အခန်း ၂၂၃
Vol. 23 Ch. 223
အခန်း (၂၂၃) - နို့နှစ်ရောင်လောက်ကောင်လေးရေ၊ ကြိုးစားလိုက်စမ်း (၁)
မှောင်မိုက်နေသော နေရာလွတ်တစ်ခုပင်။
ချူလျန်နှင့် ရန်ယွီဟူတို့သည် အခန်းကျဉ်းလေးတစ်ခုထဲတွင် ရောက်ရှိနေကြပြီး လေထုမှာပင် အေးခဲသွားတော့မတတ် ခံစားနေရ၏။
ရန်ယွီဟူက တိတ်ဆိတ်မှုကို ရုတ်တရက် ဖြိုခွဲလိုက်သည်ကို ကြားလိုက်ရသဖြင့် ချူလျန်မှာလည်း ထပ်မံ၍ အပြစ်မတင်တော့ဘဲ ပြုံးလိုက်သည်။
"ကိစ္စမရှိပါဘူး…"
တိနွီဖုန့်နှင့် တွေ့ဖူးသူတိုင်းက ရှုတောင်ဂိုဏ်းသားများအပေါ် အမြင်မကြည်ကြခြင်းမှာ အပြစ်တင်စရာအမှားတစ်ခု မဟုတ်ပေ။
"စောစောက ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်… မဟုတ်ရင် ကျုပ် နည်းနည်း ဒုက္ခရောက်သွားနိုင်တယ်"
ရန်ယွီဟူက ထပ်မံပြောဆိုလိုက်၏။
သူသည် ဖုန်းလိုင်အထက်ဂိုဏ်း၏ အမာခံတပည့်တစ်ဦးအနေဖြင့် ထိုမီးနဂါး၏ လက်ချက်ဖြင့် ချက်ချင်းသေဆုံးသွားမည် မဟုတ်သော်လည်း သူ၏ အသက်ကယ်လျှို့ဝှက်ချက်များကို ထုတ်သုံးရမည်ဆိုလျှင် သူအဖို့ ဒုက္ခရောက်သည်ဟု ဆိုနိုင်ပေသည်။
ချူလျန်က သူ့ကိုယ်စား ဝင်ရောက်ဖြေရှင်းပေးခဲ့သည့်အတွက် ကျေးဇူးတင်ရပေမည်။
ချူလျန်ကလည်း ပြုံးလိုက်လေသည်။
"အားလုံးက မိစ္ဆာနှိမ်နင်းရေးလုပ်နေကြတာပဲလေ… ဒီလိုလုပ်သင့်တာပေါ့"
ခဏကြာပြီးနောက် သူတို့နှစ်ဦးလုံး ကိုယ်ပိုင်အသက်ရှူနှုန်းများကို ပြန်လည်ထိန်းညှိပြီးသည်နှင့် မတ်တတ်ရပ်ကာ ဤသံမည်းသပိတ်ကြီးအား စတင်လေ့လာလိုက်ကြသည်။
ရန်ယွီဟူက ရှေ့သို့ ဓားဖြင့် ခုတ်ပိုင်းလိုက်ရာ တောက်ပသော ဓားအလင်းတန်းများ ထွက်ပေါ်လာ၏။
ချလွမ်...
သံနံရံပေါ်တွင် ခြစ်ရာတစ်ခုပင် ထွက်ပေါ်မလာခဲ့ပေ။
"တော်တော်မာတာပဲ…"
သူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ချူလျန်ကလည်း မြေအောက်မှ ဖောက်ထွက်နိုင်မလားဆိုသည်ကို သိလိုသဖြင့် မြေကြီးပေါ်သို့ ဓားဖြင့် ထိုးချလိုက်သော်လည်း အချည်းနှီးသာ ဖြစ်သွားချေသည်။
ချလွမ်...ချလွမ်...
