အခန်း ၁၂၄
Vol. 13 Ch. 124
အခန်း (၁၂၄) အတင်းပြောခြင်း
အဘွားကြီးကျောက်… သူများကို ဝေဖန်ဖို့ ဝန်မလေးသူ… ဝင်းထဲရှိ တခြားသော အဘွားကြီးများကို အလွန် အထင်သေး၏။
သူမသည် သူမကိုယ်သူမ ဝင်းထဲတွင် အပြောင်မြောက်ဆုံး အဘွားအိုတစ်ဦးဟု ခံယူထားလေသည်။
ချဲ့ကားတာ မဟုတ်ဘူးနော်… အဟမ်း … သူမကိုတော့ ဘယ်သူမှ မယှဉ်နိုင်ကြတာ…
တကယ် နိမ့်ကျတဲ့ဟာတွေ…
အဘွားကြီးကျောက်သည် ခဏမျှ တကြွားကြွား ပြောဆိုနေပြီးနောက် ကျန်သုံးယောက်မှာ အလုအယက် စားသောက်နေကြသည်ကို မြင်သောအခါမှ စားချိန်နောက်ကျမည်စိုး၍ တူကို အမြန်ကောက်ကိုင်လိုက်ရ၏။
ဟွန့်… စားဖို့သောက်ဖို့ဆို နောက်ကျလို့မရဘူး…
အဘွားကြီးကျောက်သည် နှုတ်ခမ်းကိုစူပုတ်ရင်း မိမိကိုယ်ကိုယ် တော်တော်ပင်ပန်းဆင်းရဲလှပြီဟု တွေးတောနေမိသည်။
သို့သော်လည်း စားသောက်နေခြင်းမှာ သူမ၏ပါးစပ်ကို ပိတ်မထားနိုင်ခဲ့ပေ။
“ချွေးမ... ညည်းအထင်တော့ ဒီကုန်ပစ္စည်းတွေ ကုန်ဖို့ ဘယ်နှရက်လောက် လိုဦးမလဲ”
ချန်ချင်းယွီ : “ပြောရခက်တယ် အမေ၊ ကြည့်ရဦးမှာပဲ…ကျွန်မထင်တာတော့ မကြာခင် အကုန်ပြတ်သွားလိမ့်မယ်”
ဒီနေ့ အရောင်းအဝယ် ယခုလောက်အထိ ကောင်းလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ဂျင်းဘောင်းဘီများနှင့် အဘိုးကြီးရှပ်အင်္ကျီများအားလုံး ရောင်းကုန်သွားပြီးနောက် လူများထပ်မံရောက်ရှိလာကြပြန်၏။ ချန်ချင်းယွီမှာ မနက်ဖြန်လည်း ထပ်လာခဲ့ပါမည်ဟု ကတိကဝတ်ပြု အသနားခံ တောင်းပန်ပြီးမှသာ လူအုပ်ကြားထဲမှ ရုန်းထွက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။
အဘွားကြီးကျောက်သည်လည်း ဤအကြောင်းကို တွေးမိသွားပြီး တခိခိ ရယ်မောကာ
“အေးပါအေ... ထူးထူးဆန်းဆန်းတွေပဲ… လူတွေက ဘာလို့ ပိုက်ဆံတွေအကုန်ခံပြီး အလုအယက် လုဝယ်နေကြတာလဲ မသိပါဘူး။ ငါတော့ တကယ့်ကို နားမလည်နိုင်တော့ဘူး”
အမှန်တကယ်လည်း အဘွားကြီးကျောက်သည် ဂျင်းဘောင်းဘီ၏ မည်သည့်နေရာမှာ ကောင်းသည်ကို နားမလည်နိုင်ပေ။ အသားသည် အနည်းငယ်တောင့်တင်းပြီး ခိုင်ခံ့သည်မှလွဲ၍ အခြားအားသာချက်ကို သူမ မမြင်မိပေ။
အို... ဒီကောင်မလေးတွေ၊ ကောင်လေးတွေကတော့ ဒါကိုပဲ ရူးသွပ်နေကြတာ… ဒီခေတ်လူငယ်တွေကို လူကြီးတွေ တကယ် နားမလည်နိုင်တော့ပြီ…
ချန်ချင်းယွီ : “သူတို့က ခေတ်ဆန်ချင်ကြတာလေ၊ တီဗီထဲက ကြည့်ပြီး အတုခိုးကြတာ… ကျွန်မတို့က တီဗီမှမကြည့်တာ၊ သဘာဝကျကျပဲ ဒါတွေကို နားမလည်နိုင်တာပေါ့”
အဘွားကြီးကျောက်: “အဲဒါတော့ ဟုတ်ပါရဲ့၊ ဒါပေမဲ့ ငါတော့ နားမလည်နိုင်သေးဘူး”
ချန်ချင်းယွီ ပြုံးလိုက်၏။
အဘွားကြီးကျောက် ချန်ချင်းယွီကို တစ်ချက်ကြည့်ကာ သက်ပြင်းချရင်း
“ညည်းက တော်တော်စကားတတ်တာပဲ… ဒီနေ့ ကုန်ပစ္စည်းကြော်ငြာပြီး ရောင်းသွားတာ တော်တော်လေး ကောင်းတယ်”
ချန်ချင်းယွီ : “ဒါက ဘာမှမဟုတ်ပါဘူး အမေရဲ့၊ အာရုံထဲရှိတာ ပြောလိုက်တာပါ”
ဤအကြောင်းကို ပြောရင်း ချန်ချင်းယွီ စိတ်ထဲတွင် တုန်လှုပ်အံ့ဩမိသွားသည်။
စင်စစ်အားဖြင့် ဤခေတ်ကာလတွင် ပိုက်ဆံရှာရသည်မှာ ခက်ခဲလှသည်ဟု ထင်ရသော်လည်း အမှန်၌ အလွန်လွယ်ကူနေပေ၏။
အလွန်ကောင်းမွန်သော ရွှေရောင်အခွင့်အလမ်းကြီးပင်…
သူမကတော့ လေပွေထဲပါသွားတဲ့ ဝက်ကလေးလို အရှိန်အဟုန်နဲ့ အောင်မြင်နေတာ မဟုတ်လာ… ဟိဟိ
အဘွားကြီးကျောက် သတိပေးလိုက်ကာ
“အခု လမ်းဘေးဆိုင်ဖွင့်ပြီး အရောင်းအဝယ် သေးသေးမွှားမွှားလုပ်လို့ရတဲ့ မူဝါဒကို သိပ်ပြီး ယုံကြည်မနေနဲ့ဦး… အတိုင်းအတာတစ်ခုအထိပဲ လုပ်တာ ကောင်းတယ်၊ အကြီးအကျယ် လျှောက်လုပ်ရင်တော့ ပုံစံတစ်မျိုး ပြောင်းသွားလိမ့်မယ်… နောင်ခါကျရင် မူဝါဒတွေ ပြောင်းလဲဦးမလား ဘယ်သူသိမှာလဲ၊ အမြဲတမ်း တစ်နေရာတည်းမှာပဲ မနေနဲ့၊ တစ်ခါရောင်းပြီးရင် နေရာလေးဘာလေး ရွှေ့ဦး…အဲဒါမှ ပိုပြီး စိတ်ချရမယ်”
ချန်ချင်းယွီ ခေါင်းညိတ်ကာ
“ဟုတ်ကဲ့၊ ကျွန်မ သိပါတယ်”
ချန်ချင်းယွီလည်း ဤအတိုင်း တွေးမိ၏။ အမှန်တကယ်လည်း အစိုးရ၏ မူဝါဒဆိုသည်မှာ မိမိတို့ စိတ်တိုင်းကျ ထိန်းချုပ်နိုင်သည့်အရာ မဟုတ်ပေ။ သူမ မှတ်မိသလောက်မူ မူဝါဒများ သိပ်ပြီး အပြောင်းအလဲမရှိခဲ့သော်လည်း သတိထားခြင်းမှာ အကောင်းဆုံးပင် ဖြစ်သည်။ အသေးအဖွဲ အပြောင်းအလဲလေးများရှိလာနိုင်ခြင်း ရှိမရှိ မည်သူမှ မသိနိုင်ပေ။
“ကျွန်မ ဒီနေရာမှာ ရက်ပိုင်းလောက်ပဲ ထပ်ရောင်းပြီးရင် ရှီချာဟိုင်ဘက်ကို ပြောင်းမယ်…ဒီနေရာမှာတော့ ရေရှည်လုပ်လို့ ရမယ်မထင်ဘူး၊ ဒီနေ့တင် တော်တော်လေး သွက်သွက်လက်လက် ရောင်းလိုက်ရတယ်”
“အေးပါအေ... အကုန်လုံးက အလုအယက် လုဝယ်သွားကြတာ…လူအတော်များများက ဈေးတောင် မဆစ်ကြဘူး၊ ငါကတော့ ဈေးဆစ်လာရင် ပြန်ပြောဖို့ အဆင်သင့်ပြင်ထားတာ၊ သူတို့ကတော့ ပိုက်ဆံပေးပြီး တန်းထွက်သွားကြတာပဲ”
“သားလည်း တူတူပါပဲ၊ ပိုက်ဆံတွေ လိုက်သိမ်းရလွန်းလို့ အသံတွေတောင် ဝင်ကုန်ပြီ… သူတို့က ပိုက်ဆံပေးပြီး ဝယ်တာတောင် ကျွန်မတို့က မရောင်းမှာကို ကြောက်နေကြသေးတယ်… တကယ်ကို မမျှော်လင့်ထားဘူး”
ရှောင်ကျား တိုးတိုးလေး ညည်းတွားလိုက်သည်။
“ညည်းတို့ သိလား... အရင်တုန်းက လွတ်လပ်စွာ ကုန်သွယ်ခွင့်ကို ဘာလို့ ပိတ်ပင်ခဲ့လဲဆိုတာ အံ့ဩစရာ မရှိတော့ပါဘူး၊ ကြည့်စမ်း... အမြတ်က ဘယ်လောက်တောင် များလဲဆိုတာ။ အကြီးအကျယ်ပဲ… ဒီလိုသာ တစ်နှစ်၊ နှစ်နှစ်လောက် လုပ်လိုက်ရင် အရင်းရှင်ကြီး ဖြစ်သွားမှာပဲ”
အဘွားကြီးကျောက် နောက်ဆုံးစကားစုကို အသံအလွန်နှိမ့်၍ ပြောလိုက်၏။
ချန်ချင်းယွီ အဘွားကြီးကျောက်၏ လက်ကို ပုတ်ကာ ဆက်မပြောရန် အချက်ပြလိုက်၏။
အဘွားကြီးကျောက်လည်း သဘောပေါက်သွားပြီး ပြုံးကာ
“ဒါက တကယ်ကို ကောင်းတာပဲ”
ကုန်ပစ္စည်းတစ်ခုလျှင် ယွမ်ဆယ်ဂဏန်းခန့် ရရှိသဖြင့် သူမ၏ ပိုက်ဆံအိတ်မှာ ဖောင်းကားနေပြီဖြစ်သည်။ အဘွားကြီးကျောက်တစ်ယောက် မိမိသက်တမ်းတစ်လျှောက် ဤမျှများပြားသော ပိုက်ဆံများကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ တစ်ရက်တည်းနှင့် ရရှိသည့် ဝင်ငွေသည် သူမ နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သော ငွေကြေးအားလုံးထက်ပင် သာလွန်နေသေး၏။ အတိတ်မှ မြေရှင်ပဒေသရာဇ်ကြီးများ မည်မျှအထိ ချမ်းသာကြွယ်ဝခဲ့မည်ကို သူမ စိတ်ပင်မကူးရဲတော့ပေ။
မိသားစု လေးယောက်စလုံး ဝပြဲအောင် စားသောက်ကြသည်။ အစောပိုင်း၌ အများကြီး မှာယူခဲ့သော်လည်း နောက်ပိုင်းတွင်လည်း အကြိမ်ကြိမ် ထပ်မံမှာယူစားသောက်ခဲ့ကြ၏။
ချန်ချင်းယွီ စိတ်တိုင်းကျ အဝစားသောက်ခဲ့ပြီး၊ ကလေးနှစ်ယောက်မှာလည်း ဗိုက်ကလေးများကို ပွတ်သပ်ရင်း အတူတူ အိမ်သို့ ပြန်ခဲ့ကြသည်။
အဘွားကြီးကျောက် : “ငါ ခန့်မှန်းရသလောက်တော့ ဒီကုန်ပစ္စည်းတွေက ဆယ်ရက်မပြည့်ခင် ကုန်သွားလိမ့်မယ်… အဲဒါပြီးရင် ညည်း ဘာဆက်လုပ်မလဲ ၊ တောင်ပိုင်းကို သွားဦးမှာလား”
အဘွားကြီးကျောက် ဆက်၍
“နောက်တစ်ခေါက်ကျရင် ချိုက်မင်မင် တစ်ယောက် ညည်းနဲ့အတူ လိုက်ဖို့ အချိန်ရပါ့မလား မသိဘူး… တကယ်လို့ မအားရင် ငါနဲ့အတူ သွားကြတာပေါ့…ငါ အလုပ်တစ်ရက် ခွင့်တိုင်လိုက်မယ်”
ယခင်ဆိုလျှင် အဘွားကြီးကျောက်သည် အလုပ်တစ်ရက်မျှ ပျက်ကွက်ရန် ဝန်လေးတတ်သူ ဖြစ်သော်လည်း ယခုမူ အခြေအနေပြောင်းလဲသွားပြီ ဖြစ်သည်။
သူမသည် ငွေပုံကြီးကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီ မဟုတ်ပါလား…
အဘွားကြီးကျောက် : “မနေ့က ငါပြန်လာတော့ ညည်း အိပ်ပျော်နေတာ တွေ့တယ်… ဒီမနက်လည်း ညည်း အိပ်ရာထနောက်ကျနေတော့ ငါ ညည်းကို မမေးရသေးဘူး၊ ချိုက်မင်မင်လည်း ကုန်ပစ္စည်းတွေ ဝယ်ထားတယ် မဟုတ်လား…သူ ဘာတွေ ဝယ်ထားတာလဲ”
အဘွားကြီးကျောက် : “သူ့ကို ညည်းနဲ့အတူ သိပ်မလိုက်ခိုင်းနဲ့… တကယ်လို့ သူက ညည်းရဲ့ ဈေးရောင်းတဲ့ အတတ်ပညာတွေကို အကုန်အတုခိုးသွားရင် ငါတို့ ဘာလုပ်ကြမလဲ… ဒါက ‘တပည့်ကို ပညာကုန်သင်ပေးရင် ဆရာ ငတ်လိမ့်မယ်’ ဆိုသလို ဖြစ်နေဦးမယ်”
အဘွားကြီးကျောက်သည် လမ်းတစ်လျှောက်လုံး ပါးစပ်မနားတမ်း ပြောဆိုနေသဖြင့် အလွန် ဆူညံလှပေသည်။
ချန်ချင်းယွီ သူမ၏ နားထင်ကို ပွတ်ရင်း
“အမေရယ်... စကားတွေ အများကြီး မပြောပါနဲ့တော့၊ ကျွန်မ ခေါင်းတွေတောင် မူးလာပြီ… ဈေးရောင်းတယ်ဆိုတာ အမေလည်း လုပ်တတ်တာပဲ၊ ကျွန်မလည်း လုပ်တတ်တာပဲ၊ အမေ သိရင် ကျွန်မလည်း သိတာပဲ… ဘာမှ လျှို့ဝှက်ချက်တွေ၊ ကောက်ကျစ်တဲ့ နည်းလမ်းတွေ မရှိပါဘူး၊ ကြည့်စမ်း... ကျွန်မတို့ ပြောနေတဲ့ စကားတွေက အခြား အရောင်းအဝယ်သမားတွေလည်း ဒီလိုပဲ အပြောကောင်းကောင်းနဲ့ ရောင်းကြတာပဲ၊ ထူးဆန်းတာ မဟုတ်ပါဘူး… အဲဒါတွေကို စိတ်ပူမနေပါနဲ့၊ သူ မရှိရင်လည်း အခြားလူတွေ ရှိတာပဲ၊ ကျွန်မတို့ ဆိုင် ဒီလောက် အရောင်းအဝယ်ကောင်းနေတာကို မြင်ရင် ဘယ်သူက စိတ်မဝင်စားဘဲ နေမှာလဲ… ဒါက ပထမဆုံးအသုတ်မို့လို့ လူတွေ အလုအယက် လာဝယ်ကြတာ၊ ကျွန်မတို့ရဲ့ အားသာချက်က စကားလုံးတစ်လုံးတည်းပဲ ‘လက်ဦးမှု’ ပဲ..အမေ တွေဝေနေရင်တော့ စောင့်ရုံပဲ ရှိတော့မယ်၊ မကြာခင် အခြားလူတွေလည်း ကျွန်မတို့နောက်ကို လိုက်လုပ်လာကြတာကို တွေ့ရလိမ့်မယ်”
“ဩော်... ဒါဆိုရင် ငါတို့ ဘာလုပ်ရမလဲ”
ချန်ချင်းယွီ : “ဘာလုပ်ရမှာလဲ... ဖြစ်သလိုပဲ ထားလိုက်ပေါ့၊ အမေက သူတို့ဆိုင်တွေကို သွားရိုက်ခွဲမှာမို့လို့လား… ဒီအရောင်းအဝယ်က ကျွန်မလည်း လုပ်နိုင်သလို အခြားလူလည်း လုပ်နိုင်တာပဲ၊ ကောင်းတာတစ်ခုကတော့ ကျွန်မတို့က ပထမဆုံး စမ်းသပ်လုပ်ကိုင်သူတွေ ဖြစ်နေတာပဲ… အခြားလူတွေက ဒါ အရောင်းအဝယ်ကောင်းတာကို မြင်ပြီး တောင်ပိုင်းကို သွားပြီး ကုန်ပစ္စည်း သွားယူမယ်ဆိုရင်တောင် အသွားအပြန် ဆယ်ရက် ဒါမှမဟုတ် လဝက်လောက်တော့ ကြာဦးမှာပဲ။ အဲဒီအချိန်ကျရင် ကျွန်မက ပစ္စည်းတွေ အကုန်ရောင်းပြီးလောက်ပြီ… ဒါကြောင့် ကျွန်မတို့ ပထမဆုံးအသုတ်ကို ဈေးကောင်းကောင်းနဲ့ ရောင်းနိုင်တာ၊ နောက်ပိုင်းကျရင်တော့ ဈေးနှုန်းက အကျဘက်ကို ရောက်သွားမှာ သေချာတယ်”
ချန်ချင်းယွီ အလေးအနက် ပြောဆိုကာ
“ဒါကတော့ တားဆီးလို့ မရတဲ့အရာပဲ… အခြားလူတွေက အမေ ပိုက်ဆံရနေတာကို မြင်ရင် သူတို့လည်း မလွဲမသွေ လိုက်လုပ်ကြမှာပဲ၊ ဒီစီးပွားရေး အခွင့်အလမ်းက ကျွန်မတို့ တစ်ဦးတည်းအတွက်ပဲ မဟုတ်ဘူးလေ”
အဘွားကြီးကျောက် : “ဒါဆိုရင် တော်တော်လေး နစ်နာတာပေါ့”
ချန်ချင်းယွီ ခေါင်းညိတ်ကာ
“နစ်နာသလို ထင်ရပေမယ့် ဒါက ကျွန်မတို့တစ်ယောက်တည်းရဲ့ သီးသန့်စီးပွားရေးမှ မဟုတ်တာ… ပေကျင်းမြို့တစ်မြို့လုံးရဲ့ ပိုက်ဆံတွေကို ကျွန်မတို့ချည်းပဲ အကုန်လုံး ရချင်လို့တော့ မရဘူးလေ၊ အဲဒါက မဖြစ်နိုင်ဘူး… အမှန်တော့ ဈေးကွက်ကြီးက အကျယ်ကြီး ရှိပါသေးတယ်… အမြတ်နည်းနည်းပဲ ရရင်တောင်မှ အမြတ်ကတော့ ရှိနေဦးမှာပါပဲ”
“ညည်းကတော့ တော်တော်လေး အကောင်းမြင်တတ်တာပဲ”
ချန်ချင်းယွီ : “ဒါပေါ့ အမေရဲ့”
သူမသည် အတိတ်ဘဝ၌ ဤကဲ့သို့ တစ်ခါမှ မလုပ်ဖူးခဲ့ကာ မည်သည့် အတွေ့အကြုံမှလည်း မရှိခဲ့ပေ။ ယခုဘဝတွင် လမ်းဘေးဆိုင်လေး ဖွင့်လှစ်ပြီး ကောင်းမွန်သော အစပျိုးခြင်းကို ပြုလုပ်နိုင်ခဲ့ခြင်းမှာပင် လွန်စွာ ကောင်းမွန်လှသော အရာ ဖြစ်ပေသည်။ ချန်ချင်းယွီသည် ဤအရာမှာ ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်သည်ကို သိရှိထား၏။ သို့သော်လည်း မည်မျှပင် ကောင်းမွန်သော ခေတ်ကာလဖြစ်ပါစေ၊ အချို့လူများ ပိုက်ဆံရရှိကြပြီး အချို့လူများမှာမူ မရရှိကြပေ။
မည်သည့် ခေတ်ရေစီးကြောင်းတွင်မဆို လူတိုင်း ပိုက်ဆံရနိုင်သည်ဟု မဆိုနိုင်ပေ။
သူမသည် ပထမဆုံးအကြိမ် စမ်းသပ်မှုမှာတင် ပိုက်ဆံရရှိခဲ့သည်။ ချန်ချင်းယွီသည် ဤအရာကိုပင် အလွန် စိတ်ကျေနပ်မှု ရရှိနေပြီ ဖြစ်၏။ ယင်းမှာ သူမတွင် အနည်းဆုံးတော့ အရည်အချင်းရှိကြောင်းသက်သေပြနေသည်သာ…
အင်း...
