← Chapters

အခန်း ၈၆၅

Vol. 82 Ch. 865

အခန်း ၈၆၅

Vol. 82 Ch. 865

အခန်း (၈၆၅) - အင်မော်တယ်ရတနာ တာ့ယန်နတ်ဘုရားဆေးမီးဖိုနှင့် မှော်ရတနာမဟာကမ္ဘာ (၃) ။

"ဒါကတော့ သဘာဝကျကျပဲ ငါတို့ မှော်ရတနာမဟာကမ္ဘာရဲ့ ရန်သူတွေကြောင့် ဖြစ်ရတာပေါ့။ မှော်ရတနာမဟာကမ္ဘာက အဆင့်တစ်ဆယ်အတွင်းမှာ ပါဝင်နေတယ်ဆိုပေမဲ့ ငါတို့ထက် ပိုပြီး အစွမ်းထက်တဲ့ ကမ္ဘာတွေလည်း ရှိသေးတယ်။ အထူးသဖြင့် အဆင့်သုံးအတွင်းမှာရှိတဲ့ မဟာကမ္ဘာတွေဆိုရင် လူတွေကို ကြက်သီးထစေလောက်အောင်ကို အစွမ်းထက်ကြတယ်...”

"တခြား မဟာကမ္ဘာတွေမှာ မဟာယာနအဆင့် ကျင့်ကြံသူအရေအတွက်က တော်တော်လေးကို ရှားပါးတယ်။ မဟာယာနအဆင့် ကျင့်ကြံသူ ရာဂဏန်းကနေ ထောင်ဂဏန်းလောက် ရှိရင်တောင် မဆိုးဘူးလို့ ဆိုရမယ်။ ဒါပေမဲ့ အဆင့်သုံးအတွင်းမှာရှိတဲ့ မဟာကမ္ဘာတွေကျတော့ သောင်းဂဏန်းလောက်ထိ ရှိနေတာ။ နှစ်ဖက်က လုံးဝကို အဆင့်အတန်းမတူကြဘူး...”

အင်မော်တယ်ရတနာ တာ့ယန်နတ်ဘုရားဆေးမီးဖိုက အလွန်တရာ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်လေသည်။

"ဘယ်ကမ္ဘာတွေကများ အဆင့်သုံးအတွင်း ဝင်ပြီး မှော်ရတနာမဟာကမ္ဘာထက်တောင် ပိုအစွမ်းထက်နေရတာလဲ...”

ရှုဝမ်ဇီမှာ ပို၍ပင် သိချင်စိတ် ပြင်းပြလာတော့သည်။

"အဆင့်သုံးနေရာမှာရှိတာက အစစ်အမှန်ဝိညာဉ်ကမ္ဘာပဲ။ အဲဒါက အစစ်အမှန်ဝိညာဉ်တွေ ပြည့်နှက်နေတဲ့ အဆင့်မြင့်ကမ္ဘာတစ်ခုဖြစ်ပြီး နေရာတိုင်းမှာ အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုတွေချည်းပဲ။ ထိပ်တန်းအဆင့် အစွမ်းထက်သူ အများအပြားကိုလည်း မွေးဖွားပေးထားတယ်...”

"အဆင့်နှစ်နေရာမှာရှိတာကတော့ ငရဲမိစ္ဆာကမ္ဘာပဲ။ ဒီကမ္ဘာမှာ ကောင်းကင်မိစ္ဆာတွေ၊ အစစ်အမှန်မိစ္ဆာတွေနဲ့ ငရဲသတ္တဝါမျိုးစုံ နေထိုင်ကြတယ်။ သူတို့က သတ်ဖြတ်ရတာကို ဝါသနာပါပြီး တိုက်ခိုက်ရေးစွမ်းအားကလည်း သာမန်မဟုတ်ဘူး။ တခြားကမ္ဘာတွေကို မကြာခဏ ကျူးကျော်လေ့ရှိပြီး မဟာကမ္ဘာကြီးတွေကလည်း သူတို့ကြောင့် အကြီးအကျယ် ဒုက္ခရောက်ကြရတယ်...”

