တုနတ်ဝိဇ္ဇာဂိုဏ်းသို့ ရောက်လျှင် မဖြစ်မနေသွားလည်ရမည့် နေရာ
Vol. 9 Ch. 125
‘ ဒီတော့ အစ်ကိုနတ်မင်း..အဲ.. အစ်ကိုချန်ရှို့က အရင်တုန်းက ငါ့ကို ညှာခဲ့တာပေါ့ ’
တုနတ်ဝိဇ္ဇာဂိုဏ်းရှိ ဂိုဏ်းတွင်းပြိုင်ပွဲ စတင်ခဲ့သည့် နေ့က အောင်းရိထံတွင် ထိုအတွေးရှိနေခဲ့၏။
တုနတ်ဝိဇ္ဇာဂိုဏ်းမှ ဂိုဏ်းတွင်းပြိုင်ပွဲ(၁၆)ရက်မြောက်နေ့တွင် တပည့်(၁၀၈)ယောက်အတွင်းမှ (၃၆)ယောက်သာ နောက်တစ်ဆင့်သို့တက်ရမည့် ယှဉ်ပြိုင်ပွဲသည် ပြီးဆုံးခဲ့ပေပြီ။
အောင်းရိသည် လီချန်ရှို့ တိုက်ခိုက်ခြင်းကို အကြိမ်နှစ်ဆယ်ကျော် မြင်တွေ့ခဲ့ရ၏။ ဂရုတစိုက်လေ့လာပြီးနောက် သူသည် လီချန်ရှို့တွင် ရှိသော ထူးခြားသည့် အစွမ်းများကို သဘောပေါက်သွားလေတော့သည်။ သို့တည်းမဟုတ် လီချန်ရှို့၏ လွန်စွာပြောင်မြောက်သော အရည်အချင်းများဟုလည်း ပြောနိုင်ပေသည်။
ပထမဆုံးအနေဖြင့် အစ်ကိုချန်ရှို့၏ ကျင့်ကြံခြင်းအဆင့်သည် အခြေခိုင်၏။ သူ၏ ဓမ္မတန်ခိုးများသည်လည်း များပြား၏။ သူသည် သူ၏ ကျင့်ကြံခြင်းအဆင့်ထက် အနည်းငယ်မြင့်သော ချီကျင့်ကြံယူများနှင့် ရင်ဆိုင်ရသောအခါမှာပင် ဓမ္မတန်ခိုးကို များစွာ အသုံးပြုရသည့် အဆောင်မန္တန်အစီအရင်များကို အသုံးပြု၍ အန္တရာယ်များသောအခြေအနေတွင် အနိုင်ယူပြနိုင်လေသည်။
ဒုတိယအနေဖြင့် အစ်ကိုချန်ရှို့၏ မြေကိုယ်ရောင်ဖျောက်အတတ်သည် တုနတ်ဝိဇ္ဇာဂိုဏ်းမှ အခြားသူများ၏ မြေကိုယ်ယောင်ဖျောက်အတတ်နှင့်ယှဉ်လျှင် များစွာ ပို၍အဆင့်မြင့်၏။
အောင်းရိသည် မည်သည်ကြောင့်ဖြစ်ကြောင်း မသိသော်လည်း သူ၏ အစ်ကိုနတ်မင်း မြေကြီးအတွင်းသို့ဝင်သွားသောအခါတွင် ချောမွေ့သဘာဝကျသော်လည်း ဆန်းကြယ်သည့် တာအိုသင်္ကေတများ ပေါ်ထွက်လာသည်ကို မြင်ခဲ့ရ၏။
ထိုအခြင်းအရာသည် လေးစားအားကျဖွယ်ဖြစ်ပြီး ကြည့်၍လည်း တင့်လှပေသည်။ အစ်ကိုချန်ရှို့၏ မြေကိုယ်ယောင်ဖျောက်အတတ်သည်သာ အစစ်အမှန်ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ တုနတ်ဝိဇ္ဇာဂိုဏ်းမှ အခြားတပည့်များအသုံးပြုသော မြေကိုယ်ယောင်ဖျောက်အတတ်သည် သူတို့ကိုယ်သူတို့ မြေကြီးထဲမြှုပ်ရန် သုံးသော လှည့်ကွက်အသေးစားလေးများပင် ဖြစ်ပေလိမ့်မည်။ သူတို့သည် အစ်ကိုချန်ရှို့ကဲ့သို့ ဟန်ပန်မရှိပေ။
‘ အင်း... အမွှေးတိုင်ပူဇော်မှုကနေပြီး ကုသိုလ်ယူတဲ့ကိစ္စမှာ ပညာရှင်တစ်ဦးက အစ်ကိုချန်ရှို့ကို တာဝန်ပေးဖို့ ရွေးချယ်ရတာ ငါ မသိသေးတဲ့ ဒီလိုအကြောင်းတွေကြောင့် ဖြစ်ရမယ် ’
လွန်ခဲ့သည့်နှစ်ရက်အတွင်း အောင်းရိသည် အတန်ငယ် အကြံအိုက်နေ၏။