အတိတ်တုန်းက သူမ ဖတ်ခဲ့ဖူးတဲ့ သမိုင်းနောက်ခံ ဝတ္ထုတွေက အချိန်ကုန်လူပန်း အလဟဿ မဖြစ်ခဲ့ဘူးပဲ…
ချန်ချင်းယွီသည် သီချင်းလေးတအေးအေး ညည်းရင်းဖြင့်
“ကမ္ဘာပေါ်မှာရှိတဲ့ ပိုက်ဆံတွေအားလုံးကို ကျွန်မတို့အိမ်တစ်အိမ်တည်းကပဲ အကုန်သိမ်းကျုံးရလာလို့မှ မရတာ… ကျွန်မတို့ ပိုက်ဆံရှာနိုင်တာနဲ့တင် တော်တော်ကောင်းနေပါပြီ၊ အမေလည်း ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး ဖိအားတွေ မပေးပါနဲ့… အပြင်လူတွေကို ပိုက်ဆံရတယ်ဆိုတာလောက်ပဲ ပြလို့ရတယ်၊ ဘယ်လောက်ရလဲဆိုတဲ့ အတိအကျကိုတော့ လျှောက်မပြောနဲ့ပေါ့”
အဘွားကြီးကျောက်က ကလေးနှစ်ယောက်ကို တစ်ချက်လှမ်းကြည့်ကာ
“ငါတို့ သိပါတယ်အေ...နင်တို့နှစ်ယောက် ကြားတယ်မလား…အပြင်မှာ လျှောက်ပြီး ပါးစပ်ဖွာမနေကြနဲ့၊ ကြားလား”
“ကြားပါတယ်...”
ကလေးနှစ်ယောက်
ပြိုင်တူ ပြန်ဖြေကြ၏။
ရှောင်ယွမ် : “အဘွားကလည်း... သမီးတို့ကို မယုံဘူးလား… သမီးတို့ ပါးစပ်က အရမ်းလုံပါတယ်နော်”
“ဟုတ်တယ်...”
ရှောင်ကျားမှာလည်း သူ၏အဘွား သူတို့ကို အထင်သေးသည်ဟု ခံစားလိုက်ရသဖြင့် ဝင်ပြောလေသည်။
ချန်ချင်းယွီ တခိခိ ရယ်မောရင်း
“ကဲပါ... တော်ကြတော့၊ စကားတွေ ဖြတ်ကြစို့”
အဘွားကြီးကျောက် : “နေပါဦး.. ချွေးမ... အဲဒီကောင်မလေးက ညည်းရဲ့ ကုန်ပစ္စည်းရင်းဈေးကို မသိဘူးမဟုတ်လား”
သူမ ချိုက်မင်မင်ကို ရည်ညွှန်းခြင်း ဖြစ်သော်လည်း နာမည်ကို သေသေချာချာ မဆိုခဲ့ပေ။
ချန်ချင်းယွီ : “အစ်မမမင်မင်က ကျွန်မတို့ ဘယ်လောက်နဲ့ ပြန်ရောင်းလဲဆိုတာ မသိပါဘူး.. ပြီးတော့ ဒီရက်ပိုင်း သူလည်း အလုပ်ရှုပ်နေမှာဆိုတော့ ကျွန်မရဲ့ အရောင်းအဝယ်အကြောင်းကို လာစုံစမ်းဖို့ အချိန်ရမှာ မဟုတ်ပါဘူး၊ တကယ်လို့ သူသိရင်တောင် အကြမ်းဖျင်းလောက်ပဲ ခန့်မှန်းမိမှာပါ၊ အသေးစိတ်ကိုတော့ မသိနိုင်ပါဘူး”
“အဲဒါတော့ ဟုတ်သားပဲ”
ချန်ချင်းယွီနှင့် မိသားစုဝင်များ အိမ်ဝင်းထဲသို့ ပြန်ရောက်လာကြ၏။ မတ်လအစောပိုင်းမျှသာ ရှိသေးသဖြင့် ရာသီဥတုမှာ တော်တော်လေး အေးစိမ့်နေဆဲ ဖြစ်သော်လည်း အိမ်နီးနားချင်းများအဖို့ နေ့စဉ်လူမှုရေး ကောလာဟလများကို မဆုတ်မနစ် အတင်းပြောရန် တားဆီးမထားနိုင်ခဲ့ပေ။ သူတို့အားလုံး ရှေ့ဝန်းထဲတွင် ထိုင်နေကြပြီး စကားဝိုင်း၏ အဓိကခေါင်းစဉ်မှာ အဘွားကြီးကျောက်နှင့် ချန်ချင်းယွီတို့အကြောင်း ဖြစ်နေဆဲပင်။
အမှန်၌ ဤခေတ်ကာလတွင် လမ်းဘေးဆိုင်ဖွင့်သည်ဆိုသည်မှာ အလွန်တွေ့ရခဲသောအရာ ဖြစ်ပြီး တော်တော်လေးလည်း အရှက်ရစရာ ကောင်းလှသည်။
သူတို့အိမ်ရာဝင်းထဲတွင် လမ်းဘေးဆိုင်ဖွင့်သူ တစ်ယောက် ရှိနှင့်ပြီးသားဖြစ်ရာ ယခုအခါ နောက်ထပ်တစ်ယောက် ထပ်မံပေါ်ပေါက်လာပြန်လေပြီ…
ရှီကျန့်ရှန်း : “အဘွားကြီးကျောက် ဘာတွေတွေးနေလဲ မသိပါဘူး… အေးအေးဆေးဆေး ကောင်းကောင်းမွန်မွန် နေရတာကို မနေဘဲ ဘာလို့ လမ်းဘေးဆိုင်ဖွင့်တဲ့ လမ်းမှားကြီးကို လိုက်နေရတာလဲ၊ တကယ့်ကို အရှက်ခွဲတာပဲ၊ ဟိုဘက်အိမ်က အဘိုးကြီးချန်တို့ မိသားစုကိုပဲ ကြည့်လေ၊ သူတို့သားက ကျေးလက်ကနေ ပြန်လာပြီး အစုအဖွဲ့ သမရိုးကျလုပ်ငန်းထဲ ဝင်သွားတာ၊ ဟောက်ဟိုင်ကန်နားမှာ တစ်နေ့လုံး ဖိနပ်လိုက်ပြင်နေရတာ… သူခမျာ ဘယ်နှကြိမ်တောင် ငိုပြီးပြီလဲ မသိဘူး၊ သူ တကယ်ကို မလုပ်ချင်ရှာဘူး… အဲဒါက ဘယ်လောက်တောင် အရှက်ရဖို့ကောင်းလဲ သူလည်း သိတာပေါ့၊ ဒါပေမဲ့ မတတ်နိုင်ဘူးလေ… အခု ဒီရှောင်ချန်ကိုပဲ ကြည့်ဦး၊ အိမ်မှာပဲ မိသားစုကို သေသေချာချာ ပြုစုစောင့်ရှောက်နေရင် မကောင်းဘူးလား၊ အခုတော့ လမ်းဘေးဆိုင် သွားဖွင့်နေတယ်၊ တကယ့် အရှက်မရှိတာပဲ… ဒါ့အပြင် နောက်ခါကျရင် မူဝါဒတွေ ပြောင်းလဲသွားရင် သူတို့ ဒုက္ခရောက်ကုန်ကြမှာပေါ့…ဘာမှကို မသိနားမလည်ကြဘူး”
တတွတ်တွတ် ပြောနေလေသည်။
ရှီကျန့်ရှန်းသည် မကြာသေးမီနှစ်များအတွင်း သိပ်ပြီး ကြီးကြီးမားမား ပြဿနာများ မကြုံဖူးသဖြင့် သတ္တိ တော်တော်လေး ကောင်းနေပြီး ယခင်ကဲ့သို့ မကြောက်တော့ပေ။
ထို့ကြောင့်ပင် သူမ၏ စကားလုံးများသည် ယခင် အကျင့်ဟောင်းများအတိုင်း စောင်းချိတ်ပြောဆိုသည့် ပုံစံမျိုး ထွက်ပေါ်လာခြင်း ဖြစ်၏။ သို့သော်လည်း ချန်ချင်းယွီတို့ မိသားစုအပေါ်ကို လွန်လွန်ကျွံကျွံ မပြောရဲသေးပေ။ အကြောင်းမူကား ထိုမိသားစုတွင် အန္တရာယ်ရှိသည့် ထူးဆန်းသောအရာများကြောင့်သာမက မိသားစုမှာလည်း အလွယ်တကူ စိန်ခေါ်၍ရသည့် လူစားမျိုးများ မဟုတ်သောကြောင့် ဖြစ်သည်။
အထူးသဖြင့် အဘွားကြီးကျောက်ဆိုလျှင် အရှက်အကြောက် မရှိသူ ဖြစ်၏။
လူဆိုသည်မှာ အရှက်တရား ကုန်ခမ်းသွားပြီဆိုလျှင် ယေဘုယျအားဖြင့် ကိုင်တွယ်ရ အလွန်ခက်ခဲသွားတတ်သည်။
သူမကို ဘယ်လိုမှ ယှဉ်ပြိုင်၍ မရနိုင်ချေ။
ထို့ကြောင့်ပင် အဘွားကြီးကျောက် အိမ်မှာမရှိသည့် အချိန်ကိုချောင်း၍ ကွယ်ရာတွင် အတင်းတုပ်ရဲခြင်း ဖြစ်၏။
အဘွားကြီးပိုင်မှာမူ လမ်းဘေးဆိုင်ဖွင့်သည့် အရောင်းအဝယ်ကိစ္စတွင် မပါဝင်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူမ၏ ချွေးမမှာလည်း ဤအလုပ်ကို လုပ်ချင်နေသဖြင့် ပိုင်ဖုန်းရှန်းတစ်ယောက် စိတ်ထဲတွင် လုံးဝ မပျော်ရွှင်နိုင်ကာ ဤအရာမှာ မသင့်တော်ဟု ခံစားနေရ၍ပင်… သူမတို့ မိသားစုသည် အရာရှိမိသားစု ဖြစ်ရာ ဤကဲ့သို့ အောက်ခြေအလုပ်မျိုးကို မည်သို့ လုပ်နိုင်ပါမည်နည်း။
သို့သော် သူမ၏ သားဖြစ်သူမှာ ထောက်ခံနေပြီး ချွေးမဖြစ်သူသည်လည်း အပြတ်အသတ် ဇွတ်လုပ်မည်ဟု ဆိုနေသဖြင့် ပိုင်ဖုန်းရှန်းအနေဖြင့် သူတို့၏ ဆန္ဒကို တားဆီးရန် တကယ်ကို မတတ်နိုင်ခဲ့ပေ။
အသက်ကြီးလာသည်နှင့်အမျှ ပိုင်ဖုန်းရှန်းသည် နေရာတကာ ထင်ပေါ်ကျော်ကြားချင်စိတ် သိပ်မရှိတော့ပေ။
နောင်တစ်ချိန်တွင် သူမသည် သားအကြီးဆုံးနှင့်အတူ နေထိုင်ရမည်ဖြစ်ပြီး မိမိ၏ အိုဇာတာအတွက် သားကြီးသည်သာ တာဝန်ယူ စောင့်ရှောက်ရမည်ကို နားလည်ထားသဖြင့် နောက်ဆုံးတွင် သူတို့ သဘောအတိုင်းသာ လွှတ်ထားလိုက်ရတော့သည်။
သူမ စိတ်ထဲတွင် မကျေနပ်သော်လည်း အပြင်ပန်းတွင်မူ ထုတ်မပြောကာ
“ညည်း ပြောတာ မှားနေပြီ… လူငယ်တွေ တစ်ခုခု လုပ်ကြတာ မကောင်းတဲ့အရာ မဟုတ်ပါဘူး၊ ဒါက တိုင်းပြည်ရဲ့ တောင်းဆိုချက်ကို တုံ့ပြန်တဲ့အနေနဲ့ လုပ်ကြတာပဲ… ညည်း မလုပ်ချင်ရင်တောင် အခြားလူတွေက လုပ်ချင်ကြတာပဲလေ၊ ဘာလို့ သူတို့ကို လိုက်ပြီး ဝေဖန်ပုတ်ခတ်နေရတာလဲ။ အဲဒါ မဟန်ပါဘူး”
“ဟုတ်ပါ့... ညည်းက အဲဒီလောက်တောင် စွမ်းဆောင်နိုင်ရင် အစိုးရရဲ့ မူဝါဒတွေကို သွားပြီး ဝင်စွက်ဖက်ပါလား… တိုင်းပြည်က ခွင့်ပြုထားတာကို ညည်းက ခွင့်မပြုဘူးဆိုတော့ ညည်းက ဘာမို့လို့လဲ၊ ကိုယ့်ကိုယ်ကိုယ် တကယ်ပဲ အရေးပါလှပြီ ထင်နေတာ”
အဘွားကြီးကျောက်တို့ အုပ်စု တံခါးဝထဲ ဝင်လာစဉ်မှာပင် ဤသို့ လှမ်း၍ ဝင်ပြောလိုက်၏။ ထို့နောက် သူမ ဆက်၍ ခပ်ပြတ်ပြတ် ဆိုလိုက်သည်။
“ငါကြည့်ရသလောက်တော့ ညည်းတို့အားလုံး တစ်ခုခု လုပ်စရာ ရှာထားသင့်တယ်၊ မဟုတ်ရင် တစ်နေ့လုံး ပျင်းလွန်းလို့ ရူးသွားကြလိမ့်မယ်… ပြီးတော့ ငါ့တို့အိမ်က ကိစ္စတွေကို လိုက်ပြီး အတင်းပြောနေကြသေးတယ်… ငါတို့အိမ်က ညည်းတို့ လျှောက်ပြီး အတင်းတုပ်ရမယ့် အိမ်မျိုး မဟုတ်ဘူးနော်...”
