← Chapters

အခန်း ၁၂၈

Vol. 13 Ch. 128

အခန်း ၁၂၈

Vol. 13 Ch. 128

အခန်း (၁၂၈) မနာလိုအားကျ

ချန်ချင်းယွီတစ်ယောက် ရှောင်ကျားနှင့်ရှောင်ယွမ် နှစ်ယောက်လုံးအတွက် စက်ဘီးများ ဝယ်ပေးခဲ့သည်။

ဖီးနစ်တံဆိပ် မော်ဒယ်အသစ်ဖြစ်ပြီး ဘားတန်းများ မပါရှိသော်ငြား အရည်အသွေးမှာ ပြည့်မီ၏။

ကလေးလေးနှစ်ယောက်လုံးမှာ ချန်ချင်းယွီ၏ အကူအညီမလိုကာ ကိုယ်စီ စက်ဘီးများတွန်း၍ ပျော်ရွှင်စွာ စကားပြောရင်း ထွက်ခွါသွားကြသည်။

ရှောင်ကျား စက်ဘီးမှာ အပြာရောင်လေးဖြစ်ပြီး၊ ရှောင်ယွမ်မှာ ပန်းရင့်ရောင်ဖြစ်ကာ ကလေးနှစ်ဦးစလုံး အလွန် ပျော်ရွှင်နေ၏။ အနက်၊ အဖြူနှင့် မီးခိုးရောင်များမှာ ယနေ့ကာလတွင် ခေတ်မစားတော့ကာ၊ ယခုကဲ့သို့ အရောင်လွင်လွင်လေးများမှာ လူတိုင်းအကြိုက်ဖြစ်လာသည်။

သူတို့အားလုံး အတူတူအိမ်ပြန်လာကြစဉ် အဘွားကြီးကျောက်မှာ မှတ်ချက်ဆိုလိုက်၏။

“နင်တို့ကလေးတွေ အရမ်းကံကောင်းတာပဲ… ဒါက ငါတို့လမ်းထဲမှာ ပထမဆုံးပဲ… နေဦး ရပ်ကွက်ထဲမှာကို ပထမဆုံးပဲ.. ကလေးလေးတွေ စက်ဘီးနဲ့ဆိုတာ ငါ့ဖြင့် မမြင်ဘူးပေါင်အေ… အမယ်လေး… ဒါကတော့ ငါတို့ဂုဏ်ပေါ့အေ”

ရှောင်ယွမ်မှာ ချိုသာနေသော အသံလေးဖြင့်

“မေမေက သမီးတို့ကို အရမ်းချစ်လို့လေ”

ချန်ချင်းယွီ : “ဒါပေါ့ မေမေက ကလေးတို့ကို အရမ်းချစ်လို့ ကလေးတို့လည်း မေမေ့ကို ပြန်ချစ်ရမယ်နော်”

“ဟုတ်ကဲ့ပါ”

ကလေးနှစ်ယောက်လုံး သံပြိုင်ဖြေလိုက်ကြသည်။

ချန်ချင်းယွီ : “ဒါဆို ဒီနေ့အိမ်မှာ ပန်းကန်အားလုံး မင်းတို့ဆေးကြ”

“ကောင်းပါပြီ”

ချန်ချင်းယွီသည် ကလေးများကို ခေါ်ဆောင်ကာ ပြုံးရွှင်သောမျက်နှာဖြင့် ပြန်လည်ရောက်ရှိလာ၏။ တန်ဖိုးကြီးပစ္စည်း ဝယ်ယူလာနိုင်သည့်အတွက်ကြောင့် အဘွားကြီးကျောက်သည် သူတစ်ပါးနှင့်မတူဘဲ ခပ်ကြွားကြွား လျှောက်လှမ်းလာခဲ့သည်။ သူမတို့မိသားစုတွင် စက်ဘီးသုံးစီးမျှ ပိုင်ဆိုင်ထားပြီဖြစ်ရာ ထိုအခြင်းအရာကို ‘ချမ်းသာကြွယ်ဝမှု’ ဟုပင် ခေါ်ဆိုရပေမည်။

အဘွားကြီးကျောက်သည် ခေါင်းကို မော့၊ ရင်ကိုကော့ထားပြီး ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာလည်း လှိုက်လှိုက်လှဲလှဲ ပြုံးရွှင်နေကြ၏။ သို့သော် ချန်ချင်းယွီမှာ အထူးအဆန်းမဟုတ်သကဲ့သို့ တည်ငြိမ်လျက်ရှိနေ၏။

မိသားစုဝင်များ ဝင်းထဲသို့ ဝင်လာကြသည်။ မွန်းလွဲပိုင်းမှ ဖြစ်ပွားခဲ့သော စကားများရန်ဖြစ်မှုသည် သူတို့၏ လူနေမှုဘဝအပေါ် မည်သို့မျှ သက်ရောက်မှု ရှိပုံမရပေ။ သာမန်လူတို့၏ လူနေမှုဘဝဆိုသည်မှာ ထိုကဲ့သို့ပင် ဖြစ်၏။ အော်ဟစ်စကားများခြင်းမျှသည် ဘာမှမဟုတ်ပေ။လင်စန်းရှင်းသည် ဝင်းထဲ၌ ထိုင်ကာ ဟင်းသီးဟင်းရွက်များ သင်နေစဉ် မော့အကြည့်၌ ရှောင်ကျားနှင့် ရှောင်ယွမ်တို့ စက်ဘီးတစ်စီးစီ တွန်းလာသည်ကို မြင်လျှင် အံ့ဩတုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်လေသည်။

"နင်တို့ ဒါတွေ ဘယ်ကနေ ယူလာတာလဲ"

သူမ၏ မျက်လုံးများသည် စက်ဘီးများပေါ်၌ ကပ်ပါသွားမတတ် စူးစိုက်ကြည့်နေပြီး အလောတကြီး အသံဖြင့် ထပ်မံမေးမြန်းပြန်၏။

"ဒါ ဘယ်သူ့စက်ဘီးတွေလဲ… ဘာလို့ ရှောင်ကျားနဲ့ ရှောင်ယွမ်က တွန်းလာရတာလဲ၊ ကလေးတွေ သူများစက်ဘီးကို ဖျက်ဆီးမိရင် မကောင်းဘူးနော်"

ထိုစကားကို ကြားရသောအခါ ချန်ချင်းယွီမှာ မျက်လုံးပင် လှန်ပစ်ချင်စိတ် ပေါက်သွားရသည်။ သူမ ခပ်အေးအေးပင် ပြန်ပြောလိုက်၏။

"ဒါ ကျွန်မတို့မိသားစုက အသစ်ဝယ်လာတာရှင့်… ရှောင်ကျားနဲ့ ရှောင်ယွမ်အတွက် တစ်စီးစီလေ"

"ဘာပြော..."

လင်စန်းရှင်းသည် ချန်ချင်းယွီကို မယုံကြည်နိုင်ဘဲ စိုက်ကြည့်ရင်း ပါကင်ဆန်ရောဂါသည်ကဲ့သို့ တုန်တုန်ရင်ရင်ဖြင့် အော်ဟစ်လိုက်တော့သည်။

"တစ်ယောက်ကို တစ်စီးစီ ဟုတ်လား… နင် ရူးနေတာလား၊ကလေးတွေက ငယ်ငယ်လေးရှိသေးတာကို ဒီလောက်အဖိုးတန်တဲ့အရာတွေကို ဘယ်လိုလုပ် သုံးလို့ရမှာလဲ… နင် စိတ်လွတ်သွားပြီလား"

ချန်ချင်းယွီသည် နောက်ဆုံးတွင် အောင့်မထားနိုင်တော့ဘဲ မျက်လုံးကို အပေါ်သို့ ပင့်စောင်းကြည့်လိုက်မိ၏။

အဘွားကြီးကျောက်မှာ ဝေခွဲမနေဘဲ ကြားဖြတ်ကာ ချက်ချင်းပင် ဆူပူကြိမ်းမောင်းလေတော့သည်။

"လင်စန်းရှင်း၊ နင် ရူးနေတာလား…နင်နဲ့ နင့်တစ်မိသားစုလုံးပဲ စိတ်လွတ်နေတာ။ နင် နေမကောင်းဘူးလားဟင်… ငါတို့မိသားစု စက်ဘီးဝယ်တာ မဝယ်တာ နင်နဲ့ ဘာဆိုင်လို့လဲ… နင်ကတော့ တကယ့် အချိန်ပိုထွက်တဲ့သူပဲ၊ အကုန်လိုက်စွက်ဖက်နေတာ။ အဲဒီအချိန်တွေရှိရင် နင့်သမီးကိုပဲ နင် သေသေချာချာ သွန်သင်ဆုံးမလိုက်စမ်းပါ… ငါတို့ကို လာမပတ်သက်နဲ့၊ တကယ်ကို အမြင်မရှိတဲ့ မိန်းမ"

အဘွားကြီးကျောက်၏ အသံမှာ အလွန်ကျယ်လောင်လှသဖြင့် သူမ အော်ဟစ်လိုက်သည်နှင့် လူများမှာ အခြေအနေကို ချောင်းမြောင်းကြည့်ရှုရန် ချက်ချင်း ရောက်ရှိလာကြသည်။ သို့သော်လည်း သူတို့၏ အာရုံများသည် စက်ဘီးများဆီသို့ ချက်ချင်းပင် ရောက်ရှိသွားကြတော့၏။

"ဟယ်... ဒီစက်ဘီးလေးက သိပ်လှတာပဲ… ဘယ်သူမှ စီးတာ မမြင်ဖူးသေးဘူး"

"ဟေ့... ဒါက သာမန်စက်ဘီးတွေထက် နည်းနည်း ပိုသေးတာ မဟုတ်လား"

"အလယ်က ဘားတန်းလည်း မပါဘူး… ဟော... အဘွားကြီးကျောက်၊ ဒါ ရှင် ဝယ်လာတာလား"

အဘွားကြီးကျောက် : "ဟုတ်တယ်၊ ငါကိုယ်တိုင် ဝယ်လာတာ… လှတယ် မဟုတ်လား"

"တကယ်ကို ကောင်းတာပဲနော်"

"ဟုတ်ပ..ပစ္စည်းကောင်းပဲ၊ ဈေးမပေါဘူး မဟုတ်လား"

အဘွားကြီးကျောက် ခေါင်းညိတ်ပြရင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုလေသည်။

"နင်တို့က ပစ္စည်းအကဲခတ်

တတ်သားပဲ.. သူ့အရွယ်အစားက သေးပေမဲ့ မထင်သေးနဲ့ဦး၊ ဒါက ဖီးနစ်အမှတ်တံဆိပ်ရဲ့ နောက်ဆုံးပေါ် မော်ဒယ်ပဲ… စက်ဘီးအကြီးတွေနဲ့ ဈေးအတူတူပဲနော်၊ အကောင်သေးတိုင်း ဈေးပေါတယ်လို့ မထင်နဲ့… ပြီးတော့ ဒီကောင်ကို ဝယ်ဖို့အတွက် ဖီးနစ်အထူးစက်ဘီးလက်မှတ် လိုတာ… သတ်မှတ်ချက်မရှိရင် ဝယ်လို့တောင် မရဘူး"

အဘွားကြီးကျောက်သည် ခါးကို ထောက်ကာ မာန်တက်လျက် ရှိနေ၏။

မြင်ကြတယ်မလား… သူမတို့မိသားစု မျက်နှာပွင့်ပုံကတော့… ကြည့်ပါဦး…

"ငါ့ကို ပေးကြည့်ပါဦး၊ တစ်ချက်လောက် ထိကြည့်ချင်လို့... ဒီစက်ဘီးက တကယ်ကို ကောင်းတာပဲ… ဖီးနစ်ကတော့ တခြားတံဆိပ်တွေထက် သာတာ အမှန်ပဲ"

"ဘယ်သူ ငြင်းနိုင်မှာလဲ"

"ကျွန်တော်ကတော့ ထာဝရတံဆိပ်က ပိုကောင်းတယ်လို့ ထင်တာပဲ"

"ဖီးနစ် က ပိုကောင်းပါတယ်ဆို"

"ထာဝရ က ပိုကောင်းပါတယ်..."

ဘေးလူများ အငြင်းပွားနေကြစဉ် ရှီကျန့်ရှန်းမှာ စမ်းသပ်သည့်သဘောဖြင့် မေးမြန်းလိုက်၏။

"တော်ကြပါတော့… ဒါနဲ့ အဘွားကြီးကျောက်... ညည်း ဒီစက်ဘီးလက်မှတ်ကို ဘယ်ကရတာလဲ… ညည်း တို့ဆီမှာ မရှိပါဘူး"

အဘွားကြီးကျောက်မှာလည်း ချက်ချင်းတုံ့ပြန်၏။

"ငါ သူများနဲ့ လဲလှယ်ထားတာလေ၊ ဘာဖြစ်လို့လဲ"

"ဪ... အင်းပါ၊ ငါလည်း ဘာမှမပြောပါဘူး"

လက်ရှိတွင် လက်မှတ်မှောင်ခိုသမားများ အလွန်ပေါများနေပြီ ဖြစ်သည်။ အလိုအလျောက် ဖြစ်ထွန်းလာသော ဈေးကွက်ငယ်များတွင် သေသေချာချာ စောင့်ကြည့်ပါက မျက်လုံးကလည်ကလည်ဖြင့် လူစုလူဝေးကို လိုက်လံကြည့်ရှုနေသူများသည် ခိုးရာပါပစ္စည်း ဝယ်သူများ သို့မဟုတ် လက်မှတ်မှောင်ခိုသမားများသာ ဖြစ်ကြပေ၏။

သာမန်လူများအတွက် ပစ္စည်းဝယ်ယူရန် လက်မှတ်မရှိ ခက်ခဲနေလိမ့်မည်ဟု အမြဲထင်မှတ်နေ၍ မရပေ။ ထိုလက်မှတ်များကို မပြတ်လပ်သောသူများ အမြဲရှိနေတတ်သည်။ အချို့သော အရာရှိကြီးများ သို့မဟုတ် အဆက်အသွယ်ရှိသူများသည် သုံးစွဲ၍မကုန်နိုင်သော လက်မှတ်များကို ပြန်လည်ရောင်းချလေ့ရှိကြ၏။ ယခင်မူ လူတိုင်း ထိုအခြင်းအရာကို ဖုံးကွယ်ထားကြသော်လည်း လွန်ခဲ့သော နှစ်နှစ်အတွင်း မူဝါဒများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ယခုအခါ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒကြောင့် လူတို့သည် ဤအရာများကို သိပ်နားမလည်ကြသော်လည်း ကုန်သည်မျိုးစုံမှာ ဗြောင်ကျကျ ထွက်ပေါ်လာကြပြီး မည်သူ့ကိုမျှ မကြောက်ရွံ့ကြတော့သည်ကိုမူ သိရှိကြ၏။ ထိုအရောင်းအဝယ်များကို မည်သူမှ အရေးယူခြင်း မရှိတော့ပေ။

မှောင်ခိုဈေးပင် လွတ်လပ်စွာ ဖွင့်လှစ်ထားသဖြင့် စိုးရိမ်စရာ တစ်ခုမျှ မရှိတော့ပေ။

ရှီကျန့်ရှန်းသည် အဘွားကြီးကျောက်ကို အားကျတုန်လှုပ်စွာဖြင့် ကြည့်ရှုပြီးနောက် စက်ဘီးဆီသို့ မျက်တောင်မခတ် တမ်းတမ်းတတ ကြည့်ပြန်သည်။

"ဒီစက်ဘီးက ကလေးအတွက်လား"

"ဒါပေါ့… စက်ဘီးရှိတော့ ကလေး ကျောင်းသွားကျောင်းပြန်ဖြစ်ဖြစ်၊ အပြင်သွားကစားတာပဲဖြစ်ဖြစ် အများကြီး ပိုအဆင်ပြေတာပေါ့"

အဘွားကြီးကျောက် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။

ဤသို့သော အခြေအနေမျိုးတွင် ချန်ချင်းယွီအနေဖြင့် စကားတစ်ခွန်းမျှ ဝင်ပြောခွင့် မရနိုင်တော့ပေ။ ဤနေရာသည် အဘွားကြီးကျောက် စိုးမိုးရာ နယ်ပယ်ဖြစ်နေလေသည်။

"ငါ့ရဲ့ ရှောင်ကျားနဲ့ ရှောင်ယွမ်က သိပ်လိမ္မာပြီး စာလည်း တော်ကြတာ… စက်ဘီးဝယ်ပေးတာမျိုးတင်မကဘူး၊ သူတို့ ဘာလုပ်လုပ် ငါကတော့ အမြဲ ထောက်ပံ့ပေးမှာပဲ"

"ဒီစက်ဘီးက ဘယ်လောက်လဲဟင်"

အဘွားကြီးကျောက် : "တစ်ရာ့ကိုးဆယ့်ရှစ်ယွမ်၊ ပြီးတော့ ဖီးနစ်စက်ဘီးလက်မှတ်လည်း လိုတယ်"

"ဟူး..."

