← Chapters

အခန်း ၈၆၃

Vol. 82 Ch. 863

အခန်း ၈၆၃

Vol. 82 Ch. 863

အခန်း (၈၆၃) - အင်မော်တယ်ရတနာ တာ့ယန်နတ်ဘုရားဆေးမီးဖိုနှင့် မှော်ရတနာမဟာကမ္ဘာ (၁) ။

သို့သော် ဤအတိုင်းသာ ဆက်သွားနေမည်ဆိုပါက လုံးဝမဖြစ်နိုင်သည့် ကိစ္စဟုလည်း မဆိုသာချေ။

ဂိုဏ်းတွင်းရှိ အကြီးအကဲများက မိမိအား ကြည့်သည့် အကြည့်များမှာပင် အနည်းငယ် ထူးဆန်းနေသည်ဟု သူခံစားနေရသည်။

သူတို့က ကျောက်စာတိုင် အမှားအယွင်း ဖြစ်သွား၍သာ မိမိကဲ့သို့ ကွန်ပေါက်ရာမှ လွတ်ထွက်လာသည့် ငါးတစ်ကောင် ပေါ်လာခြင်းလောဟု တွေးထင်နေကြပုံရသည်။

အမှန်အတိုင်းပြောရလျှင် သူ၏မျက်နှာက အလွန်ပြောင်လှသည်။

အကယ်၍ ဂိုဏ်းကသာ နှုတ်ဖြင့် ထုတ်မပြောလာပါက သူသည် အရှက်မရှိဘဲ ရွှမ်ဟွမ်ဂိုဏ်းတွင် ဆက်လက် နေထိုင်သွားမည်သာ ဖြစ်၏။

သစ်ပင်ကြီးအောက်တွင် အရိပ်ခိုရသည်က ကောင်းမွန်ကြောင်း မည်သူကမသိဘဲ နေပါမည်နည်း။

ရွှမ်ဟွမ်ဂိုဏ်း၏ တပည့်ဆိုသော အထောက်အထားကို အပြင်ဘက်တွင် အလွယ်တကူ ထုတ်သုံးလိုက်ပါက နယ်စားပယ်စား အဆင့်အတန်းမျိုး ဖြစ်သွားပေမည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ ဖော်လံဖားမှုကို ခံရမည် ဖြစ်သည်။

သူ၏ကျင့်ကြံမှုထက် ပိုမိုအစွမ်းထက်သော ကျင့်ကြံသူများပင်လျှင် သူ့အား မည်သို့မျှ မပြောဝံ့ဘဲ လူတိုင်းက ခေါင်းငုံ့ကာ အမိန့်နာခံကြမည်သာ ဖြစ်လေသည်။

အထောက်အထားတစ်ခုတည်းနှင့်ပင် မင်းဆက်တစ်ခု၏ အိမ်ရှေ့စံမင်းသားတစ်ပါးနှင့် တူညီနေပေသည်။

မရေမတွက်နိုင်သော လက်သိပ်ထိုးခံစားခွင့်များ ရှိနေလေ၏။

'ဒါပေမဲ့ ငါ့ရဲ့ကျင့်ကြံမှုက ဘာတွေဖြစ်နေတာလဲ...'

'ငါ့ရဲ့ စိတ်ဝိညာဉ်အမြစ် ပါရမီက တတိယအဆင့်ပဲ ရှိတယ်ဆိုပေမဲ့ ဘာပဲဖြစ်ဖြစ် အထက်တန်းစား စိတ်ဝိညာဉ်အမြစ်တစ်ခုပဲလေ...'

'ဒါ့အပြင် စိတ်ဝိညာဉ်ဆေးမြစ်တွေ၊ ဆေးလုံးတွေအများကြီးရဲ့ အကူအညီနဲ့ နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ ကျင့်ကြံလာခဲ့တာ… ဘယ်လိုကြည့်ကြည့် ချီသန့်စင်ခြင်းအဆင့် (၃) လောက်တော့ မဖြစ်နိုင်ဘူး...'

'ငါ ကျင့်ကြံတဲ့အချိန်တိုင်း ငါ့ရဲ့ ကျင့်ကြံမှုတိုးတက်နှုန်းကို ဆွဲချနေတဲ့ အရာတစ်ခုခု ရှိနေသလိုမျိုး ဘာလို့ ခံစားနေရတာလဲ...'

