← Chapters

အခန်း ၂၂၂

Vol. 23 Ch. 222

အခန်း ၂၂၂

Vol. 23 Ch. 222

အခန်း (၂၂၂) - အရင်က ကျုပ် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခဲ့မိပါတယ် (၂)

"ဘယ်သူလဲ…"

ချူလျန်က ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး သစ်ရွက်စိမ်းမှော်ဝင်ပစ္စည်းကို ပြန်သိမ်းကာ နောက်မှ လိုက်သွားလေ၏။

ထိုအနက်ရောင် လေဆင်နှာမောင်းက ကိုယ်ကိုလှည့်ကာ အနက်ရောင် ကြယ်ရောင်စက်အချို့ကို ပစ်လွှတ်လိုက်ရာ ချူလျန်ကသစ်ရွက်စိမ်းထီးကို ဖွင့်ကာ အကုန်လုံးကို ကာကွယ်လိုက်သည်။

ဒိုင်း... ဒိုင်း... ဒိုင်း...

ထိုအနက်ရောင် ကြယ်ရောင်စက်များမှာ လေထဲတွင်ပေါက်ကွဲသွားပြီး ချက်ချင်းပင် ကောင်းကင်ယံအနှံ့ အနက်ရောင်သွေးများအဖြစ် ပြောင်းလဲသွားလေ၏။

မြေပြင်ပေါ်သို့ ကျရောက်သွားချိန်တွင် တရှဲရှဲမြည်သံများ ထွက်ပေါ်လာပြီး နံရံပေါ်သို့ ကျရောက်သွားချိန်တွင် ချက်ချင်းပင် အနက်ရောင် အပေါက်ငယ်လေးများ ဖြစ်ပေါ်သွားလေသည်။

မြင်းမှာမူ အကာအကွယ်မရှိသဖြင့် အနည်းငယ်ပက်ဖျန်းခံလိုက်ရပြီး ချက်ချင်းပင် ရူးသွပ်သွားကာ ရှေ့သို့အရှိန်ကုန် ပြေးထွက်သွားတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ခန္ဓာကိုယ်တစ်ဝက်မှာ သွေးပြည်များအဖြစ် ပြောင်းလဲသွားကာ သေဆုံးသွားလေ၏။

'တကယ်ကို အဆိပ်ပြင်းတဲ့ နည်းလမ်းပဲ…'

'ဒီလူက လုဟွန်းဂိုဏ်းက အကြီးအကဲ တစ်ယောက်ဖြစ်ပြီး သူ့တပည့်ကို လာကယ်တာများလား…'

ချူလျန်သည် သစ်ရွက်စိမ်းထီးကိုပြန်သိမ်းရန်ပင် အချိန်မရတော့ဘဲ တုံ့ဆိုင်းနေခြင်းမရှိဘဲ လိုက်လံဖမ်းဆီးတော့သည်။

ရန်ယွီဟူကလည်း အလားတူပင်လှုပ်ရှားလိုက်ပြီး အဖြူရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ထိုအနက်ရောင် လေဆင်နှာမောင်းနောက်သို့ ကောင်းကင်ယံဆီ တိုက်ရိုက်လိုက်သွားလေ၏။

အဘယ်ကြောင့်ဆိုသော် ထိုမိစ္ဆာကျင့်ကြံသူကိုသာ ထွက်ပြေးခွင့်ပေးလိုက်ပါက အနှေးနှင့်အမြန် အပြစ်ကင်းသော ပြည်သူများ ထပ်မံဒုက္ခရောက်ရဦးမည်ကို ၎င်းတို့ နှစ်ဦးလုံး သိရှိထားသောကြောင့် ဖြစ်သည်။ တစ်ဖက်လူကို ယန်ပိုမြို့၌သာ ချန်ထားရမည် ဖြစ်သည်။

တစ်ဖက်လူ၏ကျင့်ကြံခြင်းအဆင့်က ၎င်းတို့ထက် မြင့်မားနေလျှင်ပင် အချိန်အတိုင်းအတာတစ်ခုအထိ လိုက်လံတားဆီးထားနိုင်ပါက မြို့စောင့်အရာရှိနှင့် မြို့ပြင်စစ်တပ်မှ သိုင်းပညာရှင်များအားလုံး ကူညီရန်ရောက်ရှိလာနိုင်ပေမည်။