ဘေးလူအချို့ အသက်ရှူမှားမတတ် အာမေဍိတ်သံများ ထွက်ပေါ်လာကြသည်။

'ဘုရားရေ... ဒါ ရူးနေတာလား၊ဘယ်လိုမိသားစုမျိုးမို့လို့ ကလေးတွေအတွက် ဒီလောက်အဖိုးတန်တဲ့ စက်ဘီးကို ဝယ်ပေးရဲရတာလဲ… ရှောင်ကျားနဲ့ ရှောင်ယွမ်က ကိုးနှစ်ပဲ ရှိသေးတာ၊ ကိုးနှစ်အရွယ် ကလေးတွေက ဘာနားလည်မှာမို့လဲ'

လူတိုင်း စက်ဘီးကို အားကျစိတ်ဖြင့် ကြည့်နေကြစဉ် နာ့နာသည် ရှောင်ယွမ်၏ စက်ဘီးကို စိုက်ကြည့်ပြီးနောက် သူမ၏ မိဘများဘက်သို့ လှည့်ကြည့်လိုက်မိ၏။ ဝမ်ကျန့်ကော်နှင့် ဝမ်မေ့လန်တို့မှာမူ ဘာမှမပြောကြချေ။ ဝမ်ကျန့်ကော်သည် တစ်စုံတစ်ခုကို စဉ်းစားနေပုံရပြီး ဝမ်မေ့လန်သည်ကား စက်ဘီးကို အလွန် စိတ်ဝင်တစား ကြည့်ရှုနေလေသည်။

အဘွားကြီးကျောက်သည် ခဏမျှ ထပ်မံကြွားဝါပြီးနောက် ပြောစရာရှိသည်များကို ပြောဆိုပြီးစီးသဖြင့် လက်ကို ဝေ့ယမ်းကာ နှင်ထုတ်လိုက်တော့၏။

"ကဲ တော်ပြီ၊ တော်ပြီ... ငါတို့ အိမ်ပြန်တော့မယ်။ နင်တို့ သဘောကျရင် အရောင်းဆိုင်ကို သွားကြည့်ကြလေ… အဲဒီမှာ အဖြူရောင်လေးတွေလည်း ရှိတယ်၊ သန့်သန့်ပြန့်ပြန့်လေး။ ပိုပြီး သဘောကျတယ်ဆိုရင်လည်း ကိုယ့်ဘာသာကိုယ် ဝယ်ကြပေါ့၊ ဘာလို့လဲဆိုတော့ ဒီတစ်ဝိုက်မှာ ဒီလိုစက်ဘီးမျိုး ထပ်တွေ့ရမှာ မဟုတ်လို့ပဲ"

စက်ဘီးဝယ်ခြင်းသည် စကားပြောသကဲ့သို့ မလွယ်ကူလှပေ။ လူတိုင်းတွင် အမျိုးမျိုးသော မျက်နှာအမူအရာများ ရှိနေကြသော်လည်း အဘွားကြီးကျောက်မှာ ခေါင်းဆွဲကြက်ဖကြီးတစ်ကောင်ကဲ့သို့ ဝင့်ဝင့်ကြွားကြွားဖြင့် လျှောက်လှမ်းသွားလေတော့သည်။

ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည်လည်း အလွန်ပင် ဂုဏ်ယူဝင့်ကြွားနေကြ၏။

ရှောင်ကျား : "မေမေ၊ သားတို့ လမ်းကြားထဲမှာ စက်ဘီး သွားလေ့ကျင့်လို့ ရမလားဟင်"

ချန်ချင်းယွီ : "ရတာပေါ့"

မောင်နှမနှစ်ယောက်စလုံး ချက်ချင်းပင် လှည့်ထွက်သွားကြသည်။ သူတို့နှစ်ဦး လမ်းကြားထဲသို့ ရောက်သည်နှင့် တစ်ပြိုင်နက် လမ်းထဲမှ သူငယ်ချင်းများ ဝိုင်းအုံလာကြတော့၏။ လူတိုင်း စက်ဘီးကို အထူးပင် အားကျစွာ ကြည့်ရှုရင်း ချီးမွမ်းကြလေသည်။

"နင်တို့မေမေက နင်တို့အပေါ် သိပ်ကောင်းတာပဲ… ဒီလောက်လှတဲ့ စက်ဘီးကို ဝယ်ပေးရက်တယ်နော်"

"ဟုတ်ပါ့၊ သိပ်လှတာပဲ.. ငါ့ကို ဒီစက်ဘီးလေး ခဏလောက် ငှားစီးပါဦးလား"

ထိုကလေးများသည် အလွန်ပင် ပွင့်လင်းလွန်းလှ၏။ အသစ်စက်စက် စက်ဘီးဖြစ်သဖြင့် ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် နှမြောတွန့်တိုနေကြသော်လည်း စိတ်ပူပန်ခြင်းမရှိဘဲ တိုက်ရိုက်ပင် ပြန်လည်ပြောဆိုလိုက်သည်။

"နင်တို့ သိလား… ငါ့အဘွားသာ နင်တို့ စက်ဘီးငှားစီးတာ သိသွားရင် နင်တို့အိမ်ကို လာပြီး ပြတင်းပေါက်မှန်တွေ ရိုက်ခွဲလိမ့်မယ်… အဲဒါ ခံနိုင်မလား"

ကလေးများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ တုံ့ဆိုင်းသွားကြပြီးနောက် ပြတ်ပြတ်သားသားပင် ငြင်းဆိုလိုက်ကြတော့သည်။

"မစီးတော့ပါဘူး... မစီးတော့ပါဘူး၊ နင်တို့လည်း မငှားနဲ့တော့"

ကလေးများ၏ လက်တွေ့ဆန်ပုံမှာ ဤသို့ပင် ဖြစ်၏။ ပြဿနာရှာတတ်သဖြင့် နာမည်ကြီးလှသော အဘွားကြီးကျောက်သည် မည်သည့်အမှားမျှ မလုပ်ခဲ့ဖူးသော်လည်း လူတိုင်း ကြောက်ရွံ့နေကြရသည်။ ကလေးများသာမက လူကြီးများပါမကျန် သူမကို ခန့်ညားကြောက်ရွံ့ကြရသဖြင့် မည်သူမျှ မပတ်သက်ရဲကြပေ။

"နင်တို့မေမေက ဘယ်လိုလုပ်ပြီး စက်ဘီးဝယ်ပေးနိုင်တာလဲ… သိပ်ဈေးကြီးတာကို"

"ဟုတ်တယ်…သိပ်ဈေးကြီးတာပဲနင်တို့မိသားစုက တကယ် ချမ်းသာတာလား"

ရှောင်ကျား : "ငါတို့မေမေက ငါတို့ကို အချစ်ဆုံးပဲ… ဒါကြောင့် ငါတို့ကို ဝယ်ပေးရတာ သူပျော်နေတာလေ"

ဂုဏ်ယူစွာ ပြောလိုက်၏။

ရှောင်ယွမ် : "ကိုကို... သွားကြစို့၊ ပတ်စီးရအောင်"

ရှောင်ကျား :"အင်း... သွားစို့"

မောင်နှမနှစ်ယောက် ပျော်ရွှင်စွာဖြင့် စက်ဘီးစီး ထွက်သွားကြလေသည်။

ကလေးနှစ်ဦးသည် စက်ဘီးပေါ်သို့ ချက်ချင်းပင် ခွစီးလိုက်ကြ၏။အိမ်တွင် စက်ဘီးအဟောင်းတစ်စီး ရှိဖူးသဖြင့် ကလေးနှစ်ယောက်စလုံး စက်ဘီးစီးတတ်ကြသည်မှာ အဆန်းမဟုတ်ပေ။ သို့သော် စက်ဘီးအဟောင်းများတွင် အလယ်၌ ဘားတန်းပါရှိနေသဖြင့် ကလေးများ စက်ဘီးစီးလျှင် တင်ပါးကို လိမ်၊ ကိုယ်ကိုတစ်စောင်း လုပ်ကာ ထိုဘားတန်းကြားထဲမှ ခြေထောက် လျှိုလျှိုပြီး စီးခဲ့ကြရသည်။ ကလေးများမှာ အမြဲတမ်း ထိုကဲ့သို့ပင် စီးလေ့ရှိကြရာ ကြည့်ရသည်မှာ သိပ်အဆင်မပြေလှပေ။ သို့သော်လည်း သူတို့၏ အရပ်မှာစက်ဘီးဘားတန်းကို မကျော်နိုင်သဖြင့် ဤသို့သာ စီးခဲ့ကြရရှာ၏။

ယခုမူ အားလုံး အဆင်ပြေသွားခဲ့ပြီ ဖြစ်သည်။ အလယ်တွင် ဘားတန်း မပါတော့သည့်အပြင် စက်ဘီးလေးမှာလည်း သေးငယ်ပြီး သပ်ရပ်လှပသော မော်ဒယ်အမျိုးအစား ဖြစ်၏။ ကလေးနှစ်ယောက်စလုံး ကိုးနှစ်သား အရွယ်သာ ရှိသေးသော်လည်း သက်တူရွယ်တူများထက် အရပ် ပိုရှည်ကြသဖြင့် အလွယ်တကူပင် စီးနင်းနိုင်ကြသည်။ စက်ဘီးပေါ် ခွစီးမိသည်နှင့် တပြိုင်နက် သူတို့လေးတွေ ချက်ချင်း ပျော်ရွှင်သွားကြတော့၏။

"အာ... သိပ်ကောင်းတာပဲ"

"ဒီစက်ဘီးက အကောင်းဆုံးပဲဟေ့"

"ဟုတ်တယ်”

ရှောင်ယွမ် စနောက်ချင်စိတ်ဖြင့် စက်ဘီးဘဲလ်တီးလုံးကို နှိပ်လိုက်ရာ 'ကလင်... လင်’ ဟူသော သာယာကြည်လင်သည့် အသံလေး ထွက်ပေါ်လာသည်။

ပြင်ပတွင်မူ အလွန်ပင် စည်ကားသိုက်မြိုက်လျက် ရှိနေ၏။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့ စက်ဘီးစီးနေကြသည်ကို အခြားကလေးများ ဝိုင်းအုံကြည့်ရှုနေကြသည်။ သို့သော် နာ့နာတစ်ယောက် အပြင်သို့ ထွက်မလာခဲ့ချေ။ သူမသည် ကလေးမဟုတ်တော့သဖြင့် ထိုကလေးသူငယ်များနှင့် မတူညီဟု ခံယူထား၏။ သူမသည် နှုတ်ခမ်းကို မဲ့လျက်၊ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် အိမ်ထဲသို့ ဝင်လာပြီး စမ်းသပ်သည့်သဘောဖြင့် မေးလိုက်လေသည်။

"မေမေ... သမီးလည်း စက်ဘီးတစ်စီး လိုချင်တယ်"

ဝမ်မေ့လန်သည် ညစာအတွက် ပြောင်းဖူးမုန့်လုပ်ရန် ဂျုံနယ်နေစဉ် ထိုစကားကို ကြားလိုက်ရသဖြင့် သူမ၏ သမီးကြီးကို အံ့ဩတုန်လှုပ်စွာ ကြည့်လိုက်မိသည်။

သို့သော်လည်း သူမက ချက်ချင်းပင် ငြင်းပယ်လိုက်၏။

"နင်က စက်ဘီးကို ဘာလုပ်ဖို့လဲ။ ကျောင်းကလည်း ဝေးတာမဟုတ်ဘူး"

ထိုစကားမှာ အမှန်ပင် ဖြစ်သည်။ စက်မှုစက်ရုံမှာ စက်ရုံကြီးတစ်ခုဖြစ်ပြီး အနီးအနားတွင် မူလတန်းနှင့် အလယ်တန်းကျောင်းများ ရှိကြကာ အထက်တန်းကျောင်းတစ်ခုသာ အနည်းငယ် ဝေးကွာ၏။ ကျန်ရှိသောနေရာများမှာ အလွန်နီးကပ်လှပြီး… နာ့နာမှာ အလယ်တန်းကျောင်းတက်နေဆဲ အဆင့်သာ ရှိသေးသဖြင့် လမ်းလျှောက်သွားလျှင်ပင် အဆင်ပြေလှသည်။ ထို့ကြောင့် စက်ဘီးဝယ်ပေးရန်မှာ မလိုအပ်သောအရာ ဖြစ်ပေ၏။

မိဘနှစ်ပါးစလုံး အလုပ်လုပ်ကြသည်ဆိုသော်လည်း ကျောင်းတက်နေသော ကလေးသုံးယောက်နှင့် လုပ်ကျွေးရမည့် သက်ကြီးရွယ်အိုတစ်ဦး ရှိနေသေးသည်။

သူတို့အနေဖြင့် ဖြုန်းတီးပစ်ရန် မတတ်နိုင်ကြပေ။

ဝမ်မေ့လန် : "နင် အိမ်စာတွေပြီးရင် စာဖတ်ဦး… ငါတို့ဝင်းထဲမှာ တက္ကသိုလ်တက်ဖူးတဲ့သူ တစ်ယောက်မှ မရှိသေးဘူး။ စာကို သေသေချာချာကြိုးစား၊ အထက်တန်းကျောင်းကောင်းကောင်း အောင်ပြီးရင် တက္ကသိုလ်ကောင်းကောင်း တက်ရမယ်… အဲဒါမှ သူတပါးထက် သာမှာပေါ့၊ ငါတို့က စားဝတ်နေရေးမှာ သူတပါးနဲ့ လိုက်ပြိုင်နေဖို့ မလိုဘူး.. နင်က ငယ်ငယ်လေးပဲ ရှိသေးတာ၊ အဲဒါတွေ လိုအပ်လို့လား"

မိဘများအနေဖြင့် ဤကဲ့သို့သော စကားမျိုးကို ပြောဆိုရန် သဘာဝကျသော်လည်း ကလေးများမှာမူ များသောအားဖြင့် နားမထောင်ချင်ကြပေ။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ် မိန်းကလေးများမှာ ပို၍ပင် ခေါင်းမာတတ်ကြသည်။

နာ့နာ မကျေမနပ်ဖြင့်

"စာ... စာ... စာ၊ အမြဲတမ်း စာအကြောင်းပဲ ပြောနေတာ… တက္ကသိုလ်ဝင်စာမေးပွဲက လိုပါသေးတယ်၊ ဘာလို့ ဒီလောက် လောနေရတာလဲ၊ ပြီးတော့ သမီးက ငယ်သေးလို့ သူများနဲ့ မပြိုင်ရဘူး ဟုတ်လား… ရှောင်ကျားနဲ့ ရှောင်ယွမ်က သမီးထက်တောင် ငယ်သေးတာ၊ သူတို့မှာ စက်ဘီးကိုယ်စီ ရှိနေပြီ၊ သမီးမှာကျတော့ မရှိဘူး…မေမေ... သမီးလည်း လိုချင်တယ်၊ ရှောင်ယွမ်ရဲ့ စက်ဘီးမျိုးပဲ လိုချင်တာ… သူတို့မိသားစုက ဝယ်နိုင်ပြီးတော့ သမီးတို့မိသားစုကျတော့ မဝယ်နိုင်ဘူးလား၊ သမီးတို့လည်း အလုပ်လုပ်နေတာပဲဥစ္စာ"

နာ့နာ၏ မျက်လုံးများမှာ မနာလိုစိတ်ကြောင့် နီမြန်းလျက် ရှိနေတော့သည်။ သူမသည် ရှောင်ယွမ်ကို မနာလိုဖြစ်ခြင်း မဟုတ်ဘဲ စက်ဘီးရရှိခြင်းကိုသာ မနာလိုဖြစ်နေခြင်းတည်း။

"မေမေ... သမီးကိုလည်း ဝယ်ပေးပါနော်၊ သမီး ညီမလေးကို ကျောင်းအကြိုအပို့ လုပ်ပေးလို့ရတာပေါ့၊ အဲဒါဆို သမီးတို့လည်း မျက်နှာပွင့်တာပေါ့ မဟုတ်ဘူးလား"

ဝမ်မေ့လန် : "နင် ဘာတွေ လျှောက်ပြောနေတာလဲ… နင့်အသက်အရွယ်မှာ စာကိုပဲ အာရုံစိုက်ရမှာ၊ ဒီလိုအရာတွေကို စိတ်မဝင်စားနဲ့၊ နင် အရွယ်ရောက်လာရင် အဝတ်အစားကောင်းကောင်းတွေ၊ ပစ္စည်းကောင်းကောင်းတွေ သုံးလို့ရတယ်.. ကျောင်းပြီးလို့ အလုပ်ကောင်းကောင်းရရင် ဘာမဆို ဝယ်လို့ရတာပဲ… အခုက နင့်အတွက် စာသင်ဖို့ အရေးကြီးဆုံးအချိန်၊ ကစားစရာတွေကြောင့် စာမပျက်စေနဲ့"

"ဒါက စာပျက်စရာ ဘာရှိလို့လဲ… သူများတွေမှာ ရှိနေတာပဲ၊ သမီးမှာကျတော့ ဘာလို့ မရှိရမှာလဲ… သမီးတို့မိသားစုက အဆင်ပြေတာပဲ မဟုတ်လား၊ တချို့မိသားစုတွေမှာ အိမ်ထောင်ဦးစီးတောင် မရှိဘဲနဲ့ ဝယ်နိုင်ကြသေးတာ၊ သမီးတို့ကျတော့ ဘာလို့ မဝယ်ပေးနိုင်ရတာလဲ။ သမီးထင်တာတော့ မေမေ သမီးကို မဝယ်ပေးချင်လို့ပါ… မေမေက သိပ်အတ္တကြီးတာပဲ"

နာ့နာ အော်ဟစ်လိုက်လေသည်။

ဝမ်မေ့လန်သည် ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းသွားရပြီး

"နင် ဘာတွေ လျှောက်ပြောနေတာလဲ… ငါ့ကို ဒီလိုစကားမျိုး ဘယ်လိုလုပ် ပြောရဲရတာလဲ၊ နင်က တကယ်ကို အလိုက်မသိတဲ့ ကလေးပဲ"

"သမီးက အလိုက်မသိဘူး ဟုတ်လား… အလိုက်သိတာ လိုချင်ရင် သူများကလေးကို သွားရှာလေ၊ တခြားအမေတွေက မေမေ့လို ကပ်စေးမနည်းဘူး၊ အတ္တလည်း မကြီးဘူး… သမီး မသိဘူးလို့ ထင်နေလား၊ မေမေက သားတစ်ယောက်ရဖို့ ပိုက်ဆံစုချင်လို့ မဟုတ်လား၊ သမီးတို့ကို စိတ်ထဲမှာတောင် မရှိဘူး"

