← Chapters

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း (၁၂၉) အကောင်အထည်ဖော်ခြင်း

ပိုက်ဆံမကြိုက်တဲ့သူ ဘယ်သူရှိမလဲ…

ဘယ်သူမဆိုပေါ့…

ချန်ချင်းယွီနှင့်ချိုက်မင်မင်တို့ စျေးရောင်းသည့် ကိစ္စနှင့်ပက်သက်၍ တခြားသူများ တီးတိုးသဖန်းထိုးဆိုမှုကြောင့် အထင်လွဲမိလျှင် မှားမည်သာ… ပိုက်ဆံရကြောင်း အမှန်တကယ် သိလိုက်ရသည်နှင့် လူတိုင်း မနာလိုအားကျနေကြကာ သူတို့နေရာသို့ ချက်ချင်းပင် အစားထိုးဖို့ ဆန္ဒရှိနေကြသည်။

ယင်းမှာ အမှန်တရားဖြစ်ပြီး အပြင်ဘက် ကမ္ဘာကြီး၏ ပြောင်းလဲမှုမှာ မြန်ဆန်လှ၏။ ယခင်၌ ဆင်းရဲရသည်မှာ ဂုဏ်ဒြပ်တစ်ခု ဖြစ်ခဲ့သော်ငြား ယခုမူ အရေးမပါတော့ပေ။

ဘယ်သူတွေဘာပြောပြော… ပိုက်ဆံမကြိုက်တဲ့သူဆိုတာ မရှိပါဘူး…

ပိုက်ဆံသာရှိလျှင် ကိစ္စပေါင်းစွာ ပြုလုပ်နိုင်မည်သာ…

ဥပမာအားဖြင့် … အရှင်းဆုံးကတော့ မင်းပိုက်ဆံရှိရင် ဘာမဆို ဝယ်လို့ရတယ်…

လက်မှတ်မရှိဘူးဟုတ်လား~~

စိတ်မပူနဲ့… မှောင်ခိုရောင်းတဲ့သူတွေ ပြည့်လို့~~

ရုတ်တရတ်ဆိုသကဲ့သို့ လူအများမှာ လမ်းဘေးစျေးသည်များကို တိတ်တဆိတ် မျက်စိကျလာပုံပေါ်သည်။ သူတို့အား မိမိတို့၏ အဆင့်အတန်း ဂုဏ်သိက္ခာရှိလှသော အလုပ်ကိုထွက်၍ လမ်းဘေးစျေးသည် လုပ်မလားဟုဆိုလျှင် ၎င်းမှာလူတော်တော်များများအတွက် ခက်ခဲလှသော မေးခွန်းဖြစ်၏။ အမြဲတမ်းဝန်ထမ်း အလုပ်ဆိုသည်မှာလည်း ရခဲလှသည်သာ…

မည်သူမျှ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် မချနိုင်ကြသော်လည်း လူများမှာမူ မနာလိုဝန်တိုစိတ်ဖြင့် အချင်းချင်း တီးတိုး တိုးတိုးဖြင့် အတင်းအဖျင်း လျှောက်ပြောနေကြတော့သည်။

“ငါတို့က မလုပ်ချင်လို့မလုပ်တာပါ၊တကယ်လို့သာ ငါတို့ ဝင်လုပ်ရင် အဲဒီမိန်းမတွေထက် အများကြီး ပိုပြီး ကောင်းအောင် လုပ်နိုင်တယ်… ငါတို့က အလုပ်ကောင်းတွေကို စွန့်လွှတ်ပြီး သွားမလုပ်နိုင်ဘူး၊ အလုပ်အကိုင်မရှိတဲ့ လေလွင့်အာပလာတွေမှသာ ဒီလိုအလုပ်မျိုး လုပ်ကြတာ”

ဒါတွေအားလုံးက သူတို့အချင်းချင်း ကွယ်ရာတွင် တိုးတိုးဖော်နေကြသည့် စကားများသာ…

ချန်ချင်းယွီသည် ထိုစကားသံအချို့ကို မတော်တဆ ကြားသိရသဖြင့် အချို့သောလူများမှာ ထူးခြားမှုမရှိဘဲ သာမန်မျှသာ ဖြစ်နေပါရက်နှင့် မိမိကိုယ်မိမိ ယုံကြည်မှုလွန်ကဲနေကြပုံကို ကြည့်ပြီး စိတ်ထဲမှသက်ပြင်းချမိ၏။

သူတစ်ပါးတွေ ဘာပဲတွေးတွေး ချန်ချင်းယွီကတော့ ဂရုမစိုက်ပါဘူး…

သူတို့ကလည်း သူမကို ဗြောင်လာပြီး ရန်စရဲမှာ မဟုတ်ပါဘူး…

သူမသည် နောက်တစ်ကြိမ် ခရီးထွက်ရန်အတွက် ပြင်ဆင်မှုများကို အာရုံစိုက် လုပ်ဆောင်နေခဲ့ပြီ ဖြစ်သည်၊ စီးပွားရေးလောကတွင် အခွင့်အလမ်းကို လက်ဦးမှုရယူနိုင်ခြင်းသည်သာ အောင်မြင်မှု၏ သော့ချက်တည်း။ သူမ ယူလာသော ဂျင်းဘောင်းဘီများမှာ အရောင်းရသွက်လွန်းသဖြင့် အခြားသူများလည်း ဤအခွင့်အရေးကို လက်လွှတ်ခံကြမည် မဟုတ်ပေ။

အမှန်စင်စစ် ဤအချက်ကြောင့်ပင် ချန်ချင်းယွီသည် အစကတည်းက မှောင်ခိုဈေးကြီးများတွင် သွားရောက် ဆိုင်မတည်ခဲ့ခြင်း ဖြစ်သည်။ မှောင်ခိုဈေးသည် ပိုမိုကျယ်ဝန်းပြီး လူစည်ကားသည်မှာ မှန်သော်လည်း ထိုနေရာရှိ လူအများစုမှာ စီးပွားရေးလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ကြသဖြင့် အခွင့်အလမ်းများကို ဆုပ်ကိုင်ရာတွင် အလွန်ပါးနပ်မြက်လှကြသူများ ဖြစ်၏။ အကယ်၍ သူမသာ မှောင်ခိုဈေးတွင် သွားရောက် ဈေးရောင်းခဲ့ပါက သေချာပေါက် အခြားသူများ၏ စောင့်ကြည့်ခြင်းကို ခံရပေလိမ့်မည်။ ထိုလူများ သူမအပေါ် မကောင်းကြံစည်ချင်မှ ကြံစည်ကြလိမ့်မည် ဖြစ်သော်လည်း သူမ၏ ဂျင်းဘောင်းဘီများ မည်မျှအထိ အရောင်းရသွက်သည်ကို လူတိုင်း လျင်မြန်စွာ ရိပ်မိသွားကြမည် ဖြစ်၏။ သို့ဆိုလျှင် တစ်လ သို့မဟုတ် တစ်လခွဲအတွင်းမှာတင် ဒုတိယမြောက်ဆိုင်၊ တတိယမြောက်ဆိုင်များ အပြိုင်အဆိုင် ထွက်ပေါ်လာဖို့ ရှိနေသည်။

ထို့ထက် ပိုဆိုးသည်မှာ မသမာသောစိတ်ရှိသူများနှင့် ကြုံတွေ့ရပါက သူမ၏ ကုန်ပစ္စည်းများကို ဈေးပေါပေါဖြင့် အတင်းအဓမ္မ လာရောက်သိမ်းကျုံးဝယ်ယူပြီး သူတို့ဘာသာ ပြန်လည်အမြတ်တင် ရောင်းချခြင်း သို့မဟုတ် တောင်ပိုင်းဒေသသို့ ကုန်ပစ္စည်းသွားဝယ်ရန်အတွက် လမ်းပြအဖြစ် အတင်းလိုက်ပါပို့ဆောင်ခိုင်းခြင်းမျိုး စသည့် အခြေအနေမျိုးစုံ ဖြစ်ပေါ်လာနိုင်ချေ ရှိ၏။

မြို့တော်ကြီးတွင် လူကောင်းများချည်းပဲ ရှိနေသည်ဟု မထင်မှတ်အပ်ပေ၊ ကြီးမားသော အမြတ်အစွန်းများ၏ ရှေ့မှောက်တွင် မည်သည့်အရာမဆို ဖြစ်ပျက်သွားနိုင်သည်သာ~~ မည်သို့ပင်ဆိုစေကာမူ ထိုမှောင်ခိုဈေးကြီးများတွင် စောစောစီးစီး အခြေချ လှုပ်ရှားနေကြသော လူများမှာ မည်သို့မျှ အထင်သေး၍ မရသော သူများဖြစ်သည်။

ထို့ကြောင့် ချန်ချင်းယွီသည် အစကတည်းက မြို့အရှေ့ဘက်ရှိ လမ်းကြားလေးများကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး ထိုနေရာများတွင် ကျေးလက်တောရွာများမှ လာရောက်ပြီး ဟိုဟိုဒီဒီ လှည့်လည်ရောင်းချကြသော လမ်းဘေးဈေးသည်ငယ်လေးများသာ အများစု ရှိကြ၏။ မြို့ခံလူအချို့လည်း ကုန်ပစ္စည်းအသေးအဖွဲလေးများကိုသာ ရောင်းချကြသဖြင့် မှောင်ခိုဈေးကဲ့သို့သော ဝါရင့်ကုန်သည်များ မဟုတ်ကြချေ။

သို့သော်လည်း ချန်ချင်းယွီအနေဖြင့် မိမိ မှောင်ခိုဈေးတွင် သွားရောက် မရောင်းချခဲ့လျှင်ပင် ဤဂျင်းဘောင်းဘီများ၏ ရေပန်းစားမှု ဂယက်မှာ သေချာပေါက် ပျံ့နှံ့သွားလိမ့်မည် ဖြစ်ကြောင်း ကြိုတင်တွက်ဆထားပြီး ဖြစ်သည်။

မြို့တော်ကြီးတစ်ခုလုံး၏ လူဦးရေနှင့် နှိုင်းယှဉ်ပါက ဂျင်းဘောင်းဘီ အထည်နှစ်ထောင် ဆိုသည်မှာ သမုဒ္ဒရာထဲမှ ရေတစ်စက်မျှသာ ဖြစ်သည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ ခေတ်ဆန်သော လူငယ်လူရွယ်များသည် လမ်းမများပေါ်တွင် အမြဲတမ်း သွားလာလှုပ်ရှားနေကြသဖြင့် တစ်ယောက်ယောက် သေချာပေါက် သတိထားမိသွားကြမည်သာ~~

အမှန်စင်စစ် ချန်ချင်းယွီ ဂျင်းဘောင်းဘီ စတင်ရောင်းချစဉ်၌ပင် သတင်းစကားမှာ တောမီးပမာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည် မဟုတ်လော့။

အခြားသောသူများသည်လည်း မကြာမီ ဤဈေးကွက်ထဲသို့ ဝင်ရောက်လာကြလိမ့်မည် ဖြစ်ပြီး၊ မိမိမလုပ်လျှင်ပင် အခြားသူများ လိုက်လုပ်ကြလိမ့်မည်ဖြစ်ကြောင်း သူမ သဘောပေါက်၏။ သို့သော် သူမသည် ပထမဆုံး စတင်စမ်းသပ်သူ ဖြစ်သဖြင့် သေချာပေါက် ဤအခွင့်အရေးကို အခြားသူများထက် ပိုမိုကြာရှည်စွာ ဆုပ်ကိုင်ထားနိုင်ရန် မျှော်လင့်၍ရပေသည်။

ကုန်ပစ္စည်းများကို တစ်ရက်စောပြီး ရရှိခြင်းသည် သူမအတွက် လက်ဦးမှု တစ်ပန်းသာစေမည် ဖြစ်၏။

ချန်ချင်းယွီသည် ပြတ်သားသူ ဖြစ်ပြီး သူမတွင် စီးပွားရေး အတွေ့အကြုံ မရှိခဲ့သော်လည်း အူတူတူ မဟုတ်၍ အခြေအနေများကို ကောင်းမွန်စွာ တွေးခေါ်မြော်မြင် တွက်ချက်နိုင်စွမ်း ရှိပေသည်။ ထို့ကြောင့် မိမိ၏ ကုန်ပစ္စည်းများ အကုန်လုံး ရောင်းချပြီးစီးသွားသည်နှင့် တပြိုင်နက် ချိုက်မင်မင်ထံသို့ သွားရောက်တိုင်ပင် ဆွေးနွေးခဲ့ခြင်း ဖြစ်၏။

ချိုက်မင်မင်သည်လည်း ကုန်ပစ္စည်းငယ်လေးများကို ရောင်းချခြင်း ဖြစ်သဖြင့် စီးဆင်းမှု မြန်ဆန်ကာ အတော်ပင် အရောင်းရသွက်လျက် ရှိနေသည်။ သို့သော် သူမမှာ ချန်ချင်းယွီထက် တစ်ရက် နောက်ကျပြီးမှ ဈေးစတင်ရောင်းခဲ့ခြင်း ဖြစ်သည့်အပြင် ကုန်ပစ္စည်းငယ်လေးများ ဖြစ်သဖြင့် အရေအတွက်သည် အလွန်ပင် များပြားလှ၏။ ယခုအခါ ကုန်ပစ္စည်း လေးပုံတစ်ပုံခန့် ရောင်းချရန် ကျန်ရှိနေသေးသဖြင့် သူမသည် ခဏမျှ တုံ့ဆိုင်းနေမိတော့သည်။

တနင်္ဂနွေနေ့ ဖြစ်သဖြင့် မာကျန်းသည်လည်း အိမ်၌ ရှိနေခဲ့၏။ သူသည် ပြတ်ပြတ်သားသားပင် ဆိုကာ

"မိန်းမ... ကိုယ့်အထင်တော့ မင်း ရှောင်ချန်နဲ့အတူ လိုက်သွားသင့်တယ်လို့ ထင်တယ်၊ ကုန်ပစ္စည်းက နည်းနည်းပဲ ကျန်တော့တာ မဟုတ်လား… ကိုယ် ရုံးဆင်းတဲ့အချိန်ကျရင် လိုက်ရောင်းပေးလိုက်မယ်၊ ဒါက ကိစ္စအကြီးကြီး မဟုတ်ပါဘူး"

"ဟင်... ရှင်လား"

ချိုက်မင်မင် အံ့ဩတကြီးဖြင့်

"ရှင်က... ရှင်က..."

သူမ ဆက်လက်၍ စိုးရိမ်တကြီး ပြောရှာသည်။

"ရှင်က ဆရာတစ်ယောက်လေ… အကယ်၍ တစ်ယောက်ယောက်က ရှင် လမ်းဘေးဈေးရောင်းနေတာကို သိသွားရင် ရှင့်ကို ကဲ့ရဲ့အတင်းပြောကြမှာ မဟုတ်ဘူးလား"

မာကျန်း : "ဟူး... ကိုယ်က သူတစ်ပါး ပြောမယ့်စကားတွေကို ကြောက်နေရမှာလား… ယောက်ျားဖြစ်ပြီး အတင်းအဖျင်းတွေကို ဂရုစိုက်မနေသင့်ဘူး… အရင်တုန်းကလည်း ငါတို့အကြောင်း ကောလာဟလတွေ အများကြီး ရှိခဲ့တာပဲဥစ္စာ၊ ပိုက်ဆံရတာကို မြင်ရရင်ပဲ ကိုယ် စိတ်ချမ်းသာပါတယ်၊ သူတို့ ဘာပြောပြော ဂရုမစိုက်ဘူး"

မာကျန်းသည် အတော်ပင် ပွင့်လင်းပြတ်သားသော လူတစ်ယောက် ဖြစ်ပေသည်။

ချိုက်မင်မင်သည် ပြန်လည်တွေးတောကြည့်ရာ ထိုစကားကို သဘောတူလိုက်မိ၏။ သူမကိုယ်တိုင်လည်း အသေးအဖွဲ ကိစ္စရပ်များတွင် သိပ်ပြီး စိတ်ထဲထားတတ်သူ မဟုတ်သဖြင့် အချို့သောအရာများကို အာရုံထဲ ထည့်မနေခဲ့ပေ။

"ဒါဆိုရင်တော့ ရှင့်စကားကိုပဲ နားထောင်ပါ့မယ်”

မာကျန်း ခေါင်းညိတ်ရင်း ဆက်လက် ရှင်းပြလေသည်။

"ရှောင်ချန်ပြောတာ တကယ်မှန်တယ်… ဒီအလုပ်က မကြာခင်မှာ အခြားသူတွေကို သေချာပေါက် ဆွဲဆောင်နိုင်လိမ့်မယ်၊ မင်း ပိုက်ဆံရနေတာကို သူတို့မြင်ရင် လိုက်မလုပ်ကြဘဲ နေမလား… ဒီဝင်းထဲက လူတွေ ဘယ်လောက်တောင် စိတ်လှုပ်ရှားနေကြလဲဆိုတာ ကြည့်ဦးလေ၊ မင်း လမ်းဘေးဈေးရောင်းတာ အခုဆို တစ်ပတ်ရှိပြီ၊ အပြင်ကလူတွေလည်း ဒါကို လိုက်သင်ချင်နေကြမှာ အသေအချာပဲ… ဒါကြောင့် အားလုံးက ဆုံးဖြတ်ချက်မချနိုင်ခင် စောစောစီးစီး စတင်ပြီး ပိုပြီးတော့ ရောင်းချထားတာက အကောင်းဆုံးပဲ၊ အမြတ်အစွန်းကို လက်ဦးမှုရယူပြီး အရင်ဆုံး ခံစားလိုက်ကြတာပေါ့… မင်းက ကုန်ပစ္စည်းသွားဝယ်ဖို့ပဲ အာရုံစိုက်၊ အိမ်ကကိစ္စတွေကိုတော့ ကိုယ်ပဲ အကုန်တာဝန်ယူပေးမယ်၊ ဒါ့အပြင် မင်းတစ်ယောက်တည်း ရှောင်ချန်မပါဘဲ ကုန်ပစ္စည်းသွားဝယ်မယ်ဆိုရင်လည်း ကိုယ် စိတ်ချမှာ မဟုတ်ဘူး"

ချိုက်မင်မင် : "ကျွန်မအတွက် ဘာပူစရာရှိလို့လဲရှင်… ရထားပေါ်မှာ လူကျပ်ပြီး နည်းနည်းတော့ ရှုပ်ထွေးပေမဲ့ အဲဒီလောက်အထိ အန္တရာယ်မရှိပါဘူး"

ထိုသို့ တိုင်ပင်ဆွေးနွေးပြီးနောက် ချိုက်မင်မင်သည် ချန်ချင်းယွီနှင့်အတူ နောက်တစ်နေ့တွင်ပင် ခရီးစတင်ထွက်ခွာရန် အစီအစဉ်ကို လျင်မြန်စွာ အတည်ပြုလိုက်ကြ၏။

ထိုအမျိုးသမီးနှစ်ဦး၏ အလုပ်လုပ်ပုံမှာ အလွန်ပင် လျင်မြန်ဖြတ်လတ်လှပေသည်။

ချန်ချင်းယွီအနေဖြင့် ဤဝင်းအတွင်းရှိ လူများစွာ သူတို့နှစ်ဦးကို စောင့်ကြည့်နေကြလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။ ချန်ချင်းယွီနှင့် ချိုက်မင်မင်တို့ ခရီးသွားမည့်အကြောင်း တိုင်ပင်ပြီးစီးပြီးနောက် ချက်ချင်းဆိုသလိုပင် ကွမ်ထင်းထင်း အိမ်တံခါးဝသို့ ရောက်ရှိလာပြီး ဗြောင်ပင် မေးမြန်းလာ၏။

"မာကျန်းမိန်းမ... ချန်ချင်းယွီက နင့်ဆီလာပြီး ဘာတွေလာပြောနေတာလဲ"

ချိုက်မင်မင် : "???"

