← Chapters

အခန်း ၁၂၇

Vol. 13 Ch. 127

အခန်း ၁၂၇

Vol. 13 Ch. 127

အခန်း (၁၂၇) အရှုပ်တော်ပုံ

အစီအစဉ်ဟူသည် အပြောင်းအလဲများကို လိုက်မမီနိုင်ပေ။

ချန်ချင်းယွီသည် မိမိကိုယ်တိုင် လမ်းဘေးဈေးသည်ထွက်လုပ်လျှင် လူအများ မျက်စိကျလာနိုင်သည်ကို ကြိုတင်တွေးဆထားခဲ့သော်လည်း၊ ပထမဆုံး တံခါးဝအထိ လာရောက်ပြဿနာရှာမည့်သူမှာ ကွမ်ထင်းထင်း ဖြစ်လာလိမ့်မည်ဟုမူ မမျှော်လင့်ထားခဲ့မိပေ။ သို့သော်လည်း သူမဘက်မှ သေချာပြင်ဆင်ထားပြီးသား ဖြစ်သည်။ အကယ်၍ တစ်ယောက်ယောက် လာရောက်ရန်စလာလျှင် မိမိတွင် မည်မျှအင်အားရှိကြောင်း သင့်တော်သလို ထုတ်ပြရန် စိတ်ကူးထားခဲ့၏။

ဗြုန်းစားကြီး ပြောင်းလဲသွား၍မဖြစ်သဖြင့် လူအများအား မိမိမှာ အနိုင်ကျင့်ရလွယ်သူမဟုတ်ကြောင်း တဖြည်းဖြည်းချင်း သိအောင်လုပ်ရန် သူမ အစီအစဉ်ဆွဲထားခြင်း ဖြစ်သည်။

ဒါဟာ ပထမဆုံးပွဲဦးထွက် သေနတ်သံပဲ...

သို့သော်လည်း...

မည်သူ ထင်မှတ်ထားမည်နည်း။ ချန်ချင်းယွီတစ်ယောက် မိမိ၏စွမ်းဆောင်ရည်ကို မပြသရသေးခင်မှာပင် မိမိပိုင်ရမည့်ဇာတ်ခုံကို အခြားသူ လုယူသွားခြင်း ခံလိုက်ရလေ၏။ အားလုံးမှာ ရွံရှာဖွယ်

ကောင်းလှသော ဖောက်ပြန်မှု သုံးပွင့်ဆိုင်အချစ်ဒရမ်မာဇာတ်လမ်းကြီးအဖြစ် ကူးပြောင်းသွားခဲ့လေပြီ…. ချန်ချင်းယွီလား...

အခုချိန်မှာ ဘယ်သူက ချန်ချင်းယွီကို ဂရုစိုက်တော့မှာလဲ…

လူတိုင်း၏မျက်လုံးများမှာ ကာယကံရှင် သုံးယောက်တွဲဆီသို့သာ ရောက်ရှိနေကြသည်။

ချန်ချင်းယွီကိုယ်တိုင်ပင်လျှင် ဘေးနားတွင် စပ်စုနေပြီး ထိုသုံးယောက်ကို စိတ်ဝင်တစား ကြည့်နေမိ၏။ သူတို့တွေ ဘာလို့ ဒီလောက်တောင် သတ္တိကောင်းနေကြတာလဲဟု တွေးတောမိရင်း၊ ဤသို့ကြည့်မည်ဆိုလျှင် မိမိကိုယ်မိမိ အလွန်အမင်း သတိကြီးလွန်းသူတစ်ဦးအဖြစ် သတ်မှတ်ရပေလိမည်။ သူတို့ကိုကြည့်ပါဦး၊ ဒါက လုံးဝကို ဂရုမစိုက်ဘဲ အားမနာတမ်း အရှက်ခွဲနေကြတာပဲ မဟုတ်ပါလား…

အရေးကြီးသည့် အချိန်အခါတွင်မူ ယွမ်ဟောက်ဖုန်းသည် လီလင်းလင်းဘက်မှ ရပ်တည်မပေးခဲ့ကာ မိမိဇနီးသည်ဘက်မှသာ ရပ်တည်ပေးခဲ့သည်။ သူသည် မျက်မှောင်ကုတ်လျက် လီလင်းလင်းကို စိုက်ကြည့်ကာ

"မင်း ဒါ ဘာလုပ်နေတာလဲ… ဘာမှမသိတဲ့သူတွေဆို ငါတို့ကြားထဲမှာ တစ်ခုခုရှိနေတယ်လို့ ထင်ကုန်ကြတော့မယ်၊ ငါကတော့ မင်းကို အရှက်မကွဲစေချင်လို့ပါ၊ ဒါပေမဲ့ မင်းက ငါ့မိန်းမကို ဒီလိုမျိုး လာအနိုင်ကျင့်နေတာကတော့ ငါ့မိသားစုကို လုံးဝတန်ဖိုးမထားရာ ရောက်လွန်းရာကျနေပြီ၊ လင်းလင်း... ငါ မင်းကို ညီမလေးတစ်ယောက်လိုပဲ အမြဲသဘောထားခဲ့တာ၊ မင်းကို စိတ်ဒဏ်ရာမရစေချင်ဘူး… ဒါပေမဲ့ မင်း ဒီထက်ပိုပြီး ရုန်းမထွက်နိုင်အောင် မနစ်မွန်းသွားနဲ့တော့"

သူကတော့ အပြစ်လွှဲချရာမှာ တော်ပါပေတယ်…

အကယ်၍ သူနှင့် လီလင်းလင်းတို့ ကွယ်ရာတွင် နမ်းရှုံ့နေကြသည်ကိုသာ မမြင်ခဲ့ဖူးပါက လူအများမှာ သူ့စကားကို ယုံကြည်မိကြပေလိမ့်မည်။

လူယုတ်မာကောင်...

အမှိုက်ကောင်...

ယွမ်ဟောက်ဖုန်း : "မင်း အိမ်ပြန်တော့၊ တချို့ကိစ္စတွေကို လျှောက်မတွေးနဲ့၊ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

ယွမ်ဟောက်ဖုန်းသည် မိမိ၏ဂုဏ်သိက္ခာ အပျက်စီးမခံနိုင်သဖြင့် လီလင်းလင်နှးင့် ပတ်သက်မှုကို မည်သို့မျှ ဝန်ခံမည်မဟုတ်ပေ။ သူ့အမေ၏ ဖောက်ပြန်တတ်သော နာမည်ဆိုးမှာ ယခုတိုင် ရှိနေသေးရာ မိမိပါ ထိုကဲ့သို့ ကိစ္စမျိုးတွင် နာမည်မပျက်စေရန် အထူးသတိထားရမည်။ မဟုတ်ပါက မိသားစုဝင်များ လူတောတိုးရန် ပို၍ခက်ခဲသွားပေလိမ့်မည်။

သူ အလေးအနက်ဟန်ဖြင့်

"လင်းလင်း၊ မင်း ဘာတွေတွေးနေလဲတော့ ငါမသိဘူး၊ ဒါပေမဲ့ လူတိုင်းလည်း မြင်နေကြတာပဲ… ငါတို့ ပုံမှန်ဆို အဆက်အသွယ်တောင် အတော်နည်းပါတယ်… မင်း ငါ့အပေါ် စိတ်ကူးတစ်ခုခု ရှိနေနိုင်တာကို ငါသိပေမဲ့ ငါက အိမ်ထောင်ကျပြီးသားလေ၊ မင်းကလည်း ငယ်သေးတော့ အချစ်ဆိုတာ ဘာလဲဆိုတာ သေချာမသိသေးဘူး၊ နောင်ကျရင် မင်း တကယ်ချစ်ရမယ့်သူနဲ့ တွေ့ရင် သိလာလိမ့်မယ်… မင်း ငါ့အပေါ်ထားတာ အချစ်မဟုတ်ပါဘူး၊ မောင်နှမသံယောဇဉ် သက်သက်ပါ၊ ကဲပါ... အိမ်မြန်မြန်ပြန်တော့"

လီလင်းလင်းသည် မယုံကြည်နိုင်ဟန်ဖြင့် ယွမ်ဟောက်ဖုန်းကို စိုက်ကြည့်နေမိ၏။

ယွမ်ဟောက်ဖုန်းမှာမူ တုန်လှုပ်ခြင်းမရှိဘဲ ဇနီးသည် ကွမ်ထင်းထင်းကို တွဲဖက်လျက်

"ထင်းထင်း၊ မင်းလည်း အိမ်ပြန်

ရအောင်၊ လင်းလင်းက ငယ်သေးတော့ ယောကျာ်းလေးတွေနဲ့ အတွေ့အကြုံနည်းလို့ အထင်လွဲသွားတာပါ…တကယ်တော့ ငါတို့ကြားထဲမှာ ဘာမှမရှိဘဲ ဖြူစင်ပါတယ်"

ကွမ်ထင်းထင်းသည် လက်သီးကို တင်းတင်းဆုပ်ထားသော်လည်း သူမသည် လီလင်းလင်းထက် ပို၍ တွက်ချက်တတ်သူဖြစ်သည်။ ခိုးစားရုံသက်သက်ဆိုလျှင် ထိုကဲ့သို့ကိစ္စမျိုးကို သူမ သည်းခံနိုင်၏။

အကယ်၍ ဤမြေခွေးမလေး လာရောက် ရန်မစခဲ့ပါက သူမ ဤမျှ ဒေါသထွက်နေမည် မဟုတ်ပေ။

သို့သော်လည်း ယခုအချိန်တွင် မိမိယောကျာ်း၏ ဂုဏ်သိက္ခာကို မထိခိုက်စေရန် အရေးကြီးကြောင်း သိသဖြင့် သူမဆိုလိုက်ကာ

"ကျွန်မက ပြဿနာရှာချင်တယ်လို့ ရှင် ထင်နေတာလား…သူက အရင်စတာလေ…မဟုတ်ရင် ကျွန်မက ဒီလောက်အထိ လုပ်ပါ့မလား"

"ရှင်ကြည့်လိုက်ဦး၊ သူက ကျွန်မကိုတောင် လက်ပါရဲသေးတယ်… တစ်နေ့တစ်နေ့ ဘာတွေတွေးနေမှန်းကို မသိဘူး… ကိုယ်ြမှာ ယောကျာ်းမရှိတိုင်း သူများယောကျာ်းကို လာမျက်စိကျနေတယ်၊ ကျွန်မယောကျာ်းကတော့ လုံးဝကို အပြစ်ကင်းစင်ပါတယ်… ကျွန်မက သက်သက်မဲ့ ရန်ရှာတာမဟုတ်ဘူးနော်၊ သူ ဒီလိုလုပ်နေတော့ ကျွန်မတို့ ဟောက်ဖုန်းက လူကြားထဲ ဘယ်လိုမျက်နှာပြရတော့မှာလဲ၊ အားလုံးလည်း မြင်တဲ့အတိုင်းပဲ၊ ဟောက်ဖုန်းက ပုံမှန်ဆို သူနဲ့ လုံးဝအဆက်အသွယ် မရှိတာ… ဒါက သက်သက်မဲ့ ကျွန်မယောကျာ်းရဲ့ နာမည်ကို လာဖျက်စီးတာ၊ ကျွန်မက ဒေါသမထွက်ဘဲ နေနိုင်မလား"

လင်မယားနှစ်ယောက်စလုံး တစ်ယောက်တစ်လှည့် တိုင်ပင်ကိုက်စွာ ပြောဆိုရင်း ယွမ်ဟောက်ဖုန်းကို အပြစ်မှ ကင်းလွတ်အောင် ဖေးမနေကြ၏။

သူတို့သည် လီလင်းလင်း၏ စိတ်အလိုအတိုင်း လွှတ်မထားဝံ့ကြပေ။ မဟုတ်လျှင် လူလိမ်လူရမ်းကားဟူသော အမှုဖြင့် အဖမ်းခံရလျှင် ရှစ်နှစ်ဆယ်နှစ်ခန့် ထောင်ထဲက ထွက်ရတော့မည်မဟုတ်ရာ အလွန်ပင် နစ်နာလှပေမည်။ မည်သို့ပင်ဖြစ်စေ သူတို့မိသားစုအနေဖြင့် ဤအရှုံးကို အဖြစ်မခံနိုင်ပေ။

ကွမ်ထင်းထင်း လီလင်းလင်းကို နှာခေါင်းရှုံ့လျက် ကြည့်လိုက်ရာ စိတ်ဒဏ်ရာအပြင်းအထန် ရသွားဟန်တူသော လီလင်းလင်းကိုမြင်ပြီး စိတ်ထဲမှ လှောင်ပြုံး ပြုံးလိုက်မိသည်။

ငတုံးမ...

အသက်ကတော့ ကြီးလှပြီ၊ ဒါပေမဲ့ ဦးနှောက်ကတော့ တစ်စက်မှ မကြီးပွားလာတဲ့ အကောင်မ…

ငါတို့အိမ်က ဟောက်ဖုန်းရဲ့ လှည့်စားတာကို ခံရတာ ထိုက်တန်ပါတယ်…

လင်မယားနှစ်ယောက် ပူးပေါင်းကာ ပြောဆိုနေသဖြင့် လီလင်းလင်း၏ မျက်ဝန်းအစုံသည် ချက်ချင်း နီမြန်းလာပြီး ယွမ်ဟောက်ဖုန်းကိုသာ စိုက်ကြည့်ရင်း

"အစ်ကိုဟောက်ဖုန်း..."

ရှင် ကျွန်မအပေါ် ဘယ်လိုလုပ် ဒီလိုရက်စက်နိုင်ရတာလဲ…

ဘယ်လိုလုပ် ဒီလိုလုပ်ရက်ရတာလဲ…

ရှင် ဘယ်လိုလုပ် လုပ်ရက်တာလဲ…

လီလင်းလင်းသည် အသည်းကွဲမတတ် ခံစားရကာ မျက်ရည်များ တဖြာဖြာ ကျဆင်းလာခဲ့သည်။

ယွမ်ဟောက်ဖုန်း စိတ်ထဲတွင် "ငတုံးမ" ဟု ကျိန်ဆဲနေသော်လည်း မျက်နှာပြင်တွင်မူ စိမ်းကားသော အမူအရာဖြင့်

"လင်းလင်း၊ မင်း မရုန်းရင်းဆန်ခတ် လုပ်မနေနဲ့တော့"

ထိုသို့ပြောဆိုရင်း သူသည် သူမကို မျက်ရိပ်ပြလိုက်၏။

သို့သော် လီလင်းလင်း မည်သို့ တုံ့ပြန်ရမှန်း မသိပေ။ မိမိ၏ နှလုံးသားစစ်ကို ခွေးကျွေးမိပြီဟုသာ ခံစားနေရသည်။

သူမ ယွမ်ဟောက်ဖုန်းကို စိုက်

ကြည့်နေစဉ် အဘွားကြီးကျောက် ချန်ချင်းယွီကို တိုးတိုးလေး ကပ်ပြောလိုက်ကာ

"ဒါက ကြည့်ရတာ ဘယ်လိုမှ ဖြူစင်တဲ့ပုံစံမျိုး မဟုတ်ဘူးနော်"

ချန်ချင်းယွီ : "အင်း"

သူမ အလွန်သဘောတူကြောင်း ပြလိုက်၏။

သူမကတော့ သဘောတူမှာ အမှန်ပါပဲ…

လူတိုင်း မူးယစ်နေချိန်တွင် သူမတစ်ဦးတည်းသာ အမှန်ကို မြင်နေရသည် မဟုတ်လော့။

ကျွန်မကတော့ အကုန်သိနေပါတယ်ရှင်

ထိုအချိန်တွင် လူတိုင်းမှာ အံ့အားသင့်ကာ တိတ်ဆိတ်နေကြပြီး စကားတစ်ခွန်းမှ မဆိုရဲကြချေ။ အဘွားကြီးကျောက်၏ တိုးတိုးလေး ကပ်ပြောသံမှာ ပတ်ဝန်းကျင် တိတ်ဆိတ်နေသဖြင့် အတော်ပင် သိသာထင်ရှားသွား၏။ ယွမ်ဟောက်ဖုန်း၏ မျက်နှာမှာ ပို၍ ညိုမှောင်သွားကာ အဘွားကြီးကျောက်၏ နှုတ်သီးကောင်း လျှာပါးမှုကို စိတ်နာမိသလို၊ လီလင်းလင်း မိမိနှင့် လိုက်လျောညီထွေ မရှိမှုကိုလည်း ပို၍ အပြစ်တင်မိလေသည်။

တကယ့် ဝက်လိုဟာမ…

ယွမ်ဟောက်ဖုန်း တစ်ယောက် ဘာလုပ်ရမှန်းမသိဘဲ ပူပန်နေချိန်တွင် ယွမ်ဟောက်ရွှယ် ရှေ့သို့ ထွက်လာခဲ့သည်။ သူမသည်လည်း အပြင်မှ ယခုလေးတင် ပြန်ရောက်လာခြင်းဖြစ်ပြီး စကားအနည်းငယ် ကြားရုံဖြင့် အခြေအနေကို ရိပ်မိသွားပုံရ၏။ သူမ ချက်ချင်း ရှေ့တိုးကာ ပြောလိုက်လေသည်။

"လင်းလင်း နင်က ဘာလို့ ဒီလောက်တောင် ခေါင်းမာရတာလဲ၊ ဒီလောက်နှစ်တွေအကြာကြီး ငါ့အစ်ကိုအပေါ် နင် ဘာလို့ ဒီလောက်တောင် စွဲလမ်းနေရတာလဲ။ နင်က သံယောဇဉ် ကြီးလွန်းပါတယ်… ငါ့အစ်ကိုသာ နင့်ကို သဘောကျရင် လွန်ခဲ့တဲ့ ငါးနှစ်ကကတည်းက သဘောကျနေမှာပေါ့၊ အခုချိန်အထိ စောင့်နေပါ့မလား… နင် ငိုနေတာကြည့်ပြီး ငါတောင် စိတ်မကောင်းဖြစ်ရတယ်"

