← Chapters

အခန်း ၁၃၀

Vol. 13 Ch. 130

အခန်း ၁၃၀

Vol. 13 Ch. 130

အခန်း (၁၃၀) ရထားပေါ်မှ သက်ဝင်စည်ကားမှု

မီးရထားကြီးမှာ တဂျုန်းဂျုန်း မြည်ဟည်းသံနှင့်အတူ တဖြည်းဖြည်းနှင့် အရှိန်လျော့သွားလေသည်။

ဤသည်မှာ ဘူတာဆိုက်၍ မဟုတ်ဘဲ တစ်ဖက်ရထားကို လမ်းဖယ်ပေးရန် ဖြစ်၏။ ခေတ်မကူးပြောင်းလာခင်၌ အမြန်စီးကျည်ဆန်ရထားပေါ်တွင် ချန်ချင်းယွီတစ်ယောက် ဤကဲ့သို့ အတွေ့အကြုံမျိုး တစ်ခါမျှ မကြုံဖူးခဲ့ပေ။ သို့သော်လည်း ဤခေတ်ကာလ၏ သဘာဝမှာ ဤသို့ပင် ဖြစ်သည်။ ပြီးခဲ့သည့်တစ်ခေါက် ခရီးထွက်စဉ်၌လည်း သူမ ဤအခြေအနေမျိုးနှင့် ကြုံခဲ့ရဖူး၏။ ရထားပေါ်တွင် အချိန်အကြာကြီး နေရသည်မှာ မောပန်းနွမ်းနယ်စရာ ကောင်းလှသော်လည်း ဤသို့သော ခံစားချက်မျိုးမှာ တစ်မျိုးဆန်းသစ်နေသည်ဟု ဆိုရမည်။

ယခုအကြိမ်မှာ ဒုတိယအကြိမ်မြောက် ခရီးထွက်ခြင်း ဖြစ်သဖြင့် ချန်ချင်းယွီမှာ ပထမအကြိမ်လောက် စူးစမ်းလိုစိတ် မပြင်းပြတော့ပေ။

ယခုအချိန်တွင် ရာသီဥတု အေးစိမ့်နေဆဲ ဖြစ်သည့်အပြင် ခရီးသွားရာသီလည်း မဟုတ်သဖြင့် ချန်ချင်းယွီတို့တွင် ထိုင်ခုံနေရာ ရရှိထားကြသည်။ သို့သော်လည်း သူတို့၌ ထိုင်ခုံရှိသော်ငြား ရထားပေါ်တွင် မတ်တတ်ရပ်နေရသူဦးရေမှာ မနည်းလှပေ။ လမ်းခုလတ်တွင်လည်း အတက်အဆင်း လုပ်သူများနှင့် အတော်ပင် တိုးဝှေ့ကျပ်ညပ်နေ၏။

ချန်ချင်းယွီတို့မှာမူ ရထားစထွက်သည့် ဘူတာကတည်းက တက်လာခဲ့ကြသူများ ဖြစ်သဖြင့် ထိုဒုက္ခမှ ကင်းဝေးခဲ့သည်။

သူတို့နှစ်ဦးမှာ ယခုတစ်ခေါက်တွင် မျက်နှာချင်းဆိုင် ပြတင်းပေါက်ဘေးခုံကို မဝယ်လိုက်ရသော်လည်း ဘေးချင်းယှဉ်လျက် ထိုင်ခုံများကိုမူ ရရှိခဲ့ကြ၏။ နှစ်ယောက်သား ဘေးချင်းယှဉ်ထိုင်ကာ ဖရုံစေ့လေးဝါးလိုက်၊ စကားစမြည်ပြောလိုက်နှင့် စိတ်ထဲတွင် တစ်မျိုးခံစားနေရ၏။

စိတ်ထဲ တစ်မျိုးဖြစ်နေရခြင်းမှာလည်း အကြောင်းရှိပေသည်။ သူတို့ ခရီးတစ်ခေါက် ထွက်လာသည်ကို ယခုကဲ့သို့ "နောက်မြီးဆွဲကောင်များ" များစွာ ပါလာလိမ့်မည်ဟု မည်သူ ထင်ထားအံ့နည်း။

တကယ်ကို အံ့ဩမှင်သက်စရာပါပဲ…

ချိုက်မင်မင်မှာမူ စိတ်မထိန်းနိုင်ဘဲ စိတ်ထဲရှိသမျှ ဆဲရေးတိုင်းထွာကာ ရထားစောင့်နေချိန်မှစပြီး ရထားပေါ်တက်သည့်အထိ တစ်လမ်းလုံး ပွစိပွစိနှင့် ကျိန်ဆဲလာခဲ့သည်။ ယခုအချိန်အထိ ထိုလူအုပ်စုအကြောင်း ပြောလိုက်လျှင် အံတကြိတ်ကြိတ်နှင့် စိတ်ဆိုးနေဆဲပင်။ ဤမျှအထိ အရှက်မရှိသောလူမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

ထိုအချိန်တွင် ရထားကြီးမှာ လုံးဝရပ်တန့်သွားပြီး တစ်ဖက်မှ ဖြတ်မည့်ရထားကို စောင့်ဆိုင်းနေလေသည်။

လူအတော်များများ မတ်တတ်ရပ်ကာ ခြေဆန့်လက်ဆန့် လုပ်နေကြသဖြင့် ချန်ချင်းယွီလည်း အလားတူပင် ထရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်၏။ ယွမ်ဟောက်ဖုန်းမှာ ရှီရှောင်ဝေကို ဦးဆောင်ကာ သူတို့နှင့် တွဲတစ်ခုတည်းတွင် အတူရှိနေကြသည်။ ယွမ်ဟောက်ဖုန်းကိုယ်တိုင်သည် မီးရထားဌာနတွင် အလုပ်လုပ်နေသူ ဖြစ်သဖြင့် လက်မှတ်ဝယ်ယူရာတွင် သူနှင့် အနီးဆုံးနေရာကိုသာ ရွေးဝယ်ခဲ့သည်မှာ သဘာဝကျပေ၏။

ဝမ်ကျန့်ကော်တို့အုပ်စုမှာမူ ဤတွဲထဲတွင် ရှိမနေကြပေ။ သူတို့သည် ရထားတစ်စင်းတည်း ဝယ်ရမည်ကို သိကြသော်လည်း တွဲတစ်ခုတည်း ဖြစ်အောင် ဝယ်ရမည်ဟု ထည့်မတွက်မိခဲ့ကြပေ။ ချန်ချင်းယွီ ယွမ်ဟောက်ဖုန်းကို တစ်ချက်မျှသာ အကဲခတ်လိုက်ပြီး ဘာမှမမြင်လိုက်သကဲ့သို့ မျက်နှာလွှဲလိုက်သည်။ ရထားပေါ်တွင် လူအများအပြား ရှိနေပြီး ခရီးတိုသွားမည့်သူများမှာ ထိုင်ခုံမရှိကြချေ။ အချို့သူများမှာမူ ဘာကိုမျှ ဂရုမစိုက်ကြကာ သတင်းစာတစ်စောင်ကို ခင်း၍ ကြမ်းပြင်ပေါ်တွင် ဒီအတိုင်း ထိုင်ချလိုက်ကြသည်။ ချန်ချင်းယွီပတ်ပတ်လည်ကို တစ်ပတ်လှည့်ကြည့်မိ၏။

"ရထားပေါ်မှာတော့ လူစုံတက်စုံပါပဲလား"

လူတန်းစားပေါင်းစုံ ရှိနေသောကြောင့် ဤရထားကြီးကို လူ့အဖွဲ့အစည်းငယ်လေးတစ်ခုဟု တင်စားကြခြင်း ဖြစ်ပေလိမ့်မည်။

အမှန်တကယ် လူနေမှုဘဝအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

အချို့မှာလည်း သူတပါး၏ အိတ်ကပ်ကို ခိုးကြောင်ခိုးဝှက် အကဲခတ်နေကြပြီး၊ အချို့မှာမူ အမျိုးသမီးထု၏ တင်ပါးများကို ရိုင်းပျစွာ စိုက်ကြည့်နေကြ၏။ ကြမ်းပြင်ပေါ်တွင် ထိုင်ကာ ပေါက်စီကြီးကို အားပါးတရ ကိုက်ဝါးနေသူ ရှိသကဲ့သို့၊ ကြက်သွန်မြိတ်ကို အနှစ်နှင့် တို့စားနေသူလည်း ရှိသည်။ တစ်ဘက်တွင် ကျန်းမိသားစု၊ လီမိသားစုတို့၏ အတင်းအဖျင်းများကို အချေအတင် ပြောဆိုနေကြပြီး၊ ဟိုဘက်တွင်မူ စက်ရုံမှ နှစ်သစ်ကူး၌ ဘာရိက္ခာတွေ ဝေလဲဆိုသည်ကို ငြင်းခုံနေကြ၏။

မီးရထားပေါ်တွင် တကယ့်ကို ဆူညံစည်ကားလှပေသည်။

ချန်ချင်းယွီ သူတစ်ပါးကို ကြည့်နေသကဲ့သို့ သူမကို ပြန်ကြည့်နေသူလည်း ရှိ၏။ သူမကို စိုက်ကြည့်နေသည့် အကြည့်တစ်ခုကို ခံစားမိသဖြင့် ထိုအကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး ဗြစ်ထူထူနှင့် အသက်လတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်နေသည်ကို တွေ့ရသည်။

ထိုအမျိုးသား တစ်ယောက်တည်း မဟုတ်ကာ သူ့ဘေးတွင် လူအချို့ ရှိနေသေး၏။ ထိုအမျိုးသားသည်လည်း မတ်တတ်ရပ်ကာ လက်မောင်းကို လှုပ်ရှားနေသော်လည်း မျက်လုံးများမှာ ချန်ချင်းယွီထံသို့ ခိုးကြောင်ခိုးဝှက် ရောက်ရှိနေသည်။

ချန်ချင်းယွီ ထိုသူ၏ အကြည့်နှင့် တည့်တည့်တိုးသွားမိသော်လည်း ချက်ချင်းပင် ဘာမှမဖြစ်သကဲ့သို့ မျက်နှာလွှဲကာ အခြားနေရာသို့ ကြည့်လိုက်လေ၏။

သူမက ထိုသူကို မှတ်မိနေသည်ဟူသော အရိပ်အယောင်ကို အပြင်ပန်းတွင် သဲလွန်စ မပြခဲ့ပေ။

သူမ ကိုယ်လက်လှုပ်ရှားမှု အနည်းငယ် ထပ်လုပ်ပြီးမှ ပြန်ထိုင်လိုက်သည်။

ချိုက်မင်မင် : “နင် ပင်ပန်းနေပြီလား… ပြတင်းပေါက်ကို မှီပြီး ခဏလောက် အိပ်လိုက်ပါလား၊ ငါ စောင့်ကြည့်ပေးမယ်၊ ဘာမှမဖြစ်စေရဘူး”

လူနှစ်ယောက် အတူတူ ခရီးထွက်ရခြင်း၏ အားသာချက်မှာ ဤသို့ပင် ဖြစ်သည်။ တစ်ယောက်တစ်လှည့် နားနေနိုင်ကြ၏။ အကယ်၍သာ တစ်ယောက်တည်း ခရီးထွက်ပြီး ရုပ်ရည်လည်း အသင့်အတင့် ရှိနေပါက တကယ်ကို မအိပ်ရဲစရာပင်။ မည်သူ အခွင့်ကောင်းယူပြီး လာနှောက်ယှက်မည်ကို မသိနိုင်၍ အသားယူခံရပါက အလွန် ရွံရှာစရာ ကောင်းလှပေမည်။

ယခုမူ နှစ်ယောက်ရှိသဖြင့် တစ်ယောက်တစ်လှည့် နားနိုင်ကြသည်ဖြစ်ရာ ဤသည်မှာ ခရီးဝေးသွားရာတွင် အလွန်ပင် အရေးပါလှပေသည်။

သို့သော် ချန်ချင်းယွီက ခေါင်းခါပြလိုက်၏။ သူမမှာ ခွန်အားဗလ ပြည့်ဝသူ ဖြစ်သည့်အပြင် ခရီးထွက်လာသည်မှာ လေးနာရီကျော်မျှသာ ရှိသေးသဖြင့် လုံးဝ အိပ်ငိုက်ခြင်း မရှိသေးပေ။

သူမ ချိုက်မင်မင်၏ နားနားသို့ ကပ်ကာ အသံတိုးတိုးဖြင့်

“တို့တွေနောက်ကို လိုက်နေတဲ့ တတိယမြောက် အုပ်စုကို တွေ့ပြီ”

ချိုက်မင်မင် : “............................................”

သူမ နှုတ်ခမ်းလေး တုန်သွားပြီး တကယ့်ကို စကားလုံးမရှိအောင် အံ့ဩသွားရသည်။

"ငါတို့က ဘာမို့လို့လဲ… ပစ္စည်းလေး နည်းနည်းပါးပါး ရောင်းတာကို လူတွေ အများကြီးက လိုက်ချောင်းနေရအောင်..."

“ဘယ်လိုလူတွေလဲဟင်… ငါတို့ အိမ်ရာဝင်းကလူတွေလား၊ ဒါမှမဟုတ် ပတ်ဝန်းကျင်က သိတဲ့လူတွေလား”

ချိုက်မင်မင် အသံတိုးတိုးဖြင့် မေးလိုက်၏။

ချန်ချင်းယွီ : “ဘယ်သူမှ မဟုတ်ဘူး၊ မှောင်ခိုဈေးကလူတွေ… ကျွန်မမြင်ဖူးတယ်၊ နည်းနည်း မှတ်မိနေတယ်”

“မှောင်ခိုဈေးကလူတွေ ဟုတ်လား”

ချိုက်မင်မင် လန့်ဖျပ်သွားကာ

"မဟုတ်သေးပါဘူး၊ မှောင်ခိုဈေးက လူတွေကပါ ငါတို့နောက်ကို လိုက်ချောင်းနေကြတာလား”

ဤအခြေအနေမှာ တကယ်ကို ခြောက်ခြားစရာ ကောင်းလှပေသည်။

ချန်ချင်းယွီ ချိုက်မင်မင်၏ အမူအရာကို ကြည့်ကာ သူမ၏ လက်ဖမိုးကို ပုတ်ပေးရင်း နှစ်သိမ့်လိုက်၏။

“ဘာမှမဖြစ်ဘူး၊ စိတ်ပူစရာမလိုပါဘူး… လူတိုင်းက ပိုက်ဆံရှာဖို့ပဲဟာ၊ နင်က နင့်အလုပ်နင်လုပ်၊ ငါက ငါ့အလုပ်ငါလုပ်..အရေးမကြီးပါဘူး”

“သူတို့... သူတို့က တကယ်ပဲ ငါတို့နောက်ကို လိုက်နေတာလား”

ချန်ချင်းယွီ ခေါင်းညိတ်ပြလိုက်သည်။ ထိုလူ သူမကို ဗြောင်ကျကျ စိုက်ကြည့်နေခြင်း ဖြစ်ပြီး အတော်ပင် သိသာလှပေ၏။

ချန်ချင်းယွီ : “ကျွန်မတို့နောက်ကို လိုက်နေရင်တောင် ဘာမှမဖြစ်ပါဘူး… သူတို့လည်း စီးပွားရေးလုပ်တာ၊ တို့တွေလည်း စီးပွားရေးလုပ်တာပဲ… စျေးကွက်ကြီးက ဒီလောက်ကြီးတာကို အလုပ်တူ အပြိုင်အဆိုင်တွေကို အကုန်လုံး လည်ပင်းညှစ်သတ်လို့မှ မရတာ၊ ကျွန်မတို့ဘက်က ပိုပြီး သတိထားရင် ရပါပြီ၊ ဘာမှမဖြစ်ပါဘူး”

ချန်ချင်းယွီ မှောင်ခိုစျေးကလူတွေကို သေချာပေါက် သိတာပေါ့…

ဤခေတ်ကို ကူးပြောင်းလာသည့် ခြောက်နှစ်တာအတွင်း ချန်ချင်းယွီတစ်ယောက် မှောင်ခိုစျေးသို့ အကြိမ်ပေါင်းများစွာ သွားခဲ့ဖူးသည်။ သူမသည် အစားကြီးသူ ဖြစ်သဖြင့် အိမ်ရှိ ရိက္ခာပြတ်လပ်မှုကို ဖြည့်ဆည်းရန် မှောင်ခိုစျေးကိုသာ အမှီပြုရ၏။ အကြမ်းဖျင်းအားဖြင့် လဝက်လျှင် တစ်ကြိမ်ခန့် သွားရလေ့ရှိသဖြင့် မှောင်ခိုစျေးရှိလူတိုင်းကို ချန်ချင်းယွီ မှတ်မိနေခြင်း ဖြစ်သည်။