သူမ အံ့ဩသွားပြီးနောက်

"သူ ကျွန်မဆီလာပြီး ဘာပြောပြော ဒါက ရှင်နဲ့ ဘာမှမဆိုင်ပါဘူး"

ပုံမှန်အားဖြင့် အိမ်နီးနားချင်းအချင်းချင်း ယဉ်ကျေးပျူငှာစွာ ဆက်ဆံတတ်ကြသော်လည်း ကွမ်ထင်းထင်းသည် ကျေးလက်တောရွာမှ လာသူများကို အမြဲတမ်း အထင်သေးလေ့ရှိသည့်အပြင် ချိုက်မင်မင်ကိုလည်း အစဉ်သဖြင့် နှာခေါင်းရှုံ့တတ်သူ ဖြစ်သည်။ သူမသည် ချိုက်မင်မင်အပေါ် အမြဲတမ်း မောက်မာရိုင်းစိုင်းစွာ ဆက်ဆံလေ့ရှိသဖြင့် ချိုက်မင်မင်မှာလည်း ယခုတစ်ကြိမ်တွင်မူ လုံးဝ သည်းခံမနေတော့ကာ

"နင် ဘယ်လောက်ပဲ ကောင်းစားကောင်းစား၊ ကျွန်မအတွက် တစ်ပြားတစ်ချပ်မှ သုံးပေးဖူးတာလည်း မဟုတ်ဘဲနဲ့ ဘာတွေ လာပြီး မာန်တက်ပြနေတာလဲ"

ချိုက်မင်မင်သည် သူမနှင့် မည်သို့မျှ အဆင်မပြေချေ။ အမှန်အတိုင်းပြောရလျှင် ဤဝင်းကြီးတစ်ခုလုံးတွင် ကွမ်ထင်းထင်းသည် ချိုက်မင်မင် အမုန်းဆုံးသော လူတစ်ယောက် ဖြစ်၏။ အကြောင်းမှာ သူတို့နှစ်ဦးစလုံးသည် အလယ်ဝင်းတွင် နေထိုင်ကြပြီး တစ်အိမ်နှင့်တစ်အိမ် မျက်နှာချင်းဆိုင် အိမ်နီးနားချင်းများ ဖြစ်ကြသည့်အပြင် ချွေးမချင်းတူတူ နှိုင်းယှဉ်မှုများ ရှိလာကြစမြဲ ဖြစ်ရာ ကွမ်ထင်းထင်း သူမကို အမြဲတမ်း နှာခေါင်းရှုံ့ အထင်သေးလေ့ရှိသဖြင့် ချိုက်မင်မင်သည်လည်း လုံးဝ သည်းမခံနိုင်ခြင်း ဖြစ်သည်။

ငတုံးတောင်မှ ကွမ်ထင်းထင်း အထင်သေးတာကို သဘောပေါက်နိုင်သေးတာ… သူမက ဒါကိုသိနေပါရက်နဲ့ ဘာကိစ္စများ ယဉ်ကျေးပျူငှါနေရမှာလဲ…

ကွမ်ထင်းထင်းသည် ထိုသို့ အပိတ်ခံလိုက်ရသဖြင့် ဒေါသထွက်သွားပြီး ရန်တွေ့လေသည်။

"ဒါက ဘာလို အမူအရာမျိုးလဲ…တောသားတွေမို့လို့ တကယ့်ကို အဆုံးအမ မရှိတာပဲ"

ချိုက်မင်မင်မှာလည်း ပြန်လည်၍ ဗြောင်စိန်ခေါ်လိုက်၏။

"နင်ကကော အဆုံးအမ ရှိလို့လား… နင့်မိသားစုတစ်ခုလုံးကကော အဆုံးအမ ရှိကြလို့လား၊ ငါ့မှာ အဆုံးအမ မရှိဘူးဆိုရင်လည်း ငါ့အိမ်တံခါးဝကို လာပြီး လျှောက်မေးမနေနဲ့လေ၊ နင်တို့လို လူစားမျိုးတစ်ခါမှ မမြင်ဖူးဘူး… ငါတို့ စီးပွားရေးလေး နည်းနည်းအဆင်ပြေလာတာမြင်တော့ အမြတ်ထုတ်ဖို့ လာချောင်းနေတာမို့လား၊ ဘာလဲ... ရှောင်ချန်ဆီမှာ သွားမေးတာ သဲစွန်စ မရခဲ့လို့ အခု ငါ့ဆီကို သတင်းနှိုက်ဖို့ လာတာလား၊ နင်က ဘာကောင်မမို့လို့လဲ… ငါက နင့်ကို ဘာလို့ ပြောပြရမှာလဲ၊ သွားစမ်းပါ... တကယ်ကို စိတ်ရှုပ်ဖို့ကောင်းလိုက်တာ၊ နင်က ငါ့ကို အထင်သေးသလို ငါကလည်း နင့်ကို အထင်သေးတယ်ဟေ့… တောရွာကလာတာ ဘာဖြစ်လဲ၊ နင်က မြို့ခံဖြစ်ပြီး ပိုလို့တောင် ရိုင်းစိုင်းသေးတယ်… ဖိတ်ခေါ်မထားဘဲနဲ့ လာရှုပ်နေတာ၊ အော့နှလုံးနာဖို့ကောင်းလိုက်တာ"

"နင် ငါ့ကို ဒီလိုစကားမျိုး ပြောရဲရတယ်ပေါ့"

ကွမ်ထင်းထင်း ဒေါသတကြီး အော်ဟစ်၏။

"ငါက နင့်ကို ဘာလို့မပြောရဲရမှာလဲ… နင်က နတ်မင်းကြီးမို့လို့လား၊ ငါက နင့်ကို ယဉ်ကျေးပြနေရဦးမှာလား၊ ထွက်သွား... ထွက်သွားစမ်း..."

ကွမ်ထင်းထင်းသည် ဒေါသတကြီးဖြင့် ခြေဆောင့်ကာ နှုတ်ခမ်းကို စူလိုက်ရင်း မကျေမနပ် ဖြစ်နေရှာသည်။

ချိုက်မင်မင်မှာ အထင်သေးသော အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်မိ၏။

အရွယ်ကလည်း ငယ်ငယ်မဟုတ်တော့ဘဲ ဘယ်သူ့ကို လာပြီး နှုတ်ခမ်းလာစူပြနေတာလဲ…

သူမသည် ကွမ်ထင်းထင်းကို အပြင်သို့ တွန်းထုတ်လိုက်ရင်း

"ထွက်သွား... ထွက်သွား၊ ငါ့အလုပ်တွေကို လာမနှောင့်ယှက်နဲ့။ ရှောင်မေ့... ရှောင်မေ့ လာပြီး မမကို ကူဦး"

မာရှောင်မေ့၏ နာမည်အရင်းမှာ မာအန်း ဖြစ်၏။ ထိုနာမည်မှာ တရုတ်လို 'မြင်းကုန်းနှီး' ဟူသော အသံထွက်နှင့် ဆင်တူသဖြင့် လူများမကြာခဏ အတင်းအဖျင်း ပြောလေ့ရှိကြ၏။ ထိုမိန်းကလေးမှာ ဤနာမည်ကို သိပ်မကြိုက်သဖြင့် မိသားစုဝင်များမှာ သူမ၏ နာမည်အရင်းကို ခေါ်လေ့မရှိကြကာ 'ရှောင်မေ' (ညီမလေး) ဟုသာ အမြဲတမ်း ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။

မာအန်းသည် လက်ရှိတွင် အထက်တန်းကျောင်းတက်နေပြီး အမှတ်မှာ ပုံမှန်မျှသာ ဖြစ်သဖြင့် တက္ကသိုလ်ဝင်ခွင့်ရရှိရန် အနည်းငယ် ခက်ခဲနေသော်လည်း သူမသည် အစွမ်းကုန် ကြိုးစားနေဆဲ ဖြစ်၏။

သူမသည် စနေ၊ တနင်္ဂနွေ အားလပ်ရက်များတွင်ပင် အပြင်သို့ သွားရောက်မလည်ပတ်ဘဲ အိမ်၌သာ စာကြည့်နေလေ့ရှိ၏။

"ယောင်းမ..."

ချိုက်မင်မင်သည် မာအန်းကို ကွမ်ထင်းထင်းအား မောင်းထုတ်ခိုင်းရန် ခေါ်ခြင်း မဟုတ်ပေ။ သူမကိုယ်တိုင် ကွမ်ထင်းထင်းကို အပြင်သို့ တွန်းထုတ်ကာ တံခါးကို ဂျိမ်းခနဲ ပိတ်ပစ်လိုက်၏။

“ရှောင်မေ့... မမ မနက်ဖြန် ခရီးထွက်ရတော့မှာမို့လို့ ပေါက်စီအချို့ လုပ်ဖို့ ကူပေးပါဦးလား"

"ရတာပေါ့ မမ..."

မာအန်း ဝမ်းသာအားရ ပြန်ပြောလေသည်။

သူမ၏ ယောင်းမမှာ စီးပွားရေးလုပ်နေသဖြင့် သူမကို အတွင်းခံအင်္ကျီနှစ်ထည်နှင့် ခြေအိတ်နှစ်စုံ အလကား ပေးခဲ့ဖူးသည်။

ထို့ကြောင့် ဝင်ရောက်ကူညီပေးခြင်းသည် တရားမျှတပေ၏။

"မမ... ပစ္စည်းတွေ အကုန်မရောင်းရသေးဘဲနဲ့ ခရီးထွက်တော့မလို့လား"

ချိုက်မင်မင် : "အင်း... ငါ ကုန်ပစ္စည်းအသစ်တွေ သွားယူမလို့၊ အခြားသူတွေ အလုပ်မစခင်မှာ ငါတို့ အတတ်နိုင်ဆုံး ပိုပြီး ရောင်းချထားမှ ပိုက်ဆံ ပိုရမှာလေ"

မာအန်း ခေါင်းညိတ်လိုက်သည်။ သူမသည် ဤစီးပွားရေးကိစ္စများကို နားမလည်သော်လည်း ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ချေ။

ထိုအမျိုးသမီးနှစ်ဦးသည် အတူတကွ ပေါက်စီလုပ်နေကြ၏။ ကွမ်ထင်းထင်းသည် တံခါးဝတွင် ရပ်နေရင်း ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရင်နေမိသော်လည်း အထဲမှ စကားသံအချို့ကိုမူ မတော်တဆ ကြားလိုက်ရလေသည်။ သူမသည် မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ပြီးမှ လှည့်ပြန်သွားတော့၏။ ယနေ့တွင် သူမ၏ နေ့ရက်မှာ အစကတည်းက အဆင်မပြေဘဲ အဖန်ဖန်အထပ်ထပ် ငြင်းပယ်ခြင်း ခံခဲ့ရသဖြင့် စိတ်အခြေအနေမှာ လုံးဝ မကောင်းချေ။

သူမ အိမ်ထဲသို့ ဝင်လာသည်နှင့် ယွမ်ဟောက်ဖုန်း အလောတကြီးဖြင့်

"ဘယ်လိုလဲ... အခြေအနေ"

ကွမ်ထင်းထင်း : "တကယ်ကို စိတ်ပျက်ဖို့ကောင်းတာပဲ… ရှင်က အမြဲတမ်း ကျွန်မကိုပဲ လွှတ်နေတာ။ အလကားနေရင်း အစော်ကားခံခဲ့ရတယ်"

"သူ နင့်ကို အနိုင်ကျင့်လိုက်တာလား... အဲဒီ ကျားမကြီးက"

ယွမ်ဟောက်ဖုန်းသည်လည်း ချိုက်မင်မင်ကို အမြဲတမ်း အထင်သေးသူ ဖြစ်သည်။ သူမသာ် တောရွာမှလာပြီး ရုပ်ရည်လည်း မလှပသည့်အပြင် တောဆန်လွန်းသဖြင့် သူ သဘာဝအတိုင်း မုန်းတီးခြင်း ဖြစ်၏။

မာကျန်းတစ်ယောက်တည်းသာ ဒီမိန်းမမျိုးကို ယူပြီး သာယာတဲ့အိမ်ထောင်ရေးကို တည်ဆောက်နိုင်တာ... သူက တကယ့် မျက်စိကန်းတဲ့ကောင်ပဲ …

သူ ကွမ်ထင်းထင်းကို ချော့မော့ရင်း

"သူက တောရွာကလာတာဆိုတော့ အဲဒီလို စရိုက်မျိုးရှိတာ မဆန်းပါဘူး… မင်းက သူ့လိုလူမျိုးနဲ့ သွားပြီး စကားများနေရင် မင်းရဲ့ အဆင့်အတန်း ကျလိမ့်မယ်၊ ထားလိုက်ပါတော့"

“ဟွန်း..."

ကွမ်ထင်းထင်း နှာခေါင်းရှုံ့လိုက်သည်။

ဤသို့ နှာခေါင်းရှုံ့လိုက်ရင်း သူမသည် မိမိ၏ မျက်နှာကို အသာအယာ ပွတ်သပ်လိုက်မိ၏။

သူမသည် ယနေ့တွင် အရိုက်ခံခဲ့ရသည်။

"အဲဒီ သောက်အဘွားကြီးကျောက် သူ ဘာလို့ အိမ်သာကျင်းထဲ ခုန်ချပြီး မသေသွားတာလဲမသိဘူး… ငါ့ကိုတောင် လက်ရဲဇက်ရဲ လာလုပ်ရဲသေးတယ်၊ တကယ့် နှလုံးသားမရှိတဲ့ မိန်းမအိုကြီး၊ အခုတော့ ဒီလိုဖြစ်ကုန်ပြီ… လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကသာဆိုရင် ငါ့ရဲ့ ခဲအိုကို ခိုင်းပြီး သူ့ကို အသေသတ်ခိုင်းလိုက်မှာ။ တောက်... သူ ကံကောင်းသွားတယ်"

သူမသည် အလွန်ပင် မကျေမနပ် ဖြစ်နေ၏။

ယွမ်ဟောက်ဖုန်းသည် စိတ်မရှည်တော့ချေ။

သူမက အခုထိ သူမရဲ့ ခဲအိုအကြောင်းကို ပြောနေသေးတာလား… သူက သေတာတောင် ကြာလှပြီ၊ သူ့ရဲ့ အုတ်ဂူပေါ်မှာ မြက်ပင်တွေ တောထနေပြီဥစ္စာ…

သူက ဘာကောင်မို့လို့လဲ… မိသားစုထဲမှာ သေဒဏ်ပေးခံရတဲ့ ဆွေမျိုးတစ်ယောက် ရှိနေတာက ဂုဏ်ယူစရာကိစ္စမို့လို့လား…

သူသည် စိတ်ထဲ၌ အလွန် စိတ်ပျက်နေသော်လည်း အပြင်ပန်းတွင်မူ မပြဘဲ

"ဒီလို စကားမျိုးတွေကို လျှောက်မပြောပါနဲ့၊ တစ်ယောက်ယောက် ကြားသွားရင် မကောင်းဘူး… ဘာပြဿနာတွေ တက်လာဦးမလဲ မသိနိုင်ဘူး… သူ့အကြောင်းကို နောက်ခါ ဘယ်တော့မှ မပြောနဲ့တော့"

ကွမ်ထင်းထင်းသည် ကိုယ်ကို တောင့်လိုက်ပြီးမှ

"ကျွန်မ စိတ်ထဲမကျေနပ်လို့ နည်းနည်းပါးပါး ညည်းတွားမိတာပဲဥစ္စာ။ ရှင်ကကော အဲဒီတုန်းက သူ့ရဲ့ အကျိုးကျေးဇူးတွေကို ခံစားခဲ့ရတာ မေ့သွားပြီလား"

ယွမ်ဟောက်ဖုန်း : "ငါ ဘယ်လိုလုပ် မေ့မှာလဲ… ဒါပေမဲ့ မင်းရဲ့ ခဲအိုက တကယ်ကို သေထိုက်တဲ့ကောင်ပါ၊ သူ့ကို မုန်းတဲ့သူတွေဆိုရင် ထုံကျိုး အထိ တန်းစီလို့ ရတယ်… ငါတို့က သူ့အကြောင်းကို ခဏခဏ ပြောနေရင် တစ်ယောက်ယောက် ကြားသွားပြီး လာကလဲ့စားချေရင် ဘယ်လိုလုပ်မလဲ"

