← Chapters

အခန်း ၂၂၅

Vol. 23 Ch. 225

အခန်း ၂၂၅

Vol. 23 Ch. 225

အခန်း (၂၂၅) - ဆင့်ကဲပြောင်းလဲခြင်း (၁)

ရန်ယွီဟူ၏ ကမ္ဘာလောကလှည့်လည်ခြင်းပညာဖြင့် ဖုန်းလိုင်သို့ပြန်သွားချိန်နှင့် ဟွမ်လုံတောက်ရင့်၏ ရွှေရောင်အလင်းတန်းဖြင့် အရှေ့ပင်လယ်သို့ ရောက်လာချိန်ပေါင်းလျှင်ပင် အချိန်အနည်းငယ်မျှသာ ကြာမြင့်လေသည်။

ဤမျှတိုတောင်းသော အချိန်လေးအတွင်း သေးငယ်လှသော ပိုးလောက်ကောင်လေးက ကြီးမားလှသည့် သံမည်းသပိတ်ကြီးကို အကုန်စားပစ်ရန်ဆိုသည်မှာ သဘာဝအားဖြင့် မဖြစ်နိုင်ပေ။

ယခုလေးတင် ပိုးလောက်ကောင်လေးသည် သံမည်းသပိတ်ထဲသို့ တိုးဝင်ကာ ရူးသွပ်စွာ စားသောက်နေခဲ့ပြီး ရွှေရောင်ပိုးမျှင်များကို စွန့်ထုတ်လိုက်သည်နှင့်အမျှ ၎င်း၏ခန္ဓာကိုယ်အရွယ်အစားကလည်း ပို၍ပို၍ ကြီးမားလာလေ၏။

ခန္ဓာကိုယ်ကြီးလာသည်နှင့် ပို၍မြန်မြန်စားလာနိုင်ပြီး... ပို၍မြန်မြန်စားလေလေ ခန္ဓာကိုယ်က ပို၍ကြီးမားလာလေလေ ဖြစ်ချေသည်။

နောက်ဆုံးတွင် အချိန်တိုအတွင်းမှာပင် လက်ဖဝါးအရွယ်အစားရှိသော ပိုးကောင်ဖြူလေးတစ်ကောင်အဖြစ်သို့ ကြီးထွားလာခဲ့ပေသည်။

၎င်း၏အရွယ်အစား ဤမျှကြီးမားလာချိန်မှသာ ချူလျန်လည်း ရှင်းရှင်းလင်းလင်း မြင်တွေ့ရတော့သည်။

တကယ်တမ်း၌ ၎င်းသည် သာမန်လောက်ကောင်လေး မဟုတ်ဘဲ သေးငယ်သော ရွှေရောင်ခြေတိုလေးများ အစုံလိုက်ပါရှိကာ ရွှေရောင်ပါးစပ်လည်း ရှိလေ၏။ ခန္ဓာကိုယ်ဝဖြိုးလာသောအခါ အဆစ်လေးများအဖြစ် မြင်တွေ့လာရသည်။

၎င်းအား လောက်ကောင်လေးဟု ဆိုရမည်ထက် ပိုးစာကောင်လေးနှင့် ပို၍တူလေသည်။

ထို့ပြင် ပိုးမျှင်များကိုပင် ထုတ်လွှတ်နိုင်သေးသည်... သို့သော် ဖင်ဘက်မှ ထုတ်လွှတ်ခြင်းသာ ဖြစ်ပေသည်။

ဤအဖြူနှင့်ရွှေ နှစ်ရောင်စပ် ပိုးစာကောင်လေးသည် သံမည်းတုံးကြီးတစ်တုံးကို စားသုံးပြီးနောက် သပိတ်တစ်ခုလုံးတွင် အပေါက်ကြီးတစ်ခု ဖြစ်သွားခဲ့ပေပြီ။

အစီအရင်မျဉ်းကြောင်းများ ဖျက်ဆီးခံလိုက်ရသဖြင့် ဖိနှိပ်ခြင်းအစွမ်းမှာလည်း ပျက်ပြယ်သွားခဲ့ချေပြီ။