ရှုဝမ်ဇီက သူ၏ခန္ဓာကိုယ်တွင် ပြဿနာတစ်ခုခု ပေါ်လာသည်မှာ သေချာနေကြောင်း ခံစားမိလိုက်သည်။ သို့မဟုတ်ပါက ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်လာမည် မဟုတ်ပေ။

အမှန်တကယ်ပင် သူသည် အကြီးအကဲများစွာကို ရှာဖွေပြသခဲ့ဖူးသော်လည်း မည်သည့်အကြီးအကဲကမျှ ပြဿနာကို ရှာမတွေ့ခဲ့ကြချေ။

ဂိုဏ်းချုပ်အရှင်နှင့်ပတ်သက်၍မူ သူ လုံးဝ မတွေ့ဖူးခဲ့ပေ။

မည်သို့ပင်ဆိုစေ သူသည် သေးငယ်သော ချီသန့်စင်ခြင်းအဆင့် တပည့်တစ်ယောက်သာ ဖြစ်ရာ ဂိုဏ်းချုပ်အရှင်နှင့် တွေ့ဆုံခွင့်ရရန် မည်သို့ အရည်အချင်း ရှိပါမည်နည်း။

သာမန်အကြီးအကဲများပင် ဂိုဏ်းချုပ်ကို တစ်ကြိမ်တွေ့ဆုံရန် အလွန်တရာ ခက်ခဲလှသည်ဖြစ်ရာ သူ့အတွက်မူ ဆိုဖွယ်ရာပင် မရှိတော့ချေ။

ထို့ကြောင့် ဤအရာအားလုံးကို ဖြေရှင်းရန်အတွက် သူကိုယ်တိုင်အပေါ်တွင်သာ မှီခိုရမည် ဖြစ်လေသည်။

"ပါးစပ်ပိတ်ထားစမ်း... ကောင်စုတ်လေး..."

"မင်းဆီကနေ စိတ်ဝိညာဉ်ချီ နည်းနည်းပါးပါးလေး တောင်းတာကိုများ ဒီမှာလာပြီး ပွစိပွစိ လုပ်နေသေးတယ်..."

"ငါ့ကို တွေ့ရတာက မင်းဒီဘဝအတွက် ဘယ်လောက်တောင် ကြီးမားတဲ့ ဘုန်းကျက်သရေလဲဆိုတာ သိရဲ့လား..."

ထိုအချိန်မှာပင် ရှုဝမ်ဇီ၏ သိစိတ်ပင်လယ် နက်ရှိုင်းသောနေရာမှ အိုမင်းနေသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။ အလွန် အားနည်းနေပုံပေါက်သော်လည်း လူကြီးလူကောင်းဟန်ဖမ်းကာ အမိန့်ပေးနေပြီး အလွန်အမင်း မောက်မာလှပေသည်။

သူ၏ ဒန်တျန်ချီပင်လယ် နက်ရှိုင်းသောနေရာတွင် ဧရာမ ဆေးမီးဖိုကြီးတစ်ခု ပေါ်လာသည်ကို သူ ဝိုးတဝါး မြင်လိုက်ရသကဲ့သို့ ရှိလေသည်။ ၎င်းအပေါ်တွင် ရှေးဟောင်းဆန်ကာ ဆန်းကြယ်သော မန္တန်အက္ခရာများ ပြည့်နှက်နေပြီး နက်နဲလှသော အငွေ့အသက်များ ပါဝင်နေ၏။

ပေါ့ပေါ့ပါးပါး လှုပ်ရှားလိုက်ရုံဖြင့် အရာအားလုံးကို ပြာကျသွားစေနိုင်မည့် အဆုံးမဲ့ မီးလျှံများကို ထုတ်လွှတ်ပေးနိုင်စွမ်း ရှိသည့်အလားပင်။

ဤသည်က ဧရာမ နတ်ဘုရားဆေးမီးဖိုကြီးတစ်ခုနှင့် တူလှပေသည်။

သို့သော် ဤနတ်ဘုရားဆေးမီးဖိုကြီးမှာ ပျက်စီးနေသော အခြေအနေသို့ ရောက်ရှိနေပုံရကာ နေရာအနှံ့တွင် အက်ကွဲကြောင်းများ ပြည့်နှက်နေပြီး အချိန်မရွေး ကွဲကြေသွားနိုင်သည့်အလား အစိတ်စိတ်အမွှာမွှာ ဖြစ်လုနီးပါး ရှိနေလေသည်။

"ခင်ဗျားက ဘာကြီးလဲ... ဘာလို့ ကျုပ်ခန္ဓာကိုယ်ထဲမှာ ရောက်နေရတာလဲ..."

"ကျုပ်ရဲ့ ကျင့်ကြံမှု ပြဿနာတက်နေတာက ခင်ဗျားလက်ချက်တွေလား..."