တုနတ်ဝိဇ္ဇာဂိုဏ်းမှ ဂိုဏ်းတွင်းပြိုင်ပွဲသည် ပြီးဆုံးတော့မည် ဖြစ်သည်။ မနက်ဖြန်သည် ပြိုင်ပွဲနောက်ဆုံးနေ့ဖြစ်ပြီး အခြားမှလာသည့် ဧည့်သည်များ ပြန်ရတော့မည့်နေ့ဖြစ်သည်။
အောင်းရိသည် အခြားသူများနှင့်အတူ တုနတ်ဝိဇ္ဇာဂိုဏ်းသို့ လိုက်ပါခဲ့ရခြင်းမှာ အခွင့်အရေးရှာ၍ အစ်ကိုချန်ရှို့နှင့် စကားပြောရန်ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်းသည် ဤနှစ်ပိုင်းအတွင်း၌ ချောမွေ့နေသော်လည်း သူ၏ မေတ္တာရေးရာတွင်မူ အတန်ငယ် ဂွတီးဂွကျ ဖြစ်နေ၏။ သူသည်လည်း နဂါးပျိုတစ်ကောင်ပင်ဖြစ်ရာ ချစ်မှုရေးရာများ ပွေပေလိမ့်မည်။
ထိုအခိုက်၌ အောင်းရိသည် ယခုတစ်ခေါက် တုနတ်ဝိဇ္ဇာဂိုဏ်းသို့ လာသည့်ခရီးတွင် အစ်ကိုချန်ရှို့နှင့်အတူ တာအိုတရားဆွေးနွေးရန်ပင် အချိန်ရပါမည်လောဟု မသိဖြစ်နေ၏။
“ ရှောင်ရိ... ”
အရှေ့မှနေ၍ ခေါ်သံတစ်သံ ထွက်ပေါ်လာ၏။
အောင်းရိသည် သူ၏ အတွေးများကို ရပ်လိုက်ပြီး ရှေ့သို့ ခြေနှစ်လှမ်းတိုးလိုက်၏။ သူသည် ပိန်ပိန်ပါးပါး တာအိုရသေ့ကြီးအနောက်တွင် ရပ်၍ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ ကျွန်တော်ရှိပါတယ် ဆရာဦးလေးချင်... ”
ထို ဆရာဦးလေးချင်ဆိုသူမှာ ရွှေနတ်လိပ်ကျွန်းမှ ချီကျင့်ကြံသူ ချင်ဝမ်ပင်။
သူသည် တန်ခိုးရှင် အရှင်လင်းပေါင်ထျန်းကျွမ်း၏ အမည်ခံတပည့်ဖြစ်၏။ သူ ရွှေနတ်လိပ်ကျွန်းသို့ ရောက်နေသည်မှာ ကြာပြီဖြစ်သည်။ သူသည် တန်ခိုးရှင်၏ တာအိုတရားများကို ကြားသိခဲ့ရပြီး သူ၏ ညီလေးအတွက် ကိုယ်စား ဒုက္ခခံပေးခဲ့၏။ သူသည် ရွှေနတ်လိပ်ကျွန်းမှ ချီကျင့်ကြံသူများအကြားတွင် နာမည်ကြီးလေသည်။
ထိုစဉ်က ချန်ကျောင်းတော်မှ အာကာသနတ်မင်း(၁၂)ပါးသည် ဗလာနတ္ထိကျောက်စိမ်းနန်းတော်မှ ထွက်လာပြီး အာဒိကပ္ပလောကတွင် ခြေချခဲ့၏။ သူတို့၏ နာမည်ဂုဏ်သတင်းသည် စကြဝဠာတိုက်တစ်သောင်းလုံးတွင် ကျော်ကြားခဲ့၏။ ရွှေနတ်လိပ်ကျွန်းမှ ချီကျင့်ကြံသူများသည်လည်း အညံ့မခံနိုင်ပေ။ ထို့ကြောင့် သူတို့သည် ကောင်းကင်ဧကရာဇ်ဆယ်ပါးဟူ၍ ပွဲထွက်ခဲ့၏။
သို့သော် သူတို့၏ ဂုဏ်သတင်းသည် အာကာသနတ်မင်း(၁၂)ပါးလောက် မကျော်ကြားလာပေ။ သူတို့၏ ကိုယ်ယောင်ကိုယ်ဝါနှင့် ကျင့်ကြံခြင်းအဆင့်သည်လည်း အာကာသနတ်မင်း(၁၂)ပါးနှင့် မယှဉ်နိုင်ချေ။ သို့သော် ကောင်းကင်ဧကရာဇ်ဆယ်ပါးသည်လည်း အထိုက်အလျောက်ကျော်ကြားပြီး ကျဲကျောင်းတော်မှ တန်ခိုးစွမ်းအားကြီးသော အုပ်စုအဖြစ် အသိအမှတ်ပြုခံရလေသည်။
ချင်ဝမ်သည် ထိုကောင်းကင်ဧကရာဇ်ဆယ်ပါးမှ ခေါင်းဆောင်ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်သည် မြင့်မား၏။ သူသည် နတ်ဆေးပညာနှင့် မန္တန်အစီအရင်အတတ်များတွင်လည်း ကျွမ်းကျင်လေသည်။ သူ့တွင် မိတ်ဆွေများစွာရှိပြီး ကျဲကျောင်းတော်တွင် ကျော်ကြားသူတစ်ဦးဖြစ်သည်။