မှော်ဝင်ပစ္စည်း၏ သခင်ဖြစ်သူမှာလည်း အဝေးသို့ ထွက်ပြေးသွားပြီဖြစ်ရာ ၎င်းသည် သခင်မဲ့ ပျက်စီးနေသော မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်လာခဲ့လေသည်။

ထို့ကြောင့် ချူလျန်က အစစ်အမှန်ချီစွမ်းအင်ကို ထည့်သွင်းလိုက်ပြီး မတတ်သာသည့်ဟန်ဖြင့် သိမ်းဆည်းလိုက်တော့သည်။

အစီအရင်မျဉ်းကြောင်းများ ပျက်စီးသွား၍ ပြန်သုံး၍မရတော့သလို ပြုပြင်ရန်လည်း အတော်လေး ခက်ခဲမည်ဖြစ်သော်လည်း ပိုးစာကောင်လေးအတွက် အစာအဖြစ် ကျွေးရန်မှာမူ အကောင်းဆုံးရွေးချယ်မှုပင် ဖြစ်ချေသည်။

သူသည် ပျက်စီးနေသော သံမည်းသပိတ်နှင့် ပိုးစာကောင်လေးကို သိမ်းဆည်းလိုက်သည်နှင့်တစ်ပြိုင်နက် ကောင်းကင်ယံမှ ရွှေရောင်အလင်းတန်းတစ်ခုကို အာရုံခံမိလိုက်၏။

တာအိုဘုန်းတော်ကြီးဟွမ်လုံသည် ရန်ယွီဟူကို ခေါ်ဆောင်ကာ ဆင်းသက်လာခဲ့ပေပြီ။

ရန်ယွီဟူ၏ မေးမြန်းသံကို ကြားလိုက်ရသောအခါ သူက အသံတစ်ချက်ပြုလိုက်ပြီး စိတ်ထဲတွင် လျင်မြန်စွာ စဉ်းစားလိုက်ကာ ရိုးရှင်းစွာပင် ဖြေကြားလိုက်လေသည်။

"ကျုပ် ဒီမှော်ဝင်ပစ္စည်းကို ဖျက်ဆီးပစ်ဖို့ နည်းလမ်းရှာတွေ့သွားတာပါ”

“…အစီအရင်မျဉ်းကြောင်းတွေ ပျက်စီးသွားတဲ့နောက် လူတွေကို ဖိနှိပ်ထားနိုင်စွမ်း မရှိတော့လို့ ကျုပ် သိမ်းဆည်းထားလိုက်ပါပြီ.."

ထိုသို့ပြောရင်း သူက လက်ဖဝါးထဲရှိ ပျက်စီးနေသော သပိတ်ကို တစ်ချက်ဝှေ့ယမ်းပြလိုက်ပြီး ပြန်လည်သိမ်းဆည်းလိုက်၏။

"ဘာဗျ…"

ရန်ယွီဟူက ထပ်မံ၍ အံ့အားသင့်သွားပြန်သည်။

စောစောက ထိုသပိတ်၏ မာကျောမှုကို သူ ကိုယ်တိုင် ခံစားခဲ့ရဖူးလေသည်။

အစွမ်းကုန်ထုတ်သုံးထားသော ဓားချက်ဖြင့်ပင် အနည်းငယ်မျှ ထိခိုက်မှုမရှိနိုင်သည်ကို မြင်တွေ့ခဲ့ရရာ ချူလျန်၏ ကျင့်ကြံခြင်းအဆင့်မှာ ရွှေအမြုတေအဆင့်အစပိုင်းမျှသာ ရှိပါလျက်နှင့် မည်ကဲ့သို့...

သို့သော် ထိုမိစ္ဆာကျင့်ကြံသူကို သတ်ဖြတ်လုနီးပါး ဖြစ်ခဲ့သည့် သူ၏ ကောင်းကင်တုန်လှုပ်ဖွယ် ဓားချက်ကို ပြန်တွေးကြည့်လိုက်လျှင် လုံးဝမဖြစ်နိုင်သည့်ကိစ္စတော့ မဟုတ်ပေ။

'တကယ့်ကို ကြောက်ခမန်းလိလိပါလား...'

'ဒီကောင်လေးက သာမန်လူတော့ လုံးဝမဟုတ်ဘူး...'

