အခန်း ၈၆၄
Vol. 82 Ch. 864
အခန်း (၈၆၄) - အင်မော်တယ်ရတနာ တာ့ယန်နတ်ဘုရားဆေးမီးဖိုနှင့် မှော်ရတနာမဟာကမ္ဘာ (၂) ။
"မှော်ရတနာမျိုးနွယ်စုတဲ့လား... မှော်ရတနာဆိုတာ သန့်စင်ဖန်တီးထားတာ မဟုတ်ဘူးလား..."
"မှော်ရတနာကလည်း ကိုယ်ပိုင် မျိုးနွယ်စုတစ်ခု ဖြစ်လာနိုင်တာလား..."
ဤစကားကို ကြားသောအခါ ရှုဝမ်ဇီမှာ အလွန်တရာ အံ့ဩသွားရ၏။ ဤသည်က ရွှမ်ဟွမ်ဂိုဏ်းတွင်ပင် မှတ်တမ်းတင်ထားခြင်း မရှိခဲ့သော လျှို့ဝှက်သတင်းတစ်ခု ဖြစ်လေသည်။
ယခင်ကလည်း သူသည် ဤကဲ့သို့သော ကိစ္စမျိုးကို တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ချေ။
"ဟားဟား... ဗဟုသုတ နည်းပါးလှတဲ့ လူသားကျင့်ကြံသူ..."
"မင်း မသိတာလည်း ပုံမှန်ပါပဲ... မင်းရှိနေတဲ့ ကမ္ဘာက အင်မတန် အဆင့်နိမ့်လွန်းတယ်လေ..."
"အဆင့်အတန်းအရ မဟာကမ္ဘာနဲ့ တူတယ်ဆိုပေမဲ့ အဆင့်သတ်မှတ်ချက်ရဲ့ အောက်ခြေမှာရှိတဲ့ မဟာကမ္ဘာတစ်ခုမျှသာ ဖြစ်လို့ လုံးဝ မျက်စိထဲ ထည့်စရာတောင် မလိုဘူး..."
"ဒါပေမဲ့ ငါတို့ မှော်ရတနာမျိုးနွယ်စုကတော့ မှော်ရတနာမဟာကမ္ဘာမှာ မွေးဖွားလာတာ..."
"ပြီးတော့ မှော်ရတနာမဟာကမ္ဘာက မဟာကမ္ဘာသုံးထောင်ထဲမှာတောင် ထိပ်ဆုံးဆယ်ခုစာရင်းထဲ ဝင်နိုင်တယ်..."
"သဘာဝကျကျပဲ မင်းတို့ပြောတဲ့ ရွှမ်ဟွမ်ကမ္ဘာနဲ့ ယှဉ်လို့မရနိုင်ဘူးပေါ့..."
အင်မော်တယ်ရတနာ 'တာ့ယန်နတ်ဘုရားဆေးမီးဖို' က ဤရွှမ်ဟွမ်ကမ္ဘာဆိုသည်ကို အလွန်အမင်း အထင်သေးနေ၏။
၎င်းက ဤကမ္ဘာနှင့် မှော်ရတနာမဟာကမ္ဘာကို နှိုင်းယှဉ်ပါက အမှိုက်တစ်စကဲ့သို့ပင် ဖြစ်ကြောင်း ယူဆထားသည်။ အရင်းအမြစ်၊ စွမ်းအားနှင့် အဆင့်အတန်း မည်သည့်အရာမဆို အလွန်တရာ ကွာဟလွန်းနေသည် မဟုတ်ပါလော။
မဟာကမ္ဘာများစွာအနက် ထိပ်ဆုံးဆယ်ခုစာရင်းဝင်နိုင်ခြင်းကို ထောက်ရှု၍ မှော်ရတနာမဟာကမ္ဘာ၏ နောက်ခံအင်အားနှင့် စွမ်းအားကို မှန်းဆနိုင်ပေသည်။
"ကောင်းပါပြီ... ခင်ဗျားရဲ့ မှော်ရတနာမဟာကမ္ဘာက အရမ်းစွမ်းတယ်ဆိုတာ သိပါပြီ... ဒါပေမဲ့ မှော်ရတနာမျိုးနွယ်စုရဲ့ နောက်ကြောင်းကို ခင်ဗျား မပြောရသေးဘူးနော်... ဒါက လျှို့ဝှက်သတင်းတစ်ခုခုများ ဖြစ်နေလို့လား..."
