← Chapters

အခန်း ၁၂၅

Vol. 13 Ch. 125

အခန်း ၁၂၅

Vol. 13 Ch. 125

အခန်း (၁၂၅) ပိုက်ဆံရှာခြင်း

နွေဦးပေါက်ကာလသည် အတော်လေး ဂနာမငြိမ် ဖြစ်ရသည့်ကာလပင်…

ဝင်းကြီးထဲရှိ လူပျိုလူလွတ် ယောကျာ်းမိန်းမမရွေး အလွန်အမင်း ဂနာမငြိမ် ဖြစ်နေကြသည်ဟု ချန်ချင်းယွီ ခံစားနေမိ၏။

အိမ်ထောင်မရှိသော လူများသာမက အိမ်ထောင်ရှိပြီးသားလူများပင် ဤကဲ့သို့ ဂနာမငြိမ် အရှုပ်ထုပ်များ ရှိနေသေးသည်ဖြစ်ရာ ချန်ချင်းယွီလည်းအမှန်ပင် ဆွံ့အသွားရသည်။ အတင်းအဖျင်း နားထောင်ရသည်မှာ အလွန်စိတ်ဝင်စားစရာကောင်းသည် ဆိုသော်လည်း ပိုက်ဆံရှာရခြင်းသည် ပို၍ စိတ်အားထက်သန်စရာ ကောင်း၏။ ချန်ချင်းယွီတစ်ယောက် အိမ်ထဲ၌ အောင်းနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ ယခုအခါတွင် အပြင်ထွက်၍ ဈေးကွက်ထဲ စမ်းသပ်ကြည့်ရန် အခွင့်အရေး ရရှိခဲ့လေပြီ…

ပိုက်ဆံရှာရတာကမှ ပိုပြီး အားရှိစရာကောင်းသေးတယ်…

ချန်ချင်းယွီသည် ချိုက်မင်မင်နှင့်အတူ ဈေးမရောင်းခဲ့ချေ။ ဤအရာမှာ ချန်ချင်းယွီ ချိုက်မင်မင်ကို သံသယဝင်ပြီး ဖုံးကွယ်ချင်၍မဟုတ်ဘဲ သူမတို့ ရောင်းချသည့် ပစ္စည်းချင်း မတူညီသောကြောင့် ဖြစ်၏။ ချန်ချင်းယွီ ခံစားမိသည်မှာ ယခုကဲ့သို့သော အမျိုးသမီးသုံး ပစ္စည်းအသေးအဖွဲလေးများကို ဟိုဘက်တွင် သွားရောက်ရောင်းချပါက ရလဒ်ကောင်းမည်မဟုတ်ပေ။ ဤကဲ့သို့သော ပစ္စည်းမျိုးသည် အမျိုးသမီးရဲဘော်များ အများဆုံး စုဝေးရာနေရာကို ရှာဖွေပြီး ရောင်းချရမည် ဖြစ်သည်။

ချိုက်မင်မင်ကိုယ်တိုင်လည်း ထိုသို့ပင် တွေးတောခဲ့သဖြင့် သူမသည် စားသောက်ကုန်စက်ရုံဆီသို့ သွားရောက်ကာ စက်ရုံအဝင်ဝတွင် နေရာယူ၍ ဘေးချရောင်းချခဲ့၏။

ပိုင်ဖုန်းရှန်းခမျာ စိတ်မချနိုင်လောက်အောင် ဖြစ်ရသဖြင့် ကလေးကိုပါခေါ်ပြီး လိုက်လံကူညီပေးခဲ့ရာ တစ်မိသားစုလုံး အတူတူ လှုပ်ရှားခဲ့ကြလေသည်။ ချန်ချင်းယွီဘက်တွင်မူ သူမတစ်ယောက်တည်းသာ ရှိသော်လည်း ဒုတိယမြောက်နေ့တွင် ပထမနေ့ထက်ပင် လူပို၍ စည်ကားများပြားလာခဲ့၏။ ဤသတင်းမှာ တစ်ဆင့်စကားဖြင့် ပျံ့နှံ့သွားခဲ့သဖြင့် သဘာဝအတိုင်း လူပိုမိုများပြားလာခြင်း ဖြစ်၏။

တစ်ခါတရံတွင် အဝတ်အထည် ရောင်းချသည့်ကိစ္စ၌ ကောင်းမွန်သော မော်ဒယ်တစ်ဦးရှိနေခြင်းမှာ အများကြီး အထောက်အကူပြုလှပေသည်။ ချန်ချင်းယွီ ဝတ်ဆင်ထားသည်မှာ လှပလွန်းသဖြင့် လူအမြောက်အမြားမှာ အစုံလိုက်ကို တန်းပြီး ဝယ်ယူကြတော့၏။

တီရှပ် (လူကြီးဝတ်ရှပ်အင်္ကျီ) နှင့် ဂျင်းဘောင်းဘီကို မဖြစ်မနေ အစုံလိုက် ယူရမည် မဟုတ်လော့…

ချန်ချင်းယွီသည် အဝတ်အစားများကို လွယ်ကူစွာ ပြသနိုင်ရန်အတွက် ယနေ့တွင် ဆွယ်တာအင်္ကျီကို မဝတ်ဆင်ခဲ့ဘဲ တီရှပ်အပေါ်မှ ဂွမ်းကပ်အင်္ကျီကို ထပ်ဝတ်ထားရာ ကြည့်ရသည်မှာ အလွန်ပင် သန့်ရှင်းသပ်ရပ် လန်းဆန်းနေပေသည်။

ချန်ချင်းယွီ : ‘တကယ်တော့... ကျွန်မဖြင့် ဒါကို တီရှပ် (T-shirt) လို့ပဲ ခေါ်ချင်တာပါ’

သို့သော် လူတိုင်း ထိုသို့မခေါ်ကြဘဲ ‘လူကြီးဝတ်ရှပ်အင်္ကျီ’ ဟုသာ ခေါ်ကြ၏။

သူမ၏ ဈေးဆိုင်လေးမှာ အလွန်လျင်မြန်စွာ ရောင်းထွက်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယခုခေတ်တွင် ဂျင်းဘောင်းဘီဆိုသည်မှာ အလွန်ရှားပါးဆန်းသစ်သော ပစ္စည်းတစ်ခု ဖြစ်နေပြီး တစ်ဆင့်စကား တစ်ဆင့်ကြားဖြင့် လူပေါင်းများစွာ ရောက်ရှိလာကြသောကြောင့် ဖြစ်၏။

“အခု နွေဦးရာသီ ရောက်ပြီဆိုတော့ ရာသီဥတုက တဖြည်းဖြည်းနဲ့ ပူလာတော့မှာပါ… အခုအချိန်မှာ လက်တိုအင်္ကျီတွေ ဝယ်ထားတာ အကိုက်ဆုံးပဲ၊ ရာသီဥတု နည်းနည်းလေး နွေးလာတာနဲ့ ပထမဆုံးအသုတ်အနေနဲ့ ချက်ချင်း ထုတ်ဝတ်လို့ရတာပေါ့၊ ဒါက အဆင်မပြေဘူးလား… ပြီးတော့ ဒီလို ရိုးရှင်းတဲ့ အခြေခံဒီဇိုင်းမျိုးက ဘယ်အချိန်ပဲဖြစ်ဖြစ် ဈေးနှုန်းက အတူတူပါပဲ၊ စောစောဝယ်ရင် စောစော ဝတ်ရတာပေါ့”

ချန်ချင်းယွီ စကားပြောသွက်သွက်ဖြင့် ရောင်းချနေသည်။

“ညီမလေး... အစ်မက အများကြီး ယူမလို့ပါ၊ နည်းနည်းလောက် ထပ်လျှော့ပေးပါဦးလား”

အသက်လတ်ပိုင်း အမျိုးသမီးတစ်ဦးသည်လည်း လူအုပ်ထဲသို့ တိုးဝှေ့ဝင်ရောက်လာ၏။ သူမသည် ဂျင်းဘောင်းဘီကို မလိုချင်ပေ~~ ၎င်းမှာ အလွန်ခေတ်ဆန်လွန်းသဖြင့် သူမအနေဖြင့် မဝတ်ရဲပေ။ သို့သော် ဤတီရှပ်င်္အကျီမှာ အလွန်အဆင်ပြေလှသည်၊ အမှန်တကယ် အဆင်ပြေလွန်း၏။ သူမသည် မိသားစုဝင် တစ်ယောက်ချင်းစီအတွက် တစ်ထည်စီ ဝယ်ယူရန် ရည်ရွယ်ထားလေသည်။

ချန်ချင်းယွီ : “ကျွန်မက အမြတ်နည်းနည်းနဲ့ပဲ အများကြီး ရောင်းတာမို့လို့ ဆယ်ယွမ်က အနည်းဆုံးဈေးပါပဲ အစ်မရယ်… တကယ်တော့ ကျွန်မက ဂျင်းဘောင်းဘီကို အဓိကထား ရောင်းတာပါ၊ ဒီတီရှပ်တွေကိုတော့ ဂျင်းဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်နိုင်အောင်လို့ ကြားညှပ်ပြီး ယူလာပေးတာပါ၊ ပြီးတော့ ဒါမျိုးကို ကုန်တိုက်ကြီးတွေမှာလည်း ရှိတာမို့လို့ ဘယ်လောက်ဈေးလဲဆိုတာ အားလုံး သိကြပါတယ်၊ ကျွန်မလည်း ဈေးပိုတောင်းလို့ မရပါဘူး… တစ်ခုရှိတာက ဒီပစ္စည်းက ရောင်းမထွက်မှာကိုလည်း စိုးရိမ်စရာ မလိုပါဘူးရှင်”

ချန်ချင်းယွီသည် ဈေးဆစ်သောသူများကိုလည်း ယဉ်ယဉ်ကျေးကျေးနှင့် ဖော်ဖော်ရွေရွေပင် ပြန်လည်ပြောဆိုသည်။

“အစ်မက ရှစ်ထည်တောင် ယူမှာနော်၊ မနည်းဘူးပဲဥစ္စာ… နည်းနည်းလောက် ထပ်လျှော့ပေးပါဦး၊ နည်းနည်းပဲဖြစ်ဖြစ် လျှော့ပေးရင် စိတ်ထဲမှာ ကျေနပ်သွားတာပေါ့”

ချန်ချင်းယွီ ခေတ္တမျှ စဉ်းစားဟန်ပြုပြီးမှ

“ဒါဆိုရင် တစ်ထည်ကို ငါးပြားစီ ထပ်လျှော့ပေးပါ့မယ်၊ ဒါက တကယ့်ကို အနိမ့်ဆုံး ဈေးပါပဲရှင်”

ထိုအသက်လတ်ပိုင်း အမျိုးသမီးသည် ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားပြီး

“ကဲ... ရပြီ... ယူမယ်...”

ဒီလောက်အထိ ကြီးမားတဲ့ တီရှပ်အင်္ကျီကို ကိုးယွမ်ခွဲနဲ့ ရတာဆိုတော့~~ တကယ်ကို မြတ်သွားပြီ...

“ဒီရှပ်အင်္ကျီကမှ တကယ့်ကို ကောင်းပြီး လက်တွေ့ကျတာ၊ ဂျင်းဘောင်းဘီကတော့ ခေတ်ဆန်လွန်းတယ်”

တစ်ယောက်ချင်းစီ ဝတ်ထားကြတာ ဘာတွေမှန်းကို မသိဘူး၊ ကြည့်ရတာ သပ်ရပ်မှုမရှိသလိုပဲ…

သူမမှာ ဤကဲ့သို့ စနစ်တကျမရှိသော ဘောင်းဘီများကို လုံးဝ သဘောမကျပေ။

ရုပ်သံဇာတ်လမ်းတွဲတွေ ဘာတွေပဲဖြစ်ဖြစ်၊ ဇာတ်လမ်းတွဲထဲကအတိုင်း လိုက်လုပ်စရာ လိုလို့လား…

သူမကတော့ အထင်မကြီးပါဘူး…

သို့သော်လည်း သူမသည် တိုးတိုးတိတ်တိတ်ဖြင့် စပ်စုလိုက်သေး၏။

“ဒါက တောင်ပိုင်းကနေ လာတာလား”

ချန်ချင်းယွီ : “ဟုတ်ကဲ့... ဟုတ်ပါတယ်ရှင်”

သူမ ခေါင်းမော့ကာ တစ်ချက်ကြည့်လိုက်ပြီး

“တောင်ပိုင်းကနေ လာတာပေါ့ရှင်၊ အခု နိုင်ငံတော်ရဲ့ မူဝါဒတွေ ပြောင်းလဲလာပြီဆိုတော့ ကျွန်မတို့လည်း တောင်းဆိုချက်ကို တက်ကြွစွာ တုံ့ပြန်ရတာပေါ့”

“ဟဲဟဲ”

“အစ်မ... တောင်ပိုင်းက ဘယ်လိုပုံစံမျိုးလဲဟင်၊ ညီမကို ခါးဆိုဒ် နှစ်ဆယ့်တစ်လက်မရှိတဲ့ ဘောင်းဘီတစ်ထည်လောက် ရှာပေးပါဦး”

ချန်ချင်းယွီ: “ရပါပြီရှင်၊ တောင်ပိုင်းလား... ကျွန်မတို့ သွားခဲ့တာက ကွမ်ကျိုးမြို့လေ၊ ဒါပေမဲ့လည်း နေရာအနှံ့တော့ လျှောက်မလည်ဖြစ်ခဲ့ပါဘူး၊ ဘာပဲဖြစ်ဖြစ် မြေမကျွမ်း ရေမကျွမ်းဆိုတော့ နေရာစုံအောင် မကြည့်ဖြစ်ခဲ့ဘူး… အဲဒီဘက်ကတော့ လက်ရှိအချိန်မှာ ကျွန်မတို့ ရွှေမြို့တော်လောက် မစည်ကားသေးပါဘူး၊ ဒါပေမဲ့ လူတွေကတော့ အင်မတန် များပြားတယ်ရှင့်၊ ကျွန်မတို့က မီးရထားဘူတာရုံနဲ့ ကုန်စည်ဒိုင်ဈေးကွက်ကိုပဲ သွားခဲ့လို့လည်း ဖြစ်နိုင်ပါတယ်၊နယ်ပေါင်းစုံက လူတွေက ပစ္စည်းလာယူကြတာဆိုတော့ လူတွေက တိုးဝှေ့နေတာပဲ”

“အာ... ဒါဆိုရင် တကယ်ကို သွားကြည့်ချင်စရာပဲနော်”

ချန်ချင်းယွီ: “ဒုက္ခတော်တော်များတာရှင့်၊ ကျွန်မတို့ မြို့တော်ကနေ အခုအချိန်မှာ တိုက်ရိုက်သွားလို့ရတဲ့ မီးရထား မရှိသေးတော့ ကြားထဲမှာ ရထား အဆင့်ဆင့် ပြောင်းစီးရတာ၊ရထားပေါ်က လူတွေနဲ့ အနံ့အသက်ကတော့... ပြောမနေပါနဲ့တော့ရှင်… ညီမလေးလိုမျိုး သန့်သန့်ရှင်းရှင်း လန်းလန်းဆန်းဆန်း နေတတ်တဲ့လူဆိုရင် ရထားပေါ်ရောက်တာနဲ့ အော့အန်မိမှာ သေချာတယ်၊ ဒါတောင်မှ အခုက အခြေအနေ တော်သေးတယ်လို့ ကြားတယ်၊ ရာသီဥတု ပိုပူလာရင်တော့ ဘယ်လိုမှ မလွယ်တော့ဘူး… နွေရာသီကျရင် ဘယ်လိုအနံ့အသက်တွေ ထွက်မလဲဆိုတာ ကျွန်မ တွေးတောင်မတွေးရဲဘူး”

ဈေးဝယ်နေသည့် မိန်းကလေးသည် အခြားလူမှ သူမကို သန့်ရှင်းသပ်ရပ်သည်ဟု ချီးမွမ်းသည်ကို ကြားရသဖြင့် ပြုံးမိသွားသည်။ ထို့နောက် ပူပြင်းသည့် ရာသီဥတုတွင် လူချင်းတိုးဝှေ့ပြီး ထွက်လာမည့် ရွံစရာကောင်းသော အနံ့အသက်များကို တွေးတောကြည့်ကာ သူမသည် တိတ်တဆိတ် ခေါင်းခါလိုက်ရင်း

“ဒါဆိုရင်တော့ တကယ်ကို ဒုက္ခများတာပဲ...”

ချန်ချင်းယွီ : “ဒါကြောင့်မို့လို့ ပင်ပင်ပန်းပန်းနဲ့ ရှာရတဲ့ ပိုက်ဆံတွေပါရှင်”

“ဟေး... ငါ မနေ့က ဒီနေရာမှာပဲ ဝယ်ခဲ့တာ၊ မြန်မြန်လာကြ၊ လူရှိနေသေးတယ်၊ ဒီနေရာမှာ...”

လူငယ်တစ်ယောက်သည် အခြားလူအချို့ကို လှမ်းခေါ်ရင်း အတူတူ လျှောက်လှမ်းလာခဲ့၏။ ထိုလူစုသည် ချန်ချင်းယွီကို မြင်လိုက်ရသောအခါ မျက်နှာများ ချက်ချင်းပင် နီရဲသွားကြပြီး စကားများ ထစ်အကုန်ကြ၍

“အမျိုး... အမျိုးသားဝတ်... အမျိုးသားဝတ် ဆိုဒ်ကော ရှိလားဗျာ”

ချန်ချင်းယွီ : “ရှိပါတယ်ရှင်၊ မောင်လေးတို့ ဘယ်လောက်ဆိုဒ် ဝတ်ကြလဲ… အမျိုးသားဝတ် ဂျင်းဘောင်းဘီကတော့ နှစ်ဆယ့်ငါးယွမ်ပါ၊ အစ်မ ရှာပေးမယ်နော်၊ ကြည့်လိုက်ပါဦး... ဒါတွေအားလုံးက အောက်နားကား ဒီဇိုင်းတွေလေ၊ ခေါင်းလောင်းဘောင်းဘီတွေက အခု ခေတ်စားနေဆဲပဲ မဟုတ်လား...”

ထိုလူစုသည် ချက်ချင်းပင် ရှေ့သို့ တိုးဝှေ့ဝင်ရောက်လာခဲ့ကြရာ၊ ချန်ချင်းယွီ၏ ဈေးဆိုင်လေးတွင် လူပြတ်သည်ဟူ၍ မရှိခဲ့ပေ။ အမှန်အတိုင်း ပြောရလျှင် ဂျင်းဘောင်းဘီသည် အမြတ်အစွန်း ပိုမိုမြင့်မားသည် ဆိုသော်လည်း၊ တီရှပ်င်္အကျီများမှာ ပို၍ အရေအတွက် အမြောက်အမြား ရောင်းထွက်လှပေသည်။ သို့သော် ဂျင်းဘောင်းဘီကို ဝယ်ယူသူများမှာ များသောအားဖြင့် လူငယ်များ ဖြစ်ကြသဖြင့် ဈေး သိပ်မဆစ်ကြပေ။

ချန်ချင်းယွီ : ‘ဟီးဟီး... ငါကတော့ ဈေးမဆစ်တဲ့ ဝယ်သူတွေကို အကြိုက်ဆုံးပဲ’

“ဒါပဲဟေ့... အဲဒါဆိုရင် ငါတို့အားလုံး အင်္ကျီချင်းတူတူ ဝတ်ပြီး၊ ရှီချာဟိုင်ဘက်ကို သွားလည်ကြတာပေါ့၊ ဟာ... နှမြောစရာပဲ၊ အခု ရေခဲတွေ နည်းနည်း အရည်ပျော်နေပြီ၊ မဟုတ်ရင် ရေခဲပြင်စကိတ် သွားစီးလို့ရတယ်၊ အဲဒါဆိုရင် ငါတို့က အလန်းဆုံးပဲ”

ချန်ချင်းယွီ ပြုံးရင်း မြှောက်ပင့်ပေးလိုက်ကာ

“မောင်လေးတို့အားလုံး တစ်ပုံစံတည်း ဝတ်ထားကြရင် ရေခဲပြင်စကိတ် မစီးရင်တောင်မှ လမ်းပေါ်မှာ လျှောက်သွားရုံနဲ့တင် အလန်းဆုံး ဖြစ်နေမှာ သေချာပါတယ်ရှင်”

“တကယ်ကြီးလား... တကယ်ကြီးလား...”

