အခန်း ၂၂၇
Vol. 23 Ch. 227
အခန်း (၂၂၇) - ဘာကြောင့် တစ်ဝက်ပဲ ရှိနေရသနည်း
သည်းထန်စွာရွာသွန်းနေသော မိုးကြီးမှာ ဒုတိယမြောက်နေ့ နေ့လယ်ခင်းရောက်မှသာ တိတ်သွားတော့သည်။
ချူလျန်သည် မြို့စောင့်အရာရှိများနှင့်အတူ မြို့ပြင်ရှိရွာတစ်ရွာသို့ ရောက်ရှိလာခဲ့၏။
ဘေးပတ်လည်တွင် ရွာသားများသည် သုံးယောက်တစ်စု ငါးယောက်တစ်စု စုရုံးနေကြပြီး တဲအိမ်တစ်လုံး၏ အပြင်ဘက်တွင် ဝိုင်းအုံနေကြ၏။
သူတို့ကို အရာရှိများက အပြင်ဘက်တွင် တားဆီးထားပြီး သူတို့ကမူ အသံဗလံဆူညံစွာဖြင့် ဆွေးနွေးပြောဆိုနေကြလေသည်။
"တကယ်ကို မထင်ထားဘူးဗျာ... လီစစ်လို ရိုးသားအေးဆေးတဲ့သူက မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ ဖြစ်နေမယ်လို့လေ... ဘုရားရေ..."
"အရင်တုန်းက သူ့မိန်းမ တခြားယောက်ျားနဲ့ ခိုးရာလိုက်သွားတယ်ဆိုလို့ ကျုပ်တောင် သူ့ကို တော်တော်လေး သနားနေခဲ့သေးတာ…”
“တကယ်တော့ သူကိုယ်တိုင်သတ်ပြီး သူ့အိမ်နောက်ဖေးမှာ မြှုပ်ထားခဲ့တာကိုး..."
"ဒါတင် ဘယ်ကမလဲ... အခု တူးလို့တွေ့တဲ့ အရိုးစုတွေကို ကြည့်လိုက်ဦး... ဒီနှစ်တွေအတွင်း သူ လူဘယ်နှယောက်တောင် သတ်ခဲ့လဲ မသိတော့ဘူး…”
“အနီးအနားရွာတွေက တောင်ပေါ်မှာ ပျောက်သွားတဲ့သူတွေ အားလုံးက သူ့လက်ချက်ကြောင့် သေတာ ဖြစ်မယ်..."
"လူကောင်းတစ်ယောက်က ဘယ်လိုလုပ်ပြီး မိစ္ဆာလမ်းစဉ်ထဲ ရောက်သွားတာလဲ..."
"အရမ်း ကြောက်စရာကောင်းလွန်းတယ်..."
"..."
ချူလျန်သည် လူအုပ်ထဲတွင်ရပ်ကာ သူတို့၏ဆွေးနွေးမှုများကို ခေတ္တမျှ နားထောင်လိုက်ပြီးနောက် လီစစ်ဆိုသည့်သူနှင့် ပတ်သက်၍ အကြမ်းဖျင်း မှတ်ယူလိုက်နိုင်သည်။
သူသည် ရိုးသားအေးဆေးသည့် ဈေးသည်လေးတစ်ဦးဖြစ်ပြီး သာမန်အချိန်များတွင် မည်သူ့အာရုံကိုမျှ မဖမ်းစားနိုင်ချေ။
နေ့စဉ် ညနေစောင်းလျှင် လှည်းတွန်းကာ မြို့ထဲသို့ကုန်ပစ္စည်းများဝင်ရောင်းပြီး မိုးလင်းလျှင် လှည်းတွန်းကာ မြို့ပြင်ရှိအိမ်သို့ ပြန်တတ်၏။
သူ၏ဇနီး သေဆုံးသွားပြီးနောက်ပိုင်း သူ၏သွားလာလှုပ်ရှားမှုများကို မည်သူကမျှ ဂရုမစိုက်ကြတော့ပေ။
သူသည် လူအများ၏အမြင်အာရုံအောက်တွင် နေထိုင်နေသော်လည်း မည်သူ၏အာရုံစိုက်မှုကိုမျှ မခံရသူတစ်ဦး ဖြစ်လေသည်။