ရှီကျန့်ရှန်းသည် အနည်းငယ် အရှက်ရသွားပြီး ပြန်လည် ဆင်ခြေပေးလေ၏။
“ငါတို့... ငါတို့က မကောင်းတဲ့ စေတနာနဲ့ ပြောတာ မဟုတ်ပါဘူး… နောင်ခါကျရင် မူဝါဒတွေ ပြောင်းလဲသွားမှာ စိုးရိမ်လို့ပါ၊ ဒါက ညည်းတို့ မိသားစု ကောင်းဖို့အတွက် ပြောတာပါ… တကယ်ပဲ စိတ်အနှောင့်အယှက်ဖြစ်စရာ စကားမျိုး ပြောဖို့ ရည်ရွယ်ချက် မရှိပါဘူး”
“ညည်းတို့ စကားတွေက ဒီထက် ပိုပြီး ဘယ်လောက်တောင် ရိုင်းစိုင်းဦးမှာလဲ… ငါ ပြောရရင်တော့ ညည်းတို့အားလုံးက အပိုအလုပ်တွေ လိုက်လုပ်နေကြတာပဲ။ ရှင်ဘုရင်က မပူရဘဲ မိန်းမစိုးက လာပြီး ပူပန်နေသလိုမျိုးပဲ... ညည်းတို့က... နောက်ထပ် ဘာစကားလုံး ရှိသေးလဲ… အတိုချုပ်ပြောရရင် ညည်းတို့အားလုံးက လူပိုတွေပဲ… လူတိုင်းသာ ညည်းတို့လို တွေးနေရင် မူဝါဒတွေလည်း ဘာမှ လုပ်စရာ မလိုတော့ဘူး… မူဝါဒတွေက ဘယ်လိုပဲဖြစ်ဖြစ် ပြောင်းလဲသွားမှာပဲလို့ ညည်းတို့ လျှောက်တွေးနေကြတာ မဟုတ်လား”
“ငါ အဲဒီလို မပြောရဲပါဘူး အဘွားကြီးကျောက်ရယ်၊ ညည်း တကယ်ကို နားလည်မှု လွဲသွားတာပါ၊မဟုတ်ရပါဘူး... တကယ် မဟုတ်ပါဘူး”
ရှီကျန့်ရှန်း ပျာသလဲလဲ ကာကွယ်ပြောဆိုတော့သည်။
တကယ်လို့ ဤစကားများ အပြင်ကို ပေါက်ကြားသွားပါက သူမ မိသားစု ဘာဖြစ်သွားမည်နည်း…
“ဒါက တကယ့်ကို နားလည်မှု လွဲတာပါ… ငါတို့က အသက်ကြီးပြီဆိုတော့ လူငယ်တွေလို အခြေအနေကို အကဲခတ်တာ မမြန်ရုံတင်ပါ… အမှန်တော့ ငါတို့လည်း ထောက်ခံပါတယ်နော်…ဒီလို လမ်းဘေးဆိုင်တွေ ရှိတော့ ပစ္စည်းဝယ်ရတာ ပိုပြီး အဆင်ပြေတာပေါ့”
“ဟုတ်တယ်... ဟုတ်တယ်”
“ကျွန်မလည်း အဲဒီလိုပဲ ထင်တယ်”
ဤကဲ့သို့သော အခြေအနေမျိုးတွင် မည်သူ မကောင်းပြောရဲပါမည်နည်း။
အစ်မကြီးဖန်ပင်လျှင် ဘာမှ ဝင်မပြောခဲ့ချေ။
သူမက ဘာပြောနိုင်ပါမှာလဲ…
သူမ၏ သားအငယ်ဆုံးမှာလည်း ဤအလုပ်ကို လုပ်ကိုင်နေသည် မဟုတ်လော့။
အမှန်အတိုင်း ပြောရလျှင် ဤကိစ္စကို ပွင့်ပွင့်လင်းလင်း ပြောဆိုရန် မသင့်တော်ပေ။ အဘယ်ကြောင့်ဆိုသော် မိသားစု အတော်များများသည် ဤအလုပ်နှင့် ပတ်သက်နေသောကြောင့် ဖြစ်၏။ သူတို့ စိတ်ထဲတွင် မည်သို့ပင် တွေးတောနေပါစေ၊ အပြင်ပန်းတွင်မူ မိမိတို့ မိသားစုဝင်များ၏ အမြင်နှင့် တစ်သားတည်း ရှိနေကြောင်း ပြသရမည်သာ ဖြစ်သည်။
အဒေါ်ကြီးမေ့ : “ငါကတော့ ဒါကို လုပ်တာ ဘာမှမမှားဘူးလို့ ထင်တယ်။ ကိုယ့်ဝမ်းစာကိုယ် ရှာစားကြတာပဲလေ… ညည်းတို့အားလုံးလည်း ငါတို့အိမ်ရဲ့ အခြေအနေကို သိကြတာပဲ… အခုတော့ ငါ့ရဲ့ သားအကြီး၊ သမီးအလတ်နဲ့ ရှောင်ကွမ်တို့အားလုံး စုပေါင်းပြီး ကြိုးစားပမ်းစား လုပ်နေကြတာ… အလုပ်ကတော့ ကြည့်ကောင်းတဲ့ အလုပ်မျိုး ဟုတ်ချင်မှ ဟုတ်လိမ့်မယ်… ဒါပေမဲ့ ငါတို့အိမ်ရဲ့ အခြေအနေကတော့ အရင်ကထက် အပြတ်အသတ် ပိုကောင်းလာတာ အမှန်ပဲ… လူ့ဘဝမှာ ရှင်သန်နေတာ ဘာအတွက်လဲ၊ အပေါ်ယံ ကြည့်ကောင်းဖို့အတွက်လား… ဗိုက်ဝဝလင်လင် စားရဖို့အတွက် မဟုတ်ဘူးလား”
“ဟုတ်တယ်... ဟုတ်တယ်”
အဘွားကြီးကျောက် လှမ်း၍ ထောက်ခံလိုက်ပြီး အိမ်ထဲသို့ ချက်ချင်းမဝင်သေးပေ။ သူမ ချန်ချင်းယွီကို ဆွဲကာ ထိုင်ခိုင်းလိုက်ပြီး စကားဝိုင်းထဲ ဝင်ပါတော့သည်။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည်ကား အိမ်ထဲသို့ ဝင်သွားကြလေပြီ။
လူကြီးများ အတင်းတုပ် ကောလာဟလပြောသည့် နေရာတွင် ကလေးများကို ပတ်သက်ခွင့်မပေးပေ။
ကိုးနှစ်အရွယ်ဆိုသည်မှာ လူမမယ် အရွယ်လေးသာ ရှိသေးသည် မဟုတ်လော့။
အဘွားကြီးကျောက် ဆက်၍
“ငါလည်း အဲဒီလိုပဲ ထင်တယ်… အစ်မကြီးဖန် ညည်းတို့အိမ်ကိုပဲ ကြည့်ဦးလေ၊ ကလေးနှစ်ယောက်ကိစ္စကိုတောင် သေသေချာချာ မဖြေရှင်းရသေးဘူး၊ အခု သားကလည်းပြန်လာပြီ… အရွယ်ရောက်ပြီးသား သားတွေက စည်းစိမ်ပြုတ်အောင် ဖြုန်းနိုင်ကြတာအေ့… ညည်းတို့ ငွေရေးကြေးရေး ကြပ်တည်းမနေဘူးလား၊ အခု ရှောင်ကွမ်က ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်နေတာ တော်တော်ကောင်းတာပေါ့”
အစ်မကြီးဖန် ပြန်လည်ချေပကာ
“ဒါပေမဲ့ သူက အိမ်ကို ပိုက်ဆံ သိပ်မပေးဘူးလေ”
အဘွားကြီးကျောက် နှာခေါင်းရှုံ့ကာ လှောင်ပြောင်သရော်၍
“ဒါဆို ညည်းတို့ရဲ့ ရှီရှောင်ဝေကကော… သူက ညည်းသားငယ်ထက် အသက်အများကြီး ကြီးတာတောင် ညည်းကို ပိုက်ဆံတစ်ပြားတစ်ချပ် ပေးဖူးလို့လား… ပေးဖို့နေနေသာသာ ညည်းဆီကနေ ပိုက်ဆံတောင် ပြန်တောင်းနေသေးတာ၊ ညည်းကတော့ တကယ့်ကို ဘက်လိုက်လွန်းတယ်”
“အဲဒါတော့… ”
အစ်မကြီးဖန် အနည်းငယ် အရှက်ရစွာဖြင့် ဝင်ပြောလေသည်။
အမှန်တကယ်လည်း ရှောင်ဝေ ကျေးလက်မှ ပြန်လာကတည်းက သူမတို့ မိသားစု၏ စားဝတ်နေရေးသည် တော်တော်လေး ကြပ်တည်းလာခဲ့၏။
လူကြီးတစ်ယောက် ထပ်တိုးလာသဖြင့် စားစရိတ် သောက်စရိတ် အကြီးအကျယ် တိုးလာသည့်အပြင် သူသည် အလုပ်လည်းမလုပ်ရုံမက တစ်ခါတရံ မုန့်ဖိုးပင် တောင်းနေသေးသည်။ အစ်မကြီးဖန်သည် သားဖြစ်သူ ကျေးလက်မှာ ပင်ပန်းဆင်းရဲခဲ့ရသည်ကို သနားသဖြင့် သူတောင်းတိုင်း ပိုက်ဆံ အမြဲပေးတတ်၏။ ရက်ပိုင်းခြားတစ်ခါ ငွေအကြွေလေးများ ပေးနေရသဖြင့် သူမ၏ လစာနှင့်ပင် မလောက်ငချင်တော့ပေ။
လွန်ခဲ့သော နှစ်များစွာမှ စုဆောင်းထားခဲ့သည့် ပိုက်ဆံအနည်းငယ်သာ မရှိလျှင် အခြေအနေသည် ယခုထက် ပို၍ ဆိုးဝါးနေလိမ့်မည်။
သူမသည် ထူးထူးခြားခြား ငြိမ်
သက်တိတ်ဆိတ် သွားမိ၏။
“ညည်းတို့ ရှောင်ဝေက ဒီအတိုင်းပဲ အိမ်မှာ သောင်တင်နေတော့မှာလား… အလုပ်အကိုင် မရှာတော့ဘူးလား၊ ဒီလိုတော့ မဖြစ်ဘူးလေ...”
လင်စန်းရှင်း မေးလိုက်သည်။
သူမသည် အလေးအနက်ပုံစံဖြင့် ဆက်ပြောကာ
“ယောက်ျားလေးတစ်ယောက်က ဒီလိုမျိုး နေလို့မရဘူး… အောင်မြင်မှုရှိမှ မိန်းမရမှာပေါ့၊ အခြေချပြီး မိသားစုထူထောင်ဖို့ ဝေးရော့.. သူက အသက်လည်းမငယ်တော့ဘူး၊ လူရှာဖို့တောင် ခက်နေတဲ့ကြားထဲ အလုပ်ကလည်း မရှိသေးဘူး… ဒါတော့ တကယ် မဟန်ဘူး”
ချန်ချင်းယွီ လင်စန်းရှင်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။ လင်စန်းရှင်းသည် အမှန်၌ ဖန်မိသားစုအပေါ် စိတ်ထဲတွင် မကျေနပ်ချက်များစွာ သိုအောင်းထားသူ ဖြစ်၏။ သူမသည် ပုံမှန်အားဖြင့် လူကောင်းလေးနှယ်ဟန်ဆောင်တတ်ပြီး အမြဲတမ်း ငြိမ်ငြိမ်နေကာ စကားဝိုင်းကို ဖြန်ဖြေပေးတတ်သည်၊ အပြောကောင်းပြီး သူတော်စင်မလေးအလား နေတတ်သည်။
သို့သော် ရှီရှောင်ဝေ၏ ကိစ္စနှင့် ပတ်သက်လာလျှင်မူ သူမသည် ထိုသို့မလုပ်ဘဲ စောင်းချိတ်၍ သရော်တော်တော်ဖြင့် ပြောဆိုတတ်၏။
ကျန်လူများလည်း သဘောပေါက်ကြလေသည်။ အစ်မကြီးဖန် လင်စန်းရှင်းကို မျက်စောင်းထိုးကာ
“ကျွန်မကလေးက အဆင်ပြေပြေ ရှိပါတယ်”
“သူက အဲဒီလောက် အသက်ကြီးနေပြီ အခုထိ ကလေးလို့ ခေါ်နေတုန်းပဲလား… ညည်း သူ့ကို အလုပ်တစ်ခုခု ရှာခိုင်းရမယ်၊ ငါတို့ ရှင်းဖှကိုပဲ ကြည့်လေ... သူက ပိုက်ဆံပြန်မတောင်းတဲ့အပြင် ငါ့ကို လစဉ် လစာထဲက စားစရိတ်တောင် ပြန်ပေးသေးတယ်”
အဘွားကြီးဟွမ် ဝင့်ဝင့်ကြွားကြွား ပြောလိုက်သည်။
ဟွန်း... ဒီလူတွေအားလုံးက သူမရဲ့ သားကို အထင်သေးကြတာ၊ ဒါပေမဲ့ သူမသားကလည်း အခြားလူတွေထက် မညံ့ပါဘူး… မိဘဆီကနေ ပိုက်ဆံတောင်းနေတဲ့ လူကြီးတွေနဲ့ ယှဉ်ရင် သူမသားက အိမ်ကို စားစရိတ်တောင် ပြန်ပေးနိုင်တာ... ဒါက လုံးဝ အဆင့်အတန်းချင်း ကွာခြားသွားပြီ…
အစ်မကြီးဖန်၏ ရှေ့၌ အဘွားကြီးဟွမ်တစ်ယောက် အစွမ်းပြခွင့်ရပြီဟု ခံစားလိုက်ရ၏။
အဘွားကြီးကျောက် မျက်လုံးကို ဝင့်ပင့်ကြည့်ကာ
“ညည်းက သူ့သမီးကို ထိန်းပေးနေတာလေ၊ သူက စားစရိတ်မပေးရင် ဘယ်သူက ပေးမှာလဲ…ကျန်းမုန့်မုန့်က သူ့သမီးပဲဟာကို”
အဘွားကြီးဟွမ်: “ဒါက ငါ့ရဲ့ စားစရိတ်အတွက်ပဲလေ… မုန့်မုန့်တစ်ယောက်တည်းက ဘယ်လောက်တောင် စားနိုင်မှာမို့လို့လဲ၊ ဒါက ဘေးထွက်အမြတ်ပဲ”
“ဟီးဟီးဟီး...”
လူတိုင်း အဓိပ္ပာယ်ပါပါဖြင့် ရယ်မောလိုက်ကြသည်။
ကျန်းမုန့်မုန့်က ဘယ်လိုကလေးမျိုးလဲဆိုတာ ဘယ်သူက မသိဘဲ နေပါ့မလဲ…
အဘွားကြီးဝမ်မှာမူ ရယ်မောခြင်ူ မရှိ ထိုအစား စကားဆိုလိုက်၏။
“ညည်းတို့ ရှင်းဖှက နောက်ထပ်တစ်ယောက် ထပ်မရှာတော့ဘူးလား… နောက်တစ်ယောက်တော့ ထပ်ရှာရမယ်နော်၊ မဟုတ်ရင် သမီးတစ်ယောက်တည်းနဲ့ မိသားစုမျိုးရိုးပြတ်သွားလိမ့်မယ်”
အဘွားကြီးကျောက်သည် ငယ်ရွယ်စဉ် လင်သေပြီး ကြီးလာသောအခါ သားသေဆုံးခဲ့ရသော်လည်း သူမကို ဤအိမ်ဝန်းထဲတွင် သနားစရာ အကောင်းဆုံး အဘွားအိုဟု အဘွားကြီးဝမ် မထင်ပေ။ အဘယ်ကြောင့်ဆိုသော် အဘွားကြီးကျောက်တွင် မြေးယောက်ျားလေးတစ်ယောက် ရှိနေသောကြောင့်ပင်။ ရှောင်ကျားသည် ကျောင်းတွင် စာတော်တော်လေး တော်သည်ကို သူမ သိရှိထားသည်။
သူသည် နောင်တစ်ချိန်တွင် အောင်မြင်ကျော်ကြားမည့်သူ ဖြစ်၏။
သူမအမြင်တွင် မိသားစုမျိုးရိုးကို ဆက်ခံမည့် သားယောက်ျားလေး မရှိခြင်းသည်သာ အဆိုးဝါးဆုံး အရာ ဖြစ်ပေသည်။
ထို့ကြောင့် အဘွားကြီးဟွမ်နှင့် လင်စန်းရှင်းတို့သည် သူမ၏ စကားကို နားလည်နိုင်လိမ့်မည်ဟု တွေးမိ၏။
အဘွားကြီးဟွမ်မှာ သားရှိတော့ကော ဘာဖြစ်လဲ၊ မြေးယောက်ျားလေးမှ မရှိတာ…
“ညည်းတို့ ရှင်းဖှက ဒီရက်ပိုင်း ရှီချာဟိုင် ဘက်ကို ခဏခဏ သွားနေတယ်၊ ချန်းမန်နားမှာလည်း လျှောက်သွားနေတတ်တယ်လို့ ကြားတယ်… ဘာကိစ္စလဲ၊ ရည်းစား ရှာနေတာလား၊ သူလည်း အသက်မငယ်တော့ဘူး၊ အမြန်ဆုံး လူရှာပြီး လက်ထပ်သင့်နေပြီ၊ မဟုတ်ရင် နောက်ကျရင် ကလေးမရနိုင်ဘဲ နေဦးမယ်”
“ငါ့သားက ဘာလို့ ကလေးမရနိုင်ရမှာလဲ… ငါ့သားက ကျန်းကျန်းမာမာ ရှိပါတယ်နော်”
သူမ မျက်လုံးကို မှေးစင်းကာ
“ငါ့သားက အရမ်း အရည်အချင်းရှိပြီး ကျန်းမာတယ်၊ ညည်းတို့ ဘာမှ မသိဘဲနဲ့ လျှောက်မပြောနဲ့”
“ဟဲဟဲဟဲ... ညည်းသားက...”
