အခန်း ၈၆၈
Vol. 82 Ch. 868
အခန်း (၈၆၈) - နှစ်တစ်ရာအကြာမှ ဖုန်းရှီးကျွန်း၊ မြူခိုးပင်လယ်နယ်မြေ၊ သက်ရှိတို့အတွက် တားမြစ်နယ်မြေ (၃) ။
ပြင်ပနယ်မြေမှ သက်ရှိများနှင့် ရတနာများ ရွှမ်ဟွမ်ကမ္ဘာထဲသို့ ဝင်ရောက်လာသည်ကိုလည်း ရှင်းရှင်းလင်းလင်း သိမြင်နိုင်၏။ သို့သော် သူသည် အရာအားလုံးကို လိုက်လံဝင်ပါနေနိုင်မည် မဟုတ်ချေ။
သူ၏ ကိုယ်ပွားများ မည်မျှပင် များပြားစေကာမူ ရွှမ်ဟွမ်ကမ္ဘာတွင် နေ့စဉ်ဖြစ်ပျက်နေသော ကိစ္စရပ်ပေါင်းများစွာကို လိုက်လံဖြေရှင်းရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် ကိစ္စရပ်များတွင်လည်း အရေးကြီးမှုနှင့် အလျင်အမြန်လုပ်ဆောင်ရမှု အဆင့်အတန်းများ ရှိရာ အမှန်တကယ် အဖိုးတန်လှသော ရတနာဖြစ်မှသာလျှင် သူကိုယ်တိုင် သွားရောက်ယူငင်မည် ဖြစ်လေသည်။
သို့သော် အင်မော်တယ်ရတနာ တာ့ယန်နတ်ဘုရားမီးဖိုမှာ ပျက်စီးနေသော အခြေအနေတွင် ရှိနေသည်။ အပြည့်အဝ ပြုပြင်ရန်အတွက် အရင်းအမြစ်မည်မျှနှင့် အချိန်မည်မျှ ကုန်ဆုံးရမည်ကိုပင် မသိနိုင်ချေ။ သိပ်အသုံးမဝင်လှသော ရတနာတစ်ပါးဖြစ်ရာ သူက သဘာဝကျကျပင် ဂရုစိုက်နေမည် မဟုတ်ပေ။
၎င်းကို ရွှမ်ဟွမ်ဂိုဏ်းမှ တပည့်များလက်သို့ အပ်နှံလိုက်ခြင်းက ပို၍ကောင်းမွန်ပြီး ရွှမ်ဟွမ်ဂိုဏ်းအတွက် တပည့်တစ်ယောက် တိုးလာစေကာ လူသားမျိုးနွယ်၏ အခြေခံအုတ်မြစ်ကိုလည်း တိုးတက်လာစေမည် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ လူသားမျိုးနွယ်တွင် သူတစ်ဦးတည်းသာ အစွမ်းထက်သူ ဖြစ်နေ၍ မဖြစ်နိုင်ပေ။
"ကျွန်တော် နားလည်ပါပြီ။ ဂိုဏ်းချုပ်ကြီးက ဒီပြင်ပနယ်မြေက ရတနာတွေကို အထင်မကြီးလို့ သွားယူဖို့ ပျင်းနေတာပဲ...”
ရှုဝမ်ဇီသည် စာအုပ်အင်မော်တယ်၏ ဆိုလိုရင်းကို ချက်ချင်းပင် သဘောပေါက်သွားလေသည်။
သူသည် ငတုံးတစ်ယောက်မဟုတ်ရာ ဤနောက်ကွယ်မှ အဓိပ္ပာယ်ကို မည်သို့ နားမလည်ဘဲ နေမည်နည်း။
အကယ်၍ တကယ်သာ အဖိုးတန်ရတနာဖြစ်ပါက အစောကြီးကတည်းက သွားယူပြီးလောက်ပြီဖြစ်ကာ အပြင်တွင် ဤသို့ ပစ်ထားမည်မဟုတ်ပေ။
ထင်ရှားစွာပင် ဂိုဏ်းချုပ် မျက်စိကျလောက်သည့် ရတနာများမှာ အလွန်တရာ ရှားပါးလှသည်မှာ အမှန်ပင် ဖြစ်ချေ၏။
သာမန်လူတစ်ယောက်အတွက် ငွေငါးသန်းဆုဆိုသည်မှာ အလွန်များပြားလှသည်က သေချာ၏။ သို့သော် ကမ္ဘာ့အချမ်းသာဆုံးသူဌေးအတွက်မူ ငွေငါးသန်းဆိုသည်မှာ အဘယ်အရာမျှ မဟုတ်ပေ။ နွားကိုယ်ပေါ်ရှိ အမွေးတစ်မျှင်လောက်သာ ရှိလေသည်။ တစ်ရက်စာ သုံးစွဲရန်ပင် လုံလောက်မည် မဟုတ်ချေ။
"..."