လေပြင်းများတိုက်ခတ်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အလင်းတန်းသုံးခု မြို့ပြင်သို့ ထွက်ခွာသွားလေ၏။

လင်းပေ့ကလည်း လိုက်ရန်ကြိုးစားလိုက်သော်လည်း ခြေတစ်လှမ်းစလိုက်သည်နှင့် ပေတစ်ရာကျော်ခန့် နောက်ကောက်ကျန်ခဲ့လေပြီ။ သူ ခေတ္တမျှ ရပ်တန့်သွားပြီးနောက် လှည့်ထွက်ကာ မြို့စောင့်အရာရှိရုံးသို့သာ ဦးတည်သွားလိုက်တော့သည်။

မြို့စောင့်အရာရှိသည်လည်း မြို့တွင်းရှိ သိုင်းစွမ်းအင်လှုပ်ခတ်မှုများကို ခံစားမိပြီး ရောက်ရှိလာမည်မှာ သေချာသောကြောင့် သူသွားရောက် လမ်းပြပေးခြင်းက အချိန်ပိုမို သက်သာစေလိမ့်မည် ဖြစ်သည်။

...

ဝှစ်... ဝှစ်... ဝှစ်...

ထိုအနက်ရောင် လေဆင်နှာမောင်းက အရှေ့မှမြို့ပြင်သို့ ပျံသန်းထွက်ခွာသွားပြီး ယန်ယွီဟူ၏အဖြူရောင် အလင်းတန်းက အနောက်မှ ကပ်လျက်လိုက်ပါလာကာ ချူလျန်၏ဓားအလင်းတန်းကလည်း အဆက်မပြတ် လိုက်ပါလာလေသည်။ ဤသို့ဖြင့် မျက်စိတစ်မှိတ်အတွင်း မိုင်တစ်ရာကျော်ခန့် ပျံသန်းသွားခဲ့ကြ၏။

ထိုအနက်ရောင်လေဆင်နှာမောင်းက ၎င်းတို့နှစ်ဦးကို လွတ်အောင် မပြေးနိုင်တော့ဘဲ အနှေးနှင့်အမြန် ယန်ပိုမြို့မှ လူများ ခြေရာခံ လိုက်လာတော့မည်ကို သိရှိသွားသဖြင့် ရုတ်တရက် လှည့်ကာ လေထဲတွင် ရပ်တန့်လိုက်သည်။

ထိုအနက်ရောင် လေဆင်နှာမောင်းထဲရှိ လူကို ကြည့်လိုက်ရာ ကျယ်ပြန့်သော မျက်နှာပေါက်ရှိသည့် လူလတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်ပြီး မုတ်ဆိတ်မွေး အနည်းငယ်ထူထပ်ကာ အေးစက်စူးရှသောအကြည့်များ ရှိနေသည်။

ကိုယ်ကို ရပ်တန့်လိုက်သည်နှင့်ချက်ချင်းပင် လက်ကို မြှောက်လိုက်လေ၏။

ရန်ယွီဟူက အမြန်လိုက်ပါလာရာမှ အလျင်အမြန်ရပ်တန့်လိုက်သဖြင့် လေထဲတွင် စူးရှသော အသံတစ်သံ ထွက်ပေါ်လာသည်။

ရွှီး...

ထိုလူလတ်ပိုင်းအမျိုးသားက ဘယ်ဘက်လက်ဖြင့် ဈေးသည်ကို ဆွဲမထားပြီး ညာဘက်လက်ဖြင့် လေဟာနယ်ထဲမှ အရိုးဖြူလှံရှည်တစ်လက်ကို ဆွဲထုတ်ကာ ရန်ယွီဟူထံသို့ ပစ်လွှတ်လိုက်လေ၏။

လှံရှည်သည် လေကိုခွဲထွက်သွားသော အသံနှင့်အတူ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာသည်။

ရန်ယွီဟူသည် အန္တရာယ်ကြုံတွေ့နေရသော်လည်း ကြောက်ရွံ့ခြင်းမရှိဘဲ လက်နှစ်ဖက်ဖြင့် မန္တန်ဖွဲ့လိုက်ရာ ကျောပြင်မှ မီးခိုးငွေ့တန်းတစ်ခုထွက်ပေါ်လာပြီး ချက်ချင်းပင် မြူခိုးကျားခေါင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ပါးစပ်ကြီးဟလျက် ထိုအရိုးဖြူ လှံရှည်ကို မျိုချလိုက်လေ၏။

ဂွတ်... ဂွပ်...

