အခန်း ၈၆၂
Vol. 82 Ch. 862
အခန်း (၈၆၂) - အဋ္ဌမအဆင့် 'စာအုပ်ကူ' ၊ ကောင်းကင်တာအိုရှေ့တွင် မည်သည်လျှို့ဝှက်ချက်မျှ မရှိပေ (၂) ။
အချို့သော မှော်ရတနာများ သို့မဟုတ် အင်မော်တယ်ရတနာများကပင် အကြောင်းအကျိုးဆက်စပ်မှုကို ပိတ်ဆို့နိုင်ပြီး အကြောင်းအကျိုးဆက်စပ်မှုကို နှောင့်ယှက်နိုင်၏။ ၎င်းတို့သည် ကောင်းကင်တာအို၏ ချောင်းမြောင်းကြည့်ရှုမှုကို တားဆီးနိုင်ကြသည်။
အချုပ်အားဖြင့်ဆိုရလျှင် ဟောကိန်းထုတ်ခြင်း ပညာရပ်သည် ရာခိုင်နှုန်းပြည့် အောင်မြင်နိုင်မည် မဟုတ်ပေ။
သို့သော် ထိုသို့ဖြစ်နေလျှင်ပင် ဤပညာရပ်က ကြီးမားလှသော အဆင်ပြေလွယ်ကူမှုများကို ယူဆောင်လာပေးမည်သာ ဖြစ်လေသည်။ ‘စာအုပ်ကူ’ အား သတင်းအချက်အလက်များစွာကို ထိုးထွင်းသိမြင်နိုင်စေပြီး ကောင်းကင်နှင့်မြေကြီးကြားရှိ အဆုံးမဲ့ အချက်အလက်များကို ရရှိနိုင်စေမည် ဖြစ်၏။
"’စာအုပ်ကူ’ က ရွှမ်ဟွမ်ကမ္ဘာမှာဆိုရင် ပြိုင်ဘက်ကင်းတဲ့ တည်ရှိမှုပဲ...”
"အရာအားလုံးကို သိနေတဲ့ အင်မော်တယ်တစ်ပါးလိုမျိုး ဘာမဆို သိနိုင်ပြီး တွက်ချက်မှုတိုင်းက အမှားအယွင်း မရှိဘူး...”
"ဒီစွမ်းအားကိုသာ ဝိညာဉ်ကမ္ဘာမှာ သုံးလို့ရမယ်ဆိုရင် ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်တော့ဘူးမလား...”
ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်ပြီး စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ချေ။
နှမြောစရာကောင်းသည်မှာ ဤကဲ့သို့သော ကိစ္စရပ်မျိုးကို ဝိညာဉ်ကမ္ဘာတွင် လုပ်ဆောင်ရန် အခြေခံအားဖြင့် မဖြစ်နိုင်ပေ။
အဘယ်ကြောင့်ဆိုသော် ဝိညာဉ်ကမ္ဘာ၏ ကောင်းကင်တာအိုနှင့် ချိတ်ဆက်နိုင်ရန်မှာ ထိုမျှလွယ်ကူသော ကိစ္စမဟုတ်သောကြောင့်ပင်။ ၎င်းတွင် ထိုမျှလောက်ကြီးမားသော လုပ်ပိုင်ခွင့်အာဏာ လုံးဝ မရှိချေ။
ရွှမ်ဟွမ်ကမ္ဘာတွင် ဤအချက်ကို လုပ်ဆောင်နိုင်ခြင်းမှာ လူသားမျိုးနွယ်က ရွှမ်ဟွမ်ကမ္ဘာ၏ အကြွင်းမဲ့အုပ်စိုးသူများ ဖြစ်နေသောကြောင့်ပင် ဖြစ်လေသည်။
လူသားများသည် အုပ်စိုးသူမျိုးနွယ်စု ဖြစ်ပြီး ကံကြမ္မာစွမ်းအင်အားလုံးကို လွှမ်းမိုးထားကာ ကောင်းကင်တာအို၏ အသိအမှတ်ပြုမှုကို ရရှိထားသောကြောင့် လုပ်ပိုင်ခွင့်အာဏာ အလွန်မြင့်မားနေခြင်း ဖြစ်၏။