လူငယ်အုပ်စုမှာ အလွန်ပင် စိတ်လှုပ်ရှားသွားကြသည်။ သူတို့ကဲ့သို့ အသက်အရွယ်မျိုးတွင် အခြားလူများ၏ အာရုံစိုက်မှုကို ခံရရန် အလွန်ပင် လိုလားတမ်းတတတ်ကြသည် မဟုတ်လော့။

ချန်ချင်းယွီ: “သေချာပေါက်ပေါ့ မောင်လေးတို့ရဲ့”

ချန်ချင်းယွီသည် ယခင်၌ မည်သူနှင့်မဆို စကားစမြည် ပြောဆိုနိုင်သည့် အလွန် အပေါင်းအသင်းဆံ့သောလူစားမျိုး မဟုတ်ခဲ့ပေ။ သူမသည် အလွန်အမင်း စကားနည်းသောသူ မဟုတ်ခဲ့သော်လည်း၊ လူမှုဆက်ဆံရေး နတ်ဘုရားမဟု ခေါ်ဝေါ်နိုင်သည့် အဆင့်မျိုး မရှိခဲ့ပေ။ လူအများစုကဲ့သို့ပင်~~အပေါင်းအသင်းဆံ့လှသည်ဟု ပြော၍မရသလို၊ အေးဆေးလွန်းသည်ဟုလည်း ပြော၍မရသည့် သာမန် အလယ်အလတ်အဆင့်မျှသာ ဖြစ်၏။

သို့သော် အပြင်ထွက်၍ ဈေးရောင်းရသောအခါတွင်မူ မိမိကိုယ်ကိုယ် ပိုမိုပွင့်လင်း လန်းဆန်းအောင် မဖြစ်မနေ ပြုလုပ်ရတော့သည်။ သူမအနေဖြင့် မိမိကိုယ်ကိုယ် ဤမျှလောက်အထိ လူစိမ်းများနှင့် အလိုအလျောက် ရင်းနှီးကျွမ်းဝင်စွာ စကားပြောဆိုနိုင်သည်ကို ယခုမှ ပထမဆုံးအကြိမ် ခံစားမိခြင်း ဖြစ်၏။ ချန်ချင်းယွီသည် မိမိယူလာသော ကုန်ပစ္စည်းများ တဖြည်းဖြည်း နည်းပါးလာသည်ကို မြင်တွေ့ရသဖြင့် ဆိုင်သိမ်းရန် အချိန်နီးကပ်လာပြီဟု ခန့်မှန်းလိုက်သည်။

သူမ အိမ်ပြန်ပြီး ကောင်းကောင်း အနားယူချင်လှပြီ~~~ လူ မပင်ပန်းသော်လည်း စကားပြောလွန်းသဖြင့် လည်ချောင်းများ ခြောက်သွေ့နေရ၏။

ချန်ချင်းယွီ အိမ်ပြန်ရန် မျှော်လင့်နေသော်လည်း၊ အခြားဈေးဝယ်သူများမှာ သဘောမတူကြပေ။

“ဟေး... မဟုတ်သေးပါဘူး၊ ဘာလို့ ဒီလောက်နည်းနည်းပဲ ကျန်တော့တာလဲ… ရှိသေးတယ် မဟုတ်လား…အစ်မ... ကျွန်တော့်အတွက် တစ်ထည်လောက် ချန်ပေးဦးနော်”

“မတိုးနဲ့လေဗျာ၊ ကျွန်တော်က အရှေ့မှာ ရှိနေတာမို့လို့ အရင်ဝယ်ရမှာ”

“ဟေး... ခင်ဗျား ဘာလုပ်တာလဲ...”

“ကျွန်တော်က ဒီနေ့ တာဝန်အပြည့်နဲ့ လာတာနော်၊ မဝယ်ရရင် မပြန်ဘူး...”

“ခင်ဗျားပြောတာလည်း ဟုတ်ပါပြီ၊ ကျွန်တော်လည်း ကျွန်တော့်ချစ်သူအတွက် တစ်ထည် ကြားညှပ်ဝယ်ပေးရမှာ၊ ဘယ်သူမှ တစ်ထည်တည်း ဝယ်နေတာ မဟုတ်ဘူး”

လူအုပ်ကြီးမှာ အလွန်ပင် တိုးဝှေ့ကျပ်ညပ်နေကြသည်။

ချန်ချင်းယွီ : “အားလုံးပဲ မလောကြပါနဲ့ရှင်…ဒီနေ့ ကုန်သွားရင်လည်း မနက်ဖြန် ရှိပါသေးတယ်၊ အားလုံးပဲ စိတ်မလောကြပါနဲ့နော်”

“မနက်ဖြန်ကော လာဦးမှာလား”

ချန်ချင်းယွီ : “လာဦးမှာပါရှင်၊ လေးငါးရက်လောက်တော့ ဆက်တိုက် ရောင်းဖြစ်ဦးမှာပါ၊ အားလုံး ရောင်းကုန်သွားရင်တော့ ပြီးပါပြီ”

လူအုပ်ကြီး ကြားလိုက်ရသောအခါ~~~

ဟင်... လေးငါးရက်ပဲ ရောင်းမှာဆိုတော့ ပစ္စည်းက အများကြီး ရှိမှာမဟုတ်ဘူးပဲ…

“ဒါတော့ မဖြစ်ဘူး၊ အစ်မ မနားပါနဲ့တော့၊ ပစ္စည်းတွေအကုန်လုံးကို တစ်ခါတည်း ထုတ်ယူလာခဲ့လိုက်ပါ… ကျွန်တော်တို့က ရောက်တုန်းရောက်ခိုက် ဝယ်ချင်လို့ပါ”

“ဟုတ်ပဗျာ... ပစ္စည်းတွေ ထပ်ယူလာခဲ့ပါဦး၊ တစ်ရက်ချင်းစီ ခွဲမရောင်းပါနဲ့တော့၊ ဒါက ကျွန်တော်တို့ရဲ့ ဝယ်လိုအားကို အထင်သေးရာ ရောက်နေပြီ”

“မြန်မြန်လုပ်ပါ အစ်မရယ်၊ အခု ကျန်တဲ့အထဲမှာ ဆိုဒ်တွေက မစုံတော့ဘူး ထင်တယ်”

လူတိုင်း တစ်ယောက်တစ်ပေါက်နှင့် ဆူညံစွာ ပြောဆိုနေကြ၍ ချန်ချင်းယွီသည် မျက်လုံးအဝိုင်းသားဖြင့် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရသည်။

မဟုတ်သေးပါဘူး... နင်တို့က ပိုက်ဆံပေးပြီး ဝယ်ရမှာဥစ္စာ၊ ပိုက်ဆံပေးပြီး ဝယ်ရမှာကို ဘာလို့ ဒီလောက်တောင် စိတ်လောနေကြရတာလဲ….

ပိုက်ဆံရှာရမယ့် ကာယကံရှင်ဖြစ်တဲ့ သူမကိုယ်တိုင်တောင် စိတ်မလောသေးပါဘူးနော်…

ချန်ချင်းယွီတစ်ယောက် တကယ့်ကို ဝေခွဲမရ လမ်းပျောက်သွားရ၏။

နေပါဦး…အခုခေတ် ပေကျင်းမြို့တော်က လူတွေက ဒီလောက်အထိ ချမ်းသာနေကြတာလား…

လူနေမှုအဆင့်အတန်းက အခုလောက်အထိ မြင့်မားသွားပြီလား… သောက်ကျိုးနည်း…

ချန်ချင်းယွီ ခေါင်းကိုသာ ကုတ်မိတော့သည်။

သူမ၏ ဝေခွဲမရ ကြောင်တောင်တောင် ဖြစ်နေသည့် ပုံစံလေးမှာ အနည်းငယ် အူကြောင်ကြောင်နိုင်လှသဖြင့် လူတိုင်း သဘောကျကာ ဟားတိုက်ရယ်မောကြ၍ အခြေအနေမှာ အလွန်ပင် ပျော်ရွှင်စရာ ကောင်းနေ၏။

ချန်ချင်းယွီ : “တစ်ရက်လေး နောက်ကျတာလည်း ဘာမှ မကွာခြားပါဘူးနော်...”

“ဘာလို့မကွာတာလဲ၊ ကွာတာပေါ့ဗျာ၊ တကယ်ပါပဲ၊ ကျွန်တော်တို့က သေချာပေါက် ဝယ်မှာမို့လို့ပါ။ ဟုတ်သားပဲ... ဆိုင်ရှင်လေးရယ်၊ ပစ္စည်းသွားယူတာကို ဘာလို့ အများကြီး မယူလာခဲ့တာလဲ... ဒီလောက်အနည်းငယ်လေးကို လေးငါးရက်ရောင်းရင် ကုန်ပြီပဲဥစ္စာ၊ ဒါက အစ်မ အပင်ပန်းခံရတာနဲ့တောင် မတန်ဘူး”

“ဟုတ်ပဗျာ၊ နောက်တစ်ခါကျရင် ပစ္စည်းအများကြီး ပိုယူလာခဲ့ပါဦး”

ချန်ချင်းယွီ : “ဒါက အခုမှ စလုပ်တာဆိုတော့ ကျွန်မ ဘယ်လိုလုပ်ပြီး အများကြီး ယူရဲပါ့မလဲရှင်”

သူမ တိုးတိုးလေး ညည်းတွားလိုက်ကာ

“ကျွန်မလည်း အရင်းပြုတ်မှာ ကြောက်တာပေါ့၊ ဒါကြောင့် အများကြီးမယူရဲဘဲ အခြေအနေ ဘယ်လိုရှိလဲဆိုတာ အရင်ဆုံး စမ်းသပ်ကြည့်တဲ့ သဘောပါပဲ”

“အစ်မက သတ္တိနည်းလွန်းတာ၊ ဒီလိုပစ္စည်းမျိုးက အများကြီး ပိုယူလာရမှာ”

“ဟုတ်ပ၊ ဒီဂျင်းဘောင်းဘီက ဘယ်လိုလုပ်ပြီး ရောင်းမထွက်ဘဲ နေပါ့မလဲ…ဘယ်လောက်တောင် ခေတ်ဆန်လိုက်သလဲ”

“ဆိုင်ရှင်... ကျွန်တော့်ကို အရင်ပေးပါ၊ ခါးဆိုဒ် နှစ်ဆယ့်ငါးဆိုဒ် တစ်ထည် ယူမယ်”

“ဟေး... ခင်ဗျားက ဘာလို့ ကြားဖြတ်ဝယ်နေတာလဲ၊ ကျွန်တော်လည်း ဝယ်မှာပဲ၊ သွားသွား... အနောက်ကို သွားတန်းစီ”

“ဘာတွေ လောနေကြတာလဲဗျာ”

“မကြားမိဘူးလား၊ ဆိုင်ရှင်လေးဆီမှာ ပစ္စည်းက အများကြီး ရှိတာမဟုတ်ဘူးတဲ့၊ ဆက်ရောင်းနေရင် ကျွန်တော်တို့ ဆိုဒ်တွေ ကုန်သွားလိမ့်မယ်”

“ဟာ... ဟုတ်သားပဲ...”

“ဘာပဲဖြစ်ဖြစ် ကျွန်တော် အရင်ဝတ်ရမှ ဖြစ်မယ်”

“ဆိုင်ရှင်လေး... အိမ်ပြန်ပြီး ပစ္စည်းတွေ ထပ်ယူလာခဲ့ပါဦးဗျာ”

“ဟုတ်တယ်ရှင်... ပြန်ယူလာခဲ့ပါဦးနော်”

ချန်ချင်းယွီ : “ဒီနေ့တော့ တော်ပါပြီရှင်၊ အချိန်လည်း ဒီလောက်အထိ လင့်နေပြီဆိုတော့ မနက်ဖြန်မှပဲပေါ့၊ မနက်ဖြန် ကျွန်မ စောစောလာခဲ့ပါမယ်… မောင်လေးတို့၊ အစ်မတို့ ဝယ်ချင်တယ်ဆိုရင်လည်း စောစောလာခဲ့ကြနော်၊ မနက်ဖြန်ကျရင်တော့ ပစ္စည်းတွေ အများကြီး ပိုပြင်ဆင်လာခဲ့ပါ့မယ်”

“အခုမှ စောပါသေးတယ်ဗျာ”

ချန်ချင်းယွီ ရယ်မောလိုက်ရင်း

“မရလို့ပါရှင်၊ ကျွန်မအိမ်က တော်တော်လေး ဝေးတာမို့လို့ အသွားအပြန်ဆိုရင် အချိန်မမီတော့ပါဘူး၊ မနက်ဖြန်မနက်... မနက်ဖြန်မနက်ကျရင် သေချာပေါက် ပစ္စည်းတွေ အများကြီး ပိုပြင်ဆင်လာခဲ့ပါ့မယ်”

“ဒါဆိုလည်း ပြီးရောဗျာ”

“အလို... အစ်မ မနက်ပိုင်း ဘယ်နှနာရီလာမှာလဲ… ကျွန်တော် မနက်အစောကြီးကတည်းက လာ စောင့်နေမှာ...”

ချန်ချင်းယွီ ဤတစ်ခေါက် ပစ္စည်းသွားယူစဉ်~~ စုစုပေါင်း တီရှပ်အင်္ကျီ အထည်သုံးထောင်၊ အမျိုးသားဝတ် ဂျင်းဘောင်းဘီ တစ်ထောင်နှင့် အမျိုးသမီးဝတ် ဂျင်းဘောင်းဘီ တစ်ထောင် သယ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ သူမ ကိုယ်တိုင် ခန့်မှန်းထားသည်မှာ ဆယ်ရက်ခန့်မျှ ရောင်းရလိမ့်မည် ဟူ၍ပင်… သို့သော်လည်း မမျှော်လင့်ဘဲ စတုတ္ထမြောက်နေ့ မွန်းလွဲပိုင်းသို့ ရောက်သောအခါ ဆိုဒ်အချို့ စတင်ပြတ်လပ်လာခဲ့လေ၏။

ပဉ္စမမြောက်နေ့ ညနေစောင်း ဆိုင်သိမ်းချိန်သို့ ရောက်သောအခါတွင်မူ ပစ္စည်းများအားလုံး လုံးဝ ကုန်လုနီးပါး ဖြစ်သွားခဲ့ရလေပြီ… ဆိုဒ်များ ကုန်သွားသဖြင့် အချို့လူများ ဝတ်ဆင်၍ အဆင်မပြေဖြစ်သွားသောကြောင့်သာ တော်တော့သည်~~ မဟုတ်လျှင်မူ နောက်ထပ် နာရီဝက်ခန့်အတွင်း အားလုံး လုံးဝ ပြောင်သလင်းခါသွားလောက်ပေသည်။ ချန်ချင်းယွီသည် မကြာသေးခင် ရက်ပိုင်းအတွင်း ချိုက်မင်မင်နှင့် စကားပြောရန်ပင် အချိန်မရှိခဲ့သလို၊ အိမ်ဝင်းကြီးထဲရှိ အတင်းအဖျင်းများကိုလည်း အာရုံမစိုက်နိုင်ခဲ့ချေ၊ နေ့တိုင်း မနက်စောစော ထွက်သွားပြီး ညမိုးချုပ်မှ ပြန်လာကာ ဈေးသည်ဘဝကိုသာ အသည်းအသန် အာရုံစိုက်နေခဲ့ရ၏။

ဤအချိန်တွင်မှ အိမ်၌ စွမ်းဆောင်ရည်ရှိသော စစ်သူရဲကောင်း အဘွားကြီးကျောက် ရှိခြင်း၏ အကျိုးကျေးဇူးမှာ ထင်ရှားလာတော့သည်။ အဘွားကြီးကျောက်၏ နာမည်ဆိုးမှာ ဟိုးဟိုးကျော်နေသဖြင့် သူတို့မိသားစု ဈေးရောင်းကောင်းပြီး မီးဟုန်းဟုန်း တောက်နေသော်လည်း၊ မည်သူတစ်ဦးတစ်ယောက်မျှ သူမ၏ မျက်နှာရှေ့သို့လာ၍ အနှောင့်အယှက်ပေးရန် သတ္တိမရှိကြပေ။ ကွယ်ရာတွင် အတင်းပြောဆိုခြင်းမျိုး သေချာပေါက် ရှိမည်ဖြစ်သော်လည်း၊ လူတိုင်း ချန်ချင်းယွီ၏ ရှေ့မှောက်တွင်မူ ဘာမှမပြောဝံ့ကြရှာပေ။ မဟုတ်လျှင် အဘွားကြီးကျောက်တစ်ယောက် ဒေါသပေါက်ကွဲသွားလိမ့်မည်သာ…

ရန်လိုတတ်သော မိန်းမကြီးတစ်ယောက်ကို သွားရောက်ရန်စခြင်းမှာ လုံးဝ ပညာရှိရာမကျသော လုပ်ရပ်ဖြစ်သည်ဟု လူတိုင်း ခံစားမိကြ၏။

မည်သို့ပင်ဆိုစေကာမူ ပစ္စည်းများ အလွန်ရောင်းကောင်းလှသဖြင့် မကြာမီ ရက်ပိုင်းအတွင်း ချန်ချင်းယွီတစ်ယောက် သွားဖုံးများ ပေါ်လာသည်အထိ တပြုံးပြုံး ဖြစ်နေခဲ့ရပြီး အလွန်ပင် ပျော်ရွှင်နေမိသည်။

လူသဘာဝအရ ပိုက်ဆံရှာနိုင်ခြင်းသည်လည်း မိမိကိုယ်ကိုယ် သက်သေပြနိုင်သည့် နည်းလမ်းတစ်ခု မဟုတ်လော့။

ချန်ချင်းယွီသည် နှစ်ပေါင်းများစွာကြာအောင် အိမ်ထဲ၌ ပုန်းအောင်းနေခဲ့ရပြီးနောက် ယခုကဲ့သို့ အလုပ်များခွင့် ရရှိလာသဖြင့် လူ၏ စိတ်အခြေအနေပင် လုံးဝ ကွဲပြားသွားခဲ့ရသည်။

နေ့တိုင်း တက်တက်ကြွကြွဖြင့် ပျော်ရွှင်မြူးတူးနေ၏။

“အစ်မချန်”

ချန်ချင်းယွီ ဆိုင်သိမ်းပြီး ပြန်လာစဉ်၊ အိမ်အဝင်ဝသို့ ရောက်သောအခါ အလုပ်ဆင်းပြီး ပြန်လာသည့် လီလင်းလင်းနှင့် အမှတ်မထင် ဆုံမိသွားသည်။

ချန်ချင်းယွီ : “အလုပ်ဆင်းလာတာလား”

“အင်း... အလုပ်ဆင်းလာတာ”

လီလင်းလင်း အနည်းငယ် ရှက်ပြုံးလေး ပြုံးလိုက်ပြီးနောက်၊ ချန်ချင်းယွီ၏ စက်ဘီးကို လှမ်း၍ အကဲခတ်လိုက်ရာ စက်ဘီးခြင်းတောင်းထဲတွင် သေသပ်စွာ ခေါက်ထားသော ဗလာကျင်းနေသည့် ဆာလာအိတ်ခွံအချို့ကို တွေ့လိုက်ရသည်။

“အင်္ကျီတွေ သွားရောင်းတာ ထပ်ပြီး ကုန်သွားပြန်ပြီလား”

ချန်ချင်းယွီ : “ဟုတ်တယ်လေ”

လီလင်းလင်း၏ အပြုံးမှာ ပို၍ တောက်ပသွားသော်လည်း၊ စိတ်ထဲတွင်မူ အနည်းငယ် နှိမ်ချင်စိတ် ပေါက်သွားမိ၏။

ယခုခေတ်ကာလတွင် အလုပ်ကောင်းကောင်း ရှိသူသည် သာမန်အလုပ်ရှိသူကို နှိမ်တတ်ကြပြီး၊ သာမန်အလုပ်ရှိသူသည် အလုပ်မကောင်းသူကို နှိမ်တတ်ကြသည်၊ အလုပ်မကောင်းသူမှာ ယာယီအလုပ်ရှိသူကို နှိမ်တတ်ကြပြီး၊ ယာယီအလုပ်ရှိသူမှာမူ... အလုပ်အကိုင်မရှိ လမ်းသရဲလုပ်နေသူများကို နှိမ်တတ်ကြ၏..

