← Chapters

အခန်း ၂၂၁

Vol. 23 Ch. 221

အခန်း ၂၂၁

Vol. 23 Ch. 221

အခန်း (၂၂၁) - အရင်က ကျုပ် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခဲ့မိပါတယ် (၁)

"ဒီကမောင်လေးသုံးယောက်... ဒီနေ့ကျွန်မတို့ဆီမှာ စီးပွားရေးသိပ်မကောင်းဘူးဆိုပေမယ့်လည်း ဒီနေရာက ဒီအတိုင်း ထိုင်နားနေရမယ့်နေရာတော့ မဟုတ်ဘူးကွယ်…”

“မောင်လေးတို့ ဝင်လာကတည်းက အရက်နဲ့ဟင်းလည်းမမှာသလို မိန်းကလေးလည်း မခေါ်ဘူးဆိုတော့ ကျွန်မတို့ဆီကို လက်ဖက်ရည်ဆိုင်များ မှတ်နေသလား…"

မိတ်ကပ်အထူကြီး လိမ်းခြယ်ထားသော လူလတ်ပိုင်းအမျိုးသမီးတစ်ဦးက ရှေ့သို့ထွက်လာကာ ၎င်းတို့သုံးဦးအပေါ် မကျေနပ်ချက်ကို ဖော်ပြလေ၏။

သူမသည် ဤပြည့်တန်ဆာရုံ၏ ခေါင်းဆောင်အမျိုးသမီး ဖြစ်ပုံရပေသည်။

ဤလူငယ်သုံးဦး၏ ဝတ်စားဆင်ယင်မှုကိုကြည့်၍ ချမ်းသာသောမိသားစုမှ သခင်လေးများဟု သူမထင်မှတ်ထားခဲ့သည်။ သို့သော်လည်း ၎င်းတို့ ဤနေရာတွင် ထိုင်နေသည်မှာ အချိန်မနည်းတော့သော်လည်း အရက်သေစာမမှာသည့်အပြင် အဖော်ပြုရန် မိန်းကလေးများကိုလည်း မခေါ်ပေ။

ငွေလာသုံးမည့်သူများနှင့် လုံးဝမတူသောကြောင့် ထိုအမျိုးသမီးက ရှေ့ထွက်လာကာ နှင်ထုတ်လိုသည့်ဟန် ပြခြင်းပင်။

ပြည့်တန်ဆာရုံဆိုသည်မှာ အလကားထိုင်နေမည့်သူများကို လက်ခံမည့်နေရာမျိုး မဟုတ်ပေ။ ယနေ့ စီးပွားရေး မကောင်း၍သာ သူတို့ကို ဤမျှကြာအောင် သည်းခံထားခြင်းဖြစ်ချေသည်။

"ကျုပ်တို့ ငွေမသုံးလို့ နှိမ်တာလား…"

ချူလျန်က မျက်လုံးများ ပင့်ကြည့်လိုက်ပြီး သူမကို အေးစက်စက် စိုက်ကြည့်ကာ တစ်လုံးချင်း ပြောလိုက်၏။

"သစ်သီးပန်းကန်တစ်ပွဲ ထပ်ချပေး.."

ဖူး...

ထိုစကားထွက်ပေါ်လာသည်နှင့် လင်းပေ့နှင့် ရှန်ဇီလျန်တို့မှာ မနေနိုင်တော့ဘဲ အနေရခက်သော အပြုံးများ ပြုံးလိုက်မိကြသည်။

'အစ်ကိုရာ... ခင်ဗျားမှာတဲ့ သစ်သီးပန်းကန်က အပေါဆုံးဟာကြီးကို အဲဒီလောက်တောင် အထာကျကျနဲ့ မောက်မာတဲ့ပုံစံမျိုး ဘယ်လိုလုပ် ဖမ်းနိုင်ရတာလဲ'

"အစ်ကိုကြီး... အဲဒီအစား ကောင်းတဲ့မိန်းကလေး နည်းနည်းလောက်များ ခေါ်လိုက်ရမလား…”