အဘွားကြီးဟွမ်၏ စကားများကြောင့် အားလုံး၏ စိတ်ထဲတွင် ပို၍ပင် အထင်သေးရွံရှာသွားကြသည်။ သူမ၏သားသည် ယောက်ျားရော မိန်းမ မရွေး နှစ်သက်တတ်သူ ဖြစ်ကြောင်းကို အားလုံး
သိထားကြပေ၏။ ထိုကဲ့သို့သော လူစားမျိုးအဖို့ အိမ်ထောင်ဖက်ရှာရန်မှာ အလွန်ခက်ခဲလှသည်။ သို့သော် အဘွားကြီးဟွမ်မှာ ဘာမှမသိနားမလည်သကဲ့သို့ ဟန်ဆောင်နေခြင်းသာ ဖြစ်၏။
“စန်းရှင်း... ညည်းလည်း အတူတူပဲ၊ မြန်မြန်လေး ကြိုးစားဦးမှ…သားယောက်ျားလေး ရဖို့ဆိုတာ နောက်ကျလို့မရဘူး၊ ညည်းတို့ ချန်ရွှမ်းတစ်ယောက် ဘယ်လောက်တောင် စိုးရိမ်နေလဲ ကြည့်ဦး”
လင်စန်းရှင်း၏ မျက်နှာပျက်သွားပြီး သူမဘေးတွင် ထိုင်နေသည့် သမီးဖြစ်သူကို တစ်ချက်လှမ်းကြည့်ကာ ခါးခါးသီးသီး ပြုံးလိုက်တော့သည်။
သူမသည် ဤအိမ်ဝန်းထဲတွင် သားယောက်ျားလေး ရချင်စိတ် အပြင်းပြဆုံးလူ ဖြစ်သော်လည်း ဘယ်လိုမှ ကိုယ်ဝန်မရနိုင်ခဲ့ပေ။
သူမသည် လင်းလင်းကို သူမ၏ မူလမျိုးရိုးအမည် ပေးလိုက်မိခြင်းကြောင့် တစ်စုံတစ်ယောက်ကို စိတ်ဆိုးဒေါသထွက်စေခဲ့ပြီး၊ ထို့ကြောင့်ပင် သားယောက်ျားလေး ရောက်မလာခြင်း ဖြစ်လေမလားဟုပင် တွေးတောမိ၏။ သို့သော် လင်းလင်းသည် သူမ၏ မျိုးရိုးအမည်ကို လီ ဟု ပြောင်းလဲခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်ရာ အဘယ်ကြောင့် သားယောက်ျားလေး ထပ်မရနိုင်သနည်း။
သူမ အများကြီး မမျှော်လင့်ပါဘူးလေ…သားယောက်ျားလေး တစ်ယောက်... တစ်ယောက်တည်းဆို လုံလောက်ပါပြီ…
သားယောက်ျားလေးတစ်ယောက် ရဖို့ ဘာလို့ ဒီလောက်တောင် ခက်ခဲနေရတာလဲ…
ချန်ချင်းယွီသည် သူမ၏ သနားစရာကောင်းသော အခြေအနေကို မြင်သဖြင့် မတ်တတ်ရပ်လိုက်သည်။
သူမသည် သားကိုအသားပေးပြီး သမီးကိုအနှိမ်ခံထားသည့် ယခုကဲ့သို့သော အတင်းအဖျင်း စကားဝိုင်းများကို စိတ်မဝင်စားပေ။
“ဩော်... ရှောင်ချန် ငါ အခုမှ သတိထားမိတယ်၊ ညည်းဝတ်ထားတဲ့ ဘောင်းဘီက ဘာလို့ ဒီလိုပုံစံ ဖြစ်နေတာလဲ… တစ်ခါမှ မမြင်ဖူးပါဘူး”
ချန်ချင်းယွီ : “ဩော်... ဒါက ရောင်းဖို့ပစ္စည်းတွေလေ၊ ကျွန်မက နမူနာအနေနဲ့ ဝတ်ပြထားတာပါ”
“ဘာလို့ ဒီလိုပုံစံ ဖြစ်နေရတာလဲ”
“ဒါကို ဘာလို့ ခေါ်လဲ”
“အသားက တော်တော်ထူတာပဲ၊ ဒီဘောင်းဘီက တော်တော် ခိုင်ခံ့မှာပဲနော်”
“ဈေးက ဘယ်လောက်လဲ… ဒါနဲ့ ညည်းကို မမေးရသေးဘူး၊ ခရီးစဉ်က အဆင်ပြေရဲ့လား၊ ဘာတွေ ဝယ်လာခဲ့လဲ… ပိုက်ဆံ ဘယ်လောက် ကုန်သွားလဲ၊ ဒီဘောင်းဘီကော ဘယ်လောက်လဲ”
သူတို့အားလုံးသည် စက်သေနတ်ပစ်သကဲ့သို့ မေးခွန်းများကို တရစပ် မေးမြန်းနေကြသဖြင့် မည်သည့်မေးခွန်းကို အရင်ဖြေရမှန်းပင် မသိနိုင်တော့ပေ။
ချန်ချင်းယွီ အဘွားကြီးကျောက်ကို လှမ်းကြည့်လိုက်ရာ၊ အဘွားကြီးကျောက်သည် ချက်ချင်းပင် ဒေါသတကြီးဖြင့်
“ညည်းတို့ ဘာလုပ်နေကြတာလဲ… ငါ့ကို ဝါးမြိုစားမလို့လား၊ ညည်းတို့ ဘာမှ မသိကြဘူးလား… ဘာလို့ မေးခွန်းတွေ ဒီလောက်တောင် အများကြီး မေးနေရတာလဲ၊ ဒါက တီဗီဇာတ်လမ်းတွဲတွေထဲက နိုင်ငံခြားသားတွေ ဝတ်တဲ့ ဘောင်းဘီလေ၊ ‘ဂျင်းဘောင်းဘီ’ လို့ ခေါ်တယ်… ငါလို အဘွားကြီးတောင် သိတာကို ညည်းတို့က မသိဘူးလား၊ ညည်းတို့ တကယ့်ကို ခေတ်နောက်ကျနေပြီ… ခေတ်ရေစီးကြောင်းကို ဘာမှမသိတဲ့ လူတွေ...”
သူမ ခါးကိုထောက်ကာ ဆက်၍ အော်ဟစ်ဆဲဆိုတော့သည်။
“ပြီးတော့ နေပါဦး… ငါတို့ ဘယ်လောက်နဲ့ ရင်းပြီး ဘယ်လောက်နဲ့ ပြန်ရောင်းလဲဆိုတာ ညည်းတို့နဲ့ ဘာဆိုင်လို့လဲ၊ ညည်းတို့ အပိုအလုပ်တွေ လိုက်လုပ်နေတယ်လို့ ငါပြောတာ တကယ်မှန်တာပဲ... တော်တော်လေး စပ်စုကြတာပဲ၊ ငါ့အိမ်က ကိစ္စတွေကို ညည်းတို့က ဘာလို့ လိုက်ပူနေရတာလဲ… ငါက အလွယ်တကူ စိန်ခေါ်လို့ရတဲ့ လူစားမျိုး ဟုတ်မဟုတ်ဆိုတာ ညည်းတို့ စုံစမ်းမကြည့်ဘူးလား… သွားပြီး စုံစမ်းကြည့်လိုက်ဦး... အခုကြတော့ စောစောတုန်းက ငါ့ကို နှိမ်ချင်နေကြတဲ့ ပုံစံမျိုးနဲ့ မတူတော့ပါလား၊ ကိုယ့်အလုပ်ကိုယ်ပဲ သေသေချာချာ လုပ်ကြစမ်းပါ...”
အဘွားကြီးကျောက်တစ်ယောက် အော်ဟစ်ငေါက်ငမ်းနေလေ၏။
အားလုံး မျက်မှောင်ကြုတ်လိုက်ကြပြီး အဘွားကြီးကျောက်၏ စိတ်ဆိုးဒေါသထွက်တတ်သော အကျင့်ကို တကယ်ပင် မနှစ်မြို့ကြပေ။
သို့သော် သူမနှင့် ဖက်ပြိုင်ငြင်းခုံရန် ပျင်းရိလှပေသည်၊ ၎င်းမှာ ‘စစ်သားနဲ့ ပညာရှိ ရန်ဖြစ်သလို’ ဘယ်လိုမှ အကျိုးအကြောင်း ပြော၍ရမည် မဟုတ်သောကြောင့် ဖြစ်၏။
ချန်ချင်းယွီ ပြုံးကာ မတ်တတ်ရပ်၍ အိမ်ထဲသို့ဝင်ပြီး ဘောင်းဘီကို လဲလှယ်လိုက်သည်။
တွေ့လား...ယခုကဲ့သို့သော ကိစ္စမျိုးတွင် သူမ ဝင်ပါရန်မလိုကာယောက္ခမဖြစ်သူမှာ ကောင်းကောင်း ကိုင်တွယ်နိုင်လေ၏။
ချန်ချင်းယွီသည် ဂျင်းဘောင်းဘီ မဝတ်ဖြစ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ရာ ရုတ်တရက် ပြန်ဝတ်လိုက်သောအခါ တော်တော်လေး တောင့်တောင့်ကြီး ဖြစ်နေသကဲ့သို့ ခံစားရသည်။ ဘောင်းဘီလဲပြီးနောက် သူမ အပြင်သို့ ထပ်မထွက်တော့ဘဲ ပိုက်ဆံများကိုသာ ထိုင်ရေတွက်လိုက်၏။ ဂျင်းဘောင်းဘီ အရောင်းအဝယ်သည် အလွန်အမြတ်အစွန်းများကြောင်း သူမ သိရှိထားသည်။
ချန်ချင်းယွီသည် ပိုက်ဆံများကို အကြိမ်ကြိမ် ရေတွက်နေပြီး၊ မော့ကြည့်လိုက်သောအခါ သူမ၏ ကလေးနှစ်ယောက်မှာ ပိုက်ဆံပုံကို ကြောင်တောင်တောင်လေး ငေးကြည့်နေကြသည်ကို မြင်လိုက်ရ၏။
ချန်ချင်းယွီ : “ဘာတွေ ငေးကြည့်နေကြတာလဲ… ပိုက်ဆံကို ဒီလောက်တောင် မက်မောနေကြတာလား”
“မေမေ... အများကြီးပဲနော်...”
ချန်ချင်းယွီ : “ဒီကလေးတွေနှယ်... မေမေ့မှာ အရင်းအနှီးလည်း ရှိသေးတယ်လေ… ဒီအင်္ကျီ ဘောင်းဘီတွေက မိုးပေါ်က ပြုတ်ကျလာတာ မဟုတ်ဘူး၊ မေမေက ပိုက်ဆံအကုန်ခံပြီး သွားဝယ်လာခဲ့ရတာ”
ရှောင်ကျားနှင့် ရှောင်ယွမ်တို့ မောင်နှမနှစ်ယောက်စလုံး တူညီသော ပုံစံဖြင့် ခေါင်းကိုပွတ်ရင်း ရယ်မောကာ
“သမီးတို့ အရင်းအနှီးအကြောင်းကို မေ့သွားတယ်”
ချန်ချင်းယွီ တခိခိ ရယ်မောရင်း
“ဒါကြောင့် နင်တို့က ကလေးပဲ ရှိသေးတာပေါ့”
ချန်ချင်းယွီ အကြမ်းဖျင်း တွက်ချက်ကြည့်ရာ ကုန်ပစ္စည်းအားလုံးကို ဒီနေ့ဈေးနှုန်းအတိုင်းသာ ရောင်းချနိုင်လျှင် အရင်းအနှီးများ နုတ်ပြီးနောက် အသားတင်အမြတ် ယွမ်ခြောက်သောင်းကျော် ရရှိနိုင်မည် ဖြစ်၏။
အမြတ်က တကယ်ကို မနည်းလှပါလား…
သို့သော် ဤအရာသည် အကြမ်းဖျင်း ခန့်မှန်းခြေသာ ဖြစ်သည်။ ပစ္စည်းများစွာ ကျန်ရှိနေသေးသဖြင့် အားလုံးကုန်စင်ရန် အချိန်အတော်ကြာဦးမည်တည်း။
ချန်ချင်းယွီသည် ပိုက်ဆံများကို အံဆွဲထဲထည့်ကာ သော့ခတ်လိုက်ပြီး အိမ်သာသို့ သွားခဲ့၏။
သူမသည် ဤအခြေအနေကို နှစ်ပေါင်းများစွာ အောင့်အည်းသည်းခံခဲ့ရခြင်း ဖြစ်သည်။
ယခုအခါ အကြောင်းပြချက် ရှိလာပြီဖြစ်ရာ မိသားစု၏ လူနေမှုဘဝကို မြှင့်တင်ရန် သူမ ဆုံးဖြတ်လိုက်၏။သူမတွင် ယခင်ကတည်းက ပိုက်ဆံရှိခဲ့သော်လည်း အသုံးပြုခွင့် မရှိခဲ့ပေ။ ယခုမူ တရားဝင် အကြောင်းပြချက် ရှိလာပြီဖြစ်သဖြင့် လမ်းဘေးဆိုင်ဖွင့်ပြီး ရှာဖွေရရှိလာသည့် ပိုက်ဆံဟု ပြောနိုင်ပြီ ဖြစ်သည်။
လမ်းဘေးဆိုင်ဖွင့်ရန် အရင်းအနှီးမှာလည်း လင်းကျန့်ဝမ်၏ နစ်နာကြေးငွေနှင့် အဘိုးအဘွားများ ချန်ထားခဲ့သော ပိုက်ဆံအချို့မှ ရရှိခြင်း ဖြစ်၏။
ချန်ချင်းယွီသည် ယခုအခါ ဘာကိုမှ မကြောက်တော့ပေ။
ကြောက်စရာ ဘာရှိတော့လို့လဲ…
မုန်တိုင်းက ပြီးဆုံးသွားခဲ့တာ ကြာပြီလေ…
နှစ်နှစ်ကျော်ပင် ရှိခဲ့ပြီဖြစ်ရာ အရာအားလုံး အမှန်တကယ် တည်ငြိမ်သွားခဲ့ပြီဖြစ်ပြီး လူတိုင်းလည်း ထိုကိစ္စကြီး လုံးဝပြီးဆုံးသွားပြီဟု ယုံကြည်နေကြသည်။
ချန်ချင်းယွီ စိတ်အခြေအနေ ကောင်းမွန်နေ၏။ ရှေ့ဝန်းဘက်သို့ လမ်းလျှောက်လာသောအခါ လူအများမှာ အကြောင်းအရာမျိုးစုံကို အတင်းတုပ်နေကြဆဲ ဖြစ်သည်ကို ကြားရသည်။ မှောင်ပင် မှောင်နေပြီဖြစ်သော်လည်း သူတို့ ပြန်မသွားကြသေးပေ။ လူများ၏ အတင်းပြောတတ်သော သဘာဝမှာ တကယ့်ကို ဖျောက်ဖျက်ရခဲလှပေသည်။
ချန်ချင်းယွီ အပြင်သို့ ထွက်လာပြီး အိမ်၌ အိမ်သုံးကျင်ငယ်အိုး ရှိသော်လည်း အတတ်နိုင်ဆုံး မသုံးဘဲ ရှောင်ကြဉ်ထား၏။ ယင်းမှာ ပို၍ အလုပ်ရှုပ်သော်လည်း ချန်ချင်းယွီ အနေဖြင့် အများသုံး အိမ်သာကိုသာ သွားရောက်အသုံးပြုရသည်ကို ပို၍ သဘောကျသည်။ သူမသည် ဤအတိုင်း နှစ်ပေါင်းများစွာ လုပ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး အိမ်၌ ကျင်ငယ်အိုးသုံးရသည်မှာ တစ်မျိုးကြီး ဖြစ်နေ၏။
ချန်ချင်းယွီ ဆက်ပြီး သည်းမခံချင်တော့ပေ။
သို့သော်လည်း သူမ ယခင်က သတင်းအစီရင်ခံစာတစ်ခုတွင် ဖတ်ဖူးသည်မှာ နာမည်ကျော် အဆိုတော်ကြယ်ပွင့်ကြီးတစ်ဦးပင်လျှင် မနက်စောစောတွင် မိမိ၏ ကျင်ငယ်အိုးကို ကိုယ်တိုင် သွားသွန်ရသည်ဟု ဆိုသည်။
တကယ့်ကို မခံမရပ်နိုင်စရာ ကောင်းလှ၏။
အိမ်သာတွေကို ဘယ်တော့လောက်မှ ပြန်လည်မွမ်းမံပြင်ဆင်မှာပါလိမ့်…
သို့သော် ချန်ချင်းယွီ ကမ္ဘာကူးမလာခင် ယခင်ဘဝ၏ ခေတ်ကာလမှာ ၂၀၂၄ ခုနှစ်သို့ပင် ရောက်ရှိနေပြီဖြစ်ရာ ဤခေတ်ကာလထက် ၄၄ နှစ် သို့မဟုတ် ၄၅ နှစ်ခန့် ပို၍ နောက်ကျကျန်ရစ်ခဲ့ပြီ ဖြစ်သည်။ ထိုစဉ်၌ သူမ ပေကျင်းမြို့သို့ အလုပ်ကိစ္စဖြင့် ခရီးထွက်စဉ် လျှောက်လည်ကြည့်မိသောအခါ လူဦးရေကျပ်ညပ်လှသော ယခုကဲ့သို့ စစ်ဟဲယွမ် အိမ်ဝန်းကြီးများနှင့် အများသုံးသန့်စင်ခန်းများ ရှိနေဆဲဖြစ်သည်ကို တွေ့ရသဖြင့် အံ့အားသင့်ခဲ့ရဖူး၏။ ချန်ချင်းယွီသည် လန်ချားတစ်စီးစီး၍ လျှောက်လည်ခဲ့ရာ လန်ချားဆွဲသောသူမှာ သက်ပြင်းချရင်း ပြောပြခဲ့ဖူးသည်။ နှစ်ပေါင်းများစွာ ကုန်လွန်သွားပြီး မိုးမျှော်တိုက်ကြီးများ မြင့်မားစွာ မတ်တတ်ရပ်နေပြီဖြစ်သော်လည်း ကျဉ်းမြောင်းပြီး အလင်းရောင်မကောင်းသော အိမ်များ၊ အိမ်ထောင်စုပေါင်း ဒါဇင်ချီ နေထိုင်ကြသည့် အိမ်ဝန်းကြီးများသည်ကား ရှိနေဆဲပင် ဖြစ်၏။ ၎င်းနေရာများမှာ တည်နေရာ အလွန်ကောင်းမွန်သည်ဟု ပြောနိုင်သော်လည်း နေထိုင်ရသည်မှာမူ အလွန်အမင်း အဆင်မပြေလှပေ။ ကောင်းမွန်စွာ အင်္ဂါရပ်စုံလင်စွာ ပြင်ဆင်ထားသော အိမ်ဝန်းကြီးတစ်ခုနှင့် လူဦးရေ ကျပ်ညပ်နေသော ယခုကဲ့သို့ အိမ်ဝန်းကြီးများသည် လုံးဝ ကွာခြားလှပေသည်။
ချန်ချင်းယွီသည် အတွေးကမ္ဘာထဲတွင် နစ်မြောနေရင်း အများသုံးအိမ်သာဆီသို့ လျှောက်လှမ်းလာခဲ့၏။ ၁၉၉၀ ပြည့်လွန်နှစ်များမှ နာမည်ကျော် အဆိုတော်
ကြယ်ပွင့်ကြီး၏ ဘဝသည်ပင် ဤကဲ့သို့ ဖြစ်ခဲ့ရသည် မဟုတ်လော့။ ယခုအခါ သူမသည် ၁၉၈၀ ပြည့်လွန်နှစ်များသို့ ချဉ်းကပ်နေပြီ ဖြစ်သော်လည်း လက်ရှိတွင် ၁၉၇၉ ခုနှစ်မျှသာ ရှိသေးရာ ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း၌သာ ရှိနေသေးသည်။ အများသုံးအိမ်သာသို့ သွားရခြင်းမှာ သူမအဖို့ လုံးဝ သဘာဝကျလှသည်သာ…
ချန်ချင်းယွီသည် အများသုံးအိမ်သာသို့ ရောက်ရှိလာပြီး ထိုင်ချလိုက်ရုံသာ ရှိသေး… အပြင်ဘက်မှ တိုးတိုးလေး ရှိုက်ငိုသံတစ်ခုကို ကြားလိုက်ရ၏။
ချန်ချင်းယွီ: ‘သောက်ကျိုးနည်း’
ငါ အတွေးလွန်နေတယ်ဆိုပေမယ့် နားမထိုင်းသေးပါဘူးနော်…
ချန်ချင်းယွီသည် နားကိုစွင့်ကာ အပြင်ဘက်မှ လှုပ်ရှားမှုကို အာရုံစိုက်၍ နားထောင်လိုက်၏။
ဘာတွေလဲဟ... ဘယ်သူက လာပြီး ဉာဏ်ဆင်နေတာလဲ… ငါက သရဲကြောက်တတ်တဲ့လူ မဟုတ်ဘူးနော်...
