← Chapters

အခန်း ၈၆၇

Vol. 82 Ch. 867

အခန်း ၈၆၇

Vol. 82 Ch. 867

အခန်း (၈၆၇) - နှစ်တစ်ရာအကြာမှ ဖုန်းရှီးကျွန်း၊ မြူခိုးပင်လယ်နယ်မြေ၊ သက်ရှိတို့အတွက် တားမြစ်နယ်မြေ (၂) ။

စာအုပ်အင်မော်တယ်သည် သူ၏မေးခွန်းများကို အကန့်အသတ်မရှိ ဖြေဆိုပေးနိုင်သော်ငြား အခမဲ့တော့ မဟုတ်ချေ။ အသိပညာအတွက် အဖိုးအခ ပေးရမည်ဖြစ်၏။

အထူးသဖြင့် ကျင့်ကြံခြင်းဆိုင်ရာ အသိပညာများဖြစ်ရာ ၎င်းတို့၏ တန်ဖိုးကြီးမားမှုကို မှန်းဆကြည့်၍ ရနိုင်ပေသည်။ အချို့သော အလွန်လျှို့ဝှက်ထားသည့် သတင်းအချက်အလက်များအတွက်ဆိုလျှင် အကျိုးဆောင်မှတ် အမြောက်အမြားပေးရန်ပင် လိုအပ်သေးသည်။

သူ၏ ချီသန့်စင်ခြင်းအဆင့်မျှသာ ရှိသေးသော ကျင့်ကြံသူတစ်ယောက်အနေဖြင့် ဤမျှများပြားလှသော အကျိုးဆောင်မှတ်များကို မည်သည့်နေရာမှ ရနိုင်မည်နည်း။

"မင်းက ဒီလောက်တောင် ဆင်းရဲနေတာလား။ မေးခွန်းတစ်ခုမေးဖို့တောင် ပိုက်ဆံမရှိဘူးလား...”

အင်မော်တယ်ရတနာ တာ့ယန်နတ်ဘုရားမီးဖိုမှာ ဒေါသထွက်လွန်း၍ လဲသေမတတ်ပင် ဖြစ်သွားရလေသည်။ ၎င်းအနေဖြင့် မိမိ၏အဖော်များ မည်သည့်နေရာတွင် ရှိနေသည်ကို သိရတော့မည် ဖြစ်၏။

သို့သော်ငြား လုံလောက်သော ပိုက်ဆံမရှိခြင်းကြောင့် ၎င်း၏အဖော်များကို ရှာဖွေနိုင်မည့်အရေး တားဆီးခံလိုက်ရမည်ဟု လုံးဝမထင်ထားခဲ့ပေ။

"ပါးစပ်ပိတ်ထားစမ်း။ ကျုပ်က သာမန် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူလေးပဲ ရှိသေးတာ။ ကျုပ်ဆီမှာ ဒီလောက်များတဲ့ ပိုက်ဆံ ဘယ်ရှိပါ့မလဲ...”

ရှုဝမ်ဇီက စိတ်မရှည်စွာဖြင့် ပြန်ပြောလိုက်သည်။

သူသည် ကြီးမားလှသော ကျင့်ကြံသူမိသားစုမှ ဆင်းသက်လာသူမဟုတ်ဘဲ သာမန်တောရွာသားလေးတစ်ယောက်သာ ဖြစ်ပေသည်။ ယခုကဲ့သို့ အဆင့်အတန်းမျိုးသို့ ရောက်ရှိလာခြင်းမှာ သူ၏ကြိုးစားအားထုတ်မှုနှင့် ကံကောင်းမှုတို့အပေါ် လုံးလုံးလျားလျား မှီခိုခဲ့ရသောကြောင့်ပင် ဖြစ်၏။

"ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင် ဆိုတာကရော ဘာလဲ။ ဘာဖြစ်လို့ အစစ်အမှန်မိစ္ဆာကို သတ်ဖြတ်နိုင်ရတာလဲ...”