“မဟုတ်ရင်လည်း အရက်နဲ့ဟင်း နည်းနည်းလောက်မှာလိုက်မယ်လေ... ကျွန်တော် ဒကာခံပါ့မယ်ဗျ"

ရှန်ဇီလျန်က တိုးတိုးလေး ပြောလိုက်သည်။

သူသည် အနည်းနှင့်အများဆိုသလို ချမ်းသာသော မိသားစုမှ ဒုတိယမျိုးဆက်သခင်လေးတစ်ဦး ဖြစ်ပေသည်။ ဓားဒင်္ဂါးများကို ဖြတ်တောက်ခံထားရသော်လည်း ရွှေနှင့်ငွေမှာမူသိပ်ပြီး မရှားပါးလှချေ။

ချူလျန် တစ်စုံတစ်ခုပြောရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် စေတီတော်ဖြူနယ်မြေထဲရှိ ဓားနီကြီးထံမှ ဆူပွက်လှုပ်ရှားလာမှုကို ခံစားလိုက်ရလေ၏။

သူ၏ သာမန်အတိုင်းရှိနေသော အကြည့်များက ရုတ်တရက်စူးရှသွားပြီး တံခါးအပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

မြင်းလှည်းတစ်စီးက ဖြည်းညင်းစွာဖြတ်သန်းသွားနေပြီး ထိုမြင်းလှည်းနောက်တွင်မူ တွန်းလှည်းငယ်တစ်စီးကို တွန်းကာအိမ်ပြန်နေသည့် သတိထားမိစရာမရှိသော လမ်းဘေးဈေးသည်တစ်ဦး ပါလာသည်။

ကြီးမားသောမြင်းလှည်းနှင့် သေးငယ်သောတွန်းလှည်းတို့သည် ပြည့်တန်ဆာရုံရှေ့မှ ရှေ့ဆင့်နောက်ဆင့် ဖြတ်သန်းသွားကြ၏။

'လမ်းဘေးဈေးသည်တစ်ယောက်ဆီက ဓားနီကြီးကို လှုပ်ရှားလာစေနိုင်လောက်တဲ့အထိ သွေးငွေ့တွေ ဘယ်လိုလုပ်ရှိနေနိုင်ရတာလဲ'

တကယ်တမ်းတွင် ဓားနီကြီး ဒေါသထွက်လာစေရန်မှာ လွယ်ကူလှသည်တော့ မဟုတ်ပေ။

အပြစ်ကင်းသောသူ အနည်းဆုံးနှစ်ဆယ်ကျော်ခန့်ကို သတ်ဖြတ်ထားမှသာ စုဆောင်းမိလာသော သွေးငွေ့များက ဓားနီကြီးကို လှုပ်ရှားလာစေနိုင်မည်ဖြစ်ကြောင်း ချူလျန် ယခင်က ခန့်မှန်းတွက်ချက်ထားခဲ့ဖူးသည်။

"ထူးခြားတဲ့ အခြေအနေရှိတယ်… လင်းပေ့ ငါ့နောက်လိုက်ခဲ့... အသံမထွက်စေနဲ့ အစ်ကိုရှန်က ဒီမှာပဲနေခဲ့ပြီး ပန်းလမ်းမတစ်ဝိုက်ကို စောင့်ကြည့်ပေးပါ"

ချူလျန်က တိုးတိုးလေးမှာကြားလိုက်ပြီး ချက်ချင်းပင်မတ်တပ်ရပ်ကာ အပြင်သို့ ထွက်သွားလေသည်။

ထိုစကားကို ကြားလိုက်ရသည်နှင့် ရှန်ဇီလျန်တစ်ယောက် ချက်ချင်း တုန်တက်သွားကာ ခါးကိုမတ်၍ ထိုင်လိုက်၏။

ဆန့်ကျင်ဘက်အနေဖြင့် လင်းပေ့ကမူ သူ၏ပခုံးကိုပုတ်ကာ နှစ်သိမ့်လိုက်သည်။

"စိတ်ချထားစမ်းပါ... မိုးကျလာရင်တောင် ငါနဲ့ချူလျန်က ဝင်ထမ်းပေးမှာပါ… မင်းက ပတ်ဝန်းကျင်ကိုပဲ စိတ်အေးအေးထားပြီး သတိထားကြည့်နေလိုက်.."

