အခန်း ၁၂၆
Vol. 13 Ch. 126
အခန်း (၁၂၆) ဟာသပြဇာတ်
ပိုက်ဆံဆိုတာ တကယ်ကို ကောင်းတဲ့အရာပဲ…
လူတိုင်း နှုတ်ဖျားမှ ဈေးထွက်ခင်းသည်ကို အထင်သေးကာ၊ လမ်းဘေးဈေးသည်လေးများကို အမြင်
စောင်းသည်ဟု ပြောနေကြသော်ငြား ရင်ထဲ၌ စိတ်မလှုပ်ရှားဘဲ မနေနိုင်ကြပေ။
လူတစ်ယောက် ပိုက်ဆံရှာနိုင်မနိုင်ဆိုသည်မှာ သူ၏အခြေအနေကို ကြည့်ရုံဖြင့် သိသာလှသည်။ ချန်ချင်းယွီသည် အလွန်တည်ငြိမ်နေသော်လည်း အဘွားကြီးကျောက်ဖြစ်သူမှာ တစ်နေ့တစ်နေ့ ခေါင်းမော့ရင်ကော့ပြီး တော်တော်လေး ဘဝင်လေဟပ်နေကြောင်း အကဲခတ်မိကြ၏။
နောက်ပြီး~~ မာကျန့်ယီအိမ်က ယောက္ခမနဲ့ ချွေးမကို ကြည့်ဦး~~တကယ်လို့ ပိုက်ဆံမရဘူးဆိုရင် မာကျန့်ယီက သူတို့ကို ဒါမျိုး ပေးလုပ်ပါ့မလား…
ဂုဏ်သိက္ခာကျစရာကြီးလေ…
ထို့ကြောင့်ပင် ဤဈေးထွက်ခင်းသည့်အလုပ်မှာ သေချာပေါက် ပိုက်ဆံရမှန်း အားလုံး သိနေကြသည်။
ယင်းမှာ ပထမဆုံး သာဓကလည်း မဟုတ်ပေ။ အဒေါ်ကြီးမေ့တို့အိမ်မှ သားအကြီးဆုံးမှာ ညီအစ်ကို မောင်နှမ အငယ်များကို ဦးဆောင်ပြီး ဟုန်းဟုန်းတောက် အလုပ်ဖြစ်နေသည်ကိုလည်း အားလုံး မျက်ဝန်းထဲ မြင်နေကြရသည်သာ~~~ ဒါက လွန်ခဲ့တဲ့ ဆယ်စုနှစ်ကလိုမျိုး ‘ဆင်းရဲလေ ဂုဏ်ရှိလေ’ ဆိုပြီး အဆင့်အတန်း သတ်မှတ်ချက်တွေ ပြောနေရမယ့် ခေတ်မှ မဟုတ်တော့ဘဲ…
အမှန်တကယ်၌ ဘဝအခြေအနေ ကောင်းမကောင်းဟူသော ကွာခြားချက်သည် အလွန်ကြီးမားလှသည်။
ဘယ်သူကရော ဘဝကို ကောင်းကောင်းမွန်မွန် မဖြတ်သန်းချင်ဘဲ နေပါ့မလဲ…
ဘယ်သူကရော ပိုက်ဆံမရှိချင်ဘဲ နေပါ့မလဲ…
လူတိုင်း နှုတ်မှသာ ပြည်သူ့အတွက် အလုပ်အကျွေးပြုပါသည်ဟု ပြောနေကြသော်လည်း ရင်ထဲ၌ ထိုသို့အမှန်တကယ် တွေးနေကြသည် မဟုတ်ချေ။
ထို့ကြောင့်ပင် ထိုကဲ့သို့သော အကြောင်းအရာများကို အသာထား၍ အိမ်ထောင်စု အတော်များများမှာ မိမိတို့မိသားစုလည်း လိုက်ပြီး ပိုက်ဆံရှာရမလားဆိုသည်ကို စိတ်ထဲတွင် ကြံစည်နေကြပြီ ဖြစ်၏။
ချန်ချင်းယွီနဲ့ ချိုက်မင်မင်တို့လို မိန်းမသားနှစ်ယောက်တောင် လုပ်နိုင်သေးတာပဲ၊ သူတို့ကရော ဘာလို့ မလုပ်နိုင်ရမှာလဲ…
သူတို့ထက် ညံ့ဖျင်းနေလိမ့်မယ်လို့တော့ မထင်မိပါဘူး…ဟာသပဲ…
ချန်ချင်းယွီ ဈေးထွက်ခင်းနေသည်မှာ တစ်ပတ်ရှိပြီဖြစ်၍ ပစ္စည်းလည်း သိပ်မကျန်တော့ပေ။နောက်ထပ် တနင်္ဂနွေနေ့တစ်ရက်သို့ ရောက်ရှိလာရာ သူမသည် ထုံးစံအတိုင်း တစ်ဦးတည်း ဈေးထွက်ခင်းရန် ပြင်ဆင်လေသည်။ အဘွားကြီးကျောက်မှာ ယနေ့ အသုဘအိမ်တွင် သွားကူရမည်ဖြစ်၍ ချန်ချင်းယွီနှင့် အတူမလိုက်နိုင်ပေ။ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် အတူတူ လိုက်ချင်ကြသော်လည်း ချန်ချင်းယွီ ငြင်းပယ်လိုက်၏။ အနည်းငယ်သာ ကျန်တော့သည်
ဖြစ်၍ လူအများကြီး မလိုချေ။
အဘွားကြီးကျောက်မှာလည်း တတွတ်တွတ် မှာနေရှာသည်။
“ငါ စုံစမ်းကြည့်ပြီးပြီ၊ ဒီရက်ပိုင်း စက်ရုံက စက်ဘီးလက်မှတ် မထုတ်ပေးဘူးတဲ့၊ ဘယ်သူ့ဆီမှာမှ မရှိကြဘူး… နင့်ဆီမှာလည်း ပစ္စည်း သိပ်မကျန်တော့တာဆိုတော့ နင်ဘာသာပဲ သွားရောင်းလိုက်တော့နော်၊ ငါ မနက်ပိုင်း အသုဘအိမ်ဘက် သွားကူလိုက်မယ်၊ မွန်းတည့်လောက်ဆိုရင် ပြီးလောက်ပြီ… ပြီးရင် ငါ တန်းပြီး မှောင်ခိုဈေးဘက်ကို သွားလိုက်မယ်”
ချန်ချင်းယွီ ခေါင်းငြိမ့်ပြကာ
“ကောင်းပါပြီ”
မူလက မှောင်ခိုဈေးမှာ ယခုအခါ ဗြောင်ကျကျ ပေါ်တင်ဖြစ်နေပြီဖြစ်၍ မှောင်ခိုဈေးဟုပင် မခေါ်ဆိုထိုက်တော့ပေ။ ထို့ကြောင့် အဘွားကြီးကျောက်ကဲ့သို့ အဘွားကြီးမျိုးပင် သွားရဲနေခြင်း ဖြစ်၏။ ယခုအခါ အလိုအလျောက် ပေါ်ပေါက်လာသည့် ဈေးတန်းလေးများ များပြားနေသည်ဆိုသော်လည်း မှောင်ခိုဈေးဟောင်းဘက်တွင်သာ ပစ္စည်းအစုံလင်ဆုံး ဖြစ်နေသေးသည်။
လူအတော်များများမှာလည်း ဤနေရာကို ပိုပြီး အသားကျနေကြသဖြင့် ဝယ်သူများပြားလေ ရောင်းသူလည်း ပိုများလေ ဖြစ်နေ၏။
မူလကတည်းက ရှိနေသည့် လက်မှတ်ပွဲစားများလည်း ဤနေရာတွင်ပင် ဆက်လက် လှုပ်ရှားနေကြဆဲ ဖြစ်သည်။
အဘွားကြီးကျောက် : “ငါ နေ့လယ်စာ ပြန်မစားတော့ဘူးနော်၊ နေ့လယ်ကျရင် နင်တို့ဘာသာပဲ အဆင်ပြေအောင် ချက်ပြုတ်စားလိုက်ကြတော့”
ချန်ချင်းယွီ : “ဟုတ်ကဲ့၊ ကျွန်မ သိပါတယ်၊ ရှောင်ကျား၊ ရှောင်ယွမ်… မေမေ အံဆွဲထဲမှာ ပိုက်ဆံချန်ထားပေးတယ်နော်၊ သားတို့သမီးတို့ နေ့လယ်စာ သွားဝယ်စားကြ… မေမေ နေ့လယ်ကျရင် ပြန်လာစားမယ်၊ တကယ်လို့ ပြန်လာတာ နောက်ကျရင် မင်းတို့ အရင် စားနှင့်ကြနော်”
“ဟုတ်ကဲ့”
နှစ်ယောက်သား တိုင်ပင်ပြီးနောက် ချန်ချင်းယွီ အပြင်ထွက်ခါနီးတွင် အကြောင်းအရာတစ်ခုကို သတိရသွားသဖြင့် လှည့်ပြောလိုက်သည်။
“တကယ်လို့ အမေ ရေဒီယိုလက်မှတ် တွေ့ရင်လည်း တစ်စောင်လောက် ဝယ်ခဲ့ပေးပါဦး”
ရှောင်ကျားနှင့် ရှောင်ယွမ်တို့ ကလေးနှစ်ယောက်မှာ အိပ်ရာပေါ်မှ ဝုန်းခနဲ ထထိုင်လိုက်ကြပြီး မျက်လုံးလေးများ တောက်ပလျက် စိတ်လှုပ်ရှားစွာဖြင့် အလောတကြီး မေးကြ၏။
“မေမေ… သားတို့အိမ်က ရေဒီယို ဝယ်တော့မလို့လား”
အဘွားကြီးကျောက်ပင်လျှင် အလွန် စိတ်လှုပ်ရှားသွားပြီး မျက်လုံးအစုံမှာ ကြေးနီကွင်းကြီးများအလား ပြူးကျယ်သွားရသည်။
ချန်ချင်းယွီ ချစ်စဖွယ် ပြုံးလိုက်ပြီး
“ဟုတ်တယ်လေ၊ တစ်လုံးလောက် ဝယ်ချင်လို့… ပုံမှန်ဆို သတင်းလေးဘာလေး နားထောင်ပြီး အပျင်းပြေတာပေါ့၊ တီဗီကသာ ရဖို့ တော်တော်ခက်နေတာ၊ မဟုတ်ရင် တီဗီတစ်လုံး ဝယ်လိုက်ရရင် ပိုကောင်းမှာ”
သူမ ပြောသည့်စကားမှာ ကြွားဝါခြင်းမဟုတ်ဘဲ တကယ်ကို ထိုသို့ တွေးမိခြင်း ဖြစ်၏။ ယခုခေတ် လူနေမှုဘဝတွင် မည်သည့်ဖျော်ဖြေရေးမှ မရှိသည်ပေ။ ထို့ကြောင့်ပင် အားလုံး သူများကိစ္စ အတင်းအဖျင်း ပွဲကြည့်ရသည်ကို အလွန်နှစ်သက်ကြခြင်း ဖြစ်သည်၊ ဘဝမှာ တကယ်ကို ပျင်းစရာကောင်းလွန်းလှ၏။ သို့သော် တီဗီလက်မှတ်ကို သာမန်လူများ ဘယ်လိုမှ မရနိုင်ပေ။
ချန်ချင်းယွီအနေဖြင့် ရိုးရိုးသားသားပင် မနာလိုဖြစ်ရုံသာ တတ်နိုင်ရှာသည်။
“ရတယ်၊ ရတယ်၊ ရရမယ်…
နင့်သဘောအတိုင်းပဲ၊ ငါ အတတ်နိုင်ဆုံး ရှာကြည့်ပေးပါ့မယ်”
အဘွားကြီးကျောက်မှာ ပျော်ရွှင်လွန်းသဖြင့် ဝိုင်းဝိုင်းလည်နေပြီး
ရယ်မောနေလေသည်။
“တို့ဝင်းတစ်ခုတည်းမှာ ရေဒီယိုရှိတာ နှစ်အိမ်ပဲ ရှိသေးတာ၊ တို့အိမ်မှာသာ ရှိလာရင် သုံးအိမ်မြောက် ဖြစ်ပြီ… ဟားဟား၊ ဟားဟားဟား”
“တို့အိမ်က ဒီဝင်းရဲ့ အထက်တန်းလွှာ အိမ်ထောင်စု ဖြစ်လာပြီဆိုတာ တကယ် မမှားဘူးပဲ”
သူမ ဂုဏ်ယူဝင့်ကြွားနေပြန်၏။
ချန်ချင်းယွီ ရယ်မောလျက်
“ကဲပါ… ဝယ်လို့ရမရတောင် မသေချာသေးဘူးပဲဥစ္စာ၊ သွားပြီး ကြည့်လိုက်ပါဦး… ဒီလိုလက်မှတ်မျိုးကလည်း ရှားပါတယ်၊ ဒါပေမဲ့ မရလည်း ကိစ္စမရှိပါဘူး၊ ကျွန်မ ချင်းမင်ပွဲတော်မတိုင်ခင် တောင်ပိုင်းဘက်ကို တစ်ခေါက် ထပ်သွားရဦးမှာပဲ၊ တကယ်လို့ အမေ ရှာမတွေ့ရင် ကျွန်မ တောင်ပိုင်းကနေ ရေဒီယိုတစ်လုံး တန်းဝယ်ခဲ့လိုက်မယ်”
အဘွားကြီးကျောက်က စိတ်လှုပ်ရှားစွာဖြင့်
“ကောင်းပြီလေ...”
