့် ဤကိစ္စကို ကောင်းမွန်စွာ ဖြေရှင်းပေးမည်ဟု ကတိပြုကာ မိမိ၏ ကလေးများကို ဆုံးမပဲ့ပြင်ပေးသော မိသားစုများကိုမူ သူမ ခွင့်လွှတ်ပေးခဲ့သည်။

သို့သော်လည်း အချို့သော စိတ်မရှည်ဘဲ ဂရုမစိုက်သည့်အပြင်၊ အဘွားကြီးကျောက်ကို ‘ပုံကြီးချဲ့နေတယ်’ ဟု ထင်မှတ်ကာ ရိုင်းစိုင်းသော စကားလုံးများ သုံးနှုန်းသူများကိုမူ သူမသည် အခြားနည်းလမ်းဖြင့် ကိုင်တွယ်ခဲ့၏။ အဘွားကြီးကျောက်သည် အလုပ်မှ တစ်ရက်ခွင့်ယူကာ ၎င်းတို့၏ အလုပ်ခွင်များအထိ သွားရောက်၍ ပြဿနာရှာ ပွဲကြမ်းခဲ့လေသည်။

သူမသည် အကြီးအကျယ် ရုန်းရင်းဆန်ခတ် လုပ်ခဲ့ပြီး၊ ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များ၏ ရှေ့မှောက်တွင်ပင် သူတို့၏ လူယဉ်ကျေးမျက်နှာဖုံးများကို ခွါချပစ်ခဲ့၏။

အဘွားကြီးကျောက်သည် ဤကဲ့သို့ တစ်ပတ်ခန့်အထိ အိမ်တိုင်းနှင့် အလုပ်ခွင်တိုင်းတွင် ပြဿနာ လိုက်ရှာနေခဲ့သည်။

သူမကို လာရောက်ထိပါးရဲသူ မည်သူမဆို အလွယ်တကူ အလျော့ပေးမည့်သူ မဟုတ်မှန်း သိစေခဲ့၏။ အဘွားကြီးကျောက်သည် ထိပ်တိုက်ရင်ဆိုင်ရဲသော အင်အားစုတစ်ခု ဖြစ်ပြီး ချက်ချင်းပင် ကလဲ့စားချေတတ်သည်။ သူမ၏ အသက်အရွယ်ကြီးရင့်မှုကို ကြည့်ပြီး အထင်မသေးမိပါက အကြီးအကျယ် မှားမည်သာ… သူမသည် အလွန်ပင် ခက်ထန်ကြမ်းကြုတ်လှ၏။ သူမသည် အရွယ်ရောက်ပြီးသား ယောကျာ်းရင့်မကြီးများကိုပင် အလွယ်တကူ ရိုက်နှက်နိုင်သူ ဖြစ်ပြီး အနိုင်ကျင့်ခံရခြင်းကို လုံးဝ လက်ခံမည့်သူ မဟုတ်ပေ။ ထို့ပြင် သူမ၏ ဘေးနားတွင် ပိုမို၍ ကြောက်စရာကောင်းသော ချန်ချင်းယွီ ရှိနေသေးရာ၊ သူမ မည်သို့လျှင် ရှုံးနိမ့်နိုင်ပါ့မည်နည်း။ အဆုံးသတ်တွင်မူ ၎င်းတို့သည် ဤကိစ္စ ပြီးငြိမ်းသွားစေရန်အတွက် သူမ၏ အိမ်အထိ လာရောက်ကာ တောင်းပန်ခဲ့ကြရသည်။ ၎င်းပါးစပ်သရမ်းသော ကလေးဆိုးများအားလုံးမှာလည်း မိမိတို့၏ မိသားစုများ၏ အရိုက်အနှက်ကို ခံခဲ့ကြရ၏။

ထိုအချိန်မှစ၍ ရှောင်ကျားနှင့် ရှောင်ယွမ်တို့၏ ရှေ့မှောက်တွင် မကောင်းသော စကားလုံးများကို မည်သူမျှ မပြောရဲကြတော့ပေ။

သူတို့က အရူးမှ မဟုတ်တာ…

သူတို့ကို သွားရောက်ရန်စတာက ကိုယ့်သေတွင်းတူးတာနဲ့ အတူတူပဲ မဟုတ်လား…

အမှန်တွင် ဤဖြစ်ရပ်ကြောင့် အနည်းငယ် ဆိုးကျိုးသက်ရောက်မှု ရှိခဲ့သည်။ အချို့သော မိဘများသည် မိမိတို့၏ ကလေးများကို ‘ရှောင်ကျား၊ ရှောင်ယွမ်တို့နဲ့ သွားမဆော့နဲ့’ ဟု သွန်သင်ကြ၏။ ၎င်းစုန်းမကြီး အဘွားကြီးကျောက်ကို မရည်ရွယ်ဘဲ သွားရောက် ထိပါးမိမည်ကို စိုးရိမ်ကြ၍ပင်… သို့သော်လည်း သူတို့သည် ထိုအချက်ကို အလွန်အမင်း ထင်ရှားအောင် မလုပ်ရဲကြကာ၊ တိတ်တိတ်လေးသာ အကွာအဝေးတစ်ခု ထားရှိကြသော်လည်း အပြင်ပန်းတွင်မူ မပြရဲကြပေ။

ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ၎င်းကို အလေးအနက် မခံစားခဲ့ပေ။ အပြင်လူများမှာလည်း ထုတ်ဖော်မပြောရဲကြသဖြင့်၊ အလွန်အမင်း အာရုံခံစားလွယ်သော ကလေးများ မဟုတ်ပါက စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း ခံစားရမည် မဟုတ်ပေ။ ထို့အပြင် ရှောင်ကျားနှင့် ရှောင်ယွမ်တို့တွင် ကစားဖော်ကစားဖက် မရှားကာ၊ မည်သူမဆို လူတိုင်းနှင့် သူငယ်ချင်း ဖြစ်နိုင်သည်သာ…

အချို့သူများက ရှောင်ကျား၊ ရှောင်ယွမ်တို့နှင့် မဆော့ချင်ကြသော်လည်း၊ အမြဲတမ်း ဆော့ချင်သော အခြားသူများ ရှိနေဆဲ ဖြစ်သည်။ ဤသည်မှာ အားကိုးထိုက်သော အင်အားကို အားကျခြင်းပင် ဖြစ်၏။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့ နှစ်ဦးစလုံးမှာ စာကြိုးစားကြသူများ ဖြစ်သဖြင့် သူငယ်ချင်းများ ရှိနေဆဲ ဖြစ်သည်။ အချို့သော ကလေးများသည် အဘွားကြီးကျောက်ကြောင့် ရှောင်ကျား၊ ရှောင်ယွမ်တို့နှင့် အတူတူ ဆော့ရသည်ကို ပျော်ရွှင်ကြသည်၊ သူတို့က အဘွားကြီးကျောက်ကို အတော်လေး မိုက်သည်ဟုပင် ထင်မှတ်ကြ၏။