သေချာပေါက်ပင်... လမ်းဘေးဈေးသည်လေးများကိုလည်း နှိမ်တတ်ကြပေသည်။

ယခုခေတ်တွင် လမ်းဘေးဈေးသည်ဆိုသည်မှာ အခြားလူများ၏ အနှိမ်ခံရဆုံးသော အောက်တန်းစား အဆင့်အတန်းမျှသာ ဖြစ်၏။

လမ်းဘေးဈေးသည်များအပေါ် လူတို့၏ အမြင်မှာ ကျေးလက် လယ်သမားများထက်ပင် ပို၍ ဆိုးရွားလှပေသည်။

လီလင်းလင်းသည် အခြားလူများ၏ ရှေ့တွင် မည်သည့် အားသာချက်မျှ မရှိသော်လည်း၊ ချန်ချင်းယွီ၏ ရှေ့တွင်မူ အားသာချက် ရှိနေသည်ဟု ခံစားရ၏။အဘယ်ကြောင့်ဆိုသော် သူမ၏ထံတွင် ပုံမှန်အလုပ် ရှိနေသောကြောင့်တည်း။ လူကို အတူတူ ကယ်ဆယ်ခဲ့ကြခြင်း ဖြစ်သော်လည်း၊ ချန်ချင်းယွီသည်ကား ပစ္စည်းအချို့သာ ရရှိခဲ့သည်။ သူမမှာမူ အလုပ်အကိုင်တစ်ခုကိုပါ ရရှိခဲ့သည် မဟုတ်လော့။

ယာယီဝန်ထမ်း မျှသာ ဖြစ်ဦးတော့၊ အလုပ်ကောင်းတစ်ခု ဖြစ်သည်မှာ အမှန်ပင်။

ကြည့်စမ်းဦးလေ...

အခုဆိုရင် ကျေးလက်ကနေ မြို့ပြန်လာကြတဲ့ ပညာတတ် လူငယ်

အမြောက်အမြားက အလုပ်အကိုင် နေရာချထားဖို့ နေနေသောသာ မနည်း ရုန်းကန်နေကြရတာလေ…

ထိုသို့ တွေးတောမိသောအခါ လီလင်းလင်းသည် မိမိကိုယ်ကိုယ် ပို၍ ဂုဏ်ယူဝင့်ကြွားသွားမိသည်။

သူမ အနည်းငယ် မာနပါပါဖြင့် ပြောလိုက်ကာ

“လမ်းဘေးမှာ ဆိုင်ထိုင်ရတာ တော်တော် ပင်ပန်းမှာပဲနော်… အမှန်တော့ အစ်မတို့ အိမ်ရဲ့ အခြေအနေကလည်း ထူးထူးခြားခြား ဆိုးရွားမနေတာပဲကို၊ ဘာလို့ ဒီလိုအလုပ်မျိုးကို လာလုပ်နေရတာလဲဟင်၊ လူလည်း တော်တော် ရှက်စရာကောင်းတယ်၊ တကယ်လို့ တစ်နေ့နေ့မှာ မူဝါဒတွေ ပြောင်းလဲသွားရင် ကိုယ့်ရဲ့ လူမှုအဆင့်အတန်းကိုတောင် ထိခိုက်သွားနိုင်တယ်နော်”

ချန်ချင်းယွီ : “လမ်းဘေးဈေးရောင်းရတာ ပင်ပန်းတယ်ဆိုပေမယ့်၊ ပုံမှန်ရုံးတက် အလုပ်လုပ်ရတာကော မပင်ပန်းဘူးလား… ဒါက ဘာမှ မဟုတ်ပါဘူး၊ ရှက်စရာကောင်းတယ်လို့လည်း ငါ မထင်ပါဘူး… ငါက နိုင်ငံတော်ရဲ့ မူဝါဒကို တက်ကြွစွာ တုံ့ပြန်နေတာလေ၊ မူဝါဒက လမ်းဘေးဈေးရောင်းခွင့် ပြုထားတာပဲဥစ္စာ၊ ငါ ဒီလိုလုပ်တာ ဘာမှ မှားယွင်းတာ မရှိပါဘူး… ပြီးတော့ မူဝါဒတွေက မကြာခဏဆိုသလို နေ့ချင်းညချင်း ပြောင်းလဲသွားလိမ့်မယ်လို့လည်း ငါ မယုံကြည်ပါဘူး၊ ငါက တရားမဝင် စက်ရုံခိုးဖွင့်နေတာလည်း မဟုတ်ဘူး၊ လမ်းမပေါ်မှာ ဈေးရောင်းတာက ဘာဖြစ်လို့လဲ… လူမှုအဆင့်အတန်းကို ထိခိုက်မယ်ဆိုတာကတော့ ပိုပြီးတော့တောင် အခြေအမြစ်မရှိတဲ့ စကားပဲ၊ ဩော်... ဒါနဲ့ စကားမစပ်၊ အခုခေတ်မှာ လူမှုအဆင့်အတန်းတွေကို အရင်လို သိပ်ပြီး အာရုံမစိုက်ကြတော့ပါဘူး… ညီမလေးလည်း အတိတ်ကိုပဲ အမြဲတမ်း ပြန်ပြန်ပြီး ငဲ့မကြည့်နေပါနဲ့ဦး”

ချန်ချင်းယွီ စိတ်ထဲမှတတွတ်တွတ် ရေရွတ်လိုက်သည်မှာ~~

‘အိမ်ထောင်ရှိတဲ့ ယောက်ျားနဲ့ ကွယ်ရာမှာ ဖောက်ပြန်ပွေလီနေတဲ့ နင်လို မိန်းမကများ၊ ငါ့ရှေ့မှာ လာပြီး ဟန်ဆောင်ပန်ဆောင် ဟန်ကြီးပန်ကြီး လာလုပ်မနေနဲ့ဦး’…

လီလင်းလင်းသည် မူလကတည်းက စကားအပြောအဆို ညံ့ဖျင်းသူဖြစ်ရာ၊ ချန်ချင်းယွီ ယခုကဲ့သို့ ပြတ်ပြတ်သားသား ပြောလိုက်သောအခါ သူမ မည်သို့ ပြန်လည်ချေပရမှန်း မသိတော့ပေ။စိတ်ထဲတွင်မူ လမ်းဘေးဈေးသည်ကို ဆက်လက်နှိမ်နေဆဲ ဖြစ်သော်လည်း၊ မူဝါဒများ ပြောင်းလဲသွားလိမ့်မည်ဟူသော စကားကိုမူ ထပ်မံ၍ မပြောဝံ့တော့ပေ။ ဤကဲ့သို့သော စကားမျိုးသည် ပေါ့ပေါ့ဆဆ ပြော၍မရကာဒုက္ခရောက်သွားနိုင်၏။

ဤအချက်ကြောင့်ပင် ချန်ချင်းယွီသည် အမြဲတမ်း “နိုင်ငံတော် မူဝါဒက ခွင့်ပြုထားလို့၊ သူမက မူဝါဒရဲ့ တောင်းဆိုချက်ကို တက်ကြွစွာ တုံ့ပြန်နေတာ” ဆိုသည့် စကားလုံးအချို့ကို တမင်တကာ ထပ်ခါတလဲလဲ ထည့်သွင်းပြောဆိုနေခြင်း ဖြစ်သည်။

သူမသည် အခြားလူများ မိမိအပေါ် လာရောက် စကားများခြင်း မပြုနိုင်ရန် ပိတ်ပင်လိုက်ခြင်း ဖြစ်ပြီး၊ မည်သူမဆို ဤအချက်အပေါ် လာရောက်ဝေဖန်ပါက ကိစ္စရပ်သည် ရှင်းရခက်သွားလိမ့်မည်သာ…

ထိုခေတ်ကာလ နိုင်ငံရေးမုန်တိုင်းကြီး (ယဉ်ကျေးမှုတော်လှန်ရေး) ပြီးဆုံးသွားခဲ့ပြီ ဆိုသော်လည်း၊ လူတိုင်း စကားပြောဆိုရာတွင် အလွန်အမင်း သတိထားနေကြဆဲဖြစ်ပြီး ဒုက္ခတစ်စုံတစ်ရာ ပေါ်ပေါက်လာမည်ကို စိုးရိမ်နေကြဆဲ ဖြစ်၏။

ချန်ချင်းယွီသည် ဤစိတ်ပညာကို အမိအရ ဆုပ်ကိုင်ထားနိုင်ခြင်းကြောင့်သာ သူမ လမ်းဘေးဈေးရောင်းသည့်အခါ မည်သူတစ်ဦးတစ်ယောက်မျှ လာရောက်၍ တတွတ်တွတ် အပြစ်မပြောဝံ့ကြခြင်း ဖြစ်ပေသည်။

သေချာတာပေါ့... အဘွားကြီးကျောက်ရဲ့ ရန်လိုတတ်တဲ့ အကျင့်ကလည်း အဓိက အကြောင်းအရင်း တစ်ခုပေါ့လေ…

ဒါပေမဲ့ အဲဒါက အိမ်ဝင်းထဲက လူတွေအပေါ်မှာပဲ အာဏာပြလို့ ရတာလေ… အပြင်လူတွေက အဘွားကြီးကျောက် ဘယ်လိုလူစားလဲဆိုတာ မသိကြသလို၊ မသိလည်း မသိကြတော့ ဘာမှ ကြောက်လန့်စရာလို့ မထင်ဘူး…ဩဇာညောင်းမှာလည်း မဟုတ်ဘူး…

ဒါပေမဲ့ ချန်ချင်းယွီ ပြောတဲ့စကားကတော့ တကယ့်ကို ထိရောက်မှု ရှိတယ်လေ...

ချန်ချင်းယွီ ဤသို့ပင် အမြဲတမ်း ပြောဆိုတတ်သဖြင့် ဈေးရောင်းရသည်မှာ တော်တော်လေး သက်သာချောင်ချိလှပေသည်။

ချန်ချင်းယွီသည် လီလင်းလင်းနှင့်အတူ အိမ်ဝင်းထဲသို့ ဝင်လာခဲ့ရာ၊ လီလင်းလင်း နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း

“အစ်မ... အစ်မက ဘယ်နေရာမှာ ဈေးသွားရောင်းတာလဲဟင်”

ချန်ချင်းယွီ: “ဘာဖြစ်လို့လဲ… လာကြည့်မလို့လား၊ ညီမလေးလည်း ကိုယ့်အလုပ်ကိုယ်ပဲ သေချာလုပ်ပါဦး…အလုပ်ပျက်ကွက်တာ မကောင်းဘူးနော်”

လီလင်းလင်း၏ နှုတ်ခမ်းများမှာ ပို၍ တင်းတင်းစေ့သွားတော့သည်။

ချန်ချင်းယွီ : “ငါ ပြန်ပြီနော်၊ တစ်နေ့ခင်းလုံး စကားပြောလိုက်ရတာ တကယ့်ကို လည်ချောင်းတွေပါ မသက်မသာ ဖြစ်နေပြီ”

ချန်ချင်းယွီသည် လီလင်းလင်းနှင့် ထပ်ပြီး စကားအရှည်ကြီး မပြောချင်တော့ချေ။ သူမ ဤကမ္ဘာသို့ စတင် ရောက်ရှိခါစ၌ လီလင်းလင်းကို အလွန် လိမ္မာယဉ်ကျေးသည့် မိန်းကလေးတစ်ယောက်ဟု ထင်မှတ်ခဲ့သော်လည်း၊ နောက်ပိုင်းတွင်မူ... အမှန်ပင် လူနှင့်လူဆိုတာက ရေရှည်ပေါင်းသင်းကြည့်မှသာ ဘယ်လိုလူစားလဲဆိုတာ သိနိုင်တာပါတကား…

ဤမိန်းကလေးမှာ တကယ့်ကို အမှားအမှန် ဝေခွဲမရဘဲ ဖြစ်နေရှာသည်။

တကယ့်ကို လူမိုက်ပဲ..

ချန်ချင်းယွီ အိမ်ပြန်ရောက်၍ တံခါးဖွင့်လိုက်စဉ်

“ရှောင်ချန်...”

ချန်ချင်းယွီ လှည့်ကြည့်လိုက်ရာ

“အစ်မမင်မင်… ရှင်လည်း ရောင်းလို့ ကုန်ပြီလား”

ချိုက်မင်မင် ခေါင်းညိတ်ပြလိုက်ရာ၊ သူမ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး

“လာလာလာ... အိမ်ထဲဝင်ပြီးမှ ပြောရအောင်”

သူတို့နှစ်ဦးစလုံးသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အသီးသီး အလုပ်ရှုပ်နေကြသဖြင့် စကားစမြည်ပြောရန် အခွင့်အရေး လုံးဝမရှိခဲ့ကြပေ။ ယခု ဆုံမိသောအခါ ချိုက်မင်မင်မှာ အိမ်ထဲသို့ တန်းဝင်လာပြီး သက်ပြင်းချကာ

“နင် မသိပါဘူးဟာ... ငါ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ တကယ့်ကို... ပင်ပန်းပေမဲ့ ပျော်စရာကြီး ဖြစ်နေတာ...”

ဤစကားမှာ အပိုပြောခြင်း မဟုတ်​ပေ။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ချိုက်မင်မင်တစ်ယောက် ချန်ချင်းယွီနှင့် အသည်းအသန် စကားပြောချင်နေခဲ့သော်လည်း~~

သောက်ကျိုးနည်းမှပဲ... အချိန်ကို မရှိတာပါ...

သူမသည် ယခုတစ်ခေါက် ကွမ်ကျိုးသို့ သွားစဉ် ငွေတစ်ထောင်ဖိုးခန့်ရှိသော ကုန်ပစ္စည်းများကို ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။ ချန်ချင်းယွီနှင့် ယှဉ်လျှင် ဘာမှမဟုတ်သော်လည်း၊ ငွေတစ်ထောင်ဆိုသည်မှာ ငွေအနည်းငယ် မဟုတ်ပေ~~

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြည့်လျှင် အိမ်ထောင်စု အများစုမှာ အပိုငွေ တစ်ရာယွမ် စုဆောင်းမိရန်ပင် အသည်းအသန် ကြိုးစားနေရခြင်း ဖြစ်ပြီး၊ လူအတော်များများမှာ လခစားပြီးလျှင် ချက်ချင်း ကုန်သွားတတ်ကြသဖြင့် ယခင်လ ပိုက်ဆံကို နောက်လအတွက် ကြိုတင်ချေးငှားသုံးစွဲရင်း ဤသံသရာထဲတွင် လည်ပတ်နေကြရ၏။ လူပေါင်းများစွာ ချိုက်မင်မင်ကို အဘယ်ကြောင့် ဤမျှလောက် အားကျနေကြသနည်း။

သူမသည် ယောက်ျားနောက် လိုက်ပြီး မြို့ပေါ်သို့ တက်လာနိုင်

ခြင်းနှင့် ဤနေရာသည် မြို့တော်ဖြစ်နေခြင်းကြောင့် တင်မကဘဲ၊

သူမ၏ အိမ်တွင်းအခြေအနေမှာ အမှန်တကယ် မဆိုးလှသောကြောင့် ဖြစ်၏။

မာကျန့်ယီသည် ကြည့်ရသည်မှာ နေ့တိုင်း ပျော့တိပျော့ဖတ်နှင့် ပြဿနာများကို ရောချတတ်သည့် အဘိုးကြီးတစ်ဦး ဖြစ်ပုံရသော်လည်း၊ သူသည် လူပေါင်းသောင်းချီရှိသော နိုင်ငံပိုင် စက်ရုံကြီးတစ်ခု၏ ထောက်ပံ့ရေးဌာနမှ ဒုတိယအရာရှိ အစစ်အမှန် ဖြစ်ပေသည်... မိမိ၏ ယောက်ျားသည်လည်း သိက္ခာရှိသော ကျောင်းဆရာတစ်ဦး ဖြစ်ပြီး၊ အိမ်ရှိ အခြားလူများအတွက်လည်း ပူပန်စရာ မလိုပေ။

ဤအခြေအနေမျိုးသည် ရွှေမြို့တော်ထဲတွင်ပင် အလွန်ကောင်းမွန်သော အဆင့်အတန်း ဖြစ်၏။

ထို့ကြောင့်လည်း ချိုက်မင်မင်သည် ပစ္စည်းသွားယူရန်အတွက် ငွေတစ်ထောင်ယွမ် ထုတ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ သူမအနေဖြင့် ဤမျှလောက်များပြားသော ငွေကြေးကို ပထမဆုံးအကြိမ် ကိုင်တွယ်ရခြင်း ဖြစ်သဖြင့် စိတ်ထဲတွင် တုန်လှုပ်ချောက်ချားနေခဲ့ရ၏။

သို့သော်လည်း မမျှော်လင့်ထားဘဲ သူမ ကြိုတင်စိုးရိမ်ခဲ့သည့် နှိမ်ချခြင်းခံရခြင်းများ၊ ရန်လိုခြင်းများ၊ အဖမ်းခံရခြင်းများမှာ လုံးဝ ဖြစ်မလာခဲ့ပေ။

သူမကဲ့သို့ လမ်းဘေးဈေးသည်လေးကို မည်သူမျှ လာရောက်၍ အရေးမယူကြပေ။

သူမသည် စားသောက်ကုန်စက်ရုံ အဝင်ဝတွင် ဆိုင်ထိုင်ခဲ့ခြင်း ဖြစ်ပြီး၊ စားသောက်ကုန်စက်ရုံတွင် အမျိုးသမီးဝန်ထမ်း များပြားလှသဖြင့် သူမ ရောင်းချသည့် ပစ္စည်းလေးများသည် ထိုနေရာတွင် ရောင်းချရန် အသင့်တော်ဆုံး ဖြစ်သည်။ အမှန်အတိုင်း ပြောရလျှင် တကယ့်ကို အဆင်ပြေလှပေသည်...