"အဆင့်တစ်နေရာမှာရှိတာကတော့ မြေကမ္ဘာအင်မော်တယ်ကမ္ဘာပဲ။ ဒါက မဟာကမ္ဘာသုံးထောင်ထဲမှာ အစွမ်းအထက်ဆုံးကမ္ဘာဖြစ်ပြီး အင်မော်တယ်ကမ္ဘာနဲ့ အနီးစပ်ဆုံး မဟာကမ္ဘာလို့လည်း သတ်မှတ်ခံထားရတယ်။ ချို့ယွင်းနေတဲ့ အင်မော်တယ်ကမ္ဘာလေးလို့တောင် ဆိုလို့ရတာမလို့ မြေကမ္ဘာအင်မော်တယ်ကမ္ဘာလို့ ခေါ်ကြတာပေါ့…”

“ဒီကမ္ဘာမှာ အင်မော်တယ်အရင်းအမြစ် စွမ်းအင်တွေ ပြည့်နှက်နေပြီး အင်မော်တယ်ကမ္ဘာနဲ့ ဆက်သွယ်ထားသလိုပဲ။ လူဝင်စားတဲ့ အင်မော်တယ်တွေက ဒီကမ္ဘာမှာ မကြာခဏ ပေါ်လာတတ်တာကြောင့် ဒီကမ္ဘာမှာ အစွမ်းထက်တဲ့သူတွေ အဆက်မပြတ် ထွက်ပေါ်လာခဲ့တာလေ…”

“ရံဖန်ရံခါဆိုရင် အင်မော်တယ်တွေ လူ့ပြည်ကို ဆင်းသက်လာတာမျိုးတောင် ကြုံရတတ်သေးတယ်။ အင်မော်တယ်တွေ ဒီကမ္ဘာမှာ ဝိုင်းဝန်းလုပ်ကြံခံရတယ်ဆိုတဲ့ ဒဏ္ဍာရီတွေလည်း မကြာခဏ ထွက်ပေါ်လာလေ့ရှိတယ်။ အချုပ်ပြောရရင် ဒီကမ္ဘာရဲ့ နောက်ခံအင်အားက ခန့်မှန်းလို့မရနိုင်လောက်အောင်ကို နက်ရှိုင်းလှတယ်...”

အင်မော်တယ်ရတနာ တာ့ယန်နတ်ဘုရားဆေးမီးဖိုက အလွန် တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်၏။

ဤကမ္ဘာသုံးခုသည် ရှေးယခင်ကတည်းက အဆင့်သုံးအတွင်း၌ အမြဲရပ်တည်နေခဲ့သော မဟာကမ္ဘာများဖြစ်ပြီး အဆင့်သတ်မှတ်ချက် တစ်ကြိမ်တစ်ခါမျှ ပြောင်းလဲသွားခြင်း မရှိခဲ့ကြောင်း ၎င်းက ရှင်းပြလေသည်။

ဤမဟာကမ္ဘာသုံးခုနှင့် အခြားသော မဟာကမ္ဘာများကို နှိုင်းယှဉ်မည်ဆိုပါက လုံးဝကို အဆင့်အတန်းချင်း မတူညီဘဲ ကွာဟချက် အလွန် ကြီးမားလှပေသည်။

မဟာကမ္ဘာများစွာကို ပေါင်းစည်းလိုက်လျှင်ပင် ဤကမ္ဘာသုံးခု၏ ပြိုင်ဘက် ဖြစ်လာနိုင်စရာ အကြောင်းမရှိချေ။

အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာသုံးခုအနက် တစ်ခုတွင် အစစ်အမှန်ဝိညာဉ်များ ရှိပြီး၊ နောက်တစ်ခုတွင် အစစ်အမှန်မိစ္ဆာများ ရှိကာ အခြားတစ်ခုတွင်မူ လူဝင်စားအင်မော်တယ်များ ရှိနေသောကြောင့်ပင် ဖြစ်လေသည်။