အဘွားက ယောကျာ်းကြီးတွေကိုတောင် ရိုက်နှက်နိုင်သေးတာပဲ... သူတို့လည်း အတုယူချင်ကြတာပေါ့…

လူကြီးများသည် ကလေးများ၏ စိတ်နှလုံးကို နားမလည်ကြပါပေ။ထို့ကြောင့် ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် ပျော်ရွှင်စွာဖြင့် ဆက်လက် ကြီးပြင်းလာခဲ့ကြသည်။

ယခုတစ်ကြိမ်တွင် ချန်ချင်းယွီနှင့် အခြားသူများသည် ကုန်ပစ္စည်းများဝယ်ယူရန် တောင်ပိုင်းသို့ သွားရောက်ကာ လမ်းဘေးဈေးသည်လုပ်ရန် စီစဉ်နေကြသော်လည်း၊ လူတိုင်းက ကွယ်ရာတွင်သာ အတင်းအဖျင်း ပြောရဲကြပြီး၊ ဗြောင်ကျကျ မပြောရဲကြပေ။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့အဖို့မူ၊ ၎င်းသည် သူတို့အပေါ် သက်ရောက်မှု ပို၍ပင် နည်းပါးလှ၏။ အတန်းဖော်များမှာလည်း အကယ်၍ အတင်းပြောမိပါက အဘွားကြီးကျောက် သူတို့ကို လာမရိုက်ဟု အာမခံရဲကြပေ~~ သူတို့၏ မိဘများသိလျှင်လည်း အိမ်တွင် ရိုက်နှက်ဆုံးမကြမည်သာ…

အကယ်၍ မည်သူမဆို အတင်းအဖျင်း လျှောက်ပြောပါက၊ ရှောင်ကျားနှင့် ရှောင်ယွမ်တို့၏ အဘွားသည် ၎င်းတို့မိဘများ၏ အလုပ်ခွင်အထိ တကယ်သွားရောက်ကာ ပြဿနာရှာ ပွဲကြမ်းပေလိမ့်မည်။

ဒါက တကယ့်ကို မတရားတာပဲ…

ကျွန်တော်တို့ သူတို့ကို သွားပြီး မရှုပ်ရဲပါဘူးဗျာ…

လူတစ်ယောက်သည် အနည်းငယ် လူမိုက်စရိုက်ရှိနေပါက၊ နာမည်ဂုဏ်သတင်း မကောင်းလှသော်လည်း အလုပ်လုပ်ရသည်မှာ တကယ့်ကို အဆင်ပြေလှပေသည်။

သူတစ်ပါးမှာ ကိုယ့်ကို ထမင်းကျွေးမည် မဟုတ်သဖြင့်၊ အဘွားကြီးကျောက်သည်လည်း သူတစ်ပါး မျက်နှာကို ထောက်ထားနေရန် မလိုအပ်ပေ။

ချန်ချင်းယွီတို့သည် လိုအပ်သော ပြင်ဆင်မှုအားလုံးကို ချောမွေ့စွာ ပြုလုပ်ပြီးနောက်၊ နောက်ဆုံးတွင် ဖေဖော်ဝါရီလနှောင်းပိုင်း၌ တောင်ပိုင်းသို့ ဦးတည်သည့် ခရီးစဉ်ကို စတင်ခဲ့ကြသည်။

ချန်ချင်းယွီနှင့် ချိုက်မင်မင်ဟူသော ဤအမျိုးသမီးနှစ်ဦးသည် အတူတူ ခရီးထွက်ခဲ့ကြ၏။ သူတို့သည် ဘူတာရုံတွင် ရထားလက်မှတ် ဝယ်ယူခဲ့ကြရာ~~ အိပ်စင်လက်မှတ် မရရှိဘဲ ထိုင်ခုံလက်မှတ်များကိုသာ ရရှိခဲ့သည်။ ခရီးသွားလာသူ အတော်များပြားလှသည်၊ ပေကျင်းမြို့သည် မြို့တော်ဖြစ်သည့်အားလျော်စွာ ဘူတာရုံကြီးမှာလည်း ကြီးကျယ်၏။

၎င်းမှာ ဖေဖော်ဝါရီလနှောင်းပိုင်း ကျောင်းဖွင့်ချိန်နှင့် တိုက်ဆိုင်နေသောကြောင့် ဖြစ်ပုံရပြီး၊ ဘူတာရုံတစ်ခုလုံး လူများဖြင့် ပြည့်နှက်ညှပ်ပိတ်နေခဲ့သည်။

‘ငါတော့ ပေါ့ဆသွားတယ်’

ချန်ချင်းယွီ တွေးလိုက်မိ၏။

သို့သော်လည်း ခရီးသွားထောက်ခံစာများ ထွက်ရှိပြီးသား ဖြစ်နေပြီး၊ ရက်စွဲများကိုလည်း ပြောင်းလဲ၍ မရနိုင်တော့ပေ။

ချန်ချင်းယွီကိုယ်တိုင်မှာလည်း ကျောင်းသူတစ်ဦး မဟုတ်သဖြင့်၊ ယခုအချိန်သည် ကျောင်းဖွင့်ချိန် ဖြစ်နေမှန်း မေ့လျော့နေခဲ့၏။

ပုံမှန်အားဖြင့် သူမဘေးနားတွင် ကျောင်းသားအများကြီး ရှိနေသည်ဟု မခံစားရသော်လည်း၊ ခရီးထွက်သည့်အခါမှသာ သိသာထင်ရှားသွားတော့သည်။

လူတွေ တကယ့်ကို များပြားလှချည်လား…

ပေကျင်းမြို့တွင် တက္ကသိုလ် အများအပြား ရှိသော်လည်း၊ အချို့သော ကျောင်းသားများသည် အခြားမြို့များရှိ တက္ကသိုလ်များသို့ သွားရောက်ကြရသဖြင့် ဘူတာရုံမှာ အလွန်အမင်း လူဦးရေ ထူထပ်နေခဲ့သည်။ ငယ်ရွယ်သော မျက်နှာများစွာကို တွေ့မြင်နေရ၏။ ချန်ချင်းယွီနှင့် ချိုက်မင်မင်သည် ဝူဟန်တွင် ရထားတစ်ဆင့် ပြောင်းစီးကြရမည် ဖြစ်သည်။ အမှန်၌ ဤနေရာတွင် ရထားပြောင်းစီးခြင်းက အကောင်းဆုံးလမ်းကြောင်း ဟုတ်မဟုတ်ကို ချန်ချင်းယွီလည်း သေချာမသိပေ။