ဝူချန်ဓားက မြေကြီးပေါ်တွင် ခြစ်ရာတစ်ကြောင်းသာ ချန်ထားနိုင်ခဲ့၏။
ဤသံမည်းသပိတ်၏ ဖိနှိပ်မှုသည် ဤနေရာတွင် ထွင်းထုထားသော အစီအရင်များ ဖြစ်ရပေမည်။
သဘာဝကျစွာပင် ဤကဲ့သို့သော အားနည်းချက်များကို ချန်ထားခဲ့မည် မဟုတ်ဘဲ မြေအောက်နေရာအပါအဝင် အားလုံးကိုအစီအရင်ဖြင့် လွှမ်းခြုံထားကာ အလွန်ခိုင်ခံ့နေပေသည်။
"ကြည့်ရတာ လူလာကယ်တာကိုပဲ စောင့်ရတော့မယ်ထင်တယ်… မြို့စောင့်အရာရှိနဲ့ တခြားလူတွေလည်း နောက်ကနေ လိုက်လာလောက်တယ်…"
ရန်ယွီဟူက ပြောလိုက်၏။
"ဒီနေရာက လေမဝင်ဘူးဆိုတာ မင်း သတိမထားမိဘူးလား"
ချူလျန်က မေးလိုက်လေသည်။
ရန်ယွီဟူသည်လည်း လန့်ဖျပ်သွားပြီး ပြဿနာ၏အဓိကအချက်ကို သတိပြုမိသွားချေပြီ။
ကျင့်ကြံသူများသည် သတ္တမအဆင့်သို့ မရောက်သေးသရွေ့ မိမိဘာသာ ကောင်းကင်နှင့်မြေကြီး ဖန်တီးနိုင်စွမ်းမရှိသောကြောင့် အသက်ရှူရန် လိုအပ်ဆဲပင် ဖြစ်သည်။
လိပ်ကဲ့သို့ အသက်အောင့်နိုင်သော နတ်စွမ်းရည်အချို့ကို အသုံးပြုနိုင်လျှင်ပင် အသက်အောင့်နိုင်ခြင်း၏အခြေခံမှာ တစ်ချက်ရှူသွင်းရာတွင် လုံလောက်သောလေကို သိုလှောင်ထားနိုင်ခြင်းသာ ဖြစ်သည်။
ပုံမှန်အချိန်များတွင် သူတို့ အသက်ရှူရန် လိုအပ်သောလေမှာ သာမန်လူများထက် မနည်းဘဲ အဆပေါင်းများစွာ ပို၍များပြားပေသည်။ အကြောင်းမှာ ကျင့်ကြံသူများ၏ အသက်ရှူခြင်းက ပို၍ရှည်လျားအားကောင်းကာ တစ်ချက်ရှူသွင်းလိုက်တိုင်း ပမာဏပိုများသောကြောင့် ဖြစ်၏။
ရွှေအမြုတေကို အစွမ်းကုန် လည်ပတ်လိုက်ပါက ချူလျန်တစ်ယောက်တည်း အသက်တစ်ခါရှူရုံဖြင့် ဤနေရာရှိ လေထုတစ်ခုလုံးကို ကုန်စင်အောင် စုပ်ယူနိုင်ပေသည်။
ဤကဲ့သို့ ကျဉ်းမြောင်းလှသော နေရာလေးက သူတို့နှစ်ဦးအား အချိန်မည်မျှကြာအောင် အသက်ရှူခွင့်ပေးနိုင်မည်ကို တွေးကြည့်စရာပင်။
နှစ်နာရီလော... သို့မဟုတ် တစ်နာရီလောက်သာလော...
ထို့အပြင် ယန်ပေါ်မြို့အတွင်းရှိ အင်အားအကြီးဆုံးသူပင်လျှင် ပဉ္စမအဆင့်တွင်သာ ရှိသောကြောင့် ဤသပိတ်ကို ဖွင့်နိုင်မည်၊ မဖွင့်နိုင်မည်ကို သေချာပေါက် မပြောနိုင်ပေ။
ရုတ်တရက်ဆိုသလိုပင် သူတို့နှစ်ဦးမှာ သေရေးရှင်ရေး အကျပ်အတည်းနှင့် ရင်ဆိုင်လိုက်ရခြင်းလော...
ရန်ယွီဟူက ယခုမှ စတင်တွေးမိခြင်းဖြစ်သော်လည်း ချူလျန်ကမူ ဤပြဿနာကို စောစောကတည်းက သတိထားမိခဲ့ပြီး ဖြစ်၏။
သို့သော် သူ၏မျက်နှာထားကမူ တည်ငြိမ်နေဆဲပင် ဖြစ်သည်။
"မင်းမှာ ဘာနည်းလမ်းရှိလို့လဲ…"
ရန်ယွီဟူက မနေနိုင်ဘဲ မေးလိုက်လေသည်။
"မစဉ်းစားရသေးဘူး…"
ချူလျန်က ပြောလိုက်၏။
'ဒါဆိုရင် မင်း ဘာလို့ ဒီလောက်တောင် အေးဆေးဖြစ်နေရတာလဲ...'
ရန်ယွီဟူသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် ပြောလိုက်လေသည်။
"ကျုပ် နည်းလမ်းတစ်ခု စဉ်းစားမိတယ်…"
"အိုး..."