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာမူ ပို၍ပင် စိတ်လှုပ်ရှားသွားကြပြီး ကလေးနှစ်ယောက်စလုံး ဝမ်းသာလွန်းသဖြင့် ပါးပြင်လေးများ ရဲတွတ်နေကြလေသည်။ ပစ္စည်းကို မဝယ်ရသေးသော်လည်း သူတို့ အလွန် ပျော်ရွှင်နေကြပြီ ဖြစ်၏။ အကြောင်းမှာ သူတို့မိခင်သည် သူတို့ကို ဘယ်တော့မှ မလိမ်ညာကာ ပြောသည့်အတိုင်း အမြဲလုပ်ဆောင်ပေးသောကြောင့်တည်း…
တကယ်ကို ပျော်လိုက်တာ…
ရှောင်ကျားနှင့် ရှောင်ယွမ်တို့ ပျော်ရွှင်စွာဖြင့် နှုတ်ခမ်းလေးများ မစေ့နိုင်ဖြစ်နေကြသည်။
“ကဲ… ကျွန်မ သွားပြီနော်”
ချန်ချင်းယွီ စကားဆိုကာ ထွက်လာခဲ့၏။
သူမတွင် ကျန်ရှိနေသော ပစ္စည်းများသိပ်မများတော့သဖြင့် ယနေ့မနက်ပိုင်းတင် အကုန်ရောင်းရလိမ့်မည်ဟု ခန့်မှန်းရသည်။
ချန်ချင်းယွီနှင့် အဘွားကြီးကျောက်တို့သည် အသီးသီး အပြင်သို့ ထွက်လာခဲ့ကြပြီး တစ်ယောက်ချင်းစီ သုတ်ခြေတင် လျှောက်လှမ်းခဲ့ကြ၏။ သို့သော်လည်း သူတို့နှစ်ယောက် ထွက်လာသည်နှင့်တစ်ပြိုင်နက် တစ်စုံတစ်ဦးမှာ ခိုးကြောင်ခိုးဝှက် နောက်ကနေ လိုက်လာခဲ့လေသည်။
မှန်ပါသည်~~~ ခိုးကြောင်ခိုးဝှက်ပင်။
ထိုသူမှာ အခြားသူမဟုတ်၊ ယွမ်ဟောက်ဖုန်းပင်တည်း…
အခြားသူများနှင့် နှိုင်းယှဉ်ပါက ယွမ်ဟောက်ဖုန်း၏ ပိုက်ဆံရှာလိုစိတ်မှာ ပိုမို ပြင်းထန်လှ၏။ မည်သို့ပင်ဖြစ်ဖြစ် သူသည် အခြားသူများနှင့်မတူဘဲ ဘဝကောင်းကို ဖြတ်သန်းဖူးပြီး ဂုဏ်သရေရှိလှသော နေ့ရက်များကို ခံစားဖူးသူ ဖြစ်သည်။ ယခုအခါ ထိုကောင်းမွန်သော ဘဝမှာ တရိပ်ရိပ် ကျဆင်းသွားသဖြင့် ရင်ထဲတွင် သေချာပေါက် အလွန် အလောတကြီး ဖြစ်နေရ၏။
သူသည် ဈေးထွက်ခင်းသည့် လမ်းဘေးဈေးသည်များကို အထင်သေးသော်လည်း ဤအလုပ်မှာ အမှန်တကယ် ပိုက်ဆံရမရဆိုသည်ကို အလွန် သိချင်နေမိသည်။
သူနှင့် သူ့မိန်းမ နှစ်ယောက်စလုံး လှုပ်ရှားလိုက်ကြခြင်း ဖြစ်ပြီး၊ သူသည် ချန်ချင်းယွီနောက်ကို လိုက်ကာ စောင့်ကြည့်ပြီး၊ သူ့မိန်းမမှာ ချိုက်မင်မင်နောက်ကို လိုက်ကာ စောင့်ကြည့်နေခြင်း ဖြစ်၏။
ယွမ်ဟောက်ဖုန်း သူတို့နှစ်ယောက်နောက်မှ ခပ်လှမ်းလှမ်းခွါ၍ လိုက်လာခဲ့ရာ လမ်းဆုံလမ်းခွသို့ ရောက်သောအခါ ချန်ချင်းယွီနှင့် အဘွားကြီးကျောက်တို့သည် လမ်းခွဲလိုက်ကြသည်ကို မြင်လိုက်ရသဖြင့် သူ တစ်ချက် တွေဝေသွားပြီး ဘာလုပ်ရမှန်း မသိဖြစ်သွားရသည်။
မည်သူ့နောက်ကို လိုက်ရမည်နည်း…
သို့သော် ပြန်စဉ်းစားကြည့်လိုက်ရာ ကုန်ပစ္စည်းများအားလုံး ချန်ချင်းယွီထံ၌ ရှိနေခြင်းဖြစ်၍ သေချာပေါက် ချန်ချင်းယွီနောက်ကိုသာ လိုက်ရပေမည်။
ယွမ်ဟောက်ဖုန်း ချက်ချင်းပင် နောက်မှ ကပ်လိုက်ခဲ့တော့၏။
အမှန်တကယ်၌ ချန်ချင်းယွီသည် အိမ်မှထွက်ပြီး မကြာမီမှာပင် တစ်စုံတစ်ဦး မိမိနောက်သို့ စောင့်ကြည့်လိုက်လံနေမှန်း ရိပ်မိလိုက်သည်။
သူမ ရင်ထဲတွင် အနည်းငယ် ထူးဆန်းသွားသော်လည်း ဤဝန်းကျင်ရှိလူပဲ ဖြစ်ရမည်ဟု ချက်ချင်း သဘောပေါက်လိုက်၏။
ဘယ်ကလေကချေက စိတ်ယုတ်မာနဲ့ လာချောင်းနေတာပါလိမ့်…
သို့သော်လည်း ချန်ချင်းယွီ ထိုလူကို မျက်ခြေပြတ်အောင် မလုပ်ခဲ့ပေ၊ ထိုသို့လုပ်ဖို့လည်း မလိုအပ်ပေ။
ဘယ်လိုပဲဖြစ်ဖြစ် သူမ ဈေးထွက်ခင်းနေသရွေ့တော့ တစ်နေ့နေ့မှာ တစ်ယောက်ယောက်က သိသွားမှာပဲဥစ္စာ…. ဖုံးနေစရာမလိုပါဘူးလေ…
ဒါဆိုရင်တော့ သူတို့သဘောအတိုင်းပဲ လွှတ်ထားလိုက်ရုံပေါ့…
နောက်ကနေ လိုက်ချောင်းချင်တယ်ဆိုရင်လည်း ချောင်းပါစေပေါ့… သမုဒ္ဒရာရေကအများကြီးပါ ဘယ်သူသောက်သောက် မကုန်ပါဘူးလေ…
ချန်ချင်းယွီမှာ သူများနောက်ယောင်ခံလိုက်နေရုံမျှဖြင့် မိမိကိုယ်မိမိ စိတ်အနှောင့်အယှက် အဖြစ်ခံမည့်သူ မဟုတ်ပေ။တစ်ဖက်မှ ပြန်စဉ်းစားကြည့်လျှင်လည်း အခြေအနေကို အနည်းငယ် အရိပ်အမြွက် ပြသလိုက်ခြင်းမှာ အကျိုးကျေးဇူး ရှိစေသည်။ သူမ ဤအလုပ်လုပ်ခြင်းက တကယ် ပိုက်ဆံရကြောင်း သူများသိသွားမှသာ နောင်တွင် သူမ၏ ပိုက်ဆံများ ဗြောင်ကျကျနှင့် တရားဝင် ဖြစ်လာမည် မဟုတ်လော့။
သုံးစွဲရသည်မှာလည်း ပို၍ ပေါ်တင် သုံးစွဲနိုင်လာမည်။
သူမ လိမ်ညာပြောဆိုနေခြင်းလည်း မဟုတ်ပေ၊ တကယ်လည်း အများကြီး မြတ်စွန်းသည်သာ…
သို့သော်လည်း စီးပွားရေးလုပ်ရန်အတွက် အရင်းအနှီး လိုအပ်သည်ဟူသောအချက်ကိုမူ သူမ ထုတ်ပြောမည်မဟုတ်ပေ။ ဤအရင်းအနှီးမျိုးသည် သာမန်လူတစ်ယောက်အနေဖြင့် ဘယ်လိုမှ ထုတ်နိုင်စွမ်းရှိသည့် ပမာဏမျိုး မဟုတ်ပေ။
ချန်ချင်းယွီသည် နှုတ်ခမ်းကို ခပ်တင်းတင်းစေ့လျက် စက်ဘီးကို တွန်းကာ ဤဘက်ရှိ ဈေးတန်းသို့ တန်းလာခဲ့၏။
ဈေးတန်းချင်း တူညီသည်ဆိုသော်လည်း ဤနေရာသည် မှောင်ခိုဈေးလောက် မကြီးမားချေ။ သို့သော် ချန်ချင်းယွီတစ်ယောက် မှောင်ခိုဈေးဘက်သို့ မသွားချင်ပေ။ပထမအချက်မှာ လူများ ရိပ်မိမှတ်မိသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ထိုသို့ဖြစ်နိုင်ခြေသည် မများလှဘဲ သူမကိုယ်တိုင်လည်း ဈေးဝယ်တိုင်း အမြဲတမ်း လုံခြုံအောင် အကာအကွယ် လုပ်ထားသည့်အပြင် အသွားအပြန်လည်း ခပ်သွက်သွက် သုတ်ခြေတင်တတ်သော်လည်း လူဆိုသည်မှာ သတိကြီးကြီးထားခြင်းသည် မမှားနိုင်ပေ။
ဒုတိယအချက်မှာ မှောင်ခိုဈေးမှ လက်ကားဒိုင်ကြီးများနှင့် ပတ်သက်မှု မရှိချင်သောကြောင့် ဖြစ်၏။ ထိုသူများမှာ မူဝါဒများ မပြောင်းလဲခင်ကတည်းက စတင်လုပ်ကိုင်လာကြသူများ ဖြစ်သည်။ ယခုခေတ်တွင် ဂျင်းဘောင်းဘီမှာ အလွန်ရှားပါးနေသေးသည့်အပြင် သူမ၏ စီးပွါးရေးသည်လည်း အလွန်ကောင်းမွန်နေရာ အခြားသူများ စိတ်ကူးပေါက်ပြီး ရန်ရှာလာမည်ကို မပြောနိုင်ပေ။
ချန်ချင်းယွီသည် လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်က မှောင်ခိုဈေးသို့ သွားစဉ် အချင်းချင်း ပစ္စည်းလုယက်သတ်ဖြတ်ကြသည့်အဖြစ်ဆိုးမျိုးနှင့် ကြုံဖူးသည်ကို မှတ်မိနေသေး၏။
၎င်းမှာ မှောင်ခိုဈေးပိုင်ရှင်နှင့် တိုက်ရိုက်မသက်ဆိုင်ဟု ဆိုသော်လည်း ထိုနေရာသည် လူစုံပြီး ပို၍ ရှုပ်ထွေးလှကြောင်း သက်သေပြနေသည်။ ထို့ကြောင့် ချန်ချင်းယွီ ထိုဘက်တွင် ဈေးမခင်းချင်ခြင်း ဖြစ်၏။ ဤဘက်ဈေးတန်းသည် အခြေအနေ သိပ်မထည်ဝါလှသော်လည်း ဤနေရာရှိ နေထိုင်သူများမှာ ချမ်းသာကြသဖြင့် ပစ္စည်း တော်တော်လေး အရောင်းသွက်လှသည်။
ချန်ချင်းယွီ ရောက်လာသည်နှင့်
တစ်ပြိုင်နက် လူအချို့ သူမကို စောင့်ဆိုင်းနေကြပြီ ဖြစ်၏။
“လာပြီ၊ လာပြီ၊ ဟိုမှာ ကြည့်စမ်း၊ လာပြီ”
“တို့တွေ စောင့်နေတာ ကြာလှပြီ၊ ခါးဆိုဒ် နှစ်ဆယ်အမျိုးသမီးဝတ် ရှိသေးတယ်မလား”
“ကျွန်မကို အမြန်လေး နှစ်ထည်လောက် ယူပေးစမ်းပါ”
ချန်ချင်းယွီ၏ အရောင်းအဝယ်မှာအလွန်ပင် အခြေအနေ ကောင်းမွန်လှသည်။
နေ့စဉ်ရက်ဆက် လူမပြတ်ချေ။
သို့သော်လည်း အချို့လူများမှာ ပိုက်ဆံကို နှမြောသဖြင့် အစပိုင်းတွင်တွေဝေနေမိကြသော်လည်း ပစ္စည်း သိပ်မကျန်တော့သည်ကို မြင်သောအခါမှ တကယ့်ကို အလောတကြီး ဖြစ်သွားကြ၏။ ဤရက်ပိုင်းအတွင်း ဆိုဒ်များ ပြတ်လပ်ကုန်သဖြင့် လာဝယ်သည့်လူ ပိုများလာသည့်အပြင် မည်သူမှ ဈေးမဆစ်ကြတော့ပေ။
ချန်ချင်းယွီ ပစ္စည်းများကို ဟိုလှန်ဒီလှန် ရှာဖွေကြည့်ပြီးနောက် ခေါင်းခါပြကာ
“ခါးဆိုဒ် နှစ်ဆယ် အမျိုးသမီးဝတ် မရှိတော့ဘူးရှင်”
ယခုခေတ်လူများက ယေဘုယျအားဖြင့် တော်တော်လေး ပိန်ကြသည့်အပြင် ဂျင်းဘောင်းဘီ လာဝယ်သူအများစုမှာလည်း မိန်းကလေးငယ်များသာ ဖြစ်ကြသဖြင့် ခါးဆိုဒ် ၁၉၊ ၂၀၊ ၂၁ တို့သည် အမြတ်ဆုံး ဆိုဒ်များ ဖြစ်ကြသည်။
“အား…......... မရှိတော့ဘူးလား၊ မရှိတော့ဘူးလား...”
အော်ဟစ်သံမှာ ဟိန်းထွက်သွားတော့သည်။
ချန်ချင်းယွီ ခေါင်းငြိမ့်ပြလိုက်၏။
“ဒါဆို ခါးဆိုဒ် ၁၉ ကော၊ ၁၉ ရှိလား…ကျွန်မ ဗိုက်ကို နည်းနည်းလေး ချပ်ဝတ်ရင်လည်း ရပါတယ်...”
ချန်ချင်းယွီ ထပ်မံ ရှာဖွေကြည့်ပြန်သော်လည်း ခေါင်းခါပြကာ
“ဒါလည်း မရှိတော့ဘူးရှင်၊ ခါးဆိုဒ် ၂၁ ပဲ ရှိတော့တယ်၊ အဲ့ဒါလည်း နောက်ဆုံး တစ်ထည်ပဲ ကျန်တော့တာ”
“အားးးးး.........”
နားကွဲမတတ် အော်ဟစ်သံကြီး ထွက်ပေါ်လာပြန်၏။
ဘယ်အချိန်ပဲဖြစ်ဖြစ် မိန်းမပျိုလေးများ၏ တက်ကြွမှုမှာ အားရစရာပင်။
ချန်ချင်းယွီ နှမြောတသဟန်ဖြင့်
“တကယ် မရှိတော့လို့ပါ၊ ညီမ တကယ် အဆင်ပြေမယ့် ဆိုဒ်ကို လိုချင်ရင်တော့ လဝက်လောက် စောင့်ရလိမ့်မယ်၊ မမ တောင်ပိုင်းဘက်ကို တစ်ခေါက် ထပ်သွားဦးမှာမို့လို့”
“အား… ကျွန်မလိုချင်တယ်၊ အခုချက်ချင်းပဲ လိုချင်တာ”
သူမ တကယ် နောင်တရမိသည်။ လွန်ခဲ့သည့် နှစ်ရက်ကတည်းက သူမ လာခဲ့ဖူးပြီး ထိုစဉ်၌ ပစ္စည်းရှိသေးသော်လည်း တစ်ထည်လျှင် ယွမ် ၂၀ ကျော်ဖြစ်သဖြင့် တကယ် ဈေးကြီးလွန်းလှ၍ စိတ်ထဲတွင် တော်တော်လေး တွန့်ဆုတ်နေခဲ့၏။
ရလဒ်ကတော့ စောင့်ရင်းစောင့်ရင်းနှင့် အခု ဘာမှ မကျန်တော့ဘူး…
သူမ စိတ်မကောင်းစွာဖြင့် အော်ဟစ်ညည်းတွားနေရင်း ရုတ်တရက် အော်သံရပ်သွားကာ ချန်ချင်းယွီကို စူးစူးစိုက်စိုက် ကြည့်လျက်
“မမ ကိုယ်ပေါ်က ဘောင်းဘီက ဘယ်လောက်ဆိုဒ်လဲ”
ချန်ချင်းယွီ : “???”
သူမ ဆွံ့အသွားရတော့သည်။
“ဒါက မမ ဝတ်ထားတာလေ… ဒီရက်ပိုင်း ပစ္စည်းရောင်းရင်း နမူနာပြဖို့ မမ အမြဲ ဝတ်ထားတာ”
“ကျွန်မကိုပဲ ပေးလိုက်ပါတော့...”
ချန်ချင်းယွီ : “ဒါက တစ်ပတ်ရစ်ကြီးလေ”
“အီးဟီး… ကျွန်မကိုပဲ ပေးလိုက်ပါနော်၊ ကျွန်မ သူငယ်ချင်းတွေအားလုံး ဝတ်နေကြပြီ၊ ကျွန်မတစ်ယောက်ပဲ မရှိသေးတာ၊ ကျွန်မကို ပေးလိုက်ပါ၊ ပေးလိုက်ပါနော်…ကျွန်မ လုံးဝ စိတ်မရှိပါဘူးရှင်...”