ကျားခေါင်းကြီးက လှံရှည်ကို မျိုချလိုက်သဖြင့် တုန်ခါနေသောအသံများ ထွက်ပေါ်လာသော်လည်း လုံးဝအားနည်းသွားခြင်း မရှိပေ။

ဤမြူခိုးများတွင် မည်သို့သောထူးခြားမှုမျိုး ရှိနေသည်ကို မသိရသော်လည်း ပျောက်ကွယ်သွားခြင်း မရှိသည့်အပြင် သံမဏိထက်ပင် ပိုမိုမာကျောလာကာ အစစ်အမှန် နဂါးနှင့် ကျားများကဲ့သို့ ဧရာမစွမ်းအားများကို သယ်ဆောင်လာလေ၏။

"တံလျှပ်တောင် အပြင်ဘက်ကနတ်မြူခိုးတွေပဲ... မင်းက ဖုန်းလိုင်အထက်ဂိုဏ်းက လူတစ်ယောက်ပေါ့.."

ထိုလူလတ်ပိုင်းအမျိုးသားက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

ထိုသို့ တိုတောင်းသော ရပ်တန့်မှုအတွင်းမှာပင် ချူလျန်၏ဓားအလင်းတန်းကလည်း ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ထိုအခြေအနေကို မြင်လိုက်ရသောအခါ လူလတ်ပိုင်းအမျိုးသား၏ အကြည့်များမှာ ရက်စက်သွားလေ၏။

ဤလူနှစ်ဦးကို မရှင်းလင်းပစ်ပါက ယနေ့ သူထွက်ပြေးနိုင်မည် မဟုတ်ကြောင်း သိရှိလိုက်သဖြင့် မည်သည့် အင်မော်တယ်ဂိုဏ်းမှ တပည့်ဖြစ်ပါစေ ဂရုမစိုက်နိုင်တော့ဘဲ အသေအလဲတိုက်ခိုက်ရတော့မည် ဖြစ်သည်။

ချက်ချင်းပင် ညာဘက်လက်ကိုလှုပ်ခါလိုက်ရာ လက်ကောက်ဝတ်ရှိ သွေးကြောများ ပေါက်ကွဲသွားပြီး သွေးမြူခိုးများ ပန်းထွက်လာလေ၏။

"ဂါး..."

သွေးမြူခိုးများထဲမှ အနက်ရောင် နဂါးတစ်ကောင် ထွက်ပေါ်လာပြီး ရှေ့သို့ တိုးထွက်လာကာ ထိုကျားဖြူနတ်မြူခိုးကို တစ်ချက်တည်းဖြင့် ဝင်တိုက်ကာ ဖျက်ဆီးပစ်လိုက်လေသည်။

ဝုန်း...

ရန်ယွီဟူက အခြေအနေမကောင်းမှန်းသိလိုက်သဖြင့် ခန္ဓာကိုယ်ကို မြေပြင်ပေါ်သို့ ရုတ်တရက် လှဲချလိုက်ကာ အနက်ရောင်နဂါး၏ နောက်ဆက်တွဲ တိုက်ခိုက်မှုများကို ရှောင်တိမ်းလိုက်သည်။

သို့သော် သူ၏ခြေထောက်အောက်မှ အရိုးလှံရှည် ရာပေါင်းများစွာ ချက်ချင်း ထွက်ပေါ်လာလေ၏။ အဖြူရောင်ရွှေရောင်အလင်းတန်းများ တလက်လက် တောက်ပနေပြီး ထက်မြက်သောအသွားများမှာ အရာအားလုံးကို ထိုးဖောက်နိုင်စွမ်း ရှိပုံရသည်။

"ဟား..."

သူက ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး လက်ကွက်မန္တန်များကို ပြောင်းလဲလိုက်ရာ ခြေအောက်မှ အနက်ရောင်နွယ်ကြိုးနှစ်ချောင်း ရုတ်တရက်ထွက်ပေါ်လာပြီး ဝှစ်ခနဲ အသံများနှင့်အတူ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ နွယ်ကြိုးချပ်ဝတ်တန်ဆာတစ်ခုအဖြစ် ပြောင်းလဲသွားလေ၏။

ဒေါင်... ဒေါင်... ဒေါင်...

