← Chapters

အခန်း ၂၂၆

Vol. 23 Ch. 226

အခန်း ၂၂၆

Vol. 23 Ch. 226

အခန်း (၂၂၆) - ဆင့်ကဲပြောင်းလဲခြင်း (၂)

ဓာတ်ကြီးငါးပါးနယ်ပယ်အဆင့်များအကြား ကွာဟချက်မှာမူ တစ်ထောင့်တစ်နှင့် တစ်ထောင့်ကိုးရာကိုးဆယ့်ကိုးအထိပင် ရှိနိုင်ချေသည်။

တာအိုဘုန်းတော်ကြီးဟွမ်လုံက အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။

"မိစ္ဆာလမ်းစဉ်ရဲ့ အကြွင်းအကျန်တွေက အသက်ငင်နေတဲ့ကြားကနေ ဟောင်ရမ်းပြီးတော့တောင် ရမ်းကားရဲသေးတယ်ပေါ့လေ..."

ထိုစဉ် ချူလျန်က မတ်တတ်ရပ်ကာ ပြောလိုက်၏။

"ဒီကိစ္စက နည်းနည်းတော့ ထူးဆန်းနေတယ်လို့ ကျုပ် ထင်မိတယ်…"

"ဟင်..."

တုချဲ့က ချူလျန်ကို လှည့်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

"မင်း ပြောကြည့်လေ..."

လမ်းတွင် လင်းပေ့က ချူလျန် ပန်းလမ်းမပေါ်၌ တရားခံကို ပထမဆုံး အချိန်မီ ရှာဖွေတွေ့ရှိခဲ့သည့် အကြောင်းအရာကို ပြောပြခဲ့ပြီးဖြစ်ရာ တုချဲ့မှာ ဤထူးချွန်ထက်မြက်လှသော ရှုတောင်တပည့်ကို အထင်ကြီးလေးစားနေခဲ့သည်။

ယခု ချူလျန် ပြောစရာစကားရှိနေသည်ကို မြင်သောအခါ တုချဲ့က ချက်ချင်းပင် လေးစားမှုပေးလိုက်လေသည်။

ချူလျန်က ပြောလိုက်သည်။

"ကယ်ဆယ်ခံလိုက်ရတဲ့ မိစ္ဆာကျင့်ကြံသူက တတိယအဆင့် အထွတ်အထိပ် ကျင့်ကြံခြင်းပဲ ရှိသေးတာပါ… ပြီးတော့ အစစ်အမှန်ချီစွမ်းအင်ကလည်း တော်တော်လေးကို ရှုပ်ထွေးနေတယ်…”

“...ဒါပေမဲ့ နောက်ချန်ရစ်ပြီး ခင်ဗျားတို့ သတ်ဖြတ်လိုက်ရတဲ့ လုဟွန်းဂိုဏ်းက မိစ္ဆာကျင့်ကြံသူ လေးယောက်တောင် ရှိတယ်… အဲဒီထဲမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေတောင် ပါသေးတယ်”

“ဂိုဏ်းတူအချင်းချင်းကို ကယ်ဆယ်ဖို့ သက်သက်ဆိုရင်တော့ သိပ်မဖြစ်နိုင်ဘူး…"

ဤသည်က အလွန်ရိုးရှင်းသော အကြောင်းပြချက်ပင် ဖြစ်သည်။

အားနည်းသူတစ်ဦးကို ကယ်တင်ရန်အတွက် အားကောင်းသူလေးဦးကို စွန့်ပစ်လိုက်ခြင်းမျိုးမှာ သာမန်လူများလုပ်နိုင်စွမ်းရှိသော ကိစ္စမျိုး လုံးဝမဟုတ်ပေ။

"အင်း..."

မြို့စောင့်အရာရှိတုမှာ သူ၏ တွေးခေါ်မှုကြောင့် တစ်ခဏမျှ ကြက်သေသေသွားပြီးနောက် ချက်ချင်းပင် ပြောလိုက်၏။

"ဒါဆိုရင် ကယ်ဆယ်ခံရတဲ့ မိစ္ဆာကျင့်ကြံသူက လုဟွန်းဂိုဏ်းရဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်ဖြစ်နိုင်တယ်..."