ငါ့ကို လာခြောက်လို့တော့ မရဘူး...
ဩော်... မိန်းမတစ်ယောက်ပဲ၊ ရှိုက်ကြီးတငင် ငိုနေတာကိုး…
ချန်ချင်းယွီသည် မလှုပ်မယှက်
တိတ်တဆိတ် နားထောင်နေမိသည်။ ရှိုက်ငိုသံမှာ တိုးညင်းလှပြီး မကျေနပ်ချက်များ စွက်ဖက်နေသယောင် ရှိ၏။ သူမ မတ်တတ်ရပ်၍ လေဝင်ပေါက် ပြတင်းပေါက်
အသေးလေးမှ ချောင်းကြည့်ရန် ပြင်လိုက်စဉ်မှာပင် အပြင်ဘက်မှ စကားပြောသံများကို ကြားလိုက်ရသည်။
“ဘာဖြစ်လို့လဲ… ညီမ အဆင်ပြေရဲ့လား၊ ဘာလဲ... တစ်စုံတစ်ယောက်က ညီမကို အနိုင်ကျင့်လို့လား”
ချန်ချင်းယွီ: “...”
ဟွမ်ဟောက်ဖုန်း ပါလား…
သူမ ထိုအသံကို မှတ်မိသည်။
ဤအချိန်တွင် ချန်ချင်းယွီ စိတ်မထိန်းနိုင်တော့၍ အမြန်ထကာ နံရံပေါ်သို့ ခုန်တက်ပြီး မြင့်မားလှသော လေဝင်ပေါက် ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ လှမ်းကြည့်လိုက်သည်။ အမျိုးသမီး သန့်စင်ခန်း၏ ပြတင်းပေါက်မှာ အလွန်မြင့်မားလှပြီး အပြင်လူများ အတွင်းသို့ ချောင်းမကြည့်နိုင်ရန် ဒီဇိုင်းဆွဲထားခြင်း ဖြစ်သော်လည်း အလားတူပင် အတွင်းလူများလည်း အပြင်သို့ ကြည့်ရန် မလွယ်ကူပေ~~ ၎င်းမှာအလွန်မြင့်လွန်းသောကြောင့် ဖြစ်၏။
သို့သော် ဤအရာသည် ချန်ချင်းယွီအဖို့ ဘာမှမဟုတ်ပေ။ သူမသည် ပြတင်းပေါက်တွင် မျက်နှာကို ကပ်လိုက်ပြီး သန့်စင်ခန်း၏ အနောက်ဘက်တွင် မတ်တတ်ရပ်နေသော လူနှစ်ယောက်ကို မြင်လိုက်ရသည်။
ထိုအမျိုးသမီးမှာ အခြားသူမဟုတ်~~~ လီလင်းလင်း ဖြစ်နေ၏။
ဟင်း... တကယ်ပဲ သရဲမဟုတ်ပါဘူး…
ဒါပေမဲ့ လီလင်းလင်းက ရူးနေတာလား… ဘာလို့ သန့်စင်ခန်းအနောက်မှာ တစ်ယောက်တည်း လာငိုနေရတာလဲ… တကယ်လို့ နှလုံးရောဂါရှိတဲ့လူနဲ့သာ တိုးရင် သရဲခြောက်တယ်လို့ ထင်ပြီး လန့်သေကုန်ကြလိမ့်မယ်… လူကို တော်တော်လေး လန့်သွားစေနိုင်တာပဲ…
ထို့အပြင် ဤအများသုံးအိမ်သာသည် အတင်းအဖျင်း ကောလာဟလများစွာကို စုစည်းထားသကဲ့သို့… သူမ ခံစားမိသည်၊ စိတ်ဝင်စားစရာ အတင်းအဖျင်းများစွာကို ဤနေရာတွင် သိရှိခဲ့ရသည် မဟုတ်လော့။
အမယ်လေး… တကယ်လို့ အများသုံးသန့်စင်ခန်းသာ စုန်းကဝေလိုမျိုး နာမ်လောကသား ဖြစ်သွားမယ်ဆိုရင် စကားလုံးပေါင်း သိန်းဂဏန်းချီရှိတဲ့ အတင်းအဖျင်း အမှတ်တရစာအုပ်ကြီးကို ရေးသားနိုင်လောက်တယ်….
ချန်ချင်းယွီသည် စိတ်ထဲမှတတွတ်တွတ် ရေရွတ်ရင်း အပြင်သို့ လှမ်းကြည့်နေသည်။ လီလင်းလင်း၏ မျက်လုံးများသည် ငိုထားလွန်းသဖြင့် ယုန်မျက်လုံးကဲ့သို့ နီရဲကာ ဖောင်းအစ်နေ၏။ သူမသည် ယွမ်ဟောက်ဖုန်းကို မော့ကြည့်လိုက်ရာ မျက်ရည်များ စီးကျလာပြီး
“အစ်ကိုဟောက်ဖုန်း... အစ်ကို ဘာလို့ ဒီကို ရောက်နေတာလဲ”
“ညီမ ငိုနေတဲ့အသံ ကြားလို့လေ…ဘာဖြစ်လို့လဲ၊တစ်ယောက်ယောက်က ညီမကို အနိုင်ကျင့်လို့လား.. တကယ်လို့ အနိုင်ကျင့်တဲ့လူ ရှိရင် အစ်ကို ကူညီပေးမယ်၊ အစ်ကိုတို့အားလုံးက အိမ်ဝန်းတစ်ခုတည်းက လူတွေပဲလေ၊ ညီမ အနိုင်ကျင့်ခံရတာကို အစ်ကို ကြည့်မနေနိုင်ပါဘူး”
ယွမ်ဟောက်ဖုန်း သူမကို ဖျောင်းဖျနှစ်သိမ့်ကာ
“အစ်ကိုက ညီမထက် အသက်ကြီးတယ်ဆိုပေမယ့် တို့တွေက ကလေးဘဝကတည်းက အတူတူ ကြီးပြင်းလာကြတဲ့ ငယ်သူငယ်ချင်းတွေလိုပဲလေ… ညီမက အစ်ကို့ကို ‘အစ်ကို’ လို့ ခေါ်တော့ အစ်ကိုကလည်း ညီမကို ညီမအရင်းလေးလိုပဲ သဘောထားတာပေါ့… စိတ်မပူပါနဲ့၊ ဘာကိစ္စပဲဖြစ်ဖြစ် အစ်ကို ကူညီပေးမယ်… တစ်ယောက်ယောက်က ညီမကို အနိုင်ကျင့်လို့လား”
လီလင်းလင်း ခေါင်းခါလိုက်ရာ မျက်ရည်များ ပို၍ပင် စီးကျလာတော့သည်။
သူမသည် နှုတ်ခမ်းကို ကိုက်ကာ
“အမေက ညီမကို အတင်း အောင်သွယ်ပေးပြီး အဓမ္မ ကြင်ဖက်တွေ့ခိုင်းနေတယ်”
ယွမ်ဟောက်ဖုန်း မျက်ခုံးပင့်လိုက်ပြီး
“ကြင်ဖက်တွေ့ပွဲလား… ညီမက ကြင်ဖက်တွေ့ပွဲကိစ္စနဲ့ပဲ ဒီလောက်အထိ ငိုနေတာလား… ညီမလည်း အခု အသက် ၂၄၊ ၂၅ ရှိနေပြီပဲ၊ ကြင်ဖကမတွေ့တာကတော့ သဘာဝကျပါတယ်၊ လက်ထပ်ရမယ့် အရွယ်ကို ရောက်နေပြီလေ”
“ညီမ လက်မထပ်ချင်ဘူး...”
လီလင်းလင်း ယွမ်ဟောက်ဖုန်းကို စူးစူးစိုက်စိုက် မော့ကြည့်ကာ ပြတ်ပြတ်သားသား ပြောလိုက်၏။
“ညီမ လက်မထပ်ချင်ဘူး၊ အစ်ကို သိပါတယ်... အစ်ကို သိရဲ့သားနဲ့... ညီမ အခြားဘယ်သူ့ကိုမှ လက်မထပ်ချင်ဘူး၊ ညီမ ချစ်တဲ့လူက သူတို့ မဟုတ်ဘူး...”
နှစ်ပေါင်းများစွာအတွင်း လီလင်းလင်းသည် ထိုစဉ်၌ မိမိကိုယ်ကိုယ် ပို၍ စိတ်အားထက်သန် လက်ဦးမှု မယူခဲ့မိခြင်းအတွက် နောင်တရခဲ့ရသည်။ ယခုအခါ ဟောက်ဖုန်းကဲ့သို့သော လူကောင်းတစ်ယောက် လက်ထပ်သွားခဲ့ပြီ ဖြစ်၏။ သူမသည် ကြင်ဖက်တွေ့ပွဲများစွာ သွားခဲ့ဖူးပြီး လူပေါင်းများစွာနှင့် တွေ့ဆုံခဲ့ဖူးသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ယွမ်ဟောက်ဖုန်းနှင့် မယှဉ်နိုင်ဟု ခံစားခဲ့ရသည်။
မူလ၌ သူမသည် ကွမ်ထင်းထင်းတစ်ယောက် အစစအရာရာ ကောင်းမွန်လှသဖြင့် မိမိကိုယ်ကိုယ် ဟောက်ဖုန်းနှင့် မထိုက်တန်ဟု ထင်ကာ တိတ်တဆိတ်သာ ဝမ်းနည်းနေခဲ့ခြင်း ဖြစ်၏။ သို့သော် ကွမ်ထင်းထင်းသည်လည်း ထိုမျှလောက်အထိ မကောင်းလှပေ၊ ကွမ်ထင်းထင်း၏ ခဲအိုဖြစ်သူမှာ ယခုအခါ ဒုက္ခရောက်နေပြီ ဖြစ်သည်။ ကွမ်ထင်းထင်း၏ အစ်မဖြစ်သူမှာလည်း တစ်စုံတစ်ရာတွင် ပါဝင်ပတ်သက်နေပုံရရာ သူမတို့ မိသားစုမှာ မကောင်းသော နောက်ခံနောက်ကြောင်း ရှိသည့် မိသားစု ဖြစ်နေပြီဖြစ်ပြီး ၎င်းတို့သည် အစ်ကိုဟောက်ဖုန်းနှင့် မည်သို့ ထိုက်တန်ပါမည်နည်း။
ထို့ကြောင့်ပင် လီလင်းလင်းသည် မိမိကိုယ်ကိုယ် ပြန်လည်၍ အခြေအနေကောင်းမွန်သော နေရာတွင် ရှိနေပြီဟု ခံစားလိုက်ရခြင်း ဖြစ်သည်။
အနည်းဆုံး၌ သူမသည် သိက္ခာရှိသော မိသားစုမှ လာခြင်းဖြစ်ပြီး အလုပ်အကိုင်လည်း ရှိ၏။
ပုံမှန်အလုပ် မဟုတ်သည့်တိုင် ယခုခေတ်ကာလတွင် အလုပ်ရှာမရဘဲ ဖြစ်နေကြသည့် ပညာတတ်လူငယ် အမြောက်အမြားထက်စာလျှင် အပြတ်အသတ် ပို၍ ကောင်းမွန်လှပေသည်။
တကယ်လို့ လီလင်းလင်းအနေဖြင့် အောင်သွယ်မှုများမှတစ်ဆင့် ပို၍ အလားအလာကောင်းသော အိမ်ထောင်ဖက်ကို ရှာဖွေတွေ့ရှိခဲ့ပါက ယွမ်ဟောက်ဖုန်းအပေါ် ယခုလောက်အထိ စွဲလမ်းနေလိမ့်မည် မဟုတ်ပေ။ သို့သော် သူမသည် ပို၍ ကောင်းသောလူကို ဘယ်လိုမှ ရှာမတွေ့ခဲ့ပေ။ ယွမ်ဟောက်ဖုန်းနှင့် အိမ်ဝန်းတစ်ခုတည်းတွင် နှစ်ပေါင်းများစွာ အတူနေထိုင်လာခဲ့ရာ အချိန်ကြာလာလေလေ၊ သူမ၏ စိတ်များ ပို၍ ခေါင်းမာလာလေလေ ဖြစ်ပြီး ယွမ်ဟောက်ဖုန်းတစ်ယောက်တည်းကိုသာ စွဲစွဲလန်းလန်း ချစ်မြတ်နိုးနေလေ၏။
သူမ၏ နှလုံးသားထဲတွင် ယွမ်ဟောက်ဖုန်းအပေါ် ထားရှိသော အချစ်မှာ ဘယ်တော့မှ သေဆုံးမည် မဟုတ်ပေ။
သူမ ကြင်ဖက်တွေ့ပွဲ သွားတိုင်းလည်း ယွမ်ဟောက်ဖုန်းနှင့် မလွဲမသွေ နှိုင်းယှဉ်မိတတ်ပြီး၊ နှိုင်းယှဉ်၍မရပါက အလွန်အမင်း စိတ်ပျက်ရွံရှာမိတတ်သည်။
လက်တွေ့တွင်လည်း ယွမ်ဟောက်ဖုန်း၏ အရည်အချင်းနှင့် အခြေအနေများသည် အခြားလူများထက် ပို၍ ကောင်းမွန်နေသည်မှာ အမှန်ပင် ဖြစ်ရာ၊ ၎င်းသည် လီလင်းလင်းကို မိမိကိုယ်တိုင်၏ ခံစားချက် အပေါ် ပို၍ စွဲလမ်းသွားစေတော့သည်။
သို့သော် ယွမ်ဟောက်ဖုန်း၏ ကောင်းမွန်သောအခြေအနေများသည် အမျိုးသမီးများကြောင့် ရရှိလာခြင်း ဖြစ်သည်ကိုမူ လီလင်းလင်းတစ်ယောက် မသိရှာပေ။
လီလင်းလင်းသည် ယွမ်ဟောက်ဖုန်းကို အချစ်ကြီးလှစွာသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေပြီး၊ ရုတ်တရက် သူ၏လက်ကို ဆွဲကိုင်ကာ
“အစ်ကိုဟောက်ဖုန်း... ညီမ အစ်ကို့ကို ချစ်တယ်၊ တကယ်ကို ချစ်တာပါ… ညီမကို အခွင့်အရေးလေး တစ်ခုလောက် ပေးပါနော်၊ ညီမနောင်တရတယ်၊ တကယ်ကို နောင်တရမိပါတယ်… အဲ့တုန်းက ညီမသာ ပိုပြီး တက်ကြွခဲ့ရင် အခြေအနေတွေက ဒီလို ဖြစ်လာမှာ မဟုတ်ဘူး”
သူမ မျက်နှာတွင် မျက်ရည်များ အဆက်မပြတ် စီးကျလာရင်း
“ညီမ အခြားဘယ်သူနဲ့မှ အတူမနေနိုင်ဘူး အစ်ကိုဟောက်ဖုန်း...”
သူမသည် ရုတ်တရက် ယွမ်ဟောက်ဖုန်းကို တင်းကျပ်စွာ ဖက်ထားလိုက်ပြီး လွှတ်မပေးတော့ပေ။
ချန်ချင်းယွီ၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။
“..............................................”
