← Chapters

ငါ သဘောပေါက်သွားပြီ

Vol. 9 Ch. 126

ငါ သဘောပေါက်သွားပြီ

Vol. 9 Ch. 126

" သင်လမ်းပျောက်နေပါသလား "

လေပြေတစ်ချက် တိုက်ခတ်သွားသဖြင့် သစ်သားဆိုင်းဘုတ်လေးသည် ညင်သာစွာ လှုပ်ရမ်းသွားလေသည်။

သပ်ရပ်သော အသွင်ရှိသည့် နတ်ဝိဇ္ဇာတစ်အုပ်သည် ညင်သာစွာ လှုပ်ရမ်းနေသော သစ်သားဆိုင်းဘုတ်လေး၏ အရှေ့တွင် ရပ်နေကြသည်။ သူတို့သည် အတန်ငယ် အိုးတိုးအန်းတန်းဖြစ်နေကြ၏။

သူတို့သည် သူတို့၏ နတ်တန်ခိုးများကို သုံး၍ မန္တန်အစီအရင်ကြီးကို အတင်း ဖျက်ဆီးပစ်ခြင်း မလုပ်ကြပေ။ သူတို့အကုန်လုံးသည် ဂုဏ်သိက္ခာရှိသော လူများဖြစ်ကြသည်။ အဘယ်သို့ ထိုရှက်စရာကောင်းသည့် အပြုအမူကို လုပ်နိုင်ပေမည်နည်း။

မည်သူစတင် ရယ်မောလိုက်ကြောင်းမသိသော်လည်း မကြာခင် ပညာရှင်တစ်စုသည် လက်နောက်ပစ်၍ ရယ်မောလိုက်ကြလေတော့သည်။

မန္တန်အစီအရင်ကြီး အပြင်ဘက်တွင် လီချန်ရှို့၊ အောင်းရိနှင့် ကျိုးဝူတို့သည် စီတန်း၍ ရပ်နေကြ၏။ အောင်းရိပြုံးလိုက်သည်။

သူသည် ရွှေနတ်လိပ်ကျွန်းမှ ကောင်းကင်ဧကရာဇ်ချင်ဝမ်၏ အသံကို ကြားလိုက်၍ ဖြစ်သည်။

" ဒီမန္တန်အစီအရင်တွေကို ဆင်ထားတာက တော်တော်လေးအံ့အားသင့်စရာကောင်းတယ်လို့ ပြောလို့ရတယ်။ မန္တန်အစီအရင်အောက်ခြေတွေကို ဆက်စပ်ပြီးတော့ အမျိုးအစားဆင်တူတဲ့ မန္တန်အစီအရင်တွေကို တစ်ခုပြီးတစ်ခုပေါ်လာအောင် လုပ်လိုက်လို့ ရတယ်။ အဲဒီတော့ မန္တန်အစီအရင်တစ်ခုထဲက ထွက်နိုင်လိုက်တယ်ဆိုရင်တောင် နောက်မန္တန်အစီအရင်တစ်ခုထဲကို ရောက်သွားမှာပဲ။ ဒီဆက်စပ်မန္တန်အစီအရင်တွေထဲက ထွက်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက မန္တန်အစီအရင်ကြီးကို အားသုံးပြီး ဖျက်စီးပစ်ဖို့ပဲရှိတယ်... "

" ဒါပေမဲ့ ဒီမန္တန်အစီအရင်ကြီးကို ဆင်ထားတဲ့သူက ကျင့်ကြံခြင်းအဆင့်မမြင့်ဘူးဆိုတော့ ဒီဆက်စပ်မန္တန်အစီအရင်တွေရဲ့ အောက်ခြေက သိပ်ပြီးမခိုင်ဘူး။ ဒီတော့ အားသုံးပြီး ဖောက်ထွက်ရင်တော့ အလွယ်တကူ ထွက်လို့ရမှာပဲ။ ကျုပ်သာ ဒီလိုမန္တန်အစီအရင်မျိုးကို ဆင်လိုက်ရင် အာကာသနတ်မင်းအဆင့်ရှိတဲ့သူတောင် ပိတ်မိနေမှာပဲ။ အံ့အားသင့်စရာပဲ...တကယ် အံ့အားသင့်စရာ‌ကောင်းတယ်...ဟားဟားဟား... "

မန္တန်အစီအရင်အပြင်ဘက်တွင် ရှိနေသော လီချန်ရှို့သည် ထိုစကားများကို ကြားလိုက်ရသောအခါ မည်သို့မှ မခံစားခဲ့ရပေ။ ကျဲကျောင်းတော်မှ ဂုဏ်သတင်းကျော်ဇော‌သော အာကာသနတ်မင်းများသည် ထိုကဲ့သို့ ရိုးရှင်းသောလှည့်ကွက်လေးကို မမြင်နိုင်မှသာ ဟာသဖြစ်နေမည် ဖြစ်သည်။

လီချန်ရှို့သည် ချီကျူးခံရသောအခါတွင်လည်း ဝမ်းမသာခဲ့ပေ။ အတန်ငယ် စိတ်အေးသွားသည်သာ ရှိ၏။

သူ၏ ချီငြိမ်မန္တရားသည် အာကာသနတ်မင်းများ၏ အကြည့်များကိုပင် ကြံ့ကြံခံနိုင်ခဲ့၍ စိတ်အေးသွားခြင်းပင်။

ထိုအချက်ကိုသိလိုက်ရသဖြင့် ယနေ့ဖြစ်စဉ်တွင် အကျိုးကျေးဇူးမရှိဟု ပြော၍မရတော့ပေ။ သူ၏ ကိုယ်ရောင်ကိုယ်ဝါကို ဖုံးကွယ်ထားရန် ဆုံးဖြတ်လိုက်ခြင်းသည် မမှားကြောင်း အတည်ပြုနိုင်ခဲ့ပေပြီ။