"ဖြစ်နိုင်ချေတော့ ရှိပါတယ်.. ဒါပေမဲ့ အဲဒီဖြစ်နိုင်ချေက သိပ်မများပြန်ဘူး"

ချူလျန်က ပြောလိုက်သည်။

"ကျုပ် သူနဲ့ ခဏတဖြုတ် တိုက်ခိုက်ဖူးတယ်... သူက ပြန်လည်ခုခံနိုင်စွမ်း လုံးဝမရှိဘဲ ဘယ်လိုမှော်ဝင်ပစ္စည်း အစွမ်းကိုမှလည်း ထုတ်မသုံးနိုင်ဘူး”

“ပြီးတော့ ချီစွမ်းအင် အငွေ့အသက်တွေကလည်း အရမ်းကို ဖရိုဖရဲဖြစ်နေတာ သူက သေချာပေါက်... စနစ်တကျ လေ့ကျင့်ထားတဲ့သူ မဟုတ်ဘူး"

ယန်ပေါ်မြို့တွင် ပြစ်မှုကျူးလွန်ခဲ့သော ထိုမိစ္ဆာကျင့်ကြံသူမှာ ဂိုဏ်း၏ ဆရာသခင်အမွေဆက်ခံသူ ကျင့်ကြံသူတစ်ဦးနှင့် လုံးဝမတူပေ။

အမှန်တကယ်ပင် သူသည် မိစ္ဆာဂိုဏ်းကျင့်ကြံသူစစ်စစ်သာ ဖြစ်ခဲ့ပါက ယန်ပေါ်မြို့အတွင်း ဤကဲ့သို့သော ကိစ္စမျိုးကိုကျူးလွန်နိုင်မည် မဟုတ်ချေ။

ချန်ဝူယင်း ဦးဆောင်သော စစ်မှန်သည့် လုဟွန်းဂိုဏ်းကဲ့သို့သော ဂိုဏ်းမျိုးသည် အဘက်ဘက်မှ ဖြောင့်မတ်သောလမ်းစဉ်များ၏ သုတ်သင်ရှင်းလင်းမှုအောက်၌ မည်သို့ရှင်သန်ကြီးထွားရမည်ဆိုသည့် ရင့်ကျက်သော စနစ်တစ်ခုကို အစောကြီးကတည်းက ပိုင်ဆိုင်ထားပြီး ဖြစ်လေသည်။

"ရှီး..."

တုချဲ့က တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

"ဒီအထဲမှာ သံသယဖြစ်စရာလေးတွေ တကယ်ရှိနေတာပဲ… မနက်ဖြန် အသေးစိတ် စုံစမ်းစစ်ဆေးပြီးမှပဲ ကောက်ချက်ချကြည့်ကြတာပေါ့လေ..."

...

ဝုန်း...

ကောင်းကင်ယံမှ မိုးခြိမ်းသံကြီး ထွက်ပေါ်လာပြီးနောက် မိုးသည်းထန်စွာ ရွာသွန်းလာလေတော့သည်။

နွေရာသီ အလယ်ပိုင်းကာလဖြစ်သော်လည်း အရှေ့တောင်ပိုင်းဒေသ၏ မိုးရာသီပင် ဖြစ်လေသည်။

မြို့ပြင်နှင့် မနီးမဝေးရှိ ပျက်ကျနေသော ဘုရားကျောင်းဟောင်းတစ်ခုအတွင်း၌ လူရိပ်အနည်းငယ်ခန့် အနားယူနေကြသည်။

လျှပ်စီးရောင်တစ်ချက် လက်သွားပြီး ဘုရားကျောင်းတံခါးဘက်သို့ မျက်နှာမူကာ ကောင်းကင်ယံကို မော့ကြည့်နေသော လူရိပ်တစ်ခုကို လင်းလက်သွားစေခဲ့သည်။ ၎င်းမှာ ဓားနီကြီး၏ အောက်မှ ထွက်ပြေးလွတ်မြောက်လာခဲ့သော လူလတ်ပိုင်းအရွယ်အမျိုးသားပင် ဖြစ်ပေသည်။

သူသည် မိစ္ဆာဂိုဏ်းဖြစ်သော လုဟွန်းဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ် ချန်ဝူယင်းပင် ဖြစ်ချေ၏။