သူမ လီလင်းလင်းကို ဆွဲခေါ်ကာ

"လာ... ငါတို့ အပြင်သွားပြီး လမ်းလျှောက်ရအောင်၊ ငါ နင့်ကို မုန့်ကျွေးမယ်"

လီလင်းလင်း ငြင်းဆန်ကာ

"ငါမသွားဘူး"

ဟောက်ရွှယ် : "ငါ့ကို အဖော်လုပ်ပေးတယ်လို့ပဲ သဘောထားပါဟာ၊ ငါတို့က အတူတူ ကြီးပြင်းလာကြတာပဲလေ… ငါတို့ သူငယ်ချင်းတွေ အတူတူမထိုင်ဖြစ်တာ တော်တော်ကြာပြီပဲ၊ လာပါ... ရင်ဖွင့်ကြရအောင်"

သူမ လီလင်းလင်း၏ လက်မောင်းကို တွဲဖက်လိုက်ရင်း ချော့မော့ပြန်ကာ

"မငိုပါနဲ့တော့၊ ငိုရင် မလှဘဲ နေလိမ့်မယ်"

ထိုစဉ် ရှီရှောင်ဝေ ဝုန်းကနဲ ထွက်လာပြီး

"ငါလည်း မင်းတို့နဲ့အတူ အပြင်လိုက်ခဲ့မယ်"

သူသည် လီလင်းလင်းကို သဘောမကျသော်လည်း၊ တစ်ချိန်၌ မိမိကို အသက်ထက်မက ချစ်ခဲ့ဖူးသော မိန်းမတစ်ယောက်သည် ယခုအခါ အခြားတစ်ယောက်အပေါ် စိတ်ဝင်တစားဖြင့် သည်းသည်းလှုပ် ဖြစ်နေသည်ကို မြင်ရသောအခါ စိတ်ထဲမှ အလွန်အမင်း မကျေမချမ်း ဖြစ်မိသည်။ ထို့ကြောင့် ဘေးမှ ရပ်ကြည့်နေရင်း လီလင်းလင်းတစ်ယောက် အရိုက် ခံလိုက်ရပါစေဟု စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းနေမိ၏။ သို့မှသာ အခြားသူတစ်ယောက်အပေါ် စိတ်ယိုင်သွားမိခြင်းမှာ မည်မျှ မှားယွင်းကြောင်း သူမ သိသွားပေလိမ့်မည်။

သို့သော်လည်း ယခုလေးတင် ယွမ်ဟောက်ရွှယ် ပြန်ရောက်လာသည်ကို မြင်လိုက်ရသောအခါ သူသည် ချက်ချင်းပင် ရှေ့သို့ တိုးလာခဲ့သည်။

"မင်းတို့ မိန်းကလေးနှစ်ယောက်တည်းမို့လို့ ငါစိတ်မချဘူး၊ ငါပါ အတူတူ လိုက်ခဲ့မယ်"

"အိုဟို... မင်းက တကယ်ပဲ ဖားချင်နေတာပဲ၊ အဖြစ်မရှိတဲ့ကောင်ရဲ့... မင်းက သူတို့နဲ့ လိုက်သွားတော့ ဘာအသုံးဝင်မှာလဲ၊ မင်းမှာ ပိုက်ဆံလည်း မရှိဘဲနဲ့၊ မိန်းကလေးနှစ်ယောက် မုန့်စားတာကို ကြားညှပ်ပြီး လိုက်စားမလို့လား..ဟားဟား... မင်းမှာ အရှက်ရော ရှိရဲ့လား"

ကျန်းရှင်းဖှ သူ့မျက်နှာကို မော့လျက် ရွဲ့လိုက်၏။

သူသည် ရှီရှောင်ဝေကို တကယ်ပင် အထင်သေးလှသည်။

အလုပ်အကိုင်လည်း မရှိဘဲနှင့် ယွမ်ဟောက်ရွှယ်ကို မိမိနှင့် လာရောက် လုရဲသည်မှာ အဓိပ္ပာယ်မရှိလွန်းလှပေ…

မှန်၏…ကျန်းရှင်းဖှသည် ယခုတိုင် ယွမ်ဟောက်ရွှယ်နောက်သို့ လိုက်နေဆဲ ဖြစ်သည်။

အပတ်တိုင်း အပြင်ထွက်ပြီး အခွင့်အရေး ရှာနေသော်လည်း၊ ယွမ်ဟောက်ရွှယ်ကို လက်လွှတ်မခံဘဲ ဆွဲထားဆဲပင်။

သူသည် ယွမ်ဟောက်ရွှယ်အပေါ် စိတ်ဝင်စားနေသည်မှာ ကြာပြီဖြစ်ကြောင်း ချန်ချင်းယွီ ဤကမ္ဘာသို့ စတင်ကူးပြောင်းလာကတည်းက ရိပ်မိခဲ့သည်။ သို့သော် ထိုစဉ်၌ ယွမ်ဟောက်ရွှယ်သည် အသက်ငယ်သေးသလို၊ ယွမ်မိသားစုမှာလည်း အနိုင်ကျင့်ရလွယ်သော မိသားစုမဟုတ်သဖြင့် ကျန်းရှင်းဖှသည် လှောင်ပြောင် သရော်ရုံသာ လုပ်ရဲပြီး တကယ်တမ်း မပတ်သက်ဝံ့ပေ။

သို့သော်လည်း ဝင်းထဲရှိ လူတိုင်း အခြေအနေအားလုံးကို အကုန်သိကြ၏။

အခြေအနေများ တရွေ့ရွေ့ ပြောင်းလဲလာသည်နှင့်အမျှ ကျန်းရှင်းဖှသည် "ယောက်ျားရော မိန်းမပါ စိတ်ဝင်စားသူ" အဖြစ် နာမည်ကြီးလာရာ ယွမ်မိသားစုအနေဖြင့် သူ့ကို ဟောက်ရွှယ်နှင့် သဘောတူရန် ပို၍ပင် မဖြစ်နိုင်တော့ပေ။ ကျောက်ရုံ၏ နာမည်ပျက်မှာ တော်တော်ဆိုးသည်ဆိုသည့်တိုင် ထိုအရာသည် ယွမ်ဟောက်ရွှယ်ကိုယ်တိုင် မဟုတ်ချေ။ ကျန်းရှင်းဖှ၏ သတင်းမှာ ပို၍ပင် အနံ့အသက်မကောင်းလှပေ။

ထို့ကြောင့် ယွမ်မိသားစုသည် ကျန်းရှင်းဖှ ဟောက်ရွှယ်နောက် လိုက်နေခြင်းကို အလွန်အမင်းပင် ကာကွယ်တားဆီးကြသည်။

သူသည် ဘာမှမတတ်နိုင်ဘဲ ကြည့်နေရုံသာ တတ်နိုင်ခဲ့ပြီး နှစ်အနည်းငယ်အတွင်း တိုးတက်မှုလည်း မရှိခဲ့ပေ။ အကယ်၍ ယခင် ကျန်းရှင်းဖှသာဆိုလျှင် သူမနောက်သို့ အရှက်မရှိ တကောက်ကောက် လိုက်ကောင်း လိုက်နေလိမ့်မည်။ သို့သော် ယခုအခါတွင်မူ သူ တွေဝေနေမိ၏။ မည်သို့ပင်ဖြစ်စေ သူ ထောင်ထဲ ရောက်ဖူးခဲ့သည် မဟုတ်လော့။ စုံစမ်းစစ်ဆေးမှုကို ကူညီရုံသက်သက်ဖြင့် ခေတ္တအဖမ်းခံရခြင်း ဖြစ်သော်လည်း တစ်လနီးပါး ထောင်ကျခြင်း အဖြစ်အပျက်သည် သူ့ကို တကယ်ပင် လန့်ဖျန့်သွားစေခဲ့သည်။ သူ မလုပ်ရဲတော့ပေ။

ဤအဖြစ်အပျက်များကြောင့် ကျန်းရှင်းဖှသည် အပေါ်ယံတွင် ယွမ်ဟောက်ရွှယ်နောက်သို့ လိုက်နေသော်လည်း၊ တစ်ဖက်တွင်လည်း ပြင်ပ၌ အခွင့်အရေးများကို အမြဲ ရှာဖွေနေခဲ့၏။

သူ့အမြင်တွင် ငါးတစ်ကောင်ထက်မက ဖမ်းမိခြင်းမှာ ပိုကောင်းသည်ဟု ယူဆထားသည်။

ထို့ကြောင့် ရှီရှောင်ဝေတစ်ယောက် ယွမ်ဟောက်ရွှယ်နား ကပ်ရန် ကြိုးစားနေသည်ကို မြင်လိုက်ရသောအခါ သူ ချက်ချင်းပင် ကြားဖြတ်ဝင်လာတော့၏။

ဒီကောင်စုတ်က ငါ့ကို လာပြိုင်ရဲတယ်ပေါ့လေ…

သူက ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ ကိုယ့်ဟာကိုယ်တောင် မသိဘူးလား…

သူ့မှာ အလုပ်တောင် မရှိတာကို...

"အလုပ်လည်း မရှိ၊ အရည်အချင်းလည်း မရှိဘူး… မင်းက ဘယ်လိုလူစားမျိုးလဲဆိုတာ ငါလည်း မသိတော့ပါဘူး"

ကျန်းရှင်းဖှ ရှီရှောင်ဝေကို ဆက်၍ အထင်သေးစွာ ပြောလိုက်သည်။

သူသည် ဖရဲစေ့ရောင်းသည့် ရှီရှောင်ဝေ၏ ညီငယ် ရှောင်ကွမ်းကို အထင်သေးသော်လည်း၊ ဘာမှမလုပ်ဘဲ နေထိုင်သော လူကြီးလူကောင်းဟန်ဖြင့် ရှီရှောင်ဝေကိုမူ ပို၍ပင် အထင်သေးလှ၏။

"မင်းလိုကောင် မိန်းကလေးတွေဆီကနေတောင် အခွင့်ကောင်းယူဖို့ ကြိုးစားနေသေးတယ်၊ တကယ် အရှက်မရှိတာပဲ"

ရှီရှောင်ဝေက ဒေါသတကြီးဖြင့် ပြန်လည်ချေပကာ

"မင်း ဘယ်သူ့ကို ပြောနေတာလဲ…ဘာသဘောလဲ"

"ဘာသဘောလဲ ဟုတ်လား… မင်း နားမလည်ဘူးလား… မင်းက တကယ့်ကို တုံးအတဲ့ကောင်ပဲ၊ ငါပြောတာ ဟုတ်နေတာပဲကို… နေ့ခင်း ကြောင်တောင်ကြီးမှာ မိန်းကလေးတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် စိတ်ပူလို့ပါဆိုပြီး သင်္ချိုင်းမှာ သတင်းစက္ကူတွေ မီးရှို့လှည့်စားသလိုမျိုး ငါတို့ကို လာလိမ်နေတာလား… ငါတို့ကို အရူးအောက်မေ့နေလား၊ မင်းကိုယ်တိုင်မှာ ပိုက်ဆံတစ်ပြားမှ မရှိဘဲနဲ့ မိန်းကလေးတွေနောက်ကို တကောက်ကောက် လိုက်နေတာ၊ ဒါက ဗြောင်ကျကျ လိုက်စားဖို့ ကြိုးစားနေတာ မဟုတ်ရင် ဘာလဲ"

"မင်း ဘာပြောလိုက်တယ်... မိုက်ရိုင်းလှချည်လား"

"ငါပြောတာ ရိုင်းတယ်လို့ ထင်ရင် မင်း အဲဒီလို မလုပ်နဲ့လေ"

"မင်း ခွေးကောင်..."

ရှီရှောင်ဝေ ရုတ်တရက် ရှေ့သို့ အဟုန်ပြင်းစွာ တိုးဝင်လျက် လက်သီးကို ဝှေ့ယမ်းလိုက်သည်။

ကျန်းရှင်းဖှ ရှောင်တိမ်းရင်း

"မင်းက စကားပြောလို့ မနိုင်တော့ အကြမ်းဖက်ချင်တာလား… ငါက မင်းကို ကြောက်နေတယ် ထင်လား"

ရှီရှောင်ဝေ ပြန်လည်ပက်ပက်စက်စက် ပြောလိုက်ကာ

"ငါက သင်္ချိုင်းမှာ သတင်းစာတွေ မီးရှို့တယ်လို့ မင်းပြောတယ်ဟုတ်လား။ အဲဒါ မင်းတို့မိသားစု လုပ်ခဲ့တဲ့ အလုပ် မဟုတ်ဘူးလား၊ မင်းအမေ တစ်ယောက်တည်းပဲ... မင်းတို့မိသားစုပဲ အဲဒီလိုမျိုး လုပ်တာ… ပြီးတော့ မင်းက ငါ့ကို လာပြောနေသေးတယ်ပေါ့၊ မင်းကကော ဘယ်လိုလူစားမျိုးလဲ… ယောကျာ်းတွေနဲ့ အိမ်သာထဲသွားပြီး ရှုပ်ရှုပ်ရှုပ်ရှုပ် လုပ်နေတာကို ဘယ်သူမှမသိဘူး ထင်နေလား"

ကျန်းရှင်းဖှသည် ချက်ချင်းပင် စိတ်ဆိုးဒေါသထွက်ကာ ပေါက်ကွဲသွားတော့သည်။ ဤအချက်သည် သူ အမုန်းဆုံးနှင့် အထိမခံနိုင်ဆုံးအရာ ဖြစ်၏။

"မင်းကို ငါ ရိုက်သတ်မယ်၊ ခွေးကောင်စုတ်"

"မင်းကမှ ခွေးကောင်စုတ်ကွ"

ထိုနှစ်ယောက်သည် ချက်ချင်းပင် လုံးထွေးသတ်ပုတ်ကြတော့သည်။

ကျန်းရှင်းဖှ ရှီရှောင်ဝေ၏ ဆံပင်ကို ဆွဲကိုင်ကာ လက်မောင်းကို လွှဲလျက် သူ့မျက်နှာကို တဖြန်းဖြန်းနှင့် အကြိမ်ကြိမ် ရိုက်ပုတ်လေသည်။

ရှီရှောင်ဝေသည်လည်း အလျှော့ပေးမည့်ပုံမပေါ်ဘဲ သူ၏ "ဖော်ရှန်း အရိပ်မဲ့ကန်ချက်" ဖြင့် ကျန်းရှင်းဖှ၏ ပေါင်ကြားဆီသို့ တည့်တည့် ချိန်ရွယ်ကန်လိုက်၏။ ကျန်းရှင်းဖှသည် သီသီလေး ရှောင်တိမ်းလိုက်ရသဖြင့် ချွေးစေးများပင် ပြန်လာကာ ရှီရှောင်ဝေ၏ ပုခုံးကို လှမ်းကိုက်လိုက်တော့သည်။ ကံကောင်းထောက်မစွာဖြင့် သူသည် ဂွမ်းကပ်အင်္ကျီအထူကြီး ဝတ်ထား၍သာ တော်တော့၏။ မဟုတ်ပါက ခွေးရူးပြန်ကာကွယ်ဆေး သွားထိုးရမည့် အခြေအနေ ဖြစ်နေပေလိမ့်မည်။

ရှီရှောင်ဝေ ကျန်းရှင်းဖှ၏ ဗိုက်ကို လက်သီးဖြင့် ထိုးလိုက်ရာ၊ ကျန်းရှင်းဖှမှာလည်း ရှီရှောင်ဝေကို ခေါင်းဖြင့် ဘုန်းကနဲ မြည်အောင် ဆောင့်တိုက်လိုက်သည်။

ထိုနှစ်ယောက်သည် လုံးဝကို အသေအလဲ သတ်ပုတ်နေကြလေပြီ…

ချန်ချင်းယွီ အလွန်အမင်း အံ့ဩသင့်နေမိပြီး~~

ဟိုလီရှစ်…

ဘာလို့ ရန်ပွဲက ရုတ်တရက်ကြီး ပြောင်းလဲသွားရတာလဲ… ဒီနေ့က ဘာလဲ... သိုင်းပညာပြိုင်ပွဲနေ့ လား..