အင်မော်တယ်ရတနာ တာ့ယန်နတ်ဘုရားမီးဖိုမှာလည်း မတတ်သာတော့ဘဲ အခြားမေးခွန်းတစ်ခုသို့ ပြောင်းမေးလိုက်ရလေသည်။

ရိုးရိုးသားသားဆိုရလျှင် ယခုအခါ ၎င်းသည် ဤမဟာကမ္ဘာကို အလွန်ပင် စပ်စုချင်စိတ် ဖြစ်ပေါ်နေသည်။

ယခင်က ၎င်းသည် ဤမဟာကမ္ဘာကို မှော်ရတနာမဟာကမ္ဘာနှင့် လုံးဝယှဉ်နိုင်မည်မဟုတ်ဟု တွေးကာ အလွန်အထင်သေးခဲ့ပြီး မဟာကမ္ဘာသုံးထောင်ထဲတွင် အောက်ဆုံးအဆင့်၌သာ ရှိလိမ့်မည်ဟု ယူဆခဲ့၏။

သို့ရာတွင် ယခုမူကား မတူညီတော့ချေ။ ဤကမ္ဘာသည် အစစ်အမှန်မိစ္ဆာတစ်ကောင်ကိုပင် သတ်ဖြတ်နိုင်ခဲ့ရာ ဤကမ္ဘာကြီးမှာ ထင်ထားသလောက် ရိုးရှင်းမနေကြောင်းကို ပြသနေပေသည်။

၎င်းအတွင်းရှိ ရေအတိမ်အနက်မှာလည်း မှန်းဆ၍မရနိုင်လောက်အောင် နက်ရှိုင်းလှပြီး စိတ်ကူးမယဉ်နိုင်လောက်အောင်ပင် ဖြစ်လေသည်။ ထို့ကြောင့် ယခုအခါ ၎င်းသည်လည်း စတင်၍ သတိထားလာရပြီ ဖြစ်၏။ အကယ်၍ အနည်းငယ်မျှ ပေါ့ဆမိပါက မိမိကိုယ်တိုင်ပင် ဒုက္ခတွင်းထဲ ကျရောက်သွားနိုင်ချေ ရှိပေသည်။

"ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ဆိုတာ ကျုပ်တို့ ရွှမ်ဟွမ်ဂိုဏ်းရဲ့ နတ်ဘုရားသစ်ပင်ပဲ။ ကောလာဟလတွေအရတော့ အင်မော်တယ်ကမ္ဘာကနေ ဆင်းသက်လာတဲ့အပင်လို့ သိရတယ်...”

ရှုဝမ်ဇီက အသံကိုနှိမ့်ကာ ပြောလိုက်ပြီး ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ ဇာတ်မြစ်ကို ရှင်းပြလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ လူတိုင်းသိထားပြီးသား ကိစ္စရပ်ဖြစ်ရာ အပြင်သို့ ပျံ့နှံ့သွားလျှင်တောင်မှ ပြဿနာမရှိနိုင်ပေ။ တစ်ဖက်လူအနေဖြင့်လည်း ဤကိစ္စကို စောစောဖြစ်စေ၊ နောက်ကျ၍ဖြစ်စေ သိလာရမည်သာ ဖြစ်လေသည်။

'ဘာ...'

ဤစကားကို ကြားလိုက်ရချိန်တွင် အင်မော်တယ်ရတနာ တာ့ယန်နတ်ဘုရားမီးဖို၏ စိတ်ထဲ၌ ကြောက်မက်ဖွယ် မုန်တိုင်းကြီးတစ်ခု တိုက်ခတ်သွားသကဲ့သို့ တုန်လှုပ်ချောက်ချားသွားရလေသည်။