ချန်ချင်းယွီမှာ သူမ၏ အော်ဟစ်ပူဆာမှုကြောင့် ဦးနှောက်ပင် အုန်းအုန်းထသွားရသည်။
“ဒါက…”
“အစ်မကြီး… ကျွန်မကို ပေးလိုက်ပါနော်၊ တောင်းပန်ပါတယ်……”
သူမ ချန်ချင်းယွီ၏ လက်ကို ဆွဲထားပြီး လုံးဝ မလွှတ်တော့ပေ။
ချန်ချင်းယွီ : “……”
သောက်ကျိုးနည်း… နင် ငါ့ဘောင်းဘီ ဆွဲချွတ်တော့မလို့လား…
ဘာပြောရမှန်းကို မသိတော့ဘူး…
“ညီမ ခါးဆိုဒ် ၂၁ ကိုပဲ ဝယ်လိုက်ပါ၊ မမ ပြောပြမယ်… ဘောင်းဘီခါးကို ဒီလိုလေး တွန့်ပြီး ကလစ်ညှပ်လိုက်ရင် မပွတော့ဘူးလေ”
သူမ အကြံပေးလိုက်ရသည်။ ချန်ချင်းယွီ ဆံပင်များကို ခပ်ပွပွလေး စည်းထားပြီး ဆံစလေးများ ဝဲကျနေကာ ကလစ်လေးများလည်း ညှပ်ထား၏။ ဤမိန်းကလေးမှာ ဇွတ်အတင်း သူမကိုယ်ပေါ်ရှိ ဘောင်းဘီကို ချွတ်ခိုင်းတော့မည့်အလား ဖြစ်နေသဖြင့် သူမ အမြန်ပင် ပစ္စည်းအရောင်းသွက်အောင် ဆွဲဆောင်လိုက်ရခြင်း ဖြစ်သည်။
“ခါးဆိုဒ် ၂၁ ကို ဒီလိုလုပ်လိုက်ရင်… ညီမ ကြည့်ဦး……”
ချန်ချင်းယွီသည် ဆံပင်မှ ကလစ်တစ်ခုံးကို တန်းဖြုတ်လိုက်ပြီး နှစ်ချက်ခန့် လှည့်လိုက်ရာ ပုံစံလေး တစ်မျိုး ဖြစ်သွားသည်။ သူမ ဂျင်းဘောင်းဘီ၏ ခါးနေရာကို အနည်းငယ် ခေါက်လိုက်ပြီး ကလစ်ဖြင့် ညှပ်ပြကာ
“ကြည့်စမ်း၊ ဒီလိုဆိုရင်လည်း တော်တော်လေး ကြည့်ကောင်းတယ် မဟုတ်လား… ပြီးတော့ နည်းနည်း ပွပွယောယောလေး ဝတ်ရတာ ပိုပြီး သက်သောင့်သက်သာ ရှိတာပေါ့”
“ဟယ်… အမလေး၊ မမ ဒီလိုလုပ်လိုက်တာ တော်တော်လေး ကြည့်ကောင်းတာပဲ”
ချန်ချင်းယွီ ပြုံးပြကာ
“ဟုတ်တယ်မလား”
“ကဲ… ဒါဆိုလည်း အမြန်ပေး၊ ကျွန်မ ခါးဆိုဒ် ၂၁ ကိုပဲ ယူမယ်”
ဆိုဒ်ထပ်ပြတ်သွားမည်ကို စိုးရိမ်သဖြင့် သူမ ကုန်းအော်လိုက်ရာ အခြားသူများလည်း လန့်သွားကြပြီး အလောတကြီး ဝယ်ကြတော့သည်။
“ညီမလေး… ငါ့ကို ဟို အဖြူရောင် ရှပ်အင်္ကျီလေးထည် ယူပေးစမ်းပါ”
ဤင်္အကျီများသည် တကယ့်ကို အနေတော်ဖြစ်ပြီး အရောင်းရဆုံး ဖြစ်သလို အသက်အရွယ်မရွေး ဝတ်ဆင်နိုင်၏။
ချန်ချင်းယွီထံတွင်လည်း သိပ်မကျန်တော့ပေ။
“တစ်ထည်ကို တစ်ဆယ့်နှစ်ယွမ်ပါရှင်”
“ဟာ… မလုပ်ပါနဲ့ဦး၊ ငါ့တူမလေးက ညွှန်းလို့ လာခဲ့တာ… သူမ ဝယ်တုန်းက တစ်ဆယ်ပဲပေးရတာတဲ့၊ ငါ့ကျမှဈေးတက်လို့ မရဘူးလေ”
ချန်ချင်းယွီ မချိပြုံး ပြုံးလိုက်ပြီး
“ကောင်းပါပြီရှင်၊ ဖောက်သည်ဟောင်း ညွှန်းလို့ လာတာဆိုတော့လည်း ကျွန်မ ဈေးမဆွဲတော့ပါဘူး.. ကျွန်မဆီမှာလည်း ဒါတွေပဲ ကျန်တော့တာမို့လို့၊ ရောင်းကုန်ရင် သိမ်းတော့မှာ၊ နောက်တစ်ခါ ပြန်ရောင်းဖို့ဆိုရင် လဝက်လောက် ကြာဦးမယ်၊ အဲ့ဒီကျရင် ပုံစံတွေကလည်း တူချင်မှ တူတော့မှာ”
ထိုစကားကြောင့် ချန်ချင်းယွီထံမှ ပစ္စည်းများကို လူများ ပို၍ အလုအယက် လက်မြန်ခြေမြန် ဝယ်ယူကြတော့သည်။
ချန်ချင်းယွီ၏ အရောင်းအဝယ်မှာ တကယ့်ကို အခြေအနေ ကောင်းမွန်လှရာ၊ ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေသည့် ယွမ်ဟောက်ဖုန်းတစ်ယောက် ထိုမြင်ကွင်းကို ကြည့်ပြီး မျက်လုံးများပင် ပြာလာရ၏။ သူ ကြားလိုက်ရသည်မှာ ထိုအဖြူရောင် လူကြီးဝတ် ရှပ်အင်္ကျီတစ်ထည်လျှင် ဆယ်ယွမ် ဖြစ်သည်။ အချို့လူများသည်လည်း တစ်ဆယ့်နှစ်ယွမ်ဖြင့် ဝယ်သွားကြသေး၏။
ဂျင်းဘောင်းဘီ အမျိုးသားဝတ်ဆိုလျှင် နှစ်ဆယ့်ငါးယွမ် ဖြစ်ပြီး အမျိုးသမီးဝတ်သည် နည်းနည်း ပိုသက်သာသည်။ အင်္ကျီဖြစ်စေ၊ ဘောင်းဘီဖြစ်စေ ပစ္စည်းရောင်းထွက်သည်မှာ အလွန် မြန်ဆန်လှ၏။
အမလေးဗျာ…… ဘောင်းဘီတစ်ထည်ကို ယွမ် ၂၀ ကျော်တဲ့လား… တစ်လစာ လစာနီးပါး ရှိတာကို တကယ့်ကို ရဲရဲတင်းတင်း ဈေးခေါ်ရဲတာပဲ၊ ဒီလောက် ပိုက်ဆံအများကြီးကို… ဒီလောက်အထိ အရောင်းသွက်နေတယ်ဆိုတော့ ပိုက်ဆံရှိတဲ့သူတွေ တကယ် များတာပဲ…
ယွမ်ဟောက်ဖုန်း ရင်များ တဒိုင်းဒိုင်း ခုန်နေ၏။ သူ တကယ်ကို မယုံနိုင်အောင် ဖြစ်ရသလို၊ အလွန်ပင် အမြတ်ကြီးစားသော မိန်းမဟုလည်း စိတ်ထဲမှ ကောက်ချက်ချမိသည်။
ဒီလိုဈေးမျိုးကို ဘယ်လိုများ ဗြောင်ကျကျ ခေါ်ရဲတာလဲ၊ ဘယ်လို မျက်နှာပြောင်တိုက်ပြီး တောင်းရဲတာလဲ…. ယွမ် ၂၀ ကျော်လေ… သောက်ကျိုးနည်း…
ယွမ်ဟောက်ဖုန်းတစ်ယောက် သွားရည်တမြှားမြှား ကျနေမိပြီး ပိုက်ဆံထုပ်ကြီးများ တဝဲဝဲ လွင့်ပျံလာနေသကဲ့သို့သာ ခံစားနေရတော့သည်။
အကယ်၍သာ ဒီပိုက်ဆံတွေက ငါ့ပိုက်ဆံ ဖြစ်လာမယ်ဆိုရင်……
ယွမ်ဟောက်ဖုန်းတစ်ယောက် ရင်ထဲတွင် ပို၍ပင် စိတ်လှုပ်ရှားလာပြီး ဤပိုက်ဆံရလမ်းတွင် သူလည်း သေချာပေါက် ပါဝင်ရမည်ဟု ဆုံးဖြတ်ချက် ချလိုက်မိ၏။
အမှန်အတိုင်း ပြောရလျှင် ယွမ်ဟောက်ဖုန်းတွင် အခြားသူများထက် ပိုမိုသာလွန်သော အခွင့်အရေးများ ရှိနေသည် မဟုတ်လော့။ သူသည် မီးရထားဌာနမှာ အလုပ်လုပ်နေသူ ဖြစ်ပြီး အကယ်၍ ခရီးသွားရမည်ဆိုလျှင် သေချာပေါက် ပို၍ အဆင်ပြေလှသည်။ သို့သော် မကြာမီမှာပင် ယွမ်ဟောက်ဖုန်း စိတ်ထဲမှနေ၍ ခေါင်းကို တိတ်တဆိတ် ခါယမ်းလိုက်ပြန်၏။ သူကိုယ်တိုင် သွားလုပ်၍ မဖြစ်ပေ။
သူ ထိုမျှအထိ သိက္ခာအကျွန်မခံနိုင်ပေ။
ဤနှစ်များအတွင်း သူ့အစ်မကြီးများ၏ အကူအညီကြောင့် သူသည် ခေါင်းဆောင်ငယ်တစ်ဦး ဖြစ်နေပြီဖြစ်ရာ ဤအလုပ်ကို သွားလုပ်လျှင် တော်တော်လေး အရှက်ရစရာ ဖြစ်လိမ့်မည်။
လမ်းဘေး ဈေးသည်လေးတွေက ကိုယ့်လုပ်အားနဲ့ကိုယ် ပိုက်ဆံရှာတာ မှန်ပေမဲ့ လူအများစုရဲ့ စိတ်ထဲမှာတော့ လေလွင့်အလုပ်လက်မဲ့တွေနဲ့ ဘာမှမထူးဘူး…
သူကဲ့သို့ အရာရှိတစ်ယောက်မှာ ဤမျှအထိ အရှက်ကွဲခံ၍ မဖြစ်ပေ။
ဘယ်လောက်ပဲ ပိုက်ဆံပြတ်နေပါစေ၊ ဒါမျိုးတော့ သွားလုပ်၍ မဖြစ်ဘူး…
သို့သော် ကံကောင်းသည်မှာ သူသည် အစကတည်းက ပြင်ဆင်ထားပြီး လီလင်းလင်းကို စည်းရုံးသိမ်းသွင်းထားပြီးသား ဖြစ်၏။
သူကိုယ်တိုင် သွားလုပ်၍မရသော်လည်း လီလင်းလင်းသည်ကား လုပ်နိုင်သည်။ လီချန်ရွှမ်းနှင့် လင်စန်းရှင်းတို့ ဇနီးမောင်နှံမှာ သိက္ခာကို အသက်ထက်တန်ဖိုးထားကြသူများ ဖြစ်သော်လည်း၊ လီလင်းလင်း သူ့အပေါ် ထားရှိသည့် စိတ်နေသဘောထားကို သူ ကောင်းကောင်း နားလည်၍ သူ့အနေဖြင့် လီလင်းလင်းကို ကောင်းကောင်း ထိန်းချုပ်နိုင်စွမ်း ရှိ၏။ လွန်ခဲ့သည့် ငါးနှစ်ခန့်က ယွမ်ဟောက်ဖုန်းသည် အတွေ့အကြုံမရှိသေးသည့် လူငယ်တစ်ဦး ဖြစ်ခဲ့လျှင်ပင် ယခုအခါ၌မူ စစ်တလင်းများစွာကို ဖြတ်သန်းခဲ့ဖူးသည့် ဝါရင့်မြေခွေးအိုကြီး ဖြစ်နေပြီ ဖြစ်သည်။
သူသည် အစ်မကြီးများနှင့် အတွေ့အကြုံ များပြားခဲ့သဖြင့် မိန်းမသားများကို မည်သို့ချော့ရမည်ကို အသိဆုံး ဖြစ်၏။ လီလင်းလင်းကို ကောင်းကောင်း စည်းရုံးနိုင်မည်ဟု သူ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေပြီး လီလင်းလင်း ပိုက်ဆံရှာနိုင်လျှင် ထိုပိုက်ဆံများသည် နောင်တွင် သူ့ပိုက်ဆံ ဖြစ်လာမည်သာ…
သို့သော်လည်း ချန်ချင်းယွီ လီလင်းလင်းကို ဆွဲခေါ်သွားပေးမလားဆိုသည်မှာ မသေချာပေ။
သူ့မိန်းမကို ချန်ချင်းယွီထံ အရင်လွှတ်ပြီး အခြေအနေ စုံစမ်းခိုင်းကာ၊ ထို့နောက်မှ လီလင်းလင်းကို သူမတို့ထံ သွားခိုင်းလျှင် ရနိုင်၏။
ယွမ်ဟောက်ဖုန်းတစ်ယောက် ဟိုဟိုဒီဒီ တွေးတောရင်း ထိုပိုက်ဆံပုံကြီးကို မြင်ယောင်ကာ ရင်များတလှပ်လှပ် တုန်နေမိတော့သည်။
ဒါတွေက ပိုက်ဆံတွေချည်းပဲဥစ္စာ…
ယွမ်ဟောက်ဖုန်းတို့ မိသားစု၏ အခြေအနေသည် တကယ်တမ်း တော်တော်လေး ကောင်းမွန်လှသော်လည်း၊ သူသည်ကား ပိုမိုသာယာလှပသော ဘဝကို ဖြတ်သန်းဖူးသူဖြစ်၍ ယခုကဲ့သို့ ဘဝမျိုးတွင် ဆက်ပြီး မနေချင်ပေ။ သူအနေဖြင့် ပိုပြီး အဆင့်မြင့်သည်များကို မြင်ဖူးသဖြင့် လိုချင်တပ်မက်စိတ်မှာလည်း ပိုကြီးမားလှသည်။ ရှန့်ရှန့်တို့နှယ် စည်းစိမ်ချမ်းသာပြည်စုံ ကြီးမားလှသော ဘဝမျိုးကို သူလည်း လိုချင်တပ်မက်မိ၏။
ယွမ်ဟောက်ဖုန်း၏ ဦးနှောက်ထဲတွင် စိတ်လှုပ်ရှားလွန်းသောကြောင့် တအုန်းအုန်း မြည်ဟီးနေသည်။
ဖြစ်နိုင်သည်မှာ~~ သူ တကယ်ပဲ လုပ်နိုင်လောက်ပါတယ်…
ယွမ်ဟောက်ဖုန်းသည် ဤကိစ္စတွင် မိမိလည်း မည်သို့ဝင်ပါပြီး အကျိုးအမြတ် ခွဲဝေယူရမလဲဆိုသည်ကို ကြံစည်တွေးတောနေရင်း၊ အမှတ်မထင် လှည့်ကြည့်လိုက်ရာ ရုတ်တရက် ရင်းနှီးနေသော ပုံရိပ်တစ်ခုကို လှမ်းမြင်လိုက်ရသည်~~ ထိုသူမှာ ကျန်းရှင်းဖှ ဖြစ်၏။
ကျန်းရှင်းဖှတစ်ယောက် ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိဘဲ အခြားတစ်ဖက်တွင် ရပ်နေသည်။ သူသည်လည်း ချန်ချင်းယွီ ဤမျှအထိ ပိုက်ဆံရနေလိမ့်မည်ဟု ထင်မထားပုံရသဖြင့် မျက်တောင်မခတ်တမ်း စူးစိုက်ကြည့်ရင်း တံတွေးများကို တမြုံ့မြုံ့ မျိုချနေရှာကာ မျက်လုံးများလည်း အရောင်တောက်နေ၏။ သူအနေနှင့် ဤနှစ်များအတွင်း ဘာမှ တိုးတက်မှုမရှိဘဲ အလုပ်သက်တမ်းကိုသာ အမှီပြုပြီး နေလာခဲ့ခြင်းဖြစ်ကာ နည်းပညာစွမ်းရည် တိုးတက်လာခြင်းမရှိသဖြင့် လစာမှာ သုံးဆယ်ကျော်သာ ရရှိပြီး ယခုထက်ထိ လေးဆယ်မပြည့်သေးပေ။
ဤပိုက်ဆံသည် လယ်သမားများ သို့မဟုတ် သာမန်အလုပ်သမားများနှင့် နှိုင်းယှဉ်ပါက တော်တော်လေး ကောင်းမွန်သည်ဟု ဆိုနိုင်သော်လည်း သူတို့ဝင်းထဲမှ လူအတော်များများမှာ တော်တော်လေး ကြိုးစားကြပြီး အလုပ်သက်တမ်းကော နည်းပညာပါ ရှိကြသဖြင့် ပိုက်ဆံ တော်တော်များများ ရှာနိုင်ကြ၏။ ဤသို့ နှိုင်းယှဉ်ကြည့်လိုက်လျှင် ကျန်းရှင်းဖှသည် တကယ့်ကို တက်ကြွထက်မြက်သူတစ်ယောက် မဟုတ်ပေ။
သူခမျာ အိမ်ထောင်ဖက်ရှာရန် အလုပ်ရှုပ်နေပြီး အပတ်တိုင်း အပြင်ထွက်လည်ပတ်နေရသဖြင့် ပိုက်ဆံ သိပ်မစုမိပေ။ ယခုအခါ ချန်ချင်းယွီ ပိုက်ဆံများကို တစ်ရွက်ပြီးတစ်ရွက် သိမ်းဆည်းနေသည်ကို မြင်ရသောအခါ ထိုပိုက်ဆံများကို မိမိ၏ ဘောင်းဘီအိတ်ကပ်ထဲသို့သာ အကုန် ထည့်ပစ်ချင်စိတ် ပေါက်နေတော့သည်။
ဒီလောက် ပိုက်ဆံအများကြီးကို ချန်ချင်းယွီလို မိန်းမသားတစ်ယောက်က လက်ထဲမှာ မြဲအောင် ကိုင်ထားနိုင်ပါ့မလား…
ကျန်းရှင်းဖှတစ်ယောက် မအောင့်နိုင်ဘဲ စိတ်ကူးယဉ်တွေးတောမိပြန်၏။ အကယ်၍ သူနှင့် ချန်ချင်းယွီတို့ ကြားထဲတွင် တစ်ခုခု ဖြစ်သွားခဲ့မည်ဆိုလျှင် ဤပိုက်ဆံများသည် သူ့ပိုက်ဆံ ဖြစ်လာမည် မဟုတ်လော့။
သူ့ရင်ထဲတွင် ချက်ချင်း စိတ်လှုပ်ရှားသွားသော်လည်း၊ မကြာမီမှာပင် တိတ်တဆိတ် ခေါင်းခါလိုက်ပြန်သည်။
မဖြစ်နိုင်ဘူး၊ ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး…
အဘွားကြီးကျောက်လို စုန်းမကြီးက ချန်ချင်းယွီကို ဘယ်လိုလုပ် နောက်အိမ်ထောင်ပြုခွင့် ပေးပါ့မလဲ… ပြီးတော့ အဲ့အဘွားကြီးက တကယ့်ကို အရူးမကြီးလိုပဲဥစ္စာ…
အဘွားကြီးကျောက်တစ်ယောက် ရူးသွပ်ပြီး ပြဿနာရှာတတ်သည်ကို သူတို့အားလုံး မြင်ဖူးကြသဖြင့် ရိုးရိုးသားသား ပြောရလျှင် ကျန်းရှင်းဖှ၏ ရင်ထဲတွင်လည်း တုန်လှုပ်မိသည်မှာ အမှန်ပင်။ ထိုသို့သောလူမျိုးကို မည်သူ မကြောက်ဘဲ နေမည်နည်း။ ကျန်းရှင်းဖှသည် ယခင်၌ အလွန် မာနကြီးပြီး ဆောင့်ကြွား ဆောင့်ကြွား လုပ်တတ်သူ ဖြစ်သော်လည်း၊ သူလျှိုအမှုတွင် ပါဝင်ပတ်သက်လုနီးပါး ဖြစ်ခဲ့ချိန်မှစ၍ သူ့သတ္တိများ တော်တော်လေး နည်းသွားခဲ့ပြီ ဖြစ်သည်။
ဒါက တကယ်ပဲ၊ ဘယ်သူပဲဖြစ်ဖြစ် ဒီလိုကိစ္စမျိုးနဲ့ ကြုံရရင် သတ္တိတွေ ပျက်ပြယ်ကုန်မှာပဲဥစ္စာ…
သူက ပတ်သက်မှုရှိတယ်ဆိုပြီး တစ်လနီးပါးတောင် အဖမ်းခံခဲ့ရသေးတာ မဟုတ်လား…
အဲ့ဒီ သေချင်းဆိုး ခွေးသူလျှိုကြောင့်ပဲ…
သူ တကယ့်ကို ကြောက်လန့်နေမိ၏။
ယခုအခါတွင် တတ်နိုင်သမျှ ပြဿနာမမရှာဘဲ ငြိမ်ငြိမ်နေခြင်းမှာ အကောင်းဆုံးပင်။
ဒါမှမဟုတ်၊ သူကပဲ အစပြုပြီးချန်ချင်းယွီကို မြှူဆွယ်~~ ချန်ချင်းယွီကို အဘွားကြီးကျောက်နဲ့ မျက်နှာပျက်အောင် လုပ်ခိုင်းရမလား…
ဤအတွေး ခဏမျှသာ ပေါ်လာပြီးနောက် သူ ချက်ချင်း ခေါင်းခါလိုက်ပြန်၏။
အကယ်၍ အခြားသူဆိုလျှင် သူ့ အကြံ အလုပ်ဖြစ်ကောင်း ဖြစ်လိမ့်မည်။ သို့သော် သူတို့ဝန်းကျင်တစ်ခုလုံးတွင် ချန်ချင်းယွီသည် တကယ့်ကို အချစ်အတွက်ဆို အသက်ပင်သေသေ လူမျိုးဖြစ်မှန်း မည်သူမဆို သိကြသည်သာ… သူမမှာ ကွယ်လွန်သူ လင်းကျန့်ဝမ်အပေါ် တကယ့်ကို အသက်ပေးချစ်ခဲ့၏။ အဘွားကြီးကျောက် သူမအပေါ် ထိုမျှအထိ မကောင်းခဲ့သည့်တိုင် သူမသည် အဘွားကြီးကျောက်အပေါ် တော်တော်လေး ကောင်းရှာသည်။
ဒါက ဘာကြောင့်လဲဆိုတာ သေချာပေါက် သိသာနေတာကြီး… ကွယ်လွန်သူ လင်းကျန့်ဝမ်ကြောင့်ပဲပေါ့…
သူ ချန်ချင်းယွီကို သွားပြီး မြှူဆွယ်မယ်ဆိုတာ… ဒါကတော့ မဖြစ်နိုင်လောက်ဘူး…
သူ့မှာ ဆွဲဆောင်မှုမရှိ၍ မဟုတ်ဘဲ၊ ချန်ချင်းယွီ စိတ်ထားခိုင်မာလွန်းသည့်အတွက်ပင်။
ဒါက မဖြစ်နိုင်ဘူး…
ကျန်းရှင်းဖှတစ်ယောက် အလေးအနက် စဉ်းစားခန်း ဝင်သွားရတော့သည်။
ဒါမှမဟုတ်… သူ တန်းပြီး အဘွားကြီးကျောက်ကိုပဲ သွားပြီး မြှူဆွယ်လိုက်ရမလား၊ ဘာပဲဖြစ်ဖြစ် ချန်ချင်းယွီ ပိုက်ဆံရှာတာကလည်း အဘွားကြီးကျောက်ကို ပေးဖို့ပဲဟာ……
အား...
