← Chapters

အခန်း ၁၂၂

Vol. 13 Ch. 122

အခန်း ၁၂၂

Vol. 13 Ch. 122

အခန်း (၁၂၂) ပစ္စည်းဝယ်ယူခြင်း

ချန်ချင်းယွီနှင့် ချိုက်မင်မင် အမျိုးသမီးနှစ်ဦးသား ဈေးဝယ်ထွက်ရန်အတွက် အတူတကွ ခရီးဆန့်ခဲ့ကြသည်။ ယခုခရီးစဉ်သည် ချန်ချင်းယွီအတွက် ပထမဆုံးအကြိမ်ဖြစ်သည်ဟု ဆိုသော်လည်း အမှန်စင်စစ်တွင်မူ ထိုသို့မဟုတ်ပေ။ တစ်နှစ်လျှင် တစ်ကြိမ်မျှ ရထားဖြင့် ခရီးသွားလေ့ရှိသော ချိုက်မင်မင်နှင့် နှိုင်းယှဉ်ပါက ချန်ချင်းယွီသည် ပိုမို၍ ဝါရင့်ကာ အတွေ့အကြုံရှိလှ၏။

သူတို့နှစ်ဦးသည် ဝူဟန့်မြို့တွင် ရထားတစ်ဆင့်ပြောင်းစီးခဲ့ကြရပြီး ပေကျင်းမှ ကွမ်ကျိုးအထိခရီးစဉ်တစ်ခုလုံးသည် လေးရက်တိုင်တိုင် ကြာမြင့်ခဲ့လေသည်။ ထိုခေတ်အခါက ရထားများမှာ အလွန်နှေးကွေးလှသည့်အပြင် လမ်းခရီး၌ အခြားရထားများကိုလည်း လမ်းဖယ်ပေးရသဖြင့် ကြာမြင့်ချိန်ကို မတတ်နိုင်ဘဲ သည်းခံခဲ့ကြရ၏။

ချန်ချင်းယွီအတွက်မူ ယခုကဲ့သို့ အတွေ့အကြုံမျိုးကို ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်းဖြစ်ရာ တစ်မျိုးဆန်းသစ်နေသော်လည်း ရှည်လျားလှသော ခရီးလမ်းမှာ အမှန်တကယ်ပင် ပင်ပန်းနွမ်းနယ်လွန်းလှသည်။ ရထားပေါ်မှ ဆင်းလိုက်ရသည့်အခါတွင်မူ ခန္ဓာကိုယ်တစ်ခုလုံး ပုပ်သိုးဆွေးမြည့်သွားသကဲ့သို့ ခံစားလိုက်ရတော့၏။

ချန်ချင်းယွီသည် တောင့်တင်းနေသော လက်ခြေများကို ဆန့်ထုတ်ရင်း ညည်းတွားလိုက်သည်။ လေးရက်တိုင်တိုင် ခုံအမာများပေါ်တွင် ထိုင်ကာ ရထားပြောင်းစီးခဲ့ရသည့် ဒုက္ခသည် ခန္ဓာကိုယ်ကို ညောင်းညာတောင့်တင်းနေစေသည်မှာ အထူးအဆန်း မဟုတ်ပေ။

“ဒီခေတ်မှာ လူတွေ ဘာလို့ ခရီးဝေး မသွားကြဘူးလဲဆိုတာ မဆန်းတော့ပါဘူး တကယ်ကို ပင်ပန်းလွန်းလို့ပဲ”

ချန်ချင်းယွီ ညည်းညူလိုက်ရာ ချိုက်မင်မင်မှာလည်း ခေါင်းညိတ်၍ ထောက်ခံလေ၏။ ယခုခရီးစဉ်မှာ သူမ မိဘများအိမ်သို့ ပြန်သည့်ခရီးထက်ပင် ပိုမိုရှည်လျားပြီး ပင်ပန်းလှပေသည်။

ချိုက်မင်မင် မိမိအင်္ကျီကို နမ်းရှုံ့ကြည့်ရင်း

“ငါ့ကိုယ်က အနံ့ဆိုးတွေ ထွက်နေပြီ ထင်တယ်”

ချန်ချင်းယွီ : “မထွက်ဘဲ နေမလား”

ရထားပေါ်တွင် ရက်အတော်ကြာ သန့်ရှင်းရေး မလုပ်နိုင်ခဲ့ကြသည့်အပြင် အချို့က ဖိနပ်ချွတ်ထားကြခြင်း၊ အချို့က ဆေးလိပ်သောက်ခြင်းနှင့် အချို့ကလည်း စားသောက်နေကြခြင်းတို့ကြောင့် ရထားတွင်းရှိ အနံ့အသက်ဆိုးများမှာ မခံမရပ်နိုင်အောင် ရှိခဲ့၏။ ချန်ချင်းယွီသည် ယခုခရီးစဉ်ကို ဆောင်းရာသီတွင် လာခဲ့မိ၍သာ တော်ပါသေးသည်ဟု ခံစားမိကာ၊ အကယ်၍ နွေရာသီသာဆိုပါက မည်မျှအထိ ပြင်းထန်ဆိုးရွားမည့် အနံ့အသက်များ ဖြစ်နေမည်ကို တွေးပင်မတွေးဝံ့ပေ။

သူမသည် လေကောင်းလေသန့်ကို အကြိမ်အနည်းငယ်မျှ ဝဝလင်လင် ရှူသွင်းလိုက်မှသာ လူပြန်ဖြစ်လာသကဲ့သို့ ခံစားလိုက်ရသည်။ ရထားပေါ်တွင် ဖြူဖျော့နွမ်းလျနေသော ချိုက်မင်မင်လည်း ယခုအခါတွင်မူ အတန်ငယ် သက်သာ လန်းဆန်းလာခဲ့ပြီဖြစ်၏။

“ရှောင်ချန်၊ ငါတို့ အခု ဘယ်သွားကြမလဲ”

ချန်ချင်းယွီ : “အရင်ဆုံး တည်းခိုဖို့နေရာ ရှာရမယ်၊ ပြီးမှ ရေမိုးချိုးကြတာပေါ့… အခု ကျွန်မတို့ပုံစံက တော်တော်လေး စုတ်ပြတ်သတ်နေပြီ၊ ခဏနားပြီး တစ်ခုခုစားပြီးမှ အပြင်ထွက်ပြီး ပစ္စည်းကောင်းကောင်း ဘယ်မှာရနိုင်မလဲဆိုတာ စုံစမ်းရမယ်”

ချိုက်မင်မင် : “အေးပါ၊ နင်ပြောတဲ့အတိုင်းပဲ လုပ်ကြစို့”

ဘာမျှ နားမလည်ရှာသော ချိုက်မင်မင်သည် ချန်ချင်းယွီ၏ နောက်မှသာ ကပ်၍ လိုက်ပါလာခဲ့ပြီး သူတို့နှစ်ဦးသည် လူအုပ်ကြီးနှင့်အတူ ရထားပလက်ဖောင်း အပြင်ဘက်သို့ ထွက်လာခဲ့ကြသည်။ ကွမ်ကျိုးရထားဘူတာကြီးသည် ပေကျင်းရထားဘူတာကဲ့သို့ပင် လူအများဖြင့် ပြည့်နှက် စည်ကားလှ၏။

ဘူတာအပြင်ဘက်တွင် ခရီးသည်များကို လိုက်လံဆွဲဆောင်နေသော ပွဲစားအချို့ ရှိနေကြသည်။ သူတို့နှစ်ဦး ထွက်လာသည်နှင့် ခပ်ပြုံးပြုံးဖြင့် အသက်လတ်ပိုင်း အမျိုးသမီးတစ်ဦး အနားသို့ ချဉ်းကပ်လာပြီး

“ဟေ့ ညီမလေးတို့၊ တည်းခိုမယ့်နေရာ လိုသလား။ ဈေးလည်းချိုပြီး တကယ့်ကို အဆင်ပြေစေရမယ်”

ချန်ချင်းယွီ လက်ခါပြလိုက်သော်လည်း ထိုအမျိုးသမီးသည် လက်မလျှော့ဘဲ မျက်လုံးဝင့်ကာ ဆက်လက် ပြောဆိုနေ၏။

“နယ်ကလာတာ မဟုတ်လား…ဒီကို ဘာကိစ္စရှိလို့လဲ၊ ရောက်တုန်းရောက်ခိုက် ငါတို့နေရာကို လာကြည့်ပါဦး… ငါတို့ဆီက တကယ်အဆင်ပြေပါတယ်။ တည်းခိုဖို့တင်မကဘူး အလုပ်အကိုင်ရဖို့ပါ အခမဲ့ ကူညီပေးသေးတယ်”

ချန်ချင်းယွီသည် ပြန်လည်တုံ့ပြန်ခြင်းမပြုဘဲ လက်ကို ထပ်မံခါယမ်းကာ ချိုက်မင်မင်ကို ဆွဲ၍ ရှေ့သို့ ဆက်လျှောက်ခဲ့သည်။ ထိုအမျိုးသမီးသည်လည်း “ဘာလို့ ဒီလောက်လောနေရတာလဲ၊ ငါတို့နေရာက...” ဟု ရေရွတ်ရင်း ကျန်ရစ်ခဲ့ပြီး ခရီးသည်အသစ်များဆီသို့ ဦးတည်သွားတော့၏။

ထို့နောက်တွင် ထိုအမျိုးသမီး၏ ခရီးသည်အချို့ကို ဆွဲဆောင်နေသော အသံကို သူတို့ ကြားလိုက်ရသည်။

“ငါ့ဆိုင်မှာ လှလှပပ မိန်းကလေးတွေ ရှိတယ်၊ လာခဲ့ကြပါ၊ တကယ့်ကို အကြိုက်တွေ့စေရမယ်...”

ချိုက်မင်မင်သည် အံ့အားသင့်သွားပြီး ချန်ချင်းယွီ၏အင်္ကျီကို ဆွဲကာ

“သူ... သူ ပြောတာ... အဲ့ဒါကို ဆိုလိုတာ မဟုတ်လား”

ချန်ချင်းယွီ : “အစ်မထင်တဲ့အတိုင်းပဲပေါ့”

ချိုက်မင်မင်မှာ ပို၍ပင် လန့်ဖြန့်သွားပြီး

“ဒါက အရမ်းရဲတင်းလွန်းတာပဲ… အဖမ်းခံရမှာ မကြောက်ကြဘူးလား”

အကြောင်းမူကား ထိုကဲ့သို့သော လုပ်ငန်းမျိုးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ပြီးကတည်းက ပိတ်ပင်ထားခဲ့သည် မဟုတ်ပါလော့…

ချန်ချင်းယွီ ခပ်ဖွဖွရယ်မောလျက်

“သူတို့က သတိကြီးကြီးထားပြီး လုပ်နေကြတာလေ၊ သူတို့ဘာလုပ်နေလဲဆိုတာ သူတို့မသိဘူး ထင်နေလား… ကိုယ့်အလုပ်ကိုယ် အသိဆုံးမို့ လျှို့ဝှက်ပြီး သတိထားနေကြတာပေါ့၊ ပြီးတော့ ဒါက အဲ့ဒီလိုအလုပ်မျိုး သက်သက်ပဲ မဟုတ်ဘူး… သူတို့ရဲ့ အဓိကအလုပ်က လူတွေကို လှည့်စားပြီး ဟိုတယ်ထဲခေါ်သွားဖို့ပဲ၊ အထဲရောက်ရင် အခြားဝန်ဆောင်မှု ပေးမပေးဆိုတာက သူတို့အပေါ်ပဲ မူတည်တယ်… ဘယ်လောက်ပဲ အစွမ်းထက်တဲ့ နဂါးဖြစ်ပါစေ ဒေသခံ မြွေဟောက်ကိုတော့ မနိုင်ဘူးလေ… အထဲရောက်သွားရင် လူတွေမှာ ဘာအခွင့်အရေး ရှိတော့မလဲ၊ အခု ဈေးသက်သာတယ်ဆိုတာကို မယုံနဲ့ဦး၊ အထဲရောက်ရင် အတွင်းခံဘောင်းဘီပဲ ကျန်တော့တဲ့အထိ အကုန်အချွတ်ခံရပြီး အကန်ထုတ်ခံရနိုင်တယ်… အဲ့ဒါကြောင့် ရထားဘူတာက အောက်ဆွဲပွဲစားတွေနဲ့ ဝေးဝေးနေတာ အကောင်းဆုံးပဲ”

ချိုက်မင်မင်ခမျာ “ဘုရားရေ” ဟုသာ တုန်လှုပ်ချောက်ချားစွာ ရေရွတ်မိရှာ၏။ ယခုခရီးစဉ်သည် အိမ်တွင် တစ်နှစ်ပတ်လုံး နေထိုင်ခဲ့ရသည်ထက်ပင် ပိုမို၍ အတွေ့အကြုံ ရစေခဲ့သည်ဟု သူမ ခံစားလိုက်ရသည်။

“နင်က ဘယ်လိုလုပ် ဒါတွေအကုန် သိနေရတာလဲ”

ချန်ချင်းယွီ၏ မျက်လုံးများက ဝင်းလက်သွားပြီး

“ကျွန်မက ခရီးသွားဖို့ ပြင်ဆင်ထားတာဆိုတော့ ကြိုပြီး လေ့လာထားရတာပေါ့… လိမ်လည်လှည့်ဖြားခံရရင် ဒုက္ခလှလှတွေ့မှာပေါ့”

ချိုက်မင်မင် : “နင်ကတော့ တကယ့်ကို တော်တာပဲ”

သူတို့နှစ်ဦးသည် ဘူတာအပြင်ဘက်သို့ ထွက်လာခဲ့ကြပြီး ချန်ချင်းယွီမှာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုကာ ဘတ်စ်ကားမှတ်တိုင်ကို ရှာဖွေတွေ့ရှိပြီးနောက် ချိုက်မင်မင်ကို ခေါ်ဆောင်သွားခဲ့သည်။

ချိုက်မင်မင် : “ငါတို့ ဘယ်သွားကြမလဲ၊ တည်းခိုမယ့်နေရာ ရှာမလို့လား”

ချန်ချင်းယွီ ခေါင်းညိတ်ရင်း ဆိုလိုက်၏။

“ဟုတ်တယ်၊ ဒီမှာပဲ ဘတ်စ်ကားစောင့်ရအောင်”

ဘူတာရုံပတ်ဝန်းကျင်တွင် လူအများအပြားဖြင့် စည်ကားလှပြီး မည်သည့်နေရာသို့ကြည့်ကြည့် လူချင်းတိုးဝှေ့နေကြသည်။ ချန်ချင်းယွီနှင့် ချိုက်မင်မင်တို့သည် ကျောပိုးအိတ်တစ်လုံးစီသာ ပါရှိသဖြင့် အခြားသူများထက်စာလျှင် ပေါ့ပေါ့ပါးပါးနှင့် ပိုမိုအဆင်ပြေနေကြ၏။ ထိုမှတ်တိုင်မှ ဘတ်စ်ကားပေါ်သို့ တိုးဝှေ့တက်နေကြသော ခရီးသည် ဆယ်ဦးတွင် ကိုးဦးခန့်မှာ ရထားပေါ်မှ ဆင်းလာကြသူများဖြစ်ပြီး အထုပ်အပိုးအိတ်ကြီးများကိုယ်စီ သယ်ဆောင်ထားကြသည်။

ချိုက်မင်မင်မှာမူ လမ်းစပျောက်နေသဖြင့် ချန်ချင်းယွီ ညွှန်ကြားသမျှကိုသာ လိုက်နာဆောင်ရွက်နေရရှာ၏။

ဘတ်စ်ကားပေါ်မှ ဆင်းပြီး သင့်တော်သော အစိုးရတည်းခိုခန်းတစ်ခုကို ရှာဖွေတွေ့ရှိပြီးမှသာ ချိုက်မင်မင်သည် သက်ပြင်းချနိုင်တော့ကာ

“နင်ပါလာလို့ တော်သေးတာပေါ့။ ပညာတတ်တာချင်း တူတူတောင် ကွာခြားချက်က ရှိသားပဲ… ငါတစ်ယောက်တည်းသာဆို လမ်းလျှောက်ဖို့တောင် ရဲမှာမဟုတ်ဘူး”

ချန်ချင်းယွီ : “ကြောက်စရာ ဘာရှိလို့လဲ… ကျွန်မတို့က ခရီးမထွက်ဖူးသေးလို့ပါ၊ နောက်ဆို ကျင့်သားရသွားမှာပါ”

သူတို့နှစ်ဦးသည် အခန်းတွင်း၌ ကုတင်နှစ်လုံးပါသော အခန်းတစ်ခန်းကို ငှားရမ်းလိုက်ပြီး ပတ်ဝန်းကျင်ကို စူးစမ်းကြည့်ရှုကြသည်။ ထိုခေတ်ကာလ၏ ထူးခြားချက်အတိုင်း အခန်းတွင်း၌ အသုံးအဆောင် ပစ္စည်းဟူ၍ ဘာမျှမရှိကာ၊ ရေချိုးခြင်းနှင့် အိမ်သာသုံးခြင်းတို့ကို အပြင်ဘက်စင်္ကြံလမ်းရှိ ဘုံသုံးနေရာများတွင်သာ ပြုလုပ်ကြရ၏။

ချန်ချင်းယွီ အနည်းငယ် အဆင်မပြေဟု ခံစားရသော်လည်း အောင့်အီးထားရကာ

“ကျွန်မတော့ ရေသွားချိုးတော့မယ်၊ အစ်မလိုက်မလား”

ချိုက်မင်မင် ချက်ချင်းပင် တုံ့ပြန်၍

“လိုက်မယ်”