သို့သော်လည်း ယခုခေတ်ရထားများသည် နောင်ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီးနောက်ပိုင်းခေတ်ကဲ့သို့ အဆင့်မမြင့်သေးချေ။ ယခုအချိန်တွင် ကွမ်ကျိုးသို့ တိုက်ရိုက်ပြေးဆွဲသည့် ရထားမရှိသေးဘဲ၊ ရထားပြောင်းစီးရမည့် ဂိတ်အနည်းငယ်သာ ရှိ၏။ လမ်းကြောင်း အနည်းငယ် ပတ်ရသည် ဆိုသော်ငြား သူတို့ ဤလမ်းအတိုင်းသာ သွားကြရမည် ဖြစ်သည်။

ချန်ချင်းယွီနှင့် ချိုက်မင်မင်တို့သည် အထုပ်အပိုး အများကြီး သယ်ဆောင်မလာခဲ့ကြပေ။

သူတို့နှစ်ဦးစလုံး ကျောပိုးအိတ်များကိုသာ လွယ်ထားကြသည်၊ ၎င်းမှာ ခရီးသွားသည့်အခါ ပေါ့ပေါ့ပါးပါး ရှိနေခြင်းသည် အကောင်းဆုံးဟူသော ချန်ချင်းယွီ၏ အကြံပြုချက်ကြောင့် ဖြစ်၏။

ကျောပိုးအိတ်ကို အရှေ့ဘက်တွင် လွယ်ထားခြင်းသည်လည်း ပိုမို၍ ဘေးကင်းစိတ်ချရပေသည်။

ကျောပိုးအိတ်ဟု ဆိုသော်လည်း ဆိုင်တွင်ရောင်းသော ကျောင်းသားသုံးပုံစံမျိုး မဟုတ်ဘဲ၊ ကိုယ်တိုင်ချုပ်လုပ်ထားသည့် မည်သည့်ဆန်းပြားသော ပန်းပုံစံမျှ မပါရှိသည့် အိတ်များ ဖြစ်ကြ၏။ ချန်ချင်းယွီအဖို့ ဤခေတ်ကာလတွင် ရထားစီးရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပြီး၊ ချိုက်မင်မင်မှာမူ ယခင်က စီးဖူးသည်။ အကြောင်းမှာ သူမသည် နှစ်စဉ်နှစ်တိုင်း မိမိ၏ မိဘအိမ်သို့ ပြန်လေ့ရှိသောကြောင့်ပင်~~ သူတို့နှစ်ဦး အတူတူ ရထားပေါ်သို့ တိုးဝှေ့ကာ တက်ခဲ့ကြ၏။ ချန်ချင်းယွီသည် ခွန်အားပိုမို သန်မာသူ ဖြစ်သည့်အတိုင်း၊ ချိုက်မင်မင်ကို လျင်မြန်စွာ ဆွဲခေါ်ပြီး ရထားပေါ်သို့ အရင်ရောက်အောင် တက်နိုင်ခဲ့သည်။

နှစ်ဦးစလုံး မောဟိုက်ကာ အသက်ကို ပြင်းပြင်းရှူနေကြရ၏။

ချန်ချင်းယွီ : “ကဲ... သွားရအောင်၊ ကျွန်မတို့ ခုံတွေကို သွားရှာရအောင်”

ချိုက်မင်မင် : “လူတွေ တော်တော်များတာပဲအေ”

သူမ သက်ပြင်းချရင်း ဆိုလေသည်။

ချန်ချင်းယွီ ခေါင်းငြိမ့်ပြလိုက်၏။ဤဘူတာမှာ ရထားစထွက်သည့် ဘူတာဖြစိ၍သာ တော်သေးတော့သည်၊ အကယ်၍ မဟုတ်ပါက မည်ကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရမည်ကို သူမ မတွေးရဲပေ။

ရထားများတွင် ခုံနံပါတ်များ ပါရှိသည် ဆိုသော်လည်း၊ လူတိုင်း မိမိ၏ သတ်မှတ်ထားသော ခုံတွင် အမှန်တကယ် ထိုင်ကြသည် မဟုတ်ပေ။ လူအများအပြားမှာ ခုံများကို အတင်းဦးထားကြပြီး ပြန်လည်မဖယ်ပေးကြကာ အားနွဲ့သောသူများအဖို့မူ ဘာမှ မတတ်နိုင်ကြကာ လက်လျော့ပေးရ၏။ ချန်ချင်းယွီသည် အားနွဲ့သူမဟုတ်သော်လည်း ဤကဲ့သို့သော လူစားမျိုးများနှင့် စကားများ ရန်ဖြစ်မနေချင်သဖြင့်၊ ရထားပေါ်သို့ စောစောစီးစီး တက်ခဲ့ခြင်း ဖြစ်ကာ ၎င်းတို့အား အခွင့်အရေး မပေးခဲ့ပေ။

ချန်ချင်းယွီသည် အားသန်ပြီး အတင်းတိုးဝှေ့နိုင်သဖြင့် ရထားပေါ်သို့ ပထမဆုံး တက်နိုင်သူများထဲတွင် ပါဝင်ခဲ့သည်။ သူမသည် မိမိတို့တွဲ၏ တံခါးအနီးမှ တက်ခဲ့ခြင်း ဖြစ်သဖြင့် ခုံများကို လျင်မြန်စွာ ရှာတွေ့ခဲ့၏။ သူတို့၏ ခုံများမှာ မျက်နှာချင်းဆိုင် ဖြစ်ပြီး နှစ်ခုံစလုံး ပြတင်းပေါက်ဘေးတွင် ရှိနေသည်။

ဤသည်မှာ ချန်ချင်းယွီ လက်မှတ်ဝယ်စဉ်က ယဉ်ကျေးပျူငှာစွာဖြင့် ကြိုတင်တောင်းဆိုခဲ့သော အချက် ဖြစ်၏။

၎င်းမှာ ခုံသုံးတန်းပါရှိသည့် ခရီးဝေးရထား ဖြစ်သဖြင့် မကြာမီပင် လူများဖြင့် ပြည့်နှက်သွားတော့မည် ဖြစ်ရာ၊ အပြင်ဘက်တွင် ထိုင်ရခြင်းသည် အတွင်းဘက်တွင် ထိုင်ရခြင်းထက် သေချာပေါက် ပိုမို၍ သက်တောင့်သက်သာ ရှိပေသည်။

နှစ်ဦးသား လျင်မြန်စွာ ဝင်ထိုင်လိုက်ကြသည်။

ချိုက်မင်မင် : “ငါတို့ တကယ် ကံကောင်းတယ်အေ၊ ပထမဆုံး တိုးဝင်နိုင်တဲ့အထဲမှာ ပါခဲ့လို့”

ချန်ချင်းယွီ ခေါင်းငြိမ့်လိုက်ပြီး၊ မိမိ ယူဆောင်လာသော မုန့်များကို ထုတ်ကာ စားပွဲတင်ခုံလေးပေါ်တွင် တင်လိုက်၏။