ထိုအမူအရာမှာ အစ်ကိုကြီးတစ်ယောက်၏ ဟန်ပန်အပြည့်ပင်။

ချူလျန်သည် ခြေလှမ်းကျဲများဖြင့် အပြင်သို့ထွက်လာခဲ့ပြီး ဈေးသည်၏နောက်သို့ ကပ်လိုက်သွားသည်။

တစ်ဖက်လူ ရိပ်မိသွားမည်ကို စိုးရိမ်သဖြင့် ဝိညာဉ်အသိအမြင်ဖြင့် စူးစမ်းရန်လည်း မဝံ့ရဲသလို အကြည့်ဖြင့်ကြာရှည်စွာ စိုက်ကြည့်ခြင်းမျိုးလည်း မလုပ်ရဲပေ။

လမ်းလျှောက်နေဟန် ဟန်ဆောင်ကာ တစ်ချက်တစ်ချက်သာ လှမ်းကြည့်နေလိုက်၏။

အဘယ်ကြောင့်ဆိုသော် အချို့သောကျင့်ကြံသူများသည် အကြည့် သို့မဟုတ် ဝိညာဉ်အသိအမြင်များအပေါ် အလွန်သတိကြီးတတ်ကြပြီး ကြာရှည်စွာ ချောင်းမြောင်းကြည့်ရှုခံရပါက ချက်ချင်းရိပ်မိသွားတတ်သောကြောင့် ဖြစ်သည်။

အချိန်အနည်းငယ် ကြာပြီးနောက် ထိုဈေးသည်မှာ မြင်းလှည်းနောက်သို့ တကောက်ကောက် လိုက်နေခြင်းဖြစ်ကြောင်း သူသတိထားမိသွား၏။ ထို့ကြောင့် ချူလျန်သည် ဈေးသည်ကို အများကြီးမကြည့်တော့ဘဲ မြင်းလှည်းသွားရာ လမ်းကြောင်းအတိုင်းသာ လိုက်သွားတော့သည်။

လင်းပေ့ကမူ ချူလျန်၏အရိပ်အယောင်နောက်သို့ အဝေးမှလိုက်ပါလာပြီး ချူလျန်ထံမှအချက်ပြမှုကို စောင့်ဆိုင်းကာကူညီပေးရန် ပြင်ဆင်ထားလေ၏။

မြင်းလှည်းမှာ ပန်းလမ်းမကြီးမှ ထွက်ခွာသွားပြီး လမ်းသွယ်နှစ်ခုကို ဖြတ်ကျော်သွားချိန်တွင် ပတ်ဝန်းကျင်၌ လူသူအရိပ်အယောင်ပင် မရှိတော့ပေ။ ဈေးသည်၏အရိပ်အယောင်သည်လည်း တစ်ပါတည်း ပျောက်ကွယ်သွားလေသည်။

သို့သော် အနောက်မှ အမြဲတမ်းလိုက်ပါလာသော ချူလျန်ကမူ သူသည် အမှောင်ထုထဲတွင် ပုန်းကွယ်နေပြီး လှုပ်ရှားရန်အခွင့်အရေး စောင့်ဆိုင်းနေကြောင်းကို သိရှိထားသည်။

ဤဈေးသည်မှာ မိစ္ဆာဂိုဏ်းမှကျင့်ကြံသူဖြစ်ကြောင်း သေချာသလောက်ပင် ဖြစ်နေချေပြီ။

ချူလျန်သည် ထပ်မံစောင့်ဆိုင်းရန် အစီအစဉ်မရှိတော့ပေ။ ဤသူမှာ နှလုံးဖောက်ယူသည့် တကယ့်လူသတ်သမား မဟုတ်လျှင်ပင် လုံးဝလူကောင်းတစ်ယောက်တော့ မဖြစ်နိုင်ချေ။