အကယ်၍ သူသာ ကျောင်းတော်သုံးကျောင်းတွေ့ဆုံပွဲကို မရှောင်ရှားနိုင်ခဲ့လျှင်လည်း ထိုမန္တန်ကို ထပ်မံ၍ အဆင့်မြှင့်တင်ထားလိုက်လျှင် သူ၏ကျင့်ကြံခြင်းအဆင့် အစစ်အမှန်ကို အလွယ်တကူ ဆက်၍ ဖုံးကွယ်ထားနိုင်ဦးမည်သာ ဖြစ်သည်။

သူ ခေတ္တမျှ ထပ်မံအာရုံခံကြည့်လိုက်ရာ ထိုလူအုပ်သည် မန္တန်အစီအရင်အတွင်း၌ ဖြည်းဖြည်းချင်း လျှောက်သွားနေကြောင်းကို သိလိုက်၏။ သူတို့သည် အဆက်မပြတ် သုံးသပ်နေကြပြီး မန္တန်အစီအရင်များနှင့် ပတ်သက်သည့် တာအိုကို ဆွေးနွေးနေကြသည်။

သူတို့အကုန်လုံးသည် အကျိုးကျေးဇူးတစ်ခုခု ရသွားသည့်ပုံစံ ရှိနေကြ၏။

သူတို့ မည်သည့်အရာများကို မြင်နိုင်သနည်း။ သူတို့ မည်သည့်အကျိုးကျေးဇူးများ ရနိုင်သနည်း။

ထိုဆက်စပ်မန္တန်အစီအရင်များသည် အတုမဲ့နတ်ဝိဇ္ဇာအဆင့်သာ ရှိသည့် ထောင်ချောက်မန္တန်အစီအရင်များနှင့်၊ လှည့်ဖျားမန္တန်အစီအရင်များသာ ဖြစ်သည်။

' ဟမ် '

လီချန်ရှို့သည် တစ်စုံတစ်ခုကို အမှတ်ရသွားပြီး သူ၏ ခေါင်းထဲတွင် လျှပ်စီးတစ်ချက်လက်သွားလေသည်။ သူသည် ကျိုးဝူကိုလှည့်ကြည့်လိုက်ပြီး သူ၏မျက်လုံးများ ပြူးကျယ်သွားတော့လေသည်။

ဆရာဦးလေးကျိုးဝူ တုန်လှုပ်သွား၏။

" ချန်ရှို့... မင်း ဘာလို့ ငါ့ကို ကြည့်နေတာလဲ။ မင်းက ဘာလို့ ကြောက်စရာကောင်းတဲ့ ပုံစံဖြစ်နေရတာလဲ "

" ဘာမှမဟုတ်ပါဘူး... ဘာမှမဟုတ်ပါဘူး "

လီချန်ရှို့သည် သူ၏ မျက်နှာထားကိုပြန်ပြင်လိုက်သည်။ သို့သော် သူ၏ရင်ထဲတွင် ဗြောင်းဆန်နေလေသည်။

' ဒီကောင်းကင်ဧကရာဇ်ဆယ်ပါးက အနာဂတ်မှာ ထင်ရှားကျော်ကြားတဲ့ နတ်မင်းတွေဖြစ်လာတယ်ဆိုတဲ့ကိစ္စကို ငါမေ့တော့မလို့ '

' ဒီကောင်းကင်ဧကရာဇ်ဆယ်ပါးက အကြွင်းမဲ့မန္တန်အစီအရင်ဆယ်မျိုးကို ဆင်တဲ့နေရာမှာ အတော်ဆုံးတွေပဲ '

' အနာဂတ်မှာ နတ်ဘုရားဘွဲ့စစ်ပွဲကြီး ဖြစ်လာရင် ဒီ‌ကျဲကျောင်းတော်က ကောင်းကင်ဧကရာဇ်ဆယ်ပါးက စစ်ပွဲအလယ်လောက်မှာ ကောင်းကင်ဘုံခုံရုံးတွေလက်အောက်ကို ဝင်သွားတာပဲ။ အဲဒါက စောတယ်လို့ပြောလို့ရတယ်။ သူတို့က အကြွင်းမဲ့မန္တန်အစီအရင်ဆယ်မျိုးကို ဆင်ပြီး ချန်ကျောင်းတော်က ပညာရှင်တွေကို သတ်ပစ်မှာပဲ။ ပြီးတော့ သူတို့က ချန်ကျောင်းတော်ကို ဖျက်ဆီးပစ်ကြမှာ ’

' နောက်တော့ ကောင်းကင်ဧကရာဇ်ဆယ်ပါးလဲ တစ်ပါးပြီးတစ်ပါး အရေးနိမ့်လာပြီး အကြွင်းမဲ့မန္တန်အစီအရင်ဆယ်မျိုးလည်း တစ်မျိုးပြီးတစ်မျိုး ဖျက်ဆီးခံလိုက်ရလို့ ကျဲကျောင်းတော် အပြင်ဂိုဏ်းက ကျောက်ကုန်းမင်ပါ စစ်ပွဲထဲဝင်ပါလာရပြီး နတ်ဘုရားဘွဲ့စစ်ပွဲကြီးက အထွတ်အထိပ်ကို ရောက်သွားတာပဲ ’

ထိုအရာများသည် လီချန်ရှို့နှင့် မည်သို့မှ မသက်ဆိုင်ပေ။

သို့သော် အကယ်၍...

အကယ်၍...