ပြတင်းပေါက်ဘေးတွင် ထိုင်ရခြင်းသည် ဤကဲ့သို့ အားသာချက် ရှိသည်သာ~~ ပစ္စည်းများကို ချထားနိုင်ခြင်း ဖြစ်သည်။ အကယ်၍ လူသွားလမ်းဘေးတွင် ထိုင်ရပါက ပစ္စည်းများ ချထားရန်နှင့် ပြန်လည်ယူရန် အလွန် အဆင်မပြေ ဖြစ်ပေလိမ့်မည်။

ချိုက်မင်မင် : “နင်က တကယ့်ကို ပါးနပ်တာပဲ… ငါကတော့ အနားချင်းကပ်ပြီး ထိုင်ဖို့ပဲ စဉ်းစားမိတာ၊ အခုလို ထိုင်ရတာက ပိုပြီး ကောင်းတယ်”

ချန်ချင်းယွီ : “ဒါပေါ့ ကျွန်မ ဒီနေရာမှာ ထိုင်ရတာ ပထမဆုံးအကြိမ် ဆိုပေမဲ့ ကြိုတင်ပြီး စုံစမ်းလေ့လာခဲ့တာပဲဟာ”

ချိုက်မင်မင် ပြုံးလိုက်ပြီး လက်မထောင်ပြလိုက်သည်။

“မနှစ်က ငါတို့ မိဘတွေအိမ် ပြန်တုန်းက တစ်တန်းတည်း ထိုင်ခဲ့ရတာ… ငါက ကလေးကို ပွေ့ထားတာကို၊ အသက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်က ငါ့ကို ခုံချင်းလဲဖို့ လာပြောတယ်၊ သူမက ရထားမူးလို့ ပြတင်းပေါက်ဘေးမှာ ထိုင်ချင်လို့တဲ့… သူမ စကားပြောတာက အတော်လေး ဗိုလ်ကျချင်တဲ့ပုံစံကြီး၊ ငါ့ယောကျာ်း မာကျန်းကပဲ သူမကို မောင်းထုတ်ပေးလိုက်ရတာ… ဒီနေ့လည်း ဒီလိုလူမျိုးနဲ့ ကြုံရဦးမလား မသိဘူး၊ တကယ်လို့ ကြုံလာရင်တော့ စောင့်ကြည့်နေလိုက်၊ ငါ မာကျန်းဆီကနေ လူကို ဘယ်လို ပြန်ပက်ရမလဲဆိုတာ သင်ယူထားပြီးပြီ

ချန်ချင်းယွီ : “... ဟားဟား”

သူတို့နှစ်ဦးစလုံး အထုပ်အပိုး အများကြီး သယ်ဆောင်မလာခဲ့ကြသဖြင့်၊ မိသားစုဝင်များကိုလည်း လာရောက်ပို့ဆောင်ခိုင်းခြင်း မလုပ်ခဲ့ပေ။ သူတို့ ထိုင်ပြီးမကြာမီမှာပင် ဘေးပတ်ပတ်လည်၌ လူများဖြင့် ပြည့်သွားခဲ့သည်။ ခုံလဲချင်သည်ဟု လာပြောသော လူမျိုးနှင့်လည်း မတွေ့ခဲ့ရချေ။ ချိုက်မင်မင်က နှမြောတသဟန်ဖြင့်

“ငါက ငါ့ရဲ့ ပညာလေးကို အစွမ်းပြမလို့ စဉ်းစားထားတာကို”

ချန်ချင်းယွီ တခစ်ခစ်ရယ်မောရင်း

“ဘယ်သူမှ ပြဿနာလာမရှာတာကပဲ ကောင်းတာ မဟုတ်ဘူးလား အစ်မရယ်”

ချိုက်မင်မင် : “ငါက ငါ့ယောကျာ်းဆီကနေ လူကို ဘယ်လို ဆဲရမလဲ (ပြန်ပက်ရမလဲ) ဆိုတာ ခုလေးတင် သင်လာတာဆိုတော့၊ စမ်းသပ်ပြီး သုံးကြည့်ချင်လို့ပါ”

ချန်ချင်းယွီ ပို၍ပင် သဘောကျစွာ ရယ်မောလိုက်မိတော့သည်။

ရထား မထွက်ခွာရသေးသော်လည်း ရထားပေါ်တွင်မူ ပိုမို၍ လူပြည့်ညှပ်လာခဲ့၏။ ခုံမရရှိသော လူအများအပြားပင် ရှိနေပြီး၊ အချို့မှာမူ ရထားပေါ်သို့ တိုးမဝင်နိုင်တော့သဖြင့် ပြတင်းပေါက်များမှတစ်ဆင့် အတင်းတွားဝင်နေကြလေသည်။

ချန်ချင်းယွီ ဆွံ့အအံ့အားသင့်သွားရ၏။

သူမသည် ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ…

သူမသည် လည်ပင်းကို ဆန့်ထုတ်ကာ ကြည့်ရှုရင်း၊ ဤခေတ်ကာလ၏ အငွေ့အသက်ကို အမှန်တကယ်ပင် ကိုယ်တိုင်ကိုယ်ကျ ခံစားလိုက်ရတော့သည်။

ချန်ချင်းယွီ : “အမလေး... ဘုရားရေ၊ သူတို့က ဒီအတိုင်းကြီးကို အတင်းတိုးဝင်နေကြတာကိုး”

သူမ မချီးကျူးဘဲ မနေနိုင်တော့ပါဘူး…

“ခင်များ ရထားစီးရတာ ဒါပထမဆုံးအကြိမ်လား… ဒါက ပုံမှန်ပါပဲ”

သူမ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော အသက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် လှမ်းပြောသည်။

ချန်ချင်းယွီ ပြုံးလိုက်ပြီး

“ပထမဆုံးအကြိမ် ကြုံဖူးတာပါ”

“ခင်များတို့က ဘယ်သွားကြမလို့လဲ”

“ဝူဟန်ကိုပါ”

“ကျုပ်လည်း ဝူဟန်ကို သွားမှာပဲ… ခင်များတို့ အဲဒီမှာ ဘာသွားလုပ်မလို့လဲ… ဆွေမျိုးတွေဆီ သွားလည်မလို့လား၊ ဒါမှမဟုတ် လမ်းကြုံ ဖြတ်သန်းသွားရုံတင်လား”

ယခုခေတ်လူများသည် တကယ့်ကို အားနာရမှန်းမသိကာ၊ စဉ်းစားဆင်ခြင်ခြင်းမရှိ မေးခွန်းများကို လျှောက်မေးတတ်ကြသည်။

ချိုက်မင်မင်သည် ထိုအမျိုးသားကို သံသယစိတ်ဖြင့် ကြည့်လိုက်ပြီး၊ သူသည် မေးခွန်းများ အလွန်အမင်း မေးနေသည်ဟု ခံစားရသဖြင့် ချက်ချင်းပင်

“ငါတို့ ဘာလုပ်လုပ် နင့်အလုပ် မဟုတ်ပါဘူး”