သို့ရာတွင် ဝိညာဉ်ကမ္ဘာ၌မူ လူသားမျိုးနွယ်သည် အရေးမပါသော မျိုးနွယ်စုငယ်လေး တစ်ခုမျှသာဖြစ်ပြီး ကံကြမ္မာစွမ်းအင်များလည်း အလွန်အားနည်းလှသည်။
သဘာဝကျကျပင် ဝိညာဉ်ကမ္ဘာရှိ ကောင်းကင်တာအို၏ အသိအမှတ်ပြုမှုကို ရရှိနိုင်မည် မဟုတ်ပေ။
တစ်ဖက်လူကလည်း ‘စာအုပ်ကူ’ အား ကောင်းကင်တာအို၏ အချက်အလက်များကို ဖတ်ရှုခွင့်ပြုမည့် အခွင့်အာဏာကို ဖွင့်ပေးမည် မဟုတ်ချေ။
အလွန်ဆုံးအနေဖြင့် လူသားမျိုးနွယ် ပိုင်ဆိုင်ထားသော အကြောင်းအကျိုးဆက်စပ်မှု အချက်အလက်များကိုသာ ရှာဖွေကြည့်ရှုနိုင်မည် ဖြစ်သည်။
အခြားသော မျိုးနွယ်စုများ၏ အချက်အလက်များကိုမူ ရှာဖွေနိုင်ရန် ခက်ခဲပေလိမ့်မည်။
မှန်ပေသည်၊ လူသားမျိုးနွယ်၏ ကံကြမ္မာစွမ်းအင်များ ဆက်တိုက်ဆိုသလို ကြီးထွားလာပြီး ပိုင်နက်နယ်မြေများလည်း တဖြည်းဖြည်း ကျယ်ပြန့်လာကာ နောက်ဆုံးတွင် ဝိညာဉ်ကမ္ဘာ၏ အုပ်စိုးသူဖြစ်လာမည်ဆိုပါက ကံကြမ္မာစွမ်းအင်များက ဝိညာဉ်ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံသွားမည် ဖြစ်သည်။
ထိုအချိန်ရောက်လျှင် ‘စာအုပ်ကူ’ သည် ရွှမ်ဟွမ်ကမ္ဘာတွင် လုပ်ဆောင်နိုင်သကဲ့သို့ အလားတူ လုပ်ဆောင်နိုင်လာမည် ဖြစ်၏။
နှမြောစရာကောင်းသည်မှာ ဤအချက်ကို လုပ်ဆောင်နိုင်ရန်အတွက် အချိန်မည်မျှ ယူရမည်ကို မည်သူကမျှ မသိနိုင်ခြင်းပင် ဖြစ်လေသည်။
'ထားလိုက်ပါတော့လေ... ဒါက လက်ရှိအချိန်မှာ အရေးအကြီးဆုံးကိစ္စမှ မဟုတ်တာ...'
'အခု အရေးအကြီးဆုံးက ကိုယ့်ရဲ့ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ပြီး ကိုယ်ပိုင်ဆိုင်ထားတဲ့ ကျွမ်းကျင်မှု ပညာရပ်တွေကို တိုးတက်အောင် လုပ်ဖို့ပဲ...'
'’စာအုပ်ကူ’က အဋ္ဌမအဆင့်ကို တက်လှမ်းသွားပြီးနောက်မှာ ထောက်ပံ့ပေးနိုင်တဲ့ နားလည်သဘောပေါက်နိုင်စွမ်းက သိသိသာသာကို ပိုပြီး အံ့ဩစရာ ကောင်းလာတယ်...'
'အဋ္ဌမအဆင့် ‘စာအုပ်ကူ’ရဲ့ အကူအညီနဲ့ဆိုရင် ငါလည်း အင်မော်တယ် ကျင့်ကြံခြင်းဆိုင်ရာ ပညာရပ်ပေါင်းစုံနဲ့ နတ်ဘုရားမန္တန် ပညာရပ်တွေကို ပိုပြီး နားလည်သဘောပေါက်နိုင်မှာ သေချာတယ်...'
'ငါ့ရဲ့ ဆေးဖော်စပ်ပညာ ကျင့်ကြံခြင်းတိုးတက်မှုကလည်း ထင်ထားတာထက် ပိုမြန်လာနိုင်တယ်...'