အချုပ်အားဖြင့်ဆိုရသော် ၎င်းတို့သည် အင်မော်တယ်ကမ္ဘာနှင့် နက်ရှိုင်းသော ဆက်သွယ်မှုများရှိနေပြီး အင်မော်တယ်ကမ္ဘာ၏ စွမ်းအားများစွာကို အမွေဆက်ခံထားကြခြင်း ဖြစ်၏။

အခြားကမ္ဘာများအနေဖြင့် မည်မျှပင် ကြိုးစားအားထုတ်စေကာမူ ၎င်းတို့နှင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

တကယ်တမ်း၌ အဆင့်မြင့်သော မဟာကမ္ဘာတိုင်းသည် အင်မော်တယ်ကမ္ဘာနှင့် နက်ရှိုင်းသော ပတ်သက်မှုများ ရှိကြပေသည်။

"ခင်ဗျားကို တိုက်ခိုက်ခဲ့တာက ငရဲမိစ္ဆာကမ္ဘာများလား...”

ရှုဝမ်ဇီက မနေနိုင်ဘဲ ပြောလိုက်မိ၏။

"မှန်တယ်။ ငရဲမိစ္ဆာကမ္ဘာက အစစ်အမှန်မိစ္ဆာတစ်ကောင်က ငါ့ကို တိုက်ခိုက်ခဲ့တာ သေချာတယ်...”

"အဲဒီအချိန်တုန်းက ငါဟာ မှော်ရတနာမဟာကမ္ဘာကို ပြန်ဖို့ ရည်ရွယ်ထားခဲ့တာ။ ဒါပေမဲ့ ဘယ်သူက သိမှာလဲ။ အစစ်အမှန်မိစ္ဆာတစ်ကောင်က တိတ်တဆိတ် ထွက်လာပြီး ငါ့ကို လုယူပြီး အတင်းအဓမ္မ သန့်စင်ဖို့ ကြိုးစားလိမ့်မယ်လို့… ငါကလည်း သဘာဝကျကျ ဒီလိုကိစ္စမျိုးကို သဘောမတူနိုင်လို့ သူနဲ့ အကြီးအကျယ် တိုက်ပွဲဖြစ်ခဲ့တာပေါ့...”

"ရလဒ်အနေနဲ့ အကြီးအကျယ် တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာ ငါက လုံးဝကို ပြိုင်ဘက် မဖြစ်နိုင်ခဲ့ဘူး။ နောက်ဆုံးတော့ ငါလည်း အသက်ကယ်ဝှက်ဖဲကို သုံးပြီး လေဟာနယ်ကိုခွဲ ထွက်ပြေးခဲ့ရတာပဲ။ ငါလည်း လေဟာနယ်ထဲမှာ ဘယ်လောက်ကြာအောင် မျောပါနေခဲ့မိလဲ မသိဘူး။ နောက်ဆုံးတော့ ဒီကမ္ဘာထဲကို ပြုတ်ကျလာခဲ့တာပဲ...”

"အဲဒီနောက်မှာ မင်းက ငါ့ကို ကောက်ရသွားပြီး မင်းနဲ့ ပဋိညာဉ်ချုပ်ဆိုဖြစ်ခဲ့တာပေါ့...”

အင်မော်တယ်ရတနာ တာ့ယန်နတ်ဘုရားမီးဖိုက အလွန် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်၏။

အစစ်အမှန်မိစ္ဆာ၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသဖြင့် မိမိကိုယ်ကို နေရင်းထိုင်ရင်း ကပ်ဘေးဆိုက်သွားသည်ဟုပင် ၎င်းက ခံစားနေရသည်။

၎င်းသည် အင်မော်တယ်ရတနာတစ်ခု ဖြစ်နေလျှင်ပင် အစစ်အမှန်မိစ္ဆာ၏ ပြိုင်ဘက် လုံးဝ မဖြစ်နိုင်ချေ။