စာအုပ်အင်မော်တယ်မှာ တိတ်ဆိတ်သွားပြီး ဘာပြောရမှန်းပင် မသိတော့ချေ။
အဘယ်ကြောင့်ဆိုသော် ရှုဝမ်ဇီ၏ စကားမှာ အမှန်တကယ်ပင် မှန်ကန်နေသောကြောင့် ဖြစ်၏။
အကယ်၍ ကျိုးစွေ့ကို အမှန်တကယ် ရင်ခုန်စေနိုင်မည့် ရတနာမျိုးသာဆိုပါက မည်သည့်အကြောင်းတရားနှင့် အကျိုးဆက်များ ရှိနေပါစေ၊ မည်သည့် ဘေးဒုက္ခများ ဆောင်ကြဉ်းလာပါစေ သေချာပေါက် သွားယူမည်သာ ဖြစ်လေသည်။
ဤပြင်ပနယ်မြေမှ ရတနာများ၏ တန်ဖိုးမှာ များစွာအသုံးမဝင်ဘဲ လုံးဝအထင်မကြီးသောကြောင့်သာ ဂရုစိုက်ရန် ပျင်းနေခဲ့ခြင်း ဖြစ်ပေသည်။
"ဘာ..."
ဤစကားကို ကြားလိုက်ရသောအခါ အင်မော်တယ်ရတနာ တာ့ယန်နတ်ဘုရားမီးဖိုမှာ မျက်နှာစိမ်းဖန်သွားပြီး ချက်ချင်းပင် ဒေါသပေါက်ကွဲချင်စိတ် ပေါက်သွားရလေသည်။
ဤရွှမ်ဟွမ်ဂိုဏ်းချုပ်က ဘာသဘောနည်း။ ၎င်း တာ့ယန်နတ်ဘုရားမီးဖိုကို အထင်မကြီးသောကြောင့် လုံးဝ ဂရုမစိုက်ခဲ့ခြင်းလော။
မိမိ တည်ရှိနေကြောင်းကို သိလျှင်တောင်မှ အရေးလုပ်မည်မဟုတ်ချေ။ ဤခွေးကောင်က ဘာအကြောင်းကြောင့် ဤမျှ ဘဝင်မြင့်နေရသနည်း။
မိမိ တာ့ယန်နတ်ဘုရားမီးဖိုကိုပင် အထင်မကြီးရလောက်အောင် တကယ်ကို ဖင်ခေါင်းကျယ်လွန်းလှပေသည်။ ၎င်းမှာ ဒေါသထွက်လွန်း၍ ပေါက်ကွဲထွက်မတတ်ပင် ဖြစ်သွားရ၏။
အဘယ်ကြောင့်ဆိုသော် ဤသည်က ဂုဏ်သိက္ခာပိုင်းနှင့် သက်ဆိုင်နေသောကြောင့် လုံးဝ သည်းမခံနိုင်လောက်အောင်ပင် ဖြစ်လေသည်။
"စိတ်မဆိုးပါနဲ့။ ဂိုဏ်းချုပ်ကြီးက ခင်ဗျားကို အထင်မကြီးပေမယ့် ကျုပ်ကတော့ ခင်ဗျားကို တော်တော်လေး သဘောကျနေတုန်းပါပဲ...”