ရှုဝမ်ဇီက သိချင်စိတ်ဖြင့် မေးလိုက်၏။ သူသည် မှော်ရတနာမျိုးနွယ်စုနှင့် ပတ်သက်၍ တစ်နေ့တခြား ပိုမို သိချင်စိတ်များ ပြင်းပြလာသကဲ့သို့ ခံစားနေရလေသည်။
"ဒီကိစ္စကတော့ သာမန်မှော်ရတနာတွေဆိုတာ မျိုးနွယ်စုအသီးသီးက သက်ရှိတွေက သူတို့ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို သုံးပြီး သန့်စင်ဖန်တီးထားတာလေ..."
"မတူညီတဲ့ သန့်စင်ဖန်တီးမှုနည်းလမ်းတွေက မတူညီတဲ့ မှော်ရတနာတွေကို ဖြစ်ပေါ်စေတယ်..."
"နှမြောစရာကောင်းတာက ဒါတွေအားလုံးက အသုံးအဆောင်ပစ္စည်းတွေ သက်သက်ပဲ... အသိဉာဏ် မွေးဖွားလာနိုင်တဲ့ အသုံးအဆောင်ပစ္စည်းတွေသာလျှင် အစစ်အမှန် မှော်ရတနာလို့ သတ်မှတ်လို့ရတာ..."
"ဒါပေမဲ့ ငါတို့ မှော်ရတနာမျိုးနွယ်စုကတော့ သဘာဝအတိုင်း ဖြစ်ပေါ်လာတာ..."
"လူတွေ ဖန်တီးထားတာ မဟုတ်ဘဲ သဘာဝပစ္စည်းတွေလို့ သတ်မှတ်လို့ရတယ်..."
အင်မော်တယ်ရတနာ 'တာ့ယန်နတ်ဘုရားဆေးမီးဖို' က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်လေသည်။
၎င်းက မှော်ရတနာမဟာကမ္ဘာ၏ သတင်းအချက်အလက်အချို့ကို ထုတ်ပြောရမည်ကိုလည်း ဂရုမစိုက်ချေ။
အဆင့်နိမ့်ကမ္ဘာများအတွက်မူ ဤသည်မှာ အလွန်တရာ လျှို့ဝှက်သော သတင်းအချက်အလက်များ ဖြစ်နိုင်ပေသည်။
သို့သော် ထိပ်ဆုံးဆယ်ခုစာရင်းဝင် မဟာကမ္ဘာများအတွက်မူ ဤသည်မှာ အခြေခံဗဟုသုတမျှသာ ဖြစ်လေသည်။
နှစ်သန်းပေါင်းများစွာ အပြန်အလှန် ကူးလူးဆက်သွယ်ခဲ့ပြီးနောက်တွင် မှော်ရတနာမဟာကမ္ဘာ၏ လျှို့ဝှက်ချက်များစွာမှာ အစောကြီးကတည်းက ပေါက်ကြားနေခဲ့ပြီ ဖြစ်၏။
"မဖြစ်နိုင်တာ... မှော်ရတနာတွေက သဘာဝအတိုင်း ဖြစ်ပေါ်လာနိုင်တာလား..."
ရှုဝမ်ဇီမှာ အံ့ဩသွားပြီး လောကကြီးတွင် ဤကဲ့သို့သော ကိစ္စမျိုး ရှိနိုင်လိမ့်မည်မှန်း လုံးဝ ထင်မှတ်မထားခဲ့ချေ။
"မှော်ရတနာတစ်ခု သဘာဝအတိုင်း ဖြစ်ပေါ်လာဖို့ဆိုတာ သဘာဝကျကျ ဘယ်အဲဒီလောက် ရိုးရှင်းပါ့မလဲ..."