ဤနေရာတွင် လှုပ်ရှားခြင်းက ပန်းလမ်းမဘက်ရှိလူများကို အလန့်တကြား ဖြစ်စေမည်လည်း မဟုတ်ပေ။

သူလှုပ်ရှားရန် ဆုံးဖြတ်လိုက်သည့် အချိန်နှင့်တစ်ပြိုင်နက်တည်းမှာပင် ထိုဈေးသည်ကလည်း ရက်စက်ကြမ်းကြုတ်စွာ စတင်လှုပ်ရှားလာလေ၏။

သူ၏ခန္ဓာကိုယ်သည် အမှောင်ထုထဲမှ ခုန်ထွက်လာပြီး အနက်ရောင် မြားတံတစ်စင်းအလား မြင်းလှည်းပေါ်သို့အရှိန်ဖြင့် ခုန်တက်သွားသည်။

သို့သော် သူ၏လှုပ်ရှားမှုမှာ အလွန်ပေါ့ပါးလှပြီး အိမ်မြှောင်ကြီးတစ်ကောင် အပေါ်မှ တွယ်ကပ်ထားသည့်အလား ဖြစ်နေပေသည်။

သူသည် အလွန်သတိထားလှုပ်ရှားနေပြီး သိုင်းစွမ်းအင်လှုပ်ခတ်မှု အနည်းငယ်မျှသာ ထွက်ပေါ်လာသဖြင့် မည်သူကမျှသတိထားမိနိုင်မည် မဟုတ်ပေ။

အကယ်၍ ချူလျန်သာ သူ့ကိုသတိမထားမိခဲ့ပါက ယနေ့ မြင်းလှည်းပေါ်ရှိ လူနှစ်ဦးမှာ လုံးဝအသက်ရှင်နိုင်မည် မဟုတ်ချေ။

ဈေးသည်က လူသတ်ရန် လှုပ်ရှားတော့မည့်အချိန်၌ အမှောင်ထုထဲမှ ချူလျန်သည်လည်း တိုက်ခိုက်လိုက်သည်။

ရွှစ်...

အစိမ်းရောင်အလင်းတန်းတစ်ခုက အသံတိတ်စွာဖြင့် ခန့်မှန်းရခက်သော မျဉ်းကွေးတစ်ခုကိုရေးဆွဲကာ ပစ်မှတ်၏ကျောပြင်ပေါ်သို့ ကျရောက်သွားသည်။

ရွှစ်...

သစ်ရွက်ပျံဓားမြန်စွမ်းအင်…။

ဤသည်မှာ ချူလျန်၏မှော်ဝင်ပညာရပ်များထဲတွင် တိုက်ခိုက်မှုအလုံခြုံဆုံးနှင့် အပုန်းကွယ်ဆုံးနည်းလမ်းဖြစ်ပြီး ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ရန်အတွက် အသင့်တော်ဆုံးပင် ဖြစ်ပေသည်။

ဓားနီကြီးကိုအသုံးပြု၍ တစ်ချက်တည်းဖြင့် အပြတ်မရှင်းရခြင်း၏ အကြောင်းရင်းမှာ ဓားနီကြီး၏စွမ်းအားက အလွန်ကြီးမားလွန်းသောကြောင့် ဖြစ်သည်။

ထိုမိစ္ဆာကျင့်ကြံသူကို သတ်ဖြတ်နိုင်ရုံသာမက အောက်ဘက်ရှိ အလွန်နီးကပ်နေသော သာမန်ပြည်သူများကိုပါ ဘေးအန္တရာယ်ကျရောက်စေနိုင်သည်။

ထို့အပြင် ဈေးသည်ယူဆောင်လာသော ပစ္စည်းများလည်း ပျက်စီးသွားနိုင်ခြေ အလွန်များပေသည်။

ထို့အပြင် အခြေအနေပေးပါက အရှင်ဖမ်းမိခြင်းသည် တိုက်ရိုက်သတ်ဖြတ်ခြင်းထက် ပိုမိုကောင်းမွန်သော ရွေးချယ်မှုတစ်ခုဖြစ်ပြီး အခြေအနေများကို ပိုမိုသိရှိနိုင်ပေမည်။

"အား..."