တောက်... တောက်...
ငါက ဘယ်လိုဖြစ်လို့ ဒီလို အတွေးမျိုး တွေးနိုင်ရတာလဲ…
ငါ ရူးသွားပြီလား မသိဘူး…
မဖြစ်ဘူး၊ မဖြစ်နိုင်တာ…
ချန်ချင်းယွီဘက်တွင်မူ အရောင်းအဝယ် တကယ့်ကို အခြေအနေ ကောင်းမွန်နေပြီး အင်္ကျီရောင်းရသည်မှာ သွေးချင်းချင်းနီမတတ် အလုပ်ဖြစ်နေသော်လည်း၊ တစ်ဖက်တွင် ချောင်းကြည့်နေသည့် လူများမှာမူ ကိုယ့်စိတ်ကူးနှင့်ကိုယ် အိပ်မက်လှလှမက်နေကြ၏။ ပြောရလျှင် ကျန်းရှင်းဖှမှာ ယွမ်ဟောက်ဖုန်းနှင့် မတူပေ၊ သူသည် ချန်ချင်းယွီနောက်ကို တမင် လိုက်ချောင်းခြင်း မဟုတ်ပေ။
ယနေ့ တနင်္ဂနွေနေ့ ဖြစ်၍…
အလုပ်ပိတ်ရက်ဆိုလျှင် သူသည် အိမ်ထောင်ဖက်ရမည့် အခွင့်အရေးကို ရှာဖွေရန် နေရာအနှံ့ လျှောက်လည်လေ့ရှိရာ ဤဝန်းကျင်ဘက်သို့ လမ်းကြုံရောက်ရှိလာခြင်း ဖြစ်သည်။
သူ မူလက သတိမထားမိခဲ့သော်လည်း မည်သူ ထင်မှတ်ထားမည်နည်း၊ ချန်ချင်းယွီကို မမျှော်လင့်ဘဲ လှမ်းမြင်လိုက်ရခြင်း ဖြစ်၏။
သူတို့ဝင်းထဲရှိ အိမ်ထောင်စု အတော်များများက ဈေးထွက်ခင်းနေကြမှန်း သူ အမြဲတမ်း သိထားသော်လည်း၊ အမှန်အတိုင်း ပြောရလျှင် အားလုံးကို အမှိုက်တွေချည်းပဲဟု သတ်မှတ်ကာ သူ လုံးဝ အထင်မကြီးခဲ့ချေ။ သို့သော် မမျှော်လင့်ဘဲ ဤစီးပွါးရေးမှာ ဤမျှအထိ အဆင်ပြေနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ကျန်းရှင်းဖှတစ်ယောက် မြင်လိုက်ရသဖြင့် မပြန်ချင်တော့ချေ။
ဒီပိုက်ဆံတွေက ဘာလို့ သူ့ပိုက်ဆံ မဖြစ်ရတာလဲ…
ကျန်းရှင်းဖှသည် စူးစူးစိုက်စိုက် ကြည့်နေမိပြီး ရင်ထဲတွင် အဖြေမရှိသဖြင့် ခဏမျှ တွေဝေသွားပြီးနောက် အိမ်ပြန်ပြီး အဖေဖြစ်သူနှင့် တိုင်ပင်ရန် ဆုံးဖြတ်လိုက်သည်။ သူ့အဖေမှာလည်း အားကိုး၍မရသူ ဖြစ်သော်လည်း ‘ဖိနပ်ချုပ်သမား သုံးယောက်ပေါင်းရင် ပညာရှိတစ်ယောက်ထက် သာသည်’ ဟု ဆိုရိုးရှိသည် မဟုတ်လော့~~~ ပြီးတော့ သူ့အမေလည်း ရှိသေးတာပဲ…
သုံးယောက်ပေါင်းရင် သေချာပေါက် နည်းလမ်းကောင်းတစ်ခု စဉ်းစားမိမှာပါ…
ကျန်းရှင်းဖှတစ်ယောက် ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် အလောတကြီး မပြန်သေးဘဲ ချန်ချင်းယွီကို ဆက်ပြီး စောင့်ကြည့်နေမိ၏။
ချန်ချင်းယွီသည် ပစ္စည်းရောင်းနေသည်ဆိုသော်လည်း သစ်သားတုံး မဟုတ်သဖြင့် တစ်စုံတစ်ဦး မိမိကို စူးစူးစိုက်စိုက် ကြည့်နေသည်ကို သေချာပေါက် ခံစားမိသည်။
သူမက ဝန်းကျင်ကို တစ်ချက် လှမ်းကြည့်လိုက်ရာ၊ တစ်ယောက်က ယွမ်ဟောက်ဖုန်း ဖြစ်ပြီး၊ နောက်
တစ်ယောက်မှာ ကျန်းရှင်းဖှ ဖြစ်နေ၏။
သူမ အထင်သေးသော အပြုံးတစ်ချက်ကို ပြုံးလိုက်ပြီးနောက် တောက်ပသော အပြုံးမျက်နှာဖြင့် အရောင်းအဝယ်ကို ဆက်လက် လုပ်ကိုင်နေလေသည်။
သူမ မျှော်လင့်ထားသည့်အတိုင်းပင် ယနေ့မနက်ပိုင်းတွင် ပစ္စည်းများအားလုံး အကုန်အစင် ရောင်းချလိုက်ရ၏။
ကျန်ရှိနေသော ဘောင်းဘီများမှာ ဆိုဒ်ပြတ်နေသောကြောင့်သာ~~ မဟုတ်လျှင် ဤထက်ပို၍ စောစောစီးစီး ရောင်းကုန်သွားပေလိမ့်မည်။ တွက်ကြည့်လျှင် သူမသည် တနင်္ဂနွေနေ့ကတည်းက စတင်ရောင်းချခဲ့ခြင်းဖြစ်ရာ ကွက်တိ တစ်ပတ်ခန့်သာ ကြာမြင့်ခဲ့သည်။ ချန်ချင်းယွီသည် ပစ္စည်းအားလုံး ရောင်းချပြီးသွားမှသာ သိမ်းဆည်းပြီး ပြန်ရန် ပြင်ဆင်တော့၏။
“ညီမလေး… မနက်ဖြန် မလာတော့ဘူးလား”
ချန်ချင်းယွီ ခေါင်းခါပြကာ
“မလာတော့ဘူးရှင့်၊ ကျွန်မ အကုန်ရောင်းလိုက်ရပြီ… အခြေအနေ ကြည့်ရဦးမှာပဲ၊ နောက်တစ်ခေါက်ဆိုရင်တော့ ချင်းမင်ပွဲတော် ဝန်းကျင်လောက်မှ ဖြစ်လိမ့်မယ်”
“ဟာ… ဒါဆိုရင်တော့……”
“အာ… အဲ့ဒီကျရင် ညီမ ဒီနေရာမှာပဲ ပြန်ပြီး ဈေးခင်းမှာလား”
လူအချို့ လာရောက်စုံစမ်းနေသည်ကို ချန်ချင်းယွီ မြင်သော်လည်း အသေအချာ အဖြေမပေးဘဲ ရောချလိုက်၏။
“အဲ့ဒီကျရင် အခြေအနေ ကြည့်ရဦးမှာပါ၊ ရှီချာဟိုင်ဘက် သွားရင်လည်း သွားဖြစ်လိမ့်မယ်၊ ဘာမှ မသေချာသေးပါဘူး… ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မဆီမှာလည်း ပစ္စည်းက မရှိသေးဘူးလေ”
“ဒါလည်း ဟုတ်တာပါပဲ”
“အား… ဒီတစ်ခေါက်တော့ ငါ အဆင်ပြေမယ့် ဆိုဒ်ကို ကွက်တိ မဝယ်လိုက်ရဘူး၊ နောက်တစ်ခေါက်ကျရင်တော့ စောစောလာမှ ဖြစ်တော့မယ်”
“အမှန်ပဲ”
“ညီမလေးလည်း ကြည့်ကောင်းတဲ့ အင်္ကျီတွေ အများကြီး ပိုသွင်းခဲ့ဦးနော်၊ ဒီဂျင်းဘောင်းဘီမျိုးဆို တို့ ကုန်တိုက်တွေမှာတောင် မရှိဘူးလေ.. ဘာပဲဖြစ်ဖြစ် တောင်ပိုင်းဘက် သွားရတာပဲ ကောင်းပါတယ်”
ချန်ချင်းယွီ ပြုံးလျက် ခေါင်းငြိမ့်ပြလိုက်သည်။
အမှန်တကယ်၌ ကုန်တိုက်ကြီးများမှာလည်း မရောင်းချင်၍ မဟုတ်ပေ။ သို့သော် အစိုးရပိုင် လုပ်ငန်းဖြစ်သဖြင့် ပစ္စည်းသွင်းမည်ဆိုလျှင်ပင် လုပ်ထုံးလုပ်နည်းများအတိုင်း သွားရသဖြင့် ထိုအရှိန်အဟုန်သည် သူတို့ကဲ့သို့တိုက်ရိုက်ပစ္စည်းသွားယူသူများကို ဘယ်လိုမှ မမှီနိုင်ခြင်း ဖြစ်၏။ ချန်ချင်းယွီသည် စက်ဘီးကို တွန်းကာ ပြန်လာခဲ့တော့သည်။
လမ်းတွင် ဆိုင်ငယ်လေးတစ်ဆိုင်ကို ဖြတ်ကျော်စဉ် သူမသည် အမဲသားနှပ်တစ်တုံးပင် ဝယ်ခဲ့၏။
ဟီးဟီး…
အမှန်၌ အစောပိုင်းကာလကတည်းက လူအချို့သည် ခိုးကြောင်ခိုးဝှက်ဖြင့် စီးပွားရေးအသေးစားလေးများ လုပ်ကိုင်ခဲ့ကြသော်လည်း ထိုစဉ်က ဖုံးဖုံးဖိဖိ လုပ်ခဲ့ကြရခြင်း ဖြစ်သည်။ ယခုအခါ၌မူ တရားဝင် မူဝါဒများ ထွက်ရှိလာပြီဖြစ်၍ အားလုံး ဗြောင်ကျကျ ပေါ်တင် လုပ်ကိုင်လာကြပြီ ဖြစ်၏။ အကြီးအကျယ် ချဲ့ထွင်ခြင်းမျိုး မဟုတ်သရွေ့ ဤကဲ့သို့သော စီးပွားရေးအသေးစားလေးများကို မည်သူမှ ဝင်မရှုပ်ကြချေ။
လမ်းမပေါ်တွင် အရောင်းရဆုံးအရာမှာ ကျေးလက်မှ လာရောက်ရောင်းချကြသည့် သီးနှံမျိုးစုံ၊ ဟင်းသီးဟင်းရွက်များနှင့် ကောက်ပဲသီးနှံများ ဖြစ်ကြသည်။
အများဆုံးသော ဆိုင်ငယ်လေးများမှာလည်း အစားအသောက် ရောင်းသည့်ဆိုင်များသာ ဖြစ်ကြ၏။
ထိုအရာသည် တကယ့်ကို အမှန်တရားတစ်ခုကို အပြည့်အဝ သက်သေပြနေသည်~~~ ‘ပြည်သူတို့အတွက် အစားအသောက်က အသက်’ ဟူ၍ပင်…
ချန်ချင်းယွီသည် အမဲသားနှပ်ကိုပင် ဝယ်ယူ၍ ရနေပြီဖြစ်မှန်း ထင်မထားခဲ့မိပေ။ သို့သော် ထိုကဲ့သို့သော ပစ္စည်းမျိုးသည် နည်းပါးနေသေးသဖြင့် ဝယ်ရသည်မှာ မလွယ်ကူလှပေ။ ချန်ချင်းယွီသည် ပျော်ရွှင်စွာဖြင့် စက်ဘီးစီးကာ အိမ်သို့ ပြန်လာခဲ့သည်။
ချန်ချင်းယွီနောက်သို့ လိုက်ချောင်းလာသည့် ယောက်ျားကြီး နှစ်ယောက်မှာ သူမ အမဲသားနှပ် ဝယ်သည်ကို မြင်သောအခါ အလိုအလျောက် တံတွေးများ မျိုချမိကြ၏။
ယောက်ျားကြီးတွေ ဖြစ်နေရင်ကော ဘာဖြစ်လဲ… ယောက်ျားတွေလည်း သွားရည်ကျတတ်တာပဲဥစ္စာ…
ချန်ချင်းယွီ အိမ်သို့ ပြန်ရောက်လာပြီး လမ်းကြားဝသို့ ရောက်သောအခါ မိမိ၏ ကလေးနှစ်ယောက်နှင့် ကွက်တိ တိုးတော့သည်။ သူတို့မှာ ထမင်းဟင်း သွားဝယ်ပြီး ပြန်လာကြခြင်းဖြစ်ကာ ထမင်းဘူးကိုယ်စီကို ကိုင်ထားကြရင်း အလွန်လိမ္မာရေးခြား ရှိလှ၏။
ချန်ချင်းယွီ : “ရှောင်ကျား၊ ရှောင်ယွမ်”
“မေမေ...”