ခုနကတင် ကွမ်ထင်းထင်းနဲ့ လီလင်းလင်းတို့ ဖြစ်နေကြတာ မဟုတ်ဘူးလား…

ဘယ်လိုဖြစ်ပြီး ရှီရှောင်ဝေနဲ့ ကျန်းရှင်းဖှ ဖြစ်သွားရတာလဲ…

ဒါက ကလဲ့စားချေမယ့် ရန်သူနှစ်ယောက် ဆုံမိသလိုပဲ၊ မျက်လုံးတွေထဲမှာ အမုန်းတရားတွေ တောက်လောင်နေကြပါလား…

ချန်ချင်းယွီသည် ဤရန်ပွဲကိုမြင်တွေ့ရသောအခါ မျက်လုံးများ အရောင်တောက်သွားတော့သည်။ လတ်တလော အတူတူ ဝိုင်းကြည့်စရာ အတင်းအဖျင်း သိပ်မရှိဘဲ ဖြစ်နေစဉ်၊ ယခုလို ရုတ်တရက်ကြီး ထသတ်ကြ၍ သူတို့အားလုံး အလွန်ပင် အရသာရှိရှိ စိတ်ဝင်တစား ကြည့်ရှုနေကြေ၏။

ဘာပဲဖြစ်ဖြစ် ကိုယ့်ကိစ္စမဟုတ်တာပဲကို…ဘေးကနေကြည့်ရတာ အရသာပဲ…

“ချွေးမ... ညည်းကြည့်ရတာ ဘယ်သူနိုင်မယ် ထင်လဲ”

အဘွားကြီးကျောက် လျှာတစ်ချက်သပ်ရင်း တိုးတိုးတိတ်တိတ် ရေရွတ်လိုက်သည်။

ချန်ချင်းယွီ: “ကျန်းရှင်းဖှပေါ့၊ ကျွန်မထင်တာတော့ ရှီရှောက်ဝေ က ကျန်းရှင်းဖှကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး”

“ဘာဖြစ်လို့လဲအေ”

“ရှီရှောက်ဝေ က ပိုပြီး ငယ်တယ်ဆိုပေမယ့်၊ သူက ပျင်းတဲ့အပြင် အလုပ်ကြမ်းလုပ်ဖူးတဲ့ ပုံစံမျိုးလည်း မဟုတ်တော့ အင်အား သိပ်မရှိဘူးလေ… ကျန်းရှင်းဖှကတော့ အလုပ်ရုံထဲမှာ လုပ်တာဆိုတော့ ဘာပဲဖြစ်ဖြစ် ကာယလုပ်အားခိုင်တယ်၊ အင်အားကြီးတဲ့လူက ပိုပြီး အသာစီးရတာပေါ့”

“အဲဒါလည်း ဟုတ်တာပဲ”

ထင်သည့်အတိုင်းပင် ရှီရှောက်ဝေ သည် ကျန်းရှင်းဖှ၏ ဖိသိပ်ခြင်းကို ခံလိုက်ရကာ မြေပြင်ပေါ်သို့ လဲကျသွားတော့၏။ ချန်ချင်းယွီ တိုးတိုးလေး ညည်းတွားလိုက်ကာ

“အစ်မကြီးဖန်ကော... သူမ ဘာလို့ ဒီတစ်ခါ ရှိမနေရတာလဲ… သူမသာ ရှိနေရင် ရှီရှောက်ဝေ က ဘယ်တော့မှ အရှုံးပေးရမှာ မဟုတ်ဘူး”

ထိုမိန်းမကြီးမှာ မိမိသားသမီးဆိုလျှင် အလွန်အမင်း အကာအကွယ်ပေးတတ်သူ မဟုတ်လော့။

လူအကြောင်းပြောလျှင် လူ့အရိပ် ပေါ်လာတတ်သည် ဆိုသလိုပင်…

စောစော၌ မရှိသေးသော အစ်မကြီးဖန်သည် ယခု ပြန်ရောက်လာသည်နှင့် ဤဇာတ်လမ်းကြီးကို မြင်တွေ့လိုက်ရကာ~~ အုန်းခနဲ အသံပြု၍ ပြေးဝင်သွားပြီး၊ ကျန်းရှင်းဖှ ကို တန်းလှဲချပစ်လိုက်၏။

“နင်လို ကောင်စုတ်၊ နင်က တကယ့်ကို လူယုတ်မာပဲ၊ ငါ့သားကို လာလုပ်ရဲသေးတယ်၊ ငါ နင်နဲ့ အသေသတ်ပစ်မယ်”

သူမသည် ကျန်းရှင်းဖှ၏ ကိုယ်ပေါ်သို့ ခွစီးလိုက်ပြီး၊ “ဖြန်း ဖြန်း” နှင့် ပါးရိုက်ချက် အကြီးစားကြီးများကို ဆက်တိုက် ကျွေးလိုက်ရာ ကျန်းရှင်းဖှ၏ ခေါင်းတစ်ခုလုံး မူးနောက်သွားရသည်။ ထို့နောက် သူ အားကုန်သုံး၍ တွန်းဖယ်လိုက်သဖြင့် အစ်မကြီးဖန်မြေပြင်ပေါ်သို့ လဲကျသွားရာ၊ ကျန်းရှင်းဖှ အပေါ်စီးမှ ချက်ချင်း လက်ဦးမှုယူ၍ “ဖြန်း ဖြန်း ဖြန်း...” နှင့် ပါးစပ်လှန်အောင် လိုက်ရိုက်လေ၏။

“ခင်များလို သေချင်းဆိုး မိန်းမကြီး၊ ငါ့ကိုတောင် လာရိုက်ရဲသေးတယ်၊ ခင်များကို ကောင်းကောင်း ဆုံးမရသေးတာပေါ့… ခင်များက ဘာကောင်မမို့လို့လဲ”

“နင်က ငါ့သားကို ရိုက်ရအောင် ဘာကောင်မို့လို့လဲ”

သူမသည် ကျန်းရှင်းဖှကို အားကုန်သုံး၍ ဖက်လှည့်လိုက်စဉ် မြေပြင်ပေါ်တွင် တလှိမ့်ခေါက်ကွေး ဖြစ်သွားကြပြီး၊ အပေါ်စီးသို့ ပြန်လည်ရောက်ရှိသွားကာ“ဖြန်း ဖြန်း ဖြန်း” နှင့် ပါးကို ထပ်မံ လွှဲရိုက်ပြန်သည်။

ယခုလေးတင် ကျန်းရှင်းဖှဘက်မှ အသာစီးရနေခဲ့သော်လည်း၊ ယခုအခါတွင် အစ်မကြီးဖန် ကြီးစိုးရာ ကွင်းပြင် ဖြစ်သွားခဲ့ရလေပြီ…

ရှီရှောက်ဝေ မှာမူ မြေပြင်ပေါ်တွင် နုံးခွေစွာ ထိုင်နေရင်း ဟောဟဲလိုက်ကာ အမောဖြေနေပြီး၊ မိမိ၏ အမေ မိမိအတွက်နှင့် ကျန်းရှင်းဖှကို လုံးထွေးသတ်ပုတ်နေသည်ကို ကြည့်နေ၏။

လူနှစ်ဦးစလုံးသည် နှာခေါင်းကို နှိုက်၊ နားရွက်ကို ဆွဲ၊ ပါးကို လွှဲရိုက်နှင့်... ဤတိုက်ကွက်များကို အလွန်ပင် ကျွမ်းကျင်ပိုင်နိုင်လှပေသည်။

ကျန်းရှင်းဖှသည် လက်သီးတစ်ချက်ဖြင့် အစ်မကြီးဖန်၏ မျက်နှာကို လှမ်းထိုးမည့် ဆံခြည်မျှင်ခန့်အလိုတွင်၊ အစ်မကြီးဖန်သည် သူ၏ လက်ကောက်ဝတ်ကို ချက်ချင်း ဖမ်းဆွဲလိုက်ကာ ဂွပ်ခနဲ အသံပြုရင်း လက်သီးကို ပါးစပ်ဖြင့် ငုံခဲ၍ အားကုန် ကိုက်ပစ်လိုက်၏။

ကျန်းရှင်းဖှ : “အား အား အား...”

ချန်ချင်းယွီ မြင်လိုက်ရသောအခါ မျက်ခုံးများအထိ တွန့်ချိုးသွားရပြီး၊ ဆွံ့အစွာဖြင့် အနောက်သို့ ခြေလှမ်းတစ်လှမ်း ဆုတ်လိုက်မိသည်။ သူတို့ ရန်ဖြစ်ကြသည်မှာ တကယ့်ကို... အတော်လေး ရွံစရာကောင်းလှ၏။

အဲ့လက်တွေက ခုနတင် နှာခေါင်းပေါက်ထဲအထိ နှိုက်ထားကြတာ မဟုတ်လား... ဒါကိုပဲ ပါးစပ်ထဲ ထပ်ငုံခဲလိုက်တယ်ပေါ့...

ချန်ချင်းယွီ အမှန်တကယ်ကို ပျို့အန်ချင်စိတ် ပေါက်သွားရသည်။

နင်တို့ ရန်ဖြစ်ရင်လည်း ဖြစ်ကြပေါ့၊ ဒါက ဘာတွေလုပ်နေကြတာလဲ…

ချန်ချင်းယွီခမျာ တကယ့်ကို ရွံစရာကောင်းလှသည်ဟု ခံစားရ၏။

အခြားလူများ... အခြားလူများလည်း ရွံရှာနေကြသည်မှာ အတူတူပင်။

သူတို့အားလုံး ဤခေတ်ကာလမှ လူများ ဖြစ်ကြသော်လည်း၊ ယခုခေတ်သည် ဆင်းရဲရုံသာ ဆင်းရဲခြင်းဖြစ်ပြီး တစ်ကိုယ်ရေသန့်ရှင်းမှု မရှိကြခြင်း မဟုတ်ပေ။ လူတိုင်း အလွန်တရာကို ဆွံ့အသွားကြရသည်။

တကယ့်ကို အပြောရခက်လောက်အောင် ဆွံ့အရတာပါပဲ…အစ်မကြီးဖန်ကတော့ တကယ့်ကို ရွံစရာကြီး…

ဩော်... ကျန်းရှင်းဖှကလည်း ညစ်ပတ်တဲ့ကောင်ပဲ…

အခင်းဖြစ်ပွားရာ နေရာတစ်ခုလုံး ပရမ်းပတာ ဆူညံနေကာ ပို၍ပင် စိတ်ပျက်ဖွယ် ကောင်းနေ၏။

ဒါတင်မကသေးဘူး... အစ်မကြီးဖန့် ပါးစပ်ကလည်း တကယ့်ကို ကြီးလွန်းလှချည်လား… လက်သီးတစ်ပြင်လုံးကို တန်းပြီး ငုံခဲနိုင်တယ်ပေါ့...

“ကောင်းလှချေရဲ့ ဖန်မျိုးနွယ်... ညည်းက ငါ့သားကိုတောင် လုပ်ရဲသေးတယ်...”

အဘွားကြီးဟွမ် ကွင်းထဲသို့ ဝင်ရောက်လာခဲ့လေပြီ… ဒီတနင်္ဂနွေနေ့မှာ တစ်ယောက်ချင်းစီ ဘယ်နေရာတွေ လျှောက်လည်နေကြမှန်း မသိဘဲ၊ အခုအချိန်ကြမှ ရန်သတ်ဖို့ ရောက်လာကုန်ကြပြီ…

“ကျွန်တော့်အမေကို မရိုက်နဲ့၊ ခင်ဗျားတို့ အရှက်မရှိတဲ့ လူနှစ်ယောက်...”

“နင်ကမှ တကယ့် အရှက်မရှိတဲ့ကောင်၊ ယောက်ျားဖာခေါင်း လုပ်ချင်သေးတယ်၊ ယွမ်မိသားစုရဲ့ အလုပ်အကိုင်ကို လိမ်ညာယူချင်နေတာ၊ ငါတို့ မသိဘူးများ အောက်မေ့နေလား”

“ဟုတ်တယ်၊ ငါကြည့်ရသလောက်တော့ မင်းက ယွမ်ဟောက်ရွှယ်ကို သဘောကျလို့ မဟုတ်ပါဘူး၊ မင်းက သူမရဲ့ အလုပ်အကိုင်ကို လိမ်ညာချင်လို့ပဲဥစ္စာ… ဟန်ဆောင်ထားတာတော့ တကယ့်ကို အဟုတ်ကြီးပဲ၊ တကယ်တမ်းကျတော့ ဒီနှစ်တွေအတွင်း ကျေးလက်ဆင်းသွားတုန်းက စာတစ်စောင်တောင် ပြန်မရေးခဲ့ဘဲနဲ့၊ အခုမှ သဘောကျတယ်လို့ ပြောရင် ဘယ်သူက ယုံမှာလဲ… မင်းက တကယ့်ကို အကြံသမားပဲ၊ အလုပ်အကိုင်ကိုပဲ မက်မောနေတာ၊ ဟောက်ရွှယ်ရေ... ညီမ လုံးဝ အလိမ်မခံရစေနဲ့နော်… ဒီလိုလူစားမျိုးက ညီမရဲ့ အလုပ်ကို ရသွားရင်လည်း ညီမအပေါ် ဘယ်တော့မှ စိတ်ရင်းရှိမှာ မဟုတ်ဘူး၊ ဒီလိုသာဓကတွေက မျက်စိရှေ့ ဒီမှာတင် ရှိနေတာပဲကို၊ ညီမ လုံးဝ အယုံမလွယ်နဲ့ဦး… ဒီလိုလူစားမျိုးဆိုရင်၊ ကမ္ဘာပေါ်မှာ ယောက်ျားတစ်ယောက်တည်းပဲ ကျန်တော့ရင်တောင်မှ လုံးဝ ယူလို့မရဘူး”

ကျန်းရှင်းဖှ တစာစာနှင့် အော်ဟစ်ဆဲဆိုနေ၏။

ချန်ချင်းယွီသည် ဘေးမှဝိုင်းကြည့်နေရင်း၊ ရှီရှောက်ဝေ ဘက်သို့ လှမ်းကြည့်လိုက်ရာ သူ၏ မျက်နှာတစ်ခုလုံး အိုးမည်းသုတ်ထားသကဲ့သို့ မည်းမှောင်နေလေပြီ…

သို့သော်လည်း ကျန်းရှင်းဖှ ပြောသည့်စကားများသည် မမှားပေ။

သူပြောသည်မှာ အမှားမဟုတ်သော်လည်း၊ ဘေးနားမှ ကြားညှပ်ပြီး အထိနာသွားသောသူမှာ မကျေမနပ် ဖြစ်သွားရသည်။ ထိုလူမှာ လင်စန်းရှင်း ဖြစ်ပေ၏။

လင်စန်းရှင်း : “နင်တို့ ပြောနေတဲ့ ရှေ့က သာဓကဆိုတာ ဘာကို ဆိုလိုတာလဲ၊ ဘာသဘောလဲ… ငါ နင်တို့ကို ဘာသွားစော်ကားမိလို့လဲ၊ ဒီကလေးက ဘယ်လိုဖြစ်နေတာလဲ၊ အသက်ကလည်း ကြီးလှပြီ၊ အသက်သုံးဆယ်ကျော်နေပြီဟာကို နည်းနည်းလေးမှ လူမဆန်ဘူး၊ တကယ့်ကို ဘာမှန်းမသိဘူး”

ဖြန်း...

အဘွားကြီးဟွမ်သည် ခြေလှမ်းကျဲကြီးဖြင့် ရှေ့သို့ အပြေး တိုးဝင်သွားပြီး၊ ပါးကို တန်းပြီး လွှဲရိုက်ပစ်လိုက်တော့သည်...

“နင်က ငါ့သားကို ဘာပြောတာလဲ၊ ငါ့သားက နင့်နာမည်ကို ဟလို့လား… တကယ်ပါပဲ... ပစ္စည်းကောက်ရတာပဲ မြင်ဖူးတယ်၊ အဆဲခံရဖို့ လာလုတာတော့ အခုမှပဲ မြင်ဖူးတော့တယ်… နင်ကများ ငါ့သားကို ပြောရဲသေးတယ်... ငါ နင့်ကို ဆုံးမရသေးတာပဲ”

“နင် ရူးနေလား… ငါ့ကို ဘာလို့ လာရိုက်တာလဲ”

“နင် မပြောရင် နင့်ကို ရိုက်ပါ့မလား”

“အား အား အား...”

ပြဿနာဖြစ်ပွားရာ နေရာတစ်ခုလုံး ပိုမိုရှုပ်ထွေးဆူညံလာသည်ကို မြင်တွေ့ရသဖြင့်၊ ချန်ချင်းယွီ စိတ်ထဲမှ သက်ပြင်းချမိတော့သည်~~

‘သေချာပေါက် ငါတို့ရဲ့ အိမ်ဝင်းကြီးပဲ၊ လူတိုင်းက ဝင်ပါပြီး ရန်သတ်ချင်နေကြတာပဲ။ ကိစ္စအသေးအဖွဲလေး ရှိရုံနဲ့တင်၊ စကားတစ်ခွန်း မသင့်တာနဲ့ အားလုံးစုပြီး အုပ်စုလိုက် ရန်ပွဲကြီးအဖြစ် ပြောင်းလဲသွားနိုင်တာပဲ… မိသားစု တစ်စုချင်းစီတိုင်းက တစ်ဦးနဲ့တစ်ဦး အဆင်မပြေဖြစ်နေကြသလိုပဲ’

ဒါကလည်း တကယ့်ကို ထူးဆန်းလွန်းလှချည်ရဲ့…

ချန်ချင်းယွီ : “ဒါတွေက ဘာကိစ္စတွေပါလိမ့်”

“ဒါတွေအကုန်လုံးက နင့်ကြောင့် စတာ မဟုတ်ဘူးလား...”

ကွမ်ထင်းထင်း ချန်ချင်းယွီ ကို မျက်စောင်းထိုးရင်း ပြောလိုက်၏။

အဘွားကြီးကျောက်သည်လည်း အလွန် ရန်လိုတတ်သူပီပီ၊ ရှေ့သို့ တိုးဝင်သွားပြီး ပါးကို အားရပါးရ လွှဲရိုက်ပစ်လိုက်တော့သည်...

“နင်က ငါ့ကို သေနေတယ်လို့ အောက်မေ့နေလား… ငါ့မျက်စိရှေ့တင် ငါ့ချွေးမကို လာပြီး စွပ်စွဲရဲသေးတယ်... နင်ကိုယ်တိုင်က ဘယ်လိုအောက်တန်းစားလဲဆိုတာ ပြန်မကြည့်ဘူး၊ ဘာလဲ... ငါလို အဘွားကြီးက ဓားမကိုင်နိုင်တော့ဘူး ထင်နေတာလား၊ ဗြောင်တင်းတင်း လာပြီး အောက်တန်းကျရဲသေးတယ်...”

“အား အား... သောက်အဘွားကြီးအရူးမကြီး...”

“နင်လို အောက်တန်းစားမလေး...”

အဘွားကြီးကျောက်သည် ဆံပင်ကို ဆွဲကိုင်လိုက်ပြီး၊ “ဖြန်း ဖြန်း ဖြန်း” နှင့် ပါးကို ဆက်တိုက် ထပ်မံ လွှဲရိုက်ပြန်၏။

ချန်ချင်းယွီ: “...”

အမှန်အတိုင်း ပြောရလျှင်၊ သူတို့ အိမ်ဝင်းကြီးသည် ဟောင်ကောင်ဒရမ်မာ ဇာတ်လမ်းတွဲများအတိုင်းပင်… စကားတစ်ခွန်း မသင့်သည်နှင့် ပါးကို ချက်ချင်း လွှဲရိုက်တတ်သည့် ထူးခြားချက် ရှိလှပေသည်၊ ပါးရိုက်သံများမှာ “ဖြန်း ဖြန်း” နှင့် တကယ့်ကို ဆူညံနေလေ၏။

ဒါပေမဲ့လည်း... သူမကိုယ်တိုင်လည်း ဝင်ပြီး ရိုက်ချင်သေးတာပေါ့…

အီးဟီး... ယောက္ခမကြီးက အရင်ဦးအောင် လုပြီး ရိုက်သွားခဲ့ပြီ...