သူ၏ ဘဝဖြတ်သန်းမှုတစ်ခုလုံးကို ရှင်းလင်းစွာ ဖော်ပြနိုင်ပေသည်။ သူသည် ကံကြမ္မာအထောက်အပံ့အချို့ကြောင့် မိစ္ဆာလမ်းစဉ်ကျင့်စဉ်တစ်ခုကို ကောက်ရခဲ့ပြီး ယင်းကိုအခြေခံကာ ကျင့်ကြံခဲ့ခြင်း ဖြစ်နိုင်ပေသည်။
သို့သော် နှစ်ပေါင်းများစွာ ပုန်းအောင်းနေသည့် မိစ္ဆာဂိုဏ်း၏တပည့်တစ်ဦးတော့ လုံးဝမဖြစ်နိုင်ချေ။
ထိုသို့ဆိုလျှင် နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့သော လုဟွန်းဂိုဏ်းက သူ့ကို ပြန်ပေးဆွဲသွားရန်အတွက် အဘယ်ကြောင့် ယခုကဲ့သို့ အင်အားအများအပြားကို အသုံးပြုခဲ့ရသနည်း။
ချူလျန်က ရှေ့သို့ လျှောက်သွားလိုက်ရာ လင်းပေ့က ထိုနေရာတွင် စုပ်သပ်လျက် ရှိနေ၏။
"စုစုပေါင်း အရိုးစု သုံးဆယ်ကျော် တူးလို့တွေ့တယ်…”
“ဒါတောင် သူသတ်ခဲ့တဲ့လူ အကုန်လုံး မဟုတ်လောက်သေးဘူး... လုဟွန်းဂိုဏ်းက မိစ္ဆာကျင့်ကြံသူတစ်ယောက် တတိယအဆင့်ကိုရောက်ဖို့အတွက် ဒီလောက် လူအများကြီးကို သတ်ရတယ်ဆိုတော့ ဒီဂိုဏ်းကတကယ်ကို သေသင့်တဲ့ဂိုဏ်းပဲ..."
"ဒါပေမဲ့ ခင်ဗျားတို့သိကြလား... ဒီကျင့်စဉ်က အစကတည်းက မိစ္ဆာဂိုဏ်းကနေ ထွက်လာတာ မဟုတ်ဘူးဆိုတာကို..."
ရှန်ဇီလျန်က ပြောလိုက်၏။
"အို..."
ချူလျန်ကတော့ တကယ်ကို နားမလည်ခဲ့ပေ။
"ဒဏ္ဍာရီတွေအရ အရင်တုန်းက နတ်ဆိုးဘုရင် ကပ်ဘေးကြုံခဲ့ရတဲ့အချိန်မှာ နတ်ဆိုးမျိုးနွယ်တွေ ကျူးကျော်ဝင်ရောက်လာပြီး လူသားမျိုးနွယ်တွေ ရှုံးနိမ့်ခဲ့ရတယ်…”
“တိုက်ကြီးကိုးတိုက်က သက်ရှိတွေအားလုံး ဒုက္ခရောက်ခဲ့ရပြီး လူသားကျင့်ကြံသူတွေက နတ်ဆိုးမျိုးနွယ်ရဲ့ အင်အားကို လုံးဝမခုခံနိုင်ခဲ့ဘူး…”
“အဲဒီအချိန်မှာမှ လုဟွန်းဂိုဏ်းရဲ့ ဂိုဏ်းတည်ထောင်သူက ထွက်လာပြီး ဒီကျင့်စဉ်ကို ဖန်တီးခဲ့တာပဲ..."
ရှန်ဇီလျန်က ရှင်းပြလိုက်၏။
"ဒီကျင့်စဉ်က အရင်းအမြစ်အများကြီးမလိုဘူး... ဖြည့်စွက်ဖို့ လူ့အသက် လုံလုံလောက်လောက် ရှိနေသရွေ့ အချိန်တိုအတွင်းမှာ ကျင့်ကြံသူ တစ်ယောက်ပြီးတစ်ယောက် ဖန်တီးပြီး တိုက်ပွဲဝင်ခိုင်းလို့ ရတယ်လေ..."
"ဒီလိုဖြစ်တာကိုး..."
ချူလျန်မှာ အတော်လေး တုန်လှုပ်သွားတော့၏။
"ကျုပ် ကျုပ်အဖေရဲ့ လျှို့ဝှက်သိမ်းဆည်းထားတဲ့ ကွန်ဖြူးရှပ် ကျမ်းစာတွေထဲမှာ ဖတ်ဖူးခဲ့တာ... တကယ်ဖြစ်ဖို့ များတယ်..."