ရှုဝမ်ဇီမှာ ကြက်သေသေသွားပြီး သူ၏ခန္ဓာကိုယ်ထဲတွင် ဤကဲ့သို့သော ရတနာမျိုး မည်သည့်အချိန်က ပေါ်လာမှန်း လုံးဝ မသိခဲ့ချေ။

သူသည်လည်း အရူးတစ်ယောက် မဟုတ်ရာ ယခင်က သူ၏ကျင့်ကြံမှု တိုးတက်နှုန်း နှေးကွေးနေခြင်းကို ချက်ချင်း ဆက်စပ်တွေးတောလိုက်မိ‌သည်။

သံသယဖြစ်ဖွယ်မလို၊ သူ၏ခန္ဓာကိုယ် နက်ရှိုင်းသောနေရာရှိ ဤထူးဆန်းသော နတ်ဘုရားဆေးမီးဖို၏ လက်ချက်ပင် ဖြစ်ရပေမည်။

ထို့ကြောင့်သာ သူ၏ကျင့်ကြံမှုအမြန်နှုန်းက ဤမျှ နှေးကွေးနေရခြင်း ဖြစ်၏။

"မှန်တယ်... ဒီသခင်ကြီးရဲ့ လက်ချက်ပဲ..."

"ဒီသခင်ကြီးက အင်မော်တယ်ရတနာ 'တာ့ယန်နတ်ဘုရားဆေးမီးဖို' ပဲ... ဒီသခင်ကြီးနဲ့ တွေ့ရတာကိုက မင်းဒီဘဝအတွက် ဘုန်းကျက်သရေပဲ..."

"အခုချက်ချင်း ဒူးထောက် အရိုအသေ‌ပေးလိုက်စမ်း..."

"ဒီသခင်ကြီး သဘောကျအောင် လုပ်နိုင်ရင် မင်းရဲ့ ဒီဘဝမှာ ထာဝရအသက်ရှင်နိုင်မယ့် မျှော်လင့်ချက် ရှိလာနိုင်တယ်..."

ထိုအသံက ၎င်းကိုယ်၎င်း အင်မော်တယ်ရတနာ 'တာ့ယန်နတ်ဘုရားဆေးမီးဖို' အဖြစ် ကြွေးကြော်လိုက်လေသည်။

"ဒီတော့ အားလုံးက ခင်ဗျားလက်ချက်ကိုး..."

"ကျုပ် အခုချက်ချင်း ဂိုဏ်းကို သတင်းပို့ပြီး ခင်ဗျားကို ဆွဲထုတ်ပစ်မယ်..."

ရှုဝမ်ဇီမှာ အံတင်းတင်းကြိတ်ကာ အလွန်အမင်း ဒေါသထွက်သွား၏။

ယခင်က သူသည် မိမိကိုယ်ကို အသုံးမကျသူတစ်ယောက်အဖြစ် အထင်မှားလုနီးပါး ဖြစ်ခဲ့ရသည်။ မူလကတည်းက သူ၏ပါရမီမှာ မကောင်းလှသဖြင့် ထိုပါရမီရှင် မကောင်းဆိုးဝါးများနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ခဲ့ရာ ယခုတွင် သူ၏ကျင့်ကြံမှု တိုးတက်နှုန်းကို ဆွဲချနေသည့် ထူးဆန်းသော ရတနာတစ်ပါး ထပ်ရှိနေပြန်သည်မှာ အလွန်တရာ အဓိပ္ပာယ်မဲ့လွန်းလှသည်။

သူသည် ချက်ချင်းပင် လက်စားချေလိုစိတ်များ ထွက်ပေါ်လာကာ ဂိုဏ်းမှ အကြီးအကဲများကို ရှာဖွေ၍ သူ၏ခန္ဓာကိုယ်ထဲရှိ လျှို့ဝှက်အန္တရာယ်ကို ဖြေရှင်းရန် ကြံရွယ်လိုက်လေသည်။

"ရပ်စမ်း... မင်း… ဒီလူမိုက်တော့လား..."

"ငါ့ကို ဖွင့်ချလိုက်ရင် မင်းလည်း အကျိုးရှိမှာ မဟုတ်ဘူး..."

"ငါက မင်းရဲ့ ဝိညာဉ်နဲ့ ချိတ်ဆက်ထားပြီးပြီ..."

"မင်း အရမ်းကာရော လှုပ်ရှားမယ်ဆိုရင် ဒီသခင်ကြီးက မင်းနဲ့အတူ ပူးတွဲအသေခံပစ်လိုက်မယ်..."