ကျိုးစွေ့က မျက်လုံးများကို ကျဉ်းမြောင်းလိုက်၏။
ယခုအချိန်တွင် သူအမြှင့်တင်ချင်ဆုံးသော ကျင့်ကြံမှုမှာ သေချာပေါက် ဆေးပညာလမ်းစဉ်ပင် ဖြစ်လေသည်။
အဘယ်ကြောင့်ဆိုသော် သတ္တမအဆင့် ဆေးဖော်စပ်ပညာရှင် သို့မဟုတ် ဆဋ္ဌမအဆင့် အထွတ်အထိပ် ဆေးဖော်စပ်ပညာရှင်အဖြစ်သို့ တက်လှမ်းနိုင်မှသာလျှင် ထိုက်ရွှမ် အံ့ဖွယ်တစ်သောင်းဆေးလုံးကို ဖော်စပ်နိုင်စွမ်း ရှိမည်ဖြစ်သောကြောင့် ဖြစ်၏။
ထိုသို့ဖြစ်လာမှသာလျှင် သူ၏တာအိုလက်တွဲဖော် ထောင်ချီလီသည် ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းရန် အခွင့်အရေး ရရှိမည်ဖြစ်ပြီး ဖုန်းရှီးမြို့တော်တွင် ဒုတိယမြောက် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူ ပေါ်ထွက်လာစေမည် ဖြစ်သည်။
ဤနေရာသို့ တွေးမိသည်နှင့် သူသည်လည်း ဆေးပညာလမ်းစဉ် ကျင့်ကြံခြင်းကို ချက်ချင်း စတင်လိုက်တော့သည်။
အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် နောက်ထပ် နှစ်တစ်ရာ ကုန်လွန်သွားခဲ့လေပြီ။
ရွှမ်ဟွမ်ကမ္ဘာ၊ ရွှမ်ဟွမ်ဂိုဏ်း…။
နှစ်တစ်ရာဆိုသည့် အချိန်ကာလမှာ တိုတောင်းလှသော်လည်း ရွှမ်ဟွမ်ကမ္ဘာ၏ တိုးတက်မှုသည် တစ်နေ့တခြား ပြောင်းလဲလျက် ရှိနေခဲ့သည်။
ရွှမ်ဟွမ်ကမ္ဘာသည် အဆက်မပြတ် ဆင့်ကဲပြောင်းလဲလာခဲ့ပြီး အလယ်အလတ်ကမ္ဘာငယ် တစ်ခုပြီးတစ်ခုနှင့် ပေါင်းစည်းသွားသောကြောင့်ပင် ဖြစ်၏။
ဤသည်က မရေမတွက်နိုင်သော ကျင့်ကြံသူများအား များပြားလှသည့် ကျင့်ကြံခြင်းအရင်းအမြစ်များကို ရရှိစေခဲ့သည်။
ထို့ကြောင့် ဤကာလသည် ကျင့်ကြံသူများအတွက် အပျော်ရွှင်ရဆုံး နေ့ရက်များ ဖြစ်ခဲ့ပြီး အခြေခံအားဖြင့် အရင်းအမြစ်များအတွက် မည်သို့မျှ ပူပန်ရန် မလိုအပ်တော့ချေ။
ယခင်ကဆိုလျှင် သာမန် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများသည် အခြေတည်ဆေးလုံး တစ်လုံးရရှိရန်ပင် အလွန်တရာ ခက်ခဲလှသော ကိစ္စရပ်တစ်ခု ဖြစ်ခဲ့သည်။
သို့သော် ယခုအချိန်တွင်မူ လုံလောက်သော ပိုင်ဆိုင်မှုများ ရှိနေပါက အခြေတည်ဆေးလုံးများကို အလွယ်တကူ ဝယ်ယူနိုင်ပြီ ဖြစ်၏။
ဤအချက်က များပြားလှသော ကျင့်ကြံသူများအား အခြေတည်အဆင့်သို့ တက်လှမ်းနိုင်စေခဲ့ပြီး သက်တမ်း နှစ်နှစ်ရာကျော်ကို ရရှိစေခဲ့သည်။