သူ၏နောက်ဘက်ရှိ နတ်စင်ပေါ်တွင် ဝါးဖျာတစ်ချပ်ကို ခင်းထားပြီး ထိုဈေးသည်လေးမှာ မျက်စိကိုမှိတ်ထားကာ အပေါ်၌ လှဲလျောင်းနေလေသည်။

သူ၏လည်ပင်းကြားတွင် ကြောက်မက်ဖွယ်ကောင်းသော နက်ရှိုင်းသည့် ဒဏ်ရာကြီးတစ်ခုရှိနေပြီး သွေးသံရဲရဲ ဖြစ်နေ၏။

ဘေးဘက်တွင်မူ လုဟွန်းဂိုဏ်းမှ တပည့်နှစ်ဦးက နဖူး၌ ချွေးပေါက်များ အပြည့်ဖြင့် ကယ်ဆယ်ရန် ကြိုးပမ်းနေကြသည်။

"ဂိုဏ်းချုပ်..."

လုဟွန်းဂိုဏ်း တပည့်တစ်ဦးက အခက်တွေ့နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။

"ဒီလူက ဒဏ်ရာ အရမ်းပြင်းထန်နေလို့ ပြန်ကယ်ဖို့ သိပ်မလွယ်တော့ဘူးထင်တယ်..."

"ဟုတ်ပါတယ်..."

အခြား လုဟွန်းဂိုဏ်း တပည့်တစ်ဦးကလည်း ထောက်ခံလိုက်၏။

"ချီစွမ်းအင်နဲ့ သွေးကြောတွေက ပြတ်တောက်သွားပြီဆိုတော့ နတ်ဘုရားတွေတောင် ကယ်ဖို့ ခက်သွားပြီ..."

ဤဈေးသည်မှာ ယခင်က ချူလျန်၏ ထိန်းချုပ်မှုစွမ်းရည်တစ်ချက်ကို ခံခဲ့ရပြီးဖြစ်ရာ ပွဲချင်းပြီး အသက်မထွက်သွားခြင်းကပင် သူ၏ကံကောင်းမှုဖြစ်နေလေပြီ။

ထို့ပြင် နောက်ပိုင်းတွင် ချန်ဝူယင်းကဆွဲခေါ်ကာ တိုက်ခိုက်လိုက်၊ ထွက်ပြေးလိုက်ဖြင့် အတော်ကြာအောင် ဒုက္ခခံခဲ့ရသေးသဖြင့် အသက်မရှင်နိုင်တော့ခြင်းမှာ အံ့သြစရာတော့ မဟုတ်ပေ။

"ဒါဆိုရင် သူ့ကို တိုက်ရိုက်ပဲ ဆေးတိုက်လိုက်..”

“နောက်ဆုံးထွက်သက်မှာ စကားပြောနိုင်အောင် လုပ်လိုက်စမ်း…သူ စကားပြောလာအောင်ကို လုပ်ရမယ်…"

ချန်ဝူယင်း၏ မျက်နှာထားမှာ အေးခဲနေသော ရေခဲပြင်ကဲ့သို့ မှိုင်းညို့နေပြီး ပြောလိုက်လေသည်။

"ပါးစပ်ကနေ အသံမထွက်နိုင်ရင် သူ့ကိုသတ်ပြီး ဝိညာဉ်ကို ထုတ်ယူလိုက် သူ့ရဲ့ ဝိညာဉ်ကို စကားပြောခိုင်းမယ်…"

ဝုန်း...

နောက်ထပ် မိုးခြိမ်းသံတစ်ချက် ထွက်ပေါ်လာပြီး ချန်ဝူယင်း၏ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာကို လင်းလက်သွားစေပြန်သည်။

လွန်ခဲ့သော နှစ်ပေါင်းခုနစ်ရာခန့်က ကမ္ဘာလောကကြီးတွင် စစ်ပွဲများ ဖြစ်ပွားနေခဲ့သည်။

လုဟွန်းဂိုဏ်းတွင် သတ်ဖြတ်ခြင်းအဘိုးအိုဟု အမည်ရသော ဂိုဏ်းကို ပြန်လည်ဦးမော့လာစေခဲ့သည့် ဂိုဏ်းချုပ်တစ်ဦး ပေါ်ထွက်လာခဲ့ဖူးသည်။