ချန်ချင်းယွီ : “သမီးတို့ ဒါ ဘယ်ကနေ သွားဝယ်လာတာလဲ… ဘာလို့ ဒီဘက်ကနေ လာရတာလဲ”
ဤလမ်းမှာ ဒေသပိုင်
စားသောက်ဆိုင်ရှိရာ လမ်းကြောင်း မဟုတ်ပေ။
ရှောင်ကျား : “သားတို့ မေဝေ့စားသောက်ဆိုင်ကို သွားခဲ့တာ”
“ဪ……”
ဤဆိုင်မှာ လွန်ခဲ့သည့် ငါးနှစ်ခန့်ကတည်းက ချန်ချင်းယွီ ကလေးများကို ခေါ်သွားဖူးသည့် နေရာဖြစ်သည်။ ထိုအိမ်သည် တောက်လျှောက် ခိုးကြောင်ခိုးဝှက် လုပ်ကိုင်လာခဲ့ခြင်းဖြစ်ပြီး၊ ချန်ချင်းယွီ ရံဖန်ရံခါတွင် ကလေးများကို ခေါ်သွားကာ ခိုးပြီး ကောင်းကောင်းမွန်မွန် ကျွေးမွေးလေ့ရှိ၏။
ဪ… သူမ တစ်ခါက ထိုနေရာတွင် မာကျန့်ယီ ဝိုင်းလာမှာထားသည်ကိုပင် ဆုံဖူးသေးသည်။
ဤမျှ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း ထိုဆိုင်သည် ပျက်စီးမသွားသည့်အပြင် အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နေဆဲ ဖြစ်၏။
ယခုအခါတွင်မူ ‘မေဝေ့စားသောက်ဆိုင်’ ဟူသော ဆိုင်းဘုတ်ကိုပင် ဗြောင်ကျကျ ချိတ်ဆွဲထားပြီ ဖြစ်သည်။
သေချာတာပေါ့~~~ ဆိုင်းဘုတ်ချိတ်ထားတယ် ဆိုသော်လည်း တရားဝင် လုပ်ငန်းလိုင်စင် အဆင့်ဆင့် ရှိဦးမည် မဟုတ်ချေ။
သို့သော် ယခင်ကဲ့သို့ ခိုးကြောင်ခိုးဝှက် လုပ်နေစရာ မလိုတော့ပေ။
သူတို့ဆိုင်မှာ ရိက္ခာလက်မှတ် မလိုသည့်အပြင် ဟင်းချက်လက်ရာလည်း အလွန်ကောင်းမွန်လှသဖြင့် အိမ်တွင် ရိက္ခာလက်မှတ် မလောက်မင ဖြစ်သည့်အခါတိုင်း ကလေးနှစ်ယောက်စလုံး ထိုနေရာသို့ သွားရောက်ဝယ်ယူရမှန်း ကောင်းကောင်း သိနေကြပြီ ဖြစ်သည်။
ချန်ချင်းယွီ : “မေမေလည်း အမဲသားနှပ် တစ်တုံး ဝယ်လာတယ်၊ အိမ်ကျရင် လှီးပြီး စားကြတာပေါ့”
“ဟုတ်ကဲ့...”
“ဒီနေ့ မင်းတို့အဘွားကော ဘယ်လိုနေလဲ မသိဘူး”
ချန်ချင်းယွီ ရေရွတ်လိုက်ရာ~~
“အဘွားကတော့ သေချာပေါက် ဗိုက်ကားအောင် စားနေမှာပေါ့၊ ဘယ်တော့မှ အနစ်နာခံမယ့်လူ မဟုတ်ဘူး”
ချန်ချင်းယွီ တစ်ခစ်ခစ် ရယ်မောမိသွား၏။
ပြန်စဉ်းစားကြည့်လျှင်လည်း ဟုတ်ပေသည်။ သူမ၏ ယောက္ခမသည် အမြတ်ထွက်မည့်ကိစ္စဆိုလျှင် ဘယ်သောအခါမှ နောက်ဆုတ်မည့်သူ မဟုတ်ပေ။
မိသားစုတစ်စုလုံး ပျော်ပျော်ရွှင်ရွှင် ရယ်မောရင်း အိမ်သို့ ပြန်လာကြရာ၊ ယွမ်ဟောက်ဖုန်းမှာ မနာလိုဝန်တိုစိတ်ဖြင့် နောက်မှ ကပ်လိုက်လာခဲ့၏။ သူ ကျန်းရှင်းဖှကို လှမ်းမြင်လိုက်ရသလို၊ ကျန်းရှင်းဖှသည်လည်း သူ့ကို သေချာပေါက် မြင်လိုက်သည်။ နှစ်ယောက်စလုံး တစ်ဦးကိုတစ်ဦး စောင့်ကြည့်နေကြခြင်း ဖြစ်သော်လည်း နှုတ်ဆက်ခြင်း မပြုကြပေ။
သို့သော် သူတို့၏ မျက်နှာပေးမှာ ကောင်းမွန်သည်ဟု မဆိုနိုင်ပေ။
သူများ ဖြတ်သန်းနေရသည့် ဘဝကိုကြည့်ပြီး မိမိတို့ကိုယ်မိမိ ပြန်ကြည့်လိုက်သည့်အခါ စိတ်ထဲတွင် ဘယ်လိုမှ မပျော်ရွှင်နိုင်ကြရှာပေ။
နှစ်ယောက်စလုံး စက်ဘီးကို တွန်းကာ ဝင်းထဲသို့ ဝင်လာခဲ့ကြသည်။ မှန်၏~~ ဤငါးနှစ်တာ ကာလအတွင်း ကျန်းရှင်းဖှလည်း စက်ဘီးတစ်စီး ဝယ်ယူနိုင်ခဲ့ပြီ ဖြစ်သည်။
စက်ဘီးရှိခြင်းမှာ မိန်းကလေးငယ်ငယ်လေးများကို မြှူဆွယ်ရာတွင် ပို၍ အသုံးတည့်သည်မဟုတ်လော့။
သို့သော်လည်း သူ၏ ‘ကျားကော မကော နှစ်မျိုးစလုံး စားသုံးတတ်သည်’ ဟူသော သတင်းဆိုးသည် လူတိုင်း၏ ရင်ထဲတွင် စွဲထင်လွန်းနေသဖြင့် ယခုထက်ထိ လူပျိုကြီး ဘဝဖြင့်သာ ရှိနေသေးပြီး ကျေးလက်မှ မိန်းကလေးများပင် သူ့ကို လက်မခံချင်ကြပေ။ သူတို့သည် ကျန်းရှင်းဖှ ကျား/မ နှစ်မျိုးစလုံးနှင့် ဖြစ်နိုင်သည်ကို သည်းခံနိုင်လျှင်ပင် သူ့ဇနီးဟောင်းကဲ့သို့ ကလေးမွေးပြီးသည်နှင့် အိမ်မှ အနှင်ထုတ်ခံရမည်ကို စိုးရိမ်ကြ၏။
သူက ကလေးမွေးခိုင်းဖို့သက်သက် လိမ်ညာတာလည်း ဖြစ်နိုင်တာပဲ မဟုတ်လား…
ထို့ကြောင့် ကျန်းရှင်းဖှသည် မြို့ပြမှ မိန်းကလေးများကို ရှာဖွေဖို့ မဆိုထားနှင့်~~ ကျေးလက်မှ မိန်းကလေးများပင်လျှင် သူ့အကြောင်းကို အနည်းငယ် သိရှိသွားပါက ဝေးဝေးမှနေသာ ရှောင်ဖယ်သွားကြတော့သည်။
စက်ဘီးရှိလည်း အပိုပဲ…
သို့သော် ယနေ့တွင် ကျန်းရှင်းဖှသည် ထိုအကြောင်းကို မစဉ်းစားဘဲ ငေးငေးငေါင်ငေါင်ဖြင့်သာ အိမ်ပြန်လာခဲ့သလို၊ ယွမ်ဟောက်ဖုန်းသည်လည်း ထို့အတူပင် စိတ်လွင့်နေရှာ၏။
ယွမ်ဟောက်ဖုန်း အိမ်ပြန်ရောက်သောအခါ မိမိ၏ ဇနီးဖြစ်သူ အိပ်ရာပေါ်တွင် ထိုင်ကာ ငေးမောနေသည်ကို မြင်သဖြင့်
“ဘာဖြစ်လို့လဲ”
ထိုသို့ မေးလိုက်သည်နှင့်
တစ်ပြိုင်နက် ကွမ်ထင်းထင်းသည် ချက်ချင်းပင် နှုတ်ခမ်းကို ကိုက်လျက် မကျေမနပ် ညည်းတွားတော့သည်။
“ရှင် ပြောကြည့်စမ်းဦး… ချိုက်မင်မင်လို ကျေးလက်က လာတဲ့ မိန်းမက ဘာမို့လို့လဲ၊ သူမက ဘာဖြစ်လို့ ပိုက်ဆံရှာနိုင်ရတာလဲ… ရှင် မသိဘူး၊ ကျွန်မ ဒီနေ့ ချိုက်မင်မင်နောက်ကို လိုက်သွားတာ၊ ဒီနေ့က တနင်္ဂနွေနေ့ဆိုတော့ သူမက သူမယောက်ျားနဲ့ အတူတူ မှောင်ခိုဈေးကို သွားကြတာ… ကျွန်မ မျက်စိနဲ့တပ်အပ် မြင်ခဲ့ရတာ၊ ခဏလေးအတွင်းမှာတင် သူတို့ရဲ့ ပိုက်ဆံအိတ်ကြီးက ဖောင်းကားလာတာပဲ…သူတို့ အရောင်းအဝယ်က တော်တော်လေး ကောင်းကြတာ”
“ချိုက်မင်မင်က ဘာတွေ ရောင်းတာလဲ”
ကွမ်ထင်းထင်: : “အတွင်းခံင်္အကျီရယ်၊ ပြီးတော့ မျက်နှာသုတ်ပုဝါနဲ့ ခြေအိတ်တွေ ဘာတွေ၊ လာဝယ်တဲ့လူတွေ အများကြီးပဲ”
ယွမ်ဟောက်ဖုန်း :“ငါ ဒီနေ့ ချန်ချင်းယွီနောက်ကို လိုက်ချောင်းတာ သူမ ဘာရောင်းလဲ မင်း သိလား”
“အင်္ကျီတွေ မဟုတ်ဘူးလား”
“ဟုတ်တယ်၊ အင်္ကျီတွေနဲ့ ဂျင်းဘောင်းဘီတွေ… အင်္ကျီတစ်ထည်ကို တစ်ဆယ်ယွမ်၊ ဘောင်းဘီတစ်ထည်ကို ၂၅ ယွမ်နီးပါး”
“ဟယ်…”
“ဒီလောက် ဈေးကြီးတာလား… ရူးနေကြတာလား”
“အဲ့ဒါအမှန်ပဲ”
လင်မယား နှစ်ယောက်စလုံး မနာလိုလွန်းသဖြင့် မျက်လုံးများပင် နီမြန်းလာကြတော့သည်။
“မဖြစ်ဘူး၊ ဒီပိုက်ဆံကို သူတို့ချည်းပဲ ရှာလို့မရဘူး၊ တို့တွေလည်း ဝင်ပါရမယ်”
“ငါ သိပါတယ်၊ ဒါကြောင့်မို့လို့ မင်း ချန်ချင်းယွီဆီ သွားပြီး အခြေအနေ စုံစမ်းကြည့်လိုက်ဦး၊ ပစ္စည်း ဘယ်ကနေ သွားယူရလဲ၊ အရင်းဈေးက ဘယ်လောက်လဲဆိုတာ၊ တို့တွေ တွက်ချက်ပြီး အဆင်သင့်ဖြစ်အောင်လို့၊ ပြီးမှ ငါ လီလင်းလင်းကို လုပ်ခိုင်းမယ်”
ကွမ်ထင်းထင်း မိမိ၏ ယောက်ျားကို မျက်စောင်းတစ်ချက် ထိုးလိုက်ရင်း
“ရှင်ကတော့ တကယ့်ကို အတွက်အချက် တော်တာပဲ၊ ဒီလိုမိန်းမမျိုးကိုတောင် အသုံးချနိုင်သေးတယ်”
“ငါက ပိုက်ဆံအတွက်ကြောင့်မို့လို့ လုပ်တာပါလို့ ပြောပြီးပြီပဲဥစ္စာ… မဟုတ်ရင် ငါ သူမကို ဘာကိစ္စ သွားပတ်သက်ပါ့မလဲ၊ မင်းလည်း သိတာပဲ၊ ငါ အချစ်ဆုံးက မင်းကိုပဲလေ”
ကွမ်ထင်းထင်းတစ်ယောက် စိတ်ကျေနပ်သွားပြီး
“ဒါဆိုရင်လည်း ရှင် အပြင်မှာ ဘာပဲလျှောက်လုပ်လုပ်၊ ပိုက်ဆံတော့ အိမ်ကို ယူလာရမယ်နော်...”
ယွမ်ဟောက်ဖုန်း : “မင်းကလည်း… ဒီကိစ္စကိုတော့ ငါ သေချာပေါက် သိတာပေါ့”
ကွမ်ထင်းထင်း : “ကျွန်မ အခုပဲ ချန်ချင်းယွီဆီ သွားလိုက်မယ်၊ဒါပေမဲ့ ကျွန်မနဲ့ ချန်ချင်းယွီနဲ့က သိပ်ပြီး အရောတဝင် မရှိတော့ ပြောပြပါ့မလား မသိဘူး… ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ ကျွန်မက သူမနဲ့ သူငယ်ချင်းအဖြစ် ပေါင်းချင်တာပဲဟာ၊ ချိုက်မင်မင်လို လူမျိုးနဲ့ သူငယ်ချင်းဖြစ်ရတာထက်စာရင် ကျွန်မနဲ့ ဖြစ်ရတာက ပိုကောင်းတာပေါ့ မဟုတ်ဘူးလား… ဒါက သူမအတွက် အခွင့်အရေး ပေးတာပဲ၊ ကျွန်မ အစွမ်းကိုသာ စောင့်ကြည့်လိုက်”
ကွမ်ထင်းထင်းသည် ခေါင်းကို မော့လျက် အလွန် မာနကြီးစွာဖြင့် အပြင်သို့ ထွက်လာခဲ့သည်။
ငါလနုလူမျိုးက ချန်ချင်းယွီဆီ သွားပြီး စုံစမ်းဖို့၊ သူမကို ငါနဲ့ ပေါင်းသင်းခွင့် အခွင့်အရေး ပေးတာက သူမအတွက် ဂုဏ်ယူစရာပဲလေ…မဟုတ်ရင် သူမက ချိုက်မင်မင်လို ကျေးလက်ကလာတဲ့ တောသူမကြီးနဲ့ပဲ သူငယ်ချင်း လုပ်နေရမှာ….