သူက အံ့အားသင့်နေသော်လည်း အခြားတစ်ဖက်ရှိ တာအိုဘုန်းတော်ကြီးဟွမ်လုံမှာမူ အနည်းငယ် မကျေမနပ် ဖြစ်နေချေပြီ။

မိမိ၏တပည့်ဖြစ်သူ အမှန်တကယ် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရပါက သူ၏ရွှေရောင်အလင်းတန်းဖြင့် အလျင်စလို လာရောက်ကယ်ဆယ်ခြင်းက ကိစ္စမရှိပေ။

သို့သော် ယခုအချိန်တွင် ရွှေအမြုတေအဆင့်အစပိုင်းရှိ တပည့်တစ်ဦးကပင် မှော်အတတ်ကို ဖျက်ဆီးကာ လွတ်မြောက်နိုင်ခဲ့ပါလျက် ရန်ယွီဟူကမူ မတတ်နိုင်ဘဲ တောင်ပေါ်သို့ပြန်ကာ အကူအညီတောင်းခံရန်သာ သိနေခဲ့သည်လော။

တာအိုဘုန်းတော်ကြီးဟွမ်လုံက ရန်ယွီဟူကို ကြည့်လိုက်သော အကြည့်များမှာ အနည်းငယ် မှိုင်းညို့နေလေ၏။

'ငါ့တပည့်က တအားနူးညံ့ပျော့ဖတ်လွန်းနေတာလား...'

သူက စိတ်ထဲတွင် တွေးတောနေမိသည်။ စောစောက သူသည် တာအိုနားလည်သဘောပေါက်ခြင်း အဆင့်တစ်ခုသို့ ရောက်ရှိနေခဲ့သည်ကို သိထားရမည်။

သတ္တမအဆင့် သိုင်းပညာရှင်တစ်ဦးအတွက် တစ်ကြိမ်တစ်ခါမျှ ဉာဏ်အလင်းပွင့်ခြင်းကို လက်လွတ်ဆုံးရှုံးလိုက်ရပါက နောက်ထပ် နှစ်အနည်းငယ်မျှ ပို၍ကျင့်ကြံရနိုင်ပေသည်။

သူက အရာအားလုံးကို လျစ်လျူရှုကာ လာရောက်ကယ်တင်ခဲ့သော်လည်း မြေပြင်ပေါ်သို့ ရောက်ရှိချိန်တွင် မည်သည့်အန္တရာယ်မျှ မရှိသည်ကို တွေ့လိုက်ရသောအခါ သဘာဝအားဖြင့် မကျေမနပ်ဖြစ်သွားခြင်းပင်။

သေချာပေါက်ပင်။

အကယ်၍ ဤအတွေးကိုသာ ချူလျန် သိရှိသွားခဲ့ပါက အတော်လေး ထူးဆန်းနေမည်ဖြစ်၏။

'ဪ... သတ္တမအဆင့်က တာအိုနားလည်သဘောပေါက်ဖို့ အချိန်ယူရသေးတာလား...'

'ဒီဆရာက တော်တော်လေး ပျော့ညံ့လွန်းနေတာများလား...'

တာအိုဘုန်းတော်ကြီးဟွမ်လုံ၏ အကြည့်ကို ရန်ယွီဟူက ချက်ချင်းပင် ခံစားမိလိုက်သည်။ သို့သော် သူက မည်သို့ရှင်းပြရမည်ကို မသိတော့ချေ။

မိမိ၏ ရွှေအမြုတေအဆင့်နောက်ပိုင်း ကျင့်ကြံခြင်းက ချူလျန်ထက် ပိုမြင့်မားသည်မှာ အမှန်ဖြစ်သော်လည်း သူ၏ ထိတ်လန့်ဖွယ်ကောင်းသော ဓားစွမ်းအင်မှာ ကျင့်ကြံခြင်းအဆင့်ကို မည်မျှကျော်လွန်နေမှန်း မသိနိုင်သည်ကလည်း အမှန်တရားပင် ဖြစ်နေ၏။

သူသည် တစ်ခဏမျှ ရှင်းပြရန် ခက်ခဲသွားပြီး ရင်ထဲ၌ မချိသော်လည်း ထုတ်မပြောနိုင်သော သနားစရာအကြည့်ဖြင့် ဆရာသခင်ကိုသာ ကြည့်နေလိုက်တော့သည်။

အတော်လေး စိတ်မကောင်းဖြစ်နေချေပြီ။

...