အကယ်၍ ကောင်းကင်ဧကရာဇ်ချင်ဝမ်သည် သူဆင်ထားသော ဆက်စပ်မန္တန်အစီအရင်လေးများမှ စိတ်ကူးစိတ်သန်းများရသွားခဲ့ပြီး အကြွင်းမဲ့မန္တန်အစီအရင်ဆယ်မျိုးကို ဆက်စပ်မန္တန်အစီအရင်အဖြစ်ပြောင်းလဲခဲ့လျှင် သူတို့သည် ချန်ကျောင်းတော်မှအာကာသနတ်မင်း(၁၂)ပါးကို နတ်ဘုရားဘွဲ့စစ်ပွဲကြီးအတွင်း၌ အမှန်ပင် ယှဉ်နိုင်သွားပေလိမ့်မည်။

' အဲ့လိုဆိုလည်း... ရန်ကျောင်းတော်က တပည့်လေးငါနဲ့ ဘာမှမဆိုင်ဘူးမလား... '

လီချန်ရှို့သည် လက်တစ်ဖက်ဖြင့် ကိုယ့်နဖူးကိုယ် ထိန်းထားလိုက်ရလေတော့သည်။

သူသည် ရုတ်ခြည်းပင် သူ၏ ဆရာနှင့် ညီမလေးကို‌ ခေါ်၍ အခွင့်အရေးရှာကာ ကောင်းကင်ဘုံခုံရှုံးများသို့ ခိုးကြောင်ခိုးဝှက်သွားပြီး " တောင်သမုဒ္ဒရာက ပင်လယ်စောင့်နတ်မင်း လာရောက်လက်အောက်ခံပါတယ် " ဟုပင် အော်ပြောချင်စိတ် ပေါက်သွား၏။

' မဟုတ်သေးဘူး။ ငါသာ တန်ခိုးရှင်ကို ဒေါသထွက်အောင်လုပ်မိရင် ကျောက်စိမ်းဧကရာဇ်လည်း ငါ့ကို ကယ်နိုင်မှာ မဟုတ်ဘူး။ ငါ အရှင်ထိုက်စန့်လောင်ကျွင်းကို မျက်နှာချိုသွေးထားမှ ရမယ်... '

ထိုအရာသည် မမျှော်လင့်ထားသော ပြဿနာပင်။

လီချန်ရှို့တစ်ယောက် စိုးရိမ်နေစဉ်တွင် ဂိုဏ်းချုပ်ဝူယုံ၏ အသံပို့လွှတ်မှုကို ကြားလိုက်ရ၏။

" ချန်ရှို့..အဟွတ်.. မန္တန်အစီအရင်ကို ပိတ်လိုက်တော့... "

လီချန်ရှို့သည် သူ၏စိတ်ကို ပြန်တည်ငြိမ်အောင် လုပ်လိုက်ပြီး မန္တန်အစီအရင်ကို ပိတ်လိုက်၏။

ချင်ဝမ်တို့အုပ်စုသည် ကျယ်လောင်စွာရယ်မော၍ မန္တန်အစီအရင်အတွင်းမှ ထွက်လာကြလေသည်။ သူတို့သည် ထိုနေရာကို အသေးစိတ် မစစ်ဆေးသဖြင့် တော်ပေသေးသည်။ သူတို့သည် ထိုနေရာတွင် သာမန်ကာလျှံကာသာ လျှောက်ကြည့်ကြပြီး အသက်သွင်းမထားသည့် အခြားမန္တန်အစီအရင် အောက်ခြေများကို တွေ့ရှိမသွားကြပေ။

တုနတ်ဝိဇ္ဇာဂိုဏ်း၏ ဂိုဏ်းချုပ်ဝူယုံသည် ရှေ့သို့ ထွက်လာ၏။ သူသည် လီချန်ရှို့ကို ညွှန်ပြလိုက်ပြီး နွေးထွေးစွာ ပြုံးလိုက်သည်။

" ဒီမန္တန်အစီအရင်လေးတွေကို ဒီက တပည့်လေးက ဆင်ထားတာပါ "

အောင်းရိနှင့် ကျိုးဝူတို့သည် လီချန်ရှို့ကို ထင်သာမြင်သာရှိစေရန် ဘေးသို့ဆုတ်လိုက်ကြ၏။ သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး စိတ်ချင်းဆက်နေသလိုပင်။

ရုတ်ခြည်းပင် အကြည့်များအာလုံးသည် လီချန်ရှို့အပေါ်သို့ ကျရောက်လာကြ၏။

လီချန်ရှို့၏ ခန္ဓာကိုယ်သည် တောင့်တင်းသွား၏။ သူ အတန်ငယ် ဦးညွှတ်လိုက်သည်။ သူ၏နဖူးထက်တွင် ဇောချွေးများထွက်လာပြီး စိတ်လှုပ်ရှားသည့် အသွင်ပေါ်နေပေသည်။ သူ၏ကိုယ်တွင်းမှ နတ်တန်ခိုးများသည်လည်း ရေသေအိုင်တစ်ခုကဲ့သို့ တည်ငြိမ်နေလေသည်။

သူဖော်ပြထားသည့် တာအိုပေါင်းစည်းခြင်းအဆင့်ရှိသည့် ဓမ္မတန်ခိုးများသည်လည်း သူ၏ကိုယ်တွင်း အတန်ငယ် သွက်လက်စွာ စီးဆင်းနေ၏။

ကံအားလျော်စွာပင် အကြည့်များသည် တဖြည်းဖြည်း အဝေးသို့ရွှေ့သွားကြ၏။ သူတို့သည် လီချန်ရှို့ ဖုံးကွယ်ထားသည်များကို မြင်မသွားကြပေ။ ရန်ကျောင်းတော်၏ ပညာရပ်များသည် အမှန်ပင် ထူးချွန်ပြောင်မြောက်ပြီး ဂုဏ်သရေရှိ ဆရာများသည်လည်း သူတို့၏တပည့်များကို ကောင်းမွန်စွာ သင်ကြားပေးနိုင်ကြသည် ဟူသော ချီးမွမ်းသံများကို လီချန်ရှို့ ကြားလိုက်ရလေသည်။