ငါက ကိုယ်တိုင် အစပြုပြီး လာပေါင်းတာဆိုတော့ ချန်ချင်းယွီ သေချာပေါက် ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ ဆုပ်ကိုင်လိမ့်မယ်လို့ ယုံကြည်တယ်…
ကွမ်ထင်းထင်းသည် တကယ့်ကို ဂုဏ်ယူဝင့်ကြွားနေ၏။
သူမသည် ဒုတိယဝင်းသို့ ရောက်ရှိလာပြီး အခန်းထဲသို့ ဝင်လာခဲ့ရာ၊ ချန်ချင်းယွီတို့ မိသားစု နေ့လယ်စာ စားနေကြသည်ကို မြင်လိုက်ရသဖြင့် မျက်လုံးအစုံမှာ အပြင်သို့ ပြူးထွက်လုနီးပါး ဖြစ်သွားရသည်။
သူတို့အိမ်က စားတာသောက်တာ တော်တော်လေး ကောင်းမွန်လွန်းလှချည်လား…
ငါးကော အသားကောစုံလို့…
သူမ၏ မျက်နှာပေးမှာ ချက်ချင်းပင် ပျက်ယွင်းသွားရ၏။
ချန်ချင်းယွီက ဘာမို့လို့ ဒီလောက်အထိ ခံစားနိုင်ရတာလဲ…
ချန်ချင်းယွီသည်လည်း သိပ်ပြီး မပျော်ရွှင်ပေ။
ဒီကောင်မ ဘာဖြစ်လို့ တံခါးတောင် မခေါက်ဘဲ အခန်းထဲ ဇွတ်ဝင်လာရတာလဲ… တကယ့်ကို ယဉ်ကျေးမှု မရှိလိုက်တာ~~
ချန်ချင်းယွီသည် ပြောစရာရှိသည်ကို ဗြောင်ပြောတတ်သူဖြစ်၍ အားနာမနေကာ ချက်ချင်းပင်~~
“နင် ဘာဖြစ်လို့ တံခါးမခေါက်တာလဲ၊ တကယ့်ကိုပဲ… ယဉ်ကျေးမှုမရှိလိုက်တာ”
ကွမ်ထင်းထင်းသည် ချန်ချင်းယွီထံမှ ဤကဲ့သို့သော သဘောထားမျိုး ကြုံရလိမ့်မည်ဟု ထင်မထားခဲ့သဖြင့် သူမကို မယုံနိုင်စရာကောင်းလောက်အောင် စိုက်ကြည့်ရင်း
“နင် ငါ့ကို ပြောနေတာလား”
ချန်ချင်းယွီ : “ဒါဆို အခြားသူ ရှိသေးလို့လား၊ တံခါးမခေါက်ဘဲ ဝင်လာတဲ့သူ နင်ကလွဲလို့ အခြားဘယ်သူ ရှိသေးလဲ… လူရင်းတွေတောင် တံခါးခေါက်ရသေးတာ၊ ငါတို့နှစ်ယောက်က ပိုလို့တောင် မရင်းနှီးကြဘူးလေ… နင်ကတော့ တကယ့်ကို အားမနာပါးမနာပဲ..နင့်မှာ ဘာကိစ္စရှိလို့လဲ”
ကွမ်ထင်းထင်းမှာ ဒေါသကြောင့် အသက်ရှူပင် မှားမတတ် ဖြစ်သွားပြီး အလွန်အမင်း စိတ်ဆိုးမာန်ဆိုးဖြင့်
“နင်က ဘာသဘောလဲ၊ ဘာလို့ ဒီလို သဘောထားမျိုး ပြနေရတာလဲ”
ချန်ချင်းယွီ : “ဖြစ်ရတယ်… မဟုတ်ရင် ငါက ဘယ်လို သဘောထားမျိုး ပြရမှာလဲ… နင်ကမှ ယဉ်ကျေးမှု မရှိတာ၊ ငါက နင့်ကို လေသံအေးအေးနဲ့ ပြန်ပြုစုရဦးမှာလား… နင်က ဘာကောင်မမို့လို့လဲ”
ကွမ်ထင်းထင်း ချက်ချင်းပင် ဒေါသ ပေါက်ကွဲသွားတော့သည်။
“ငါ နင့်ဆီ လာလည်တာက နင့်အတွက် ဂုဏ်ယူစရာအောက်မေ့၊ နင်က ငါ့ကို ဘာလို့ ဒီလို စကားပြောရတာလဲ… နင့်မှာ သူငယ်ချင်း မရှိတာ မဆန်းပါဘူး၊ ကျေးလက်ကလာတဲ့ တောသူမတွေနဲ့ပဲ ပေါင်းနိုင်တာ၊ကြည့်ဦး… နင့်ရဲ့ ဒီလို စရိုက်မျိုးနဲ့ ဘယ်သူက နင်နဲ့ ပေါင်းချင်မှာလဲ”
ချန်ချင်းယွီသည် ယခုတစ်ကြိမ်တွင်မူ တုံ့ဆိုင်းမနေဘဲ ဗြောင်ပင် ပြန်လည် တုံ့ပြန်လေ၏။
“အဲ့ဒါ နင့်သောက်ကိစ္စလား… နင့်သောက်ကိစ္စ မရှိရင်လည်း အမြန် ထွက်သွားစမ်းပါ၊ ငါတို့မိသားစု ထမင်းစားနေတာ… ဘယ်သူက နင်နဲ့ ဒီလို အဓိပ္ပာယ်မရှိတာတွေ လာပြီး အငြင်းပွားနေမှာလဲ… ငါ့အတွက် ဂုဏ်ယူစရာ ဟုတ်လား၊ သောက်ကျိုးနည်း~~ ငါက နင့်ကို စကားပြောချင်နေတယ်လို့ ထင်နေလား၊ နင်က ဘာလို့ ဒီလောက်တောင် စိတ်ကူးယဉ်ဆန်ပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေရတာလဲ၊ ငါ ချိုက်မင်မင်နဲ့ သူငယ်ချင်း လုပ်တာ နင်နဲ့ ဘာဆိုင်လို့လဲ… နင်က ပင်လယ်ကြီးမို့လို့ လူတိုင်းကို လိုက်ချုပ်ချင်နေတာလား၊ တော်တော် လက်လှမ်းရှည်ချင်နေတယ်ပေါ့…ပြီးတော့ နင့်မှာ ဘာတွေ တော်နေလို့ ဒီလောက်အထိ ဘဝင်မြင့်နေရတာလဲ~~ ကိုယ့်ကိုယ်ကိုယ် တကယ့် လူရာဝင်တယ်လို့ ထင်နေတာလား”
ချန်ချင်းယွီ ယခုအခါ ဘာကိုမှ ဂရုစိုက်မနေတော့ပေ။
ဟဲဟဲ… နင်က ငါ့ကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကလို မှတ်နေလား…
လှိုင်းတံပိုးကြီးများ (ယဉ်ကျေးမှုတော်လှန်ရေး) ပြီးဆုံးသွားပြီဖြစ်ရာ သူမ၏ အဘိုးနှင့် အဘွားတို့၏ လုပ်ဖော်ကိုင်ဖက် အတော်များများလည်း ရာထူးဂုဏ်သိက္ခာ ပြန်လည်ရရှိကြပြီဖြစ်၍ သူမအနေဖြင့် ဘာကိုမှ စိုးရိမ်ပူပန်နေရန် မလိုအပ်တော့ပေ။
သူမ ယခင်၌ အလျှော့ပေးခဲ့သည်မှာ မူဝါဒ အခြေအနေကြောင့်သာ ဖြစ်ပြီး၊ ဤကဲ့သို့သော အူကြောင်ကြောင်များကို ကြောက်လန့်နေ၍ မဟုတ်ပေ။
“နင်… နင်… နင်၊ နင် ငါ့ကို ဘယ်လိုတောင် စကားပြောလိုက်တာလဲ”
ကွမ်ထင်းထင်းသည် တစ်ခါမှ ထင်မထားခဲ့မိပေ။ အမြဲတမ်း နူးညံ့ပျော့ပျောင်းလှသော ချန်ချင်းယွီတစ်ယောက် ယခုကဲ့သို့ စော်ကားမော်ကား လုပ်လာလိမ့်မည်ဟု….
သေချာတာပေါ့၊ ‘ပိုက်ဆံရှိရင် သတ္တိရှိလာတတ်တာပဲ’
ချန်ချင်းယွီ လှောင်ပြောင်လိုက်ကာ
“မဟုတ်သေးပါဘူး… နင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား… နင်က ဘယ်လိုမျိုး လေးစားထိုက်တဲ့ လူမို့လို့လဲ၊ ငါ ပြောတာ နားမဝင်ဘူးလား~~ နင်က မဖိတ်ခေါ်ဘဲ ရောက်လာတာကိုက ငါတို့တွေ တော်တော် စိတ်ရှုပ်နေရပြီ သိရဲ့လား… ကိစ္စမရှိရင် အမြန် သွားစမ်းပါ၊ ငါတို့အိမ်လာပြီး ဆရာကြီး လာမလုပ်နဲ့၊ နင်က ဘာကောင်မမို့လို့လဲ”
ကွမ်ထင်းထင်းမှာ ဒေါသကြောင့် အသက်ရှူပင် ပြင်းထန်လာပြီး
“နင်… နင်… နင်… ငါက အစိုးရ ဝန်ထမ်း အမြဲတမ်းဝန်ထမ်းဟဲ့၊ ငါ……”
“ငါနဲ့ ဘာဆိုင်လဲ… နင် အမြဲတမ်းဝန်ထမ်း ဖြစ်တော့ နင့်ပိုက်ဆံတွေ ငါ့ကို ပေးသုံးလို့လား၊ နင် ငါတို့အိမ်လာပြီး ဘာလာကြွားနေတာလဲ… ရူးနေတာလား~~ အမြန် ထွက်သွားစမ်း၊ မဟုတ်ရင် ငါ့ယောက္ခမကို နင့်အိမ်အထိ လွှတ်ပြီး သေသေချာချာ သွားမေးခိုင်းလိုက်မယ်… နင်တို့ မိသားစုက ဆေးမသောက်ရသေးလို့ ရူးနေကြတာလား၊ ဒီနေရာအထိ လာပြီး ဘာတွေ စော်ကားနေတာလဲလို့”
ချန်ချင်းယွီ ပက်ပက်စက်စက် ဆိုနေလေ၏။
“နင်…...”
ချန်ချင်းယွီ : “အမြဲတမ်းဝန်ထမ်း ဖြစ်တာက အထင်ကြီးစရာလား… အထင်ကြီးစရာ ဖြစ်ရင်တောင် ငါတို့အိမ်နဲ့ ဘာမှမဆိုင်ဘူး၊ နင်က ဘာလို့ ဒီလောက်အထိ ဘဝင်ခေါင်ခိုက်နေရတာလဲ… အခြားလူတွေအားလုံးက နင့်ကို ဝိုင်းပြီး မြှောက်ပင့်ပေးနေရမယ် ထင်နေလား၊ နင်တို့ မိသားစုကော ဘယ်လောက်အထိ ဖြူစင်သန့်ရှင်းလို့လဲ၊ ဘာတွေ လာပြီး ဟန်ဆောင်နေတာလဲ”
“ချန်ချင်းယွီ… နင် တကယ့် အမှိုက်ပဲ...”
ချန်ချင်းယွီ၏ မျက်နှာ
အေးစက်သွားပြီး
“လစ်စမ်း...”
“နင်…...”
“အပြင်ကို ထွက်သွားစမ်း...”
ချန်ချင်းယွီလည်း မျက်နှာ မည်းမှောင်သွားတော့သည်။
ဒါ ဘာကောင်မမို့လို့လဲ၊ ကိုယ့်ကိုယ်ကိုယ် တကယ့် လူရာဝင်တယ်လို့ ထင်နေတာ…
ကွမ်ထင်းထင်း လက်ကို မြှောက်ကာ ချန်ချင်းယွီကို တွန်းထိုးရန် ပြင်ဆင်စဉ်၊ ချန်ချင်းယွီ ကွမ်ထင်းထင်း၏ လက်ကို ဖမ်းဆွဲလိုက်ပြီး အပြင်သို့ တိုက်ရိုက် ဆွဲခေါ်သွား၏။
“နင် ဘာလုပ်တာလဲ”
ချန်ချင်းယွီ ဘာကိုမှ ဂရုမစိုက်ကာ လူကို ဆွဲထုတ်၍ အလယ်ဝင်းဘက်သို့ တန်းပြီး တွန်းထုတ်ပစ်လိုက်သည်။ ယခုအချိန်သည် နေ့လယ်စာ စားချိန်ဖြစ်သဖြင့် လှုပ်ရှားသံကြား၍ လူတော်တော်များများ အပြင်သို့ ထွက်လာကြ၏။
“ဒါ ဘာဖြစ်ကြတာလဲ”
“အာ… ဘာဖြစ်လို့လဲဟ။ အမလေး… ရှောင်ချန်၊ နင် ဒါ ဘာလုပ်နေတာလဲ”
“အားလုံးက ဝင်းတစ်ခုတည်းက အိမ်နီးနားချင်းတွေပဲ၊ သင့်မြတ်တာက အကောင်းဆုံးပါ……”
ဟုတ်ပါပြီ~~
ဤကဲ့သို့သော ‘သူတော်ကောင်း စကားမျိုး’ ကို ပြောသူမှာ သီလရှင်တရား ဟောတတ်သည့် လင်စန်းရှင်းသာ ဖြစ်သည်။
ချန်ချင်းယွီ အားနာမနေဘဲ တုံ့ပြန်လိုက်ကာ
“အားလုံးပဲ ဆုံးဖြတ်ပေးကြပါဦး…ကျွန်မတို့မိသားစု ထမင်းစားနေတာ တော်တော်လေး အေးဆေးဖြစ်နေတာကို ဒီကောင်မက ဖိတ်ခေါ်ခြင်းမရှိဘဲ ဝင်လာပြီး ချက်ချင်း စော်ကားတော့တာပဲ… ဆဲလည်းဆဲတယ်၊ လက်လည်း ပါသေးတယ်၊ ကျွန်မ သူ့ကို အပြင်ကို မမောင်းထုတ်ရဘူးလား”
ချန်ချင်းယွီ ဆက်ပြီး
“သူက ဝင်လာတာနဲ့ သူ ကျွန်မနဲ့ သူငယ်ချင်း လာလုပ်တာ ကျွန်မအတွက် ဂုဏ်ယူစရာတဲ့၊ ကျွန်မကို ချိုက်မင်မင်လို တောသူမနဲ့ အတူတူ မပေါင်းပါနဲ့တဲ့… အားလုံး ပြောကြည့်ကြပါဦး၊ ဒါက လူစကားလား၊ မင်မင်က ဘယ်လောက်တောင် စိတ်ထားကောင်းတဲ့ လူလဲ၊ သူမရဲ့ ပါးစပ်ကတော့ တကယ့်ကို နံစော်နေတာပဲ၊ အများသုံးအိမ်သာက မစင်တွင်းအတိုင်းပဲ… ကျွန်မတော့ မသိတော့ဘူး၊ ဘယ်လိုဖြစ်လို့ ဒီလိုလူမျိုး ရှိနေရတာလဲ… တကယ့်ကို ကိုယ့်မျက်နှာကိုယ် မသိဘဲဒါကို အထင်သေး၊ ဟိုဟာကို အထင်သေးနဲ့၊ ကိုယ့်ကိုယ်ကိုယ်ကျတော့ ပြန်ပြီး အထင်မသေးဘူးလား… နင်တို့ မိသားစု ဘယ်လိုအခြေအနေလဲဆိုတာ အားလုံးက မသိဘဲ နေမလား၊ အားလုံးက လူမှုအဖွဲ့အစည်းရဲ့ သားကောင်တွေချည်းပဲ၊ နင်တို့ မိသားစုက သားကောင်တွေရဲ့ အကျိုးအမြတ်ကို ဘယ်လောက်တောင် လိုက်စားခဲ့လဲ… အားလုံးက အိမ်နီးနားချင်း မျက်နှာထောက်လို့ ဘာမှ ထုတ်မပြောကြတာ၊ အားလုံးက နင့်ကို ဘယ်လောက်တောင် အထင်သေးနေကြလဲ၊ နင်ကတော့ နည်းနည်းလေးတောင် သတိမထားမိဘူး၊ ကိုယ့်ကိုယ်ကိုယ် တကယ့်ကို အခြေအနေကောင်းတယ် ထင်နေတုန်းပဲ”
သူမ လှောင်ပြုံး ပြုံးလိုက်ရင်း
“နင်နဲ့ ပေါင်းရတာ ငါ့အတွက် ဂုဏ်ယူစရာ ဟုတ်လား၊ နင် ဘယ်လို မျက်နှာပြောင်တိုက်ပြီး ပြောထွက်ရတာလဲ… နင် ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်တန်လဲဆိုတာ ပြန်ကြည့်ဦး၊ ငါ မသိဘူး ထင်နေလား~~ နင်တို့က ငါတို့အိမ်က ဈေးရောင်းလို့ ပိုက်ဆံနည်းနည်း ရနေတာကို မြင်ပြီး စိတ်ကူးပေါက်လာတာ မဟုတ်လား၊ ဘာလဲ… မနက်စောစောကတည်းက ငါ့နောက်ကို လိုက်ချောင်းနေတာ၊ ငါ့ကို မျက်စိကန်းနေတယ် ထင်လို့လား~~ ငါက အားလုံး အိမ်နီးနားချင်းတွေမို့လို့ အရှက်မကွဲစေချင်လို့ ဗြောင်မပြောဘဲ နေတာ၊ ဒါပေမဲ့ နင်က အရှက်မရှိဘဲ အိမ်အထိ လာပြီး ပြဿနာရှာလိမ့်မယ်လို့ မထင်ထားဘူး… ငါတို့တွေ သိလာတာ နှစ်တွေ အများကြီး ရှိပြီ၊ ငါတို့နှစ်အိမ်က ဘယ်တုန်းကမှ အရောတဝင် မရှိခဲ့ဘူး~~ နင် ရုတ်တရက် ထွက်လာပြီး သူငယ်ချင်း လုပ်ချင်တယ်ဆိုတော့ နင့်မှာ ဘာအကြံအစည် ရှိလဲဆိုတာ ဘယ်သူက မသိဘဲ နေမှာလဲ”
ချန်ချင်းယွီ စကားများကို ဒရစပ် ပြောချပစ်လိုက်သည်။
ယွမ်ဟောက်ဖုန်းတစ်ယောက် အလယ်ဝင်းဘက်မှ ပြေးလာစဉ် ဤစကားများကို ကြားလိုက်ရသဖြင့် မျက်စိများပင် ပြာဝေသွားကာ အလောတကြီး
“အမြန်… ငါ့မိန်းမကို အရင်လွှတ်လိုက်ပါဦး၊ အထင်လွဲတာပါ၊ တကယ့်ကို အထင်လွဲတာပါ……”
“ဘာအထင်လွဲတာလဲ၊ နင် လာတာ ကွက်တိပဲ… နင် ဒီနေ့ ငါ့နောက်ကိုလိုက်ချောင်းတာ ငါ မမြင်ဘူး ထင်မနေနဲ့။ ငါကတော့ အရောင်းအဝယ်ကို ဘယ်သူမဆို လုပ်နိုင်တာပဲဆိုပြီး ဘာမှ ထုတ်မပြောခဲ့ဘူး… ဒါပေမဲ့ လှည့်ရုံရှိသေးတယ် နင့်မိန်းမက အိမ်အထိ လာပြီး ဒီလောက်တောင် စော်ကားမော်ကား လုပ်တော့တာပဲ၊ ငါ့ကို ဆဲရုံတင်မကဘူး၊ လက်ပါချင်သေးတယ်၊ ဘာလဲ… နင်က အခုထိ နင့်ရဲ့ ခဲအိုက တော်လှန်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဖြစ်နေတုန်းလို့ ထင်နေတာလား… အခုက အရင်လို မဟုတ်တော့ဘူးဟဲ့… ရေမြောင်းထဲက ကြွက်လို လူမျိုးကတော့ အိမ်ထဲမှာပဲ ငြိမ်ငြိမ်လေး ခွေနေစမ်းပါ၊ ဘာလဲ… နင်နဲ့ သူငယ်ချင်းဖြစ်ရတာ ဂုဏ်ယူစရာတဲ့၊ တကယ့်ကို ရယ်စရာကောင်းလိုက်တာ၊ ငါ ကြားရတာ တော်တော်လေး ရွံရှာမိတယ် သိရဲ့လား~~~ နင် ငါ့ကို နောက်တစ်ခွန်း ထပ်ဆဲရဲရင်၊ လက်ပါရဲရင်တော့ ငါ့အကြောင်း သိစေရမယ်”
လင်းကျန့်ဝမ်နှင့် ပတ်သက်သည့် ကိစ္စမျိုးမှလွဲ၍ ချန်ချင်းယွီသည် ဒေါသထွက်ခဲလှပြီး နူးညံ့ ပျော့ပျောင်းသော မိန်းမသားတစ်ဦးအဖြစ် လူတိုင်း သိထားကြသည်။ သို့သော် ယနေ့တွင်မူ သူမ၏ တရစပ် ပက်ပက်စက်စက် ပြောဆိုသံများမှာ လူတိုင်းကို ဆွံ့အမှင်တက်သွားစေခဲ့၏။
လူတိုင်း ချန်ချင်းယွီကို ဘာတုံ့ပြန်ရမည်မသိ တိတ်ဆိတ်စွာ စိုက်ကြည့်နေကြစဉ်
ကွမ်ထင်းထင်း အော်ဟစ်ကာ
“နင် ဘာပြောတယ်... သေချင်းဆိုးမ… ငါ နင့်ကို သေအောင် ရိုက်သတ်မယ်……”
သူမ လက်သည်းဖြင့် ကုတ်ဖဲ့ရန် လှမ်းအကပ်တွင်၊ ချန်ချင်းယွီ သူမကို အားပြင်းပြင်းဖြင့် ရှေ့သို့ တွန်းထုတ်ပစ်လိုက်ရာ ကွမ်ထင်းထင်းတစ်ယောက် လွင့်ထွက်သွားပြီး ယွမ်ဟောက်ဖုန်းဆီသို့ ‘ဗုန်း’ ခနဲ သွားရောက်ရိုက်မိတော့သည်။
နှစ်ယောက်စလုံး မြေပြင်ပေါ်သို့ မှောက်ရက်လဲကျသွားကြလေ၏။
ချန်ချင်းယွီ : “နင်က ငါ့ကို လက်ပါချင်သေးတယ်ပေါ့… ငါ့ကို တကယ်ပဲ အနိုင်ကျင့်လို့ကောင်းတဲ့ လူအောက်မေ့နေလား”
“အမလေး… ငါ့ခါးလေး……”
“အု……”
လဲကျသွားသည့် နှစ်ယောက်သား နာကျင်စွာဖြင့် ညည်းတွားနေကြသည်။
“ဘာဖြစ်ကြတာလဲ… ဘာတွေ ရှုပ်နေတာလဲ”
အမျိုးသမီးတစ်ဦး၏ အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။
လူတိုင်း လှည့်ကြည့်လိုက်ကြရာ~~
‘အမေရေ… အဘွားကြီးကျောက် ပြန်ရောက်လာပြီဟေ့’
တကယ့်အန္တရာယ် မရှိလှသည့် ချန်ချင်းယွီနှင့် နှိုင်းယှဉ်ပါက အဘွားကြီးကျောက်၏ နာမည်ဆိုးမှာ ဟိုးဟိုးကျော်လှ၏။
ရှီကျန့်ရှန်း၊ အဘွားကြီးဝမ်၊ အဘွားကြီးဟွမ်နှင့် အခြားဘေးမှ ကြည့်နေသည့် လူများမှာ အလောတကြီးဖြင့် အကြောင်းစုံကို တရစပ် ပြောပြကြရာ၊ အဘွားကြီးကျောက် ကြားလိုက်ရသော်~~ ဒေါသပုန်ထသွားတော့သည်။
သူတို့က သူမရဲ့လူကို တောင် လာပြီး အနိုင်ကျင့်ရဲကြတယ်ပေါ့…
သူမ အော်ဟစ်ဆဲဆိုလျက် ရှေ့သို့ ပြေးဝင်သွားပြီး ကွမ်ထင်းထင်းကို ဆွဲကာ ပါးကို ဖြန်းခနဲ ဖြန်းခနဲ ဆင့်ရိုက်လေ၏။
ကွမ်ထင်းထင်း : “အား…”
အဘွားကြီးကျောက်မှာ ဘာကိုမှ ဂရုမစိုက်ကာ ကွမ်ထင်းထင်းကို ဆွဲမြှောက်၍ ယွမ်ဟောက်ဖုန်းကိုပါ ဆွဲခေါ်ပြီး~~~
ဖြန်း ဖြန်း ဖြန်း...