ဤသည်မှာ ပိုပြောနေခြင်း မဟုတ်ပေ။ မူလကတည်းက မှောင်ခိုစျေးသွားလျှင် သတိကြီးကြီးထားရသည် ဖြစ်ရာ သူမမှာ ပတ်ဝန်းကျင်ကို အထူးပင် ဂရုစိုက်လေ့ရှိ၏။ ထို့အပြင် ခြောက်နှစ်ပင်ရှိပြီဖြစ်ရာ မှတ်ဉာဏ် မည်မျှပင် ဆိုးပါစေ၊ မမှတ်မိဘဲ မနေပေ။

ထိုနှုတ်ခမ်းမွှေး ဗြစ်ထူထူနှင့် သူ့ဘေးရှိ လူအချို့မှာ မှောင်ခိုစျေးတွင် နှစ်ရှည်လများ ဆိုင်ဖွင့်လာခဲ့သည့် လူတစ်စု ဖြစ်သည်။ ချန်ချင်းယွီအနေဖြင့်မူ သူတို့ သူမကို မှောင်ခိုစျေးသို့ ခဏခဏလာတတ်သည့် "အရပ်ပုပု ယောကျာ်းလေး" အဖြစ် မှတ်မိသွားမည်ကို စိတ်မပူပေ။ သူမ၏ ရုပ်ဖျက်မှုနှင့် သတိဝီရိယအပေါ်တွင် ယုံကြည်မှု ရှိ၏။

သူမ မှောင်ခိုစျေးသို့ သွားသည့် အကြိမ်တိုင်းမှာ မြေအောက်တော်လှန်ရေးသမားများ လျှို့ဝှက်ဆုံတွေ့ကြသကဲ့သို့ပင်။

စားစရာ အနည်းငယ် ဝယ်ရုံမျှသာ ဖြစ်သော်လည်း တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းပစ္စည်းကို ဝယ်ယူရသကဲ့သို့ အလွန်အမင်း သတိထားခဲ့သည်။

ဤကိစ္စကို သူမ စိတ်မပူပေ။

သူမ ခန့်မှန်းရသလောက် ထိုလူများ သူမတို့နောက်သို့ လိုက်လာရခြင်းမှာ သူမ ဂျင်းဘောင်းဘီ ရောင်းနေသည့် ကိစ္စကြောင့် ဖြစ်လိမ့်မည်။ သူမ ဂျင်းဘောင်းဘီ ရောင်းစဉ်၌ အထူးတလည် သတိခြင်းမျိုး မပြုခဲ့ပေ။ အဓိကကတော့... ဤစျေးကွက်ကို သူမတစ်ယောက်တည်းနှင့် အကုန်ဝါးမြိုပစ်ရန် မဖြစ်နိုင်ကြောင်း၊ စျေးကွက်နောက်ကို လိုက်လုပ်မည့်သူများမှာ အချိန်တစ်ခုတွင် ပေါ်လာမည်ကို သူမ သိနေ၍ပင်။

ချန်ချင်းယွီအနေဖြင့် မိမိကို စောင့်ကြည့်နေသူ ရှိသည်ကို သတိမပြုမိခဲ့ရခြင်းမှာ သူမ ဆိုင်ခင်းသည့်အချိန်တွင် လူအလွန်များပြီး အခြေအနေလည်း ရှုပ်ထွေးလှ၏။ ထို့ကြောင့် တစ်စုံတစ်ယောက် သူမကို သတိထားမိသွားလျှင်လည်း မဆန်းပေ။ မှောင်ခိုစျေးတွင် သတိမထားမိခဲ့လျှင်ပင် သူတို့အိမ်ရာဝင်းဘက်ရှိ လူအတော်များများမှာ သူမ အပြင်ထွက်ပြီး ဆိုင်ခင်းနေသည်ကို သိကြသည်သာ…

အင်း... ပတ်ဝန်းကျင်က အိမ်နီးနားချင်းတွေ ပြောပြလို့လည်း ဖြစ်နိုင်တာပဲ…

အကယ်၍ စျေးထဲတွင် တွေ့ရှိပြီး သိသွားကြခြင်း ဖြစ်ပါက သူမနောက်ကို လိုက်ရန်အတွက် သူမ ဘယ်မှာနေသည်ကို အရင်ဆုံး သိအောင်လုပ်ရမည် ဖြစ်ပြီး ထို့နောက်မှ တစ်ဆင့် တက်လှမ်းနိုင်မည် ဖြစ်သည်။ သို့သော် ချန်ချင်းယွီအနေဖြင့် အိမ်ပြန်သည့်လမ်းတွင် မိမိနောက်သို့ မည်သူမျှ လိုက်မလာကြောင်း သေချာပေါက် သိ၏။ သူမ ဤအချက်တွင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလှသည်။

ထိုသို့ဆိုလျှင် မှောင်ခိုစျေးရှိလူများသည် သူတို့အနီးအနားရှိ အိမ်နီးနားချင်းများထံမှ သူမ ဆိုင်ခင်းသည့်အကြောင်းကို ကြားသိသွားပြီး ဂျင်းဘောင်းဘီ စီးပွါးရေး အလွန်ရောင်းကောင်းသည်ကို သိသွားကြသဖြင့် သူတို့နောက်ကို လိုက်ကာ ကုန်ပစ္စည်းထုတ်လုပ်မှုရင်းမြစ်ကို ရှာဖွေရန် ကြံရွယ်ခြင်း ဖြစ်ပေလိမ့်မည်။

ဒီလိုပဲ ဖြစ်ရမယ်…

ချန်ချင်းယွီသည် ထိုလူများကို ချိုက်မင်မင် ဆွဲဆောင် ခေါ်လာခဲ့ခြင်း ဖြစ်သည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပေ။ အဘယ်ကြောင့်ဆိုသော် ဂျင်းဘောင်းဘီမှာ စျေးကြီးပြီး ရောင်းကောင်းသည့်အပြင် ရှားပါးလှသဖြင့် လူတို့ကို စိတ်လှုပ်ရှားစေရန် ထိုက်တန်လှ၏။

ချိုက်မင်မင် ရောင်းတာက ဘာလဲ...

မျက်နှာသုတ်ပုဝါ၊ စွပ်ကျယ်၊ ခြေအိတ်... အမှန်အတိုင်း ပြောရလျှင် ဤကဲ့သို့သော အသေးအဖွဲ ပစ္စည်းလေးများကို မည်သည့် နေရာမှာမဆို ရနိုင်သည် ဖြစ်ရာ ထင်ပေါ်ကျော်ကြားစရာ မရှိပေ။

စိတ်ကူးထဲတွင် တစ်ခဏမျှ စဉ်းစားလိုက်ရုံဖြင့် ချန်ချင်းယွီ အခြေအနေ အကြမ်းဖျင်းကို ခွဲခြမ်းစိတ်ဖြာမိသွားသည်။

တကယ်တော့ တွေးတော ခွဲခြမ်းစိတ်ဖြာနေစရာလည်း မလိုပါဘူးလေ…

သူမ ဆိုင်ခင်းသည့် ကိစ္စကို ဖုံးဖုံးဖိဖိ လုပ်မထားသဖြင့် သူတပါး သိသွားခြင်းမှာလည်း သဘာဝကျ၏။ ချန်ချင်းယွီ နှုတ်ခမ်းကို မသိမသာစေ့ကာ ချိုက်မင်မင်ကို ထပ်မံနှစ်သိမ့်ရင်း ပြောလိုက်သည်။

“အစ်မလည်း အများကြီး တွေးမနေပါနဲ့၊ တကယ်တော့ အရေးမကြီးပါဘူး… လူတွေက ကျွန်မတို့ရဲ့ ဒီစီးပွားရေးအသေးအဖွဲလေးကို မျက်စိကျနေတာ မဟုတ်ပါဘူး… ကျွန်မတို့ရဲ့ ဒီလို ကလေးကစားသလို အသေးအဖွဲလေးက သူတို့မျက်လုံးထဲမှာ ဘာမှမဟုတ်ပါဘူး… စဉ်းစားကြည့်လေ၊ သူတို့ မှောင်ခိုစျေးကလူတွေကမှ ဒီလိုစီးပွားရေးမျိုးကို လုပ်နေကျ၊ ဒီပစ္စည်းကို နင်လုပ်နိုင်ရင် ငါလည်း လုပ်နိုင်တယ်၊ စျေးကွက်ကို လက်ဝါးကြီးအုပ်လို့ မရဘူးဆိုတာကို သူတို့ ပိုသိတာပေါ့… ဒါကြောင့် သူတို့ တို့တွေကို ဘာမှလုပ်မှာ မဟုတ်ပါဘူး၊ သူတို့ ကျွန်မတို့နောက်ကို လိုက်လာတာက ကုန်ပစ္စည်းရင်းမြစ်ကို ရှာဖို့ပဲ ဖြစ်လိမ့်မယ်… သူတို့က ကျွန်မတို့နဲ့ ပူးပေါင်းဖို့ စိတ်ကူးတောင် မရှိကြဘူး၊ မဟုတ်ရင် တို့တွေကို စောစောစီးစီး လာဆွေးနွေးမှာပေါ့… သူတို့က ကျွန်မတို့ကို ခေါ်ဖို့တောင် မတွေးထားကြပါဘူး… တို့တွေကို လမ်းပြတဲ့ ချိုးငှက်လေးတစ်ကောင်လိုပဲ သဘောထားတာ”

ဤသို့ ပြောလိုက်သောအခါမှ ချိုက်မင်မင်လည်း ထိုမျှအထိ စိတ်မပူတော့ပေ။ သို့သော်လည်း အတန်ငယ် မကျေမနပ်ဖြစ်စွာဖြင့် ဆိုလာသည်။

“အားလုံးက စီးပွားရေးလုပ်တာပဲကို၊ ဒါက ဘာလို့ လူကို အထင်သေးရတာလဲ… ငါတို့ကို အထင်သေးရင် ငါတို့နောက်ကို မလိုက်နဲ့လေ”

ချန်ချင်းယွီ ရယ်မောလိုက်ရင်း:

“သူတို့လိုလူမျိုးက သေချာပေါက် မှောင်ခိုစျေးမှာ နှစ်ပေါင်းများစွာကတည်းက လုပ်လာခဲ့ကြတာ၊ သူတို့မှာ ဘယ်လောက်တောင် အခြေအနေကောင်းလဲ၊ ကျွန်မတို့ရဲ့ ဒီလို အသေးအဖွဲလေးကို ဘယ်မှာ မျက်စိကျပါ့မလဲ”

တကယ်တမ်း ချန်ချင်းယွီအလုပ်မှာ အသေးအဖွဲလေး မဟုတ်ပေ။ မဟုတ်လျှင် သူမအနေဖြင့် အရင်းစျေးကို ရနိုင်မည် မဟုတ်ပေ။ သိထားရမည်မှာ သူမ စတင်ကတည်းက ကုန်ပစ္စည်း တစ်သောင်းကျော်ဖိုးကို ယူခဲ့ခြင်း ဖြစ်ရာ ဤသည်မှာ နည်းလှသည့် ပမာဏ မဟုတ်ပေ။

ပြီးခဲ့သည့်လမှစ၍ ပိုင်ဆိုင်မှု တစ်သောင်းရှိသူဆိုသည့် အယူအဆ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ဝက်မွေးမြူရေး လုပ်ကိုင်သည့် လယ်သမားတစ်ဦးမှာ ယင်းကို အခြေပြုကာ ပထမဆုံး သတင်းစာတွင် ဖော်ပြခြင်းခံရသည့် သောင်းပိုင်ရှင် ဖြစ်လာခဲ့၏။ ထိုအရာမှာ လျှပ်တစ်ပြက် လက်ငင်းငွေသား သက်သက် မဟုတ်ဘဲ ဝက် စသည်တို့ကိုပါ ထည့်တွက်ထားခြင်း ဖြစ်သည်။

ချန်ချင်းယွီ၏ စတင်သည့် အခြေအနေမှာမူ မူလ၌ပင် အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့၏။

ထို့ကြောင့် သူမမှာ ဇာတ်လိုက်မင်းသမီး ကံကြမ္မာမျိုးမရှိပေ။

ကြည့်စမ်းပါဦး… ဇာတ်လိုက်မင်းသမီးတွေဆိုတာ လက်ဗလာနဲ့ဘဝကို စခဲ့ရတာမဟုတ်လား…

တစ်စုံတစ်ရာသော အထူးအစွမ်း ပါလာလျှင်ပင် အစွမ်းကို အားကိုးပြီးမှ မိမိ၏ ပိုင်ဆိုင်မှုကို စတင် စုဆောင်းရခြင်း ဖြစ်သည်။ သူမတစ်ယောက်တည်းသာ၊ သူမတစ်ယောက်တည်းသာလျှင် တကယ့်ကို ပိုက်ဆံအစစ်အမှန် ရှိနေခြင်း ဖြစ်၏။

သူမ မှတ်မိသည်မှာ ယခင်၌ အင်တာနက်ပေါ်တွင် အတင်းအဖျင်း ဖတ်ခဲ့စဉ်၊ ဝါရင့်သရုပ်ဆောင်ကြီး တစ်ဦးမှ သူတို့အိမ်အကြောင်းကို ပြောပြဖူးသည်။ သူ့အိမ်သည် ချင်မင်းဆက်၏ ကျန်ရစ်သူ မျိုးဆက်ဟောင်းများ ဖြစ်ပြီး ငယ်စဉ်၌ အိမ်တွင်းအခြေအနေ ခက်ခဲလာလျှင် အိမ်ရှိ အိုးခွက်ပန်းကန် အဟောင်းအချို့ကို ရှာဖွေပြီး အပြင်ထွက် ရောင်းချလိုက်ကာ၊ ထိုပိုက်ဆံဖြင့် စားသောက်ပြီး ခရီးတစ်ခု နှင်ကြသည်၊ ထို့နောက် ထိုအလုပ်ကိုပင် ထပ်ကာထပ်ကာ လုပ်ကြသည်ဟု ဆို၏။

နောက်ပိုင်းတွင် တံခါးဖွင့်ဝါဒ ကျင့်သုံးလာသောအခါ နိုင်ငံခြားငွေ ကစားရင်း ရှုံးနိမ့်သွားခဲ့သော်လည်း သူသည် မိမိ၏ ဝါသနာကို အခြေခံကာ သရုပ်ဆောင်လောကထဲသို့ ဝင်ရောက်ခဲ့သည်။

ဤသည်ကို ကြည့်ခြင်းဖြင့် အိမ်တွင် အခြေခံ အရင်းအနှီး ရှိပါက နေ့ရက်များကို အေးအေးလူလူ ဖြတ်သန်းနိုင်ပြီး၊ မိမိ၏ အိပ်မက်များကိုလည်း စိတ်ကြိုက် လိုက်လံ အကောင်အထည်ဖော်နိုင်ကြောင်း သိသာလှပေ၏။ အမှန်တွင် ယခု ချန်ချင်းယွီလည်း ထိုနည်းတူပင် ဖြစ်သည်။ သူမ သရုပ်ဆောင်ခြင်းကို စိတ်မဝင်စားသော်လည်း စီးပွားရေး လုပ်နိုင်ပြီး၊ တစ်ရှိန်ထိုး အောင်မြင်ကာ တစ်ခေါက်တည်းနှင့်ပင် ချမ်းသာကြွယ်ဝသွားနိုင်၏။ ယင်းမှာလည်း အိမ်တွင် အခြေခံ အရင်းအနှီး ရှိနေခြင်းကြောင့်ပင် မဟုတ်လော့။

တကယ်လို့ အိမ်မှာသာ ပိုက်ဆံမရှိရင်… စီးပွါးရေးရင်းနှီးမြှုပ်နှံဖို့ ဘယ်က ပိုက်ဆံရမှာလဲ… တစ်ဘဝလုံးရှာနေရမှာပေါ့… သောက်ကျိုးနည်း..