အင်မော်တယ်ရတနာ 'တာ့ယန်နတ်ဘုရားဆေးမီးဖို' မှာလည်း ကြက်သေသေသွားရ၏။ ဤကောင်လေးက ဤမျှရိုင်းစိုင်းကာ အကောင်းအဆိုး မသိလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

ပုံမှန်အားဖြင့်ဆိုလျှင် သူကဲ့သို့သော အင်မော်တယ်ရတနာကို ရရှိပြီးနောက်တွင် ဝမ်းသာလုံးဆို့မသွားလျှင်ပင် အခြားသူများကို လုံးဝ ဖွင့်ပြောမည် မဟုတ်ပေ။

ဤကောင်လေးကမူ ထိုသို့မဟုတ်ပေ။

လုံးဝ တွန့်ဆုတ်မှုမရှိဘဲ မိမိကိုယ်ကို ဖွင့်ချရန် ကြံရွယ်နေသည်မှာ အလွန်တရာ အဓိပ္ပာယ်မဲ့ကာ ရူးသွပ်နေခြင်းပင်။

မည်သည့်ကျင့်ကြံသူက မိမိရရှိထားသော အံ့ဖွယ်ကံကြမ္မာကို ဖွင့်ချဝံ့မည်နည်း။ ဤသည်မှာ လူမိုက်လုပ်ရပ်ပင် မဟုတ်ပါလော။

ထို့ကြောင့် ၎င်းသည် ဆရာကြီးဂိုက် ဆက်ဖမ်းမနေနိုင်တော့ဘဲ ချက်ချင်းပင် ခြိမ်းခြောက်စကား ဆိုလိုက်ရတော့သည်။

သို့မဟုတ်ပါက ၎င်း အမှန်တကယ် ပေါ်သွားပါလျှင် လုံးဝ ပြီးဆုံးသွားမည် ဖြစ်လေသည်။

မည်သို့ပင်ဆိုစေ ၎င်းကဲ့သို့သော အင်မော်တယ်ရတနာမျိုးကို အပြီးတိုင် သန့်စင်လိုသည့် ကျင့်ကြံသူများမှာ ရေတွက်၍ပင် မကုန်နိုင်အောင် များပြားလှသည် မဟုတ်ပါလော။

၎င်းအနေဖြင့် အခြားကျင့်ကြံသူများ၏ ကျွန်တစ်ယောက် မဖြစ်ချင်သေးပေ။

"အဟွတ် အဟွတ်... အစ်ကိုကြီးကလည်း... အတူတူ အသေခံရမယ့် နည်းလမ်းရှိတယ်ဆိုတာ စောစောကတည်းက ပြောပါလား..."

"အဲဒီလို ပြောလိုက်မှ ကျုပ်လည်း နားလည်သွားတော့မပေါ့..."

ရှုဝမ်ဇီက ချောင်းဟန့်လိုက်ပြီး ချက်ချင်းပင် နောက်ဆုတ်သွား၏။ သူသည်ကား အခြေအနေအပေါ် မူတည်၍ ကွေးလွယ်၊ဆန့်လွယ်လှပေသည်။

အဘယ်ကြောင့်ဆိုသော် သူ၏အနာဂတ်တွင် တာအိုကို နားလည်သဘောပေါက်ကာ အင်မော်တယ်တစ်ပါးဖြစ်လာရန် ဆန္ဒရှိနေဆဲဖြစ်ရာ ယခုအချိန်တွင် ဤနေရာ၌ ကျဆုံးမသွားချင်သောကြောင့်ပင် ဖြစ်လေသည်။

"ဒီ..."

ဤစကားကို ကြားသောအခါ အင်မော်တယ်ရတနာ 'တာ့ယန်နတ်ဘုရားဆေးမီးဖို' မှာ ဆွံ့အသွားရ၏။ ဤလူသားကျင့်ကြံသူက ဤမျှ သတ္တိနည်းလိမ့်မည်မှန်း ၎င်း ထင်မှတ်မထားခဲ့ချေ။ အနည်းငယ် ခြိမ်းခြောက်လိုက်သည်နှင့် ချက်ချင်းပင် လက်မြှောက်အရှုံးပေးသွားသည် မဟုတ်ပါလော။

သို့သော်ငြား ဤသည်က ကောင်းသောကိစ္စတစ်ခု ဖြစ်ပြီး အနည်းဆုံးအနေဖြင့် ၎င်း ဖွင့်ချခံရမည့် အန္တရာယ် မရှိတော့ပေ။

"စိတ်ချပါ... ငါကလည်း မင်းအပေါ် ဘာအန္တရာယ်မှ မပေးပါဘူး..."