နှစ်ဖက်တိုက်ပွဲဖြစ်ပြီးနောက်တွင်မူ ၎င်းသည် လုံးဝ ရှုံးနိမ့်သွားကာ ဖရိုဖရဲ ထွက်ပြေးခဲ့ရရုံမှတစ်ပါး အခြားမရှိတော့ပေ။

သို့ရာတွင် ကံကောင်းထောက်မစွာဖြင့် ၎င်းမှာ အသက်ရှင်ကျန်ရစ်ခဲ့သေးပြီး ပြန်လည်ထူထောင်နိုင်မည့် အခွင့်အရေး ရရှိထားသေးသည်။

"ဒီလိုကိုး။ ငယ်ငယ်တုန်းက တောင်နောက်ဘက်မှာ ကျွန်တော် မြင်ခဲ့ရတဲ့ ကြယ်တံခွန်က ခင်ဗျားကိုး...”

ရှုဝမ်ဇီမှာ ရုတ်တရက် သဘောပေါက်သွားလေသည်။

ဤအင်မော်တယ်ရတနာ တာ့ယန်နတ်ဘုရားဆေးမီးဖိုကို မည်သည့်အချိန်က တွေ့ခဲ့ရသနည်းဟူသည်ကို သူ ချက်ချင်း နားလည်သွား၏။ တကယ်တော့ ဤသည်မှာ သူ ငယ်စဉ်က ကြုံတွေ့ခဲ့ရသည့် အံ့ဖွယ်ကိစ္စတစ်ခုပင် ဖြစ်ပေသည်။

ဤအင်မော်တယ်ရတနာ ရှိနေခြင်းကြောင့်သာ သာမန်ရွာသားကောင်လေး တစ်ယောက်ဖြစ်သော သူက ရွှမ်ဟွမ်ဂိုဏ်းသို့ ဝင်ရောက်ခွင့် ရခဲ့ခြင်း ဖြစ်နိုင်ပေသည်။ သို့မဟုတ်ပါက သူ၏ ပင်ကိုယ်ပါရမီအရ မည်သို့မျှ ရွှမ်ဟွမ်ဂိုဏ်း၏ တပည့် ဖြစ်လာနိုင်မည်မဟုတ်ချေ။

"မှန်တယ်။ ငါပါပဲ...”

တာ့ယန်နတ်ဘုရားဆေးမီးဖိုက ခေါင်းညိတ်ပြလိုက်ပြီး ထိုအချက်ကို ဝန်ခံလိုက်၏။

၎င်းက ရှုဝမ်ဇီနှင့် ပဋိညာဉ်ချုပ်ဆိုရခြင်းအကြောင်းရင်းမှာ ရှုဝမ်ဇီ၏ ခန္ဓာကိုယ်မှာ ထူးခြားလှပြီး ရွှေပျော်ခန္ဓာ ဖြစ်နေသောကြောင့်ပင် ဖြစ်၏။

မှော်ရတနာများအတွက်မူ ဤသည်မှာ အကောင်းဆုံးခန္ဓာကိုယ်ပင် ဖြစ်လေသည်။

အကယ်၍သာ သူနှင့် ပဋိညာဉ်ချုပ်ဆိုနိုင်မည်ဆိုပါက ကြီးမားလှသော အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်သည်။

မှန်ပေသည်၊ အကယ်၍သာ ၎င်း၏ အင်အားအပြည့်အဝရှိနေချိန်ဖြစ်ပါက ဤအရာကို အဖက်လုပ်မည်ပင် မဟုတ်ချေ။

သို့ရာတွင် ယခုမူ ထိုသို့မဟုတ်တော့ပေ။ ရေတိမ်တွင် ရောက်နေသော နဂါးသည် ပုစွန်များ၏ ကစားခြင်းကို ခံရသကဲ့သို့ ရေနစ်နေသော ဖီးနစ်ငှက်သည် ကြက်တစ်ကောင်လောက်ပင် အစွမ်းမရှိတော့ချေ။

သင့်တော်သော ပဋိညာဉ်ချုပ်ဆိုမည့်သူကို ရှာဖွေနိုင်ပြီး မိမိ၏အသက်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်းကပင် အတော်လေး ကောင်းမွန်နေပြီ မဟုတ်ပါလော။

"ကောင်းပြီလေ။ ဒါဆို ခင်ဗျားက ကျွန်တော်နဲ့ ပဋိညာဉ်ချုပ်တာ ဘာအတွက်ကြောင့်လဲ...”