ချင်ဝမ်သည် ယခုအခေါက် တုနတ်ဝိဇ္ဇာဂိုဏ်းသို့ လိုက်ရခဲ့ရခြင်းမှာ ရန်ကျောင်းတော်မှ သူများနှင့် မိတ်ဆွေဖွဲ့၍ ရွှေနတ်လိပ်ကျွန်းမှ ချီကျင့်ကြံသူများသည် ရန်ကျောင်းတော်ကို ပစ်မှတ်ထားနေခြင်းမဟုတ်ကြောင်း သူတို့ကိုပြသရန်ဖြစ်သည်။
‘ ရွှေနတ်လိပ်ကျွန်းက ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေနဲ့ မိတ်ဆွေဖွဲ့ချင်နေတယ်ဆိုတာကို ငါဘယ်လို ပြသရမလဲ ’
ချင်ဝမ်သည် တုနတ်ဝိဇ္ဇာဂိုဏ်းမှ ထိပ်သီးတပည့်သုံးဦးအတွက် လက်ဆောင်အချို့ပြင်ဆင်လာခဲ့၏။ သို့သော် ထိုမျှဖြင့် မလုံလောက်သေးဟု ချင်ဝမ်ခံစားနေရလေသည်။
ထို့ကြောင့် ချင်ဝမ်သည် အောင်းရိကို ခေါ်၍ နွေးနွေးထွေးထွေးပြောလိုက်ခြင်းပင်။
“ ဂိုဏ်းတွင်းပြိုင်ပွဲက ပြီးတော့မယ်။ ဒီမှာ မင်းတို့နဲ့ ရင်းနှီးတဲ့ မိတ်ဆွေကောင်းတချို့ရှိတယ်လို့ မင်းနဲ့ ဟန်ကျစ်ပြောဖူးတယ်မလား။ မင်းတို့ရဲ့ မိတ်ဆွေတွေကို သွားရှာပြီး ဒီကို လာဖို့ ဖိတ်ခေါ်လိုက်ပါ... ငါ သူတို့ကို ဆေးလုံးတချို့ လက်ဆောင်ပေးမယ်... ”
“ ရွှေနတ်လိပ်ကျွန်းက ချီကျင့်ကြံသူတွေက ယဉ်ကျေးမှုမရှိဘူးလို့ လူတွေပြောခံရမှာ ငါ မလိုလားဘူး ”
အောင်းရိသည် ထိုစကားကို ကြားလိုက်သောအခါ အတန်ငယ် ပြုံးသွား၏။
“ ခဏစောင့်ပါ ဆရာဦးလေး... သူတို့ကို သွားခေါ်ဖို့ တုနတ်ဝိဇ္ဇာဂိုဏ်းက တာဝန်ရှိသူတွေကို ကျွန်တော် သွားခွင့်တောင်းလိုက်ပါမယ်... ”
“ ဟန်ကျစ်... အစ်ကိုနဲ့ လိုက်ခဲ့မလား ”
ကုလားထိုင်ပေါ်တွင် ထိုင်နေသော မိန်းမပျိုလေး ဟန်ကျစ်သည် နောက်လှည့်၍ ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
အောင်းရိသည် ဟန်ကျစ်နှင့် တိမ်အတူစီးလိုသော်လည်း ဟန်ကျစ်သည် နောက်သို့ ခြေလှမ်းဝက်ဆုတ်၍ အောင်းရိကို အရင်တိမ်စီးရန် လက်ဟန်ပြလိုက်၏။ သူမသည် တိမ်တစ်အုပ်ကို သီးသန့်စီးကာ ဘေးမှ လိုက်လာခဲ့၏။
အောင်းရိနှင့် ဟန်ကျစ်တို့သည် တိမ်တစ်အုပ်စီ စီး၍ ကျောက်စိမ်းစင်မြင့်ပေါ်မှ ထွက်ခွာသွားသောအခါ အောင်းရိ၏ အကြည့်များသည် မှိုင်းညို့သွား၏။
ချင်ဝမ်သည် ထိုအခြင်းအရာများကို အစအဆုံးမြင်လိုက်သဖြင့် ပြုံး၍ ခေါင်းခါယမ်းလိုက်လေသည်။ မည်သည့်စကားမှတော့ မဆိုလိုက်ပေ။
တပည့်ငယ်များသည် အရေးမပါသော ကိစ္စများကို လုပ်လိုသည်မှာ ဓမ္မတာပင်။
အောင်းရိနှင့် ဟန်ကျစ်တို့သည် တုနတ်ဝိဇ္ဇာဂိုဏ်း၏ အကြီးအကဲတစ်ဦးထံမှ ခွင့်ပြုချက်ရခဲ့၏။ ယခင်တစ်ခေါက်က အောင်းရိကို ချုံတောင်လေးသို့ ခေါ်ပေးသွားသည့် ကျိုးဝူသည်ပင် သူတို့ကိုဦးဆောင်၍ တောင်ကြားအတွင်းသို့ ပျံသန်းသွားကာ လီချန်ရှို့ကို ရှာလိုက်ကြ၏။