"မင်းနဲ့ငါ့ရဲ့ ဝိညာဉ်တွေက အစောကြီးကတည်းက ချိတ်ဆက်ထားပြီးပြီ..."

"ငါသေရင် မင်းလည်း သေမယ်... မင်းသေရင် ငါလည်း သေမယ်..."

"တစ်ယောက်နဲ့တစ်ယောက်က တစ်သွေးတည်းတစ်သားတည်းပဲ... ဒါကြောင့်မို့လို့ ငါ စကားပြောပြီး မင်းနဲ့ ဆက်သွယ်တာ..."

အင်မော်တယ်ရတနာ 'တာ့ယန်နတ်ဘုရားဆေးမီးဖို' က ဤလူသားကျင့်ကြံသူကို ဆက်လက်၍ မခြိမ်းခြောက်လိုတော့ပေ။ နောင်တစ်ချိန်တွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် စောင့်ရှောက်ရန် လိုအပ်မည်ဖြစ်ရာ ယခုအချိန်၌ ရင်ထဲတွင် သံသယများ ရှိနေပါက ကောင်းသောကိစ္စ မဟုတ်ချေ။

"ခင်ဗျားက ကိုယ်ကိုယ်ကို အင်မော်တယ်ရတနာလို့ ပြောတယ်ပေါ့..."

"ဒါပေမဲ့ ခင်ဗျားက ဘယ်လိုလုပ်ပြီး ရတနာဝိညာဉ်ကို မွေးဖွားလာနိုင်ရတာလဲ..."

"ကျုပ်သိသလောက်တော့ မှော်ရတနာတော်တော်များများက ပြီးပြည့်စုံတဲ့ အသိဉာဏ်ကို မမွေးဖွားနိုင်ကြဘူးထင်တယ်..."

"အလွန်ဆုံးရှိလှ နတ်ဘုရားအာရုံ နည်းနည်းပါးပါးလေး ရှိရုံလောက်ပဲ..."

ရှုဝမ်ဇီသည် သူ၏ခန္ဓာကိုယ်ထဲရှိ ဤထူးဆန်းသော မှော်ရတနာ၏ စေတနာကို ခံစားသိရှိနိုင်သဖြင့် သူလည်း တည်ငြိမ်သွားလေသည်။ ဤအင်မော်တယ်ရတနာက မည်သည့်ဇာစ်မြစ်မှ လာသည်ကို သိချင်နေပြီး သူ့အပေါ်တွင် မည်ကဲ့သို့သော အတွေးမျိုး ရှိနေသည်ကိုလည်း သိလိုစိတ် ပြင်းပြနေ၏။

"ဟားဟား... အဲဒါတွေကို ဘယ်လိုလုပ် မှော်ရတနာလို့ ခေါ်လို့ရမှာလဲ... မင်းတို့လို မျိုးနွယ်ခြားကျင့်ကြံသူတွေက ပစ္စည်းအမျိုးမျိုးကို သုံးပြီး သန့်စင်ဖန်တီးထားတဲ့ အသုံးအဆောင်ပစ္စည်းတွေသက်သက်ပဲလေ... ရတနာလို့တောင် သတ်မှတ်လို့ မရဘူး..."

"ဒီသခင်ကြီးက မှော်ရတနာမဟာကမ္ဘာက မွေးဖွားလာတဲ့ အမြင့်ဆုံး အင်မော်တယ်ရတနာကွ... မွေးဖွားလာကတည်းက အသိဉာဏ် ပါလာပြီးသား... မှော်ရတနာမျိုးနွယ်စုဝင်ပဲ... သာမန် အသုံးအဆောင်ပစ္စည်းလေးတွေက ဘယ်လိုလုပ် ငါနဲ့ လာယှဉ်နိုင်ပါ့မလဲ..."

အင်မော်တယ်ရတနာ 'တာ့ယန်နတ်ဘုရားဆေးမီးဖို' က မောက်မာစွာ ပြောလိုက်လေသည်။

၎င်းသည် မိမိ၏ မွေးဖွားလာမှုနှင့် ဇာစ်မြစ်အပေါ်တွင် အလွန်တရာ ဂုဏ်ယူဝင့်ကြွားနေပြီး 'မှော်ရတနာမျိုးနွယ်စု' မှ လာကြောင်း ကြွေးကြော်နေခြင်း ဖြစ်ပေတော့သည်။

All Chapters