ဤစကားကို ကြားသောအခါ ကွမ်ထင်းထင်းသည် နောက်ထပ် စကားတစ်ခွန်းမျှ မပြောရဲတော့ပေ။

မှန်ပေသည်၊ သူတို့ကို မုန်းတီးနေကြသော လူများမှာ အလွန်ပင် များပြားလှသည်။

အမှန်စင်စစ် ဤသည်မှာ ထိုခေတ်ကာလ မူဝါဒကြောင့် ဖြစ်၏။ တော်လှန်ရေးကော်မတီ ဆိုသည်မှာ လူတစ်ယောက်၊ နှစ်ယောက်တည်းဖြင့် လည်ပတ်နေခြင်း မဟုတ်ဘဲ လူအများစုမှာ အလုပ်ပြောင်းရွှေ့ရုံသာ ဖြစ်ပြီး ကြီးမားသော ပြဿနာ မရှိခဲ့ကြချေ။ သို့သော်လည်း ညွှန်ကြားရေးမှူး လီနှင့် ဒုတိယညွှန်ကြားရေးမှူးဖြစ်သော သူမ၏ ခဲအိုတို့ သေဒဏ်ပေးခံရသည့် အကြောင်းရင်းမှာ သူတို့ ကျူးလွန်ခဲ့သော မတရားမှုများ အလွန်ပင် များပြားလွန်းခဲ့သောကြောင့် ဖြစ်၏။

သူတို့သည် ချမ်းသာသော မိသားစုများကို မတရား စွပ်စွဲပုတ်ခတ်ခြင်း၊ ပစ္စည်းဥစ္စာများကို သိမ်းပိုက်ရန်အတွက် လူများကို မတရား ဖမ်းဆီး သတ်ဖြတ်ခြင်း စသည့် ရာဇဝတ်မှု မြောက်မြားစွာကို ကျူးလွန်ခဲ့ကြသည်။

ယခုအခါ သူတို့ မရှိကြတော့သော်လည်း သူတို့အပေါ် ထားရှိသော နာကျည်းမှု ရန်ငြိုးများမှာ သူတို့၏ ဆွေမျိုးသားချင်းများထံသို့ ကူးစက်ပျံ့နှံ့နေဆဲ ဖြစ်၏။ ကွမ်ထင်းထင်းသည် အစက သူမ၏ ခဲအို၏ အရှိန်အဝါကို အားကိုးကာ သူတစ်ပါးကို အနိုင်ကျင့်ခဲ့ဖူးသော်လည်း ယခုအခါတွင်မူ လိပ်တစ်ကောင်ကဲ့သို့ ခေါင်းလျှိုနေရရှာသည်။ သူမသည် ဤဝင်းကြီးအတွင်း၌သာ ပြဿနာရှာရဲခြင်း ဖြစ်ပြီး ပြင်ပတွင်မူ အလွန်ပင် ရိုးအေးလှသူ တစ်ဦး ဖြစ်၏။

ကွမ်ထင်းထင်း နှုတ်ခမ်းကို မဲ့လျက်

"သူက ကျွန်မကို ဂရုမစိုက်ဘူး၊ ဒါပေမဲ့ ကြားခဲ့ရတာတော့ သူတို့ မနက်ဖြန် ခရီးဝေး သွားကြတော့မယ်တဲ့"

"ဘာ... သူတို့ မနက်ဖြန် ခရီးထွက်ကြတော့မယ် ဟုတ်လား၊ ဘာလို့ ဒီလောက်တောင် မြန်ရတာလဲ"

"ငါက ဘယ်လိုလုပ် သိမှာလဲ… သူတို့ မနက်ဖြန် ထွက်ကြမယ်ဆိုတာပဲ ငါ သိတာ"

ယွမ်ဟောက်ဖုန်းသည် ခဏမျှ စဉ်းစားခန်းဖွင့်လိုက်ပြီးနောက်

"မကောင်းတော့ဘူး... သူတို့ရဲ့ အချိန်ဇယားက အရမ်း ကပ်နေပြီ… ငါ ဘာမှ ပြင်ဆင်ရသေးဘူး"

"ဒါဆို ရှင့်အနေနဲ့ ဘာလုပ်ဖို့ အကြံပြုချင်လဲ"

ကွမ်ထင်းထင်း : "လီလင်းလင်းက အရေးပေါ် ခွင့်တောင်းရင်တောင် အချိန်က ဘယ်လိုမှ မှီမှာ မဟုတ်ဘူး"

ယွမ်ဟောက်ဖုန်းသည် ကွမ်ထင်းထင်းကို လေးနက်သော အကြည့်တစ်ချက်ဖြင့် စိုက်ကြည့်လိုက်ပြီး

"ဒီလို ရုန်းရင်းဆန်ခတ်ဖြစ်ပြီးခါစမှာ ငါက လီလင်းလင်းကို ဒီကိစ္စတွေ ချက်ချင်းသွားပြောရင် သူက ငါ့ရဲ့ ရည်ရွယ်ချက်ကို သံသယဝင်မှာ အသေအချာပဲ… ငါ့စကားကို နားထောင်ချင်မှ နားထောင်လိမ့်မယ်၊ အချိန်ကိုက်က သိပ်မကောင်းဘူး"

ကွမ်ထင်းထင်း : "ဒါဆို ကျွန်မတို့ ဘာလုပ်ကြမလဲရှင်… သူတို့က မနက်ဖြန် ခရီးထွက်တော့မှာလေ၊ ပြန်လာပြီးရင်ကော ဘယ်တော့ ထပ်ထွက်ဦးမလဲ ဘယ်သူသိမှာလဲ"

ယွမ်ဟောက်ဖုန်းသည်လည်း စိတ်လှုပ်ရှား စိုးရိမ်နေမိပေသည်။

သူသည် ထိုနေရာတွင်တင် ဟိုဟိုဒီဒီ လှည့်ပတ်လမ်းလျှောက်ရင်း စဉ်းစားခန်းဖွင့်နေပြီးမှ ရုတ်တရက် ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့်

"ငါ သူတို့နောက်ကို လိုက်သွားမယ်"

ကွမ်ထင်းထင်း အံ့ဩသွားကာ

"ဟင်... ရှင်လား"

ယွမ်ဟောက်ဖုန်း : "ငါ ဒီညပဲ ခေါင်းဆောင်ရဲ့အိမ်ကို သွားပြီး ခွင့်တောင်းလိုက်မယ်… သူတို့ ပြီးခဲ့တဲ့အကြိမ်က ဆယ်ရက်လောက် ကြာခဲ့တာဆိုတော့ ငါလည်း ဆယ်ရက်ခွင့်ယူရင် လုံလောက်ပါပြီ"

"ဒါက အချိန်အတော်ကြာတာပဲ…ရှင့်ရဲ့ ခေါင်းဆောင်က သဘောတူပါ့မလား"

ယွမ်ဟောက်ဖုန်း : "ငါ့ရဲ့ အဝေးက ဆွေမျိုးတစ်ယောက် ကိစ္စရှိလို့ အရေးတကြီး သွားကူညီပေးရမယ်လို့ပဲ အကြောင်းပြလိုက်မယ်… ငါက ဒီမှာ အဆင့်အတန်းတစ်ခု ရှိတဲ့သူပဲဆိုတော့ ခွင့်တောင်းရတာ သိပ်ပြီး မခက်ခဲပါဘူး"

"ရှင်က သူတို့နဲ့အတူ သွားမလို့လား… သူတို့က သဘောတူပါ့မလားဟင်"

"ဒါကြောင့် ငါက သူတို့နောက်ကနေ လျှို့ဝှက်ပြီး လိုက်ရမှာပေါ့… ဗြောင်ကြီး သွားလိုက်ရင် သူတို့ သဘောတူမှာ မဟုတ်ဘူး၊ ဘယ်သူကမှ ကိုယ့်ရဲ့ ပိုက်ဆံရှာတဲ့ လမ်းစကို သူတစ်ပါးကို ဗြောင် မျှဝေမှာမဟုတ်ဘူးး… ငါသာ သူတို့နောက်ကနေ တိတ်တဆိတ် စောင့်ကြည့်ပြီး လိုက်သွားရင် အဲဒီမိန်းမနှစ်ယောက် သတိထားမိမှာ မဟုတ်ပါဘူး"

ကွမ်ထင်းထင်း : "ဒါဆိုရင်တော့... ရှင့်ကို ဒီလို ဒုက္ခပေးရတာ တကယ်ပဲ စိတ်မကောင်းဘူးရှင်"

ယွမ်ဟောက်ဖုန်း : "ငါကလည်း မိသားစုအတွက် လုပ်တာပဲလေ"

"ဒီတစ်ခေါက်သာ ကုန်ပစ္စည်းတွေကို အဆင်ပြေပြေ သယ်လာနိုင်ရင် ပြန်ရောက်တာနဲ့ လီလင်းလင်းကို ကူပြီး ရောင်းခိုင်းရမယ်… အဲဒီတော့ ငါက သူနဲ့ ဆက်သွယ်မှု ရှိနေရမှာဆိုတော့ မင်းအနေနဲ့ သဝန်တိုမနေနဲ့ဦး၊ မင်းလည်း ငါ့အကြောင်း သိတာပဲ၊ ငါက မိသားစု ဘဝပိုကောင်းလာအောင် လုပ်နေတာ"

ကွမ်ထင်းထင်း : "ဒါပေါ့... သိတာပေါ့ရှင်… ရှင့်ကို အပြစ်မတင်ပါဘူး…ရှင်က ယောက်ျားပဲဥစ္စာ၊ ဘာပဲဖြစ်ဖြစ် အရှုံးမရှိပါဘူး"

ယွမ်ဟောက်ဖုန်း ရယ်မောလိုက်ရင်း

"ငါ သိသားပဲ... မင်းနဲ့ငါက အလိုက်ဖက်ဆုံး ဇနီးမောင်နှံတွေပါ၊ တစ်ယောက်အကြောင်းတစ်ယောက် အသိဆုံးပဲ"

ကွမ်ထင်းထင်း : "ဟိုးအရင်တုန်းကဆိုရင် ယောက်ျားတွေမှာ မယားကြီး သုံးယောက်၊ မယားငယ် လေးယောက်တောင် ရှိကြတာပဲ… ရှင်က မိသားစုအပေါ် ဒီလောက်တောင် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားတာပဲ၊ ကျွန်မက ဘာလို့ နားမလည်ပေးနိုင်ရမှာလဲ၊ ဒါနဲ့... ရှင် ခရီးမထွက်ခင် ဟောက်ရွှယ်ကို ပြောသွားဦးနော်၊ သူ တစ်ခုခု လိုအပ်တာရှိလားလို့ မေးခဲ့ဦး"

ယွမ်ဟောက်ဖုန်း : "ငါ သိပါတယ်"

ဟောက်ရွှယ်သည် နံရံတစ်ခုခြားလျက် ဘေးအခန်းမှ စကားပြောသံများကို နားထောင်နေရင်း ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်မိသည်။

သူမ၏ ယောင်းမဖြစ်သူ ကွမ်ထင်းထင်းသည် ပုံမှန်အားဖြင့် အိမ်၌ စကားအလွန်များတတ်သော်လည်း ယခုကဲ့သို့ အဆင်ပြေအောင် ပြောဆိုတတ်သည်မှာ အစ်ကိုဖြစ်သူအတွက် ပြင်ပလူကြီးမင်းများနှင့် အဆင်ပြေစေရန်နှင့် စိတ်သက်သာရာရစေရန် ဖန်တီးပေးခြင်း ဖြစ်ကြောင်း ယွမ်ဟောက်ရွှယ် သိရှိပေသည်။ ထိုသို့ လုပ်ဆောင်ပေးခြင်းဖြင့် အပြန်အလှန်အားဖြင့် အကျိုးကျေးဇူးအချို့ကို သေချာပေါက် ပြန်လည်ရရှိနိုင်စမြဲ ဖြစ်၏။

စကားလုံးများ နားဝင်မချိုလှသော်လည်း ယွမ်ဟောက်ရွှယ်အနေဖြင့် ကွမ်ထင်းထင်း ပြောသည့်အချက်တစ်ခုကိုမူ သဘောတူမိသည် ~~ အစ်ကိုဖြစ်သူမှာအမျိုးသားတစ်ဦး ဖြစ်သဖြင့် ပိုက်ဆံအနည်းငယ် သုံးစွဲမိသည် ဖြစ်စေ၊ ဘာပဲဖြစ်စေ အမျိုးသားများအနေဖြင့် မည်သို့မျှ နစ်နာစရာ အကြောင်းမရှိချေ။ ကွမ်ထင်းထင်းတွင် အစက အဆက်အသွယ်ကောင်းများ ရှိခဲ့ဖူးသဖြင့် ဟောက်ရွှယ်သည် သူမအပေါ် အမြဲတမ်း အသင့်အတင့် ကောင်းမွန်စွာ ဆက်ဆံခဲ့ခြင်း ဖြစ်၏။

နောက်ပိုင်းတွင် အခြေအနေများ ပြောင်းလဲသွားခဲ့သော်လည်း ဟောက်ရွှယ်သည် ပြင်ပတွင် သိသာထင်ရှားသော အေးစက်မှုကို မပြသခဲ့သဖြင့် ကွမ်ထင်းထင်းမှာ ဟောက်ရွှယ်ကို အမြဲတမ်း လူကောင်းတစ်ယောက်ဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်၏။

ဟောက်ရွှယ်ကိုယ်တိုင်မှာမူ... ကွမ်ထင်းထင်းကို အမှန်တကယ် သဘောကျလှသည်မဟုတ်သော်လည်း ဤမိန်းမသည် သူမ၏ အစ်ကိုနှင့် မိသားစုအပေါ် စိတ်ရောကိုယ်ပါ ပုံအောထားသူ ဖြစ်သည့်အပြင် သူမကိုယ်တိုင်လည်း အစ်ကိုဖြစ်သူနှင့် ဆက်ဆံရေး ကောင်းမွန်သဖြင့် သူမနှင့် ကွမ်ထင်းထင်းတို့အကြား သမီးယောင်းမ ဆက်ဆံရေးမှာ သာယာချောမွေ့နေဟန် ပေါ်နေခြင်းတည်း။

မကြာမီမှာပင် မျှော်လင့်ထားသည့်အတိုင်း ယွမ်ဟောက်ဖုန်း ရောက်ရှိလာခဲ့သည်။

ဟောက်ရွှယ်သည် သူမ၏ စိတ်ကူးကို ချက်ချင်းပင် မျှဝေလိုက်၏။

"အစ်ကို... အစ်ကို အပြင်ထွက်မယ်ဆိုရင် တစ်ယောက်တည်း မသွားတာ အကောင်းဆုံးပဲ… တစ်ယောက်တည်းဆိုရင် လမ်းခရီးမှာ တစ်စုံတစ်ခု ဖြစ်လာရင် ဖြေရှင်းရ ခက်လိမ့်မယ်၊ အစ်ကိုက စာပေသမား ပညာတတ်တစ်ယောက်ပဲဥစ္စာ၊ အကယ်၍ လူဆိုးတွေနဲ့ ကြုံရရင် ဘယ်လိုလုပ် အားချင်းပြိုင်နိုင်မှာလဲ… အစ်ကို ရထားဝန်ထမ်းလုပ်ခဲ့ဖူးတာပဲ၊ ရထားပေါ်မှာ ဘယ်လောက်အထိ အန္တရာယ်များလဲဆိုတာ အသိဆုံး ဖြစ်မှာပါ…ဘာလို့ အဖော်တစ်ယောက်လောက် ခေါ်မသွားတာလဲ"

ယွမ်ဟောက်ဖုန်း : "အဖော် ဟုတ်လား၊ ငါ ဘယ်သူ့ကို ခေါ်သွားရမှာလဲ"

သူသည် ခဏမျှ စဉ်းစားကြည့်သော်လည်း သင့်တော်မည့်သူ တစ်ဦးမျှ မရှိချေ။

အလုပ်လုပ်နေသူများမှာ သူ့နောက်သို့ လိုက်လာကြမည်မဟုတ်သလို၊ လက်ရှိ အလုပ်မရှိသူများထဲတွင် အဒေါ်ကြီးမေ့၏ သားများသာ ရှိသော်လည်း သူတို့မှာအုပ်စုအဖွဲ့နှင့် ဖြစ်သည့်အပြင် သူ့စကားကို နားထောင်မည့်သူများ မဟုတ်ကြပေ။

ဟောက်ရွှယ် အဓိပ္ပာယ်ပါပါ ပြုံးလိုက်ရင်း

"ရှီရှောင်ဝေ ရှိနေတာပဲ မဟုတ်လား"

ယွမ်ဟောက်ဖုန်းမှာ အံ့ဩသွားရပြီး

"ရှီရှောင်ဝေ ဟုတ်လား… သူ့မိသားစုက လမ်းဘေးဈေးသည်တွေကို အမြဲ အထင်သေးနေတာလေ၊ ပြီးတော့ သူတို့သား ရှောင်ကွမ်းရဲ့အလုပ်ကို မိသားစုကလည်း သဘောကျတာ မဟုတ်ဘူး"

ဟောက်ရွှယ် : "ဒါကို ကျွန်မအပေါ်ပဲ လွှဲထားလိုက်ပါ… သူ့ကို သဘောတူလာအောင် ကျွန်မ ဖျောင်းဖျပေးမယ်၊ မဟုတ်ဘူး... စည်းရုံးပေးမယ်၊ သူ့ကို လှည့်စားဖို့ဆိုတာ ကျွန်မအတွက် အသေးအဖွဲလေးပါ"

ယွမ်ဟောက်ဖုန်းသည် ဟောက်ရွှယ်ကို စိုက်ကြည့်လိုက်မိ၏။

ယွမ်ဟောက်ရွှယ် နှာခေါင်းရှုံ့လျက်

"အဲဒီ အစ်မကြီးဖန်ဆိုတဲ့ မိန်းမအိုက ကျွန်မကို အမြဲ အထင်သေးနေတာ မဟုတ်လား… သူက ကျွန်မကို တကယ်ပဲ အနိုင်ကျင့်ရလွယ်တယ်လို့ ထင်နေတာလား~~ ကွယ်ရာမှာ အတင်းအဖျင်းတွေ လျှောက်ပြောပြီး ကျွန်မရဲ့ အလုပ်နေရာကိုပါ လုယူဖို့ ကြံစည်နေသေးတယ်… သူကတော့ သေထိုက်တဲ့သူပဲ၊ ကျွန်မ ဘာတွေ လုပ်နိုင်လဲဆိုတာ သူ့ကို ပြရတာပေါ့~~ သူ့ရဲ့ အချစ်ဆုံး သားကြီးက ကျွန်မရဲ့ ခြေဖဝါးအောက်က ခွေးတစ်ကောင်ထက် မပိုဘူးဆိုတာ သူ သိစေရမယ်"