ရှန်ဇီလျန်က ဆက်ပြောလိုက်၏။
"နောက်ပိုင်း ကပ်ဘေးကြီး ပြီးသွားတော့ ဒီကျင့်စဉ်ကို ဆက်ကျင့်နေတဲ့သူတွေ ချက်ချင်းပဲ ရှင်းလင်းခံခဲ့ရတယ်…”
“ပြီးတော့ သူရဲကောင်းအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ လုဟွန်းဂိုဏ်းရဲ့ တည်ထောင်သူကလည်း မိစ္ဆာခေါင်းဆောင်အဖြစ် သတ်မှတ်ခံရပြီး ကွပ်မျက်ခံလိုက်ရတယ်…”
“နောက်ပိုင်းကျ လုဟွန်းဂိုဏ်းကလည်း တကယ်ကို မိစ္ဆာဂိုဏ်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားခဲ့တော့တာပဲ..."
"ဟူး..."
ချူလျန်က သက်ပြင်းတစ်ချက် ချလိုက်လေ၏။
ဤဘက်ရှိ ရှာဖွေမှုများမှာလည်း ပြီးသလောက်ရှိနေပြီ ဖြစ်၏။ လီစစ်၏အိမ်တွင် ဟောင်းနွမ်းနေသော စာအုပ်တစ်အုပ်မှလွဲ၍ အခြားမည်သည့်ကျင့်ကြံသူသုံးပစ္စည်းမျှ လုံးဝမရှိချေ။
ပုံမှန်မဟုတ်သော ကျင့်ကြံသူများအကြားတွင် သူသည် မှတ်တမ်းတင်ရလောက်အောင် မွဲတေနေသူမျိုးဟု ဆိုနိုင်ပေသည်။
ချူလျန်သည် ဘေးဘက်ရှိတောင်စောင်းပေါ်သို့ တစ်ယောက်တည်း လမ်းလျှောက်သွားလိုက်ပြီး နို့နှစ်ရောင်လောက်ကောင်လေးကို ထုတ်ယူကာ သစ်ပင်ကြီးတစ်ပင်၏အရွက်ပေါ်တွင် တင်ထားလိုက်၏။
၎င်းက သစ်ရွက်ကို စား၊ မစား သူကြည့်ချင်သောကြောင့် ဖြစ်ပေသည်။
နို့နှစ်ရောင်လောက်ကောင်လေးသည် တဖြည်းဖြည်းနှင့် ခေါင်းယမ်းကာ သတိပြန်ဝင်လာပြီး ရုတ်တရက် ၎င်း၏ဦးခေါင်းကြီးကို လှည့်လိုက်ရာ မြေကြီးပေါ်သို့ 'ဖတ်' ခနဲ ကျသွားလေ၏။
ထို့နောက် ဦးတည်ချက်တစ်ခုဆီသို့ တွားသွားသွားတော့သည်။
ကျိ... ကျိ... ကျိ...
အမြန်နှုန်းကလည်း မနှေးလှပေ။ သို့သော် ခြေထောက်များကို မမြင်ရဘဲ လူးလှိမ့်နေသည့်အချိန်က ပို၍ချစ်စရာကောင်းသည်ဟု ဆိုရမည်သာ ဖြစ်၏။
ဤသည်မှာ မြေအောက်သို့မဟုတ်ဘဲ ဦးတည်ချက်တစ်ခုဆီသို့ ၎င်းက ပထမဆုံးအကြိမ် ကိုယ်တိုင်ကိုယ်ကျ ရှေ့ဆက်သွားခြင်းပင်။
ချူလျန်က လှမ်းကြည့်လိုက်ပြီး မတားဆီးတော့ဘဲ ၎င်းနောက်သို့ လိုက်သွားလိုက်၏။
နို့နှစ်ရောင်လောက်ကောင်လေး၏အမြန်နှုန်းမှာ ပို၍မြန်ဆန်လာပြီး ခန္ဓာကိုယ်လှုပ်ရှားနေမှုကြားတွင် မစောင့်ဆိုင်းနိုင်တော့သည့် စိတ်ခံစားချက်တစ်ခု ပေါ်လွင်နေ၏။
၎င်းက အလွန်အလျင်လိုနေပေသည်။ထိုအရာလေး မည်သည့်နေရာသို့ သွားချင်နေပါသနည်း။
...