ဤရှည်လျားလှသော ခရီးစဉ်ကြီးသည် အလွန်တရာ ပင်ပန်းနွမ်းနယ်ဖွယ်ရာ ကောင်းလှပေသည်။ ချန်ချင်းယွီနှင့် ချိုက်မင်မင်တို့ အတူတကွ ရေချိုးရန် ထွက်လာခဲ့ကြစဉ် ရေချိုးခန်းတွင် လူ သိပ်မရှုပ်သေးပေ။ သူတို့သည် ဖေဖော်ဝါရီလကုန်တွင် ခရီးစတင်ခဲ့ခြင်းဖြစ်သော်လည်း လေးရက်ကြာမြင့်ခဲ့ပြီဖြစ်ရာ ယခုအခါ မတ်လအစောပိုင်းသို့ ရောက်ရှိနေပြီဖြစ်၏။ ကွမ်ကျိုးမြို့၏ ရာသီဥတုမှာ ပေကျင်းနှင့် လုံးဝကွဲပြားခြားနားလှပေသည်။

ဤနေရာတွင် အလွန်အမင်း ပူပြင်းလှသည်မဟုတ်သော်လည်း ပေကျင်းထက်မူ သိသိသာသာ ပိုမိုနွေးထွေးလှ၏။ သူတို့သည် ထူထဲလှသော ဂွမ်းကပ်အင်္ကျီအထူကြီးများကို ဝတ်ဆင်ထားကြသဖြင့် အနည်းငယ် အိုက်စပ်စပ် ဖြစ်နေကြရသည်။

ချန်ချင်းယွီသည် ရေနွေးကို မရှာတော့ဘဲ ရေအေးဖြင့်သာ လန်းလန်းဆန်းဆန်း ဆေးကြောလိုက်သော်လည်း အဝတ်အစား မလဲလှယ်ရသေးသဖြင့် စိတ်ထဲတွင် လုံးဝလန်းဆန်းသွားခြင်း မရှိသေးပေ။

“လူမှာအဝတ် တောင်းမှာအကွပ်ဆိုသလိုပေါ့၊ ကျွန်မတော့ နောက်မှ အပြင်ထွက်ပြီး ဝတ်ဖို့ အဝတ်အစား သွားဝယ်ရမယ်၊ အင်္ကျီလဲမှဖြစ်မယ်”

ချန်ချင်းယွီ ဆိုလိုက်ရာ ချိုက်မင်

မင် အံ့သြသွားသည်။

သူမ သက်ပြင်းချရင်း

“ငါတော့ လဲမယ့်အင်္ကျီ မယူလာမိတာ နောင်တရတယ်”

ချန်ချင်းယွီ : “ကျွန်မကတော့ အကြံတစ်ခုရှိလို့ ဒီရောက်မှ ဝယ်ဖို့ စိတ်ကူးထားတာ… ကျွန်မတို့ ဒီက ရာသီဥတုကိုလည်း မသိရသေးဘူးလေ၊ အိမ်က ယူလာလို့မှ ဒီကရာသီဥတုနဲ့ မကိုက်ညီရင် ဘယ်လိုလုပ်မလဲ… အဲ့ဒါကြောင့် ဒီရောက်မှ ဝယ်တာ ပိုကောင်းပါတယ်”

ထိုအခါ ချိုက်မင်မင် တိုးတိုးလေး ကပ်ပြောလိုက်ကာ

“ငါ့မှာ အထည်ဝယ်တဲ့ လက်မှတ် မပါဘူး”

သူမတွင် ငွေကြေးအနည်းငယ် ပါရှိသဖြင့် အင်္ကျီတစ်ထည်ကို အံကြိတ်၍ ဝယ်ယူနိုင်သော်လည်း ခေတ်စနစ်အရ လိုအပ်သောအထည်ဝယ်ခွင့် လက်မှတ်မရှိပေ။

သို့သော် ချန်ချင်းယွီမှာ ယုံကြည်မှုအပြည့်ဖြင့်

“ကျွန်မမှာလည်း လက်မှတ်မရှိပါဘူး… ဒါပေမဲ့ လက်မှတ်မလိုဘဲ ဝယ်လို့ရတဲ့နေရာတွေ ရှိမှာပါပဲ၊ နောက်မှ ကျွန်မတို့ အပြင်ထွက်ပြီး လိုက်ရှာကြည့်ကြတာပေါ့”

သူတို့နှစ်ဦး သဘောတူညီမှုရပြီးနောက် အပြင်သို့ ထွက်လာခဲ့ကြသည်။ ခရီးဆောင်အိတ် အများကြီး မပါလာခြင်း၏ အားသာချက်မှာ ပစ္စည်းပျောက်ရှမည်ကို စိုးရိမ်စရာမလိုခြင်းပင်… သူတို့နှစ်ဦး အတူတူ အပြင်သို့ မထွက်ခွာမီ ချန်ချင်းယွီသည် ဧည့်ကြိုကောင်တာတွင် အခြေအနေအချို့ကို သွားရောက်မေးမြန်းခဲ့ပြီးမှ ချိုက်မင်မင်ရှိရာသို့ ပြန်လည်အမီလိုက်လာခဲ့၏။

ချိုက်မင်မင် : “ငါတို့ ဘယ်သွားကြမလဲ”

မေးပြီးခါမှ သူမ စိတ်ထဲတွင် အားနာသလို ဖြစ်သွားရသည်။ သူမသည် ချန်ချင်းယွီထက် ခုနစ်နှစ်၊ ရှစ်နှစ်ခန့် ကြီးသော်လည်း ဘာမှနားမလည်ဘဲ လမ်းစပျောက်နေကာ ချန်ချင်းယွီကိုသာ လုံးလုံးလျားလျား အမှီပြုနေရ၏။

ချန်ချင်းယွီ : “ဒီနေရာက ပေကျင်းနဲ့မတူဘူး… လမ်းဘေးတစ်လျှောက်မှာ ဆိုင်အသေးလေးတွေ ရှိနေပြီ၊ အဲ့ဒီဆိုင်တွေက အဝတ်အစားတွေ ရောင်းကြတာ၊ အခြေခံအားဖြင့် ဝယ်ခွင့်လက်မှတ် မလိုဘူးတဲ့”

“ဟင်”

ချိုက်မင်မင် မျက်လုံးအဝိုင်းသား ဖြစ်သွားရသည်။

“လက်မှတ်မလိုဘူး ဟုတ်လား”

ချန်ချင်းယွီ ခေါင်းညိတ်ပြရင်း

“မလိုဘူး”

“ခုနက ကောင်တာက မိန်းကလေးကို မေးကြည့်တော့ ဆိုင်တော်တော်များများမှာ ဒီဇိုင်းစုံစုံလင်လင် ရှိတယ်လို့ ပြောတယ်”

“ဒါဆို ငါတို့ သွားကြမလား၊ဟေး... လက်မှတ်မလိုဘူးဆိုရင် ဈေးက ပိုကြီးမနေဘူးလား”

ချန်ချင်းယွီ : “ဟုတ်မှာပေါ့… ဟောင်ကောင်ကလာတဲ့ ကုန်ပစ္စည်းတွေတောင် ရှိတယ်လို့ ကြားတယ်၊ ဒါပေမဲ့ အမှန်လား၊ အမှားလားတော့ မသိဘူး”

ထိုစကားမှာ ကြွားဝါနေသကဲ့သို့ပင်…

“အာ... ဒါဆိုရင်... ဒါဆိုရင်... ငါတို့ သွားကြည့်ကြမလား”

သူတို့ တကယ်ပဲ တတ်နိုင်ပါ့မလား…

ချန်ချင်းယွီ ခေတ္တမျှ စဉ်းစားပြီးနောက်

“ကျွန်မ ခုပဲ ထပ်စဉ်းစားမိတာ၊ ကျွန်မတို့ သွားတော့ သွားကြမယ်၊ ဒါပေမဲ့ ဘာမှဝယ်ဖို့ မလိုဘူး”

“သူတို့က ငါတို့ကို အလကားပေးမှာမို့လို့လား”

ချန်ချင်းယွီ ခပ်ဖွဖွရယ်မောရင်း

“အစ်မရယ်... ဘာတွေပြောနေတာလဲ… ကျွန်မတို့က ဓားပြတွေမှ မဟုတ်တာ၊ ဘယ်လိုလုပ် အလကားယူလို့ ရမလဲ”

တကယ်ကို ရယ်စရာကောင်းသော အလွဲများပင်…

“ကျွန်မဆိုလိုတာက အစကတော့ 'လူမှာအဝတ်' ဆိုပြီး အဝတ်အစားဝယ်ဖို့ တွေးမိသေးတယ်.. ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့ ကျွန်မတို့က ဒီကို ကုန်ပစ္စည်းလာဝယ်တာလေ၊ ပြီးတော့ ဒီမှာ ကုန်ပစ္စည်းလာဝယ်တဲ့သူ အများစုကလည်း နယ်ကလာတဲ့သူတွေချည်းပဲဆိုတော့ ပုံစံနည်းနည်း စုတ်ပြတ်နေတာ ဆန်းမှမဆန်းတာ… ကျွန်မတို့ တိုက်ရိုက် လက်ကားဈေးကွက်ကိုပဲ သွားပြီး ပစ္စည်းဝယ်ကြမယ်… အခုတော့ ဒီဆိုင်တွေမှာ ဘယ်လိုဒီဇိုင်းမျိုးတွေ ရောင်းနေလဲဆိုတာ ပတ်ကြည့်ရုံပဲ၊ ဒါမှ နောက်ကျရင် ဘယ်ဒီဇိုင်းက လူကြိုက်များလဲဆိုတာ ပိုပြီး သဘောပေါက်မှာ”

ချန်ချင်းယွီ ရှင်းပြလိုက်သည်။

“ဟေး... နင်ပြောတာ ဟုတ်သားပဲ”

အဝတ်အစားအသစ်အတွက် ပိုက်ဆံအပိုကုန်စရာ မလိုတော့ဟု တွေးမိကာ ချိုက်မင်မင် တော်တော်လေး ဝမ်းသာသွား၏။

“ဒါဆို အခုပဲ သွားကြစို့၊ ဒါပေမဲ့ ငါတို့ပုံစံက နည်းနည်း စုတ်ချာနေတော့ ဆိုင်ထဲက မောင်းထုတ်ခံရမလား မသိဘူး”

ချိုက်မင်မင် စိုးရိမ်တကြီး ပြောလိုက်သည်။

ဤစိုးရိမ်မှုသည် အခြေအမြစ်မရှိသည်တော့ မဟုတ်ကာ၊ အမှန်တကယ် လက်တွေ့ဘဝပင် ဖြစ်သည်။ အစိုးရသမားဝါယမဆိုင်များတွင်ပင် ‘ဖောက်သည်များကို မရိုက်နှက်ရ’ ဟူသော ဆိုင်းဘုတ်များ ချိတ်ဆွဲထားသည့် ခေတ်မဟုတ်လော့…

ချန်ချင်းယွီ : “မောင်းထုတ်ရင်လည်း ထွက်လာရုံပေါ့၊ ဘာဆန်းတာမှတ်လို့”

“ဒါလည်း ဟုတ်တာပဲ...”

ရှက်စရာကောင်းသည်ဆိုသော်လည်း သူတို့ကို သိမည့်သူမရှိသဖြင့် ထိုသို့တွေးလိုက်ခြင်းသည် သူတို့ကို ပို၍ စိတ်ပေါ့ပါးသွားစေ၏။

နှစ်ဦးသား ခပ်မြန်မြန်ပင် ထွက်လာခဲ့ကြသည်။ သူတို့ တည်းခိုသည့်နေရာမှာ မဆိုးလှသဖြင့် ဘတ်စ်ကားပင် စီးစရာမလိုပေ။ မကြာမီ ဆိုင်ခန်းများ၊ ဈေးဆိုင်တန်းများဖြင့် စည်ကားလှသော လမ်းမကြီးတစ်ခုသို့ ရောက်ရှိလာခဲ့ကြ၏။

“ဘုရားရေ... အများကြီးပဲ”

ချိုက်မင်မင် အံ့သြတုန်လှုပ်စွာ ရေရွတ်မိသည်။

ချန်ချင်းယွီ : “သွားကြစို့”

သူမသည် အတိတ်ဘဝ၌ ကွမ်ကျိုးသို့ တစ်ခါမျှ မရောက်ဖူးခဲ့ပေ၊သို့သော် ထိုအရာမှာ မထူးဆန်းပေ၊ ကျယ်ပြောလှသော တရုတ်နိုင်ငံမှာ သူမ မရောက်ဖူးသေးသည့် နေရာများစွာ ရှိနေသည်သာ… သို့သော်လည်း ခေတ်သစ်လူသားတစ်ဦး၏ ဝိညာဉ်ပိုင်ရှင်ဖြစ်သည့်အားလျော်စွာ သူမသည် အလွန်ပင် တည်ငြိမ်ရဲရင့်ပြီး ကြောက်ရွံ့တုန်လှုပ်သည့် အရိပ်အယောင် မပြသခဲ့ပေ။ ရထားစီးလာသည့် အနံ့အသက်များ စွဲကျန်နေဆဲဖြစ်သော်လည်း သူမသည် ယုံကြည်မှုအပြည့်ဖြင့် ဆိုင်များထဲသို့ လျှောက်လှမ်းဝင်ရောက်ခဲ့သည်။

အင်း... မျက်စောင်းထိုးတာကိုတော့ အတော်လေး ခံလိုက်ရတာပေါ့…

ဒါပေမဲ့ ဂရုစိုက်နေစရာ မလိုပါဘူး…

ချိုက်မင်မင်မှာမူ မျက်နှာနီမြန်းလျက် ချန်ချင်းယွီနောက်မှ ကပ်လိုက်လာရင်း ဖြည်းဖြည်းချင်း ကျင့်သားရလာခဲ့၏။ အဓိကမှာ ချန်ချင်းယွီသည် အလွန်တည်ငြိမ်နေသောကြောင့်တည်း။

ထိုအခြေအနေသည် သူမကိုယ်သူမ ချောင်ကပ်နေရသော ကြွက်တစ်ကောင်ကဲ့သို့ ခံစားရစေ၏။ သူတို့နှစ်ဦးသည် လမ်းတစ်ဖက်မှ အခြားတစ်ဖက်သို့ လျှောက်လှမ်းရင်း ဆိုင်တော်တော်များများကို ဝေ့ဝဲကြည့်ရှုခဲ့ကြသည်။

“ဒါတွေက ဈေးကြီးလွန်းတယ်”

ချိုက်မင်မင် မျက်နှာရှုံ့မဲ့ကာ ဆိုလေသည်။

ချန်ချင်းယွီသည် ဆိုင်ထဲဝင်ရုံတင်မက ဈေးနှုန်းများကိုပါ ရဲရဲတင်းတင်း မေးမြန်းခဲ့၏။ သို့သော် ဆိုင်ရှင်များသည် သူတို့ မတတ်နိုင်မှန်းသိ၍ မောင်းထုတ်ချင်သည့်သဘောဖြင့် တမင်တကာ ဈေးနှုန်းများကို အဆမတန် မြှင့်ပြောနေခြင်းလားဟုပင် သံသယဝင်မိသည်။ စျေးနှုန်းများသည် အလွန်မြင့်မားနေ၏။

“ဂါဝန်တစ်ထည်ကို ရှစ်ဆယ်တောင်လား။ ဘယ်လိုလုပ် ဒီလောက် တောင်းရဲရတာလဲ”

“ဒီ ဂျင်းဘောင်းဘီဆိုရင် ဘယ်သူမှ ဝတ်တာတောင် မမြင်ဖူးသေးဘူး၊ ငါးဆယ်တောင် ပေးရတယ်တဲ့”

ချိုက်မင်မင်သည် ယခုခရီးစဉ်တွင် အမြင်သစ် အာရုံအသစ်များ အမှန်တကယ် ရရှိခဲ့သည်ဟု ခံစားရသည်။

“ပြီးတော့ ဟောဒီ လူကြီးဝတ် ရှပ်အင်္ကျီက နှစ်ဆယ့်ငါးကျပ်တောင် ပေးရတယ်”

ဤဈေးနှုန်းများမှာ ပေကျင်းထက်ပင် ပိုမိုဆိုးရွားပြီး မတန်တဆ ဖြစ်နေ၏။

ချန်ချင်းယွီ : “သူတို့ပြောတဲ့ဈေးတွေက ပုံမှန်မဟုတ်ဘူး၊ ကျွန်မအထင်တော့ အဲ့ဒီဈေးကို တစ်ဝက်လျှော့၊ ပြီးရင် နောက်ထပ် တစ်ဝက်ထပ်လျှော့လို့ ရမယ်.. သူတို့က ကျွန်မတို့ဝယ်နိုင်မှာမဟုတ်ဘူးဆိုတာ မြင်နေတော့ စကားအဖက်မလုပ်ချင်လို့ ဈေးကြီးကြီးပြောပြီး မောင်းထုတ်လိုက်တာ”

“အာ... ဘယ်လိုလုပ် အဲ့ဒီလို ဖြစ်နိုင်မှာလဲ”

“ကျွန်မတို့က ခေတ်စားနေတဲ့ ဒီဇိုင်းတွေကိုပဲ လာကြည့်တာ၊ ဒီဆိုင်တွေကနေ ပစ္စည်းယူမှာမှ မဟုတ်တာ… သူတို့ ဘယ်လောက်ပဲခေါ်ခေါ် ဘာဂရုစိုက်စရာ လိုလို့လဲ”

ချန်ချင်းယွီ ပြောဆိုကာ ပြုံးလိုက်ရင်း

“ကျွန်မတို့ပုံစံက စုတ်ပြတ်ပြီး အနံ့အသက်ကလည်း မကောင်းတော့ ဆိုင်ထဲဝင်သွားတဲ့အခါ အထင်သေးခံရတာ ပုံမှန်ပါပဲ… ကျွန်မတို့ကိုယ်တိုင်ကလည်း ယဉ်ကျေးမှုမရှိသလို ဖြစ်နေတာဆိုတော့ သူတို့ရဲ့ သဘောထားကို စိတ်ထဲထားမနေနဲ့။ ဒါနဲ့၊ ဆိုင်တွေအကုန် ပတ်ကြည့်ပြီးပြီဆိုတော့ အစ်မ ဘာတွေးမိလဲ”