သံသယဖြစ်ဖွယ်မရှိ၊ ဤသည်က ရွှမ်ဟွမ်ကမ္ဘာအတွက် အမှန်တကယ်ပင် ကျင့်ကြံခြင်းဆိုင်ရာ ရွှေခေတ်ကြီးတစ်ခု ဖြစ်နေပေသည်။
ဉာဏ်ကြီးရှင်အမျိုးမျိုးသည် တစ်ယောက်ပြီးတစ်ယောက် အဆက်မပြတ် ပေါ်ထွက်လာခဲ့ကြသည်။
အသစ်စက်စက် ခေတ်ကာလကြီးတစ်ခုကို စတင်ဖွင့်လှစ်လိုက်ခြင်းပင် ဖြစ်လေသည်။
ရှုဝမ်ဇီသည်ကား ဤခေတ်သစ်ကြီး၏ ကံထူးရှင်တစ်ဦး ဖြစ်၏။
မူလက သူသည် ကျောက်ကျိုးကုန်းမြေတိုက်ကြီးရှိ သာမန်ရွာလေးတစ်ရွာမှ မွေးဖွားလာခဲ့သည့် ကျေးလက်လူငယ်လေး တစ်ဦးသာဖြစ်သည်။ သို့သော် 'ရွှမ်ဟွမ်ကျမ်းစာ' ကို ကျင့်ကြံချိန်တွင် ကျောက်စာတိုင်၏ ထူးခြားသောမြင်ကွင်းကို လှုံ့ဆော်နိုင်ခဲ့သောကြောင့် ရွှမ်ဟွမ်ဂိုဏ်းသို့ ဝင်ရောက်ခွင့်ကို ရရှိခဲ့ကာ ရွှမ်ဟွမ်ဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်လာခဲ့သည်။
ထို့အပြင် သူ၏ပါရမီသည် မဆိုးလှဟု ဆိုနိုင်ပြီး တတိယအဆင့် စိတ်ဝိညာဉ်အမြစ်ဖြစ်ရာ အထက်တန်းအဆင့် စိတ်ဝိညာဉ်အမြစ် အဆင့်အတန်းတွင် ပါဝင်နေပေသည်။
သို့ရာတွင် ၎င်းမှာ သာမန်ကျင့်ကြံသူများနှင့် နှိုင်းယှဉ်လျှင်သာ ဖြစ်၏။
ရွှမ်ဟွမ်ကမ္ဘာတစ်ခုလုံးကို အုပ်စိုးထားသော ထိပ်တန်းဂိုဏ်းကြီးဖြစ်သည့် ရွှမ်ဟွမ်ဂိုဏ်းအတွက်မူ ဂိုဏ်းအတွင်းရှိ ဉာဏ်ကြီးရှင်များနှင့် မကောင်းဆိုးဝါးများမှာ ရေတွက်၍ပင် မရနိုင်ချေ။
သာမည အထက်တန်းအဆင့် စိတ်ဝိညာဉ်အမြစ်လေးတစ်ခုမှာ မျက်စိထဲ၌ပင် ထည့်စရာမလိုပေ။
ရွှမ်ဟွမ်ဂိုဏ်း၏ တပည့်များထဲတွင် ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် ကျင့်ကြံသူများသည် နေရာတိုင်းတွင် ရှိနေပြီး ကျောက်ခဲတစ်လုံး ကောက်ပေါက်လိုက်ပါက တစ်ပုံတစ်ပင်ကြီးကို သွားမှန်နိုင်ပေသည်။
ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ထိုကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်တပည့်များသည် တာအိုခန္ဓာကိုယ်အမျိုးမျိုးနှင့် အထူးခန္ဓာကိုယ်အမျိုးမျိုးကိုပါ ပိုင်ဆိုင်ထားကြခြင်းပင် ဖြစ်လေသည်။
ထိုထူးကဲသော ဉာဏ်ကြီးရှင်များနှင့် နှိုင်းယှဉ်လိုက်ပါက မိမိကိုယ်တိုင်မှာ အမှိုက်သရိုက်တစ်ခုမျှသာ ဖြစ်နေတော့သည်။
'ရွှမ်ဟွမ်ဂိုဏ်းရဲ့ ဒီတပည့်တွေက တကယ့်ကို မကောင်းဆိုးဝါးတွေပဲ...'
