← Chapters

အခန်း ၈၆၆

Vol. 82 Ch. 866

အခန်း ၈၆၆

Vol. 82 Ch. 866

အခန်း (၈၆၆) - နှစ်တစ်ရာအကြာမှ ဖုန်းရှီးကျွန်း၊ မြူခိုးပင်လယ်နယ်မြေ၊ သက်ရှိတို့အတွက် တားမြစ်နယ်မြေ (၁) ။

'ဒါက တကယ်ကို ငါ့ရဲ့ ကံကြမ္မာအခွင့်အရေးပဲ...'

သူ တွေးလိုက်မိ၏။

မိမိကဲ့သို့ ပါရမီမျိုးဖြင့်သာဆိုလျှင် လုံလောက်သော ကံကြမ္မာအခွင့်အရေး မရှိပါက ကျင့်ကြံခြင်းအဆင့်ကို နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ရန် မဖြစ်နိုင်လောက်ပေ။

ထို့ကြောင့် ဤအင်မော်တယ်ရတနာ 'တာ့ယန်နတ်ဘုရားဆေးမီးဖို'၏ စကားများက အလုံးစုံအမှန် မဟုတ်လျှင်ပင် အနည်းဆုံးအနေဖြင့် အကျိုးအမြတ်တစ်ခုကို သူ ရရှိနိုင်မည် ဖြစ်သည်။

အသက်ရှည်ခြင်းလမ်းစဉ်ပေါ်သို့ လျှောက်လှမ်းနိုင်ရန်အတွက် ကျား၏အရေခွံကို ခွာယူရန် ကြိုးစားရမည် ဆိုလျှင်ပင် တန်ဖိုးရှိသည် မဟုတ်ပါလော။

"အရမ်းကောင်းတယ်...”

အင်မော်တယ်ရတနာ 'တာ့ယန်နတ်ဘုရားဆေးမီးဖို'သည် ချက်ချင်းပင် သက်ပြင်းတစ်ချက် ချလိုက်မိသည်။

နောက်ဆုံးတွင်မူ ဤကောင်လေးအား ဖျောင်းဖျနိုင်ခဲ့လေပြီ။ မိမိအနေဖြင့်လည်း ယုံကြည်စိတ်ချရသော အကူအညီတစ်ခုကို ရှာတွေ့သွားပြီ ဖြစ်ရာ မိမိကိုယ်ရေးကိုယ်တာ ပေါက်ကြားသွားမည်ကို စိုးရိမ်ရန် မလိုအပ်တော့ချေ။

"ဒီလိုဆိုမှတော့ ကျုပ်တို့တွေ ဆေးလုံးဖော်စပ်ပြီး ပိုက်ဆံစရှာကြတာပေါ့။ ဒါပေမဲ့ ဘယ်လိုဆေးလုံးမျိုး ဖော်စပ်ဖို့ လိုအပ်လဲဆိုတာ ကျုပ် အရင်ဆုံး ကြည့်ရဦးမယ်...”

ရှုဝမ်ဇီက စိတ်ဆန္ဒအရ အသိစိတ်ကို အသုံးပြုလိုက်ပြီး သူ့ကိုယ်ပေါ်ရှိ ဆက်သွယ်ရေးကိရိယာကို ချက်ချင်း လှုံ့ဆော်လိုက်လေသည်။

ဝုန်း...

နောက်တစ်စက္ကန့်တွင် သူ၏အရှေ့၌ ပုံရိပ်ယောင်တစ်ခု ချက်ချင်း ပေါ်လာလေသည်။ ထိုသူမှာ အဖြူရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော အကြီးအကဲတစ်ဦးဖြစ်ပြီး ဆံပင်များ ဖြူဖွေးကာ မျက်နှာပေါ်တွင် အရေးအကြောင်းများ ပြည့်နှက်နေသော်ငြား မျက်လုံးတစ်စုံမှာမူ အဆုံးမဲ့ ဉာဏ်ပညာများ ပြည့်လျှံနေကာ သူ၏ မျက်ဝန်းနက်နက်ထဲတွင် အဆုံးအစမရှိသော ဗဟုသုတများ ကိန်းအောင်းနေပုံရသည်။

"ဒါ... ဒါက ဘာကြီးလဲ...”