အောင်းရိက ပြောလိုက်၏။
“ အစ်ကိုချန်ရှို့... ကျွန်တော့်ရဲ့ ဆရာဦးလေးချင်က အစ်ကိုနဲ့တွေ့ချင်လို့တဲ့ ”
လီချန်ရှို့ ပြုံးလိုက်၏။
အကယ်၍ သူသာ လေလှိုင်းအသံဖမ်းအတတ်ကို သုံး၍မနေပါက အောင်းရိပြောသည့် စကားကို ကြားလိုက်သောအခါတွင် ရွှေနတ်လိပ်ကျွန်းမှ အာကာသနတ်မင်းသည် သူ့ကို လက်ဆောင်ပေးချင်နေသည်ဟု ထင်မည်ဟုတ်ဘဲ သူ၏ ဖုံးကွယ်ထားမှုများ ပေါ်သွားပေပြီဟုသာ ထင်မိမည်ဖြစ်သည်။
လီချန်ရှို့ စိတ်ပျက်သွား၏။
လင်းအယ် ရုတ်ခြည်း ဉာဏ်အလင်းပွင့်သွားပြီး သူမ၏ ကျင့်ကြံခြင်းအဆင့် အစစ်အမှန်ပေါ်သွားမှုကြောင့် ချုံတောင်လေးကို အာရုံစိုက်နေသည့်သူ များနေခဲ့လေသည်။ ယခုတွင် သူတို့အပေါ် အာရုံစိုက်မှုများ လျော့ကျလာပြီဖြစ်သော်လည်း အောင်းရိနှင့် ဟန်ကျစ်တို့က လာခေါ်ပြန်ပေပြီ။
အခြားတပည့်များသည် လွန်ခဲ့သည့် ရက်ပိုင်းအတွင်း၌ သူနှင့် လင်းအယ်တို့ကို စိတ်ဝင်စားသော အကြည့်များဖြင့် မပြတ်ကြည့်နေခဲ့ကြ၏။ ထိုအခိုက်တွင် သူသည် ထိုကဲ့သို့သော အသေးအဖွဲကိစ္စများကို အာရုံစိုက်မနေနိုင်တော့ပေ။
လီချန်ရှို့သည် ခေတ္တမျှတွေးတောဟန်ပြုလိုက်ပြီး တမင်ပင် မေးလိုက်၏။
“ ညီလေးရိ... ညီလေးရဲ့ ဆရာဦးလေးက အစ်ကို့ကို ဘာလို့တွေ့ချင်တာတဲ့လဲ... ”
“ ဒါက... ”
အောင်းရိသည် ခေတ္တမျှတွေးတောပြီးနောက် သူ၏ဆရာဦးလေးသည် လက်ဆောင်အချို့ပေးလို၍သာ ဖြစ်ကြောင်း ပြန်ဖြေလိုက်လေသည်။
လီချန်ရှို့သည် ထိုဖိတ်ခေါ်ချက်ကို ငြင်းရန် သင့်တော်သော အကြောင်းပြချက်တစ်ခု တွေ့သွား၏။ ထို့နောက် သူသည် သူ၏ဘေးရှိ ကြင်နာတတ်သောနှလုံးသားရှိပြီး ရိုးသားသော ဆရာဒေါ်လေးနှင့် ညီမလေးကို ကြည့်လိုက်သည်။
ခေတ္တကြာပြီးနောက် ကျိုးဝူနှင့် ဟန်ကျစ်တို့သည် လင်းအယ်နှင့် ကျိုးကျိုးကို ချင်ဝမ်ထံမှ လက်ဆောင်ယူရန် ခေါ်ဆောင်သွားလေတော့သည်။ ဘေးမှ ပျံသန်းနေသော ကျိုးဝူ၏ မျက်နှာထားသည် မအီမလည်ဖြစ်နေ၏။
သူတွေးလိုက်သည်။
‘ တူလေးချန်ရှို့က ဘာလဲဟ။ အာကာသနတ်မင်းအိုကြီးကပေးမယ့် လက်ဆောင်ကိုတောင် ဂရုမစိုက်ဘူးပေါ့လေ... ’
ချင်ဝမ်၏ မျက်နှာပေါ်တွင် သဘောမနောကောင်းသော အပြုံးတစ်ခုပေါ်လာ၏။ သူသည် နတ်ဆေးလုံးပုလင်းအချို့ကို ထုတ်၍ လင်းအယ်နှင့် ကျိုးကျိုးကို ပေးလိုက်၏။ ထို့နောက်သူသည် ရွှေနတ်လိပ်ကျွန်းမှ ချီကျင့်ကြံသူများကိုယ်စား သူမတို့ကို အားပေးစကားအနည်းငယ်ပြောလိုက်ပြီး သူတို့၏ ဖော်ရွေမှုကို ဖော်ပြလိုက်လေသည်။
ကျောင်းတော်သုံးကျောင်းသည် မိသားစုတစ်ခုပင်။