ထိုအသက်လတ်ပိုင်းအမျိုးသားမှာ အံ့အားသင့်သွားပြီး ခေတ္တမျှဆွံ့အသွားပြီးနောက်

“ကျုပ်က မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ပြောတာမဟုတ်ပါဘူး၊ အထင်မလွဲပါနဲ့… ကျုပ်က ဝူဟန်ကပါ…ပေကျင်းကို အလုပ်ကိစ္စနဲ့လာပြီး အခုပြန်မလို့ပါ.. စက်ရုံတစ်ခုက အရောင်းဝန်ထမ်း တစ်ယောက်ပေါ့… ပုံမှန်ဆိုရင်တော့ အလုပ်ကိစ္စခရီးသွားရင် အိပ်စင်ရထားပဲစီးတာ၊ ဒါပေမဲ့ ဒီတစ်ခေါက်က လကုန်ရက်ဖြစ်နေတော့ လက်မှတ်ဖြတ်လို့မရလို့ပါ”

သူသည် မိမိ၏ချမ်းသာကြွယ်ဝမှုကို သွယ်ဝိုက်သောနည်းဖြင့် ကြွားဝါလိုက်ရင်း၊ ရေခွက်ကို စားပွဲတင်ခုံလေးပေါ်သို့ တင်ကာ သူ၏လက်ပတ်နာရီကို မသိမသာ ထုတ်ပြလိုက်၏။ ပြီးနောက် ချန်ချင်းယွီကို တစ်ချက်လှမ်းကြည့်လိုက်ပြန်သည်။

ချန်ချင်းယွီသည်ကား သူ့ကို ဖျတ်ခနဲပင် လှည့်မကြည့်ပေ။ သူမသည် တရုတ်နှစ်သစ်ကူးခရီးသွားလှိုင်းကို စိတ်ဝင်စားပြီး၊ ရှေးဟောင်းရထားစိမ်းကြီးများကို စိတ်ဝင်စားသည်ဆိုသော်လည်း ယောကျာ်းများကိုမူ လုံးဝစိတ်မဝင်စားပေ။

ချိုက်မင်မင် စကားလမ်းကြောင်းကို ဖြတ်ပြောလိုက်သော်လည်း၊ ချန်ချင်းယွီမှာ တိတ်ဆိတ်စွာဖြင့် ခုံတွင်မှီထိုင်ရင်း အပြင်ဘက်မှ လှုပ်ရှားရုန်းကန်မှုများကိုသာ စိတ်ဝင်တစားဖြင့် ကြည့်ရှုနေခဲ့၏။

အသက်လတ်ပိုင်းအမျိုးသားမှာ နှုတ်ခမ်းကိုစေ့လိုက်ပြီး

“ဒီခရီးစဉ်က တစ်ရက်ထက်မက ကြာလိမ့်မယ်”

“အော်”

ချိုက်မင်မင်သည်လည်း စကားဝိုင်းထဲတွင် အလွန်အမင်း ပါဝင်ပတ်သက်လိုစိတ် မရှိချေ။

ခရီးထွက်သည့်အခါ လူတိုင်း သတိကြီးစွာ ထားကြရမည်သာ… သူတို့သည် သိကျွမ်းသူများပင် မဟုတ်ကြရာ၊ ဘာများပြောနေစရာ ရှိအံ့နည်း။

ထိုအမျိုးသားသည် သူတို့နှစ်ဦးထံမှ စိတ်ဝင်စားမှုမရှိခြင်းကို ရိပ်မိသွား၍ ဖြစ်ပုံရသည်၊ နောက်ဆုံးတွင် တိတ်ဆိတ်သွားခဲ့ရ၏။

ထိုအချိန်မှာပင် ရထားကြီးသည် နောက်ဆုံး၌ စတင်ရွေ့လျားသွားခဲ့သည်။ ချိုက်မင်မင်သည် ပြတင်းပေါက်ပြင်ပမှ ပြောင်းလဲနေသော ရှုခင်းများကို ကြည့်ရင်း

“ငါတို့ ထွက်လာပြီ.. ငါ ဝူဟန်ကို သွားရမှာ ဒါပထမဆုံးအကြိမ်ပဲ”

ချန်ချင်းယွီ : “ကျွန်မလည်း တူတူပဲ”

အသက်လတ်ပိုင်းအမျိုးသားသည် စကားဝိုင်းထဲသို့ ထပ်မံဝင်ရောက်ရန် ကြံရွယ်လိုက်သော်လည်း၊ သူစကားမပြောရသေးမီမှာပင် ချန်ချင်းယွီသည်

“ကျွန်မတို့ ဆောင်းတွင်းမှာ ခရီးထွက်မိတာ တော်သေးတာပေါ့၊ တကယ်လို့ နွေရာသီသာဆိုရင်၊ ဒီလောက်လူအများကြီးနဲ့ ရထားပေါ်မှာ ဘယ်လိုအနံ့အသက်တွေ ထွက်နေမလဲ မသိဘူး… အခုတော့ အနည်းဆုံးတော့ ထူးထူးခြားခြား အနံ့အသက်မရှိလို့ တော်သေးတယ်”

ချိုင်မင်မင် : “ဟုတ်တယ်၊ ဟုတ်တယ်။”

နှစ်ဦးသားမှာ တစ်ယောက်တစ်လှည့် စကားဖလှယ်နေကြပြီး၊ သူတစ်ပါးကို စကားဖြတ်ပြောရန် အခွင့်အရေး လုံးဝမပေးခဲ့ကြပေ။

ယခုခေတ်ကာလတွင် ရထားစီးခရီးသည်များ၌ ဖျော်ဖြေရေးများ အများကြီးမရှိသဖြင့်၊ သူတို့သည် အချင်းချင်း စကားစမြည်ပြောလေ့ရှိကြကာ သူစိမ်းများပင်လျှင် စကားလက်ဆုံကျသွားတတ်ကြသည်။ သို့သော်လည်း အမျိုးသမီးနှစ်ဦးတည်း ခရီးထွက်လာခြင်း ဖြစ်သဖြင့် ပိုမို၍ သတိထားကြရပေမည်။ ထို့ကြောင့် ချန်ချင်းယွီနှင့် ချိုက်မင်မင်သည် မိမိတို့ကိစ္စကိုသာ ပြောဆိုကြပြီး အခြားသူများနှင့် စကားအများကြီးမပြောခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။

အသက်လတ်ပိုင်းအမျိုးသားသည် စကားဝိုင်းထဲသို့ ဝင်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း၊ မအောင်မြင်သည့်အဆုံး လက်လျှော့သွားခဲ့ရတော့၏။

ချန်ချင်းယွီတို့နှစ်ဦးလည်း ပျင်းရိလာသဖြင့် နေ့စဉ်လူမှုရေး အကြောင်းအရာများကိုသာ ပြောဖြစ်ခဲ့ကြသည်။