သူမ၏ မိခင် ကွယ်လွန်သွားခဲ့ပြီး၊ ယုတ်မာလှသော ဖခင်ဖြစ်သူသည် အသုံးမကျသော်လည်း၊ သူမအတွက် စိတ်ရောကိုယ်ပါ အပြည့်အဝ စဉ်းစားပေးသည့် အဘိုးနှင့် အဘွား ရှိနေသည်။

သူတို့၏ မြေးအပေါ် ထားရှိသော ချစ်ခြင်းမေတ္တာမှာ အစစ်အမှန် နက်ရှိုင်းလှပြီး ရေရှည်ကို မျှော်တွေးထားခြင်း ဖြစ်ပေ၏။

ချန်ချင်းယွီ၏ နေ့ရက်များမှာ အလွန်ပင် ပေါ့ပါးချမ်းမြေ့လှပေသည်။ လူတစ်ယောက်အနေဖြင့် ဝမ်းစာရေးအတွက် ပင်ပန်းဆင်းရဲစွာ မရုန်းကန်ရတော့သည့်အခါ ကိုယ်ရောစိတ်ပါ အထူးပင် လန်းဆန်းတက်ကြွလာတတ်သည့် သဘောရှိ၏။ မည်သို့ပင်ဆိုစေ ချန်ချင်းယွီမှာ မိမိကိုယ်ကိုယ် ဤသို့ပင် ထင်မြင်မိသည်။ သူမသည် အတိတ်ဘဝ၌လည်း အဆင်ပြေပြေ နေခဲ့ရသူဖြစ်ပြီး ဆန်ဒါ (တရုတ်လက်ဝှေ့) ချန်ပီယံဆုကိုပင် ဆွတ်ခူးခဲ့ဖူးသော်လည်း မည်သည့်အခါမျှ စိတ်မလျှော့ရဲခဲ့ပေ။

စိတ်ထဲတွင် အမြဲလိုလို အကြောင်းရင်းမရှိ ဖိအားနှင့် တင်းကြပ်မှုမျိုး ခံစားနေရတတ်၏။

သို့သော်လည်း ယခုဘဝတွင်မူ သူမ၌ ထိုကဲ့သို့သော ခံစားချက်မျိုး လုံးဝမရှိတော့ပေ။ ဤခေတ်ကာလမှာ ဆင်းရဲပင်ပန်းသည်ဟု ဆိုသော်ငြား သူမ၏ လူနေမှုဘဝသည်ကား မဆင်းရဲပေ။ အဘိုး၊ အဘွားနှင့် လင်းကျန့်ဝမ်တို့ လောကတွင် မရှိကြတော့သော်လည်း သူတို့အသက်ထင်ရှား ရှိစဉ်၌ သူမကို မေတ္တာတရားများ အပြည့်အဝ ပေးသွားခဲ့ကြသည်။

ယခုအချိန်တွင် သူမ၌ တစ်စုံတစ်ခုသော အကြောင်းရင်းကြောင့် မှတ်ဉာဏ်ပိုင်းဆိုင်ရာ ပြဿနာရှိနေသော်လည်း အချို့သော သံယောဇဉ် မေတ္တာတရားများကိုမူ စိတ်ချင်းဆက်ကာ ခံစား၍ ရနေဆဲ ဖြစ်၏။

သူမတွင် အားကိုးအားထားပြုစရာ နောက်ခံအင်အားများစွာ ရှိနေသဖြင့် တက်ကြွရွှင်လန်းနေခြင်း ဖြစ်ပေမည်။

“ရှောင်ချန်... ရှောင်ချန်၊ နင် ဘာလုပ်နေတာလဲ၊ ဘာလို့ ငိုင်သွားရတာလဲ”

ချန်ချင်းယွီ: “ဘာမှမဖြစ်ပါဘူး၊ ကျွန်မ တစ်ခုခုကို တွေးနေလို့ပါ”

ချိုက်မင်မင် : “အေး... ဒါနဲ့၊ ဟိုလူတွေ အများကြီး ငါတို့နောက်ကို လိုက်နေကြတာလေ၊ ငါတို့ သူတို့ကို မျက်ခြေဖြတ်လို့ ရပါ့မလား”

ချန်ချင်းယွီ : “ရတာပေါ့၊ ဘာလို့ မရရမှာလဲ… အလွယ်လေးပါ၊ စိတ်မပူပါနဲ့တော့”

ချိုက်မင်မင် ရိုးရိုးသားသားပင် ဆိုလာသည်။

“ငါတကယ် နားမလည်နိုင်ဘူးဟာ… ဒီဂျင်းဘောင်းဘီက ဘာများ ကြည့်ကောင်းလို့လဲမသိဘူး၊ ကိုင်ကြည့်ရင်လည်း မာတောင့်တောင့်ကြီးနဲ့… ဒါကို ဘာလို့ လူတွေ အုန်းအုန်းထပြီး ကြိုက်နေကြတာလဲ မသိဘူး… တစ်ယောက်ပြီး တစ်ယောက်လည်း နောက်ကနေ လိုက်လာကြသေးတယ်၊ တကယ်ကို စဉ်းစားလို့ မရဘူး”

ချိုက်မင်မင်လည်း ထိုလူများအားလုံး ဂျင်းဘောင်းဘီကို မျက်စိကျနေကြခြင်း ဖြစ်သည်ဟု ထင်မြင်မိ၏။

ဤသည်မှာလည်း အခြား တွေးတောနေစရာ မလိုပါပေ။ စွပ်ကျယ်နှင့် ခြေအိတ်စသည်တို့မှာ ရှားပါးသည့် ပစ္စည်းများ မဟုတ်ပေ။

ချန်ချင်းယွီ : “ခေတ်ရေစီးကြောင်းအတိုင်း လိုက်လုပ်ကြတာပေါ့၊ တီဗီဇာတ်လမ်းတွဲထဲက ဇာတ်ကောင်တွေ ဝတ်ကြတော့ အားလုံးကလည်း လိုက်ဝတ်ကြတာပေါ့”

“နားမလည်နိုင်ဘူး၊ တကယ်ကို နားမလည်နိုင်တော့ဘူး”

ချိုက်မင်မင်သည် မိမိအနေဖြင့် ဤခရီးတစ်ခေါက်တွင် အမြင်များစွာ ပွင့်လင်းလာခဲ့သည်ဟု ခံစားရသည်။

ချန်ချင်းယွီ ခပ်ဖွဖွ ပြုံးလိုက်မိ၏။

ချိုက်မင်မင် နှုတ်ခမ်းဆူကာ ဗြစ်တောက်ဗြစ်တောက် ပြောလေသည်။

“ဒီလူတွေကတော့ သူများလုပ်တာ လိုက်လုပ်တဲ့ အတုခိုးကောင်တွေပဲ”

ချန်ချင်းယွီ ချက်ချင်းပင် တဟားဟား ရယ်မောလိုက်မိ၏။

ပြောရမည်ဆိုလျှင် ယခုတစ်ခေါက် ခရီးထွက်လာခြင်းအပေါ် ချိုက်မင်မင်၏ စိတ်ထဲတွင်လည်း အလွန်ပင် ထက်သန်ပြင်းပြနေသည်။ မပြင်းပြဘဲ နေပါ့မည်လော့~~ သူမသည် ယခုတစ်ခေါက်တွင် ပိုက်ဆံ လေးထောင်တိတိကို ရင်ဘတ်ထဲ ထည့်ကာ ထွက်လာခဲ့ခြင်း ဖြစ်၏။ ယခုတစ်ကြိမ်တွင် သူမလည်း ကုန်ပစ္စည်း အများကြီး ယူရပေလိမ့်မည်။ ပြီးခဲ့သည့်တစ်ခေါက် ကုန်ပစ္စည်း တစ်ထောင်ဖိုးခန့်သာ ယူခဲ့သော်လည်း ယခုအခါ သုံးထောင်နီးပါးဖိုး ရောင်းချပြီးနေပြီ ဖြစ်သည်။

ဤသည်မှာပင် ကုန်ပစ္စည်း လေးပုံတစ်ပုံ ကျန်ရှိနေသေးခြင်း ဖြစ်ရာ အားလုံးသာ ကုန်အောင် ရောင်းရပါက သုံးဆ၊ လေးဆခန့် အမြတ်အစွန်း ရရှိနိုင်မည် ဖြစ်သည်။ မည်သို့ပင်ဆိုစေ သုံးဆကျော်ပြီး လေးဆနီးပါး ရှိပေလိမ့်မည်။

ဤမျှကြီးမားသော အမြတ်အစွန်းမျိုးကို အမှန်တကယ် အိပ်မက်ပင် မမက်ရဲခဲ့ပေ။

အမြတ်အစွန်း အလွန်များပြားခြင်းကြောင့်ပင် ယခုတစ်ခေါက် ခရီးမထွက်မီ သူတို့ဇနီးမောင်နှံနှစ်ဦး ယောက္ခမများထံမှ ပိုက်ဆံအနည်းငယ် ထပ်မံချေးငှားကာ လေးထောင်တိတိ ပြည့်အောင် စုဆောင်းခဲ့ကြခြင်း ဖြစ်သည်။

အကယ်၍ ထိုအချိန်ကျမှ လေးဆခန့် အမြတ် ထပ်ရဦးမည်ဆိုလျှင်...

ဟူးဟူး... ချိုက်မင်မင် အသက်ကို ပြင်းပြင်းရှူလိုက်မိ၏။

အမလေး... အမေရေ... သူတို့အိမ်လည်း သေချာပေါက် သောင်းဂဏန်းပိုင်ရှင် ဖြစ်တော့မှာပဲ…

တွေးလိုက်ရုံနှင့်တင် စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။

ချိုက်မင်မင် နှုတ်ခမ်းကို တင်းတင်းစေ့ထားမိပြီး ဆိုင်ခင်းရောင်းချခြင်းမှာ ဤမျှအထိ အမြတ်အစွန်း များပြားလိမ့်မည်ကို မယုံနိုင်အောင် ဖြစ်နေရသည်။

လမ်းမပေါ်တွင် ဆိုင်ခင်းသူများ တဖြည်းဖြည်း များပြားလာပြီး လူတိုင်း တိတ်တဆိတ် စီးပွားဖြစ်နေကြခြင်းမှာ မဆန်းတော့ပေ။

ပိုက်ဆံရနေတာကို ဘယ်သူက သူတပါးကို လိုက်ပြောနေမှာလဲ…

အဒေါ်ကြီးမေ့တို့ မိသားစုကိုပဲ ကြည့်လေ~~

သူတို့အိမ်လည်း စျေးရောင်းနေဖြစ်ပြီး ယခုအခါ မျက်နှာအသွေးအရောင်မှာ ယခင်ထက်ပင် ပိုမိုကောင်းမွန်လာ၏။ သူတို့မှာ လုံးဝ ကြွားလုံးမထုတ်ကြဘဲ သူတပါး သိသွားမည်ကို အလွန်ပင် စိုးရိမ်နေကြသေးသည်။

ဘယ်အချိန်ဖြစ်ဖြစ် ပိုက်ဆံရှာသည့် လမ်းကြောင်းကိုတော့ လျှို့ဝှက်စွာ ဖုံးကွယ်ထားရမည်သာ….

ထို့ကြောင့် သူတို့အနေဖြင့် ဤနောက်မြီးဆွဲများကို သေချာပေါက် မျက်ခြေဖြတ်ရပေမည်။

သို့သော်လည်း... သူမ အသံတိုးတိုးဖြင့်

“ရှောင်ချန်၊ ငါတို့ ဟိုကို ရောက်သွားပြီးရင် စုံစမ်းကြည့်လိုက်ရုံနဲ့ ဘယ်မှာ ကုန်ပစ္စည်းယူရမလဲဆိုတာ သိနိုင်တာပဲကို… သူတို့က ငါတို့နောက်ကို လိုက်မနေရင်လည်း ရသားပဲ မဟုတ်ဘူးလား”

“ဒါပေမဲ့ သူတို့က မသိဘူးလေ.. ကျွန်မအထင်တော့ သူတို့လည်း ကွမ်ကျိုး ကို ပထမဆုံးအကြိမ် သွားကြတာ ဖြစ်လိမ့်မယ်… လမ်းပြမယ့်လူ ရှိရင် ပိုအဆင်ပြေမယ်လို့ တွေးထားကြတာ နေမှာပါ၊ ပြီးတော့ ခန့်မှန်းချက်အရ သူတို့က ကျွန်မတို့ရဲ့ ကုန်ပစ္စည်းယူတဲ့ စျေးနှုန်းကိုလည်း ချောင်းကြည့်ချင်ကြတာ ဖြစ်မယ်… အဲဒါမှ သူတို့လည်း ဆက်ပြီး စျေးဆစ်လို့ ရမှာလေ”

ချိုက်မင်မင် : “...ဒါဆို ငါတို့ကို စမ်းသပ်တဲ့ ခံတွင်းပျက်ကျောက်ခဲလို သဘောထားတာပေါ့...”

ချန်ချင်းယွီ: “ဟုတ်တယ်”

နှစ်ယောက်သား စကားပြောနေကြစဉ်မှာပင် ချဲယုံချန်းတစ်ယောက် အရှေ့တွဲဆီမှ တိုးဝှေ့ကာ ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။ သူသည် တစ်လမ်းလုံး ခိုးကြောင်ခိုးဝှက်ဖြင့် ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်ရှုလာရာ တစ်စုံတစ်ဦးကို ရှာဖွေနေခြင်း ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံနှင့် သိသာလှပေ၏။ ချန်ချင်းယွီအနေဖြင့် အခြား တွေးတောနေစရာ မလိုကာ ထိုလူသည် မိမိကို ရှာနေခြင်း ဖြစ်ကြောင်း သိလိုက်သည်။

သို့သော်လည်း ဝမ်ကျန့်ကော်မှာ ထိုညီအစ်ကိုနှစ်ယောက်နှင့် ပူးပေါင်းမိလိမ့်မည်ဟု တကယ်ကို မထင်ထားခဲ့မိပေ။ ချေးစားသည့်လောက်မှာ လောက်ဘဝ၌သာ ပျော်သည်ဆိုသကဲ့သို့ တူရာတူရာစုကြ​သော သူတို့အားလုံးမှာလည်း လူကောင်းများ မဟုတ်ကြပေ။ ဝမ်ကျန့်ကော်ကို ကြည့်ရသည်မှာ လူကောင်းလူရည်မွန် တစ်ယောက်ကဲ့သို့ ရှိသော်လည်း စိတ်ရင်းထဲတွင် မည်သို့သော လူစားမျိုး ဖြစ်သည်ကိုမူ တကယ်ပင် ပြောရခက်လှပေသည်။

ချန်ချင်းယွီ ချဲယုံချန်းကို မကြည့်ဘဲ ရထားတွဲအတွင်းရှိ အခြား ခန္ဓာကိုယ်ပိန်ပိန်ပါးပါးနှင့် မျက်နှာချွန်ချွန်၊ ပါးစပ်စူစူ ရှိသော အမျိုးသားတစ်ဦးထံသို့ အကြည့် ရောက်သွားလေ၏။

ထိုအမျိုးသားမှာ စောစောကတည်းက သူတပါး၏ အိတ်ကပ်များကို ခိုးကြောင်ခိုးဝှက် စိုက်ကြည့်နေခြင်း ဖြစ်သည်။ စဉ်းစားကြည့်စရာပင်မလိုပေ~~ သူသည် သူခိုးတစ်ယောက် ဖြစ်ပေမည်။

ရထားပေါ်တွင်ဖြစ်စေ၊ ကားပေါ်တွင်ဖြစ်စေ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ယာဉ်များပေါ်တွင် သူခိုးရှိနေခြင်းမှာ အလွန်ပင် သဘာဝကျလှ၏။ ချန်ချင်းယွီ ထိုသူ၏ မျက်လုံးထဲတွင် ကျေနပ်ပီတိဖြစ်နေသော အရိပ်အယောင်များကို မြင်တွေ့လိုက်ရသဖြင့် ထိုသူ လက်ရဲဇာရဲ နှိုက်ပြီးသွားပြီ ဖြစ်ကြောင်း၊ မည်သည့် ကံဆိုးသူမောင်နှံ အခိုးခံလိုက်ရသည်ကိုမူ မသိရသေးကြောင်း ခန့်မှန်းမိလိုက်သည်။ သို့သော်လည်း ဤသူခိုးလေးမှာ အတော်ပင် လောဘကြီးပုံရပြီး၊ လက်စွမ်းပြပြီးသွားပြီ ဖြစ်သော်ငြား မထွက်ခွါသေးကာ မူလနေရာတွင်ပင် ရှိနေပြီး အခြားလူများကို ဆက်လက် မျက်စိကျနေဆဲ ဖြစ်၏။

ချန်ချင်းယွီက အိတ်ကပ်ထဲရှိ ကျောက်ခဲလေးကို စမ်းကြည့်လိုက်ရင်း ကုသိုလ်ကောင်းမှုတစ်ခု လုပ်ရန် ဆုံးဖြတ်လိုက်သည်။

အော်... ကျောက်ခဲလေးက ရထားပေါ်မတက်ခင် ဘူတာရုံပလက်ဖောင်း ဘေးနားကနေ ကောက်လာခဲ့တာလေ…

ဟင်း... ကိုယ့်နောက်ကို လိုက်နေတဲ့လူတွေတောင် ရှိနေပြီပဲ၊ ကြိုတင်ပြင်ဆင်မှုလေးတော့ လုပ်ထားရမှာပေါ့…

ချန်ချင်းယွီအတွက် အခြားလက်နက်များစွာ မလိုအပ်ပေ၊ ကျောက်ခဲလေးတစ်လုံးဆိုလျှင်ပင် အလွန် အသုံးဝင်လှ၏။

သူမ ထရပ်လိုက်ပြီး

“အစ်မမင်မင်… ကျွန်မတို့ ခုံချင်းလဲရအောင်… အစ်မ ပြတင်းပေါက်ဘေးမှာ ထိုင်… ကျွန်မ အပြင်ဘက်မှာ ထိုင်မယ်…ခဏနေရင် အိမ်သာသွားချင်လို့”

ချိုက်မင်မင် : “ကောင်းပြီ”

နှစ်ယောက်သား ထိုင်ခုံချင်း လဲလှယ်လိုက်ကြသဖြင့် ချန်ချင်းယွီ လူသွားလမ်းဘေးတွင် ထိုင်လျက်သား ဖြစ်သွားသည်။