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အင်မော်တယ်ရတနာ 'တာ့ယန်နတ်ဘုရားဆေးမီးဖို'မှာ ချက်ချင်းပင် ကြက်သေသေသွားလေသည်။ ဤလူသားကျင့်ကြံသူ၏ ကိုယ်ပေါ်တွင် ဤကဲ့သို့သောအရာမျိုး ရှိနေလိမ့်မည်ဟု ၎င်း လုံးဝ ထင်မှတ်မထားခဲ့ချေ။

"အော်... ဒါက သခင်ကြီးစာအုပ်အင်မော်တယ်လေ။ ကျုပ်တို့ ရွှမ်ဟွမ်ဂိုဏ်းက တပည့်တိုင်းမှာ အထူးဆက်သွယ်ရေးကိရိယာ တစ်ခုစီ ရှိကြတယ်။ ဒီဆက်သွယ်ရေးကိရိယာကနေတစ်ဆင့် ဘယ်လောက်ပဲ ဝေးကွာနေပါစေ သတင်းစကားတွေ ပေးပို့နိုင်တယ်…”

“အင်းပေါ့လေ... ဒီဆက်သွယ်ရေးကိရိယာတိုင်းမှာ သခင်ကြီးစာအုပ်အင်မော်တယ်ရဲ့ ကိုယ်ပွားတစ်ခုစီလည်း ပါဝင်တယ်။ သခင်ကြီးစာအုပ်အင်မော်တယ်ရဲ့ စွမ်းအားကနေတစ်ဆင့် ကျုပ်တို့တွေ ဗဟုသုတအကုန်လုံးကို မေးမြန်းနိုင်တယ်...”

ရှုဝမ်ဇီက ရှင်းပြလိုက်၏။

မှန်ပေသည်၊ ဤသည်မှာ အဋ္ဌမအဆင့်သို့ တက်လှမ်းသွားပြီးနောက် ‘စာအုပ်ကူ’ ပိုင်ဆိုင်လာသော စွမ်းရည်တစ်ခုပင် ဖြစ်သည်။ ယခုအခါ ၎င်းသည် စွမ်းအားမျှင်များကို ခွဲထုတ်ကာ ဆက်သွယ်ရေးကိရိယာတိုင်းအတွင်းသို့ ပေါင်းစပ်ထည့်သွင်းပေးနိုင်စွမ်း ရှိနေပြီ ဖြစ်၏။

ဤသည်မှာ ဆက်သွယ်ရေးကိရိယာတိုင်းတွင် ဉာဏ်ရည်တုတစ်ခုစီ ရှိနေသကဲ့သို့ပင်။

ဤဉာဏ်ရည်တုမှတစ်ဆင့် ရွှမ်ဟွမ်ဂိုဏ်း၏ တပည့်များသည် တစ်ဖက်လူအား အမျိုးမျိုးသော ဗဟုသုတများကို မေးမြန်းနိုင်ကြလေသည်။

ဤစွမ်းရည် ပေါ်ထွက်လာပြီးနောက်ပိုင်း ရွှမ်ဟွမ်ဂိုဏ်း၏ တပည့်များအတွက်မူ အလွန်ကြီးမားသော အကျိုးကျေးဇူးများ ရရှိစေခဲ့သည်။ ဤသည်မှာ မိမိနှင့်အတူ အရာအားလုံးကို ခွဲခြားနိုင်စွမ်းရှိသော ကိရိယာတစ်ခုကို အမြဲတမ်း သယ်ဆောင်ထားသကဲ့သို့ပင် ဖြစ်၏။

မိမိ မသိနားမလည်သော အရာများနှင့် ကြုံတွေ့ရသည့်အခါတိုင်း စာအုပ်အင်မော်တယ်ကို မေးမြန်းနိုင်သည်။ မိမိ ကျင့်ကြံရာတွင် သံသယများ၊ အခက်အခဲများနှင့် ကြုံတွေ့ရသည့်အခါတွင်ပင် စာအုပ်အင်မော်တယ်မှတစ်ဆင့် အဖြေရှာနိုင်လေသည်။

ဤသည်က မိမိနှင့်အတူ အရာအားလုံးကို သိကျွမ်းသော ဆရာတစ်ဦးကို အမြဲတမ်း ခေါ်ဆောင်သွားသကဲ့သို့ပင် ဖြစ်၏။ ၎င်း၏ အကျိုးကျေးဇူးများကား တွေးကြည့်ရုံဖြင့် သိနိုင်ပေတော့သည်။

"ဘာ..."

