အခန်း ၄၀၈
Vol. 41 Ch. 408
အခန်း။ ၄၀၈
ရှူး
ချန်ကျီရှင်း၏ မြင်ကွင်းမှာ တဖြည်းဖြည်း မှောင်မိုက်သွားပြီး အာကာသနယ်ပယ်မှာ ဒီရေလှိုင်းကဲ့သို့ သူ့ဆီသို့ လှိမ့်ဝင်လာသည်။ သူ မျက်လုံးပြန်ဖွင့်လိုက်သောအခါ ခန်းမ၏ အလယ်ဗဟိုသို့ ရောက်နေပြီ ဖြစ်သည်။ ခန်းမအလယ်တွင် သုံးပေအမြင့်ရှိသော အဖြူရောင် ကျောက်ရုပ်တုတစ်ခု စိုက်ထူထားသည်။
ကျောက်ရုပ်တုမှာ အသက်ဝင်လှပပြီး လမင်းဆီသို့ ပျံသန်းနေသည့် အမျိုးသမီးပုံစံ ဖြစ်သည်။ သူမ၏ အဝတ်စများမှာ အောက်သို့ တွဲလောင်းကျနေပြီး မေးရိုးချွန်ချွန်၊ မှိတ်ထားသော မျက်လုံးများနှင့် နဖူးအလယ်တွင် စိန်ပုံသဏ္ဍာန် ပုံဆောင်ခဲ အမှတ်အသားတစ်ခု ပါရှိသည်။
"ဒါက ဘာလဲ"
ချန်ကျီရှင်း မျက်မှောင်ကြုတ်လိုက်သည်။
"ကျွန်တော် ထင်တာသာ မှန်ရင် ဒါဟာ မျိုးဆက်ဦး ဆီးနှင်းနတ်ဆိုးမယ်ဖြစ်လိမ့်မယ်။ ဆီးနှင်းနတ်ဆိုးတွေဟာ ကောင်းကင်နဲ့ မြေကြီးကနေ ဖြစ်လာတဲ့ မျိုးကွဲတွေလို့ ဆိုကြပေမဲ့ အမြစ်ကို ပြန်ခြေရာခံလိုက်ရင် သူတို့က လူသားတွေကနေတဆင့် ဆင့်ကဲပြောင်းလဲလာတာပဲ"
ဓားဝိညာဉ် ချင်းကျီ၏ အသံမှာ ချန်ကျီရှင်း၏ စိတ်ထဲတွင် ပေါ်လာသည်။
"ရှေးခေတ်တုန်းက ရဲတိုက်နီလို့ ခေါ်တဲ့ သန့်စင်သောမြေတစ်ခု ရှိခဲ့တယ်။ နောက်ပိုင်းမှာ ရဲတိုက်နီ သူတော်စင်မလေးက ကံကြမ္မာဆိုးနဲ့ ကြုံပြီး ရေခဲပြင် လွင်ပြင်ရဲ့ အနက်ရှိုင်းဆုံးနေရာကို ထွက်ပြေးခဲ့ရတယ်။ နောက်ဆုံးမှာတော့ သူမ ပြန်ပေါ်လာတဲ့အခါ ဆီးနှင်းနတ်ဆိုးမယ်အဖြစ် ပြောင်းလဲသွားတယ်လို့ ပြောကြတယ်"
"အဲဒီလိုလား..."
ချန်ကျီရှင်းက စဉ်းစားဟန်ဖြင့် ခေါင်းညိတ်သည်။
ဒီတစ်ခါ ချင်းကျီကို ခေါ်လာခဲ့မိတာ တကယ်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ။ သူက အရာရာတိုင်းကို သိနေတဲ့ စွယ်စုံကျမ်းငယ်လေးလိုပဲ။
"ဒီ စမ်းသပ်မှုကို ဘယ်လို ဖောက်ထွက်ရမလဲ"
ချန်ကျီရှင်း မျက်မှောင်ကြုတ်ကာ ကျောက်ရုပ်တုကို စေ့စေ့ကြည့်သည်။ ခန်းမထဲသို့ ဝင်လာပြီးကတည်းက ရုပ်တုမှလွဲ၍ ဘာမှမရှိချေ။
ကတိပေးထားတဲ့ ဘိုးဘေးမြေ စမ်းသပ်ချက်ဆိုတာ ဘယ်ရောက်သွားတာလဲ။ ရုပ်တုကိုပဲ မျက်လုံးကြီး ပြူးပြီး ငါက စိုက်ကြည့်နေရမှာလား။
"ဂိုဏ်းချုပ်... လူတွေ ခေါ်တဲ့ ဘိုးဘေးမြေ စမ်းသပ်ချက်ဆိုတာ အမွေခံတဲ့ သဘောမျိုးပါ။ စမ်းသပ်မှုဆိုတာ အမွေခံကို ရွေးချယ်ဖို့ ကျန်ရစ်ခဲ့တဲ့ နည်းလမ်းတစ်ခုပဲ။ ဒီရုပ်တုထဲမှာ စမ်းသပ်မှု ပုန်းကွယ်နေမှာပါ။ ဂိုဏ်းချုပ် ဖြည်းဖြည်းချင်း လေ့လာကြည့်ရင် အဖြေကို တွေ့မှာပါ"
ဓားဝိညာဉ် ချင်းကျီက ယုံကြည်ချက်ရှိရှိ ပြောသည်။
"ဒါဆိုရင်တော့..."