လင်းအယ်နှင့် ကျိုးကျိုးသည် သူ့ကို တညီတညွတ် ကျေးဇူးတင်လိုက်ကြ၏။ တန်ခိုးစွမ်းအားကြီးသူများ၏ အရှေ့တွင်မူ ကျိုးကျိုးသည် မခုတ်တတ်သည့်ကြောင်ကလေးသဖွယ်ပင်။
ထို့နောက် ချင်ဝမ်သည် ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။ ကျိုးဝူသည် ချက်ချင်းပင် သဘောပေါက်သွားပြီး သူမတို့နှစ်ဦးကို ခေါ်ကာ ပြန်ထွက်သွားလိုက်လေ၏။
“ ဟန်ကျစ်... အောင်းရိက ဘာလို့ ပြန်လိုက်မလာတာလဲ ”
ဟန်ကျစ်က အလျင်အမြန်ပင် ပြန်ဖြေလိုက်၏။
“ အစ်ကိုအောင်းရိက သူ့ရဲ့ သူငယ်ချင်းလီချန်ရှို့နဲ့ စကားပြောနေပါတယ်။ သူ မကြာခင် ပြန်လာပါလိမ့်မယ် ”
“ အစ်ကိုလီချန်ရှို့က ဒီနေ့ မယှဉ်ပြိုင်ရသေးပါဘူး... သူ ဒီကိုလာနေရင် သူ့ရဲ့ယှဉ်ပြိုင်ပွဲကို လွတ်သွားမှာစိုးလို့ပါတဲ့။ ဒါကြောင့် သူက တခြားသူတွေနဲ့ အတူလိုက်မလာတာပါ... ”
ချင်ဝမ် ခပ်ဖြည်းဖြည်း ခေါင်းညိတ်လိုက်သည်။ သူသည် သူ၏ နတ်အာရုံကို သုံး၍ အာရုံခံကြည့်လိုက်ရာ ရန်ကျောင်းတော်မှ တပည့်တစ်ဦးနှင့် စကားပြောနေသော အောင်းရိကို တွေ့လိုက်ရ၏။ သူဆက်၍ အာရုံခံမနေတော့ပေ။
ချင်ဝမ်အတွက် ထိုအရာသည် အသေးအဖွဲကိစ္စသာ ဖြစ်သည်။
သို့ရာတွင် ထိုအတွေး သူ၏ခေါင်းထဲဝင်လာသောအခါတွင် ချင်ဝမ် တစ်စုံတစ်ခုကို အမှတ်ရသွား၏။ သူသည် နောက်သို့လှည့်၍ သူ၏နောက်တွင် ထိုင်နေသော ဟန်ကျစ်ကို ကြည့်လိုက်သည်။
သူပြုံး၍ ပြောလိုက်၏။
“ ရှောင်ရိတစ်ယောက် အရင်တစ်ခေါက် တုနတ်ဝိဇ္ဇာဂိုဏ်းကို လာတုန်းက လက်ရည်စမ်းတဲ့ပွဲမှာ ရှုံးခဲ့တယ်လို့ ငါကြားတယ်။ သူ ဘယ်သူနဲ့ လက်ရည်စမ်းခဲ့တာလဲ ”
ဟန်ကျစ်က နူးညံ့စွာ ပြောလိုက်၏။
“ အစ်ကို လီချန်ရှို့နဲ့ပါ ”
“ ေဩာ်... ”
ချင်ဝမ်ပြောလိုက်သည်။
“ သူတို့နှစ်ယောက်က လက်ရည်စမ်းပွဲပြီးတော့ ရင်းနှီးသွားကြတာလား ”
“ ဟုတ်ပါတယ်...အဲ့လိုပါ ”
ဟန်ကျစ်ပြုံး၍ ပြောလိုက်၏။
“ အစ်ကိုချန်ရှို့အကြောင်း အစ်ကိုအောင်းရိ အမြဲပြောနေတာ သမီးကြားဖူးပါတယ်။ အစ်ကိုချန်ရှို့က တော်တော်လေး အရည်အချင်းရှိတဲ့ သူတစ်ယောက်ပါ။ သူက နတ်ဝိဇ္ဇာအဖြစ် မတက်လှမ်းရသေးပေမယ့် ဆက်စပ်မန္တန်အစီအရင်တွေ ဆင်တဲ့နေရာမှာတော့ တော်တော်ကျွမ်းကျင်ပါတယ်။ သမီးရဲ့ ဆရာတောင် သူ့ရဲ့ မန္တန်အစီအရင်ထဲမှာ ပိတ်မိနေခဲ့သေးတယ်... ”
ဟန်ကျစ်၏ မျက်နှာထားသည် အတန်ငယ် သုန်မှုန်သွား၏။ သူမ၏ အဖြစ်ဆိုးသောဆရာ့အကြောင်းကို တွေးမိသွားခြင်းကြောင့်ပင်။ သူမ၏ ဆရာသည် ယခုဘဝတွင် မည်သည့် ကျားသစ်နက်အုပ်စုတွင် ပြန်လည်မွေးဖွားခဲ့သည်၊ မည်သို့ အစာရှာဖွေစားသောက်နေသည်တို့ကို သူမ မသိပေ။
ချင်ဝမ်သည် ဟန်ကျစ်ကို နှစ်သိမ့်လိုက်ပြီး အတန်ကြာတွေးတောနေ၏။ သူ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု၊ စိတ်ဝင်စားမှုများနှင့် ပြည့်နှက်နေပေသည်။