အဘွားကြီးကျောက်သည် ကွမ်

ထင်းထင်း၏ ဆံပင်ကို ဆွဲကိုင်ထားရင်း

“နင်က အရင်နှစ်တွေတုန်းကလို ထင်နေတုန်းလား… အရင်နှစ်တွေတုန်းကတော့ နင်တို့လို မြောင်းထဲက ကြွက်တွေက တစ်ယောက်ချင်းစီ ဝင့်ကြွားနေခဲ့ကြတာပေါ့၊ အဲဒါက မူဝါဒအမှားကြောင့်လေ၊ ဒါပေမဲ့ အခုတော့ မတူတော့ဘူးဟဲ့… အခုဆိုရင် နင်တို့လို ခွေးကောင်တွေကို ဘယ်သူမှ မကြောက်တော့ဘူး… နင်ကိုယ်တိုင်က ဘာကောင်မလဲဆိုတာ ပြန်ကြည့်ဦး၊ နင့်ရဲ့ ခဲအိုကြီး ရှိနေတုန်းပဲ အောက်မေ့နေလား… နင်က ဘယ်သူ့ကို လာပြီး မာနထောင်နေတာလဲ… ငါ နင့်ကို ပြောလိုက်မယ်၊ ငါ့အိမ်က အခြားလူတွေ သဘောရှိ လာရောက်ရန်စလို့ရတဲ့ အိမ်မျိုး မဟုတ်ဘူး”

“လွှတ်... ရှင် လွှတ်စမ်း...”

“လွှတ်စရာလားဟဲ့”

အဘွားကြီးကျောက် : “ဘာဖြစ်လဲ... ငါတို့အိမ်က လမ်းဘေးဈေးရောင်းလို့ ပိုက်ဆံရတာကို မနာလိုဖြစ်နေတာ မဟုတ်လား… ပုံမှန်ဆိုရင် နှာခေါင်းကို အပေါ်ပင့်ပြီး လူတွေကို အထင်သေးတတ်တဲ့လူက၊ ငါ့အိမ်အထိတောင် လာရဲသေးတယ်။ နင်ကများ ငါတို့က နင့်ကို မျက်နှာသာပေးမယ် ထင်နေလား၊ နင်က ဘာကောင်မမို့လို့လဲ”

ဆက်လက် ဆဲဆိုရင်း

“ငါကြည့်ရသလောက်တော့ နင်က အခွင့်အရေးယူ လာအမြတ်ထုတ်ချင်တာပဲ၊ ရုပ်ရည်ကတော့ သပ်သပ်ရပ်ရပ်နဲ့၊ စိတ်ဓာတ်ကတော့ အလိုလောဘ ကြီးနေတယ်”

အဘွားကြီးကျောက်သည် ကွမ်

ထင်းထင်း၏ ဆံပင်ကို လုံးဝ လက်မလွှတ်ဘဲ ဆွဲထားပြီး၊ ကြားထဲတွင် အရှုပ်ထုပ် ပြဿနာအသစ်များစွာ ကြားညှပ်ပေါ်ပေါက်လာခဲ့သော်လည်း၊ အရာအားလုံးမှာ မူလအစ ပြဿနာနေရာသို့ပင် ပြန်လည်ရောက်ရှိသွားသယောင် ရှိနေ၏။

အဘွားကြီးကျောက် ဘာကိုမျှ ဂရုစိုက်မနေချေ။ မည်သို့ပင်ဖြစ်စေ မိမိတို့ လမ်းဘေးဈေးသည်ထွက်လုပ်၍ ပိုက်ဆံရနေသဖြင့် တစ်ယောက်ယောက်မှာ ကြားထဲမှနှိုက်စားချင်၍ ထွက်လာကြမည်ကို သူမ ကောင်းကောင်းသိသည်။ သူမသည် ထိုကဲ့သို့သောလူမျိုးကို လုံးဝ ခေါင်းထောင်ခွင့်ပေးမည်

မဟုတ်ပေ၊ တစ်ယောက်လာလျှင် တစ်ယောက် နှိမ်နင်းမည်၊ နှစ်ယောက်လာလျှင် နှစ်ယောက်စလုံးကို နှိမ်နင်းပစ်မည်သာ…

ငါ ကျောက်တာ့ရာက အနိုင်ကျင့်ရလွယ်တဲ့သူ မဟုတ်ဘူး…

ကွမ်ထင်းထင်း : "ရှင် လျှောက်ပြောနေတာ၊ ကျွန်မမှာ အလုပ်ရှိတယ်၊ ဘယ်သူက ရှင်တို့အိမ်ကို မျက်စိကျနေမှာလဲ… လမ်းဘေးဈေးသည် အသေးအဖွဲလေး လုပ်ရတာကို ဘာတွေ ဂုဏ်ဆာနေတာလဲ"

အဘွားကြီးကျောက် : "ဟဲဟဲ... ဟာသပဲ… ညည်းက မျက်စိမကျဘူးဆိုရင် ငါ့အိမ်ကို ဘာလာလုပ်တာလဲ၊ ဝင်းတစ်ခုတည်းမှာ နေလာတာ ဒီလောက်နှစ်တွေအကြာကြီး ရှိပြီ၊ ငါတို့နှစ်အိမ်က ဘာအဆက်အသွယ်မှ မရှိခဲ့ဘူး၊ အခု ငါ့အိမ်က ဈေးသည်ထွက်လုပ်လို့ ဝင်ငွေလေး နည်းနည်းရှိလာတော့မှ ညည်းက ရုတ်တရက်ကြီး တံခါးဝအထိ ရောက်လာတယ်… ညည်းမှာ တစ်ခုခု ကြံစည်ထားတယ်ဆိုတာကို မသိရအောင် ဘယ်သူက အရူးမို့လို့လဲ"

ဤစကားကြောင့် ဘေးနားရှိ လူများလည်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်ကြကာ အလွန်ပင် ယုတ္တိရှိသည်ဟု ခံစားကြရ၏။

"ဒီကျောက်ရုံတို့အိမ်က ချွေးမက ဝင်းထဲမှာ တစ်နေ့တစ်နေ့ နှာခေါင်းကြီး ကောင်းကင်ပေါ်ထောင်ပြီး ဒါကိုလည်း အထင်သေး၊ ဟိုဟာကိုလည်း အထင်သေးနဲ့ ဘယ်သူနဲ့မှ အဆက်အသွယ် မရှိခဲ့တာ… အခု အကြောင်းရင်းမရှိဘဲ တံခါးဝအထိ ရောက်လာတာကတော့၊ ငါသာဆိုရင်လည်း ဘာမှမကြံစည်ထားဘူးဆိုတာကို မယုံဘူး"

"ငါ့အမြင်တော့ ကွမ်ထင်းထင်းက အပေါ်ယံပဲ ဟန်ဆောင်အထက်တန်းလွှာ လုပ်နေတာ၊ သူ့ကိုယ်သူ တကယ်ပဲ လူကောင်းကြီးလို့ ထင်နေတာလား… မင်းတို့ မေ့မသွားနဲ့ဦးလေ၊ သူ့ခဲအိုက ဘာလုပ်တာလဲ… သူများရဲ့ ပစ္စည်းကောင်းတွေကို မက်မောလို့ လူတွေကို ဗြောင်ကျကျ စွပ်စွဲပြီး အသက်ပျောက်အောင်လုပ် ပိုင်ဆိုင်မှုတွေကို လုယူခဲ့တဲ့သူပဲ"

"ဒါကတော့ တကယ်ပဲ... ဒါတွေက မိသားစုတစ်ခုတည်း ဖြစ်နေတာဆိုတော့ နည်းနည်းပါးပါးတောင် မသင်ယူမိဘဲ နေမလား… တော်သေးတာက အခု မူဝါဒတွေ ပြောင်းလဲသွားလို့ပေါ့၊ မဟုတ်ရင် ဒီလိုလူစားမျိုးက ဘယ်အချိန်မှာ ငါတို့ကို လာပြီး ကြံစည်မလဲ မသိနိုင်ဘူး"

"မပြောနဲ့တော့လေ"

"ဒီမုန်တိုင်းကြီး ပြီးသွားတာ ဘယ်လောက်မှ မကြာသေးဘူး၊ ငါတို့ မေ့ပစ်လို့ မဖြစ်ဘူး"

"ဟေး... ငါကြားတာကတော့လေ၊ အဲဒီ တော်လှန်ရေးကော်မတီက လူတွေက သူများအိမ်တွေကို လိုက်ပြီး သိမ်းဆည်းတုန်းက ပစ္စည်းကောင်း အတော်များများကို ခိုးဝှက်သိမ်းဆည်းထားနိုင်ကြတယ်တဲ့။ မမြင်ဘူးလား... ငါတို့တွေကတော့ ရိုးရိုးသားသားနဲ့ ပိုက်ဆံရှာနေရလို့ ဘဝတွေကို ကျပ်ကျပ်တည်းတည်း ဖြတ်သန်းနေရပေမဲ့၊ သူတို့အုပ်စုကျတော့ အကြောင်းရင်းမရှိဘဲ အခြေအနေတွေ ကောင်းမွန်နေကြတာ… အဲဒါတွေအကုန်လုံးက ပစ္စည်းတွေကို ဝှက်ထားပြီး မှောင်ခိုဈေးကွက်မှာ သွားထုတ်ပြီး ပိုက်ဆံနဲ့ လဲထားကြတာပဲ"

"အာ... ဒီလိုကိစ္စမျိုးလည်း ရှိသေးတာလား"

"ဒါပေါ့... ငါ့ဦးလေးကြီးရဲ့ ယောက်ဖရဲ့ ချွေးမရဲ့ ညီအစ်ကို တော်စပ်တဲ့သူရဲ့အိမ်က ကိုယ်တိုင်မြင်ခဲ့တာတဲ့။ အိမ်နီးနားချင်းတစ်ယောက် အိမ်အသိမ်းခံရတုန်းက သူတို့တွေ အကုန်လုံး အထင်အရှား မြင်ခဲ့ကြတာ၊ အဲဒီလူတွေက တစ်ယောက်ချင်းစီ သူတို့အိတ်ထဲကို တိတ်တဆိတ် ထည့်နေကြတာတဲ့… ကွမ်ထင်းထင်းရဲ့ ခဲအိုက ဒုတိယဥက္ကဋ္ဌပဲဟာ၊ သူဆိုရင် ပိုပြီးတော့တောင် ရမှာပေါ့၊ သူ့ကိုကော မကြည့်ရှုဘဲ နေပါ့မလား"

"ဟုတ်တာပေါ့၊ ဟုတ်တာပေါ့"

လူတိုင်း တစ်ယောက်တစ်ပေါက် ဝေဖန်ပြောဆိုကြပြီး "ထိုလူများ" အပေါ် တကယ်ပင် နာကျည်းမုန်းတီးနေကြသည်။

ဘာပဲပြောပြော ထိုနှစ်များအတွင်း လူတိုင်း အတော်လေး ခံစားခဲ့ကြရသဖြင့် ထိုလူမျိုးများကို မည်သူမဆို မမုန်းဘဲမနေနိုင်ပေ။

ကွမ်ထင်းထင်းသည် ဒေါသထွက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းလာပြီး အော်ဟစ်ဆဲဆိုတော့၏။

"ရှင်တို့ လျှောက်ပြောနေတာ၊ သူတို့တွေ တိတ်တဆိတ် ပစ္စည်းဝှက်တာကော ငါနဲ့ဘာဆိုင်လို့လဲ… ငါ့ခဲအိုက ငါ့ခဲအိုပဲ၊ ငါက ငါပဲလေ… ရှငမတို့မှာ ပိုက်ဆံရှိရင်ကော မယားညီမကို ပေးမှာမို့လို့လား…ရှင်တို့ လျှောက်ပြောနေတာ"

"ဒါပေမဲ့ သူရှိနေတုန်းကလည်း နင်တို့တွေ အမြတ်ထုတ်ခဲ့ကြတာပဲလေ… ဘာတွေ လာဟန်ဆောင်နေတာလဲ၊ ရှေးဟောင်းပစ္စည်းနဲ့ ပန်းချီစာမူတွေ မရှိဘူးဆိုရင်တောင်၊ အလုပ်အကိုင်ရအောင်တော့ ကူညီပေးခဲ့တယ် မဟုတ်လား… စားသောက်စရာတွေကိုလည်း နည်းနည်းပါးပါး ပေးခဲ့မှာပဲလေ၊ မဟုတ်ရင် နင်တို့အိမ်က ဘာဖြစ်လို့ စက်ဘီးကော၊ ရေဒီယိုကော၊ ဒါကော ဟိုဟာကော ရှိနေရတာလဲ၊ ဘယ်သူမှ မမြင်ဘူး ထင်နေလား"

အဘွားကြီးကျောက် လုံးဝ အားမနာတမ်း ပက်ပက်စက်စက် ပြောလိုက်သည်။

"ရှင် လျှောက်ပြောနေတာ..."

ကွမ်ထင်းထင်းသည် ဤတစ်ကြိမ်တွင် စိတ်ထဲမှ တုန်လှုပ်ခြောက်ခြားသွားခဲ့ရ၏။ သူမသည် တကယ်တမ်း ဖြူစင်သန့်ရှင်းနေသူ မဟုတ်ပေ။

ထိုနှစ်များအတွင်း သူမလည်း အမြတ်အစွန်းများစွာ ရယူခဲ့ဖူးသည်။

သူမကိုယ်တိုင်လည်း နှိုက်စားခဲ့သလို၊ သူမယောကျာ်းလည်း နှိုက်စားခဲ့ရာ၊ လူနှစ်ယောက်စလုံးတိုင်ပင်ကိုက်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်၏။

"ကျွန်မ ရှင်နဲ့ စကားမပြောချင်ဘူး၊ ရှင်နဲ့ ပြောလို့လည်း မထူးဘူး၊ ဘာပဲဖြစ်ဖြစ် အဲဒီလိုကိစ္စမျိုး မရှိဘူး"

"ဟဲဟဲဟဲ... ဘယ်သူ့ကို လာလိမ်နေတာလဲ"

"ဟုတ်ပ"

အဘွားကြီးကျောက်ရှိရာဘက်တွင် ဆူညံပွက်လောရိုက်နေသကဲ့သို့၊ အဘွားကြီးဟွမ်၊ အစ်မကြီးဖန်၊ကျန်းရှင်းဖှနှင့် ရှီရှောင်ဝေတို့သည်လည်း စစ်တလင်းထဲတွင် ရှိနေဆဲ ဖြစ်သည်။ အချုပ်အားဖြင့်ဆိုရသော် တစ်ကမ္ဘာလုံး ရှုပ်ထွေးဆူညံနေပြီး ‘နင်ကလည်း နင့်အလုပ်နင်လုပ်၊ ငါကလည်း ငါ့အလုပ်ငါလုပ်နှင့်’ အပြန်အလှန် ဘိုးဘွားဘီဘင် ဆယ့်ရှစ်ဆက်တိုင်အောင် ဆဲဆိုနေကြ၏။ လူတိုင်း အတွေ့အကြုံရှိပြီးသားဖြစ်၍သာ တော်တော့သည်။ မဟုတ်ပါက ဤကဲ့သို့သော အခြေအနေမျိုး၌ သတ္တိနည်းသူ အချို့ဆိုလျှင် လန့်ဖျန့်သွားကြလောက်၏။

ပိုင်ဖုန်းရှန်း မိမိယောကျာ်းကို တွန်းဆွကာ မေးလိုက်သည်။

"ရှင် မတားဘူးလား"

မာကျန့်ယီ : "ငါက ဘာသွားတားရမှာလဲ၊ ရိုက်ကြပါစေ၊ ရိုက်ကြပါစေ၊ ရိုက်လို့မောသွားရင် သူတို့ဘာသာသူတို့ ငြိမ်သွားလိမ့်မယ်"

ပိုင်ဖုန်းရှန်း : "..."

ဤနှစ်အနည်းငယ် ကုန်လွန်သွားပြီးနောက်၊ သူမ၏ ယောကျာ်းကြီးသည် ဝင်းထဲရှိ ကိစ္စရပ်များကို ပို၍ပင် ဝင်ရောက်မရှင်းလင်းချင်တော့ပေ။ ယခင်ဆိုလျှင် ဟန်ဆောင်ပန်ဆောင်ဖြစ်စေ၊ ကြားဝင်ဖြန်ဖြေပေးပြီး အပေါ်ယံ အဆင်ပြေအောင် လုပ်ပေးခဲ့သေး၏။ ယခုမူ တမင်တကာ ဟန်ဆောင်ပြီး မမြင်ချင်ယောင် ဆောင်နေတော့သည်။ သို့သော်လည်း ဤအရာမှာ အဆန်းမဟုတ်ချေ။ အချိန်ကာလ ရွေ့လျားလာသည်နှင့်အမျှ ယခုအခါ လူတိုင်းလည်း ကောင်းကောင်း နားလည်လာကြပြီ ဖြစ်ရာ~~ တကယ်တမ်း ဤဝင်းကြီး၏ တာဝန်ခံဆိုသည်မှာလည်း ဘာမှ အရေးပါအရာရောက်သည့် ခေါင်းဆောင်မျိုး မဟုတ်ပေ။ လူတိုင်းအတွက် ဘာအခွင့်အရေးမျှ ရှာဖွေပေးနိုင်စွမ်းလည်း မရှိပေ။

စကားပြောရသည့် အရှိန်အဝါလည်း တကယ်ကို မကြီးမားတော့ပေ။

နောက်တစ်ချက်မှာ ကျေးလက်ဆင်းသွားခဲ့သော ပညာတတ်လူငယ်များ မြို့ပြသို့ ပြန်လာကြခြင်းပင်။ မူလ၌ပင် ထိုလူငယ်များသည် ကျေးလက်တွင် ဒုက္ခများစွာ ခံစားခဲ့ကြရသော်လည်း၊ ယခု ပြန်ရောက်လာသည့်အခါတွင် အထူးခံစားခွင့်များ မရရှိသည့်အပြင် အလုပ်အကိုင်ပင် ရှာမပေးနိုင်ကြပေ။ ထို့အပြင် မိသားစုအတွင်းသို့ ပြန်လည်ဝင်ဆံ့ရန်လည်း မလွယ်ကူသဖြင့်၊ ရင်ထဲတွင် ဒေါသအိုးကြီး ပေါက်ကွဲလုမတတ် ဖြစ်နေကြကာ မည်သူ့ကိုမျှ အဖတ်လုပ်ချင်စိတ် မရှိကြပေ။

ဝင်းတာဝန်ခံ နေနေသာသာ၊ ရပ်ကွက်ရုံးရှိ စာရေးများကိုပင်လျှင် မျက်နှာကောင်း မပြကြပေ။

သူတို့အတွက် အလုပ်အကိုင်လည်း စီစဉ်မပေးနိုင်ဘဲနဲ့ ဘယ်သူက လာပြီး ရိုသေဦးညွတ်နေမှာလဲ…

တစ်လောကလုံး ဤကဲ့သို့သော ပတ်ဝန်းကျင်အခြေအနေ ဖြစ်နေသဖြင့် ဝင်းကြီးကို အုပ်ချုပ်ရသူမှာ ပို၍ပင် အဆင်မပြေဖြစ်ရသည်။

သူတို့ဝင်းတွင် ကျေးလက်ဆင်းသွားသည့် ပညာတတ်လူငယ် နည်းပါးသလို၊ မြို့ပြန်လာသူလည်း နည်းသဖြင့် ပြဿနာ သိပ်မများလှသော်လည်း မာကျန့်ယီမှာ အခြေအနေကို ကြည့်တတ်၏။ အခြားမပြောနှင့်၊ ဘေးဝင်းထဲမှ တာဝန်ခံဆိုလျှင် မြို့ပြန်လာသည့် ပညာတတ်လူငယ်တစ်ယောက်၏ ထိုးကြိတ်ခြင်းကို ခံလိုက်ရသေးသည်။

အဲ... အရိုက်ခံရတာလည်း အလကားပါပဲ… ဘယ်သူမှ လာမလျော်ပေးဘူး..