ထိုထက်မြက်သော အရိုးလှံရှည်များမှာ နွယ်ကြိုးချပ်ဝတ်တန်ဆာပေါ်သို့ စိုက်ဝင်လာသော်လည်း အပြင်ဘက်တွင်ပင် တားဆီးခံလိုက်ရသည်။

သို့သော် ပြင်းထန်သော တိုက်မိသည့်စွမ်းအားများကြောင့် ရန်ယွီဟူ၏ သွေးကြောများထဲတွင် သွေးများဆူပွက်လာစေဆဲပင်။

ထိုအချိန်မှာပင် ခေါင်းပေါ်ရှိ အနက်ရောင်နဂါးကြီးက ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ပြီး မီးတောက်များ ထတောက်လာကာ စိမ်းပြာရောင်မီးနဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားလေ၏။

ဝုန်း...

နွယ်ကြိုးချပ်ဝတ်တန်ဆာသည် ချွန်ထက်သောအရာများကို မကြောက်သော်လည်း မီးကိုမူ အလွန်ကြောက်ရွံ့ပေသည်။

ထိုလူလတ်ပိုင်း အမျိုးသား၏ ကျင့်ကြံခြင်းအဆင့်မှာ ရန်ယွီဟူထက် မြင့်မားနေပြီး မှော်ဝင်ပညာရပ် တုံ့ပြန်မှုများမှာလည်း လုံးဝအားနည်းခြင်း မရှိပေ။

သူသည် ဤမီးနဂါးကို အသုံးပြု၍ ရန်ယွီဟူ၏ နွယ်ကြိုးချပ်ဝတ်တန်ဆာကို ဖျက်ဆီးပစ်ရန် အလွန်သိသာထင်ရှားလှသည်။

လက်တစ်ဖြောက်စာ အချိန်တိုလေးအတွင်းမှာပင် နှစ်ဖက်လုံးသည် မှော်ဝင်ပညာရပ်များဖြင့် အကြိမ်အနည်းငယ်မျှ တိုက်ခိုက်ကာကွယ်မှုများ ပြုလုပ်ခဲ့ပြီးပြီ ဖြစ်သည်။

ရန်ယွီဟူ အန္တရာယ်ကြုံတွေ့နေရချိန်တွင် ချူလျန်ကလည်း နောက်ဆုံးတွင် စတင် လှုပ်ရှားလာလေတော့သည်။

သူသည် အလှပြမှော်ဝင်ပညာရပ်များ လုံးဝမရှိဘဲ လက်ကိုမြှောက်လိုက်သည်နှင့် လေငါးပါးနှင့် မိုးကြိုးငါးပါး အဆောင်ယန္တရားဓားသိုင်းကို ထုတ်သုံးလိုက်လေ၏။ သို့သော် သူအသုံးပြုလိုက်သည်မှာ ဓားနီကြီးပင် ဖြစ်ပေသည်။

ဝုန်း...

ဤလူလတ်ပိုင်း အမျိုးသား၏ ခန္ဓာကိုယ်မှ သွေးငွေ့များမှာ ယခင် တတိယအဆင့် မိစ္ဆာကျင့်ကြံသူထက်ပင် ပိုမိုပြင်းထန်နေသဖြင့် ဓားနီကြီး ဒေသထွက်နေသည်မှာ ကြာလှလေသည်။

"ဂါး..."

အဆောင်ယန္တရားဆယ်ခု ရောနှောသွားပြီး ပြင်းထန်သော ဓားစွမ်းအင် လေဆင်နှာမောင်းတစ်ခုအဖြစ် ပြောင်းလဲကာ လွှမ်းခြုံသွားလေ၏။

ထိုလူလတ်ပိုင်းအမျိုးသားက ယင်းကို မြင်လိုက်ရသောအခါ အလွန်တရာ အံ့အားသင့်သွားလေသည်။

စတုတ္ထအဆင့်အစပိုင်းသာ ရှိပုံရသော ဤတပည့်လေးက အဘယ်ကြောင့် အစွမ်းထက်သော ဓားချက်တစ်ချက်ကို ထုတ်လွှတ်နိုင်ရသနည်း ဆိုသည်ကို သူ လုံးဝနားမလည်နိုင်အောင် ဖြစ်သွား၏။

'ဒါက ဘယ်သူ့ရဲ့ တပည့်လဲ…'

သူ အသေးစိတ်တွေးတောနေရန် အချိန်မရတော့ချေ။ သူ၏မျက်လုံးများမှာ သွေးများ ပြည့်နှက်သွားပြီး သေရေးရှင်ရေးအခြေအနေတွင် ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။

"အား..."