ရိုက်သတ်ခံရမည်ဆိုလျှင်ပင် ဤရွှမ်ဟွမ်ကမ္ဘာတွင် ဤမျှအဆင့်မြင့်မားသော အပင်မျိုး ရှိနေလိမ့်မည်ဟု ၎င်း ဘယ်သောအခါမှ ထင်မှတ်မထားခဲ့ချေ။ အင်မော်တယ်ကမ္ဘာမှ ဆင်းသက်လာသည့် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင် ဖြစ်နေမည်ဟု မည်သူက ယုံကြည်နိုင်ပါမည်နည်း။

၎င်းအနေဖြင့် အင်မော်တယ်ကမ္ဘာအကြောင်းကို အနည်းငယ်မျှ သိထားရာ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်မှာလည်း အလွန်နာမည်ကြီးသော အပင်တစ်ပင်ဖြစ်ပြီး မှန်းဆ၍မရနိုင်သည့် စွမ်းအားများ ပါဝင်နေကြောင်း သိထား၏။

အစစ်အမှန်အင်မော်တယ်များနှင့် မြေကမ္ဘာအင်မော်တယ် အများအပြားပင် ၎င်းကို ကျားတစ်ကောင်ကဲ့သို့ ကြောက်ရွံ့ကြပေသည်။ ယခုကဲ့သို့သော အင်မော်တယ်ကမ္ဘာမှ အပင်မျိုးသည် အောက်ကမ္ဘာတွင် ပေါ်လာရုံသာမက လူတစ်ဦး၏ ထိန်းချုပ်မှုကိုပင် ခံနေရလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။

သံသယဖြစ်ဖွယ်မရှိ၊ ဤကမ္ဘာတွင် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူများ၊ မဟာယာနအဆင့်များနှင့် အင်မော်တယ်တစ်ပိုင်းများ မရှိလျှင်ပင် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ စွမ်းအားကို အားကိုး၍ တစ်ကမ္ဘာလုံးကို ကာကွယ်ရန် လုံလောက်နေပေပြီ။

မည်သူမှ ယှဉ်ပြိုင်နိုင်မည်မဟုတ်ဟုပင် ဆိုနိုင်လေသည်။ အကယ်၍ ရန်သူများသာ ရွှမ်ဟွမ်ကမ္ဘာကို လာရောက်တိုက်ခိုက်ရန် ကြိုးစားမည်ဆိုပါက သေချာပေါက် ဒုက္ခလှလှတွေ့သွားမည်မှာ အသေအချာပင် ဖြစ်၏။

၎င်းသည် ရွှမ်ဟွမ်ကမ္ဘာ၏ အစွမ်းထက်မြက်မှုကို ချက်ချင်းပင် သဘောပေါက်သွားလေသည်။

'ဒီတော့ ဒီကမ္ဘာက မူလတုန်းက အလယ်အလတ်ကမ္ဘာငယ် ဖြစ်နေခဲ့တာပေါ့။ ဒါပေမဲ့ မဟာကမ္ဘာအဖြစ်ကို အဆင့်တက်သွားရတာက ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ရဲ့ ကျေးဇူးကြောင့် ဖြစ်ရမယ်။ ငါ့သက်တမ်းမှာ ကမ္ဘာတစ်ခု အဆင့်တက်သွားတာကို မြင်တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ တကယ်ကို အံ့မခန်းပါပဲလား...’

အင်မော်တယ်ရတနာ တာ့ယန်နတ်ဘုရားမီးဖိုမှာ အလွန်အမင်း အံ့ဩသွားပြီး ဘာပြောရမှန်းပင် မသိတော့ချေ။

ရိုးရိုးသားသားဆိုရလျှင် ကမ္ဘာတစ်ခု အဆင့်တက်ခြင်းသည် သာမန်သက်ရှိများ အဆင့်တက်ခြင်းထက် မည်မျှပင် ပို၍ခက်ခဲကြောင်း မသိနိုင်ပေ။ အခြေခံအားဖြင့် မဟာကမ္ဘာသုံးထောင်သည် ဤလေဟာနယ်ထဲ၌ ရှေးပဝေသဏီကတည်းက တည်ရှိနေခဲ့ခြင်း ဖြစ်၏။