ရှေ့ခရီးလမ်းသည် တဖြည်းဖြည်းကြမ်းတမ်းလာပြီး အောက်ဘက်သို့ ကွေ့ကောက်သွားကာ တောင်ကြားအက်ကွဲကြောင်းတစ်ခုကို ဖြတ်သန်းသွားပြီးနောက် ရှေ့တွင် အောက်ဘက်သို့ဦးတည်နေသော ကြီးမားသည့် မြေအောက်ဂူကြီးတစ်ခု ရုတ်တရက်ပေါ်လာ၏။
သည်းထန်စွာရွာသွန်းသောမိုးကြောင့် မြေပြိုကျရာမှ မြေအောက်လိုဏ်ခေါင်းတစ်ခု ပေါ်ထွက်လာခြင်း ဖြစ်နိုင်သည်။
ဤနေရာတွင် ရေစီးသန်သောမြစ်ကြီးတစ်စင်း ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ထိုမြစ်ရေသည် အလွန်အမင်းအေးစက်နေပြီး အရိုးထဲထိ စိမ့်ဝင်သွားနိုင်သော အအေးဓာတ်များ စိမ့်ထွက်နေကာ ထူးဆန်းမှုအချို့ ပါဝင်နေပုံရ၏။
မြစ်တစ်စင်းလုံးသည် မြေအောက်တွင် စီးဆင်းနေသော်လည်း ဤနေရာလေးတစ်ခုတည်းသာ မြေပြင်ပေါ်သို့ ပေါ်ထွက်နေ၏။
နို့နှစ်ရောင်လောက်ကောင်လေးသည် လုံးဝရပ်တန့်ခြင်းမရှိဘဲ အောက်သို့ တိုးဝင်သွားကာ ကွေ့တစ်ကွေ့ကိုချိုး၍ မြစ်ကမ်းစပ်တစ်လျှောက် တွားသွားဝင်သွားလေသည်။
ချူလျန်သည် ၎င်းရေထဲဆင်းသွားမည်ကို စိုးရိမ်နေခဲ့သော်လည်း ယခုမှသာ သက်ပြင်းချနိုင်တော့၏။၎င်းတွင် ရေကူးရန် အစီအစဉ်မရှိသည့်ပုံပင်။
ရှေ့ရှိမြေအောက်ဂူထဲသို့ ကွေ့ဝင်သွားရာ ခေါင်းပေါ်ရှိနေရာလွတ်က လုံလောက်စွာမြင့်မားနေသောကြောင့်သာ တော်တော့၏။
ချူလျန်တွင် ခြေချစရာနေရာမရှိသော်လည်း လေထဲတွင်လွင့်မျောကာ ရှေ့သို့ ခက်ခက်ခဲခဲ ဆက်သွားနိုင်သည်။
နို့နှစ်ရောင်လောက်ကောင်လေးသည် လမ်းတစ်လျှောက် အတော်ကြာအောင် တွားသွားပြီးနောက် ရှေ့ရှိမြေအောက်မြစ်မှာ လမ်းကြောင်းပြောင်းသွားကာ ဟာလာဟင်းလင်းဖြစ်နေသည့် မြစ်ကမ်းစပ်ကြီးတစ်ခု ကျန်ရစ်ခဲ့၏။
၎င်းတို့သည် မြေအောက်ထဲသို့ မည်မျှအထိနက်ရှိုင်းစွာ ရောက်ရှိနေပြီမှန်း မသိနိုင်တော့ချေ။
ဤနေရာက...
ချူလျန်သည် ညာလက်ဖြင့် အလင်းရောင်မန္တန်တစ်ခုကို ဖော်ဆောင်ကာ ရှေ့ရှိလမ်းကို လင်းထိန်သွားစေလိုက်ရာ ရွှံ့နွံများဖုံးလွှမ်းနေသည့် မည်းမှောင်နေသော ကျောက်ဂူဗိမာန်တစ်ခုကိုသာ မြင်တွေ့လိုက်ရ၏။
ဝင်ပေါက်နှင့်ဆိုင်းဘုတ်တို့ကို စောစောကတည်းက မမြင်ရတော့ဘဲ အားလုံး အသေပိတ်ဆို့ခံထားရလေသည်။
အတိတ်ကာလက ၎င်းသည် မြေအောက်မြစ်၏ ရေအောက်ဂူဗိမာန်တစ်ခု ဖြစ်ခဲ့ပုံရပြီး ယခုအခါတွင် ပေါ်ထွက်လာခြင်း ဖြစ်၏။
အထဲသို့လည်း ရေဝင်ဖူးပုံရကာ အချို့သောပစ္စည်းများ ရေစီးနှင့်အတူ မျောပါလာခဲ့ပြီး ဆွေးမြည့်ကျိုးပဲ့နေသော ခွက်များ၊ စာအုပ်စာတမ်းများစသည်တို့ကို မြင်တွေ့နိုင်ပေသည်။
၎င်းတို့အားလုံးတွင် ပြင်းထန်သော သေဆုံးခြင်းအငွေ့အသက်များ ပါဝင်နေ၏။
'ဒါက ပျောက်ဆုံးနေတဲ့ ကျင့်ကြံသူတစ်ယောက်ယောက်ရဲ့ ဂူဗိမာန်လား အဲဒီထဲမှာ ရတနာတွေရှိနေလို့ နို့နှစ်ရောင်လောက်ကောင်လေးက အာရုံခံမိသွားတာများလား...'