လီချန်ရှို့သည် အနာဂတ်တွင် သေချာပေါက် အရည်အချင်းရှိသူတစ်ယောက် ဖြစ်လာမည်ဖြစ်ကြောင်း သူတို့ပြောလိုက်ကြ၏။ နောက်နှစ်တစ်သောင်းကျော်ကြာလျှင် မန္တန်အစီအရင်ပညာ၌ နောက်ထပ်ဆရာတစ်ဆူကို တွေ့ရတော့မည် ဖြစ်ကြောင်း ပြောနေကြ၏။

လီချန်ရှို့သည် ချီငြိမ်မန္တန်ကို သုံးထားသဖြင့် အာကာသနတ်မင်းအဆင့်ရှိသူများ၏ ဒုတိယအကြိမ် စေ့စေ့စပ်စပ်ကြည့်ခြင်းကိုပင် ကြံ့ကြံ့ခံနိုင်နေလေသည်။ သို့သော် လီချန်ရှို့သည် မပျော်နိုင်သေးပေ။

အကယ်၍ ယနေ့ဖြစ်ရပ်များကြောင့် နတ်ဘုရားဘွဲ့စစ်ပွဲကြီး၏ လမ်းကြောင်းကို သူအမှန်ပင် လွှဲမိသလိုဖြစ်သွားပါက သူ့တွင် ကမ္မနှောင်ကြိုးအကြီးစားကြီး ရစ်နွယ်သွားမည်ဖြစ်သည်။ အကယ်၍ တန်ခိုးရှင်ကိုယ်တိုင် နိမိတ်ဖတ်ခဲ့လျှင် သူရှောင်ပြေးနိုင်တော့မည် မဟုတ်ပေ။

သို့သော်...

ကောင်းကင်ဧကရာဇ်ချင်သည် ပြုံး၍ ပြောလိုက်လေသည်။

" ဂိုဏ်းချုပ်ဝူယုံ ကျုပ် ဒီကမန္တန်အစီအရင်နည်းစနစ်ကို ရတနာတချို့နဲ့ လဲလှယ်ချင်ပါတယ်။ ကျုပ် ဒီမန္တန်အစီအရင်နည်းစနစ်ကို ပြန်ယူသွားပြီး ကျုပ်ရဲ့ ညီနောင်တွေနဲ့အတူ လေ့လာချင်လို့ပါ။ အဲဒါ အဆင်ပြေရဲ့လား... "

' ဟင့်အင်း...မပြေဘူး... '

' ဒါက ရန်ကျောင်းတော်ရဲ့ လျှို့ဝှက်ချက်ပါဆိုပြီး မြန်မြန်ပြောလိုက်လေ... '

လီချန်ရှို့တစ်ယောက် ရင်ထဲမှ အော်ပြောလိုက်သည်။

သို့သော် ကံဆိုးစွာပင် ဗလာနတ္ထိသခင်လေး ဂိုဏ်းချုပ်ကျိဝူယုံသည် လီချန်ရှို့၏ အတွေးများကို မကြားနိုင်ပေ။ သူသည် လက်ဝှေ့ယမ်း၍ ပြောလိုက်၏။

" ရတနာတွေနဲ့ လဲနေစရာမလိုပါဘူး။ ဒါက မန္တန်အစီအရင်အောက်ခြေတွေနဲ့ဆိုင်တဲ့ ရိုးရှင်းတဲ့ နည်းလမ်းလေးတွေပါ "

သူလှမ်းခေါ်လိုက်သည်။

" ချန်ရှို့... "

လီချန်ရှို့သည် ချီတုံချတုံဖြင့် ခပ်တိုးတိုးပြောလိုက်၏။

" ကျွန်တော်ရှိပါတယ်... "

ကျိုးဝူသည် လီချန်ရှို့တစ်ယောက် တုန်လှုပ်နေသည်ကို သိ၏။ ထို့ကြောင့် သူသည် ခပ်မတ်မတ်ရပ်၍ ပြောလိုက်သည်။

" ဂိုဏ်းချုပ်ခင်ဗျာ... ချန်ရှို့က ဆက်စပ်မန္တန်အစီအရင်အောက်ခြေတွေနဲ့ ပတ်သတ်တဲ့ နည်းစနစ်တွေကို ဂိုဏ်းကို ပေးထားပြီးပါပြီ "

" ​ေဩာ်... "

ကျိဝူယုံ ပြုံး၍ လီချန်ရှို့ကို ကြည့်လိုက်သည်။ လီချန်ရှို့သည် သူ၏ မျက်စိထဲတွင် ပို၍နှစ်လိုဖွယ်ကောင်းလာကြောင်း ခံစားလိုက်ရ၏။ သူသည် လီချန်ရှို့ကို တပည့်အဖြစ် လက်ခံရန်ပင် တွေးနေမိ၏။

" ငါ ခဏနေမှယူပြီး အစ်ကိုချင်ကို ပေးလိုက်မယ် "

ကျိုးဝူ ချက်ချင်းသဘောတူလိုက်၏။

ချင်ဝမ်က ပြုံး၍ ပြောလိုက်လေသည်။

" ကျုပ် အလကားတော့ မယူချင်ပါဘူး။ အဲဒီလိုဆို ကျုပ်ရဲ့ တာအိုနှလုံးသားက ဘယ်လိုလုပ် အေးချမ်းနိုင်ပါ့မလဲ "