မာကျန့်ယီ ထိုအရာကို သင်ခန်းစာ ယူထားခြင်း ဖြစ်သည်။

ဆူညံချင်သလောက် ဆူညံကြပါစေ၊ သူ ဝင်မပါရင် ပြီးတာပဲ မဟုတ်လား…အလွန်ဆုံးရှိလှ သူ့ရာထူးကို ဖြုတ်ပစ်ရုံပေါ့၊ သူကတော့ ပိုတောင် လိုလားသေးတယ်…

မည်သို့ပင်ဖြစ်စေ လူတိုင်း မည်မျှပင် ဆူညံသောင်းကျန်းနေပါစေ၊ မာကျန့်ယီသည်ကား ဘေးမှ ကြည့်ရုံသာ ကြည့်ပြီး မလိုအပ်ဘဲ ဘာမှ ဝင်မစွက်ဖက်ပေ။

ပြောရမည်ဆိုလျှင် မာကျန့်ယီသည် လူတိုင်းအပေါ် နားလည်၏။ ထင်သည့်အတိုင်းပင် ခေတ္တမျှ ဆူညံသောင်းကျန်းပြီးနောက် လူတိုင်း ရိုက်ရနှက်ရတာ မောသွားကြသဖြင့် တိုက်ခိုက်နိုင်စွမ်း အရှိန်အဟုန်မှာ သိသိသာသာ ကျဆင်းသွားတော့သည်။

သို့သော်လည်း မောသွားကြသည်ဆိုစေဦး~~ အဘွားကြီးဟွမ်နှင့် အစ်မကြီးဖန်တို့သည် တစ်ယောက်ကိုတစ်ယောက် လက်ညှိုးငေါက်ငေါက်ထိုးကာ အော်ဟစ်ဆဲဆိုနေကြဆဲ ဖြစ်၏။ သူတို့အိမ်မှ သားနှစ်ယောက်ဖြစ်သည့် ကျန်းရှင်းဖှနှင့် ရှီရှောင်ဝေတို့မှာမူ… မိမိတို့အမေများ၏ နောက်ကွယ်တွင် ကိုယ်စီ ပုန်းအောင်းနေကြပြီး ဘာမှ ရှေ့ထွက်မလုပ်ရဲကြပေ။

တောက်... တောက်... တောက်...

ဒီလို အသုံးမကျတဲ့ ယောကျာ်းတွေ…

တစ်ဖက်တွင်လည်း ကျောက်ရုံသည် စကားကောင်းပြောကာ အဘွားကြီးကျောက်ကို ချော့မော့နေ၏။

"အစ်မကြီးကျောက်ရေ... ကျွန်မရဲ့ ချွေးမက အသိတရားမရှိတာကို ကျွန်မ သိပါတယ်… အစ်မကြီးအနေနဲ့ ကျွန်မ မျက်နှာကို ထောက်ထားပြီး သူ့ကို အရေးမလုပ်ပါနဲ့တော့၊ ဒီလူငယ်တွေက ဘာအတွေ့အကြုံမှ မရှိသေးတော့ ကိုယ့်ဟာကိုယ် အဟုတ်ကြီး ထင်နေကြတာ၊ အသိတရားလည်း မရှိကြဘူး… ကျွန်မ အိမ်ပြန်ရောက်ရင် သူ့ကို သေချာ ဆုံးမလိုက်ပါ့မယ်၊ စိတ်ချပါ... နောင်ကျရင် ဒီလိုကိစ္စမျိုး ဘယ်တော့မှ မရှိစေရပါဘူး၊ ဒီတစ်ကြိမ်... ဒီတစ်ကြိမ်ပဲ အစ်မကြီးက အလျှော့ပေးလိုက်ပါနော်… မဟုတ်ရင် ကျွန်မတို့ ဝင်းကြီးက ဒီလောက်အထိ ဆူညံနေတာကို တခြားသူတွေက ဘေးကနေ ဟာသလုပ်ပြီး ကြည့်နေကြလိမ့်မယ်… ကျွန်မတို့အတွက် တကယ် မတန်ပါဘူးရှင်"

အဘွားကြီးကျောက် "ဟွန်း..." ခနဲ နှာခေါင်းရှုံ့သည်။

ကျောက်ရုံ : "ဒီနှစ်တွေထဲ ကျွန်မတို့အိမ်မှာလည်း ကိစ္စတွေ အများကြီးရှိတော့ ဖိအားတွေက ကြီးမားလှပါတယ်၊ ဒါ့အပြင် ရှောင်ချွေကလည်း ပြန်လာတော့မှာဆိုတော့ အိမ်တွင်းလေထုက သိပ်မကောင်းဘူး… တစ်ယောက်ချင်းစီ စိတ်အလိုမကျ ဖြစ်နေကြတာနဲ့ အစ်မကြီးကို ဒုက္ခပေးမိသွားတယ်၊ တကယ်ပဲ တောင်းပန်ပါတယ်ရှင်… ဒါပေမဲ့ တကယ်ပဲ ဒီတစ်ကြိမ်ပဲ ရှိမှာပါ၊ ကျွန်မကို ယုံကြည်ပြီး ကျွန်မ မျက်နှာကို ထောက်ထားပေးပါဦး"

ကျောက်ရုံ ကောင်းကောင်းသိသည်မှာ၊ အဘွားကြီးကျောက်ကဲ့သို့သော လူစားမျိုးကို မျက်ရည်ခံကန်ကာ ငိုယိုပြခြင်း သို့မဟုတ် ခေါင်းမော့ပြီး ဗြောင်ခံငြင်းခြင်းမျိုး လုပ်လျှင် ပြီးလိမ့်မည်မဟုတ်ချေ။

ထိုသို့ဆိုလျှင် တကယ်ပင် ပြီးဆုံးတော့မည် မဟုတ်ပေ။

သူမသည် ထိုကဲ့သို့သော အကွက်များကို သုံးမရကာ ပျော့ပြပြ၊ မာပြပြ မည်သို့မျှ မရနိုင်သူတည်း။

သို့သော် အကယ်၍ စကားကို သေချာ ကောင်းကောင်းမွန်မွန်ပြောပြီး၊ အလျော့ပေးကာ တိုက်ရိုက် အပြစ်ဝန်ခံလိုက်လျှင်မူ ကိစ္စရပ်များကို ဖြေရှင်းနိုင်စမြဲ ဖြစ်၏။

ဆိုလိုသည်မှာ အချော့ကြိုက်ပြီး အမှားဝန်ခံလျှင် ပြီးသွားမည်သာ…

ထင်သည့်အတိုင်းပင်၊ အဘွားကြီးကျောက်၏ သဘောထားမှာ ပျော့ပြောင်းသွားခဲ့သည်။

"ရပါတယ်လေ၊ ငါလည်း ညည်း မျက်နှာကို ထောက်ထားလို့ပါ.. ကျောက်ရုံရေ... ညည်းရဲ့ ချွေးမကတော့လေ... ကျွစ်…ကျွစ်…နောင်ကျရင် ညည်း ဒုက္ခရောက်ဖို့ပဲ ရှိတယ်၊ ကိုယ့်အတွက် ကိုယ်ပိုင်ပိုက်ဆံလေးတွေ ပိုပြီး ဖွက်ထားဦးတော့"

အဘွားကြီးကျောက်သည် ကွမ်ထင်းထင်းကို အထင်သေးလှ၏။ သူတို့ကြားထဲ အဆက်အသွယ် သိပ်မရှိသော်လည်း၊ ချန်ချင်းယွီတွင် အတင်းအဖျင်းများ ရှိလာတိုင်း သူမနှင့် အမြဲတမ်း ဖလှယ်လေ့ရှိသဖြင့်၊ ဤမိန်းမသည် မည်သို့သောသူမျိုး ဖြစ်ကြောင်း သူမ အသေအချာ သိနေခြင်း ဖြစ်သည်။ မိမိကို ကူညီပံ့ပိုးပေးခဲ့သည့် အစ်မအရင်းကိုပင်ကောက်ကျစ်စွာ ကြံစည်ဝံ့သည့်သူ ဖြစ်ရာ၊ ယောက္ခမကိုဆိုလျှင်မူ ပြောနေစရာပင် လိုမည်မဟုတ်ပေ။

ယွမ်ဟောက်ဖုန်းသည်လည်း ငှက်ကောင်းတစ်ကောင် မဟုတ်သလို၊ သူမသည်လည်း ထိုနည်းတူပင် ဖြစ်၏။

ဒါကတော့ တကယ့်ကို အိုးပဲ့နဲ့ စလောင်းပဲ့ တန်ရာတန်ရာ ဆုံကြတာပဲ၊ အမှိုက်ကောင်တွေ ချည်းပါပဲ…

အဘွားကြီးကျောက် ကွမ်ထင်းထင်းကို စိုက်ကြည့်ကာ

"ငါက ညည်းရဲ့ ယောက္ခမ မျက်နှာကို ထောက်ထားလို့ပေါ့"

ကျောက်ရုံ ပြုံးပြလိုက်သည်။

ကွမ်ထင်းထင်း တစ်ခုခု ပြောချင်နေသော်လည်း ယွမ်ဟောက်ဖုန်း၏ ဆွဲဆိတ်ခြင်းကို ခံလိုက်ရသဖြင့်၊ ကွမ်ထင်းထင်းသည် ခေါင်းကို ငုံ့ထားလျက် ရင်ထဲတွင် မချိတင်ကဲ ဖြစ်နေရှာ၏။ သို့သော် ကျောက်ရုံမှာ ပြတ်သားစွာဖြင့်

"ကဲပါ... အိမ်မြန်မြန် ပြန်ကြရအောင်… ဟောက်ရွှယ်... ညည်း လင်းလင်းနဲ့အတူ အပြင်ထွက်စားချေတော့၊ မြန်မြန် သွားကြတော့"

ယွမ်ဟောက်ရွှယ် : "ဟုတ်ကဲ့"

သူမသည် လီလင်းလင်းကို မြဲမြံစွာ ဆွဲကိုင်ထားလျက်

"ငါတို့ ဒီနှစ်တွေထဲ အဆက်အသွယ် နည်းခဲ့ပေမဲ့၊ ငါကတော့ နင့်ကို ညီမလေးကောင်းတစ်ယောက်လို အမြဲသဘောထားခဲ့တာပါ၊ လာပါ... ဒီလို အခွင့်အရေးမျိုး ရခဲပါတယ်… နေ့ရွေးနေတာထက် အခုပဲ သွားကြရအောင်၊ အတူတူ အပြင်ထွက်ပြီး ထမင်းစားကြမယ်… ငါ ကျွေးပါ့မယ်"

လီလင်းလင်း : "ဒါက..."

"လာပါဟယ်၊ နင်က ငါ့ကို အထင်သေးလို့ ငါ့အပေါ် စိတ်ဆိုးနေတာတော့ မဟုတ်ပါဘူးနော်"

"မ... မဟုတ်ပါဘူး"

"ဒါဆိုရင်လည်း ပြီးတာပဲလေ၊ လာ... သွားရအောင်"

ယွမ်ဟောက်ရွှယ်သည် လီလင်းလင်းကို ဆွဲခေါ်လျက် အတူတူ အပြင်သို့ ထွက်လာခဲ့သည်။ သူမ၏ အလုပ်အကိုင် အမြဲတမ်းဝန်ထမ်း ဖြစ်သွားခြင်းမှာ သူမအစ်ကို၏ ကူညီပံ့ပိုးမှုကြောင့် ဖြစ်၏။ သူမသည် မိမိအမေဖြစ်သူ အလုပ်ကိစ္စများကို သတိမရှိဘဲ စည်းကမ်းမရှိ လုပ်ကိုင်ခဲ့သဖြင့် မိသားစုမျက်နှာ အကြီးအကျယ် ပျက်စီးခဲ့ရကာ၊ မိမိ၏ အလားအလာကောင်းလှသော အခြေအနေများပါ ရေစုန်မျောသွားခဲ့ရသည်ဟု စိတ်ထဲမှ နာကျည်းမိသည်။ သို့သော်လည်း သူမအစ်ကိုအပေါ်တွင်မူ အလွန်ပင် ရိုသေလေးစားဆဲ ဖြစ်၏။

အကယ်၍ သူမအတွက်သာ မဟုတ်ပါက၊ သူမအစ်ကိုသည်လည်း ထိုကဲ့သို့သော အဘွားကြီးများနှင့် ရောထွေးပတ်သက်နေရမည် မဟုတ်ပေ။

သူမအစ်ကိုကြောင့်သာ သူမသည် ဤမျှမြန်မြန် အမြဲတမ်းဝန်ထမ်း ဖြစ်လာနိုင်ခြင်း ဖြစ်သည်။ သူမနှင့် တစ်သုတ်တည်း ဝင်ခဲ့ကြသူ အများစုမှာ စက်ရုံတွင် ယာယီအလုပ်သမားအဖြစ်သာ လုပ်နေကြရဆဲဖြစ်ပြီး၊ အမြဲတမ်းဝန်ထမ်း ဖြစ်သွားသူဟူ၍ မရှိသလောက်ပင် နည်းပါးလှ၏။ သူမသည် ပထမဆုံးလူ ဖြစ်သလို၊ အနည်းငယ်မျှသော သူများထဲမှ တစ်ယောက်လည်း ဖြစ်သည်။

အစ်ကိုဖြစ်သူ သူမအပေါ် အမှန်တကယ် ကောင်းသည်ကို သူမသိ၏။

ထို့ကြောင့် အစ်ကိုနှင့် ပတ်သက်သည့် ကိစ္စရပ်မှန်သမျှတွင် သူမအနေဖြင့် မည်သို့ပင်ဖြစ်စေ ပို၍ ကူညီဖေးမပေးရမည် ဖြစ်သည်။

လီလင်းလင်းကဲ့သို့သော စရိုက်မျိုးမှာ အချစ်ငတ်မွတ်နေပြီး ဆင်ခြင်ဉာဏ်မရှိသည့်အပြင် ခေါင်းလည်းမာလွန်းသဖြင့်၊ သူမအနေဖြင့် ကောင်းကောင်းကြီး လှည့်စားချုပ်ကိုင်နိုင်စွမ်း ရှိ၏။

သူမသည် လီလင်းလင်းနှင့်အတူ လမ်းလျှောက်ရင်း စကားဆိုလိုက်သည်။

"ဒီနှစ်တွေထဲ ငါ နင့်ဆီ သိပ်မလာဖြစ်ပေမဲ့ တကယ်တော့ ရင်ထဲမှာတော့ နင့်ကို ညီမလေးကောင်းတစ်ယောက်လို အမြဲသဘောထားခဲ့တာပါ၊ ဒါပေမဲ့ နင်လည်း ငါတို့အိမ်အခြေအနေကို သိတာပဲ... ရှောင်ချွေက ငါ့ကို တကယ်ပဲ စိတ်ဒဏ်ရာရအောင် လုပ်သွားခဲ့တာလေ၊ ငါဆို သူများတွေနဲ့တောင် သိပ်မပတ်သက်ရဲတော့ဘူး… တကယ်ကို မြွေကိုတစ်ခါအကိုက်ခံရဖူးရင် ဆယ်နှစ်လောက် ကြိုးကိုတောင် လန့်နေတတ်တဲ့ အခြေအနေမျိုး ဖြစ်နေတာ… ငါလည်း သူများတွေက ငါ့ကို ပြန်ပြီး လာကိုက်မလားဆိုပြီး ကြောက်နေမိတာပါ၊ ဒါပေမဲ့ တကယ်တော့ ငါ့ရင်ထဲမှာ နင်က တကယ့်သူငယ်ချင်းကောင်းတစ်ယောက်ပါ၊ ဒီနှစ်တွေထဲ ငါတို့ အလှမ်းဝေးသွားခဲ့တာကို နင် ငါ့အပေါ် စိတ်မကွတ်ပါဘူးနော်"

"မကွက်ပါဘူး၊ ငါ နင့်ကို အပြစ်မတင်ပါဘူး… ငါကတော့ နင် ငါ့ကို အထင်သေးလို့ ထင်နေတာ၊ နင့်မှာ ဒီလို အခက်အခဲတွေ ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး၊ ဒါပေမဲ့ ယွမ်ရှောင်ချွေလိုမျိုး ကျေးဇူးကန်းတဲ့ လူစားမျိုးကတော့ တကယ်ကို ရှားရှားပါးပါးပဲ"