မြင်းလှည်းပေါ်တွင် ဝပ်တွားနေသော ဈေးသည်မှာ စူးရှစွာအော်ဟစ်လိုက်ပြီး ကျောပြင်တွင် နက်ရှိုင်းသောဓားဒဏ်ရာတစ်ခု ရရှိသွားလေသည်။

ထိုအချိန်မှသာ အနောက်ဘက်ရှိ ချူလျန်၏အရိပ်အယောင်ကို သတိထားမိသွားပြီး ကိုယ်ကိုလှည့်ကာ ထွက်ပြေးရန်ပြင်လိုက်၏။

ဤအချိန်တွင် သူသည် သိုင်းစွမ်းအင်လှုပ်ခတ်မှုများ ထွက်ပေါ်သွားမည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ကောင်းကင်မှတစ်ဆင့် ပျံသန်းထွက်ပြေးရန် အားထုတ်လေတော့သည်။

ချူလျန်က သူ့ကို အဘယ်ကြောင့် ဆန္ဒပြည့်ဝခွင့်ပေးမည်နည်း။

သစ်ရွက်ပျံဓားမြန်မှာ လေဆင်နှာမောင်းတစ်ခုအလား နောက်သို့ ပြန်လည် ဆုတ်ခွာလာပြီး လေပေါ်တွင်ကြောက်မက်ဖွယ်ကောင်းသော မြွေစိမ်းကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားလေ၏။

ထိန်းချုပ်လိုက်ပြီ။

ရွှစ်...

မြွေစိမ်းကြီးသည် သူ၏ဧရာမမြွေပါးစပ်ကြီးကို ဟလိုက်ပြီး ချွန်ထက်သော အစွယ်များဖြင့် ဈေးသည်၏လည်ပင်းကို ကိုက်ချလိုက်ရာ သွေးများပန်းထွက်လာလေသည်။

အကယ်၍ သူသာလက်နှစ်ဖက်ဖြင့် ကာကွယ်မထားခဲ့ပါက ဤတိုက်ခိုက်မှုက သူ၏ခေါင်းကို ပြတ်ထွက်သွားစေမည်မှာ သေချာပေါက်ပင်။

သို့သော် ယခုအခါ မြွေစိမ်းကြီး၏အကိုက်ခံထားရသဖြင့် သူသည် လုံးဝ လှုပ်ရှားနိုင်ခြင်း မရှိတော့ချေ။

ချူလျန်သည် ပျံသန်းရောက်ရှိလာပြီး တစ်ဖက်လူ၏အငွေ့အသက်ကို ခံစားကြည့်လိုက်ရာ အမှန်တကယ်ပင် တတိယအဆင့်အထွတ်အထိပ် ဖြစ်နေပေသည်။

ဆက်တိုက်ဆိုသလို လူသတ်မှုများကို ကျူးလွန်ခဲ့သူမှာ သူပင်ဖြစ်ပုံရသည်။

သာမန်မိစ္ဆာကျင့်ကြံသူတစ်ဦးသာဖြစ်ပြီး စွမ်းအားမှာလည်း သိပ်မပြင်းထန်လှပေ။ လက်ရှိ ချူလျန်အတွက်မူ အားစိုက်ထုတ်စရာပင် မလိုလောက်ချေ။

သို့သော် ဤကဲ့သို့သော ကျင့်ကြံသူတစ်ယောက်ကပင် သာမန်လူများကို စိတ်ကြိုက် သတ်ဖြတ်နိုင်နေပေသည်။ အကယ်၍ ဤလောကကြီးတွင်သာ စောင့်ရှောက်မည့်သူများမရှိတော့ပါက မည်သို့သောအခြေအနေမျိုး ဖြစ်လာမည်ကို စဉ်းစားကြည့်ရန်ပင် မဝံ့ရဲစရာပင်။

...