ချန်ချင်းယွီတစ်ယောက် အသက်ရှူပင် မဝသေးခင်မှာပင် လီလင်းလင်း ဆက်၍ ဆိုပြန်၏။
“အစ်ကိုဟောက်ဖုန်း... ညီမ အစ်ကိုနဲ့အတူ ရှိချင်တယ်”
ယွမ်ဟောက်ဖုန်းသည် လီလင်းလင်း ဖက်ထားသည်ကို ငြိမ်ခံနေပြီး၊ စိတ်မကောင်းစွာဖြင့် သက်ပြင်းချရင်း
“ညီမ ဘာလို့ ဒီလို လုပ်ရတာလဲ… အစ်ကိုက အိမ်ထောင်ရှိပြီးသားလူပဲဥစ္စာ၊ အစ်ကိုက ညီမနဲ့ ဘယ်လိုလုပ် ထိုက်တန်ပါ့မလဲ”
သူသည်လည်း လီလင်းလင်းကို ပြန်လည်ဖက်ထားရင်း
“အစ်ကို… ညီမကို မချစ်နိုင်ဘူး… အစ်ကိုက အိမ်ထောင်ရှိနေပြီ၊ ပြီးတော့ ကွာရှင်းဖို့လည်း ဘယ်လိုမှ နည်းလမ်းမရှိဘူး”
“အစ်ကို ညီမကို မချစ်နိုင်တာက ညီမကို မချစ်လို့ မဟုတ်ဘဲ မချစ်
နိုင်လို့မို့လို့လား၊ ညီမ နားလည်တယ်၊ ညီမနားလည်ပါတယ်... အစ်ကို ညီမကို ချစ်နေတာပဲ...”
လီလင်းလင်း ဝမ်းသာအားရဖြင့် မျက်ရည်ကျကာ ငိုတော့သည်။
ချန်ချင်းယွီ : ‘လခွမ်း…’
တကယ်ပါပဲ... တစ်ခါတရံ ဇာတ်လမ်းကြည့်ဖို့ ဦးနှောက် လိုအပ်တာပဲ…
ချန်ချင်းယွီသည် လီလင်းလင်း ဖြစ်ပျက်နေသည်ကို တကယ်ကို နားမလည်နိုင်တော့ပေ။
သူမ ယွမ်ဟောက်ဖုန်းဆီက ဘာကို လိုချင်နေရတာလဲ…
ချန်ချင်းယွီသည် သူမ၏ အပြုအမူကို အမှန်ပင် သဘောမပေါက်နိုင်ပေ။
လီလင်းလင်းက ဘာဖြစ်လို့ ယွမ်ဟောက်ဖုန်းကို ဒီလောက်အထိ အသက်ပေးမတတ် စွဲစွဲလန်းလန်း ချစ်နေရတာလဲ… သောက်ကျိုးနည်းလှချည်လား…
သူတို့နှစ်ယောက်ကြားမှာ ဘာ ထာဝရအချစ် သမိုင်းကြောင်းမှလည်း ရှိခဲ့တာ မဟုတ်ဘဲနဲ့… ကယ်ကြပါဦး နားမလည်တော့ဘူး…
လီလင်းလင်းသည် မိမိဘာသာ အတွေးချာလည်ပြီး လမ်းဟောင်းထဲမှ ရုန်းမထွက်နိုင် ဖြစ်နေရှာ၏။
ထို့အပြင် ယွမ်ဟောက်ဖုန်း၏ ဟန်ဆောင်ပန်ဆောင် အပြုအမူများကို ကြည့်ပြီး ချန်ချင်းယွီမှာ သူသည်လည်း ယောက်ျားယုတ်တစ်ယောက်ပဲဟု တွေးမိလိုက်သည်။ သူ၏ အပြုအမူများသည် လီလင်းလင်းနှင့် နီးစပ်ခွင့်ရအောင် တမင်တကာ ကြံစည်နေခြင်းဖြစ်ကြောင်း သိသာထင်ရှားလှ၏။
အီးဂူး... တကယ်ပါပဲ...
သေချာပေါက်ပင်... ယွမ်ဟောက်ဖုန်း ဆက်၍
“ညီမ သိနေမှတော့ ဘာလို့ အစ်ကို့ကို ခက်ခဲအောင်လုပ်ရတာလဲ… အစ်ကို ညီမကို တကယ်ပဲ သဘောကျပါတယ်၊ ဒါပေမဲ့ အခု အစ်ကို အိမ်ထောင်ကျသွားပြီဆိုတော့ ကွာရှင်းဖို့က မဖြစ်နိုင်တော့ဘူး၊ အစ်ကို့မိန်းမအကြောင်းလည်း ညီမ သိတာပဲ၊ သူက အတ္တကြီးပြီး ရန်လိုသူတစ်ယောက်ပဲလေ… အစ်ကိုတို့ကြားမှာ ဘာမှ တူညီတာမရှိဘူး၊ အစ်ကို သူ့ကို တကယ့်အချစ်စစ်နဲ့ လက်ထပ်ခဲ့တာ မဟုတ်ဘူး… သူက စိတ်သဘောထား အရမ်းဆိုးတော့ လက်ထပ်ဖို့ ခက်ခဲနေတာ၊ အဲဒါကို သူ့မိသားစုက အစ်ကို့ရဲ့ အားသာချက်တွေကို မြင်ပြီး အစ်ကို့နောက်ကို တကောက်ကောက် လိုက်ပူဆာနေကြတာ၊ အဲဒီအချိန်မှာတင် ဟောက်ရွှယ်ရဲ့ အလုပ်အကိုင် အခြေအနေနဲ့လည်း ကြုံနေရတာမို့လို့ အစ်ကိုတို့ ညားခဲ့ကြတာပေါ့”
သူ ခဏမျှ စကားဖြတ်လိုက်ပြီးမှ
“ဒါတွေအားလုံးက သူ့အစ်မက အစ်ကို့ကို အဓမ္မဖိအားပေးခဲ့လို့ပဲ… သူတို့က ဟောက်ရွှယ်ရဲ့ အလုပ်အကိုင်ကို သုံးပြီး အစ်ကို့ကို အကျပ်ကိုင်ခဲ့တာ၊ သူတို့မိသားစုက လူကောင်းတွေ မဟုတ်ဘူးဆိုပေမယ့် အဲ့တုန်းကတော့ တော်တော်လေး စွမ်းဆောင်နိုင်စွမ်း ရှိကြသေးတယ်လေ… အလုပ်အကိုင်တွေကို စီစဉ်ပေးနိုင်ကြတာကိုး၊ အစ်ကို့ညီမလေး အတည်တကျ အလုပ်တစ်ခု ရစေချင်လို့သာ အစ်ကိုက ဒီအိမ်ထောင်ရေးကို သဘောတူခဲ့ရတာပါ”
“ဘာ... ညီမ သိတာပေါ့... ညီမ သိနေခဲ့တာပဲ... အဲဒါ မတရားဘူးဆိုတာ ညီမ သိနေခဲ့တာ... အစ်ကိုက အဲ့ကတည်းက လုံးဝ အလိုမရှိခဲ့တာကို ဘာလို့ သဘောတူခဲ့ရတာလဲ… ဒီလိုအကြောင်း ရှိနေလို့ကိုး၊ အစ်ကိုဟောက်ဖုန်းရယ်... ညီမ အစ်ကို့အတွက် တကယ် စိတ်မကောင်းပါဘူး… သူတို့မိသားစုက ဘာလို့ ဒီလိုမျိုး လုပ်ရက်ကြတာလဲ...”
လီလင်းလင်း ကြေကွဲဟန်ဖြင့် အံ့ဩတကြီး ရေရွတ်လိုက်မိသည်။
သူမ ဒေါသတကြီးဖြင့် ခြေဆောင့်ကာ
“သူ့အစ်မက လူကောင်းမဟုတ်ဘူးဆိုတာ ညီမ သိပြီးသား၊ ကွမ်ထင်းထင်းကလည်း လူကောင်းမဟုတ်ဘူး၊ တကယ်ကိုပဲ... ဟောက်ရွှယ်… ဟောက်ရွှယ်ကော အစ်ကို့အပေါ် ဘယ်လိုလုပ် ဒီလို ပြုမူရက်ရတာလဲ...”
ယွမ်ဟောက်ဖုန်း : “ဒါက အစ်ကို့ရဲ့ ရွေးချယ်မှုပါပဲ… အစ်ကိုတို့က မိသားစုတွေပဲဥစ္စာ၊ အစ်ကို့ကိုယ်အစ်ကို အိမ်ထောင်တစ်ခုတည်း ထည့်သွင်းပြီး အနစ်နာခံလိုက်လို့ ဟောက်ရွှယ်ရဲ့ ဘဝလေး ပိုကောင်းသွားမယ်ဆိုရင် အစ်ကို ကျေနပ်ပါတယ်… လင်းလင်း... အစ်ကို ညီမကို မချစ်လို့ မဟုတ်ပါဘူး၊ အစ်ကိုတို့ အတူမရှိနိုင်ကြရုံတင်ပါ၊ တကယ်ကို အတူမရှိနိုင်ကြတာ… အစ်ကိုတို့မိသားစုက ကွမ်ထင်းထင်းအပေါ် ကျေးဇူးကြွေး ရှိနေတော့ အစ်ကို ကွာရှင်းလို့ မရဘူး၊ မဟုတ်ရင် အစ်ကိုက ကျေးဇူးကန်းတဲ့ လူယုတ်မာ ဖြစ်သွားလိမ့်မယ်၊ ဒါ့အပြင် သူက အစ်ကို့ကို သားတစ်ယောက် မွေးပေးထားသေးတယ်… အစ်ကို့မိဘတွေကလည်း ရှေးဆန်ကြတော့ အစ်ကိုတို့ကို လမ်းခွဲခွင့်မပြုသလို ကလေးကိုလည်း မိဘကွဲအိမ်ထောင်စုထဲမှာ မကြီးပြင်းစေချင်ကြဘူး၊ ဒါကြောင့် အစ်ကို ညီမကို တောင်းပန်ပါတယ်... အစ်ကို့ကို လာမရှာပါနဲ့တော့၊ ကျေးဇူးပြုပြီး အစ်ကို့ကို လာမပတ်သက်ပါနဲ့တော့...”
သူ လှည့်ထွက်ရန် ပြင်လိုက်သော်လည်း လီလင်းလင်း သူ့ကို ဆွဲထားကာ
“ဟင့်အင်း... မသွားပါနဲ့...”
သူမ ရှိုက်ကြီးတငင် ငိုကြွေးရင်း
“မသွားပါနဲ့... ညီမ ဘာကိုမှ ဂရုမစိုက်ဘူး၊ ဒါတွေအားလုံးကို ညီမ ဂရုမစိုက်ဘူး၊ ညီမ အစ်ကိုနဲ့ပဲ အတူရှိချင်တာ၊ ကွမ်ထင်းထင်းနဲ့ လမ်းခွဲဖို့လည်း ညီမ မတောင်းဆိုပါဘူး...”
“ညီမ ဘာလို့ ဒီလို လုပ်ရတာလဲ…အစ်ကို ညီမအပေါ် ဒီလို မလုပ်သင့်ဘူး…ဟုတ်တယ်... အစ်ကို ညီမကို မချစ်ဘူး၊ အစ်ကို ညီမကို မချစ်ဘူး... အစ်ကို့ကို လာမရှာနဲ့တော့...”
“ညီမ မယုံဘူး၊ အစ်ကို လိမ်နေတာ... ကိုယ့်ကိုယ်ကိုယ် မလိမ်ပါနဲ့တော့၊ အစ်ကို ညီမကို ချစ်နေမှန်း ညီမ သိတာပေါ့... အစ်ကို ညီမကို ခိုးခိုးကြည့်ခဲ့တာတွေကိုလည်း ညီမ သိနေတာပဲ၊ ညီမ တစ်ခုခု အဆင်မပြေဖြစ်တိုင်းလည်း အစ်ကိုက အမြဲတမ်း ကူညီပေးဖို့ ကမ်းလှမ်းခဲ့တာပဲ၊ ဒါတွေအားလုံးကို ညီမ သိတယ်… ညီမ အစ်ကို့ကို ထွက်မသွားစေချင်ဘူး၊ အစ်ကို ညီမကို ချစ်တယ်ဆိုတာ ညီမ သိတယ်”
“လင်းလင်း...”
“အစ်ကိုဟောက်ဖုန်း...”
ယွမ်ဟောက်ဖုန်း လှည့်လာပြီး၊ ထိုလူနှစ်ယောက်သည် ဖက်လှဲတကင်းဖြင့် နမ်းရှုံ့ကြတော့သည်...။
ချန်ချင်းယွီ: “...”
သောက်ကျိုးနည်း...
ဒီနေ့ အိမ်သာက ထူးထူးခြားခြား ပိုပြီး ရွံစရာကောင်းနေပါလား…
ဒါ ဘာကပျာကယာ ဇာတ်လမ်းကြီးလဲ...
အိမ်သာ လာသုံးရင်း ယခုကဲ့သို့ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အောက်တန်းကျသည့် ကိစ္စမျိုးနှင့် တိုးလိမ့်မည်ဟု သူမ တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။
ဒီလူနှစ်ယောက်က ဘယ်လိုတောင် သတ္တိကောင်းနေကြတာလဲ…. အခု မှောင်နေပြီဆိုပေမယ့် သူတို့ ရှိနေတာက အပြင်မှာလေ... အပြင်မှာ...
ဒါက တကယ့်ကိုပဲ...
သူတို့ အရှက်အကြောက် သိက္ခာကို လုံးဝ ဂရုမစိုက်ကြတော့ဘူးလား…
ပြီးတော့ ယွမ်ဟောက်ဖုန်းက အိမ်ထောင်ရှိပြီးသားလူလေ...
ဒါတွေက ဘာတွေလဲ….
ချန်ချင်းယွီ ယခုမှ သဘောပေါက်တော့သည်။ သူမ ကမ္ဘာမကူးခင် လူအများမှာ ၇၀ ခုနှစ်၊ ၈၀ ခုနှစ်မှ လူများသည် ရိုးသားဖြူစင်ကြကြောင်း ပြောလေ့ရှိသည်ကို အမြဲတမ်း မြင်တွေ့ခဲ့ရဖူးသော်လည်း၊ လက်တွေ့တွင် ထိုသို့ လုံးဝမဟုတ်ကြောင်း သူမ ခံစားလိုက်ရ၏။ ဤခေတ်ကာလရှိ လူများသည် အပြင်ပန်းတွင်သာ ရိုးသားဖြူစင်ဟန် ဆောင်နေကြခြင်းဖြစ်ပြီး၊ သူတို့၏ အတွင်းစိတ်ရင်းအမှန်ကိုမူ ခန့်မှန်းရခက်လှပေသည်။
သို့သော် ထိုခေတ်ကာလ၌ သတင်းအချက်အလက် စီးဆင်းမှုကောင်းမွန်ခြင်းမရှိသဖြင့် လူတကာ မသိကြခြင်းသာ…
‘ရှုပ်ပွေလီတယ်ဆိုတဲ့ နေရာမှာတော့ ဘယ်ခေတ်ကာလမှာမဆို သူ့အချိုးနဲ့သူ ရှိနေတာပဲ။’
ကြည့်စမ်းဦး...
ကြည့်စမ်းဦး...
ချန်ချင်းယွီ ခဏမျှ စဉ်းစားကြည့်ပြီး မိမိအနေဖြင့် အဘယ်ကြောင့် လီလင်းလင်းသည် ယွမ်ဟောက်ဖုန်းအပေါ် စိတ်ကူးယဉ် သံယောဇဉ်ရှိနေသည်ဟု အမြဲတမ်း ထင်မြင်ခဲ့မိကြောင်းကို နားလည်သွားတော့သည်။
အမှန်တော့ ဒါကြီးက တစ်ဖက်သတ် အချစ်သက်သက်မှ မဟုတ်တာ…
ဤအကြောင်းကို မသိခင်၌ လီလင်းလင်းဘက်မှသာ စွဲလမ်းရူးသွပ်နေသည်ဟု သူမ ထင်ခဲ့မိသည်၊ အဘယ်ကြောင့်ဆိုသော် အိမ်ဝန်းထဲတွင် သူတို့နှစ်ယောက်ကြား၌ မည်သည့် ပတ်သက်ဆက်နွှယ်မှုမျှ မတွေ့ခဲ့ရ၍ပင်…လူအများ မြင်တွေ့ရသည်မှာလည်း လီလင်းလင်းသည် ယွမ်ဟောက်ဖုန်းကို ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေခြင်း သို့မဟုတ် အချစ်ကြီးလှစွာသော မျက်ဝန်းများဖြင့် ငေးကြည့်နေခြင်းမျိုးသာ ဖြစ်၏။ ယွမ်ဟောက်ဖုန်းဘက်မှ လီလင်းလင်းနှင့် စကားပြော ဆက်ဆံခြင်း မရှိခဲ့ပေ။ သို့သော် လီလင်းလင်း ယခုပြောသွားသည့် စကားများကို နားထောင်ကြည့်ရလျှင်~~~ ယွမ်ဟောက်ဖုန်းသည် သူမကို ခိုးကြည့်တတ်ပြီး ပြဿနာများကို ကူညီဖြေရှင်းပေးတတ်သည်ဆိုခြင်းကြောင့်~~ လီလင်းလင်းတစ်ယောက် စိတ်မဖြတ်နိုင်ကာ ယွမ်ဟောက်ဖုန်းကို ယခုထက်ထိ စိတ်ကူးယဉ် တမ်းတနေမိခြင်းမှာ လုံးဝ သဘာဝကျလှပေသည်။
အဘယ်ကြောင့်ဆိုသော် ယွမ်ဟောက်ဖုန်းကိုယ်တိုင်သည် နောက်ကွယ်မှ ဉာဏ်ဆင် လှုပ်ရှားနေသောကြောင့်တည်း။
သူသည် ကောက်ကျစ်စဉ်းလဲသူ ဖြစ်သဖြင့် အပြင်ပန်းတွင် ပေါ်ပေါ်ထင်ထင် မပြခြင်းသာ ဖြစ်၏။
ချန်ချင်းယွီသည် အော့အန်ချင်စိတ်ပေါက်လာသည်အထိ ရွံရှာမိသွားသည်။ ထိုလူနှစ်ယောက်ကို သူမ အလွန်အမင်း မုန်းတီးရွံရှာမိ၏။
သူတို့နှစ်ယောက်စလုံးက အပြစ်ကင်းတဲ့လူတွေ မဟုတ်ကြဘူး၊ နှစ်ယောက်စလုံးက ခွေးငတ်နဲ့ ဖိနပ်ပြတ်လို့ အဆင့်အတန်းတူတွေပဲ…
“နမ်းနေကြတာ... နမ်းနေကြတာ... ဝက်ခြေထောက်ကို ကိုက်ဝါးနေသလိုပဲ... တော်တော်လေးကို အဆီတဝင်းဝင်းနဲ့ ရွံစရာကောင်းလိုက်တာ...”