'ဒီကောင်လေးက ရတနာပါ ရှာနိုင်သေးတာလား...'
ချူလျန်၏သံသယမှာ အချိန်အကြာကြီး မခံလိုက်ပေ။ နို့နှစ်ရောင်လောက်ကောင်လေးသည် တုံ့ဆိုင်းခြင်းအလျဉ်းမရှိဘဲ ရွှံ့နွံများ ပိတ်ဆို့နေသည့် တံခါးကြီးဆီသို့ တိုးဝင်သွားလေသည်။
ရွှစ်...
ချူလျန်သည် ဦးခေါင်းဖြင့် တိုးဝင်မည် မဟုတ်သည်မှာ သေချာပေ၏။
သူက ဝူချန်ဓားကို လှုပ်ယမ်းလိုက်ရာ ပြင်းထန်လှသော ဓားစွမ်းအင်က တံခါးပေါက်တစ်ခုကို ဖွင့်လှစ်ပေးလိုက်၏။
တံခါးပေါက်သို့ ဝင်လိုက်သည်နှင့် 'ရွှီး ရွှီး ရွှီး' ဟူသော လေခွဲသံများကို ကြားလိုက်ရ၏။
ခြေအောက်ရှိ ရွှံ့နွံများ ဖုံးလွှမ်းနေသည့် ရွှံ့ညွန်အိုင်ထဲမှနေ၍ အရိုးလှံရှည် ဆယ်ချောင်းကျော် ရုတ်တရက် ထွက်ပေါ်လာလေသည်။
ချူလျန်၏မျက်စိလျင်ပြီး လက်မြန်သဖြင့် ကံကောင်းသွားသည်။
သူက သစ်ရွက်စိမ်းထီးကို ဖွင့်ကာ ထီးမျက်နှာပြင်ကို အောက်ဘက်သို့လှည့်လျက် ထိုအရိုးလှံရှည်များ၏ထိုးနှက်ချက်များကို 'ဒေါင်... ဒေါင်... ဒေါင်...' ဟူသည့် မြည်သံများနှင့်အတူ ကာကွယ်လိုက်သည်။
ဤအစီအရင်ကို အလောတကြီး ချထားခဲ့ခြင်းဖြစ်ကြောင်း မြင်နိုင်ပြီး နှစ်ပေါင်းများစွာ ကြာမြင့်သွားပြီဖြစ်၍ ၎င်း၏စွမ်းအားမှာလည်း အစကတည်းက လျော့ကျသွားပြီ ဖြစ်ရမည်။သို့မဟုတ်ပါက ဤမျှ ရိုးရှင်းနေမည် မဟုတ်ချေ။
ဤရွှံ့ညွန်အိုင်ကို ဖြတ်ကျော်ပြီးနောက် စင်္ကြံလမ်းတစ်လျှောက် အတန်ကြာ ထပ်လျှောက်သွားခဲ့ပြီး ပျက်စီးနေသော အစီအရင်အချို့ကို ဆက်တိုက် ဖြတ်သန်းပြီးမှသာ ရွှံ့နွံများ ပြည့်နှက်နေသည့် ကျယ်ဝန်းသော ဂူဗိမာန်တစ်ခုကို မြင်တွေ့လိုက်ရ၏။
ထိုအထဲရှိ အစိတ်အပိုင်းမစုံလင်သော အရိုးစုတစ်ခုအပါအဝင် အရာအားလုံးသည် တစ်ဝက်ခန့် မြှုပ်နှံခံထားရလေသည်။
စေတီတော်ဖြူနယ်မြေထဲရှိ ဓားနီကြီးသည် ရုတ်တရက် လှုပ်ရှားသွား၏။
ချူလျန်က မျက်ခုံးများ တွန့်လိုက်၏။
ဓားနီကြီးဆီမှ အလောင်းတစ်လောင်းအပေါ် လှုပ်ရှားချင်စိတ် ဖြစ်ပေါ်လာခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
'ဒီအရိုးစုက အသက်ရှင်နေတုန်းက ဘယ်လို ကြီးမားတဲ့ အပြစ်မျိုးကျူးလွန်ခဲ့လို့ သေသွားပြီးတဲ့နောက်မှာတောင် ဓားနီကြီးက အလောင်းကို အပိုင်းပိုင်း ခုတ်ထစ်ချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာရတာလဲ...'