“ဟင်... ဘာလို့ မေးတာလဲ”

ချိုက်မင်မင် ခဏမျှ စဉ်းစားပြီးနောက်

“ငါထင်တာတော့ သူတို့က ပစ္စည်းစုံစုံလင်လင် ရောင်းကြတယ်၊ ဒါပေမဲ့ ဆောင်းတွင်းဝတ် အင်္ကျီတွေမရှိတော့ဘဲ နွေရာသီဝတ်တွေက အများစု ဖြစ်နေပြီ”

သူမ ပြောရင်း သက်ပြင်းချကာ

“ရာသီဥတု ပူဖို့က လိုသေးတယ်လေ၊ ဒါက အရမ်းစောလွန်းနေတာပေါ့”

ချန်ချင်းယွီ : “ကျွန်မကတော့ မစောဘူးလို့ ထင်တယ်… လူအများစုက ကုန်ပစ္စည်းတွေကို ရာသီတစ်ခု ကြိုပြီး ယူကြတာ၊ စောစောရောင်းနိုင်မှ အခွင့်အရေးကို လက်ဦးမှုရယူနိုင်မှာ”

စင်စစ် ချန်ချင်းယွီသည် အတော်လေး စိတ်လှုပ်ရှားနေမိသည်။ ယခုခရီးစဉ်သည် သူမအတွက် ပထမဆုံးအကြိမ် “စီးပွားရေးစတင်ခြင်း” ဖြစ်ရာ အကောင်းဆုံး လုပ်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်နေ၏။

“မနက်ဖြန်ကျရင် ကျွန်မ လက်ကားဈေးကွက်ကို သွားဖို့ စီစဉ်ထားတယ်”

ချိုက်မင်မင် : “အေးပါ၊ နင်ပြောတဲ့အတိုင်းပေါ့… ဒါနဲ့ လက်ကားဈေးကွက်က အကြီးကြီးပဲလား”

ချန်ချင်းယွီ : “ကျွန်မလည်း တစ်ခါမှ မရောက်ဖူးပေမဲ့ သေချာပေါက် အကြီးကြီး ဖြစ်မှာပါ”

“သွားကြစို့၊ စားစရာတစ်ခုခုရှာပြီးမှ ဖြည်းဖြည်းချင်း တိုင်ပင်ကြတာပေါ့”

ချိုက်မင်မင် : “ကွမ်ကျိုးက တကယ်ကို စည်ကားတာပဲ… လူတွေ အလုပ်မသွားကြဘူးလား မသိဘူး၊ လမ်းပေါ်မှာ လူတွေ အများကြီးပဲ”

ချန်ချင်းယွီ : “ပေကျင်းမှာလည်း လူရှုပ်တာပါပဲ”

“အဲ့ဒါက ခံစားချက်ချင်း မတူဘူးလေ”

ချိုက်မင်မင် ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ

“ဒီမှာက တခြားနယ်က လာတဲ့သူတွေ အများကြီး ရှိနေသလိုပဲ”

ချန်ချင်းယွီ ပုခုံးတွန့်ပြရင်း

“ကျွန်မတို့လိုမျိုးပေါ့၊ ဟုတ်တယ်မလား”

မည်သည့်ခေတ်ကာလတွင်မဆို အမြဲတမ်း ဦးနှောက်ပြေးပြီး အသစ်အဆန်းကို ပထမဆုံး စမ်းသပ်ချင်ကြသူများ ရှိစမြဲပင်။ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒ ပေါ်ပေါက်လာသည်နှင့်အမျှ လူအချို့သည် အလိုအလျောက် သတ္တိရှိလာကြသည်။ စက်ရုံထောင်ခြင်းကဲ့သို့သော အရာမျိုးကို မတွေးရဲကြသေးသော်လည်း ကြားခံပွဲစားလုပ်ရန်မူကား မည်သူမျှ ကြောက်ရွံ့မနေကြတော့ပေ။

ချန်ချင်းယွီသည် ဤခေတ်ကာလအကြောင်းကို သိပ်မသိသော်လည်း သူမ၏ ယခင်သူငယ်ချင်းတစ်ဦး၏ မိသားစုမှာ ၁၉၈၀ ပြည့်လွန်နှစ်များက အဝတ်အထည်လုပ်ငန်းဖြင့် ချမ်းသာကြွယ်ဝလာခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ချန်ချင်းယွီသည် ထိုအကြောင်းအချို့ကို ကြားဖူးနားဝ ရှိခဲ့သည်။ ၁၉၈၀ ပြည့်လွန်နှစ်များနှင့် ၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် အဝတ်အထည်လုပ်ငန်းသည် အထူးပင် အမြတ်အစွန်းများပြားခဲ့သည်ဟု ဆိုကြသည်။

အိမ်ခြံမြေလုပ်ငန်းသည် နောက်ပိုင်းတွင် အလွန်အမြတ်အစွန်းများသော လုပ်ငန်းတစ်ခု ဖြစ်လာခဲ့သော်လည်း ၁၉၉၀ ပြည့်လွန်နှစ်များနှောင်းပိုင်းနှင့် ၂၀၀၀ ပြည့်လွန်နှစ်များ အစောပိုင်းကျမှသာ တကယ်တမ်း ခေတ်ထလာခဲ့ခြင်း ဖြစ်၏။

အင်တာနက်လုပ်ငန်းသည်ကား ထိုထက်ပင် ပိုမိုနောက်ကျခဲ့သည်။

အကယ်၍ အစောဆုံး ပိုက်ဆံရှာနိုင်မည့် အခွင့်အလမ်းကို ပြောရလျှင်မူ သေချာပေါက် အဝတ်အထည်လုပ်ငန်းပင် ဖြစ်၏။

ထို့ကြောင့်ပင် ချန်ချင်းယွီသည် ယခင်က စီးပွားရေးအတွေ့အကြုံ မရှိသော်လည်း ဤခေတ်ရေစီးကြောင်းကို အမိအရ ဆုပ်ကိုင်၍ စမ်းသပ်ကြည့်လိုခြင်း ဖြစ်သည်။

စကားပုံတစ်ခု ရှိတယ် မဟုတ်လာ…'လေမုန်တိုင်း လာမယ့် လမ်းကြောင်းပေါ်မှာ ရပ်နေရင် ဝက်တစ်ကောင်တောင် ပျံတက်နိုင်တယ်' တဲ့….

သူမက ဝက်တစ်ကောင်ထက်တော့ မညံ့နိုင်ပါဘူး၊ ဟုတ်တယ်မလား…

ချန်ချင်းယွီနှင့် ချိုက်မင်မင်တို့သည် နိုင်ငံတော်သုံး ရိက္ခာလက်မှတ်အနည်းငယ်သာ ယူဆောင်လာခဲ့ကြသည်။ ရထားပေါ်တွင် စားသောက်ခဲ့သော အစားအစာများမှာ လက်မှတ်မလိုသဖြင့် သူတို့အတွက် ငွေအတန်ငယ် စုမိဆောင်းမိ ရှိခဲ့၏။ သို့သော်လည်း ချန်ချင်းယွီသည် လက်ဝယ်ရှိ လက်မှတ်များကို ထုတ်မသုံးဘဲ

“လက်မှတ်မလိုတဲ့ ဆိုင်အသေးလေးတစ်ဆိုင်ကို လိုက်ရှာပြီး စမ်းစားကြည့်ရအောင်”

“ဟင်”

ချန်ချင်းယွီ : “ကျွန်မပြောတာသာ နားထောင်စမ်းပါ”

ဆန်းကြယ်လှသည်မှာ သူတို့နှစ်ဦးသည် သိပ်ပြီး အားစိုက်ထုတ်စရာမလိုဘဲ ခေါက်ဆွဲဆိုင်အသေးလေးတစ်ဆိုင်ကို မကြာမီပင် ရှာဖွေတွေ့ရှိသွားခဲ့သည်။

ချန်ချင်းယွီ : “ဒီဆိုင် အဆင်ပြေလား”

ချိုက်မင်မင် : “အေး... ရတယ်”

သူတို့နှစ်ဦး အတူတကွ ဆိုင်ထဲသို့ ဝင်လာခဲ့ကြ၏။ ထိုအချိန်မှာ နေ့လယ်စာစားချိန် မဟုတ်သေးသော်လည်း ဆိုင်တွင်း၌ လူအတော်များများ ရှိနေပြီဖြစ်သည်။ ဆိုင်ရှင်အမျိုးသမီးသည် ပြုံးရွှင်သောမျက်နှာဖြင့် ဖော်ဖော်ရွေရွေ နှုတ်ဆက်လေ၏။

“ညီမလေးတို့... အထဲဝင်ပြီး ထိုင်ခုံရှာထိုင်ကြပါ၊ ဘာသုံးဆောင်မလဲရှင်၊ စားစရာစာရင်းတွေကို နံရံမှာ ကပ်ထားတယ်၊ ကြည့်လိုက်ကြဦး”

ချန်ချင်းယွီ မော့ကြည့်လိုက်မိရာ~~

‘အိုဟိုး... မဆိုးလှချေတကား။’

သူမ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုရင်း

“ခရမ်းချဉ်သီးကြက်ဥခေါက်ဆွဲပြုတ် တစ်ပွဲပေးပါ၊ အစ်မကကော ဘာစားမလဲ”

ချိုက်မင်မင် : “ငါကတော့ မုန်ညင်းစိမ်းပဲပါတဲ့ ဟင်းသီးဟင်းရွက် ခေါက်ဆွဲပြုတ်ပဲ စားတော့မယ်”

ထိုအရာသည် ဈေးအသက်သာဆုံး ရွေးချယ်မှု ဖြစ်သည်။

ချန်ချင်းယွီ : “ကောင်းပါပြီ အမကြီး၊ ကျွန်မတို့ ခေါက်ဆွဲတွေထဲကို ကြက်ဥတစ်လုံးစီ ထည့်ပေးပါ၊ ပြီးတော့ အမဲသားနှပ် တစ်ပွဲလည်း ပေးဦးနော်”

“ဟုတ်ကဲ့ ရပါပြီရှင်”

ချိုက်မင်မင် : ‘သောက်ကျိုးနည်း..’

သူမ လန့်ဖျန့်သွားပြီး တိုးတိုးလေး ကန့်ကွက်လေ၏။

“နင် ရူးနေတာလား… အသားတစ်ပွဲကို နှစ်ယွမ်တောင်ပေးရတာ၊ အရမ်းဈေးကြီးလွန်းတယ်”

ချန်ချင်းယွီ : “ကျွန်မတို့ လမ်းခရီးမှာ ဒီလောက်တောင် ဒုက္ခခံလာရတာ၊ ကိုယ်ခန္ဓာ အာဟာရပြန်ပြည့်အောင် ကောင်းကောင်းမွန်မွန် စားရမှာပေါ့… ဒီတစ်နပ်ကို ကျွန်မကျွေးမယ်”

ချိုက်မင်မင် ငြင်းပယ်ရန် ပြင်

သဖြင့် ချန်ချင်းယွီ ကြားဖြတ်ပြောကာ

“နောက်တစ်ခါကျမှ အစ်မက ကျွန်မကို ပြန်ကျွေးပေါ့”

ချိုက်မင်မင် : “...”

ချန်ချင်းယွီ ပိုက်ဆံရှင်းမည်ဆိုသော်လည်း သူမ စိတ်ထဲတွင် အားနာလှပေသည်၊ သို့သော် မှာပြီးသွားပြီဖြစ်၍ ခေါင်းကိုသာ ငြိမ့်လိုက်ရတော့သည်။

သူမ တိုးတိုးလေး ကပ်ပြောကာ

“ဒါဆို နောက်ကျရင် ငါလည်း နင့်ကို အသားဟင်းနဲ့ ပြန်ကျွေးမယ်”

ချန်ချင်းယွီ ပြုံးလိုက်လေသည်။

ယခုအခါ ချန်ချင်းယွီသည် အမှန်တရားတစ်ခုကို သဘောပေါက်လာခဲ့ပြီဖြစ်၍။ ခရီးအတူတူသွားခြင်းသည် တစ်ဦးကိုတစ်ဦး ဖေးမကူညီနိုင်သော်လည်း တစ်ယောက်တည်း ခရီးသွားရသလောက် စိတ်လွတ်လပ်မှု မရှိချေ။

တစ်ယောက်တည်းဆိုပါက မိမိစားချင်ရာစား၊ မိမိလုပ်ချင်ရာကို လွတ်လပ်စွာ လုပ်နိုင်သည်သာ… သို့သော်လည်း အဖော်နှင့် သွားရခြင်း၌လည်း ကိုယ်စီအားသာချက်များ ရှိပေသည်။

ယခုလောလောဆယ်တွင် ပြဿနာမရှိသော်လည်း နောက်ပိုင်း ကုန်ပစ္စည်းများဝယ်ယူပြီး မြို့သို့ပြန်ကြသည့်အခါ အဖော်ပါခြင်း၏ အကျိုးကျေးဇူးမှာ သိသာလာလိမ့်မည်။ လိုအပ်သည့်အခါမျိုးတွင်၊ ဥပမာ~~ အိမ်သာ ခေတ္တသွားလိုလျှင်ပင် မိမိ၏ ပစ္စည်းထုပ်များကို စောင့်ရှောက်ပေးမည့်သူ ရှိနေမည်ဖြစ်၏။ ထိုသို့မဟုတ်ပါက ထိုခေတ်ကာလ ရထားပေါ်ရှိ လုံခြုံရေးအခြေအနေနှင့် ဂိုဏ်းအုပ်စုလိုက် လှုပ်ရှားနေကြသော အလစ်သုတ်သမားများ၏ လက်ချက်ကြောင့် အိမ်သာတစ်ခေါက် သွားရုံမျှဖြင့် ပစ္စည်းအားလုံး ဆုံးရှုံးသွားနိုင်သည်။ ထို့ကြောင့် တစ်ယောက်တစ်လှည့် စောင့်ပေးနိုင်ခြင်းသည် များစွာ အဆင်ပြေစေ၏။

ချန်ချင်းယွီ အတွေးပွားနေစဉ် ချိုက်မင်မင်၏ တိုးတိုးဆိုသံကို ကြားလိုက်ရသည်။

“တကယ်တော့ ဒီက အစားအသောက် ဈေးနှုန်းတွေက သိပ်မကြီးပါဘူးနော်”

ချန်ချင်းယွီလည်း ချိုက်မင်မင်၏ အမြင်ကို ခေါင်းညိတ်ထောက်ခံမိ၏။ ဥပမာအားဖြင့် သူမမှာထားသော ခရမ်းချဉ်သီး ကြက်ဥခေါက်ဆွဲကို ကြည့်ပါဦး… ဘေးစားပွဲရှိ ခေါက်ဆွဲပန်းကန်ကို လှမ်းကြည့်လိုက်ရာ ပမာဏမှာ တော်တော်လေး များပြားလှသည်။ သို့သော် ခေါက်ဆွဲတစ်ပွဲလျှင် နှစ်ပြားမျှသာ ကျသင့်သဖြင့် အလွန်ပင် တွက်ခြေကိုက်လှ၏။

ပေကျင်းတွင်လည်း နှစ်ပြားမျှသာကျသင့်သော်လည်း ခေါက်ဆွဲပမာဏမှာ ဤမျှမများသည့်အပြင် ရိက္ခာလက်မှတ်ပါ ပေးရသေးသည်။

ဤအချက်မှာပင် ပုဂ္ဂလိကပိုင် ဆိုင်အသေးလေးများ၏ အားသာချက် ဖြစ်ပေလိမ့်မည်။

ချန်ချင်းယွီ နှုတ်ခမ်းကို သပ်လိုက်ရင်း

“အစ်မကြီး... ကျွန်မကို ဝက်သားနှပ်ခေါက်ဆွဲ နောက်တစ်ပွဲ ထပ်ပေးပါဦး”

ချိုက်မင်မင် : “ဟင်... နင် ကုန်ပါ့မလား”

ချန်ချင်းယွီမှာ ယုံကြည်ချက်ရှိရှိဖြင့်

“ကုန်ပါတယ်”

ဆိုင်ရှင်အမျိုးသမီးမှာ ပြုံးလိုက်ပြီး

“အစ်မကတော့ ညီမလေး ကုန်မယ်မထင်ဘူး… တို့တွေဆိုင်က ပန်းကန်တွေကို ကြည့်ဦး၊ တော်တော်ကြီးတာ”

ချန်ချင်းယွီ ချိုသာစွာ ပြုံးပြရင်း

“သိပါတယ်ရှင်၊ ကျွန်မ တကယ် ကုန်အောင် စားနိုင်လို့ပါ”

“အေးအေး... ဒါဆိုလည်း ချက်ပေးမယ်လေ”

“ဒီဆိုင်က ဝန်ဆောင်မှုပေးတာ တကယ်ကောင်းတာပဲ”

ချိုက်မင်မင် အံ့သြတုန်လှုပ်စွာ ဥဒါန်းကျူးမိ၏။ ပုဂ္ဂလိကပိုင် ဆိုင်အသေးလေးဖြစ်၍ ဝန်ဆောင်မှုကောင်းခြင်းသည် မဆန်းလှဟု ဆိုရမည်။

သို့သော်လည်း ချိုက်မင်မင်မှာ ချန်ချင်းယွီ သေချာပေါက် ကုန်အောင်စားနိုင်မည်မဟုတ်ဟု ထင်နေဆဲဖြစ်သည်။ နှမြောစရာ ကောင်းလှသည်ဟု တွေးမိကာ စကားဟရန် ပြင်သော်လည်း၊ သူမ အများကြီး မတွေးမိခင်မှာပင် ခေါက်ဆွဲများနှင့် အမဲသားနှပ်များ ရောက်ရှိလာခဲ့ပြီး ချန်ချင်းယွီ ခေါင်းငုံ့ကာ ခေါက်ဆွဲများကို တရှူးရှူးဖြင့် စတင်စားသောက်တော့၏။

သူမသည် တိတ်တဆိတ် စားနေပြီး စားနှုန်းမှာ သိပ်မမြန်လှသော်လည်း... စားသည့်ပမာဏသည်ကား အလွန်ပင် များပြားလှပေသည်။

ချိုက်မင်မင်၏ စိုးရိမ်မှုများမှာ လုံးဝ အလကားဖြစ်သွားရ၏။ ချန်ချင်းယွီသည် ခေါက်ဆွဲ နှစ်ပန်းကန်လုံးကို ကုန်အောင်စားလိုက်ရုံတင်မက သီးသန့် ဟင်းသီးဟင်းရွက်ခေါက်ဆွဲ နောက်တစ်ပန်းကန်ကိုပါ ထပ်မံမှာယူပြီး စုစုပေါင်း ပန်းကန်အကြီးကြီး သုံးပန်းကန်လုံးကို... အကုန်အစင်... စားပစ်လိုက်လေသည်...