ရှုဝမ်ဇီက လေးနက်သော အသံဖြင့် မေးလိုက်သည်။

သူသည်လည်း ချက်ချင်းပင် စိတ်အေးသွားခဲ့ပြီး တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို သိချင်နေမိ၏။

"အရမ်းရိုးရှင်းပါတယ်။ သဘာဝကျကျ အသက်ရှင်နေနိုင်ဖို့နဲ့ ငါ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို ပြန်လည်ကောင်းမွန်လာစေဖို့ပဲ။ ဒါပေမဲ့ ဒီကမ္ဘာက လူသားတွေ လွှမ်းမိုးထားတဲ့ကမ္ဘာဖြစ်ပြီး မှော်ရတနာမဟာကမ္ဘာ မဟုတ်ဘူးလေ...”

"ငါ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်သာ ပေါ်သွားမယ်ဆိုရင် တခြားကျင့်ကြံသူတွေရဲ့ ကျွန်ပြုတာကိုခံရမှာ သေချာတယ်။ ဒါကြောင့် ဒီကမ္ဘာမှာ ဆက်ပြီး ရှင်သန်နိုင်ဖို့ ငါ့ကို ကူညီပေးမယ့် အကူအညီတစ်ခုကို ရှာတာက ပိုကောင်းတယ်လေ...”

"ငါ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို ပြန်ကောင်းလာစေဖို့ ပစ္စည်းတွေအများကြီး ဝယ်‌ပေးဖို့ရာ မင်းအကူအညီကို ငါ လိုအပ်တယ်။ သေချာတာကတော့ မင်း ကျင့်ကြံဖို့နဲ့ ပိုမြင့်မားတဲ့ အဆင့်ကို ရောက်ဖို့လည်း ငါကူညီပေးမှာပါ...”

"မင်းက အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ရှိတဲ့ ကျင့်ကြံသူတစ်ယောက်ပဲမလား။ ပုံမှန်ဆိုရရင် ဒီဘဝမှာ မင်းအတွက် ဝိညာဉ်သန္ဓေသားအဆင့်က အကန့်အသတ်ဖြစ်နေနိုင်တယ်…”

“ဒါပေမဲ့ ငါ့အကူအညီသာ ပါမယ်ဆိုရင် မဟာယာနအဆင့် ကျင့်ကြံသူဖြစ်လာမယ်လို့ မပြောရဲပေမဲ့ အနည်းဆုံးတော့ လေဟာနယ်သန့်စင်ခြင်းအဆင့်၊ ဒါမှမဟုတ် ခန္ဓာပေါင်းစည်းခြင်းအဆင့်ထိ ဖြစ်လာဖို့က သိပ်ပြီး ကြီးမားတဲ့ ပြဿနာတစ်ခုတော့ မဟုတ်ဘူး...”

အင်မော်တယ်ရတနာ တာ့ယန်နတ်ဘုရားဆေးမီးဖိုက မာန်ဝင့်စွာဖြင့် ပြောလိုက်တော့သည်။

"အိုး... ဒါဆို ခင်ဗျားမှာ ဘယ်လိုစွမ်းရည်မျိုး ရှိနေတာလဲ...”