သူတို့ ယခုတစ်ခေါက် စီးလာသည့် ရထားမှာ သုံးယောက်ထိုင်ခုံများ မဟုတ်ဘဲ တစ်ဖက်တွင် သုံးယောက်ထိုင်ခုံ၊ အခြားတစ်ဖက်တွင် နှစ်ယောက်ထိုင်ခုံ ဖြစ်၏။ ချန်ချင်းယွီတို့ ထိုင်နေသည်မှာ နှစ်ယောက်ထိုင်ခုံ ဖြစ်ပေသည်။

ချန်ချင်းယွီသည် ခေါင်းငုံ့ကာ အခွင့်အရေးကို စောင့်ဆိုင်းနေ၏။ ဤအချိန်တွင် ချဲယုံချန်းမှာ ချန်ချင်းယွီတို့၏ ထိုင်ခုံအနီးသို့ ရောက်ရှိလာပြီ ဖြစ်သည်။ သူသည်လည်း ချန်ချင်းယွီကို တစ်ချက်ကြည့်ရုံနှင့် တန်းမှတ်မိသွား၏။ အခြားအကြောင်းကြောင့်မဟုတ်၊ တကယ့်ကို လှလွန်း၍တည်း။

သာမန်လူအုပ်ကြီးထဲတွင် သူမမှာ အထူးပင် ထင်ပေါ်လွန်းနေသည်။

သူ စိတ်ကူးယဉ်ကာ မျက်လုံးကို မသိမသာမှေးလိုက်ပြီး စိတ်ထဲတွင်လည်း မရိုးမရွ ဖြစ်လာခဲ့၏။ သူတို့ညီအစ်ကိုနှစ်ဦး ဝမ်ကျန့်ကော်နှင့်အတူ လိုက်လာရခြင်းမှာ ဤချန်ချင်းယွီကို ပညာပေးရန်အတွက်သာ ဖြစ်ပေသည်။ အကယ်၍ သူမအိမ်ကြောင့်သာ မဟုတ်ပါက သူ၏အစ်ကိုကြီး မည်သို့လျှင် ဤမျှ ကံဆိုးမည်နည်း။

သူတို့အိမ်မှာ တစ်ဖက်လူကို အနိုင်ကျင့် နှိပ်စက်ညှဉ်းပန်းခဲ့သည်မှာ မှန်သော်လည်း~~~

လင်းကျန့်ဝမ်ကို သူတို့နေရာမှာ ဝင်ခိုင်းဖို့ ဘယ်သူခွင့်ပြုလို့လဲ…

ဒါက နှိပ်စက်ရုံ၊ ဦးတည်တိုက်ခိုက်ရုံတင်ပဲဟာ၊ လူသေသွားတာက သူတို့သတ်လို့မှ မဟုတ်တာ… ဘာလို့ သူရဲကောင်းလုပ်ပြီး သူခိုးသွားဖမ်းရတာလဲ... သေတာလည်း ထိုက်တာပေါ့၊ ဘယ်သူ့ကို သွားအပြစ်တင်နေရမှာလဲ...

တကယ်ကို သေထိုက်တာပဲ…

ဒီလို အသေးအဖွဲလေးကို အောင့်ခံလိုက်ရင် ပြီးနေတာကို…

အမျိုးသမီး နှစ်ယောက်တည်း ဖြစ်နေပါလျက်နဲ့ ပြဿနာကို အတော်ကြီးအောင် လုပ်ခဲ့ကြသေးတယ်…

ယခင်၌ သူတို့ ရမ်းရမ်းကားကား မလုပ်ရဲကြသော်လည်း စိတ်ထဲတွင် မနာလိုမုန်းတီးခြင်း မရှိဟု မဆိုနိုင်ပေ။ ယခုတစ်ကြိမ်တွင် အခွင့်အရေးရပြီ ဖြစ်ရာ ဘယ်လိုနည်းနှင့်မျှ လက်လွှတ်ခံမည် မဟုတ်ပေ။

သေချာပေါက် သူမကို ပညာပေးရမယ်…

သူမက ဒီလောက်တောင် လှနေတာ... ဟီးဟီးဟီး…

ချဲယုံချန်း ထိုသို့သော အဓိပ္ပာယ်မရှိသည်များကို တွေးတောရင်း စိတ်ထဲတွင် ပို၍ပင် မရိုးမရွ ဖြစ်လာကာ အကြည့်များမှာလည်း ရွံရှာဖွယ် ရာဂစိတ်များဖြင့် အဆီတဝင်းဝင်း ဖြစ်နေ၏။

အားနွဲ့တဲ့ မိန်းမသားတစ်ယောက်တည်းနဲ့ အပြင်ထွက်ရဲတယ်ပေါ့…. ဘာလဲ... ထွားထွားကြိုင်းကြိုင်း မိန်းမတစ်ယောက် ပါတယ်ဆိုရုံနဲ့တင် အရာရာ စိတ်ချရပြီ ထင်နေတာလား... ဘယ်လောက်ပဲ သန်မာထွားကြိုင်းပါစေ မိန်းမက မိန်းမပဲဟာ၊ ယောကျာ်းကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ...

အချိန်ကျလို့ သူမကပါ ဝင်ကူရဲရင် သူကလည်း အားနာနေမှာ မဟုတ်ဘူး…

အချိန်ကျလို့ နယ်ဝေးကို ရောက်သွားရင်၊ လူစိမ်း မြေစိမ်းမို့လို့ သူတို့ အော်ဟစ်အကူအညီတောင်းရင်တောင် ကယ်မယ့်သူ ရှိမှာ မဟုတ်တော့ဘူး…

ချဲယုံချန်း ကျေနပ်အားရစွာ ပြုံးလိုက်ပြီး ရှေ့သို့ ဆက်လျှောက်သွားသည်။

ယခု ရထားပေါ်တွင် လက်ရဲဇာတ်ရဲ လုပ်ရန် အချိန်ကောင်း မဟုတ်သေးချေ။

ကွမ်ကျိုးကို ရောက်မှပဲ သူမကို နှိပ်ကွပ်ရမယ်…

စောင့်နေလိုက်စမ်း... ကောင်မစုတ်လေး...

သူ ချန်ချင်းယွီ ရှိသည့် ရထားတွဲကို အတည်ပြုပြီးပြီ ဖြစ်သဖြင့် စိတ်ထဲတွင် တွက်ချက်လိုက်၏။

သူတို့ သုံးယောက် အတူတူ ထွက်လာကြခြင်းမှာလည်း ချန်ချင်းယွီနောက်ကို လိုက်ချောင်းရန် ဖြစ်သဖြင့် သူမတို့ ဘယ်မှာ ရှိသည်ကို သိထားရန် လိုအပ်ပေသည်။

သို့သော် ဝမ်ကျန့်ကော်နှင့် ချန်ချင်းယွီသည် အိမ်နီးနားချင်းများ ဖြစ်ကြသဖြင့် သူမ မှတ်မိသွားပြီး သတိထားမိမည်ကို စိုးရိမ်ရ၏။ ထို့ကြောင့်ပင် ချဲယုံချန်း နေရာအနှံ့ လိုက်ရှာနေရခြင်း ဖြစ်သည်။

ဆိုရသော် ချဲယုံချန်းနှင့် ချန်ချင်းယွီတို့သည် အိမ်နီးနားချင်းလည်း မဟုတ်၊ စက်ရုံမှလည်း မဟုတ်သဖြင့် လုံးဝ သိကြမည် မဟုတ်ပေ။

ထိုစဉ် ပြဿနာတက်စဉ်၌ တစ်ကြိမ် တွေ့ဖူးသည် ဆိုသော်လည်း ထိုအရာသည် လွန်ခဲ့သည့် နှစ်များစွာမှဖြစ်သည်။ ရထားပေါ်တွင် ရုတ်တရက် တွေ့ရုံနှင့် မှတ်မိနိုင်မည် မဟုတ်ပေ၊ မမှတ်မိနိုင်ပါဘူးလေ…

ဝမ်ကျန့်ကော်နှင့် ချဲယုံဖုန်းတို့မှာ အလွန်ပင် စိတ်ချနေကြ၏။ တကယ်တမ်း သူတို့ ပြောသည်မှာလည်း မမှားပေ၊ ချန်ချင်းယွီ့အနေဖြင့် ချဲယုံချန်းအပေါ် အမှတ်သညာများစွာ မရှိပေ။

သို့သော်လည်း သူမသည် ရထားစောင့်နေစဉ် သူတို့ လူစုစု ရှိနေကြသည်ကို မြင်တွေ့ခဲ့ရသည် မဟုတ်ပါလော့…

သူမ ချဲယုံဖုန်းကို မှတ်မိသဖြင့် ဤသူမှာ ချဲယုံချန်း ဖြစ်ရမည်ဟု ချက်ချင်းပင် ရိပ်မိလိုက်ခြင်း ဖြစ်သည်။

အကယ်၍ ရထားပေါ်တွင် ရုတ်တရက် တွေ့မိပါက တကယ်ပင် မတွေးမိဘဲ နေနိုင်သော်လည်း၊ ဤသည်မှာ အစပျိုးမှုရှိနေပြီးသား ဖြစ်ရာ သူမ မမှတ်မိဘဲနေမည် မဟုတ်ပေ။

ချန်ချင်းယွီ စိတ်ထဲတွင် အေးစက်စွာ ရယ်မောလိုက်ရင်း လက်ထဲရှိ ကျောက်ခဲလေးကို ဆုပ်ကိုင်ထားလိုက်သည်။ ချဲယုံချန်း ထိုသူခိုးလေး၏ ဘေးနားသို့ ရောက်ရှိသွားချိန်ကို မျက်ခြေမပြတ် စောင့်ကြည့်နေပြီး၊ ချန်ချင်းယွီ နောက်သို့ တစ်ချက် လှည့်ကြည့်ကာ အင်္ကျီအောက်နားတွင် ရှိနေသော လက်ဖြင့် ချက်ချင်းပင် တောက်ထုတ်လိုက်၏... ကျောက်ခဲလေးမှာ လူအုပ်ကြားရှိ လစ်ဟာနေသော နေရာမှတစ်ဆင့် တည့်တည့် တိုးဝင်သွားပြီး သူခိုးလေး၏ ဒူးခေါင်းကို အရှိန်ဖြင့် သွားမှန်လေတော့သည်။

“အား...”

သူခိုးလေးမှာ ဒူးခေါင်းမှ ရုတ်တရက် အပြင်းအထန် နာကျင်သွားသဖြင့် တစ်ကိုယ်လုံး အရှိန်ဖြင့် ရှေ့သို့ အဟုန်ပြင်းစွာ လဲကျသွားကာ၊ ချဲယုံချန်း၏ ကိုယ်ပေါ်သို့ အားပြင်းစွာ သွားရောက် တိုက်မိသွား၏။ နှစ်ယောက်သား ဝုန်းကနဲ မြည်အောင် ကြမ်းပြင်ပေါ်သို့ အတူတူ လဲကျသွားကြတော့သည်။

လဲကျပုံကတော့ တကယ့်ကို... သပ်ရပ်လိုက်တာ…အဟမ်း..

ဘုန်း...

“အား... အား... နာလိုက်တာ၊ မင်း မအေလိုး ဘာလုပ်တာလဲ...”

“ဘုရားရေ... ငါ့မျက်စိ”

“မားမားရေ... သူတို့ချင်း နမ်းမိသွားကြပြီ”

“အော့... ကြီးတောင်ကြီးမား ယောကျာ်းကြီး နှစ်ယောက်၊ တကယ်ကို ကြည့်မကောင်းရှုမကောင်းဘူး...”

သူခိုးလေးမှာ ချဲယုံချန်း၏ ကိုယ်ပေါ်သို့ တည့်တည့်မတ်မတ် လဲကျသွားပြီး မြေပြင်ပေါ်သို့ တန်းတန်းမတ်မတ် ကျသွားကာ မျက်နှာနှစ်ခုမှာလည်း တစ်ခုနှင့်တစ်ခု အားရပါးရ ပွတ်တိုက်မိသွားသည်။

ဒါက… ဒါကတော့ ဘာမှ မဟုတ်သေးသော်လည်း...

ရထားတွဲတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလေတော့၏။

ထိုလူနှစ်ဦးမှာ ကြမ်းပြင်ပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် လဲကျသွားကြရာ ပတ်ဝန်းကျင်ရှိ လူများလည်း ဘေးသို့ အမြန်ပင် ဖယ်ပေးလိုက်ကြသည်။ ထိုင်ခုံတွင် ထိုင်နေသူများမှာမူ ခြေဆန့်လက်ဆန့် ထရပ်ကာ အခြေအနေကို လည်ပင်းတမော့မော့ဖြင့် ဝိုင်းဝန်းကြည့်ရှုကြသဖြင့် ပျင်းရိငြီးငွေ့ဖွယ် ခရီးစဉ်လေးမှာ ချက်ချင်းပင် သက်ဝင်စည်ကားသွားရ၏။ လူတိုင်း စိတ်လှုပ်ရှားစွာဖြင့် ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်ရှုရင်း အသံဗလံမျိုးစုံဖြင့် စကားဆိုလာကြလေသည်။

“ဘယ်လိုဖြစ်တာလဲ... ဘယ်လိုဖြစ်လို့ လဲကျသွားတာလဲ...”

“ဘယ်သူ သိမှာလဲဟ၊ ဘာတွေ ဖြစ်ကုန်တာလဲ...”

“ယောကျာ်းကြီးတွေ လဲကျတာတောင် နမ်းမိတဲ့အထိတော့ မဖြစ်သင့်ဘူးမလား...”

“ဘယ်သူ သိမလဲ၊ အခွင့်ကောင်းယူပြီး တစ်ချက်လောက် ဆွဲလိုက်တာလား... ဒီလို အရသာမျိုးကို ကြိုက်လို့လား...”

“ဟင်... မင်း ကြည့်လိုက်ဦး...”

“အား... အား... မအေလိုး သူခိုးကောင်၊ ဒါ ငါ့ပိုက်ဆံအိတ်ပဲဟာ...”

“သူခိုး... သူခိုး ရှိတယ်ဟေ့...”

သူခိုးလေးမှာ ချဲယုံချန်း၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားပြီး မြေပြင်ပေါ်တွင် တောင့်တောင့်ကြီး ကျနေကာ မျက်နှာနှစ်ခု ကပ်နေသည်။

သို့သော်လည်း သူခိုးလေး၏ အိတ်ကပ်ထဲရှိ ပိုက်ဆံအိတ်မှာမူ ပြင်းထန်စွာ လဲကျမှုကြောင့် တည့်တည့်မတ်မတ်ပင် လွင့်စင် ထွက်လာခဲ့လေတော့သည်။

ကျုံးရှန်းဝတ်စုံ ဝတ်ဆင်ထားသော ဘေးနားမှ လူတစ်ယောက်သည် အဆိုပါပိုက်ဆံအိတ်ကို မိမိအိတ်မှန်း ချက်ချင်းမှတ်မိသွားသဖြင့် ရှေ့သို့လှမ်းလာကာ ဆွဲလုယူလိုက်ပြီးနောက် ဒေါသတကြီး ဖြစ်သွား၏။

တောက်... တကယ်ကြီး သူ့ပိုက်ဆံအိတ် ဖြစ်နေခဲ့တာပဲ…

သူသည် ဘာတစ်ခွန်းမှမဆိုဘဲ ခိုးသူကိုလှမ်းဖမ်း၍ ပါးကို သုံးချက်ဆင့်ရိုက်ချလိုက်လေသည်။

"မင်းလိုသူခိုးက ငါ့ဆီကခိုးရဲတယ်ပေါ့... ခိုးချင်ဦးဟေ့... ခိုးချင်ဦး..."

ဖြန်း... ဖြန်း...

ဖြန်း... ဖြန်း...

ကျန်ရှိနေသော လူများလည်း ချက်ချင်းပင် အသိဝင်လာပြီး မိမိတို့အိတ်များကို ကပျာကယာ စမ်းသပ်ကြည့်ကြတော့သည်...

"တော်သေးသည်၊ ငါ့ဟာ ရှိသေးလို့”

"ကံကောင်းလို့ သေချာဝှက်ထားမိလို့"

ချိုက်မင်မင်လည်း သူမ၏အိတ်ထဲသို့ အမြန်လှမ်းနှိုက်ရန် ပြင်လိုက်သော်လည်း ချန်ချင်းယွီ သူမလက်ကို လှမ်းဖမ်း၍ တားဆီးလိုက်၏။ ရထားတွဲထဲတွင် တခြားသူခိုးများ ရှိနေသေးသလား မည်သူသိနိုင်မည်နည်း။ လူတိုင်း မိမိတို့အိတ်များကို လိုက်လံစမ်းသပ်နေကြသဖြင့် တခြားသူခိုးများသာရှိပါက လူတိုင်း၏ပိုက်ဆံ မည်သည့်နေရာတွင်ရှိသည်ကို သိရှိသွားကြလိမ့်မည်။

ချန်ချင်းယွီ မျက်မှောင်

အနည်းငယ်ကုတ်ကာ

"မလှုပ်နဲ့.. ဒီကောင်မှာ လူစုလူဖော်တွေ ဒါမှမဟုတ် ကျွန်မတို့ကို စောင့်ကြည့်နေတဲ့ အပေါင်းအပါတွေ ရှိမရှိ ဘယ်သူသိမှာလဲ"

"ဟုတ်သားပဲ၊ ဟုတ်သားပဲ”

ထိုစကားကိုကြားသောအခါ ချန်ချင်းယွီဘေးနားရှိ လူများမှာ မလှုပ်ရဲတော့ဘဲ ပိုပြီးသတိထားသွားကြ၏။

"အား... ငါ့ပိုက်ဆံအိတ်လည်း ပျောက်သွားပြီ..."