ထိုမျှ စားသော်လည်း သူမ၏ မျက်နှာတွင် ဗိုက်ပြည့်သွားသည့် အရိပ်အယောင်မျှပင် မရှိပေ။

ဘေးမှ ခိုးကြည့်နေကြသော စားသုံးသူများမှာ ဆွံ့အသွားကြရသည်။

အံ့အားသင့်သွားသော ဆိုင်ရှင်အမျိုးသမီးလည်း စကားမဆိုနိုင်တော့ပေ။ ချိုက်မင်မင်မှာမူ ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေမိ၏…

ယခုခရီးစဉ်သည် ချိုက်မင်မင်အတွက် အံ့သြတုန်လှုပ်ဖွယ်ရာများနှင့်သာ ပြည့်နှက်နေခဲ့သော်လည်း သူမ ပါးစပ် အဟောင်းသား ဖြစ်နေရုံသာ တတ်နိုင်ရှာသည်။

အံ့သြစရာ အဖြစ်အပျက်တွေ တရစပ် ပေါ်ပေါက်နေလွန်းလို့ အံ့ဩဖို့ အချိန်တောင် မလောက်တော့ပါဘူး…

ပိုက်ဆံရှင်းပြီး ဆိုင်ပြင်သို့ ထွက်လာကြသည့်အခါ ချိုက်မင်မင်

စကားပင် ထစ်အလျက်

“နင်... နင်... နင် အရမ်းစားနိုင်တာပဲ။ ဗိုက်မပြည့်ဘူးလား”

ချန်ချင်းယွီ ခေါင်းခါပြရင်း

“လမ်းခရီးတစ်လျှောက်လုံး ကျွန်မ ကောင်းကောင်းမစားခဲ့ရဘူးလေ”

သူမသည် ပင်ကိုယ်ကပင် အစားကြီးသူဖြစ်ရာ လွန်ခဲ့သောရက်ပိုင်းအတွင်း ရထားပေါ်တွင် အနပ်တိုင်း စားခဲ့သည်ဆိုသော်လည်း ခန္ဓာကိုယ်အတွက် မလုံလောက်ခဲ့ပေ။ သို့သော်လည်း ရထားပေါ်တွင် သူမ၏ အစားကြီးသော အလေ့အထကို ထုတ်မပြခဲ့ပေ။ အဓိကမှာ ရထားပေါ်ရှိ အစားအစာများသည် သိပ်မကောင်းလှသဖြင့် စားချင်စိတ် သိပ်မရှိခဲ့ခြင်းဖြစ်၏။

အမှန်တကယ် ဗိုက်မပြည့်ခဲ့သည့်တိုင် သူမကိုယ်သူမ အတင်းအကျပ် တွန်းအားပေး၍ စားခြင်းမျိုး မလုပ်ခဲ့ပေ။ ယခုအခါ ရထားပေါ်မှ ဆင်းခဲ့ပြီဖြစ်၍ အလိုလိုပင် ပိုမိုစားသောက်ချင်လာလေသည်။

အစ၌ အနည်းငယ်သာစားပြီးမှ အပြင်သို့ တိတ်တဆိတ်ထွက်ကာ အဆာပြေမုန့် သွားစားရန် သူမ စီစဉ်ခဲ့သေး၏။ သို့သော် ပြန်စဉ်းစားကြည့်သည့်အခါ အမြဲတမ်း ဖုံးကွယ်ထား၍ မရနိုင်သဖြင့် အနည်းငယ် ထုတ်ပြလိုက်ခြင်းသည် ပို၍ စိတ်အေးရမည်ဟု တွေးမိသွားသည်။

ချန်ချင်းယွီ : “ကျွန်မ အစားနည်းနည်းကြီးတယ်၊ အဲ့ဒါကြောင့် ခဏခဏ ဆာတတ်တာ”

ချိုက်မင်မင် : “...”

“နင် ပုံမှန်လည်း ဒီလောက်စားတာဆိုရင်တော့ နင်က တကယ်ကို...”

ချန်ချင်းယွီ ပြုံးလိုက်ကာ

“ပြန်ပြီး နားကြရအောင်… မနက်ဖြန်ကျရင် အပြင်ပြန်ထွက်ရဦးမယ်၊ ကျွန်မ အစားကြီးတာကတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ လူတစ်ယောက် အစားကြီးလို့ ဆင်းရဲသွားတယ်ဆိုတာမျိုးတော့ ကျွန်မ တစ်ခါမှ မကြားဖူးသေးဘူး”

ချိုက်မင်မင် လေသံတိုးတိုးလေးဖြင့်

“ငါကတော့ မြင်ဖူးတယ်”

“ဟားဟား”

ချန်ချင်းယွီ ရယ်မောလိုက်ရင်း စနောက်မိလေသည်။

“အစ်မက အမြင်ကျယ်တာပဲ”

“ငါတို့ ရွာကလေ...”

ထိုသို့ အစချီ၍ သူတို့နှစ်ဦးသည် အတင်းအဖျင်းစကားများကို တတွတ်တွတ် ပြောဆိုကြတော့သည်။

ဈေးဝယ်ထွက်ရာတွင် ပစ္စည်းတစ်စုံတစ်ရာ မဝယ်ဖြစ်ခဲ့ကြသော်လည်း အစားအသောက်ကိုမူ ကောင်းကောင်းမွန်မွန် သုံးဆောင်ခဲ့ကြ၏။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ရထားပေါ်တွင် ကောင်းကောင်း မအိပ်စက်ခဲ့ရသဖြင့် ဗိုက်ဝဝစားပြီးသည်နှင့် တည်းခိုခန်းသို့ ပြန်ရောက်သောအခါ တန်း၍ အိပ်စက်လိုက်ကြတော့သည်။

သေချာပေါက်ပင် နောက်တစ်နေ့ မနက်ခင်းသို့ ရောက်သောအခါ သူတို့နှစ်ဦးစလုံး အမှန်တကယ်ပင် စိတ်ရောကိုယ်ပါ လန်းဆန်း တက်ကြွနေကြ၏။

ချန်ချင်းယွီသည် ရှဟယ်အထည်လက္ကားဈေးကွက်သို့ သွားရန် စီစဉ်ခဲ့သည်။ သူမသည် ကွမ်ကျိုးမြို့သို့ တစ်ခါမျှ မရောက်ဖူးသော်လည်း ယခုခေတ်အခါတွင်ပင် အမှန်တကယ် တည်ရှိနေပြီဖြစ်သော ဤလက္ကားဈေးကွက်ကြီးအကြောင်းကို ကြားဖူးနားဝ ရှိခဲ့၏။ သူမနှင့် ချိုက်မင်မင်တို့သည် လမ်းမေးမြန်းကာ ထိုနေရာသို့ ဦးတည်လာခဲ့ကြသည်။ ဘတ်စ်ကားပေါ်မှ ဆင်းလိုက်သည်နှင့် တိုးဝှေ့လှုပ်ရှားနေသော လူအုပ်ကြီးကို ဆီးကြိုတွေ့ရှိလိုက်ရလေ၏။

တစ်နိုင်ငံလုံး အနှံ့အပြားမှ လူပေါင်းစုံတို့သည် ကုန်ပစ္စည်းများ ဝယ်ယူရန်အတွက် ဤနေရာသို့ စုပြုံရောက်ရှိနေကြခြင်း ဖြစ်သည်။

ချိုက်မင်မင် : “ပေကျင်းမှာတုန်းကတော့ လမ်းဘေးဈေးသည်လို့ ပြောလိုက်တာနဲ့ လူတိုင်းက ရွံရှာမုန်းတီးစရာ ကပ်ရောဂါတစ်ခုလို သဘောထားပြီး နှာခေါင်းရှုံ့ကြတာ၊ ဘယ်သူမှလည်း မလုပ်ချင်ကြဘူးလေ… ဒါပေမဲ့ ဒီမှာကျတော့ ကြည့်ပါဦး၊ လူတွေ အပြည့်ပဲ၊ ငါတို့သာ နည်းနည်းလေး နှောင့်နှေးသွားရင် ပစ္စည်းတောင် ရတော့မှာ မဟုတ်ဘူးလို့ ခံစားရတယ်”

သူမ အံ့သြတုန်လှုပ်စွာ ရေရွတ်မိ၏။ သူမသည် အပြင်သို့ ထွက်လာခဲ့မိသည်ကို အမှန်တကယ်ပင် ဝမ်းမြောက်နေလေသည်။

ပတ်ဝန်းကျင် ဗဟုသုတကို ပိုမိုမြင်တွေ့ရခြင်းသည် မိမိ၏ ကမ္ဘာကျဉ်းကျဉ်းလေးထဲတွင် ဘာမျှမသိဘဲ အောင်းနေရခြင်းထက် အဆပေါင်းများစွာ သာလွန်သည်သာ…

ချန်ချင်းယွီ : “သွားကြစို့”

ဤလက္ကားဈေးကွက်ကြီးမှာ နောင်ဆယ်စုနှစ်ပေါင်းများစွာ ကြာသည့်အခါ ဖြစ်ထွန်းလာမည့် ပုံစံမျိုးနှင့် မတူသေးပေ။ ယခုအခါတွင်မူ တစ်ထပ်အဆောက်အအုံများသာ ဖြစ်သော်လည်း လူဦးရေသည်ကား အလွန်ပင် ထူထပ်လှသည်။ အမျိုးသား၊ အမျိုးသမီးအပေါင်းတို့သည် အထုပ်ကြီးအပိုးကြီးများ ဆွဲကာ အလုအယက် ဝင်ထွက်သွားလာနေကြပြီး ဈေးကွက်ဝအဝင်၌ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်နေသော သုံးဘီးဆိုက်ကားများမှာလည်း မနည်းမနော ရှိလှ၏။

စည်ကား သိုက်မြိုက်လှသော စီးပွားရေးဖွံ့ဖြိုးမှု အခင်းအကျင်းတစ်ရပ်ပင် ဖြစ်သည်။

ချန်ချင်းယွီ : “သွားကြစို့”

ချိုက်မင်မင် ရယ်မောလိုက်ရင်း

“ဘာလို့ ဒီလောက် လောနေရတာလဲ..ဖြည်းဖြည်းချင်း လိုက်ကြည့်ကြတာပေါ့”

သူတို့နှစ်ဦးသည် ခပ်မြန်မြန်ပင် လှည့်ပတ်ကြည့်ရှုခဲ့ကြရာ တွေ့ရှိလိုက်ရသောအရာများကြောင့် အမှန်တကယ်ပင် မှင်တက်သွားရလေသည်။

မနေ့ကအထိ သူတို့သည် ဂါဝန်တစ်ထည်လျှင် ခုနစ်ဆယ်၊ ရှစ်ဆယ်ယွမ်နှင့် ဘောင်းဘီတစ်ထည်လျှင် ငါးဆယ်၊ ခြောက်ဆယ်ယွမ် ကျသင့်သော လမ်းဘေးဆိုင်များ၏ စျေးနှုန်းစနစ်ထဲတွင် နစ်မြုပ်နေခဲ့ကြသော်လည်း၊ ယခု ဤနေရာတွင်မူ...

“အမကြီး... ဒါက တစ်ထည် ဘယ်လောက်လဲဟင်”

အရောင်းစာရေးမလေးသည် ခေါင်းပင်မော့မကြည့်ကာ ပြန်ဖြေ၏။

“တစ်စီးချင်းယူရမယ်၊ တစ်ထည်ကို ငါးယွမ်”

ချိုက်မင်မင် : ‘အမယ်လေ…’

မိုက်လိုက်တာ… စျေးကွာခြားချက်ကြီးက…

အလန့်တကြား ဖြစ်လွယ်မိတာ သူမရဲ့ အပြစ်မို့လို့လား…

ဒါ သူမအပြစ်လား…

မဟုတ်ပါဘူး… လုံးဝ မဟုတ်ဘူး…

ဤလူကြီးဝတ် ရှပ်အင်္ကျီမှာ မနေ့က လမ်းဘေးဆိုင်တွင် တွေ့ခဲ့ရသော အင်္ကျီနှင့် တစ်ပုံစံတည်းပင် ဖြစ်သည်။ မနေ့က လမ်းဘေးဆိုင်တွင် နှစ်ဆယ့်ငါးယွမ် ပေးရသော်လည်း ယခု ဤနေရာ၌မူ ငါးယွမ်မျှသာ ရှိ၏။

ဒါက တကယ်ပဲ ဖြစ်နိုင်ပါ့မလား…

ဒီဈေးနှုန်းက... ပေကျင်းက သမဝါယမဆိုင်ကြီးတွေမှာ လက်မှတ်ပေးပြီး ဝယ်ရင်တောင် ဆယ်ယွမ်လောက် ပေးရတာလေ…

သူမ ခပ်တိုးတိုးဖြင့်

“'တစ်စီး' ဆိုတာ ဘယ်နှစ်ထည်လဲ။ ငါးထည်လား”

လက်ချောင်းငါးချောင်းမို့ ငါးထည်ဟု ဆိုလိုခြင်းလော…

ဆိုင်ရှင်အမျိုးသမီး ခပ်ဖွဖွ ရယ်မောလိုက်၏။

ချန်ချင်းယွီ တိုးတိုးလေး ကပ်ပြောကာ

“အထည်တစ်ရာ ဖြစ်ရမယ်”

ချိုက်မင်မင် : ‘အမယ်လေး… ဘုရားရေ’

ချန်ချင်းယွီ : “ငါတို့ နောက်ထပ် ပတ်ကြည့်ကြသေးတာပေါ့… သူတို့ပြောတဲ့ဈေးက သိပ်မမှန်သေးဘူး ထင်တယ်”

ဤလူကြီးဝတ် ရှပ်အင်္ကျီများအတွက် ငါးယွမ်ဟူသော ဈေးနှုန်းမှာ သေချာပေါက် မြင့်မားလွန်းလှသည်။ အကြောင်းမူကား ဤပစ္စည်းမျိုးသည် ပေကျင်းရှိ ကုန်တိုက်ကြီးများတွင် ဆယ်ယွမ်ဖြင့် ရောင်းချနေခြင်းဖြစ်ရာ လက္ကားဈေးနှင့် လက်လီဈေး၏ အမြတ်အစွန်းပမာဏသည် ဤမျှအထိ ကျဉ်းမြောင်း၍ မဖြစ်နိုင်ပေ။

“ညီမလေးတို့က ဈေးမကိုက်ဘူးထင်ရင်လည်း ဆစ်လေ… တို့က အေးအေးဆေးဆေး စီးပွားရေးလုပ်နေတဲ့သူတွေပါ”

ဆိုင်ရှင်အမျိုးသမီးသည် နောက်ဆုံးတွင် ခေါင်းမော့ကြည့်လာခဲ့ပြီး

“တို့ဆိုင်မှာ ပစ္စည်းအကုန်ရှိတယ်… အခု လူရှင်းနေတုန်း လာတိုးတာ ညီမတို့ ကံကောင်းလို့ပေါ့၊ လူရှုပ်နေတဲ့အချိန်ဆိုရင် ပမာဏအနည်းငယ်ပဲ ဝယ်မယ့်သူတွေကို တို့က စကားတောင် အဖက်လုပ်ပြီး ရောင်းမှာမဟုတ်ဘူး”

ချန်ချင်းယွီ : “ကျွန်မတို့က အခုမှ ရောက်ခါစဆိုတော့ ဈေးနှုန်းတွေကို သေချာပေါက် နှိုင်းယှဉ်ကြည့်ရမှာပေါ့”

“ဒါကတော့ ဟုတ်တာပေါ့၊ ဒါပေမဲ့ တို့ဆိုင်က ပစ္စည်းတွေကို ကိုယ်တိုင်ပဲ ကြည့်လိုက်ပါ… အရည်အသွေးကတော့ သေချာပေါက် ကောင်းစေရမယ်၊ အများကြီးဝယ်ရင် ဈေးလည်း ထပ်လျှော့ပေးဦးမှာ၊ တို့ဆီမှာ အမြဲတမ်းလာဝယ်နေကျ ဖောက်သည်ဟောင်းတွေ အများကြီးရှိတယ်”

ချန်ချင်းယွီသည် တစ်ဖက်သတ် ပြောစကားကိုတင် မယုံကြည်ဘဲ

“ဒါဆိုရင် ကျွန်မ အများကြီး ယူနိုင်ပါတယ်… ဒီလူကြီးဝတ် ရှပ်အင်္ကျီရဲ့ အမှန်ကန်ဆုံး ဈေးနှုန်းက ဘယ်လောက်လဲ”