သူမ ပထမဆုံးနေ့ ဆိုင်စတင်ချခါစ၌ ရင်တုန်စိတ်လှုပ်ရှားမှုပင် မပြယ်သေးခင်~~~ စားသောက်ကုန်စက်ရုံရှိ အမျိုးသမီးဝန်ထမ်း အချို့နှင့် တွေ့ဆုံကာ ချက်ချင်းပင် အဖွင့်လှခဲ့ပြီး၊ ထို့နောက်တွင်လည်း နောက်ထပ်တစ်သုတ်ပြီး တစ်သုတ် ရောက်လာကြပြန်၏။ မည်သို့ပင်ဖြစ်စေ မကြာသေးခင် ရက်ပိုင်းအတွင်း သူမ အလွန် အဆင်ပြေပြေ ရောင်းချခဲ့ရသည်။ ပစ္စည်းများမှာလည်း တစ်ဝက်ခန့် လျော့နည်းသွားခဲ့လေပြီ~~

“နင် ငါ့ကို အမျိုးသမီးဝန်ထမ်း များတဲ့ စက်ရုံအဝင်ဝတွေမှာ သွားရောင်းရင် ပိုကောင်းမယ်လို့ ပြောတုန်းက၊ ငါတောင် သေချာ မရေရာခဲ့ဘူး၊ မမျှော်လင့်ဘဲ တကယ်ကို အဆင်ပြေတာပဲ”

ချိုက်မင်မင် စိတ်လှုပ်ရှားစွာဖြင့်

“ငါ ဒီရက်ပိုင်းအတွင်း ဈေးရောင်းရတာ နေ့တိုင်း လူတွေ အများကြီးပဲ… အခြားနေရာက လူတွေတောင် ငါ့ဆီမှာ လာဝယ်ကြသေးတယ်၊ အော်... ဟုတ်သားပဲ၊ ဒါတင်မကသေးဘူး၊ ဒီနေ့မနက် ငါ ဆိုင်ထွက်ခါစတုန်းက ဝမ်မေ့လန်နဲ့ တွေ့တော့ သူမက ငါ့ကို သူတို့ရဲ့ အထည်ချုပ်စက်ရုံ အဝင်ဝမှာ သွားရောင်းဖို့ လာတိုင်ပင်သေးတယ်… ငါလည်း မနက်ဖြန် သွားမယ်လို့ ကတိပေးလိုက်တယ်။ ငါ့အထင်တော့ နောက်ထပ် လေးငါးရက်လောက်ဆိုရင် ငါ့ပစ္စည်းတွေအကုန်လုံး ရောင်းကုန်တော့မှာ”

ဤကဲ့သို့သော စိတ်လှုပ်ရှားဝမ်းသာစရာ စိတ်အခြေအနေမျိုးကို သူမအနေဖြင့် အခြားလူများကို ပြောပြရန် အဆင်မပြေပေ။

၎င်းက ကြွားဝါလွန်းရာ ရောက်နေမည် မဟုတ်ပါလား…

သို့သော် ချန်ချင်းယွီကိုမူ ပြောပြ၍ ရသည်သာ…

သူတို့နှစ်ဦးစလုံးက ဘဝတူတွေပဲ ဥစ္စာ~~

သူမသည် အိမ်ထဲကို တစ်ချက်လှမ်းကြည့်ကာ အာမေဍိတ်အသံပြုလိုက်ရင်း

“နင်က ငါ့ထက် ဆိုင်စောထွက်တာ တစ်ရက်ပဲ ရှိသေးတာကို၊ ဘာလို့ ပစ္စည်းတွေက ဒီလောက်တောင် နည်းသွားရတာလဲ၊ အားလုံးနီးပါး ရောင်းကုန်တော့မှာလား”

ချန်ချင်းယွီ: “အစ်မရဲ့ ပစ္စည်းတွေက ကြည့်ရတာ သေးငယ်ပေမယ့် အမှန်တော့ အရေအတွက် ပိုများတာလေ… ဘာပဲဖြစ်ဖြစ် အားလုံးက ပစ္စည်းအသေးအဖွဲလေးတွေပဲဥစ္စာ၊ ကျွန်မပစ္စည်းတွေကတော့ အထည်အလည်အကြီးကြီးတွေမို့လို့ နေရာယူတယ်၊ ဒါပေမဲ့ အရေအတွက်ကတော့ အစ်မလောက် မများလှပါဘူး၊ ဒါကြောင့်မို့လို့ ပိုပြီး မြန်မြန်ရောင်းထွက်သွားတာပေါ့… ကျွန်မဆိုရင် အခု ဆိုဒ်တွေတောင် ပြတ်နေပြီ”

ချိုက်မင်မင် : “အဲဒါလည်း ဟုတ်တာပဲ၊ အေး... ဒါနဲ့ ငါတို့ ဒီတစ်ခေါက် ပစ္စည်းတွေ ရောင်းကုန်သွားရင် တောင်ပိုင်းကို ထပ်သွားဦးမလား”

ချန်ချင်းယွီ: “အစ်မကော ဘယ်လိုလဲ… ထပ်သွားချင်သေးလား”

ချိုက်မင်မင် ခေါင်းညိတ်ပြရင်း

“သေချာပေါက် သွားရမှာပေါ့၊ ပိုက်ဆံရတာပဲဟာကို၊ ငါ အရင်တုန်းက ပိုက်ဆံကို ကိုင်ထားရတယ်ဆိုပေမယ့် အဲဒါကလည်း သတ်မှတ်ချက်ရှိတယ်လေ၊ ငါ့ယောက်ျား မာကျန်း ရှာတဲ့ ပိုက်ဆံကို ငါ့လက်ထဲ ထည့်ထားတာ… ငါ တကယ့်ကို သဘောရှိ သုံးစွဲဖို့ မဝံ့ရဲခဲ့ဘူး၊ ကိုယ်တိုင်ရှာတဲ့ ပိုက်ဆံမဟုတ်တော့ စိတ်ကြိုက် မသုံးရဲတာပေါ့၊ ကိုယ်က ပိုက်ဆံတွေ အများကြီး သုံးမိရင် ယောက္ခမတွေက မကျေမနပ်ဖြစ်မှာ စိုးရိမ်ရသလို၊ မာကျန်းလည်း နှမြောမိမှာ စိုးရိမ်ရတယ်လေ”

ချန်ချင်းယွီ ခေါင်းလေးစောင်းကာ နားထောင်နေသည်။

ချိုက်မင်မင် ဆက်၍

“မာကျန်းက ငါ့အပေါ် တော်တော်ကောင်းပါတယ်၊ ငါ့ကိုပဲ အိမ်ထောင်ဦးစီးအဖြစ် ပိုက်ဆံကိုင်ခိုင်းတာပဲ… ဒါပေမဲ့ သူက အဲလိုပြောပေမယ့်လည်း ငါက ကိုယ့်သဘောအတိုင်းပဲ စိတ်ကြိုက် လုပ်လို့မှ မရတာ၊ လင်မယားနှစ်ယောက် အတူတူ နေထိုင်ကြတဲ့အခါ အမြဲတမ်း တစ်ဦးနဲ့တစ်ဦး အလျှော့အတင်းလုပ်ပြီး အပြန်အလှန် ဂရုစိုက်မှသာ ဘဝက ပိုပြီး ကောင်းမွန်မှာလေ၊ မာကျန်းက ငါ့အပေါ် ကောင်းတော့ ငါလည်း ပိုက်ဆံကို ဖြုန်းတီးလို့ မဖြစ်ဘူးပေါ့၊ ဒါပေမဲ့ အခုတော့ ငါကိုယ်တိုင် ပိုက်ဆံရှာနိုင်ပြီလေ၊ ဒီခံစားချက်က... ဟဲဟဲ... တကယ့်ကိုပဲ နွေဦးကာလမှာ ‘ပေပင်းယန်’ (ပေကျင်းမြို့တော်အအေးအမှတ်တံဆိပ်) သောက်ရသလိုပဲ နေ့တိုင်း တကယ့်ကို လန်းဆန်းလွန်းတယ်… တစ်ခုခု ဝယ်ချင်ရင်တောင်မှ ငါ့မှာ ပိုပြီး အားကိုးစရာ ရှိလာပြီ… အရင်တုန်းက နှစ်သစ်ကူးလို ပွဲလမ်းသဘင်တွေမှာ မိဘအိမ်အတွက် လက်ဆောင်ပြင်ဆင်တဲ့အခါ အများကြီး ယူသွားဖို့ ငါ မပြောရဲခဲ့ဘူး၊ ဒါပေမဲ့ အခု ငါကိုယ်တိုင် ပိုက်ဆံရှာတော့ ငါ့အဖေနဲ့အမေ၊ ပြီးတော့ မောင်လေးအစ်ကိုတွေကို ပိုပြီး ဝယ်ပေးတာက ငါ့ရဲ့ ကိုယ်ပိုင်ကိစ္စပဲ ဖြစ်သွားပြီ… ငါ့မိသားစုက အခြားလူတွေနဲ့ မတူဘူး၊ သူတို့က ငါ့အပေါ် အရမ်းကောင်းကြတာ၊ အရင်တုန်းက ငါနဲ့ မာကျန်း ရွာမှာ ရှိနေတုန်းကလည်း ငါ့အစ်ကိုမောင်လေးတွေကပဲ ငါတို့အိမ်အတွက် အလုပ်အကျွေးပြုပြီး ငါတို့ကို အားကိုးရာ ဖြစ်စေခဲ့တာ… တကယ်လို့ ငါ့မှာ စွမ်းဆောင်ရည် ရှိလာရင် သေချာပေါက် သူတို့အပေါ် ပြန်ပြီး ကောင်းရမှာပေါ့၊ အရင်တုန်းက ပိုက်ဆံက အကန့်အသတ်ရှိတော့ ငါ့ရဲ့ မိသားစုလေးနဲ့ ကလေးတွေကိုပဲ မဖြစ်မနေ အရင် ထည့်တွက်ခဲ့ရတယ်… ဒါပေမဲ့ အခု ပိုက်ဆံ ပိုရှာနိုင်လာတော့ ငါ ပိုပြီး လက်ဖွာလို့ ရသွားပြီပေါ့”

ချိုက်မင်မင်သည် မိသားစုရေးရာ အိမ်တွင်းရေးရာများကို တစ်တွတ်တွတ်နှင့် အများကြီး ပြောဆိုနေ၏။

ချန်ချင်းယွီ ရယ်မောမိသွားသည်။

ကြည့်စမ်းဦးလေ...

ကြည့်စမ်း... ကြည့်စမ်းဦး...

သူမ ယောက္ခမ အဘွားကြီးကျောက် က သူမ ဘာကြောင့် နောက်အိမ်ထောင်ပြုဖို့ (ဒုတိယနွေဦး) ကို ဘယ်တော့မှ ထည့်မစဉ်းစားရသလဲဆိုပြီး စဉ်းစားမရ ဖြစ်နေသေးတယ်…

နောက်အိမ်ထောင် ဆိုတာ ဘာအဓိပ္ပာယ် ရှိလို့လဲ...

ချိုက်မင်မင်နှင့် မာကျန်းတို့ကဲ့သို့ သံယောဇဉ် အလွန်ကောင်းမွန်လှသည့် လင်မယားနှစ်ဦးပင် ဘဝတွင် တစ်ဦးနှင့်တစ်ဦး အလျှော့အတင်းလုပ်ပြီး အများကြီး ထည့်တွက်နေရသေးသည်၊ မိဘအိမ်ကို ပြန်လည်ထောက်ပံ့ရာတွင်ပင် အားနာစိတ်နှင့် စိုးရိမ်စိတ် ရှိနေရသေးသည်။ ထိုသို့လူပင် ဤကဲ့သို့ ဖြစ်နေရသည်ဆိုလျှင်၊ သာမန် သံယောဇဉ်ရှိရုံမျှသာ ဖြစ်သည့် အိမ်ထောင်စုများကို ပြောနေစရာပင် မလိုတော့ပေ။

ဒါကြောင့်မို့လို့... ယောက်ျားရှာရမှာကို စိတ်ကုန်တာ...

သူမတစ်ယောက်တည်း နေရတာ ဘယ်လောက်တောင် လွတ်လပ်ပေါ့ပါးပြီး သက်တောင့်သက်သာ ရှိလိုက်သလဲ... အရာအားလုံးကို မိမိဘာသာ ဆုံးဖြတ်လို့ ရနေတာပဲကို၊ ဘာဖြစ်လို့ မဖြစ်မနေ ယောက်ျားတစ်ယောက်ကို ရှာပြီး မိမိကိုယ်ကိုယ် ကန့်သတ်ချက် သံခြေကျင်း အခတ်ခံရမှာလဲ…

ချန်ချင်းယွီ ကိုယ်တိုင်သည်လည်း ယောက်ျားများအပေါ် စိတ်ဝင်စားမှု သိပ်မရှိလှပေ။

‘နှလုံးသားထဲမှာ ယောက်ျားမရှိရင်၊ ဓားကို ဆွဲထုတ်လိုက်တာနဲ့ နတ်ဘုရားလို အစွမ်းထက်နေမှာပဲ’…

ဤကဲ့သို့သော စကားပုံမျိုး ရှိသည် မဟုတ်လော့~~

၎င်းစာစုမှာ လက်ရှိ သူမ၏ အခြေအနေနှင့် အလွန်ကိုက်ညီသည်ဟု သူမ ခံစားရ၏။

ချန်ချင်းယွီ: “ဒါဆိုရင် အစ်မလည်း ဒီအလုပ်ကို ဆက်လုပ်လို့ရတယ်လို့ ထင်ရင်၊ ဒီတစ်သုတ် ရောင်းကုန်တာနဲ့ ကျွန်မတို့ တောင်ပိုင်းကို နောက်တစ်ခေါက် ထပ်သွားကြမလား”

“ရတာပေါ့... ဒါက တကယ့်ကို အဆင်ပြေတယ်... ငါ့မိသားစုကလည်း ဒီကိစ္စကို ငါ့ဘာသာ ဆုံးဖြတ်ဖို့ ပြောထားတာဆိုတော့၊ ငါ့ဘာသာ ဆုံးဖြတ်ရမယ်ဆိုရင် သေချာပေါက် ဆက်လုပ်မှာပေါ့။ ပိုက်ဆံရတာပဲဟာကို၊ အေး... ငါ နင့်ကို ပြောပြရဦးမယ်...”

သူမသည် လေသံကို လျှော့ချလိုက်ပြီး တိုးတိုးလေး ပြောကာ

“ငါ လေးငါးရက်လောက် လမ်းဘေးဈေးရောင်းပြီး ရှာလို့ရတဲ့ ပိုက်ဆံက၊ ငါ့ယောက်ျား တစ်နှစ်လုံးစာ ရှာတဲ့ လစာထက်တောင် ပိုများသေးတယ်”

ချန်ချင်းယွီလည်း အသံကို တိုးတိုးလေး ပြုလုပ်လိုက်ရင်း

“ကျွန်မလည်း တူတူပဲ”

သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး စိုက်ကြည့်လိုက်ကြပြီး၊ “ခစ်ခစ်ခစ်” နှင့် တိုးတိုးတိတ်တိတ် ခိုး၍ ရယ်မောကြတော့သည်။

ချန်ချင်းယွီ : “ဒီတစ်ခေါက် ပစ္စည်းတွေ ရောင်းကုန်သွားရင်၊ နောက်တစ်ခေါက် ပစ္စည်းသွားယူတဲ့အခါ ဘာတွေ ထပ်ယူရမလဲဆိုတာ သေချာ စဉ်းစားလို့ရပြီ… မြို့တော်မှာ လူဦးရေ များပြားတယ် ဆိုပေမယ့်လည်း၊ ပိုက်ဆံအကုန်အကျခံပြီး ဝယ်ယူမယ့်လူကတော့ အကန့်အသတ် ရှိတာပဲလေ၊ ဥပမာအားဖြင့် စားသောက်ကုန်စက်ရုံ အဝင်ဝမှာ ခြေအိတ်တွေကို တစ်သုတ် ရောင်းပြီးသွားပြီဆိုတော့၊ နောက်တစ်ခါ သွားရောင်းရင်တော့ သေချာပေါက် အရင်လို အဆင်ပြေမှာ မဟုတ်တော့ဘူး၊ ဘာလို့လဲဆိုတော့ သူတို့က ဝယ်ပြီးသား ဖြစ်နေလို့ပဲ”

“အာ... အဲဒါလည်း ဟုတ်တာပဲနော်”

ချန်ချင်းယွီ : “ဒါတွေကိုတော့ အိမ်ပြန်ရောက်ရင် အစ်မယောက်ျား မာကျန်းနဲ့ သေချာ တိုင်ပင်ကြည့်ပါဦး၊ ကျွန်မ ကြည့်ရသလောက်တော့ သူက ဦးနှောက် တော်တော်ပြေးတယ်”

ချိုက်မင်မင် : “အင်းအင်း... ပြန်ရင် သူ့ကို သေချာ တိုင်ပင်လိုက်မယ်… ငါ့ယောက်ျားကတော့ ငါ့ကို အမြဲတမ်း အားပေးကူညီပါတယ်၊ နင် မသိပါဘူး... ငါတို့အိမ်က ယွမ်မိသားစုနဲ့ မျက်နှာချင်းဆိုင် မဟုတ်လား… သူတို့အိမ်ကလူတွေက ငါ လမ်းဘေးဈေးရောင်းတာကို တော်တော် နှိမ်ကြတာဟ၊ ယွမ်ဟောက်ဖုန်း က ကွမ်ထင်းထင်းကို ပြောနေသေးတယ်... ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအလုပ်မျိုးကို မလုပ်သင့်ဘူး၊ လူတောထဲမှာ အရှက်ခွဲတာပဲတဲ့… ငါက မာမိသားစုရဲ့ မျက်နှာကို အိုးမည်းသုတ်နေတာတဲ့၊ ဟဲ့... ဒါက တကယ့်ကို စိတ္တဇ ဖြစ်နေတာ မဟုတ်ဘူးလား… ငါ့ရဲ့ အိမ်တွင်းရေးကိစ္စကို ငါ့ယောက်ျားကိုယ်တိုင်ကတောင် သဘောတူထားတာပဲကို၊ သူက ကွယ်ရာမှာ ဘာလို့ လာပြီး တတွတ်တွတ် ဝေဖန်နေရတာလဲ”

ချန်ချင်းယွီ နှုတ်ခမ်းကို မဲ့လိုက်

ရင်း~~

ဒီယွမ်ဟောက်ဖုန်း ဆိုတဲ့လူကတော့ တကယ်ပါပဲ…

ကိုယ့်အမေက အခြားလူနဲ့ အရှုပ်ထုပ်ဖြစ်နေတာကိုကျတော့ အရှက်ရရမှန်းမသိဘူး… ကိုယ်တိုင်က အခြားလူနဲ့ ဖောက်ပြန်ပွေလီနေတာကိုကျတော့ အရှက်ရရမှန်းမသိဘူး… အခု အိမ်နီးနားချင်းက ကိုယ့်ရဲ့ လုပ်အားနဲ့ ကိုယ့်ရဲ့ လက်နှစ်ဖက်ကို အားကိုးပြီး ရိုးရိုးသားသား ပိုက်ဆံရှာနေတာကိုကျတော့၊ အခြားလူရဲ့ မိသားစုကိုယ်စား လာပြီး အရှက်ရနေပေးသေးတယ်~~~

မျက်နှာအရေပြားက ဘာဖြစ်လို့ ဒီလောက်တောင် ထူရတာလဲ မသိဘူး… ခွေးကောင်…

ချန်ချင်းယွီ မျက်လုံးကို အပေါ်ပင့်ကြည့်လိုက်ရင်း

“အရင်တုန်းက ဘာလို့ မသိခဲ့ရတာလဲ၊ ဒီလူက ဒီလောက်အထိ အသိတရားမဲ့တာပဲ… သူတို့အိမ်က အရှုပ်ထုပ် ပေစုတ်စုတ် ကိစ္စရပ်တွေကိုတင် ရှက်ရမှန်းမသိဘဲနဲ့၊ အခြားလူကို လာပြီး အပြစ်ပြောရဲသေးတယ်၊ တကယ့်ကို ဘာကောင်မှန်း မသိဘူး”

“ဟုတ်တယ်ရယ်”

ချန်ချင်းယွီ : “ဒါနဲ့... အစ်မရဲ့ ယောက္ခမကော၊ မကျေမနပ် ဖြစ်နေသေးလား”

ချိုက်မင်မင် : “သူမက ပထမဆုံးနေ့တုန်းကတော့ မျက်နှာ တော်တော် ပျက်နေတာပေါ့၊ တကယ်ပဲ အရှက်ရတယ်လို့ ခံစားရလို့ နေမှာပေါ့… ဒါပေမဲ့ အဲဒီနေ့ညမှာ ငါ ပိုက်ဆံတွေ ထိုင်ရေတွက်နေတာကို တွေ့လိုက်ရတော့ မျက်နှာထားက ချက်ချင်း ပြောင်းသွားတာပဲ၊ အခုဆိုရင် ငါ့ထက်တောင် ဇွဲထက်သန်နေသေးတယ်၊ တကယ်လို့ ငါတို့အိမ်မှာ ကလေးနှစ်ယောက်ကို ထိန်းပေးရမယ့်အလုပ်သာ မရှိရင်၊ သူမကိုယ်တိုင် တောင်ပိုင်းကို သွားပြီး ပစ္စည်းယူ လမ်းဘေးထွက် ရောင်းချင်နေတာ… ငွေကြေးဓန ဆိုတာကတော့ လူ့နှလုံးသားကို တကယ့်ကို လှုပ်ခတ်စေနိုင်တာပဲ မဟုတ်လား...”