"ငါ့ဟာလည်း ပျောက်ပြီ၊ အဲဒီသူခိုး အစုတ်အပဲ့..."

လူငယ်တစ်ယောက်နှင့် အသက်လေးဆယ်ကျော် အမျိုးသမီးတစ်ယောက်အော်ဟစ်လိုက်ကြသည်။

အမျိုးသားနှစ်ယောက် ရှေ့သို့တိုးလာပြီး သူခိုး၏အဝတ်အစားများကြား လိုက်လံရှာဖွေကြ၏။

"မင်းတို့ ဘာလုပ်တာလဲ..."

"ဒါ... ဒါ ပန်းပွင့်လက်ကိုင်ပုဝါနဲ့ ထုပ်ထားတာ၊ အဒေါ်ကြီး ဟာလား..."

ပထမဆုံး သူခိုး၏အင်္ကျီကို လှမ်းဆွဲထားသော အမျိုးသားမှာလည်း ဝိုင်းဝန်းရှာဖွေပေးရာမှ သူခိုး၏ ဂွမ်းကပ်ဘောင်းဘီအိတ်ထဲမှ ပိုက်ဆံများထည့်ထားသည့် ပန်းပွင့်လက်ကိုင်ပုဝါထုပ်ကို ဆွဲထုတ်လိုက်လေသည်။

"ငါ့ဟာ၊ ငါ့ဟာ... ကျေးဇူးတင်ပါတယ် မောင်လေးရယ်... နင်လိုကောင်စုတ်က ငါ့ကိုတောင် လက်ရဲဇက်ရဲ လုပ်ရဲတယ်ပေါ့... မြင်းဘုရင်ရဲ့ မျက်လုံးသုံးလုံးအကြောင်း မသိသေးဘူးထင်တယ်၊ ဒီနေ့တော့ နင့်ကို အသေရိုက်ရမယ်..."

သူမ ကုတ်ခြစ်ပြီး ရိုက်နှက်လေရာသူခိုးမှာ တအားအား အော်နေရ၏။

"ဒါ ငါ့ဟာ၊ ဒီပိုက်ဆံအိတ်က ငါ့ဟာ၊ တကယ် သူခိုးပဲ..."

လူငယ်လည်း သူ၏ပိုက်ဆံအိတ်ကို ပြန်လည်တွေ့ရှိသွားသည်။ သူတို့သုံးယောက်စလုံး ဒေါသအိုးပေါက်ကွဲကာ အဆိုပါသူခိုးအစုတ်အပဲ့ကို ဝိုင်းဝန်းရိုက်နှက်ကြတော့၏။

အနည်းငယ်မျှပင် မညှာတာကြချေ။

ဒီဘက်ခေတ်မှာကတော့ သူခိုးမိပြီဆိုရင် အတွယ်ခံရမှာကတော့ အသေအချာပဲ…

ဒေါသမထွက်လိုက်ရရင် ရင်ထဲမှာ အောင့်သက်သက်ကြီး ဖြစ်နေမှာလေ…

အချို့လူတွေဆို သူခိုးကို ကြည့်မရလွန်းလို့ ဝင်တောင်ရိုက်ကြသေးတယ်…

သူခိုးခမျာ နာလွန်း၍ အော်ဟစ်ညည်းညူနေရှာရ၏။

ချန်ချင်းယွီ အဆိုပါပွဲကိုကြည့်ရှုရင်း ယနေ့ခေတ်မှ သူခိုးများသည် ပညာမွဲလှသည်ဟု တွေးတောကာ နှမြောမိသည်။ ပညာမွဲရုံတင်မကဘဲ လောဘလည်း ကြီးမားသေး၏။

ပုံမှန်ဆိုရင် ဒီလိုအခြေအနေမျိုးမှာ သူခိုးက ထွက်မပြေးရင်တောင် သူ့အပြစ်ကနေ ကင်းလွတ်အောင် အပေါင်းအပါတစ်ယောက်ယောက်ဆီ ပိုက်ဆံအိတ်ကို လွှဲပေးထားလိုက်ရမှာ…

မမျှော်လင့်ဘဲ ဒီသူခိုးကတော့ ဂျီနီယပ်စ်ပဲ၊ ပစ္စည်းအားလုံးကို သူ့ကိုယ်ပေါ်မှာတင် ဆောင်ထားတယ်…

ပြီးတော့ သုံးခုတောင် ခိုးပြီးပြီပဲ၊ ထွက်သွားလိုက်ရင် ရနေတာကို မသွားဘဲ ဘာလို့ ဟိုကြည့်ဒီကြည့်နဲ့ ဇဝေဇဝါ လုပ်နေရတာလဲ…

လောဘအတောမသတ်နိုင်တာပဲ...

ချန်ချင်းယွီမှာ သူမကိုယ်သူမ ကုသိုလ်ထူးတစ်ခု ပြုလုပ်လိုက်ရပြီဟု ခံစားမိသောကြောင့် အပြုံးလေးဖြင့်ပင် သူမ၏ ကောင်းမှုကိစ္စကို ဖုံးကွယ်ထားလိုက်လေသည်။ လူအနည်းငယ်မှာ သူခိုးကို ဝိုင်းအုံထားကြပြီး ချဲယုံချန်မှာလည်း ဆဲဆိုကာ

"ဒီကောင်စုတ်ကို သတ်ပစ်ကြ... အားးး ငါ့ကျော၊ ငါ့ကျော..."

သူ၏ကျောရိုးပင် ကျိုးတော့မတတ် ခံစားနေရပြီး ယိုင်နဲ့နဲ့ ဖြစ်သွားရ၏။

"ဘာတွေအော်နေတာလဲ... ပါးစပ်ပိတ်ထား... မင်းတို့တွေ ဒီလောက်ထိ နီးနီးကပ်ကပ်ကြီး ဖြစ်နေတာ၊ မင်းပါ အလိုတူအလိုပါ ဖြစ်နေမလား ဘယ်သူသိမှာလဲ..."

သတ်လယ်ပိုင်းအရွယ် အမျိုးသမီးမှာ ချဲယုံချန်ကို မထီမဲ့မြင် ကြည့်လိုက်သည်။

ဒီခွေးရုပ်က ကြည့်ရတာ လူကောင်းပုံမပေါက်မှန်း သူမသိတာပေါ့…ရုပ်က စိတ်ထားကို ဖော်ပြတယ်လို့ ပြောကြတာပဲ၊ ဒီလူကလည်း လူကောင်းတစ်ယောက်ပုံ မပေါ်ဘူး…

ချဲယုံချန်း ဒေါသတကြီး ပြန်ပက်ကာ

"ဖယ်စမ်း... ငါပါ ခံလိုက်ရတာ မမြင်ဘူးလား... မျက်စိကန်းနေလား... ဘာလို့ ငါ့ကိုပါ ဆွဲထည့်နေတာလဲ... မင်းက ဘယ်လိုလူလဲ... ဟင်း... မင်းလိုမိန်းမနဲ့ ငါ စကားများမနေချင်ဘူး၊ ဖယ်စမ်း... ငါ့တွဲဆီ ငါပြန်တော့မယ်”

သက်လယ်ပိုင်းရွယ် အမျိုးသမီးမှာ ခါးထောက်လျက် ချဲယုံချန်းကို ဆွဲထားကာ အသွားမခံပေ။

"ပြောစမ်း… ပြော၊ နင်တို့ အလိုတူအလိုပါတွေလား... နင်က ပိုက်ဆံအိတ်ကို လွှဲယူဖို့ ရောက်နေတာမလား..."

ချဲယုံချန်း ထွက်ခွာရန် ကြိုးပမ်းမှုမှာ သူမ၏ သံသယကို ပိုမိုကြီးထွားစေခဲ့သည်။

"နင့်တွဲက ဒီမှာတောင် မဟုတ်ဘူး၊ ဒီကို ဘာလာလုပ်တာလဲ... လူတွေ ဒီလောက်များတာကို နင်က ဒီအတိုင်း လမ်းလျှောက်လာတာ ဖြစ်နိုင်ပါ့မလား... ပျော်လို့ လာတိုးနေတာလား... ရှင်းရှင်းလင်းလင်း ပြောစမ်း... နင်က များ အပြစ်မရှိဘူးလို့ ပြောရဲသေးတယ်ပေါ့... ငါ့စိတ်ထဲတော့ နင်တစ်ခုခု လွဲနေတာ သေချာတယ်… လူကြီးလူငယ်အပေါင်းတို့ ကိုယ့်ပစ္စည်းတွေကို သေချာပြန်စစ်ကြပါ၊ သတိထားကြ၊ ဒီသူခိုးမှာ အပေါင်းအပါတွေ ရှိနိုင်တယ်”

သူမ သူခိုး၏ဆံပင်ကို ဆွဲကိုင်ကာ

"ပြောစမ်း… ဒီလူက မင်းရဲ့ အပေါင်းအပါလား..."

သူခိုးခမျာ အရိုက်ခံရလွန်းသဖြင့် ခေါင်းများမူးနောက်နေပြီး ခေါင်းရမ်းပြကာ

"မဟုတ်ပါဘူး"

အမျိုးသမီး : "ကဲ ကြည့်... သူက သူ့အပေါင်းအပါ ဖြစ်ရမယ်… တကယ်လို့ မဟုတ်ဘူးဆိုရင် ဒုက္ခသက်သာအောင် တခြားသူကို ဆွဲထည့်မှာပေါ့… နင်က ဒီလောက်အရိုက်ခံနေရတာတောင် သူ့ဘက်က ကာကွယ်ပေးနေသေးတယ်ဆိုတော့ သူက သေချာပေါက် နင့်ရဲ့အပေါင်းအပါပဲ"

အဆိုပါအမျိုးသမီးတွင် ရိုးရှင်းသော တွေးခေါ်ပုံရှိ၏။

သို့သော်လည်း သိကြသည့်အတိုင်းပင် ထိုအမြင်မှာ တကယ်ကို ယုတ္တိတန်နေခဲ့သည်။

ချန်ချင်းယွီပင်လျှင် မသိမသာ ခေါင်းငြိမ့်မိသွားရ၏။

အကယ်၍ သူမကိုယ်တိုင်လည်း တစ်ဖက်လူကို မသိထားလျှင်တကယ်ကြီး အထင်လွဲမိမည်သာ…

သေချာသည်မှာ ပတ်ဝန်းကျင်ရှိ လူများကို လှည့်ပတ်ကြည့်လိုက်သောအခါ လူတိုင်း ထိုအမျိုးသမီး ပြောကြားသည်ကို သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်နေကြခြင်းပင်….

ချန်ချင်းယွီ အသံကျယ်ကျယ်ဖြင့်

"တကယ်ပဲ... ဒီလို တက်ကြွပြီး ကူညီတတ်တဲ့ အဒေါ်ကြီးတွေမရှိရင် မဖြစ်ဘူးပဲ... ကြည့်ပါဦး... ကိစ္စတွေ အဆင်ပြေသွားလိုက်တာ..."

ချန်ချင်းယွီ ချဲယုံချန်း ဒုက္ခရောက်မည်ကို စိတ်ထဲမှ တိတ်တဆိတ် မျှော်လင့်ရင်း လက်ခုပ်တီးလိုက်၏။

လူတိုင်း : "........."

ချန်ချင်းယွီ : "အဒေါ်တို့က တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ... သူခိုးကို ဖမ်းပေးရုံတင်မကဘူး၊ ငါတို့ကိုပါ သတိပေးတယ်၊ ပြီးတော့ သံသယရှိသူကိုပါ ရှာဖွေဖော်ထုတ်ပေးလို့ ငါတို့အတွက် အများကြီး အလုပ်ရှုပ်သက်သာသွားတယ်… မဟုတ်ရင်တော့ လမ်းတစ်လျှောက်လုံး ဘာမှမသိဘဲ ပိုက်ဆံအိတ်တွေ ပျောက်လို့ ပျောက်မှန်းတောင် သိမှာမဟုတ်ဘူး။ ဒီကောင်က သုံးခုခိုးရုံနဲ့တင် အားမရသေးဘူးလေ..."

လူတိုင်း သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်ကြသည်။

ထိုအချက်မှာ အမှန်တရားပင်…

သူသည် သုံးခုခိုးရုံနှင့် အားမရသည်မှာ အမှန်ပင်။ အကယ်၍ အဖမ်းမခံရပါက နောက်ထပ် ပိုက်ဆံအိတ်ပျောက်ဆုံးမည့်သူများသည် သူတို့ကိုယ်တိုင် ဖြစ်လာနိုင်ချေ ရှိ၏။

မကြာမီအချိန်၌ပင် တခြားလူများသည်လည်း လိုက်လံလက်ခုပ်တီးကြတော့သည်။

လူသားဟူသည် လူအများပြုလုပ်ပါက လိုက်လံပြုလုပ်တတ်ကြသည်မှာ သဘာဝပင် ဖြစ်၏။

လူတိုင်း လိုက်ပါ၍ လက်ခုပ်တီးကြလေသည်...

ဖြောင်း…ဖြောင်း… ဖြောင်း…

မြင်ကွင်းတစ်ခုလုံး စည်ကားသိုက်မြိုက်သွားပြီး တက်ကြွလှုပ်ရှားသွား၏။

နောက်ဆုံးတွင် ရထားဝန်ထမ်းများသည် လူအုပ်ကြီးကြားထဲမှ တိုးဝှေ့ကာ ရောက်ရှိလာကြတော့သည်။ အမှန်ဆိုလျှင် သူတို့သည် ထိုမျှလောက်အထိ လက်နှေးလေ့မရှိကြသော်လည်း သူခိုးမိသွားပြီး လူအများ၏ ဝိုင်းဝန်းရိုက်နှက်ခြင်းကို ခံနေရသည်ဆိုသည်ကို ကြားသိရသဖြင့် သူတို့၏ခြေလှမ်းများကို အလိုအလျောက် ဆွဲနှေးလိုက်ကြခြင်းပင် ဖြစ်၏။

အမှန်ပင် နည်းနည်း နှေးသွားခဲ့ရသည်။

လူတွေက သိပ်များလွန်းလှတော့…တိုးမပေါက်နိုင် ဖြစ်ခဲ့ရတာလေ..

သူတို့ “အချိန်ဆွဲ” နေကြတာ မဟုတ်ပါဘူး.. တကယ်ပါ… မဟုတ်ပါဘူး…

တကယ်ကို တိုးမပေါက်နိုင်ခဲ့ကြတာပါ… ယုံပါ… တကယ်ပါ…

တခြားလူများ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ သူတို့ကိုယ်တိုင်သည်ကား ယင်းဆင်ခြေကို အခိုင်အမာ ယုံကြည်နေကြသည်။

သူတို့မှာ တော်သေးသည်ဟု ဆိုရမည်။ တစ်ခါ၌ ရွာတစ်ရွာတွင် လူပြန်ပေးဆွဲသမားတစ်ဦးကို မိသဖြင့် ရဲစခန်းသို့ တိုင်ကြားခဲ့ဖူးကြောင်း သူတို့ ကြားဖူးကြ၏။ ပုံမှန်ဆိုလျှင် ဆယ်မိနစ်မျှသာ သွားရမည့်ခရီးကို ရဲများမှာ တစ်နာရီကြာမှ ရောက်လာခဲ့ကြသည်။ မတတ်နိုင်ပေ~~ လမ်းခရီးအခြေအနေမှာ ဆိုးရွားလွန်းလှသည်ဟုသာ အကြောင်းပြခဲ့ကြသည်။

အဆိုပါ တစ်နာရီအတွင်း ထိုလူပြန်ပေးဆွဲသမားမှာ မည်မျှအထိ အစွမ်းကုန် အရိုက်ခံလိုက်ရသနည်းဆိုသည်ကတော့...

“မင်းက လူပြန်ပေးဆွဲသမား လုပ်ထားတာပဲ၊ အသေအလဲ အရိုက်ခံရဖို့တော့ ပြင်ထားရမှာပေါ့...”

ထို့ကြောင့် သူတို့ တိုးမပေါက်နိုင်ခဲ့ခြင်းမှာ ပုံမှန်ပင် ဖြစ်သည်၊ အလွန်ပင် ပုံမှန်လှပေသည်။

"ဘာတွေဖြစ်နေတာလဲ... ဘာတွေဖြစ်နေတာလဲ... သူခိုးက ဘယ်မှာလဲ... ဒီလူကကော ဘာဖြစ်တာလဲ..."