ဤကမ္ဘာများသည် မွေးဖွားလာစဉ်က မည်သို့ရှိခဲ့သနည်း၊ ယခုလည်း ထိုအတိုင်းသာ ဖြစ်လေသည်။

ကမ္ဘာများ အဆက်မပြတ် ဆုတ်ယုတ်ကျဆင်းသွားသည်ကိုသာ မြင်ဖူးကြပြီး၊ ကမ္ဘာတစ်ခုက အဆက်မပြတ် အဆင့်တက်ကာ ရှေ့သို့ဆက်တက်သွားသည်ကို တွေ့ရခဲလှပေသည်။ သို့

ရာတွင် ရွှမ်ဟွမ်ကမ္ဘာကမူ ဤအချက်ကို လုပ်ဆောင်နိုင်ခဲ့ရာ ရှေးပဝေသဏီကတည်းက မရှိခဲ့ဖူးသော ကိစ္စရပ်တစ်ခုပင် ဖြစ်ချေသည်။ အကယ်၍ ဤကိစ္စသာ အပြင်သို့ ပျံ့နှံ့သွားမည်ဆိုပါက မဟာကမ္ဘာသုံးထောင်လုံး တုန်လှုပ်သွားမည်မှာ အသေအချာပင်။

မရေမတွက်နိုင်သော မဟာယာနအဆင့်များနှင့် အင်မော်တယ်တစ်ပိုင်းများ အားလုံး စူးစမ်းလေ့လာရန်အတွက် အုံနှင့်ကျင်းနှင့် ရောက်လာကြပေလိမ့်မည်။

နှမြောစရာကောင်းသည်မှာ ထိုမဟာယာနအဆင့် ကျင့်ကြံသူများသည် ဤအချက်ကို သိရှိနိုင်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ဤလေဟာနယ်ကြီးမှာ အလွန်တရာ ကြီးမားကျယ်ပြန့်လွန်းပြီး အဆုံးအစမရှိသောကြောင့်ပင် ဖြစ်လေသည်။

၎င်းတို့၏ ကိုယ်ပိုင်ကမ္ဘာကိုပင် အပြည့်အဝ စူးစမ်းလေ့လာနိုင်ရန် ခက်ခဲနေသေးရာ အခြားသော မဟာကမ္ဘာများကို သွားရောက်စူးစမ်းရန်ဆိုသည်မှာ ပြောနေစရာပင် မလိုတော့ပေ။

ကမ္ဘာကြီးနှစ်ခုကို ဖြတ်သန်းသွားလာခြင်းဆိုသည်မှာပင် အလွန်ခက်ခဲသော ကိစ္စရပ်တစ်ခု ဖြစ်နေ၏။

မှန်ပေ၏၊ ဤလောကတွင် ကမ္ဘာဖြတ်ကျော် တည်နေရာရွှေ့ပြောင်းအစီအရင်များ ရှိနေသည်မှာ အမှန်ပင်။ ပြဿနာမှာ ကမ္ဘာဖြတ်ကျော် တည်နေရာရွှေ့ပြောင်းအစီအရင် တည်ဆောက်ရန်အတွက် ကမ္ဘာကြီးနှစ်ခု ပူးပေါင်းကြိုးပမ်းရန် လိုအပ်ပေသည်။

အကယ်၍ ကမ္ဘာတစ်ခုကသာ တည်ဆောက်ပြီး အခြားကမ္ဘာတစ်ခုတွင် မရှိပါက ကမ္ဘာဖြတ်ကျော် တည်နေရာရွှေ့ပြောင်းအစီအရင်ကို ဖွင့်လှစ်နိုင်မည် မဟုတ်ချေ။ ဤအကြောင်းရင်းကြောင့်ပင် ကမ္ဘာဖြတ်ကျော် တည်နေရာရွှေ့ပြောင်း အစီအရင်ဆိုသည်မှာ အလွန်တရာ ရှားပါးလှပေသည်။