ချန်ချင်းယွီ စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး ထိုလူနှစ်ယောက်ကို အလွန်အမင်း ရွံရှာမိသွားသည်။
သူတို့ တကယ်ပဲ ဒီလိုမျိုး ခိုးစားပွေလီနေကြပြီပေါ့…
သို့သော် ချန်ချင်းယွီသည် ကွမ်ထင်းထင်းကို သိပ်ပြီး သနားမနေမိပေ။ ကွမ်ထင်းထင်း ဤအကြောင်းကို သိသွားလျှင်ပင် သိပ်ပြီး ဂရုစိုက်လိမ့်မည်မဟုတ်ဟု သူမ ခံစားမိ၏။ ချန်ချင်းယွီသည် သူတို့ မင်္ဂလာဆောင်စဉ် ကပြခဲ့ကြသည့် ပြဇာတ်တစ်ခုလုံးကို မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရဖူးသောကြောင့် အားလုံးသိနေ၏။
ကွမ်ထင်းထင်းသည် ယွမ်ဟောက်ဖုန်းတွင် အခြားလူ ရှိနေသည်ကို သိလျက်နှင့်ပင် နှစ်ယောက်စလုံးမှာ နောက်ကွယ်တွင် တစ်ဦးကိုတစ်ဦး လှည့်စားကာ သဟဇာတဖြစ်အောင် ဉာဏ်ဆင်နိုင်ခဲ့ကြသဖြင့် သူတို့မှာ စရိုက်တူ အနွယ်တူများ ဖြစ်ကြောင်း ပြသနေပေသည်။
ကွမ်ထင်းထင်း ယခုအခြေအနေကို သိရှိနေခြင်းမျိုးလည်း ဖြစ်နိုင်သည်သာ…
ဒါ ဘာ ရှုပ်ပွနေတဲ့ ဇာတ်လမ်းကြီးလဲကွယ်ရို့…
ချန်ချင်းယွီသည် ကောင်းကင်ကြီးကို မော့ကြည့်ရင်း ဆွံ့အသွားရ၏။
သို့သော် ယွမ်ဟောက်ဖုန်း၏ စရိုက်ကို သိထားသဖြင့် သူသည် တစ်စုံတစ်ခုသော အတွင်းသဘော ရည်ရွယ်ချက်မျိုး ရှိနေရမည်သာ…သို့သော် လီလင်းလင်းမှာ လှလည်းမလှသလို ပိုက်ဆံလည်း မရှိရာ~~~
သူက ဘာကို လိုချင်နေရတာလဲ…
စိတ်ပိုင်းဆိုင်ရာ တန်ဖိုး (နွေးထွေးမှု) ကို လိုချင်တာလား…
ချန်ချင်းယွီ တစ်ဖန် ဆွံ့အသွားရပြန်သည်။ ထိုလူနှစ်ယောက်၏ အပြုအမူများသည် ပို၍ ပို၍ ရိုင်းစိုင်းရဲတင်းလာကြ၏။ ချန်ချင်းယွီ ဆက်ပြီး မကြည့်ချင်တော့သဖြင့် နံရံပေါ်မှ ခြေဖော့ဆင်းကာ အနောက်သို့ ပြန်လှည့်လာခဲ့တော့သည်။
သူမအနေနဲ့ ဝင်မပါဘဲ လျစ်လျူရှုထားလိုက်ရုံပဲ မဟုတ်လား…
အမှန်အတိုင်း ပြောရလျှင် ချန်ချင်းယွီ နှိမ်ချင်လွန်း၍ မဟုတ်ပေ၊ သို့သော် လီလင်းလင်းသည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သိသိသာသာ အိုမင်းရင့်ရော်သွားခဲ့သည်မှာ အမှန်ပင် ဖြစ်၏။ သူမသည် မူလကတည်းက ရုပ်ရည် သာမန်မျှသာ ရှိပြီး အရုပ်ဆိုးသည်မဟုတ်သော်လည်း ထူးထူးခြားခြား လှပသူမျိုး မဟုတ်ပေ။
သာမန်မျက်နှာလေး ရှိသည့် သာမန်လူတစ်ယောက်မျှသာ ဖြစ်၏။
မျက်နှာအချိုးအစားမှာ အနည်းငယ် သပ်ရပ်သော်လည်း ဆွဲဆောင်မှုအပြည့် ရှိမနေခဲ့ပေ။
သို့သော် ဤငါးနှစ်တာ ကာလအတွင်း၌ လီလင်းလင်းသည် သက်သောင့်သက်သာရှိသော ဘဝမျိုးကို မဖြတ်သန်းခဲ့ရရှာပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ မိသားစုသည် သားယောက်ျားလေး ရရှိရန်အတွက် အမြဲတမ်း လုံးပန်းနေခဲ့ကြပြီး၊ သားရရှိရေး တိုက်ပွဲသည် သူမကို ရူးသွပ်လုနီးပါး အခြေအနေအထိ တွန်းပို့ခဲ့သောကြောင့် ဖြစ်သည်။ လီချန်ရွှမ်းသည် လင်စန်းရှင်းကိုပင် ရိုက်နှက်နေခဲ့သည် မဟုတ်လော့။ လီလင်းလင်း၏ ကြင်ဖက်တွေ့ပွဲများသည်လည်း အမြဲလိုလို မအောင်မြင်ခဲ့ပေ။ ဘဝ၏ ဖိအားများနှင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုများမှာ သူမကို ရွယ်တူချင်းများနှင့်ယှဉ်လျှင် အများကြီး ပို၍ အိုမင်းရင့်ရော်သွားစေခဲ့၏။
ချန်ချင်းယွီ သူမထက် လေး၊ ငါးနှစ်ခန့် ပို၍ အသက်ကြီးသော်လည်း နှစ်ယောက် အတူတူ မတ်တတ်ရပ်နေပါက လီလင်းလင်းသည် ချန်ချင်းယွီ၏ အစ်မဖြစ်လိမ့်မည်ဟု မည်သူမှ သံသယရှိကြမည် မဟုတ်ပေ။
လီလင်းလင်းသည် ထူးထူးခြားခြား ဆွဲဆောင်မှုမရှိသည့်အပြင် အမြဲတမ်း ဝန်ထမ်းလည်း မဟုတ်ကာ၊ ထမင်းချက်ဆောင်တွင် ကူညီပေးရသူ (နေ့စားဝန်ထမ်း) မျှသာ ဖြစ်သည်။ ယွမ်ဟောက်ဖုန်းအနေဖြင့် သူမထံမှ ဘာကို လိုချင်နေရသလဲဆိုသည်ကို ချန်ချင်းယွီ တကယ်ကို ရှာမတွေ့ပေ။
အချစ်စစ်အချစ်မှန်ဆိုတာမျိုးကတော့ လုံးဝ မယုံကြည်ဘူး… ခွေးသွားပြောတောင် မယုံဘူး…
ချန်ချင်းယွီသည် တကယ့်ကို ဝေခွဲမရဖြစ်သွားပြီး အိမ်သို့ပြန်ကာ အဘွားကြီးကျောက်နှင့် တိုင်ပင်ဆွေးနွေးရန်သာ ပြင်ဆင်လိုက်တော့သည်။
ဟုတ်ပါတယ်... သူတို့လည်း ကွယ်ရာမှာတော့ အတင်းအဖျင်းတွေ ပြန်ပြောကြဦးမှာပဲလေ…
သို့သော် ချန်ချင်းယွီ တကယ်ကို နားမလည်နိုင်ဖြစ်နေရ၏~~~
ဒါက ဘာအတွက်အသုံးချချင်နေတာလဲ…
ချန်ချင်းယွီ အိမ်သို့ ပြန်ရောက်လာသောအခါ အားလုံးမှာ တစ်ယောက်တစ်ပေါက်ဖြင့် အာဘောင်အာရင်းသန်သန် အတင်းပြောနေကြဆဲဖြစ်ရာ သူမ ပြန်လာသည်ကို မည်သူမျှ သတိမထားမိကြချေ။ သူမသည် လမ်းတစ်လျှောက်လုံး စိတ်နဲ့ကိုယ်နဲ့မကပ်ဘဲ ကြောင်တောင်တောင် ဖြစ်နေခဲ့ပြီး၊ မျက်နှာသစ် သွားတိုက်နေစဉ်မှာပင် ဤအကြောင်းကိုသာ ထပ်ခါတလဲလဲ တွေးတောနေမိ၏။
စဉ်းစားရခက်လိုက်တာ...
တကယ့်ကို စဉ်းစားလို့မရနိုင်တဲ့ ပဟေဠိကြီးပဲ...
ချန်ချင်းယွီ အိမ်ဝင်းထဲတွင် သွားတိုက်နေစဉ် ဝမ်တာ့ချွေတစ်ယောက် အပြင်ကနေ ပြန်လာသည်ကို မြင်လိုက်ရသည်။ သူ၏ ခြေလှမ်းများမှာ ယိုင်တိယိုင်တိုင် ဖြစ်နေပြီး၊ တစ်ကိုယ်လုံး မိန်းမောတွေဝေကာ မျက်လုံးများမှာလည်း အသက်မဲ့နေပုံရ၏။
ချန်ချင်းယွီ: ‘နင့်မေကလွှား..’
ဒါ ဘာဖြစ်ကြတာလဲ…
ဒီနေ့ လူတွေအကုန်လုံး ထူးထူးဆန်းဆန်းတွေ ဖြစ်နေကြပါလား…
ရုတ်တရက် ချန်ချင်းယွီ တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။
ဒါ... ဒါဆို ဝမ်တာ့ချွေလည်း မြင်သွားတာများလား…
အမှန်တွင် ထိုလူနှစ်ယောက်မှာ သန့်စင်ခန်းအပြင်ဘက်၌ စကားပြောနေကြခြင်းဖြစ်ရာ အတွင်းထဲတွင် ရှိနေသည့် လူတိုင်း အတိုင်းသား ကြားနိုင်ပေသည်။ အမျိုးသား သန့်စင်ခန်းဘက်တွင်လည်း လူရှိနေခဲ့သည်မျိုး ဖြစ်နိုင်သည်သာ…
ချန်ချင်းယွီ ဝမ်တာ့ချွေကို ထပ်မံအကဲခတ်လိုက်ရာ၊ ဝမ်တာ့ချွေမှာမူ ဘာကိုမှ သတိမပြုမိဘဲ ကြောင်တောင်တောင်နှင့်သာ အိမ်ထဲသို့ လျှောက်လှမ်းသွားတော့သည်။ ထူးဆန်းသည်မှာ သူမ ခန့်မှန်းလိုက်သည့်အတိုင်း တကယ်ပင် မှန်ကန်နေခြင်း ဖြစ်၏။
ဝမ်တာ့ချွေ တကယ်ကြီး မြင်ခဲ့တာ…
ဒါကြောင့်မို့လို့ ပြောတာပေါ့… ကွယ်ရာမှာ ဖောက်ပြန်ပွေလီနေကြတဲ့အလုပ်ဟာ ဘယ်လိုလုပ်ပြီး လုံးဝ လုံခြုံစိတ်ချရပါ့မလဲ…
ထိုလူနှစ်ယောက်သည် အိမ်သာအနောက်ဘက်တွင် တိုးတိုးတိတ်တိတ် ပြောဆိုနေကြခြင်းဖြစ်ပြီး၊ ဝမ်တာ့ချွေ အိမ်သာလာသုံးစဉ် အမှတ်မထင် ကြားလိုက်ရခြင်း ဖြစ်သည်။ သို့သော် သူ့ထံတွင် နံရံပေါ်သို့ ခုန်တက်နိုင်သည့် ချန်ချင်းယွီကဲ့သို့သော အတတ်ပညာမျိုး မရှိပေ။ သူသည် အသံကြားသဖြင့် ဘေးပတ်ပတ်လည်မှ လှည့်ပတ်ချောင်းမြောင်းကြည့်လိုက်ရာ၊ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သတိလစ်မတတ်ပင် ဖြစ်သွားခဲ့ရသည်~~~ လူနှစ်ယောက် ဖက်နမ်းနေကြတာ... နမ်းနေကြတာလေ...
ဝမ်တာ့ချွေဆိုသည်မှာ အသက်သုံးဆယ့်ငါးနှစ်အရွယ် ရှိပြီဖြစ်သော လူပျိုကြီး ဖြစ်၏။
သူသည် အောင်သွယ်မှုဖြင့် ကြင်ဖက်တွေ့ပွဲပေါင်း နှစ်ဆယ့်ရှစ်ကြိမ်တိုင်တိုင် သွားခဲ့ဖူးသော်လည်း တစ်ကြိမ်မျှမအောင်မြင်ခဲ့ဘဲ ရည်းစားတစ်ခါမှမရဖူးသည့် အသက်ကြီးပိုင်း လူပျိုကြီး ဖြစ်ပေသည်။ အမျိုးသမီးတစ်ယောက်၏ လက်ကလေးကို ကိုင်ဖို့နေနေသာသာ၊ အမျိုးသမီးတစ်ဦး၏ မျက်နှာကို အချိန်အတော်ကြာ စိုက်ကြည့်မိရုံနှင့်တင် မိမိကိုယ်ကိုယ် တဏှာရူးကြီးတစ်ယောက်နှယ် ခံစားရတတ်သူ ဖြစ်၏။
သူသည် လူရိုးလူဖြောင့်များထဲတွင်မှ အခြေခံအကျဆုံး လူရိုးကြီး ဖြစ်ပေသည်။
ဒါက...
သူ့တစ်သက်မှာ ယခုကဲ့သို့သော အရာမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
ကာယကံရှင်များမှာ ဘာမှမဖြစ်သည့်အလား ရှိနေကြဆဲဖြစ်သော်လည်း၊ သူခမျာ ထိုတစ်ချက်ကလေး လှမ်းမြင်လိုက်ရရုံနှင့်တင် လန့်ဖျတ်သွားကာ မြေပြင်ပေါ်သို့ ခွေခေါက်လဲကျသွားခဲ့ရသည်။ တော်တော်လေး ကြာအောင် စိတ်ကို လျှော့ချပြီးမှသာ ထ၍ အိမ်သို့ အပြေးအလွှား ပြန်လာခဲ့ရခြင်း ဖြစ်ပြီး၊ စိတ်ရူးပေါက်မတတ် ခံစားနေရ၏။
ဒါက သူ ကြည့်လို့ကောင်းတဲ့ အရာမျိုး ဟုတ်လို့လား…
တကယ်ပါပဲ...