တာအိုဘုန်းတော်ကြီးဟွမ်လုံမှာ မည်သို့ပင်ဖြစ်စေ ရောက်လာခဲ့ပြီဖြစ်ရာ တပည့်များနှင့်အတူ ယန်ပေါ်မြို့ရှိ မြို့စောင့်ရုံးသို့ တစ်ခေါက်မျှ လိုက်ပါသွားလေသည်။

လမ်းတွင် သူတို့သည် အပြေးအလွှား ရောက်လာသော တုချယ်နှင့် သူ၏လက်အောက်ငယ်သားများကို ဆုံတွေ့ခဲ့ကြပြီး သူတို့နောက်တွင် လင်းပေ့နှင့် ရှန်ဇီလျန်တို့လည်း ပါလာကြသည်။

အမှန်တွင်သူတို့သည် မြို့ပြင်သို့ထွက်လာပြီးနောက် မိစ္ဆာဂိုဏ်းကျင့်ကြံသူတစ်စု၏ တားဆီးခြင်းကို ခံခဲ့ရကာ တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးတွင် မိစ္ဆာကျင့်ကြံသူသုံးဦးကို သတ်ဖြတ်နိုင်ခဲ့ပြီး တစ်ဦးကို အရှင်ဖမ်းမိခဲ့သော်လည်း အရှင်ဖမ်းခံရသော မိစ္ဆာကျင့်ကြံသူက ချက်ချင်းပင် ကိုယ်တိုင်ပေါက်ကွဲကာ သေဆုံးသွားခဲ့သဖြင့် ရုတ်ရုတ်သဲသဲ အနည်းငယ် ဖြစ်သွားခဲ့လေသည်။

သူတို့သည် ယန်ပေါ်မြို့မှ လိုက်လံဖမ်းဆီးသူများကို အသက်ပေး၍ တားဆီးကာ ထိုလူလတ်ပိုင်းအရွယ်အမျိုးသားကို ထွက်ပြေးရန် အချိန်ဖန်တီးပေးခြင်းပင်။

ချူလျန် ကြားလိုက်ရသောအခါ မျက်မှောင်အနည်းငယ်ကြုတ်သွားကာ တစ်စုံတစ်ခုကို စဉ်းစားနေမိသည်။

တုချဲ့သည် တာအိုဘုန်းတော်ကြီးဟွမ်လုံကို မြင်တွေ့ရသောအခါ သဘာဝအားဖြင့် အလွန်ယဉ်ကျေးနေခဲ့ပြီး မြို့စောင့်ရုံးသို့ တောက်လျှောက် ကြိုဆိုခေါ်ဆောင်သွားကာ ထိပ်ဆုံးနေရာ၌ ထိုင်ရန် ရိုသေစွာ ဖိတ်ကြားလိုက်လေသည်။

သူကဲ့သို့ ပဉ္စမအဆင့် ကွန်ဖြူးရှပ်ကျင့်ကြံသူတစ်ဦးမှာ ဖုန်းလိုင်အထက်တန်းဂိုဏ်းတွင် အမှန်တကယ် အာဏာရှိသော သတ္တမအဆင့် သိုင်းပညာရှင်တစ်ဦးနှင့် နှိုင်းယှဉ်ပါက အမှန်တကယ်ပင် အဆင့်များစွာ နိမ့်ကျနေပေသည်။

သူ၏ နန်းတော်နောက်ခံကို မဆိုထားနှင့်၊ ယွီတူမြို့တော်ရှိ နိုင်ငံတော်စောင့်ရှောက်ရေး အမတ်ကြီးကိုယ်တိုင် ဟွမ်လုံတောက်ရင်နှင့် တွေ့လျှင်ပင် မျက်နှာသာပေးရဦးမည် ဖြစ်၏။

တာအိုဘုန်းတော်ကြီးဟွမ်လုံမှာလည်း အားနာမနေဘဲ ထိပ်ဆုံးနေရာ၌ တိုက်ရိုက်ဝင်ထိုင်လိုက်ကာ စကားစလိုက်လေသည်။