‘ သူက နတ်ဝိဇ္ဇာမဖြစ်သေးတာတောင် သူဆင်တဲ့ မန္တန်အစီအရင်က ကောင်းကင်နတ်မင်းတစ်ပါးကိုတောင် ပိတ်မိနေစေတယ်ပေါ့လေ... ’
ကောင်းကင်ဧကရာဇ်ချင်သည် သူအလိုရှိရာကို လုပ်တတ်သော စိတ်မြန်လက်မြန်ရှိသည့် လူတစ်လောက်ဖြစ်သည်။
သူထရပ်လိုက်ပြီး ဘေးသို့လျှောက်သွားလိုက်၏။ သူသည် တုနတ်ဝိဇ္ဇာဂိုဏ်းမှ ကောင်းကင်နတ်မင်းအဆင့်ရှိသော အကြီးအကဲတစ်ဦးကို စကားအနည်းငယ် ပြောလိုက်၏။
အကြီးအကဲသည် ထိုကိစ္စကို ဂိုဏ်းချုပ်ထံ ချက်ချင်းတင်ပြလိုက်သည်။ ဂိုဏ်းချုပ်ဝူယုံသည် သဘောတူလိုက်ပြီး လိုအပ်သည်များကို မှာကြားလိုက်၏။
သို့ရာတွင် ချင်ဝမ်စတင်လှုပ်ရှားလိုက်သည်နှင့် လဝက်ခန့် ပျင်းရိနေသော ရွှေနတ်လိပ်ကျွန်းမှ ချီကျင့်ကြံသူများသည်လည်း ထရပ်လိုက်ပြီး သူတို့သည်လည်း ချုံတောင်လေးသို့ သွား၍ ကြည့်ရှုလေ့လာမည် ဖြစ်ကြောင်း ပြောလိုက်လေသည်။
တုနတ်ဝိဇ္ဇာဂိုဏ်း၌ စိတ်ဝင်စားဖွယ်နေရာရှိကြောင်း ကြားလိုက်ရသောအခါ ရန်ကျောင်းတော်မှ ပညာရှင်များနှင့် တပည့်အချို့သည်လည်း စိတ်ဝင်စားသွားကြ၏။
ထို့ကြောင့် အောင်းရိနှင့် ကဗျာအကြောင်း၊ ဒဿနများအကြောင်း ပြောဆိုနေသော လီချန်ရှို့သည် လေလှိုင်းအသံဖမ်းအတတ်ကို တချိန်လုံးအသုံးပြုနေသည်ဖြစ်ရာ ထိုအကြောင်းကို ကြားလိုက်ရ၏။ သူ၏နှလုံးသားသည် အတန်ငယ် တန်လှုပ်သွားလေသည်။
သူသည် ယနေ့တွင် ထိုကိစ္စကို ရှောင်လွှဲ၍ မရတော့ကြောင်း သိသွားတော့၏။
‘ ဒီ နာမည်ကြီး ကောင်းကင်ဧကရာဇ်ဆယ်ပါးကလည်း အဆိပ်ပြင်းတာပါပဲလား... ’
‘ သူတို့က အာဒိကပ္ပလောကရဲ့ ဂုဏ်သရေရှိ အာကာသနတ်မင်းဖြစ်နေပြီးတော့များ တပည့်ငယ်လေးတစ်ယောက်နဲ့ ပြိုင်ချင်နေသေးတယ်... ’
‘ သူ့မှာ အကြံအစဉ်တစ်ခုခုများ ရှိနေလို့လား... ’
လီချန်ရှို့ တွေးတောနေစဉ်မှာပင် ကျိုးဝူသည် ပျံသန်း၍ ခပ်သုတ်သုတ်ရောက်လာ၏။
ကျောက်စိမ်းစင်မြင့်ဘေးတွင် လူတစ်ဒါဇင်ခန့်သည် တိမ်စီး၍ ချုံတောင်လေးဆီသို့ ဖြည်းဖြည်းချင်း ပျံသန်းသွားကြလေသည်။
တောင်ကြားအတွင်းမှ တောင်စောင်းတစ်နေရာတွင် ကျိုးဝူသည် လီချန်ရှို့၏ လက်ကိုဆွဲ၍ အော်ပြောလိုက်၏။
“ ရှင်းပြနေဖို့ အချိန်မရှိတော့ဘူး။ မြန်မြန် ငါ့အနောက်က လိုက်ခဲ့။ အစ်ကိုတွေနဲ့ ပညာရှင်တွေ တစ်အုပ် မင်းရဲ့ ဆက်စပ်မန္တန်အစီအရင်ဆီ သွားနေပြီ ”
လီချန်ရှို့သည် အံ့အားသင့်သွားသည့် အသွင်ဆောင်လိုက်ပြီး စိတ်ထဲမှ ရေရွတ်လိုက်သည်။
‘ တကယ်လို့ ဒီကိစ္စကြောင့် ငါ့ရဲ့ မန္တန်အစီအရင်အကြောင်းတွေ ပေါ်သွားရင်တော့ ငါနဲ့ ကောင်းကင်ဧကရာဇ်ဆယ်ပါးရဲ့ ကြားမှာ ကမ္မနှောင်ကြိုးတွေ ဖြစ်လာတော့မှာပဲ ’