ဝမ်မေ့လန်သည် မိမိသမီးထံမှ ထိုကဲ့သို့သော စကားမျိုး ကြားရလိမ့်မည်ဟု တစ်ခါမှ မမျှော်လင့်ထားခဲ့သဖြင့် လက်ကို မြှောက်ကာ ရိုက်ပုတ်လိုက်တော့သည်။

"နင်လို ကလေးမျိုးကတော့နော်... နင် ဘာလုပ်နေတာလဲ… ဘာလို့ ဒီလောက်တောင် အလိုက်မသိရတာလဲ၊ ဒီလိုစကားမျိုး ဘယ်လိုလုပ် ပြောထွက်ရတာလဲ… နင် ငါ့ကို စိတ်နှလုံး ကြေကွဲအောင် လုပ်နေတာပဲ၊ အလိုက်မသိတဲ့ ကောင်မလေး… နင့်အပေါ် ငါ ဘယ်လိုထားတယ်ဆိုတာ မျက်လုံးရှိတဲ့သူတိုင်း မြင်နိုင်ပါတယ်… နင် ဘာလို့ ငါ့ကို စိတ်နာအောင် ဒီလိုစကားတွေ ပြောရတာလဲ"

နာ့နာမှာ အရိုက်ခံရပြီးနောက်တွင်လည်း ဇွတ်ခေါင်းမာကာ ပြန်လည်အော်ဟစ် တုံ့ပြန်လေသည်။

"မေမေက အတ္တကြီးတာပဲ၊ အတ္တကြီးတာပဲ"

ဝမ်မေ့လန်မှာ ဒေါသကြောင့် တုန်တုန်ရင်ရင် ဖြစ်နေရတော့၏။

ဝမ်ကျန့်ကော် ဆက်လက်ကြည့်မနေနိုင်တော့ဘဲ အိမ်ထဲမှ ထွက်လာကာ ဆူပူကြိမ်းမောင်းလိုက်သည်။

"နာ့နာ၊ နင် ဘာတွေ လျှောက်ပြောနေတာလဲ… နင့်အမေ ဘယ်လောက် စိတ်မကောင်းဖြစ်သွားလဲ ကြည့်စမ်း၊ ငါ နင့်ကို ဒီလို သွန်သင်ခဲ့ဖူးလို့လား… နင့်အမေကို ချက်ချင်း တောင်းပန်လိုက်စမ်း"

နာ့နာသည် မျက်လုံးများ နီမြန်းလျက် ဇွတ်ခေါင်းမာကာ နှုတ်ဆိတ်နေခဲ့သည်။

"နင့်အမေက နင့်ကို မချစ်ဘဲ နေမလား… ဒါပေမဲ့ ငါတို့မိသားစုကိုလည်း ကြည့်ဦးလေ၊ အိမ်မှာ လူခြောက်ယောက်ရှိတာ၊ သုံးယောက်က ကျောင်းတက်နေရတာ၊ ဒါက သာမန်ဝန်ထုတ်ဝန်ပိုး မဟုတ်ဘူး၊ စက်ဘီးကို ဒီအတိုင်း လွယ်လွယ်နဲ့ ဝယ်လို့ရမလား… နင်က ငါတို့ကို အငတ်ခံစေချင်တာလား၊ အဝတ်အစားနဲ့ စားသောက်တာက ငါတို့မိသားစုရဲ့ စည်းစိမ်ကို ဖော်ပြတာပဲ၊ အချည်းနှီးဖြစ်တဲ့ ဂုဏ်ပကာသနလေးတစ်ခုအတွက်နဲ့တော့ ခါးပတ်ကို ကျပ်ကျပ် စည်းမထားနိုင်ဘူး… နင်က ကလေးမဟုတ်တော့ဘူး၊ ဘာလို့ ဒီလိုစကားတွေပြောပြီး နင့်မေမေရဲ့ စိတ်ကို နာကျင်အောင် လုပ်ရတာလဲ"

နာ့နာသည် ဝမ်ကျန့်ကော်နှင့်မူ စကားအချေအတင် မပြောရဲပေ။ သူမသည် နှုတ်ခမ်းကို ကိုက်ကာ ငိုယိုရင်း

"ဒါပေမဲ့... ဒါပေမဲ့ ရှောင်ကျားနဲ့ ရှောင်ယွမ်တို့ မိသားစုက သမီးတို့ထက် အခြေအနေ မကောင်းပါဘူး၊ အခုကျတော့ စက်ဘီး နှစ်စီးတောင် တစ်ခါတည်း ဝယ်ပေးလိုက်တာပဲ"

ဝမ်ကျန့်ကော်သည် ခေတ္တမျှ နှုတ်ဆိတ်သွားသော်လည်း ချက်ချင်းပင် ပြန်ပြောလိုက်၏။

"သူတို့မိသားစုက ပိုက်ဆံရရင် ရသလို ဖြုန်းပစ်တာ၊ အနာဂတ်အတွက် ဘာမှ စဉ်းစားတာ မဟုတ်ဘူး… ငါတို့မိသားစုကလည်း သူတို့နောက် လိုက်လုပ်ရင် နောက်ကျရင် ဘာလုပ်ကြမလဲ"

ဝမ်မေ့လန် ; "ဟုတ်တယ်… သူတို့က ရသမျှ ပိုက်ဆံအကုန် သုံးပစ်တာ၊ အခုတော့ အဆင်ပြေပေမဲ့ ကလေးတွေ အရွယ်ရောက်လာပြီး ပိုက်ဆံအများကြီး လိုလာတဲ့အခါကျရင်တော့ ဆင်းရဲဒုက္ခကို သိရလိမ့်မယ်။ ခဏတာ သက်တောင့်သက်သာဖြစ်တာက ဘာအဓိပ္ပာယ် ရှိလို့လဲ… လူ့ဘဝဆိုတာ ရေရှည်ကြည့်ရတာ၊ ငါတို့က ဒီနေ့ပဲ အသက်ရှင်ပြီး မနက်ဖြန်ကျရင် သေမှာမှ မဟုတ်တာ၊ ဟုတ်တယ်မလား… အဲဒီစက်ဘီးက အလကားပဲ၊ သူတို့က ကြွားချင်လို့ ဝယ်တာ၊ နင်ကလည်း ဂုဏ်ပကာသန မက်မောလွန်းလို့ လိုချင်နေတာ… စာကို သေသေချာချာ ကြိုးစားစမ်းပါ၊ နင် အထက်တန်းကျောင်းရောက်ရင် ငါတို့ ဝယ်ပေးမှာပါ"

နာ့နာသည် နှုတ်ခမ်းကိုသာ တင်းတင်းကိုက်ထားမိသည်။

"စာကြိုးစားတာက ဘာထက်မဆို ပိုကောင်းပါတယ်"

နာ့နာသည် စိတ်ထဲ မကျေနပ်သော်လည်း ဖခင်ဖြစ်သူကိုမူ ကြောက်ရွံ့ရှာသည်။ သူမသည် မိခင်ဖြစ်သူကို စကားနာထိုးရဲသော်လည်း ထိုသို့လုပ်နိုင်ခြင်းမှာ အဘွားဖြစ်သူ၏ ကျောထောက်နောက်ခံ ရှိနေသောကြောင့် ဖြစ်၏။ သို့သော် ဖခင်ဖြစ်သူကိုမူ စကားမများရဲပေ။ အကယ်၍ ဖခင်ကို တကယ် စိတ်ဆိုးအောင် လုပ်မိပါက မည်သူမှ သူမကို ကာကွယ်ပေးနိုင်မည်မဟုတ်သည်ကို သိနေသောကြောင့်တည်း။

သူမသည် အလွန်ပင် စိတ်မသက်မသာ ဖြစ်ရသည်။ ယခုအချိန်တွင် စက်ဘီးကို အလွန်ပင် လိုချင်နေသော်လည်း အိမ်တွင် ဖခင်ဖြစ်သူသာ အဓိက ဆုံးဖြတ်ပိုင်ခွင့်ရှိသူဖြစ်ပြီး သူ သဘောမတူပါက မည်သို့မျှ မရနိုင်ကြောင်းကိုလည်း သိရှိနေ၏။ နာနာသည် စိတ်ပျက်

လက်ပျက်ဖြင့် ပြောဆိုကာ အပြင်သို့ ပြေးထွက်သွားပြီး အဘွားကြီးဝမ်၏ အခန်းထဲသို့ ဝင်သွားတော့သည်။

"ကဲပါ... ကဲပါ... တော်ပါပြီ၊ သမီး မဝယ်တော့ဘူး… သမီး သိပါတယ်၊ မေမေတို့ သမီးကို ဘာမှ ဂရုမစိုက်ဘူးဆိုတာ"

အဘွားကြီးဝမ်၏ အခန်းအသစ်မှာ သိပ်မကြီးမားသော်လည်း အခန်းနှစ်ခန်းအဖြစ် ပိုင်းခြားထားပြီး ညီအစ်မသုံးဖော် နေထိုင်ကြသည်။

သူတို့၏ အခန်းဟောင်းမှာမူ ယခုအခါ လွတ်လပ်နေသဖြင့် ပစ္စည်းသိုလှောင်ရုံအဖြစ် အသုံးပြုထားရာ၊ အမှန်စင်စစ် သူတို့မိသားစုသည် ဤဝင်းအတွင်း နေရာထိုင်ခင်း အကျပ်အတည်း အနည်းဆုံး မိသားစု ဖြစ်ပေသည်။

နာနာ အခန်းထဲသို့ ပြေးဝင်သွားသည်ကို ကြည့်ပြီး ဝမ်မေ့လန် သက်ပြင်းချကာ

"ဒီကလေးကတော့ တစ်နေ့ထက်တစ်နေ့ ပိုပြီး စကားနားမထောင် ဖြစ်လာပြီ"

ဝမ်ကျန့်ကော် နှစ်သိမ့်စကားဆိုကာ

"ဖြည်းဖြည်းချင်း သွန်သင်ရမှာပေါ့၊ လူတိုင်းလည်း ဒီအရွယ်ကို ဖြတ်သန်းခဲ့ကြတာပဲ"

ထိုစကားကို ကြားသောအခါ ဝမ်မေ့လန်သည် လက်ထဲမှ စုတ်ပြဲနေသော အဝတ်စုတ်ကို စားပွဲပေါ်သို့ ဘုန်းခနဲ ဆောင့်ချလိုက်ပြီး ဒေါသတကြီး ပြောဆိုလေတော့၏။

"ဒါတွေ အားလုံးက ရှင့်အမေကြောင့်ပဲ… သူက တစ်နေ့ကုန် ကလေးကို အလိုလိုက်ပြီး ဘာတွေမှန်းမသိ လျှောက်ပြောနေတာ၊ ကြည့်စမ်း... နာ့နာကို ဘယ်လိုပုံစံ ဖြစ်အောင် ပြုစုပျိုးထောင်ထားလဲဆိုတာ၊ ကျွန်မရဲ့ သမီးလိမ္မာလေးက အခုတော့ အသိဉာဏ် မရှိတဲ့သူ ဖြစ်နေပြီ… သူများနဲ့ပဲ လိုက်ပြိုင်ချင်နေတာ၊ ဒါလိုချင်တယ်၊ ဟိုဟာလိုချင်တယ်နဲ့ ကိုယ့်အတွက် တကယ် လိုအပ်၊ မလိုအပ်ဆိုတာကိုလည်း မစဉ်းစားဘူး၊ ပိုက်ဆံကို ဘာမှမဟုတ်သလို သဘောထားနေတာ… အိမ်မှာရှိတဲ့ အရာအားလုံးက ပိုက်ဆံနဲ့ ဝယ်ရတာချည်းပဲ၊ သူများက စက်ဘီးဝယ်ရင် သူကလည်း စက်ဘီးလိုချင်တယ်၊ သူများက တီဗီဝယ်ရင် သူကလည်း တီဗီလိုချင်ဦးမှာပဲ မဟုတ်လား"

ဝမ်မေ့လန်သည်လည်း စိတ်ထဲ၌ ဒေါသကို အောင့်အီးသည်းခံထားရခြင်း ဖြစ်၏။ သူမသည် အိမ်တွင်း၌သာ ဗိုလ်ကျစိုးမိုးပြီး အပြင်တွင် ပြဿနာတစ်ခုခုနှင့် ကြုံတွေ့ရပါက ဘာမှမတတ်နိုင်ကာ အိမ်၌သာ ပြဿနာအမျိုးမျိုး ရှာတတ်သော ယောက္ခမကြီးကို တကယ်ပင် အလွန် စိတ်ပျက်ငြီးငွေ့လှပြီ ဖြစ်သည်။

ဝမ်ကျန့်ကော် : "အမေ ဘယ်လိုလူလဲဆိုတာ မင်းလည်း သိတာပဲ… သူက လူ့အဖွဲ့အစည်းဟောင်းမှာ ကြီးပြင်းလာခဲ့တဲ့ သက်ကြီးရွယ်အိုတစ်ယောက်လေ… အခု ငါတို့ ကောင်းကောင်းမွန်မွန် နေထိုင်စားသောက်နေရပေမဲ့ သူ့ရဲ့ အတွေးအခေါ်က ရှေးရိုးစွဲ ဖြစ်နေတုန်းပဲ၊ အဲဒီတော့ သူ့ကို အကျိုးအကြောင်းနဲ့ ပြောလို့ ဘယ်လိုလုပ် ရမလဲ၊ ငါတို့က သားသမီးတွေပဲဥစ္စာ၊ ပိုပြီးတော့ သည်းခံရုံပေါ့… ဒါကလွဲလို့ တခြား ဘာလုပ်လို့ရဦးမှာလဲ၊ သူ့ကို ရိုက်နှက်ပြီး ကျေးလက်တောရွာဆီ နှင်ထုတ်ပစ်ရမလား… မိဘဆိုတာ ဘယ်တော့မှ မမှားဘူးကွ၊ သူ့အပေါ် နည်းနည်းလောက် ပိုပြီး သည်းခံပေးလိုက်ပါ… ငါ သူ့ကို နောက်တစ်ခါ ထပ်ပြီး ဖျောင်းဖျကြည့်ပါ့မယ်"

သူ ဆက်လက်၍

"ငါ့အမေက ဘဝမှာ ဒုက္ခမျိုးစုံ ကြုံခဲ့ရရှာတာ… ငါ့အဖေက ဘာကိုမှ ဂရုစိုက်တာ မဟုတ်ဘူး၊ ငါတို့မိသားစုကို အမေတစ်ယောက်တည်းပဲ ဦးဆောင်ပြီး အုပ်ချုပ်ခဲ့တာ၊ ငါ့ကိုလည်း သူပဲ ကျွေးမွေးပြုစုခဲ့တာလေ… သူ တကယ် ပင်ပန်းခဲ့ရှာပါတယ်၊ ဒါကြောင့် မင်းလည်း သူ့ကို နည်းနည်းလောက် ကူညီ စောင့်ရှောက်ပေးပါ၊ သူနဲ့ စကားအချေအတင် မဖြစ်ပါနဲ့ တော်ပြီ မဟုတ်လား"

"ကျွန်မ သူနဲ့ စကားများချင်လို့ မဟုတ်ပါဘူး… ဒါပေမဲ့ သူ လုပ်ထားတဲ့ အလုပ်တွေကိုလည်း ကြည့်ဦးလေ"

"ငါ နားလည်ပါတယ်၊ သူ မှားသွားတယ်ဆိုတာ ငါ သိပါတယ်… ဒါပေမဲ့ သူက လူကြီးပဲဥစ္စာ၊ ငါတို့က သူ့ကို ရိုက်လို့ ဆဲလို့မှ မရတာ… ဖျောင်းဖျပြောဆိုရုံပဲ တတ်နိုင်တာပေါ့၊ ငါ သူ့ကို သွားပြောလိုက်ပါ့မယ်”

ဝမ်ကျန့်ကော်မှာ ဇနီးဖြစ်သူကို အလိုလိုက် ချော့မော့ပြောဆိုလိုက်သဖြင့် ဝမ်မေ့လန်၏ စိတ်သဘောထားမှာ အနည်းငယ် ပျော့ပြောင်းသွားခဲ့၏။ သို့သော်လည်း သူမ တိုးတိုးလေး ဆက်လက် ညည်းတွားနေသေးသည်။

"သူကတော့ တစ်နားကဝင် တစ်နားကထွက် လုပ်မှာပဲ.. သူ့ကို ပြောလည်း အလကားပါပဲ"

"ပြောရမှာပဲလေ၊ ဒါမှ ငါ့ရဲ့ သဘောထားကို သူ သိမှာပေါ့… အဲဒါဆိုရင် သူလည်း နည်းနည်းတော့ ဆင်ခြင်သွားလိမ့်မယ်"

ဝမ်ကျန့်ကော်သည် အမြဲတမ်း ဝမ်မေ့လန်ဘက်မှ ရပ်တည်ပေးလေ့ရှိသဖြင့် ထိုစကားကို ကြားရသောအခါ ဝမ်မေ့လန်သည် နောက်ဆုံးတွင် ကျေနပ်သွားပြီး

"ရှင်ကတော့ မျှစ်ကောင်းက ထွက်တဲ့ ဝါးဆိုးပဲ၊ ရှင့်အမေနဲ့ နည်းနည်းမှ မတူဘူး"

သူမ စိတ်ထဲတွင် အတိုင်းထက်အလွန် ကျေနပ်သွားရှာသည်။

ဝမ်ကျန့်ကော် တဟားဟားရယ်ကာ

"မင်း ဘာတွေ လျှောက်ပြောနေတာလဲ"