ချန်ကျီရှင်း အသက်ကို ပြင်းပြင်းရှူကာ လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ သူ၏ အကြည့်မှာ ရုပ်တုဆီသို့ ရောက်သွားကာ သူ၏ ခန္ဓာကိုယ်အလယ်ဗဟိုမှ ပရမ်းပတာစွမ်းအားများ တက်ကြွလာသည်။
"ဒါဆိုရင်တော့ ဒါကို ခွဲပစ်လိုက်ရုံပဲ"
...
...
တစ်ဖက်တွင်မူ ရေခဲပြင် လွင်ပြင်ရှိ ကျောက်နန်းတော် နောက်ဘက်တောင်ထိပ်တွင် ဆီးနှင်းနတ်ဆိုးများနှင့် ဇီဝေချန်မျိုးနွယ်စုဝင်များ ရောနှောကာ ဘုရားကျောင်းငါးခုကို ငေးကြည့်နေကြသည်။ သုံးရက်ကြာပြီးနောက် အရင်က ရန်သူများ ဖြစ်ခဲ့ကြသော အုပ်စုနှစ်ခုမှာ အံ့ဩစရာကောင်းလောက်အောင် ရင်းနှီးသွားကြသည်။
"အကြီးအကဲမဟူရာ... အပြင်လောကက တကယ်ပဲ စိတ်ဝင်စားဖို့ ကောင်းလား ကျွန်တော်တို့လို ကျင့်စဉ်ရှိတဲ့သူတွေ အပြင်ထွက်ရင် မိန်းကလေးတွေ ဝိုင်းအုံကြမှာလား"
"ပေါ့ပေါ့ပါးပါးပဲနေပါ ညီလေးရှူယင်ရယ် ဒီ ရေခဲပြင် လွင်ပြင်မှာပဲ နေနေရင် အပြင်လောကရဲ့ အရသာကို ဘယ်သိမလဲ။ မင်းလို ခပ်ချောချောနဲ့ ကျင့်စဉ် အားကောင်းတဲ့သူဆိုရင် အပြင်
ထွက်တာနဲ့ မိန်းကလေးတွေက မင်းနောက်ကို ပျားလို ဝိုင်းအုံလာကြမှာပဲ"
"အို... တကယ်လား"
ရှူယင်၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားသည်။
ဆီးနှင်းနတ်ဆိုးဘုရင်မမှာ ရှေ့တွင် ရပ်နေရင်း မျက်နှာမှာ ပိုမိုမှောင်မိုက်လာပြီး မျက်ခွံများ တဆတ်ဆတ် ခုန်လာသည်။
"တော်ကြတော့"
ဘုရင်မမှာ မအောင့်နိုင်တော့ဘဲ အော်ဟစ်လိုက်သည်။
"ဒီမှာ မဟုတ်ကဟုတ်ကတွေ လျှောက်မပြောကြနဲ့ အပြင်လောကရဲ့ မကောင်းတဲ့ အကျင့်တွေကို ငါ့ရဲ့ ရေခဲပြင် လွင်ပြင်ဆီ မယူလာကြနဲ့"
ဆီးနှင်းနတ်ဆိုးများမှာ ကြောက်လန့်တကြား ငုံ့သွားကြသည်။ သို့သော် သူတို့၏ မျက်ဝန်းထဲမှ လိုလားတောင့်တမှုများကို မဖုံးကွယ်နိုင်ကြပေ။
ချန်ထျန်းချန်က ဘုရင်မဘက်သို့ ဦးညွှတ်ကာ မေးလိုက်သည်။
"ဆီးနှင်းနတ်ဆိုးဘုရင်မ... ကျွန်တော်တို့ ဂိုဏ်းချုပ် ဝင်သွားပြီးတဲ့နောက် ဘာလှုပ်ရှားမှုမှ မရှိတာ ဘာကြောင့်လဲ ခင်ဗျားတို့ရဲ့ စမ်းသပ်ချက်က ဘာလဲဆိုတာ ပြောပြလို့ ရမလား"
ဘုရင်မက ချန်ထျန်းချန်ကို တစ်ချက်ကြည့်ကာ အေးစက်စွာ ပြန်ဖြေသည်။