ရထားဝန်ထမ်းမှာ ရထားရဲများကို ဦးဆောင်ကာ ရောက်ရှိလာခဲ့ပြီး သူခိုးကို မြင်လိုက်ရသည့်အခါတွင်မူ... ဖြစ်ရလေ~~~ သူခိုးမှာ မည်မျှအထိ အပြင်းအထန် အရိုက်ခံထားရသနည်းဆိုလျှင် သူ့မိဘအရင်းပင် မှတ်မိနိုင်တော့မည် မဟုတ်ပေ။ သူခိုး၏ဘေးနားရှိ လူတစ်ယောက်မှာမူ မိမိကျောကို ဆွဲကိုင်လျက် လူအများ၏ တင်းကျပ်စွာ ဖမ်းဆီးခြင်းကို ခံထားရ၏။

"ရဲဘော်တို့... ရောက်လာကြပြီပဲ... ကြည့်ကြပါဦး၊ ဒီသူခိုးကို ကြည့်လိုက်ကြပါဦး... သူက ပိုက်ဆံအိတ် သုံးလုံးတောင် ခိုးထားတာ..."

ထိုအမျိုးသမီးမှာ ဆက်လက်၍

"ပြီးတော့ ဒီလူလည်းပါတယ်၊ ဒီလူကလည်း ကြည့်ရတာ လူကောင်းပုံမပေါက်ဘူး… အပေါင်းအပါများလားမသိဘူး၊ သူ့ကိုလည်း သေချာစစ်ဆေးပေးကြပါဦး၊ ရုပ်ကိုက လူကောင်းရုပ်မဟုတ်ဘူး၊ သူက ဒီရထားတွဲကလူလည်း မဟုတ်ဘဲနဲ့၊ လူတွေ ဒီလောက်ကျပ်ညပ်နေတာကို အကြောင်းပြချက်မရှိဘဲ ဒီဘက်ကို လျှောက်လာတာ"

"ငါ မဟုတ်ဘူး... ငါ သူခိုး မဟုတ်ဘူး... မင်းတို့ကောင်တွေ... ငါက ဘယ်သူလဲဆိုတာ သိကြလို့လား... ငါ့အစ်ကိုရဲ့ ယောက္ခမက စက်မှုစက်ရုံရဲ့ အတွင်းရေးမှူးဟောင်းကွ၊ ငါ့မိသားစုက အရာရှိမိသားစု… ငါက ဘာလို့ ခိုးရမှာလဲ... မင်းတို့လို ဘာမှမသိတဲ့ ငတုံးတွေ... ငါ့ကို အခုချက်ချင်းလွှတ်၊ မဟုတ်ရင် ငါ အကြမ်းဖက်မိတော့မယ်... ငါ..."

ချန်ချင်းယွီမှာ အတွင်းရေးမှူးကျန်းအတွက် စိတ်ထဲမှပင် သနားမိသွားတော့သည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ထိုသူမှာ ပြဿနာထပ်မတက်စေရန် အလွန်ပင် ခေါင်းငုံ့ကာ အေးအေးဆေးဆေး နေထိုင်ခဲ့ရရှာ၏။ ငါးမျှားနေသည့်အချိန်၌ပင် သူ့ကို မြင်တွေ့ရရန် ခဲယဉ်းလှပေသည်။ သို့သော်လည်း သူ မည်မျှပင် ခေါင်းငုံ့နေပါစေ အသုံးမဝင်ခဲ့ပေ~~ တခြားသူတစ်ယောက်မှာ သူ့ကို အကြောင်းပြု၍ ပြဿနာကြီးအောင် လိုက်လံလုပ်ဆောင်နေဆဲပင်။

ကြည့်ပါဦး... အခုလည်း အဲဒီအတိုင်း ဖြစ်နေပြန်ပြီ မဟုတ်ပါလား…

"ဝေါင်း... မင်းက အရာရှိမိသားစုကဖြစ်တော့ ဘာဖြစ်လဲ..."

"မင်းပြောတာ အမှန်လား၊ အလိမ်လား ဘယ်သူသိမှာလဲ"

"ဘာလဲ... မင်းရဲ့ ဝေးလှတဲ့ ဆွေမျိုးတစ်ယောက်က ခေါင်းဆောင်ဖြစ်ရုံနဲ့ မင်းက အရာရှိမိသားစုဝင် ဖြစ်သွားရောလား... ရယ်စရာကောင်းလိုက်တာ၊ ဒီလောက်ထိ မျက်နှာပြောင်တဲ့လူမျိုး တစ်ခါမှမမြင်ဖူးဘူး"

"ဟုတ်တယ်၊ ဒါဆို မင်း ဒီရထားတွဲကို ဘာလို့လာလဲဆိုတာ အရင်ပြောစမ်းပါဦး"

"ဖူး... ငါ့စိတ်ထဲတော့ သူ အလကား လေလုံးထွားနေတာ၊ ရဲဘော်တို့... ဒီလူ့ကို တကယ် သေချာစုံစမ်းစစ်ဆေးသင့်တယ်… သူ့ကို ကြည့်ရတာ လူရမ်းကားရုပ်နဲ့၊ သိသာလိုက်တာ... လူဆိုးပဲ"

ထိုအချိန်တွင် ရှီရှောင်ဝေ

ကြားထဲမှ ဖြတ်တိုးဝင်လာပြီး အသံကျယ်ကြီးဖြင့် ကြွေးကြော်လေတော့သည်။

"ကျုပ် အတွင်းရေးမှူးကျန်းကို သိတယ်၊ ဒီကောင်ကိုလည်း သိတယ်…ကျုပ်အမေက စက်မှုစက်ရုံမှာ လုပ်တာ၊ အတွင်းရေးမှူးကျန်းက ရာထူးကဆင်းသွားပြီ၊ အလုပ်ထုတ်ခံလိုက်ရတာလို့ ကျုပ်ကြားတယ်… ဘာအရာရှိမိသားစုလဲ... သူ့စကားကို မယုံကြနဲ့… အဲဒီအတွင်းရေးမှူးကျန်းကိုယ်တိုင်က မသန့်ရှင်းဘူး၊ သူက အခု ဇာတ်လမ်းကြီးအကျယ်ချဲ့ပြီး ဟန်ဆောင်နေတာ"

"အို~~~"

"ဘုရားရေ... သူက ဘာလို့ အလုပ်ထုတ်ခံလိုက်ရတာလဲ..."

"ဟုတ်ပ၊ ဟုတ်ပ… ဘာဖြစ်တာလဲ မောင်လေး၊ ပြောပြပါဦး"

ရှီရှောင်ဝေမှာ အတိုင်းမသိ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရ၏။ သူသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရှေ့သို့တိုးလာကာ

"ဒီကိစ္စကို ကျုပ်သိတာပေါ့... ပြောပြရရင်... မျက်နှာလိုက်မှု၊ အဂတိလိုက်စားမှု ဒါမှမဟုတ် အဲဒီလိုကိစ္စမျိုးတွေကြောင့် အလုပ်ထုတ်ခံလိုက်ရတာလို့ ကြားတယ်၊ အို... အို... အို... သူပဲ၊ သူပဲ... ကျုပ် အခုမှ မှတ်မိတော့တယ်၊ သူ့နာမည်က ချဲယုံချန်း... ဟားဟားဟား... ကျုပ် သူ့ကို မှတ်မိပြီ... သူက ချဲယုံချန်းပဲ… သူ့မှာ ချဲယုံဖုန်းဆိုတဲ့ အစ်ကိုတစ်ယောက်ရှိတယ်၊ အဲဒီလူက အတွင်းရေးမှူးကျန်းရဲ့ သမက်… ကျုပ်တို့စက်ရုံနဲ့ ဝန်ထမ်းမိသားစုတွေအကြားမှာ သူ့ကို လူတိုင်းသိကြတယ်… သူ့အစ်ကိုက ပန်းသေပန်းညှိုးရောဂါရှိတာ၊ ကလေးမရနိုင်ဘူးလေ၊ အော်... ဟုတ်သားပဲ၊ ဟုတ်သားပဲ... သူ့အစ်ကို ချဲယုံဖုန်းက ဒီကောင်ရဲ့ မိန်းမနဲ့ ဖောက်ပြန်နေတာ… စက်ရုံတစ်ခုလုံးမှာ ဒါက နာမည်ကြီးပဲ၊ ကျုပ်တို့အားလုံး သိတယ်..."

ရှီရှောင်ဝေသည် ပျော်ရွှင်နေမိသည်၊ ရှီရှောင်ဝေသည် ဂုဏ်ယူနေမိသည်၊ ရှီရှောင်ဝေသည် မိမိကိုယ်မိမိ စက်ရုံတစ်ခုလုံးတွင် အတောက်ပဆုံးကြယ်ပွင့်ကြီး ဖြစ်နေသကဲ့သို့ ခံစားနေရတော့သည်...

ကြည့်စမ်း...

သူက အရာအားလုံးကို သိနေတာ မဟုတ်လား…

"ဘုရားရေ... ဒါ တကယ်ကြီးလား..."

"အမလေး... သူ့မိသားစုက တကယ့်ကို ရှုပ်နေတာပဲ"

"ဟင်... အဲဒီလိုမိန်းမရှုပ်တဲ့ မိသားစုကများ ဆရာကြီးလာလုပ်ရဲသေးတယ်... တကယ့် ငတုံးတွေပဲ"

ယွမ်ဟောက်ဖုန်း ရှီရှောင်ဝေကို အတင်းဆွဲလိုက်ပြီး

"မင်းက ဘာလို့ ဒီလောက်အထိ အော်ဟစ်နေရတာလဲ... ငါတို့က ဟိုမုဆိုးမလေးနဲ့ သူ့သူငယ်ချင်းတွေနောက်ကို လိုက်လာတာလေ… မင်းက အေးအေးဆေးဆေး နေရမှာပေါ့... ဘာတွေလုပ်နေတာလဲ..."

တားဆီးသော်လည်း...

ရှီရှောင်ဝေမှာ မည်သည့်အရာကိုမျှ သတိထားမိပုံမပေါ်ကာ ယွမ်ဟောက်ဖုန်းလည်း သူ့ကို ဆွဲမထားနိုင်ခဲ့ချေ။ ရှီရှောင်ဝေ ဆက်လက်၍

"သူက လူကောင်းမဟုတ်ဘူး… သူ မကောင်းတာတွေ အများကြီးလုပ်ခဲ့တာ၊ ပြီးတော့ တမင်သက်သက် လူတွေကိုပါ ဒုက္ခပေးခဲ့သေးတယ်၊ အဲဒီတုန်းကဆို ဟိုးဟိုးကျော်သွားတာပဲ၊ သူ့အစ်ကိုကလည်း လူကောင်းမဟုတ်ဘူး၊ အလုပ်ရုံအုပ်ကြီးရာထူးကနေ အလုပ်သင်အဆင့်အထိ ရာထူးချပစ်ခြင်း ခံလိုက်ရတာ..."

ချဲယုံချန်းသည် ယခုကဲ့သို့ ဝေးလံလှသော ခရီးဝေးရထားပေါ်တွင် မိမိ၏အရှက်ကို ခွာချမည့်သူ ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူသည် ဒေါသအလွန်အမင်း ထွက်သွားရပြီး ရှေ့သို့အတင်းတိုးဝင်ရန် ကြိုးစားရင်း အော်ဟစ်ဆဲဆိုတော့သည်။

"မင်းကို အသေသတ်မယ်၊ ခွေးကောင်… မင်းကို အာပုပ်စော်နံအောင် ပြောတတ်တဲ့အကျင့် ဖျောက်ပေးရမယ်၊ ငါ မင်းကို... အား..."

သူသည် ရထားရဲများ၏ ချက်ချင်းပင် ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံလိုက်ရ၏။

"လွှတ်စမ်း... လွှတ်စမ်း... စကားတွေ အများကြီးပြောနေတဲ့ ဒီကောင်စုတ်ကို ငါ အသေသတ်ပစ်မယ်..."

ရှီရှောင်ဝေ ထိုအခွင့်အရေးကို မြင်လိုက်ရသည့်အခါ စိတ်ထဲတွင်...

ဟေး... ဒါပဲလေ၊ ပြဿနာမရှိတော့ဘူး...

“ဟီးဟီး... မင်း ငါ့ကို ရိုက်လို့မရပါဘူး... မင်းက အမှိုက်လိုလူစားပဲဟာကို၊ ဘာဖြစ်လဲ... မင်းကိုယ်မင်း ဘာကောင်မှတ်နေလဲ... မင်းမိသားစုမှာ ခေါင်းဆောင်တွေရှိရင်တောင် ငါက မကြောက်ဘူး… မင်းအစ်ကိုက ငါ့ကို ဒုက္ခပေးဖို့ ဘာလို့ ခွင့်ပြုထားရမှာလဲ... ငါက စက်မှုစက်ရုံကလူတောင် မဟုတ်ဘူး၊ မင်းအစ်ကိုက အလုပ်ရုံအလုပ်သမားလေးပဲလေ… သူ့ကိုယ်သူ အလုပ်ရုံညွှန်ကြားရေးမှူး ထင်နေတာလား... တခြားလူတွေကို လိုက်ပစ်မှတ်ထားနိုင်တယ် ထင်နေလား... မင်းလို ယုတ်မာတဲ့ကောင်... စက်မှုစက်ရုံကလူတိုင်း မင်းတို့မိသားစုက ဘယ်လိုလူစားတွေလဲဆိုတာ သိကြတယ်.. တံတွေးနဲ့ ထွေးတယ်ကွာ... ဖွီဖွီ..”

ရှီရှောင်ဝေမှာ မိမိကိုယ်မိမိ အလွန်ပင် ကျေနပ်အားရနေမိတော့သည်။

သူ ကျေးလက်သို့ သွားခဲ့ရသည့်အချိန်မှစ၍ သူ၏ဘဝမှာ ဆင်းရဲဒုက္ခတွင်းထဲသို့ ကျရောက်ခဲ့ရပြီး မြို့သို့ ခက်ခက်ခဲခဲ ပြန်ရောက်လာသည့်တိုင် မည်သည့်အရာမျှ အဆင်မပြေခဲ့ပေ။

ဇနီးရှာခြင်း သို့မဟုတ် အလုပ်အကိုင်ရရှိခြင်း အပါအဝင် မည်သည့်အရာမှ သူ့အား ပျော်ရွှင်မှု မပေးနိုင်ခဲ့ဘဲ နေ့စဉ်ရက်ဆက် အလွန်ပင် စိတ်ပျက်အားငယ်နေခဲ့ရသော်လည်း ယခုခရီးစဉ်တွင်မူ သူ့အတွက် သက်ပြင်းချနိုင်စရာ ဖြစ်လာခဲ့သည်။ လူတိုင်း၏ စူးစမ်းလိုသော အကြည့်များကို မြင်လိုက်ရသောအခါ ရှီရှောင်ဝေမှာ ပို၍ပင် ဘဝင်မြင့်သွားတော့၏။

"ဒီကောင်က မှောင်ခိုဈေးကွက်ကို သွားလို့တောင် အဖမ်းခံခဲ့ရသေးတာ… လူကောင်းယောင်ဆောင်တွေ ဘယ်လောက်တောင် ရှိနေလဲ ကြည့်ကြပါဦး"

"အမလေး... ဒီကောင်က တကယ်ကို မကောင်းတဲ့ကောင်ပဲ.. သူ့မျက်နှာကို ကြည့်ကတည်းက လူကောင်းပုံမပေါက်ဘူးလို့ ငါ သိနေသားပဲ"

"ဒါနဲ့... ရထားပေါ်မှာ ဒီလို အတွင်းရေးတွေကို သိတဲ့လူတစ်ယောက် ရှိနေတာ တကယ့်ကို အံ့ဩစရာပဲနော်"

"ဟုတ်ပါပေ့၊ ဘယ်သူက ငြင်းမှာလဲ"

ရှီရှောင်ဝေ : "အားလုံး နားထောင်ကြပါဦး... သူ့မိသားစုမှာ အရှုပ်ထုပ်တွေ အများကြီးရှိသေးတယ်၊ သူက စက်ရုံကလူ မဟုတ်လို့ ကျုပ် သူ့အကြောင်း သိပ်မသိပေမဲ့ သူ့အစ်ကိုကတော့ စက်ရုံမှာ နာမည်ကြီးပဲ… တစ်ခါက သူ့အစ်ကို အိမ်သာထဲမှာ မြွေနဲ့တိုးလို့ ဘောင်းဘီတောင် မဝတ်နိုင်ဘဲ အပြင်ကို ဝတ်လစ်စလစ် ပြေးထွက်လာပြီး ကြောက်လွန်းလို့ သတိလစ်သွားသေးတယ်လို့ ကြားတယ်၊ ဘုရားရေ... အဲဒီကောင်ရဲ့ ပစ္စည်းလေ... အဲဒီကျမှပဲ လူတိုင်းက သူ့မိန်းမ ဘာလို့ ကိုယ်ဝန်မရနိုင်လဲဆိုတာ သိသွားကြတာ"

"အို... ဝေါင်း..."