သူသည် သရဲတစ္ဆေတစ်ကောင်နှယ် ဝိညာည်လွင့်၍ အိမ်သို့ ပြန်ရောက်လာပြီး၊ အုတ်ကုတင်ပေါ်တွင် ကြောင်တောင်တောင်ကြီး ထိုင်နေမိသည်။
ရုတ်တရက် သူသည် လက်ကို အုတ်ကုတင်အနားသတ်ပေါ်သို့ ဝုန်းခနဲ ရိုက်ချလိုက်ပြီး ဒေါသတကြီး ဆဲဆိုလိုက်၏။
“အဲဒီ ကောက်ကျစ်တဲ့ လူယုတ်မာကောင်... အိမ်ထောင်ရှိရက်သားနဲ့ ငါတို့အိမ်ဝန်းက မိန်းကလေးကို ဘာလို့ လာပြီး အမြတ်ထုတ်နေရတာလဲ”
“သူက ငါတို့လို လူပျိုကြီးတွေရဲ့ ဆင်းရဲပင်ပန်းမှုကို ဘာလို့ ထည့်မစဉ်းစားပေးရတာလဲ… ငါ အိမ်ထောင်ဖက် ရှာမရတာ အံ့ဩစရာ မရှိတော့ပါဘူး၊ ဒါတွေအားလုံးဟာ သူ့လိုလူတွေက ကြားထဲကနေ အမြတ်ထုတ် ဖြတ်စားနေကြလို့ပဲ”
ဝမ်တာ့ချွေ တကယ်ကို ဒေါသချောင်းချောင်း ထွက်နေမိသည်။
လက်တွေ့တွင် ဝမ်တာ့ချွေသည် ယခင်၌ ယွမ်မိသားစုနှင့် အဆင်ပြေသော ဆက်ဆံရေး ရှိခဲ့ဖူး၏။
တစ်ကြိမ်တွင် သူသည် မှိုဆိပ်သင့်ပြီးနောက် ဝေဝေဝါးဝါးဖြင့် ကျောက်ရုံ အပြင်မှာ လှန်းထားခဲ့သော အဝတ်အစားများကို မိမိကိုယ်ပေါ်သို့ မှားယွင်းဝတ်ဆင်မိခဲ့ဖူးသည်။ ထိုစဉ်က ကျောက်ရုံသည် သူ့ကို အပြစ်မတင်ခဲ့သည့်အပြင် သူ့ဘက်မှ ကာကွယ်ပြောဆိုပေးခဲ့၏။ ထိုအချိန်မှစ၍ သူသည် ကျောက်ရုံကို လူကောင်းတစ်ယောက်ဟု ထင်မြင်ခဲ့ပြီး တစ်ဦးကိုတစ်ဦး ကူညီစောင့်ရှောက်ခဲ့ကြသည်။
သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ အခြားမိသားစုများထက် ပို၍ ကောင်းမွန်ခဲ့၏။
သို့သော် လွန်ခဲ့သော ငါးနှစ်ခန့်၌ ကျောက်ရုံ ဖောက်ပြန်ပွေလီခဲ့သည့် ကိစ္စကြီး ပေါ်ပေါက်လာသောအခါ ဝမ်တာ့ချွေတစ်ယောက် အမှန်တကယ် စိတ်ပျက်ဝမ်းနည်းခဲ့ရသည်။
သူကဲ့သို့ လူရိုးကြီးတစ်ယောက်အနေဖြင့် ယခုကဲ့သို့သော အရှုပ်အထုပ်မျိုးကို တစ်ခါမှ မကြုံဖူးခဲ့ချေ။ နောက်ဆုံးတွင် သူသည် ကျောက်ရုံကို ကူညီပေးခဲ့မိခြင်းကြောင့် ရိုက်နှက်ခြင်း ခံခဲ့ရသည့်အပြင်၊ အဓိကအချက်မှာ ဆယ်နှစ်ကျော်ကြာ ထိန်းသိမ်းလာခဲ့သော သူ၏ အလုပ်ခွင် ပျက်ကွက်မှုမရှိသည့် စံချိန်ကောင်းကြီးမှာလည်း ပျက်စီးသွားခဲ့ရသည်။ ထိုအချိန်မှစ၍ ထိုမိသားစုနှစ်စုကြားတွင် အဆက်အသွယ် လုံးဝမရှိသလောက် ဖြစ်သွားခဲ့၏။
သူ ထိုစဉ်က ကျောက်ရုံကို ကူညီခဲ့ခြင်းမှာ သူမ မတရားအနိုင်ကျင့်ခံရသည်ဟု ထင်မှတ်ခဲ့သောကြောင့် ဖြစ်သည်။ သူသည် လူရိုးလူအ ဖြစ်သော်လည်း အလုံးစုံ ထုံထိုင်းနေသူ မဟုတ်ပေ။ အကြောင်းအရာများ တဖြည်းဖြည်း ပေါ်ပေါက်လာသောအခါ ကျောက်ရုံသည်လည်း အပြစ်ကင်းသူမဟုတ်ကြောင်း ထင်ရှားလာခဲ့၏။ ထိုအချိန်မှစ၍ သူသည် ထိုမိသားစုနှင့် မည်သည့် ဆက်ဆံရေးမျိုးမျှ ထပ်မံမပြုလုပ်တော့ပေ။
သူသည် ဂုဏ်သိက္ခာရှိသော လူငယ်တစ်ယောက်ဖြစ်ရာ၊ အကယ်၍ ကျောက်ရုံနှင့် ဆက်လက်ပတ်သက်နေပါက သူ အိမ်ထောင်ဖက်ရရန် အခွင့်အလမ်း ပို၍ပင် နည်းပါးသွားလိမ့်မည်။
ထို့ကြောင့်ပင် ထိုမိသားစုနှစ်စုမှာ အပြန်အလှန် ပတ်သက်မှုမရှိတော့ခြင်း ဖြစ်၏။
သို့သော်လည်း ဝမ်တာ့ချွေသည် သူတို့မိသားစုချင်း အိမ်ထောင်ရေးတစ်ခု စီစဉ်ရန် စိတ်ကူးလေး တိတ်တဆိတ် ရှိခဲ့ဖူးသည်။
ဟောက်ရွှယ်သည်လည်း အိမ်ထောင်ဖက် ရှာမရနိုင်ဖြစ်နေသည် မဟုတ်လော့။
ယခင်၌ သူ ဤကဲ့သို့ မစဉ်းစားခဲ့မိချေ၊ ‘ယုန်ပင်လျှင် မိမိတွင်းနားက မြက်ကို ပြန်မစားတတ်’ ဟု တွေးမိခဲ့သောကြောင့် ဖြစ်သည်။ ထို့အပြင် ဟောက်ရွှယ်သည် မိမိထက် အသက်အများကြီး ငယ်ရွယ်လှသဖြင့် သိပ်ပြီး စိတ်ထဲမထားခဲ့မိပေ။ သို့သော် နောက်ပိုင်းတွင် ပညာတတ်လူငယ်များ မြို့သို့ ပြန်လာကြပြီး ရှီရှောင်ဝေ ဟောက်ရွှယ်နောက်သို့ တကောက်ကောက် လိုက်ပူဆာနေသည်ကို မြင်တွေ့ရမှသာ ဟောက်ရွှယ်သည်လည်း အရွယ်ရောက်ပြီးသား အမျိုးသမီးတစ်ဦး ဖြစ်နေပြီဆိုသည်ကို သတိပြုမိတော့သည်။
အသေအချာ ပြန်စဉ်းစားကြည့်လျှင် သူတို့နှစ်ယောက်စလုံး အမြဲတမ်းဝန်ထမ်းများ ဖြစ်ကြသဖြင့် တော်တော်လေး လိုက်ဖက်ညီလှပေ၏။
သူမတို့ မိသားစု၏ အတွေးအခေါ် ကျင့်ဝတ်ပိုင်းတွင် ပြဿနာအချို့ ရှိနေသည်ဆိုသော်လည်း၊ ဟောက်ရွှယ်ကိုယ်တိုင်မှာ လူကောင်းတစ်ယောက် ဖြစ်သည်။
သို့သော် သူ မလှုပ်ရှားရသေးခင်မှာပင် ဤအရှုပ်တော်ပုံကြီးကို အရင်ဆုံး သိရှိသွားခဲ့ရလေပြီ…
ဤအချိန်တွင် ဝမ်တာ့ချွေသည် အောင်သွယ်ကိုခေါ်၍ ဟောက်ရွှယ်နှင့် စကားပြောခိုင်းရန် လုံးဝ မဝံ့ရဲတော့ပေ။
အမေဖြစ်သူ ကျောက်ရုံသည်လည်း ဤကဲ့သို့ဖြစ်ခဲ့ပြီး၊ အစ်ကိုဖြစ်သူ ဟောက်ဖုန်းမှာလည်း ဤကဲ့သို့ ဖြစ်နေပြန်ရာ~~~
ယွမ်ဟောက်ရွှယ်လည်း ဒီတိုင်း ဖြစ်မလာဘူးလို့ ဘယ်သူက အာမခံနိုင်ပါမှာလဲ…
သူမတို့ မိသားစုရဲ့ ဗီဇစရိုက်များတွေကတော့… သူ ဘယ်လိုမှ မတတ်နိုင်ပါဘူး…
မဖြစ်ဘူး၊ မဖြစ်ဘူး၊ မဖြစ်ဘူး…
တော်ပြီ၊ တော်ပြီ… သူ အပြင်ဘက်ကနေပဲ အောင်သွယ်ရှာပြီး ကိုယ့်ဘာသာပဲ အိမ်ထောင်ဖက် ရှာတော့မယ်…
ယွမ်မိသားစုဝင်တွေကတော့ တကယ့်ကို ရက်စက်ကောက်ကျစ်တဲ့ လူတွေချည်းပဲ...
သူသည် ကွမ်ထင်းထင်းကို တကယ်ပင် သနားမိသွားသည်။ သူမသည် မည်သို့သော ယောက်ျားမျိုးနှင့် လာပြီး လက်ထပ်မိရလေသနည်း။ အကယ်၍ သူမသာ အစကတည်းက မိမိနှင့် လက်ထပ်ခဲ့လျှင် သူတို့၏ လူနေမှုဘဝသည် ယခုထက် အများကြီး ပို၍ ကောင်းမွန်နေလိမ့်မည်။
သို့သော် ကွမ်ထင်းထင်း မိသားစု၏ ရှုပ်ထွေးလှသော နောက်ခံအခြေအနေများနှင့် သူမ၏ ခဲအိုဖြစ်သူ ပျက်စီးသွားခဲ့ရသည့် အကြောင်းကို ပြန်လည်တွေးမိသောအခါ ဝမ်တာ့ချွေတစ်ယောက် ခေါင်းကိုသာ ခါယမ်းမိတော့၏။ သူသည် အခြားလူများကို နှိမ်တတ်သည့် လူစားမျိုးမဟုတ်သော်လည်း ယခုကဲ့သို့သော မိသားစုမျိုးကို တကယ်ကို မကိုင်တွယ်နိုင်ပေ။
သူ၏ မိဘများသည် ငယ်စဉ်ကတည်းက ကွယ်လွန်သွားခဲ့ကြသဖြင့် သူတစ်ယောက်တည်းသာ အထီးကျန်စွာ ရှင်သန်လာခဲ့ခြင်း ဖြစ်ရာ၊ ထိုကဲ့သို့ ရှုပ်ထွေးလှသော မိသားစုမျိုးနှင့်ဆိုလျှင် သူ ဘယ်လိုမှ လိုက်လျောညီထွေ ဖြစ်နိုင်မည်မဟုတ်ပေ။
ဘုရားရေ... ဘုရားရေ...
ဒါ ဘာ ရှုပ်ထွေးနေတဲ့ ဇာတ်လမ်းကြီးလဲ…
ချန်ချင်းယွီပင် လန့်ဖျန့်သွားခဲ့ရသဖြင့် ဤအတင်းအဖျင်းဇာတ်လမ်းကြီးကို ကံဆိုးစွာဖြင့် အတူတူမြင်တွေ့ခဲ့ရသည့် ဝမ်တာ့ချွေမှာမူ ပို၍ပင် လန့်ဖျန့်တုန်လှုပ်သွားခဲ့ရသည်။
ယခု ပြန်စဉ်းစားကြည့်မှ ထိုစဉ်
ယွမ်ရှောင်ချွေ ယွမ်မိသားစုကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်မှာ လုံးဝ မုသားစကား မဟုတ်ခဲ့ပါတကား...
“တကယ်ပါပဲ... ငါကိုယ်တိုင်က အဲ့တုန်းက ကွယ်ရာမှာ ယွမ်ရှောင်ချွေကို ကျေးဇူးကန်းတဲ့မိန်းမလို့ တတွတ်တွတ် ဆဲခဲ့သေးတာ၊ ငါ တကယ့်ကို မျက်စိကန်းခဲ့တာပဲ”
ဝမ်တာ့ချွေ သူ့ဘာသာ ရေရွတ်လိုက်ကာ
“နောက်တစ်ခါ ယွမ်ရှောင်ချွေနဲ့သာ ပြန်တွေ့ရင် ငါ သူမကို တောင်းပန်ရမယ်… ငါ သူမအပေါ် တကယ်ကို အထင်လွဲခဲ့တာပဲ... ယွမ်မိသားစုဆိုတာ တကယ်ကို ဘယ်လိုလူစားတွေပါလိမ့်”
ဝမ်တာ့ချွေသည် သက်ပြင်းကို လေးလံစွာ ချလိုက်တော့သည်။
သူခမျာ အိမ်တွင် တစ်ယောက်တည်း စိတ်ပျက်လက်ပျက် တတွတ်တွတ် ရေရွတ်နေမိသော်လည်း၊ ချန်ချင်းယွီမှာမူ အနည်းဆုံး စကားစမြည် ပြောဖော် ရှိနေ၏။ အဘွားကြီးကျောက်သည် အပြင်တွင် အတင်းပြော၍ ဝသွားပြီးနောက် အိမ်သို့ ပြန်ရောက်လာခဲ့သည်။ ထို့နောက် သူတို့နှစ်ဦးသည် ကလေးများ မကြားစေရန်အတွက် အပြင်ခန်းတွင် တိုးတိုးတိတ်တိတ် ကုန်းကုန်းကွကွဖြင့် လေသံလျှော့၍ အတင်းဖလှယ်ကြတော့၏။
အဘွားကြီးကျောက်: ‘ဟယ်…ဟယ်..’
သူမသည် မယုံကြည်နိုင်လောက်အောင် မျက်လုံး အဝိုင်းသား ဖြစ်သွားရသည်။
“အဲဒီနှစ်ယောက်က ဘယ်လောက်တောင် အရှက်မရှိလို့ ဒီလိုအလုပ်မျိုးကို လုပ်ရဲကြတာလဲ”
ချန်ချင်းယွီ : “အသံနည်းနည်းလျှော့ပါဦး အမေရဲ့၊ ကလေးတွေ ကြားကုန်ပါဦးမယ်”
“ငါ အမြဲတမ်း ပြောပါတယ်... ယွမ်ဟောက်မင်နဲ့ ကျောက်ရုံတို့လိုဇနီးမောင်နှံက လူကောင်းသူကောင်းတွေကို ဘယ်လိုလုပ် မွေးထုတ်ပေးနိုင်ပါ့မလဲလို့”
ချန်ချင်းယွီ : “သူကိုယ်တိုင်ကလည်း ဘာမှ ထူးထူးခြားခြား ပိုကောင်းမနေပါဘူး… သူလည်း ကလေးမဟုတ်တော့ဘူးပဲ၊ ဘယ်အရာက အမှား၊ ဘယ်အရာက အမှန်ဆိုတာ မခွဲခြားတတ်ဘူးလား၊ ဒါပေမဲ့ လီလင်းလင်းကလည်း တကယ့် ရောဂါသည်ပဲ”
အဘွားကြီးကျောက် ဆက်၍
“ညည်း သိလား... အခုတလော ပညာတတ်လူငယ်တွေ အမြောက်အမြား မြို့ကို ပြန်လာကြတော့ အသက်ကြီးတဲ့အထိ အိမ်ထောင်မကျသေးတဲ့လူတွေ တော်တော်များများ ရှိနေတာလေ။ ငါတို့မြို့က အောင်သွယ်တွေဆိုရင် လက်တလောကို အလုပ်တွေ လက်မလည်အောင်ကို ရှုပ်နေကြတာ…ဒီလိုပတ်ဝန်းကျင် အခြေအနေကြောင့်မို့လို့ပဲ လူတွေအကုန်လုံး စိတ္တဇဖြစ်ပြီး လွှမ်းမိုးခံနေရတာလားမသိဘူး၊ ဒါကြောင့် အားလုံးက အိမ်ထောင်ဖက်ရှာဖို့ ဒီလောက်တောင် စိတ်လောနေကြတာ၊ တစ်ယောက်တစ်ယောက် အဖော်ရှာချင်ဇောနဲ့ သောင်းကျန်းနေကြသလိုပဲ”
“အခြားလူတွေကို နေနေသာသာ၊ ငါတို့ အိမ်ဝန်းထဲက လူအတော်များများတောင် ဒီအတိုင်းပဲ ဖြစ်နေကြတာ”
အဘွားကြီးကျောက် ပြောရင်း
ချန်ချင်းယွီကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်သည်။ အမှန်အတိုင်း ဝန်ခံရလျှင် ချန်ချင်းယွီသည် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု အလွန်ရှိလှပေ၏။
သူမ၏ ကျန့်ဝမ်မှလွဲ၍ အခြားယောက်ျားများကို ဒုတိယအကြိမ် ပြန်လှည့်ကြည့်လေ့မရှိသလို၊ နောက်အိမ်ထောင်ပြုဖို့လည်း အရိပ်အမြွက်မျှပင် မပြောဖူးပေ။
ဒါက တကယ့်ကို ရှားမှရှားတဲ့အပြုအမူမျိုးပဲ…
အဘွားကြီးကျောက် မနေနိုင်ဘဲ မေးလိုက်မိကာ
“ညည်းက ကျန့်ဝမ်ရဲ့ ဘယ်အချက်ကို ဒီလောက်အထိ သဘောကျလို့ ဒီလိုမျိုး စွဲစွဲလန်းလန်း ဖြစ်နေရတာလဲ”
လင်းကျန့်ဝမ်မှာ သူမ၏ သားအရင်းဖြစ်ပြီး အလွန်အမင်း တော်လှသည်ဆိုသော်လည်း၊ ချန်ချင်းယွီကဲ့သို့ အစစအရာရာ တော်တတ်စွမ်းဆောင်နိုင်သော မိန်းကလေးတစ်ယောက်သည် အဘယ်ကြောင့် ဤမျှ သံယောဇဉ်ကြီးနေရသနည်းဆိုသည်ကို သူမ မဝေခွဲတတ်ပေ။
ယောက္ခမနှင့် ချွေးမဆိုသည်မှာ သဘာဝအရပင် တစ်ဦးနှင့်တစ်ဦး အဆင်မပြေဖြစ်တတ်ကြသည် ဆိုသော်လည်း၊ အဘွားကြီးကျောက်အနေဖြင့် ချန်ချင်းယွီ၏ ရုပ်ရည်သွင်ပြင်တွင် အပြစ်ပြောစရာ တစ်ကွက်မျှ ရှာမတွေ့ချေ၊ သူမသည် တကယ်ကို လှပလွန်း၏။ ထို့ပြင် ပိုက်ဆံလည်း ရှိသည်။ ရန်ဖြစ် သောင်းကျန်း ပြဿနာရှာ သတ်နိုင်သေးသည်... ဤအရာအားလုံးမှာ... အားသာချက်များချည်းသာ…
သို့ဆိုလျှင် သူမသည် မိမိ၏ သားဖြစ်သူအပေါ် အဘယ်ကြောင့် ဤမျှလောက် သစ္စာရှိစွဲလမ်းနေရသနည်း။
အဘွားကြီးကျောက်ကိုယ်တိုင်ပင် အနည်းငယ် ဝေခွဲမရ ဖြစ်နေမိသည်။
သူမ စိတ်ထဲတွင်ပင် ~~~
“ငါ့သားက ဘာကုသိုလ်ကံတွေ ထူးခဲ့လို့ ဒီလိုမိန်းမမျိုးနဲ့ ရခဲ့ပါလိမ့်”
ချန်ချင်းယွီ အဘွားကြီးကျောက်ကို တစ်ချက်လှမ်းကြည့်ကာ
“အကြောင်းပြချက် မရှိပါဘူး… ကျွန်မတို့ရဲ့ အချစ်က သမုဒ္ဒရာလို နက်ရှိုင်းပါတယ်၊ တကယ်လို့ အချစ်ကို ဂဏန်းသင်္ချာကိန်းဂဏန်းတွေနဲ့ ပိုင်းခြားတွက်ချက်လို့ ရနေမယ်ဆိုရင် အဲဒါက အချစ် ဟုတ်ပါဦးမလား”
အဘွားကြီးကျောက်: “...”
ညည်းကတော့ တကယ့်ကို တည်ငြိမ်လွန်းတယ်...
မယုံနိုင်စရာပဲ၊ တကယ့်ကို မယုံနိုင်စရာပဲ…
သို့သော် သူမ၏ လုပ်ရပ်များမှာ ၎င်းကို သက်သေပြနေသယောင် ရှိ၏။
အဘွားကြီးကျောက်သည် ခေါင်းကိုသာ ကုတ်မိနေပြီး၊ ခဏချင်းအတွင်းမှာပင် သူမ၏ ဆံပင်များမှာ ရှုပ်ပွသွားတော့သည်။
ချန်ချင်းယွီ: “...”
ယောက်ျားတွေဆိုတာ... သူမ စိတ်မဝင်စားပါဘူးနော်...