ချိုက်မင်မင် ကိုယ်တိုင်ပင် ထိုစဉ်၌ ဆွံ့အသွားရသည်။

တကယ့်ကိုပဲ... သူမ၏ ယောက္ခမကြီးသည် ဤမျှလောက်နှင့်တင် ငွေကြေးဓနအောက်တွင် ဒူးထောက်အရှုံးပေးသွားခဲ့လေ၏…

ချန်ချင်းယွီလည်း မအောင့်အီးနိုင်ကာ တဟားဟား ရယ်မောမိသွားတော့သည်။

“ဒါတင်မကသေးဘူးနော်... ငါတို့အိမ်ဝင်းထဲက လူအတော်များများက ငါ့ယောက္ခမဆီလာပြီး ငါတို့နှစ်ယောက်အကြောင်း လာစပ်စုကြသေးတယ်… ဒီနေ့မနက်တင် ဝမ်မေ့လန်က ငါ့ဆီလာပြီး လမ်းဘေးဈေးရောင်းတာ ဝင်ငွေဘယ်လောက်ရှိလဲဆိုတာ လာပြီး အရိပ်အမြွက် စမ်းသပ်သေးတယ်၊ သူတို့က ငါ့ယောက္ခမကို ဘာပစ္စည်းတွေ ယူတာလဲ၊ အရင်းအနှီးက ဘယ်လောက်လဲဆိုပြီး လာစပ်စုကြတာ၊ ဒါပေမဲ့ ငါ့ယောက္ခမကတော့ ပါးပါးနပ်နပ်နဲ့ပဲ လွှဲချပြီး ရောချပစ်လိုက်တယ်၊ ဒါကလည်း သဘာဝကျပါတယ်လေ... ငါ့ယောက္ခမကိုယ်တိုင်လည်း အသေးစိတ်ကို သေချာမသိရှာဘူး၊ ငါက နင့်ရဲ့အကြောင်းတွေကို သူ့ကို လုံးဝ မပြောပြထားဘူးလေ”

ချိုက်မင်မင်သည် အရှေ့မြောက်ပိုင်းသူပီပီ၊ အနေအထိုင် အပြောအဆို ပွင့်လင်းရိုးရှင်းလှသော်လည်း အလွန် သစ္စာရှိပြီး မိတ်ဆွေအပေါ် သံယောဇဉ်ကြီးမားသူ ဖြစ်၏။

“နင် လုံးဝ စိတ်ချလိုက်စမ်းပါ၊အပြင်လူတွေက နင့်ဘက်က အခြေအနေအမှန်ကို ဘာမှ အတိအကျ သိမှာမဟုတ်ဘူး”

ချန်ချင်းယွီ : “ကျေးဇူးပါပဲ”

သူမ၏ မျက်လုံးလေးများမှာ ပြုံးလွန်းသဖြင့် လခြမ်းကွေးလေးသဏ္ဌာန် ဖြစ်သွားရသည်။

ချိုက်မင်မင် : “ဟယ်... ဒါက လုပ်သင့်လုပ်ထိုက်တာပဲဟာကို၊တကယ်လို့ နင့်ရဲ့ အကြံဉာဏ်သာ မရှိရင်၊ ငါလည်း ဒီလိုအလုပ်မျိုး လုပ်လို့ရမှန်း သိမှာမဟုတ်ဘူး။ ပြီးတော့ ပိုက်ဆံရှာဖို့ ဒီလိုလမ်းစမျိုး ရှိမှန်းလည်း ဘယ်လိုလုပ် သိပါ့မလဲ”

“ဒီလို အဝတ်အစားလေးတွေ လျှောက်ရောင်းရတာ ဒီလောက်တောင် ပိုက်ဆံရလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲနော်”

ချန်ချင်းယွီလည်း ခေါင်းညိတ်၍ သဘောတူလိုက်၏။

ချိုက်မင်မင်ခမျာလည်း စိတ်ထဲတွင် တော်တော်လေး အောင့်အီးထားရရှာခြင်း ဖြစ်သည်။ အမှန်အတိုင်း ပြောရလျှင် ပိုက်ဆံရှာနိုင်သည့်အခါ အလွန်အမင်း ထင်ပေါ်ကျော်ကြားအောင် မလုပ်သင့်မှန်း သိသော်လည်း၊ သူမ တကယ်ကို ဂုဏ်ယူဝင့်ကြွားပြီး ကြွားဝါလိုက်ချင်လှ၏။

“ငါ ပိုက်ဆံရလာတော့၊ မကြာသေးခင် ရက်ပိုင်းအတွင်း နေ့တိုင်း အသားတွေချည်းပဲ ဝယ်စားတာ၊ ဟိဟိ”

ချန်ချင်းယွီ : “ကျွန်မတို့အိမ်လည်း အခုတလော အစားအသောက် တော်တော်ကောင်းနေတာ”

သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး စိုက်ကြည့်ကာ၊ ခိုးကြောင်ခိုးဝှက် ရယ်မောလိုက်ကြတော့သည်။

ကြည့်ရသည်မှာ အလွန်ကြီးမားသော ကြံစည်မှုတစ်ခုခု ရှိနေသည့် စုန်းမကြီးများသဖွယ် ရယ်မောနေကြခြင်း ဖြစ်သော်လည်း၊ စိတ်ထဲတွင်မူ တကယ်ကို ပျော်ရွှင်နေကြခြင်း ဖြစ်၏။

ဒီလိုကိစ္စမျိုးကို ဘာကြောင့် မပျော်ဘဲ နေပါ့မလဲ… ဒါက ပိုက်ဆံအမြောက်အမြား ရှာဖွေနိုင်တဲ့အရေးကြီးကိစ္စကြီးပဲ မဟုတ်လား…

ချိုက်မင်မင်သည် အိမ်တွင်းရေးရာ အသေးအဖွဲလေးများကို ထပ်မံ၍ တစ်တွတ်တွတ် ပြောဆိုပြီးနောက်မှသာ၊ နှမြောတသစွာဖြင့် လှည့်ပြန်သွားတော့သည်။

ချန်ချင်းယွီသည် ထမင်းဟင်း မချက်ချင်သဖြင့်၊ လူထွက်သွားသည်နှင့် အိမ်ထဲတွင် ပိုက်ဆံများကို သေသေချာချာ ထိုင်ရေတွက်နေ၏။

“မေမေ... မေမေ... သမီးတို့ ပြန်ရောက်ပြီ”

ရှောင်ကျား နှင့် ရှောင်ယွမ် တို့ မောင်နှမနှစ်ဦး ကျောင်းဆင်း၍ ပြန်လာကြရာ၊ အိမ်ထဲသို့ လူမဝင်ရသေးခင်ကတည်းက အပြင်မှ ပျော်ရွှင်စွာ အော်ဟစ်လာကြ၏။

ချန်ချင်းယွီ : “အတော်ပဲ၊ ကလေးတို့ လွယ်အိတ်တွေကို အမြန်ချပြီး ညစာ သွားဝယ်လိုက်ကြဦး”

ရှောင်ကျား နှင့် ရှောင်ယွမ် : “ဟင်? ဩော်... ဟုတ်ကဲ့... ဘာဝယ်ရမလဲ...”

ချန်ချင်းယွီက ပိုက်ဆံနှင့် ရိက္ခာလက်မှတ်များကို ထုတ်ပေးလိုက်ရင်း

“ဒေသပိုင် စားသောက်ဆိုင်ကို သွားလိုက်ကြ၊ ဒီနေ့ ဘာဟင်းတွေ ရှိလဲတော့ မသိဘူး၊ သားတို့ ကြည့်ပြီး ဝယ်ခဲ့ကြပေါ့၊ ကြိုက်တာရှိရင် ကြိုက်သလို ဝယ်ခဲ့နော်၊ ကဲ... ဒါက ထမင်းဘူးတွေ ယူသွားဦး”

“ဟုတ်ကဲ့...”

ကလေးနှစ်ဦးသည် ဤသို့လူကြုံအလုပ်မျိုးကို ပထမဆုံးအကြိမ် လုပ်ဖူးခြင်း မဟုတ်သဖြင့်၊ အလွန် သွက်လက်ချက်ချာစွာဖြင့် ထမင်းဘူးအကြီးစား ရှစ်လုံးကို အသင့်ပြင်ဆင်ကာ၊ တစ်ယောက်လျှင် လေးလုံးစီ~~ ဘယ်နှစ်လုံး ညာနှစ်လုံးဖြင့် သယ်ဆောင်သွားကြတော့သည်။

သူတို့အိမ်ရှိ လူများမှာ စားနိုင်သောက်နိုင်ကြသဖြင့်၊ နည်းနည်းလေး ဝယ်လျှင် ဝေမျှစားရန် မလောက်မင ဖြစ်တတ်ပေ၏။

ရှောင်ကျား နှင့် ရှောင်ယွမ်တို့ အတူတူ ထွက်လာကြစဉ် အရှေ့ဘက် ဝန်းထဲသို့ ရောက်သောအခါ အဘွားကြီးဝမ်သည် အစ်မနာ့နာကို ဆွဲထားပြီး တိုးတိုးတိတ်တိတ်နှင့် တစ်တွတ်တွတ် ပြောဆိုနေသည်ကို တွေ့လိုက်ရသဖြင့်၊ ကလေးနှစ်ဦး စိတ်ထဲမှ တိတ်တဆိတ် နှာခေါင်းရှုံ့လိုက်ကြသည်။

စန်းနာသည် သူတို့နှင့် သက်တူရွယ်တူ တစ်တန်းတည်း ဖြစ်သော်လည်း အတန်းချင်း မတူပေ။ သို့သော် ကျောင်းအသွားအပြန်တွင် အတူတူ သွားလေ့ရှိသဖြင့်၊ စန်းနာသည် သူတို့ကို ခဏခဏ လာရောက် ရင်ဖွင့်တတ်သည်မှာ~~ အဘွားဖြစ်သူမှာ အမြဲတမ်း နားမခံသာသော စကားဆိုးများကို ပြောတတ်ပြီး၊ ထိုအခါ အစ်မကြီးမှာ အမေနှင့် ရန်ဖြစ်ရာ၊ အမေဖြစ်သူခမျာ ငိုယိုရသည်အထိ စိတ်ဆင်းရဲရသည် ဟူ၍ပင်…

စန်းနာ ခံစားရသည်မှာ အစ်မကြီးသည် လွန်လွန်းသည်ဟုပင်~~

သို့သော် နာ့နာမှာမူ သူတို့သည် အဘွားအပေါ် နားလည်စာနာမှု မရှိကြဟု ထင်မြင်နေ၏။

ငယ်စဉ်ကတည်းက နေ့တိုင်း အတူတူ ဆော့ကစားခဲ့ကြသည့် ညီအစ်မ သုံးယောက်စလုံးမှာ၊ ယခုအခါတွင် သံယောဇဉ်ချင်း မတူညီကြတော့ပေ။

မည်သို့ပင်ဆိုစေကာမူ၊ ဘေးလူအနေဖြင့် ကြည့်လျှင် ရှောင်ကျား နှင့် ရှောင်ယွမ် နှစ်ဦးစလုံးသည် စန်းနာ၏ အဘွားဖြစ်သူမှာ လူကောင်းတစ်ယောက် မဟုတ်ဟု ခံစားရသည်။

ဘယ်လို အဘွားမျိုးက နေ့တိုင်း ဒီလောက်အထိ ရန်တိုက်ပေးနေရတာလဲ…

အဘွားကြီးဝမ်သည် ကလေးနှစ်ဦး ထမင်းဘူးများကို သယ်ဆောင်ပြီး ထွက်လာသည်ကို မြင်လိုက်ရသောအခါ၊ ချက်ချင်းပင်~~

“ရှောင်ကျား... ရှောင်ယွမ်၊ မင်းတို့ ဒါ ဘယ်လဲ”

ရှောင်ကျား: “အဘွားဝမ်... ကျွန်တော်တို့ ညစာ သွားဝယ်မလို့ပါ”

အဘွားကြီးဝမ် နှုတ်ခမ်းကို မဲ့လိုက်ရင်း သွေးထိုးစကားဆိုလေတော့သည်။

“ဒါက ဘာလို့ အပြင်မှာပဲ ညစာ ခဏခဏ သွားဝယ်နေရတာလဲ၊ အိမ်မှာ ပိုက်ဆံတွေ ဘယ်လောက်တောင် ပေါများနေလို့ ဒီလောက်တောင် ဖြုန်းတီးနေရတာလဲ မသိဘူး၊ တကယ့်ကို အိမ်ထောင်မထိန်းသိမ်းတတ်တဲ့ လူစားပဲ… ပိုက်ဆံနည်းနည်းလေး ရှာနိုင်တာနဲ့တင် ကိုယ့်နာမည်ကိုယ်တောင် ဘာမှန်း မသိတော့ဘူး ထင်တယ်၊ ရှောင်ကျား... ရှောင်ယွမ် တို့ရေ၊ မင်းတို့က မင်းတို့အမေကို သေသေချာချာ ပြန်ပြောရမယ်နော်၊ မင်းတို့က ငယ်သေးတော့၊ အိမ်မှာ ပိုက်ဆံတွေကို သေသေချာချာ စုဆောင်းပြီး မင်းတို့ရဲ့ အနာဂတ်အတွက် ထည့်တွက်ရမှာလေ… အခုကတည်းက ဒီလိုဖြုန်းတီးနေရင်၊ မင်းတို့ အနာဂတ်ကျရင် ဘယ်လိုလုပ်မလဲ… ဒီလိုလူမျိုးက ဘယ်လိုလုပ်ပြီး အိမ်ထောင်ရှင်ကောင်း ဖြစ်ပါ့မလဲ၊ အော်... ဟုတ်သားပဲ၊ မင်းတို့ အဘွားဝမ်ကို ပြောပြစမ်းပါဦး၊ မင်းတို့အမေက လမ်းဘေးဈေးရောင်းတာ ပိုက်ဆံ ဘယ်လောက်တောင် ရလဲဟင်၊ မင်းတို့ သိကြလား… မင်းတို့အမေက ဒီကိစ္စကို မင်းတို့ကို ဖုံးကွယ်ထားလို့ မရဘူးနော်... ရှောင်ကျား... မင်းက အိမ်မှာ ရှိတဲ့ တစ်ဦးတည်းသော ယောက်ျားလေးပဲ၊ အိမ်ရဲ့ အားကိုးရာ မဏ္ဍိုင်ပဲဥစ္စာ၊ မင်းအမေက ဒီကိစ္စကို မင်းကို သေချာပေါက် ပြောပြရမှာပေါ့”

ရှောင်ကျား : “ကျွန်တော်တို့အိမ်ရဲ့ အားကိုးရာမဏ္ဍိုင်က ကျွန်တော့်အမေနဲ့ ကျွန်တော့်အဘွားပါ”

သူက ဘယ်လိုအရည်အချင်းမျိုး ရှိလို့ အားကိုးရာမဏ္ဍိုင် သွားလုပ်ရမှာလဲ…

ရှောင်ကျား ဆက်၍

“အဘွားဝမ်... ကျွန်တော့်အမေက တစ်နေ့ခင်းလုံး ဆိုင်ထွက်ရတာ တော်တော် ပင်ပန်းတာဗျ၊ အိမ်ပြန်လာလို့ ထမင်းဟင်းပါ ထပ်ချက်ရမယ်ဆိုရင် အရမ်း ပင်ပန်းလွန်းတာပေါ့၊ အပြင်က ဝယ်ကျွေးတာကမှ စိတ်အေးရတာ၊ အဘွား... အချိန်က ဒီလောက်တောင် ရှိနေပြီကို၊ အဘွား ထမင်းမချက်သေးဘူးလား”

အဘွားကြီးဝမ် : “နာ့နာအမေက အလုပ်မဆင်းသေးဘူးလေ၊ သူမ အလုပ်ဆင်းလာမှ ထမင်းချက်မှာပေါ့”

ရှောင်ကျား : “... ဩော်၊ သူမက အလုပ်ဆင်းလာတာတောင် ထမင်းဟင်း ထပ်ချက်ရသေးတာလား..ဒါဆို တော်တော် ပင်ပန်းမှာပဲနော်”

ရှောင်ယွမ်သည်လည်း ခေါင်းညိတ်ရင်း

“ဟုတ်ပ၊ ဟုတ်ပ၊ တကယ့်ကို ပင်ပန်းတာပဲ… အဘွားဝမ်ကတော့ တကယ့်ကို သက်တောင့်သက်သာ ရှိတာပဲနော်၊ ဘာအလုပ်မှလည်း လုပ်စရာမလိုဘူး၊ ဒီအတိုင်း ထိုင်ပြီး အတင်းအဖျင်းတွေ လျှောက်ပြောနေရုံပဲဥစ္စာ”