ဝမ်ကျန့်ကော်သည် စိတ်ကြိုက်ရယ်မောပြီးနောက် မျက်လုံးကို ကစားလိုက်ကာ

"ငါ့ကို မေးရင်တော့ ဒါက ရှောင်ချန်တို့ မိသားစုရဲ့ ပြဿနာပဲ… ဘာမဟုတ်တာလေးနဲ့ စက်ဘီးကို ရုတ်တရက်ကြီး ဝယ်လာရတာလဲ၊ သူတစ်ပါး မိသားစုတွေကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်တာပဲ မဟုတ်လား.. ကိုယ့်ရဲ့ စီးပွားရေးအခြေအနေကိုလည်း မချင့်ချိန်ဘဲနဲ့ ဒီလောက်အကုန်အကျများတာကို ဖြုန်းတီးပစ်ရတာလဲ၊ တကယ်ပဲ အိမ်နီးနားချင်းတွေကို ဒုက္ခပေးတာ"

ဝမ်မေ့လန်မှာ ပွင့်လင်းသူဖြစ်သဖြင့်

"သူတို့ဘာသာသူတို့ ဝယ်တာပဲ၊ ကျွန်မတို့ဆီက ပိုက်ဆံတစ်ပြားမှ ကုန်တာမဟုတ်ဘူး၊ ဘာလို့ လျှောက်ပြောနေရတာလဲ"

"ဒါပေမဲ့ ကျွန်မ ထင်တာတော့ ရှောင်ချန်က ဈေးဆိုင်ဖွင့်တာ ပိုက်ဆံ တော်တော်ရပုံပဲ… ပိုက်ဆံရလို့သာ သူတို့မိသားစုက ဒါကို ဝယ်နိုင်တာပေါ့၊ မဟုတ်ရင် ဘယ်လိုလုပ် ဝယ်နိုင်မှာလဲ"

သူမ တိုးတိုးလေး ရေရွတ်လိုက်၏။

ဝမ်ကျန့်ကော် ထောက်ခံကာ

"ဒါကတော့ အမှန်ပဲ ဖြစ်လိမ့်မယ်… သူတို့မိသားစုရဲ့ စီးပွားရေးက ဒီဝင်းထဲမှာ ပျမ်းမျှအဆင့်ပဲ ရှိတာ၊ ဒီလောက် ပိုက်ဆံအများကြီးကို ရုတ်တရက်ကြီး ထုတ်ပေးနိုင်တယ်ဆိုတာ ကောင်းကင်က ကျလာတာတော့ မဟုတ်နိုင်ဘူး"

"အလယ်အလတ်အဆင့် ဟုတ်လား…ကျွန်မကတော့ သူတို့မိသားစုက ဒီဝင်းထဲမှာ အောက်ခြေအဆင့်လို့ ထင်နေတာ"

ဝမ်မေ့လန် ဆိုလိုက်သည်။

သို့သော်လည်း ပစ္စည်းဝယ်ယူရေးဌာနတွင် အလုပ်လုပ်နေသော ဝမ်ကျန့်ကော်မှာ အတွင်းရေးအချို့ကို သိရှိထား၏။ သူ ခေါင်းကို ခါယမ်းကာ

"သူတို့မိသားစုက အလယ်အလတ်အဆင့်ပါ၊ အောက်ခြေအဆင့် လုံးဝမဟုတ်ဘူး၊ ကြည့်လေ... အဘွားကြီးကျောက်က အလုပ်လုပ်ရင်းနဲ့ တစ်နေ့ကို နှစ်နပ် အလကားစားရတယ်၊ အဲဒါတင်ပဲ အများကြီး သက်သာသွားပြီ… ကျန်တဲ့အပိုင်းမှာကျတော့ ချန်ချင်းယွီက အားနွဲ့တဲ့ မုဆိုးမလေးတစ်ယောက်ပဲ၊ သူက ဘယ်လောက် စားနိုင်မှာမို့လဲ၊ ရှောင်ကျားနဲ့ ရှောင်ယွမ်တို့က အစားပိုစားလာတယ်ဆိုပေမဲ့ ဒါက တစ်ရက်တည်း ဖြစ်လာတာ မဟုတ်ဘူး… သူတို့က ငယ်သေးတော့ နည်းနည်းပဲ စားနိုင်တာ၊ ညစာတစ်နပ်ပဲ ကောင်းကောင်း စားကြတာလေ… အဘွားကြီးကျောက်က တစ်ခါတလေကျရင် ထမင်းဘူးတွေ အိမ်ကို ယူလာတတ်သေးတယ်၊ ပြီးတော့ ချန်ချင်းယွီက ငါးဖမ်းတာ သိပ်တော်တာ၊ လွန်ခဲ့တဲ့ နှစ်တွေမှာ သူတို့ ငါးဝယ်စားတာ တစ်ခါမှ မမြင်ဖူးဘူး… အဲဒီတင်မကဘူး၊ ချန်ချင်းယွီက ငါးဖမ်းပြီး တခြားပစ္စည်းတွေနဲ့ အများကြီး လဲလှယ်ခဲ့သေးတယ်၊ သူတို့မိသားစုက စားသောက်စရိတ်မှာ ကုန်ကျတာ သိပ်မရှိဘူး"

ဝမ်ကျန့်ကော်သည် မိမိကိုယ်မိမိ အရာအားလုံးကို တွက်ချက်မိပြီဟု ထင်မှတ်နေသော်လည်း ‘အုပ်စုလိုက် အစားကြီးသော’ ထိုမိသားစု၏ အကြီးမားဆုံးသော ကုန်ကျစရိတ်မှာ စားသောက်စရိတ်ဖြစ်ကြောင်းကိုမူ သူ လုံးဝမသိရှိပေ။

ချန်ချင်းယွီသည် ထူးခြားဆန်းပြားစွာ အစားအလွန်ကြီးသူ တစ်ဦး ဖြစ်ပေသည်။

သို့သော်လည်း သူတို့၏ အတွက်အချက်အရ ထိုမိသားစု၏ စားသောက်စရိတ်မှာ မရှိသလောက်ပင် ဖြစ်သည်ဟု ထင်မှတ်နေကြခြင်းတည်း။

"သူတို့က အဝတ်အစားသစ်တွေလည်း အများကြီး မဝယ်ဘူး၊ အမြဲတမ်း အဲဒီ အဝတ်အစား အနည်းငယ်ကိုပဲ လဲလှယ်ဝတ်နေတာ… ဆောင်းတွင်း ဂွမ်းကပ်အင်္ကျီအသစ် ချုပ်တာလည်း တစ်ခါမှ မမြင်ဖူးဘူး… အဲဒီအပေါ်မှာ ပိုက်ဆံ သိပ်မသုံးဘူး"

ဝမ်ကျန့်ကော်မှာ မိမိ၏ အတွက်အချက်ကို သေချာလှသည်ဟု ထင်နေ၏။

သို့သော် ချန်ချင်းယွီသည် လဲလှယ်ဝတ်ဆင်ရန်အတွက် အဝတ်အစား အတူတူများကို ဝယ်ယူထားကြောင်းကိုမူ သူ လုံးဝ မရိပ်မိပေ။ အပြင်ပန်းကြည့်လျှင် အဝတ်အစား တစ်ခုတည်းကို နှစ်ပေါင်းများစွာ ဝတ်ဆင်နေသည်ဟု ထင်ရသော်လည်း အမှန်စင်စစ်မှာမူ ပုံစံတူ အင်္ကျီအသစ်များ ဖြစ်ကြသည်။

ဆောင်းတွင်း ဂွမ်းကပ်အင်္ကျီကိုမူ သူတို့သည် နှစ်တိုင်း အသစ်ချုပ်ကြသော်လည်း အင်္ကျီအတွင်းသားသာ အသစ်ဖြစ်ပြီး အပြင်ဘက် အစွပ်ကိုမူ အဟောင်းအတိုင်း သုံးထားခြင်း ဖြစ်၏။ ပြင်ပလူများ ထိုအခြင်းအရာကို မသိနိုင်ကြကာ အင်္ကျီကို ခွာကြည့်နိုင်ကြသည်လည်း မဟုတ်ပေ။

ထို့ကြောင့် ပြင်ပလူများ၏ မျက်စိထဲတွင်မူ ထိုမိသားစုသည် ဘာအတွက်မျှ ပိုက်ဆံ အကုန်အကျ မရှိသကဲ့သို့ ထင်ရပေသည်။

ဝမ်မေ့လန် ခဏမျှ စဉ်းစားပြီး ခေါင်းညိတ်ကာ

"ရှင်ပြောတာလည်း ဟုတ်သားပဲ… သူတို့ဆီမှာ ရေနွေးအိုး နှစ်လုံးရှိတာ၊ တစ်လုံးက လင်းကျန့်ဝမ်မင်္ဂလာဆောင်တုန်းက ဝယ်တာ၊ နောက်တစ်လုံးကတော့ ရှောင်ချန် ငါးဖမ်းရင်းနဲ့ သူများနဲ့ လဲလှယ်လာတာလေ… ပြီးတော့ သူတို့က နှစ်တိုင်း တောင်ပေါ်ထွက် သစ်သီးတွေဖြစ်တဲ့ သစ်ကြားသီးနဲ့ ဟေဇယ်သီးတွေကို အများကြီး လဲလှယ်ကြသေးတယ်"

ဤသို့ ကြည့်မည်ဆိုပါက သူတို့သည် ပိုက်ဆံ သိပ်မသုံးကြချေ။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် ယခုနွေရာသီကျမှ တတိယတန်းသို့ တက်ရောက်ကြမည်ဖြစ်ရာ မူလတန်းကျောင်းသားများအတွက် ကုန်ကျစရိတ်မှာ သိပ်မရှိလှပေ။

သူတို့သည် တကယ်ပင် ဤဝင်းအတွင်းရှိ အလယ်အလတ်တန်းစား အိမ်ထောင်စုတစ်စု ဖြစ်ပေသည်။

"ဒါကြောင့်မို့လို့ သူတို့မှာ ကုန်ပစ္စည်းတွေ သွားဝယ်ဖို့ ပိုက်ဆံရှိနေတာကိုး"

ဝမ်ကျန့်ကော် : "လင်းကျန့်ဝမ်အတွက် နစ်နာကြေးပိုက်ဆံ ရှိသေးတယ်ဆိုတာ မမေ့နဲ့ဦး"

"ဟုတ်သားပဲ... ဟုတ်သားပဲ"

ထိုဇနီးမောင်နှံသည် သူတစ်ပါး၏ ကိစ္စရပ်များကို အလွန်ပင် သေသေချာချာ တွက်ချက်နေကြခြင်း ဖြစ်၏။

"အာ... ဒါဆိုရင် ကျွန်မတို့က ဒီယောက္ခမနဲ့ ချွေးမရဲ့ လှည့်စားတာကို ခံလိုက်ရတာပေါ့… သူတို့က အမြဲတမ်း ပိုက်ဆံကို စိတ်ကြိုက် သုံးပစ်တယ်လို့ ပြောနေတာ၊ တကယ်တော့ အဲဒီလို မဟုတ်ဘူးပဲ… သူတို့က ဒီလောက် နည်းနည်းပဲ သုံးတာဆိုတော့ ပိုက်ဆံ တော်တော်လေး စုမိထားမှာပဲ မဟုတ်လား…တကယ်ပဲ လူတွေကို လှည့်စားတတ်တာပဲ"

ဝမ်မေ့လန်သည် မိမိကိုယ်မိမိ လှည့်စားခံလိုက်ရသည်ဟု ခံစားရသဖြင့် အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။

ဝမ်ကျန့်ကော် : "ဆင်းရဲချင်ယောင် ဆောင်နေတာပေါ့… ငါ အမြဲပြောသားပဲ၊ ငါ့တို့ဝင်းထဲမှာ မင်းတစ်ယောက်တည်းပဲ ဒီလောက်ရိုးရိုးသားသားရှိတာ၊ တခြားလူတွေက အများကြီး ပိုပြီး လည်ကြတယ်"

ဝမ်မေ့လန် : "တကယ်ပါပဲ... အားလုံးက အိမ်နီးနားချင်းတွေပဲဥစ္စာ၊ ဘယ်သူ့ကို သတိထား ကာကွယ်နေကြတာလဲ…တကယ်ကို အဓိပ္ပာယ်မရှိတာ"

"ကဲပါ... အခြေအနေကို မင်း သိသွားရင် တော်ပြီပေါ့"

သူ ခေတ္တမျှ ရပ်ပြီးနောက်

"ငါကတော့ အစက လမ်းဘေးဈေးရောင်းတာကို အောက်တန်းကျတယ်လို့ ထင်ခဲ့တာ… ပိုက်ဆံရရင်တောင်မှ ဝမ်းစာကာမိရုံပဲ ရှိမှာပါလို့ ထင်ခဲ့တာ၊ ဒါပေမဲ့ အခုတော့ အဲဒီလို ထင်လို့ မရတော့ဘူး"

"သူတို့မိသားစုက ပိုက်ဆံ တကယ်ရတာ… လမ်းဘေးဈေးရောင်းတာက တကယ်ကို တွက်ချေကိုက်ပုံရတယ်"

ဝမ်ကျန့်ကော် မနာလိုအားကျစွာ ပြောနေ၏။

"ဘယ်လိုလုပ်ပြီး အဲဒီလို ဖြစ်နိုင်မှာလဲ… ရှင်က ဘယ်လိုလုပ် ပိုက်ဆံရတယ်ဆိုတာ သိတာလဲ"

ဝမ်ကျန့်ကော် : "ပိုက်ဆံမရရင် ဘာလို့ စက်ဘီး နှစ်စီးတောင် တစ်ခါတည်း ဝယ်ပေးနိုင်မှာလဲ"

"ရှင်ပြောတာ တကယ် ဟုတ်တယ်..."

ဝမ်ကျန့်ကော် ခဏမျှ စဉ်းစားပြီးနောက်

"မင်း ရှောင်ချန်နဲ့ စကားပြောလို့ ရတယ် မဟုတ်လား… သူတို့မိသားစုရဲ့ အခြေအနေက ဘယ်လိုလဲဆိုတာ သွားပြီး စုံစမ်းကြည့်ပါဦး၊ ဒီစီးပွားရေးက တကယ်ပဲ အဲဒီလောက် အမြတ်အစွန်း များတာလား"

ဝမ်မေ့လန်သည် လန့်ဖျန့်သွားပြီး

"ရှင် သွားပြီး မိုက်မဲမနေနဲ့ဦး… ရှင်က အလုပ်ကောင်းကောင်း ရှိတာပဲ၊ ဌာနခွဲမှူးတောင် ဖြစ်နေပြီဥစ္စာ၊ ကျွန်မတို့က လမ်းဘေးမှာ သွားပြီး ဈေးမရောင်းနိုင်ပါဘူး… ရှက်စရာကြီး၊ သူတပါးတွေ သိသွားရင် ကျွန်မတို့ကလေးတွေ မျက်နှာဖော်ရဲမှာ မဟုတ်တော့ဘူး… လမ်းဘေးဈေးရောင်းတာက အလုပ်ကောင်းမှ မဟုတ်တာ”

ဝမ်ကျန့်ကော် : "မင်းကလည်း... ငါက မင်းကို သွားပြီး စုံစမ်းခိုင်းတာလေ၊ ငါ အလုပ်ထွက်မယ်လို့ ပြောတာမှ မဟုတ်တာ… အမြတ်အစွန်း ဘယ်လောက်ရှိလဲဆိုတာပဲ သိချင်တာပါ၊ တော်တော်လေး များနိုင်တယ်၊ ကြည့်လေ... မာကျန့်ယီက အရာရှိကြီးတစ်ယောက် ဖြစ်ပြီးတော့ သူ့ချွေးမက ဒါကို လုပ်နေတာတောင် သူက ဘာမှမဖြစ်သလို နေနိုင်သေးတာပဲ… ဒါက မရိုးရှင်းဘူး၊ အမြတ်အစွန်း အများကြီး မရရင် သူ ဒီလိုလုပ်ရဲပါ့မလား… အကယ်၍ ဒါက တကယ် ပိုက်ဆံရတာဆိုရင် အမေလည်း အိမ်မှာ ပျင်းနေတာပဲ မဟုတ်လား… ဒီအပတ် ပိတ်ရက်ကျရင် အမေနဲ့ နာ့နာကို ခေါ်ပြီး လမ်းဘေးမှာ သွားပြီး ဈေးရောင်းခိုင်းကြည့်ရအောင်… နာ့နာလည်း ပိုက်ဆံရှာရတာ ဘယ်လောက် ပင်ပန်းလဲဆိုတာ သိသွားတာပေါ့"

ဝမ်မေ့လန်၏ မျက်လုံးများမှာ တောက်ပသွားပြီး ချက်ချင်း ထောက်ခံလိုက်သည်။

"ဒါ တကယ့် အကြံကောင်းပဲ"

"မင်း သွားပြီး စုံစမ်းကြည့်လိုက်ဦး.. ချန်ချင်းယွီက စိတ်ကောင်းရှိပြီး မင်းနဲ့လည်း အဆင်ပြေတာပဲ…ငါ အခန်းထဲ ဝင်လိုက်ဦးမယ်"

"အင်း... ကောင်းပြီ..."