သူမသည် ဤလူကြီးဝတ် ရှပ်အင်္ကျီကို အမှန်တကယ် သဘောကျမိသည်။ ၎င်းမှာ ယောက်ျား၊ မိန်းမမရွေး ဝတ်ဆင်နိုင်ပြီး ပွပွယောယောပုံစံ ရှိ၏။ မည်သည့်ပန်းပွင့် အဆင်အယင်မျှ မပါရှိသော်လည်း ဘက်စုံသုံး၍ရပြီး လက်တွေ့ကျလှသည်။ ထို့ပြင် ပွပွချောင်ချောင် ဒီဇိုင်းဖြစ်ခြင်းကြောင့် ဝယ်ယူသူများအနေဖြင့် ဆိုဒ်အတိအကျ မလိုအပ်ဘဲ အလွယ်တကူ ဝတ်ဆင်နိုင်မည်ဖြစ်၏။

အထည်လက်မှတ် မလိုသည့်အခါမျိုးတွင် လူတိုင်း ပို၍ကြီးမားသော ပစ္စည်းကိုသာ ဝယ်ယူချင်ကြသည်သာ… ယနေ့ခေတ် ထုံးစံအရ အဝတ်အစား ပိုကြီးလေလေ၊ ပို၍ တွက်ခြေကိုက်သည်ဟု ခံစားရလေလေ ဖြစ်သည်။

ချန်ချင်းယွီ : “ကျွန်မတို့ တကယ်ဝယ်မယ်ဆိုရင်တော့ အများကြီး ဝယ်မှာပါ”

ဆိုင်ရှင်အမျိုးသမီးက ချန်ချင်းယွီကို တစ်ချက်ကြည့်ပြီးနောက် ချိုက်မင်မင်ကိုပါ လှမ်းကြည့်လိုက်သည်။ ဤစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးသည် လူအကဲခတ် အတော်လေး တော်ပုံရ၏။ သူမ ခဏမျှ စဉ်းစားပြီးနောက်

“ညီမတို့ ဆယ်ထည် ယူနိုင်မယ်ဆိုရင်တော့ တို့က အမှန်ကန်ဆုံးဈေး နှစ်ယွမ်နဲ့ ငါးဆယ်ပြားနဲ့ ပေးမယ်”

“အပြင်မှာ လိုက်မေးကြည့်လိုက်ပါ၊ တို့ဆိုင်ထက် သက်သာတဲ့ဈေး ဘယ်သူမှ မပေးနိုင်စေရဘူး.. တို့ဆိုင်က အရည်အသွေးကောင်းပြီး ဈေးနှုန်းချိုသာလို့သာ စီးပွားရေး ကောင်းနေတာ၊ မဟုတ်ရင် ဒီလောက်အထိ ဆိုင်အကျယ်ကြီး ဖြစ်လာပါ့မလား”

ချန်ချင်းယွီ : “...”

ဤစီးပွားရေး ဖြေလျှော့မှုမူဝါဒကို ပြီးခဲ့သော ဒီဇင်ဘာလကမှ စတင်ချမှတ်ခဲ့ခြင်း ဖြစ်သော်လည်း ဤဆိုင်ရှင်မှာ လအနည်းငယ်အတွင်း ဤမျှကြီးမားသော ဆိုင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

လွန်ခဲ့သော လပိုင်းအတွင်း ဤလုပ်ငန်း မည်မျှအထိ အရှိန်အဟုန်ဖြင့် တိုးတက်နေခဲ့သည်ကို သိသာလှပေသည်၊ သို့မဟုတ်ပါက ဤမူဝါဒ မချမှတ်ခင်ကတည်းကပင် သူတို့ ခိုးလုပ်နေကြခြင်းလည်း ဖြစ်နိုင်သည်။ သို့သော် ဤအရာများမှာ နယ်မှလာသော သာမန်ဝယ်သူများ ဖြစ်သည့် သူတို့နှင့် ဘာမျှမသက်ဆိုင်ပေ။

သူမ ခေါင်းညိတ်လိုက်ပြီး

“ဆိုဒ်တွေက အကုန်အတူတူပဲလား”

“အားလုံးက ဆိုဒ်တစ်ခုတည်းပဲ… ဆိုဒ်တွေ ခွဲမထားဘူး၊ ဒါပေမဲ့ အဲ့ဒါကမှ ပိုကောင်းတာပေါ့၊ ကြည့်စမ်း... ဒီအင်္ကျီတွေက ဘယ်လောက်ကြီးလဲ၊ အကယ်၍ ဒီလောက်အထည်ပမာဏရဖို့ အိမ်မှာ ကိုယ်တိုင်ချုပ်ရမယ်ဆိုရင် အထည်လက်မှတ် ဘယ်လောက်တောင် ကုန်မလဲ… ဟုတ်တယ်မလား”

ဤအချက်ကိုမူ ချန်ချင်းယွီ သဘောတူမိ၏။

ဆိုင်ရှင် : “တို့ဆိုင်မှာ တခြားပစ္စည်းတွေလည်း ရှိသေးတယ်… ဂျင်းဘောင်းဘီ လိုချင်လား၊ ဒါက အခုလောလောဆယ် ခေတ်အစားဆုံးပဲ”

“ဟိုး... အတ္တလန္တိတ်သမုဒ္ဒရာအောက်ခြေက လာတဲ့ အမျိုးသားအုပ်စုအကြောင်း ရုပ်ရှင်ပြပြီးကတည်းက ဂျင်းဘောင်းဘီတွေက မီးပွင့်မတတ် အရောင်းသွက်နေတာ… တို့ဆီမှာ ခေါင်းလောင်းပုံစံဘောင်းဘီတွေလည်း ရှိတယ်”

ချန်ချင်းယွီ : “ဂျင်းဘောင်းဘီက တစ်ထည် ဘယ်လောက်လဲ”

“ယောက်ျားဝတ်နဲ့ မိန်းမဝတ်က မတူဘူး… ယောက်ျားဝတ်က ခုနစ်ယွမ်၊ မိန်းမဝတ်က ခြောက်ယွမ်”

ချန်ချင်းယွီ : “ဒါက နည်းနည်း ဈေးကြီးသလိုပဲ”

“မကြီးပါဘူးအေ… ဒီအသားကိုပဲ ကြည့်လိုက်ပါဦး၊ ဂျင်းဘောင်းဘီဆိုတာ ဆယ်နှစ်ကျော် ဝတ်ရင်တောင် မစုတ်ဘူး။ ဒီလောက် တောင့်တင်းခိုင်မာတာ၊ ဈေးက ဘယ်လိုလုပ် လျှော့လို့ရမလဲ”

ချန်ချင်းယွီ : “အမှန်အတိုင်း ပြောရရင် ကျွန်မတို့က ဒီကို ပထမဆုံးအကြိမ် လာဝယ်တာပါ၊ ဒါပေမဲ့ တကယ်ကို စိတ်ရင်းမှန်နဲ့ လာတာ၊ အဆင်ပြေရင် နောက်လည်း သေချာပေါက် ထပ်လာမှာပါ… အဲ့ဒါကြောင့် ဈေးကို အမှန်ကန်ဆုံးပဲ ပြောပေးပါ၊ ကြည့်ပါဦး... ကျွန်မတို့က အစ်မကြီးကို ယုံကြည်လို့ တခြားဆိုင်တွေကိုတောင် သွားမမေးဘဲ ဒီမှာတင် တိုက်ရိုက် ဆွေးနွေးနေတာလေ”

“ဒါဆို ညီမတို့ ဘယ်လောက် ယူနိုင်လဲ”

ချန်ချင်းယွီ : “အဲ့ဒါကတော့ ဈေးနှုန်းအပေါ်မှာပဲ မူတည်တာပေါ့”

“အကယ်၍ ဆယ်စုံ ယူနိုင်မယ်ဆိုရင် တို့က တစ်ထည်ကို တစ်ယွမ်စီ ထပ်လျှော့ပေးမယ်”

ချန်ချင်းယွီ ခေါင်းခါလိုက်ပြီး

“အစ်မကြီးက မရိုးသားဘူးပဲ… အများကြီးဝယ်တာကို ဒီဈေးက မဟုတ်သေးပါဘူး”

စင်စစ် ချန်ချင်းယွီသည် ယခင်က စီးပွားရေး လုံးဝမလုပ်ဖူးခဲ့ပေ။ သို့သော် သူမသည် ဆိုင်ရှင်၏ မျက်နှာကို စိုက်ကြည့်ရင်း တစ်ဖက်လူ အမှန်အတိုင်း ပြောခြင်းမဟုတ်ဟု ခံစားမိနေ၏။

သူမသည် စျေးဆစ်သည့်အခါ တစ်ဖက်လူက ချက်ချင်းပင် သဘောတူလိုက်လျှင် မိမိဘက်မှ သေချာပေါက် အရှုံးပေါ်နေပြီဟူသော အချက်ကို အခိုင်အမာ ယုံကြည်ထားသည်။ အကယ်၍ စျေးဆစ်ရင်းနှင့် နှစ်ဦးနှစ်ဖက် အကြိတ်အနယ် ငြင်းခုံရသည့် အခြေအနေသို့ ရောက်ရှိမှသာ ထိုစျေးနှုန်းသည် အမှန်တကယ် အနိမ့်ဆုံး အောက်ခြေဈေး ဖြစ်ပေလိမ့်မည်။

ချန်ချင်းယွီသည် မိမိကိုယ်သူမ စီးပွားရေးတွင် ထူးချွန်လိမ့်မည်ဟု မမျှော်လင့်ထားသော်လည်း အနည်းဆုံးတော့ အများကြီး အရှုံးမခံနိုင်ပေ။

“ကျွန်မ ပစ္စည်းလာဝယ်တာ ပထမဆုံးအကြိမ် ဆိုပေမဲ့ ဒါမျိုးလုပ်နေတဲ့သူတွေကို သိတာမို့လို့ ဘာမှမသိတဲ့ အူတူတူတော့ မဟုတ်ပါဘူး… စျေးကို အမှန်အတိုင်းပဲ ပေးပါ… လူကြီးဝတ် ရှပ်အင်္ကျီတွေကို အစီးနှစ်ဆယ် ယူမယ်၊ အဲ့ဒါကို တစ်ထည်ကို ပြားငါးဆယ်စီ ထပ်လျှော့ပေးပါ”

“မရပါဘူးအေ၊ တစ်ထည်ကို နှစ်ယွမ်ဆိုတာမျိုးကတော့ တို့ဘက်က အရင်းတောင် မရှိတော့ဘူး”

“ကျွန်မက အများကြီး ဝယ်မှာလေ...”

သူတို့နှစ်ဦးသည် ဈေးနှုန်းကို အပြန်အလှန် အကြိတ်အနယ် ညှိနှိုင်းနေကြတော့သည်။

ချိုက်မင်မင်မှာမူ~~~

‘ငါက ဘယ်သူလဲ… ငါ ဘယ်ရောက်နေတာလဲ။ ငါ ဘာလုပ်နိုင်မှာလဲ…’

သူမမှာ ဘာမှအသုံးမကျသော မင်မင်လေး ဖြစ်သွားရရှာပြီ…

လုံးဝကို အသုံးမဝင်တော့ဘူး…

ဒါတွေက ဘာတွေလဲ... တကယ်ပဲ ဘာတွေ ဖြစ်ကုန်ကြတာလဲ...

သူမသည် ထိုသူနှစ်ဦး၏ “နှုတ်တိုက်ပွဲ” ကို ငြိမ်သက်စွာ စောင့်ကြည့်နေခဲ့ပြီး နောက်ဆုံးတွင်မူ ချန်ချင်းယွီသည် အထည်တစ်ရာပါ အစီးပေါင်း သုံးဆယ် တစ်နည်းအားဖြင့် လူကြီးဝတ် ရှပ်င်္အကျီ သုံးထောင်ကို တစ်ထည်လျှင် နှစ်ယွမ်နှုန်းဖြင့် ယူရန် အတည်ပြုလိုက်တော့သည်။

ချိုက်မင်မင်က ချန်ချင်းယွီကို စိုးရိမ်တကြီး ကြည့်လိုက်သော်လည်း ချန်ချင်းယွီသည် တည်ငြိမ်စွာဖြင့် ဂျင်းဘောင်းဘီဈေးကို ထပ်မံညှိနှိုင်းပြန်ရာ နောက်ဆုံးတွင် အမျိုးသားဝတ်ကို လေးယွမ် ရှစ်ဆယ်ပြား၊ အမျိုးသမီးဝတ်ကို လေးယွမ်နှုန်းဖြင့် တစ်မျိုးလျှင် အသုတ် ဆယ်စီးစီ (တစ်မျိုးလျှင် အထည်တစ်ထောင်စီ) ယူရန် သဘောတူညီမှု ရရှိခဲ့၏။

ပြောရလျှင်မူ ယခုတစ်ခေါက်သည် အမှန်တကယ်ပင် အဝယ်တော်ကြီး ဖြစ်သဖြင့် ဆိုင်ရှင်အမျိုးသမီးသည် တည်းခိုခန်းအထိ အရောက်ပို့ဆောင်ပေးမည့် ဝန်ဆောင်မှုကိုပါ တစ်ပါတည်း ထည့်သွင်းပေးခဲ့လေသည်။

ပစ္စည်းများ ဝယ်ယူစဉ် ပမာဏ မည်မျှအထိ များပြားသည်ကို သူတို့ သတိမမူမိကြသော်လည်း ကုန်ပစ္စည်းများ ရောက်ရှိလာသည့် အခါတွင်မှ အမှန်တကယ် များပြားလှကြောင်း မြင်တွေ့လိုက်ရတော့၏။ ဤအရာများမှာ ရွှေတုံးရွှေခဲများ မဟုတ်သဖြင့် ကြားရသည်မှာ များပြားသည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ ထင်သလောက်တော့ မဟုတ်ပေ။

သို့သော် ဤပစ္စည်းများသည် နေရာအတော်လေး ယူလှပြီး အထူးသဖြင့် ဂျင်းဘောင်းဘီများမှာ အရေအတွက် အလွန်များပြားလှသည်။ လူကြီးဝတ် ရှပ်အင်္ကျီများနှင့်ပါ ပေါင်းလိုက်သောအခါ ဆာလာအိတ်ကြီး တင်သုံးအိတ်အပြည့် ဖြစ်သွားပြီး အလေးချိန်မှာ သေချာပေါက် ကီလိုဂရမ် ရာဂဏန်းမက လေးလံလှပေလိမ့်မည်။

ဒါက…. လုံးဝ အပိုပြောခြင်း မဟုတ်ပေ…

ဂျင်းဘောင်းဘီ နှစ်ထောင်နှင့် လူကြီးဝတ် ရှပ်အင်္ကျီ သုံးထောင်…

ရှပ်င်္အကျီများသည် ပေါ့ပါးသော်လည်း ဂျင်းဘောင်းဘီများမှာ လေးလံလှ၏။

သူတို့၏ တောင်ပိုင်းမှ မြောက်ပိုင်းသို့ ပြန်ရမည့် ခရီးလမ်းသညါလည်း ဘယ်လိုမှ မနီးလှပေ။

ယခုအခါ ထိုအထည်ထုပ်ကြီးများကို ကြည့်ရုံမျှဖြင့် သူမ စိတ်ထဲတွင် ထိတ်လန့်ခြောက်ခြားလာရတော့သည်။

ချိုက်မင်မင်သည် တည်းခိုခန်းသို့ ပြန်ရောက်သောအခါ ကြမ်းပြင်ပေါ်တွင် ပုံကျနေသည့် ဆာလာအိတ်ကြီးများကို ငေးကြည့်ရင်း ဘာလုပ်ရမှန်း မသိတော့ဘဲ စကားပင် ထစ်အလျက်…

“ငါ... ငါ... ငါတို့ ဒါတွေအကုန်လုံးကို ဘယ်လိုလုပ် သယ်သွားကြမလဲ”

ဒီလောက်တောင် များပြားလှတာကိုး…

ချန်ချင်းယွီလည်း ခေါင်းကိုသာ ကုတ်မိတော့၏။ သို့သော် သူမ အမှန်အတိုင်း ဝန်ခံလိုက်ကာ

“တကယ်တော့ ကျွန်မလည်း အလေးချိန်ကိစ္စကို မေ့သွားတယ်”

သူမ မိမိအမှားကို ဝန်ခံလိုက်ခြင်း ဖြစ်သည်။

သေချာပေါက်ပင် ပထမဆုံးအကြိမ် လုပ်ဆောင်ဖူးသည့် အရာများတွင် လွဲချော်မှုများ ရှိတတ်စမြဲပင်။

သို့သော် သူမသည် မိမိကိုယ်သူမ ဆင်ခြေပေးသည့်သဘောဖြင့်

“ဒါပေမဲ့ ကျွန်မတို့သာ အများကြီး မယူရင် ဒီလောက် သက်သာတဲ့ဈေး ဘယ်ရပါ့မလဲ”

“ငါလည်း သိပါတယ်၊ ဒါပေမဲ့ ဒီလောက်အများကြီးကို ငါတို့ ဘာလုပ်ကြမလဲ”

ချိုက်မင်မင်သည် ကြိတ်ဆုံဆွဲသည့် မြည်းတစ်ကောင်ကဲ့သို့ အခန်းတွင်း၌ ဟိုမှဒီသို့ လောတကြီး လျှောက်လှမ်းနေမိတော့သည်။

ချန်ချင်းယွီ : “ဟိုဟိုဒီဒီ လျှောက်မနေပါနဲ့… ရပါတယ်၊ နည်းနည်းပဲ ပင်ပန်းရုံတင်ပါ”

ချိုက်မင်မင် : “….”