ရှုဝမ်ဇီက ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်ပြီး တာ့ယန်နတ်ဘုရားမီးဖိုကို နှစ်သိမ့်လိုက်သည်။
ကံကောင်း၍သာ ဂိုဏ်းချုပ်ကြီးက အထင်မကြီးခဲ့ခြင်း ဖြစ်၏။ သို့မဟုတ်ပါက သူသည် ဤကဲ့သို့သော အခွင့်အရေးမျိုးကို မည်သည့်နေရာမှ ရနိုင်မည်နည်း။ ရေတစ်ပေါက်သောက်ခြင်းနှင့် အစာတစ်လုပ်စားခြင်းသည်ပင် ကောင်းကင်ဘုံက သတ်မှတ်ထားပြီးဖြစ်သည်ဟု ဆိုနိုင်ပေသည်။
"ပါးစပ်ပိတ်ထားစမ်း...”
အင်မော်တယ်ရတနာ တာ့ယန်နတ်ဘုရားမီးဖိုမှာ ဒေါသထွက်လွန်း၍ သေမတတ်ပင် ဖြစ်သွားရလေသည်။ ၎င်းအနေဖြင့် နှစ်သိမ့်ခံလိုက်ရသည်ဟု မခံစားရဘဲ ပို၍ပင် ဒေါသထွက်လာသလို ခံစားလိုက်ရတော့သည်။
'ဝင်စားလာတဲ့ အင်မော်တယ်ဖြစ်တော့ရော သိပ်ပြီး အထင်ကြီးစရာကောင်းနေလို့လား...'
'အင်မော်တယ်ကမ္ဘာကနေ ဆင်းသက်လာတဲ့ အင်မော်တယ်တစ်ပါး ဖြစ်နေရင်တောင်မှ အောက်ကမ္ဘာက အင်မော်တယ်ရတနာတစ်ပါးဖြစ်တဲ့ ငါ့ကို အထင်သေးပြီး မျက်လုံးထဲ မထည့်တာမျိုး လုပ်လို့ရလို့လား...'
'မြစ်အရှေ့ဘက်မှာ အနှစ်သုံးဆယ်ဆိုရင် မြစ်အနောက်ဘက်မှာလည်း အနှစ်သုံးဆယ်ပဲ... လောကဓံဆိုတာ အလှည့်အပြောင်းရှိစမြဲပဲ...'
'အင်မော်တယ်ရတနာတစ်ပါး ဆင်းရဲမွဲတေနေတယ်ဆိုပြီး လာအထင်မသေးနဲ့။ အနှေးနဲ့အမြန်ဆိုသလို ငါကိုယ်တိုင်လည်း အင်မော်တယ်ကမ္ဘာတစ်ခုလုံးမှာ နာမည်ကျော်ကြားတဲ့ ထိပ်တန်းအင်မော်တယ်ရတနာတစ်ပါး ဖြစ်လာမှာပဲ...'
'အဲဒီအချိန်ကျရင် အဲဒီခွေးချေးလို ရွှမ်ဟွမ်တာအိုအရှင်ဆိုတဲ့ကောင်ကို နောင်တရသွားအောင် လုပ်ပြမယ်...'
'ငါ့ကိုများ အထင်သေးရဲသေးတယ်။ တကယ်တမ်း ဘာကိုများ အားကိုးနေလို့လဲ... ဟမ့်…'
"သခင်စာအုပ်အင်မော်တယ်... ကျွန်တော်က ဆေးဖော်စပ်တဲ့ ပညာရပ်ကို အားကိုးပြီး ငွေရှာချင်တယ်ဆိုရင် ဘယ်လိုလုပ်ရမလဲ...”