ထိုဇနီးမောင်နှံသည် သဘောတူညီမှု ရရှိသွားကြပြီးနောက် ဝမ်ကျန့်ကော်သည် အခန်းထဲသို့ ဝင်သွားခဲ့သည်။ မီးဖိုချောင် အလုပ်များမှာ သူကဲ့သို့သော ယောက်ျားတစ်ယောက် ကိုင်တွယ်ရမည့် အလုပ်မဟုတ်ပေ။အကယ်၍ ဤအကြောင်းအရာကို ဝမ်မေ့လန်နှင့် ဆွေးနွေးချင်စိတ် မရှိခဲ့ပါက မိခင်နှင့် သမီးတို့၏ အငြင်းပွားမှုကိုလည်း သူ ဝင်ရောက် စွက်ဖက်နေမည် မဟုတ်ပေ။

ဝမ်ကျန့်ကော်သည် နာ့နာအတွက် ဖခင်ကောင်းပုံရိပ်ကို ထိန်းသိမ်းထားပြီး ဝမ်မေ့လန်ကဲ့သို့ အငြင်းပွါး အရာရာကို ကြည့်မနေပေ။

ဝမ်ကျန့်ကော်သည် စီးကရက်တစ်လိပ်ကို မီးညှိလိုက်ရင်း လမ်းဘေးဈေးဆိုင်လေး တစ်ဆိုင် တည်ထောင်ရန် အစီအစဉ်ကို စိတ်ထဲ၌ လေးလေးနက်နက် စဉ်းစားခန်းဖွင့်နေတော့သည်။

ထိုအလုပ်သည် ပိုက်ဆံ ဧကန်မုချရမည်ဟု သူ အသေအချာ ယုံကြည်နေမိ၏။

မဟုတ်ရင် ကွမ်ထင်းထင်း ဘာဖြစ်လို့ သူတို့အိမ်တံခါးဝအထိ လာရောက်ရှာဖွေမှာလဲ…

ရှောင်ကျားနဲ့ ရှောင်ယွမ်တို့ကကော ဘာလို့ စက်ဘီးအသစ်စက်စက်များကို ဝယ်ယူနိုင်မှာလဲ…

သူသည် ပုံမှန်အားဖြင့် လူအများရှေ့တွင် ပေါ်ပေါ်ထင်ထင် မနေတတ်သော်လည်း ပိုက်ဆံရမည့် ကိစ္စရပ်များတွင်မူ အမြဲတမ်း ပါဝင်ပတ်သက်လိုသူ ဖြစ်ပေသည်။

သူ့မိခင်၏ အရည်အချင်းမှာ ထိုကြောက်တတ်လှသော မုဆိုးမငယ်လေး၏ လမ်းဘေးဈေးရောင်းစွမ်းရည်ထက် မည်သို့မျှ လျော့နည်းနိုင်စရာ အကြောင်းမရှိပေ။

သူ့မိသားစုအနေဖြင့် ဤအလုပ်ထဲသို့ မဖြစ်ဖြစ်အောင် ဝင်ရောက်စွက်ဖက်ရမည်၊ မဖြစ်မနေ ပါဝင်ပတ်သက်ရမည်သာ….

ဝမ်ကျန့်ကော်သည် ထိုမုဆိုးမငယ်လေးကို စောစောစီးစီး မျက်စိဒေါက်ထောက် မကြည့်မိခဲ့ခြင်းအတွက် တကယ်ပင် နောင်တရမိ၏။ အကယ်၍ စောစောသာ သတိထားမိခဲ့ပါက အခြေအနေမှန်ကို ပိုမိုစောစီးစွာ သိရှိနိုင်ခဲ့မည် ဖြစ်၏။ ယခုမူ ရက်အနည်းငယ်မျှ အချိန်ကုန် လူပန်း ဖြစ်ခဲ့ရသည့်အပြင် သူမ၏ ကုန်ပစ္စည်းများ အကုန်လုံး ရောင်းချပြီးစီးသွားပြီဟု ကြားရသဖြင့် အသေးစိတ်အချက်အလက်များကို သိရှိနိုင်ရန် သူမကိုသာ တိုက်ရိုက် ဗြောင်မေးမြန်းဖို့သာ ရှိတော့သည်။

တကယ့်ကို ဆုံးရှုံးမှုကြီးတစ်ရပ်ပင် ဖြစ်တော့၏။

ဝမ်ကျန့်ကော် ဤသို့ အတွက်အချက် လုပ်နေစဉ် ထိုစက်ဘီးနှစ်စီးသည် အခြားသော မိသားစုများကိုလည်း ဂယက်ရိုက်ခတ်လျက် ရှိနေပေသည်။

လင်စန်းရှင်းသည် အိမ်၌ တစ်ယောက်တည်း တိုးတိုးတိုးတိုးဖြင့် ညည်းတွားနေခဲ့၏။ လီလင်းလင်းမှာမူ ယခုထိ အိမ်သို့ ပြန်မရောက်သေးချေ။ သူမသည် ယနေ့တွင် အရိုက်ခံခဲ့ရသော်လည်း သူမ၏ ခင်ပွန်းဖြစ်သူ၌ အပြစ်ရှိသည်ဟု မထင်မှတ်ဘဲ ယခုအခါ စိတ်ဒဏ်ရာများ သက်သာသွားခဲ့ပြီ ဖြစ်သည်။ သူမမကျေမနပ်ဖြင့်

"အဲဒီ မုဆိုးမမိသားစုက တကယ်ကို ပြဿနာရှာလွန်းတယ်… ပိုက်ဆံလေး နည်းနည်းရှိတာနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် ထူးခြားနေတယ်လို့ ထင်နေကြတာ၊ ကြည့်စမ်း... သူတို့က ဘာမို့လို့ ဒီလောက် ထူးခြားနေရတာလဲ… ကလေးအတွက်တောင် စက်ဘီး ဝယ်ပေးသေးတယ်၊ ဒီဝင်းကြီးတစ်ခုလုံး သူတို့လိုလူ မရှိတော့ဘူးလို့ ထင်နေလားမသိဘူး… လူတိုင်း သိအောင် လျှောက်ကြွားနေကြတာ၊ လမ်းဘေးဈေးရောင်းလို့ ရတဲ့ ပိုက်ဆံလေး နည်းနည်းပါးပါးနဲ့ ဘာတွေ လာကြွားနေတာလဲ… တရားဝင် အလုပ်အကိုင်ရှိတာလည်း မဟုတ်ဘဲနဲ့၊ အလုပ်မရှိတာ သိသာနေပါရက်နဲ့ ဒီလောက်တောင် မာန်တက်နေကြတာ… ပိုက်ဆံတွေကို ဖြုန်းတီးပစ်နေတာပဲ"

"မင်း ဘာတွေ လျှောက်ပြောနေတာလဲ… သူတို့ စက်ဘီးဝယ်တာ မဝယ်တာက ငါတို့နဲ့ ဘာဆိုင်လို့လဲ၊ အဲဒီအချိန်တွေရှိရင် ကိုယ့်သမီးကို သေသေချာချာ သွန်သင်ဆုံးမလိုက်စမ်းပါ၊ တကယ်ပါပဲ... သူက တကယ့်ကို အရှက်မရှိတဲ့ သမီးပဲ၊ ငါ့ကို သိက္ခာချဖို့ပဲ သိတယ်… ငါ လီချန်ရွှမ်းရဲ့ ဘဝကတော့ သွားပါပြီ၊ တကယ်ကို ပြီးဆုံးသွားပါပြီ၊ ငါ့မှာ သားတစ်ယောက်တောင် မရှိဘူး… ငါ့အတွက် ဘာမျှော်လင့်ချက် ရှိတော့မှာလဲ… ပိုက်ဆံရှာဖို့ အခွင့်အလမ်းကလည်း ငါ့ဆီကို ရောက်မလာဘူး၊ တကယ်ပဲ စိတ်ပျက်ဖို့ကောင်းလိုက်တာ"

လီချန်ရွှမ်း ပြန်လည် ပက်ပက်စက်စက် ပြောဆိုလိုက်လေသည်။

လင်စန်းရှင်းသည် ချက်ချင်းပင် စိတ်ဓာတ်ကျကာ ခေါင်းငိုက်စိုက် ကျသွားရှာ၏။

ဒါတွေအားလုံးက သူမရဲ့ အပြစ်တွေပါပဲ၊ သူမက အသုံးမကျလို့ ဖြစ်ရတာ….

ဤအချိန်တွင် သူမသည် လင်မိသားစု၏ မကောင်းသော ဖုန်းရွှေ အစီအရင်ကိုသာ နာကျည်းမိတော့သည်။ အကယ်၍ မကောင်းသော ဖုန်းရွှေကြောင့်သာ မဟုတ်ခဲ့ပါက...

"ကျွန်မဘာလို့ သမီးတစ်ယောက်ပဲ မွေးနိုင်ရတာလဲ…မိဘတွေကလည်း ဒီလိုပဲ၊ ကျွန်မလည်း ဒီလိုပဲ… ကျွန်မက လင်ကိုပါ အောက်ကျနောက်ကျဖြစ်အောင် ဆွဲချနေတဲ့သူပဲ"

လီချန်ရွှမ်းသည် ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားပြီး ကိုယ်ကို မတ်မတ်ဆန့်ကာ လင်စန်းရှင်းကို စိုက်ကြည့်လိုက်သည်။

လင်စန်းရှင်း : "ရှင် ဘယ်လောက် ခံစားနေရလဲဆိုတာ ကျွန်မ သိပါတယ်ရှင်… ရှင့်ကို အမွေခံသားမရှိဘဲနဲ့ မသေစေရပါဘူး၊ ကျွန်မတို့ သမီးက သိပ်ပြီး ဉာဏ်မကောင်းရှာဘူး၊ သူ့ကို ကူညီပေးမယ့် မောင်တစ်ယောက် လိုအပ်တာပေါ့… ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်မ ကိုယ်ဝန်မရနိုင်ခဲ့တာ တကယ်ကို စိတ်မကောင်းပါဘူး… ဒါတွေ အားလုံးက ကျွန်မရဲ့ ခန္ဓာကိုယ်က အသုံးမကျလို့ပါ၊ ချန်ရွှမ်း... ရှင် အပြင်မှာ တခြားမိန်းမတစ်ယောက် ရှာလိုက်ပါတော့၊ တစ်ယောက်ယောက်နဲ့ လျှို့ဝှက်ပြီး ကလေးမွေးခိုင်းလိုက်ပါ၊ အဲဒီကလေးကို ကျွန်မပဲ ပြုစုပျိုးထောင်ပေးပါ့မယ်… ကျွန်မရဲ့ ကလေးလို့ပဲ လူသိရှင်ကြား ပြောလိုက်ကြတာပေါ့"

ဤသည်မှာ လင်စန်းရှင်း စဉ်းစားမိသမျှ အကောင်းဆုံးသော အဖြေရှာမှု ဖြစ်ပေသည်။ အပြင်တွင် သူမ ရှာဖွေပေးသော မိန်းမ၌ ကိုယ်ဝန်ရှိလာသည်နှင့် တပြိုင်နက် သူမကိုယ်တိုင် ကိုယ်ဝန်ရှိနေပြီဟု လူသိရှင်ကြား ကြေညာကာ၊ ဗိုက်ထဲသို့ ခေါင်းအုံး ထည့်ပြီး ကိုယ်ဝန်ဆောင်ချင်ယောင် ဆောင်ကာ ကလေးမွေးဖွားသည့်အသွင် ဖန်တီးလိုက်ရန် ဖြစ်၏။ ထိုသို့ဆိုပါက ပြင်ပလူများအနေဖြင့် ဤကလေးမှာ သူမ၏ သားအရင်းမဟုတ်ကြောင်း မည်သို့မျှ သိရှိနိုင်မည် မဟုတ်ပေ။

ဒါက တကယ့်ကို ပြည့်စုံလွန်းတဲ့ အစီအစဉ်ပဲ မဟုတ်လား…

"ရှင် ဘယ်လိုထင်လဲဟင်"

လီချန်ရွှမ်း ဟန်ဆောင်ပန်ဆောင်ဖြင့် အနေခက်ဟန်ပြကာ

"ပြောဖို့ကတော့ လွယ်တာပေါ့… ငါက တခြားလူကို ဘယ်ကနေ သွားရှာရမှာလဲ၊ ပြီးတော့ မင်းလည်း သိပါတယ်၊ ငါက အဲဒီလို လူစားမျိုး မဟုတ်ဘူးဆိုတာ"

သူသည် လင်စန်းရှင်း၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး

"မင်းအပေါ် ငါ ဘယ်လို သဘောထားတယ်ဆိုတာ မင်း သိပါတယ်… ငါ ဘယ်လိုလုပ် တခြားမိန်းမ ရှာနိုင်မလဲ၊ ငါတို့ အိမ်ထောင်သက် ဒီလောက် ကြာခဲ့ပြီပဲ၊ မင်း ဒီလောက် စိတ်ဆင်းရဲ ခံစားနေရတာကို ငါ ဘယ်လိုလုပ် ကြည့်ရက်မှာလဲ"

လင်စန်းရှင်း၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာပြီး

"ရှင့်ရဲ့ စေတနာကို ကျွန်မ သိပါတယ်၊ အားလုံးကို နားလည်ပါတယ်… ဒါပေမဲ့ ကျွန်မတို့မှာ သားတစ်ယောက်မရှိလို့ မဖြစ်ဘူးလေ၊ သားမရှိရင် ကျွန်မတို့ မိသားစုမျိုးရိုး ပြတ်သွားလိမ့်မယ်… ကျွန်မက ကျွန်မအမေနဲ့ မတူဘူး၊ သူက သားမမွေးနိုင်ဘဲနဲ့ သူ့လင်ကို အတင်းဆွဲထားတာ… ကျွန်မတို့ မိသားစုက..."

“ရှင် သားတစ်ယောက် ရဖို့အတွက် တခြားမိန်းမတစ်ယောက်နဲ့ ကလေးယူတာကို ကျွန်မ ဘာမှမဖြစ်ပါဘူး… ကျွန်မတို့မှာ သားတစ်ယောက် ရှိလာရင် ဒါက ဘာထက်မဆို ပိုကောင်းပါတယ်… ကလေးကလည်း ကျွန်မကို သူ့ရဲ့ အမေအရင်း မဟုတ်ဘူးလို့ သိမှာမဟုတ်ပါဘူး”

"ဒါပေမဲ့... ဒါပေမဲ့..."

လီချန်ရွှမ်း တုံ့ဆိုင်းဟန် ပြုနေ၏။

လင်စန်းရှင်း : "ကျွန်မ စကားကို နားထောင်ပါ ချန်ရွှမ်း… အခုက ကျွန်မတို့ ဆုံးဖြတ်ချက်ချရမယ့် အချိန်ပဲ၊ ရှင် ကြည့်လေ... အဲဒီ မုဆိုးမ ယောက္ခမနဲ့ ချွေးမက ဘာလို့ ဒီလောက်တောင် အားသွန်ခွန်စိုက် အလုပ်လုပ်နိုင်နေကြတာလဲ… သူတို့မိသားစုမှာ သားတစ်ယောက် (အမွေခံ) ရှိနေလို့ မဟုတ်လား၊အကယ်၍ သားမရှိရင် သူတို့လည်း စောစောစီးစီး စိတ်ပျက် လက်လျှော့သွားကြမှာပဲ… ရှောင်ယွမ် တစ်ယောက်တည်းနဲ့ သူတို့ ဒီလောက်အထိ ကြိုးစားနိုင်လိမ့်မယ်လို့ ကျွန်မ မယုံဘူး… ရှင်လည်း သားတစ်ယောက်တော့ မဖြစ်မနေ ရှိရမယ်"

လီချန်ရွှမ်း : "ဒါပေမဲ့ မင်းအပေါ် ငါ တကယ် အားနာပါတယ်"

"ရှင့်အတွက် ကောင်းမယ်ဆိုရင် ကျွန်မ စိတ်ချမ်းသာပါတယ်ရှင်"

"မြောင်အာ..."

"ချန်ရွှမ်း..."

ထိုလူနှစ်ဦးသည် တတွဲတွဲ တဗျာဗျာဖြင့် ကြင်နာပြနေကြပြီးနောက်...

"ငါ အဲဒီအတွက် လူတစ်ယောက်ကို စဉ်းစားထားတယ်၊ ဒါပေမဲ့ ဒီလိုလူမျိုးကို ရှာဖို့ကတော့ မလွယ်လှဘူး"

"ကိုယ်ဝန်ရရမှာ ဖြစ်တဲ့အတွက် အိမ်ထောင်ရှိတဲ့ မိန်းမတစ်ယောက်ကို ရှာတာ အကောင်းဆုံးပဲ၊ မဟုတ်ရင် ပြဿနာ တက်လွယ်တယ်..."

"ဝေးဝေးလံလံက လူကို ရှာတာ အကောင်းဆုံးပဲ…ကလေးမွေးပြီးရင် ပြန်မလာနိုင်မယ့်သူမျိုး..."

"ဟုတ်တယ်..."