ဤစကားကို ကြားလိုက်ရသောအခါ အင်မော်တယ်ရတနာ 'တာ့ယန်နတ်ဘုရားဆေးမီးဖို'၏ စိတ်ထဲတွင် အလွန်အမင်း တုန်လှုပ်သွားလေသည်။

ဤသို့ လုပ်ဆောင်နိုင်ရန် မည်မျှ ခက်ခဲမည်ကို ၎င်း သိရှိထားပေသည်။ ဤသည်မှာ ကြီးမားကျယ်ပြန့်သော အသိပညာများကို ကိုယ်စားပြုနေပြီး အဆုံးအစမရှိသော ဗဟုသုတများကို လွှမ်းခြုံထားသည်နှင့် အတူတူပင် ဖြစ်၏။

တစ်ချိန်တည်းမှာပင် တွေးတော၍မရနိုင်လောက်အောင် ထူးဆန်းသော စွမ်းရည်ကိုလည်း ကိုယ်စားပြုနေသည်။ ဤသည်မှာ သေချာပေါက် အင်မော်တယ်ရတနာအဆင့်ရှိ ရတနာတစ်ပါး ဖြစ်ရပေမည်။

သို့မဟုတ်ပါက ဤကဲ့သို့ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ သို့သော် ယခုအခါတွင် ဤကဲ့သို့သော ရတနာမျိုးကို ဤဂိုဏ်းမှ တပည့်တိုင်းနီးပါး ပိုင်ဆိုင်ထားကြသည်ဆိုခြင်းမှာ အမှန်တကယ်ပင် ယုံကြည်နိုင်ဖွယ်ရာ မရှိလှချေ။

"သူက တကယ်ပဲ အရာအားလုံးကို ဖြေပေးနိုင်တာလား...”

အင်မော်တယ်ရတနာ 'တာ့ယန်နတ်ဘုရားဆေးမီးဖို'က မနေနိုင်တော့ဘဲ မေးလိုက်၏။

"အရာအားလုံးကို ဖြေပေးနိုင်တာတော့ မဟုတ်ဘူး။ သူကလည်း အရာအားလုံးကို တတ်စွမ်းနိုင်တဲ့ တည်ရှိမှုမျိုးမှ မဟုတ်တာ။ဒါပေမဲ့ ဒီကမ္ဘာကြီးမှာ ရှိနေတဲ့ ဗဟုသုတတွေ၊ အရင်တုန်းက ဖြစ်ပျက်ခဲ့ဖူးတဲ့ ကိစ္စတွေဆိုရင်တော့ သူ သေချာပေါက် သိလိမ့်မယ်။ သခင်ကြီးစာအုပ်အင်မော်တယ်က အတိတ်ရော ပစ္စုပ္ပန်ကိုပါ နှံ့စပ်တယ်။ ရှေးယခင်ကနေ ယခုအချိန်အထိ သူ မသိတာဆိုလို့ ဘာမှမရှိဘူး...”