ထိုသို့ပြောပြီးနောက် ချင်ဝမ်သည် သူ၏အင်္ကျီလက်အတွင်းမှ ကျောက်ဖြူပုလွေလေးကို ထုတ်ယူလိုက်၏။ ထိုကျောက်ဖြူပုလွေသည် ဝင်းလက်တောက်ပနေ၏။ ထိုတောက်ပနေသော အလင်းသည် ဝိညာဉ်အလင်းပင်။ ၎င်း၏ ပတ်ပတ်လည်တွင် အစိမ်းရောင် အလင်းတန်းလေးတစ်ခုက လွှမ်းခြုံထား၏။ ထိုပုလွေသည် အဆင့်မြင့် ဝိညာဉ်ရတနာတစ်ပါးပင်။ ၎င်းသည် နတ်ရတနာနှင့် သိပ်မကွာသည့် ရတနာတစ်ပါးပင်။

ချင်ဝမ်သည် ကျောက်ဖြူပုလွေလေးကို ကျိဝူယုံထံ လှမ်းပေးလိုက်ပြီး ပြုံးလိုက်၏။

" ဂိုဏ်းချုပ်ဝူယုံ... မငြင်းပါနဲ့။ မဟုတ်ရင် ကျုပ် စိတ်ကောင်းမှာ မဟုတ်ဘူး "

ကျိဝူယုံသည် ပြုံး၍ ကျောက်ဖြူပုလွေကိုယူလိုက်ပြီး နတ်တန်ခိုးဖြင့် ရစ်ပတ်ကာ လီချန်ရှို့ထံ လှမ်းပေးလိုက်လေသည်။

သူက ပြောလိုက်သည်။

" အစ်ကိုချင်ကို ရတနာချီးမြှင့်တဲ့အတွက် ကျေးဇူးတင်လိုက်လေ... "

လီချန်ရှို့သည် ကျောက်ဖြူပုလွေလေးကို လက်နှစ်ဖက်ဖြင့်ကိုင်၍ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။

" ရတနာချီးမြှင့်တဲ့ အတွက်ကျေးဇူးတင်ပါတယ် ဉီးလေးချင်... "

ထို့နောက် ဂိုဏ်းချုပ်သည် ပြုံး၍ ပြောလိုက်၏။

" ရှောင်ဝူ ဆက်စပ်မန္တန်အစီအရင်နည်းစနစ်ကို သွားယူပြီး ချန်ရှို့ကို နှစ်သုံးရာစာ လစဉ်အသုံးစရိတ်ပေးလိုက်။ အဲဒါက ဂိုဏ်းကချီးမြှင့်တဲ့ ဆုပဲ။ အခုကစပြီး ဂိုဏ်းမှာရှိတဲ့ မန္တန်အစီအရင်တွေ အကုန်လုံးကို ချန်ရှို့ စိတ်ကြိုက်သုံးလို့ရပြီ။ ချန်ရှို့ ... မင်း မန္တန်အစီအရင်ဆင်ဖို့ ပစ္စည်းတွေလိုရင် ပိုင်ဖန်ခန်းမမှာ အကူအညီသွားတောင်းလို့ရတယ် "

ကျိုးဝူ ဝမ်းသာသွား၏။ သူသည် ချက်ချင်းပင် အမိန့်နာခံလိုက်ပြီး ကောင်းကင်ခွင်းတောင်သို့ ပျံသန်းသွားလိုက်လေသည်။

လီချန်ရှို့သည် သူ၏ရင်တွင်းမှ စိုးရိမ်မှုများကို ဖိနှိပ်၍ ဂိုဏ်းချုပ်ကို ဦးညွှတ်အရိုသေပေးလိုက်၏။ နောက်ဆုံးတွင် သူသည် အကျိုးကျေးဇူးအချို့ ရခဲ့ပေပြီ။

ကျိဝူယုံသည် တုနတ်ဝိဇ္ဇာဂိုဏ်း၏ ဂိုဏ်းချုပ်အနေဖြင့် အရည်အချင်းရှိသူကို တန်ဖိုးထားပျိုးထောင်ကြောင်းကို ပြလိုက်ခြင်းပင်။ ထို့နောက် သူသည် ချင်ဝမ်တို့ အုပ်စုကို ကျောက်စိမ်းစင်မြင့်ဆီသို့ ပြန်ခေါ်သွားပြီး ဂိုဏ်းတွင်းပြိုင်ပွဲကို ဆက်၍ ကြည့်ရှုလိုက်လေတော့သည်။

ကောင်းကင်ဧကရာဇ်ချင်ဝမ်သည် သူ့အတွက် အကျိုးကျေးဇူးအများအပြား ရခဲ့ကြောင်း ခံစားနေရ၏။ သူတို့ ကျောက်စိမ်းစင်မြင့်ဆီသို့ ပြန်မလာခင် လီချန်ရှို့၏ ရုပ်သွင်နှင့် ကိုယ်ရောင်ကိုယ်ဝါကို မှတ်မိနေစေရန် နောက်တစ်ခေါက်ကြည့်လိုက်သေး၏။

ကျောက်စိမ်းစင်မြင့်ဆီသို့ ပြန်လာရာလမ်းတွင်လည်း ကောင်းကင်ဧကရာဇ်ဆယ်ပါး၏ ခေါင်းဆောင်သည် မကြာမကြာ မျက်မှောင်ကြုတ်သွား၏။ သူသည် သူတို့ညီနောင်ဆယ်ဦး၏ အကြွင်းမဲ့မန္တန်အစီအရင်ဆယ်မျိုးအား မည်သို့ အဆင့်မြှင့်ရမည်ကို တွေးတောနေပုံပေါ်လေသည်။

လီချန်ရှို့သည် ထိုသူများ ထွက်သွားသည်ကို ကြည့်နေလိုက်၏။ ထိုသူများ အဝေးသို့ရောက်သွားသောအခါ သူသည် မျက်ခုံးမွေးကို ပွတ်လိုက်ရလေတော့သည်။