‘သောက်ကျိုးနည်း… တကယ်ပဲ နည်းနည်းလေးပဲ ပင်ပန်းရုံတင် ဟုတ်လို့လား’

သူမခမျာ အထုတ်ကြီးများ အကုန် သယ်ဆောင်ရမည်ကိုလည်း စိုးရိမ်၊ မျက်စိအောက်မှ အပျောက်မခံဘဲ စောင့်ကြည့်ရမည်ကိုလည်း စိုးရိမ်၊ ရထားပေါ် အတက်အဆင်းလုပ်သည့်အခါ တစ်စုံတစ်ယောက် အခွင့်ကောင်းယူ ခိုးဝှက်သွားမည်ကိုလည်း စိုးရိမ်နေမိ၏။

အချုပ်ပြောရလျှင် သူမ စိတ်ထဲ၌ အလွန်အမင်း စိုးရိမ်ပူပန်မှုများဖြင့် ဗျာများနေရလေသည်။

ချန်ချင်းယွီ : “အဲ့ဒီအကြောင်းတွေကို အခုလောလောဆယ် ထားလိုက်ပါဦး… ကျွန်မ အစ်မကို ပြောစရာ အခြားကိစ္စတစ်ခု ရှိသေးတယ်… အစ်မက ဒီပစ္စည်းတွေကို ကျွန်မနဲ့အတူတူ တွဲပြီး ဖက်စပ်ရောင်းမှာလား၊ ဒါမှမဟုတ် တခြားပစ္စည်းတွေကို သီးသန့်ဝယ်ဦးမလား… အစ်မလည်း ပိုက်ဆံယူလာတာ ကျွန်မ သိပါတယ်”

ချိုက်မင်မင်သည် ခေတ္တမျှ တွန့်ဆုတ်သွားသော်လည်း ချန်ချင်းယွီနှင့် ဖက်စပ်မလုပ်ရန်သာ ဆုံးဖြတ်လိုက်သည်။ ပစ္စည်းချင်း အတူတူရောင်းကြလျှင် အရောင်းသွက်ခြင်း၊ မသွက်ခြင်းအပေါ် မူတည်၍ နောက်ပိုင်းတွင် ပဋိပက္ခများ ဖြစ်ပွားလာနိုင်သည် မဟုတ်ဆလာ့။

ရှောင်ချန်သည် ရိုးသားဖြူစင်ပြီး နားအေးပါးအေးနေတတ်သော လူကောင်းတစ်ဦးမှန်း သူမ သိသော်လည်း၊ သူမ၏ ယောက္ခမ အဘွားကြီးကျောက်သည်ကား လုံးဝ အလျှော့ပေးမည့်သူမျိုး မဟုတ်ချေ။

သူမ ခဏမျှ စဉ်းစားပြီးနောက် တည်တည်ငြိမ်ငြိမ်ဖြင့်

“ငါကတော့ တခြားပစ္စည်းပဲ ခွဲရောင်းတော့မယ်”

ချန်ချင်းယွီ : “ဒါဆို ဘာတွေကို ရွေးချယ်ချင်လဲ”

ချိုက်မင်မင် : “ငါကတော့ ခြေအိတ်တွေ၊ တာဝါတွေလိုမျိုး ကုန်ခြောက် ပစ္စည်းအသေးအဖွဲလေးတွေပဲ ဝယ်တော့မယ်”

စင်စစ်တွင်မူ အတွင်းခံများနှင့် စွပ်ကျယ်အင်္ကျီများမှာလည်း ရောင်းကောင်းမည့် ပစ္စည်းများ ဖြစ်သော်လည်း သူမအနေဖြင့် အမျိုးသမီးအချင်းချင်း ဖြစ်လင့်ကစား ထိုပစ္စည်းများကို ရောင်းချရန် ရှက်ရွံ့နေမိ၏။

ချန်ချင်းယွီ : “ဒါဆိုရင် အချိန်ဆွဲမနေနဲ့တော့၊ အခုပဲ ထပ်ထွက်ကြစို့၊ အချိန်မီသေးတယ်။ ပြန်လာမှပဲ အပြန်ရထားလက်မှတ်တွေကို တစ်ပါတည်း ဝယ်ကြတာပေါ့”

“ဟင်”

ချိုက်မင်မင် : “???”

ချန်ချင်းယွီ : “ကျွန်မတို့မှာ ပစ္စည်းတွေက တော်တော်များများ ပါနေတာဆိုတော့ တစ်စုံတစ်ယောက်က ကျွန်မတို့ကို သတ်ပြီး ပစ္စည်းလုသွားမှာ စိုးရိမ်လို့”

ချိုက်မင်မင်၏ မျက်နှာမှာ ချက်ချင်းပင် ထပ်မံ၍ ဖြူဖျော့သွားရပြန်သည်။

ဟုတ်သားပဲ၊ ဒါတွေက အားလုံးပေါင်းရင် တစ်သောင်းကျော်တန်ဖိုး ရှိတာလေ…

ယခုအခါမှသာ ချန်ချင်းယွီ ကုန်ပစ္စည်း မည်မျှအထိ အများကြီး ဝယ်ယူခဲ့သည်ကို သူမ သဘောပေါက်သွားတော့သည်။

အား...

အားးး

ဟုတ်သားပဲ…

တစ်သောင်းသုံးထောင် လေးထောင်လား… တစ်သောင်းလေးထောင် ငါးထောင်လား..

ဘာပဲဖြစ်ဖြစ်၊ တစ်သောင်းကျော်တာတော့ သေချာတယ်…

ချိုက်မင်မင်၏ မျက်နှာမှာ သွေးဆုတ်ကာ ဖြူလျော်သွား၏။

ချန်ချင်းယွီ : “အစ်မ ကြည့်ရတာ အသက်ရှူပ်ကျပ်နေတဲ့ ပုံစံပဲ”

ချိုက်မင်မင် တုန်တုန်ရင်ရင်ဖြင့် အသံကို တိုးလိုက်ပြီး

“နင်... နင်... ဘယ်လိုလုပ် ဒီလောက်တောင် ချမ်းသာနေရတာလဲ။ နင်က... တကယ်ပဲ... ဘုရားရေ...”

ချန်ချင်းယွီသည် ယခုအခြေအနေအထိ ရောက်ရှိလာခဲ့ပြီဖြစ်ရာ ဆက်လက်၍ ဖုံးကွယ်မထားတော့ဘဲ

“ဒါတွေက ကျွန်မမိသားစုရဲ့ စုဆောင်းငွေအားလုံးပဲလေ”

“ဒါတောင်မှ အများကြီးပဲ”

ချိုက်မင်မင်သည် လူအ မဟုတ်ပေ။ ချန်ချင်းယွီ၏ မိသားစု မည်မျှပင် ငွေစုနိုင်ပါစေ… ဤမျှလောက်အထိ များပြားသော ငွေပမာဏ ရှိလိမ့်မည်မဟုတ်မှန်း သဘောပေါက်သည်။

သို့သော် ချန်ချင်းယွီမှာ တည်ငြိမ်စွာဖြင့်

“ကျွန်မ အစ်မကို ပြောဖူးတယ် မဟုတ်လား၊ ကျွန်မအဘိုးနဲ့ အဘွား ဆုံးတုန်းက ငွေအချို့ ချန်ထားခဲ့တယ်ဆိုတာ”

ချိုက်မင်မင် : “... အမလေး...ဘုရားရေ”

သူမ သေသေချာချာ ပြန်စဉ်းစားကြည့်သည့်အခါ ချန်ချင်းယွီ ထိုသို့ ပြောခဲ့ဖူးသည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော် ထိုစဉ်က သူမအနေဖြင့် သိပ်ပြီး အာရုံမစိုက်မိခဲ့ခြင်း ဖြစ်၏။

ချန်ချင်းယွီ : “ကျွန်မအဘိုးနဲ့ အဘွားက မဆုံးခင်တုန်းက တက္ကသိုလ်ပါမောက္ခတွေလေ၊ သူတို့ရဲ့ လစာတွေက မနည်းပါဘူး”

ချိုက်မင်မင် : “...”

ဒါကလည်း ဟုတ်တာပဲ…

ချိုက်မင်မင်သည် သက်ပြင်းတစ်ချက်ကို ဝဝရှူသွင်းလိုက်ပြီးနောက် ချန်ချင်းယွီ၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း အလေးအနက်ဖြင့် သတိပေးလိုက်သည်။

“ဒီအကြောင်းတွေကို နောက်နောင် ဘယ်သူ့ကိုမှ ထပ်မပြောနဲ့တော့”

ချန်ချင်းယွီသည် သူမ၏ မျက်တောင်ရှည်ကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း

“အစ်မ မေ့သွားပြီလား… အခုက မူဝါဒတွေ ပြောင်းသွားပြီလေ၊ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက် အဟောင်းတွေအားလုံးလည်း အပြစ်ကနေ ကင်းစင်ကြောင်း သက်သေပြပြီးပြီပဲ…ဘာပူစရာ လိုသေးလဲ”

ချိုက်မင်မင်သည် သူမ ဆိုလိုသည့်အဓိပ္ပာယ်ကို သဘောပေါက်သွားပြီး မိမိနဖူးကို မိမိ ပြန်ရိုက်လိုက်ရင်း

“ဟုတ်သားပဲ၊ ဟုတ်သားပဲ၊ ငါ့ကိုပဲ ကြည့်ဦး၊ ငါ့ဦးနှောက်ကတော့... နင်က ဒါကြောင့်မို့လို့ ဒီအကြောင်းကို ရဲရဲတင်းတင်း ပြောရဲတာကိုး”

သို့သော် မကြာမီမှာပင် ချိုက်မင်မင် ပိုမို၍ လေးနက်သော လေသံဖြင့် ထပ်မံမှာကြားလိုက်၏။

“ဒါပေမဲ့လည်း၊ အိမ်ရာဝင်းထဲ ပြန်ရောက်တဲ့အခါ ဒီအကြောင်းတွေကို အများကြီး သွားမပြောမိစေနဲ့ဦး”

ချန်ချင်းယွီ နှုတ်ခမ်းကို စေ့ထားလိုက်သည်။

ချိုက်မင်မင် : “ငါက မိသားစု နောက်ခံအကြောင်းကို ပြောနေတာ မဟုတ်ဘူး… ဒီဘက်ခေတ်မှာ အဲ့ဒါတွေကို ဘယ်သူမှ ဂရုမစိုက်ကြတော့ပါဘူး၊ ငါကတော့ ကိုယ့်မှာ ငွေရှိတာကို အထူးတလည် ထုတ်မပြတာ အကောင်းဆုံးပဲလို့ ထင်တယ်… နင့်ရဲ့ ကုန်ပစ္စည်း အရင်းအနှီး ဘယ်လောက်ရှိလဲဆိုတာကိုလည်း ငါ့အပါအဝင် ဘယ်သူ့ကိုမှ မပြောနဲ့…မဟုတ်ရင် လူတိုင်းက နင့်မှာ ငွေရှိမှန်း သိသွားပြီး နင့်ဘဝက နေရထိုင်ရ ခက်သွားလိမ့်မယ်”

သူမ သက်ပြင်းချရင်း အရိုးသားဆုံး ဆက်ပြောကာ

“နင်တို့ သမီးယောက္ခမ နှစ်ယောက်စလုံးက အားနွဲ့တဲ့ အမျိုးသမီးတွေလေ… အကယ်၍ တစ်စုံတစ်ယောက်က မကောင်းတဲ့ အကြံအစည် ရှိလာရင် ဘယ်လိုလုပ်မလဲ”

သူမသည် အမှန်တကယ်ပင် စိုးရိမ်နေမိခြင်း ဖြစ်သည်။

“နင်က ဒီလောက်တောင် နုနယ်တာ၊ ငါ တကယ် စိုးရိမ်တယ်… ဘာပဲဖြစ်ဖြစ် ငါပြောတာကို နားထောင်ပါ။ ငါက လူ့လောက အတွေ့အကြုံ ရှိဖူးလို့ နင့်ထက် ပိုသိတယ်၊ လူအချို့က တခြားသူတွေ ကောင်းစားတာကို မနာလို ဖြစ်တတ်ကြတယ်… နင့်မှာ ငွေရှိမှန်း သိရင် နင့်အပေါ် မကောင်းကြံစည်ကြလိမ့်မယ်၊ ကိုယ့်စည်းစိမ်ကို ထုတ်မကြွားပါနဲ့၊ ဒါကို စွဲစွဲမြဲမြဲ မှတ်ထားပါ၊ ဒါက အမှန်တရားပဲ”

ချန်ချင်းယွီသည် ချိုက်မင်မင်၏ စိတ်ရင်းမှန်ဖြင့် စိုးရိမ်ပေးမှုကို မြင်တွေ့ရသဖြင့် ခေါင်းညိတ်၍ သဘောတူလိုက်၏။

သို့သော်လည်း သူမ ဆိုလိုက်ကာ

“တကယ်တော့ ဘာမှ စိုးရိမ်မနေပါနဲ့… ကျွန်မမှာလည်း ပိုက်ဆံ အများကြီး မကျန်တော့ဘူးလေ၊ ဒီတစ်ခေါက် အဝယ်မှာတင် အကုန် သုံးလိုက်တာ… ငွေထပ်လိုချင်ရင်တော့ ဒါတွေအကုန် ကုန်အောင် ရောင်းရမယ့် အချိန်ကိုပဲ စောင့်ရတော့မှာပေါ့”

ချိုက်မင်မင် : “ဒါပေမဲ့လည်း သတိထားရမှာပဲ… နင့်မှာ ဒီလောက်အများကြီး ရှိနေတာကို ဘယ်သူမှ လာမသတ်၊ လာမလုဘူးလို့ ဘယ်လို အာမခံနိုင်မှာလဲ”

ချန်ချင်းယွီ ခေါင်းညိတ်ပြရင်း

“သိပါပြီ၊ ကျွန်မ သတိထားပါ့မယ်”

သူမသည် ရုတ်တရက် ဆတ်ခနဲ ပြုံးလိုက်မိရာ ထိုအပြုံးမှာ အဓိပ္ပာယ် အတော်လေး နက်နဲလှပေသည်။

“ကျွန်မ ထင်သလောက်တော့ အားမနွဲ့ပါဘူး”

ချိုက်မင်မင် စိုးရိမ်တကြီးဖြင့်

“စိတ်လိုက်မာန်ပါ မလုပ်နဲ့ဦး… နင်က ဘာကို သက်သေပြချင်နေတာလဲ… ငါ နင့်အကြောင်းကို ကောင်းကောင်းသိပါတယ်နော်”

ချန်ချင်းယွီ : “အင်း... ကျွန်မ သိပါတယ်”

သူမအနေဖြင့် တစ်ဖက်လူ၏ စိုးရိမ်မှုမှာ စိတ်ရင်းအမှန်လော၊ ဟန်ဆောင်မှုလောဟူသည်ကို ခွဲခြားသိမြင်နိုင်ပေသည်။

ထို့ကြောင့် ချိုက်မင်မင်၏ လေသံမှာ စိုးရိမ်တကြီးဖြင့် ခပ်ပြတ်ပြတ် ရှိနေလင့်ကစား ချန်ချင်းယွီ၏ စိတ်ထဲတွင်မူ များစွာ ဝမ်းမြောက် ပီတိဖြစ်နေမိ၏။

ချိုက်မင်မင် : “ဘေးပတ်ဝန်းကျင်က အိမ်နီးနားချင်းတွေအားလုံးကို လူကောင်းတွေချည်းပဲလို့ မထင်နဲ့ဦး… ငါ့အဖြစ်ကိုလည်း နင်သိတာပဲ၊ တို့ရွာက ရွာဆေးဆရာကြီးဆိုရင် ငါ့ကို ငယ်ကတည်းက ကြည့်ရှု့လာတာ၊ တို့မိသားစုနဲ့လည်း ပတ်သက်မှုကလည်း မဆိုးလှပါဘူး… ဒါပေမဲ့ သူ့သမီးက ငါလင်ကောင်းသားကောင်းရသွားတာကို မနာလိုဖြစ်ပြီး တို့လင်မယားကို ဆေးကောင်းကောင်းမကုပေးဖို့ သူ့အဖေကို မြှောက်ပေးတာလေ၊ သူက ဘာမှမပြောဘဲနဲ့ ငါ့ကို တမင်သက်သက် လိမ်ဖို့ကြိုးစားတာ… ငါနဲ့ ငါ့ယောက်ျားမှာ ဖြစ်နေတဲ့ ကျန်းမာရေးပြဿနာအသေးအဖွဲလေးတွေဆိုတာ ရွာမှာတုန်းက တစ်ကိုယ်ရေသန့်ရှင်းရေး သိပ်ဂရုမစိုက်မိခဲ့တဲ့ အကျင့်ဆိုးလေးတွေကြောင့် ဖြစ်ရတာလေ… အဲ့ဒါကို သူက ကုမပေးချင်ဘူး၊ ပြီးတော့ ငါ့ကို ပြောသေးတယ်... ကလေးမရတာ ကံတရားကြောင့်ပါ၊ ငါတို့နှစ်ယောက်စလုံးက ကျန်းမာရေး ပြည့်စုံပါတယ်တဲ့၊ တွေ့လား... သူ ဘယ်လောက်တောင် ယုတ်မာလဲဆိုတာ၊ သူက ငါတို့ရဲ့ ရောဂါအသေးလေးကို အကြီးကြီးဖြစ်အောင်လုပ်ပြီး ငါ့ကိုတစ်သက်လုံး ကလေးမရအောင် လုပ်ချင်နေတာ… ဒါက တစ်ရွာတည်းသားချင်းတွေနော်၊ သူက ငါ့အဖေနဲ့လည်း ရင်းနှီးတယ်၊ သူ့သမီးကလည်း ငါနဲ့အတူတူ ကြီးလာတာ… ဘယ်လိုလုပ် ဒီလောက်အထိ စိတ်ပုပ်နိုင်ရတာလဲ။ နင်ကော အိမ်နီးနားချင်းတွေက နင့်အပေါ် ကြင်နာလိမ့်မယ်လို့ မျှော်လင့်နေတုန်းလား… ဘာပဲဖြစ်ဖြစ် နင့်စီးပွားရေးအကြောင်းကို ဝင်းထဲ ရောက်တဲ့အခါ ပိုက်ဆံရတယ် ဘာညာဆိုပြီး သွားမပြောနဲ့၊ စိတ်ချပါ... ငါကတော့ ဘယ်သူ့ကိုမှ တစ်ခွန်းမှ ဟမှာမဟုတ်ဘူး”