"ယန်ပေါ်မြို့က အရှေ့ဘက်ဒေသရဲ့ စည်ကားတဲ့နေရာမှာ တည်ရှိပြီး မိစ္ဆာကျင့်ကြံသူတွေရဲ့ သဲလွန်စဆိုတာ အရင်ကတည်းက ရှားပါးခဲ့တာပဲ…”

“ဒီနေ့ ဒီလူစုက ဘယ်ကရောက်လာလို့ ဒီလောက်တောင် ရောင့်တက်ရဲတာလဲ…"

"လုဟွန်းဂိုဏ်းကပါ…"

တုချယ်က ဖြေကြားလိုက်သည်။

သူက တစ်ခဏမျှ ရပ်နားလိုက်ပြီးနောက် ထပ်မံ၍ ဖြည့်စွက်ပြောဆိုလိုက်၏။

"ယန်ပေါ်မြို့မှာ ဆက်တိုက် နှလုံးဖောက်ထုတ်တဲ့အမှုကို ကျူးလွန်ခဲ့တဲ့ တရားခံက လုဟွန်းဂိုဏ်းရဲ့ တပည့်ဖြစ်ဖို့ များပါတယ်… ပြီးတော့ သူ့ကို လုယူသွားတဲ့ သိုင်းပညာရှင်က လုဟွန်းဂိုဏ်းရဲ့ လက်ရှိဂိုဏ်းချုပ် ချန်ဝူယင်းဖြစ်နိုင်ပြီး နန်းတော်က အလိုရှိနေတဲ့ တရားခံပြေးလည်း ဖြစ်ပါတယ်”

“သူကလွဲရင် တခြားဘယ်သူကမှ နောက်ချန်ရစ်ဖို့အတွက် မိစ္ဆာဂိုဏ်းကျင့်ကြံသူ အများအပြားကို စေခိုင်းနိုင်မှာ မဟုတ်ဘူး…"

နှစ်ပေါင်းများစွာ အပြင်းအထန် ဖိနှိပ်ခံခဲ့ရပြီးနောက် လုဟွန်းဂိုဏ်းမှာ ခေါင်းမာစွာ ဆက်လက်ရပ်တည်နေဆဲ ဖြစ်သော်လည်း ယခင်ကဲ့သို့တော့ မဟုတ်တော့ပေ။

ဤခေတ်၏ ဂိုဏ်းချုပ်ဖြစ်သော ချန်ဝူယင်းမှာလည်း ပဉ္စမအဆင့် ကျင့်ကြံခြင်းသာ ရှိလေသည်။

သို့သော် ၎င်းသည် လုဟွန်းဂိုဏ်းအတွင်းရှိ တစ်ဦးတည်းသော ပဉ္စမအဆင့် သိုင်းပညာရှင်လည်း ဖြစ်နေချေသည်။

သို့သော် ပဉ္စမအဆင့်ချင်း တူညီသော်လည်း သူသည် ချူလျန်က ကျန်းနန်နယ်မြေ တောင်တန်းများ၌ သတ်ဖြတ်ခဲ့သော မင်ဝမ်ဂိုဏ်းမှ ပဉ္စမအဆင့်များနှင့် နှိုင်းယှဉ်ပါက သိသိသာသာကို ပို၍ စွမ်းအားကြီးမားနေသည်မှာ အနည်းအကျဉ်းမျှ မကပေ။

ကျင့်ကြံခြင်းအဆင့် ပိုမြင့်လေလေ၊ တူညီသော အဆင့်များအကြားတွင် ဖြစ်နိုင်ခြေရှိသော ကွာဟချက်က ပို၍ကြီးမားလေလေပင် ဖြစ်၏။

ဤသည်ကို နားလည်ရန် မခက်ခဲပေ။ ဝိညာဉ်အသိအမြင်အဆင့်များအကြား ကွာဟချက်မှာ အများဆုံးအနေဖြင့် ဆယ့်တစ်နှင့် ဆယ့်ကိုးမျှသာ ရှိနိုင်သော်လည်း ရွှေအမြုတေအဆင့်များအကြား ကွာဟချက်မှာ တစ်ရာ့တစ်နှင့် တစ်ရာ့ကိုးဆယ့်ကိုးအထိ ရှိနိုင်လေသည်။

All Chapters