အောင်းရိက ပြုံး၍ မေးလိုက်၏။

" အစ်ကိုချန်ရှို့... အစ်ကို ပုလွေမှုတ်တတ်လား။ မှုတ်တတ်ရင် တစ်ပုဒ်လောက် မှုတ်ပါလား "

လီချန်ရှို့ မချိပြုံး ပြုံးလိုက်သည်။ သူသည် သူ၏မန္တန်အစီအရင်များကို ကြည့်လိုက်ပြီး ထောင်ချောက်မန္တန်အစီအရင်များနှင့် လှည့်ဖျားမန္တန်အစီအရင်များကို ပြန်အသက်သွင်းလိုက်သည်။ သူ၏ စိတ်ထဲတွင် မြင်ကွင်းတစ်ခုကို ပုံဖော်ကြည့်လိုက်မိ၏။

ထိုမြင်ကွင်းမှာ မည်းမှောင်နေသော အာကာပြင်ထက်တွင် အဝါရောင်သဲများဖြင့် သရုပ်ဖော်ထား၏။ စစ်တပ်နှစ်တပ်သည် ကောင်းကင်ပေါ်တွင်သာမက မြေပြင်ပေါ်၌ပါ တစ်ဖက်နှင့် တစ်ဖက် တိုက်ခိုက်နေကြ၏။ ငှက်ကြီးများ၊ သားရဲများနှင့် ထူးဆန်းသောလူများသည် နေရာအနှံ့တွင် ရှိနေကြ၏။

ရုတ်တရက် စစ်တပ်တစ်တပ်သည် လျင်မြန်စွာပင် ပြန်ဆုတ်နေ၏။ ကောင်းကင်ပေါ်တွင် ကြီးမားသော ဝဲကတော့ကြီးဆယ်ခု ပေါ်ပေါက်လာပြီး ၎င်းတို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်သွားလေသည်။ ၎င်းတို့သည် ကြောက်မက်ဖွယ်ကောင်းပြီး အချွန်အတက်များနှင့် ပြည့်နေ၏။ သတ်ဖြတ်လိုသော အငွေ့အသက်များလည်း တထောင်းထောင်းထနေလေသည်။

အမျိုးသားကိုးဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် ဝဲကတော့များအတွင်းမှ ပေါ်ထွက်လာကြပြီး တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။

" ချန်ကျောင်းတော်က နတ်ဝိဇ္ဇာတွေ မင်းတို့ ငါတို့ရဲ့ အကြွင်းမဲ့ဆက်စပ်မန္တန်အစီအရင်ဆယ်မျိုးထဲ ဝင်လာရဲလား "

လီချန်ရှို့သည် ကျောက်ဖြူပုလွေ‌လေးကို လက်ထဲတွင်ကိုင်ထားရင်း ရယ်ရမလို၊ ငိုရမလိုဖြစ်သွားတော့သည်။

အောင်းရိက လျင်မြန်စွာ မေးလိုက်သည်။

" အစ်ကိုချန်ရှို့ ဘာဖြစ်လို့လဲ "

" ဘာမှမဖြစ်ပါဘူး... ဘာမှမဖြစ်ပါဘူး "

လီချန်ရှို့ သက်ပြင်းချလိုက်ပြီး ခပ်လှမ်းလှမ်းရှိ လက်ဖက်ရည်ဆောင်လေးကို ကြည့်လိုက်သည်။

" ပြိုင်ပွဲကျင်းပနေတဲ့ နေရာကို ခဏနေမှ ပြန်သွားကြတာပေါ့။ အခု အစ်ကိုတို့ ဒီမှာ စကားလေးဘာလေး အေးအေးလူလူ ပြောကြမယ် "

" ဟုတ်ကဲ့ပါ... "

အောင်းရိသည် စိတ်ဓာတ်ကျနေဟန်ဖြင့် ပြန်ဖြေလိုက်သည်။

အောင်းရိနှင့် လီချန်ရှို့သည် တောအုပ်အတွင်းရှိ လက်ဖက်ရည်ဆောင်အတွင်း၌ ထိုင်လိုက်ကြသည်။

လီချန်ရှို့သည် လက်ဖက်ခြောက်များကို ထုတ်လိုက်ပြီး လက်ဖက်ရည်နှပ်လိုက်၏။ ထို့နောက် သူစတင်တွေးတောလိုက်သည်။ အကယ်၍ ထိုဆက်စပ်မန္တန်အစီအရင်နည်းစနစ်များသာ အပြင်သို့ ပျံ့နှံ့သွားပါက နောင်တွင် ပြဿနာများတက်လာနိုင်ပေသည်။

သူ ဂိုဏ်းကိုပေးထားသော နည်းစနစ်သည် အဆင့်နိမ့်နည်းစနစ်ဖြစ်သော် ထိုနည်းစနစ်ကိုလည်း အသုံးပြု၍ရလေသည်။ ထို့ပြင် ထိုအဆင့်နိမ့်နည်းစနစ်ကို အခြေခံ၍ ပို၍ကောင်းမွန်သော အကြံဉာဏ်များ ထုတ်နိုင်လေသည်။

' အင်း ပြန်တွေးကြည့်တော့ ငါက နည်းစနစ်ပဲ ပေးလိုက်တာပါ ... တန်ခိုးရှင်က ဒီကိစ္စလောက်အတွက်နဲ့ ငါ့လိုတပည့်လေးကို စိတ်မဆိုးလောက်ပါဘူး... ဟုတ်တယ်မလား '

' ငါ့အနေနဲ့ အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်ထားရမယ်ဆိုပေမယ့် ဒီကိစ္စကိုတော့ ငါ သေချာတွေးတွေးဆဆလုပ်မှ ရမယ် '