"ငါ ပြောပြပေးနိုင်ပါတယ်။ စမ်းသပ်မှု ငါးခု ရှိတယ်။ တစ်ခုထက်တစ်ခု ပိုအန္တရာယ်များတယ်။ ပထမဆုံး စမ်းသပ်ချက်ရဲ့ နာမည်ကတော့ ရိုးသားသော ရည်ရွယ်ချက်ပဲ"
"ရိုးသားသော ရည်ရွယ်ချက် အဲဒါက ဘာကို ဆိုလိုတာလဲ"
ချန်ထျန်းချန်မှာ နားမလည်နိုင်ဘဲ မေးလိုက်သည်။
ဆီးနှင်းနတ်ဆိုးဘုရင်မသည် ပထမဆုံး အနက်ရောင်နန်းတော်ကို ငေးကြည့်ရင်း နှုတ်ခမ်းထက်တွင် သိမ်မွေ့လွန်း၍ မသိမသာလေးပင် ရှိသော အပြုံးတစ်ခုကို ဆင်မြန်းလိုက်သည်။
"ဒီစမ်းသပ်မှုက လွယ်သလိုလိုနဲ့ ခက်ပါတယ် နန်းတော်ထဲမှာ ငါတို့ ဆီးနှင်းနတ်ဆိုး ဘိုးဘေးရဲ့ ရုပ်တု ရှိတယ်။ အဲဒီရုပ်တုကို ဒူးသုံးခါထောက်၊ ကိုးခါဦးချရဲ့ စေတနာမှန်နဲ့ ရိုသေစွာ ပြုလုပ်နိုင်မှသာ ထိခိုက်မှုမရှိဘဲ အောင်မြင်မှာ"
"ဒါမဟုတ်ရင်တော့ မင်း ဘယ်လောက်ပဲ ထူးချွန်ပါစေ ဉာဏ်ကောင်းပါစေ ကံကောင်းပါစေ... ဒီဘိုးဘေးမြေကနေ ထွက်ပေါက်ရှာမတွေ့ဘဲ ထာဝရ ပိတ်မိနေလိမ့်မယ်"
ထိုစကားကို ကြားသောအခါ ချန်ထျန်းချန်မှာ အနည်းငယ် သက်ပြင်းချနိုင်လိုက်သည်။ ထိုစမ်းသပ်မှုက သိပ်မခက်ခဲလှဘူးဟု သူ ထင်လိုက်မိသည်။
"နေပါဦး"
သို့သော် ချန်ထျန်းချန်မှာ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားဟန်ရှိသည်။ သူ၏ မျက်ဝန်းအိမ်များမှာ ကျုံ့ဝင်သွားပြီး ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
"ခင်ဗျား... ဂိုဏ်းချုပ်ကို ရိုးသားသော ရည်ရွယ်ချက်စမ်းသပ်မှုရဲ့ လျှို့ဝှက်ချက်ကို ကြိုပြောထားသေးရဲ့လား"
ဆီးနှင်းနတ်ဆိုးဘုရင်မသည် ထိုစကားကို ကြားသောအခါ အနည်းငယ်သာ ပေါ်နေသော သူမ၏ အပြုံးမှာ ပိုမိုကျယ်ပြန့်လာပြီး မောက်မာစွာ ရယ်မောလိုက်သည်။
"ငါက ဘယ်လိုလုပ်ပြီး အောင်မြင်အောင် လုပ်ရမလဲဆိုတာကို ပြောပြပါ့မလဲ ဒီကောင်လေးက တော်လှပါတယ်ဆိုပြီး ဘဝင်မြင့်နေတာမဟုတ်လား ငါ့ရဲ့ ရေခဲပြင် လွင်ပြင်နဲ့အတူ အသေခံမယ်လို့ ကြုံးဝါးနေခဲ့တာလေ။ သူ့ကို နည်းနည်းလေးမှ ဒုက္ခမပေးဘဲ ဒီလောက် လွယ်လွယ်နဲ့ အောင်မြင်ခွင့် ဘယ်ပေးနိုင်ပါ့မလဲ"
သူမ စကားပြောနေစဉ်မှာပင်။
ဘုန်း
ပထမဆုံး နန်းတော်ထဲမှ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသည်။ ခဏလေးကမှ ရယ်မောနေသော ဆီးနှင်းနတ်ဆိုးဘုရင်မ၏ အပြုံးမှာ ချက်ချင်းပင် ခဲသွားတော့သည်။