"မင်း... မင်း တကယ်ပဲ သူနဲ့ တွဲဖို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်"

ယွမ်ဟောက်ဖုန်း စိုးရိမ်တကြီး မေးမြန်းရာ၊ ယွမ်ဟောက်ရွှယ်မှာ

"အိပ်မက်မက်နေလိုက်... သူက ကျွန်မနဲ့ တန်လို့လား… သေချာပေါက် မတွဲပါဘူး၊ ဒါပေမဲ့ သူ့ကို မျှော်လင့်ချက်ပေးပြီး ခိုင်းစားဖို့ဆိုတာ မခက်ပါဘူး"

ယွမ်ဟောက်ဖုန်း : "ကောင်းပြီ၊ ဒါဆို မင်းပဲ သူ့ကို ဖျောင်းဖျကြည့်လိုက်ပေါ့။ ငါလည်း အပြင်ကို ခဏလောက် သွားလိုက်ဦးမယ်"

"ဟုတ်ကဲ့ အစ်ကို”

ယွမ်ဟောက်ဖုန်းသည် ချန်ချင်းယွီတို့ နောက်သို့ လိုက်ရန် ဆုံးဖြတ်ပြီးစီးခဲ့ပြီ ဖြစ်သည်။ ထိုနည်းတူစွာပင် ဤအလုပ်ကို စိတ်ဝင်စားနေသော ဝမ်ကျန့်ကော်သည်လည်း ဤသတင်းကို ကြားရသောအခါ အလွန်ပင် အံ့ဩသွားရ၏။

"မင်း ဘာပြောလိုက်တယ်… သူတို့ မနက်ဖြန် ထွက်ကြတော့မယ် ဟုတ်လား"

ဝမ်မေ့လန် : "ဟုတ်တယ်ရှင်၊ ကျွန်မက အခြေအနေ သွားမေးမလို့ပဲ၊ ဒါပေမဲ့ ရှောင်ချန်က ခရီးသွားဖို့ကိစ္စအတွက် မာကျန်းမိန်းမဆီ သွားပြီး တိုင်ပင်နေတာနဲ့ ကျွန်မ အိမ်မှာ ခဏထိုင်စောင့်နေခဲ့ရတယ်… အသေးစိတ်အချက်အလက်တွေကို ထပ်မေးချင်ပေမဲ့ ရှောင်ချန် ပြန်ရောက်လာတာနဲ့ မနက်ဖြန် ခရီးထွက်ရတော့မှာမို့လို့ စကားပြောဖို့ အချိန်မရှိဘူးတဲ့၊ စားစရာတွေ ပြင်ဆင်ပြီး အထုပ်အပိုးတွေ ထုပ်ရဦးမယ်ဆိုတာနဲ့ ကျွန်မလည်း အနှောင့်အယှက် မပေးချင်တော့ဘဲ အရင်ပြန်လာခဲ့တာ"

ဝမ်ကျန့်ကော်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် အခန်းတွင်း၌ အတန်ကြာအောင် ဟိုဟိုဒီဒီ လမ်းလျှောက်နေပြီးမှ

"သူတို့ မနက်ဖြန် ထွက်မှာ အသေအချာပဲလား"

ဝမ်မေ့လန် : "ဟုတ်တယ်ရှင်..."

ဝမ်ကျန့်ကော် : "ဒါဆို မင်းက အဲဒီလောက်အထိ အကြာကြီး သွားနေပါရက်နဲ့ ဘာသတင်းမှ စုံစမ်းမလာခဲ့ရဘူးပေါ့ ဟုတ်လား"

"အင်း... ဟုတ်တယ်"

ဝမ်မေ့လန် တိုးတိုးလေး ဆိုရှာသည်။

သူမ၏ မျက်လုံးများမှာ ဟိုဟိုဒီဒီ ပြာလောင်ခတ်နေပြီး အလွန်ပင် အနေခက် အရှက်ရနေမိ၏။ သူမသည် ထိုနေရာတွင် အကြာကြီး နေခဲ့သည်မှာ ချန်ချင်းယွီနှင့် စကားပြောနေခြင်း မဟုတ်ဘဲ၊ အဒေါ်ကြီးကျောက်နှင့်အတူ သူမ၏ ယောက္ခမ ဖြစ်သူ၏ အသုံးမကျပုံများကို အတူတကွ အတင်းအဖျင်း ပြောဆို ညည်းတွားနေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အချိန်များ မတော်တဆ ကုန်ဆုံးသွားခဲ့ရခြင်း ဖြစ်ပေသည်။

ဝမ်ကျန့်ကော်သည် ဝမ်မေ့လန်၏ အရှက်ရမှုကို သတိမပြုမိဘဲ

"သူတို့ မနက်ဖြန် ဘယ်နှစ်နာရီ ရထားစီးမှာလဲ"

ဝမ်မေ့လန် : "ကျွန်မက ဘယ်လိုလုပ် သိမှာလဲ"

ဝမ်ကျန့်ကော်မှာ ဒေါသကြောင့် ရင်ဘတ်ပင် တောင့်သွားရတော့သည်။

သူ့မိန်းမက တကယ်ကို အသုံးမကျလိုက်တာ၊ အဲဒီအထိ သွားပါရက်နဲ့ ဘာသတင်းအစအနမှ ရအောင် မမေးခဲ့ဘူး…

သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း

"သူတို့ ဒုတိယအကြိမ် ခရီးထွက်ဖို့ ဒီလောက်တောင် အလောတကြီး ဖြစ်နေကြတာဆိုတော့ ဒါက သေချာပေါက် အများကြီး မြတ်လို့ပဲ ဖြစ်ရမယ်၊ အများကြီး မြတ်တာ အသေအချာပဲ… မဟုတ်ရင် ဒီလောက်အထိ အလျင်စလို လုပ်ကြမှာ မဟုတ်ဘူး၊ ဟုတ်တယ်... ဒါက အမြတ်အစွန်း တကယ်ကြီးမားလို့ပဲ၊ ဒါကြောင့် သူတို့ ဒီလောက်တောင် စိတ်အားထက်သန်နေကြတာ"

ယင်းမှာ ရိုးရှင်းသော အကျိုးအကြောင်း တွေးခေါ်မှုတစ်ခုသာ ဖြစ်ပြီး အနည်းငယ် တွက်ချက်ကြည့်ရုံဖြင့် သိနိုင်ပေသည်။

ဝမ်မေ့လန်လည်း ထောက်ခံကာ

"ဟုတ်တယ်ရှင်၊ သူတို့ ပိုက်ဆံ တကယ်ရတာပဲ… အခုဆို ရှောင်ချန်ရဲ့ စကားပြောပုံက အရင်နဲ့ မတူတော့ဘူး၊ အများကြီး ပိုပြီး ယုံကြည်မှု ရှိလာတာကို သတိထားမိတယ်"

ဝမ်ကျန့်ကော်သည် အခန်းတွင်း၌ ကြိတ်ဆုံဆွဲသည့် မြည်းတစ်ကောင်ပမာ တဂျီဂျီနှင့် ဆက်လက် လမ်းလျှောက်နေမိ၏။

ဝမ်မေ့လန်မှာ သူမစရိုက်အတိုင်းပင် ပွင့်လင်းစွာဖြင့်

"ထားလိုက်ပါတော့ရှင်၊ နောက်ခါ သွားပြီး မမေးနဲ့တော့… သူတို့ဘာသာသူတို့ လုပ်ချင်တာ လုပ်ပါစေ၊ ကျွန်မတို့မှာ အလုပ်မရှိတာမှ မဟုတ်ဘဲ၊ ရှောင်ချန်နဲ့ မင်မင်တို့က အလုပ်မရှိတဲ့သူတွေမို့လို့သာ လမ်းဘေးဈေးထွက်ရောင်းကြတာလေ… တို့မိသားစုမှာ လူတိုင်း အလုပ်အကိုင် ရှိကြတာပဲဥစ္စာ၊ ကျွန်မ ပြန်စဉ်းစားကြည့်တော့လည်း နာ့နာက ငယ်ပါသေးတယ်၊ ဒါမျိုးသွားလုပ်ရင် သူ ရှက်နေလိမ့်မယ်… ကျွန်မတို့မိသားစု အခြေအနေက တကယ်တော့ အဆင်ပြေရုံတင်မကဘူး၊ ဒါမျိုး သွားလုပ်ဖို့ မလိုပါဘူး"

"ပါးစပ်ပိတ်စမ်း... မင်းက ဘာသိလို့လဲ၊ မင်း မစဉ်းစားမိဘူးလား... အဘွားကြီးကျောက်လို ကပ်စေးနှဲတဲ့သူမျိုး၊ ဒါမှမဟုတ် မာကျန့်ယီလို အဆင့်မြင့်အရာရှိကြီးမျိုးကတောင် သူတို့မိသားစုတွေကို ဂုဏ်သိက္ခာမငဲ့ဘဲ လမ်းဘေးဈေး ထွက်ရောင်းခိုင်းနေကြတာလေ… ဒါက ပိုက်ဆံ နည်းနည်းပါးပါးလေး ရရုံနဲ့တော့ ဒီလို လုပ်ကြပါ့မလား"

ဝမ်မေ့လန်သည် စိတ်ပျက်လက်ပျက်ဖြင့် မျက်နှာပျက်သွားပြီး

"ရှင်က ဘာလို့ ဒေါသထွက်နေရတာလဲ"

ဝမ်ကျန့်ကော် : "မရဘူး... မရဘူး၊ ငါလည်း မဖြစ်ဖြစ်အောင် ဝင်ပါရမယ်၊ ပိုက်ဆံရမယ့် အခွင့်အရေးဆိုတာ ခဏလေးပဲ ရှိတာ၊ လက်ဦးမှု ရအောင် ဆုပ်ကိုင်ရမယ်… အိမ်တွင်းအောင်း မိန်းမနှစ်ယောက်တောင် ဒီလို အခွင့်အရေးကောင်းကို ဆုပ်ကိုင်နိုင်ကြသေးတာ၊ ငါတို့က ဘာလို့ လက်လွှတ်ခံရမှာလဲ"

ဝမ်မေ့လန် ကန့်ကွက်ကာ

"ရှင်က အလုပ်သွားရဦးမှာလေ… ပြီးတော့ လမ်းဘေးဈေးရောင်းတာက အရှက်ရှိစရာကြီး မဟုတ်ဘူးလား"

ဝမ်ကျန့်ကော် : "ငါ ကုန်ပစ္စည်းတွေ သယ်လာပေးမယ်၊ ပြီးရင် အမေနဲ့ နာ့နာတို့ကို ရောင်းခိုင်းမယ်… နာ့နာကလည်း ကလေးမဟုတ်တော့ဘူး၊ အမြဲတမ်း ဒါလိုချင်တယ် ဟိုဟာလိုချင်တယ်နဲ့ ပူဆာတတ်တာ… တခြား အသက် တစ်ဆယ့်သုံး၊ တစ်ဆယ့်လေးအရွယ် မိန်းကလေးတွေကို ကြည့်ဦး၊ အလှအပနဲ့ ဂုဏ်ပကာသနပဲ မက်နေကြတာ"

"သူက အခုဆို အခြေအနေတွေကို နားလည်သင့်တဲ့ အရွယ်ရောက်နေပြီ… သူတစ်ပါး ကလေးတွေတောင် အိမ်ကို ဝိုင်းကူလုပ်ပေးနေကြတာပဲ၊ သူက ဘာလို့ မလုပ်နိုင်ရမှာလဲ၊ ငါကအခွင့်အရေးကို သုံးပြီး သူ့ကို လေ့ကျင့်ပေးချင်တာ… မဟုတ်ရင် နောက်ကျရင် ယောက်ျားအိမ် ရောက်သွားတဲ့အခါ မိဘတွေက ကလေးကို သေသေချာချာ မသွန်သင်ခဲ့ဘူးလို့ ကဲ့ရဲ့ကြလိမ့်မယ်”

ဝမ်မေ့လန် : "ဒီလောက်အထိတော့ မလိုပါဘူးရှင်"

"မိခင်က အလိုလိုက်လွန်းရင် သားသမီး ပျက်စီးတတ်တယ်"

ဝမ်ကျန့်ကော် ပိတ်ပြောလိုက်၏။

သူ ဆက်လက်၍

"ဒါကို ဒီအတိုင်းပဲ အတည်ပြုလိုက်ပြီ… အိမ်က ပိုက်ဆံအချို့ကို ထုတ်ပေးပါ၊ ငါ အမေ့ကို သွားပြောလိုက်ဦးမယ်၊ အကယ်၍ ပြင်ပလူတွေက မေးရင် ငါ့ကို အလုပ်ကိစ္စနဲ့ ခရီးထွက်သွားတယ်လို့ပဲ ပြောလိုက်ကြ"

ဝမ်မေ့လန် : "ဒါကို လျှို့ဝှက်ထားရမှာလား"

ဝမ်ကျန့်ကော် : "သေချာပေါက် လျှို့ဝှက်ထားရမှာပေါ့… အလုပ်ကလည်း အောင်မြင်မလား မသေချာသေးဘဲနဲ့ စက်ရုံထဲမှာ ကောလာဟလတွေ ပျံ့သွားရင် ငါ့မျက်နှာ ဘယ်နား သွားထားရမလဲ၊ နောက်ပိုင်း ပစ္စည်းတွေ ရောင်းရင်တောင် ဝေးဝေးလံလံနေရာမှာပဲ သွားရောင်းခိုင်းမယ်… ဘယ်သူ့ကိုမှ မသိစေတာ အကောင်းဆုံးပဲ၊ ဒီလို လမ်းဘေးဈေးရောင်းတဲ့အလုပ်က ဘာပဲဖြစ်ဖြစ် အရှက်ရှိစရာပဲဥစ္စာ"

သူသည် ပိုက်ဆံကို အလွန်ပင် ရရှိလိုသော်လည်း တစ်ဖက်တွင်မူ သိက္ခာကျမည်ကို အလွန် ကြောက်ရွံ့နေမိ၏။

သူသည် တကယ့်ကို ဂုဏ်လည်းမက်၊ ပိုက်ဆံလည်းမက်သော လူစားမျိုးပင်…

"ဒါပေမဲ့ ရှင်တစ်ယောက်တည်း သွားမှာကို ကျွန်မ နည်းနည်းတော့ စိုးရိမ်တယ်..."

ဝမ်ကျန့်ကော် : "ငါ တစ်ယောက်တည်း မသွားပါဘူး၊ အတူတူလုပ်ဖို့ လူနှစ်ယောက်ကို ခေါ်သွားဖို့ အစီအစဉ် ရှိတယ်"

"ဟင်... ဘယ်သူတွေလဲ"

ဝမ်ကျန့်ကော် : "ငါ တစ်ယောက်တည်း ထွက်သွားရင် လမ်းခရီးမှာ ပြဿနာကြုံရင် ဖြေရှင်းရ ခက်လိမ့်မယ်… ဒါကြောင့် ချဲယုံဖုန်းနဲ့ ချဲယုံချန်း ညီအစ်ကိုနှစ်ယောက်ကို ခေါ်သွားဖို့ စဉ်းစားထားတယ်"

ဝမ်မေ့လန် : "သူတို့လား... သူတို့က အားကိုးရတဲ့ လူစားမျိုး မဟုတ်ပါဘူးရှင့်"

ဝမ်မေ့လန်သည် ထိုညီအစ်ကိုနှစ်ဦးကို အတော်ပင် မနှစ်မြို့ချေ။ ပုံမှန် စိတ်အခြေအနေရှိသော လူတိုင်းသည် သူတို့ ကျူးလွန်ခဲ့သော အပြုအမူများကို သဘောကျကြမည် မဟုတ်ပေ။

သူတို့က တကယ့်ကို အဆင့်မရှိတဲ့ အမှိုက်တွေပဲ မဟုတ်လား…

ဝမ်ကျန့်ကော်သည် ချဲယုံဖုန်းကို အစကတည်းက သိထားသော်လည်း မျက်မှန်းတန်းမိရုံမျှသာ ဖြစ်၏။ သူတို့နှစ်ဦးသည် ဆေးရုံတက်စဉ်ဆေးကုသဆောင်တစ်ခုတည်း၌ အတူတူကျသဖြင့် ပိုမိုရင်းနှီးသွားခဲ့ကြပြီး၊ ထိုအချိန်မှစ၍ အချင်းချင်း မကြာခဏ တွေ့ဆုံဖြစ်ခဲ့ကြခြင်း ဖြစ်သည်။

အတွင်းရေးမှူး ကျန်း ရာထူးမှ ဖယ်ရှားခြင်းခံရသည့် အချိန်မှစ၍ ချဲယုံဖုန်း၏ စက်ရုံအလုပ်ရုံအတွင်း ဘဝမှာ ပိုမိုကျပ်တည်း ခက်ခဲလာခဲ့ရ၏။

အကယ်၍ 'ကုလားအုတ်ပိန်သော်လည်း မြင်းထက်ကြီးသည်' ဆိုသကဲ့သို့ အတွင်းရေးမှူး ကျန်းတွင် အဆက်အသွယ် မိတ်ဆွေအချို့ ရှိမနေခဲ့ပါက ချဲယုံဖုန်းကဲ့သို့သော လူစားမျိုးမှာ စောစောစီးစီး အိမ်ပြန်လွှတ်ခြင်း ခံရလောက်ပြီ ဖြစ်၏။