ရှောင်ကျား နှင့် ရှောင်ယွမ် မောင်နှမနှစ်ဦးစလုံး အဘွားကြီးဝမ်ကို သဘောမကျကြသဖြင့်၊ တမင်တကာပင် တစ်ဖက်လှည့်နှင့် ရွဲ့စောင်းပြောဆို လိုက်ကြခြင်း ဖြစ်သည်။ သို့သော် အဘွားကြီးဝမ်မှာ အဓိပ္ပာယ်ကို မပေါက်ရှာချေ၊ ကလေးများ မိမိကို ရွဲ့ပြောနေသည်ဟု သူမ မည်သို့မျှ ထင်မှတ်မိမည် မဟုတ်ပေ။

“ယောက္ခမလုပ်တဲ့လူက အရာရာကို ကိုယ်တိုင် လိုက်လုပ်နေရမယ်ဆိုရင်၊ ယောက္ခမရဲ့ ဂုဏ်သိက္ခာနဲ့ ဩဇာက ဘယ်မှာ ရှိတော့မလဲ… ငါကတော့ ကျောက်ရုံလို အပြောအဆို ပျော့ပျောင်းတဲ့ အကျင့်မျိုး မရှိဘူး… ချွေးမက အိမ်ထဲ ဝင်လာတာတောင်မှ၊ ပိုင်နိုင်အောင် မထိန်းကျောင်းနိုင်ဘူး”

သူမ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။

“ဟဲဟဲ... ကျွန်မရဲ့ ယောက္ခမက ဘယ်လိုလူစားလဲဆိုတာ ရှင်နဲ့ ဘာဆိုင်လို့ လာပူပန်နေရတာလဲ…လူတိုင်းက ရှင်လိုမျိုး နေ့တိုင်း ချွေးမအပေါ် ရက်စက်ကောက်ကျစ်နေမယ် ထင်လို့လား”

ကွမ်ထင်းထင်း အလုပ်ဆင်းလာစဉ် ထိုစကားကို အမှတ်မထင် ကြားလိုက်ရသဖြင့်၊ သူမသည် အဘွားကြီးဝမ်ကို မျက်စောင်းတစ်ချက် ထိုးလိုက်ရင်း အလွန်ပင် မကျေမနပ် ဖြစ်သွားသည်။

လူတစ်ယောက်ချင်းစီတွင် မိမိတို့၏ ရပ်တည်ချက်ချင်း မတူညီကြချေ၊ ကွမ်ထင်းထင်း၏ ရပ်တည်ချက်မှာ ချွေးမတစ်ဦး ဖြစ်သဖြင့်၊ အဘွားကြီးဝမ်ကဲ့သို့သော ယောက္ခမမျိုးကို သဘာဝအတိုင်း လုံးဝ သဘောမကျပေ။ သူမ၏ ယောက္ခမ ဖြစ်သူ ကျောက်ရုံသည် ဟန်ဆောင်ပန်ဆောင် အလွန်လုပ်တတ်သည် ဆိုသော်လည်း၊ ကျောက်ရုံမှာ ဟောက်ဖုန်း (သူမ၏ယောက်ျား) ကို အလွန်မျက်နှာလိုက်တတ်သဖြင့်၊ ၎င်းမှာ သူတို့၏ မိသားစုလေးအတွက် အလွန် အကျိုးကျေးဇူး ရှိလှ၏။

ထို့ကြောင့် ကွမ်ထင်းထင်းသည် မိမိ၏ ယောက္ခမဖြစ်သူ ကျောက်ရုံကို ထိုမျှလောက်အထိ စိတ်မပျက်လှပေ။

သို့သော် ဤအိမ်ဝင်းကြီးထဲရှိ အဘွားကြီးများကိုမူ၊ သူမ မြင်ရသမျှ တစ်ယောက်မှ သဘောမကျဘဲ စိတ်ပျက်မိ၏။

ဘာကောင်တွေမှန်းကို မသိဘူး..

“ရှင့်မှာ အဲဒီလို အားအားယားယား အခြားလူတွေရဲ့ ကိစ္စကို လိုက်ပူပန်နေမယ့်အစား၊ ကိုယ့်ကိုယ်ပိုင်ကိစ္စကိုပဲ သေချာ ဂရုစိုက်ပါဦး… မြေးယောက်ျားလေး တစ်ယောက်တောင် မရှိဘဲနဲ့၊ နေ့တိုင်း အခြားလူတွေရဲ့ အိမ်ကိုပဲ စိုက်ကြည့်နေရတယ်လို့၊ ကိုယ့်အိမ်က ပြဿနာတွေကိုကော ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်နိုင်ပြီလား…တကယ့်ကို ရယ်စရာကောင်းလိုက်တာ”

သူမသည် အဘွားကြီးဝမ်၏ အနာဆုံးနေရာကို တမင်တကာ ဆွလိုက်ခြင်း ဖြစ်သည်။

‘သောက်အဘွားကြီး ရှင်က မြေးယောက်ျားလေး မရှိလို့ တစ်သက်လုံး နာကျင်ဆင်းရဲနေရတာ မဟုတ်လား’

‘ကျွန်မကတော့ ဒီအချက်နဲ့တင် ရှင်လို အဘွားကြီးကို မနာလိုဖြစ်အောင် ထိုးနှက်လိုက်မယ်’

လီလင်းလင်းသည် အခန်းထဲမှနေရင်း ထိုစကားများကို ကြားလိုက်ရသဖြင့် မနှစ်မြို့သလို ခံစားရကာ အပြင်သို့ ထွက်လာပြီး ဝင်ပြောလေသည်။

“နင် ဘာလို့ ဒီလို စကားမျိုး ပြောနိုင်ရတာလဲ၊ ဒေါ်လေးဝမ်က ဘယ်လိုပဲဖြစ်ဖြစ် လူကြီးမိဘပဲဥစ္စာ၊ နင် ပြောလိုက်တာကြီးက တော်တော် နားမခံသာဘူး… တို့တွေအားလုံးက ဝင်းတစ်ခုတည်းမှာ နေကြတဲ့သူတွေပဲဟာ၊ သင့်မြတ်အောင် နေရမှာပေါ့၊ အပြန်အလှန် မိသားစုလို ချစ်ချစ်ခင်ခင် နေရမှာကို နင်ကတော့ လူအုပ်စုနဲ့ တော်တော် သွေဖယ်တာပဲ… မိန်းမသား ဖြစ်ပြီးတော့ ဒီလောက်အထိ စိတ်ပုပ်တာမျိုး မလုပ်သင့်ဘူး”

“အော်ဟော်… အာပူလျှာပူနဲ့ နင်နဲ့ ဘာဆိုင်လို့လဲ… လာပြီး သူများကိစ္စ နှာခေါင်းရှုပ်နေတာ၊ ကိုယ့်အလုပ်မဟုတ်တာ လျှောက်လုပ်တဲ့ ခွေးလိုပဲ… သူတို့အိမ်ကို ဒီလောက်တောင် ဂရုစိုက်နေရင်လည်း သူတို့အိမ်အတွက် သားတစ်ယောက် သွားမွေးပေးလိုက်လေ၊ နင်တို့အိမ်ကလည်း တစ်နေ့တစ်နေ့ ကလေးရဖို့ ရူးမတတ် ဆုတောင်းနေရတာကိုတောင် အပြင်ထွက်ပြီး သူများကိစ္စ ဝင်ပါချင်သေးတယ်၊ နင့်အဖေနဲ့ အမေကိုပဲ နင် သွားပြီး သေသေချာချာ ဂရုစိုက်လိုက်စမ်းပါ… ဘာကောင်မမှန်းလည်း မသိဘူး”

ကွမ်ထင်းထင်းသည်လည်း အလျှော့မပေးဘဲ ချက်ချင်း ပြန်ပက်လေ၏။

သူမ လီလင်းလင်းကို စူးစူးစိုက်စိုက် ကြည့်လိုက်စဉ် မျက်လုံးထဲတွင် ရန်လိုမုန်းတီးမှုများ အထင်အသား ပေါ်လွင်နေ၏။

လီလင်းလင်းမှာ ဒေါသထွက်လွန်းသဖြင့် မျက်ဝန်းအစုံ နီမြန်းလာပြီး

“နင် ဘာစကား ပြောတာလဲ… တော်တော် ရိုင်းစိုင်းတာပဲ”

“နားမခံသာရင် မနာခံနဲ့ပေါ့”

ရှောင်ကျားနှင့် ရှောင်ယွမ်တို့ ကလေးနှစ်ယောက်သည် အခြေအနေ ကြည့်ရသည်မှာ ချက်ချင်း လက်ပါတော့မည့်အလား ဖြစ်နေသဖြင့် ဘာသံမှမထွက်ဘဲ တိတ်တဆိတ် ဖယ်ခွါလိုက်ကြသည်။

ကလေးများ၏ စိတ်အတွေးတွင်~~

အင်း… တကယ်တော့ ဆက်ပြီး ကြည့်ချင်သေးတာပဲ… ဒါပေမဲ့ ကြည့်လို့ကောင်းလွန်းလို့ ညစာ သွားဝယ်ဖို့ မေ့သွားရင် ဒုက္ခ၊ နောက်ကျသွားရင် ဘာမှ ရှိတော့မှာ မဟုတ်ဘူး…

ကလေးနှစ်ယောက်မှာ ထမင်းဘူးများကို ကိုင်ကာ ထွက်လာခဲ့ကြစဉ် လမ်းကြားထဲမှ ထွက်ထွက်ချင်းမှာပင် သူတို့၏ အဘွားဖြစ်သူ အဘွားကြီးကျောက်နှင့် တိုးတော့သည်။

အဘွားကြီးကျောက် : “နင်တို့က ထမင်း သွားဝယ်မလို့လား”

ကလေးနှစ်ယောက် ခေါင်းငြိမ့်ပြကြ၏။

အဘွားကြီးကျောက် :“လာ၊ အဘွားပါ လိုက်ခဲ့မယ်”

“အဘွား၊ သမီးတို့ ထွက်လာတုန်းက ဒေါ်လေးကွမ်က အဘွားဝမ်၊ ပြီးတော့ ဒေါ်လေးလင်းလင်းတို့နဲ့ ရန်ဖြစ်နေကြတာ… အခု အဘွား ပြန်သွားရင် မှီသေးတယ်”

ရှောင်ယွမ်မှာ အတင်းအဖျင်း သတင်းကို စေတနာရှေ့ထားကာ ပေးလိုက်လေသည်။

အဘွားကြီးကျောက် ချက်ချင်းပင်

“အလိုလေး… ဒါဆိုရင်တော့ နင်တို့ နှစ်ယောက်ပဲ သွားကြတော့… ငါကတော့ မလိုက်တော့ဘူး၊ ဒီလို ပွဲကြီးပွဲကောင်းမျိုး ငါနဲ့ မလွတ်စေရဘူး၊ နင်တို့လည်း သတိထားသွားကြဦးနော်”

“သိပါတယ် အဘွားရဲ့”

ကလေးနှစ်ယောက်မှာ အပြင်ထွက်နေကျ ဖြစ်သဖြင့် မကြောက်ကြပေ။

ယခင်၌ မိခင်ဖြစ်သူနောက် တကောက်ကောက် လိုက်နေသည့် အမေချစ် ကလေးလေးများ ဖြစ်ခဲ့ဖူးသည်ကို မည်သူမှ ထင်မိကြမည် မဟုတ်ပေ။ ယခုဆိုလျှင်မူ တော်တော်လေး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်နေကြပြီ ဖြစ်သည်။

အဘွားကြီးကျောက်သည် အိမ်သို့ သုတ်ခြေတင် ပြန်လာခဲ့ရာ ခြံဝင်းထဲသို့ ဝင်ဝင်ချင်းမှာပင် လျှောက်လမ်းဘေးတွင် ဖရုံစေ့ဝါးရင်း ပွဲကြည့်နေသည့် ချန်ချင်းယွီကို လှမ်းမြင်လိုက်ရ၏။ ထိုအချိန်တွင် ကွမ်ထင်းထင်းနှင့် အဘွားကြီးဝမ်တို့မှာ အကြီးအကျယ် ရန်ဖြစ်နေကြပြီ ဖြစ်သည်။

ကွမ်ထင်းထင်း အော်ဟစ်နေကာ

“ရိုင်းစိုင်းတာကို ဂုဏ်သရေရှိတယ်လို့ ထင်နေပြီး၊ ယုတ်မာတာကို ပျော်စရာလို့ မှတ်နေတဲ့လူမျိုးတော့ ငါ တစ်ခါမှ မမြင်ဖူးဘူး… သူများတွေက မိသားစုလို ချစ်ချစ်ခင်ခင် နေကြတာ၊ တချို့လူတွေကျမှ ကိုယ့်လူအချင်းချင်းကိုပဲ တမင် နှိပ်ကွပ်ချင်နေကြတာ၊ ဘာလဲ… အိမ်ထဲမှာတင် အလုပ်မရှုပ်ရသေးလို့ အခု အပြင်ထွက်ပြီး ဆရာကြီး လာလုပ်နေတာလား… တို့အိမ်အကြောင်းကို ရှင်က ဝင်ပြီး လျှောက်ပြောရအောင် ရှင်က ဘာမို့လို့လဲ”

“နင်လို ကောင်မစုတ်၊ နင့်အိမ်မှာ ထောင်ကျနေတဲ့လူ ရှိတာကို ခေါင်းငုံ့ပြီး ငြိမ်ငြိမ်နေရမယ့်အစား… နင်ကများ…”

“ရှင့် အခုချက်ချင်း ပါးစပ်ပိတ်လိုက်စမ်း… အစိုးရကတောင် ဆွေမျိုးခုနစ်ဆက် လိုက်ပြီး အပြစ်မပေးဘူး၊ သောက်အဘွားကြီး ရှင်က ဘာမို့လို့ ဒီမှာ လာပြီး ဆရာကြီး လုပ်နေရတာလဲ၊ အရင်တုန်းက ငါတို့အိမ်ကို လာပြီး ဖားခဲ့တာတွေကို မေ့သွားပြီလား… အခုကျမှ ဘာတရားဥပဒေ ဘုရင်မကြီးလိုလိုနဲ့ ဟန်ဆောင်နေတာလဲ ရှင်ကဘာကောင်မို့လို့လဲ”

……

အဘွားကြီးကျောက်သည် ချွေးမဖြစ်သူ၏ လက်ထဲမှ ဖရုံစေ့ အနည်းငယ်ကို လုယူကာ မေးမြန်းစူးစမ်းလိုက်၏။

“ဘာဖြစ်လို့ ရန်ဖြစ်နေကြတာလဲ။”

ချန်ချင်းယွီ : ဒေါ်လေးဝမ်က ကွယ်ရာမှာ ကျောက်ရုံ အကြောင်း အတင်းပြောနေတာကို ကွမ်ထင်းထင်း ကြားသွားလို့လေ”

“အလို… သူက သူ့ယောက္ခမနဲ့ ဆက်ဆံရေး သိပ်မကောင်းဘူး မဟုတ်လား… ဒါကို ကာကွယ်ပေးသေးတယ်လား”

“ဘယ်လိုပဲဖြစ်ဖြစ် မိသားစုပဲဥစ္စာ”

“အင်း… ဟုတ်တော့လည်း ဟုတ်ပါတယ်”

သို့သော်လည်း အဘွားကြီးဝမ်ဖြစ်စေ၊ ကွမ်ထင်းထင်း ဖြစ်စေ အဘွားကြီးကျောက်တို့၊ အဘွားကြီးဟွမ်တို့ကဲ့သို့ လူတန်းစားမျိုး မဟုတ်ကြသည်မှာ ထင်ရှားသည်။ ရန်ဖြစ်ကြသော်လည်း သိက္ခာကို ငဲ့ကွက်ပြီး ထိန်းထိန်းသိမ်းသိမ်း ရှိကြသေး၏။ အတော်ကြာအောင် အပြန်အလှန် အော်ဟစ်ပြီးနောက် ဘာအဖြေမှ ထွက်မလာသည့်အပြင် အလုပ်ဆင်းချိန်ဖြစ်၍ လူများ ပိုများလာသည်ကို မြင်သောအခါ အသီးသီး နှာခေါင်းရှုံ့ကာ စစ်ပွဲကို ရပ်ဆိုင်းလိုက်ကြတော့သည်။

အဘွားကြီးကျောက် မကျေမနပ်ဖြင့်

“ဒါပဲလား…ဒါနဲ့တင် ပြီးသွားတာလား”

ချန်ချင်းယွီ : “သူတို့က လက်ပါတဲ့အထိ မချကြပါဘူး”

အဘွားကြီးကျောက်မှာ အလွန် နှမြောတသ ဖြစ်သွားရသည်။

ဒီနှစ်ပိုင်းတွေမှာ အားလုံးက ရန်ဖြစ်ရင် တော်တော်လေး ထိန်းကြတာပဲ… ကြည့်ရတာ တကယ် အားမရလိုက်တာအေ…

“ဒီလို ရန်ဖြစ်တာက ဘာမှလည်း အသုံးမဝင်ဘူး၊ တကယ်ပဲ လေကုန်တာပဲ အဖတ်တင်တယ်”

အဘွားကြီးကျောက်၏ ညည်းတွားသံကို မည်သူမှ ဝင်မထောက်ခံကြ​ပေ။ အကြောင်းမှာ လူတိုင်း အဘွားကြီးဝမ်နှင့် ကွမ်ထင်းထင်းတို့ကို မပြစ်မှားချင်ကြသောကြောင့်ပင်။

ကွမ်ထင်းထင်း လှည့်ပြီး အဘွားကြီးကျောက်ကို တစ်ချက် စောင်းမြန်းကြည့်ကာ အလယ်ဝင်းဘက်သို့ လျှောက်သွားလေသည်။

အဘွားကြီးကျောက် စပ်စုလိုစိတ်

ဖြင့်

“လီလင်းလင်းလည်း ရှိနေတယ်ဆို”

ကွမ်ထင်းထင်းကို မပြိုင်နိုင်လို့ ငိုပြီး အခန်းထဲ ဝင်ပြေးသွားပြီ”

အစအဆုံး ပွဲကြည့်ခဲ့သည့် ချန်ချင်းယွီ ပြောပြလေသည်။

အခန်းထဲသို့ ရောက်သောအခါ ချန်ချင်းယွီ လေသံကို လျှော့ကာ တိုးတိုးလေး ဆိုလေ၏။

“ကျွန်မ ထင်တာတော့လေ… ကွမ်ထင်းထင်းက ယွမ်ဟောက်ဖုန်းနဲ့ လီလင်းလင်းတို့ ခိုးစားနေကြတာကို သိနေပြီ ထင်တယ်”

အဘွားကြီးကျောက်လည်း ချက်ချင်း စိတ်ဝင်စားသွားပြီး

“ဘယ်လို သိတာလဲ”

ချန်ချင်းယွီ : “ကွမ်ထင်းထင်း လီလင်းလင်းကို ကြည့်တဲ့ မျက်လုံးက အဆိပ်ခတ်ထားသလိုပဲ၊ ကျွန်မ ကြည့်နေတာ… သူ လီလင်းလင်းကို ကြည့်တဲ့အကြည့်ထဲမှာ အမုန်းတွေ အပြည့်ပဲ”

အဘွားကြီးကျောက် သက်ပြင်းချကာ

“ဒါကတော့ တကယ်ပဲ ဝဋ်လိုက်တာပဲ… ပြောရရင်တော့ ယွမ်ဟောက်ဖုန်းက လူမဆန်လို့ ဖြစ်ရတာပေါ့”