"ငါတို့ မှော်ရတနာမဟာကမ္ဘာက ဒီအချက်ကို လုပ်ဆောင်နိုင်ရတဲ့ အကြောင်းရင်းဟာ ငါတို့ရဲ့ ဘိုးဘေးဖြစ်တဲ့ အမြင့်ဆုံးသဘာဝရတနာ 'ရတနာစုဆောင်းရေးပန်းကန်' ကြောင့်ပဲ..."
"အဲဒီရဲ့ အပိုင်းအစတစ်ခုက အင်မော်တယ်ကမ္ဘာကနေ ကျလာပြီး မှော်ရတနာမဟာကမ္ဘာထဲကို ပေါင်းစပ်သွားခဲ့တယ်..."
"ဒါနဲ့ပဲ ဒီအပိုင်းအစက အဆုံးမဲ့ လေဟာနယ်ထဲက ရှားပါးပစ္စည်းမျိုးစုံကို ဝါးမျိုခဲ့တယ်..."
"အချိန်ကြာလာတာနဲ့အမျှ မှော်ရတနာမဟာကမ္ဘာက ကမ္ဘာပေါင်းများစွာရဲ့ အမှိုက်ပုံကြီး ဖြစ်လာတော့တာပဲ..."
"အဆုံးအစမဲ့တဲ့ သတ္တုပစ္စည်းတွေ၊ မှော်ရတနာအပိုင်းအစတွေနဲ့ ပုံစံအမျိုးမျိုးသော ပစ္စည်းတွေအားလုံးက မှော်ရတနာမဟာကမ္ဘာထဲကို ပေါင်းစည်းဝင်ရောက်သွားကြတယ်...”
"နှစ်ကာလရှည်လျားစွာ ဖြတ်သန်းပြီးနောက်မှာတော့ ဒီပစ္စည်းတွေနဲ့ မှော်ရတနာအပိုင်းအစတွေက ငါတို့ဘိုးဘေး ရတနာစုဆောင်းရေးပန်းကန်ရဲ့ စွမ်းအားအောက်မှာ တစ်ခုနဲ့တစ်ခု ရောယှက်သွားကြတော့တယ်… အဲဒီနောက်မှာ ပြိုင်ဘက်ကင်းတဲ့ တာအိုအငွေ့အသက်တွေကို ဖြစ်ပေါ်စေပြီးတော့ အစွမ်းထက်တဲ့ မှော်ရတနာတစ်ခုပြီးတစ်ခု ဖြစ်တည်လာခဲ့တာပဲ...”
"တစ်ချိန်တည်းမှာပဲ ဒီမှော်ရတနာတွေက အသိဉာဏ်ကိုပါ မွေးဖွားပေးနိုင်ခဲ့တယ်...”
"ဒါကြောင့် ငါတို့ မှော်ရတနာမျိုးနွယ်စုက ဒီလေဟာနယ်ထဲမှာ မွေးဖွားလာခဲ့တာပဲ...”
"အဲဒီနောက် နှစ်သန်းထောင်ချီ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီးတော့ ငါတို့ မှော်ရတနာမျိုးနွယ်စုရဲ့ နာမည်က မဟာကမ္ဘာသုံးထောင်မှာ ကျော်ကြားလာခဲ့တယ်။ ပြိုင်ဘက်ကင်းတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားပြီး အင်မော်တယ်ကမ္ဘာမှာတောင် ငါတို့က အင်မော်တယ်ကမ္ဘာကို တုန်လှုပ်သွားစေနိုင်လောက်တဲ့ ကြီးမားတဲ့ မျိုးနွယ်စုတစ်ခု ဖြစ်လာခဲ့တယ်...”