ဤအရိုးစုပိုင်ရှင်၏ ကျင့်ကြံမှုအဆင့်မှာလည်း မနိမ့်ကျနိုင်ချေ။ သို့သော် အရိုးဖြူတွင် ကျန်ရစ်နေသော ဝိညာဉ်ရေးရာ သဘာဝမှာ ထိုမျှအထိ မပြည့်စုံတော့ဘဲ အလွန်အမင်း ပျက်စီးနေကာ ခန္ဓာကိုယ်မှာ တစ်ဝက်ခန့်သာ... သို့မဟုတ် သေးငယ်သော အစိတ်အပိုင်းတစ်ခုသာ ကျန်ရှိတော့သည်။
အသက်ရှင်စဉ်က ရရှိခဲ့သောဒဏ်ရာမှာလည်း စိတ်ကူးနှင့်ပင် မတွေးဝံ့လောက်သည့် အဆင့်မျိုး ဖြစ်ပုံရ၏။
'ဒီလောက် ဝိညာဉ်စွမ်းအင်နည်းနည်းပဲ ကျန်တော့တာဆိုတော့ ကောင်းကင်ဘုံကပေးတဲ့ ရတနာတွေ စိုက်ပျိုးလို့ ရမှာမဟုတ်လောက်ဘူးမလား...'
ထိုအတွေးပေါ်လာသည်နှင့် ချူလျန်ကိုယ်တိုင်ပင် ကြောက်စရာကောင်းသည်ဟု ခံစားလိုက်ရ၏။
ယခုအခါတွင် အစွမ်းထက်ကျင့်ကြံသူများ၏ အရိုးစုများကို မြင်သည်နှင့် သူ၏ဦးနှောက်ထဲရှိ ပထမဆုံးတုံ့ပြန်မှုမှာ စိုက်ပျိုးရေးလုပ်၍ရ၊ မရ ဆိုသည်သာ ဖြစ်နေတော့သည်။
အလောင်း၏အနောက်ဘက်ရှိ စာအုပ်စင်တွင် စာအုပ်အချို့ကို စီရီထားသော်လည်း အများစုမှာ ဆွေးမြည့်ပျက်စီးနေပြီဖြစ်ကာ ကောင်းမွန်နေသေးသည်မှာ မများလှချေ။ အလောင်းပေါ်တွင် သာမန်မျက်စိဖြင့် မြင်နိုင်သည့် ရတနာများလည်း ရှိနေပုံမရပေ။
အလောင်း၏အရှေ့ဘက်ရှိ စားပွဲပေါ်တွင် ကြေးအိုးတစ်လုံးကို တင်ထားပြီး ၎င်းထဲတွင် မြင့်မြတ်သောအလင်းရောင်များ ပုန်းကွယ်နေပုံရကာ စွမ်းအားကြီးမားသော မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်ဟန်ရှိ၏။
ချူလျန်၏အကြည့်သည် နို့နှစ်ရောင်လောက်ကောင်လေး၏ ခြေတိုလေးများလောက် မမြန်ဆန်ချေ။
သူက ထိုကြေးအိုးကို သတိထားမိလိုက်ချိန်မှာပင် နို့နှစ်ရောင်လောက်ကောင်လေး၏ဦးခေါင်းက အောက်ဘက်မှ ထွက်ပေါ်လာလေပြီ။ ၎င်းက ကိုက်ဖြတ်ကာ လမ်းကြောင်းတစ်ခုကို ဖောက်ထုတ်လိုက်ပြီ ဖြစ်၏။
'ဘုရားရေ...'
ချူလျန်မှာ တစ်ခဏမျှ ရင်ကျိုးသွားတော့၏။
'ဒါက ဘယ်အဆင့် မှော်ဝင်ပစ္စည်းမှန်းတောင် မသိရသေးဘူး... မင်းက ပါးစပ်ဟပြီး စားပစ်လိုက်တယ်ပေါ့လေ...'