လီလင်းလင်းသည် ယွမ်ရှောင်ချွေကို သဘောမကျပေ။ ယွမ်ရှောင်ချွေသည် စကားပြောလျှင် ဆင်ခြင်မှုမရှိဘဲ နားဝင်မချိုသလို၊ သူမကိုလည်း အနည်းငယ် အထင်သေးတတ်ကာ စကားလုံးများဖြင့် အမြဲတမ်း နှိမ်ချတတ်၏။ ထို့ကြောင့် လီလင်းလင်းသည် သူမအပေါ် ဘာအမြင်ကောင်းမှ မရှိခဲ့ပေ။

"ငါလည်း သိပါတယ်၊ ဒါပေမဲ့ ရင်ထဲမှာတော့ တကယ် စိတ်မကောင်းဘူးလေ၊ နင်ပြောကြည့်ဦး... ငါတို့မိသားစုက သူမအပေါ် မကောင်းလို့လား… သူက ဒီလိုမျိုး လုပ်သွားရုံတင်မကဘူး၊ မထွက်ခွာခင်မှာ ငါတို့အတွက် အကြွေးတွေကိုပါ ချန်ထားရစ်ခဲ့သေးတယ်"

လီလင်းလင်း သနားကရုဏာသက်စွာဖြင့်

"နင်လည်း မလွယ်ကူပါလားနော်"

ယွမ်ဟောက်ရွှယ် : "ဟုတ်တယ်၊ ဘယ်သူက လွယ်ကူနေမှာလဲ… အားလုံးက ခက်ခဲနေကြတာပဲ၊ ငါမလွယ်ကူသလို၊ တကယ်တော့ ငါ့အစ်ကိုလည်း မလွယ်ကူပါဘူး"

သူမသည် လီလင်းလင်းကို တိတ်တဆိတ် ခိုးကြည့်လိုက်ရာ၊ သူမ၏ မျက်နှာတွင် မချိတင်ကဲ ခံစားနေရသည်ကို မြင်သဖြင့် ချက်ချင်းပင် ဆက်ပြောကာ

"နင်က ငါ့အစ်ကို ခုနတင် ပြောခဲ့တဲ့ အေးစက်စက် စကားတွေကို တကယ်ပဲ ယုံသွားတာတော့ မဟုတ်ပါဘူးနော်… ဒါဆိုရင်တော့ မှားသွားလိမ့်မယ်၊ ငါ့အစ်ကိုက တကယ်တော့ နင့်ကို ကာကွယ်ပေးချင်လို့သာ စိတ်နာအောင် စိတ်တင်းပြီး အဲဒီလို ပြောလိုက်ရတာပါ"

လီလင်းလင်း : "........."

သူမသည် ခေါင်းကို ဗြုန်းကနဲ မော့လိုက်မိသည်။

ဟောက်ရွှယ် : "နင် စဉ်းစားကြည့်လေ၊ ငါ့အစ်ကိုသာ အဲဒီလို မပြောဘဲနဲ့ ပတ်သက်မှုကို မဖြတ်တောက်ခဲ့ရင်၊ တစ်ယောက်ယောက်က နင်တို့ကို ဖောက်ပြန်တဲ့ ဆက်ဆံရေးရှိပါတယ်ဆိုပြီး တိုင်တန်းလိုက်ရင် ဘယ်လိုလုပ်မလဲ… ငါ့အစ်ကိုက ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်နိုင်ရင်တောင်၊ နင့်ကိုတော့ ဂရုမစိုက်ဘဲ မနေနိုင်ဘူးလေ..."

လီလင်းလင်း : "သူ... သူက ငါ့အတွက်..."

"ဒါပေါ့... ငါက နောက်မှ ရောက်သွားတာဆိုပေမဲ့ ကိစ္စတွေကို ချက်ချင်း နားလည်သွားတာက ဘာလို့လဲဆိုတော့၊ ငါ့အစ်ကိုက နင့်ကို သဘောကျတယ်ဆိုတာ ငါသိနေလို့ပဲ… ငါ့အစ်ကိုလည်း ဘာမှမတတ်နိုင်လို့ပါဟယ်၊ ဒီကိစ္စသာ လူသိရှင်ကြား ပြန့်သွားရင်... သူက ယောကျာ်းတစ်ယောက်မို့လို့ နာမည်ပျက်တာကို ဂရုမစိုက်ဘူး ထားဦး၊ နင်ကော ဘယ်လိုလုပ်မလဲ… ငါ့အစ်ကိုကတော့ ဒီစကားတွေကို ရင်နာနာနဲ့ပဲ ပြောလိုက်ရတာ… နာကျင်မှုနဲ့ မျက်ရည်တွေကို ရင်ထဲမှာပဲ ကြိတ်မျိုချလိုက်ရတာပါ၊ သူက နင် သူ့ကို နာကျည်းသွားရင်တောင်မှ၊ ဒီကိစ္စကြောင့် နင့်ကို ဒုက္ခမရောက်စေချင်ဘူးလေ"

လီလင်းလင်းသည် ချက်ချင်းပင် မျက်ရည်များ ဝဲထွက်လာကာ

"ငါ သူ့ကို အထင်လွဲခဲ့တာပဲ၊ ငါ သူ့ကို အထင်လွဲခဲ့တာ... ငါ ပြောသားပဲ၊ ငါပြောသားပဲ... သူက ငါ့ကို သဘောကျပါတယ်လို့၊ တကယ်ပဲ ဖြစ်နေတာပဲ... တကယ်တော့... တကယ်တော့ ငါက နာမည်ပျက်မှာကို ဂရုမစိုက်ပါဘူး..."

"နင်က ဂရုမစိုက်ဘူးဆိုပေမဲ့၊ နင့်ကို မလိုမုန်းထားစိတ်နဲ့ ကြံစည်မယ့်သူတွေ ရှိနေရင်ကော… လင်းလင်း... နင်လည်း အလုပ်လုပ်နေတာပဲ၊ မြင်ဖူးတွေ့ဖူးမှာပေါ့… တချို့လူတွေက သူများပျက်စီးရင် ပြီးရော၊ ကိုယ့်အတွက် ဘာအကျိုးမှမရှိရင်တောင် လုပ်တတ်ကြတာ၊ နင့်မှာ အချစ်ရှိတယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ ဒါကို ဗြောင်ကြီး ထုတ်ပြောလိုက်ရင်တော့ နင့်တို့နှစ်ယောက်စလုံး နစ်နာကုန်လိမ့်မယ်… ငါ့အစ်ကိုကတော့ အဲ့လို အခြေအနေမျိုးကို လုံးဝ အဖြစ်မခံနိုင်ဘူးလေ"

သူမသည် လီလင်းလင်းကို ချော့မော့လျက် ဆက်ပြောကာ

"စစ်မှန်တဲ့ အချစ်ဆိုတာ နေ့တိုင်း အတူရှိနေမှဆိုတာမျိုး မဟုတ်ဘူးလေ"

"နင် ငါ့အစ်ကိုကို အချိန်နည်းနည်းလောက် ပေးလိုက်ပါဦး၊ ငါ့အစ်ကိုက ကိစ္စရပ်တွေကို အေးအေးဆေးဆေး ရှင်းလင်းပြီးသွားရင်၊ သူ နင်နဲ့ မုချ အတူတူရှိလာမှာပါ"

လီလင်းလင်း ပါးစပ်ကို ပိတ်လျက် စိတ်လှုပ်ရှားစွာဖြင့်

"တကယ်လား"

"ဒါပေါ့... အသေအချာပဲလေ၊ သူက နင့်ကို အချစ်ဆုံးပဲ၊ ဒါပေမဲ့ ဒီနှစ်ပိုင်းအတွင်းတော့ ဖြစ်နိုင်ဦးမယ် မထင်ဘူး... အစကတော့ ငါ့အစ်ကိုက မကြာခင်မှာ ငါ့ယောင်းမနဲ့ ကွာရှင်းဖို့ တွေးထားတာ၊ ဒါပေမဲ့ ဒီနေ့ အဖြစ်အပျက်ကြောင့်၊ နင့်ကြောင့်... ကြည့်ရတာ ငါ့အစ်ကိုက ချက်ချင်း ကွာရှင်းလို့ ရတော့မှာ မဟုတ်ဘူး… အကယ်၍ အခု အစီအစဉ်အတိုင်းသာ ကွာရှင်းလိုက်ရင်၊ အခြားသူတွေက ငါ့အစ်ကိုကို ဖောက်ပြန်တယ်လို့ပဲ ပြောကြလိမ့်မယ်၊ သူကော နင်ပါ ဘာနာမည်ကောင်းမှ ရတော့မှာ မဟုတ်ဘူး… တစ်ယောက်ယောက်က နင်တို့ကို ဖောက်ပြန်တယ်ဆိုပြီး တိုင်တန်းရင်တောင် တိုင်တန်းဦးမှာ… ဒါဆိုရင်တော့ မူလအစီအစဉ်ကို နည်းနည်း ပြောင်းလဲရတော့မှာပေါ့၊ မဟုတ်ရင် နင်တို့ကို တောက်လျှောက် ဖိအားပေးနေကြရင် ကိစ္စကြီးကြီးမားမား ဖြစ်သွားနိုင်တယ်.. ထောင်ကျသွားရင်တော့ သွားပြီပဲ၊ နင်တို့နှစ်ယောက်စလုံးရဲ့ ဂုဏ်သိက္ခာအတွက်၊ ငါ့အစ်ကိုက နောက်ထပ် နှစ်အနည်းငယ်လောက် သည်းခံရဦးမှာပဲ… လူတိုင်းက ဒီနေ့အဖြစ်အပျက်ကို မေ့သွားကြအောင်၊ နောင်ကျရင် လူတိုင်းက ဒီကိစ္စကို သိပ်မမှတ်မိတော့တဲ့ အချိန်ကျမှ သူ ကွာရှင်းလို့ ရလိမ့်မယ်... နင်သာ ဒီနေ့ ပြဿနာမရှာဘဲ၊ ဒီစကားတွေကို မပြောခဲ့ရင် သိပ်ကောင်းမှာပဲ… တကယ်ကို နှမြောဖို့ကောင်းလိုက်တာ၊ တစ်လှမ်းတည်းပဲ လိုတော့တာကို..."

လီလင်းလင်းသည် ထပ်မံ၍ ငိုကြွေးပြန်ကာ

"ငါ့အမှားပါ၊ ဒါတွေအကုန်လုံး ငါ့အမှားတွေပါ၊ ငါ စိတ်မထိန်းနိုင်တာမျိုး မဖြစ်သင့်ခဲ့ဘူး"

ယွမ်ဟောက်ရွှယ် "ဟူး..." ခနဲသက်ပြင်းချလိုက်၏။

"ငါက ဘာလို့ ဒီလောက်တောင် အူတူတူနိုင်ရတာလဲ၊ ဘာလို့ ဒီလောက်တောင် ငတုံးဆန်ပြီး စိတ်လိုက်မာန်ပါ လုပ်မိရတာလဲ၊ ငါ ဒီလိုမလုပ်ခဲ့သင့်ဘူး၊ အားလုံးက ငါ့အမှားတွေပါ..."

လူနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ရင်ဖွင့်နေကြသော်လည်း၊ သူတို့၏ နောက်ကွယ်တွင် လူတစ်ယောက် ရှိနေသည်ကိုမူ သတိမပြုမိကြပေ။

တကယ့်ကို ကောင်းကင်နှင့် မြေကြီးကို တိုင်တည်ရဲပါတယ်ရှင်…ကျွန်မ ချန်ချင်းယွီ တကယ်ကို တိတ်တဆိတ် ချောင်းနားထောင်ချင်လို့ မဟုတ်ရပါဘူး…

သို့သော်လည်း... မပြတ်မစဲသော ကံကြမ္မာအရ၊ သူမသည် အတင်းအဖျင်းစပ်စုသည့် စနစ် တစ်ခုခု နိုးထလာသည့်အလား၊ ဤကဲ့သို့သော ကိစ္စရပ်များနှင့် အမြဲတမ်း တိုးနေတတ်သည်။

အမြဲတမ်း တိုးနေတာပဲရှင်…

သူမသည် အိမ်သာတက်ရန် ထွက်လာခြင်းသာ ဖြစ်ပြီး၊ ပုန်းဝှက်မနေဘဲ ထိုလူနှစ်ယောက်၏ နောက်ကွယ်တွင် ဒီအတိုင်း ဗြောင်တင်းတင်း လမ်းလျှောက်လာရင်း၊ သူတို့နှစ်ယောက်၏ ပေါက်ကရ စကားများကို ကြားခဲ့ရခြင်း ဖြစ်၏။ သူမသည် အလွန်အမင်း အာရုံစိုက်ကာ နားထောင်နေမိသဖြင့်၊ သတိမထားမိဘဲ လမ်းမကြီးပေါ်အထိ လိုက်ပါလာမိခြင်း ဖြစ်သည်။

သို့သော်လည်း၊ ယွမ်ဟောက်ရွှယ်၏ ဤကဲ့သို့သော ခွေးစကားမျိုးမှာ~~

သောက်ကျိုးနည်း…

ဒါက ဦးနှောက်ဆေး လှည့်စားချုပ်ကိုင်တာ မဟုတ်ဘူးလား…

တော်တော်လေးကို လွန်လွန်းလှချည်လား…

ချန်ချင်းယွီ နှာခေါင်းရှုံ့လိုက်မိသည်၊ ထင်သည့်အတိုင်းပင် ယွမ်မိသားစုသည်ကား တစ်ပုံစံတည်းပင် ဖြစ်သည်။ ပုံမှန်ဆိုလျှင် ဖြောင့်မတ်တည်ကြည်ဟန်ဖြင့် လူကောင်းကြီးများနှယ် နေတတ်ကြသော်လည်း၊ စိတ်ထားများမှာ အင်မတန် ဆိုးယုတ်ကြ၏။

တကယ်ပင် အရေးကြီးသည့် အချိန်အခါ ရောက်လာသည်နှင့် သူတို့မိသားစု လူမဆန်စွာ ပြုမူတတ်ပုံကို ချက်ချင်း မြင်တွေ့နိုင်စမြဲတည်း။

သို့သော် ဤအရာသည်လည်း အဆန်းတကြယ် မဟုတ်ချေ။

ထိုစဉ်၌ ကျောက်ရုံ ပြင်ပတွင် ရှုပ်နေခဲ့ကာ၊ ယွမ်ဟောက်ရွှယ်ကိုယ်တိုင်လည်း ဖုံးဖိပေးခဲ့သည် မဟုတ်လော့။

ရလဒ်အနေဖြင့် ကျောက်ရုံ သတင်းပေါက်ကြားသွားသောအခါ၊ မိမိအမေကို အမှီပြု၍ ယာယီအလုပ်သမားအလုပ် ရရှိခဲ့ပြီး ကျေးလက်သို့ ဆင်းစရာမလိုခဲ့သော ဤသမီးဖြစ်သူသည် ယခုကျမှ အမေဖြစ်သူကို အပြစ်တင် ဆဲဆိုနေ၏။

ဤနှစ်များအတွင်း ယွမ်ဟောက်ရွှယ်သည် ကျောက်ရုံအပေါ် အပြစ်တင်ညည်းတွားမှုများ ရှိခဲ့သည်ကို အိမ်နီးနားချင်းများလည်း အကုန်မြင်ကြသည်။

ဤအချက်ကို လူတိုင်း နားလည်ပေးနိုင်ကြသည်၊ မည်သို့ပင်ဖြစ်စေ အမေအရင်းမှာ ဤသို့လုပ်ခဲ့သဖြင့် အိမ်အထိ လာရောက်ရန်ရှာခြင်း ခံခဲ့ရရာ၊ သမီးဖြစ်သူ သူမပါ ထိခိုက်နစ်နာခဲ့ရသည် မဟုတ်လော့။

သို့သော်လည်း ချန်ချင်းယွီမှာမူ အတွင်းရေးကို သိထားပြီး၊ ကျောက်ရုံ ဤသို့လုပ်ခဲ့ခြင်းမှာ၊ သူမ၏ အလုပ်အကိုင်အတွက်ကြောင့် ဖြစ်သည်။

ယွမ်ဟောက်ရွှယ်သည်လည်း ဤအချက်ကို မသိသည်မဟုတ်ပေ။ ဤအချက်ကိုကြည့်ခြင်းဖြင့် သူမသည်လည်း သွေးအေးပြီး စိတ်ကောင်းမရှိသူတစ်ဦး ဖြစ်ကြောင်း သိသာလှ၏။

ချန်ချင်းယွီသည် ယွမ်ဟောက်ရွှယ်ကို အထင်သေးစွာ စိုက်ကြည့်နေမိသည်။

သူမမိသားစုကတော့ တကယ်ကို တစ်ပုံစံတည်းပဲ… တစ်ယောက်ချင်းစီ ရေတွက်ကြည့်ရင်လည်း ဘယ်သူမှ လူပီသအောင် မပြုမူကြဘူး…

ချန်ချင်းယွီသည် ယွမ်ဟောက်ရွှယ် လီလင်းလင်းကို ဦးနှောက်ဆေး လှည့်စားချုပ်ကိုင်နေသည်ကို နားထောင်ရင်း၊ လီလင်းလင်းခမျာ ယွမ်ဟောက်ရွှယ်ကို သူငယ်ချင်းကောင်းကြီးအဖြစ် သတ်မှတ်နေသည်ကို မြင်ရသဖြင့် ဘာပြောရမှန်းပင် မသိတော့ပေ။

ဒါက တကယ်ကို... အပြောရခက်လိုက်တာ..