ယွမ်ဟောက်ဖုန်း : “အား…...”
သူမက တကယ်ကြီး လိုက်ရိုက်နေတာဟေ့…
လီလင်းလင်း : “အစ်ကို ဟောက်ဖုန်း...”
သူမ ငိုယိုလျက် ပြေးဝင်လာပြီး
“အစ်ကို ဟောက်ဖုန်း၊ အစ်ကို ဟောက်ဖုန်း… အဆင်ပြေရဲ့လားဟင်… ဒေါ်ကြီးကျောက် ဘယ်လိုဖြစ်လို့ လူကို လျှောက်ရိုက်နေရတာလဲ… ကွမ်ထင်းထင်းက မကောင်းတာ၊ သူမကို ရိုက်ရင်ရိုက်၊ အစ်ကို ဟောက်ဖုန်းကို ဘာလို့ ရိုက်ရတာလဲ၊ အစ်ကို ဟောက်ဖုန်းက အပြစ်မရှိဘူးလေ၊ အစ်ကို ဟောက်ဖုန်း… ဘာဖြစ်သွားသေးလဲဟင်၊ ကျွန်မကို ပြစမ်းပါဦး၊ ပြစမ်းပါဦး...”
အမလေးဗျာ…
ဤအခိုက်အတန့်တွင် အဘွားကြီးကျောက်တင်မက ဘေးရှိ လူအားလုံးပါ နွားသိုးကြီးမျက်လုံးများနှယ် အပြူးသားဖြင့် လီလင်းလင်းကို မယုံနိုင်စရာကောင်းလောက်အောင် စိုက်ကြည့်နေကြတော့သည်။
ဟေ့မိန်းကလေး… နင် ဘာလုပ်နေလဲဆိုတာ ကိုယ့်ဘာသာရော သိရဲ့လား…
နင် ကာကွယ်ပေးနေတဲ့ ယောကျာ်းက မိန်းမကော ကလေးပါ ရှိပြီးသားသူကြီးဥစ္စာ… ဘုရားရေ.. လောကကြီး…
လီလင်းလင်းက “အစ်ကို ဟောက်ဖုန်း… ဘယ်လိုနေသေးလဲ။ လာ… ကျွန်မ အမြန်ဆုံး ဆေးရုံလိုက်ပို့ပေးမယ်”
သူမ မအောင့်နိုင်ဘဲ ကွမ်ထင်းထင်းကိုပါ တစ်ချက် လှမ်းကန်လိုက်ရင်း အော်ဟစ်ဆဲဆိုလေ၏။
“ဖယ်စမ်း… ဒါတွေအားလုံးက နင်က အစ်ကို ဟောက်ဖုန်းကို ဆွဲထည့်လို့ ဖြစ်ရတာ၊ နင့်ရဲ့ ခဲအိုကတောင် သေဒဏ်စီရင်ခံထားရတာ၊ နင့်မိသားစုလည်း ဘာမှ ကောင်းတာ မဟုတ်ဘူး… ဘာလို့ ငြိမ်ငြိမ်မနေလဲ၊ အပြင်ထွက်ပြီး ဆရာကြီး လာလုပ်နေသေးတယ်၊ ကိုယ့်ကိုယ်ကိုယ် သိက္ခာချရုံတင်မကဘဲ အစ်ကို ဟောက်ဖုန်းကိုပါ အရှက်ခွဲနေတာ၊ဖယ်စမ်း ငါ့ရှေ့က”
အမလေး… အံ့ဩစရာပဲ…
ဤအခိုက်အတန့်တွင် အမြဲတမ်း နှုတ်သီးကောင်းလျှာထက် ရှိလှသည့် ချန်ချင်းယွီပင်လျှင် ဘာပြောရမှန်းမသိဘဲ ဆွံ့အသွားရရှာသည်။
အခြားလူများ… အခြားလူများအားလုံးလည်း ကြက်သေ သေကုန်ကြ၏။
သူတို့အားလုံး အသက်အရွယ်ရပြီး အတွေ့အကြုံရှိကြသူများ ဖြစ်သော်လည်း ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်ဖူးကြပေ။ အားလုံး ကြောင်အမ်းအမ်းဖြင့် မှင်တက်နေကြတော့သည်။
တကယ့်ကို ဆွံ့အ နေကြရ၏။
အခြားလူတွေကို ထားဦးတော့~~
လီလင်းလင်း၏ အမေဖြစ်သူ လင်စန်းရှင်းနှင့် ယွမ်ဟောက်ဖုန်း၏ ဇနီး ကွမ်ထင်းထင်းတို့ပင်လျှင် ဆွံ့အသွားကြသည်။
တစ်လောကလုံး ခြောက်ခြားစရာကောင်းလောက်အောင် တိတ်ဆိတ်သွားရပြီး၊ အပ်ကျသံပင် ကြားရလောက်သည့်အထိ ငြိမ်သက်သွားတော့၏။
တော်တော်လေး ကြာသွားပြီးနောက်မှ လင်စန်းရှင်းသည် ရုတ်တရက် မြေခွေးတစ်ကောင်နှယ် စူးစူးဝါးဝါး အော်ဟစ်လိုက်ကာ
“အားးးးးး... လင်းလင်း… နင် ဘာလုပ်နေတာလဲ… အိမ်ကို ချက်ချင်း ပြန်ခဲ့စမ်း.........”
လီလင်းလင်း : “မပြန်ဘူး...”
သူမအနေဖြင့် ယွမ်ဟောက်ဖုန်းကို ပစ်ပယ်ထားရန် ဘယ်လိုမှ မဖြစ်နိုင်ပေ။
လီလင်းလင်း : “အမေ… လာဦးလေ၊ ကျွန်မကို ကူပြီး အစ်ကိုဟောက်ဖုန်းကို တွဲပေးဦး၊ ဆေးရုံ သွားရအောင်…သူ ခါးထိသွားပြီ ထင်တယ်”
လီလင်းလင်း၏ တည်ငြိမ်လွန်းလှသော အပြုအမူမှာ လူတိုင်းကို ဇဝေဇဝါ ဖြစ်သွားစေပြီး မိမိတို့သာ အတွေးလွန်နေတာလားဟုပင် သံသယဝင်သွားစေသည်။
ယွမ်ဟောက်ဖုန်းက အိမ်ထောင်မရှိသေးတာလား…
ဟာ… မဟုတ်သေးပါဘူး… ကွမ်ထင်းထင်းက ဒီမှာ ရှိနေတုန်းပဲလေ
ဤအခိုက်အတန့်တွင် ကွမ်ထင်းထင်းလည်း ဘာဖြစ်နေသည်ကို နောက်ဆုံး၌ သဘောပေါက်သွားတော့၏။ သူမသည် ဖော်ပြန်ခံရမည်ကို မကြောက်ချေ~~
မိသားစု ချမ်းသာနေသရွေ့ ဖောက်ပြန်ခံရတာ ဘာအရေးလဲ..
သို့သော် ဤမျှအထိ ဗြောင်ကျကျ ပေါ်တင်ကြီး အဖြစ်မခံနိုင်ပေ။
သူမမှာ အရှက်တရားကော မရှိတော့ဘူးလား…
လီလင်းလင်း၏ ဤအပြုအမူသည် သူမ မျက်နှာကို မစင်ဖြင့် ပက်လိုက်သကဲ့သို့ပင်…
လီလင်းလင်း မိမိကို စောစောပိုင်း ကန်လိုက်သည်ကို ပြန်သတိရမိကာ ကွမ်ထင်းထင်း ဒေါသအလိပ်လိပ် ထွက်လာပြီး ရုတ်တရက် ပြေးဝင်လျက် လီလင်းလင်းကို တိုက်ပစ်လိုက်တော့သည်။
“နင့်လို ဖာသည်မ… နင် ဘာလုပ်တာလဲ… နင့်မှာ ယောက်ျားမရှိရင်လည်း ကိုယ့်ဘာသာ ရှာလေ၊ ဘာလို့ သူများယောက်ျားကို လာလုနေတာလဲ၊ ငါ သေသွားပြီ အောက်မေ့နေလား… ငါ့မျက်စိရှေ့တင် ဒါမျိုး လုပ်ရဲတယ်ပေါ့၊ ဘာလဲ… ငါ့ကို လူရာမသွင်းတာလား… နင့်လို အောက်တန်းစားမ… နင့်လို ဖာသည်မ...”
လူတိုင်း တိတ်တဆိတ် ခေါင်းငြိမ့်မိကြပြီး လီလင်းလင်းမှာ ကွမ်ထင်းထင်းကို တကယ်ပင် လူရာမသွင်းတာ ဖြစ်မည်ဟု တွေးမိကြ၏။
လီလင်းလင်း : “နင်လို မိန်းမမျိုးက ဟောက်ဖုန်းနဲ့ ဘယ်လိုလုပ် တန်ပါ့မလဲ… နင်က အယုတ်တမာမ၊ ပြီးတော့ နင့်မိသားစုမှာလည်း လူညစ်တွေချည်းပဲ… နင်က လူကောင်းတစ်ယောက် မဟုတ်တာ သေချာတယ်၊ နင်လိုလူမျိုးက သူ့ကို အမြန်ဆုံး စွန့်လွှတ်လိုက်သင့်တာ၊ ဟောက်ဖုန်းကို ဆက်ပြီး လာမနှောင့်ယှက်နဲ့တော့”
သူမသည် မိမိ၏ အချစ်အတွက် တိုက်ပွဲဝင်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
ဟောက်ဖုန်းက သူမကို ချစ်တယ်နဲ့လေ…
လူတိုင်း တိတ်တဆိတ် ပြုံးစိစိ ဖြစ်သွားကြ၏။
‘ဟဲဟဲ… စွန့်လွှတ်လိုက်ရမယ် ဟုတ်လား၊ နင်က ဒါကို ခေတ်ဟောင်း လူ့အဖွဲ့အစည်း ထင်နေတာလား’
လီလင်းလင်း : “နင် ဟောက်ဖုန်းကို လက်မလွှတ်ချင်ဘူးဆိုတာ ငါ သိပါတယ်၊ ဒါပေမဲ့ သူက နင့်ကို မချစ်ဘူး။ သူ နင့်ကို မချစ်ဘူး၊ ဒါပဲလေ… သူ့ကို လွှတ်ပေးလိုက်ပါ”
ကွမ်ထင်းထင်းတစ်ယောက် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရင်လာရသည်။ သူမ လီလင်းလင်း၏ ပါးကို ဖြန်းခနဲ ရိုက်လိုက်ပြီး ဆဲရေးလေတော့၏။
“နင့်လို ဖာသည်မ… ဘယ်လို မျက်နှာပြောင်နဲ့ ဒီလိုစကားမျိုး ပြောရဲတာလဲ… ငါ နင့်ကို သေအောင် ရိုက်မယ်...”
“နင်က ငါ့ကို ဘာလို့ ရိုက်ရတာလဲ၊ နင်ကလည်း ဘာမှ ကောင်းတာ မဟုတ်ဘူး… အစ်ကိုဟောက်ဖုန်းကို ငါ့ဆီကနေ နင် လုယူထားတာ ဒီလောက်တောင် ကြာလှပြီ၊ အခု သူ့ကို ငါ့ဆီ ပြန်ပေးရမယ့် အချိန်ပဲ……”
ထိုသို့ဖြင့် အမျိုးသမီး နှစ်ယောက်သား လုံးထွေးသတ်ပုတ်ကြတော့သည်။
နင်က ငါ့ဆံပင်ကို ဆွဲ၊ ငါက နင့်ပါးကို ဆိတ်…
နင်က ငါ့ကို ထိုး၊ ငါက နင့်ကို ရိုက်……
ထိုနေရာတစ်ခုလုံး ချက်ချင်းပင် ရုတ်ရုတ်သဲသဲနှင့် ပရမ်းပတာ ဖြစ်သွားတော့၏။
ချန်ချင်းယွီ : ‘ဒါက ငါနဲ့ ကွမ်
ထင်းထင်းတို့ ကြားက ပြဿနာ မဟုတ်ဘူးလား… ဘာဖြစ်လို့ စင်လုတာ ခံလိုက်ရတာလဲ’
ချန်ချင်းယွီတစ်ယောက် ဇဝေဇဝါဖြင့် ကြောင်အမ်းအမ်း ဖြစ်ကျန်ခဲ့ရသည်။
သို့သော်လည်း အားလုံးမှာ ချန်ချင်းယွီ၏ ပြဿနာအသေးအဖွဲလေးကို စိတ်မဝင်စားကြတော့ဘဲ၊ ဤဇာတ်လမ်းကြီးကို ကြည့်ရသည်မှာ အဓိပ္ပာယ်မရှိလှဟု ထင်မှတ်သွားကြ၏။
မိန်းမနှစ်ယောက် ယောက်ျားတစ်ယောက်ကို လုနေကြတဲ့ဇာတ်လမ်းမျိုးက ပိုစိတ်ဝင်စားစရာ ကောင်းတာလေ…
ဘယ်ခေတ်ဘယ်အခါမှာပဲဖြစ်ဖြစ် အရှုပ်တော်ပုံ သတင်းဆိုးကတော့ အမြဲတမ်း အပန်းဖြေစရာ အကောင်းဆုံးပဲ…
လူတိုင်း၏ မျက်လုံးများမှာ မီးသီးကြီးများနှယ် အရောင်တောက်နေကြပြီး ဤပွဲကြီးကို အားရပါးရ ကြည့်ရှုခံစားနေကြတော့သည်။
ချန်ချင်းယွီ : ‘တကယ်တော့… ကျွန်မ … ကျွန်မရဲ့ အရှိန်အဝါကို ပြချင်ရုံတင်ပါပဲရှင်..’