ချိုက်မင်မင် : “ရှီရှောင်ဝေက ယွမ်ဟောက်ရွှယ်နဲ့ အတူတူရှိချင်နေတယ်လို့ ငါနင့်ကို ပြောခဲ့တာ မှတ်မိလား”

ချန်ချင်းယွီ ခေါင်းငြိမ့်ပြကာ

“သိတာပေါ့၊ တရုတ်နှစ်သစ်ကူးနေ့တုန်းက အစ်မ ပြောခဲ့တာပဲ၊ ဘာလဲ... ဘာထူးခြားမှု ရှိလို့လဲ”

ယခုဆိုလျှင် ဖေဖော်ဝါရီလနှောင်းပိုင်းသို့ ရောက်ရှိနေပြီဖြစ်ရာ၊ တစ်လနီးပါးခန့် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း မည်သည့်သတင်းမျှ ထွက်မလာခဲ့ပေ။

ချိုက်မင်မင် : “ရှိတာပေါ့၊ ငါတို့အိမ်တွေက မျက်နှာချင်းဆိုင်ဆိုတော့ ငါအမြဲတမ်း စောင့်ကြည့်နေတာ၊ ရှီရှောင်ဝေက ယွမ်ဟောက်ရွှယ်ကို ဘာပြောလဲဆိုတော့... ဟောက်ရွှယ်ရဲ့ မိသားစုအခြေအနေက သူ့ထက်နိမ့်ကျနေမှန်း သူသိပါတယ်တဲ့၊ ဒါပေမဲ့ သူက အထင်မသေးတဲ့အပြင် ဟောက်ရွှယ်ကိုလည်း စိတ်ထဲမှာ မလုံမလဲမဖြစ်ဖို့ ပြောတယ်တဲ့၊ ပြီးတော့ ဟောက်ရွှယ်က သူ့အပေါ် စိတ်ရှိနေမှန်းလည်း သူသိလို့ ဟန်ဆောင်မနေပါနဲ့တဲ့အေ… ဟားဟားဟားဟား... နင်မသိလို့၊ အဲဒီအချိန်တုန်းက ယွမ်ဟောက်ရွှယ်ရဲ့ မျက်နှာကြီးက မစင်စားထားရသလို ဖြစ်သွားတာ၊ ရှီရှောင်ဝေက ဘယ်ကနေ အဲဒီလောက် ယုံကြည်မှုတွေ ရနေလဲ မသိဘူး”

ချန်ချင်းယွီစိတ်ထဲတွင် ‘သာမန်ကာလျှံကာ ဖြစ်သော်လည်း ယုံကြည်မှုလွန်ကဲနေခြင်း’ ဟူသော စကားစုကို အလိုလို သတိရမိသွားသည်။

သူမကတော့ တကယ့်ကို အာဂလူတွေနဲ့ချည်း ကြုံနေရပါလားကွယ်ရို့…

ချန်ချင်းယွီ : “အဲဒီမိသားစုမှာ လူ ခုနှစ်ယောက်ရှိတာ၊ အထက်တန်းကျောင်းတက်နေတုန်းဖြစ်တဲ့ ညီမအငယ်ဆုံးအပြင်၊ မူကြိုတက်ဖို့ အသက်မပြည့်သေးတဲ့ တူလေးတစ်ယောက်ကလွဲလို့ ကျန်တဲ့လူတွေအကုန်လုံးက စက်ရုံအလုပ်သမားတွေချည်းပဲ… ဟောက်ရွှယ်ရဲ့ မိသားစုက သူ့ထက်နိမ့်ကျနေတယ် ဟုတ်လား။ သူ့မိသားစုထဲမှာ ဘယ်သူမှ အလုပ်မရှိဘဲ၊ တစ်မိသားစုလုံးက သူ့အမေရဲ့အပေါ်မှာပဲ မှီခိုနေရတာလေ… ဟောက်ရွှယ်က သူ့ထက်နိမ့်ကျနေတယ်လို့ သူက ဘယ်လိုမျက်နှာမျိုးနဲ့ ပြောရဲတာလဲ၊ အရှက်မရှိလိုက်တာ”

ချန်ချင်းယွီသည် တကယ်ကို အံ့အားသင့်သွားရ၏။

ကျောက်ရုံ နာမည်ဆိုးရှိနေသည်ဆိုသည့်တိုင်၊ ကွမ်ထင်းထင်း၏ ခဲအိုမှာ ပြစ်မှုများ ပါဝင်ပက်သက်နေသည် ဆိုသည့်တိုင် ၎င်းမှာ ဟောက်ရွှယ်၏ အပြစ် လုံးဝမဟုတ်ပေ။

သူမသည် အနည်းငယ် အတ္တကြီးတတ်သည် ဆိုသော်လည်း၊ မည်သည့်ပြဿနာထဲတွင်မှ ပါဝင်ပတ်သက်ခြင်း မရှိခဲ့ပေ။

သူမက ဘာဖြစ်လို့ ရှီရှောင်ဝေကို စဉ်းစားရမှာလဲ…

“ရှီရှောင်ဝေက စိတ်မမှန်ဘူးထင်တယ်… ဟောက်ရွှယ် အလုပ်မရခင်တုန်းကတောင် သူ့ကို အထင်သေးခဲ့တာ… အခု သူမမှာ အလုပ်အကိုင်ကောင်း ရနေပြီဆိုမှတော့၊ သူ့ကို ဘယ်လိုလုပ် စိတ်ဝင်စားပါ့မလဲ… သူက အချောင်နှိုက်ချင်လို့ အရှက်မရှိ လာလုပ်နေတာပဲ”

ချိုက်မင်မင် ထပ်လောင်း၍

“ဘယ်သူက မဟုတ်ဘူးပြောလဲ… သူက ဟောက်ရွှယ်ကို ‘သူမရဲ့အလုပ်ကို သူ့ကိုပေးလိုက်ပါ၊ ပြီးရင် သူမက အိမ်မှာပဲနေပြီး ဇနီးကောင်း၊ မိခင်ကောင်းတစ်ဦး လုပ်ပါ’ လို့တောင် ပြောသေးတာ… ငါဆို ပါးရိုက်ပစ်ချင်တယ်! စောင့်ကြည့်နေလိုက်၊ အကယ်လို့ သူက ဟောက်ရွှယ်ကို ဆက်ပြီး လာရှုပ်နေရင်တော့ သေချာပေါက် ဒုက္ခရောက်တော့မှာ၊ ကျောက်ရုံက သူ့သမီးကို ဒီလိုမျိုး လာနှောင့်ယှက်တာကို လုံးဝလက်ခံမယ့်သူ မဟုတ်ဘူး”

“ခံရပါစေ! ယောကျာ်းရင့်မကြီး ဖြစ်ပြီး ဘာအရည်အချင်းမှမရှိဘဲ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာ၊ သူတို့ကိုမှ ဆုံးမမပေးရင် ဘယ်သူ့ကို သွားပေးရမှာလဲ!”