“ ဆရာဦးလေး... ကျွန်တော် ပြိုင်ပွဲမှာ ဝင်ပြိုင်ရဦးမယ်လေ... ”
တာအိုရသေ့ဂျပုသည် စိတ်မရှည်မဟန်ဖြင့် ပြန်ပြော၏။
“ ကျန်တဲ့ နောက်နှစ်ပွဲလည်း မင်းပဲ နိုင်မှာပါပဲကွာ။ အဲ့လူတွေကိစ္စကို မင်းဖြေရှင်းပြီးသွားရင် ပြန်လာပြီး ပြန်ပြိုင်လို့ ရတာပဲ။ အဲ့လူတွေက အာကာသနတ်မင်းတွေ၊ ကောင်းကင်နတ်မင်းတွေနော်... ဒီတစ်ခေါက်တော့ မင်းနာမည်ကြီးလာတော့မှာပဲ... ”
လီချန်ရှို့ ဆွံ့အသွားသည်။
သူသည် စိတ်ထဲမှနေ၍ ရန်ကျောင်းတော်မှ ကျမ်းစာများတွင် မရှိသော ဆဲနည်းများဖြင့် ဆဲလိုက်၏။
****
ထိုတချိန်တည်းမှာပင် အလယ်ကျွန်းပေါ်တွင်ရှိသော ကောင်းကင်ဘုံ ကိုးထပ်တွင် ကောင်လေးနှစ်ဦးသည် ယွဲ့လောင်နန်းတော်အပြင်ဘက်၌ ရိုရိုကျိုးကျိုးထိုင်၍ သစ်သားပြားလေးနှစ်ခုကို ထောင်နေကြ၏။
လက်ဝဲဘက်မှ သစ်သားပြားပေါ်တွင် အောက်ပါစာများကို ရေးသားထား၏။
“ ဤနေရာကို ကောင်းကင်တာအို စောင့်ရှောက်ပါစေ ”
လက်ယာဘက်ရှိ သစ်သားပြားပေါ်တွင်မူ...
“ ကျွန်တော် နတ်သဘင်အစည်းအဝေးကို သွားပါတယ် ” ဟုရေးသားထားလေသည်။
ထိုနေ့သည် လင်းရှောင်ရတနာခန်းမတွင် နတ်သဘင်အစည်းအဝေးကျင်းပသည့်နေ့ဖြစ်သည်။ ထိုနတ်သဘင်အစည်းအဝေးကို ကောင်းကင်ဘုံခုံရုံး၌ ဆယ်နှစ်လျှင် တစ်ကြိမ်ကျင်းပလေသည်။ နတ်ဝိဇ္ဇာများ၊ နတ်မင်းများသည် ကောင်းကင်ဘုံ အဋ္ဌမအထပ်တွင်ရှိသော လင်းရှောင်ရတနာခန်းမတွင် စုဝေးကြ၏။
ကောင်းကင်ဘုံခုံရုံးများသည်ပင် ကုသိုလ်ဓမ္မရတနာကြီးတစ်ခုဖြစ်၏။ ထိုလင်းရှောင်ရတနာခန်းမသည် ထိုဓမ္မရတနာကြီး၏ ကျောရိုးပင်။ ထိုခန်းမဆောင်ကို တန်ခိုးရှင်အများအပြားက တည်ဆောက်ခဲ့ခြင်းပင်။
ခန်းမကြီးသည် ကြီးကျယ်ခမ်းနားလှပေသည်။ ခန်းမအတွင်းရှိ ရာဇပလ္လင်ကြီးပေါ်တွင် ထိုင်နေသော လောကသုံးပါး၏ဧကရာဇ်သည် လွန်စွာ စိတ်ရှုပ်ထွေးနေ၏။
သူသည် လောကသုံးပါး၏ ဧကရာဇ်ဖြစ်သော်လည်း အမည်ခံမျှသာဖြစ်သည်။ လက်ရှိတွင် သူသည် တာအိုဂိုဏ်းများ၏ ဆရာဦးလေးအဆင့်သာ ရှိလေသည်။
ကျွန်းငါးကျွန်းမှာပင် အာဏာမတည်နိုင်သေးလျှင် အဘယ်သို့ သမုဒ္ဒရာလေးစင်းတွင် အုပ်စိုးနိုင်ပေမည်နည်း။
စကြဝဠာတိုက်တစ်သောင်းလုံးတွင် တန်ခိုးရှင်ခြောက်ပါးသည်သာ ဂုဏ်သတင်းကျော်ကြားကြ၏။ လူအနည်းစုသာ အရှိန်အဝါမရှိသေးသော တည်ထောင်ခါစ ကောင်းကင်ဘုံခုံရုံးများကို အရေးစိုက်လေသည်။
မှန်ရာကို ဆိုရလျှင် ပလ္လင်ပေါ်တွင်ထိုင်နေသော အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ငယ်ရွယ်သော ကျောက်စိမ်းဧကရာဇ်ယွီသည် မကြာခဏ သူ့ကိုယ်သူပင် ပြန်၍ လှောင်တတ်၏။ သူသည် တာအိုဘိုးဘေးအိုကြီးထံသို့ ပြန်သွား၍သာ လက်တိုလက်တောင်း လုပ်နေသင့်ပေသည်။