ထိပ်ဆုံးအဆင့် နှစ်ဆယ်အတွင်းရှိသော မဟာကမ္ဘာများမှလွဲ၍ အခြားကမ္ဘာများတွင် အခြေခံအားဖြင့် ကမ္ဘာဖြတ်ကျော် တည်နေရာရွှေ့ပြောင်းအစီအရင်များ မရှိကြပေ။

ထို့ကြောင့် ကမ္ဘာနှစ်ခုကြား စစ်ပွဲစတင်ရန်ဆိုသည်မှာလည်း ထိုမျှလောက် မလွယ်ကူလှချေ။

အဆုံးမဲ့လေဟာနယ်၏ အကွာအဝေးဆိုသည်ကပင် ခက်ခဲသော ပြဿနာတစ်ရပ် ဖြစ်နေလေသည်။

'ဒီရွှမ်ဟွမ်ဂိုဏ်းချုပ်က ဘယ်လို ဇာတ်မြစ်မျိုးလဲ။ တကယ်ပဲ ဝင်စားတဲ့ အင်မော်တယ်တစ်ပါးများ ဖြစ်နေမလား။ အကယ်၍ တကယ်သာ ဝင်စားတဲ့ အင်မော်တယ်ဆိုရင်တောင် သာမန် အင်မော်တယ်တော့ မဖြစ်နိုင်ဘူး...’

အင်မော်တယ်ရတနာ တာ့ယန်နတ်ဘုရားမီးဖိုက ဤအချက်ကို မတွေးဘဲ မနေနိုင်တော့ချေ။

သိသာထင်ရှားစွာပင် ရွှမ်ဟွမ်ကမ္ဘာသည် ယခုကဲ့သို့ အပြောင်းအလဲများ ဖြစ်ပေါ်လာရခြင်းမှာ ရွှမ်ဟွမ်ဂိုဏ်းချုပ်ကြောင့်ပင် ဖြစ်လေသည်။ အကယ်၍ ဤသို့ ရှေးယခင်ကတည်းက ပြိုင်ဘက်ကင်းသော တည်ရှိမှုမျိုးသာ မရှိခဲ့ပါက ရွှမ်ဟွမ်ကမ္ဘာသည်လည်း ဤမျှလောက်အထိ ဆင့်ကဲပြောင်းလဲနိုင်မည် မဟုတ်ပေ။

၎င်းအနေဖြင့် ဝင်စားသော အင်မော်တယ်များကို မမြင်ဖူးသည်တော့ မဟုတ်ချေ။ သို့သော်လည်း ဝင်စားသော အင်မော်တယ်အများစုမှာ သာမန် အင်မော်တယ်များသာ ဖြစ်ကြပြီး မြေကမ္ဘာအင်မော်တယ်များပင်လျှင် အလွန်ရှားပါးလှသည်။

သို့သော်ငြား ဤကဲ့သို့သော ကိစ္စမျိုးကို သာမန် မြေကမ္ဘာအင်မော်တယ်များပင် လုပ်ဆောင်နိုင်မည်မဟုတ်ရာ ကောင်းကင်အင်မော်တယ်တစ်ပါး ဝင်စားခြင်းများ ဖြစ်နေမည်လော။

"စာအုပ်အင်မော်တယ်သခင်ကြီး၊ အကယ်၍ ရွှမ်ဟွမ်ကမ္ဘာထဲမှာ ပြင်ပနယ်မြေက ရတနာတွေ ပေါ်လာတယ်ဆိုရင် ဘာဖြစ်လို့ ကျွန်တော်တို့ ရွှမ်ဟွမ်ဂိုဏ်းက သွားမယူဘဲ အပြင်မှာပဲ ဒီအတိုင်းထားဖို့ ရွေးချယ်ခဲ့တာလဲ...”