အင်မော်တယ်ရတနာ တာ့ယန်နတ်ဘုရားဆေးမီးဖိုက မှော်ရတနာမျိုးနွယ်စု၏ ဇာတ်မြစ်ကို ထီမထင်ဟန်ဖြင့် ပြောပြလိုက်လေသည်။
မည်သို့ပင်ဆိုစေကာမူ ဤသို့သောကိစ္စမျိုးသည် မဟာကမ္ဘာများစွာတွင် ပျံ့နှံ့နေခဲ့သည်မှာ ကြာပြီဖြစ်၏။
၎င်းက ဤအချက်အလက်များကို ထုတ်ပြောရခြင်းမှာ ဤလူသားကျင့်ကြံသူကို ခြိမ်းခြောက်ရန်နှင့် မိမိ၏ဇာတ်မြစ်မှာ သာမန်မဟုတ်ကြောင်း သိစေရန်ပင် ဖြစ်သည်။
ဤသို့ဖြင့် တစ်ဖက်လူသည် အရမ်းကာရော လှုပ်ရှားရဲမည်မဟုတ်တော့ဘဲ ၎င်း၏တန်ဖိုးကို သိရှိသွားမည် ဖြစ်လေ၏။
"မှော်ရတနာမျိုးနွယ်စုက ဒီလောက်တောင် အစွမ်းထက်နေတာဆိုတော့ ရန်သူတွေရဲ့ ပစ်မှတ်ထားတာကို မခံရဘူးလား။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားတို့ မှော်ရတနာမျိုးနွယ်စုက တခြားသူတွေရဲ့ သန့်စင်တာကို ခံရနိုင်တယ်မလား...”
ရှုဝမ်ဇီက အလွန် သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်၏။
"မင်းလည်း လောကကြီးရဲ့ အန္တရာယ်များပုံကို သိတာပဲ။ ငါတို့ မှော်ရတနာမျိုးနွယ်စုက ကြီးမားတဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားမှတော့ ရန်သူတွေရဲ့ လိုချင်တပ်မက်မှုကို ခံရမှာ သဘာဝပဲလေ...”
"ရန်သူဘယ်လောက်များများက ငါတို့ မှော်ရတနာမျိုးနွယ်စုကို ကျွန်ပြုချင်နေကြလဲဆိုတာ မင်း မသိပါဘူး။ သူတို့က ငါတို့ကို သူတို့ရဲ့ ကျွန်တွေဖြစ်လာစေပြီး စိတ်ကြိုက်ခိုင်းစေချင်နေကြတာ။ အဟတ်… နှမြောစရာကောင်းတာက ငါတို့ မှော်ရတနာမျိုးနွယ်စုက အဲဒီလောက် အနိုင်ကျင့်ရလွယ်ပါ့မလား...”
အင်မော်တယ်ရတနာ တာ့ယန်နတ်ဘုရားဆေးမီးဖိုက အေးစက်စက် ရယ်မောလိုက်လေသည်။
"မှော်ရတနာမျိုးနွယ်စုက မဟာကမ္ဘာအသီးသီးကို ခုခံနိုင်တဲ့ စွမ်းအားတွေများ ပိုင်ဆိုင်ထားလို့လား...”
ရှုဝမ်ဇီက သိချင်စိတ်ဖြင့် မေးလိုက်၏။
"ဒါက ယုတ္တိတန်တယ် မဟုတ်ဘူးလား...”
"ငါတို့ မှော်ရတနာမဟာကမ္ဘာက အင်မော်တယ်ရတနာတွေကို တစ်ခုပြီးတစ်ခု မွေးဖွားပေးနိုင်ပြီးတော့ မဟာယာနအဆင့် ကျင့်ကြံသူတွေနဲ့ ယှဉ်နိုင်တဲ့ စွမ်းအားတွေကို ထုတ်ဖော်ပြသနိုင်တယ်။ သာမန်မျိုးနွယ်စုတွေက ငါတို့ မှော်ရတနာမဟာကမ္ဘာကို လာပြီး ပြဿနာရှာတာက ကိုယ့်သေတွင်း ကိုယ်တူးနေတာနဲ့ အတူတူပဲပေါ့...”
"သေချာတာကတော့ ဒါလေးနဲ့တင် လုံးဝ မလုံလောက်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငါတို့ မှော်ရတနာမျိုးနွယ်စုကို ပစ်မှတ်ထားနေတဲ့ ရန်သူတွေက တကယ်ကို များလွန်းနေလို့ပဲ။ ဒီရန်သူတွေသာ စည်းလုံးသွားကြမယ်ဆိုရင် ငါတို့ မှော်ရတနာမျိုးနွယ်စုက သူတို့ရဲ့ ပြိုင်ဘက်ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူးလေ...”