“ဒီကောင်က မိန်းမအပေါ်မှာ ခိုစားဖို့ ကြိုးစားနေတာပဲ”

ချန်ချင်းယွီ၏ ဘေးတွင် ထိုင်နေသော အသက်ကြီးပိုင်း အမျိုးသမီးကြီးတစ်ဦးသည် စကားဝိုင်းထဲသို့ မနေနိုင်ဘဲ ဝင်ရောက်ပြောဆိုလာခဲ့သည်။

“နင်တို့ မိန်းကလေးငယ်တွေ နားမလည်ပါဘူး… အချို့သော ယောကျာ်းတွေက ဒီလိုပဲ၊ အလွန်အမင်း မာနကြီးတတ်ကြပေမဲ့ အမှန်တော့ ဘာအသုံးမကျတဲ့သူတွေဖြစ်ပြီး၊ မိန်းမအပေါ် ခိုစားချင်တဲ့ စိတ်ယုတ်ကို မဖျောက်နိုင်ကြဘူး”

“ကျွန်မသိတာတစ်ခု ရှိသေးတယ်၊ ကျွန်မတို့ဝင်းထဲက တစ်ယောက်ပေါ့… သူက သားမက်အဖြစ် အိမ်ထောင်ပြုလာတာ ရှင်းနေတာပဲကို၊ သူ့ယောက္ခမ ဆုံးသွားတာနဲ့ ချက်ချင်း သူ့သမီးရဲ့ မျိုးရိုးအမည်ကို ပြောင်းပစ်လိုက်တယ်။ ပြီးတော့ သူ့မိန်းမရဲ့ အလုပ်ကိုလည်း လုယူလိုက်ပြီး၊ ဒီနှစ်တွေထဲမှာ စကားနည်းနည်းလေး အဆင်မပြေတာနဲ့တင် သူ့မိန်းမကို ရိုက်နှက်တော့တာပဲ...”

ချိုက်မင်မင်သည် အသက်လတ်ပိုင်း အမျိုးသားများကို မယုံကြည်သော်လည်း၊ အသက်ကြီးပိုင်း အမျိုးသမီးကြီးများနှင့်မူ စိတ်အားထက်သန်စွာဖြင့် စကားပြောဆိုနေလေသည်။

မကြာမီမှာပင် လူတိုင်းမှာ စကားလက်ဆုံကျသွားခဲ့ကြတော့၏။

ချန်ချင်းယွီသည်လည်း စကားဝိုင်းထဲသို့ မနေနိုင်ဘဲ ဝင်ရောက်ပြောဆိုခဲ့ရာ၊ မကြာခင်မှာပင် သူတို့ပတ်ဝန်းကျင်မှ လူအများအပြားပါ ရောက်ရှိလာကြပြီး အားလုံး စိတ်ဝင်တစားဖြင့် ဝိုင်းဝန်းနားထောင်နေကြတော့သည်။

အစောပိုင်းတွင် ပြီတီတီစကားများ ပြောဆိုရန် ကြံရွယ်ခဲ့သော အသက်လတ်ပိုင်း အမျိုးသားပင်လျှင် စကားထဲသို့ ဝင်ပြောလာခဲ့၏။

“ကျေးလက်ကနေ ပြန်လာကြတဲ့ လူငယ်တွေ အများကြီးရှိတော့ အလုပ်အကိုင် ရှာဖွေပေးဖို့ တကယ့်ကို ခက်ခဲပါတယ်၊ သူတို့ထဲက အများစုက အလုပ်လက်မဲ့ ဖြစ်နေကြတာဆိုတော့၊ သူတို့ကို ကူညီပေးဖို့ နည်းလမ်းရှာရမှာပေါ့… ခင်များတို့ပြောတဲ့ လူကတော့ မိန်းကလေးရဲ့အလုပ်ကို လိုချင်လို့ အိမ်ထောင်ရေးကို အသုံးချပြီး ယူဖို့ကြိုးစားနေတာ ထင်တယ်… အကယ်၍ လက်ထပ်ဖြစ်ခဲ့ရင်တောင် သူက တကယ့်စိတ်ရင်းစေတနာ ရှိမှာမဟုတ်ဘူး”

“ဒါကတော့ သေချာတာပေါ့။”

“ဟိုဘက်မှာတော့...”

စကားဝိုင်းမှာ လျင်မြန်စွာပင် သက်ဝင်စည်ကားလာခဲ့သည်။

“အား... နင်တို့ပြောနေတာတွေက ငါသိတဲ့လူလောက် မဆိုးသေးပါဘူး …ငါ့ရဲ့ အိမ်နီးနားချင်းဟောင်းတစ်ယောက်ပေါ့၊ သူ့သားက မိန်းကလေးအိမ်ကို သားမက်တက်အဖြစ် လိုက်သွားတာ၊ အဲဒီမိန်းကလေးရဲ့ မိသားစုက တကယ့်ကို အာဏာရှိတာအေ၊ သူမရဲ့အဖေက စက်မှုစက်ရုံတစ်ခုက ခေါင်းဆောင်တစ်ယောက်ပဲ၊ အတွင်းရေးမှူးလား ဘာလားပဲ”

ချန်ချင်းယွီ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားခဲ့ရတော့သည်!

အမလေး... ဘုရားရေ!

ချဲယုံဖုန်း…

၎င်းမှာ ချဲယုံဖုန်း ဖြစ်နေလိမ့်မည်ဟု မည်သူ ထင်မှတ်ထားပါ့မည်နည်း။

တကယ်ပါပဲလား ကမ္ဘာကြီးက ကျဉ်းကျဉ်လေးဆိုတာ… လူတစ်ယောက်အကြောင်းကို အချိန်မရွေး ဆွဲထုတ်ပြောလို့ ရနေပါလား…

ချန်ချင်းယွီ : “ဒေါ်လေးပြောနေတာက ချဲယုံဖုန်း အကြောင်းလား”

အဘွားအိုကြီးမှာ သူမ၏ပေါင်ကို ရိုက်လိုက်ရင်း

“သူပဲလေ! နင်လည်း သူ့ကို သိတာလား။”

ချန်ချင်းယွီ : “ကျွန်မမိသားစုထဲက တစ်ယောက်က အဲဒီစက်ရုံမှာ အလုပ်လုပ်တာမလို့ပါ”