လီချန်ရှို့သည် ကျောက်ဖြူပုလွေလေးကို စားပွဲပေါ်သို့ တင်လိုက်၏။ သူသည် အောင်းရိ၏ သုန်မှုန်နေသော မျက်နှာထားကို တွေ့သဖြင့် မေးလိုက်၏။

" ဘာကိစ္စရှိလို့လဲ။ ညီလေးရဲ့ ကျင့်ကြံခြင်းမှာ အဖုအထစ်ရှိနေလို့လား။ ဒါမှမဟုတ် နဂါးမျိုးနွယ်က ထပ်ပြီး ပြဿနာနဲ့ ကြုံနေရလို့လား "

အောင်းရိက သက်ပြင်းချ၍ ဖြေလိုက်သည်။

" ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းက အဆင်ပြေပါတယ်... "

အောင်းရိက ဆက်ပြောလိုက်သည်။

" အစ်ကိုချန်ရှို့... အဲ့အပိုင်းမှာ အစ်ကိုက ဆရာတစ်ဆူလို့ ပြောလို့ရတယ်။ ကျွန်တော် နားမလည်တာတွေကို အစ်ကို ရှင်းပြပေးနိုင်မလား "

လီချန်ရှို့က ပြုံး၍ ပြောလိုက်သည်။

" ပြောလေ... မန္တန်အစီအရင်နဲ့ ပတ်သတ်တဲ့ ဘယ်အပိုင်းကို နားမလည်တာလဲ "

အောင်းရိ၏ မျက်နှာထားသည် အတန်ငယ် အိုးတိုးအန်းတန်ဖြစ်သွားသည်။ သူက တီးတိုးပြောလိုက်၏။

" မန္တန်အစီအရင်နဲ့ ပတ်သတ်တဲ့ တာအိုကို နားမလည်တာမဟုတ်ပါဘူး။ ကျင့်ကြံခြင်းနဲ့ ပတ်သတ်တဲ့ကိစ္စလည်း မဟုတ်ဘူး။ အ..အချစ်ရေးကိစ္စပါ "

လီချန်ရှို့ ဆွံ့အသွား၏။

' ညီလေး... အစ်ကိုက ဘယ်လိုလုပ် အဲ့အပိုင်းမှာ ဆရာတစ်ဆူ ဖြစ်သွားရတာလဲ '

လီချန်ရှို့ မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

" ညီလေးနဲ့ ဟန်ကျစ်ရဲ့ ကိစ္စလား "

" အဲ..အစ်ကိုချန်ရှို့က ကျွန်တော့်ရဲ့ စိတ်ကိုသိနေတာပဲ... "

‌အောင်းရိသည် ခေါင်းကုတ်၍ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

" အဲဒါက မသင့်တော်ဘူးဆိုတာတော့ ကျွန်တော်သိပါတယ်။ ဟန်ကျစ်က ကျွန်တော့်ရဲ့ ဂိုဏ်းတူညီမလေးမလား။ ဒါပေမဲ့ သူ့ဆရာရဲ့ ကိစ္စဖြစ်ပြီကတည်းက ကျွန်တော့်ခေါင်းထဲမှာ မရှိသင့်တဲ့ အတွေးမျိုးတွေ ဝင်လာတယ်။ အစ်ကိုချန်ရှို့...ကျွန်တော် ရောဂါတစ်မျိုးမျိုးများ ဖြစ်နေတာလား... "

လီချန်ရှို့ ခေါင်းခါပြလိုက်ပြီး ပြန်ဖြေလိုက်သည်။

" အများကြီး လျှောက်မတွေးပါနဲ့ "

သူသည် ရတနာအိတ်ကိုထုတ်လိုက်ပြီး ထိုအထဲမှ အမွှေးနံ့သာတုံးလက်တစ်စုပ်ကို ထုတ်လိုက်၏။ သူသည် ထိုအရာကို ချေလိုက်ပြီး သူ၏ဓမ္မတန်ခိုးများကိုသုံး၍ အမှုန့်များကို စုစည်းလိုက်သည်။ ထို့နောက် ၎င်းအမှုန့်များကို ဖြည်းဖြည်းချင်းပွတ်လိုက်၏။

လီချန်ရှို့က ပုံမှန်အတိုင်းပင် မေးလိုက်သည်။

" ညီလေးရဲ့ ခံစားချက်ကို သူ့ကို ဖွင့်ပြောပြီးပြီလား "

" ဟုတ်ကဲ့ "

အောင်းရိက လေးနက်သော မျက်နှာထားဖြင့် ဖြေလိုက်၏။

" နဂါးမျိုးနွယ်က နဂါးထီးတစ်ဦးအနေနဲ့ ကျွန်တော့်တို့ တစ်ယောက်ယောက်ကို ချစ်ကြိုက်မိရင် တိုက်ရိုက်ဖွင့်ပြောရတယ်။ ကျွန်တော်တို့က ဝေ့ဝိုက်နေတာမျိုးတွေ မလုပ်တတ်ဘူး "

" ညီလေး အငြင်းခံလိုက်ရတာလား... "

" အမ်...ဟုတ်ပါတယ် "

အောင်းရိ ခေါင်းငုံ့သွား၏။

" သူပြောတာက သူ့မှာ ကျွန်တော့်အပေါ် အဲ့လိုစိတ်မျိုးမရှိဘူးတဲ့။ ကျွန်တော့်ကို သူ့ရဲ့ အစ်ကိုတစ်ယောက်လိုပဲ သဘောထားတယ်တဲ့။ အာ..ဘာကြောင့်လဲဆိုတောတော့ ကျွန်တော်လည်းမသိဘူး။ အဲ့နှစ်တုန်းက ကျွန်တော် တောင်သမုဒ္ဒရာထဲမှာ မှုန်ကုပ်ကုန်မျက်နှာထားနဲ့တာအိုရသေ့အိုကြီးနဲ့ ရင်ဆိုင်ပြီးကတည်းက ကျွန်တော့်ရဲ့ လူသားခန္ဓာကိုယ်က ဆက်ပြီး မကြီးထွားလာတော့ဘူး... "