ရှုဝမ်ဇီက အလိုအလျောက် မေးလိုက်မိလေသည်။

"ငါက တာ့ယန်နတ်ဘုရားဆေးမီးဖိုပဲ။ အတိတ်တုန်းကတော့ ပြိုင်ဘက်ကင်း ဆေးမီးဖိုကြီးတစ်ခုပေါ့။ ငါ့ကို ဆေးဖော်စပ်နည်းနဲ့ လုံလောက်တဲ့ ဆေးပင်တွေပေးရုံနဲ့တင် ဆေးလုံးတွေကို လွယ်လွယ်ကူကူ ဖော်စပ်ပေးနိုင်တယ်။ ပြီးတော့ အောင်မြင်နိုင်စွမ်းကလည်း ရာခိုင်နှုန်းပြည့်ပဲ။ အမြောက်အမြားလည်း ထုတ်လုပ်ပေးနိုင်သေးတယ်။ ငါ့ကိုသာ ပိုင်ဆိုင်ထားမယ်ဆိုရင် ခင်ဗျားက ဒီလောကမှာ အစွမ်းအထက်ဆုံး ဆေးဖော်စပ်ပညာရှင်ဖြစ်လာမှာပဲ...”

အင်မော်တယ်ရတနာ 'တာ့ယန်နတ်ဘုရားဆေးမီးဖို'က အရေးမစိုက်စွာ ပြောလိုက်၏။

၎င်းက မိမိ၏ ကျွမ်းကျင်မှုနယ်ပယ်နှင့်ပတ်သက်၍ အလွန်အခင်ဗျား ယုံကြည်မှုရှိနေပေသည်။ ယခုအချိန်တွင် ပျက်စီးနေသော အခြေအနေ၌ ရှိနေပြီး စွမ်းရည်များ အလွန်အားနည်းနေသော်ငြား ဆေးလုံးများ ဖော်စပ်ရာတွင်မူ မည်သည့်ပြဿနာမျှ ရှိမနေချေ။

"မဖြစ်နိုင်တာ... ခင်ဗျားက မှော်ရတနာမဟာကမ္ဘာကြီးက မှော်ရတနာတစ်ခု မဟုတ်ဘူးလား။ ဆေးလုံးတွေကို သောက်သုံးဖို့လည်း မလိုအပ်ဘဲနဲ့ ဆေးလုံးတွေ ဖော်စပ်တာက ဘာအသုံးဝင်လို့လဲ...”

ရှုဝမ်ဇီက မျက်တောင်တစ်ချက်ခတ်လိုက်ပြီး အလွန်အမင်း ဇဝေဇဝါ ဖြစ်သွားလေသည်။

"မင်းက ဘာနားလည်လို့လဲ၊ ငတုံးကောင်ရဲ့။ ငါတို့ မှော်ရတနာမျိုးနွယ်စုက ဆေးလုံးတွေ သောက်သုံးဖို့ မလိုအပ်သလို သောက်သုံးရင်တောင် အကျိုးသက်ရောက်မှု မရှိဘူးဆိုပေမယ့် အဆုံးမဲ့လေဟာနယ်ထဲမှာ သွေးသားခန္ဓာရှိတဲ့ သက်ရှိတွေ အများကြီး ရှိနေတယ်…”

“သူတို့ကတော့ ဆေးလုံးတွေကို သောက်သုံးဖို့ လိုအပ်တယ်လေ။ငါက ဆေးလုံးတွေ အများကြီး ဖော်စပ်ရတာက သဘာဝကျကျပဲ သူတို့နဲ့ ကုန်သွယ်မှုလုပ်ပြီး ရှားပါးတန်ဖိုးကြီးပစ္စည်းတွေနဲ့ လဲလှယ်ဖို့ပေါ့။ မှော်ရတနာမျိုးနွယ်စုက ပိုက်ဆံရှာဖို့ မလိုဘူးလို့ မင်းက တကယ်ထင်နေတာလား...”

အင်မော်တယ်ရတနာ 'တာ့ယန်နတ်ဘုရားဆေးမီးဖို'က ဒေါသတကြီးဖြင့် ပြောလိုက်၏။

'ဒီကောင်လေးက အိမ်ထောင်ဦးစီး မလုပ်ဖူးတော့ ဆန်နဲ့ ထင်း ဈေးကြီးတာကို နားမလည်တတ်ဘူးပဲ...'