သို့သော် ချန်ချင်းယွီသည် ယခုအချိန်တွင် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး၊ ဆက်၍ မလိုက်တော့ပေ။

အကယ်၍ အခြားသူများ မြင်သွားလျှင် မသင့်တော်ပေ။

သူမသည် ခေါင်းလှည့်ကာ ပြန်လာခဲ့သည်။ ဝင်းကြီးထဲသို့ ဝင်လိုက်သည်နှင့် လီချန်ရွှမ်း လူရိုက်နေသည့် အသံကို ကြားလိုက်ရ၏။ သူသည် သားရေခါးပတ်ဖြင့် ရိုက်နှက်နေပုံရပြီး လင်စန်းရှင်း တအားအားနှင့် အော်ဟစ်နေလေသည်။

"နင့်သမီးကို ဘယ်လိုများ သွန်သင်ဆုံးမထားလဲ ကြည့်စမ်းဦး၊ အရှက်မရှိလိုက်တာ… နင်က ပုံမှန်ဆို အလုပ်လည်းမသွားဘဲနဲ့ သမီးကို သေသေချာချာ ဘာလို့မဆုံးမတတ်ရတာလဲ၊ ကြည့်စမ်း... ကြည့်စမ်းဦး၊ ငါ လီချန်ရွှမ်းရဲ့ သိက္ခာတွေ အကုန်ပျက်စီးကုန်ပြီ၊ ငါ ဒီနေ့တော့ နင်လို အသုံးမကျတဲ့ကောင်မကို ရိုက်သတ်ပစ်မယ်… ဒီလောကမှာ ယောကျာ်းတွေ အကုန်မျိုးတုံးကုန်လို့လား၊ သူက မိန်းမရှိပြီးသားလူကိုမှ သွားပြီး မျက်စိကျရတယ်လို့၊ ဒီငတုံးမက နင်ဆုံးမပေးလိုက်လို့ ဒီလိုဖြစ်ရတာပဲ..."

လီချန်ရွှမ်း ဒေါသတကြီး အော်ဟစ်ဆဲဆိုနေပြီး လင်စန်းရှင်းမှာ တအိအိနှင့် ငိုကြွေးနေရှာသည်။

ချန်ချင်းယွီ မကြားချင်ယောင်ဆောင်ကာ အိမ်သို့ တန်းတန်းမတ်မတ် ပြန်လာခဲ့၏။

ဤကဲ့သို့သော ကိစ္စရပ်မျိုးမှာ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။ လီချန်ရွှမ်း ပထမဆုံးအကြိမ် ရိုက်နှက်စဉ် မာကျန့်ယီသည် ဝင်းတာဝန်ခံအနေဖြင့် တံခါးဝအထိ လာရောက်တားဆီးပေးခဲ့ဖူးသည်။

ထိုစဉ်က လင်စန်းရှင်း မည်သို့ပြောခဲ့သလဲဆိုလျှင်~~~

"ဒါက ကျွန်မတို့ရဲ့ မိသားစုတွင်းရေးပါ၊ ရှေးကတည်းက အခုထိ ဘယ်အချိန်ပဲဖြစ်ဖြစ် အပြင်လူက ဝင်ရောက်စွက်ဖက်စရာ မလိုပါဘူး"

"ကျွန်မယောကျာ်း ရင်ထဲမှာ ဆင်းရဲဒုက္ခရောက်နေတာကို ကျွန်မမသိဘဲ နေမလား… ဒေါသလေး ထွက်လိုက်ရင် ပြီးသွားမှာပါ၊ ကျွန်မတို့ လင်မယားကိစ္စက ဘေးလူတွေ ဝင်စွက်ဖက်နိုင်တဲ့အရာ မဟုတ်ပါဘူး"

သူမ ထပ်မံ၍ ပြောသေးသည်မှာ~~

"လင်မယားကြားထဲမှာတော့ ရိုက်တာက ချစ်လို့၊ ဆဲတာက သံယောဇဉ်ရှိလို့ပဲ၊ ဒါက ပြင်ပကိစ္စတွေလို အမှားအမှန် ခွဲခြားနေလို့ရတာ မဟုတ်ဘူး… သူ ကျွန်မအပေါ် စိတ်ရှိတယ်ဆိုတာ ကျွန်မနားလည်ပါတယ်၊ ကျွန်မကပဲ မကောင်းလို့ သားမမွေးပေးနိုင်တာပါ..."

ထိုစဉ် မာကျန့်ယီမှာ ဒေါသထွက်လွန်းသဖြင့် မုတ်ဆိတ်မွေးများပင် ထောင်မတ်သွားခဲ့ရ၏။

ယခုအခါတွင် မာကျန့်ယီ ဝင်မပါတော့ရုံတင်မက၊ အခြားသူများလည်း ဝင်မစွက်ဖက်ကြတော့ပေ။

သူမကိုယ်တိုင်ပင် ဂရုမစိုက်လှသဖြင့်၊ အခြားသူများလည်း အားအားယားယား သူမအတွက် ရှေ့ထွက်ပေးကာ အပင်ပန်းခံ အကျိုးမရှိမည့်အလုပ်ကို လုပ်ကြမည် မဟုတ်ပေ။

ထို့အပြင် သူမသည် မိမိ၏ အလုပ်အကိုင်ကိုပါ ယောကျာ်းဖြစ်သူအား ပေးခဲ့သလို၊ အိမ်ထောင်ပိုင်ဆိုင်မှုများကိုပါ ပေးခဲ့ရာ၊ ယင်းမှာ လီချန်ရွှမ်းကို အပိုင်နှိုက်ခွင့်ပေးထားခြင်းဖြစ်ကြောင်း ထင်ရှားလှသဖြင့်၊ ဤမိန်းမသည်လည်း ဦးနှောက်ရှိသူမဟုတ်ကြောင်း တွေးမိကြကာ မည်သို့မျှ အမှားအမှန် ဝေဖန်ပေးရန် မလိုပေ။

အရိုက်ခံရုံပေါ့…

ဘာပဲဖြစ်ဖြစ် အရိုက်ခံရတာ ကိုယ်မှမဟုတ်ဘဲ… ညည်းခံချင်လို့ခံတာ ခံပေါ့…

ချန်ချင်းယွီ အိမ်ပြန်ရောက်သည့်အခါ လူသုံးယောက်၏ မျက်လုံးခြောက်လုံးစလုံး မိမိကို စိုက်ကြည့်နေကြသည်ကို မြင်လျှင် အံ့ဩသွားကာ

"ဘာဖြစ်လို့လဲ"

သူမ အိမ်သာတက်သည့် ခဏအတွင်း အပြင်ရှိရန်ပွဲများ ပြီးသွားပြီဖြစ်ပြီး~~

ဘာဖြစ်လို့ ငါ့ကို လာကြည့်နေကြတာလဲ…

ရှောင်ယွမ် : "မေမေ... စက်ဘီးဝယ်မယ်..."

အဘွားကြီးကျောက် ဂုဏ်ယူဝင့်ကြွားစွာဖြင့် စက်ဘီးဝယ်ခွင့်

လက်မှတ်ကို ထုတ်ပြကာ

"ကြည့်စမ်း..."

ချန်ချင်းယွီလည်း လိုက်၍ ပြုံးလိုက်မိကာ

"အမေ မှောင်ခိုဈေးကို သွားခဲ့တာလား"

အဘွားကြီးကျောက် ခေါင်းညိတ်ပြ၍

"ငါ ဟိုဘက်မှာ အလုပ်တွေပြီးတာနဲ့ မှောင်ခိုဈေးကို ချက်ချင်း ဝူးခနဲ ပြေးသွားတာပေါ့၊ မပြောနဲ့တော့... ဒီမှောင်ခိုဈေးမှာ ပစ္စည်းတွေက တကယ်များသားပဲ၊ ငါ ချက်ချင်းပဲ ဝယ်လို့ရခဲ့တယ်… နှစ်စောင်တောင်နော်၊ မြင်လား… အပေါ်မှာ ရေးထားတယ်... ဖီးနစ်တံဆိပ်တဲ့..."

ချန်ချင်းယွီ : "ဒါဆိုရင် ဘာစောင့်နေဦးမှာလဲ၊ သွားကြစို့လေ"

"အိုယေး..."

"မိုက်လိုက်တာ..."

ကလေးနှစ်ယောက်စလုံး ခုန်ပေါက်ကာ နေရာတင်ပင် ပတ်ချာလည် လှည့်နေကြ၏။

သူတို့ စက်ဘီးဝယ်ရတော့မယ်…

စက်ဘီးဝယ်ရတော့မယ်လေ…ဟားဟား..

သူတို့မှာ မူလတန်းကျောင်းသားလေးများသာ ဖြစ်ကြပြီး အိမ်သည်လည်း အနီးအနား၌သာ ရှိသဖြင့် စက်ဘီးစီးသူဟူ၍ မရှိကြပေ။

အကယ်၍ သူတို့တွင် စက်ဘီးရှိလာပါက၊ ယင်းမှာ တစ်ဦးတည်းသော ထူးခြားချက် ဖြစ်လာပေလိမ့်မည်။

ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ အလွန်အမင်း ဝမ်းသာနေကြကာ တစ်စီစီနှင့်

"ကျွန်တော်တို့ တကယ်ပဲ စက်ဘီးဝယ်ရတော့မှာလား…ဒါက ကျွန်တော်တို့ ကိုယ်ပိုင်လားဟင်"

ချန်ချင်းယွီ : "ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်။ သားတို့ သမီးတို့အတွက် ဝယ်ပေးတာဆိုတော့ ဒါက သားတို့ သမီးတို့ ကိုယ်ပိုင်ပေါ့"

"ဒါက တကယ်ကို ကောင်းလွန်းတယ်..."

ချန်ချင်းယွီ ရယ်မောလျက်

"ဒါဆို အခု သွားကြမလား"

"သွားမယ်..."

အလွန်ကျယ်လောင်ပြတ်သားသော အသံကြီးပင်…

မိသားစု လေးယောက်စလုံး အိမ်တံခါးကို သော့ခတ်ပြီး ထွက်လာခဲ့ကြ၏။

အဘွားကြီးကျောက် : "အမလေး... နင် ပြောကြည့်ဦး၊ အကယ်၍ စက်ဘီးသာ ဝယ်ပြီးသွားရင်၊ မိသားစု လေးယောက်မှာ စက်ဘီး သုံးစီး ရှိမှာဆိုတော့ ငါတို့အိမ်က တကယ့်ကို မျက်နှာပွင့်စရာ ဂုဏ်သရေရှိစရာပဲ"

ချန်ချင်းယွီ အဘွားကြီးကျောက်ကို လေးနက်စွာ တစ်ချက်စိုက်ကြည့်၍ ပြောလိုက်ကာ

"ဒီရက်ပိုင်းအတွင်း ကျွန်မ ဈေးရောင်းထွက်ရမှာဆိုတော့ အိမ်ကို ကောင်းကောင်း ဂရုမစိုက်နိုင်ဘူး၊ အမေပဲ ပိုပြီး ကြည့်ပေးဦး… ရှောင်ကျားနဲ့ ရှောင်ယွမ်ကိုလည်း ပိုပြီး ကြည့်ရှုစောင့်ရှောက်ပေးပါဦး၊ သူတို့က အရပ်အမောင်း မြင့်မားလာတယ်ဆိုပေမဲ့ ကိုးနှစ်ပဲ ရှိသေးတော့ ကလေးတွေပဲ ရှိပါသေးတယ်၊ အိမ်တွင်းအိမ်ပြင် ကိစ္စတွေကို အမေပဲ ကြည့်ပေးပါ၊ အမေ အလုပ်က အနားယူတဲ့အခါကျရင် ကျွန်မလည်း အမေ့ကို စက်ဘီးတစ်စီး ဝယ်ပေးပါ့မယ်၊ အမေ အပြင်ထွက်ပြီး ပတ်စီးလို့ရတာပေါ့"

အဘွားကြီးကျောက် : "အာ..."

သူမသည် ချန်ချင်းယွီကို မယုံနိုင်စွာ စိုက်ကြည့်ကာ ထစ်ထစ်အအဖြင့် မေးလိုက်မိ၏။

"တ... တ... တကယ်၊ တကယ်လား"

ချန်ချင်းယွီ : "တကယ်ပေါ့၊ အမေက အခု အလုပ်လုပ်နေတုန်းဆိုတော့ စက်ဘီးစီးစရာ မလိုသေးဘူးလေ၊ ဒါကြောင့်မို့လို့ အငြိမ်းစားယူမယ့်အချိန်ကို ပြောတာပါ၊ မဟုတ်ရင်လည်း နည်းနည်း ကြိုတင်ပြီး ဝယ်ပေးလို့ရပါတယ်"

အဘွားကြီးကျောက် လက်ကို ပွတ်သပ်လျက်

"အမလေး ဘုရားရေ..."

ချန်ချင်းယွီ ပိုက်ဆံရှာနိုင်သည်ဆိုသော်လည်း၊ အဘွားကြီးကျောက် ချန်ချင်းယွီအကြောင်းကို မသိမရှိပေ။ သူမသည် ပိုက်ဆံကို မိမိလက်ထဲသို့ လုံးဝ ထည့်ပေးမည်

မဟုတ်ချေ။ သူမနောက်မှလိုက်ပြီး စားကောင်းသောက်ဖွယ် စားသောက်နေသည်မှာ ကိစ္စမရှိသော်လည်း ပစ္စည်းလိုချင်၍ ပိုက်ဆံလိုချင်လာလျှင် ချန်ချင်းယွီမှာ သဘောအတိုင်း ခွင့်ပြုမည်မဟုတ်ပေ။

ချန်ချင်းယွီ ဘယ်လိုလူမျိုးလဲ… သူမ ကျောက်တာ့ရာလောက် ဘယ်သူ သိနိုင်မှာလဲ… အငြိုးကြီးတဲ့ စုန်းမလေ… အရင်က သူ့အပေါ်လုပ်ထားတာတွေကို မှတ်ထားတုန်း…

ထို့ကြောင့် ယခုအခါတွင် မိမိသည် အမြီးကိုကုပ်ကာ လူပီသစွာ နေထိုင်နေပြီး၊ မိမိ၏ တန်ဖိုးကို အစွမ်းကုန် ပြသလျက် အဖော်ကောင်းတစ်ဦးအဖြစ် လုပ်ကိုင်နေခြင်း ဖြစ်၏။ သို့မှသာ လိုက်ပါ၍ စားကောင်းသောက်ဖွယ် စားသောက်ရမည် ဖြစ်သည်။

အတိုက်အခံလုပ်ဖို့ ဆိုတာကတော့...

အဘွားကြီးကျောက်သည် ချန်ချင်းယွီကို အတိုက်အခံ မလုပ်ရဲပေ။ သူမအမှန်တကယ် ရူးသွပ်ပြဝံ့သူ ဖြစ်၏။

သို့သော်လည်း မထင်မှတ်ဘဲ၊ တကယ်ကို မထင်မှတ်ဘဲ ချန်ချင်းယွီ သူမကို စက်ဘီးဝယ်ပေးရန် လိုလားနေသည်။ စက်ဘီးတစ်စီးနှင့် လက်မှတ် အပါအဝင်ဆိုလျှင် ယွမ်နှစ်ရာနီးပါး ကုန်ကျမည် ဖြစ်၏။

ဘုရားသခင်ရေ...

မိုးပေါ်က ကိတ်မုန့်ပြုတ်ကျလာတာပဲ…စားကံကြုံ မုတ်ဆိတ်ပျားဆွဲပေါ့..

အဘွားကြီးကျောက် စိတ်လှုပ်ရှားစွာဖြင့်

"နင်… စိတ်ချပါ၊ ငါ ကလေးတွေကို အသေအချာ စောင့်ရှောက်ပေးပါ့မယ်၊ အိမ်တွင်းကိစ္စမှန်သမျှကို ငါပဲ တစ်ယောက်တည်း အကုန်တာဝန်ယူလိုက်မယ်… နင့်ရဲ့ ကိစ္စတွေကိုသာ စိတ်အေးလက်အေးနဲ့ လုပ်ပါ၊ အိမ်တွင်းကိစ္စတွေအတွက် လုံးဝ စိတ်မပူစေရဘူး"

ချန်ချင်းယွီ : "ဒါကတော့ ကျွန်မ အမေ့ကို ယုံကြည်ပါတယ်"

အဘွားကြီးကျောက် : "ဒါပေါ့... နင် စိတ်ချပါ"

ချန်ချင်းယွီ : "အော်... ဒါနဲ့၊ အမေ ရေဒီယိုဝယ်ခွင့်လက်မှတ်ကော တွေ့မိသေးလား"

အဘွားကြီးကျောက် ခေါင်းခါပြကာ

"ဒါကိုလည်း ငါမေးကြည့်ပါသေးတယ်၊ သူတို့မှာ တကယ်မရှိဘူးတဲ့။ ဒီပစ္စည်းက တကယ်ကို ရဖို့ ခက်ခဲပါတယ်"

ချန်ချင်းယွီ နှာခေါင်းရှုံ့လိုက်မိ၏။

အဘွားကြီးကျောက် : "အခုက အခြေအနေတွေက အရင်ကထက် နည်းနည်း ပိုကောင်းလာတော့၊ အခြေအနေပေးတဲ့သူအချို့က ကိုယ်တိုင် ဝယ်ယူထားကြတာလေ… အပြင်ကို ပြန်စီးဆင်းလာတာ သိပ်မရှိတော့ဘူး၊ အကယ်၍ နင် ဝယ်ချင်တယ်ဆိုရင်တော့ ငါတို့တွေ ပိုပြီး စောင့်ရလိမ့်မယ်"

ချန်ချင်းယွီ ခေါင်းခါလျက်

"စောင့်စရာမလိုပါဘူး၊ ဒီရက်ပိုင်းအတွင်း ချင်းမင်ပွဲတော် (သင်္ချိုင်းကန်တော့ပွဲ) မတိုင်ခင် တောင်ပိုင်းဘက်ကို တစ်ခေါက် ထပ်သွားဦးမယ်၊ ဟိုဘက်မှာ ရှိလိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်၊ အဲဒီအချိန်ကျမှ ဝယ်ပြီး ယူလာခဲ့မယ်"

"အာ... ရပါ့မလား၊ ဒီပစ္စည်းက တော်တော်လေး လေးတယ်နော်၊ နင်က ကုန်ပစ္စည်းတွေလည်း ယူရဦးမှာ"