ရှုဝမ်ဇီက အလွန်စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

ရွှမ်ဟွမ်ဂိုဏ်းမှ သာမန်ကျင့်ကြံသူများအတွက် စာအုပ်အင်မော်တယ်ထံမှ သတင်းအချက်အလက်များ ရယူရန်ဆိုသည်မှာ အလွန်တရာ ခက်ခဲသည်က သဘာဝပင်။

သို့သော် ဂိုဏ်းချုပ်အတွက်မူ မည်သည့်အဖိုးအခမျှ ပေးစရာမလိုဘဲ အချိန်တိုအတွင်း ရရှိနိုင်ပေသည်။ အကယ်၍ ဂိုဏ်းချုပ်သာ ကိုယ်တိုင်လှုပ်ရှားမည်ဆိုပါက ဤပြင်ပနယ်မြေမှ ရတနာများမှာ လက်ဖဝါးလှန်သည်ထက်ပင် လွယ်ကူနေမည် မဟုတ်ပါလော။

မိမိလက်ထဲသို့ ရောက်လာရန် အခွင့်အရေးပင် ရှိမည်မဟုတ်ချေ။ ထို့ကြောင့် သူသည် ဤအချက်ကို အလွန်ပင် စပ်စုချင်နေခဲ့သည်။

ဤစကားကို ကြားလိုက်ရသောအခါ အင်မော်တယ်ရတနာ တာ့ယန်နတ်ဘုရားမီးဖိုသည်လည်း နားစွင့်လိုက်မိပြီး ဤအချက်အပေါ် အလွန်စပ်စုချင်သွားလေသည်။

"ဒါက အဲဒီပြင်ပနယ်မြေက ရတနာတွေဟာ ရွှမ်ဟွမ်ကမ္ဘာအတွက် ဘာအန္တရာယ်မှ မရှိလို့ပဲ။ ဒါကြောင့်မို့လို့ ဂိုဏ်းချုပ်ကလည်း ဒီရတနာတွေကို သွားယူဖို့ မရည်ရွယ်ခဲ့တာ…”

“ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းမှာ ကိုယ်စီကံတရားတွေ ရှိကြတာပဲ။ အခွင့်အရေး ရရှိမယ်ဆိုရင် အဲဒီနဲ့ ထိုက်တန်တဲ့ အကြောင်းတရားနဲ့ အကျိုးဆက်တွေကိုလည်း တာဝန်ယူရလိမ့်မယ်။ အခွင့်အရေးတိုင်းက အကျိုးကျေးဇူးတွေ ရှိလာမှာ မဟုတ်ဘူး။ တစ်ခါတလေမှာ အဲဒီနဲ့ ထိုက်တန်တဲ့ ဘေးဒုက္ခတွေကိုလည်း ဆောင်ကြဉ်းလာနိုင်တယ်...”

စာအုပ်အင်မော်တယ်သခင်က ရှင်းပြလိုက်၏။

အမှန်တကယ်တမ်းတွင် ‘စာအုပ်ကူ’သည် အဋ္ဌမအဆင့်သို့ တက်လှမ်းသွားပြီးနောက် ရွှမ်ဟွမ်ကမ္ဘာတွင် ကြီးမားကျယ်ပြန့်ပြီး တင်းကျပ်လှသော စောင့်ကြည့်ရေးကွန်ရက်ကြီးတစ်ခုကို တည်ဆောက်ထားပြီး ဖြစ်သည်။

ဤစောင့်ကြည့်ရေးကွန်ရက်သည် ပုံသဏ္ဌာန်မဲ့ကာ ကောင်းကင်တာအိုနှင့်ပင် ဆင်တူပေသည်။ ရွှမ်ဟွမ်ကမ္ဘာတွင် မည်သည့်ကိစ္စပင် ဖြစ်ပွားပါစေ ကျိုးစွေ့သည် ချက်ချင်းလက်ငင်း သိရှိနိုင်လေသည်။

All Chapters