ရှုဝမ်ဇီက သက်ပြင်းချကာ ပြောလိုက်လေသည်။

ရိုးရိုးသားသား ပြောရလျှင် သူ ပထမဆုံးအကြိမ် စာအုပ်အင်မော်တယ်နှင့် ကြုံတွေ့ခဲ့ရစဉ်ကလည်း အလွန်အမင်း တုန်လှုပ်ခဲ့ရပေသည်။ ရွှမ်ဟွမ်ဂိုဏ်းတွင် ဤကဲ့သို့သော ရတနာမျိုး ရှိနေလိမ့်မည်ကို သူ လုံးဝ ထင်မှတ်မထားခဲ့သလို လူတိုင်းကလည်း ပိုင်ဆိုင်ထားကြလေသည်။

ရွှမ်ဟွမ်ဂိုဏ်း၏ အစွမ်းထက်မြက်မှုကို သူ သဘောပေါက်သွားပြီး အခြားသော ဂိုဏ်းများနှင့် နှိုင်းယှဉ်၍မရနိုင်ကြောင်းကိုလည်း သိရှိလိုက်ရ၏။ ၎င်း၏ အခြေခံအုတ်မြစ်က ခန့်မှန်း၍မရနိုင်လောက်အောင် နက်ရှိုင်းလှပေသည်။

ထို့ကြောင့် မည်သို့ပင်ဖြစ်စေကာမူ မိမိအနေဖြင့် ရွှမ်ဟွမ်ဂိုဏ်းမှ နှင်ထုတ်ခံရ၍ မဖြစ်ပေ။ အကယ်၍ ရွှမ်ဟွမ်ဂိုဏ်းမှ ထွက်ခွာရပြီး ရွှမ်ဟွမ်ဂိုဏ်း၏ အကာအကွယ်ကို ဆုံးရှုံးသွားပါက သူ၏ တစ်သက်တာလုံး အသက်ရှည်ခြင်းလမ်းစဉ်အတွက် မျှော်လင့်ချက် ရှိတော့မည် မဟုတ်ပေ။

ဤကဲ့သို့သော ကံကြမ္မာအခွင့်အရေးကောင်းမျိုးကို သူ ဘယ်လိုပင်ဖြစ်စေ ဆုပ်ကိုင်ထားရမည် ဖြစ်သည်။

"ဒီလိုမှတော့ လွန်ခဲ့တဲ့ဆယ့်ငါးနှစ်တုန်းက တခြားမှော်ရတနာတွေ ဒီကမ္ဘာထဲကို အပြင်ဘက်ကနေ ဝင်လာခဲ့တာကိုရော သူ သိနိုင်မလား...”

အင်မော်တယ်ရတနာ 'တာ့ယန်နတ်ဘုရားဆေးမီးဖို'က မစောင့်ဆိုင်းနိုင်တော့ဘဲ မေးလိုက်၏။

အဘယ်ကြောင့်ဆိုသော် ယခုအကြိမ် ရွှမ်ဟွမ်ကမ္ဘာသို့ ရောက်ရှိလာသော မှော်ရတနာများမှာ ၎င်းတစ်ခုတည်းသာ မဟုတ်သောကြောင့်ပင် ဖြစ်လေသည်။ မိမိအပြင် အခြားအဖော်သုံးပါးလည်း ရှိနေသေး၏။

မှန်ပေသည်၊ စွမ်းအားကို ယှဉ်ကြည့်မည်ဆိုပါက မိမိကို ယှဉ်နိုင်မည်မဟုတ်သော်ငြား အရည်အသွေးမြင့် ကောင်းကင်အဆင့်ဝိညာဉ်ရတနာ အဆင့်တွင်မူ ရှိနေကြသည်။ ယခင်က ၎င်းသည် အလွန်အမင်း ဒဏ်ရာပြင်းထန်ခဲ့သဖြင့် မိမိ၏ အဖော်များကို သွားရောက်ရှာဖွေရန် မဖြစ်နိုင်ခဲ့ပေ။

သို့သော် ယခုအခါတွင်မူ မတူညီတော့ပေ။ မိမိကိုယ်ပေါ်ရှိ ဒဏ်ရာများ အနည်းငယ် သက်သာလာပြီဖြစ်ရာ သဘာဝကျကျပင် အဖော်များကို ရှာဖွေနိုင်သည့် စွမ်းရည် ရှိလာခဲ့ပြီ ဖြစ်၏။

ပြဿနာမှာ ကမ္ဘာကြီးက ဤမျှ ကြီးမားကျယ်ပြန့်နေရာ ပျောက်ဆုံးနေသော အဖော်များကို ရှာဖွေရန်ဆိုသည်မှာ သမုဒ္ဒရာထဲ၌ အပ်ကျရှာခြင်းနှင့် တူညီနေပေသည်။