သူတို့ နှစ်ဦးသည် ထိုအခြင်းအရာကို တိုင်ပင်ဆွေးနွေးနေကြတော့သည်။

ချန်ချင်းယွီတို့ မိသားစုက စက်ဘီးအသစ်များ ဝယ်ယူလိုက်သည့်အတွက်ကြောင့် ဤဝင်းအတွင်းရှိ မိသားစုများစွာမှာ အမှန်တကယ်ပင် စိတ်လှုပ်ရှား တုန်လှုပ်သွားကြရ၏။

ဤသည်မှာ ရှေ့ဝင်းအတွက်သာမက ဒုတိယဝင်းအတွက်လည်း အမှန်တရား ဖြစ်ပေသည်။

ရွှီကောင်းမင်သည် နှုတ်ခမ်းကို မဲ့လျက် အရက်ကို တစ်ငုံချင်း စုပ်သောက်နေသော်လည်း သူ့မျက်မှောင်မှာမူ တင်းတင်းကျပ်ကျပ် တွန့်ချိုးထားလျက် ရှိသည်။ အတန်ကြာမှ သူသည် ဆိုလိုက်ကာ

"ဒီမိသားစုက ပိုက်ဆံ တကယ်ရတာပဲ… ဒီလမ်းဘေးဈေးရောင်းတဲ့ အလုပ်က ငါတို့ ထင်ထားတာထက် အများကြီး ပိုပြီး မြတ်ပုံရတယ်"

ရှီကျန့်ရှန်း : "ရှင် ဘယ်လိုထင်လဲ… ကျွန်မတို့မိသားစုလည်း ဒါကို လိုက်သင်ရမလား… ဒါပေမဲ့ ရှက်စရာကြီးနော်"

ရွှီကောင်းမင် ခေါင်းကို အသာအယာ ခါယမ်းကာ

"ငါတို့မိသားစုက အားလုံး အလုပ်သမားတွေချည်းပဲဥစ္စာ… ဘယ်လိုလုပ် သွားသင်လို့ ရမှာလဲ၊ လမ်းဘေးဈေးရောင်းဖို့အတွက်နဲ့ ကိုယ့်အလုပ်ကို ပစ်ထားလို့ ဘယ်ဖြစ်မလဲ။ ဒါက ရေရှည်ဖြေရှင်းနည်း မဟုတ်ဘူး"

ရှီကျန့်ရှန်း အားကျစိတ်ဖြင့်

"ဘယ်လိုမိသားစုမျိုးမို့လို့ စက်ဘီး နှစ်စီးတောင် တစ်ခါတည်း ဝယ်ရဲရတာလဲမသိဘူ… တကယ့်ကို ဖြုန်းတီးနိုင်လွန်းတယ်"

ရွှီကောင်းမင်သည်လည်း အားကျနေမိသော်လည်း နောက်ဆုံးတွင်

"ငါတို့က အလုပ်လုပ်ရမှာ၊ ပြီးတော့ ဒါကို သွားသင်လို့လည်း မရဘူး… ထားလိုက်ပါတော့၊ ငါတို့ ဝင်မပတ်သက်တာ အကောင်းဆုံးပဲ၊ နောင်ကျရင် မူဝါဒတွေ ပြောင်းလဲသွားမလား ဘယ်သူသိမှာလဲ… အကယ်၍ ပြောင်းလဲသွားရင် သူတို့လည်း ကောင်းစားမှာ မဟုတ်တော့ဘူး"

"ဒါလည်း ဟုတ်တာပဲ"

သူမ ဆက်လက်၍ လျှို့ဝှက်ဆန်းကြယ်သော အမူအရာဖြင့်

"ကျွန်မ ထင်တာတော့ လင်းကျန့်ဝမ်ရဲ့ ဝိညာဉ်က အခုထိ ရှိနေတုန်း

ပဲ"

သူမသည် ရွှီကောင်းမင်ကို မျက်စိတစ်ဖက် မှိတ်ပြရင်း

"တကယ်ပါ၊ ဧကန်မုချ ရှိနေတုန်းပဲ… မဟုတ်ရင် သူတို့မိသားစုက ဘယ်လိုလုပ် ဒီလောက် ကောင်းစားနေရမှာလဲ၊ ချန်ချင်းယွီလို ကြောက်တတ်တဲ့ ပုံစံမျိုးနဲ့ ဘယ်လိုလုပ် လမ်းဘေးမှာ ဈေးထွက်ရောင်းရဲမှာလဲ… ပိုပြီးတော့ အဓိပ္ပာယ်မရှိတာက သူက ပိုက်ဆံပါ ရနေသေးတယ်၊ တစ်ယောက်ယောက်က သူ့ကို ကွယ်ကာ စောင့်ရှောက်နေတာ နေမှာ…မဟုတ်ရင်တော့ သူ ဒီလောက်အထိ အဆင်ပြေနိုင်လိမ့်မယ်လို့ ကျွန်မ လုံးဝမယုံဘူး"

ရွှီကောင်းမင်သည် ရုတ်တရက် သဘောပေါက်သွားဟန်ဖြင့် ခေါင်းညိတ်ကာ

"မင်းပြောတာ အဓိပ္ပာယ်ရှိသားပဲ"

ရှီကျန့်ရှန်း : "ကျွန်မတို့က ဒီလိုအရာတွေထဲ ဝင်မပတ်သက်တာ အကောင်းဆုံးပဲ… လင်းကျန့်ဝမ်က သူ့မိသားစုကို ကာကွယ်ပေးချင်ပေးလိမ့်မယ်၊ ကျွန်မတို့ကိုတော့ ကာကွယ်ပေးမှာ မဟုတ်ဘူး… တို့တွေသာ ဝင်ပါရင် ပိုက်ဆံပဲ ဆုံးရှုံးရလိမ့်မယ်"

ရွှီကောင်းမင်မှာလည်း အသေအလဲ ထောက်ခံကာ

"မိန်းမ... မင်းပြောတာ တကယ်မှန်တယ်"

"ဟီးဟီး"

ထိုဇနီးမောင်နှံ စကားပြောနေကြစဉ် အစ်မကြီးဖန်တို့အိမ်ရှိရာ ဘက်ဆီမှ 'ခွမ်း... ခွမ်း' ဟု ပစ္စည်းများ ရိုက်ခွဲသံ အုန်းအုန်းဒိုင်းဒိုင်း ထွက်ပေါ်လာသည်။ သူမ ဘာပစ္စည်းများကို ရိုက်ခွဲနေသည်ကိုမူ မသိရပေ။

ရွှီကောင်းမင် : "ကြည့်စမ်း... သူတို့တွေ ဘယ်လောက်တောင် မနာလိုဖြစ်နေကြလဲဆိုတာ"

"ဒါပေါ့... မနာလို ဖြစ်ကြတာပေါ့"

အမှန်စင်စစ် အစ်မကြီးဖန်သည် အိမ်၌ ပစ္စည်းများကို တကယ်ပင် ရိုက်ခွဲနေခြင်း ဖြစ်ပြီး၊ သူမသည် မနာလို ဝန်တိုစိတ်ကြောင့် ရူးသွပ်လုမတတ် ဖြစ်နေရ၏။

အစ်မကြီးဖန်သည် မိမိကိုယ်မိမိ မိသားစုနောက်ခံကောင်းသူဟု သတ်မှတ်ထားသော်လည်း မည်သည့်အရာတွင်မျှ သူတစ်ပါးကို မယှဉ်နိုင်သဖြင့် စိတ်ထဲ၌ တကယ်ပင် မကျေမနပ် ဖြစ်နေရရှာသည်။ သူတစ်ပါး တရိပ်ရိပ်နှင့် ပိုမိုအဆင်ပြေလာသည်ကို မြင်ရလေလေ သူမ၏ စိတ်ထဲ၌ မနာလိုမုန်းတီးစိတ်များ ပိုမိုတောက်လောင်လာလေလေ ဖြစ်၏။ သူမသည် ရှီရှန်းကို မျက်စောင်းထိုးကြည့်ရင်း ရန်တွေ့လိုက်သည်။

"ဟိုမုဆိုးမကို ကြည့်စမ်းပါဦး၊ အပြင်ထွက်ပြီး ပိုက်ဆံရှာရကောင်းမှန်း သိတယ်… ရှင်ကကော ပိုက်ဆံရှာဖို့ နည်းလမ်းလေးဘာလေး မစဉ်းစားမိဘူးလား၊ ကျွန်မတို့သားကလည်း အရွယ်ရောက်နေပြီ၊ နောက်ကျရင် မိန်းမယူရဦးမှာ… ပိုက်ဆံမရှိရင် ဘယ်လိုလုပ် အသက်ရှင်ကြမလဲ၊ ရှင် နည်းနည်းမှ မပူပန်ဘူးလား"

ရှီရှန်းမှာ အေးအေးလူလူပင်

"လှေနံဓားထစ်ပဲပေါ့… သူကိုယ်တိုင်ကမှ မကြိုးစားတာ၊ ငါ့ကို ဘာလာလုပ်ခိုင်းနေတာလဲ"

သူ ဂရုမစိုက်ဟန်ဖြင့်

"သူက အလုပ်တောင် ရှာတာမဟုတ်ဘူး… ငါက ဘာလို့ ဂရုစိုက်ရမှာလဲ၊ အသက်ကလည်း နှစ်ဆယ်ကျော်နေပြီ။ ဘာလဲ... မိသားစုကပဲ တစ်သက်လုံး ကျွေးထားရမှာလား၊ မင်းဘာသာမင်း အဆင်ပြေ သလိုလုပ်၊ ငါတော့ မသိဘူး"

"ရှင်... ရှင်..."

"ဒါနဲ့... လမ်းဘေးဈေးရောင်းတာ အရှက်ရှိစရာကြီးလို့ မင်းပဲ ပြောခဲ့တာ မဟုတ်ဘူးလား"

ရှီရှန်း ဘုတောလိုက်ပြန်၏။

"အရှက်ရှိစရာကြီးဖြစ်ပြီး သိက္ခာမရှိတာတော့ မှန်ပါတယ်၊ ဒါပေမဲ့ ပိုက်ဆံရတယ်လေ… ပိုက်ဆံရရင်တော့ အဲဒါက တကယ်ကို ကောင်းတာပေါ့”

အစ်မကြီးဖန်၏ မိသားစုတွင် ရှီရှောင်ဝေနှင့် ရှီရှောင်ကွမ်းတို့ ညီအစ်ကိုနှစ်ယောက်စလုံး၌ အမြဲတမ်းအလုပ် မရှိကြသဖြင့် အမှန်တကယ်ပင် ငွေကြေးကျပ်တည်းနေကြခြင်း ဖြစ်သည်။

ရှောင်ကွမ်းသည် အဒေါ်ကြီးမေ့၏ သားကြီးနှင့်အတူ လမ်းဘေးဈေးဆိုင်တွင် အလုပ်လုပ်နေသော်လည်း ရသမျှပိုက်ဆံကို အိမ်သို့ အပ်နှံခြင်းမရှိပေ။

ရှီရှောင်ကွမ်း တရားသဖြင့် ပြတ်ပြတ်သားသား ကြေညာထားခဲ့သည်။

"အစ်ကိုကြီးကို ပိုက်ဆံအပ်ခိုင်းရင် ကျွန်တော်လည်း အပ်မယ်… မဟုတ်ရင်တော့ မအပ်နိုင်ဘူး၊ ဘာလို့ အပ်ရမှာလဲ၊ သူကတော့ အိမ်မှာ သောက်လေသောက်စား ပျင်းရိပျင်းတွဲနဲ့ မိဘကို မှီခိုပြီး မုန့်ဖိုးတောင်းနေတာ၊ အခုကျတော့ ကျွန်တော့်ကို ပိုက်ဆံအပ်ခိုင်းတယ် ဟုတ်လား… မရပါဘူး၊ သူက ကျွန်တော့်ရဲ့ လမ်းဘေးဈေးရောင်းတဲ့အလုပ်ကို အထင်သေးတာ မဟုတ်ဘူးလား… ဒါဆိုလည်း သူ့ဘာသာသူ ပိုက်ဆံရှာလေ၊ ကျွန်တော်က မိသားစုအတွက် ပိုက်ဆံအပ်ပြီး သူ့ကို အလကား သုံးခိုင်းဖို့တော့ မမျှော်လင့်နဲ့…အိပ်မက်မက်နေလိုက်"

ရှီရှောင်ကွမ်းသည် မည်သည့်ညှာတာမှုမျှ မပြခဲ့ပေ။

အစ်မကြီးဖန်သည် အမြဲတမ်း အကြီးကောင်ဘက်မှမျက်နှာလိုက်လေ့ရှိသဖြင့် ရှောင်ကွမ်းသည်လည်း မိမိကိုယ်ကျိုးအတွက်သာ အမြဲတမ်း တွက်နေခဲ့ခြင်း ဖြစ်၏။

အစ်မကြီးဖန်သည် စကားနားမထောင်သော သားငယ်နှင့် ဝင်ငွေမရှိသော သားကြီးတို့အကြောင်းကို စဉ်းစားမိတိုင်း ခေါင်းကိုက်လာရတော့သည်။

ထိုစဉ် ရုတ်တရက် ရှီရှန်းမှာ

"အဘွားကြီးကျောက် ဒီနှစ်ကုန်ရင် အငြိမ်းစားယူရမယ့် အရွယ်ရောက်ပြီ… သူမရဲ့ အလုပ်နေရာကို ရောင်းမလား မသိဘူးနော်"

သူသည် အစ်မကြီးဖန်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်ရာ သူ့အဓိပ္ပာယ်မှာ ရှင်းလင်းလှပေ၏။ ရှီရှန်းတွင် ဤအကြံအစည် ရှိနေသော်လည်း သူကိုယ်တိုင်မူ ဝင်မပါဘဲ အစ်မကြီးဖန်ကိုသာ ရှေ့ထွက်ခိုင်းရန် အားကိုးနေခြင်းတည်း။

သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ အစ်မကြီးဖန် ရှေ့မထွက်ခဲ့ချေ။ သူမ မျက်စောင်းထိုးလျက်

"အိပ်မက်မက်မနေနဲ့ဦး… အလုပ်နေရာကို ရောင်းလို့ရရင် သူ စောစောစီးစီး ရောင်းလိုက်မှာပေါ့၊ ဘာလို့ ဒီနေ့အထိ စောင့်နေမလဲ၊ သူက ပုံမှန်အတိုင်း အငြိမ်းစားယူပြီး လတိုင်း ပင်စင်လစာပဲ အေးအေးဆေးဆေး စားဖို့ စဉ်းစားထားတာ၊ သူ ဘယ်လောက် အတ္တကြီးပြီး ကိုယ့်ကိုယ်ကိုယ်ပဲ ကြည့်တတ်လဲဆိုတာ ရှင်လည်း သိတာပဲ"

ရှီရှန်း : "သူ့မှာ ချွေးမရော ကလေးနှစ်ယောက်ရှိတာပဲ… အလုပ်နေရာ ဆက်ခံဖို့ မစဉ်းစားဘူးလား၊ အဲဒီအလုပ်ကို ငါတို့ဆီ အရင်ရောင်းခိုင်းလိုက်ပေါ့၊ ပြီးတော့ ရှောင်ကျားနဲ့ ရှောင်ယွမ်တို့ အရွယ်ရောက်လာမှ ငါတို့ဆီကနေ ပြန်ဝယ်ခိုင်းလိုက်ပေါ့။ သူ့ကို အဲဒီလိုပဲ လှည့်စားပြီး ပြောလိုက်လေ၊ အလုပ်နေရာ ငါတို့လက်ထဲ ရောက်လာရင် ငါတို့ကပဲ အဓိက ဆုံးဖြတ်ပိုင်ခွင့်ရှိသူ ဖြစ်သွားပြီလေ"

အစ်မကြီးဖန်မှာ ဆွံ့အသွားရပြီး

"ရှင်... ရှင် စိတ်ရူးပေါက်နေတာလား၊ အဘွားကြီးကျောက်က ဘယ်လိုလူစားမျိုးလဲဆိုတာ ရှင် မသိဘူးလား… ရှင် သူ့ကို အခုမှ စတွေ့ဖူးတာမို့လို့လား၊ ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားမျိုးကို ရှင် ပြောရဲတယ်၊ ပြီးတော့ အဘွားကြီးကျောက်က ယုံလိမ့်မယ်လို့ ရှင် ထင်နေတာလား… ကျွန်မသာ သွားပြောရင် ကျွန်မကို ရိုက်နှက်လွှတ်လိမ့်မယ်.. ရှင် လာပြီး အကြံမပေးပါနဲ့တော့၊ ရှင် တစ်နေ့ကုန် အိမ်မှာပဲ အောင်းနေလို့ ဦးနှောက်တွေ ထုံထိုင်းကုန်ပြီ ထင်တယ်… သူကတော့ ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူး၊ ဒါက သူ့ရဲ့ အိုစာမင်းစာ လုပ်ကိုင်စားသောက်စရာလေ၊ သူ လက်လွှတ်ခံမှာ မဟုတ်ဘူး… သေသေချာချာ စဉ်းစားကြည့်စမ်းပါဦး၊ ရှင့်နေရာမှာဆိုရင်ကော ရှင် သဘောတူပါ့မလား၊ အလကား အပိုတွေ လျှောက်ပြောနေတာ"

ရှီရှန်း မကျေမနပ်ဖြင့်

"ကဲပါ... တော်ပြီ၊ ထားလိုက်တော့… ဒါ ငါ့ကိစ္စလည်း မဟုတ်ဘူးပဲ၊ ငါ့သားအတွက် စေတနာနဲ့ စဉ်းစားပေးတာ၊ သူ ဒီအတိုင်းပဲ နေပါစေတော့"

အစ်မကြီးဖန် : "ရှင်က ကူညီချင်ပါတယ်၊ ဒါပေမဲ့ ဒါက တကယ်ကို မဖြစ်နိုင်တာ… သူ့ကို သွားပြီး အားကိုးလို့ မရဘူး၊ အဲဒါထက် ဟောက်ရွှယ်ကို အိမ်ထောင်ဖက်အဖြစ် ယူပြီး သူ့ရဲ့ အလုပ်နေရာကို ဆက်ခံတာက ပိုကောင်းတယ်၊ သူ့အလုပ်က အသံလွှင့်ခန်းမှာလေ၊ အဲဒါက ပိုပြီး အဆင့်အတန်းရှိတယ်"

သူမ ဆက်လက်၍ နှာခေါင်းရှုံ့လျက်

"အဘွားကြီးကျောက်ရဲ့ အလုပ်က မီးဖိုချောင် အကူပဲဥစ္စာ၊ ဘာအလားအလာ ရှိမှာလဲ… လီချန်ရွှမ်းကို ကြည့်ဦးလေ၊ သူလည်း မီးဖိုချောင်အကူပဲ၊ ဘာဖြစ်လာလို့လဲာာာယောက်ျားတွေက အဲဒီလိုအလုပ်မျိုး လုပ်လို့မရဘူး၊အသံလွှင့်ခန်းအလုပ်မှသာ အနာဂတ် ရှိမှာပေါ့"

ရှီရှန်း လှောင်ပြုံးပြုံးလျက်

"မင်းကတော့ အိပ်မက်ယဉ်နေတာပဲ… ငါ့အမြင်တော့ ဒါက အဘွားကြီးကျောက်ရဲ့ အလုပ်ကို ဝယ်ဖို့ ကြံစည်တာထက်တောင် ပိုပြီး မဖြစ်နိုင်သေးတယ်… ယွမ်ဟောက်ရွှယ်က ငါ့တို့သားကို မျက်စိထဲတောင် ထည့်တာ မဟုတ်ဘူး"

"ခေါင်းမာတဲ့ မိန်းမပဲဖြစ်ဖြစ်၊ ဇွဲရှိရှိနဲ့ ပိုးပန်းရင် ပါလာမှာပဲ…ရှင်က ဘာမှနားမလည်ဘဲနဲ့..."