ရှုဝမ်ဇီက ဆက်၍ မေးလိုက်၏။ သူသည် မိမိ၏ ဆေးဖော်စပ်ပညာရပ်ကို အားကိုး၍ မည်သို့ ငွေရှာရမည်ကို သိချင်နေသည်။
"ရွှမ်ဟွမ်ဂိုဏ်းရဲ့ တပည့်တစ်ယောက်အနေနဲ့ ငွေရှာဖို့ဆိုတာက အရမ်းလွယ်ကူတဲ့ ကိစ္စတစ်ခုပဲ။ ခင်ဗျားက အရည်အသွေးမြင့် ဆေးလုံးတွေကို ဖော်စပ်နိုင်မယ်ဆိုရင် ဂိုဏ်းကို တိုက်ရိုက် ရောင်းချလို့ ရတယ်။ ဂိုဏ်းက အခြေခံအားဖြင့် အကန့်အသတ်မရှိ ဝယ်ယူလိမ့်မယ်…”
“ဒါပေမဲ့ ဈေးနှုန်းကတော့ နည်းနည်းလျော့မယ်။ ဈေးကွက်ပေါက်ဈေးရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းပဲ ရလိမ့်မယ်။ ဂိုဏ်းက ဒီကမ္ဘာတစ်ခုလုံးရဲ့ ဆေးလုံးရောင်းချတဲ့ လမ်းကြောင်းတွေကို ချုပ်ကိုင်ထားတာဆိုတော့ တပည့်တွေ ဖော်စပ်တဲ့ ဆေးလုံးတွေကို အလွယ်တကူ ရောင်းချပေးနိုင်တယ်။ ခင်ဗျားတို့ ဖော်စပ်ထားတဲ့ ဆေးလုံးတွေ မရောင်းရဘူးဆိုပြီးတော့လည်း စိုးရိမ်နေစရာ မလိုဘူး...”
စာအုပ်အင်မော်တယ်က လေးနက်သောအသံဖြင့် ရှင်းပြလေ၏။
မှန်ပေသည်၊ ဆေးဖော်စပ်ပညာရှင်များသာမက အဆောင်မန္တန်ပညာရှင်များလည်း ဤကဲ့သို့ လုပ်ဆောင်နိုင်ပေသည်။ အဆောင်လက်ဖွဲ့များ ဖန်တီးပြီးနောက်တွင် ဂိုဏ်းသို့ ရောင်းချကာ ဂိုဏ်းမှတစ်ဆင့် ရောင်းချပေးစေခြင်းဖြင့် ငွေကြေးရှာဖွေနိုင်၏။
အစီအရင်ပညာရှင်များ၊ လက်နက်ရတနာဖန်တီးသူများ စသည်တို့မှာလည်း ထိုနည်းတူပင် ဖြစ်လေသည်။
ဂိုဏ်းကြီးသည် တပည့်များ၏ ကိစ္စရပ်အားလုံးကို ပြီးမြောက်အောင် ကူညီပေးနေသည့် ဧရာမ စီးပွားရေးလုပ်ငန်းကြီးတစ်ခုနှင့်ပင် တူနေပေတော့သည်။
ရွှမ်ဟွမ်ဂိုဏ်းမှ တပည့်များသည် ကြိုးကြိုးစားစား ကျင့်ကြံပြီး မိမိတို့၏ ပညာရပ်များကို မြှင့်တင်ရန်သာ လိုအပ်၏။ ၎င်းကပင် လုံလောက်လှပေသည်။
ဤသည်ကား ရွှမ်ဟွမ်ဂိုဏ်းမှ တပည့်များသာလျှင် ရရှိနိုင်သော မမြင်ရသည့် အကျိုးခံစားခွင့်တစ်ခု ဖြစ်ပေသည်။
အခြားဂိုဏ်းများတွင်သာဆိုလျှင် ငွေရှာရန်မှာ ဤမျှ မလွယ်ကူနိုင်ပေ။
"ဆေးပင်တွေကျတော့ရော... ဆေးပင်တွေကို ကျွန်တော် ဘယ်လို ရနိုင်မလဲ...”
ရှုဝမ်ဇီက ဆက်၍ မေးလိုက်ပြန်သည်။
"ဂိုဏ်းမှာလည်း ဆေးပင်တွေ ရောင်းချတဲ့ နေရာရှိတယ်။ ရွှမ်ဟွမ်ဂိုဏ်းရဲ့ တပည့်တွေ သွားရောက် ဝယ်ယူလို့ ရတယ်။ ဈေးနှုန်းက အပြင်ထက် ပိုသက်သာလိမ့်မယ်။ ဒါပေမဲ့ သတိထားဖို့တော့ လိုတယ်…”
“ဘာပဲဖြစ်ဖြစ် ဆေးဖော်စပ်ပညာရပ်ဆိုတာက ကျွမ်းကျင်ဖို့ အဲဒီလောက် မလွယ်ကူဘူး။ ကိုယ့်စွမ်းအားကို ကြည့်ပြီးမှ လုပ်ဖို့လိုတယ်။ နည်းနည်းလေး ပေါ့ဆသွားတာနဲ့ အိမ်ပေါ်က ဆင်းရတဲ့အထိ ဒေဝါလီခံသွားရနိုင်တယ်…”
“နှစ်စဉ်နှစ်တိုင်း ဆေးဖော်စပ်ပညာရပ်ကို လေ့လာချင်တဲ့ တပည့်တော်တော်များများဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ရပြီး ဒေဝါလီခံသွားရတတ်တယ်...”