ချန်ချင်းယွီက အဘွားကြီးကျောက်ကို အံ့သြတကြီး ကြည့်လိုက်ပြီးမှ ပြုံးကာ ခေါင်းငြိမ့်လိုက်မိသည်။ သူမအနေဖြင့် ယောက္ခမဖြစ်သူ အဘွားကြီးကျောက်နှင့် အဆင်ပြေပြေ နေနိုင်ရသည့် အကြောင်းရင်းမှာ အဘွားကြီးကျောက်သည် တစ်ခါတရံတွင် လူမဆန်တတ်သော်လည်း အချို့သော အမြင်များတွင်မူ တော်တော်လေး မှန်ကန်သောကြောင့် ဖြစ်၏။

အဘွားကြီးကျောက်သည် လင်စန်းရှင်းနှင့် မတူပေ။ လင်စန်းရှင်းသည်ကား ‘ဘာကိစ္စပဲဖြစ်ဖြစ် ယောက်ျားတွေမှာ အပြစ်မရှိ၊ အပြစ်ရှိတာ မိန်းမတွေချည်းပဲ’ ဟု တွေးတတ်သူ ဖြစ်၏။

ထိုအချက်သည် ချန်ချင်းယွီကို အလွန် စိတ်ပျက်စေသည်။ သူမအနေဖြင့် အပြောအဆို ကြမ်းတမ်းထက်မြက်စူးရှသည့် ယောက္ခမနှင့် ရင်ဆိုင်ရခြင်းမှာ လင်စန်းရှင်းနှင့် ရင်ဆိုင်ရသည်ထက် ပို၍ သာယာသေးသည်။ အိမ်နောက်ဖက်ဝင်းမှ အဘွားကြီးဟွမ်ပင် မြေးမလေး ကျန်းမုန့်မုန့်ကို မိန်းကလေး ဖြစ်ရမလားဆိုပြီး မုန်းမပြတတ်ပေ။

“တချို့လူတွေကတော့… ဒီလိုပါပဲ”

ချန်ချင်းယွီ တစ်ချက် ညည်းတွားလိုက်ပြီးနောက် ဆက်မပြောတော့ပေ။

အဘွားကြီးကျောက် : “အေး… နင့်ပစ္စည်းတွေလည်း အများကြီး မကျန်တော့ဘူးပဲ၊ နောက် နှစ်ရက်လောက်ဆို ကုန်ပြီ မဟုတ်လား”

ချန်ချင်းယွီ : “ကုန်မှာပါ… မနက်ဖြန်လောက်ဆို တော်တော်လေး ကုန်ပြီ၊ ကံကောင်းရင် အကုန်လုံးတောင် ရောင်းရလိမ့်မယ်”

အမြတ်အစွန်းသည်လည်း တော်တော်လေး ကောင်းမွန်လှသဖြင့် ချန်ချင်းယွီမှာ

“အမေလည်း အားရင် အိမ်ကိစ္စလေး ဘာလေး စုံစမ်းပေးပါဦး”

အဘွားကြီးကျောက်သည်လည်း

“ဒါကတော့ ငါ သိပါတယ်… ဒါပေမဲ့ အခုက အိမ်ရာတွေကလည်း ရှားပါးနေတော့ ဘယ်သူက အိမ်ကို လွယ်လွယ်နဲ့ ရောင်းချင်ပါ့မလဲ”

ချန်ချင်းယွီ ခေါင်းငြိမ့်ပြလိုက်သည်။ ယခင် ခေတ်ဟောင်းဝတ္ထုများဖတ်စဉ်၌ မြို့ထဲတွင် အိမ်ဝယ်ရသည်မှာ တော်တော်လွယ်သည်ဟု သူမ အမြဲထင်ခဲ့မိသော်လည်း ယခုတော့ဖြင့် အမှန်တကယ် ခက်ခဲမှန်း သိလိုက်ရပြီဖြစ်၏။ ကွန်ဒိုကဲ့သို့ ကုန်စည်အိမ်ရာများသည်လည်း ဘယ်နှစ်ကျမှ ပေါ်လာဦးမည် မသိသေးပေ။

သာမန်လူနေအိမ် အများစုမှာလည်း ပိုင်ဆိုင်မှုမရှိဘဲ စုပေါင်းပိုင်ဆိုင်သည့် အိမ်ရာများဖြစ်ကြပြီး ၎င်းတို့တွင် နေထိုင်ခွင့်သာ ရှိကြ၏။

နောက်ထပ် အကြောင်းတစ်ခုမှာပိုင်ဆိုင်မှုရှိကြသော်လည်း ထိုသို့သောအိမ်မျိုးသည် အလွန်ရှားပါးသည်။ ထို့အပြင် ပညာတတ်လူငယ် အမြောက်အမြား မြို့သို့ ပြန်လာကြသဖြင့် အခြေခံအားဖြင့် အိမ်တိုင်းအိမ်တိုင်း လူနေဖို့ မလောက်မင ဖြစ်နေကြရာ မည်သူသည် အပြင်သို့ ထုတ်ရောင်းပါမည်နည်း။

အချို့အိမ်များမှာမူ နိုင်ငံရေးအရ အပြစ်မှ ကင်းလွတ်ခွင့်ရပြီးနောက် ပိုင်ဆိုင်မှုများ ပြန်လည်ရရှိကြသည်။ သို့သော် ထိုသို့သောအိမ်မျိုးသည် ပိုင်ဆိုင်မှုအာဏာ ရှိသော်လည်း အထဲတွင် လူများ ဝင်နေနှင့်ပြီးသားဖြစ်၍ နှင်ထုတ်ရသည်မှာ မလွယ်ကူလှပေ။ ပြဿနာတစ်ခုနှယ် ဖြစ်နေသဖြင့် အိမ်ဝယ်ဖို့ဆိုသည်မှာ တကယ်ကို မလွယ်ကူသည့် ကိစ္စရပ်တစ်ခု ဖြစ်သည်။

အချို့သူများမှာမူ စိတ်နာသွားကြသဖြင့် အိမ်ကို ထုတ်ရောင်းပြီး ပြည်ပသို့ ထွက်ခွာရန် ကြံရွယ်နေကြခြင်း ဖြစ်သော်လည်း ထိုအိမ်မျိုးမှာ မသေးကာ ဈေးလည်း မပေါပေ။ချန်ချင်းယွီတစ်ယောက် ထိုမျှအထိ အကြီးအကျယ် မလှုပ်ရှားရဲပေ။

သူမ မဝယ်နိုင်၍ မဟုတ်သော်လည်း ဈေးတစ်ခါထွက်ခင်းရုံဖြင့် ထိုမျှအထိ ဝယ်နိုင်သည်ဆိုပါက မည်သူမှ ယုံကြည်ကြမည် မဟုတ်ပေ။

ထို့အပြင် သူမအနေဖြင့် ဤဝန်းကျင်တစ်ဝိုက်မှာပင် ဆက်လက်နေထိုင်လိုသေးသည်။ ဤနေရာတွင် နေထိုင်သူများမှာ တော်လှန်ထက်မြက်သူများ မဟုတ်ကြသော်လည်း မိမိတို့မှာ ဤဝန်းကျင် အနေအထားကို ကောင်းကောင်း ရင်းနှီးကျွမ်းဝင်ကြ၏။ ကလေးများမှာလည်း ငယ်သေးသဖြင့် မိမိတို့ ရင်းနှီးပြီးသား နေရာတွင် နေရသည်မှာ ပို၍ စိတ်ချရပြီး အသားကျလှသည်။

ချန်ချင်းယွီ : “ဘာပဲဖြစ်ဖြစ် လိုက်ရှာကြည့်ရမှာပေါ့၊ ဪ… ဒါနဲ့ အမေ စက်ရုံမှာ စက်ဘီးလက်မှတ် ရှိတဲ့သူ ရှိမလားဆိုတာ တစ်ချက်လောက် စုံစမ်းပေးပါဦး၊ ရှိရင် ကျွန်မတို့ဝယ်မယ်… ကျွန်မ ရှောင်ကျားနဲ့ ရှောင်ယွမ်တို့ကို စက်ဘီးဝယ်ပေးမယ်လို့ ကတိပေးထားလို့”

အဘွားကြီးကျောက် : “ရတယ်၊ ငါ စုံစမ်းပေးမယ်… ငါတို့ဘက်က ပိုက်ဆံပေးမှာပဲဟာ၊ ဒါကတော့ အဆင်ပြေမှာ သေချာပါတယ်”

စက်ဘီးလက်မှတ်မှာ ရှားပါးသည်ဆိုသော်လည်း ပိုက်ဆံပေးဝယ်မည်ဆိုလျှင် ရနိုင်သည်သာ…

အကယ်၍ ယခင်ဆိုလျှင် ထိုမျှအထိ ဗြောင်ကျကျ လုပ်ဝံ့မည် မဟုတ်ပေ။ သို့သော် ယခု၌ အခြေအနေများမှာ မတူတော့ချေ။

ယခုခေတ်တွင် လက်မှတ်အချို့ လဲလှယ်ဝယ်ယူရုံမျှဖြင့် အပြစ်ကွန်ရက်ထဲ သွတ်သွင်းပြီး အပြစ်ပေးခံရမည် မဟုတ်တော့ပေ။

အဘွားကြီးကျောက် : “ငါ မနက်ဖြန် စက်ရုံပြန်ရောက်ရင် မေးကြည့်လိုက်မယ်၊ တကယ်လို့ မရှိရင်ကော”

ချန်ချင်းယွီ : “ဒါဆိုရင်တော့ မှောင်ခိုဈေးဘက် သွားကြည့်ရမှာပေါ့”

မှောင်ခိုဈေးသည် ယခုထိ ရှိနေသေးသော်လည်း ယခင်ကဲ့သို့ခိုးကြောင်ခိုးဝှက် မဟုတ်တော့ပေ။

“ကောင်းပြီလေ”

“အခုခေတ် ကလေးတွေ ဘဝက ဘယ်လောက်တောင် ကောင်းလိုက်လဲ… ငါ ဒီလောက် အသက်ကြီးတဲ့အထိ ကိုယ်ပိုင်စက်ဘီးတစ်စီးတောင် မရှိသေးဘူး၊ သူတို့ကျတော့ ကိုးနှစ်သားလေးတွေနဲ့ စက်ဘီးရနေပြီ၊ တကယ်ပဲ ကံကောင်းလွန်းလို့ ပျော်သေတော့မှာအဲ”

ချန်ချင်းယွီ : “စက်ဘီးရှိတော့လည်း သွားရလာရတာ ပိုအဆင်ပြေတာပေါ့”

“အင်း… ဒါလည်း ဟုတ်တာပါပဲ”

သူတို့သည် စက်မှုစက်ရုံမှ မိသားစုဝင်များဖြစ်ပြီး စက်မှုစက်ရုံ အလယ်တန်းကျောင်းသည်လည်း တကယ်တော့ သိပ်မဝေးလှချေ။ သို့သော် စက်ဘီးရှိခြင်းသည် မည်သို့ပင်ဖြစ်ဖြစ် ပိုပြီး အဆင်ပြေစေသည်မှာ အမှန်ပင်။

“ဪ… ဟုတ်သားပဲ၊ ငါ မနက်ဖြန်ညကျရင် ပြန်လာတာ နည်းနည်းနောက်ကျလိမ့်မယ်… နင် ငါ့ကို စောင့်မနေနဲ့တော့၊ အရင်အိပ်နှင့်လိုက်”

ချန်ချင်းယွီ : ‘ဘာပါလိမ့်’

အဘွားကြီးကျောက် : “နင် တို့စက်ရုံက ဒုတိယစက်ရုံမှူး စက်ရုံမှူးဟယ်ကို မှတ်မိသေးလား”

ချန်ချင်းယွီ ခေါင်းငြိမ့်ပြလိုက်ကာ~~သေချာပေါက် မှတ်မိတာပေါ့…

“သူ့မိန်းမ ဆုံးသွားပြီလေ၊ အင်း… သူ့မိန်းမကို နင်လည်း မြင်ဖူးတယ်မလား၊ ဟိုးအရင်က တို့အိမ်ကို လာပြီး ကျေးဇူးတင်စကား လာပြောဖူးတဲ့ အမျိုးသမီးလေ… ပြောရရင် လူ့ဘဝဆိုတာ တကယ်ကို အနိစ္စပါပဲ၊ သူမက နှလုံးရောဂါလား ဘာလဲမသိဘူး၊ ရုတ်တရက် ရောဂါထဖောက်တာ… ဆေးရုံကို ပို့လိုက်တုန်းကတော့ အသက်ရှူနေသေးတယ်၊ ဒါပေမဲ့ လုံးဝ အရေးပေါ် ကယ်တင်လို့မမှီလိုက်ဘူး… နင် ကြည့်စမ်း၊ ဘယ်လောက်တောင် မြန်လိုက်လဲ”

ချန်ချင်းယွီ : “ဟယ် သူမက တော်တော်လေး ငယ်သေးတယ် မဟုတ်လား”

“အဲ့ဒါ ပြောတာပေါ့အေ… ဒါနဲ့ သူမ ဆုံးသွားတော့ တို့စားဖိုဆောင် တာဝန်ခံကလည်း ဘယ်လောက်တောင် ဖားတတ်လဲဆိုရင် ဒီကိစ္စကို ဝင်ပြီး တာဝန်ယူလိုက်တာလေ၊ သဘက်ခါ အသုဘချမယ်၊ သူ့အိမ်က အဆက်အသွယ်တွေကလည်း ကျယ်တော့ သွားမယ့်လူတွေ တော်တော်များတယ်… အသုဘ အကျွေးအမွေးကိစ္စကို ငါတို့တာဝန်ခံက ကူညီလုပ်ကိုင်ပေးမယ်ဆိုပြီး လွှဲယူလိုက်တယ်၊ ပြီးတော့ ငါတို့တွေကိုလည်း သွားကူခိုင်းတယ်… သဘက်ခါ မနက်အစောကြီးဆိုရင် သေချာပေါက် အလုပ်များမှာမို့လို့၊ ငါတို့တွေ မနက်ဖြန် အလုပ်ဆင်းတာနဲ့ ပြင်ဆင်စရာရှိတာ သွားပြင်ဆင်ရမယ်…. ဒီအမြီးနန့်တဲ့ကောင်၊ တကယ့်ကို ဖားတတ်လွန်းတယ်”

ချန်ချင်းယွီ : “အမေ့ရဲ့ စရိုက်နဲ့ ဒါကို ဝင်ပြီး အခိုင်းခံတယ်ဟုတ်လား”

အဘွားကြီးကျောက် တစ်ချက် တုန့်ခနဲဖြစ်သွားပြီးမှ ဟီးဟီးရယ်ကာ

“ပိုက်ဆံပေးလို့လေ”

ချန်ချင်းယွီ : “ဒါကြောင့်မို့လို့ကိုး”

သူမ တွေးမိသည်မှာ သူမ၏ ယောက္ခမသည် ထိုသို့သော အလကား ကူညီတတ်သည့်လူမျိုး မဟုတ်သလို၊ လူကြီးတွေကို ဖားဖို့အတွက် ဝင်ပြီး အလုပ်လုပ်ပေးမည့်သူလည်း မဟုတ်ပေ။

အဘွားကြီးကျောက်၏ အမြင်သည်~~~

‘ဘာပဲဖြစ်ဖြစ် နင် ငါ့ကို အလုပ်က ထုတ်လို့မရဘူး၊ ငါက စားဖိုဆောင်က သာမန် အလုပ်ကြမ်းသမားပဲဟာ၊ ရာထူးတက်ဖို့လည်း မရှိဘူး… ဒါကြောင့် လူကြီးတွေရဲ့ မျက်နှာကို လုံးဝ ကြည့်နေစရာ မလိုဘူး၊ စက်ရုံရဲ့ စည်းကမ်းတွေကို မချိုးဖောက်သရွေ့ ငါ လုပ်ချင်တာ လုပ်မှာပဲ...’

ဘာကိုမှ မကြောက်ဘူး…

လူကြီးတွေလား…

ဘေးဖယ်ထားလိုက်စမ်းပါ…

လူကြီးတွေ သဘောကျတာက ထမင်းဖြစ်လာတာမှ မဟုတ်တာ…

သူမလို အဘွားကြီးတစ်ယောက်အတွက် ရာထူးတက်ဖို့၊ လစာတိုးဖို့ဆိုတာ မရှိတော့ဘူးဆိုမှတော့…

ဂရုမစိုက်ပါဘူး…

ဒါပေမဲ့… အပိုဝင်ငွေရမည်ဆိုရင်တော့ ဒါက တစ်မျိုးပေါ့လေ…

အဘွားကြီးကျောက် : “တစ်ယောက်ကို ငါးယွမ်ပေးတယ်၊ ပြီးတော့ ထမင်း နှစ်နပ်လည်း ကျွေးသေးတယ်၊ တော်တော်လေး တန်တယ်”

ချန်ချင်းယွီ ခေါင်းငြိမ့်ပြကာ

“အမေ အဆင်ပြေတယ်ထင်ရင် ပြီးတာပါပဲ”

အဘွားကြီးကျောက် ဝမ်းသာဂုဏ်ယူနေမိကာ တစ်ဖက်မှလည်း စိတ်မကောင်းစွာဖြင့် ညည်းတွားရှာ၏။

“နင် ကြည့်စမ်း… လူဘဝဆိုတာ တကယ်ကို ရုတ်တရတ်ဆန်လွန်းပါတယ်… ဒီလို ရုတ်တရက် ရောဂါထဖောက်တာနဲ့တင် လူက ချက်ချင်းကြီး မရှိတော့တာပဲ၊ ဒါကြောင့်မို့လို့ တစ်ခါတရံကျရင် ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းမွန်မွန် ထားရမယ်၊ မဟုတ်ရင် ဒီအတိုင်းပဲ နေ့ရက်တွေကို ဖြတ်သန်းသွားပြီး ဘာကောင်းတဲ့ဘဝမှလည်း မခံစားရဘဲ သေသွားရင် တော်တော်လေး နစ်နာဖို့ကောင်းတယ်… ငါ့အမြင်ပြောရရင် တို့မိသားစုက ကောင်းကောင်းမွန်မွန် နေထိုင်စားသောက်ပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသင့်တယ်”

ချန်ချင်းယွီ ခေါင်းငြိမ့်ပြလိုက်သည်။

သူမ ရုတ်တရက် အကြောင်းအရာတစ်ခုကို သတိရသွားသဖြင့်

“အမေ အငြိမ်းစားယူဖို့ နီးပြီမလား”

အဘွားကြီးကျောက် တစ်ချက် ကြောင်အသွားရာ၊ ချန်ချင်းယွီ ထပ်ပြော၍

“တွက်ကြည့်လိုက်လေ၊ နီးနေပြီပဲဟာ… ဒီနှစ်ကုန်ပိုင်းလောက်တင်ပဲဥစ္စာ”

အဘွားကြီးကျောက် : “အလိုလေး… နင် မပြောရင် ငါတောင် မေ့နေတော့မလို့၊ ဒါက…”

သူမ ချန်ချင်းယွီကို ခိုးကြောင်ခိုးဝှက် တစ်ချက်ကြည့်ကာ

“ရှောင်ကျားနဲ့ ရှောင်ယွမ်တို့ကလည်း ငါ့ရာထူးကို ဆက်ခံလို့မရသေးတော့… ငါကပဲ ပုံမှန်အတိုင်း အငြိမ်းစားယူလိုက်ရမလား”

ချန်ချင်းယွီ ခေါင်းငြိမ့်ပြလျက်

“ဒါက အစောကြီးကတည်းက သဘောတူထားပြီးသားပဲဟာ၊ အမေ ပုံမှန်အတိုင်းပဲ အငြိမ်းစားယူလိုက်ပါ… ပင်စင်လစာလေး ရှိနေတော့လည်း ဘာပဲဖြစ်ဖြစ် ပိုပြီး စိတ်ချရတာပေါ့”