ယနေ့အစည်းအဝေးတွင် နတ်ဝိဇ္ဇာများ၏ အရှေ့တွင် ထားပေးထားသော ခုံသည် လွတ်နေပေသည်။ ထိုခုံသည် အရှင်ထိုက်စန့်လောင်ကျွင်း၏ ထိုင်ခုံပင်။ သို့သော် ကိစ္စကြီးများ မရှိလျှင် ထိုတန်ခိုးရှင်သည် အစည်းအဝေးတက်လေ့မရှိပေ။ ထို့ပြင် ကောင်းကင်ဘုံခုံရုံးများရှိ နတ်မင်းများ၏ ခုံများသည် အများအားဖြင့် လွတ်နေတတ်သော်လည်း အခြား နတ်ဝိဇ္ဇာများနှင့် နတ်မင်းများသည် လေးတန်း တန်း၍ စနစ်တကျ ရပ်နေကြလေသည်။
သူသည် ကောင်းကင်ဘုံခုံရုံးများ၏ ဂုဏ်သိက္ခာမာန်မာနကို ထည့်၍ တွက်ရမည်ဖြစ်၏။
လဘိုးဘိုးသည် မင်္ဂလာကိစ္စများကို တာဝန်ယူရသော တရားဝင်နတ်မင်းတစ်ပါးပင်။ သူ၏ ကျင့်ကြံခြင်းအဆင့်သည် နိမ့်ကျသော်လည်း သူသည် ရှေ့သို့အတန်ငယ် ထွက်၍ ရပ်နေ၏။
သို့သော် ထိုအဘိုးကြီးသည် မည်သည့်အခါကမှ အလွယ်တကူ စကားဝင်မပြောခဲ့ဖူးပေ။ သူသည် ဘေးတွင်ရပ်၍သာ နားထောင်ရုံသာ နားထောင်နေခဲ့သည်ချည်းဖြစ်သည်။
ထုံးစံအတိုင်းပင် လဘိုးဘိုးသည် ခေါင်းငုံ့၍ အခြားသူများ တရားဝင်တင်ပြသည့် အသေးအဖွဲကိစ္စများကိုသာ နားထောင်နေလေသည်။
ကောင်းကင်ဘုံခုံရုံးများ၏ အာဏာစက်သည် လောကသုံးပါးတွင် မလွှမ်းမိုးနိုင်သေးပေ။ ထို့ကြောင့် သူတို့တွင် လုပ်စရာအလုပ်များ သိပ်မရှိချေ။
သူတို့သည် “ အလုပ်ကြိုးစား၍ အမြော်အမြင်ကြီးသော ” ဧကရာဇ်၏အရှေ့တွင် ကြီးကျယ်သော အလုပ်များကို လုပ်နေရသကဲ့သို့ “ အကောင်းဆုံးကြိုးစား ”နေဟန် သရုပ်ဆောင်နေကြခြင်းပင်။
သို့သော် ပလ္လင်ပေါ်တွင် ထိုင်နေသော ဧကရာဇ်သည် စိတ်ကျေနပ်မှုမရှိကြောင်း ထင်ရှားပေသည်။
“ အဆွေနတ်မင်းတို့... ”
ဝတ်ရုံဖြူနှင့်လူငယ်၏ မျက်လုံးများသည် အတန်ငယ် မှေးသွား၏။ သူသည် သူ့အရှေ့ရှိ ကျောက်စိမ်းပြားကို ကြည့်၍ တည်တည်ငြိမ်ငြိမ်ပြောလိုက်၏။ သူ၏ အသံသည် ခန်းမအတွင်း ပဲ့တင်ထပ်သွားလေသည်။
“ စစ်သူကြီးတုံမုပြောခဲ့သလိုပဲ လက်ရှိ ကျွန်းငါးကျွန်းစလုံးမှာ ဘုံကျောင်းတွေ ထိန်းမနိုင်သိမ်းမရ ပေါ်ပေါက်နေတယ်။ တရားမဝင်နတ်မင်းတွေကို ကိုးကွယ်တာက မဖြစ်သင့်တဲ့အရာပဲ။ လက်ရှိမှာ ကောင်းကင်ဘုံခုံရုံးတွေက အင်အားနည်းနေသေးတယ်ဆိုပေမယ့် မထီမဲ့မြင်ပြုတာကိုတော့ လက်ခံပေးလို့မရဘူး။ ဒါပေမဲ့ ကျုပ်အနေနဲ့ အဲ့တရားမဝင်နတ်မင်းတွေကို ကောင်းကင်ဘုံခုံရုံးလက်အောက်ဝင်လာအောင် စည်းရုံးပြီး သူတို့ကို တရားဝင်နတ်မင်းရာထူးပေးဖို့ မသင့်တော်ဘူးလို့ ကျုပ်ခံစားရတယ်။ အဲဒါက ကောင်းကင်ဘုံခုံရုံးရဲ့ အာဏာကို စော်ကားလိုက်သလို ဖြစ်သွားမှာပဲ။ အဲ့ကိစ္စနဲ့ပတ်သတ်ပြီး နတ်မင်းတွေမှာရော ဘယ်လို အကြံကောင်း၊ ဉာဏ်ကောင်းတွေများ ရှိကြလဲ ”
***