နိုင်ငံပိုင် လုပ်ငန်းများအနေဖြင့် လူများကို လွယ်လွယ်နှင့် အလုပ်မထုတ်တတ်ကြသော်လည်း၊ ချဲယုံဖုန်းကဲ့သို့ ပရိယာယ်များပြီး ပျင်းရိတတ်သူမျိုးကို အလုပ်ထုတ်ရန် ဆင်ခြေဆင်လက်များမှာ အလွန်ပင် ပေါများလှပေသည်။ သူ့ကို ဖယ်ရှားပစ်ရန်မှာ အလွန်ပင် လွယ်ကူလှ၏။ ချဲယုံဖုန်းသည် အသုံးမကျသူတစ်ဦး ဖြစ်သဖြင့် အလုပ်ရုံထဲ၌ နှစ်ပေါင်းများစွာ အဆင်မပြေဘဲ အလွန်ပင် မွန်းကျပ်နေခဲ့ရရှာသည်။

မည်သို့ပင်ဆိုစေကာမူ သူသည် တစ်ချိန်က အလုပ်ရုံတာဝန်ခံတစ်ဦး ဖြစ်ခဲ့ဖူးသဖြင့် ယခု၌ စိတ်အခြေအနေ မကောင်းရှိနေ၏။

သူ့တွင် မိတ်ဆွေသူငယ်ချင်း သိပ်မရှိချေ။ ယခင် သူ့ကို ဖားခဲ့ကြသူများမှာ ယခုအခါ ဝေးဝေးမှ ရှောင်ကြဉ်နေကြသော်လည်း ဝမ်ကျန့်ကော်တစ်ယောက်သာ သူ့အနားတွင် ရှိနေခဲ့သည်။ ဝမ်ကျန့်ကော်သည် ပါးနပ်သူ ဖြစ်၏။ ဒုတိယစက်ရုံမှူး ဟယ်နှင့် အတွင်းရေးမှူး ကျန်းတို့သည် တစ်ဖွဲ့တည်း ဖြစ်ကြသည်။

အတွင်းရေးမှူး ကျန်း ရာထူးမှ ဆင်းသွားခဲ့ရသော်လည်း ဒုတိယစက်ရုံမှူး ဟယ်မှာမူ ရှိနေဆဲ ဖြစ်၏။

သူသည် ချဲယုံဖုန်းကို အတိုင်းအတာတစ်ခုအထိ ကြည့်ရှုစောင့်ရှောက်ပေးလိမ့်မည် ဖြစ်သည့်အပြင်၊ အတွင်းရေးမှူး ကျန်းသည် ချဲယုံဖုန်း၏ ယောက္ခမ ဖြစ်သဖြင့် သတင်းအချက်အလက်များကိုလည်း ကောင်းမွန်စွာ သိရှိနိုင်ပေသည်။ ထို့ကြောင့် ဝမ်ကျန့်ကော်သည် သူနှင့် ပေါင်းသင်းဆက်ဆံရန် လိုလားနေပြီး အဆက်အသွယ်အချို့ ရရှိရန် မျှော်လင့်နေခြင်း ဖြစ်၏။

ယခုတစ်ကြိမ်တွင်လည်း စိတ်ကူးရသည်နှင့် တပြိုင်နက် သူသည် ချဲယုံဖုန်းကိုပါ ဤအလုပ်ထဲသို့ ဆွဲသွင်းရန် ဆုံးဖြတ်လိုက်လေသည်။

"ငါ ချဲယုံဖုန်းကိုပါ တစ်ခါတည်း ခေါ်လိုက်တာက အချင်းချင်း ကူညီစောင့်ရှောက်လို့ရအောင် အဖော် သဘောမျိုးတင်မကဘူး၊ တခြား တွက်ချက်မှုတွေလည်း ရှိသေးတယ်… အကယ်၍ နောင်ကျရင် မူဝါဒတွေ ပြန်ပြောင်းသွားခဲ့ရင်တောင် ချဲယုံဖုန်း ရှိနေတော့ သူ့ရဲ့အရှိန်အဝါနဲ့ ကွယ်ကာပေးမယ့်သူ ရှိတာပေါ့၊ ငါတို့ အတူတူရှိနေရင် ပိုပြီးတော့ အန္တရာယ်ကင်းတာပေါ့… ပြီးတော့ သူပါရင် စက်ရုံကနေ ခွင့်တောင်းရတာလည်း ပိုပြီး လွယ်ကူလိမ့်မယ်"

ဝမ်မေ့လန် : "ဒါပေမဲ့ ကျွန်မအထင်တော့ သူက သိပ်ပြီး လူကောင်းတစ်ယောက် မဟုတ်ပုံပဲ..."

"သူ ဘယ်လိုလူပဲဖြစ်ဖြစ် မင်းနဲ့ ဘာဆိုင်လို့လဲ… သူ ငါတို့ကို လိမ်ညာလှည့်စားထားတာမှ မဟုတ်တာ”

ဝမ်ကျန့်ကော်သည် အမျိုးသမီးများအား အမြော်အမြင်မရှိဘဲ အသေးအဖွဲ ကိစ္စရပ်များကိုသာ အာရုံစိုက်တတ်ကြသူများဟု သတ်မှတ်ထားသည်။

သူသည် ချဲယုံဖုန်း သို့မဟုတ် ချဲယုံချန်းတို့အပေါ် နည်းနည်းမျှ ဂရုစိုက်သူ မဟုတ်ပေ။

ထိုလူနှစ်ယောက်မှာ အူကြောင်ကြောင်များသာ ဖြစ်သဖြင့် သူ ကောင်းကောင်း ထိန်းချုပ်နိုင်စွမ်း ရှိပေသည်။

"ငါ အပြင်သွားလိုက်ဦးမယ်”

ဝမ်မေ့လန် : "ဟုတ်ကဲ့ပါ"

သူမသည် သက်ပြင်းအရှည်ကြီးကို ချလိုက်ရင်း

"ကျွန်မတို့ ဘာလို့ ဒီလိုအလုပ်တွေကို လုပ်နေရတာလဲမသိဘူး"

လူတိုင်းသည် တစ်ညလုံး အလုပ်ရှုပ်နေခဲ့ကြ၏။

ချန်ချင်းယွီသည် မိမိနောက်သို့ လိုက်လုပ်ချင်နေကြသော လူများစွာ ရှိနေသည်ကို အမှန်တကယ်ပင် မသိရှိခဲ့ပေ။ နံနက်စောစောစီးစီးတွင် ဝင်းကြီးတစ်ခုလုံး ဆူညံလှုပ်ရှားလာခဲ့သည်။ ချန်ချင်းယွီသည် လက်ထဲတွင် ရေခွက်ကို ကိုင်ဆောင်လျက် ရေတိုင်ကီအနီး၌ မျက်နှာသစ် သွားတိုက်နေခဲ့၏။ ရာသီဥတုအလွန်အေးသော်လည်း လူတိုင်းမှာ ဝင်းထဲသို့ ထွက်လာကြစမြဲပင်။

ချန်ချင်းယွီသည် ရေနွေးအနည်းငယ် ထပ်ဖြည့်လိုက်ရင်း တိတ်ဆိတ်စွာ သွားတိုက်နေမိသည်။

ချိုးငှက်လေချွန်သံ တစ်ချက် ထွက်ပေါ်လာသဖြင့် ချန်ချင်းယွီ မော့ကြည့်လိုက်မိ၏။

အတိတ်ကာလရှိ လူမှုပတ်ဝန်းကျင် အခြေအနေမှာ အလွန်ပင် ပိတ်လှောင်မွန်းကျပ်ခဲ့သဖြင့် ဝါသနာအချို့ကို မလိုက်စားနိုင်ခဲ့ကြပေ။ ယခုမူ အခြေအနေများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ရာ လူများ၏ စိတ်ဓာတ်မှာလည်း ထူးခြားဆန်းသစ်လာခဲ့သည်။ အချို့သော ဝါသနာအသေးအဖွဲလေးများကိုပင် ပြန်လည် ဖော်ထုတ်လာကြပြီ ဖြစ်၏။

"နင် ဘာကို ကြည့်နေတာလဲ"

ချန်ချင်းယွီ : "ချိုးငှက်လေချွန်သံ ကြားလို့ရှင်… လူတွေက ချိုးငှက်တွေကို ပြန်မွေးနေကြပြီပဲ"

"ဒါပေါ့..."

"ဟေး... ချိုးငှက်တစ်ကောင်ရဲ့ အာဟာရက ကြက်ဆယ်ကောင်နဲ့ ညီမျှတယ်လို့ ကြားဖူးတယ်၊ အဲဒါ တကယ်ပဲလားမသိဘူး"

"ဘယ်သူသိမှာလဲ…ငါတို့လည်း တစ်ခါမှ မစားဖူးဘူးဥစ္စာ"

"ငါတော့ စာကလေးကင် စားဖူးတယ်၊ ဒါပေမဲ့ အရသာက ကြက်သားနဲ့ လုံးဝမတူဘူး..."

လူများ၏ စကားဝိုင်းမှာ လျင်မြန်စွာပင် အခြားအကြောင်းအရာသို့ ရောက်ရှိသွားတော့သည်။

ချန်ချင်းယွီ၏ အိမ်တွင်မူ လူကြီးမှာ အလုပ်သွားပြီး ကလေးများမှာကျောင်းသွားကြ၏။ ချန်ချင်းယွီသည် မျက်နှာသစ် သွားတိုက်ခြင်းကို အချိန်မဆွဲဘဲ အမြန်ပြီးစီးအောင် လုပ်ဆောင်ကာ ချိုက်မင်မင်နှင့်အတူ ရပ်ကွက်ရုံးသို့ အလျင်အမြန် သွားရောက်ခဲ့ကြတော့သည်။

ထိုခေတ်ကာလ၏ ထူးခြားချက်အရ အပြင်သို့ ခရီးသွားမည်ဆိုပါက ထောက်ခံစာ မဖြစ်မနေ လိုအပ်၏။

ထောက်ခံစာ ထုတ်ပေးရသော ရုံးဝန်ထမ်း အမျိုးသမီးကြီးမှာ သက်ပြင်းချလျက်

"ဟေး... နင်တို့ဝင်းထဲမှာ ဘာတွေဖြစ်နေကြတာလဲ… ဒီနေ့ မနက်စောစောတင် နင်တို့ဝင်းက လူအတော်များများ ထောက်ခံစာ လာတောင်းကြတယ်၊ ဘာလို့ အားလုံး အပြင်ထွက်ဖို့ ပြင်နေကြတာလဲ၊ ဒီလမ်းဘေးဈေးရောင်းတာက ဒီလောက်တောင် ပိုက်ဆံရလို့လား… နင်တို့အားလုံး အတူတူ သွားကြမလို့လား"

ချန်ချင်းယွီ အံ့ဩတကြီးဖြင့်

"ဘယ်သူတွေလဲဟင်… တခြားဘယ်သူတွေ ထောက်ခံစာ လာတောင်းသေးလို့လဲ၊ ကျွန်မတို့ လုံးဝမသိဘူးရှင်… အခုတစ်ကြိမ်လည်း ကျွန်မနဲ့ မင်မင် နှစ်ယောက်တည်း သွားကြမှာပါ"

ထိုစကားကို ကြားသောအခါ ဝန်ထမ်းအမျိုးသမီးကြီး ချက်ချင်းပင် စကားဖောင်ဖွဲ့ကာ

"ဒါက ဒီနေ့မနက်တင် နင်တို့က လာတောင်းတဲ့ တတိယမြောက် အုပ်စုပဲ… ပထမဆုံး လာတာက ဝမ်ကျန့်ကော်၊ သူကတော့ ရုံးကိစ္စနဲ့ ခရီးသွားမလို့လို့ ပြောတာပဲ၊ ဟေး... ငါက ဒါကို မသိဘူး ထင်နေလား… အကယ်၍ သူသာ ရုံးကိစ္စနဲ့ ခရီးသွားမယ်ဆိုရင် သူ့ရဲ့ စက်ရုံလုပ်ငန်းခွင်က ထောက်ခံစာကို သုံးလို့ရတာပဲ မဟုတ်လား… ရပ်ကွက်ရုံးကို လာတောင်းတယ်ဆိုကတည်းက လူကို လာလိမ်နေတာ၊ ငါက ဒါကို မရိပ်မိဘဲ နေမလား"

ဒါက သူ့ရဲ့ ကိုယ်ပိုင် လျှို့ဝှက်ကိစ္စပဲ ဖြစ်လိမ့်မယ်…

"ဒုတိယအုပ်စုကတော့ ယွမ်ဟောက်ဖုန်းနဲ့ ရှီရှောင်ဝေ။ သူတို့ကတော့ ရိုးရိုးသားသားပဲ တောင်ပိုင်းဒေသကို သွားပြီး လေ့လာကြည့်ချင်လို့လို့ ပြောတယ်… သူတို့ အဲဒီလိုပြောလိုက်တာနဲ့ ငါ ချက်ချင်း သဘောပေါက်သွားတာပေါ့၊ ဝမ်ကျန့်ကော်လည်း သေချာပေါက် တောင်ပိုင်းကို သွားချင်တာပဲ၊ ငါ့ရှေ့မှာ လာပြီး ဟန်ဆောင်နေတာ… အခု တတိယမြောက် အုပ်စုကတော့ နင်တို့ နှစ်ယောက်ပဲ"

သူမသည် ချန်ချင်းယွီနှင့် ချိုက်မင်မင်တို့ကို သေသေချာချာ အကဲခတ်ကြည့်ရင်း

"နင်တို့တွေ တကယ်ပဲ အတူတူ သွားကြတာ မဟုတ်ဘူးလား"

ချန်ချင်းယွီက ခေါင်းခါယမ်းလိုက်ပြီး မကျေမနပ်ဖြစ်ဟန် နှုတ်ခမ်းကို မဲ့လျက် မကျေမနပ် ညည်းတွားလိုက်သည်။

"ဟား... သူတို့တွေအားလုံးက ကွယ်ရာမှာကျတော့ ငါတို့ရဲ့ လမ်းဘေးဈေးရောင်းတဲ့အလုပ်ကို အဆင့်အတန်းမရှိဘူး၊ အရှက်ရှိစရာကြီးလို့ ပြောကြပြီး၊ နောက်ကွယ်မှာကျတော့ ကုန်ပစ္စည်းတွေ လိုက်ဝယ်ဖို့ လုပ်နေကြတာ၊ တကယ့်လူတွေပဲ"

အမှန်စင်စစ် အခြားသူများ သွားခြင်း၊ မသွားခြင်းကို သူမ တကယ် ဂရုစိုက်သည်တော့ မဟုတ်ပေ။ မိမိတို့သာ လုပ်ပိုင်ခွင့်ရှိပြီး သူတစ်ပါး မလုပ်ရဟု ကန့်သတ်ထားခြင်း မရှိပေ။

ချန်ချင်းယွီ ဤသို့ ပြုမူရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မိမိကိုယ်မိမိ အပြစ်ကင်းစင်ကြောင်း သက်သေပြရန်သာ ဖြစ်ပေသည်။

မဟုတ်လျှင် သူတို့အားလုံး အတူတကွ ခရီးသွားကြသည်ဟူသော ကောလာဟလများ ပျံ့နှံ့သွားနိုင်ချေ ရှိပြီး၊ သူမအနေဖြင့် မိမိ၏ ကောင်းမွန်သော နာမည်ဂုဏ်သတင်းကို ဆက်လက် ထိန်းသိမ်းထားလို၏။

သူမသည် ထိုကဲ့သို့သော လူစားမျိုးများနှင့် နာမည်ချင်း တွဲဖက် အပြောခံရခြင်းကိုပင် အလွန် သရုပ်ပျက်သည်ဟု ခံစားရသဖြင့် ရွံရှာမိပေသည်။

ထို့ပြင် သူမ၏ ကလေးများမှာလည်း ငယ်ရွယ်သေးသဖြင့် ဤကိစ္စကြောင့် ကလေးများ အတင်းအဖျင်း ပြောဆိုခံရမည်ကို မလိုလားပေ။ထို့ထက်မက ထိုခေတ်ကာလတွင် အိမ်ထောင်ရေး လော်လီခြင်းမှာ ကြီးမားသော ရာဇဝတ်မှု ဖြစ်ကြောင်း သူမ ကောင်းစွာ သိရှိထားသည်။ လွန်ခဲ့သည့် ၁၉၈၀ ပြည့်လွန်နှစ်များ အစောပိုင်း၌ ထိုသို့သော ပြစ်မှုမျိုးဖြင့် သေဒဏ်ပေးခံရသူများပင် ရှိခဲ့ဖူးကြောင်း သူမ မှတ်မိနေ၏။

အပြင်ပန်းတွင် မသမာသော လူစားမျိုးများစွာ ရှိနေသော်လည်း မိမိမှာအပြစ်ကင်းစင်သဖြင့် သူမ သိပ်ပြီး ပူပန်နေခြင်း မရှိပေ။

သို့သော်လည်း အကယ်၍ သူတို့သာ ပိုက်ဆံအမှန်တကယ် ရရှိလာပါက သူတစ်ပါး မနာလိုဝန်တိုစိတ်ဖြင့် ပြဿနာရှာလာကြမည်မှာ ဧကန်မုချပင်။ ချန်ချင်းယွီ၏ အမြင်အရ ပြဿနာများ ဖြစ်ပေါ်လာပြီးမှ လိုက်လံဖြေရှင်းနေခြင်းထက် မဖြစ်ပွားမီ ကြိုတင်ကာကွယ်ခြင်းမှာ အကောင်းဆုံး ဖြစ်၏။ ထိုသို့ကုန်ဆုံးမည့် အချိန်နှင့် စွမ်းအင်များကို ပိုက်ဆံရှာဖွေခြင်း၌ အသုံးချခြင်းသည် ပိုမို အကျိုးရှိသည် မဟုတ်လော့။ မိမိဘာသာ ပြဿနာအသစ်များ ဖန်တီးနေစရာ အကြောင်းမရှိပေ။

ထို့ကြောင့် ချန်ချင်းယွီသည် ချက်ချင်းပင် မျက်နှာကို တင်းလိုက်ပြီး မကျေမနပ်ဖြင့်

"သူတို့က ငါတို့ ကုန်ပစ္စည်းသွားဝယ်မယ့်အကြောင်းကို ကြားသွားလို့ ချက်ချင်း လိုက်လာကြတာ နေမှာ။ တကယ့်ကို ပါးနပ်လွန်းပြီး စိတ်ရှုပ်ဖို့ကောင်းလိုက်တာ"