ချူလျန်က သူ့ကို ကြည့်လိုက်၏။
"ကျုပ်က ကမ္ဘာလောကကို လှည့်လည်နိုင်တဲ့ အင်မော်တယ်မန္တန်ကို သုံးပြီးတော့ ဖုန်းလိုင်ကို ပြန်သွားလို့ရတယ်… ပြီးရင် ဆရာသခင်တွေကို သွားခေါ်ပြီး ကျုပ်တို့ကို လာကယ်ခိုင်းမယ်လေ…"
ရန်ယွီဟူက ပြောလိုက်သည်။
"ဒီလိုဆိုလည်း ကောင်းတာပေါ့…"
ချူလျန်က ခေါင်းညိတ်လိုက်၏။
သို့သော်လည်း ရန်ယွီဟူမှာ အနည်းငယ် တုံ့ဆိုင်းသွားချေသည်။ အဘယ်ကြောင့်ဆိုသော် လောကကြီးအတွင်း လှည့်လည်နေချိန်တွင် သူ၏ ရုပ်ခန္ဓာကြီးမှာ မည်သည့်ကာကွယ်မှုမျှမပါဘဲ ဤနေရာတွင် ကျန်ရစ်နေမည် ဖြစ်သောကြောင့်ပင်။
ချူလျန်က သူ့အပေါ် တစ်ခုခုလုပ်ရန် အကြောင်းပြချက်မရှိဟု ဆိုနိုင်သော်လည်း... တကယ်လို့များ လုပ်ခဲ့လျှင်ကော... မည်သို့ပင်ဖြစ်စေ သူတို့က ခဏတာဆုံတွေ့ဖူးသူများသာ ဖြစ်ရာ သူတစ်ပါးအား ဤမျှအထိ ယုံကြည်သင့်၊ မယုံကြည်သင့်ကို စဉ်းစားမိသွားလေသည်။
သို့သော် ဤအတွေးများက တစ်ခဏမျှသာ ကြာမြင့်ခဲ့ပြီး ချက်ချင်းပင် ခေါင်းထဲမှ ထုတ်ပစ်လိုက်တော့သည်။
လတ်တလောတွင် ဤသည်ကသာလျှင် တစ်ခုတည်းသော အသက်ရှင်ရာလမ်းပင်။ ဤသို့မလုပ်လျှင် သူတို့နှစ်ဦးလုံး ဤနေရာတွင် အတူတူ ထိုင်စောင့်နေရမည်လော...
ထို့ကြောင့် ရန်ယွီဟူသည် ဤရှုတောင်ဂိုဏ်းတပည့်အား တစ်ကြိမ်ခန့် ယုံကြည်ကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။
သူသည် တင်ပျဉ်ခွေထိုင်လိုက်ကာ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်ရာ ပုံရိပ်ယောင်တစ်ခုက ခန္ဓာကိုယ်ထဲမှ ချက်ချင်း ခွဲထွက်သွားပြီး အရှေ့ပင်လယ်ရှိ ဖုန်းလိုင်အထွတ်အထိပ်ဂိုဏ်းသို့ ပြန်သွားလေတော့သည်။
...
ချူလျန်သည် ဝိညာဉ်ခွဲထွက်သွားသော ရန်ယွီဟူကို ကြည့်ကာ မနေနိုင်ဘဲ အနည်းငယ် သက်ပြင်းချမိလိုက်သည်။ မက်မွန်ပင်အစား ဆီးပင်အသေခံခြင်းစနစ် အင်မော်တယ်မန္တန်များကို တတ်ကျွမ်းထားခြင်းက တကယ်ကို ကောင်းမွန်လှပေသည်။
တကယ်လို့သာ သူကိုယ်တိုင် မြေချုံ့သိုင်း အင်မော်တယ်မန္တန်ကို တတ်ကျွမ်းပါက အပြင်သို့ တိုက်ရိုက် ရောက်ရှိသွားနိုင်ပြီး ဤနေရာတွင် ဒုက္ခခံနေရန် လိုမည်မဟုတ်ပေ။
ထို့အပြင် စောစောက ထိုမိစ္ဆာကျင့်ကြံသူကို ကယ်တင်သွားသူမှာလည်း အင်မော်တယ်မန္တန်ကို အသုံးပြုသွားသောကြောင့်သာ သူ၏ ပြင်းထန်လှသော တိုက်ခိုက်မှုမှ လွတ်မြောက်သွားခြင်း ဖြစ်သည်။
ဂိုဏ်းသို့ ပြန်ရောက်လျှင် ပို၍ကြိုးစားသင်ယူရပေတော့မည်။
ရှုတောင်ဂိုဏ်း၏အခြေခံမှာ အလွန်နက်ရှိုင်းပြီး ဂိုဏ်းအတွင်း သိုလှောင်ထားသော အင်မော်တယ်မန္တန် အရေအတွက်မှာ ကျင့်ကြံခြင်းလောကတွင် ထိပ်တန်းစာရင်းဝင် ဖြစ်ပေသည်။
သူကိုယ်တိုင်မှာလည်း အစွမ်းအစများ ရှိနေသည်ဖြစ်ရာ ပို၍လေ့လာဆည်းပူးခြင်းမပြုရန် အကြောင်းပြချက် မရှိပေ။
သူက လက်မြှောက်ကာ ဤဘက်ရှိ သံနံရံကို ထပ်မံထိတွေ့ကြည့်လိုက်၏။ ဤသံမည်းမှာ ခိုင်ခံ့မှုမှလွဲ၍ အခြားထူးခြားသောဂုဏ်သတ္တိများ မရှိသောကြောင့် ဖိနှိပ်ရေး အစီအရင်တစ်ကြောင်းကိုသာ ထွင်းထုထားခြင်း ဖြစ်သည်။
သို့သော်လည်း အတော်လေး ထိရောက်မှုရှိသည်ဟု ဆိုရပေမည်။
ဟင်...