သို့သော် အရှေ့မှ ဤစာအုပ်အင်မော်တယ်သည် အတိတ်နှင့် ပစ္စုပ္ပန်ကိုပါ အပြည့်အဝ မြင်နိုင်လောက်အောင် အစွမ်းထက်နေ၏။ မိမိ၏ အခြားအဖော်များကို ရှာဖွေရန် တစ်ဖက်လူ၏ စွမ်းအားကို အကူအညီ ရယူနိုင်ကောင်း ရယူနိုင်ပေလိမ့်မည်။

"ရတယ်... သခင်ကြီးစာအုပ်အင်မော်တယ်ကို ကျုပ် မေးကြည့်လိုက်မယ်...”

ရှုဝမ်ဇီက ခေါင်းညိတ်ပြလိုက်ပြီး ဤမေးခွန်းကို ချက်ချင်း ထုတ်ဖော်ကာ စာအုပ်အင်မော်တယ်ကို မေးမြန်းလိုက်လေသည်။

"လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်တုန်းက ပြင်ပကမ္ဘာက ရတနာလေးပါးဟာ လေဟာနယ်ကို ဖောက်ထွက်ပြီး ကောင်းကင်က ကြယ်ကြွေတွေအဖြစ်နဲ့ ရွှမ်ဟွမ်ကမ္ဘာထဲကို ကျဆင်းလာခဲ့တာ အမှန်ပဲ။ တစ်ချိန်တည်းမှာပဲ အစစ်အမှန်မိစ္ဆာတစ်ကောင်လည်း အတူပါလာပြီး ငါတို့ရဲ့ ရွှမ်ဟွမ်ကမ္ဘာကို ကျူးကျော်ဝင်ရောက်ဖို့ ကြိုးစားခဲ့တယ်...”

စာအုပ်အင်မော်တယ်က ဖြေလိုက်၏။

"ဘာ..."

အင်မော်တယ်ရတနာ 'တာ့ယန်နတ်ဘုရားဆေးမီးဖို'၏ မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားလေသည်။ မိမိကို လိုက်လံသတ်ဖြတ်ခဲ့သော အစစ်အမှန်မိစ္ဆာကို ချက်ချင်း သတိရသွား၏။

'တစ်ဖက်လူက အမှန်တကယ်သာ လိုက်လာခဲ့မယ်ဆိုရင် ငါက အခုအချိန်အထိ ဘာလို့ ဘေးကင်းလုံခြုံနေရတာလဲ...'

၎င်းက တွေးလိုက်မိလေသည်။

တစ်ဖက်လူ၏ လိုက်လံသတ်ဖြတ်မှုမှ မိမိ မလွတ်မြောက်နိုင်သေးဘဲ သဘာဝကျကျပင် နောက်ယောင်ခံ လိုက်လာလိမ့်မည်ကို မထင်မှတ်ထားခဲ့ချေ။

"ရလဒ်ကရော... ရလဒ်က ဘယ်လိုဖြစ်သွားလဲ...”

ရှုဝမ်ဇီက သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်၏။

"ရလဒ်ကတော့ သဘာဝကျကျပဲ ဖျက်ဆီးခံလိုက်ရတာပေါ့။ အဲဒီ အစစ်အမှန်မိစ္ဆာကလည်း ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ရဲ့ မြေဩဇာအဖြစ်ကို ပြောင်းလဲသွားပြီ...”

စာအုပ်အင်မော်တယ်က အေးအေးဆေးဆေး ပြန်ဖြေလိုက်လေသည်။

"ဒါက..."

အင်မော်တယ်ရတနာ 'တာ့ယန်နတ်ဘုရားဆေးမီးဖို'မှာ လုံးဝ ယုံကြည်နိုင်စွမ်း မရှိတော့ပေ။

'ဒီလူက ကြွားလုံးထုတ်နေတာများလား...'