"မင်းက ကျောက်ရုံကို အနိုင်ကျင့်ရလွယ်တယ်လို့ ထင်နေတာလား၊ သူက အေးအေးဆေးဆေး နေတတ်တဲ့သူ မဟုတ်ဘူးနော်”

"ဒါ ရှင့်အလုပ် မဟုတ်ပါဘူး၊ ကျွန်မလို ယောက္ခမမျိုးကိုတော့ ဖယောင်းတိုင်ထွန်း ရှာရင်တောင် တွေ့မှာမဟုတ်ဘူး… ယွမ်ဟောက်ရွှယ်က ကျွန်မတို့မိသားစုကို အထင်သေးရဲမှာ မဟုတ်ပါဘူး၊ သူက သူ့ရဲ့ တန်ဖိုးတက်အောင် ဟန်ဆောင်နေတာပဲ… တို့တွေက သူ့ကို သဘောကျလို့ ယူပေးတာကိုပဲ ကျေးဇူးတင်ရမှာ၊ သူ့မိသားစုကို ကြည့်ဦးလေ၊ တစ်ယောက်မှ အဆင့်အတန်းရှိတာ မဟုတ်ဘူး… ဒါပေမဲ့ သူ တို့မိသားစုထဲ လက်ထပ်ဝင်လာရင် အပြင်ထွက်ပြီး အလုပ်လုပ်လို့ မရဘူး၊ သူ့အလုပ်ကို ကျွန်မတို့သားကို လွှဲပေးရမယ်… သူကတော့ အိမ်မှာပဲ ယောက်ျားနောက်လိုက် လုပ်ရမှာပေါ့… သူ့အမေနဲ့ အစ်ကိုကလည်း လူကောင်းတွေ မဟုတ်ကြဘူး… သူ လက်ထပ်ဝင်လာရင် ကျွန်မတို့က သူ့ကို သေသေချာချာ စောင့်ကြည့်ရမယ်၊ မဟုတ်ရင် ကျွန်မတို့သား ခေါင်းပေါ် ဂျိုပေါက် (ဖောက်ပြန်) လိမ့်မယ်"

"ဒါလည်း ဟုတ်တာပဲ”

"ပြောထားမယ်နော်၊ အဲဒီ ကျောက်ရုံဆိုတဲ့ မိန်းမယုတ်နဲ့ စကားအများကြီး သွားမပြောနဲ့၊ မဟုတ်ရင် ကျွန်မ စိတ်ဆိုးမှာ”

"ငါ သိပါတယ်၊ ငါက အဲဒီလို လူစားမျိုး မဟုတ်ပါဘူး..."

ထိုမိသားစု၏ စကားပြောသံများမှာ အတော်ပင် ကျယ်လောင်လှသည်။ ယွမ်ဟောက်ရွှယ်သည် သူတို့၏ ပြတင်းပေါက်အောက်တွင် ရပ်နေခဲ့ရာ၊ သူမ၏ မျက်နှာတစ်ခုလုံး ဒေါသကြောင့် မည်းမှောင်လျက် ရှိနေတော့၏။

ဒုတိယဝင်းမှ အလယ်ဝင်းသို့ သွားမည်ဆိုပါက အစ်မကြီးဖန်၏ အိမ်ရှေ့မှ မဖြစ်မနေ ဖြတ်သန်းသွားရစမြဲ ဖြစ်သည်။ ဤသည်မှာ တမင်တကာ ချောင်းမြောင်းနားထောင်ခြင်း မဟုတ်သော်လည်း ဖြတ်လျှောက်သွားရုံဖြင့် အထဲမှ စကားသံများကို အတိုင်းသား ကြားရခြင်း ဖြစ်၏။ ယွမ်ဟောက်ရွှယ်သည် တစ်မွန်းလွဲလုံး လီလင်းလင်း၏ စိတ်ကို နှစ်သိမ့်ပေးပြီးမှ ပြန်လာခဲ့ခြင်းဖြစ်ပြီး၊ မိမိအကွယ်တွင် ဤကဲ့သို့သော စကားမျိုး ပြောဆိုနေကြလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူမ၏ လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ထားမိပြီး မျက်လုံးများတွင် နာကျည်းမုန်းတီးစိတ်များ ပြည့်နှက်လျက် ရှီမိသားစုရှိရာသို့ စိုက်ကြည့်နေမိတော့သည်။

သူမ၏ ဘဝသည် အမြဲတမ်း အဆင်ပြေချောမွေ့ခဲ့ပြီး သက်တူရွယ်တူများ၏ အားကျခြင်းကို ခံခဲ့ရဖူး၏။ သို့သော်... သူမ၏ မိခင် ဖောက်ပြန်မှု အရှုပ်တော်ပုံ အိမ်တံခါးဝအထိ ပေါက်ကြားသွားခဲ့သည့် အချိန်မှစ၍ မိသားစု၏ ဂုဏ်သိက္ခာမှာ အကြီးအကျယ် ထိခိုက်ခဲ့ရပြီး အိမ်ထောင်ဖက် ရှာဖွေရန် ခက်ခဲသွားခဲ့ရသည်။

သို့သော်လည်း ထိုသို့ ခက်ခဲသည်ဆိုခြင်းမှာ အခြေအနေကောင်းသော အရာရှိကြီး မိသားစုဝင် ယောက်ျားများနှင့်သာ ခက်ခဲခြင်း ဖြစ်၏။

အကယ်၍ စက်ရုံအလုပ်သမားတစ်ဦးကို ရှာဖွေမည်ဆိုပါက သူမ၏ အရည်အချင်းဖြင့် အလွယ်တကူ ရရှိနိုင်သည်သာ…

ယခုမူ အလုပ်အကိုင်ပင်မရှိသော ရှီရှောင်ဝေကဲ့သို့သော မိသားစုမျိုးပင် သူမကို ရယူရန် ကြံစည်ရုံတင်မကအထင်ပါ သေးနေကြလိမ့်မည်ဟု သူမ လုံးဝ မထင်မှတ်ထားခဲ့ပေ။

ယွမ်ဟောက်ရွှယ်သည် ရှီမိသားစု၏ ပြတင်းပေါက်ကို စူးစိုက်ကြည့်ရင်း သူမ၏ မျက်လုံးများတွင် လူသတ်ချင်စိတ်ပေါက်မတတ် မုန်းတီးမှုများ လွှမ်းမိုးသွား၏။

သူမသည် သူတို့ကို ဒီအတိုင်း လွယ်လွယ်နှင့် လွှတ်ထားမည် မဟုတ်ပေ…

တွေ့ကြသေးတာပေါ့… သေချာပေါက်ကို အလွှတ်မပေးဘူး…

ယွမ်ဟောက်ရွှယ်သည် ရှီမိသားစုရှိရာ အိမ်ဘက်သို့ အတန်ကြာအောင် စူးစိုက်ကြည့်နေပြီးမှ အလယ်ဝင်းဆီသို့ ဆက်လက်လျှောက်လှမ်းသွားလေသည်။

ပြတင်းပေါက်မှတစ်ဆင့် လှမ်းကြည့်နေသော ချန်ချင်းယွီသည် ထိုအခြင်းအရာအားလုံးကို အတိုင်းသား မြင်တွေ့လိုက်ရသဖြင့် တိုးတိုးလေး ရေရွတ်လိုက်မိ၏။

"ရှီမိသားစုက ဘာတွေပြောလိုက်လို့ ယွမ်ဟောက်ရွှယ် ဒီလောက်တောင် ဒေါသထွက်သွားရတာလဲမသိဘူး"

သူတို့၏ အိမ်များသည် တစ်ဖက်နှင့်တစ်ဖက် မျက်နှာချင်းဆိုင် တည်ရှိနေကြသော်လည်း အလယ်တွင် ကျယ်ဝန်းသော ကွင်းပြင်ကျယ်ကြီးနှင့် ရေကန်တစ်ခု ခြားနေသဖြင့် ဒုတိယဝင်းအတွင်း အဝေးဆုံးသော အနေအထားတွင် ရှိကြ၏။ ပုံမှန်အားဖြင့် အချင်းချင်း စကားပြောသံကို မကြားနိုင်ကြသော်လည်း ချန်ချင်းယွီသည် ယွမ်ဟောက်ရွှယ်တစ်ယောက် ပြတင်းပေါက်အောက်တွင် ချောင်းမြောင်းနားထောင်နေသည်ကို သေသေချာချာ မြင်တွေ့ခဲ့ရသည်။

ထို့ပြင် သူမ၏ မျက်နှာအမူအရာမှာလည်း အလွန်ပင် ဆိုးရွားလျက် ရှိနေ၏။

စကားသံများကိုမူ ချန်ချင်းယွီ မကြားရသော်လည်း ယွမ်ဟောက်ဎါှယ်၏ မျက်လုံးများထဲမှ လူသတ်ချင်စိတ်ပေါက်မတတ် ခက်ထန်နေသော အမူအရာကိုမူ ရှင်းလင်းစွာ မြင်လိုက်ရသည်။

အဘွားကြီးကျောက် : "ယွမ်ဟောက်ရွှယ်က ပုံမှန်ဆို ဟန်ဆောင်ကောင်းတဲ့သူ၊ သူ့ရဲ့ ခံစားချက်ကို အလွယ်တကူ ဗြောင်ပြလေ့မရှိဘူး… အခု ဒီလိုဖြစ်နေတာဆိုတော့ တကယ်ကို ဒေါသအကြီးအကျယ် ထွက်နေတာပဲ"

"ဟူး... ဘယ်သူသိမှာလဲ၊ အစ်မကြီးဖန်ရဲ့ နှုတ်သီးကောင်းပုံကိုလည်း နင်သိတာပဲ… သူ ဘာမဆို လျှောက်ပြောမှာ မဆန်းပါဘူး"

သက်ပြင်းချရင်း ပြောလေသည်။

ချန်ချင်းယွီ ခဏမျှ စဉ်းစားပြီးနောက်

"ဒီကိစ္စက ဒီအတိုင်း ပြီးသွားမှာမဟုတ်ဘူး၊ နောက်ဆက်တွဲ ရှိလာဦးမယ်လို့ ကျွန်မ ထင်တယ်"

အဘွားကြီးကျောက် : “ဟင်... ဟုတ်လား"

ချန်ချင်းယွီ : “ယွမ်ဟောက်ရွှယ်က ဒီအတိုင်း အိန္ဒြေပျက်ခံပြီး ကျေနပ်မယ့်သူ မဟုတ်ဘူး"

"တကယ်ပဲ အဲဒီလောက်အထိ ဆိုးရွားသွားတာလား… သူလို မိန်းမပျိုလေးတစ်ယောက်က ဘာများ လုပ်နိုင်မှာမို့လို့လဲ"

အဘွားကြီးကျောက် ထပ်ဆင့်မေးမြန်းပြန်၏။

ချန်ချင်းယွီသည် နားမလည်နိုင်သော အပြုံးတစ်ချက်ကို ပြုံးလိုက်ရင်း ရယ်မောကာ

"အမေက မိန်းမပျိုလေးတွေကို အနိုင်ကျင့်ရလွယ်တယ်လို့ ထင်နေတာလား… လူတစ်ယောက်ကို ရင်ဆိုင်ရ ခက်၊ မခက်ဆိုတာ အသက်အရွယ်နဲ့ မဆိုင်ဘူးရှင်၊ အရည်အချင်းနဲ့ပဲ ဆိုင်တာ၊အကယ်၍ သူ့မိသားစုကသာ အငြိုးအတေးထားပြီး အစွမ်းကုန် တုံ့ပြန်မယ်ဆိုရင်တော့ မလွယ်ဘူးနော်"

အဘွားကြီးကျောက်သည် ထိုစကားကို ပြန်လည်စဉ်းစားကြည့်ရာ အမှန်ပင် အဓိပ္ပာယ်ရှိလှသည်ဟု ခံစားလိုက်ရသဖြင့် နှုတ်ခမ်းကို မဲ့လျက် ပြစ်တင်ရှုတ်ချလေတော့သည်။

"အစ်မကြီးဖန်က အမြဲတမ်း နှုတ်သီးကောင်းလွန်းတာ၊ သူ သင်ခန်းစာကောင်းကောင်း ရသင့်နေတာ ကြာပြီ… သူ့လောက် သားသမီးအပေါ် မျက်နှာလိုက်တဲ့သူ ငါတစ်ခါမှ မမြင်ဖူးဘူး၊ သားကြီးကျတော့ ရတနာလို သဘောထားပြီး၊ သားငယ်ကျတော့ မြက်ပင်လို သဘောထားတယ်၊ သမီးကျတော့လည်း အမှိုက်လိုပဲ… လူဖြစ်ပြီး ဘယ်လိုလုပ် အဲဒီလို စိတ်သဘောထားမျိုး ရှိရတာလဲ"

ချန်ချင်းယွီလည်း ထိုကဲ့သို့ သားသမီးအပေါ် ခွဲခြားဆက်ဆံပြီး အမျိုးသားကိုသာ ဦးစားပေးတတ်သော လူစားမျိုးကို အထင်သေးသဖြင့် ခေါင်းညိတ် ထောက်ခံလိုက်၏။

အဘွားကြီးကျောက် : "ဪ... ဒါနဲ့ မမေ့ခင် ပြောရဦးမယ်… ရှောင်ကွမ်းကို ကြည့်စမ်းပါဦး၊ သူက မိဘတွေအပေါ်ကျတော့ အမြဲတမ်း တွက်ကပ်နေတတ်ပေမဲ့ သူ့အစ်မအပေါ်ကျတော့ တကယ်ကို ကောင်းရှာတာ… ပြီးခဲ့တဲ့ရက်က ယွမ်ရှောက်ချွေက ငါတို့မိသားစုဆီ ပို့လိုက်တဲ့ တောင်ပေါ်ထွက်ပစ္စည်းတွေကို သွားယူဖို့ စာတိုက်ကို သွားတုန်းက သူနဲ့ မတော်တဆ ဆုံခဲ့သေးတယ်၊ သူက သူ့အစ်မအတွက် ဆောင်းတွင်းဝတ် ဂွမ်းကပ်အင်္ကျီအသစ်တစ်ထည် ပို့ပေးနေတာလေ၊ တကယ်ပဲ မထင်မှတ်ထားမိဘူး"

ချန်ချင်းယွီ : "လူတိုင်းမှာ ကိုယ်စီကိုယ်ငှ အမှားအမှန် ခွဲခြားတတ်တဲ့ စိတ်တော့ ရှိကြတာပဲလေ"

"ဒါလည်း ဟုတ်တာပဲ"

အဘွားကြီးကျောက် : "ဟေး... ယွမ်ရှောက်ချွေက မကြာခင် ပြန်လာတော့မှာဆိုတော့ နောက်ကျရင် ငါတို့နဲ့ တောင်ပေါ်ထွက်ပစ္စည်းတွေ လဲလှယ်ပေးမယ့်သူ ရှိတော့မှာ မဟုတ်ဘူးနော်"

ချန်ချင်းယွီ : "ကျွန်မတို့ တိုက်ရိုက်ပဲ ဝယ်လိုက်ကြတာပေါ့ရှင်၊ နောင်ကျရင် လမ်းပေါ်မှာ ဈေးဆိုင်တွေ တဖြည်းဖြည်း ပိုများလာမှာ အသေအချာပဲဥစ္စာ"

"အင်း... ဟုတ်သားပဲ.. ဒါနဲ့ နင့်ရဲ့ ပစ္စည်းတွေလည်း အကုန်ရောင်းပြီးပြီဆိုတော့ တောင်ပိုင်းကို ဘယ်တော့လောက် သွားဦးမလဲ”

ချန်ချင်းယွီ : "ကျွန်မ ချိုက်မင်မင်ဆီ သွားပြီး သူ လိုက်ဦးမလားဆိုတာ မေးကြည့်ဦးမယ်… အကယ်၍ သူ မလိုက်ဘူးဆိုရင်တော့ လာမယ့်ရက်အနည်းငယ်အတွင်းမှာပဲ ကျွန်မ သွားလိုက်တော့မယ်၊ စောစောသွားတော့ စောစောပြန်ရောက်တာပေါ့၊ အကယ်၍ သူလည်း လိုက်မယ်၊ ပြီးတော့ သူ့ပစ္စည်းတွေကလည်း အကုန်မရောင်းရသေးဘူးဆိုရင်တော့ နောက်ထပ် ရက်အနည်းငယ်လောက် စောင့်ရဦးမှာပေါ့"

အဘွားကြီးကျောက် နှစ်သိမ့်ကာ

"တကယ်တော့ ရက်အနည်းငယ်လောက် စောင့်တာလည်း ဘာမှမဖြစ်ပါဘူး… နင်လည်း နည်းနည်းလောက် အနားယူဦးပေါ့၊ ပြီးခဲ့တဲ့ရက်ပိုင်းက တကယ်ကို ပင်ပန်းခဲ့တာပဲ"