သူသည် လူများကို ဝက်၊ ခွေးများကဲ့သို့ သတ်မှတ်ထားသော ကစဉ့်ကလျားကာလကို အခွင့်ကောင်းယူကာ လုဟွန်းဂိုဏ်းကို ဦးဆောင်၍ တစ်ခေတ်တစ်ခါက အလွန် ကြီးပွားတိုးတက်စေခဲ့သည်။

နောက်ပိုင်းတွင် ယွီမင်းဆက် တည်ထောင်နိုင်ခဲ့ပြီး လောကကြီး ငြိမ်းချမ်းသွားသောအခါ လုဟွန်းဂိုဏ်းကဲ့သို့သော ဂိုဏ်းများမှာ ချက်ချင်းပင် မျိုးတုံးပျောက်ကွယ်မည့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရလေသည်။

သတ်ဖြတ်ခြင်းအဘိုးအိုမှာလည်း ဖြောင့်မတ်သောလမ်းစဉ်မှ သိုင်းပညာရှင်အများအပြား၏ ပူးပေါင်းလိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး နောက်ဆုံးတွင် ဤအရှေ့ပင်လယ်အနီး၌ သေဆုံးသွားခဲ့ချေသည်။

သို့သော် ယုံကြည်ရသော သတင်းတစ်ခုအရ သူသည် ဖြောင့်မတ်သောလမ်းစဉ်၏ လက်ထဲတွင် သေဆုံးသွားခဲ့ခြင်း မဟုတ်ဘဲ ပြင်းထန်စွာ ဒဏ်ရာရရှိပြီးနောက် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။

ထိုစဉ်ကသူ၏ကိုယ်ပေါ်၌ လုဟွန်းဂိုဏ်း၏ အရေးကြီးဆုံးရတနာများနှင့် အမွေအနှစ်များလည်း ပါသွားခဲ့ပြီး အတူတကွ ပျောက်ဆုံးသွားခဲ့ရလေသည်။

ဤယန်ပေါ်မြို့အတွင်း လုဟွန်းဂိုဏ်းမှ ပြဿနာရှာနေကြောင်း သတင်းထွက်ပေါ်လာသောအခါ ချန်ဝူယင်းက ဤလူသည် သတ်ဖြတ်ခြင်းအဘိုးအို၏ မြှုပ်နှံထားသော နေရာမှ အမွေအနှစ်များကို ရရှိသွားခြင်းဖြစ်နိုင်ကြောင်း ချက်ချင်းပင် လျင်မြန်စွာ ရိပ်မိသွားခဲ့လေသည်။

ထို့ကြောင့် သူသည် လက်အောက်ငယ်သားများကို ဦးဆောင်ကာ ယန်ပေါ်မြို့သို့ ချက်ချင်း ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ဖြောင့်မတ်သောလမ်းစဉ်မှ လူများနည်းတူ သူလည်း တရားခံ၏သတင်းများကို အနီးကပ်စောင့်ကြည့်နေခဲ့ပြီး ထပ်မံထွက်ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်၏။

နှမြောစရာကောင်းသည်မှာ သူ၏လှုပ်ရှားမှုက ချူလျန်ထက် ခြေတစ်လှမ်း နောက်ကျသွားခဲ့လေသည်...

ချန်ဝူယင်းက ဩရှရှအသံဖြင့် အော်ဟစ်လိုက်၏။

"ငါတို့ လုဟွန်းဂိုဏ်းက နဂိုကတည်းက အားနည်းနေခဲ့တာ… သူ့ကို ပြန်ခေါ်လာဖို့အတွက် ညီအစ်ကိုလေးယောက်တောင် ထပ်သေခဲ့ရပြီ..”

“တကယ်လို့ သတ်ဖြတ်ခြင်းအဘိုးအိုကို မြှုပ်နှံထားတဲ့နေရာကို မမေးနိုင်ဘူးဆိုရင်တော့ ငါ လုံးဝ အလျှော့ပေးမှာ မဟုတ်ဘူး…"

All Chapters