ချန်ချင်းယွီ : "အဲဒီအချိန်ကျရင် လူငှားပြီး ရထားပေါ်အထိ တိုက်ရိုက် တင်ခိုင်းလိုက်မယ်လေ၊ ဒါက သိပ်ပြီး အလုပ်မရှုပ်ပါဘူး။ အဓိကကတော့ ကြားထဲမှာ ရထားပြောင်းရတာ အလုပ်ရှုပ်တာပါ၊ ဒါပေမဲ့ ကျွန်မ စဉ်းစားထားတာကတော့ ဂိတ်မှာ ကုန်လှည်း (တွန်းလှည်း) တစ်စီး ငှားလိုက်ရင် အဆင်ပြေမှာပါ"

အဘွားကြီးကျောက် : "ဒါကတော့ တကယ် ပင်ပန်းမှာပဲ"

သူမ စိတ်ရင်းဖြင့် စကားဆိုကာ

"နင် စောင့်ဦးနော်၊ ငါ နှစ်ကုန်ရင် အငြိမ်းစားယူပြီဆိုတော့၊ အဲဒီအချိန်ကျရင် နင်နဲ့အတူ လိုက်ခဲ့မယ်… လူနှစ်ယောက်ဆိုတော့ ဘာပဲဖြစ်ဖြစ် အပြန်အလှန် စောင့်ရှောက်လို့ ရတာပေါ့"

ချန်ချင်းယွီ ခေါင်းခါ၍

"မလိုပါဘူး၊ အားလုံး ထွက်သွားကြရင် ရှောင်ကျားနဲ့ ရှောင်ယွမ်က ဘယ်လိုလုပ်မလဲ"

"မေမေ... သားတို့ သမီးတို့ ဘာသာ အိမ်မှာ နေနိုင်ပါတယ်"

ကလေးနှစ်ယောက်စလုံးတစ်ပြိုင်နက်တည်း အော်ပြောကြသည်။

ချန်ချင်းယွီ : "မရပါဘူး၊ သားတို့ သမီးတို့က ငယ်သေးတယ်၊ မေမေ စိတ်မချဘူး.. အမေပဲ အိမ်မှာနေပြီး ရှောင်ကျားနဲ့ ရှောင်ယွမ်ကို ကူညီစောင့်ရှောက်ပေးပါ၊ ပိုပြီး ဂရုစိုက်ပေးပါ၊ ပညာရေးဘာညာကိုတော့ ကျွန်မ အမေ့ကို အားမကိုးပါဘူး၊ အမေက သူတို့ရဲ့ စားသောက်ရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကိုပဲ စိတ်ပူပေးရင် ရပါပြီ၊ စိတ်ချပါ... အမေ့အတွက် အကျိုးအမြတ်တွေ လျော့နည်းစေရပါဘူး… ဒါပေမဲ့ အမေက အဘွားကြီးဝမ်လိုမျိုး အမြဲတမ်း ကြားထဲကနေ သွေးထိုးပြီး မကောင်းတာတွေ သွန်သင်တာမျိုးတော့ မလုပ်နဲ့… အကယ်၍ အမေ ကလေးတွေကို လမ်းမှားရောက်အောင် သွန်သင်တာကို ကျွန်မ သိရင်တော့ အားမနာတမ်း လုပ်မိလိမ့်မယ်… အမေ သိတဲ့အတိုင်း ကျွန်မက ဝမ်မေ့လန်လိုမျိုး အနိုင်ကျင့်ရလွယ်တဲ့သူ မဟုတ်ဘူးနော်"

အဘွားကြီးကျောက် : "သိပါတယ်၊ သိပါတယ်၊ နင်က ငါ့ကို အဘွားကြီးဝမ်လို အရူးမျိုး ထင်နေတာလား… သူမ ဘာတွေတွေးနေလဲဆိုတာ တကယ်ကို မသိတော့ဘူး၊ ဦးနှောက်ထဲ ရေဝင်သွားတာ နေမှာပါ"

ဒါကို အမှီပြုပြီး အိုဇာတာ ကောင်းရမှာကို၊ ကြားထဲကနေ အကွက်ရွှေ့ရဲသေးတယ်… ဒီလောက် တုံးအတဲ့သူမျိုး တကယ် မမြင်ဖူးတော့ဘူး…

အဘွားကြီးကျောက် : "ငါက သူမလို မဟုတ်ပါဘူး၊ ကိုယ်အလေးချိန် ပေါင်တစ်ရာမှာ ကိုးဆယ့်ကိုးပေါင်က ရေတွေ ဖြစ်နေတဲ့သူမျိုး (တစ်ကိုယ်လုံး ဦးနှောက်မရှိ ရေတွေချည်းပဲ ဖြစ်နေသူမျိုး)"

ချန်ချင်းယွီသည် တဟားဟား ရယ်မောလိုက်မိပြီး၊ ကလေးနှစ်ယောက်စလုံးလည်း လိုက်၍ ရယ်မောကြတော့သည်။ ချန်ချင်းယွီကလေးငယ်များ၏ ပါးကို ဖွဖွဆိတ်လိုက်ကာ

"အတုမယူနဲ့ဦး"

ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ခေါင်းညိတ်ပြကြကာ

"သိပါပြီ"

ချန်ချင်းယွီက ကလေးငယ်များ၏ ခေါင်းကို ပွတ်သပ်လျက် ပြောလိုက်၏။

"သားတို့ သမီးတို့ သိရင် ပြီးတာပါပဲ၊ မေမေက သားတို့ သမီးတို့ကို အလွန်အမင်း အသိတရားရှိဖို့ မျှော်လင့်မထားပါဘူး၊ ဒါပေမဲ့ တုံးအပြီး ကောက်ကျစ်တဲ့သူတော့ အဖြစ်မခံနိုင်ဘူး"

"သားတို့ သိပါတယ်"

သူတို့မှာ မိုက်မဲတုံးအသူများ မဟုတ်ကြပေ~~ သူတို့အားလုံး နားလည်၏။ ကလေးငယ်များသည် ငယ်စဉ်ကတည်းက မိခင်နှင့်အတူ ရှိနေခဲ့ကြသဖြင့်၊ တကယ်တမ်း အရာရာကို ကောင်းကောင်းကြီး နားလည်ကြပေသည်။

သူတို့ သိကြသည်မှာ၊ အဘွားဖြစ်စေ မိခင်ဖြစ်စေ အပြင်ပန်း

မြင်တွေ့ရသည်နှင့် မတူညီကြပေ။သူတို့တွင် ဖခင် မရှိသဖြင့်၊ အခြားမိသားစုများထက် ပို၍ သန်မာထက်မြက်နေရ၏။ ထို့ကြောင့် အဘွားကြီးကျောက် အပြင်သို့ထွက်၍ ဆူညံသောင်းကျန်းနေသည်ဖြစ်စေ၊ ချန်ချင်းယွီ အပြင်ထွက်၍ လမ်းဘေးဈေးသည် လုပ်နေသည်ဖြစ်စေ~~

ကလေးများသည် အရှက်ရသည်ဟု လုံးဝ မခံစားကြရပေ။

အဘယ်ကြောင့်ဆိုသော် ဤမိသားစုကို ပိုမိုကောင်းမွန်သော ဘဝ ဖြတ်သန်းနိုင်စေရန်အတွက် သူတို့ လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း နားလည်သောကြောင့်တည်း။

ကဲ... ဘယ်သူက ဘာမှစိတ်မပူရဘဲ ကောင်းမွန်တဲ့ ဘဝကို မဖြတ်သန်းချင်ဘဲ နေမလဲ…

ဒါပေမဲ့ သူတို့အတွက်တော့ မိုးပေါ်က ကိတ်မုန့်ပြုတ်ကျလာတာမျိုး မရှိဘူးလေ… ကိုယ့်ဘာသာ ကြိုးစားတည်ဆောက်ရတာချည်းပဲ..

အဘွားမှာ အလွန်

လျှာစောင်းထက်ကာ မိခင်မှာလည်း အလွန်ပင် ပင်ပန်းရှာသည်။ ထိုအရာအားလုံးမှာ ဘဝကို ပိုမိုကောင်းမွန်လာစေရန်နှင့် သူတို့ကို ပိုမိုကောင်းမွန်စွာ ဖြတ်သန်းနိုင်စေရန်အတွက် ဖြစ်၏။ သူတို့သည် သာမန်ကလေးများထက် များစွာ ပိုမိုကောင်းမွန်သော ဘဝကို ဖြတ်သန်းနေရကြောင်း မောင်နှမနှစ်ယောက်စလုံး၏ ရင်ထဲတွင် အလွန်အမင်း ရှင်းလင်းစွာ သိရှိကြပေသည်။

"မေမေ တကယ်ကို ပင်ပန်းရပါပြီနော်"

ချန်ချင်းယွီ သူတို့ကို စွေကြည့်ကာ

"သားတို့ သမီးတို့ သိရင် ပြီးတာပါပဲ"

ကလေးနှစ်ယောက်သည် ချက်ချင်းပင် တစ်ယောက်တစ်ဖက်စီဖြင့် ချန်ချင်းယွီ၏ လက်မောင်းကို ဖက်တွယ်လိုက်ကြတော့သည်။

အဘွားကြီးကျောက် : "မြှောက်လုံးသမားလေးတွေ..."

ကလေးနှစ်ယောက် တခိခိ ရယ်မောကြရင်း

"အဘွားက မနာလိုနေတာလား"

အဘွားကြီးကျောက် : "မဟုတ်တာအေ..."

သူမ နှာခေါင်းရှုံ့လျက်

"ငါက အဲဒီလို သဘောထားသေးသိမ်တဲ့သူ မဟုတ်ဘူး"

ချန်ချင်းယွီ : "အော်..."

အဘွားကြီးကျောက် : "အစကတည်းကပဲဟာ၊ ငါက သဘောထားကြီးတဲ့သူပါ၊ ညည်းတို့ မြန်မြန်လျှောက်ကြစမ်းပါ"

ချန်ချင်းယွီ နှုတ်ခမ်းကိုစေ့၍ ပြုံးလိုက်ကာ ခြေလှမ်းများကို မြှင့်လိုက်၏။

ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် မိခင်နှင့်အတူ သမဝါယမကုန်တိုက်သို့ လာရခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်သဖြင့် အမြဲတမ်းပင် ရဲရဲဝံ့ဝံ့ ရှိကြသည်။ သူတို့လူစုသည် အပေါ်ထပ်သို့ တိုက်ရိုက်တက်လာခဲ့ပြီး စက်ဘီးအရောင်းကောင်တာသို့ ရောက်ရှိလာခဲ့ကြ၏။

ရှောင်ယွမ် : "ဟင်... မေမေ ကြည့်ပါဦး၊ ဒီလိုပုံစံကို ကြည့်ပါဦး၊ ဒါက မော်ဒယ်အသစ်ပဲ၊ အရင်က မမြင်ဖူးဘူး"

သူမသည် တစ်ချက်ကြည့်ရုံဖြင့် ပန်းရောင်စက်ဘီးလေးကို သဘောကျသွားပြီး မျက်လုံး လုံးဝ ခွါမရပေ။

ကောင်တာမှ ရှောင်ထန်သည် ချန်ချင်းယွီနှင့် ရင်းနှီးသူဖြစ်သဖြင့် လှမ်းပြောကာ

"ဟုတ်တယ်၊ ဒါက အခုမှအသစ်ရောက်တာ၊ ပထမဆုံးအသုတ်ပဲ ရှိသေးတယ်… စက်ဘီးက နည်းနည်း ပိုသေးတော့ ယောကျာ်းတွေစီးဖို့ သိပ်မသင့်တော်ဘူး၊ အမျိုးသမီးစီး သီးသန့်မော်ဒယ်ဆိုတော့… ဘားမပါဘူး၊ သပ်ရပ်လှပတယ် မဟုတ်လား… ငါကိုယ်တိုင်တောင် သဘောကျလို့ ကြည့်ထားသေးတာ၊ နှမြောစရာကောင်းတာက ငါ့မှာ စက်ဘီးရှိနေလို့ပေါ့၊ မဟုတ်ရင် ငါလည်း ဒါကိုပဲ ဝယ်မှာ"

ချန်ချင်းယွီ ခေါင်းညိတ်ပြသည်၊ သူမလည်း ဤမော်ဒယ်အသစ်မှာ တကယ်ကို ကောင်းသည်ဟု ခံစားရသည်။ ဘားပါသည့် အမျိုးအစားမှာ နောက်ထပ်လူတစ်ယောက် ပိုတင်လို့ရသည်ဆိုသော်လည်း စီးရသည်မှာ ထိုမျှ စိတ်သက်တောင့်သက်သာ မရှိချေ။ ယခု ရှောင်ကျားနှင့် ရှောင်ယွမ်တို့လည်း အရွယ်ရောက်လာကြပြီဖြစ်ရာ၊ သူမအနေဖြင့် ရှေ့တစ်ယောက် နောက်တစ်ယောက် တင်ပြီး စီးသွားရန် မဖြစ်နိုင်တော့သဖြင့် ဘားရှိခြင်းမှာ တကယ်ကို အသုံးမဝင်တော့ဟု ခံစားရ၏။

ကြည့်ရင်းဖြင့် သူမကိုယ်တိုင်ပင် စက်ဘီးလဲချင်စိတ် ပေါက်လာရသည်။

အဘွားကြီးကျောက် : "ဒီမှာ ဘား မပါတော့ အရင်မော်ဒယ်တွေလောက် မခိုင်ခံ့ဘူးလို့ ခံစားရတယ်... ဘားရှိရင် ရှေ့မှာ ကလေးတင်လို့ရသေးတယ်၊ ဒါကျတော့ မရတော့ဘူး… လှတာကတော့ လှပါတယ်၊ ဒါပေမဲ့ အရင်တုန်းက အမျိုးအစားက ပိုပြီး လက်တွေ့ကျတယ်လို့ ခံစားရတယ်"

ချန်ချင်းယွီမှာမူ အလွန်ကောင်းသည်ဟု ထင်မြင်ကာ

"ဒါက ဘယ်လောက်လဲဟင်"

"ဖီးနစ်တံဆိပ်ရဲ့ ဈေးနှုန်းအတိုင်းပါပဲ၊ အတူတူပါပဲရှင်"

အဘွားကြီးကျောက် တောက်တစ်ချက် ခေါက်ပြန်ကာ

"တစ်ဆစ်စာလောက် ပိုသေးပြီး ဘားလည်း မပါဘဲနဲ့ ဈေးနှုန်းက အတူတူပဲလား"

ရှောင်ထန် : "ဒါက မော်ဒယ်အသစ်လေရှင်၊ ပြီးတော့ ဒီအရောင်တွေကို ကြည့်ပါဦး၊ မိုးပြာရောင်၊ ပန်းရောင်၊ အဖြူစင်ရောင်... ဒါတွေက တွေ့ရခဲတဲ့ အရောင်တွေချည်းပဲ၊ အခုခေတ် အဲဒီစက်ဘီးအကြီးတွေမှာ ရှားပါးတဲ့ အရောင်မျိုး မရှိဘူးလေ"

ဒီစကားကတော့ တကယ်ကို မမှားဘူး…

မော်ဒယ်အသစ် ဖြစ်သည့်အတွက်ကြောင့် ထူးခြားချက်ရှိသည်သာ…

ချန်ချင်းယွီ ခေါင်းငုံ့ကာ

"သားတို့ သမီးတို့ ဘယ်လိုထင်လဲ… မေမေ ထင်တာကတော့၊ ဒီမော်ဒယ်အသစ်က သားတို့ သမီးတို့နဲ့ တော်တော်လေး လိုက်ဖက်တယ်"

တကယ်တမ်း သာမန်မိသားစုများ လာဝယ်မည်ဆိုပါက၊ ဤကဲ့သို့သော စက်ဘီးမျိုးသည် ထိုမျှ လက်တွေ့မကျသည်မှာ အမှန်ပင်။

သို့သော်လည်း မိန်းကလေးများနှင့် ကလေးငယ်များ စီးရန်အတွက်မူ တကယ်ကို အလွန်ကောင်းမွန်လှသည်။ အမှန်တကယ်လည်း ဘားမပါခြင်းမှာ ကလေးများအတွက် ပို၍ပင် ဘေးကင်းလုံခြုံမှု ရှိစေ၏။

ဘာပဲပြောပြော သူတို့အနေနဲ့ ဘားကို ကျော်ခွရတာက အဲ့လောက် လွယ်မနေဘူးလေ…

ထို့ကြောင့် ချန်ချင်းယွီသည် ကလေးများကို ဤမော်ဒယ်အသစ်ကိုသာ ဝယ်ပေးချင်မိသည်၊ ပို၍ အဆင်ပြေစေသည့်အပြင် သူတို့ကိုယ်တိုင်လည်း ကလေးများဖြစ်ကြသဖြင့် အမျိုးသမီးစီးမော်ဒယ်မှာ ထိုမျှ မကြီးမားလှသောကြောင့် သူတို့ကို ပို၍ မြန်မြန်အသားကျစေမည်သာ…

နောင်အနာဂတ်အတွက် ဆိုရလျှင်မူ~~

ဘယ်အိမ်က စက်ဘီးမှ တစ်သက်လုံး စီးလို့ရတာမှ မဟုတ်ဘဲ…

"မေမေ... လှတာကတော့ လှပါတယ်၊ ဒါပေမဲ့ ဒါက အမျိုးသမီးစီးမော်ဒယ် ဖြစ်နေတယ်... သားက ယောကျာ်းလေးလေ"

ရှောင်ကျား စိတ်ထဲမှ ဒွိဟဖြစ်နေရှာသည်၊ တကယ်တမ်း သူလည်း အပြာရောင်လေးကို သဘောကျနေ၏။

ချန်ချင်းယွီ ပြတ်သားစွာဖြင့်

"ကလေးတွေမှာ ယောကျာ်းလေး မိန်းကလေး ခွဲမနေပါဘူး..."

ရှောင်ကျားသည်လည်း ပြတ်သားသူဖြစ်ရာ

"ဒါဆို သား လိုချင်တယ်..."

ရှောင်ယွမ် : "သမီးလည်း လိုချင်တယ်..."

All Chapters