ချန်ချင်းယွီ : "ကျွန်မ ဘာမှမဖြစ်ပါဘူးရှင်… အမှန်အတိုင်းပြောရရင် ဒီလို အလုပ်ရှုပ်နေတဲ့ ဘဝကိုပဲ ပိုသဘောကျတယ်၊ အရင်တုန်းကဆို တကယ်ကို ပိတ်လှောင် မွန်းကျပ်နေခဲ့တာ"

အဘွားကြီးကျောက်လည်း ခေါင်းညိတ် ထောက်ခံလေသည်။

"ဒါနဲ့... အိမ်ခြံမြေ အခြေအနေကိုလည်း သေသေချာချာ သတိထား စောင့်ကြည့်ဦးနော်"

"ကျွန်မ သိပါတယ်ရှင်"

အဘွားကြီးကျောက် သက်ပြင်းချလျက်

"အခုတလော ဘယ်သူမှ အိမ်မရောင်းကြဘူး ဖြစ်နေတာ၊ ဪ... နေဦး၊ ငါ အခုမှ သတိရတယ်၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ငလျင်လှုပ်တုန်းက မင်းရဲ့ အဘိုးအဘွားတွေရဲ့ အိမ်ဟောင်းကြီး ပြိုကျသွားတာလေ၊ အဲဒီ မြေကွက်က အခုထိ လွတ်နေတုန်းပဲ မဟုတ်လား… ငါတို့ ဘာလို့ အဲဒီမြေကွက်ကို ဝယ်ပြီး အိမ်အသစ် မဆောက်ကြတာလဲ"

သူမ ဆက်လက် စဉ်းစားရင်း

"အဲဒီမှာ အိမ်တွေလည်း မရှိတော့ဘူးဆိုတော့ ဈေးက သေချာပေါက် သိပ်သက်သာမှာ…ငါတို့ စိတ်ကြိုက် ဆောက်လို့ရတာပေါ့၊ ငါကိုယ်တိုင်လည်း အလုပ်သမားအဖြစ် ဝင်ကူပေးမယ်၊ အဲဒါဆို ပိုက်ဆံအများကြီး သက်သာသွားမှာပေါ့"

ချန်ချင်းယွီ ပြတ်ပြတ်သားသားပင် ခေါင်းခါယမ်းကာ

"ဒါတော့ လုံးဝမဖြစ်နိုင်ဘူးရှင့်"

သူမ ဆက်လက်၍

"အဲဒီ လူအိုကြီး ချန်ရိကျွင်းက ကျွန်မရဲ့ အဘိုးအဘွားတွေ တစ်စုံတစ်ခု ချန်ထားခဲ့တယ်လို့ အမြဲတမ်း တထစ်ချ ယုံကြည်နေတာ… သူက ရက်အနည်းငယ်ခြားတိုင်း အဲဒီအိမ်ဟောင်းဆီ သွားပြီး လိုက်ရှာနေတာလေ… အခု အိမ်ပြိုသွားတာတောင် ရက်အနည်းငယ်ခြားရင် သွားကြည့်တုန်းပဲ… အကယ်၍ ကျွန်မသာ အဲဒီမြေကွက်ကို ဝယ်လိုက်ရင် ကျွန်မမှာ တစ်စုံတစ်ခု ရှိနေတယ်လို့ သူက ထင်သွားပြီး တခြားအကြံအစည်တွေ ထွက်လာလိမ့်မယ်… ကျွန်မက သူ့ကို ကြောက်လို့မဟုတ်ပါဘူး၊ ဒါပေမဲ့ သူနဲ့ အပိုတွေ စကားများမနေချင်ဘူး၊ ပြီးတော့ တခြားဘယ်သူတွေကကော ဘာတွေ ကြံစည်နေကြဦးမလဲ မသိနိုင်ဘူးလေ…ကျွန်မရဲ့ အဘိုးအဘွားတွေက..."

“အင်… သူတို့က တက္ကသိုလ်ပါမောက္ခတွေ ဖြစ်ကြပြီး မိသားစုနောက်ခံလည်း ကောင်းမွန်၊ ဝင်ငွေလည်း အသင့်အတင့် ရှိခဲ့ကြတာ၊ သူတို့ ကွယ်လွန်သွားတာကလည်း ရုတ်တရက်ကြီး ဖြစ်ခဲ့ရတာ၊ အိမ်ကို အမွှေခံရတာမျိုးလည်း မရှိခဲ့ဘူး… အဲဒီတော့ သူတို့ ပိုက်ဆံ ဒါမှမဟုတ် အဖိုးတန်ပစ္စည်းတွေ ဝှက်ထားခဲ့တယ်လို့ သူတစ်ပါးတွေ သံသယဝင်ပြီး လျှောက်တွက်ချက်နေကြမှာကို တားဆီးဖို့ ခက်လိမ့်မယ်… ပြဿနာတွေကို မကြောက်ပါဘူး၊ ဒါပေမဲ့ ကိုယ့်ဘာသာကိုယ် ပြဿနာအသစ်တွေ ထပ်မရှာချင်ရုံတင်ပါ”

"ဒါ့အပြင် အဲဒီဘက်က လူတွေကိုလည်း ကျွန်မတို့ မသိကြဘူး၊ အဲဒီကို ပြောင်းသွားရင် ပတ်ဝန်းကျင်အသစ်နဲ့ ပြန်ညှိရမှာဖြစ်သလို လူတွေကိုလည်း သတိထား ကာကွယ်နေရဦးမယ်… ကျွန်မတို့က စီးပွားရေးလုပ်ရင်းနဲ့ ပိုက်ဆံလေး နည်းနည်းပါးပါး ရလာတာဆိုတော့ မသမာတဲ့စိတ် ရှိတဲ့သူတွေနဲ့ ကြုံရနိုင်ခြေ အမြဲရှိနေတာပဲ… ကျွန်မကလည်း ခဏခဏ အပြင်ထွက်ရမှာ၊ ရှောင်ကျားနဲ့ ရှောင်ယွမ်က ကိုးနှစ်ပဲ ရှိသေးတာဆိုတော့ သူတို့အတွက် တကယ် စိတ်မချဘူး၊ ကျွန်မကတော့ ဒီအနီးအနားမှာပဲ ဆက်နေချင်သေးတယ်.. ဒီဝင်းထဲမှာ အသေးအဖွဲ ကိစ္စလေးတွေ များတယ်ဆိုပေမဲ့ ချိုးငှက်တစ်ကောင် ပျံလာရင်တောင် ဒါက ဒီဝင်းက ငှက်ဟုတ်၊ မဟုတ် လူတိုင်း ချက်ချင်း ခွဲခြားနိုင်ကြတာလေ… လူတိုင်းက အချင်းချင်း ရင်းနှီးနေကြပြီး စရိုက်တွေကိုလည်း သိနေကြတာပဲ၊ အားလုံးက လူကောင်းတွေချည်းပဲ မဟုတ်ကြဘူးဆိုရင်တောင် တစ်ယောက်အကြောင်းတစ်ယောက် နားလည်ထားကြတာမို့လို့ ဒီနေရာက ပိုပြီးတော့ အန္တရာယ်ကင်းပါတယ်ရှင်"

"နင်ပြောတာ တကယ် ဟုတ်တာပဲ”

အဘွားကြီးကျောက်သည် ခဏမျှ စဉ်းစားကြည့်ရာ ချန်ချင်းယွီ ပြောဆိုချက်များမှာ အမှန်ပင် အကျိုးအကြောင်း ရှိလှသည်ဟု ခံစားလိုက်ရ၏။

သို့သော်လည်း မကြာမီမှာပင် သူမပါးနပ်သော အမူအရာဖြင့် တိုးတိုးလေး မေးမြန်းပြန်၏။

"ဒါနဲ့... နင့်ရဲ့ အဘိုးအဘွားတွေက တကယ်ပဲ တစ်စုံတစ်ခု ချန်ထားခဲ့တာ မရှိဘူးလား"

သူမသည် မျှော်လင့်ချက်အပြည့်ဖြင့် ချန်ချင်းယွီကို ကြည့်ကာ လက်နှစ်ဖက်ကို ပွတ်သပ်နေတော့သည်။ ထိုပုံစံမှာ လူကောင်းတစ်ယောက်နှင့် နည်းနည်းမှ မတူချေ။

ချန်ချင်းယွီသည် အဘွားကြီးကို လေးနက်သော အကြည့်တစ်ချက်ဖြင့် စိုက်ကြည့်လိုက်ပြီးမှ

"ကျွန်မလည်း မသိဘူးရှင့်… ကျွန်မဆီမှာ ရှိတဲ့ ပိုက်ဆံတွေ အားလုံးက နောက်ပိုင်းကျမှ ချန်ရိကျွင်းဆီကနေ ပြန်ရခဲ့တာလေ၊ အကယ်၍ ကျွန်မမှာ အစကတည်းက ပိုက်ဆံသာ ရှိခဲ့ရင် ကျန့်ဝမ်တစ်ယောက် ဒီလောက်တောင် ဒုက္ခခံခဲ့ရပါ့မလား"

လင်းကျန့်ဝမ်၏ အကြောင်းကို ပြောမိသောအခါ အဘွားကြီးကျောက်သည် သက်ပြင်းတစ်ချက်ချလိုက်ရင်း

"ဒါလည်း ဟုတ်တာပဲ"

ချန်ချင်းယွီ : "ဒါကြောင့် ကျွန်မတို့ ဒီဝင်းအနီးအနားမှာပဲ အိမ်ကို ဆက်ရှာကြည့်ကြတာပေါ့"

အဘွားကြီးကျောက်လည်း သဘောတူကာ

“ကောင်းပြီ၊ ငါလည်း သေသေချာချာ လိုက်ကြည့်ပေးပါ့မယ်"

ချန်ချင်းယွီ အဘွားကြီးကျောက်နှင့် သဘောတူညီမှု ရရှိပြီးနောက် ထရပ်ကာ

"ကျွန်မ ချိုက်မင်မင်ဆီ သွားလိုက်ဦးမယ်"

အဘွားကြီးကျောက် ချန်ချင်းယွီ အလုပ်များနေသည်ကို ကြည့်ပြီး ရေရွတ်ရင်း သက်ပြင်းချမိတော့သည်။

"ရှောင်ကျားနဲ့ ရှောင်ယွမ်တို့သာ သူတို့အမေလို တော်ကြမယ်ဆိုရင် နောက်ကျရင် ဘာအတွက်မှ ပူပန်စရာ လိုတော့မှာ မဟုတ်ဘူး။ ဘဝကို သာသာယာယာ ဖြတ်သန်းနိုင်ကြမှာ"

"ရှောင်ချန်... ရှောင်ချန်... အိမ်မှာ ရှိလားဟင်"

အဘွားကြီးကျောက်သည် ခေါင်းကို ပြတင်းပေါက်မှ ပြူထွက်ကြည့်လိုက်ပြီး

"ကျန့်ကော်မိန်းမ၊ ဘာကိစ္စရှိလို့လဲ…ချန်ချင်းယွီက ချိုက်မင်မင်ကို သွားရှာဖို့ မာမိသားစုဆီ သွားပြီ… ကိစ္စရှိရင် ခဏလောက် စောင့်ဦးလေ"

"သူ ချိုက်မင်မင်ဆီ သွားတာ ဟုတ်လား… ဒါဆို ကျွန်မလည်း လိုက်သွားမယ်"

ဝမ်မေ့လန် အလောတကြီး ပြောလိုက်၏။

တကယ်ကို အခွင့်ကောင်းပဲ… နှစ်ယောက်လာံး တူတူရှိနေတာဆိုတော့ ပိုမေးလို့ကောင်းတာပေါ့…

ဝမ်မေ့လန်မှာ မိမိ၏အကြံအစည်အတွက် အားရနေသည်။

အဘွားကြီးကျောက် : "???"

သူမ အံ့ဩသွားပြီး ဗြောင်ပင် ပက်ပက်စက်စက် ပြောချပစ်လိုက်၏။

"သူတို့က ကုန်ပစ္စည်းတွေ သွားဝယ်ဖို့ ကိစ္စကို တိုင်ပင်ကြမှာလေ၊ နင်က အဲဒီကို ဘာသွားလုပ်မှာလဲ… သူတို့ရဲ့ စီးပွားရေးကို သွားပြီး နှောင့်ယှက်တာ မဟုတ်ဘူးလား၊ ဘာလို့ ဒီလောက်တောင် အမြင်မရှိရတာလဲ… နင်က အရာအားလုံးကို လိုက်သိချင်နေတာပဲ၊ နင်သာ အဲဒီကို သွားရင် သူတို့က ကိစ္စတွေကို သေသေချာချာ တိုင်ပင်လို့ ရပါ့မလား.. အကယ်၍ တိုင်ပင်ဖြစ်ခဲ့ရင်တောင် ဒါက နင်နဲ့ ဘာဆိုင်လို့လဲ၊ နင်က ဘာလို့ သိချင်နေရတာလဲ… အကယ်၍ မတိုင်ပင်ဖြစ်ရင်လည်း ဒါက အချိန်ကုန်တာပဲ…နင်ကတော့ တကယ်ကို..."

ဝမ်မေ့လန်မှာ ချက်ချင်းပင် မျက်နှာတစ်ခုလုံး နီမြန်းသွားရတော့သည်။

အဘွားကြီးကျောက် ဤမျှအထိ ဗြောင်ကျကျ မျက်နှာမထောက် ပြောဆိုလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

သူမသည် တကယ်ပင် သိရှိချင်နေခြင်း ဖြစ်၏။

သူမ အလွန်ပင် အရှက်ရသွားသဖြင့် အလျင်အမြန်ပင် ဆင်ခြေပေးကာ

"ကျွန်မက သူတို့ကို ဒီအကြောင်းလေးပဲ မေးကြည့်ချင်လို့ပါ..."

အဘွားကြီးကျောက်မှာလည်း ချက်ချင်းပင် ဘုတောလိုက်ပြန်၏။

"နင်ကတော့ တကယ့်လူပဲ… အကယ်၍ နင့်မိသားစုမှာ အမြတ်အစွန်းများတဲ့ စီးပွားရေးတစ်ခု ရှိရင် နင်က လူတိုင်းကို လျှောက်ပြောပြမှာမို့လို့လား၊ ဘာတွေ စဉ်းစားပြီး ဒီလို လိုက်မေးနေရတာလဲ… ငါလည်း စက်ရုံမှူးကြီးမှာ ပိုက်ဆံ ဘယ်လောက်စုမိထားလဲဆိုတာ သွားမေးချင်တာပေါ့၊ ဒါပေမဲ့ သူက ငါ့ကို ပြောပြမှာမို့လို့လား"

အဘွားကြီးကျောက်သည် မျက်လုံးကို စောင်းကြည့်လျက် စကားများကို တရစပ် ရွတ်ဆိုပစ်လိုက်၏။

"ပြီးတော့ နင်က ဘာကို လာမေးနေတာလဲ… နင့်ယောက္ခမက လမ်းဘေးဈေးရောင်းတဲ့သူတွေကို အမြဲတမ်း အထင်သေးနေတာ မဟုတ်ဘူးလား၊ ငါ မသိဘူးလို့ ထင်နေလား… သူက တစ်မြို့လုံး သိအောင် လျှောက်ပြောနေတာလေ၊ အခုကျတော့ ဘာဖြစ်

တာလဲ… ငါတို့ရဲ့ စက်ဘီးအသစ်လေးကို မြင်တော့ စိတ်ကူးပြောင်းသွားတာလား၊ တကယ့် ပုတ်သင်ညိုလိုပဲ၊ အခြေအနေကြည့်ပြီး အရောင်ပြောင်းတာ"

ဝမ်မေ့လန်မှာ စကားတစ်ခွန်းမျှ ပြန်မပြောနိုင်တော့ဘဲ ဆွံ့အသွားရရှာသည်။

ဒါတွေ အားလုံးက သူမရဲ့ ယောက္ခမ ပြဿနာရှာထားခဲ့တဲ့ အကျိုးဆက်တွေပါပဲ…

သူမ ယဉ်ယဉ်ကျေးကျေးပင်

"အဒေါ်ကြီးကျောက်... ကျွန်မ တကယ် စိတ်မကောင်းပါဘူးရှင်၊ ကျွန်မရဲ့ ယောက္ခမ ကိစ္စကို ကျွန်မ တကယ် မသိခဲ့လို့ပါ… ကျွန်မ မိသားစုကိုယ်စား အဒေါ်တို့မိသားစုကို တောင်းပန်ပါတယ်၊ ကျွန်မ ဒါကို တကယ် မသိခဲ့တာပါ"

အဘွားကြီးကျောက် လက်ကို ဝေ့ယမ်းလိုက်ရင်း

"ရပါတယ်... ရပါတယ်၊ ဒါက နင့်အပြစ်မှ မဟုတ်တာ၊ နင့်ယောက္ခမရဲ့ အပြစ်ပဲလေ၊ ဟားဟား"

ဝမ်မေ့လန်သည် စိတ်ထဲ၌ အလွန်ပင် ရှက်ရွံ့အားနာနေမိသော်လည်း၊ သူမ၏ ယောက္ခမအပေါ် ပြစ်တင်ရှုတ်ချသည့် အပိုင်းတွင်မူ အဘွားကြီးကျောက်၏ အပြောကို စိတ်ထဲမှ ရာနှုန်းပြည့် ထောက်ခံနေမိ၏။

သူမရဲ့ ယောက္ခမကြီးကတော့…ဟားဟား…

'ရှင်သာ ကျွန်မရဲ့ ယောက္ခမကို လူအရူးတစ်ယောက်လို့ သတ်မှတ်ပေးမယ်ဆိုရင်... ကျွန်မတို့တွေဟာ ထာဝရ အခင်ဆုံး သူငယ်ချင်းတွေ ဖြစ်ကြမှာပါပဲရှင်’

All Chapters