ရန်ယွီဟူသည် လမ်းဘေးရှိ အဆောက်အအုံတစ်ခုပေါ်တွင်ထိုင်နေပြီး လက်ထဲမှ မှိန်ဖျော့ဖျော့အဖြူရောင်အလင်းစက်လေးများက လေနှင့်အတူ လွင့်မျောကာ တစ်မြို့လုံးသို့ပြန့်ကျဲသွားပြီး တိတ်ဆိတ်စွာ ခံစားနေလေ၏။

ဤသည်မှာ ဖုန်းလိုင်၏ဒေသထွက်ကုန်ဖြစ်သော တံလျှပ်ပိုးကောင်များဖြစ်ပြီး အလွန် သိမ်မွေ့သော သိုင်းစွမ်းအင်လှုပ်ခတ်မှုများကိုပင် အာရုံခံနိုင်စွမ်းရှိသည်။

နေ့လယ်ဘက်က သူသည် ပြစ်မှုကျူးလွန်ရာနေရာအားလုံးသို့ သွားရောက်ခဲ့ပြီး လူသတ်သမား၏ သိုင်းစွမ်းအင်အငွေ့အသက်အနည်းငယ်ကို ဖမ်းယူနိုင်ခဲ့သည်။

လူသတ်သမားအနေဖြင့် မြို့ထဲတွင် မှော်ဝင်ပညာရပ်အနည်းငယ်မျှကို ထပ်မံ အသုံးပြုလိုက်သည်နှင့် မည်မျှပင်အားနည်းနေပါစေ ရန်ယွီဟူက ချက်ချင်းပင် အာရုံခံမိနိုင်ပေသည်။

သူသည် ထိုကဲ့သို့ပင် အဆောက်အအုံပေါ်တွင် အလောတကြီးမရှိဘဲ တိတ်ဆိတ်စွာ ထိုင်နေခဲ့ပြီး လမင်းကြီး ကောင်းကင်အလယ်သို့ ရောက်ရှိလာချိန်တွင် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်လေ၏။

ထွက်ပေါ်လာပြီ။

သူ၏ခန္ဓာကိုယ်မှာ အဖြူရောင်အလင်းတန်းတစ်ခုအလား လျင်မြန်စွာလွင့်မျောသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မြို့တစ်ဝက်ခန့်ကို ဖြတ်ကျော်သွားခဲ့ချေပြီ။

လျှပ်စီးကဲ့သို့ လျင်မြန်သော အလင်းတန်းတစ်ခုပင်။

ဤမျှအထိ လျင်မြန်နေခဲ့သော်လည်း သူရောက်ရှိသွားချိန်တွင် ချူလျန်၏ မြွေစိမ်းကြီးက ထိုမိစ္ဆာကျင့်ကြံသူကို ထိန်းချုပ်ထားသည့် မြင်ကွင်းကိုသာ မြင်လိုက်ရသည်။

'ဘာ...'

ယန်ယွီဟူ၏စိတ်ထဲတွင် အံ့ဩသံသယ ဖြစ်သွားသည်။

'ဒီရှုတောင်ဂိုဏ်းက တပည့်က ငါ့ထက်တောင် ပိုမြန်နေသေးတာလား…'

'သူ ဘယ်လိုလုပ်လိုက်တာလဲ…'

ထိုအံ့ဩမှုမှာ တစ်ခဏမျှသာကြာလိုက်ပြီး ချက်ချင်းပင် နောက်ထပ်ထူးခြားမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာလေ၏။

ဘေးနားမှ အနက်ရောင်လေဆင်နှာမောင်းတစ်ခု ရုတ်တရက်ဖြတ်သန်းသွားကာ ဈေးသည်၏အနီးသို့ ရောက်ရှိလာပြီး လက်ဝါးတစ်ချက်တည်းဖြင့် မြွေစိမ်းကြီးကို ရိုက်ချလိုက်လေသည်။

ထို့နောက် ဈေးသည်ကိုဆွဲမကာ လှည့်ထွက်သွားတော့သည်။

တစ်ယောက်ယောက် လာကယ်တာပဲ။

All Chapters