"ဒါကြောင့် ငါတို့ မှော်ရတနာမျိုးနွယ်စုကလည်း အတွေးအခေါ်ကို ပြောင်းလဲပြီး တခြားကမ္ဘာတွေ၊ တခြားမျိုးနွယ်စုတွေနဲ့ မဟာမိတ်ဖွဲ့ခဲ့တယ်။ ငါတို့ မှော်ရတနာမျိုးနွယ်စုက ကျင့်ကြံသူတွေနဲ့ တန်းတူညီမျှတဲ့ ပဋိညာဉ်တွေကို ချုပ်ဆိုပြီး ခြားနားတဲ့ မျိုးနွယ်စုက ကျင့်ကြံသူတွေကို ငါတို့ရဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ခွင့်ပေးလိုက်တယ်။ ဒီလိုမျိုး ထုတ်ဖော်နိုင်တဲ့ စွမ်းအားက တစ် အပေါင်း တစ် ဆိုတာလောက် ရိုးရှင်းတာ မဟုတ်ဘူး...”
"ဒီလိုဖြစ်ရခြင်းက ငါတို့ မှော်ရတနာမျိုးနွယ်စုက မျိုးနွယ်စုအသီးသီး၊ မဟာကမ္ဘာတွေနဲ့ မဟာမိတ်ဖွဲ့ထားလို့ပဲ။ ဒါက ငါတို့ရဲ့ စွမ်းအားတွေကို ပိုပြီးတော့ ကြီးမားလာစေပြီး တခြားကမ္ဘာတွေကလည်း ငါတို့ မှော်ရတနာမျိုးနွယ်စုရဲ့ စွမ်းအားကို ထပ်ပြီးတော့ မတပ်မက်ရဲကြတော့ဘူး...”
အင်မော်တယ်ရတနာ တာ့ယန်နတ်ဘုရားဆေးမီးဖိုက လေးနက်သော အသံဖြင့် ပြောလိုက်ချေသည်။
မှော်ရတနာမျိုးနွယ်စုသည် မဟာမိတ်ဖွဲ့ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း လမ်းစဉ်ကို ကောင်းစွာ နားလည်ထားကြောင်း ထင်ရှားပေသည်။
မိမိကိုယ်တိုင်သာ အေးချမ်းစွာ နေထိုင်ရန်ဟူသည်မှာ အခြေခံအားဖြင့် မဖြစ်နိုင်သော ကိစ္စပင်။
အန္တရာယ်များလှသော လောကကြီးတွင် အသက်ရှင်သန်နိုင်ရန်အတွက် မျိုးနွယ်စုအသီးသီးနှင့် မိတ်ဆွေဖွဲ့ပြီး မဟာမိတ်များ ဖြစ်လာရန် မဖြစ်မနေ လိုအပ်ပေသည်။
အခြားသော မျိုးနွယ်ခြား ကျင့်ကြံသူများ၏ ကျွန်ပြုခြင်းခံရသည်မှာ မှော်ရတနာမျိုးနွယ်စုအတွက် အမှန်တကယ်ပင် အရှက်ရစရာ ဖြစ်သော်ငြား တန်းတူညီမျှသော ပဋိညာဉ်ကို ချုပ်ဆိုပါက အပြန်အလှန် အကျိုးခံစားခွင့် ရှိသဖြင့် လက်မခံနိုင်စရာတော့ မရှိချေ။
ဤသည်မှာ မှော်ရတနာများစွာက အသိအမှတ်ပြုထားသော စည်းမျဉ်းတစ်ခုပင် ဖြစ်လေ၏။
"မှော်ရတနာမျိုးနွယ်စုက ဒီလောက်တောင် အစွမ်းထက်နေမှတော့ ဘာလို့ ခင်ဗျားက ဒီအခြေအနေကို ရောက်နေရတာလဲ...”
ရှုဝမ်ဇီက မျက်တောင်တစ်ချက် ခတ်လိုက်မိသည်။ ခမ်းနားကြီးကျယ်လှသော အင်မော်တယ်ရတနာ တာ့ယန်နတ်ဘုရားမီးဖိုကြီးက အဘယ်ကြောင့် ဤပုံစံမျိုး ဖြစ်နေရသနည်းဟူသည်ကို သူ အလွန် သိချင်နေမိတော့၏။