စာအုပ်အင်မော်တယ်က လေးနက်သောအသံဖြင့် သတိပေးလိုက်၏။
"ကျေးဇူးတင်ပါတယ် သခင်စာအုပ်အင်မော်တယ်..."
ထိုစကားကို ကြားသောအခါ ရှုဝမ်ဇီက ခေါင်းညိတ်လိုက်သည်။ သူသည် လက်ဝှေ့ယမ်းလိုက်ပြီး ဆက်သွယ်ရေးကိရိယာကို ချက်ချင်း ပိတ်လိုက်၏။
ထို့နောက် စာအုပ်အင်မော်တယ်၏ ပုံရိပ်ယောင်မှာလည်း ချက်ချင်း ပျောက်ကွယ်သွားကာ ဆက်သွယ်ရေးကိရိယာထဲသို့ ပြန်လည် ဝင်ရောက်သွားလေသည်။
"သွားကြစို့။ ငါတို့ ဆေးပင်တွေ သွားဝယ်ပြီး ဆေးလုံးတွေ ဖော်စပ်မယ်။ မြန်မြန် ပိုက်ဆံရှာရမယ်။ ငါ့ အခြားအဖော်တွေရဲ့ တည်နေရာကို သိနိုင်ဖို့အတွက် ဂိုဏ်းကူညီမှုရမှတ် အများကြီးရအောင် ရှာရမယ်...”
အင်မော်တယ်ရတနာ တာ့ယန်နတ်ဘုရားဆေးမီးဖိုသည် အံကြိတ်လိုက်၏။ ၎င်းသည် ဆက်၍ ဒေါသမထွက်ချင်တော့ပေ။
ယခုအချိန်တွင် အရေးကြီးဆုံးကိစ္စမှာ သခင်ဖြစ်သူ၏ ကျင့်ကြံမှုအဆင့်ကို လျင်မြန်စွာ မြှင့်တင်ပေးပြီး ဂိုဏ်းကူညီမှုရမှတ်များ တိုးပွားလာစေရန်ပင်။
သို့မှသာလျှင် အခြားသော အဖော်များကို ပြန်လည် ရှာဖွေနိုင်မည် မဟုတ်ပါလော။
ထိုသို့မဟုတ်ပါက အပြင်ဘက်တွင် အချိန်အတော်ကြာ ပျောက်ဆုံးနေသဖြင့် အခြားသော လူသားကျင့်ကြံသူများ၏ ကျွန်ပြုခြင်းကိုပင် ခံနေရနိုင်သည်။
ထိုသို့သောကိစ္စမျိုး ဖြစ်လာမည်ကို ၎င်း လုံးဝ မမြင်တွေ့လိုပေ။
"ကောင်းပြီ...”
ရှုဝမ်ဇီက ခေါင်းညိတ်လိုက်သည်။
ဝေဝေဝါးဝါးဖြင့် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ကံကြမ္မာအရှိန်အဝါများမှာ ပို၍ပို၍ ထူထပ်လာပုံရပြီး ကံကြမ္မာကောင်းများ စတင်ပေါက်ကွဲထွက်ပေါ်လာကာ ဟန့်တား၍မရနိုင်လောက်အောင် ကောင်းကင်သို့ တစ်ဟုန်ထိုး တက်သွားလေသည်။
၎င်းသည် ရွှေရောင်နဂါးတစ်ကောင် ကောင်းကင်ယံတွင် ပျံသန်းနေသည့် အသွင်အပြင်ကို ပေါ်လွင်နေစေ၏။
တစ်ကြိမ်တစ်ခါ အရှိန်အဝါများ ထွက်ပေါ်လာသည်နှင့် နေ့လယ်ခင်းမှ နေမင်းကြီးကဲ့သို့ပင် ဖြစ်ချေတော့သည်။
...