ဝုန်း...

ဓားစွမ်းအင် လေဆင်နှာမောင်းက သူ၏ခန္ဓာကိုယ်ကို ချက်ချင်းဝါးမျိုသွားပြီး အချိန်အတန်ကြာမှသာ ငြိမ်သက်သွားတော့သည်။

သူ ဖန်တီးထားသော မီးနဂါးနှင့်အရိုးလှံရှည်များမှာလည်း တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားလေ၏။

ရန်ယွီဟူမှာ အကျပ်အတည်းမှလွတ်မြောက်ကာ မြေပြင်ပေါ်သို့ ကျရောက်သွားသော်လည်း သူ သက်ပြင်းမချနိုင်သေးဘဲ ခေါင်းမော့ကာ ချူလျန်ကို လှမ်းအော်လိုက်သည်။

"သတိထား... အဲဒါက မက်မွန်ပင်အစား ဆီးပင်သေခံခြင်းနည်းစနစ်ပဲ…"

ချူလျန်က ထိုစကားကိုကြားလိုက်ရသဖြင့် သတိထားရန် ပြင်လိုက်စဉ်မှာပင် ခေါင်းပေါ်မှလေတိုက်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ရုတ်တရက် ကောင်းကင်နှင့် မြေကြီး မှောင်မိုက်သွားကာ ဧရာမဒယ်အိုးကြီးတစ်ခု မှောက်ချလိုက်သည့်အလား ဖြစ်သွားလေ၏။

ဒိုင်း... ဘုန်း...

အင်မော်တယ် မှော်ဝင်ပညာရပ်၊ မက်မွန်ပင်အစား ဆီးပင်သေခံခြင်း နည်းစနစ်။

အန္တရာယ် ကြုံတွေ့နေရချိန်တွင် အခြားသက်ရှိတစ်ခုကို အစားထိုး သေဆုံးစေရန် အသုံးပြုနိုင်သော နည်းစနစ် ဖြစ်သည်။

သို့သော် ထိုသက်ရှိမှာ ကြိုတင်၍သန့်စင်ထားသော အရာဖြစ်ရမည်ဖြစ်ပြီး ဤနည်းစနစ်ကို ကျင့်ကြံထားသူများ၏ ခန္ဓာကိုယ်ပေါ်တွင် ကိုယ်စားလဲလှယ်စရာ အချို့ကို အမြဲတမ်းယူဆောင်ထားလေ့ ရှိကြသည်။

ချူလျန် ဓားနီကြီးကို ဤမျှ အကြိမ်ပေါင်းများစွာ အသုံးပြုခဲ့ဖူးသော်လည်း တစ်ဖက်လူ ထွက်ပြေးလွတ်မြောက်သွားသည်မှာ ဤသည်က ပထမဆုံးအကြိမ်ပင် ဖြစ်လေသည်။

သို့သော် ယခင်က အကြောင်းအရာများကို ပြန်တွေးကြည့်ပါက သူသည် ဓားနီကြီးကို အားကိုး၍ အဆင့်ငါး၊ အဆင့်ခြောက် သိုင်းပညာရှင်များကို အဆင့်ကျော်လွန်ကာ သတ်ဖြတ်နိုင်ခဲ့ချိန်များတွင် အများအားဖြင့် ရုတ်တရက် ဝင်ရောက် တိုက်ခိုက်ခြင်းများကြောင့်သာ အောင်မြင်ခဲ့ခြင်း ဖြစ်ပေသည်။

ဤကဲ့သို့သော အဆင့်ရှိသိုင်းပညာရှင်များက ကြိုတင်ကာကွယ်ထားချိန်တွင် သင်၏ ဓားစွမ်းအင်က မည်မျှပင် ပြင်းထန်နေပါစေ တစ်ဖက်လူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ရန် အလွန်ခက်ခဲလှပေသည်။

...

ဖတ်...