ချိုက်မင်မင်သည် ရုတ်တရက် သဘောပေါက်သွားပြီး

"ဪ... ဒါကြောင့်မို့လို့ မနေ့က ကွမ်ထင်းထင်းက ငါ့ဆီလာပြီး သတင်း လာနှိုက်နေတာကိုး၊ သူက ဘာလို့ ဒီလောက်တောင် စိတ်ရှုပ်ဖို့ကောင်းရတာလဲ"

သူမ မကျေမနပ်ဖြင့် ဆဲရေးတိုင်းထွာကာ

"သူတို့က ငါတို့ကို လမ်းဘေးဈေးသည်တွေဆိုပြီး အထင်သေးတယ်လို့ ပြောကြပြီး၊ ဆနာက်ကွယ်မှာကျတော့ ငါတို့ဆီကနေ ခိုးသင်နေကြတာ… တကယ့်ကို အရှက်မရှိတဲ့သူတွေပဲ၊ ငါတို့ကို အဲဒီလို ပြောရဲသေးတယ်… တကယ့်ကို စိတ်သဘောထား သေးသိမ်တဲ့ လူပုဂ္ဂိုလ်တွေ၊ တကယ့်ကို လူဖျင်းတွေပဲ"

ချန်ချင်းယွီမှာမူ ဟန်ဆောင်ကာ စိတ်ဆိုးပြခြင်း ဖြစ်သော်လည်း၊ ချိုက်မင်မင်မှာ အမှန်တကယ်ပင် ဒေါသအကြီးအကျယ် ထွက်နေခြင်း ဖြစ်၏။

သူမ ဒေါသတကြီးဖြင့်

"ငါ သိပြီ၊ သူတို့က ငါတို့နောက်ကို လိုက်ပြီး ငါတို့ ဘယ်ကနေ ကုန်ပစ္စည်းယူလဲဆိုတာကို လာချောင်းကြည့်ဖို့ ကြံစည်နေကြတာ သေချာတယ်… ဝင်းတစ်ခုတည်းသားချင်း တူတူ ဘယ်လိုလုပ် ဒီလောက်တောင် အရှက်မရှိရတာလဲ၊ မရဘူး... ငါ သူတို့ဆီ သွားပြီး ဘာလို့ ဒီလောက်တောင် ယုတ်မာရတာလဲဆိုတာ သွားမေးရမယ်"

ချန်ချင်းယွီ သူမကို အလျင်အမြန် ဆွဲထိန်းလိုက်ရင်း

"စိတ်မဆိုးပါနဲ့ အစ်မမင်မင်ရယ်၊ သွားမေးလည်း ဘာအကျိုးရှိမှာလဲ..သူတို့က ဘယ်တော့မှ ဝန်ခံကြမှာ မဟုတ်ဘူးဥစ္စာ၊ ဒါ့အပြင် တောင်ပိုင်းဒေသကို ဘယ်သူမဆို သွားပိုင်ခွင့်ရှိတာပဲ၊ အစ်မမှာ သွားပြီး ရန်ဖြစ်စရာ အကြောင်းပြချက် မရှိဘူးလေ… နိုင်ငံတော်ကလည်း မိမိကိုယ်ကို အားကိုးပြီး စီးပွားရှာတာကို အားပေးနေတာပဲ၊ ပြီးတော့ ဒီလိုအလုပ်မျိုး လုပ်ကိုင်ခွင့်ပြုတဲ့ မူဝါဒတွေလည်း ရှိနေတာပဲ မဟုတ်လား… သူတို့က လုပ်ချင်တယ်ဆိုရင် သွားတားလို့ ရမှာမို့လို့လား… အစ်မက သူတို့ ငါတို့ကို လိုက်တုပနေပါတယ်လို့ ပြောရင်တောင် သူတို့က ဝန်ခံမှာ မဟုတ်ဘူး"

သူမသည် မိမိလုပ်ကိုင်နေသော အလုပ်မှာ မူဝါဒအရ တရားဝင် ခွင့်ပြုထားကြောင်း၊ ခွင့်ပြုထားကြောင်း၊ ခွင့်ပြုထားကြောင်းကိုသာ ထပ်တလဲလဲ အလေးအနက် ပြောဆိုနေခဲ့သည်။ ဤသည်မှာ မိမိကိုယ်မိမိ အစဉ်သဖြင့် ကာကွယ်ရန် ကြိုးစားတတ်သော သတိကြီးလှသည့် ချန်ချင်းယွီ၏ စရိုက်ပင် ဖြစ်၏။

ထောက်ခံစာ ထုတ်ပေးသော ဝန်ထမ်းအမျိုးသမီးကြီးမှာလည်း အလျင်အမြန်ပင် ဝင်ရောက်ဖျန်ဖြေပေးရှာသည်။

"ဟုတ်တယ်... စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့၊ ရန်ဖြစ်တာ မကောင်းပါဘူး… နင်တို့ သွားလို့ရရင် သူတို့လည်း သွားလို့ရတာပဲ၊ စိတ်အေးအေးထားပါ"

သူမသည် အမှန်တကယ်ပင် လန့်ဖျန့်သွားရခြင်း ဖြစ်၏။

အကယ်၍ ထိုအမျိုးသမီးနှစ်ဦးသာ အကြီးအကျယ် ရန်ပွဲဖြစ်ပွားခဲ့ပါက သူမထံသို့ ပြဿနာ ကူးစက်လာနိုင်ပေသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့၏ ထောက်ခံစာ ကိစ္စကို ဖွင့်ဟပြောဆိုခဲ့မိသူမှာ သူမကိုယ်တိုင် ဖြစ်သဖြင့် ပြဿနာတက်မည်ကို စိုးရိမ်သောကြောင့်

"သူတို့က တခြားကိစ္စနဲ့ သွားတာလည်း ဖြစ်နိုင်တာပဲ၊ ဒါက တိုက်ဆိုင်မှုတစ်ခု ဖြစ်မှာပါ..."

ချန်ချင်းယွီ : "ဘာတိုက်ဆိုင်မှုလဲရှင်… သူတို့က ကျွန်မတို့ ပိုက်ဆံရနေတာကို မြင်တော့ လိုက်သင်ချင်ကြတာ သေချာတယ်၊ မနေ့က ကျွန်မ ကလေးအတွက် စက်ဘီးဝယ်ပေးတုန်းက သူတို့ရဲ့ မျက်နှာအမူအရာတွေ မကောင်းတာကို ကျွန်မ သတိထားမိသား… တကယ့်ကို ထူးဆန်းတဲ့ လူတွေပဲ၊ ငါတို့မှာ အလုပ်မရှိလို့ ဝမ်းရေးအတွက် ဒီလို စီးပွားရေးအသေးအဖွဲလေး လုပ်ကိုင်စားသောက်နေရတာ… သူတို့မှာကျတော့ တရားဝင် အလုပ်အကိုင်တွေ ရှိနေပါရက်နဲ့ ဒါကို လိုက်လုပ်ချင်နေကြသေးတယ်၊ တကယ့်ကို ရောင့်ရဲမှု မရှိတဲ့သူတွေပဲ… အခုကျတော့ ငါတို့လို မိန်းမသားတွေနဲ့အပြိုင် စီးပွားရေး လာလုနေကြတာ တကယ်ကို... အား... တကယ်ပဲ ဒေါသထွက်ဖို့ကောင်းလိုက်တာ"

ချိုက်မင်မင် : "ငါလည်း တကယ်ကို ဒေါသထွက်တယ်ဟေ့..."

ချန်ချင်းယွီနှင့် ချိုက်မင်မင်တို့နှစ်ဦးစလုံး ဒေါသတကြီး ဖြစ်နေကြသည်ကို မြင်လျှင် အမျိုးသမီးကြီးမှာ အလျင်အစလိုပင်

"သူတို့နဲ့ သွားပြီး အဖက်လုပ်မနေပါနဲ့အေ… သူတို့လည်း လမ်းဘေးဈေးထွက်ရောင်းရင်တောင် နင်တို့နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ၊ မိန်းမတွေကလည်း ကောင်းကင်တစ်ဝက်ကို မိုးနိုင်တာပဲဥစ္စာ၊ ငါတို့က သူတို့ထက် အရည်အချင်း နိမ့်ကျတာမှ မဟုတ်ဘဲ"

သူမ ဆက်လက်၍

"သူတို့က နင်တို့ဆီကနေ အတုယူပြီး လိုက်လုပ်ကြတယ်ဆိုကတည်းက နင်တို့ရဲ့ အောင်မြင်မှုကို အသိအမှတ်ပြုကြလို့ပေါ့၊ ဒါက ကောင်းတဲ့အချက်ပဲလေ... အနည်းဆုံးတော့ နင်တို့ အရင်တစ်ခေါက် အောင်မြင်ခဲ့တာကို သက်သေပြနေတာပဲ မဟုတ်လား"

"ပြီးတော့ ပြန်စဉ်းစားကြည့်ဦးလေ၊ ပေကျင်းမြို့ကြီးက ဒီလောက်အထိ ကျယ်တာပဲ၊ ဘယ်သူ ဘာလုပ်လုပ် ဘာအရေးလဲ… နင်တို့အချင်းချင်း သိနေကြလို့သာပေါ့..."

သူမ ဆက်ပြောကာ

"လူအတော်များများလည်း သွားနှင့်ကြပြီ၊ နင်တို့မသိတဲ့လူတွေလည်း အများကြီး ရှိနေဦးမှာပဲ…

ဒီကိစ္စနဲ့တင် ဒေါသထွက်နေရင် တကယ်ပဲ စိတ်ဆင်းရဲရလိမ့်မယ်… စိတ်အေးအေးထားပါအေ၊ မကြာခင် ခရီးထွက်ရတော့မှာကို ဒေါသထွက်လွန်းလို့ ဖျားနာသွားရင် ဒုက္ခ"

"သူတို့က နင်တို့ဆီကနေ တိတ်တဆိတ် ခိုးသင်တာတော့ မှားတာပေါ့၊ ဒါပေမဲ့ နင်တို့က အဆုံးအမရှိတဲ့သူတွေပဲဥစ္စာ၊ သူတို့လို အဆင့်အတန်းမရှိတဲ့သူတွေနဲ့ သွားပြီး အဆင့်ချင်း မပြိုင်ပါနဲ့..."

အမျိုးသမီးကြီးမှာ အားပေးစကား ဆိုလိုက်၏။

ထိုသို့ အဖန်ဖန်အထပ်ထပ် ဖျောင်းဖျပြီးနောက်တွင်မှ ထိုအမျိုးသမီးကြီးသည် ချန်ချင်းယွီနှင့် ချိုက်မင်မင်တို့၏ ဒေါသကို အနည်းငယ် ပြေလျော့သွားစေခဲ့သည်။ သူမသည် သူတို့နှစ်ဦးကို တံခါးဝအထိ လိုက်လံပို့ဆောင်ပေးပြီးနောက် ချွေးများကို သုတ်ရင်း တစ်ယောက်တည်း တိုးတိုးလေး ညည်းတွားမိ၏။

"ဒါတွေက ဘာလို အိမ်နီးနားချင်းတွေလဲမသိဘူး၊ သူတစ်ပါး ပိုက်ဆံရတာမြင်ရင်ကို မနာလို ဝန်တိုဖြစ်နေကြတာ"

"အစ်မလီ... ဘာဖြစ်လို့လဲဟင်၊ခုနက အဲဒီအမျိုးသမီးနှစ်ယောက် ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေကြတာလဲ"

"ဘာကိစ္စ ရှိလို့လဲမသိဘူး"

ပွဲစည်မည့်နေရာဆိုလျှင် လူတိုင်းစပ်စုချင်ကြသည်မှာ ထုံးစံပင် ဖြစ်၏။

အစ်မလီ : "မပြောပါနဲ့တော့အေ၊ နင်တို့လည်း သိတဲ့အတိုင်း... လမ်းဘေးဈေးရောင်းတာက အမြတ်ထွက်တယ်ဆိုပေမဲ့ ဘာမှတောင် မလုပ်ရသေးဘူး၊ အိမ်နီးနားချင်းတွေက မနာလိုဖြစ်နေကြပြီ၊ သူတို့ကလေ... အို... အဲဒီအမျိုးသမီးနှစ်ယောက် စည်းစိမ်ရှိရှိ ပိုက်ဆံရနေတာကို မြင်တော့ ချက်ချင်းပဲ နောက်ကနေ လိုက်လုပ်ဖို့ ပြင်ကြတာပေါ့… ဒီနေ့တောင်မှ ထောက်ခံစာ လာတောင်းကြသေးတယ်၊ ငါက ဒါတွေကို ဘာမှမသိတော့ အမှတ်မထင်ပဲ အကုန်ဗြောင်ပြောပြလိုက်မိတာ.. တော်သေးတာပေါ့ ငါက စကားပြောတတ်လို့သာ ခုတ်ရာတခြား ရှရာတခြားဖြစ်အောင် တားဆီးနိုင်ခဲ့တာ၊ မဟုတ်ရင် အဲဒီအမျိုးသမီးနှစ်ယောက် သွားပြီး ရန်ဖြစ်ကြမှာ အသေအချာပဲ… အရပ်ရှည်တဲ့ ချိုက်မင်မင်ဆိုရင် ဒေါသထွက်လွန်းလို့ မျက်နှာတစ်ခုလုံး နီရဲနေတာပဲ၊ အဘွားကြီးကျောက်အိမ်က အရပ်ပုတဲ့ မုဆိုးမလေးဆိုရင်လည်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသေးတယ်... ငါက စကားကို ပါးပါးနပ်နပ် ပြောပြီး သူတို့ရဲ့ ဒေါသကို ချော့မော့ပေးနိုင်ခဲ့လို့ တော်ခါကျသွားတာ၊ နင်တို့လည်း စဉ်းစားကြည့်ဦးလေ၊ ဒီအလုပ်ကို မလုပ်ရဘူးလို့ တားမြစ်မထားပေမဲ့ အားလုံးက အိမ်နီးနားချင်းတွေပဲဥစ္စာ၊ အပြင်ပန်းမှာတော့ လမ်းဘေးဈေးရောင်းတာကို အထင်သေးသလိုလိုနဲ့ ကွယ်ရာကျတော့ တိတ်တဆိတ် လိုက်လုပ်ကြတာ... တကယ့်ကို အဓိပ္ပာယ်ဖွင့်ရ ခက်တဲ့ လူစားမျိုးတွေပဲ..."

"အဲဒီလိုကိစ္စမျိုး တကယ် ရှိတာလား"

"သေချာတာပေါ့အေ။"

"ဒါနဲ့ သူတို့အားလုံးမှာ အလုပ်အကိုင် အတည်တကျ ရှိကြတာပဲ မဟုတ်လား၊ တချို့ဆို လုပ်ငန်းခွင်မှာ အငယ်တန်းခေါင်းဆောင်တွေတောင် ဖြစ်နေပြီဥစ္စာ၊ ဘာတွေကို လောဘတက်နေကြတာလဲ"

"ပိုက်ဆံရချင်လို့ပေါ့အေ၊ ဘယ်သူက ပိုက်ဆံ ပိုရတာကို မကြိုက်ဘဲ နေမလဲ”

"ဒါလည်း ဟုတ်တာပါပဲ..."

ရပ်ကွက်ကော်မတီ အဖွဲ့ဝင်များသည် ချက်ချင်းပင် ထိုအကြောင်းကို အားပါးတရ ဝိုင်းဝန်းအတင်းပြောကြတော့သည်။

ချန်ချင်းယွီနှင့် ချိုက်မင်မင်တို့သည် အတူတကွ ထွက်ခွါလာခဲ့ကြ၏။ ချိုက်မင်မင်သည် လမ်းခရီးတွင် အခုထိ စိတ်မကျေမနပ် ဖြစ်နေဆဲဖြစ်ပြီး တတွတ်တွတ် ညည်းတွားနေ၏။

"သူတို့တွေ တကယ့်ကို အရှက်မရှိလိုက်တာ... ငါတို့ တိုင်ပင်နေတာကို သေချာပေါက် ချောင်းနားထောင်ထားတာ ဖြစ်ရမယ်၊ မဟုတ်ရင် ဘယ်လိုလုပ် ဒီလောက်အထိ တိုက်ဆိုင်ရမှာလဲ"

ချန်ချင်းယွီ : "ထားလိုက်ပါတော့ အစ်မရယ်၊ ကျွန်မတို့အလုပ်ကိုပဲ အာရုံစိုက်ရအောင်… သူတို့ကို လမ်းခွဲပစ်ဖို့က မခက်ပါဘူး၊ ပြီးတော့ တို့တွေမှာ အရင်တစ်ခေါက်က အတွေ့အကြုံလည်း ရှိထားပြီးပြီပဲ၊ ဒုတိယအကြိမ်ကတော့ ပထမအကြိမ်ထက် သေချာပေါက် ပိုပြီးတော့ အဆင်ပြေမှာပါ၊ အမြန်ဆုံးသွားပြီး အမြန်ဆုံး ပြန်လာကြတာပေါ့၊ တစ်ရက်စောရင် တစ်ရက် ပိုကောင်းတာပေါ့"

"အင်း... ငါ့လက်ထဲသာ မိလို့ကတော့ တွေ့တဲ့ကောင်ကို တွယ်ပစ်မယ်… မပူနဲ့ ငါရှိတယ်၊ အဲဒီလူတွေ ငါတို့ကို လာပြီး မလှည့်စားနိုင်စေရဘူး"

ချိုက်မင်မင်သည် ခရီးထွက်မည့်အချိန်မှစ၍ ကိစ္စအဝဝကို ချန်ချင်းယွီသာ ဦးဆောင်ပြီး ဆုံးဖြတ်ချက် ချနေခဲ့သည်ကို ကိုယ်တိုင်ပင် သတိမထားမိခဲ့ပေ။