နှစ်ကြိမ်ခန့် စမ်းသပ်ကြည့်ပြီးနောက် သူသည် ကိစ္စတစ်ခုကို ရုတ်တရက် သတိရသွားလေသည်။
'ငါ့ရဲ့ စေတီတော်ဖြူနယ်မြေထဲမှာ ခေါင်းမာတဲ့ နို့နှစ်ရောင်လောက်ကောင်လေး ဆောင်းခိုနေတုန်း မဟုတ်လား… တကယ်လို့သာ အဲဒီအကောင်ကို ထုတ်သုံးလိုက်ရင် ဒီသံနံရံကို ဖောက်ထွက်နိုင်လောက်မလား...'
ထိုသို့တွေးမိသည်နှင့် ချူလျန်သည် လက်ကိုမြှောက်ကာ နို့နှစ်ရောင်လောက်ကောင်လေးကို ဆင့်ခေါ်လိုက်တော့သည်။
ကျိ...
နို့နှစ်ရောင်လောက်ကောင်လေးက ချူလျန်၏ လက်ဖဝါးပေါ်တွင် တစ်ချက်ဆန့်ထုတ်လိုက်ပြီး နို့နှစ်ရောင်ဦးခေါင်းလေးကို ခါယမ်းလိုက်ရာ အိပ်မှုန်စုံမွှား ဖြစ်နေပုံရသည်။
ချူလျန်က အချိန်အတော်ကြာ ကြည့်နေမိပြီးနောက် ဤအကောင်ပေါက်လေးက အနည်းငယ်ချစ်စရာကောင်းနေသည်ဟုပင် ခံစားလာရ၏။
နို့နှစ်ရောင်လောက်ကောင်လေးက ကောင်းကင်နှင့်မြေကြီးကိုပင် ဖောက်ထွင်းနိုင်စွမ်းရှိသော်လည်း ချူလျန်၏ လက်ဖဝါးပေါ်တွင် ရှိနေချိန်၌မူ အလွန်လိမ္မာနေပြီး သူ့ကို တစ်ချက်ပင်မကိုက်ချေ... သူ့ကို တကယ့် မိခင်တစ်ဦးအနေဖြင့် သဘောထားနေသည်လားတော့ မသိနိုင်ပေ။
ချူလျန်က ၎င်းကို ဤကြီးမားလှသော သပိတ်ကြီး၏ ခိုင်ခံ့သော သံနံရံပေါ်သို့ ညင်သာစွာ တင်ပေးလိုက်ပြီးနောက် တိုးညှင်းစွာ ပြောလိုက်လေသည်။
"ထမင်းစားချိန် ရောက်ပြီကွ…"
ကျိ... ကျိ... ကျိ...
နို့နှစ်ရောင်လောက်ကောင်လေးက မူလနေရာတွင် နှစ်ချက်သုံးချက်မျှ တွန့်လိမ်လှုပ်ရှားလိုက်ပြီးနောက် ချက်ချင်းပင် ခေါင်းကြီးကို အောက်စိုက်ချကာ ခန္ဓာကိုယ်ကို နိမ့်ချည်မြင့်ချည် ပြုလုပ်လိုက်၏။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်း၏ ခန္ဓာကိုယ်တစ်ဝက်ခန့်က သံနံရံအတွင်းသို့ ဝင်ရောက်သွားပြီး တို့ဟူးတုံးကို ဖောက်ဝင်သွားသကဲ့သို့ လွယ်ကူနေပုံရသည်။