၎င်းက တွေးလိုက်မိသည်။

မှော်ရတနာမျိုးနွယ်စု ဖြစ်နေလျှင်ပင် အရင်းအမြစ် လိုအပ်ချက်က အလွန်တရာ ကြီးမားလှသည်။

မည်သို့ပင်ဆိုစေကာမူ မှော်ရတနာများအနေဖြင့် အဆုံးအစမရှိ အဆင့်တက်လိုပါက ရှားပါးပြီး စွမ်းအားကြီးမားသော ပစ္စည်းအမြောက်အမြားကို အစားထိုးရန် လိုအပ်သည့်အပြင် မိမိကိုယ်ပေါ်တွင် စွမ်းအားကြီးမားသော အစီအရင်များကို ရေးထွင်းကာ မရေမတွက်နိုင်သော ပစ္စည်းများကို အရည်ကြို၍ ပေါင်းစပ်ရန် လိုအပ်ပေသည်။

ထို့ကြောင့် မှော်ရတနာမျိုးနွယ်စုများ အဆင့်တက်လိုပါက ကုန်ကျမည့် ငွေကြေးပမာဏမှာ ပို၍ပင် များပြားနိုင်လေသည်။

၎င်းတို့သည်လည်း ရှားပါးသတ္တုပစ္စည်းများကို ရရှိရန် နေရာအနှံ့ ကုန်သွယ်မှု ပြုလုပ်ကြရ၏။ ဤဆေးဖော်စပ်ခြင်းပညာရပ်ကြောင့်ပင် တာ့ယန်နတ်ဘုရားဆေးမီးဖိုသည် အတိတ်က အချမ်းသာဆုံး မှော်ရတနာများထဲမှ တစ်ခုဖြစ်ခဲ့ပြီး မှော်ရတနာမဟာကမ္ဘာကြီး၏ ဓနရှင်ကြီးတစ်ဦးဟုပင် ဆိုနိုင်ပေသည်။

ဤသို့ဖြစ်ခြင်းကြောင့်လည်း ၎င်းသည် ငရဲမိစ္ဆာမျိုးနွယ်စုမှ အစစ်အမှန်မိစ္ဆာ၏ မျက်စိကျခြင်းကို ခံခဲ့ရခြင်း ဖြစ်နိုင်လေသည်။ မည်သို့ပင်ဆိုစေကာမူ မိမိကို ကျွန်ပြုလိုက်နိုင်ပါက အဆုံးအစမရှိသော ငွေဝင်ပေါက်တစ်ခုကို ရရှိလိုက်ခြင်းနှင့် အတူတူပင် မဟုတ်ပါလော။

အင်မော်တယ်ရတနာတစ်ခုကို ရရှိနိုင်ရုံသာမက မရေမတွက်နိုင်သော ဓနဥစ္စာများကိုပါ ရရှိနိုင်ပေသည်။ ဤသည်မှာ ခဲတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင်ပစ်ဖမ်းလိုက်ခြင်းပင် ဖြစ်လေသည်။

"ကောင်းပြီလေ... ခင်ဗျားကို ကျုပ် ယုံလိုက်မယ်။ ဒီလိုဆိုမှတော့ ကျုပ်တို့ ပူးပေါင်းပြီး အတူတူ တိုးတက်အောင် လုပ်ကြတာပေါ့။ ခင်ဗျားက ကျုပ်ရဲ့ ကျင့်ကြံခြင်းအဆင့် တိုးတက်လာအောင် ကူညီပေး။ ကျုပ်ကလည်း ခင်ဗျားအတွက် ရှားပါးပစ္စည်းတွေ အများကြီး ရှာပေးမယ်...”

ရှုဝမ်ဇီကလည်း နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချလိုက်လေတော့သည်။

All Chapters