ထိုအမျိုးသမီးနှစ်ဦးသည် လမ်းခရီးအတွက် လိုအပ်သည်များကို ထပ်မံတိုင်ပင်ပြီးနောက် မိမိတို့၏ ခရီးဆောင်ကျောပိုးအိတ်များကို ယူရန် အသီးသီး အိမ်သို့ ပြန်လာခဲ့ကြသည်။

ဤကျောပိုးအိတ်များသည် သူတို့အတွက် မရှိမဖြစ် ခရီးဆောင်ပစ္စည်းများ ဖြစ်ပြီး အထဲတွင် လဲလှယ်ရန် အတွင်းခံအဝတ်အထည် အနည်းငယ်နှင့် စားစရာအမြောက်အမြားမှလွဲ၍ အခြားဘာမှ မပါပေ။ အပြင်ဝတ် အင်္ကျီဘောင်းဘီများကိုမူ ညစ်ပတ်သည့်အတိုင်း ထားရန် အစကတည်းက စီစဉ်ထားပြီး ဖြစ်သည်။ သူမတို့ သန့်ရှင်းမှု မရှိ၍ မဟုတ်ဘဲ၊ ခရီးဝေးရထားစီးရသည့် ဒုက္ခဆင်းရဲကို ကိုယ်တိုင်မကြုံဖူးလျှင် မည်သို့မျှ နားလည်နိုင်မည် မဟုတ်သောကြောင့် ဖြစ်၏။

သူတို့ သန့်သန့်ရှင်းရှင်း ဝတ်ဆင်ထားရင်တောင်မှ လဲလှယ်ဖို့အခွင့်အရေး ရှိမှာ မဟုတ်ဘူး…

ရထားပေါ်တွင် လူအုပ်ကြီးမှာ အလွန်ပင် များပြားလှသဖြင့် အိမ်သာ သွားရန်ပင် မနည်းတိုးဝှေ့နေရကာ၊ ရေချိုးသန့်စင်ဖို့ဆိုသည်မှာ ဝေးစွ၊ ကျင်ကြီးကျင်ငယ် စွန့်ရန်အတွက်ပင် အသည်းအသန် ရုန်းကန်ကြရ၏။

ရိုးရိုးရှင်းရှင်း ပြောရလျှင် ရထားပေါ်တွင် လူဦးရေ အလွန်အမင်း များပြားလွန်းလှ၍ ခြေချစရာပင် မရှိပေ။

ချန်ချင်းယွီနှင့် ချိုက်မင်မင်တို့သည် ယခင်အကြိမ်က အတွေ့အကြုံများမှ သင်ခန်းစာရရှိထားကြသဖြင့် ယခုတစ်ကြိမ်တွင်မူ ပြင်ဆင်မှုများကို ပိုမိုစေ့စပ်သေချာစွာ လုပ်ဆောင်ခဲ့ကြသည်။ ရထားပေါ်တွင် အစားအသောက်များကို ဝယ်ယူစားသောက်၍ ရသည်မှာ မှန်သော်လည်း ချန်ချင်းယွီသည် အစားအသောက် အတော်စားနိုင်သူ ဖြစ်သည့်အပြင် တစ်ခါတည်းနှင့် အများကြီး ဝယ်၍မရသဖြင့် မိမိဘာသာ အနည်းငယ် ယူဆောင်လာခြင်းက ပိုမိုအဆင်ပြေစေ၏။

ချိုက်မင်မင်မှာမူ အတော်ပင် အူတူတူနိုင်လှ၏။ ချန်ချင်းယွီသည် လမ်းတစ်လျှောက်လုံး အမြဲတမ်း တစ်ခုခုကို စားသောက်နေခဲ့သော်လည်း ချိုက်မင်မင်မှာမူ ချန်ချင်းယွီ မည်မျှအထိ အစားစားနိုင်သည်ကို နည်းနည်းမျှ ရိပ်မိခြင်း မရှိခဲ့ပေ။

ချန်ချင်းယွီသည် ဤအသေးအဖွဲ ကိစ္စရပ်လေးများကို သူမအပေါ် တမင်တကာ ဖုံးကွယ်ထားရန် ရည်ရွယ်ချက်မရှိသော်လည်း ချိုက်မင်မင်ကိုယ်တိုင်မှာ လုံးဝ သတိမထားမိခြင်း ဖြစ်သည်။ ချိုက်မင်မင်ဘက်မှ မမေးမြန်းခဲ့သလို စူးစမ်းလိုစိတ်လည်း မရှိသည်ကို မြင်သောအခါမှ ချန်ချင်းယွီလည်း သူမ ရိပ်မိခြင်းမရှိသေးကြောင်း သိရှိလိုက်၏။

သူတို့နှစ်ဦးသည် ယခင်အကြိမ်အတိုင်း ရထားလက်မှတ်ဝယ်ရန် ဘူတာရုံသို့ ထွက်ခွာခဲ့ကြသည်။ သူတို့ ထွက်လာပြီး မကြာမီမှာပင် တစ်ယောက်ယောက် မိမိတို့နောက်သို့ တကောက်ကောက် လိုက်နေကြောင်း ရိပ်မိလိုက်ကြ၏။ ချန်ချင်းယွီသည် စိတ်ထဲမှ အေးစက်စွာ လှောင်ပြုံးပြုံးလိုက်မိသော်လည်း ထိုသူများကို ချက်ချင်း ဗြောင်ဖွင့်ချပစ်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။

သူမအနေဖြင့် ကွမ်ကျိုးသို့ ရောက်ရှိသွားမှသာ ထိုလူများကို လက်စဖျောက်၍ ခါချပစ်ရန် ကြံစည်ထားသဖြင့် ယခုအချိန်တွင် ရန်ဖြစ်နေစရာ အကြောင်းမရှိဟု တွက်ဆထားသည်။

သူမသည် ချိုက်မင်မင်၏ နားအနားသို့ ကပ်၍ စကားအနည်းငယ် တိုးတိုးပြောလိုက်ရာ ချိုက်မင်မင်သည်လည်း နားလည်သဘောပေါက်စွာ ခေါင်းညိတ်ပြ၏။

ထို့နောက် အမျိုးသမီးနှစ်ဦးသည် လက်မှတ်ဝယ်ရန်အတွက် ဘူတာရုံအတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားကြတော့၏။

သူတို့သည် ယခင်တစ်ခေါက် လမ်းကြောင်းအတိုင်း သွားကြခြင်း ဖြစ်ပြီး သူတို့၏နောက်တွင်မူ ဝမ်ကျန့်ကော်နှင့် ချဲညီအစ်ကိုတို့ထပ်ကြပ်မကွာ လိုက်ပါနေကြသည်။ မနေ့ည၌ ဝမ်ကျန့်ကော်သည် ချဲမိသားစုအိမ်သို့ သွားရောက်ကာ အကြောင်းပြချက်မျိုးစုံ၊ စည်းရုံးသိမ်းသွင်းမှုမျိုးစုံကို အသုံးပြုပြီး နောက်ဆုံးတွင် ချဲညီအစ်ကိုနှစ်ဦးကို သူတို့နှင့်အတူ ပူးပေါင်းရန် ဖျောင်းဖျနိုင်ခဲ့ခြင်း ဖြစ်၏။ ချဲညီအစ်ကိုများသည် လမ်းဘေးဈေးရောင်းသည့် အလုပ်ကို အလွန်ပင် အထင်သေးကြသူများ ဖြစ်သည်။

အထူးသဖြင့် ချဲယုံဖုန်းသည် မိမိကိုယ်မိမိ ဤမျှအထိ ဘဝပျက်ပြီး နိမ့်ကျသွားရလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့သလို၊ ဤအလုပ်ကို လုပ်ရန်လည်း လုံးဝ လက်မခံနိုင်ခဲ့ပေ။

ချဲယုံဖုန်းသည် ဤအလုပ်ကို မလုပ်ရန် ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့သည်။ သူသည် ဤကဲ့သို့သော အရှက်ကွဲမှုကို မခံစားနိုင်ခြင်း ဖြစ်၏။

သို့သော်လည်း ဝမ်ကျန့်ကော်သည် ချဲယုံဖုန်းကို စည်းရုံးရာတွင် ချန်ချင်းယွီ၏ နာမည်ကို အသုံးပြု၍ သွေးထိုးလှုံ့ဆော်ခဲ့သည်။

သူသည် ချဲယုံဖုန်းကို တိုးတိုးတိတ်တိတ်ဖြင့်

"သေသေချာချာ စဉ်းစားကြည့်ဦးဗျာ… မင်းက အစက အလုပ်ရုံတာဝန်ခံအဖြစ် အလုပ်ကို ကောင်းကောင်း လုပ်နေတာလေ၊ အကယ်၍ လင်းကျန့်ဝမ်ရဲ့ မိသားစုကသာ ရန်ငြိုးမဖွဲ့ဘဲ လွှတ်ပေးခဲ့ရင် မင်း ဒီလောက်အထိ ကံဆိုးပြီး ရိုးရိုးစက်ရုံအလုပ်သမားအဆင့်အထိ ရာထူးချခံရပါ့မလား၊ မင်းက အရင်တုန်းက အထက်လူကြီး၊ သူတို့ကို စီမံခန့်ခွဲခဲ့တဲ့သူ... အခုကျတော့ အားလုံးနဲ့တန်းတူ အလုပ်ကြမ်း လုပ်နေရတယ်… မင်းရဲ့ လက်အောက်ငယ်သားဟောင်းတွေက အခု မင်းရဲ့ အထက်လူကြီးတွေ ဖြစ်ကုန်ပြီ၊ ဒါကို မင်းက ဘယ်လိုလုပ် စိတ်ချမ်းသာနိုင်မှာလဲ.. ဒါတွေအားလုံးက ဘာကြောင့်လဲ… လင်းကျန့်ဝမ်ရဲ့ မိသားစုက မလျှော့တမ်း ရန်ငြိုးဖွဲ့နေလို့ မဟုတ်ဘူးလား၊ မင်း အခုလို ဒုက္ခရောက်နေရတာ အဲဒီ ယောက္ခမနဲ့ ချွေးမနှစ်ယောက်ကြောင့်ပဲ၊ အခုတစ်ကြိမ်မှာ သူ့ရဲ့ မုဆိုးမလေးက ကုန်ပစ္စည်းဝယ်ဖို့ တောင်ပိုင်းကို သွားတော့မယ်… မင်း ပိုက်ဆံမရှာချင်ရင်တောင် ဒါက အခွင့်အရေးပဲဗျ... အကယ်၍ မင်းက ဒီဝင်းထဲမှာတင် သူမကို သင်ခန်းစာပေးမယ်ဆိုရင် လူတိုင်းက မင်းကို သံသယဝင်ကြလိမ့်မယ်၊ ဘာပဲပြောပြော မင်းတို့မိသားစုချင်းက ရန်ငြိုးရှိတာကိုး၊ ဒါပေမဲ့ ဟိုဘက်ကို ရောက်သွားရင်တော့ အခြေအနေက တခြားစီပဲ… မင်း သူမအပေါ် စိတ်ကြိုက် ကလဲ့စားချေလို့ရတယ်၊ ဘယ်သူမှလည်း သိမှာ မဟုတ်ဘူး၊ စိတ်ချပါ... ငါကတော့ ဒါကို လုံးဝ နှုတ်လုံပေးမယ်၊ ငါက ပိုက်ဆံရဖို့ပဲ စိတ်ဝင်စားတာ၊ မင်း ဘာလုပ်လုပ် ငါနဲ့မဆိုင်ဘူး… အမှန်အတိုင်းပြောရရင် လင်းကျန့်ဝမ်ရဲ့ မိန်းမက တော်တော်လေး ချောတယ် မဟုတ်ဘူးလား... ဟဟဟ..."

သူသည် ဤစကားများဖြင့် ချဲယုံဖုန်းကို အောင်မြင်စွာ စည်းရုံးနိုင်ခဲ့ခြင်း ဖြစ်၏။

ချဲယုံချန်းမှာမူ အသိဉာဏ်မရှိသော လူအတစ်ဦး ဖြစ်သဖြင့် သူ့အစ်ကိုလုပ်သူနောက်သို့သာ မျက်စိမှိတ် လိုက်ပါမည့်သူ ဖြစ်သည်။

ချန်ချင်းယွီအနေဖြင့် အန္တရာယ်ပြုခြင်း ခံရမည်၊ မရမည်မှာ ဝမ်ကျန့်ကော်၏ ဂရုစိုက်စရာ ကိစ္စမဟုတ်သလို၊ သူနှင့်လည်း ဘာမှ သက်ဆိုင်ခြင်း မရှိပေ။

သူသည် ချန်ချင်းယွီကို အသုံးချ၍ ကုန်ပစ္စည်းရရှိမည့် အရင်းအမြစ် (ဒိုင်) ကို ရှာဖွေရန်သာ လိုလားခြင်းဖြစ်ပြီး၊ ထိုအချက်ကို သိရှိပြီးပါက သူမကို ဂရုစိုက်တော့မည် မဟုတ်ပေ။ ချဲညီအစ်ကိုများသည် သူတို့၏ ရူးသွပ်မှုကြောင့် နောက်ကွယ်တွင် မည်ကဲ့သို့သော ယုတ်မာမှုများကို လုပ်ဆောင်ရန် ကြံစည်နေကြသည်ကို သူ လုံးဝ သတိမထားမိသကဲ့သို့၊ မိမိကိုယ်မိမိမူ အပြစ်ကင်းစင်ပြီး ဥပဒေကို လေးစားလိုက်နာသော နိုင်ငံသားကောင်းတစ်ဦးအဖြစ်သာ သတ်မှတ်ထားပေသည်။

ထိုလူသုံးဦးသည် ချန်ချင်းယွီနှင့် ချိုက်မင်မင်တို့၏ နောက်သို့ တိတ်တဆိတ် လိုက်ပါရင်း အမျိုးသမီးနှစ်ဦး လက်မှတ်ဝယ်ယူသည်ကို စောင့်ကြည့်ကာ ချက်ချင်းပင် လက်မှတ်အရောင်းပြတင်းပေါက်သို့ အလောတကြီး တိုးဝှေ့သွားကြပြီး

"အစောက အမျိုးသမီးနှစ်ယောက် ဘယ်ကို သွားဖို့ လက်မှတ်ဝယ်သွားတာလဲ"

လက်မှတ်ရောင်းသူ အမျိုးသမီးသည် မျက်စိမှေးကာ သူတို့ကို သံသယစိတ်အပြည့်ဖြင့် မသင်္ကာသလို ကြည့်လိုက်၏။

ဝမ်ကျန့်ကော် ရှေ့သို့ အမြန်တိုးကာ

"ကျွန်တော်တို့က သူတို့နဲ့ အတူတူ ခရီးသွားကြမလို့ပါ၊ သူတို့ဝယ်သွားတဲ့နေရာကိုပဲ တူညီတဲ့ လက်မှတ်သုံးစောင် ပေးပါဗျာ…ကျွန်တော်တို့က လူဆိုးတွေ မဟုတ်ပါဘူး"

လက်မှတ်ရောင်းသူသည် ခဏမျှ တုံ့ဆိုင်းသွားသော်လည်း ထိုလူသုံးဦးမှာ ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသည်ကို တွေ့ရသဖြင့် နောက်ဆုံးတွင် သတိထားမှုကို လျှော့ချလိုက်ပြီး လက်မှတ်သုံးစောင်ကို ကမ်းပေးရင်း

"ဝူဟန်"

"အိပ်စင်လက်မှတ်ကော ရှိသေးလားဗျ"

"မရှိတော့ဘူး"

ထိုခေတ်ကာလတွင် အဆက်အသွယ် မရှိဘဲ အိပ်စင်လက်မှတ်ကို ဝယ်ယူရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ပေ။

ဤလက်မှတ်များကို စက်ရုံအသီးသီးမှ ရုံးကိစ္စဖြင့် ခရီးသွားကြမည့် လူများအတွက် ကြိုတင်၍ သီးသန့် ဖယ်ထားလေ့ရှိ၍ပင်။

ဝမ်ကျန့်ကော်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသော်လည်း လျင်မြန်စွာပင် လက်မှတ်များကို သွားရောက်ဝယ်ယူလိုက်ပြီး သူတို့သုံးဦးလုံး ဘူတာရုံထဲသို့ အတူတကွ ဝင်ရောက်ခဲ့ကြသည်။

ချဲယုံဖုန်းမှာ စိတ်မသက်မသာဖြင့်

"ဒါက ဝူဟန်အထိ သွားမယ့် ထိုင်ခုံလက်မှတ်ကြီးပဲဥစ္စာ… တစ်လမ်းလုံး ဘယ်လောက်တောင် ဒုက္ခရောက်ကြမလဲ မသိဘူး၊ နားနားနေနေ နေဖို့ နေရာတောင် မရှိဘူး၊ ဒါနဲ့... သူတို့က တောင်ပိုင်းကို သွားမှာမဟုတ်ဘူးလား၊ ဝူဟန်ကို ဘာလို့ သွားရတာလဲ"

ဝယ်ယူရေးဌာနတွင် အလုပ်လုပ်သော ဝမ်ကျန့်ကော်သည် ချဲယုံဖုန်းထက်စာလျှင် အတွေ့အကြုံနှင့် ဗဟုသုတ ပိုမိုရှိသူဖြစ်၏။ သူသည် အပြင်သို့ ခရီးခဏခဏ ထွက်ရသူ ဖြစ်သဖြင့်

"သူတို့ ရထားပြောင်းစီးကြမလို့ ဖြစ်လိမ့်မယ်… ငါ့အထင်တော့ တိုက်ရိုက်ရထား မရှိလို့ ထင်တယ်"

ချဲယုံဖုန်း : "သူတို့ကို မျက်ခြေမပြတ် စောင့်ကြည့်ထား"