ရှုဝမ်ဇီမှာ အလွန်ပင် စိတ်ဓာတ်ကျနေသည်။ သူသည် ယခုအခါ အသက်နှစ်ဆယ့်သုံးနှစ် ရှိနေပြီဖြစ်သော်လည်း ချီသန့်စင်ခြင်း အဆင့်သုံးသို့သာ ရောက်ရှိသေး၏။
သာမန် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများအတွက်မူ ဤကျင့်ကြံမှုနှုန်းသည် အလွန်မြန်ဆန်သည်ဟု ဆိုနိုင်ပြီး အနာဂတ်တွင် အခြေတည်အဆင့်သို့ ရောက်ရှိရန် မျှော်လင့်ချက် ရှိပေသည်။
သို့သော် ပြဿနာမှာ သူသည် ရွှမ်ဟွမ်ဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်နေခြင်းပင်။ မည်သည့်အရူးကမှ အခြေတည်အဆင့်ကို ရည်မှန်းချက်အဖြစ် ထားရှိမည် မဟုတ်ချေ။
အနာဂတ်တွင် ထာဝရသက်တမ်းကို ရရှိမည်ဟု မဆိုရဲသော်လည်း အနည်းဆုံးအနေဖြင့် ဝိညာဉ်သန္ဓေသားအဆင့် သို့မဟုတ် နတ်ဘုရားအသွင်ပြောင်းအဆင့်အထိ ရောက်ရှိသင့်ပေသည်။
အဘယ်ကြောင့်ဆိုသော် ဂိုဏ်းအတွင်းရှိ ဂိုဏ်းတူအစ်ကိုများနှင့် ဂိုဏ်းတူအစ်မများထဲမှ အများစုမှာ အသက်ဆယ့်ရှစ်နှစ်အရွယ်တွင် အခြေတည်အဆင့်သို့ ရောက်ရှိနေကြပြီး အညံ့ဆုံးဆိုသူများပင် အသက်နှစ်ဆယ့်ငါး၊ နှစ်ဆယ့်ခြောက်နှစ်အရွယ်၌ အခြေတည်အဆင့်သို့ တက်လှမ်းနိုင်ကြသောကြောင့် ဖြစ်၏။
သို့သော် မိမိကိုယ်တိုင်မှာမူ အသက်နှစ်ဆယ့်သုံးနှစ်တွင် ချီသန့်စင်ခြင်း အဆင့်သုံးသာ ရှိသေးရာ ဂိုဏ်းမှ ထောက်ပံ့ပေးထားသော ကျင့်ကြံခြင်း အရင်းအမြစ်များကို အမှန်တကယ်ပင် အားနာမိချေသည်။
သူသည် ကျားရိုင်းအုပ်ထဲသို့ မှားယွင်းဝင်ရောက်မိသွားသော ယုန်ဖြူလေးတစ်ကောင် ဖြစ်နေသကဲ့သို့ ခံစားနေရသည်။
ထူးချွန်ကျောင်းသားများစွာကြားတွင် အောက်ဆုံးမှ အညံ့ဆုံး ကျောင်းသားတစ်ယောက်ဖြစ်နေခြင်းက အလွန်ပင် မျက်စိနောက်စရာ ကောင်းလှသည်။
စာမေးပွဲတိုင်းတွင် အောက်ဆုံးအဆင့်ချည်း ဖြစ်နေခြင်းက လွန်စွာ သိသာထင်ရှားနေသည် မဟုတ်ပါလော။
အမှန်အတိုင်းဆိုရလျှင် သူ၏ကျင့်ကြံမှုအဆင့်က အလွန်ညံ့ဖျင်းလွန်းသဖြင့် ယခုအခါ ဂိုဏ်းတူအစ်ကို၊ အစ်မများစွာကပင် သူ၏ဇာတ်မြစ်ကို သံသယဝင်လာကြလေပြီ။
သူသည် ဂိုဏ်းချုပ်၏ တရားမဝင် သားတစ်ယောက် ဖြစ်နေသောကြောင့်သာ ရွှမ်ဟွမ်ဂိုဏ်းသို့ ဝင်ရောက်ခွင့် ရရှိခဲ့သည်ဟူ၍ တွေးထင်လာကြလေသည်။
ကောလာဟလများက အမှန်တကယ်သာ ဖြစ်ပါစေဟု သူကိုယ်တိုင်ပင် ဆုတောင်းမိ၏။ သို့သော် ပြဿနာမှာ သူသည် အမှန်တကယ်ပင် မဟုတ်ဘဲ မည်သည့် နောက်ခံဇာတ်မြစ်မျှ လုံးဝမရှိခြင်းပင် ဖြစ်လေသည်။
'ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် ငါက ရွှမ်ဟွမ်ဂိုဏ်းရဲ့ ပထမဆုံး နှင်ထုတ်ခံရတဲ့ တပည့် ဖြစ်မသွားလောက်ပါဘူးနော်...'
'ဂိုဏ်းကနေ နှင်ထုတ်ခံရတဲ့ အကြောင်းရင်းက အရည်အချင်း ညံ့ဖျင်းလွန်းလို့နဲ့ ဆွေးမြည့်နေတဲ့ သစ်တုံးကို ထုဆစ်လို့မရဆိုရင် ဒုက္ခပဲ...'
ရှုဝမ်ဇီခမျာ အနည်းငယ် ထိတ်လန့်နေမိသည်။
ထိုသို့ဖြစ်လာမည် မဟုတ်ဟု သူထင်ထားသည်။ ရွှမ်ဟွမ်ဂိုဏ်း တည်ထောင်ခဲ့သည့် အချိန်မှစ၍ တပည့်တစ်ဦးသည် ကြီးလေးသော အမှားတစ်ခုခုကို ကျူးလွန်ထားခြင်း မရှိပါက ဂိုဏ်းမှ နှင်ထုတ်လေ့ မရှိပေ။