ချန်ချင်းယွီ: “အာ… ဒါက……”
အာ… အာ……
ချန်ချင်းယွီတစ်ယောက် ဆွံ့အလျက်ရှိနေရှာ၏။
သို့သော် သူမသည်လည်း မကြာမီမှာပင် ထိုမိန်းမနှစ်ယောက်၏ သတ်ပုတ်ပွဲထဲသို့ အာရုံရောက်သွားပြီး မျက်နှာမသာမယာဖြင့် ကြည့်နေမိတော့သည်။
ထိုနှစ်ယောက်စလုံးသည် တစ်ဦးကိုတစ်ဦး ဆွဲဖဲ့နေကြရင်း အလွန်အမင်း ဒေါသထွက်နေကြသော်လည်း၊ ဤကိစ္စ၏ တရားခံဖြစ်သူ ယွမ်ဟောက်ဖုန်းမှာ ဘာမှမသိနားမလည်သည့် အပြစ်ကင်းစင်သူတစ်ဦးကဲ့သို့ ဘေးတွင် ရပ်နေလေသည်။
အပြစ်ကင်းတာဟုတ်လား… ချီးစားလိုက်… နင့်မေကြီးကို အပြစ်ကင်းတာလား…
၎င်းမှာ တိုက်ဆိုင်သည်ဟု ဆိုရပေမည်… ယနေ့မှာ တနင်္ဂနွေနေ့ ဖြစ်သဖြင့် ဝင်းတစ်ခုလုံးတွင် လူအစည်ကားဆုံး အချိန်ဖြစ်ရာ အားလုံး တိတ်တဆိတ် စောင့်ကြည့်ရင်း အတင်းအဖျင်း ပြောနေကြ၏။
“အမလေး… တော်ကြပါတော့၊ သူမမျက်နှာကို မကုတ်ကြနဲ့ဦး၊ မျက်နှာ ပျက်စီးကုန်ပါဦးမယ်...”
“ဘုရားရေ… ယွမ်ဟောက်ဖုန်း၊ နင်လည်း တစ်ခုခု ဝင်လုပ်ပါဦးတော့...”
“ဒီမိန်းမနှစ်ယောက်က ဒီလောက်အထိ ရန်ဖြစ်တော်လိမ့်မယ်လို့ ငါ တကယ်မထင်ထားဘူး...”
လူတိုင်း တောက်လျှောက် ဝိုင်းပြောနေကြသည်။
ထိုမိန်းမနှစ်ယောက်သည်ကား ဆက်လက် သတ်ပုတ်နေကြဆဲ ဖြစ်သော်လည်း သူတို့၏ တိုက်ခိုက်နိုင်စွမ်းသည် အဘွားကြီးကျောက်ကို ဘယ်လိုမှ မမီနိုင်ပေ။ခဏမျှ သတ်ပုတ်ပြီးနောက်တွင် ပုံမှန်အဆင့်လောက်သာ ရှိတော့သည်။
လင်စန်းရှင်း ပထမဆုံး သတိဝင်လာသူ ဖြစ်ပြီး သူမ ငိုယိုလျက် ကွမ်ထင်းထင်းကို လှမ်းဆွဲကာ
“မချကြပါနဲ့တော့... နင် ငါ့လင်းလင်းကို ဒီလို လာအနိုင်ကျင့်လို့ မရဘူးလေ... ငါ့လင်းလင်းလေးက အပြစ်မရှိရှာပါဘူး……”
ကွမ်ထင်းထင်း : “နင့်ပါးစပ်ကို ပိတ်ပြီး လစ်စမ်း... လ္လင်းလင်းက အပြစ်မရှိဘူး ဟုတ်လား… နင့်သမီး လီလင်းလင်းက ငါ့ယောကျာ်းကို လာလုနေတာလေ... သူမက ဘာကောင်မမို့လို့လဲ”
ကွမ်ထင်းထင်းမှာ မာနကြီးသူ ဖြစ်ပြီး သူမ ကွယ်ရာတွင် ဘာပဲလုပ်လုပ် ရသော်လည်း လူရှေ့သူရှေ့တွင် အမြတ်ထုတ်ခံရသည်ကိုမူ ဘယ်လိုမှ မခံစားနိုင်ပေ။
သူမ အော်ဟစ်လိုက်ကာ
“ယွမ်ဟောက်ဖုန်း… နင့်လို သေချင်းဆိုး... နင် ငါ့ကို လာမကူဘူးလား၊ ဒီကောင်မက နင့်မိန်းမကို လာအနိုင်ကျင့်နေတာကို နင်က ဘာတွေ ပြန်ပြီး လျှောက်ပြောနေတာလဲ… နင် ယောက်ျားကော ဟုတ်ရဲ့လား”
ယွမ်ဟောက်ဖုန်း ခါးကို ကိုင်ထားရင်း
“ကဲပါ… တော်ကြပါတော့၊ မင်းတို့ ဘာလုပ်နေကြတာလဲ၊ လူပြက်ပွဲ လုပ်နေကြတာလား… ထင်းထင်း… မင်းလည်း သိပါတယ်၊ ငါနဲ့ လင်ရလင်းကြားမှာ ဘာမှမရှိဘူးဆိုတာ။ ငါ သူမကို ညီမလေးတစ်ယောက်လိုပဲ အမြဲ သဘောထားခဲ့တာ.. လင်းလင်းကလည်း ငါ့ကို အစ်ကိုတစ်ယောက်လိုပဲ မြင်မှာပါ၊ ဒါကြောင့်မို့လို့ပဲ သူမက ငါ့အတွက် စိုးရိမ်သွားတာ… သူမမှာ မကောင်းတဲ့ စိတ်မျိုး မရှိပါဘူး၊ စိတ်အေးအေးထားပါ၊ ဘာလို့ ဒီလို ပြဿနာရှာပြီး လူရယ်စရာ ဖြစ်အောင် လုပ်နေရတာလဲ”
“ဟုတ်တာပေါ့...”
လင်စန်းရှင်း ချက်ချင်း ဝင်ထောက်ခံလိုက်ပြီး စိတ်ထဲတွင် ရီဝေဝေ ဖြစ်သွားရသည်။
သမီးအတွက် အိမ်ထောင်ဖက်ရှာရတာက အစကတည်းက ခက်ခဲနေတာကို၊ အခုတော့ ပိုပြီး ခက်ခဲသွားပြီပေါ့… သောက်ခွေးပဲ…
“ကျွန်မရဲ့ လင်းလင်းက ဟောက်ဖုန်းကို အစ်ကိုတစ်ယောက်လိုပဲ မြင်တာပါ”
လင်စန်းရှင်း ဖာထေးဆိုလေ၏။
လီလင်းလင်းသည်လည်း မိမိ၏ ဂုဏ်သိက္ခာကို ဖျက်ဆီး၍ မဖြစ်မှန်း သိသော်လည်း ရင်ထဲတွင်မူ အလွန် ဝမ်းနည်းပူဆွေးနေဆဲ ဖြစ်ကာ ယွမ်ဟောက်ဖုန်းကို စူးစိုက်ကြည့်ရင်း ရှက်ကိုးရှက်ကန်း လေသံဖြင့် အသံများပင် တုန်ရင်နေရှာသည်။
ယွမ်ဟောက်ဖုန်း : “လင်းလင်း… မင်း အရင်ပြန်နှင့်ဦး… နောင်ကျမှ တို့တွေ အေးအေးဆေးဆေး စကားပြောကြတာပေါ့… မင်းရဲ့ ဂုဏ်သိက္ခာ ထိခိုက်ကုန်ရင် မကောင်းဘူး”
“ကျွန်မ မကြောက်ဘူး... ဘာကိုမှ လုံးဝ မကြောက်ဘူး...”
သူမ မျက်လုံးအစုံ နီမြန်းလျက်
“ကျွန်မက ဘာဖြစ်လို့ ဒီလိုအရာတွေကို ဂရုစိုက်ရမှာလဲ၊ ကျွန်မ……”
ကွမ်ထင်းထင်း တဖန် ဒေါသပုန်ထသွားပြန်သည်။
“နင့်လို သေချင်းဆိုးမ... နင် ငါ့ယောကျာ်းကို ဗြောင်ကျကျတောင် မြှူဆွယ်နေသေးတယ်ပေါ့… ငါ့မျက်စိရှေ့တင် ဒါမျိုး လုပ်ရဲတယ်၊ နင့်လို အရှက်မရှိတဲ့ အောက်တန်းစားမ……”
ဒီဖာသည်မ လီလင်းလင်း လမ်းဆင်းပေးတာကိုမှ မဆင်းဘဲ ဗြောင်ကျကျ နေရာလုချင်နေတယ် ဟုတ်လား…သူမ ဘယ်လိုလုပ် သည်းခံနိုင်ပါ့မလဲ…
“ငါ နင့်ကို သေအောင် ရိုက်မယ်... ငါ မသေသေးဘူး သိလား… နင်က ငါ့ယောကျာ်းကို တကယ်ကြီး လာလုရဲတယ်ပေါ့ နင့်လို အောက်တန်းစားမ… နင့်လို ဖာသည်မ...”
ကွမ်ထင်းထင်းသည် ရှေ့သို့ တစ်ဖန် ပြေးဝင်သွားပြန်ပြီး လီလင်းလင်းကို လက်သီးဖြင့် တရစပ် ထိုးနှက်လေ၏။
လီလင်းလင်း : “နင်လို စုန်းမ... ငါက နင့်ကို ကြောက်နေတယ် ထင်မနေနဲ့……”
နှစ်ယောက်သား တစ်ဖန် ပြန်လည် လုံးထွေးသတ်ပုတ်ကြပြန်ရာ၊ ယွမ်ဟောက်ဖုန်းမှာ ဘာမှတတ်နိုင်စွမ်းမရှိဘဲ ရှေ့သို့ တက်လာကာ
“ထင်းထင်း… တော်တော့... လင်းလင်း… မင်းလည်း ဒီလို မလုပ်နဲ့တော့……”
ချန်ချင်းယွီသည် ဤရုတ်ရုတ်သဲသဲ မြင်ကွင်းကို ကြည့်ရင်း သက်ပြင်းချမိတော့သည်။
“လင်းလင်း ရော ထင်းထင်း ရော၊ တစ်လှည့်စီ ခေါ်နေတာ… ယွမ်ဟောက်ဖုန်းက နာမည်မှားခေါ်မိမှာကိုတောင် မကြောက်ဘူးပဲ… သူက မိန်းမနှစ်ယောက်ကို တစ်ပြိုင်နက် ဘယ်လိုများ ဒီလောက်အထိ ကျွမ်းကျင်အောင် ထိန်းထားနိုင်ရတာလဲ အံ့ဖွယ်ပဲ..”
အခြားလူများလည်း တိတ်တဆိတ် ခေါင်းငြိမ့်မိကြပြီး ယွမ်ဟောက်ဖုန်း၏ စွမ်းဆောင်ရည်ကို ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ချီးကျူးမိကြသည်။
သူက တစ်ပြိုင်နက် နှစ်ယောက်စလုံးကို ထိန်းနိုင်တယ် ဟုတ်လား…
သူက အမြတ်တွေ အများကြီး ထွက်နေတာပဲ…
သူ လူပျိုကြီးတွေရဲ့ ခံစားချက်ကိုကော နည်းနည်းလေးမှ မစဉ်းစားပေးဘူးလား…
ဝင်းထဲရှိ လူပျိုကြီး အတော်များများ ယွမ်ဟောက်ဖုန်းကို မကျေမနပ်ဖြင့် စောင်းမြောင်းကြည့်နေကြ၏။
မေနိုး..သေချင်းဆိုးကောင်...
ရိုးရိုးသားသား ပြောရလျှင် လီလင်းလင်းသည် ယွမ်ဟောက်ဖုန်းအပေါ် အမြဲတမ်း တော်တော်လေး စိတ်ယိုင်နေခဲ့ခြင်း ဖြစ်ပြီး အားလုံးလည်း အနည်းနှင့်အများ ရိပ်မိကြသော်လည်း၊ ယွမ်ဟောက်ဖုန်းဘက်မှ သူမနှင့် ပတ်သက်ဆက်နွှယ်မှုမျိုးကို တစ်ခါမျှ မမြင်ဖူးကြသဖြင့် အားလုံးမှာ လီလင်းလင်း၏ တစ်ဖက်သတ် အချစ်ဟုသာ ထင်မှတ်ခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ယနေ့ မြင်ကွင်းကို ကြည့်ရလျှင်မူ… ထိုသို့ မဟုတ်နိုင်တော့ပေ။
ယွမ်ဟောက်ဖုန်း ဘာပဲပြောပြော၊ လီလင်းလင်းဘက်က နောက်ခံမရှိဘဲနဲ့တော့ ဒီလိုရဲရဲတင်းတင်း လုပ်ရဲစရာ အကြောင်းမရှိဘူး…
ဒါက ဗြောင်ကျကျ စိန်ခေါ်ခြင်းပဲ…
ယွမ်ဟောက်ဖုန်းမှာလည်း သူတို့ကြား ပတ်သက်မှုကို အသေအချာ ရှင်းပြခြင်း မရှိသဖြင့် အားလုံး ကိုယ့်စိတ်ကူးနှင့်ကိုယ် သံသယ ဝင်လာကြတော့သည်။
သူ ဘယ်လိုမှ ရှင်းပြလို့မရတဲ့ အခြေအနေမို့လို့လား…
ချန်ချင်းယွီ နှုတ်ခမ်းကို တိတ်တဆိတ် စေ့လိုက်ရင်း : “……” ငါ သိတာပေါ့…
အဘွားကြီးကျောက်၏ မျက်လုံးများ အရောင်တောက်သွားပြီး
“……”
ငါလည်း သိတာပေါ့..
ဝမ်တာ့ချွေ၏ မျက်နှာပေးမှာ အထင်သေးမှုများဖြင့်
“……”
ငါလည်း သိတာပေါ့…
ဤကိစ္စကို လူအများကြီး မသိကြသော်လည်း တစ်ယောက်မှ မမြင်ဖူးသည် မဟုတ်ပေ။ အနည်းဆုံး အချို့လူများ ကောင်းကောင်း သိကြ၏။
လူတိုင်းတွင် ကိုယ်စီ စိတ်ကူးများ ရှိကြသော်လည်း ကွမ်ထင်းထင်းနှင့် လီလင်းလင်းတို့မှာ ရပ်တန့်မည့်ပုံ မရှိကြချေ။
လီလင်းလင်းသည် နှုတ်ခမ်းကို ကိုက်လျက် နောက်ဆုံး၌ မအောင့်နိုင်ဘဲ လွှတ်ကနဲ ပြောချလိုက်တော့သည်။
“အစ်ကို ဟောက်ဖုန်း… ကွာရှင်းလိုက်ပါတော့၊ တို့တွေ အတူတူ နေကြရအောင်၊ ကျွန်မ အစ်ကို့ကို ချစ်တယ်... ကျွန်မ အစ်ကို့ကို တကယ် ချစ်တာပါ...”
ထိုနေရာတစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။
အမလေး… ငါ့ဘုရား၊ တော်တော် သတ္တိရှိတာပဲ...
ဒါ ဘယ်လိုခေတ်ကြီးမို့လို့ ဒီလောက်အထိ ရဲရဲတင်းတင်း လုပ်ရဲရတာလဲ…
ယခုအခါ မူဝါဒများမှာ လွန်ခဲ့သည့် နှစ်အနည်းငယ်ထက် ပိုမိုကောင်းမွန်လာသည် ဆိုသော်လည်း၊ ဤအပြုအမူမျိုးသည်ကား အမှန်တကယ်ကို တုန်လှုပ်စရာပင် ဖြစ်၏။
အားလုံး ဆွံ့အသွားကြပြီး တစ်နေရာလုံး ငြိမ်ကျသွားကာ မည်သူမှ စကားတစ်ခွန်းပင် မဟရဲကြချေ။
ယွမ်ဟောက်ဖုန်းမှာမူ ဒေါသကြောင့် ပေါက်ကွဲလုနီးပါး ဖြစ်သွားရသည်။ သူသည် အတတ်နိုင်ဆုံး အောင့်အီးသည်းခံနေသော်လည်း၊ လီလင်းလင်းကို ပြန်ကြည့်လိုက်သည့်အခါ သူမသည် တကယ့်ကို ဦးနှောက်မရှိသည့် အရူးမဟုသာ ထင်မြင်မိလေ၏။ နောက်ဆုံးတွင် သူ မအောင့်နိုင်တော့ဘဲ အော်ဟစ်
လိုက်ကာ
“ပါးစပ်ပိတ်စမ်း၊ နင့်လို အရူးမ... ငါ နင်နဲ့ အတူတူ မနေနိုင်ဘူး၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေနဲ့...”
သူ ရှေ့သို့ လှမ်းတက်လိုက်ပြီး မိမိ၏ ဇနီးဖြစ်သူကို တွဲထူကာ
“သွားစို့...”
ဝိုး ဝိုး ဝိုး…
လူတိုင်း တဖန် ပြန်လည် မှင်တက်သွားကြရပြန်၏။