ချိုက်မင်မင်သည် သူမ၏ ကိုယ်တွေ့အတွေ့အကြုံများကို နမူနာပြ၍ အလေးအနက် တိုက်တွန်းပြောဆိုရှာ၏။

ချန်ချင်းယွီလည်း တည်ကြည်စွာဖြင့်

“ကျွန်မသိပါပြီ၊ ကျေးဇူးတင်ပါတယ် အစ်မရယ်”

“ကျေးဇူးတင်နေစရာ မလိုပါဘူးအေ… ငါ ဝင်းထဲ စရောက်တုန်းကလည်း နင်က ငါ့ကို အထင်မသေးတဲ့အပြင် အယဉ်ကျေးဆုံး ဆက်ဆံခဲ့တာပဲ၊ ပြီးတော့ ဆေးရုံကို နောက်တစ်ခေါက် ထပ်သွားဖို့ သတိပေးခဲ့တာလည်း နင်ပဲလေ၊ မဟုတ်ရင် ငါ့မှာ အလိမ်ခံရပြီး ကလေးတောင် ဆုံးရှုံးရလောက်ပြီ… နင်က လူကောင်းတစ်ယောက်ဆိုတာ ငါသိပါတယ်… တို့တွေကြားထဲ ဒီလို အားနာစကားတွေ ပြောမနေစမ်းပါနဲ့”

ချိုက်မင်မင် : “ကဲ... ထားလိုက်ပါတော့၊ အဓိကက ဒါတွေကို ဘယ်လိုပြန်သယ်မလဲဆိုတာပဲ၊ ငါ အဲ့ဒါကိုပဲ စိုးရိမ်နေတာ”

ချန်ချင်းယွီ : “အဲ့ဒါကို အခုလောလောဆယ် တွေးမနေနဲ့ဦး၊ အရင်ဆုံး အစ်မအတွက် ပစ္စည်းတွေ သွားဝယ်ကြမယ်၊ ပြန်ရောက်မှပဲ ရထားဘူတာကို သွားပြီး ကုန်ပစ္စည်းတွေ သယ်လို့ရမရ သွားမေးကြည့်မယ်”

“ဟင်... အဲ့လိုလုပ်လို့ရလို့လား”

“သွားမေးကြည့်တာပေါ့”

ချန်ချင်းယွီ ဆက်လက်၍ ပြောဆိုကာ

“ပစ္စည်းတွေက အသက်မှမရှိတာ၊ လူကပဲ လိုက်လျောညီထွေဖြစ်အောင် လုပ်ရမှာဆိုတော့ နည်းလမ်းကတော့ အမြဲတမ်း ရှိနေမှာပါ”

“ဒါလည်း ဟုတ်တာပဲ”

သူတို့နှစ်ဦးသည် ခပ်မြန်မြန်ပင် အပြင်သို့ ထွက်လာခဲ့ကြရာ၊ ချန်ချင်းယွီ အကြံပြုလိုက်၏။

“ကျွန်မအထင်တော့ အစ်မ စွပ်ကျယ်အင်္ကျီအချို့လည်း ယူသင့်တယ်၊ ဘာမှမဖြစ်ပါဘူး…ရာသီဥတု ပိုနွေးလာတာနဲ့အမျှ သေချာပေါက် အရောင်းသွက်မှာ”

“အေးပါ၊ နင်ပြောတဲ့အတိုင်းပဲ လုပ်ပါ့မယ်၊ ဈေးဆစ်တာကိုတော့ နင်ပဲ ကူညီပေးနော်”

ချန်ချင်းယွီ : “ပြဿနာမရှိဘူး”

သူတို့နှစ်ဦးသည် စိတ်အားထက်သန်စွာဖြင့် လက်ဝါးချင်း ပွတ်လိုက်ကြတော့သည်။

တကယ်တမ်း ပြောရလျှင် စျေးဆစ်ရခြင်းမှာ တကယ့်ကို စွဲလမ်းစရာ ကောင်းလှပေသည်။

တကယ့်ကို အောင်မြင်မှု ခံစားချက်ကြီးလိုပဲ… ဟိဟိ

“ကျွန်မ အသေးစိတ် မရှင်းပြခဲ့ဘူးလို့တော့ မထင်နဲ့နော်”

“ဘယ်ကသာ၊ လုံးဝမထင်ပါဘူး… ငါဆိုရင် ဘယ်ကနေ စပြောရမှန်းတောင် သိမှာမဟုတ်ဘူး… နင်က တကယ်ကို ရဲတင်းတာပဲ၊ ငါဆိုရင်တော့ အရိုက်ခံရမှာ ကြောက်နေမိမှာ”

ချန်ချင်းယွီ : “တကယ်လို့ အရိုက်ခံရရင်တောင် အဲ့ဒါ ကောင်းတဲ့အချက်ပဲလေ… ဒါက တို့တွေ ဈေးကို အောက်ခြေအထိ အကြိတ်အနယ် ပြောနိုင်ခဲ့လို့ပေါ့”

“ဟားဟား..”

သူတို့နှစ်ဦးစလုံး စိတ်ပေါ့ပါးသွားကြ၏။ သူတို့နှစ်ဦးစလုံးမှာ လောကဓံကို အေးအေးလူလူ ရင်ဆိုင်တတ်သူများ ဖြစ်ကြရာ၊ ဤကုန်ပစ္စည်းအမြောက်အမြားကို မည်သို့ပြန်သယ်ရမည်ကို မသိကြသေးလင့်ကစား ပျော်ရွှင်နေကြဆဲ ဖြစ်သည်။ စိတ်သဘောထားချင်း တိုက်ဆိုင်သော သူငယ်ချင်းများအကြား၌ အမြဲတမ်း တူညီသောအချက်များ ရှိတတ်ကြသည်မှာ အမှန်ပင် ဖြစ်၏။

ချန်ချင်းယွီနှင့် ချိုက်မင်မင်တို့သည် လက္ကားဈေးကွက်သို့ နောက်တစ်ကြိမ် ထပ်မံသွားခဲ့ကြသည်။ ထိုအချိန်မှာ ညနေစောင်းလုနီးပြီ ဖြစ်သော်လည်း လူအများအပြားဖြင့် ပိုမိုစည်ကားနေခဲ့သည်။

ချိုက်မင်မင် : “ဘာလို့ လူတွေ ဒီလောက်တောင် ပိုများလာရတာလဲ။ ဘာဖြစ်လို့လဲဟင်”

ဆာလာအိတ်အကြီးကြီး သယ်လာသော အဘိုးအိုတစ်ဦးမှာ ကြားဖြတ်၍

“အလုပ်ထဲ အသစ်ဝင်ခါစလား…ဘာမှမသိသေးဘူးပဲ… ဒါက ဆိုင်ပိတ်ခါနီးမို့လို့ သူတို့တွေ အကြီးအကျယ် ဈေးလျှော့ရောင်းနေကြတာလေ၊ အချို့ပစ္စည်းတွေက ဆိုဒ်မစုံတာ ဒါမှမဟုတ် အပြစ်အနာအဆာ အနည်းငယ် ပါတာမျိုး ရှိတတ်ပေမဲ့ ဈေးကတော့ တော်တော်လေး ပေါတယ်”

ချန်ချင်းယွီနှင့် ချိုက်မင်မင်တို့လည်း ရုတ်တရက် သဘောပေါက်သွားကြတော့သည်။

“ဒါပေမဲ့ ညည်းတို့က ဒီအလုပ်ထဲ အခုမှဝင်တာဆိုတော့ ဝါရင့်အဝယ်တော်တွေကို မယှဉ်နိုင်ပါဘူး… သူတို့ထဲက အများစုက ဒီမူဝါဒတွေမချခင် ကတည်းက ဒါမျိုးကို ခိုးလုပ်လာကြတာ”

ချန်ချင်းယွီ ခေတ္တမျှ စဉ်းစားကြည့်ပြီးနောက် အခြေအနေကို နားလည်သွားခဲ့၏။

သို့ဆိုလျှင် ဤစီးပွားရေး ဖြေလျှော့မှု မူဝါဒ တရားဝင် မထွက်လာခင်ကတည်းကပင် အချို့လူများသည် တိတ်တဆိတ် လုပ်ကိုင်နေခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း ထိုအရာမှာ မဆန်းလှပေ။ တောင်ပိုင်းဒေသမှာ ဟောင်ကောင်နှင့် ပိုမိုနီးကပ်သဖြင့် သူတို့ထက်စာလျှင် ပိုမို၍ ခေတ်ရေစီးကြောင်း စောစောထိတွေ့ခဲ့ရခြင်း ဖြစ်ပေမည်။

ချန်ချင်းယွီ : “သွားကြစို့၊ တို့တွေ အဲ့ဒီလို ဈေးအပေါစား လိုက်ရှာဖို့ မတွေးရအောင်… သူတို့က မျက်နှာစိမ်းတဲ့သူတွေကို အလကား ပစ္စည်းကောင်း ပေးမှာမဟုတ်ဘူး”

ချိုက်မင်မင် : “ဒါလည်း ဟုတ်တာပဲ”

သူတို့နှစ်ဦးသည် ဆိုင်အနည်းငယ်သို့ လှည့်ပတ်ကြည့်ရှုပြီးနောက် ချိုက်မင်မင် လိုချင်သော ပစ္စည်းများကို ခပ်မြန်မြန်ပင် ရွေးချယ်နိုင်ခဲ့သည်။ ချန်ချင်းယွီသည် အင်္ကျီကို လိပ်တင်လိုက်ပြီး စိတ်အားထက်သန်စွာဖြင့် ဈေးနှုန်းများကို အကြိတ်အနယ် ဆစ်တော့၏။

၎င်းမှာ အမှန်တကယ်ပင် အောင်မြင်မှု ခံစားချက်ကို ပေးစွမ်းနိုင်လှပေသည်။

ချိုက်မင်မင် : “…”

‘ငါ ဒါကို သေချာမှတ်ထားပြီး သင်ယူရမယ်… နောင်ကျရင် ငါလည်း ကိုယ်တိုင် ဈေးဆစ်ဦးမယ်’

ဤကဲ့သို့သော ခံစားချက်မျိုးကို မနှစ်သက်သောသူဟူ၍ မရှိပေ။

သူတို့နှစ်ဦးသည် ကုန်ပစ္စည်းများကို အလျင်အမြန် မှာယူလိုက်ကြပြီး အထုပ်အပိုးအိတ်များကို သယ်ဆောင်ကာ ပြန်လာခဲ့ကြ၏။ ချိုက်မင်မင်သည် စုစုပေါင်း ရှစ်ရာယွမ် တန်ဖိုးခန့် ပစ္စည်းများ ဝယ်ယူခဲ့ရာ ပစ္စည်းအသေးအဖွဲလေးများအတွက် ဤပမာဏမှာ မနည်းလှသော်လည်း ဂျင်းဘောင်းဘီများနှင့် နှိုင်းယှဉ်ပါက ဘာမျှမဟုတ်သည့်အပြင် လုံးဝလည်း လေးလံခြင်းမရှိပေ။

ထို ယွမ်ရှစ်ရာဖိုး ပစ္စည်းများကို ဆာလာအိတ်အကြီးတစ်အိတ်ထဲသို့ သပ်ရပ်စွာ ထည့်သွင်း ထုပ်ပိုးထားနိုင်သည်။

ချိုက်မင်မင်သည် စိတ်လှုပ်ရှားလွန်းသဖြင့် စကားပင် ထစ်အလျက်

“ခြေအိတ်တစ်စုံကို ဆယ်ပြားကျော်ကျော်လေးပဲ ပေးရတယ်နော်၊ဒါက... ငါ အရင်တုန်းက အဆမတန် အခုတ်ခံခဲ့ရတာပဲလို့ ခံစားရတယ်”

ဒါက တအားကို စျေးပေါနေပြီ…

ယခုအခါမှသာ လက်ကားဈေးဆိုသည်မှာ မည်သို့ရှိကြောင်း သူမ အမှန်တကယ် နားလည်သွားတော့သည်။

ဝါးးး...

ချန်ချင်းယွီ : “စိတ်အေးအေးထားပါဦး”

“ငါ တကယ် စိတ်မအေးနိုင်ဘူးဖြစ်နေတာ… ပြန်တွေးကြည့်တော့ နင် ဝယ်ခဲ့တဲ့ လူကြီးဝတ် ရှပ်အင်္ကျီအကြီးကြီးတွေတောင်မှ နှစ်ယွမ်ပဲ ပေးရတာလေ… ငါ အရင်တုန်းက ပိုက်ဆံတွေကို အလကား ဖြုန်းတီးခဲ့မိသလိုပဲ၊ တောင်ပိုင်းမှာ ဘာလို့ ပစ္စည်းတွေက ဒီလောက်တောင် ဈေးပေါနေရတာလဲ မသိဘူး”

ချန်ချင်းယွီ : “တောင်ပိုင်းမို့လို့ ပစ္စည်းတွေ ပေါနေတာ မဟုတ်ပါဘူး… လမ်းဘေးက အဝတ်အထည်ဆိုင်တွေကို အစ်မ မေ့သွားပြီလား… တို့တွေက အင်္ကျီတွေကို လက်ကားစနစ်နဲ့ အမြောက်အမြား ဝယ်လို့ ဈေးသက်သာတာလေ… မဟုတ်ရင်တော့ ဈေးနှုန်းက သိပ်ကွာခြားမှာ မဟုတ်ပါဘူး”

သူမ သတိပေး ရှင်းပြလိုက်သည်။

ချိုက်မင်မင်လည်း ယခုအခါမှ သတိဝင်လာပြီး

“အဲ့ဒီဆိုင်တွေက တကယ်ကို ဈေးကြီးတောင်းရဲတာပဲ… လူကြီးဝတ် ရှပ်အင်္ကျီဆိုရင် အစိုးရ သမဝါယမဆိုင်တွေမှာ ဆယ်ယွမ်လောက်ပဲ ပေးရတာ… အထည်လက်မှတ် လိုတယ်ဆိုရင်တောင် ဒီလောက်အထည်သား အကြီးကြီးအတွက် လက်မှတ်ဖိုး သုံး၊ လေးယွမ်လောက်ပဲ ထပ်ပေါင်းရမှာ။ အားလုံးပေါင်းမှ တစ်ဆယ့်သုံး၊ တစ်ဆယ့်လေးယွမ်ပဲ ကျမှာကို အဲ့ဒီဆိုင်က နှစ်ဆယ့်ငါးယွမ်တောင် တောင်းရဲတယ်”

ချန်ချင်းယွီ ရယ်မောလိုက်ကာ

“ဆိုင်တွေကလည်း နောက်ဆုံးကျရင် ဈေးဆစ်ခွင့်ပေးရမှာပဲလေ… မဟုတ်ရင် ဝယ်သူက ဘယ်လိုလုပ် အောင်မြင်မှု ခံစားချက် ရနိုင်ပါ့မလဲ”

ချိုက်မင်မင် : “...”