“ဟုတ်တယ်၊ ဟုတ်တယ်၊ သူပဲပေါ့… သူ့ယောက္ခမ အငြိမ်းစားယူသွားတာ နင်သိလား၊ အမလေး... အခု သူ့ယောက္ခမ အငြိမ်းစားယူလိုက်တာနဲ့၊ ဒီကောင်က ရုတ်တရက်ဆိုသလို မာနတွေတက်လာပြီး အမြဲတမ်း အသံကျယ်ကျယ်နဲ့ စကားပြောတော့တာ၊ သူ့မိသားစုကလည်း အတူတူပဲ၊ သူ့အမေဆိုရင် အရင်တုန်းက သူ့ခမည်းခမက်တွေက ခေါင်းဆောင်တွေ ဖြစ်နေတော့၊ ချွေးမဖြစ်သူကို ခွေးတစ်ကောင်လို ဖားယားခဲ့တာ… အခုတော့ မိန်းကလေးရဲ့အဖေ ရာထူးကဆင်းသွားပြီဆိုတော့၊ သူမက အထက်စီးကနေ လုပ်ချင်လာပြီး အိမ်နီးနားချင်းတွေရဲ့ ရှေ့မှာတင် ချွေးမကို ပါးရိုက်ပစ်မယ်လို့ ခြိမ်းခြောက်သေးတာ… ချဲယုံဖုန်းကတော့ ဘေးကနေ ဒီအတိုင်းရပ်ကြည့်နေပြီး စကားတစ်ခွန်းမှ မပြောဘူးအေ… နင်တို့ကြည့်... မိန်းမအပေါ် ခိုစားတဲ့ ယောကျာ်းတွေက ဘယ်သူမှ အားကိုးလို့မရဘူး”

ချန်ချင်းယွီသည် အလွန်ပင် စိတ်ဝင်စားသွားပြီး စပ်စုလိုက်ကာ

“အဲဒါနဲ့ သူမက တကယ်ပဲ ပါးရိုက်လိုက်လား”

“သူမက ဘာဖြစ်လို့ ဒီအတိုင်း အရိုက်ခံရမှာလဲ! ချွေးမဖြစ်သူက ယောက္ခမရဲ့ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်ပြီး သူမရဲ့မျက်နှာကို ပါးစောင်းပိတ် ရိုက်ပစ်လိုက်တာ… ပြီးတော့ သူမရဲ့သားက အသုံးမကျတာ ဖြစ်ပြီး၊ အခုလို ကွာရှင်းမပြတာကတင် ကျေးဇူးတင်ရမှာတဲ့… တကယ်လို့ သူ့မိသားစုက ထပ်ပြီး ပြဿနာရှာရင် ကွာရှင်းပစ်မယ်လို့ ပြောလိုက်တာ! ကျွစ်... ကျွစ်... ကျွစ်.. ပြောစမ်းပါဦး၊ ဒါက ဘာထူးလဲ… သူတစ်ပါးကို ကိုယ့်ရဲ့ အတိတ်ဆိုးတွေ ဖော်ကောင်လုပ်ခွင့် ပေးလိုက်တာပဲ မဟုတ်လား!”

“ယောက္ခမကို ပြန်ရိုက်တာ ဟုတ်လား… ဒါလည်း မမှန်ဘူး မဟုတ်လား”

“ဒါကိုတော့ ဒီလိုပြောလို့မရဘူးလေ၊ သူမရဲ့သားကမှ အသုံးမကျတာကိုး”

“ဒါတော့ ဟုတ်တယ်၊ ယောကျာ်းက အသုံးမကျရင် ဘာပြောပြော အလကားပဲ… သူ ကွာရှင်းမခံရတာကိုပဲ ကျေးဇူးတင်ရမှာ”

လူတိုင်းက ဝိုင်းဝန်းဆွေးနွေးလာကြသည်။

ချန်ချင်းယွီ : “...”

ချဲယုံဖုန်းရဲ့ နာမည်ပျက်ကြီးကတော့!

ဟဲဟဲ!

ချန်ချင်းယွီ : “လှေအိုကြီး ပျက်စီးသွားရင်တောင် သံချောင်း သုံးထောင်လောက်တော့ ကျန်သေးတာပဲ (အရှိန်အဝါ ရှိသေးတာပဲ)၊ သူ့မိသားစုက အမြင်ကျဉ်းလွန်းပါတယ်”

“အတိအကျပဲအေ! ဒီဖြစ်ရပ်ဖြစ်ပြီး နောက်တစ်နေ့မှာတင် သူက ထောက်ပံ့ပို့ဆောင်ရေးဌာနကို ပြောင်းရွှေ့ခံလိုက်ရတယ်လို့ ကြားတယ်၊ တွေ့လား... အငြိမ်းစားယူသွားတဲ့ လူတွေဆိုပေမဲ့ လုံးဝ အသုံးမကျတော့တာတော့ မဟုတ်ဘူး”

“ဒီအတိုင်းကြီး ရာထူးပြောင်းလိုက်တာလား…တကယ့်ကို အံ့ဩစရာပဲ!”

အဘွားအိုကြီး : “နင်တို့ မသိလို့ပါ၊ အကယ်လို့ သူသာ ထိပ်တန်းကျွမ်းကျင်ပညာရှင် တစ်ယောက်သာဆိုရင် ဘယ်သူက ဒီလိုလုပ်ပါ့မလဲ.. အဲဒီချဲယုံဖုန်းက အလုပ်လုပ်တာ ငါးနှစ်ရှိပြီ၊ အခုထိ အဆင့် ၁ အလုပ်သမားပဲ ရှိသေးတာ… အလုပ်ရုံထဲမှာ ဘာအလုပ်မှ မလုပ်ဘဲ သူ့ယောက္ခမရဲ့ အရှိန်အဝါကိုပဲ အမြဲတမ်း အလကားခိုစားနေတာ… သူက အလုပ်ရုံအတွက် ဘယ်လောက်တောင် ဝန်ထုပ်ဝန်ပိုး ဖြစ်နေမလဲဆိုတာ နင်တို့ စဉ်းစားကြည့်သာကြည့်တော့။ ဘယ်သူက စိတ်မပျက်ဘဲ နေမလဲ… သူက အလုပ်လုပ်နိုင်စွမ်း လုံးဝမရှိတာ၊ ဒီတစ်ခေါက်မှာ လူကို သွားပြစ်မှားမိတော့၊ သူတို့က သူ့ကို အမြန်ဆုံး မောင်းမထုတ်ဘဲ နေပါ့မလား”

ချန်ချင်းယွီသည် သဘောကျစွာဖြင့် နားထောင်ရင်း ပြုံးကာ

“ခံရပါစေ၊ ထိုက်တန်ပါတယ်!”

ထိုအချိန်မှာပင် လူတစ်ယောက် အသဲအသန် အော်ဟစ်သံထွက်ပေါ်လာ၏။

“အား... သေပါပြီ၊ ငါ အတင်းအဖျင်း နားထောင်နေရင်းနဲ့ ရထားပေါ်က ဆင်းဖို့ မေ့သွားတယ်! ဘူတာကျော်သွားပြီ”

လူတိုင်းမှာ ခေတ္တမျှ ဆွံ့အသွားကြပြီးနောက်၊ ဝါးကနဲ သဘောကျစွာ ရယ်မောလိုက်ကြမိတော့သည်…

ဘုရားရေ... ဒါက ဘယ်လို အခြေအနေကြီးပါလိမ့်။

All Chapters