သို့သော်လည်း ဤအရာမှာ ကလေးက သူ့ဘာသာသူ ရှာတွေ့ထားခြင်းဖြစ်၍ ချူလျန်က ၎င်းနှင့် အလုအယက်မလုပ်တော့ချေ။
မှော်ဝင်ပစ္စည်းတစ်ခုနှင့် နှိုင်းယှဉ်လျှင် နို့နှစ်ရောင်လောက်ကောင်လေး၏ ဤကဲ့သို့ ရတနာရှာဖွေနိုင်စွမ်းက သူ့ကို ပို၍အံ့သြဝမ်းသာစေခဲ့၏။
'ထပ်ပြီး လေ့ကျင့်ပေးလိုက်ရင်တော့ သူ့ကိုအားကိုးပြီး ကြီးပွားချမ်းသာလာနိုင်မှာ မဟုတ်ဘူးလား...'
ထို့ကြောင့် နို့နှစ်ရောင်လောက်ကောင်လေးက ထိုနေရာတွင် စားနေစဉ် ချူလျန်က ပတ်ဝန်းကျင်၌ အနည်းငယ်ရှာဖွေကြည့်လိုက်သည်။
သူ၏အကြည့်များက ပတ်လည်သို့ တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် အလောင်းပေါ်ရှိ လက်ချောင်းတစ်ချောင်းကို အာရုံစိုက်မိသွား၏။
ဤလက်ချောင်းသည် အခြားအရာများနှင့် သိသိသာသာကွာခြားနေပြီး အလင်းရောင်များ လှည့်ပတ်နေကာ အထူးတလည် နူးညံ့တောက်ပနေသည်။
'မင်းမှာလည်း ရွှေလက်ချောင်း ရှိနေတာလား...'
ချူလျန်က ပြုံးကာ အနီးသို့ ကပ်၍ကြည့်လိုက်ရာ တကယ်ပင် ထူးဆန်းမှုများရှိနေသော လက်ချောင်းအရိုးတစ်ခုဖြစ်နေ၏။
အသက်ရှင်စဉ်က အပြစ်များပြည့်နှက်နေခဲ့သော ဤလူယုတ်မာနှင့် ပတ်သက်၍ ချူလျန်ကလည်း အားနာမနေတော့ပေ။ 'ဂျွတ်' ခနဲ အသံနှင့်အတူ ထိုလက်ချောင်းအရိုးအပိုင်းအစကို ချိုးယူလိုက်လေ၏။
လက်ထဲတွင်ကိုင်ထားရင်း အနည်းငယ်စဉ်းစားကာ အစစ်အမှန်ချီစွမ်းအင်ကို အသုံးပြု၍ လှုံ့ဆော်ကြည့်လိုက်၏။
ဝုန်း... ဝုန်း... ဝုန်း...
အလောင်း၏အနောက်ဘက်ရှိ နံရံတစ်ချပ်က အသံကျယ်ကြီးနှင့်အတူ ရွေ့လျားသွားလေသည်။
'ဒီ ပုံမှန်မဟုတ်တဲ့ လက်ချောင်းအရိုးက သော့ဖြစ်နေတာလား...'
ချူလျန်က ကိုယ်ကိုကိုင်းကာ ဝင်ရောက်သွားရာ ဤနေရာမှာ ကျဉ်းမြောင်းသောနေရာလေးတစ်ခုသာ ဖြစ်ကြောင်း တွေ့လိုက်ရ၏။
အထဲတွင် ရွှေရောင်ဦးခေါင်းခွံတစ်ခု ရှိနေပြီး ဖန်တီးပုံသွင်းထားသော မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်ဟန်ရှိသည်။
ဦးခေါင်းခွံ၏ပါးစပ်ထဲတွင် သိုးရေစာလိပ်တစ်လိပ်ကို ငုံထား၏။
"ဟင်..."
ချူလျန်က သံသယဖြင့် တီးတိုးရေရွတ်လိုက်သည်။
'ဒီအရာက ကြည့်ရတာ ရင်းနှီးနေသလိုပဲ...'
သို့သော် ထိုဦးခေါင်းခွံမှာ မည်သည့်အရာဖြစ်ကြောင်း မသိရသဖြင့် သူက ရမ်းသန်းကာ လက်ဖြင့် မယူဝံ့ပေ။
တွေဝေနေစဉ်မှာပင် အပြင်ဘက်မှ 'ဒေါင်... ဒေါင်...' ဟူသော အသံများ ထပ်မံထွက်ပေါ်လာပြီးနောက် အော်ဟစ်သံများကို ကြားလိုက်ရ၏။
'တစ်ခုခု ဖြစ်နေတာလား...'