ထိုသို့ ၎င်းက ထင်မှတ်သွားခဲ့၏။

မည်သို့ပင်ဆိုစေကာမူ ဤသည်က အစစ်အမှန်မိစ္ဆာတစ်ကောင် ဖြစ်ပြီး အစစ်အမှန်ဝိညာဉ်များနှင့် ယှဉ်နိုင်သော တည်ရှိမှုမျိုးဖြစ်ရာ စွမ်းအားမှာ ပြိုင်ဘက်ကင်းလောက်အောင် အစွမ်းထက်လှသည်။

မိမိ၏ ပြင်းထန်သော တိုက်ခိုက်မှုကို ခံခဲ့ရပြီး ဒဏ်ရာရနေသော အခြေအနေမျိုး ဖြစ်နေလျှင်ပင် သတ်ချင်တိုင်း သတ်၍ရသော အရာမျိုး မဟုတ်ပေ။ ယခုအခါတွင် ဤအစစ်အမှန်မိစ္ဆာကြီးက ဤကမ္ဘာ၌ ကျဆုံးသွားခဲ့ပြီဆိုသည်မှာ အဓိပ္ပါယ်ကင်းမဲ့လွန်းလှသည်။

အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူကို အနိုင်ယူရန် လွယ်ကူသော်လည်း တစ်ဖက်လူကို သတ်ဖြတ်ရန် ကြိုးစားမည်ဆိုပါက ခက်ခဲသည်ထက်ပင် ပိုမိုခက်ခဲနေမည် ဖြစ်၏။

အခြေခံအားဖြင့် မဖြစ်နိုင်သော ကိစ္စတစ်ခုပင်။

"ဒီလိုကိစ္စမျိုး ဖြစ်ပျက်ခဲ့လိမ့်မယ်လို့ မထင်ထားခဲ့ဘူး...”

ရှုဝမ်ဇီက အံ့ဩတကြီး ရေရွတ်လိုက်၏။

သူ မသိရှိလိုက်သော အခြေအနေအောက်တွင် ရွှမ်ဟွမ်ကမ္ဘာ၌ ထိတ်လန့်ဖွယ်ရာ ကိစ္စရပ်များစွာ ဖြစ်ပျက်ခဲ့ကြောင်း ထင်ရှားလှသည်။ ပြင်ပကမ္ဘာမှ ရန်သူများ ကျူးကျော်ဝင်ရောက်လာခြင်းများပင် ရှိနိုင်ပေသည်။

သို့သော် အားလုံးကို ရွှမ်ဟွမ်ဂိုဏ်း၏ အထက်တန်းအလွှာမှ တားဆီးပေးခဲ့ကြလေသည်။ မိမိကဲ့သို့သော ပုစွန်ဆိတ်ကလေးတစ်ကောင်က ဤကဲ့သို့သော ကိစ္စမျိုးကို မသိရှိခြင်းမှာလည်း သဘာဝကျလှပေသည်။

ထို့အပြင် သူ ဤကိစ္စကို သိရှိခဲ့မည်ဆိုလျှင်ပင် မည်သည့်အရာကိုမျှ အကျိုးသက်ရောက်နိုင်မည် မဟုတ်ချေ။

"ဒီလိုမှတော့ အဲဒီ ပြင်ပကမ္ဘာက ရတနာတွေက ဘယ်နေရာကို ရောက်သွားကြတာလဲ...”

ရှုဝမ်ဇီက ဆက်၍ မေးလိုက်သည်။

"ခင်ဗျားဆီမှာ အကျိုးဆောင်မှတ် မလုံလောက်ဘူး။ အကယ်၍ သိချင်တယ်ဆိုရင် လုံလောက်တဲ့ အကျိုးဆောင်မှတ်တွေ ပေးဖို့လိုလိမ့်မယ်...”

စာအုပ်အင်မော်တယ်က တည်ငြိမ်စွာပင် ပြောလိုက်၏။

"အကျိုးဆောင်မှတ် မရှိတော့ဘူးလား...”

ရှုဝမ်ဇီမှာ အလွန်ပင် စိတ်ပျက်သွားရလေသည်။

All Chapters