"ဘာ... ဘာတွေ ဖြစ်ကုန်တာလဲ"
"ဘိုးဘေးမြေထဲမှာ ဘာတွေ ဖြစ်နေတာလဲ"
ဆီးနှင်းနတ်ဆိုးများနှင့် ဇီဝေချန်မျိုးနွယ်စုဝင်များအားလုံး အံ့အားသင့်သွားကြပြီး အားလုံး၏ အကြည့်များမှာ ပထမဆုံး ဘုရားကျောင်းဆီသို့ တစ်ပြိုင်နက်တည်း ရောက်သွားကြသည်။
ဘုန်း ဘုန်း ဘုန်း
ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း
နန်းတော်အတွင်းမှ ပေါက်ကွဲသံများမှာ ဆက်တိုက်ဆိုသလို ထွက်ပေါ်နေပြီး အနီးပတ်ဝန်းကျင် မိုင်တစ်ရာခန့်အထိ တုန်ခါသွားစေသည်။
ပထမဆုံး အနက်ရောင်ခန်းမအတွင်း။
"နွားနတ်ဆိုး ကြယ်တာရာ ဖျက်ဆီးခြင်း"
"စစ်မှန်သော နဂါး နတ်ဘုရား လက်သီးချက်"
"မွေးရာပါ တစ်မီးတောက် လက်ဝါးချက်"
"ကောင်းကင်ဘုံ လက်ဝါးတော်"
ချန်ကျီရှင်းသည် အရိပ်တစ်ခုကဲ့သို့ လှုပ်ရှားနေပြီး သူ၏ မျက်ဝန်းများတွင် ရက်စက်သော အရိပ်အယောင်များ ထွက်ပေါ်နေသည်။ သူသည် လမင်းဆီသို့ ပျံသန်းနေသည့် ဆီးနှင်းနတ်ဆိုး ဘိုးဘေးရုပ်တုကို ရူးသွပ်စွာနှင့် ပြင်းထန်စွာ ပစ်ပေါက်တိုက်ခိုက်နေသည်။
ကမ္ဘာလောကကိုပင် ဖိနှိပ်နိုင်သည့် အပြိုင်အဆိုင်မရှိသော မဟာနတ်ဘုရား ကျင့်စဉ်များကို ချန်ကျီရှင်းက တောင်နှင့်မြစ်များကို ဖျက်ဆီးပစ်သကဲ့သို့ ဆီးနှင်းနတ်ဆိုး ဘိုးဘေးရုပ်တုဆီသို့ တရစပ် ပစ်လွှတ်နေသည်။
ဘုန်း ဘုန်း ဘုန်း
ခန်းမတစ်ခုလုံးမှာ ရူးသွပ်စွာ တုန်ခါနေသည်။
"ပျံသန်းနေသော နတ်ဘုရား"
ချန်ကျီရှင်းသည် ချင်းကျီ နတ်ဘုရားဓားကို ဆွဲထုတ်ကာ ဘိုးဘေးရုပ်တု၏ မျက်နှာဆီသို့ ဓားချက်ဖြင့် ခုတ်ပိုင်းလိုက်ကာ ရုပ်တု၏ နဖူးတွင် အက်ကြောင်းတစ်ခု ပေါ်လာသည်။ ထို့နောက် ပင့်ကူအိမ်ကဲ့သို့ နုနယ်သော အက်ကြောင်းများမှာ ရုပ်တုတစ်ခုလုံးဆီသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။
"ငါ နင်တို့ကို တကယ်ပဲ မဖျက်ဆီးနိုင်ဘူးလို့ ထင်နေတာလား"
ချန်ကျီရှင်းသည် မောပန်းစွာ အသက်ရှူလိုက်ပြီးနောက် သူ၏ ဘယ်လက်သီးကို လေးညှို့တစ်ခုကဲ့သို့ နောက်သို့ ဆွဲလိုက်သည်။ ထို့နောက် ရုပ်တု၏ ခေါင်းကို အမြောက်ဆံတစ်လုံးကဲ့သို့ ပြင်းထန်စွာ ထိုးနှက်လိုက်တော့သည်။