ချူလျန်က ပျော်ရွှင်စွာကိုက်စားနေသော နို့နှစ်ရောင်လောက်ကောင်လေးကို ဆွဲယူလိုက်ပြီး ဤကျဉ်းမြောင်းသောနေရာလေးထဲသို့ ဝင်ပုန်းလိုက်ကာ လက်ချောင်းအရိုးကိုလှည့်၍ နံရံကိုပိတ်လိုက်၏။
ဤအချိန်တိုလေးအတွင်းမှာပင် ဤကောင်လေးမှာ နောက်ထပ်နှစ်ဆခန့် ကြီးထွားလာလေပြီ။
ဤကြေးအိုးတွင် ဝိညာဉ်စွမ်းအင်များ အလွန်အမင်းပြည့်ဝနေ၍လား သို့မဟုတ် ၎င်း၏မူလကြီးထွားမှုနှုန်းကပင် အံ့မခန်းဖြစ်နေ၍လား ဆိုသည်ကိုတော့ မသိနိုင်ပေ။
...
အချိန်အနည်းငယ် ကြာသောအခါ။
အပြင်ဘက်မှ အနည်းငယ်ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။
"တကယ်ပဲ သတ်ဖြတ်ခြင်းအဘိုးအိုရဲ့ အရိုးစုမြှုပ်ရာနေရာ ဖြစ်နေတာပဲ... နောက်ဆုံးတော့ ငါ ရှာတွေ့သွားပြီ..."
'မနေ့ညက မိစ္ဆာကျင့်ကြံသူပဲ...'
'လုဟွန်းဂိုဏ်းချုပ်...'
ခြေသံများ ရှုပ်ထွေးနေသဖြင့် သူ၏အနောက်တွင် လက်အောက်ငယ်သားအနည်းငယ်လည်း ပါလာပုံရ၏။
ချူလျန်၏ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားပြီး သူ၏အသက်ရှူသံများ ထွက်ပေါ်ကာ သူတစ်ပါးသိသွားမည်ကို စိုးရိမ်သဖြင့် အစွမ်းကုန် အသက်အောင့်ကာ ထိန်းချုပ်ထားလိုက်၏။
'ဓားနီကြီးရဲ့အကူအညီ ရှိနေရင်တောင် ဒီလိုပြိုင်ဘက်မျိုးကို အနိုင်ရဖို့ သေချာမှာမဟုတ်ဘူး... ခဏလောက်အခြေအနေကို စောင့်ကြည့်တာ အကောင်းဆုံးပဲ...'
ခေတ္တမျှ ရပ်တန့်သွားပြီးနောက် လုဟွန်းဂိုဏ်းချုပ်က ထပ်မံ၍ အသံကျယ်ကြီးဖြင့် ရယ်မောလိုက်သည်ကို ကြားလိုက်ရ၏။
"ရုပ်ပြစာအုပ်ထဲကအတိုင်း တစ်ပုံစံတည်းပဲ... တကယ်ကို အင်မော်တယ်ပြုတ်ကျိုရေးကြေးအိုး ဖြစ်နေတာပဲ…”
“ငါတို့ လုဟွန်းဂိုဏ်းရဲ့ နှစ်ပေါင်းထောင်ချီအတွင်း ပထမဆုံးရတနာကြီးပဲ... နောက်ပိုင်း သတ်ဖြတ်ခြင်းအဘိုးအိုက ယူသွားပြီး ဒီနေရာမှာ ပျောက်ဆုံးသွားခဲ့တာ…”
“ဒီနေ့တော့ ငါပြန်ရှာတွေ့ခဲ့ပြီ... ဒီကြေးအိုးရှိမှ ငါ့ရဲ့ဆဋ္ဌမအဆင့်ကို ချိုးဖောက်ဖို့ ကူညီပေးမယ့် သက်ရှိဆေးလုံးကြီးကို ဖန်တီးနိုင်မှာ..."
သူက ထိုကြေးအိုးကို ဆွဲနုတ်လိုက်သည့် 'ဒေါင်... ဒေါင်...' ဟူသော အသံများကို ကြားလိုက်ရ၏။
ချက်ချင်းပင် သူ၏ရယ်မောသံများက ရုတ်တရက်ရပ်တန့်သွားတော့သည်။
ထို့နောက် သံသယအနည်းငယ်ပါဝင်နေသော အသံတစ်ခု ထွက်ပေါ်လာ၏။
"ဟင်... ဘာလို့ တစ်ဝက်ပဲ ရှိနေရတာလဲ..."