လီချန်ရှို့သည် တည်တည်ငြိမ်ငြိမ်ခေါင်းညိတ်လိုက်သော်လည်း အတန်ငယ် ရှက်မိသွား၏။ သူသည် လက်ဖဝါးအတွင်း၌ အမွှေးနံ့သာမှုန့်များကို ပွတ်နေရင်း ပြောလိုက်သည်။

" အစ်ကို့ဆီမှာ ဆေးအရက်တချို့ ရှိတယ်။ ညီလေး သောက်ကြည့်ချင်လား "

" ဟင် "

အောင်းရိ မျက်တောင်ခတ်လိုက်၏။

" ဘာဆေးအရက်လဲ "

" အဲဒါက အမျိုးသားတွေရဲ့ ယန်ဓာတ်ကို အားဖြည့်ပေးတဲ့ ဆေးအရက်ပါ။ အဲဒါကသောက်ပြီးသွားရင် ညီလေးရဲ့ ခန္ဓာကိုယ်က တုံ့ပြန်ချင် တုံ့ပြန်လာမှာပေါ့။ အဲ မဟုတ်သေးဘူး။ ဒီကိစ္စက ညီလေးရဲ့ လူသားခန္ဓာကိုယ်နဲ့ မဆိုင်လောက်ဘူး "

လီချန်ရှို့သည် သူ၏ လက်ဖဝါးနှစ်ဖက်ကို ဖြည်းဖြည်းချင်းပွတ်၍ ထိုကိစ္စကို တွေးတောနေ၏။

' အခု အောင်းရိက ငါ့အတွက် အရေးပါတဲ့ နယ်ရုပ်တစ်ရုပ်ပဲ... အမ်... အရေးပါတဲ့ လက်ထောက်နတ်မင်းပဲ။ ငါ သူ့ကို ကူညီရမယ် '

" အစ်ကိုချန်ရှို့... "

အောင်းရိသည် လီချန်ရှို့၏ လက်အတွင်းရှိ တဖြည်းတဖြည်း ပုံပေါ်လာပြီဖြစ်သော "ကြီးမားသည့်" အမွှေးနံ့သာချောင်း သုံး‌ချောင်းကို ကြည့်၍ မေးလိုက်သည်။

" အစ်ကို ဘာလုပ်နေတာလဲ "

" ဪ... ခဏနေကြရင် အရှင်ထိုက်စန့်လောင်ကျွင်းကို အမွှေးတိုင်ထိန်းညှိပူဇော်ပြီး အရိုအသေပေးမလို့လေ... "

လီချန်ရှို့ ခါးသက်သက်ပြုံးလိုက်သည်။

" အစ်ကို အေးအေးချမ်းချမ်းနေနိုင်ဖို့ ဆုတောင်းမလို့ပါ... "

အောင်းရိသည် ခေတ္တမျှကြောင်သွားပြီးနောက် သဘောပေါက်သွားလေတော့သည်။

' အင်း... အစ်ကိုချန်ရှို့က ကုသိုလ်စုဆောင်းဖို့ တာဝန်ပေးခံရတာ အံ့ဩစရာ မရှိတော့ပါဘူး... '

' အစ်ကို့ရဲ့ တန်ခိုးရှင်ကို အမွှေးတိုင်ပူဇော်တဲ့ နည်းလမ်းက ငါမြင်ဖူးတဲ့ တခြားသူတွေရဲ့ နည်းလမ်းနဲ့ မတူဘူး '

' ငါ သဘောပေါက်သွားပြီ... '

ထိုစဉ်တွင် ချင်ဝမ်တို့အုပ်စုသည် ကျောက်စိမ်းစင်မြင့်ပေါ်သို့ ပြန်ရောက်နေပြီဖြစ်သည်။ သူတို့သည် ဆက်စပ်မန္တန်အစီအရင်လေးများအကြောင်းကို ပြောဆိုဆွေးနွေးနေကြဆဲပင်။ သူတို့အကုန်လုံးသည် ထိုအကြောင်းကို စိတ်ဝင်စားနေကြလေသည်။

သို့သော် ထိုအခိုက်တွင် သက်လတ်ပိုင်း အရွယ်ရှိသည့် တုနတ်ဝိဇ္ဇာဂိုဏ်းမှ ကောင်းကင်နတ်မင်းအဆင့်ရှိသော အကြီးအကဲတစ်ဦးသည် ထရပ်၍ ပြုံးကာ ပြောလိုက်၏။

" ချန်ရှို့လေးက အဲဒီလို ထူးခြားတဲ့ မန္တန်အစီအရင်တွေကို ဆင်တဲ့နေရာမှာပဲ တော်တာမဟုတ်ပါဘူး။ သူက နတ်ဆေးပညာမှာလည်း... "

" အဟွတ်..အဟွတ်..အဟွတ်.. "

ဂိုဏ်းချုပ်ကျိဝူယုံသည် ပါးစပ်ကို အုပ်၍ ချောင်းဆိုးလိုက်၏။ သူသည် ထိုအကြီးအကဲကို ကြည့်လိုက်လေသည်။ ထိုအကြီးအကဲသည် သဘောပေါက်သွားပြီး လျင်မြန်စွာ ပါးစပ်ပိတ်လိုက်၏။

ထို့ကြောင့် ချင်ဝမ်တို့သည် ပို၍ပင် နားမလည်နိုင်အောင် ဖြစ်သွားလေတော့သည်။

***

All Chapters