ရှီရှောင်ဝေ ဆက်လက်၍

"နောက်တော့... သူက ဒီကောင်ရဲ့ မိန်းမနဲ့ ဖောက်ပြန်နေတယ်လို့ ကြားတာပဲ… အဲဒီ ညီအစ်ကိုနှစ်ယောက်က သူတို့ဘာသာသူတို့ ပြောပြတာဆိုပေမဲ့ လူအများကြီးက သိနေကြတယ်၊ စက်ရုံတစ်ခုလုံး ပျံ့နေတာ… ဒါတောင်မှ သူတို့မိသားစုတစ်ခုလုံးက အခုထိ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နဲ့ သစ္စာရှိပြနေကြသေးတယ်၊ အံ့ဩဖို့မကောင်းဘူးလား..."

"အိုဟို..."

ချဲယုံချန်းမှာမူ

"အားးး မင်းလို ခွေးကောင်... ငါ မင်းကို သတ်မယ်၊ ငါ မင်းကို အသေသတ်ပစ်မယ်..."

"ပတ်... မင်းက ဘယ်သူ့ကို လာခြောက်နေတာလဲ..."

ရှီရှောင်ဝေ ခါးထောက်လျက် သူ၏မေးစေ့ကို ဂုဏ်ယူဝင့်ကြွားစွာ မော့လိုက်သည်။

အဟက်… သူ မသိတာ ဘာများရှိသေးလို့လဲ..

ချန်ချင်းယွီနှင့် ချိုက်မင်မင်တို့ နှစ်ဦးစလုံးသည် ရထားထိုင်ခုံပေါ်တွင် ဒူးထောက်လျက် နောက်မှီကို မှီကာ ဖြစ်ပွားနေသော ရုန်းရင်းဆန်ခတ်ပွဲကို လှမ်း၍ ကြည့်ရှုနေကြသည်။

ချိုက်မင်မင် သက်ပြင်းချရင်း

"ရှီရှောင်ဝေကတော့ တကယ် မဆိုးဘူးပဲ… သူ အဲဒီလူရဲ့ ရိုက်သတ်တာကိုတော့ မခံရလောက်ပါဘူးနော်..."

ချန်ချင်းယွီ : “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အစ်မက ဝင်းထဲကို နောက်မှ ရောက်လာတာဆိုတော့ အချို့အကြောင်းအရာတွေကို မသိသေးလို့ပါ… ရှီရှောင်ဝေ ပြောသမျှအကုန်လုံးက အမှန်တွေချည်းပဲ၊ ဒါပေမဲ့ ယောက်ျားတစ်ယောက်ဖြစ်ပြီးတော့ ဒီလောက်အထိ အတင်းပြောနိုင်တာကတော့…”

"တကယ့်ကို အတင်းပြောလွန်းတာပဲ”

ချန်ချင်းယွီ : "ဒါနဲ့... သူက အခုလို ပြဇာတ်တွေ ကပြဖျော်ဖြေနေတာ... ကျွန်မတို့က သူ့နောက်ယောင်ခံလိုက်နေမှန်း သိသွားမှာကို မကြောက်ဘူးလားမသိဘူး..."

ချိုက်မင်မင် : "..."

နောက်တစ်ကြိမ် လုံးဝ ဆွံ့အသွားရပြန်၏။

ရှီရှောင်ဝေ၏ ဦးနှောက်ကတော့~~~

အိမ်ထောင်ရှင်မတစ်ဦးဖြစ်သော သူမကိုပင် လိုက်မမီပေ။

ကိုယ်ဝန်ဆောင်လျှင် သုံးနှစ်လောက် ဉာဏ်ထိုင်းသွားတတ်သည်ဟု ဆိုကြရာ သူမမှာ ကလေးနှစ်ယောက်ပင် ရထားပြီးပြီဖြစ်သဖြင့် မိမိ၏ တုံ့ပြန်မှုများမှာ အလွန်ပင် နှေးကွေးနေပြီဟု ခံစားနေရသည်။ သူမသည် ချန်ချင်းယွီကို မည်သို့မျှ မီအောင်မလိုက်နိုင်သော်လည်း ရှီရှောင်ဝေကို ကြည့်လိုက်သည့်အခါတွင်မူ ထူးဆန်းသည့် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးစိတ်မျိုး ဝင်လာရ၏။

သူမ လှောင်ပြုံး ပြုံးလိုက်မိသည်။

"ပြောစမ်းပါဦး...”

"မောင်လေး... မင်းက တော်တော်လေး အသိများတာပဲနော်..."

"ဟုတ်ပ... ထပ်ပြောပြပါဦး၊ မင်းက ပေကျင်းက စက်မှုစက်ရုံက ဟုတ်တယ်မလား..."

ရှီရှောင်ဝေ သူ့ခေါင်းကို တစ်

ချက်ဆတ်လိုက်ပြီး

"အတိအကျပဲ”

သူ ဆက်လက်၍

"ဒီမိသားစုကလေ..."

တတွတ်တွတ်နဲ့ လျှာအရိုးမရှိသလို လျှောက်ပြောနေတော့တာပါပဲ…

"သူတို့ကလည်း..."

ရှီရှောင်ဝေ၏ နှုတ်ထွက်စကားများမှာ ပျံသန်းနေသကဲ့သို့ပင် အရှိန်ရနေလေသည်။

ယွမ်ဟောက်ဖုန်းမှာမူ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချရင်း အလွန်အမင်း နောင်တရနေမိ၏။ သူသည် ရှီရှောင်ဝေကို အတူတူ မခေါ်လာခဲ့သင့်ပေ။ အကူအညီတစ်ခု ပိုရလိုရငြား ခေါ်လာခဲ့မိခြင်း ဖြစ်သော်လည်း ဤလူမှာမူ ယခုကဲ့သို့ လူကြားထဲတွင် ဆရာကြီးလုပ်ကာ ပြဿနာကို အကြီးအကျယ် ချဲ့နေတော့သည်။

သူ တကယ်ကို နောင်တရမိ၏။

ယွမ်ဟောက်ဖုန်းသည် ချန်ချင်းယွီမြင်သွားမည်ကို စိုးရိမ်သဖြင့် မိမိထိုင်ခုံတွင်သာ ကုန်းကုန်းကွကွဖြင့် ပုန်းနေပြီး အပြင်သို့ပင် လှမ်းမကြည့်ရဲချေ။ တကယ်၍ ရှီရှောင်ဝေသာ အပြင်သို့ လှမ်းကြည့်လိုက်ပါက တားဆီး၍ ရတော့မည်မဟုတ်သဖြင့် သူ သတိထားရမည်။

ယွမ်ဟောက်ဖုန်းသည် ခန္ဓာကိုယ်ကို သေးနေအောင် ကျုံ့ထားရင်း စားပွဲငယ်လေးပေါ်တွင် မျက်နှာကို မှောက်ထားကာ အိပ်ပျော်နေဟန် ဆောင်လျက် မိမိ၏ ခြေရာလက်ရာများကို ဖျောက်ဖျက်ရန် ကြိုးပမ်းနေရ၏။

ချဲယုံချန်းမှာ အချိန်အတော်ကြာသည်အထိ ပြန်မလာသေးသဖြင့် ရထားတွဲထဲတွင် စောင့်ဆိုင်းနေသော ချဲယုံဖုန်းမှာ ပို၍ စိုးရိမ်ပူပန်လာရသည်။ ထိုညီအစ်ကို နှစ်ဦး၏ ဆက်ဆံရေးမှာ အလွန်ကောင်းမွန်ကြပြီး ညီဖြစ်သူမှာလည်း အမြဲတမ်း သူ့နောက်သို့ သစ္စာရှိရှိ လိုက်ပါတတ်သူ ဖြစ်၏။ သူ ပြန်မလာသေးသည်ကို မြင်ရသဖြင့် ချဲယုံဖုန်းသည် ထ၍ လိုက်လံရှာဖွေရန် ပြင်လေသည်။

ဝမ်ကျန့်ကော် :"သူက လူကြီးပဲဟာ... ဘာမှမဖြစ်ပါဘူး"

"မဟုတ်ဘူး၊ ငါ စိတ်မချဘူး"

ထိုရထားတွဲ နှစ်ခုမှာ နီးကပ်နေခြင်းမျိုး မဟုတ်သော်လည်း ရှေ့ရထားတွဲတွင် သူခိုးမိထားသည်ဟူသော သတင်းကိုမူ သူတို့ ကြားသိထားကြသည်။

ဝမ်ကျန့်ကော် : "သူ ရှေ့မှာ သွားပြီး ပွဲကြည့်နေတာလည်း ဖြစ်နိုင်တာပဲ"

"ဒါဆိုရင်တော့ ငါ သွားကြည့်မှ ဖြစ်မယ်… မင်း ဒီမှာပဲနေပြီး ခုံတွေကို စောင့်ပေးထားဦး"

"ကောင်းပြီ..."

ချဲယုံဖုန်းသည် လမ်းတစ်လျှောက်လုံး လိုက်လံရှာဖွေလာခဲ့ရာ နောက်ဆုံးတွင် အဆိုပါ ရထားတွဲသို့ ရောက်ရှိလာခဲ့သည်။ သူခိုးမိထားသည့် ပြဿနာကြောင့် ရထားတွဲအတွင်း၌ လူများမှာ ကျပ်ညပ်အုံခဲနေကြ၏။

"ဖယ်ကြပါဦး၊ ဖယ်ကြပါဦး..."

"မတိုးနဲ့လေ... ဘယ်သူက ရှေ့ကိုသွားပြီး မကြည့်ချင်ဘဲ နေမှာလဲ..."

"ငါက ပွဲလာကြည့်တာ မဟုတ်ဘူး၊ လူလာရှာတာ"

"ဟင်း... မတိုးနဲ့လေ၊ တကယ် စိတ်ရှုပ်ဖို့ကောင်းလိုက်တာ"

ထိုအချိန်တွင် စီရှောင်ဝေသည် သူ၏ဖိနပ်များကို ချွတ်ကာ ထိုင်ခုံပေါ်သို့ တက်ရပ်လျက် တတွတ်တွတ် ပြောဆိုနေသည်။ အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါတွင်မူ သူသည် ချဲယုံဖုန်းကို ချက်ချင်းပင် မြင်တွေ့လိုက်ရ၏။

သူ ချဲယုံဖုန်းကို မှတ်မိနေဆဲပင်…

အမှန်စင်စစ် သူသည် တစ်ခါ၌ ချဲယုံဖုန်း၏ လမ်းစဉ်ကို အတုယူကာ ခေါင်းဆောင်၏သမီးနှင့် လက်ထပ်ပြီး ယောက္ခမ၏ အဆက်အသွယ်များကို အသုံးပြုလျက် ခေါင်းဆောင်ရာထူးတစ်ခု ရယူရန် ကြံစည်ခဲ့ဖူးသည်။ နောက်ပိုင်းတွင် ချဲယုံဖုန်း၏ အလုပ်အကိုင် ပျက်စီးသွားခဲ့ရသော်လည်း ရှီရှောင်ဝေ၏ စိတ်ထဲတွင်မူ ဤလူ့အပေါ် အမှတ်သညာ ရှိနေဆဲ ဖြစ်၏။

"အာ... ဟိုမှာ ချဲယုံဖုန်း မဟုတ်လား... မြန်မြန်လာဦး... မင်းညီက သူခိုးနဲ့ ပတ်သက်နေတယ်ဟေ့၊ အားလုံးပဲ ကြည့်ကြပါဦး... ဒါ ချဲယုံဖုန်းပဲ"

ချဲယုံဖုန်း : "........."

လူတိုင်း လှည့်ကြည့်ကာ ချဲယုံဖုန်းကို ဝိုင်းဝန်း အကဲခတ်ကြတော့သည်။

"အို~~~"

"မိန်းမဆီက ကပ်စားနိုင်တာ မပြောနဲ့တော့... ရုပ်လေးကတော့ တကယ် ချောသားပဲ"

"လူကို ရုပ်ရည်နဲ့ တိုင်းထွာလို့ မရဘူးဆိုတာ ဒါမျိုးပဲပေါ့... သူ့ခယ်မ နဲ့ ဖောက်ပြန်နေလိမ့်မယ်လို့ ဘယ်သူသိမှာလဲ"

"ကြည့်ရတာ အရပ်အမောင်းကောင်းပြီး သန်သန်မာမာနဲ့ပဲ... ဘာလို့ မစွမ်းဆောင်နိုင်ရတာလဲ မသိဘူး"

"အဲဒီခေါင်းဆောင်သမီးကော သူ့ဆီက ဘာကို လိုချင်လို့လဲ..."

"သူ့ရုပ်လေးကို သဘောကျပြီး အလိမ်ခံလိုက်ရတာနေမှာပေါ့"

ချဲယုံဖုန်း : "သေစမ်း…"

ဤသို့သော ဝေဖန်ပြောဆိုသံများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာရာ သူသည် မျက်စိရှေ့တွင် မှောင်မိုက်သွားသကဲ့သို့ ခံစားလိုက်ရပြီး မည်သည့်အရာများ ဖြစ်ပျက်နေသည်ကိုပင် လုံးဝ မသိရှိတော့ပေ။

ချန်ချင်းယွီလည်း ဘေးမှနေ၍ သဘောကျစွာ ရယ်မောနေမိသည်...

အို... ဖြစ်ရလေ၊ ခံရတာ ထိုက်တန်ပါတယ်…

သူတို့ မပျော်မရွှင်ဖြစ်နေသည်ကို မြင်ရခြင်းမှာပင် သူမကို ပျော်

ရွှင်စေ၏။ မိမိနောက်သို့ တောက်လျှောက် လိုက်လာကြခြင်း ဖြစ်သော်လည်း ချန်ချင်းယွီ၏ စိတ်ထဲတွင် မှောင်ခိုဈေးကွက်မှ ထိုလူများအပေါ် ထားရှိသော အမြင်မှာ ယွမ်ဟောက်ဖုန်းတို့အုပ်စုအပေါ် ထားရှိသော အမြင်နှင့် ထူးမခြားနားလှပေ။ မည်သို့ပင်ဖြစ်စေ သူတို့သည် သူမကို ထိခိုက်အောင် မလုပ်နိုင်သရွေ့ သူမအနေဖြင့် အလွယ်တကူပင် ခြေရာဖျောက် ဖြတ်ထုတ်ပစ်နိုင်သည်။

သို့သော်လည်း သူမသည် ဝမ်ကျန့်ကော်နှင့် ချဲညီအစ်ကိုတို့ကိုမူ အလွန်ပင် ရွံရှာမုန်းတီးမိ၏။

သူမ သူတို့ကို အလွန်အမင်း မနှစ်မြို့ခြင်းမှာ တစ်စိတ်တစ်ပိုင်းအားဖြင့် အာဃာတဟောင်းများကြောင့် ဖြစ်ပြီး အခြားတစ်စိတ်တစ်ပိုင်းမှာမူ ထိုသူတို့၏ ရမ္မက်ဇောထနေသော အကြည့်များကြောင့် ဖြစ်သည်။

ထိုသို့သော ရွံရှာဖွယ် ယုတ်မာပက်စက်လှသော အကြည့်များမှာ ချန်ချင်းယွီအား ထိုသူတို့၏ မျက်လုံးများကို ကလော်ထုတ်ပစ်ချင်စိတ် ပေါက်လာစေသည်...