ဝမ်ကျန့်ကော် : "ငါ သိပါတယ်… မပူပါနဲ့၊ ငါတို့က ရထားတစ်စီးတည်း အတူတူ စီးကြမှာဆိုတော့ ငါ သူတို့ကို သေသေချာချာ စောင့်ကြည့်ထားမှာပါ၊ အမှန်တော့ သူတို့နဲ့ လမ်းခွဲမိသွားရင်တောင် ကိစ္စမရှိပါဘူး… ရထားတွဲတွေကို တစ်တွဲချင်းစီ လိုက်ရှာရုံပဲလေ၊ သူတို့က အိပ်စင်တွဲမှာ စီးတာမဟုတ်တော့ ရှာရတာ မခက်ပါဘူး… အဓိကက ဝူဟန်ရောက်တဲ့အခါ သူတို့နဲ့ မျက်ခြေမပြတ်ဖို့နဲ့ ဘယ်ရထားတွဲပေါ် ထပ်တက်မလဲဆိုတာကို သေသေချာချာ စောင့်ကြည့်ဖို့ပဲ"

"ဒါလည်း ဟုတ်တာပဲ။"

ချဲယုံဖုန်းနှင့် ချဲယုံချန်းညီအစ်ကိုနှစ်ဦးသည် ယခင်၌ ခရီးဝေး သိပ်မထွက်ဖူးကြပေ။ ယခုခေတ်ကာလတွင် ခရီးဝေးသွားသူ အလွန်ရှားပါးသဖြင့် အားလုံးမှာ အတွေ့အကြုံ မရှိသူများဖြစ်ကြရာ အနည်းငယ် စိတ်လှုပ်ရှားနေကြပြီး ဝမ်ကျန့်ကော်ကိုယ်တိုင်ပင် ယခုကဲ့သို့ ဝေးလံသောနေရာသို့ ပထမဆုံးအကြိမ် ခရီးထွက်ရခြင်း ဖြစ်ပေသည်။

သူသည် ချန်ချင်းယွီတို့အုပ်စုကို ရှာဖွေရန် ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်ရှုနေမိ၏။

သို့သော် သူတို့ လက်မှတ်ဝယ်ပြီး ထွက်ခွာသွားပြီးနောက် မကြာမီမှာပင် ယွမ်ဟောက်ဖုန်း ရှီရှောင်ဝေကို ခေါ်ဆောင်၍ ဤနေရာသို့ ရောက်ရှိလာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။ ယွမ်ဟောက်ဖုန်းသည် ရထားလမ်းဌာနတွင် အလုပ်လုပ်သူ ဖြစ်သဖြင့် ချန်ချင်းယွီတို့နောက်သို့ အသည်းအသန် လိုက်နေစရာမလိုဘဲ ဘူတာရုံတွင် ကြိုတင်စောင့်ဆိုင်းနေရုံဖြင့် ထိုရထားတစ်စီးတည်း၏ လက်မှတ်ကို အလွယ်တကူ ရရှိခဲ့ခြင်း ဖြစ်သည်။

အမှန်စင်စစ် ယွမ်ဟောက်ဖုန်းသည် တောင်ပိုင်းဒေသသို့ သွားရောက်ရန် မည်သို့ ရထားစီးရမည်၊ မည်သည့်နေရာတွင် ရထားပြောင်းရမည်ကို ကောင်းမွန်စွာ သိရှိပြီး ဖြစ်၏။ သူ ချန်ချင်းယွီနောက်သို့ လိုက်ရသည့် အဓိကအကြောင်းရင်းမှာ သူမ မည်သည့်နေရာမှ ကုန်ပစ္စည်းများ သွားရောက်ယူသည်ကို စုံစမ်းချင်သောကြောင့် ဖြစ်၏။ သူမ ကုန်ပစ္စည်းယူသည့်နေရာမှာ လမ်းဘေး ကုန်တင်ကုန်ချနေရာမျိုး မဟုတ်နိုင်ကြောင်း သူ တွက်ဆထားသည်။

သူတို့ သွားရောက်မေးမြန်းလျှင်ပင် သူမ ပြောပြမည်မဟုတ်သဖြင့် ချန်ချင်းယွီနောက်သို့ တိတ်တဆိတ် လိုက်ရခြင်း ဖြစ်ပြီး၊ သူမ၏ ကုန်ပစ္စည်း ရင်းနှီးရသော ဈေးနှုန်းကိုပါ သိရှိနိုင်ရန် ကြံစည်နေခြင်း ဖြစ်ပေသည်။ သူသည် ချန်ချင်းယွီ၏ ရောင်းဈေးကို သိရှိထားသဖြင့် ရင်းနှီးဈေးကို သိပါက သူမ မည်မျှအထိ အမြတ်အစွန်းရသည်ကို ကောင်းစွာ တွက်ချက်နိုင်မည်သာ…. ထိုအချက်ကို သူအနေနှင့် စံနမူနာအဖြစ် အသုံးပြုလိုခြင်း ဖြစ်၏။

ချိုက်မင်မင် ရောင်းချသော ကုန်ပစ္စည်းငယ်လေးများ၏ အသေးစားစီးပွားရေးနှင့် နှိုင်းယှဉ်ပါက သူသည် ဂျင်းဘောင်းဘီကဲ့သို့သော အမြတ်အစွန်းကြီးမားသည့် ကုန်ပစ္စည်းကြီးများကိုသာ ရရှိလိုပေသည်။ ထို့ကြောင့် သူသည် သူမကို မျက်ခြေမပြတ် စောင့်ကြည့်ရန် လိုအပ်နေခြင်း ဖြစ်၏။

သို့သော်လည်း သူသည် ဘူတာရုံတွင် ရထားစောင့်နေသော ဝမ်ကျန့်ကော်ကို မမျှော်လင့်ဘဲ လှမ်းမြင်လိုက်ရလေသည်။

ယွမ်ဟောက်ဖုန်းသည် မျက်လုံးကို ကျဉ်းမြောင်းလိုက်ရင်း ခပ်ပြုံးပြုံးဖြင့်

"အပြင်ပန်းမှာတော့ ဘာမှမဖြစ်သလိုနဲ့ တည်ငြိမ်ပြနေပြီး ကွယ်ရာကျတော့ ဒီလိုအကြံအစည်တွေ ရှိနေကြတာကိုး"

ရှီရှောင်ဝေ နားမလည်နိုင်ဘဲ

"ဟင်... ဘာလဲအစ်ကို"

ယွမ်ဟောက်ဖုန်း မေးငေါ့၍ အချက်ပြလိုက်ရင်း

"ဟိုမှာ ကြည့်စမ်း…သူ့ကို မြင်လား၊ ဝမ်ကျန့်ကော်လေ… သူ့ဘေးက လူတွေက ဘယ်သူတွေလဲ သိလား၊ စက်မှုစက်ရုံက ချဲယုံဖုန်းနဲ့ နောက်တစ်ယောက်က သူ့ရဲ့ ညီငယ် ချဲယုံချန်လေ"

ယွမ်ဟောက်ဖုန်းသည် စက်မှုစက်ရုံမှ လူမဟုတ်သော်လည်း ပြီးခဲ့သည့်အကြိမ် ရုန်းရင်းဆန်ခတ်ဖြစ်ပွားရာသို့ သွားရောက်ကြည့်ရှုခဲ့ဖူးသဖြင့် သူတို့ကို မှတ်မိနေခြင်း ဖြစ်၏။

"သူတို့လား... အော်... တကယ်ပဲပါလား”

ရှီရှောင်ဝေသည်လည်း သူတို့ကို ယခင်က မြင်ဖူးသဖြင့် ဇဝေဇဝါဖြင့်

"ဝမ်ကျန့်ကော်က ဘာဖြစ်လို့ အဲဒီလူနှစ်ယောက်နဲ့ ပူးပေါင်းသွားရတာလဲ"

ယွမ်ဟောက်ဖုန်း : "ဘယ်သူသိမှာလဲ… သူတို့တွေက သူငယ်ချင်းတွေ ဖြစ်နေကြလိမ့်မယ်လို့ ငါလည်း လုံးဝ ထင်မထားခဲ့ဘူး၊ အရင်က တစ်ခါမှ အရိပ်အယောင် မပြခဲ့ကြဘဲနဲ့"

ရှီရှောင်ဝေ ခေါင်းညိတ်ရင်း

"သူတို့က လူကောင်းတွေ မဟုတ်ကြဘူး"

ရှီရှောင်ဝေသည် အသက်နှစ်ဆယ်ကျော်အရွယ်သာ ရှိသေးပြီး ထူးကဲသော စရိုက်ရှိသော်လည်း သူတို့ကဲ့သို့ မကောင်းမှုများကို မလုပ်ဖူးသဖြင့် ထိုကဲ့သို့သော လူစားမျိုးကို အမြဲတမ်း အထင်သေးလေ့ရှိ၏။

"ဒီလူနှစ်ယောက်က တကယ့်ကို အဆင့်မရှိတာ… ဝမ်ကျန့်ကော်က ဘာလို့ ဒီလိုလူမျိုးတွေနဲ့ ပေါင်းရတာလဲမသိဘူး"

ယွမ်ဟောက်ဖုန်း : "ဘယ်သူသိမှာလဲ"

"ဒါနဲ့ သူတို့ ဘူတာရုံကို ဘာလာလုပ်ကြတာလဲဟင်။"

ယွမ်ဟောက်ဖုန်းသည် ရှီရှောင်ဝေကို လေးနက်သော အကြည့်တစ်ချက်ဖြင့် စိုက်ကြည့်လိုက်မိပြီး၊ ရှီရှောင်ဝေတစ်ယောက် ဘာမှမသိနားမလည်ကာ အူကြောင်ကြောင်နိုင်လွန်းလှသည်ဟု စိတ်ထဲမှ တွေးလိုက်မိသည်။ သူ့ညီမဖြစ်သူ

ဤလူကို မနှစ်မြို့သည်မှာ မဆန်းပေ။

အခြေအနေက ဒီလောက်အထိ အထင်အရှားကြီး ဖြစ်နေပါရက်နဲ့အခုထိ မရိပ်မိသေးဘူးလား… စောက်ထုံ… ဘယ်လောက်တောင် အူအူအအ နိုင်လိုက်သလဲ..

သူ အဓိပ္ပာယ်ပါပါဖြင့်

"ငါ့အထင်တော့ သူတို့လည်း ချန်ချင်းယွီတို့ အမျိုးသမီးတွေနောက်ကို လိုက်လာကြတာ ဖြစ်ရမယ်… ကုန်ပစ္စည်းသွားဝယ်ဖို့ တောင်ပိုင်းကို သွားကြမလို့ ဖြစ်လိမ့်မယ်"

"ဘာ..."

ရှီရှောင်ဝေသည် အံ့ဩလွန်းသဖြင့် အော်ဟစ်လိုက်မိ၏။

ယွမ်ဟောက်ဖုန်း : "ဒါက ဘာဆန်းလို့လဲ… မင်းက ဟောက်ရွှယ်နဲ့ငါက မင်းကို လှည့်စားနေတယ်လို့ ထင်နေတာလား၊ ဟောက်ရွှယ်က မင်းကို အမြဲတမ်း သူငယ်ချင်းကောင်း၊ မောင်နှမကောင်းတစ်ယောက်လို ဆက်ဆံခဲ့တာ… သူက မင်းကို တကယ်ပဲ တိုးတက်စေချင်လို့သာ ငါနဲ့အတူ အပြင်ကို လွှတ်လိုက်တာလေ၊ မင်းက သူ မင်းကို လှည့်စားနေတယ်လို့ ထင်နေတာလား… အခု မင်းမျက်စိနဲ့တင် မြင်ရပြီမဟုတ်လား၊ ငါ မင်းကို မလိမ်ပါဘူး၊ ဒီကိစ္စက သေချာပေါက် အရေးကြီးလွန်းလို့ပေါ့… မဟုတ်ရင် ဝမ်ကျန့်ကော်လို လူစားမျိုးက ဘာလို့ ဝင်ပါမလဲ၊ သူက ဒီဝင်းထဲမှာ အရမ်းပါးနပ်ပြီး တွက်ချက်တတ်တဲ့ကောင်ပဲဥစ္စာ"

ရှီရှောင်ဝေ : "အော်... ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် သူက အလုပ်ကိစ္စနဲ့ ခရီးသွားတာလား..."

"မင်းက ဦးနှောက်မရှိဘူးလား… သူက အလုပ်ကိစ္စနဲ့ ခရီးသွားတာဆိုရင် ဘာဖြစ်လို့ ချဲညီအစ်ကိုတွေနဲ့ အတူသွားရမှာလဲ၊ ချဲယုံဖုန်းက စက်ရုံအလုပ်သမား သာမန်ပဲရှိတာ၊ ချဲယုံချန်းကတော့ အပြင်စက်ရုံက နေ့စားအလုပ်သမားသက်သက်ပဲဥစ္စာ… သူတို့နှစ်ယောက်စလုံးက စက်မှုစက်ရုံမှာ အလုပ်လုပ်တာမှ မဟုတ်ဘဲ… သူသာ အလုပ်ကိစ္စနဲ့ သွားတာဆိုရင် သူတို့နဲ့ အတူသွားပါ့မလား"

"အာ... ဟုတ်သားပဲ"

"သူတို့တွေ ဒီလောက်အထိ ကောက်ကျစ်စဉ်းလဲလိမ့်မယ်လို့ ထင်မထားခဲ့ဘူး"

ရှီရှောင်ဝေ နှာခေါင်းရှုံ့လျက်

"သူ့မိသားစုက ကွယ်ရာကျတော့ တိတ်တဆိတ် ကြံစည်နေတယ်၊ တကယ့်ကို အဆင့်မရှိတဲ့ အလုပ်ပဲ… အခုကျတော့ ကွယ်ရာမှာ ဒီလိုတွေ လျှို့ဝှက်လုပ်နေကြတာကိုး"

"ဒါပေါ့... သူတို့က အပြင်ပန်းမှာ အဲဒီလို လျှောက်ပြောထားမှ ငါတို့အားလုံးက ရှက်ပြီး မလုပ်ကြမှာလေ… အဲဒီတော့မှ သူတို့ဘာသာသူတို့ တိတ်တဆိတ် လုပ်ကြပြီး ပြိုင်ဘက်မရှိတော့မှာပေါ့၊ မင်း အခုထိ နားမလည်သေးဘူးလား"

ယွမ်ဟောက်ဖုန်း : "မင်းက အရမ်းကို ရိုးအေးလွန်းသေးတယ်… ငါတို့မိသားစုမို့လို့သာ မင်းကို ဒီအထိ လမ်းပြပြီး ခေါ်လာခဲ့တာ"

ရှီရှောင်ဝေသည် စိတ်လှုပ်ရှား အားကိုးတကြီးဖြင့်

"အစ်ကိုဟောက်ဖုန်း... အစ်ကိုက တကယ့်ကို တရားမျှတပြီး သစ္စာရှိတဲ့ လူကြီးလူကောင်းပါပဲ"

"ဒါပေါ့”

ရှီရှောင်ဝေ : "အဲဒီကောင်... တကယ့်ကို အရှက်မရှိလိုက်တာ၊ ငါတို့ အိမ်နီးနားချင်းတွေအပေါ်မှာတောင် ဗျူဟာတွေ သုံးပြီး လှည့်စားရဲသေးတယ်"

ယွမ်ဟောက်ဖုန်း ခေါင်းညိတ်လိုက်ရင်း ဝမ်ကျန့်ကော်တို့ သုံးဦးကို စက်ဆုပ်ရွံရှာသော အကြည့်ဖြင့် စိုက်ကြည့်ကာ

"တကယ့်ကို ယုတ်မာပြီး အရှက်မရှိတဲ့ လူယုတ်မာတွေပဲ"

သူတို့က သူနဲ့လာပြီး ပြိုင်ဆိုင်ချင်တယ်ပေါ့…

သူ့ကို လာပြိုင်သည်ပင် ယုတ်မာခြင်း ဖြစ်သည်ဟု သူ သတ်မှတ်ထား၏။

ယွမ်ဟောက်ဖုန်းသည် ဝမ်ကျန့်ကော်ကို ရွံရှာစွာ စိုက်ကြည့်နေမိသည်။

ဝမ်ကျန့်ကော်သည် မိမိအပေါ် မလိုမုန်းထားသော အကြည့်တစ်ခု ကျရောက်လာသည်ကို အာရုံခံမိသဖြင့် ထိုအကြည့်နောက်သို့ လိုက်လံကြည့်ရှုရာ... ယွမ်ဟောက်ဖုန်းနှင့် ရှီရှောင်ဝေတို့ကို တွေ့လိုက်ရလေ၏။

ဒီလူနှစ်ယောက် ဘူတာရုံမှာ ဘာလာလုပ်နေကြတာလဲ…

သူသည် ခဏမျှ ကြောင်အသွားပြီးနောက် အခြေအနေကို ချက်ချင်းပင် ရိပ်မိသွားကာ မျက်နှာတစ်ခုလုံး ချက်ချင်း ပျက်သွားတော့သည်...

တောက်... ဒီကောင်နှစ်ကောင်လည်း သေချာပေါက် သူတို့နဲ့ အကြံတူပဲ ဖြစ်ရမယ်~~~ အားလုံးက ချန်ချင်းယွီနဲ့ ချိုက်မင်မင်တို့နောက်ကို လိုက်ဖို့ ကြံစည်နေကြတာပဲ~~

သူ့မျက်နှာသည် ပိုမို၍ ပုပ်သိုး အုံ့မှိုင်းသွားတော့၏...

ထိုလူစုများသည် အချင်းချင်း လူသတ်တော့မည့်အလား စူးစိုက်ကြည့်ရှုရင်း သတိကြီးစွာဖြင့် အားပြိုင်နေကြတော့သည်။

ချန်ချင်းယွီသည် အဝေးမှ လူစုနှစ်စုကို လှမ်းမြင်လိုက်ရသဖြင့် ချိုက်မင်မင်၏ လက်မောင်းကို တံတောင်ဖြင့် အသာတို့လိုက်ရင်း

"မမ... ကြည့်ဦး၊ ကျွန်မတို့နောက်ကို လိုက်နေတဲ့အုပ်စုက တစ်စုတည်းတင် မဟုတ်ဘူးနော်..."

ချိုက်မင်မင်: "¥……&%¥#…"

(စိတ်ထဲကနေ ဆဲရေးတိုင်းထွာသံ စကားလုံးပေါင်း တစ်ထောင်ကျော်...)

ကျိန်စာသင့်ပြီး အစားအသောက်ပျက်ကြပါစေတော့ ခွေးသူတောင်းစားတွေ... ချီးစားကြ…

All Chapters