အဘွားကြီးကျောက်တစ်ယောက် စိတ်အေးသွားရတော့သည်။ သူမသည်လည်း ချန်ချင်းယွီ စိတ်ပြောင်းပြီး အလုပ်ဝင်ချင်ကြောင်း ပြောလာမည်ကို စိုးရိမ်နေမိခြင်း ဖြစ်၏။ ဘယ်လိုပဲဖြစ်ဖြစ် ဤအလုပ်ရာထူးကို နောင်တွင် ကလေးများထံ လက်ဆင့်ကမ်းပေး၍ ရသည်မဟုတ်လော့… ကိုယ်တိုင် အလုပ်မလုပ်ချင်၍ ရောင်းပစ်မည်ဆိုလျှင်ပင် ပိုက်ဆံအများကြီး ရနိုင်သည်။ ယခုခေတ်တွင် ထိုကဲ့သို့သော အလုပ်ရာထူးဈေးနှုန်းများမှာလည်း ပြန်ပြီး တက်နေသည်သာ… တက်လိုက်တာမှ တရိပ်ရိပ်ပင်~~ သူမအနေဖြင့် ချန်ချင်းယွီတစ်ယောက် စိတ်လှုပ်ရှားသွားမည်ကို ကြောက်နေမိ၏။

သို့သော် ရာထူးကို လက်ဆင့်မကမ်းဘဲ ပုံမှန်အတိုင်း အငြိမ်းစားယူမည့် လုပ်ငန်းစဉ်အတိုင်း သွားမည်ဆိုပါက ထိုပင်စင်ပိုက်ဆံများကို သူမကိုယ်တိုင် ရရှိမည်ဖြစ်သည်။

သူမသည် ချန်ချင်းယွီကို အကြံများသော အကြည့်ဖြင့် လှမ်းကြည့်ရာ၊ ချန်ချင်းယွီမှာ

“အမေက ဘာကို လှမ်းကြည့်နေတာလဲ… ကျွန်မက အရင်တုန်းက အမေ့ကို လှည့်စားနေတယ်လို့ ထင်လို့လား… ပြောပြီးသားဆိုရင် ပြောထားတဲ့အတိုင်းပဲပေါ့၊ ဒါက အစ်ကိုကျန့်ဝမ် အမေ့အတွက် ချန်ပေးခဲ့တဲ့အရာပဲ၊ အမေ့အတွက် အကာအကွယ်တစ်ခုလို့လည်း ဆိုနိုင်တာပေါ့… အမေ့ဘာသာပဲ သိမ်းထားလိုက်ပါ”

အဘွားကြီးကျောက်မှာ အလောတကြီး ခေါင်းငြိမ့်ပြလိုက်ပြီးနောက် အနည်းငယ် ဝမ်းနည်းပက်လက်ဖြင့်

“ကျန့်ဝမ်ဆိုတဲ့ ကလေးက တကယ်ကို ကလေးကောင်းလေးပါ၊ကံမကောင်းရှာလို့သာ ဒီလို စည်းစိမ်ချမ်းသာတွေကို မခံစားသွားရတာ…”

အကယ်၍သာ သူ ရှိနေဦးမည်ဆိုလျှင် ချန်ချင်းယွီနှင့် နှစ်ယောက်သား သေချာပေါက် ပိုမိုကောင်းမွန်သော ဘဝကို ဖြတ်သန်းနိုင်ကြမည်သာ..

ဟူး…

ချန်ချင်းယွီ တည်ငြိမ်စွာဖြင့်

“သူ့ကံက တော်တော်ကောင်းပါတယ်၊ မကောင်းစရာ မရှိပါဘူး… ဒါတွေ လျှောက်ပြောမနေပါနဲ့တော့၊ နောက်လဆိုရင် ချင်းမင်ပွဲတော် (သင်္ချိုင်းကန်တော့ပွဲ) ရောက်ပြီပဲ၊ ကျွန်မတို့တွေ ပစ္စည်းတွေ အများကြီးဝယ်ပြီး တောင်ပေါ် သွားကြစို့”

အဘွားကြီးကျောက် : “ဟုတ်တယ်…ဟုတ်ပ၊ ဟုတ်ပ”

“တို့တွေ သူ့အတွက် အများကြီး မီးရှို့ပေးရမယ်… သူ အောက်ကမ္ဘာမှာ ကောင်းကောင်းမွန်မွန် နေနိုင်အောင်လို့၊ ပြီးတော့ တို့တွေကို ကောင်းကောင်း စောင့်ရှောက်ပေးနိုင်အောင်လို့ပေါ့… ငါ့သားက ငါ့ယောက်ျားထက် အဆပေါင်းများစွာ သာပါတယ်၊ ငါ့ယောက်ျားကတော့ အိမ်ကို တစ်စက်ကလေးမှ စောင့်ရှောက်မပေးဘူး.. ဒါပေမဲ့ ငါ့သားကို ကြည့်လိုက်ဦး၊ အိမ်ကို တစ်ရက်ထက်တစ်ရက် ပိုပြီး အဆင်ပြေအောင် စောင့်ရှောက်ပေးနေတာ”

ချန်ချင်းယွီ : “……”

ပြောစရာစကားကို မရှိတော့ဘူး…

“ရှောင်ကျားနဲ့ ရှောင်ယွမ်တို့ ဘာလို့ အခုထိ ပြန်မလာသေးတာလဲ မသိဘူး”

မည်သူက ဤအကြောင်းအရာကို ဆက်ပြောချင်ပါမည်နည်း။ အမြန်ဆုံး စကားလမ်းကြောင်း လွှဲလိုက်ရသည်။

မျှော်လင့်ထားသည့်အတိုင်းပင် အဘွားကြီးကျောက်သည် စကားလမ်းကြောင်းနောက်သို့ ပါသွားပြီး

“ငါ တံခါးဝကို သွားကြည့်လိုက်ဦးမယ်”

ကလေးများကို ကြိုဆိုရန် အိမ်ရှေ့တံခါးဝသို့ ထွက်သွားလေ၏။

ချန်ချင်းယွီ ပခုံးတစ်ချက် တွန့်လိုက်ပြီး ထမင်းစားပွဲကို သေသေချာချာ ခင်းကျင်းကာ ထမင်းစားရန် အဆင်သင့် ပြင်ဆင်ထားလိုက်တော့သည်။

ရှောင်ကျားနှင့် ရှောင်ယွမ်တို့ ကလေးနှစ်ယောက်မှာ အပြင်ထွက် ပစ္စည်းဝယ်နေကျဖြစ်၍ လမ်းကြောင်းကို ကျွမ်းကျင်နေပြီဖြစ်၏။ သူတို့နှစ်ဦးမှာ ထမင်းဘူးများကို ကိုင်ကာ ပြန်လာကြရင်း

“အဘွား သမီးတို့ကို လာကြိုတာလား”

“ဟုတ်တယ်...”

“အမြန်လာကြ...”

……

ချန်ချင်းယွီတို့ မိသားစုသည် ယနေ့ညတွင် ထမင်းကောင်းဟင်းကောင်း စားကြရသည်။ ထို့အတူပင် မာမိသားစုမှာလည်း ကောင်းကောင်းမွန်မွန် စားကြရ၏။ ချိုက်မင်မင်တစ်ယောက် အသားခုတ်ခုတ်ချင်း ဝယ်လာသော ဝက်သားများကို မွှေးကြိုင်နေအောင် ကြော်လှော်ထားသည်။

မာမိသားစုနှင့် ယွမ်မိသားစုမှာ မျက်နှာချင်းဆိုင် အိမ်များဖြစ်ကြသဖြင့် သေချာပေါက် အနံ့ရကြ၏။

ဤအချိန်တွင် ယွမ်မိသားစုဝင်များအားလုံး အလုပ်ဆင်းပြီး ပြန်ရောက်နေကြပြီ ဖြစ်သည်။

“သူတို့အိမ်က ဘာလို့ ခဏခဏ အသားစားနေရတာလဲ”

“ကြည့်ရတာ သူတို့ရဲ့ အရောင်းအဝယ်က တော်တော်လေး အဆင်ပြေနေပုံပဲ.. ဒီရက်ပိုင်းတွေမှာ ဇောက်ချပြီး အသားတွေချည်း ဝယ်နေကြတာ၊ ပိုက်ဆံမရရင် ဒီလောက်အထိ သုံးနိုင်ပါ့မလား”

ကျောက်ရုံ တိုးတိုးလေး ညည်းတွားလိုက်သည်။

သို့သော် ယွမ်ဟောက်မင်မှာ မျက်မှောင်ကြုတ်လျက်

“မှောင်ခိုရောင်းဝယ်ဖောက်ကားတာပဲ၊ သူတို့လိုလူမျိုးတွေကို အကုန် ဖမ်းဆီးပစ်ရမှာ…တကယ်ပဲ ဘာမှန်းလည်း မသိဘူး၊ သိက္ခာကျလိုက်တာ”

ယွမ်ဟောက်ဖုန်း ခေါင်းငြိမ့်ပြသည်။ သူတို့အားလုံးမှာ တရားဝင် အလုပ်အကိုင် ရှိကြသူများဖြစ်၍ ထိုကဲ့သို့သော အလုပ်မျိုးကို အလွန် အထင်သေးကြသော်လည်း ရင်ထဲတွင်မူ လုံးဝ မနာလိုမဖြစ်ဘဲ မနေနိုင်ကြပေ။ ဤနှစ်များအတွင်း သူသည် ခန္ဓာကိုယ်ကောင်းမွန်မှုကို အခြေခံ၍ အကျိုးကျေးဇူး အများအပြား ရရှိခဲ့ဖူး၏။

သူတို့၏ လူနေမှုဘဝသည် အမြဲတမ်း အဆင်ပြေကောင်းမွန်ခဲ့သည်။

သို့သော် ဤသို့ ကောင်းမွန်နေသည်မှာလည်း နှစ်အတော်ကြာခဲ့ပြီဖြစ်ရာ သူကိုယ်တိုင် မရိုးအီသော်လည်း အချို့သောလူများမှာ ရိုးအီနေကြပြီ ဖြစ်၏။

ကွမ်ထင်းထင်း၏ အစ်မဖြစ်သူဘက်တွင်လည်း ပြဿနာအချို့ တက်ခဲ့သဖြင့် သူ၏ လက်ရှိဘဝမှာ လွန်ခဲ့သည့် နှစ်အနည်းငယ်လောက် အဆင်မပြေတော့ပေ။ ရှန့်ရှန့်နှင့် ဆက်သွယ်မှု ရှိနေသေးသည်ဆိုသော်လည်း ရှန့်ရှန့်မှာလည်း သူနှင့် အရောတဝင် လုပ်ခြင်းနည်းပါးသွားခဲ့ပြီ… သူသည် တစ်ချိန်က ရှန့်ရှန့်ကို သူ့အတွက် သားတစ်ယောက် မွေးပေးရန် ဖျောင်းဖျဖူး၏။ ထိုသို့ဆိုလျှင် ရှန့်ရှန့်ကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်မည်သာ… သူမ၏ မိသားစုပိုင်ဆိုင်မှုမှာလည်း မနည်းမနော ရှိသည်ဖြစ်၍ သူ့သားသာ ရှန့်ရှန့်၏ ပစ္စည်းများကို ဆက်ခံလိုက်မည်ဆိုလျှင် ထိုအရာများသည် သူ့ပစ္စည်း ဖြစ်လာမည် မဟုတ်လော့။

ဤအကြံမှာ သူ့အမေ ကျောက်ရုံ ပေးခဲ့သည့် အကြံဖြစ်၏။

သို့သော် ရှန့်ရှန့်သည် အလွန် သတိကြီးသဖြင့် လုံးဝ မမွေးပေးခဲ့ချေ။

သူ့အစီအစဉ် ပျက်ပြားသွားသည့်အပြင်၊ သူ့စိတ်ကူးကို ရိပ်မိသွားပုံရသော ရှန့်ရှန့်မှာလည်း သူ့အပေါ် တော်တော်လေး အေးစက်သွားခဲ့သည်။

ထို့ကြောင့် ယခုအခါ ယွမ်ဟောက်ဖုန်း၏ ဘဝသည် ယခင်လောက် အဆင်မပြေတော့ပေ။

သူတို့အိမ်၌ အသားမစားရသည်မှာ ရက်အတော်ကြာပြီ ဖြစ်၏။

“သူတို့ရဲ့ ဒီစီးပွားရေးက တော်တော်လေး အဆင်ပြေပုံရတယ်၊ သေချာပေါက် မြတ်မှာပဲ… ဒါပေမဲ့ သူတို့ ဘယ်လိုရောင်းလဲ၊ ဘယ်လောက်မြတ်လဲ၊ ပစ္စည်းကို ဘယ်ကနေ သွားယူလဲဆိုတာတော့ တို့တွေ တစ်ခုမှ မသိရဘူး”

ကျောက်ရုံ ထပ်မံ ညည်းတွားရင်း သားဖြစ်သူကို လှမ်းကြည့်လိုက်ရာ၊ ယွမ်ဟောက်ဖုန်း တစ်ခုခုကို အလေးအနက် စဉ်းစားနေပုံရသည်။

ယွမ်ဟောက်မင် : “မင်းက ဒါတွေကို ဘာလို့ စပ်စုနေတာလဲ၊ တို့တွေလည်း ဒီအလုပ်ကို လုပ်မှာမှ မဟုတ်တာ”

ကျောက်ရုံ သားဖြစ်သူကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ပြန်၏။

ယွမ်ဟောက်ဖုန်း ဘာမှ ပြန်မပြောခဲ့ပေ။

ညဘက် အခန်းထဲ ပြန်ရောက်သောအခါ၊ သူသည် ကွမ်ထင်းထင်းကို ချော့မော့ကာ တိုင်ပင်လေသည်။

“ထင်းထင်း… မင်းက ချန်ချင်းယွီနဲ့ အတန်းဖော်ဟောင်းတွေပဲဟာ၊ မင်း သူမဆီ သွားပြီး အခြေအနေကို တစ်ချက်လောက် စုံစမ်းကြည့်ပါလား”

ကွမ်ထင်းထင်း မနှစ်မြို့ဟန်ဖြင့်

“ကျွန်မကတော့ အဲ့ဒီလို သိက္ခာအကျမခံနိုင်ပါဘူး… သူက ဘာအဆင့်မို့လို့လဲ၊ ကျွန်မ ဘာအဆင့်မို့လို့လဲ”

သူမ မျက်ခုံးပင့်ကာ စူးစူးရှရှဖြင့်

“ကျွန်မ ရှင့်ကို မပြောရသေးဘူး၊ ရှင်က ဘာဖြစ်လို့ လီလင်းလင်းလို အောက်တန်းစား မိန်းမမျိုးကိုတောင် လိုချင်နေရတာလဲ… ရှင် မျက်စိကန်းနေတာလား၊ သူမက ဘာအသုံးဝင်မှာမို့လို့လဲ… ရှင် ရှန့်ရှန့်တို့လို လူတွေနဲ့ ပတ်သက်တာကိုတော့ သည်းခံနိုင်ပါသေးတယ်… ဘာပဲဖြစ်ဖြစ် ရှင်က ယောက်ျားပဲဟာ၊ တို့အိမ်က နစ်နာတာမှ မဟုတ်တာ၊ ဒါပေမဲ့ ရှင်က ဘာလို့ လီလင်းလင်းနဲ့ကျမှ ဖြစ်ရတာလဲ… သူမက ဒီနေ့တောင် ကျွန်မကို လာပြီး ပြိုင်ဆိုင်ရဲသေးတယ်၊ ကျွန်မကပဲ မရိပ်မိဘူး ထင်နေလား၊ ဒီကောင်မစုတ်က ရုပ်ကလည်း ဆိုးသေးတယ်၊ စိတ်ကူးကလည်း ယဉ်ချင်သေးတယ်”

“မင်း စိတ်လျှော့ပါဦး… ငါက သူမကို ဘယ်လိုလုပ် သဘောကျပါ့မလဲ၊ ဒါက ပြဇာတ်ကပြရုံ သက်သက်ပါ၊ သူမကို ဂျပိုးလေးလို မြှောက်ပင့်ပေးထားတာ”

ကွမ်ထင်းထင်း : “ရှင် ကျွန်မကို လာမလိမ်နဲ့၊ သူမက ဘာအသုံးဝင်မှာလဲ… ကြည့်ရတာ ပိုက်ဆံလည်း မရှိ၊ ရုပ်ကလည်း မရှိနဲ့၊ ပြောပလောက်စရာကို မရှိတာ”

“ဘာလို့ မရှိရမှာလဲ… ဈေးထွက်ခင်းတာက သိက္ခာကျတယ်၊ တို့တွေ သွားလုပ်လို့ မရဘူး၊ ဒါပေမဲ့ ငါ သူမကို မြှောက်ပင့်ပြီး ခိုင်းလို့ရတာပေါ့”

ယွမ်ဟောက်ဖုန်း နက်နက်နဲနဲ အဓိပ္ပာယ်ဖြင့်

“တို့တွေက တရားဝင် အလုပ်အကိုင် ရှိတဲ့သူတွေဆိုတော့ ဒီလိုအလုပ်မျိုး သွားလုပ်လို့ မရဘူးလေ၊ ဒါပေမဲ့ လီလင်းလင်းက ယာယီအလုပ်သမားပဲဥစ္စာ၊ သူမက လုပ်လို့ရတယ်… သူမ ပိုက်ဆံရှာနိုင်ရင် ငါ သူမကို လှည့်စားဖို့က အရမ်းလွယ်ကူပါတယ်”

ကွမ်ထင်းထင်း မျက်လုံးများ ဝင်းပသွားပြီး စိတ်လှုပ်ရှားစွာဖြင့်

“ရှင် အမြန် ပြောပြစမ်းဦး”

ယွမ်ဟောက်ဖုန်း : “သူမက မိန်းကလေး ဖြစ်နေတော့ ချန်ချင်းယွီတို့၊ ချိုက်မင်မင်တို့နဲ့ ရောရောနှောနှော နေဖို့ ပိုလွယ်ကူတယ်လေ… အဲ့ဒီအချိန်ကျရင် စကားကောင်းလေးတွေပြောပြီး သူတို့ကို ခေါ်သွားခိုင်း၊ အတူတူ ဈေးထွက်ခင်းရင် အဲ့ဒါ ပိုက်ဆံတွေချည်းပဲ။ သူတို့ ဒီလိုလုပ်ဖို့ ကြံရွယ်ကတည်းက ငါ ဒီကိစ္စကို စဉ်းစားနေတာ… မင်း ကြည့်လိုက်လေ… အဘွားကြီးကျောက်လို စိတ်ပုပ်ပုပ်စပ်စပ် အဖွားကြီးတောင် တားမနေဘူးဆိုတော့ အကျိုးအမြတ် ရှိလို့ဆိုတာ တန်းသိသာနေတာပဲ… အခြေအနေက ဒီလိုမှတော့ တို့တွေလည်း ဝင်ပါဖို့ နည်းလမ်းရှာရမှာပေါ့”

“ရှင် ပြောတာ မှန်တယ် ဟောက်ဖုန်း၊ တကယ်ပဲ ရှင်ကမှ အားကိုးရတာပဲ...”

“ဒါကတော့ သေချာပေါက်ပေါ့……”

All Chapters