လက်ကားဝယ်ယူ၍ သက်သာခြင်းဖြစ်မှန်း သူမ သိသော်လည်း၊ စိတ်ထဲတွင်မူ မအောင့်နိုင်ကာ အလွန်အမင်း စိတ်လှုပ်ရှားနေမိဆဲ ဖြစ်သည်။

သူတို့နှစ်ဦးသည် ခပ်မြန်မြန်ပင် တည်းခိုခန်းသို့ ပြန်ရောက်လာခဲ့ကြ၏။

ချန်ချင်းယွီ : “ကျွန်မကို ခဏလောက် စောင့်ဦးနော်၊ အောက်ထပ်ဆင်းပြီး ထပ်မေးကြည့်လိုက်ဦးမယ်။ တို့တွေက ဘာမှနားမလည်ပေမဲ့ တည်းခိုခန်းက ဝန်ထမ်းတွေကတော့ သိနိုင်တယ်”

“အေးအေး... သွားပါ၊ သွားမေးကြည့်လိုက်”

တည်းခိုခန်းဝန်ထမ်းများသည် လူပေါင်းစုံနှင့် ဆက်ဆံနေရသဖြင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်သူ အများအပြားနှင့် ကြုံတွေ့ဖူးရမည်ဖြစ်ရာ သူတို့၏ သတင်းကွန်ရက်မှာ သေချာပေါက် ပိုမိုကောင်းမွန်လိမ့်မည်ဟု ချန်ချင်းယွီ တွက်ဆထား၏။ ဤမျှများပြားသော ကုန်ပစ္စည်းများကို မည်သို့သယ်ယူရမည်ကို သူတို့ သိရှိနိုင်ပေသည်။ သူမသည် ငါးယွမ်တန်တစ်ရွက်ကို ထုတ်ယူကာ လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်၏။

သူတို့နှင့် ဆွေမျိုးမိတ်ဆွေ တော်စပ်သူများ မဟုတ်သဖြင့် အလကား သွားရောက်စုံစမ်းမေးမြန်းရန်မှာ မလွယ်ကူပေ။ ငါးယွမ်ဆိုလျှင်မူ လုံလောက်ပေလိမ့်မည်။

ချန်ချင်းယွီသည် ကောင်တာသို့ အမြန်သွားခဲ့ပြီး မနေ့ကနှင့် ယနေ့မနက် တွေ့ခဲ့သော ဧည့်ကြိုစာရေးမလေးကိုပင် တွေ့ရှိလိုက်ရသည်။ သူမသည် ရင်းနှီးအောင် စကားစမြည် အမြန်စတင်လိုက်ပြီး ခဏအကြာတွင် ထိုမိန်းကလေးအား ငါးယွမ်တန် ပေးလိုက်ရာ၊ မိန်းကလေးသည်လည်း ပြုံးရွှင်စွာဖြင့် လမ်းညွှန်ချက်များကို ချက်ချင်းပင် ညွှန်ပြပေးတော့သည်။

ချန်ချင်းယွီ စိတ်ထဲတွင်~~

‘သေချာတာပေါ့၊ ဘယ်နေရာမှာမဆို ပိုက်ဆံသုံးလိုက်ရင်တော့ အမြဲတမ်း အသုံးတည့်တာပဲ’

ဒေါက် ဒေါက် ဒေါက်

ချန်ချင်းယွီ တံခါးကို ခေါက်လိုက်သည်။

ချိုက်မင်မင် တံခါးဖွင့်ပေးရင်း အလောတကြီးဖြင့်

“ဘယ်လိုလဲ၊ အဆင်ပြေရဲ့လား”

ချန်ချင်းယွီ : “ကျွန်မ စုံစမ်းခဲ့ပြီးပြီ… ရထားပေါ်မှာ ကုန်ပစ္စည်းတွေ သယ်လို့ရတယ်တဲ့၊ ပိုက်ဆံပဲ ပေးရမှာ… သူတို့ဆီမှာ ကုန်ပစ္စည်းတွေ သီးသန့်တင်ဖို့ တွဲနှစ်တွဲ ပါတယ်”

ချန်ချင်းယွီသည် ယခင်က ဤအချက်ကို မသိခဲ့သော်လည်း ယခုအခါ သိရှိသွားခဲ့ပြီ ဖြစ်သည်။ ကြားရသရွေ့မူ ဤစနစ်မှာ ရှိနေခဲ့သည်မှာ ကြာပြီဖြစ်ပြီး၊ စီးပွားရေးသမားများ ကုန်သွယ်ရန်အတွက် မဟုတ်ဘဲ ခရီးသည်များ အဆင်ပြေစေရန်အတွက်သာ စီစဉ်ပေးထားခြင်း ဖြစ်၏။ ယေဘုယျအားဖြင့် ယခုကဲ့သို့ ခရီးဝေးသွားသည့်အခါ လူအများအပြားသည် ပစ္စည်းအမြောက်အမြား သယ်ဆောင်လာတတ်ကြပြီး လူတိုင်း မိမိပစ္စည်းကို အမြဲတမ်း မစောင့်ကြည့်နိုင်ကြပေ။ ထို့ကြောင့် ရထားများတွင် ကုန်ပစ္စည်းတင်တွဲများ အမှန်တကယ် ပါရှိခြင်း ဖြစ်သည်။ သို့သော်လည်း လူကိုယ်တိုင်ပါ ရထားပေါ်သို့ တစ်ပါတည်း လိုက်ပါစီးနင်းရမည်ဖြစ်ပြီး ကုန်ပစ္စည်းသက်သက်သာ သယ်ယူပို့ဆောင်၍ မရပေ။ ခရီးသည် စီးနင်းမှု လမ်းကြောင်းပေါ်တွင်သာ ကုန်ပစ္စည်းကို သယ်ဆောင်ပေးခြင်း ဖြစ်၏။

ချိုက်မင်မင် ဝမ်းသာအားရဖြင့်

“ဒါဆို တကယ်ကောင်းတာပဲ”

သူမသည် စိတ်လှုပ်ရှားသွားသော်လည်း အနည်းငယ်လည်း အားနာသလို ဖြစ်သွားရပြန်ကာ

“တို့တွေ အတူတူထွက်လာတုန်းက မထွက်ခင်မှာ ငါက နင့်ကို ကာကွယ်ပေးမယ်၊ ကြည့်ရှုစောင့်ရှောက်ပေးမယ်လို့ အထပ်ထပ် ပြောခဲ့တာလေ… ဒါပေမဲ့ လက်တွေ့မှာတော့ ငါက လုံးဝကို အသုံးမဝင်ဘူး ဖြစ်နေတယ်၊ နင်ကပဲ အစအဆုံး အကုန်လုပ်ပေးခဲ့ရတာ၊ ငါ ဘာမှမကူညီနိုင်ခဲ့ဘူး…ငါ တကယ် အားနာမိတယ်”

ချန်ချင်းယွီ : “အဲ့လိုတွေးရင်တော့ အစ်မ မှားသွားပြီ… ကျွန်မကတော့ အဲ့လိုမထင်ဘူး… ဒါက ကျွန်မအတွက် ပထမဆုံးအကြိမ် ခရီးစဉ်မို့လို့ အတူတူရှိနေပေးတာတင်ပဲ ကျွန်မကို သတ္တိတွေ ပေးစွမ်းနိုင်ခဲ့တာ၊ ပြီးတော့ တို့နှစ်ယောက် ရှိနေတော့ စကားပြောဖော်ရတာပေါ့… ကားပေါ် ရထားပေါ်မှာ လူမျိုးစုံရှိတာဆိုတော့ တစ်ယောက်တည်း ရင်ဆိုင်ရတာထက်စာရင် အပြန်အလှန် အားကိုးလို့ရတာပေါ့”

“ပိုပြီး ရိုးရိုးရှင်းရှင်း ပြောရရင်တော့... ကိုယ် အိမ်သာသွားချင်တဲ့အခါ ကိုယ့်ထိုင်ခုံကို စောင့်ပေးမယ့်သူ ရှိတာပေါ့… အားသာချက်တွေ အများကြီး ရှိပါတယ်… တစ်ယောက်တည်း ခရီးသွားရတာက ဘယ်လိုနည်းနဲ့မဆို အဘက်ဘက်က အဆင်မပြေလှဘူးလေ”

ချိုက်မင်မင် : “နင်ပြောတာတွေက ဆင်ခြေရှိသလို ထင်ရပေမဲ့လည်း နင်က ငါ့ကို အားနာမှာစိုးလို့ ကူညီပြီး ပြောပေးမှန်း ငါသိပါတယ်”

ချန်ချင်းယွီ ခပ်ဖွဖွ ရယ်မောလိုက်

ရင်း

“ကဲပါ... ဒါတွေ အများကြီး တွေးမနေပါနဲ့တော့… လူနှစ်ယောက် ရှိနေတော့ အမြဲတမ်း တစ်ဦးကိုတစ်ဦး အပြန်အလှန် အားကိုးလို့ ရတာပေါ့”

ချိုက်မင်မင် : “အေးပါ... ပြန်ရောက်မှပဲ အေးအေးဆေးဆေး စကားပြောကြတာပေါ့… ဒါဆို တို့တွေ အခု ဘူတာရုံကို သွားကြမလား”

ချန်ချင်းယွီ : “ဟုတ်တယ်၊ သွားကြစို့… ဒီမှာ ဆက်ပြီး အချိန်ဆွဲနေဖို့ အဆင်မပြေဘူး”

သူမအနေဖြင့် လက်ကားဈေးကွက်ထဲမှ ဆိုင်ခန်းများကို မယုံကြည်ခြင်း မဟုတ်ပေ။ ထိုဆိုင်များသည် ဒေသခံ စီးပွားရေးလုပ်ငန်းများ ဖြစ်ကြပြီး ဆိုင်ရှင်များမှာလည်း အဝေးသို့ ထွက်ပြေးတိမ်းရှောင်၍ မရနိုင်သဖြင့် ရွှေဥဥသည့် ငန်းမလေးကို သတ်မည့်အလုပ်မျိုးအား သေချာပေါက် လုပ်ကြလိမ့်မည် မဟုတ်ပေ။ သို့သော် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးသည့် သုံးဘီးဆိုက်ကားသမားများမှာမူ ဈေးကွက်ထဲ၌ ကျပန်းငှားရမ်းခဲ့ခြင်း ဖြစ်ရာ မည်ကဲ့သို့သော လူစားမျိုးမှန်း မည်သူမျှ မသိနိုင်ပေ။ ထို့ပြင် တည်းခိုခန်းဝန်းကျင်တွင်လည်း လူဦးရေ ထူထပ်လှသဖြင့် ကြည့်နေသည့် မျက်လုံးများမှာ အလွန်ပင် များပြားလှသည်။

ချန်ချင်းယွီသည် အမှန်တကယ်ပင် စိတ်အေးလက်အေး မနေနိုင်ပေ။

“ကျွန်မ ခုနကပဲ ကောင်တာက မိန်းကလေးကို ပြောခဲ့လို့ သူမက ကျွန်မတို့အတွက် ကားတစ်စီး ခေါ်ပေးထားတယ်… ငါးယွမ်ပေးရမှာ ဘူတာရုံအထိ လိုက်ပို့ပေးလိမ့်မယ်။ မကြာခင် ရောက်လာတော့မှာဆိုတော့ တို့တွေ အမြန်ပြင်ဆင်ပြီး အောက်ထပ်ဆင်းကြစို့”

“အေးအေး... ဟုတ်ပြီ”

ချိုက်မင်မင် : “ဆာလာအိတ်တွေကို တစ်ခုနဲ့တစ်ခု ကွင်းဆက်လိုက် တန်းစီပြီး အကုန်လုံးကို ကြိုးနဲ့ တွဲချည်ထားရအောင်။ ဒါမှ တစ်စုံတစ်ယောက်က တစ်အိတ်တည်း ဆတ်ခနဲ လုပြေးလို့မရမှာ”

ချန်ချင်းယွီ သဘောတူလိုက်ကာ

“အစ်မပြောတဲ့အတိုင်း လုပ်ကြတာပေါ့”

ထို့နောက် သူမ အံ့သြတုန်လှုပ်စွာဖြင့်

“အစ်မက ကြိုးပါ ယူလာတာလား”

ချိုက်မင်မင် ခပ်ဖွဖွ ရယ်မောလိုက်ရင်း

“ဒါက ငါ့ဘောင်းဘီခါးပတ်လေ… ငါ့ဘောင်းဘီက ဘယ်လိုမှ ကျွတ်ကျမှာမဟုတ်တော့ ဒါကိုပဲ ပစ္စည်းတွေ ချည်ဖို့ သုံးလိုက်တာပေါ့”

ချန်ချင်းယွီ သူမအား လက်မထောင်ပြလိုက်တော့သည်။

သူတို့နှစ်ဦးသည် အားလုံးကို အစအဆုံး ပြင်ဆင်ပြီးနောက် ကုန်ထုပ်ကြီးများကို သယ်ဆောင်ကာ အောက်ထပ်သို့ အတူတူ ဆင်းလာခဲ့ကြ၏။ သူတို့ တည်းခိုသည့်အခန်းမှာ ဒုတိယထပ်တွင် ရှိလေသည်။

အမှန်အတိုင်း ပြောရလျှင် ချန်ချင်းယွီသည် ခွန်အားဗလ သန်မာသူဖြစ်လင့်ကစား ယခုအခါ အလွန်ပင် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်၏။ အကြောင်းမူကား ထိုပစ္စည်းများမှာ အမှန်တကယ်ပင် ပေါင်ချိန် ရာဂဏန်းမက လေးလံလှသောကြောင့်ပင်။

ကံကောင်းသည်မှာ သူမ၏ဘေးတွင် ချိုက်မင်မင် ရှိနေခြင်းဖြစ်ပြီး နှစ်ဦးသား လက်သွက်ခြေသွက်ဖြင့် လုပ်ဆောင်နိုင်ခဲ့ကြသည်။ ချန်ချင်းယွီသည် ကောင်တာရှိ မိန်းကလေးကို ကျေးဇူးတင်စကား ဆိုကာ ကားခကိုပါ ပေးချေလိုက်၏။ သူမ စုံစမ်းခဲ့စဉ် စျေးနှုန်း တစ်မျိုးဖြစ်ပြီး ယခု လက်တွေ့ပေးရသည့် ကားခမှာ တစ်မျိုးဖြစ်သော်လည်း ဤငွေပမာဏကို ပေးရကျိုး နပ်လှပေသည်။

ချန်ချင်းယွီ : “ဦးလေး... ခဏနေရင် ဘူတာထဲအထိ ကုန်ပစ္စည်းတွေ သယ်ဖို့ ကူညီပေးပါဦးနော်… ကျွန်မ အပို နှစ်ယွမ် ထပ်ပေးပါ့မယ်၊ အဆင်ပြေရဲ့လားဟင်”

“ရတာပေါ့၊ အဆင်ပြေတာပေါ့”

ဒါကတော့ သေချာပေါက် အဆင်ပြေတာပေါ့…

ချန်ချင်းယွီ၏ နှုတ်ခမ်းအစုံမှာ ခပ်ဖွဖွ ကွေးညွတ်သွားမိ၏။ အမှန်အတိုင်း ပြောရလျှင် သူတို့နှစ်ဦးသည် အမှန်တကယ်ပင် ကံကောင်းခဲ့ခြင်း ဖြစ်မှန်း ချန်ချင်းယွီ ကိုယ်တိုင်ပင် မသိရှိခဲ့ပေ။

သူတို့၏ ပြတ်သားသော ဆုံးဖြတ်ချက်ဖြင့် ချက်ချင်း ထွက်ခွါလာခဲ့ခြင်းသည် သူတို့အတွက် ကြီးမားသော ဒုက္ခပေါင်းများစွာကို သေချာပေါက် ကယ်တင်ပေးနိုင်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ကုန်ပစ္စည်းများကို ဟိုတယ်သို့ လိုက်ပို့ပေးခဲ့သည့် သုံးဘီးဆိုက်ကားမောင်းသမားသည် သူတို့အပေါ် အမှန်တကယ်ပင် မျက်စိကျနေခဲ့၏။

ငွေသောင်းချီ တန်ဖိုးရှိသော ကုန်ပစ္စည်းများကို သယ်ဆောင်လာသည့် အမျိုးသမီး နှစ်ဦးကို မြင်တွေ့ရသည့်အခါ မည်သူမဆို စိတ်မညွတ်ဘဲ နေနိုင်ရန် ခဲယဉ်းလှပေသည်။

ထိုသုံးဘီးဆိုက်ကားသမားသည် ခေတ္တမျှသာ တုံ့ဆိုင်းနေခဲ့ပြီးနောက်၊ ပစ္စည်းများကို ကြားဖြတ်လုယူရန်အတွက် သူ၏ လူမိုက်သူငယ်ချင်းများနှင့် ချက်ချင်းပင် တိုင်ပင်ဆွေးနွေးခဲ့၏။ သို့သော်လည်း နေ့ခင်းကြောင်တောင်တွင် ရဲရဲတင်းတင်း မလုပ်ရဲကြသဖြင့် ညမှသာ စတင်လှုပ်ရှားရန် စီစဉ်ထားကြခြင်း ဖြစ်သည်။

သူတို့ တကယ် မမျှော်လင့်ထားမိသည်မှာ ချန်ချင်းယွီနှင့် သူမ၏အဖော်တို့သည် ညဉ့်မနက်ခင် ဤညတွင်းချင်းပင် ထွက်ခွာသွားကြလိမ့်မည်ဟူ၍ပင်…

အကြောင်းမူကား ထိုအမျိုးသမီးနှစ်ဦးသည် ကုန်ပစ္စည်းများကို ဝယ်ယူပြီးနောက် ဘူတာရုံသို့ တိုက်ရိုက်မသွားဘဲ တည်းခိုခန်းသို့ ပြန်လာခဲ့ကြခြင်းဖြစ်ရာ၊ အနည်းဆုံး နောက်တစ်နေ့အထိ ဆက်ရှိနေဦးမည်ဟု လူတိုင်းတွက်ဆထားကြ၏။

ထို့ပြင် သူတို့သည် ထိုညအတွက် တည်းခိုခကိုလည်း ပေးချေထားပြီးသားပင် မဟုတ်လော့။

ယခုအခါတွင်မူ သူတို့သည် မနက်ပိုင်းတွင် တည်းခိုခန်းသို့ စတင်ဝင်ရောက်ခဲ့ပြီး နေ့လယ်ပိုင်းတွင် အခန်းပြန်အပ်ခဲ့ကြခြင်း ဖြစ်ရာ တစ်ရက်စာ တည်းခိုခမှာ ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။

ချန်ချင်းယွီတို့သည် တစ်ညတာ တည်းခိုခ ဆုံးရှုံးသွားမည့်အရေးကို ဂရုမစိုက်ဘဲ ချက်ချင်း ထွက်ခွာသွားကြလိမ့်မည်ဟု မည်သူ

တွေးမိမည်နည်း။

အခြားလူများမှာမူ နေ့ခင်းဘက်တွင် လူအများ မိမိတို့မျက်နှာကို မှတ်မိသွားမည်ကို စိုးရိမ်သဖြင့် ပတ်ဝန်းကျင်၌ ရဲရဲတင်းတင်း လှည့်ပတ်မသွားရဲကြကာ ညနေစောင်းပိုင်းကျမှသာ ပြန်လည်ရောက်ရှိလာခဲ့ကြ၍ ချန်ချင်းယွီတို့ ထွက်ခွာသွားပြီဖြစ်ကြောင်းကို လုံးဝ မသိရှိကြရှာပေ။ သူတို့သည် မှောင်ရီပျိုးစအချိန် ရောက်မှသာ လှုပ်ရှားရန်အတွက် ထောင့်တစ်နေရာ၌ ပုန်းအောင်းလျက် စောင့်ဆိုင်းနေကြဆဲ ဖြစ်သည်…

ထိုအချိန်တွင်မူ ချန်ချင်းယွီတို့သည် ရထားလက်မှတ်များကို ဝယ်ယူပြီးစီးကာ၊ လိုအပ်သော လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကိုလည်း ဆောင်ရွက်ပြီးစီး၍ ရထားပေါ်သို့ စတင်တက်ရောက်နေကြပြီ ဖြစ်၏…

All Chapters