ယွမ်ဟောက်ဖုန်းတွင် ရှုပ်ထွေးသော ဆက်ဆံရေးများ ရှိနေလင့်ကစား သူသည် ဝင်းထဲရှိ အမျိုးသမီးများကို ထိုကဲ့သို့သော အကြည့်မျိုးဖြင့် တစ်ခါမျှ ကြည့်ဖူးခြင်းမရှိပေ။ သူသည် တစ်ခါက သူမကို စိုက်ကြည့်ဖူးသော်လည်း ထိုအကြည့်မှာ တစ်ခုခုကို လိုချင်တက်မက်နေသည့် အကြည့်မျိုးသာ ဖြစ်ပြီး ကာမရာဂစိတ် ယုတ်ညံ့ခြင်းမျိုး မဟုတ်ခဲ့ပေ။

အမျိုးသမီးများမှာ အသေးအဖွဲကိစ္စများကို လွန်လွန်ကဲကဲ တွေးတောတတ်သည်ဟု ထင်မှတ်၍ မရပေ။အမျိုးသမီးတစ်ဦးသည် အတွေ့အကြုံ ရင့်ကျက်လေလေ၊ ထိုသို့သော အကြည့်များထဲတွင် ပါဝင်နေသည့် မကောင်းသော အကြံအစည်များကို ပိုမို၍ အာရုံခံမိလေလေ ဖြစ်၏။

သူတို့ ဘူတာရုံတွင် ရထားစောင့်နေစဉ်၌ ထိုညီအစ်ကိုနှစ်ဦး၏ အကြည့်များမှာ လုံးဝ မရိုးသားမှန်း ထင်ရှားလှသည်။ ချန်ချင်းယွီသည် မမေးဘဲနှင့်ပင် ထိုသူတို့၏ စိတ်ထဲရှီ ညစ်ညမ်းသော အတွေးများကို သိရှိနေသည်... သူမ၏ အလိုလိုသိစိတ်မှာ ထိုကဲ့သို့ပင် ဖြစ်၏။တကယ်၍ တစ်စုံတစ်ဦး သူမအပေါ် မကောင်းကြံစည်ပါက သူမမှာလည်း ယဉ်ကျေးပျော့ပျောင်းစွာ တုံ့ပြန်နေမည် မဟုတ်ပေ။

သူမသည် အမြဲတမ်းပင် အငြိုးအတေး ကြီးမားလှသူ ဖြစ်သည်။

သူမ၏ အဘိဓာန်တွင် ကြင်နာသနားတတ်ခြင်းနှင့် ကရုဏာတရားဟူသည် မရှိချေ။

ချန်ချင်းယွီသည် သူမ၏အကြည့်များကို အနည်းငယ် နှိမ့်ချလိုက်ပြီး မဲ့ပြုံး ပြုံးလိုက်သော်လည်း မည်သည့်အရာကိုမျှ ထုတ်ဖော်မပြခဲ့ပေ။

ဟက်...

နင်တို့တွေ စောင့်နေစမ်းပါ…

ချဲယုံဖုန်းသည် ချန်ချင်းယွီ တွေးနေသည်ကို လုံးဝမသိရှိပေ။ သူသည် သူမကို သတိပင်မထားမိသေးကာ၊ ချဲယုံချန်းရှိရာဆီသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားလေသည်။ ဇာတ်လမ်းထဲမှ နာမည်ကျော် အစ်ကိုကြီး ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် လူတိုင်းသူ့အတွက် လမ်းကို ကပျာကယာ ဖယ်ပေးကြတော့၏။

ကာယကံရှင်ကတော့ လူတိုင်း မြင်သာအောင် အလယ်တည့်တည့်မှာ ရပ်နေရမည် မဟုတ်ပါလား…

"ယုံချန်... ဘာတွေဖြစ်နေတာလဲ... ရဲဘော်ရဲတို့ခင်ဗျာ... ခင်များတို့ အထင်လွဲမှားနေကြပါပြီ… ကျုပ်ညီက လူကောင်းပါ၊ တစ်ခုခု အထင်လွဲနေတာ ဖြစ်ရမယ်... သူက ဝူဟန်မှာ ကွမ်ကျိုးကိုသွားမယ့် ရထားအကူးအပြောင်းတုန်းက ကျုပ်နဲ့အတူရှိနေတာ၊ သူက သေချာပေါက် သူခိုးမဟုတ်ပါဘူး… ကျုပ်တို့က သူခိုးတွေနဲ့ လုံးဝမပတ်သက်ပါဘူး၊ ဒါက အထင်လွဲတာပါ၊ တကယ်ကို အထင်လွဲတာပါ"

မှန်မှန်ကန်ကန် ပြောရလျှင် ရှီရှောင်ဝေ တတွတ်တွတ်နှင့် လျှာအရိုးမရှိသကဲ့သို့ လျှောက်ပြောနေသည်များကို နားထောင်ပြီးနောက် ရထားရဲများ၊ ဝန်ထမ်းများနှင့် ဘေးမှကြည့်နေသူများသည် ချဲယုံချန်းမှာ သူခိုးဂိုဏ်းဝင် မဟုတ်နိုင်မှန်း ယေဘုယျအားဖြင့် ရိပ်မိကြသည်။ ထိုမျှလောက်သော မိသားစုနောက်ခံ အခြေအနေရှိသည့်လူမှာ သူခိုးလုပ်လိမ့်မည်ဟု မထင်ရပေ။

သို့သော်လည်း သူ၏မိသားစုအကြောင်း အတင်းအဖျင်းများမှာ အလွန်ပင် စိတ်ဝင်စားစရာကောင်းလွန်းလှသဖြင့် လူတိုင်းဆက်လက်နားထောင်ရန် မျှော်လင့်တကြီး ဖြစ်နေကြဆဲပင်။

“ရဲဘော်... မင်းက ချဲယုံဖုန်း မဟုတ်လား...”

ချဲယုံဖုန်း : “.........”

သူက ဒီလောက်တောင် နာမည်ကြီးနေတာလား...

သို့သော်လည်း မကြာမီအချိန်၌ပင် သူသည် လူများ တိုးတိုးတိုးတိုးနှင့် ဝေဖန်ပြောဆိုနေကြသည်များကို တွေးတောမိသွားပြီး မျက်နှာတစ်ခုလုံး မည်းမှောင်သွားတော့သ၏။

“လူအများ ပြောနေတဲ့ ကောလာဟလတွေကို မယုံကြပါနဲ့၊ ငါနဲ့ ငါ့ညီက အပြစ်မရှိပါဘူး၊ သန့်ရှင်းပါတယ်”

“ဟဲဟဲ... အဲဒါကို ဘယ်သူသိမှာလဲ”

“အမလေး... မင်းတို့မိသားစုက တကယ်ကို ရှုပ်ထွေးတာပဲ”

ပွဲကြည့်ရသည်ကို သဘောကျပြီး ပြဿနာကြီးလေ ကြိုက်လေဖြစ်သော ဘေးလူများမှာမူ မည်သို့ပင်ဖြစ်စေ ထိုသူတို့နှင့် မသိကျွမ်းသဖြင့် ဝိုင်းဝန်း၍ ဆရာကြီးလုပ်ကာ လေပေါကြလေသည်။

ချဲယုံဖုန်းမှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး ပို၍ပင် မည်းပုပ်သွားရရှာ၏။

အရိုက်ခံရလွန်းသဖြင့် မျက်နှာတပြင်လုံး ဖူးယောင်ညိုမည်းနေသော သူခိုးပင် တိုးတိုးလေး ရေရွတ်လိုက်သေးကာ

"မင်းတို့ကောင်တွေက ငါ့လို သူခိုးတစ်ယောက်ကိုတောင် မမှီပါဘူးကွာ၊ အနည်းဆုံးတော့ ငါက ကိုယ့်

ခယ်မနဲ့ ဖောက်ပြန်မနေဘူး… ကိုယ့်အိမ်သူအိမ်သားအချင်းချင်းတောင် စားရက်တယ်... တကယ့် တိရစ္ဆာန်တွေ"

ချဲယုံဖုန်း : "ပါးစပ်ပိတ်ထားစမ်း"

“မင်းက ပိတ်ခိုင်းတိုင်း ငါက ပိတ်ရမှာလား... မင်းကလည်း လူကောင်းမဟုတ်ပါဘူး”

ချန်ချင်းယွီသည် ထိုင်ခုံပေါ်မှနေ၍ လျှာတသပ်သပ်ဖြင့် "ဒီသူခိုးကတောင် သူတို့ကို အထင်သေးနေတာပဲ" ဟု စိတ်ထဲမှ ကျေနပ်နေမိသည်။

ဘေးနားမှ လူတစ်ယောက်သည်လည်း စကားလမ်းကြောင်းကို ထောက်ကာ

"ဟုတ်ပ... ဘယ်သူက ငြင်းမှာလဲ အမှန်တွေပဲကို"

လူတိုင်း ထိုသူတို့ကို အထင်သေးကြောင်း တညီတညွတ်တည်း ဖော်ပြကြ၏။

ဒါက အထင်သေးရုံတင်မကဘူး…

ရထားရဲအရာရှိ : "ကဲ... တော်ကြတော့၊ မင်းတို့အားလုံး ငါတို့နဲ့ လိုက်ခဲ့ကြ… ခံရတဲ့သူတွေလည်း ထွက်ဆိုချက်ပေးဖို့ အတူတူ လိုက်ခဲ့ပေးကြပါ"

အိတ်အခိုးခံရသော ကာယကံရှင်များအားလုံး သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်ကြသည်။

"ငါ့ညီက..."

ရထားရဲအရာရှိ : "မင်းတို့ အလိုတူအလိုပါ ဟုတ်မဟုတ်ဆိုတာ စကားသက်သက်နဲ့တင် ဆုံးဖြတ်လို့မရဘူး… အတူတူ လိုက်ခဲ့ကြပါ၊ ငါတို့ စုံစမ်းစစ်ဆေးလို့ ပြဿနာမရှိရင် ပြန်လွှတ်ပေးမှာပါ"

"ဟင်..."

"သွားကြစို့"

"အစ်ကိုကြီး... အစ်ကိုကြီး... ငါ့ကို ကယ်ပါဦး... ငါ သူခိုးမဟုတ်ပါဘူး... သူက ငါ့ကို လာတိုက်မိတာပါ... ငါ တကယ့်ကို ကံဆိုးတာပဲ... ငါ..."

ချဲယုံချန်း အော်ဟစ်ငိုယိုတော့သည်။

ချဲယုံဖုန်း : "ကဲ... အဓိပ္ပာယ်မရှိတာတွေ အော်မနေနဲ့တော့… သွားပြီး ဘာဖြစ်လဲဆိုတာ ကြည့်ရအောင်၊ မင်းက သူခိုးမှ မဟုတ်တာ၊ ဘာပူစရာလိုလဲ၊ သေချာစစ်ဆေးပြီးရင် ဘာမှမဖြစ်တော့ပါဘူး… ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်"

သူသည် အမှန်တရား ပေါ်မလာမည်ကို မစိုးရိမ်သော်လည်း ရဲများမှာ သူတို့၏ အလုပ်အကိုင်နှင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေအထောက်အထားများကို စက်ရုံသို့ လှမ်း၍ အတည်ပြုလိမ့်မည်ဟု တွေးမိသည်။ ချဲယုံဖုန်းမှာ အနည်းငယ် စိတ်တိုသွားရ၏။စက်ရုံရှိလူများ သူတို့ အပြင်ထွက်သွားသည်ကို သေချာပေါက် သိရှိကြလိမ့်မည်။ အိမ်မှာ လူတစ်ယောက်ရှိဖို့ လိုအပ်သည်ဟူသော သူ၏ဆင်ခြေမှာ ယခုအခါ ဘူးပေါ် ပေါ်တော့မည် ဖြစ်သည်။ ထို့အပြင်... တကယ်၍ စစ်ဆေးမှု အချိန်အတော်ကြာသွားပါက ချန်ချင်းယွီကို မျက်ခြေပြတ်သွားနိုင်သည် မဟုတ်လော့…

သူသည် အလွန်အမင်း မပျော်မရွှင်ဖြစ်သွားရသော်လည်း ထုတ်မပြရဲဘဲ ကိစ္စကို အရင်ဖြေရှင်းရန်သာ တတ်နိုင်တော့သည်။ လူအနည်းငယ်မှာ ရထားရဲများ၏ နောက်သို့ လိုက်ပါသွားကြ၏။

လူအများအပြား ချက်ချင်းပင် ထိုပြဿနာကို နောက်မှလိုက်၍ ပွဲကြည့်ချင်ကြသော်လည်း ရထားဝန်ထမ်းများမှာ အားလုံးကို တားဆီးပိတ်ပင်လိုက်ကြသည်။

ရှီရှောင်ဝေ : "ကျုပ်သိတယ်၊ ကျုပ်သိတယ်... သူတို့ ထွက်သွားလည်း ပြဿနာမရှိဘူး၊ ကျုပ်ကတော့ ဆက်ပြောပြဦးမှာ..."

ကာယကံရှင်များ ထွက်ခွာသွားကြပြီ ဖြစ်သော်လည်း ရှီရှောင်ဝေမှာမူ အနားမယူဘဲ ဆက်လက်၍ အားပါးတရ အတင်းပြောနေတော့၏။

"ချဲယုံချန်းကို သိကြတယ်မလား... စက်မှုစက်ရုံက အလုပ်သမားခေါ်တုန်းက သူ စာမေးပွဲမအောင်ခဲ့ဘူး၊ အဲဒါကို အောင်တဲ့လူတွေကို ရန်ငြိုးဖွဲ့ထားတာ… အဲဒီတုန်းက သူ့အစ်ကိုက အလုပ်ရုံမှူးဆိုတော့ စာမေးပွဲအောင်တဲ့လူမှန်သမျှကို တမင်သက်သက် လိုက်ပြီး ပစ်မှတ်ထား နှိပ်ကွပ်တော့တာပဲ..."

"ဒါတင်မကသေးဘူးနော်... သူက သူ့မိန်းမကို ယောက္ခမအိမ်ဆီ လွှတ်ပြီး သူတို့ရဲ့ စုဆောင်းငွေတွေကို သွားတောင်းခိုင်းသေးတာ၊ အဲဒီမှာ မိသားစုနှစ်စုက အဆင်မပြေဖြစ်ပြီး ရန်ဖြစ်ကြတာ… ကျုပ်တို့အားလုံး သွားပြီး ပွဲကြည့်ခဲ့ကြသေးတယ်..."

"ဒါ့အပြင် ငါသိတာကတော့..."

...

ချန်ချင်းယွီသည် စိတ်ထဲမှ သက်ပြင်းချမိသည်။ ရှီရှောင်ဝေ၏ ဤကဲ့သို့သော "ကူညီပံ့ပိုးမှု" ကြောင့် ချဲညီအစ်ကိုတို့၏ လုပ်ရပ်ဆိုးများသည် ရထားလမ်းကြောင်းတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူသိရှင်ကြား ဖြစ်တော့မည့်ပုံပင်။

ယခင်၌ သူတို့သည် ဤအကြောင်းများ ထုံရှန်းအထိ ပျံ့နှံ့သွားလိမ့်မည်ဟု အမြဲပြောလေ့ရှိကြသော်လည်း... ယခုအခါတွင်မူ ထုံရှန်းရုံတင်မကဘဲ တိုင်းပြည်၏ ကျေးလက်တောရွာ ဇနပုပ်နေရာတိုင်းအထိ ရောက်ရှိသွားတော့မည် ဖြစ်သည်။

"ခံရတာ ထိုက်တန်ပါတယ်..."

ရှီရှောင်ဝေ လက်ဟန်ခြေဟန် အပြည့်ဖြင့် ဝင့်ကြွားစွာ အော်ဟစ်နေ၏။

သူ ကြည့်ရတာ တော်တော်လေး ပျော်နေပုံပဲ…

ချန်ချင်းယွီ စိတ်ထဲမှ မှတ်ချက်ချမိသည်။

ချိုက်မင်မင်လည်း ထပ်တူပင် ဇဝေဇဝါဖြစ်လျက် ခေါင်းကိုကုတ်ကာ ရိုးသားစွာ ချီးကျူးလိုက်မိ၏။

"သူကတော့ တကယ့်ကို ပါရမီရှင်ပဲ"

ချန်ချင်းယွီသည် ရှီရှောင်ဝေ ဖော်ထုတ်နေသည့် အကြောင်းအရာအားလုံးကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရဖူးသူ ဖြစ်သဖြင့် အထူးတလည် စိတ်ဝင်စားခြင်းမရှိဘဲ ထိုင်ခုံတွင် အေးဆေးစွာ ထိုင်လျက် အစားအစာများကိုသာ သုံးဆောင်နေတော့သည်။ သို့သော်လည်း ချိုက်မင်မင်မှာ ထိုသို့မဟုတ်ချေ။ သူမသည် ဝင်းထဲသို့ နောက်မှ ရောက်လာသူဖြစ်သဖြင့် အကြောင်းစုံကို မသိရှိရဘဲ ပုံမှန်အားဖြင့်လည်း မည်သူမှ ဤကိစ္စများကို ထုတ်ဖော်ပြောဆိုလေ့မရှိကြပေ။ထို့ကြောင့် သူမသည် အလွန်ပင် အရသာရှိရှိ နားထောင်နေမိပြီး ဤခရီးစဉ်မှာ ပို၍ပင် စိတ်ဝင်စားစရာကောင်းသည်ဟု ခံစားနေရ၏။

သူတို့၏ ရထားတွဲတစ်ခုလုံးသည် အတင်းအဖျင်း ကောလာဟလများဖြင့် ပြည့်နှက်နေသော အငွေ့အသက်များ လွှမ်းမိုးသွားခဲ့သည်။

လှည့်ပတ်ကြည့်လိုက်သည့်အခါတွင်မူ လူပင်လယ်ကြီးသဖွယ် ဖြစ်နေတော့၏...

ထိုစိတ်လှုပ်ရှားစရာ အတင်းအဖျင်းများကို နားထောင်ရန်အတွက် လူများမှာ သံဗူးထဲမှ ငါးသေတ္တာငါးများကဲ့သို့ပင် ကျပ်ညပ်ပိတ်ဆို့နေကြသည်။

လူတိုင်းကတော့ ပျော်ရွှင်နေတာပဲ…

တကယ်ကို ပျော်နေကြတာပါ…

All Chapters