အမှောင်ထုထဲတွင် အဖြူရောင်အလင်းတန်းလေးတစ်ခု လင်းလက်လာပြီး တစ်နေရာလုံးကို လင်းထိန်သွားစေသည်။

အကယ်၍ အပြင်ဘက်မှ ကြည့်မည်ဆိုပါက အိမ်တစ်လုံးအရွယ်အစားရှိ အနက်ရောင်သံသပိတ်ကြီးတစ်ခု မြေပြင်ပေါ်တွင် မှောက်လျက်ရှိနေပြီး ချူလျန်နှင့် ရန်ယွီဟူတို့ နှစ်ဦးလုံးကို အောက်ဘက်တွင် အုပ်မိထားသည်ကို မြင်တွေ့ရမည် ဖြစ်သည်။

ထိုလူလတ်ပိုင်းအမျိုးသားသည် ချူလျန်၏ ဓားနီကြီးစွမ်းအားကြောင့် ထိတ်လန့်သွားပုံရပြီး သူနှင့် ဆက်လက်ရင်ဆိုင်ရန် မဝံ့ရဲတော့ဘဲ မှော်ဝင်ပစ္စည်းကို စွန့်ပစ်ကာ ထွက်ပြေးသည့်နည်းလမ်းကို တိုက်ရိုက်အသုံးပြုသွားခြင်း ဖြစ်ပေသည်။

သူ ထွက်ပြေးသွားသည်က ထားလိုက်ပါတော့။ သို့သော် သူတို့နှစ်ဦးလုံးကိုပါ အထဲတွင် အတူတကွ အုပ်ထားခဲ့လေ၏။

ချူလျန်သည် ရန်ယွီဟူကိုကြည့်ကာ တစ်ခဏမျှ ဘာပြောရမည်ကိုပင် မသိတော့ချေ။

ရန်ယွီဟူကလည်း ချူလျန်ကို ကြည့်ရင်း အလွန် အနေရခက်နေသလို ခံစားနေရသည်။

ယခင်က သူသည် တိနွီဖုန့်နှင့် ပတ်သက်ပြီး ဤရှုတောင်ဂိုဏ်း တပည့်များအပေါ် ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုခဲ့ဖူးသော်လည်း ယခုလေးတင် ချူလျန်က သူ့ကို အကျပ်အတည်းမှ လွတ်မြောက်အောင် ကူညီပေးခဲ့သည်။

ထို့အပြင် သူ၏ ဓားစွမ်းအင်အရှိန်အဝါကလည်း... အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလွန်းလှပေသည်။

အကယ်၍ တစ်ဖက်မှမိစ္ဆာကျင့်ကြံသူသာ ကိုယ်စားလဲလှယ် အသက်ဆက်ခြင်း နည်းစနစ်ကို တတ်ကျွမ်းမထားပါက တစ်ချက်တည်းဖြင့် သေဆုံးရမည့် အဆုံးသတ်မှ လွတ်မြောက်နိုင်မည် မဟုတ်သည်မှာ သေချာလှသည်။

'ဒါက အစောပိုင်း ရွှေအမြုတေအဆင့် ဟုတ်လို့လား'

တကယ်ကို ယုံကြည်နိုင်စရာ မရှိလောက်အောင်ပင်။

ယခင်က သူ ပြောခဲ့ဖူးသော စကားများကို ပြန်တွေးမိသောအခါ ရန်ယွီဟူမှာ အရှက်ရသွားမိတော့သည်။

သူ အမြဲတမ်း နတ်ဘုရားတစ်ပါးအလား အထင်ကြီးလေးစားရသော သူ၏ အစ်ကိုဖြစ်သူကပင် ဤအသက်အရွယ်တွင် ဤမျှလောက် အစွမ်းထက်သော ဓားစွမ်းအင်ကို ထုတ်လွှတ်နိုင်ပါမည်လားဆိုသည်ကို သူ တွေးတောနေမိလေ၏။

အချိန်အတန်ကြာပြီးနောက် ရန်ယွီဟူကပင် တိတ်ဆိတ်မှုကို ဦးစွာ ဖြိုခွင်းလိုက်လေသည်။

သူ ခေတ္တမျှ တွန့်ဆုတ်သွားပြီးနောက် ဖြည်းညင်းစွာ အသံထွက်လာသည်ကို ကြားလိုက်ရ၏။

“အရင်က ကျုပ် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခဲ့မိပါတယ်…"

All Chapters